ပြည်ပမှ ဇိမ်ခံပစ္စည်းများတင်သွင်းမှုကို ကန့်သတ်ပြီး အရက်၊ ဘီယာအပေါ် အခွန်တိုးမြှင့်ကောက်ခံမည်
ပြည်ပမှ ဇိမ်ခံပစ္စည်းများတင်သွင်းမှုကို ကန့်သတ်ပြီး အရက်၊ ဘီယာအပေါ် အခွန်တိုးမြှင့်ကောက်ခံမည်
ပြည်ပမှ တင်သွင်းနေသည့် အလှကုန်များနှင့် အ၀တ်အစားကဲ့သို့ ဇိမ်ခံပစ္စည်းများအား ကန့်သတ်သွားမည်ဖြစ်ပြီး အရက်၊ ဘီယာကဲ့သို့သော ကုန်ပစ္စည်းများ အပေါ် အခွန်တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ပြည်ပမှတင်သွင်းသည့် ဇိမ်ခံပစ္စည်းများကို ကုန်သွယ်မှုလိုငွေပြတဲ့အတွက် ကန့်သတ်သွားမှာပါ။ ပစ္စည်းအမျိုးအမည် ကတော့ ညှိနှိုင်းနေဆဲပါ။ တချို့ကတော့ တန်ဖိုးကြီးတဲ့ပစ္စည်းတွေပါတယ်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
ပြည်ပမှ တင်သွင်းသည့် အလှကုန်များအား ဇိမ်ခံပစ္စည်းသတ်မှတ်ထားသည့်အပေါ် မြန်မာနိုင်ငံအလှကုန်လုပ်ငန်းရှင်များအနေဖြင့် အကြံပြုစာတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
''ဦးတို့အနေနဲ့လည်း အခုပြောချင်တာက ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ အလှကုန်ပစ္စည်းဆိုတာ ဇိမ်ခံပစ္စည်းမဟုတ် တော့ပါဘူး။ နောက်တခုက ပေါ်လာတဲ့ အလှကုန်ပစ္စည်းတွေက အလှအပအပြင် အရေပြားကျန်းမာရေးအတွက် အထောက် အကူပြုတဲ့ပစ္စည်းအဖြစ် ပြောင်းလဲကုန်ပါပြီ။ ဒါကြောင့် ဇိမ်ခံပစ္စည်းထဲမှာ ထည့်ထားတာလွဲမှားနေပါတယ်'' ဟု မြန်မာနိုင်ငံ အလှကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောသည်။
တန်ဖိုးကြီးအလှကုန်ပစ္စည်းများကို အိမ်နီးချင်းနိုင်ငံများထက် အခွန်တိုးမြှင့် ကောက်မည်ဖြစ်ပါက ယိုးဒယားစသည့် နိုင်ငံများမှ ၀ယ်ယူ၍ အခွန်သက်သာရန်အတွက် ဆောင်ရွက်နိုင်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ပါက နိုင်ငံတော်အနေဖြင့် အခွန်ငွေများစွာ ဆုံးရှုံးနိုင်ကြောင်း သိရသည်။
''၀န်ကြီးဌာန ပြောသလို တချို့ပစ္စည်းတွေက သိန်းကျော်တယ်။ အဲဒီပစ္စည်းကို သုံးနိုင်တဲ့ လူဦးရေက သိပ်မရှိ ဘူး။ သူတို့က ယိုးဒယား၊ စင်ကာပူတို့ သွားနေတဲ့သူတွေ၊ ဒီမှာ အခွန်တွေမြှင့်ရင် ပြည်ပကနေပဲဝယ်မယ်။ အဲဒီအခါကျရင် နိုင်ငံတော်အနေနဲ့ နိုင်ငံခြားငွေကတော့ ကုန်မှာပဲ။ ဒါပေမဲ့ ရသင့်ရထိုက်တဲ့ အခွန် အခတွေ ဆုံးရှုံးသွားမယ်။ ဒေါ်လာဈေးမြင့်တက်တာကို အလှကုန်ကဏ္ဍကနေ နိုင်ငံခြားငွေယိုဖိတ်မှုကို ကာကွယ်တယ်ဆိုရင် တရားမ၀င်တင်သွင်းမှုများကို တရားဝင်တင်သွင်းမှုဖြစ်အောင် ဆောင်ရွက်ရမယ်'' ဟု ဦးကျော်မင်းက ဆက်လက်ပြောကြားခဲ့သည်။
(နိုင်)
News Watch
https://www.facebook.com/NewsWatchJournal/
လှိုင်မြို့နယ်၊ ဗဟိုလမ်းပေါ်၌ ဒဏ်ရာများဖြင့် သေဆုံးနေသူအမျိုးသားနှင့် ပတ်သက်၍ လူသတ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ
ရန်ကုန်၊ ဒီဇင်ဘာ ၃၁
၁၀.၁၁.၂၀၁၆ ရက်နေ့ ၀၆၀၀ အချိန်ခန့်တွင် လှိုင်မြို့နယ်၊ (၇)ရပ်ကွက်၊ မယ်ဇီကုန်းလမ်းနှင့် သရက်မြိုင်လမ်းကြားတွင် အမည်မသိ အသက်(၂၈)နှစ် အရွယ်ခန့် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့်သေဆုံးနေကြောင်းသတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များနှင့် လှိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ အရပ်(၅)ပေ၊ (၅)လက်မခန့်ရှိ အမျိုးသားမှာ လည်ပင်းထိုးသွင်းဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးနေပြီး ၎င်း၏ဦးခေါင်းအောက်တွင် သွေးများစွန်းပေနေသော သဘက်စောင် တစ်ထည်အား တွေ့ရှိသိမ်းဆည်းခဲ့ကာ လှိုင်မြို့မရဲစန်း(ပ)၁၁၁၈/၂၀၁၆၊
ရာဇသတ်ကြီး ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးနှင့် သေဆုံးသူ၏ အမည်နှင့်နေရပ်လိပ်စာတို့အား စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
စုံစမ်းဆောင်ရွက်ချက်အရ သေဆုံးသူမှာ မရမ်းကုန်းမြို့နယ်နေ သီဟဇော်၊(၃၀)နှစ်၊ ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ကြောင်းနှင့် ၎င်း၏ဖခင် ဦးသိန်းဝင်း၏ အတည်ပြုချက်အရသိရှိရပြီး သေဆုံးသူတွင် အလေးချိန်(၁)ကျပ်သားခန့်ရှိ ရွှေဆွဲကြိုး ၁ ကုံး၊ အလေးချိန်(၁)မတ်သားခန့်ရှိ ရွှေဆွဲပြား ၁ ခု၊ အလေးချိန်(၅)မူးသားခန့်ရှိ ရွှေလက်စွပ် ၁ ကွင်းတို့အား ၀တ်ဆင်ထားကြောင်းနှင့် 09-----နှင့် 09------ဆင်းကတ် ၂ ခုသုံး လက်ကိုင်ဖုန်း ၁ လုံးတို့ပါဆုံးသွားကြောင်းသိရှိရပါသည်။
ရဲတပ်ဖွဲ့ဝင်များသည် သေဆုံးသူနှင့် ဆက်သွယ်မှုရှိသူ ရင်းနှီးသူများ၏ နောက်ကြောင်းများအား လိုက်လံစုံစမ်းရာ ၉.၁၁.၂၀၁၆ ရက်နေ့ ၁၉၀၀ အချိန်ခန့်တွင် အငှားယာဉ်တစ်စီး FILDER အမျိုးအစား ယာဉ်နံပါတ်မမှတ်မိမှ လာရောက်ခေါ်သွားကြောင်းကို သတင်းရရှိခဲ့ပါသည်။ FILDER
အငှားယာဉ်မောင်းသူမှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် အမျိုးသမီးအငှားယာဉ်မောင်းသူများအား လိုက်လံစုံစမ်းထောက်လှမ်းခဲ့ပါသည်။ သေဆုံးသူ သီဟဇော်အသုံးပြုသော လူမှုကွန်ရက် Facebook တွင် သူငယ်ချင်းဖြစ်သူ ဇင်လေးဆိုသူအား မှတ်တမ်းဓာတ်ပုံရယူ၍
အုပ်ချုပ်ရေးအဖွဲ့များ၊ အမာခံသတင်းပေးများထံ ဇင်လေး၏ဓာတ်ပုံများ လိုက်လံပြသစုံစမ်းခဲ့ရာ တာမွေမြို့နယ်၊ ကျားကွက်သစ် ရပ်ကွက်တွင်နေထိုင်သူဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။
၎င်းအားဖမ်းဆီးရမိရေးအတွက် အဆိုပါရပ်ကွက်အတွင်း စုံစမ်းထောက်လှမ်း ဆောင်ရွက်ခဲ့ရာ ၎င်းမောင်းနှင်သည့် ယာဉ်အမှတ်မှာ YGN FF---FILDER အမျိုးအစားယာဉ်ဖြင့် အငှားယာဉ် မောင်းနှင်နေသူဖြစ်ကြောင်း စုံစမ်းသိရှိရ၍ ၂၆.၁၂.၂၀၁၆ ရက်နေ့ ၀၁၅၀ အချိန်တွင် နေအိမ်သို့ ပြန်လာသူ မသဇင်ခိုင်(ခ)ဇင်လေး(ခ)သဇင်(ခ)သဇင်ဖြိုး၊ (၃၂)နှစ်အား မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာ ၎င်း၏လက်ကိုင်ဖုန်း၌ ၈.၁၁.၂၀၁၆ ရက်နေ့မှ ၁၂.၁၁.၂၀၁၆ ရက်နေ့အထိ အသုံးပြုခဲ့သည့် ဆက်သွယ်မှုအားလုံးအား ဖျက်ထားသည်ကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် အမှုနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပါသည်။
ဖမ်းဆီးရမိသူ သဇင်(ခ)သဇင်ခိုင်(ခ)သဇင်ဖြိုး(ခ)ဇင်လေးအား စစ်ဆေးရာသားဖြစ်သူ ကျန်းမာရေးမကောင်းသဖြင့် ခင်မင်ရင်းနှီးသူ မိတ်ဆွေ(၇)ဦးထံမှ ယူဆောင်ထားသော အကြွေးငွေ(၂၃)သိန်းကျော် ခန့်အား ပေးဆပ်ရန်ရှိကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဧပြီလတွင် Thiha အကောင့်ပိုင်ရှင်ဖြစ်သူ သီဟဇော်နှင့် သူငယ်ချင်းဖြစ်ခဲ့ပြီး သီဟဇော်နှင့် ဖုန်းဆက်သွယ်ပြောဆိုဖြစ်ခဲ့ကြောင်း၊ လွန်ခဲ့သော ၃ လခန့်က သီဟဇော်မှ ၎င်းအား ရည်စားစကားပြောဆိုခဲ့ကြောင်း၊ ထိုနောက် ၎င်းနှင့်သီဟဇော်တို့ ကော်ဖီဆိုင်များ၌ မကြာခဏတွေ့ဆုံကာ စကားပြောဆိုဖြစ်ခဲ့ကြောင်း၊ ၃၀.၉.၂၀၁၆ ရက်နေ့ ၂၃၀၀ အချိန်ခန့်တွင် သီဟဇော်နှင့် ကားပတ်မောင်းခဲ့ပြီး ၀၃၀၀ အချိန်ခန့်တွင် ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းရှိ တည်းခိုခန်းတစ်ခု၌ ညအိပ်တည်းခိုခဲ့ကြောင်း၊ ၉.၁၁.၂၀၁၆ ရက်နေ့ ၁၈၃၀ အချိန်ခန့်တွင် ၎င်းသည် တာမွေမြို့နယ်၊ ကျောက်မြောင်းအရှေ့ရပ်ကွက်သို့ရောက်ရှိနေစဉ် သီဟဇော်၏ဖုန်းဝင်လာပြီး ၎င်း၏ကုမ္ပဏီရှိရာသို့ လာရောက်ရန် ပြောဆို သဖြင့် နောက်ထပ်ခရီးသည် တစ်ဦးပို့ပေးရန်ကျန်သေးကြောင်း ပြောဆိုကာ ဖုန်းပိတ်ထားခဲ့ကြောင်း၊ ၁၉၄၀ အချိန်ခန့်တွင် ချိန်းဆိုရာနေရာသို့ သွားရောက်ခဲ့ပြီး သီဟဇော်မှ ၎င်းနှင့်အတူလိုက်ပါလာခဲ့ကြောင်း၊ ၎င်းနောက် ဗိုလ်တထောင်ကမ်းနားသို့သွားရောက်ကာ စကားပြောဆိုခဲ့ကြကြောင်း၊ ယင်းနေ့ ၂၄၀၀ အချိန်ခန့်တွင် ဗဟန်းမြို့နယ်ရှိ KTV ဆိုင်သို့ သွားရောက်၍ ၂ နာရီခန့်သီချင်းဆိုခဲ့ကြကြောင်း၊ ၁၀.၁၁.၂၀၁၆ ရက်နေ့ ၀၂၃၀ အချိန်ခန့်တွင် ၎င်း KTV ဆိုင်မှ ထွက်လာပြီး ကားလျှောက်မောင်းနေခဲ့ရာ ၀၃၀၀ အချိန်ခန့်တွင် လှိုင်မြို့နယ်၊ ဗဟိုလမ်းသို့ရောက်ရှိစဉ် ၎င်းမှာအိပ်ငိုက်လာသဖြင့် ကားအားလမ်းဘေးသို့ရပ်ကာ သီဟဇော်အား ကားမောင်းတတ်ပါက မောင်းနိုင်ကြောင်းပြောဆိုပြီး ကားနောက်ခန်းအတွင်းသို့ဝင်ထိုင်စဉ် သီဟဇော်မှ အောက်သို့အပေါ့ဆင်းသွားပြီး ကားပေါ်သို့ပြန်တက်စဉ် ၎င်းမှ ယာဉ်ပေါ်တွင် အသင့်ဆောင်ထားသော ဓားမြှောင်ဖြင့် လည်ပင်းအားထိုးခဲ့ကြောင်းနှင့် သီဟဇော်ဝတ်ဆင်ထားသော ဆွဲပြားပါရွှေဆွဲကြိုး၊ ရွှေလက်စွပ်တို့အားယူဆောင်ကာ သီဟဇော်အား အခင်းဖြစ်နေရာ၌ထားခဲ့ကြောင်း၊ ယင်းနောက် ယာဉ်ပေါ်တွင်ကျန်ရှိသည့် သီဟဇော် ၏ လက်ကိုင်ဖုန်း၊ လက်ပတ်နာရီ၊ ဖိနပ် ၁ ရံနှင့် ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သော ဓားမြောင်တို့အား ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ကာ သင်္ဃန်းကျွန်း
မြို့နယ်၊ သုဝဏ္ဏ၊ ကမာကြည်တံတားပေါ်မှ ပုဇွန်တောင်ချောင်းအတွင်း လွှင့်ပစ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
ပေါ်ပေါက်ချက်အရ အမှုမှသက်သေခံ မော်တော်ယာဉ်၊ လက်ကိုင်ဖုန်းနှင့်ရွှေထည်ပစ္စည်းများအား ပြန်လည်သိမ်းဆည်းခဲ့ပြီး အမှုဖြင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice/
မန္တလေးစည်ပင်အသစ်တွေ ခန့်အပ်တော့မည်
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အဦးကို တွေ့ရစဉ်။ Photo: RFA
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အသစ်တွေကို လာမယ့် ဇန်န၀ါရီလ ၆ ရက်နေ့မှာ ခန့်အပ်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်တင်မိုးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က မန္တလေးစည်ပင်ရွေးကောက်ပွဲ ကျင်းပပြီးနောက် စည်ပင်ကော်မတီ အသစ်တွေကို ၃ လကျော်အကြာမှာ ခန့်အပ်နိုင်တာဖြစ်ပါတယ်။ အဲဒီလို ကြန့်ကြာနေတာနဲ့ပတ်သက်ပြီး ဦးဇော်တင်မိုးက အခုလိုပြောပါတယ်။
" ၆ ရက်နေ့ကို ခန့်ဖို့ စီစဉ်ထားပါတယ်။ဘာကြောင့်ကြန့်ကြာရလဲဆိုတော့ ကန့်ကွက်တာတွေ ရှိတယ်လေ ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ အနိုင်ရတဲ့သူကို ရှုံးတဲ့သူတွေက ကန့်ကွက်တော့ အဲဒါတွေစိစစ်ရတာက ၁ လကျော်လောက်ကြာတယ်၊ သက်သေတွေ ခေါ်စစ်ရတာ၊ ပြည်ကြီးတံခွန်က မဲအများဆုံးရတဲ့ ဦးစောဟန်ကို ကျန်တဲ့ ၃ ယောက်ကနေ ကန့်ကွက်တာတွေရှိတယ်၊ အဲဒါကို စည်ပင်ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ စိစစ်ရတာတွေရှိတာကြောင့်ပါ"
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အသစ်တွေ ခန့်အပ်နိုင်ဖို့ စည်ပင်သာယာရေး ကော်မတီ ၀င် ရွေးကောက်ပွဲကို စည်ပင်သာယာရေး ကော်မတီနယ်နိမိတ် ၆ မြို့နယ်ဖြစ်တဲ့ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့နယ်တွေမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခံရတဲ့ စည်ပင်သာယာရေးကော်မတီဝင် ၆ ဦးနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့က တိုက်ရိုက်ခန့်အပ်မယ့် ပညာရှင် ၅ ဦးကို ရွေးကောက်ပွဲလုပ်ပြီး ၃ လကျော်အကြာ လာမယ့် ဇန်န၀ါရီလ ၆ ရက်နေ့မှာ အတည်ပြုခန့်အပ်သွားမှာဖြစ်ပါတယ်။
မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေကို  ပြင်ဆင်တဲ့ ဥပဒေအရ ဇူလိုင်လ ၇ ရက်နေ့မှာ ကော်မတီမှာ တာဝန်ထမ်းဆောင်နေတဲ့ ရွေးချယ်ခန့်အပ်တာဝန်ပေးအပ်ခံရသူ ၆ ဦးနဲ့ အစိုးရကတိုက်ရိုက်ခန့်အပ်သူ ၅ ဦးတို့ကို တာဝန်ကနေရပ်နားခဲ့တာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရုရှား သမ္မတ ပူတင် မှ မြောက်ကိုးရီးယား အား ပိတ်ဆို့အရေးယူ သည့် ဥပဒေ ပြဌာန်းချက် တွင် လက်မှတ်ရေးထိုး
ရုရှား သမ္မတ ပူတင် မှ ကာကွယ်ရေး ဝန်ကြီး နှင့် နိုင်ငံခြားရေး ဝန်ကြီး နှင့် တွေ့ဆုံဆွေးနွေးနေစဉ်(ဆင်ဟွာ)
    မော်စကို ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)
    ရုရှား သမ္မတ ပူတင် သည် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် မြောက်ကိုးရီးယား နိုင်ငံ အား ပိတ်ဆို့အရေးယူ သည့် ဥပဒေ ပြဌာန်းချက် တွင် လက်မှတ်ရေးထိုးခဲ့ပြီး ကုလသမဂ္ဂ ၏ မြောက်ကိုးရီးယား နိုင်ငံ အား အရေးယူသည့် ဆုံးဖြတ်ချက် အမှတ်စဉ် ၂၂၇၀ ကို အကောင်အထည် ဖော်ခဲ့သည်။
ရုရှား နိုင်ငံ ဥပဒေ အချက်အလက် ဝက်ဘ်ဆိုဒ် မှ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ယင်း ဥပဒေ ပြဌာန်းချက် ကို ကြေညာ ခဲ့သည်။ဥပဒေ ပြဌာန်း ချက် တွင် မြောက်ကိုးရီးယား နိုင်ငံ သို့ လေယာဉ် လောင်စာဆီ နှင့် ဂျက်အင်ဂျင် လောင်စာဆီ များ ပို့ဆောင်ခြင်းကို ပိတ်ပင်သွားမည် ဖြစ်ကြောင်း ၊ နျူကလီးယား လက်နက် တိုးချဲ့ရန် အတွက် လိုအပ်သည့် ပစ္စည်းကိရိယာ များနှင့် နည်းပညာများကို ပိတ်ပင်မည် ဖြစ်ကြောင်း ၊ မြောက်ကိုးရီးယား နိုင်ငံ မှ ရွှေနှင့် အခြား သတ္တု တွင်းထွက် များ တင်တွင်းခြင်းကို ပိတ်ပင်မည် ဖြစ်ကြောင်း ၊ ရုရှား နိုင်ငံ တွင် စုံစမ်းတွေ့ရှိခဲ့သည့် မြောက်ကိုးရီးယား နိုင်ငံ နျူးကလီးယား စီမံကိန်း နှင့်ပတ်သက်သည့် ရန်ပုံငွေ ၊ ငွေကြေးဆိုင်ရာ ပိုင်ဆိုင်မှု နှင့် အခြား စီးပွားရေး အရင်းအမြစ် အားလုံးကို အရေးယူ သိမ်းဆည်း မည်ဖြစ်ကြောင်း ပါဝင်ခဲ့သည်။
ထို့ပြင် ဥပဒေ ပြဌာန်း ချက်တွင် မြောက်ကိုးရီးယား နိုင်ငံ သို့ ဇိမ်ခံပစ္စည်းများ တင်ပို့ခြင်းကိုလည်း ပိတ်ပင် သွားမည်ဖြစ်ကြောင်း ၊ ခရစ္စတယ် နှင့် ပြုလုပ်သည့် ထုတ်ကုန်များ ၊ ဘိလိယက်ခုံများ ၊ အဆင့်မြင့် လက်ပတ် နာရီများ ၊ စက်လှေများ နှင့် အခြားတန်ဖိုးကြီး အားကစား ပစ္စည်းများ မြောက်ကိုးရီးယား သို့တင်ပို့ခြင်းကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
မြောက်ကိုးရီးယား နိုင်ငံ မှ ၄ကြိမ်မြောက် နျူးကလီးယား စမ်းသပ်မှု နှင့် ပဲထိန်းဒုံကျည် စနစ်ဖြင့် စမ်းသပ် ပစ်လွှတ်မှု ပြုလုပ်ကြောင်း ကြေညာခဲ့ပြီး နောက်တွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှ မတ်လ တွင် မြောက်ကိုးရီးယား ကို ပိတ်ဆို့အရေးယူမည့် အမှတ်စဉ် ၂၂၇၀ ဆုံးဖြတ်ချက်ကို အလုံးစုံ ထောက်ခံမှု ဖြင့် သဘောတူညီခဲ့ကြသည်။ထို့ပြင် မြောက်ကိုးရီးယား နျူကလီးယား ကိစ္စရပ် နှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်ရေး အတွက် ၆ နိုင်ငံ ဆွေးနွေးမှု လုပ်ငန်း အား ပြန်လည် စတင်ခြင်းကိုလည်းထောက်ခံကြောင်း ကိုလည်း ကြေညာခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
သြစတြေးလျ နိုင်ငံ ဂီတ ဖျော်ဖြေပွဲ တစ်ခုတွင် လူအုပ်ပိမှု ဖြစ်ပွားကာ ၈၀ ဦးဒဏ်ရာရရှိ
သြစတြေးလျ နိုင်ငံ ရှိ ပင်လယ်ကမ်းခြေ မြို့လေး Lorne အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)
   မဲလ်ဘုန်း ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)
    သြစတြေးလျ နိုင်ငံ တောင်ပိုင်းရှိ ဗစ်တိုးရီးယားပြည်နယ် တွင် ဒီဇင်ဘာလ ၃၀ ရက်နေ့ညပိုင်း ကျင်းပသည့် ဂီတ ဖျော်ဖြေပွဲ တစ်ခု တွင် လူအုပ်ပိမှု ဖြစ်ပွားခဲ့ပြီး ၈၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအတွင်း မှ ၁၉ ဦးမှာ ဒဏ်ရာရရှိမှု ပြင်းထန်ကြောင်း သြစတြေးလျ ရဲတပ်ဖွဲ့ က ဒီဇင်ဘာလ ၃၁ ရက်တွင် ပြောကြား ခဲ့သည်။
ဗစ်တိုးရီးယား ပြည်နယ် ရဲဌာန ၏ ထုတ်ပြန်ချက်အရ လူအုပ်ပိမှုသည် ၃၀ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် မဲဘ်ဘုန်း မြို့နှင့် ကီလိုမီတာ ၁၄၀ ကွာဝေးသည့် ပင်လယ်ကမ်းခြေ မြို့လေး Lorne တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ ဖြစ်စဉ်မှာ ဂီတ ပွဲအပြီး တွင် ပြန်လည်ထွက်ခွာ ချိန်၌ အရှေ့ဆုံးတန်းရှိလူများမှ ဟန်ချက်ပျက်၍ လဲကျရာမှ လူအုပ်ကြီးသည် စိုးရိမ်မှုများဖြစ်ပွားပြီး လူအုပ်ပိမှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။အခင်းဖြစ်ပွားပြီးနောက်တွင် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များ ရောက်ရှိခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသူ ၁၉ဦးကို ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့သည်။ ပြင်းထန်စွာ ဒဏ်ရာရရှိသူ များ၏ ပျှမ်းမျှအသက် မှာ၂၀ နှစ်ခန့်ဖြစ်ပြီး အမျိုးသမီး ၁၃ ဦး နှင့် အမျိုးသား ၆ ဦးဖြစ်ကြကာ ၄င်းတို့အားလုံးမှာ အသက်အန္တရယ် မစိုးရိမ် ရကြောင်း သိရှိရသည်။
ဒဏ်ရာရရှိသူ တစ်ဦးအား ဒေသတွင်း မီဒီယာ ၏ မေးမြန်းမှု တွင် ၄င်းက အခင်းဖြစ်ပွား စဉ်တွင် မိမိ၏ ခြေထောက်မှာ ဖိထားခံခဲ့ရပြီး လူအုပ်ကြီးအောက်တွင် ၃ မိနစ်ခန့် ပိမိကာ နောက်ဆုံးတွင် မူးမေ့သွားခဲ့ကြောင်း ပြောကြား ခဲ့သည်။ဒဏ်ရာရရှိသူ များက ဂီတ ပွဲ၏ ထွက်ပေါက်သည် အလွန်ကျဉ်းမြောင်းသောကြောင့် ယခု ကဲ့သို့သော လူအုပ်ပိမှု ဖြစ်ပွား ခဲ့ကြောင်း ဝေဖန်ခဲ့ကြသည်။ ဂီတ ပွဲစီစဉ်သူများမှလည်း နောက်ဆက်တွဲ ဖျော်ဖြေမှု များကို ရပ်ဆိုင်းကာ ဂီတပွဲ ၏ ထွက်ပေါက်နှင့် ပတ်သက်၍ ပြန်လည် ပြုပြင်နေကြောင်း ပြောကြား ခဲ့သည်။ဗစ်တိုးရီးယား ပြည်နယ် အရေးပေါ်ဆောင်ရွက်မှု ဌာန တာဝန်ရှိသူမှ ရဲတပ်ဖွဲ့အနေဖြင့် အခင်းဖြစ်ပွားမှု အတွက် စုံစမ်းစစ်ဆေးမှုများဆောင်ရွက်နေပြီးဖြစ်ကြောင်း နှင့် ကံကောင်းထောက်မစွာ ဖြင့် ယခုဖြစ်ပွား ခဲ့သည့် လူအုပ်ပိမှု တွင် သေဆုံးသူ မရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
ငြိမ်းချမ်းရေးကော်မရှင် နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေ မတွေ့ဖြစ်
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့တွေ့ဆုံပွဲ ပျက်သွားတဲ့အကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ ရှင်းလင်းစဉ်။ Photo : Aung Thein Kha/RFA
ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ပန်ဆန်းမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပေမယ့် တွေ့ဆုံပွဲ ပျက်သွားတယ်လို့ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဘက်က မလာတဲ့အတွက် တွေ့ဆုံပွဲပျက်သွားတာလို့  ပြည်ထောင်စုငြိမ်း ချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။
"ပထမဆုံးတော့ သူတို့ ကျနော်တို့နဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်။ နောက်ပိုင်း သူတို့ဘက်က မလာဘူးတဲ့။ အဲဒီတော့ သူတို့ဘက်ကမလာတော့ ကျနော်တို့နဲ့ မတွေ့ဖြစ်ဘူး။ ကျွန်တော်တို့ဘက်ကတော့ တွေ့ဖို့က အဆင့်သင့်ရှိတယ်။ အမြဲတမ်း။ တစ်ဖွဲ့ချင်းတွေ့ရင် တစ်ဖွဲ့ချင်းစီရဲ့ သဘောထားတွေသိရမယ်။ မတွေ့တော့ လည်း အချို့ဟာတွေ အဖြေထုတ်ရခက်တာပေါ့"
ကချင်၊ တအာင်း၊ ရခိုင်နဲ့ ကိုးကန့်တပ်ဖွဲ့တွေ ပူးပေါင်းထားတဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင် တွေ့ဆုံပွဲကို ဒီဇင်ဘာလ ကုန်ပိုင်းမှာ ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နယ်မြေမှာ ပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ပန်ဆန်းမြို့မှာ တွေ့ဆုံမှာနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးကော်မရှင်ဖက်က ကြိုတင် အကြောင်းကြားထားခြင်း မရှိဘူးလို့ တပ်ပေါင်းစု ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောပါတယ်။
"မူလက ကျနော်တို့ကိုပြောတယ်၊ ကျနော်တို့လည်း တွေ့ဆုံဖို့လက်ခံတယ် ဒါပေမဲ့ ဒီကြားမှာပေါ့ "ဝ" အဖွဲ့ကို အစည်းအဝေးမှာ တက်ပြီးနားထောင်ပေးဖို့ ကျနော်တို့က အဆိုပြုထားတယ်၊ အဲဒီမှာ သူတို့က ပြန်ပြီး တင်ပြမယ်လို့ပြောတယ်၊ ဘာမှအကြောင်းမပြန်သေးဘူး၊ ဘယ်နေ့ဆိုတာလည်း မသိရသေးဘူး၊ သူတို့က ဘာမှပြန်ပြီးပြောကြတာလည်း မရှိဘူး၊ အဲဒါကြောင့်မို့လို့ တွေ့ဆုံပွဲက မဖြစ်သေးဘူး"
မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုနဲ့ တပ်မတော်ကြားမှာ လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေပြီး ဒီနေ့ဆိုရင် ကွတ်ခိုင်- မူဆယ်လမ်းမနဲ့ နမ္မတူ-မန်တုံမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်ဟာ ကချင်၊ တအာင်း၊ ရခိုင်နဲ့ ကိုးကန့် တပ်ဖွဲ့တွေ ပူးပေါင်းထား တဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ တွေ့ဆုံပွဲ မဖြစ်မြောက်ခဲ့ပေမယ့် UWSA နဲ့ မိုင်းလားအထူးဒေသ (၄) တို့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မိုင်းလားဒေသမှာ တပ်စွဲထားတဲ့ UWSA တပ်ဖွဲ့တွေ ပြန်လည် ဆုတ်ခွာပေးဖို့ကိစ္စ ဆွေးနွေးခဲ့တယ်လို့ ဦးအောင်စိုးက ပြောပါတယ်။
ဒုတိယဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ကစပြီး ပန်ဆန်းမြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။
မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုနဲ့ တပ်မတော်ကြားမှာ လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်ဟာ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုနဲ့ တွေ့ဆုံပွဲ မဖြစ်မြောက်ခဲ့ပေမယ့် UWSA နဲ့ မိုင်းလားအထူးဒေသ (၄) တို့က  ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မိုင်းလားဒေသမှာ တပ်စွဲထားတဲ့ UWSA တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာပေးဖို့ကိစ္စ ဆွေးနွေးခဲ့တယ်လို့ ဦးအောင်စိုးက ပြောပါတယ်။
ဒုတိယဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ကစပြီး ပန်ဆန်းမြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ကိုမင်းဌေးကို ၁၇ (၁)နဲ့ ဖမ်းထားတယ်လို့ သတင်းထွက်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ရဲ့ ဗဟိုကော်မတီဝင် မြောက်ပိုင်းဒေသ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးမင်းဌေး ကို တွေ့ရစဉ်။ Photo : Ko Min Htay (facebook)
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ရဲ့ ဗဟိုကော်မတီဝင် မြောက်ပိုင်းဒေ သခေါင်းဆောင် ဦးမင်းဌေးကို မတရားအသင်းပုဒ်မ ၁၇(၁) နဲ့ ကချင်ပြည်နယ် မိုးမောက်ရဲစခန်းမှာ ဖမ်းဆီးထိန်း သိမ်းထားတယ်လို့ သတင်းတွေထွက်နေပေမယ့် အဖွဲ့ကတော့ အတည်မပြုပါဘူး။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC က ABSDF တပ်ဖွဲ့ကို အကြောင်းပြန်ကြားလာတဲ့စာမှာ မိုးမောက်ရဲစခန်းမှာ ထိန်းသိမ်းထားတာ ဟုတ်မှန်ကြောင်း အတည်ပြုပြောပေ မယ့် ၁၇/၁ နဲ့ တရားစွဲဆိုထားတယ်ဆိုတာကိုတော့ အသိပေးလာတာ မရှိသေးဘူးလို့ ABSDF ဒုဥက္ကဌ ရဲဘော် မျိုးဝင်းက ပြောပါတယ်။
"၁၇/၁ ကိစ္စတွေနဲ့ပတ်သက်လို့ အခု သတင်းတွေ ထွက်နေတာတွေနဲ့ ပတ်သက်ပြီး မိုးမောက် ရဲစခန်းမှာ ရှိတယ်၊ လိုအပ်တာတွေ ညှိနှိုင်းဖို့အတွက် ခေါ်ယူထားတာ သဘောလောက်ပဲ ရှိပါသေးတယ်၊ အခုအချိန် အထိတော့ တရားဝင် သဘောအရပေါ့နော် သတင်းအရ ထွက်နေပေမယ့် တရားဝင် စာအရဆိုရင်တော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ အချက်အလက် ဘာတစ်ခုမှ မတွေ့သေးဘူးလေနော်။ အခုဟာ မပခ ကနေပြီးတော့မှ JMC ကနေတဆင့် ကိုမင်းဌေးနဲ့ ပတ်သက်ပြီးတော့မှ ဒီအချက်အလက်တွေကို ရှင်းလင်းဆောင်ရွက်ပေးပါ ဆိုတဲ့သဘော အဲစာကို ရတာကိုး၊ အဲလိုဆိုတော့ သူတို့ သိချင်တဲ့ဟာလေးကို အဖွဲ့အစည်းအနေနဲ့ စာပြန်ရေးရမှာပေါ့ ဒါပဲရှိတယ်"
ABSDF အဖွဲ့ဟာ အစိုးရနဲ့ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ဗဟိုကော်မတီဝင် မြောက် ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမင်းဌေးဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တက်ရောက်နေသူဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က ဗန်မော် - လွယ်ဂျယ် ကားလမ်းပေါ်က စိန်လွယ်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ ရသူ ဖြစ်ပါတယ်။
ဦးမင်းဌေး အဖမ်းခံရမှုနဲ့ ပတ်သက်ပြီး ABSDF အဖွဲ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့် ကြည့်ရေး ကော်မတီ JMC အဖွဲ့ထံ ကူညီဖြေရှင်းပေးဖို့ အကြောင်းကြားခဲ့ပြီးနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဦးမင်းဌေးနဲ့ ပတ်သက်ပြီး ထပ်မံသိလိုတဲ့အချက်တွေကို ဒီကနေ့ ညနေမှာ စာရေးမေးမြန်းလာတာဖြစ်ပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ရဲဘော်မင်းဌေးဟာ နာမည်ကျော် Hollywood ရုပ်ရှင်မင်းသား Sylvester Stallone နဲ့ ရိုက်ကူး ထုတ်လုပ်တဲ့ Rambo 4 ရုပ်ရှင်မှာ မြန်မာအစိုးရစစ်တပ်က စစ်ဗိုလ်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ တစ်ဦးလည်း ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဘဂ္ဂဒက်ဗုံးခွဲမှု လူ ၃၀ နီးပါးသေ၊ ၅၀ ကျော် ဒဏ်ရာရ
အယ်ဆင်နတ် ဈေးနားမှာ ဖြစ်ခဲ့တဲ့ ဒီ ပေါက်ကွဲမှု ၂ခုမှာ တခုက လမ်းဘေးဗုံးဖြစ်ပြီး တခုက အသေခံဖောက်ခွဲမှုကြောင့် ဖြစ်ပွားခဲ့တာပါ
အီရတ်မြို့တော် ဘဂ္ဂဒက်ရဲ့ လူစည်ကားတဲ့ ဈေးတခုမှာ ဗုံးပေါက်ကွဲမှု ၂ခု ဖြစ်ခဲ့တဲ့အတွက် အနည်းဆုံး ၂၈ယောက် သေဆုံးခဲ့ပြီး လူ ၅၀ကျော် ဒဏ်ရာရခဲ့ပါတယ်။
အယ်ဆင်နတ် ဈေးနားမှာ ဖြစ်ခဲ့တဲ့ ဒီ ပေါက်ကွဲမှု ၂ခုမှာ တခုက လမ်းဘေးဗုံးဖြစ်ပြီး တခုက အသေခံဖောက်ခွဲမှုကြောင့် ဖြစ်ပွားခဲ့တာပါ။
ဒီဖောက်ခွဲမှုတွေကို အစ္စလာမ္မစ်နိုင်ငံ အဖွဲ့ အိုင်အက်စ်က လုပ်တယ်လို့ ဝန်ခံထားပါတယ်။
အီရတ်စစ်တပ်ဟာ မိုဆိုးမြို့ကို သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ တချိန်တည်းမှာပဲ အိုင်အက်စ်အဖွဲ့ဘက်ကလည်း ဘဂ္ဂဒက်မှာ ရှီအာမူဆလင်တွေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲမှုနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်ဖွဲ့တွေက ကူညီနေတဲ့ အီရတ်စစ်တပ်ရဲ့ မိုဆိုးမြို့ စစ်ဆင်ရေးဟာ အောက်တိုဘာလကတည်းက စလုပ်နေတာဖြစ်ပြီး အခုအချိန်အထိ မြို့ကို အိုင်အက်စ်တွေလက်က မသိမ်းနိုင်သေးပါဘူး။
BBC Burmese
http://www.bbc.com/burmese
မြို့ကြီးနှစ်သစ်ကူးပွဲတွေမှာ လုံခြုံရေးပိုတင်းကျပ်
နှစ်သစ်ကူးပွဲ လုံခြုံရေးအတွက် ဗြိတိန်၊ ဂျာမဏီ၊ ဘယ်လဂျီယံနဲ့ သြစတြေးလျက မြို့တော်တွေမှာ ရဲအရာရှိအရေအတွက် ထောင်နဲ့ ချီပြီး တိုးချ
လန်ဒန်၊ ဘာလင်၊ ဘရပ်ဆဲနဲ့ ဆစ်ဒနီမြို့ နှစ်သစ်ကူး ကြိုဆိုပွဲတွေမှာ လုံခြုံရေးတွေ တိုးချထားပြီး ကားနဲ့ ဝင်တိုက်ပြီး အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့အတွက် အရံအတား ချထားမှုတွေ ပြုလုပ်နေပါတယ်။
ဂျာမဏီနိုင်ငံ ဘာလင်မြို့နဲ့ ပြင်သစ်က နိစ်မြို့တွေမှာ လူစည်ကားရာ နေရာတွေကို ကားနဲ့ ဝင်ရောက် တိုးဝင်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ဖူးတဲ့အတွက် အခုလို အစီအမံတွေ ချထားရတာလည်း ဖြစ်ပါတယ်။
နှစ်သစ်ကူးပွဲ လုံခြုံရေးအတွက် ဗြိတိန်၊ ဂျာမဏီ၊ ဘယ်လဂျီယံနဲ့ သြစတြေးလျက မြို့တော်တွေမှာ ရဲအရာရှိအရေအတွက်ကိုလည်း ထောင်နဲ့ ချီပြီး တိုးချထားပါတယ်။
အထူးသဖြင့် ပါရီ၊ မက်ဒရစ်နဲ့ နယူးယောက်မြို့တွေက မြို့လယ်ရင်ပြင် နှစ်သစ်ကူးပွဲတွေကို ကုန်ကားလို ကားကြီးတွေ မဝင်နိုင်အောင် ပိတ်ဆို့ထားမှုတွေလည်း ပြုလုပ်ထားပါတယ်။
နယူးယောက်နဲ့ ဘရပ်ဆဲလ်မြို့အပါအဝင် တချို့မြို့ကြီးတွေမှာဆိုရင် နှစ်သစ်ကူး မီးရှူးမီးပန်း ဖောက်မယ့် အစီအစဉ်ကို ဖျက်သိမ်းမှုတွေလည်း ပြုလုပ်ခဲ့ရပါတယ်။
BBC Burmese
http://www.bbc.com/burmese
လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ကျော် တိုင်ကြားခံထားရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တိုင်း၊ ခရိုင်၊ မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေ စုံညီတွေ့ဆုံပွဲကို ရန်ကုန်မြို့ SKY STAR ဟိုတယ်မှာ နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ Photo: RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး ပါတီရဲ့ ဗဟိုတိုင်ကြားရေး ဌာနထံ တိုင်ကြားစာ ၁၀၀ ကျော် လက်ခံရရှိထားပြီး အဲဒီထဲမှာ ရန်ကုန်၊ ဧရာဝတီ၊ မကွေး စစ်ကိုင်းနဲ့ ပဲခူး တိုင်းဒေသကြီးတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို အများဆုံး တိုင်ကြားကြတယ်လို့ ဌာနတာဝန်ခံ ဒေါက်တာ မျိုးညွန့် က ပြောပါတယ်။
ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုအားနည်းတာ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြုမှုပြောဆို မှုတွေနဲ့ ပတ်သက်ပြီး အများဆုံးတိုင်ကြားကြတယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
"အစီရင်ခံစာ ၆၅ စောင်လောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တင်ပြီးပါပြီ၊ အဓိကကတော့ ဗဟိုအလုပ် အမှုဆောင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှု အားနည်းတာ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ပြုမှုပြောဆိုမှုနဲ့ ပတ်သက်ပြီး မကျေနပ်လို့ တိုင်ကြားကြတာ အများဆုံးပါပဲ"
ဗဟိုတိုင်ကြားရေးဌာနထံ တိုင်ကြားစာပေါင်း ၂၀၀ ကျော် ရောက်ရှိနေတာဖြစ်ပြီး အဲဒီထဲမှာ လွှတ်တော် ကိုယ်စားလှယ်ကို တိုင်ကြားတာမျိုးမဟုတ်ပဲ သာမာန်ပါတီဝင်တွေကို တိုင်ကြားတာ၊ အမှုဆောင် အဖွဲ့တွေကို တိုင်ကြားတာ၊ အုပ်ချုပ်ရေးပိုင်းကို တိုင်ကြားတာ၊ မြေယာပြဿနာတွေနဲ့ပတ်သက်တဲ့ တိုင်ကြားစာတွေ ပါရှိတယ်လို့လည်း ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မသက်ဆိုင်တဲ့ တိုင်ကြားစာတွေကို ကိုင်တွယ်ဖြေရှင်းပေးတာ မရှိဘူးလို့ ပြော ပါတယ်။
ကိုယ်စားလှယ်တစ်ဦးတည်းကိုပဲ အကြောင်းအရာအမျိုးမျိုးနဲ့ တိုင်ကြားတာတွေ တိုင်ကြားသူ ၄ ယောက် ၅ ယောက်လောက်က တိုင်ကြားတာတွေ ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ ၆၅ စောင်ကို စိစစ်ပြီးဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
မောင်တောမြို့နယ်က ကျောင်း ဆရာမတွေကို ပြောင်းရွှေ့
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းက ကြိမ်ချောင်းကျေးရွာမှာရှိတဲ့ အခြေခံပညာ အထက်တန်းကျောင်းကို တွေ့ရစဉ်။ Photo:Min Thein Aung/RFA
အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ တာဝန်ထမ်းဆောင်နေ တဲ့ ဒေသခံမဟုတ်တဲ့ မူလတန်းပြဆရာမ ၁၈၀ ကျော်ကို သူတို့ရဲ့ ဇာတိမြို့ရွာတွေကို ပြောင်းရွှေ့ပြီး တာဝန်ထမ်းဆောင်ဖို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားလိုက်ပါတယ်။
လာမယ့် ဇန်န၀ါရီလကစပြီး ပြောင်းရွှေ့ရမှာဖြစ်တယ်လို့ မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင် က ပြောပါတယ်။
"ပြောင်းရွှေ့ခွင့်အမိန့်တွေ ထွက်ပြီးပြီ၊ ဇန်န၀ါရီလက စပြီးတော့ ပြောင်းလို့ရပါပြီ၊ အခုပြောင်းတာက မူလတန်းပြ ဆရာမတွေကိုပဲပြောင်းတာ၊ ၁၈၀ ကျော်လောက်ရှိတယ်၊ ဇာတိနေရာမှာ ရချင်ရင်လည်း ရမယ်၊ နေရာလပ်ရင်တော့ ပေးမှာ၊ နေရာမလပ်ရင်တော့ အဲဒီဒေသနဲ့ အနီးဆုံးစပ်ဆုံး ကျောင်းတွေ ကို ပြောင်းရွှေ့ပေးနေပါတယ်"
တစ်ခြားဒေသတွေကနေ မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်က စာသင်ကျောင်းတွေမှာ လာရောက် တာဝန်ထမ်းဆောင်နေတဲ့ မူလတန်းပြဆရာမတွေကို လုံခြုံရေးအခြေအနေအရ မပြောင်းမနေရ ပြောင်းရွှေ့ဖို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားလိုက်တာဖြစ်ပါတယ်။
အဲဒီလစ်လပ်သွားတဲ့နေရာတွေမှာ အသက် ၃၅ နှစ်အောက် အမျိုးသားဆရာတွေကို အစားထိုးခန့်အပ်သွား မှာဖြစ်ပြီး အဲဒီဆရာတွေကို နေ့စားလပေးအနေနဲ့ ခန့်အပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
မောင်တောမြို့နယ်မှာ မူလတန်းနဲ့ အထက်တန်းကျောင်းပေါင်း ၁၈၀ ကျော်နဲ့ ဆရာ/ဆရာမ ၁၄၀၀ ကျော်ရှိပြီး အဲဒီထဲက ၃ ပုံ ၂ ပုံလောက်က ဆရာမတွေ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ဒေသတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရ၀န်ထမ်းတွေ ကို အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာ ၃ လအတွက် လစာ ၂ ဆ ခံစားခွင့်ပေးထားတာ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ကျောက်တွင်းပြိုကျမှု လူ (၆) ဦး သေဆုံး
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ် သဒွတ်သျှိုကျေးရွာအုပ်စု ကျောက်ဆောင်ကျေးရွာရှိ ရတနာဆင်ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်အတွင်း ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျောက်တွင်းနံရံ ပြိုကျမှုဖြစ်ကာ လူ (၆) ဦးသေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည် ။
ယင်းကျောက်တွင်းသည် ပေတစ်ထောင်အနက်တွင် ကျောက်နံရံများကို ဒေါက်ထောက်ပြုပြင်နေစဉ် ကျောက်ချပ် (ကြံဖက်) များ ပြိုကျခဲ့ပြီး လူ (၆) ဦးပိတ်မိနေကြောင်း သိရသည် ။
``နာမှုကူညီရေးအသင်းက သူတွေ နဲ့ ဒေသခံတွေ ဝိုင်းပြီးဖ်ာကြမှ လူတွေသေနေတာ ။ အထဲမှာ ပိမိပြီး သေဆုံးကုန်တာဖြစ်တယ် ။´´ ဟု မိုးကုတ်မြို့မရဲစခန်း မှ တာဝန်ရှိသူတစ်ဦး က ပြောသည် ။
သေဆုံးသူများမှာ စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် မန်ကျည်းဇောက်ကျေးရွာ မှ ရွာသားများဖြစ်သည့် ကြည်နိုင် ၊ ရဲလင်းအောင် ၊ မောင်ကျော် ၊ မင်းဌေး နှင့် ဝက်လက်မြို့နယ် ဘိုတဲကုန်းကျေးရွာနေ တော်မင်းနိုင်(ခ) ညီထွေး ၊ ဝက်လက်မြို့နယ် ကိုင်းရွာနေ သန်းထွန်းအောင် တို့ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး သေမှုသေခင်း အမှတ်စဉ် ၃၉/၂၀၁၆ ဖြင့် မိုးကုတ်မြို့မရဲစခန်းတွင် ရေးဖွင့်ထားကြောင်း သိရသည်။
Mandalay Age - မန္တလေးခေတ်
https://www.facebook.com/MandalayAge
ဘဂ္ဂဒက်မြို့လယ်တွင် ဗုံးနှစ်လုံးဆင့်၍ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၈ဦးအထိမြင့်တက်လာ
ဘဂ္ဂဒက်မြို့တွင်ဖြစ်ပွားခဲ့သည့် အသေခံဗုံးပေါက်ကွဲမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)
    ဘဂ္ဂဒက်၊ ဒီဇင်ဘာ ၃၁ရက် (ဆင်ဟွာ)
    အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မြို့တွင် ဒီဇင်ဘာ ၃၁ရက်က ဗုံးနှစ်လုံးဆင့်၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ဦးရေ ၂၈ဦးအထိရှိလာပြီး ၅၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ပြောကြားခဲ့သည်။
Sinak ဧရိယာရှိ ကားအပိုပစ္စည်းဈေးတန်းအတွင်း ဒီဇင်ဘာ ၃၁ရက် နံနက်ပိုင်းက အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးမကြာမီ အဆိုပါဧရိယာရှိ စာတိုက်ရုံးနား၌ နောက်ထပ် အသေခံဗုံးဖောက်ခွဲမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ပြောကြားခဲ့သည်။
အဆိုပါနေ့ အစောပိုင်းတွင်ပင် အဆိုပါ တိုက်ခိုက်မှုများကြောင့် လူ ၁၉ဦးသေဆုံးပြီး ၄၅ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။
အသေခံဗုံးခွဲတိုက်ခိုက်မှုအား မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်ခြင်းဖြစ်ကြောင်း မသိရှိရသေးသော်လည်း အလားတူ ဗုံးခွဲတိုက်ခိုက်မှုမျိုးကို IS စစ်သွေးကြွအုပ်စုက အများဆုံးလုပ်ဆောင်တတ်ကြောင်း သိရသည်။
အီရတ်နိုင်ငံတစ်ဝန်း နိုဝင်ဘာလအတွင်း အကြမ်းဖက်မှုများ၊ လက်နက်ကိုင် ပဋိပက္ခများကြောင့် အီရတ်နိုင်ငံသား ၂,၈၈၅ဦးသေဆုံးခဲ့ပြီး ၁,၃၈၀ဦးဒဏ်ရာရရှိခဲ့ကြောင်း အီရတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂထောက်ပံ့ရေးအဖွဲ့ကပြောကြားခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
ပါကစ္စတန် နိုင်ငံ တွင် အဆိပ်ရှိသောအရက် သောက်သုံး မိသောကြောင့် သေဆုံးသူ ၄၂ ဦး အထိ ရှိလာ
အဆိပ်ရှိသော အရက် သောက်သုံး မိသောကြောင့် သေဆုံး ခဲ့သူ အားမြင်တွေ့ရစဉ်(ဆင်ဟွာ)
   အစ္စလာမာဘတ် ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)
    ပါကစ္စတန် နိုင်ငံ သတင်းမီဒီယာ များ၏ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ဖော်ပြချက်များအရ ခရစ္စမတ် ကာလ အတွင်း ပါကစ္စတန် နိုင်ငံ Punjab ပြည်နယ် Toba Tek Singh ဒေသတွင် ဖြစ်ပွား ခဲ့သည့် အဆိပ်ရှိသော အရက် သောက်သုံး မိသောကြောင့် လူပေါင်း ၄၂ ဦးသေဆုံး ခဲ့ပြီး လက်ရှိချိန်ထိ လူပေါင်းများစွာ ဆေးဝါးကုသမှု ခံယူနေရကြောင်း ဖော်ပြခဲ့သည်။
ပါကစ္စတန် နိုင်ငံ လွှတ်တော် ၏ ပြည်ထဲရေး နှင့် မူးယစ်ဆေးဝါးတားဆီးရေး ကော်မတီ ဥက္ကဋ္ဌ Rahman Malik က Toba Tek Singh ရှိ ဒေသအစိုးရ အား  ယင်းအမှုကိစ္စ နှင့်ပတ်သက်၍ ဘက်စုံ စုံစမ်းစစ်ဆေးမှု များဆောင်ရွက်ရန် နှင့် အမြန်ဆုံး အသေးစိတ် စုံစမ်းမှု အစီရင်ခံစာတင်ရန် ပြောကြား ခဲ့ပြီး တရားမဝင် အဆိပ်ရှိသော အရက်များ ထုတ်လုပ်ရောင်းချသူကို ပြင်းထန်စွာ အရေးယူရန် ပြောကြား ခဲ့သည်။
သတင်းဖော်ပြချက်များအရ အရက်ရောင်းချခဲ့သူ ၂ ဦးမှာ အဆိပ်အရက်ကြောင့် သေဆုံးခဲ့ရပြီး အခြား ယင်းအမှုအခင်း နှင့် ပတ်သက်သူ များအား ရဲတပ်ဖွဲ့ က ဖမ်းဆီး လိုက်ပြီးဖြစ်ကြောင်း သိရှိရသည်။ဒီဇင်ဘာ လ ၂၇ ရက်နေ့တွင် ပါကစ္စတန် နိုင်ငံ မီဒီယာ များက Toba Tek Singh ဒေသတွင် ခရစ္စမတ် ကာလ အတွင်း ဈေးပေါသည့် အရက်များ သောက်သုံးမိခဲ့သောကြောင့် အဆိပ်သင့်ခဲ့ပြီး ၂၆ ဦးသေဆုံးကာ အများအပြား မူးမေ့သွား ခဲ့ကြောင်း သတင်းဖော်ပြ ခဲ့ကြသည်။လက်တလော နှစ်များအတွင်း ပါကစ္စတန် နိုင်ငံ တွင် အရက်သောက်ခြင်းကြောင့် အဆိပ်သင့်မှု မကြာခဏ ဖြစ်ပွား ခဲ့သည်။၂၀၁၄ ခုနှစ်တွင် ပါကစ္စတန် နိုင်ငံ Hyderabad မြို့တွင် အရက်အဆိပ်သင့်မှုဖြစ်ပွား ခဲ့ပြီး ၂၄ ဦးသေဆုံး ခဲ့သည်။ယခုနှစ် မတ်လတွင်လည်း Hyderabad မြို့တွင် အရက်အဆိပ်သင့်မှု ထပ်မံ ဖြစ်ပွား ခဲ့ပြီး ၄၄ ဦးသေဆုံး ခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
ကုန်တင်ကားအား ဆိုင်ကယ်တိုက်မိ တစ်ဦးသေဆုံး (ဓါတ်ပုံ)
ဇော်​မျိုး​အောင်​နှင့်အဖွဲ့ 
မြန်​​အောင်​ (ရှုထောင့် မှုခင်းနှင့်သတင်း မီဒီယာဂရု )
၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် အတွက် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားသူ ၇ သိန်းကျော်ရှိ
၂၀၁၆ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုအပြီး အ.ထ.က (၁) ၊ တာမွေ စာစစ်ဌာနမှ ပြန်လည် ထွက်ခွာ လာသော ကျောင်းသား/သူ များ အား တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန် ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)
    တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် လျှောက်ထားသူ ဦးရေ ၇၆၇၁၈၉ ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ထံမှ သိရသည်။
ထို့ အတူ စာစစ်ဌာနပေါင်း ၁၅၉ဝ အား ခရိုင် ၇၁ ခရိုင်၊ မြို့နယ်ပေါင်း ၃၃၅ မြို့နယ်အတွက် ထားရှိ စစ်ဆေးရန် လျာထားလျက်ရှိကြောင်း သိရသည်။၂ဝ၁၆-၂ဝ၁၇ တက္ကသိုလ်ဝင် စာမေးပွဲအား ဘာသာရပ်များ အလိုက် ၂၀၁၇ ခုနှစ် မတ်လ ၈ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုသူ ၆၃၆၂၃၇ ဦးရေ ရှိသည့် အနက် အောင်မြင်သူ ၁၉၀၃၈၈ ဦး ရှိခဲ့ပြီး  ဘာသာအလိုက် ဂုဏ်ထူး ပါရှိမှုမှာ ၆ ဘာသာ ဂုဏ်ထူး ပါရှိသူ ၈၉၃ ဦးသာ ရှိပြီး စုစုပေါင်း ဂုဏ်ထူးဖြင့် အောင်မြင်သူ ၄၇၀၂၄ ဦး ရှိကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
လူငယ်ချင်း စကားများသည့်ကိစ္စ မကျေနပ်၍ ကားဖြင့် လိုက်တိုက်သူအား ဘားအံမြို့မရဲစခန်းတွင် အရေးယူထား
လူငယ်ချင်း စကားများသည့်ကိစ္စ မကျေနပ်၍ ကားဖြင့် လိုက်တိုက်သူအား ဘားအံမြို့မရဲစခန်းတွင် အရေးယူထား
ဘားအံ ဒီ ၃၀
ကရင်ပြည်နယ်၊ ဘားအံမြို့တွင်၊ လူငယ်အချင်းချင်း စကားများ ရန်ဖြစ်သည့် ကိစ္စအား မကျေနပ်ရာမှ လမ်းလျှောက်နေစဉ် ပရိုဘောက်ယာဉ်ဖြင့် လိုက်တိုက်ခဲ့သဖြင့် အတိုက်ခံရသူမှာ ဒဏ်ရာများ အပြင်းအထန် ရရှိခဲ့သည့်အတွက် လူကိုသေစေရန် အကြံဖြင့် ကားဖြင့်တိုက်ခဲ့သူအား ဘားအံ မြို့မ ရဲစခန်းတွင် ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ၂၈-၁၂-၂၀၁၆ ရက်နေ့ ည (၁၁)နာရီ၊ မိနစ်(၃၀)အချိန်ခန့်တွင် ဘားအံမြို့၊အမှတ်(၁)ရပ်ကွက်၊ ပဒုမ္မာလမ်းရှိ မိုးလုံလေလုံ အားကစားရုံရှေ့တွင်ဆန်းကိုကို၊ ၂၇နှစ်၊ (ဘ)ဦးကျော်သန်း၊ ပဒုမ္မာလမ်း၊ အရိယာဝံသဘုန်းကြီးကျောင်းရှေ့၊အမှတ်(၁)ရပ်ကွက်၊ ဘားအံမြို့နေထိုင်သူနှင့် ဝေယံထွန်း၊ ၂၁နှစ်၊ (ဘ)ဦးဆန်းထွန်း၊ ကားဝင်းဟောင်းရှေ့၊ အမှတ်(၉)ရပ်ကွက်နေထိုင်သူတို့ (၂)ဦး စကားများခဲ့ရာ ဝေယံထွန်းမှ အဆိုပါကိစ္စအား မကျေနပ်သည့်အတွက် ဆန်းကိုကိုအား လမ်းလျှောက်နေစဉ် 9K/7381 ၊နံပါတ်တပ် (လိုင်စင်စိစစ်ဆဲ)၊အပြာရောင်၊ ပရိုဘောက်အမျိုးအစားယာဉ်ဖြင့် ၀င်တိုက်ခဲ့သဖြင့် ဆန်းကိုကိုတွင် နဖူးပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ၀မ်းဗိုက်ပွန်းခြစ်ဒဏ်ရာ(၁)ချက်၊ ၀ဲဘက်လက်ချောင်းများထိပ်တွင် ပွန်းခြစ်ဒဏ်ရာများ၊ ၀ဲဘက်ခြေသလုံးရိုးကျိုးနာကျင်ဒဏ်ရာ၊ ယာဒူးဆစ်ပေါက်ပြဲဒဏ်ရာ(၁)ချက်တို့ အသီးသီးရရှိခဲ့သဖြင့် ဘားအံဆေးရုံကြီးသို့တင်ပို့ကုသခဲ့ရသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘားအံမြို့မရဲစခန်းတွင် (ပ)၇၉၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ထားကြောင်း ဘားအံမြို့မ ရဲစခန်းမှ သိရသည်။
မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
https://www.facebook.com/Hpaannews.kayin/
မေယုကျွန်းအနီးမှာ စိတ်ကြွမူးယစ်ဆေးဝါး ဆေးပြား ၄၃ သိန်းခန့် ဖမ်းဆီးမိ
မူးယစ်ဆေးဝါးများ တင်ဆောင်ထားသည့် စက်လှေတစ်စီးကို တပ်မတော်စစ်ရေယာဉ်က ဖမ်းဆီးရမိ
ဒီဇင်ဘာ ၃၁၊ ၂၀၁၆
မူးယစ်ဆေးဝါးများတင်ဆောင်ထားသည့် စက်လှေတစ်စီးကို ပင်လယ်ပြင်တွင် တိုက်ကင်းလှည့် တာဝန်ထမ်းဆောင် နေသည့် တပ်မတော်စစ်ရေယာဉ်က ဒီဇင်ဘာ ၃၀ ရက် ည ၁၀ နာရီ ၁၅ မိနစ်တွင် ဖမ်းဆီး ရမိခဲ့သည်။
ဖြစ်စဉ်မှာ တပ်မတော်ရေမှ စစ်ရေယာဉ်တစ်စီး ဒီဇင်ဘာ ၃၀ ရက်က တိုက်ကင်းလှည့်တာဝန် ထမ်းဆောင်နေစဉ် မေယုကျွန်း၏ အနောက်မြောက်ဘက်သို့ရောက်ရှိစဉ် မသင်္ကာဖွယ် စက်လှေတစ်စီး အား တွေ့ရှိရသဖြင့် မီးအချက်ပြ ခေါ်ယူခဲ့ရာ လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသဖြင့် လက်နက်ငယ် ဖြင့် ပစ်ခတ်ပြီး လိုက်လံဖမ်းဆီးခဲ့ရာ ည ၁၀ နာရီ ၃၀ မိနစ်တွင် ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသည့် စက်လှေပေါ်မှ ကျေးတောပိုက်စိပ်ကျေးရွာနေ သာထွန်း (၃၇) နှစ်၊ ခင်လှ (၂၇) နှစ် နှင့် သိန်းညွန့် (၂၅) နှစ်တို့ ၃ ဦးနှင့်အတူ ပီနံအိတ်ထုပ်အကြီး ၁၈ ထုပ်တို့အား တွေ့ရှိခဲ့ သဖြင့် ဖွင့်ဖောက်စစ်ဆေးခဲ့ရာ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးဝါး ဆေးပြား ၄၃ သိန်းခန့် သိမ်းဆည်း ရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများနှင့် သိမ်းဆည်းရမိပစ္စည်းများအား ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးပြီး တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
ဝါရှင်တန်ပြည်နယ် အနောက်ပိုင်းတွင် လေယာဉ်ငယ် တစ်စီး ပျက်ကျမှုကြောင့် ၄ ဦး သေဆုံး
ဝါရှင်တန်ပြည်နယ် အနောက်ပိုင်းတွင် ပျက်ကျသွားခဲ့သည့် လေယာဉ်ငယ် တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဆန်ဖရန်စစ္စကို၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)
    အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် အနောက်ပိုင်းတွင် ဒီဇင်ဘာလ ၂၉ ရက်ညပိုင်းက ပျက်ကျခဲ့သည့် လေယာဉ်ငယ် တစ်စင်း၏ ပျက်စီးနေသည့် အစိတ်အပိုင်းများအား ဒီဇင်ဘာလ ၃၀ ရက် နံနက်ပိုင်းက တာဝန်ရှိသူများက ရှာတွေ့ခဲ့ပြီး လေယာဉ်ပေါ်ပါလာသူ လေးဦးလုံး သေဆုံးနေပြီ ဖြစ်ကြောင်း သိရသည်။
ဝါရှင်တန်ပြည်နယ်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး ဋ္ဌာနက ရှာဖွေရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ခဲ့ကြောင်း၊ မှုခင်းဆိုင်ရာ ရေဒါ အချက်အလက်များနှင့် အင်ဂျင် တစ်လုံးထိုး Cessna လေယာဉ်၏ အရေးပေါ် ဆင်းသက်ခြင်း ထုတ်လွှင့်ချက်အတိုင်း ရှာဖွေခဲ့ရာ ဂျက်ဖာဆန်နယ်မြေတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေယာဉ်သည် ဝါရှင်တန်ပြည်နယ်၏ အကြီးဆုံးမြို့ ဖြစ်သည့် ဆီရက်တဲလ်မှ အမေရိကန်နိုင်ငံ အိုလံပစ် ကျွန်းဆွယ် အနောက်မြောက်ဘက် အစွန်အဖျားရှိ ပို့အိန်ဂျယ်သို့ ဒီဇင်ဘာလ ၂၉ ရက် ဒေသစံတော်ချိန် နံနက် ၆း၀၀ နာရီ ဝန်းကျင်၌ ထွက်ခွာလာကာ နံနက် ၆း၄၄ နာရီ အချိန်တွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။လေယာဉ်ပေါ်ပါလာသူ တစ်ဦးတစ်ယောက်မျှ အသက်ရှင် ကျန်ရစ်မည် မဟုတ်ကြောင်း အတည်ပြုခဲ့ပြီး သေဆုံးသူများ၏ အမည်များနှင့် အချက်အလက်များကိုမူ ထုတ်ဖော် ပြောကြားထားခြင်း မရှိပေ။
(Xinhua)
http://www.xinhuamyanmar.com
ချက်နိုင်ငံတွင် ဂလိုက်ဒါပျက်ကျ၍ စီးနင်းသူ သေဆုံး
ဂလိုက်ဒါ စီးနင်းသူ တစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
  ပရာ့ဂ်၊ ဒီဇင်ဘာ ၃၁ရက် (ဆင်ဟွာ)
    ချက်နိုင်ငံရှိ တောင်မိုရာဗီရာစီရင်စု တွင် ဒီဇင်ဘာ၃၀ရက် နေ့လည်ပိုင်းက ဂလိုက်ဒါတစ်စီးပျက်ကျခဲ့၍ အသက် ၅၇နှစ်အရွယ် စီးနင်းသူ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ ဂလိုက်ဒါသည် ၃၀မီတာ အမြင့်မှ ပျက်ကျခဲ့ခြင်းဖြစ်ပြီး စီးနင်းသူသည် ပျက်ကျရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။ တောင်မိုရာဗီရာစီရင်စု အရေးပေါ်ဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Hedvika Kropackova က ဂလိုက်ဒါပျက်ကျသည်ကို တွေ့မြင်ခဲ့သူများက ကယ်ဆယ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့က ယင်းမတော်တဆဖြစ်ရပ်အား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
ကန် သံဝန်ထမ်း တွေကို နှင်မထုတ် တဲ့ ပူတင် ကို ထရမ့် ချီးကျူး
အမေရိကန် ကျောင်းတွေကို ပိတ်ဖို့တော့ ညွှန်ကြား ခဲ့
အမေရိကန် သံတမန် တွေကို နိုင်ငံ တွင်း ကနေ နှင်ထုတ် မှာ မဟုတ်ဘူးလို့ ဆုံးဖြတ် ခဲ့တဲ့ ရုရှ သမ္မတ ဗလာဒီမီယာ ပူတင် ကို ဒေါ်နယ် ထရမ့် က ချီးကျူး စကားပြောကြား လိုက်ပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲ ရလဒ်အပေါ် လွှမ်းမိုးအောင် ရုရှားက ဆိုက်ဘာ ထွင်းဖောက်မှုတွေ ကျုးလွန် ခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ အိုဘားမားက ရုရှား သံဝန်ထမ်း ၃၅ ယောက်ကို အမေရိကန်က ထွက်ခွာ သွားဖို့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ အမိန့်ထုတ် ခဲ့တာပါ။
ရုရှားကတော့ အမေရိကန် သံတမန် တစ်ဦး တစ်ယောက်ကိုမှ လက်တုံ့ပြန် နှင်ထုတ်မှာ မဟုတ်ဘူးလို့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ဟာ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြော ကြားခဲ့ ပါတယ်။
ဒါပေမယ့် ရုရှ သမ္မတရဲ့ ပြောကြားချက် ကို မယုံကြည်သင့်ဘူးလို့ ရီပတ်ဘလီကန် လွှတ်တော် အမတ် ဝယ်လ် ဟတ် က ပြောပါတယ်။
သံဝန်ထမ်း တွေကို နှင်ထုတ် မှာ မဟုတ်ဘူးလို့ မစ္စတာ ပူတင် က ပြောပါတယ်။ ဒါပေမယ့် သူက အမေရိကန် ကျောင်းတွေကို ပိတ်ဖို့တော့ ညွှန်ကြား ခဲ့ပါတယ်။ ဒါက သံရုံးဝန်ထမ်း တွေကို အကျိုးသက်ရောက်မှု ရှိတာပါပဲ။ ပူတင် ပြောတာ ကို ယုံကြည်လို့ မရပါဘူး။ သူဘာလုပ် သလဲ ဆိုတာကိုပဲ စောင့်ကြည့်သင့်တာ လို့လည်း မစ္စတာ ဟတ် က ဆိုပါတယ်။
ရုရှ သမ္မတ ဟာ အမြဲတမ်း လိုလို ချက်ချာ ပါးနပ်သူ တစ်ယောက် ဖြစ်တယ်လို့ လည်း ဒေါ်နယ် ထရမ့် က ပြော ကြား ခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
သဘောင်္ာအုပ်စု ဝင်ခွင့်တောင်း ထားဟု မလေးရှားအဖွဲ့ ပြောကြား
မွတ်စလင်တွေကို အဝတ်အထည်တွေ လှူဒါန်းနေတာ တွေ့ရစဉ်။ Photo: The Star Online
မလေးရှားနိုင်ငံ အစ္စလမ်ဘာသာဝင် အဖွဲ့များဆိုင်ရာ အတိုင်ပင်ခံကောင်စီ-Malaysian Consultative Council of Islamic Organizations (MCCIO) အတွင်းရေးမှူးချုပ် Zainol ဇေနိုလ် က ရခိုင်ပြည်နယ်ကို စေလွတ်မယ့်အရေးပေါ်ထောက်ပံ့ရေးသင်္ဘောအုပ်စုကို မြန်မာပြည်ဝင်ခွင့်ပြုဖို့အတွက် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးကို လျှောက်ထားခဲ့ပြီးဖြစ်ကြောင်း၊ ဒါပေမယ့်သံရုံးက အခုအချိန်ထိ ပြန်ကြားခြင်းမရှိကြောင်း မနေ့က ပြောပါတယ်။
အဲဒီထောက်ပံ့ရေးသင်္ဘောတွေပေါ်မှာ မွတ်စလင်တွေအတွက် ဆန်တန်ချိန် တထောင်ခန့်အပြင်ဆေးဝါးနဲ့ တခြားလူသုံးကုန်ပစ္စည်းတွေ တင်ဆောင်ထားတယ်လို့ ဆိုပါတယ်။
သင်္ဘောတွေနဲ့အတူ မလေးရှားဝန်ကြီးဟောင်းတွေ၊ ဆေးဝန်ထမ်းတွေ၊ လေ့လာသူတွေနဲ့မီဒီယာအဖွဲ့တွေ  ပြောပါတယ်။ မြန်မာအစိုးရကတော့ အခုလိုထောက်ပံ့ရေးသင်္ဘောတွေ ဝင်ခွင့်ပြုဖို့ မလေးရှားတွေက တစုံတရာ တောင်းခံထားခြင်းမရှိဖူးလို့ ငြင်းဆိုထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
မြန်မာ့လွတ်လပ်ရေးနေ့ ကန်အစိုးရ သဝဏ်လွှာ
ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်မယ့် မြန်မာ့ လွတ်လပ်ရေးနေ့ အခါသမယမှာ မြန်မာပြည်သူတွေ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း အမေရိကန် သမ္မတ Barack Obama နဲ့တကွ အမေရိကန်ပြည်သူတွေ ကိုယ်စား ဆုမွန်ကောင်း တောင်းပါကြောင်း နိုင်ငံခြားရေးဝန်ကြီး John Kerry က သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော် အတွင်း ပထမဆုံး ဒီမိုကရေစီနည်းကျ အရွေးချယ်ခံရတဲ့ အရပ်သား အစိုးရ တက်လာတာမို့ ပြီးခဲ့တဲ့နှစ် ဟာ မြန်မာနိုင်ငံအတွက် သမိုင်းဝင်နှစ် တနှစ် ဖြစ်ပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အောင်မြင်တဲ့ အမေရိကန် ခရီးစဉ်နဲ့ အတူ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွါးရေး ဒဏ်ခတ်မှုတွေကို သမ္မတ အိုဘားမား ရုတ်သိမ်းပေးခဲ့တာဟာ အမေရိကန်နဲ့ မြန်မာ ၂ နိုင်ငံကြား နွေးထွေးပြီး ရင်းနှီး ချစ်ကြည်တဲ့ ဆက်ဆံရေး ရှိလာတာရဲ့ သင်္ကေတဖြစ်ပါတယ်။
နောက်မကြာခင်မှာကျင်းပတဲ့ နေပြည်တော်တွေ့ဆုံပွဲကနေ မိတ်ဖက်အသစ် ဖြစ်လာတဲ့ အမေရိကန်- မြန်မာတို့ရဲ့ နှစ်အနည်းငယ်အတွင်း ၂ နိုင်ငံ ဆက်ဆံရေး အတိုင်းတာ ဘယ်လောက်ရှိလာတယ် ဆိုတာကို ပြခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံ အောင်မြင်မှုရစေရေးအတွက် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးရဖို့၊ စီးပွါးရေးနဲ့ လူမှုရေး တိုးတက်ဝပြောဖို့၊ လူ့အခွင့်ရေးလေးစားဖို့ လုပ်ဆောင်နေတဲ့ မြန်မာအစိုးရနဲ့ အဖွဲ့အစည်းအားလုံး နဲ့အတူ ဆက်ပြီး အနီးကပ်လက်တွဲ လုပ်ဆောင်မယ်လို့ သံဓိဌာန်ချထားပြီး လာမယ့်နှစ်မှာ မြန်မာနိုင်ငံသားအားလုံး ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သာယာဝပြောစေဖို့ ဆုမွန်ကောင်း တောင်းလိုက်ကြောင်း လည်း ဖေါ်ပြထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
လားရှိုးမြို့အနီး လက်ပစ်ဗုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
နေပြည်တော် ဒီဇင်ဘာ ၃ဝ
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မှ ငါးမိုင်ခန့်အကွာ ဘိလပ်မြေစက်ရုံ ဟောင်းအနီးတွင် ဒီဇင်ဘာ (၂၉) ရက်နေ့မွန်းလွဲ ပိုင်းက ပူးပေါင်းအဖွဲ့က ရှောင်တခင် စစ်ဆေးရာ လက်ပစ်ဗုံးနှစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုး-တန့်ယန်းသွားကားလမ်း လားရှိုးမြို့မှ ငါးမိုင်ခန့်အကွာရှိ ဘိလပ်မြေစက်ရုံ ဟောင်းအနီး၌ ရှောင်တခင်စစ်ဆေး ဆောင်ရွက်ရာ ဒီဇင်ဘာ (၂၉)ရက်နေ့မွန်းလွဲ ၂ နာရီခန့်က ဦးစိုင်းလွန်းဆာ မောင်းနှင်လာသည့် ကန်ဒါအမျိုးအစား ဆိုင်ကယ်ကိုစစ်ဆေးစဉ် ဆိုင်ကယ် တူးဘောက်အတွင်းမှ လက်ပစ်ဗုံး နှစ်လုံး၊ မြန်မာကျပ်ငွေ ၁ဝ သိန်း ကျော်နှင့် ဟန်းဆက်နှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသူအား တရားဥပဒေ အရ အရေးယူဆောင်ရွက်နိုင်ရေး လားရှိုးမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံထားကြောင်း သိရသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
တမူးမြို့မြို့မ(၁၃)ရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွား
တမူး ဒီဇင်ဘာ ၃ဝ
တမူးမြို့မြို့မ(၁၃)ရပ်ကွက်အတွင်းရှိ ဦးရွှေလှပိုင်ဆိုင်ပြီး ဒေါ်မိုး(နတ်ကတော် လုပ်ငန်းလုပ်ကိုင်သူ)ငှားရမ်းနေထိုင်သည့် နေအိမ်ခြံစည်းရိုးအနီး အမှိုက်ပုံနေရာ၌ ဒီဇင်ဘာ ၂၉ ရက်ည ၈ နာရီ ၁ဝ မိနစ်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ တမူးခရိုင်မှ အုပ်ချုပ်ရေးနှင့်လုံခြုံရေး အဖွဲ့အစည်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ ဒေသန္တရလက်လုပ် မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် လူ၊ ပစ္စည်း၊ တိရ္ဆာန်များထိခိုက်ဒဏ်ရာ ပျက်စီးမှုတစ်စုံတစ်ရာမရှိဘဲ အဆိုပါနေရာ၌ အနက် လေးလက်မ၊ အချင်း ရှစ်လက်မခန့်မြေကျင်း တစ်ခုဖြစ်ပွားကြောင်းသိရသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ကမ္ဘာကြီးလည်ပတ်မှုနှေးကွေးသောကြောင့် နိုင်ငံအချို့၌ နှစ်သစ်ကိုကြိုဆိုချိန် တစ်စက္ကန့်ပိုနောက်ကျမည်
ပဲရစ် ဒီဇင်ဘာ ၂၉
ကမ္ဘာကြီးလည်ပတ်မှုနှေးကွေးသောကြောင့် ဗြိတိန် ၊ အိုင်ယာလန် ၊ အိုက်စလန်နှင့်အနောက်အာဖရိကနိုင်ငံများအပါအဝင် နိုင်ငံ အချို့၌ နှစ်သစ်ကိုကြိုဆိုချိန် တစ်စက္ကန့်ပို၍နောက်ကျမည်ဖြစ်ကြောင်း ကမ္ဘာလည်ပတ်မှုနှင့် အချိန် တွက် ချက် သူများကပြောသည် ။
အခြားနိုင်ငံများတွင်မူ ဂရင်းနစ်စံတော်ချိန်နှင့်ဆက်နွှယ်၍ နိုင်ငံ၏ဒေသစံတော်ချိန်အတိုင်း နှစ်သစ်ကိုကြို ဆိုနိုင် မည်ဖြစ် သည်။
အချို့နိုင်ငံများ၌ နှစ်သစ်ကိုကြိုဆိုချိန် တစ်စက္ကန့်ပို၍နောက်ကျခြင်းသည် ကမ္ဘာကြီးလည်ပတ်မှုကိုဆုံးဖြတ်သည့် နက္ခတ္တ ဗေဒ ဆိုင်ရာစံတော် ချိန်ကို တန်းညှိ၍ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ၊ ဂရင်းနစ်စံတော်ချိန်မှာမူ ၁၉၆၇ခုနှစ် ကတည်း က အသုံးပြုသော အဏုမြူနာရီများအတိုင်း ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ပြင်သစ်လေ့လာစောင့်ကြည့်ရေးအဖွဲ့က အစီရင်ခံစာ တစ် စောင်တွင်ပြောသည် ။
ဂရင်းနစ်စံတော်ချိန်အရ ၂ဝ၁၆ ခုနှစ်ဒီဇင်ဘာ ၃၁ ရက် ၂၃ နာရီ ၅၉ မိနစ် ၅၉စက္ကန့် ၊ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ၂၃နာရီ ၅၉ မိနစ် ၆ဝ စက္ကန့် ၊၂ဝ၁၇ ခုနှစ်ဇန်နဝါရီ ၁ ရက်သုညနာရီ သုညမိနစ်သုညစက္ကန့်သည် တစ်ဆက်တည်းဖြစ် ကြောင်းနိုင်ငံ တကာကမ္ဘာကြီး လည် ပတ် မှုနှင့်ကိုးကားမှုစနစ်အဖွဲ့အစည်း (IERS) က ၎င်းတို့၏ဝက်ဘ်ဆိုက်တွင်ပြောသည် ။
ကမ္ဘာကြီးလည်ပတ်မှုကို ကြည့်၍ အချိန်အားညှိနှိုင်းရခြင်းသည် ပုံမှန်မဟုတ်ကြောင်း ၊ကမ္ဘာကြီးလည်ပတ်မှုသည် တစ်ခါ တစ်ရံတွင်မြန် ဆန်၍တစ်ခါတစ်ရံတွင် နှေးကွေးကြောင်း ၊သို့သော် ယေဘုယျအားဖြင့် ကမ္ဘာကြီးလည်ပတ်မှုသည် ဖြည်းဖြည်းချင်းနှေးကွေးလာခြင်းဖြစ်ကြောင်း IERS ၏ ဖော်ပြချက်အရသိရသည် ။
အကြောင်းရင်းမှာ လ၏ဆွဲငင်အားကြောင့်ကမ္ဘာကြီးလည်ပတ်မှုနှေးကွေးခြင်းဖြစ်ပြီး သမုဒ္ဒရာရေစီးကြောင်းလည်း ပိုမိုမြင့် တက် လာသည့် အတွက်ကြောင့်ဖြစ်ကြောင်း သိရသည် ။
မြဝတီ
https://www.facebook.com/mwdwebportal/
၂၀၁၆ အတွင်း မြန်မာအပါအ၀င် ကမ္ဘာတလွှား မီဒီယာသမား ၉၀ ကျော် အသတ်ခံရ
အခု ၂၀၁၆ ခုနှစ်အတွင်း သတင်းထောက်နဲ့ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်နေသူ ၉၃ ယောက် အသတ်ခံခဲ့ရတယ်လို့ ကမ္ဘာပေါ်က အကြီးဆုံး သတင်းထောက်များအဖွဲ့ က စာရင်းထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၄၀ က သတင်းသမားပေါင်း ၆ သိန်းကို ကိုယ်စားပြုတဲ့ နိုင်ငံတကာ သတင်းထောက်များအဖွဲ့ချုပ် (IFJ) က ဒီဇင်ဘာ ၃၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ စာရင်းထဲမှာ သတင်းစုံစမ်းမှုနဲ့ပါတ်သက်လို့ သတင်းထောက် နဲ့ မီဒီယာဝန်ထမ်း ၉၃ ယောက်အသတ်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
စာရင်းထဲမှာ မြန်မာနိုင်ငံက တရားမဝင် သစ်ခုတ်မှုနဲ့ သစ်ခိုးထုတ်နေတဲ့ကိစ္စတွေကို သတင်းစုံစမ်းနေတဲ့ Eleven Media Group ရဲ့ မုံရွာအခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်းလည်း ပါဝင်ပါတယ်။ အသတ်ခံရတဲ့ သတင်းထောက် ၉၃ ယောက်ဟာ အာရှ Pacific ဒေသ၊ အမေရိက၊ ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာရပ်နိုင်ငံ စုစုပေါင်း ၂၃ နိုင်ငံကဖြစ်ကြပါတယ်။
သတင်းထောက်တွေကို ပြစ်မှတ်ထား သတ်ဖြတ်၊ ဗုံးခွဲတိုက်ခိုက်မှုအပါအဝင် အပြန်အလှန်ပြစ်ခတ်မှုတွေအတွင်း သေဆုံးခဲ့ကြရတာဖြစ်ပါတယ်။ သဘာဝဘေးဒဏ်နဲ့ မတော်တဆမှုကြောင့် သေဆုံးခဲ့တဲ့ သတင်းထောက်ကလည်း ၂၉ ယောက်ရှိပါတယ်။ ၂၀၁၅ ခုနှစ်ထက်စာရင်၂၀၁၆ ခုနှစ်ထဲ အသတ်ခံရတဲ့ သတင်းသမားအရေအတွက် ၁၉ ယောက်ပိုနည်းသွားပေမဲ့ ဒါနဲ့ နှစ်သိမ့်မနေသင့်ဘူးလို့လည်း IFJ က သတိပေးပါတယ်။
သတင်းထောက်တွေခြိမ်းခြောက်ခံရမှု၊ နှောင့်ယှက်ခံရမှုနဲ့ ကိုယ်တိုင် ဆင်ဆာတည်းဖြတ်မှုတွေ ပိုများလာတာကို ကြည့်ခြင်းဖြင့် သတင်းလွတ်လပ်ခွင့်ဟာ အင်မတန်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေသေးတယ်လို့ နိုင်ငံတကာ သတင်းထောက်များအဖွဲ့ချုပ်က ထောက်ပြထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ဘင်္ဂလားဒေ့ရှ် ရောက်နေသူ နှစ်ထောင့်လေးရာကျော် မြန်မာပြန် လက်ခံမည်
ဘင်္ဂလားဒေရှ့်နိုင်ငံကို တရားမဝင်ရောက်နေကြတဲ့ သူတွေထဲ့ နှစ် ထောင့်လေး ရာကျော်ကို မြန်မာဘက်ကပြန်လက်ခံမယ်လို့ ပြောပါတယ်။ ဘင်္ဂလားဒေရှ့်အစိုးရရဲ့ အဆိုအရ အောက်တိုဘာ ၉ ရက်နောက်ပိုင်း သူတို့နိုင်ငံဘက် ထွက်ပြေးလာကြ ၅ သောင်းလောက် အပါအဝင် မြန်မာဘက်က ၃ သိန်းလောက်ကို အစောစီးဆုံးပြန်ခေါ်ရေးဆောင်ရွက်ပါလို့ ဘင်္ဂလားဒေရှ့်အစိုးရက မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။
မြန်မာအစိုးရရဲ့ စာရင်းတွေအရ ဘင်္ဂလားဒေရှ့်ဘက် မှာ မြန်မာနိုင်ငံ သား နှစ် ထောင့် ၄ ရာ ၁၅ ယောက်ပဲရှိပြီး ဘင်္ဂလားဒေရှ့်ဘက်ကပြောနေတဲ့ အရေအတွက် ၃ သိန်း ဆိုတာကို မသိဘူးလို့ မြန်မာနိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျရဲ့ အပြောကို Reuters သတင်းထဲမှာ ကိုးကားရေးထားပါတယ်။
အဲဒီသူ ၂ ထောင်ကျော်ကို ၂၀၁၇ ခုနှစ်ထဲမှာ ပြန်ခေါ်ဖို့ စီစဉ်နေတယ် လို့လည်း နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျကပြောပါတယ်။ ရခိုင်ပြည်နယ် မောင်တောခရိုင်ထဲက နယ်စပ်လုံခြုံရေးစခန်းတွေ တိုက်ခိုက်ခံခဲ့ရပြီးနောက် လုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေ လုပ်စဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ မွတ်ဆလင်တွေ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။
ခုလို မြန်မာဖက်က မွတ်ဆလင်တွေ သူတို့နိုင်ငံထဲ အလုံးအရင်း ရောက် လာနေတာကို စိုးရိမ်ကြောင်းနဲ့ ပြဿနာရဲ့ ဇစ်မြစ်ကို အမြန်ဆုံးဖြေရှင်းဖို့ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးရုံး ၂ နိုင်ငံဆိုင်ရာကောင်စစ်ဝန်ဌာန အတွင်းဝန်က မြန်မာသံအမတ်ကြီးကို ကြာသပတေးနေ့က ဒုတိယအကြိမ် ခေါ်ယူတွေ့ဆုံပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ မကြာခင်မှာ ဘင်္ဂလားဒေရှ့်ကို အထူး သံတမန်စေလွှတ်ပြီး ဆွေးနွေးဖို့ စီစဉ်နေတဲ့အကြောင်း နိုင်ငံခြားရေးဌာန တာဝန်ရှိသူက VOA မြန်မာပိုင်းကိုပြောပါတယ်။ ၂ နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စတွေအပါအဝင် ကိစ္စတော်တော်များများဆွေးနွေးဖို့ ၂ ဘက်သင့်တော်တဲ့ အချိန်မှာ မြန်မာအထူးသံတမန်သွားရောက်မယ်လို့ ပြောပါတယ်
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ဆင်စွယ် ရောင်းချမှု အပြီးတိုင် ပိတ်သိမ်းဖို့ တရုတ် ဆုံးဖြတ်
 ၁၉၈၉ ခုနှစ် ကတည်း က နိုင်ငံတကာ ဈေးကွက်မှာ ဆင်စွယ်တွေ ကို အရောင်းအဝယ် မလုပ်ဖို့ ကို ကန့်သတ်ခဲ့တာပါ။
တရုတ်နိုင်ငံက လာမည့် ၂၀၁၇ နှစ်အတွင်း နိုင်ငံတွင်းမှာ ဆင်စွယ်ကုန်သွယ်ရေး ကို အပြီးအပိုင် ပိတ်ပင်တော့ မယ်လို့ ကြေညာ ခဲ့ပါတယ်။
တရုတ် နိုင်ငံမှာ ဆင်စွယ်ပေါက်ဈေး က တစ်ကီလို ကို ဒေါ်လာ ၁၁၀၀ တောင် ပေးဝယ်ကြတာပါ။
ကမ္ဘာ့အနှံက ဆင်စွယ် ကုန်သွယ်ရေး ရဲ့ ၇၀ ရာခိုင်နှုန်း က တရုတ် ဆီကို ဦးတည် တင်ပို့ကြတာပါ။
အခု တရုတ် နိုင်ငံတော် ကောင်စီ က အဲဒီ ကုန်သွယ်ရေး ကို ပိတ်မယ် လို့ မနေ့ သောကြာနေ့က ကြေညာလိုက်ပါပြီ။ မတ်လ ကုန် မှာ ဆင်စွယ် အချော ကိုင်ထုတ်လုပ်တာတွေ ၊ အရောင်း အ၀ယ် တွေအကုန်ရပ်ရမှာဖြစ်ပြီးတော့ မှတ်ပုံတင် လက်မှတ်ရထားတဲ့ ဆင်စွယ်ကုန်သည်တွေ ရဲ့လုပ်ငန်းတွေ ကိုတဖြည်းဖြည်း ကန့်သတ် မယ်။ ၂၀၁၇ အကုန်မှာတော့ လုံးဝ ဆင်စွယ် ကုန်သွယ်လုပ်ငန်း တရုတ်မှာ ပြတ်ပြီဆို ပြီး ဆုံးဖြတ်လိုက်ပါပြီ။
တရုတ် ရဲ့ဆုံးဖြတ်ချက် ကို WWF အဖွဲ့အပါအ၀င် တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေး အဖွဲ့တွေ က ကြိုဆိုကြပါတယ်။ သမိုင်းဝင်တဲ့ ဆုံးဖြတ်ချက် ဖြစ်သလို အခြေအနေတခုလုံးကို ပြောင်းလဲသွားစေတဲ့ ဆုံးဖြတ်ချက်လို့ ဂုဏ်ပြုကြပါတယ်။
သဘာဝ အရင်းအမြစ် များ ကာကွယ်ရေး ကောင်စီအဖွဲ့က ဒုတိယ ဒါရိုက်တာ အယ်လီ ပက်ပါ က တရုတ် နိုင်ငံ ဟာ ဒီအရေးမှာ ကြီးမြတ်တဲ့ ဦးဆောင်မှု ကို ပေးလိုက်ပြီ လို့ ဆိုပါတယ်။ ဆင်တွေ မျိုးတုန်းပျောက်ကွယ်တော့မယ့် အရေး ကနေ အလှည့်အပြောင်း ဖြစ်ဖို့နီးလာပြီလို့ ဆိုပါတယ်။
၁၉၈၉ ခုနှစ် ကတည်း က နိုင်ငံတကာ ဈေးကွက်မှာ ဆင်စွယ်တွေ ကို အရောင်းအဝယ် မလုပ်ဖို့ ကို ကန့်သတ်ခဲ့တာပါ။
ဒါပေမယ့် တရားမဝင် ဆင်စွယ်ရောင်းဝယ်ရေးတွေ ကမ္ဘာတ၀န်းမှာ ဆက်ရှိနေခဲ့ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ ကတည်း က စီတီးစ် လို့ ခေါ်တဲ့ နိုင်ငံတကာ တောရိုင်း တိရိစ္ဆာန် ဆိုင်ရာ ကုန်သွယ်ရေး ကို စည်းမျဉ်းချ သတ်မှတ်နေတဲ့ အဖွဲ့အစည်း ကဆင်စွယ်နဲ့ပတ်သက်ပြီး ပြည်တွင်း ဈေးကွက်တွေ ကို ကန့်သတ်ဖို့ ဆုံးဖြတ်ချက် ချခဲ့သလို တရုတ် ကလည်း အဲဒီ ဆုံးဖြတ်ချက် ကို ထောက်ခံပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၇ နှစ်အတွင်း အာဖရိက က ဆင်ကောင်ရေ ဟာ ၃ ပုံ ၁ပုံ လျော့ကျသွား ကြောင်း Grate Elephants စစ်တမ်းကောက် ယူရေးအဖွဲ့ က ထုတ်ပြန်ခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
အချိန်မီသာ ပြင်ဆင်ခွင့်မရှိခဲ့ရင်၊ တောတွင်းဥပဒေ ကြီးစိုးလာခဲ့ရင်
လက်ရှိအချိန်မှာ အင်တာနက်လူမှုကွန်ရက် အသုံးပြုတွေကြားမှာ စိတ်အ၀င်စားဆုံးဖြစ်စဉ်တခုက မိုက်ရိုင်းရမ်းကားတဲ့ ယာဉ်မောင်းနဲ့ စပယ်ယာတွေကို အုပ်စုဖွဲ့လက်တုံ့ပြန်ဖို့ စီစဉ်ဆောင်ရွက်နေကြတဲ့ အကြောင်းဖြစ်ပါတယ်။
အမှတ်-၃ လမ်းမကြီးပေါ်မှာ ထောက်ကြန့်ကနေ သင်္ဃန်းကျွန်း စံပြဈေးဘက်ကို ပြေးဆွဲတဲ့ အမှတ် ၂၃၆ ယာဉ်လိုင်း၊ ယာဉ်အမှတ် 6G-1322 က ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အပါအ၀င် အပေါင်းအပါတစုက ခရီးသည်အမျိုးသားတဦးကို ၀ိုင်းဝန်းထိုးကြိတ်မှုတခု ယခုလ အစောပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို မှတ်တမ်းတင်ထားတဲ့ ရုပ်သံဖိုင်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာရာက အခုလိုရိုင်းပျရမ်းကားတဲ့ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေကို အများပြည်သူက အုပ်စုဖွဲ့ပြီး လက်တုံ့ပြန်မယ်ဆိုတဲ့ ကိစ္စအစပြုတာပါ။ ဒီလိုဖြစ်ရပ်တွေကြောင့် ခရီးသွားပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရပေမဲ့ မထသနဲ့ အပိုင်နယ်မြေ ရဲစခန်းကတာဝန်ရှိသူတွေဟာ လာရောက်တိုင်ကြားတာမရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်တာမရှိခဲ့ပါဘူး။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တစုံတရာသတင်း ထုတ်ပြန်တာလည်း မလုပ်ခဲ့ ပါဘူး။ ဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲအဖြစ် ဒီဇင်ဘာ ၁၈ ရက်က နောက်ထပ် ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာတက်လာပါတယ်။ အဲ့ဒီရုပ်သံဖိုင်မှာတော့ 6G -1322 ပေါ်မှာ အမျိုးသားတဦးက အစောပိုင်းက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့သတင်းကို စာရွက်နဲ့ ပရင့်ထုတ်ယူလာပြီး စပယ်ရာကို ဖြစ်စဉ်နဲ့ ပတ်သက်မှုရှိ၊ မရှိမေးတယ်။ စပယ်ယာက ''သူမသိဘူး၊ သူမဟုတ်ဘူး''ဆိုပြီး ငြင်းဆန်နေချိန်မှာ တခြားခရီးသည်တွေကပါ စပယ်ယာနဲ့ ယာဉ်မောင်းကို ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြတယ်။
ဒီဗွီဒီယိုဟာ နေ့စဉ်ဘတ်စ်ကားကို အသုံးပြုသွားလာနေရတဲ့ ပြည်သူတွေအတွက် စိတ်ဝင်စားမှု ရေချိန်အမြင့်ဆုံးဖြစ်ခဲ့တဲ့ ရုပ်သံဖိုင်တခုလို့ ဆိုရပါမယ်။ ဒီလိုလုပ်ရပ်ကို အားပေးထောမနာပြုခဲ့ကြသူတွေလည်း အများအပြားတွေ့ရပြီး Like/Share/Comment အောထသွားခဲ့တယ်။
ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို ၀ိုင်းဝန်းထိုးကြိတ်ခဲ့တဲ့သူတွေကိုလည်း မထသ (မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ) ကိုယ်စားပြည်သူလူထုကို ကူညီပေးမယ့်အဖွဲ့မထန (မော်တော်ယာဉ်လိုင်းပေါင်းစုံထုနှက်နှိမ်နင်းရေးအဖွဲ့) လို့ တင်စားခေါ်ဝေါ်တာ တွေ့ခဲ့ရပါတယ်။ ယုတ်မာရိုင်းစိုင်းတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို မထသကိုယ်စား ဖြေရှင်းပေးမယ့်အဖွဲ့အဖြစ် လူမှုကွန်ရက်အသုံးပြုသူအချို့က ချီးကျူးဂုဏ်ပြုပြောဆိုတာတွေဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေတခုဖြစ်ပါတယ်။
ခရီးသည်တွေအပေါ် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံနေတဲ့ အခြားသော ဘတ်စ်ကားတွေကိုပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်ထိလက်ရောက် ဆုံးမပေးဖို့အတွက် လူမှုကွန်ရက်ပေါ်မှာ စည်းရုံးလှုံဆော်နေကြပြန်တယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကြပ်ကြပ်မတ်မတ်အရေးယူနိုင်ဖို့ တရားနည်းလမ်းတကျ အစီအစဉ်တွေနဲ့ လက်မှတ်ထိုးတောင်းဆိုတာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကတဆင့် အစိုးရကို အသိပေးတင်ပြတာ တွေလုပ်ဖို့ ဦးဆောင်ပြောဆိုနေသူ တချို့တလေလည်း ရှိနေပါတယ်။
ခုလိုလူမှုကွန်ရက် အားကောင်းတဲ့ခေတ်မှာ ဒီလို စည်းရုံးပြောဆိုမှုတွေက လက်တွေ့တကယ်ဖြစ်မလာဘူးလို့ ပေါ့ပေါ့တွေးလို့ မရတော့ဘူး။ ပြည်သူဘက်က မခံနိုင်လို့ ခုလိုတရားလက်လွတ်တုံ့ပြန်လာမယ့်အခြေအနေ တွေကို ဘာမှမဖြစ်သလို မေ့ထားဖို့မသင့်ဘူး။ သက်ဆိုင်ရာက ဒီပြဿနာတွေပြေလည်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရမှာဖြစ်ပြီး တရားလက်လွတ်ကိစ္စတွေမဖြစ်ခင် ကြိုတင်ဟန့်တားရမှာ ဖြစ်ပါတယ်။
ဒီကိစ္စတွေရဲ့ဂယက်က အဆုံးမသတ်သေးချိန်မှာပဲ ဒီဇင်ဘာ ၂၃ ရက်မှာ လိုင်းကားသမားတွေရဲ့ မင်းမဲ့စရိုက်ဆန်ဆန် ရန်ပြုတိုက်ခိုက်တဲ့ ရုပ်သံဖိုင်နောက်တခု လူမှုကွန်ရက်ပေါ် ထပ်တက်လာပြန်တယ်။ ခရီး သည်တင်လိုင်းကား ဘီအမ် (BM) နှစ်စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အုပ်စုက Light Track ကားသမားနှစ်ဦးကို အုပ်စုဖွဲ့ရန်ပြုတိုက်ခိုက်တာပါ။ ဆဲဆိုကြိမ်းမောင်းပြီး ထိုးကြိတ်ရိုက်နှက်ရုံမက ထိုင်ရှိခိုး တောင်းပန်ခိုင်း၊ ရှိခိုးတောင်းပန်နေတဲ့ကြားကမှ မကျေနပ်နိုင်ဘဲ ထပ်မံထိုးကြိတ်တာတွေပါ ပါဝင်ပါတယ်။
ဒီအခါမှာလည်း ရေချိန်တက်နေတဲ့ ခရီးသွားပြည်သူများက မြို့နယ်အလိုက် မထနအဖွဲ့ဖွဲ့စည်းဖို့၊ ခရီးသည်တွေကို မချေမငံပြောဆိုတဲ့ယာဉ်တွေကို အပြစ်ပေးဆုံးမဖို့ လှုံ့ဆော်သံတွေ ပိုညံလာပါတော့တယ်။ အမှန်မှာတော့ ရန်ကုန်မြို့နေ ပြည်သူလူထုဟာ ဒီလိုင်းကားစပယ်ယာအချို့ရဲ့ မိုက်ရိုင်းဆိုးသွမ်းမှုဒဏ်ကို ငုံ့ခံနေရတာဟာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ယာဉ်နောက်လိုက်အချို့ရဲ့ ရိုင်းစိုင်းမှုကတော့ တော်တော်ကို ဆိုးဝါးပါတယ်။ အမျိုးသမီးနဲ့သက်ကြီးရွယ်အိုတွေ အနားမှာရှိလို့ရှိမှန်းမသိ မောင်နှမသားချင်း မကြားဝံ့မနာသာတွေသုံးပြီး အချင်းချင်းပြောဆိုကြ၊ မှတ်တိုင်တွေမှာ တွန်းတင် တွန်းချ၊ တက်/ဆင်းမပြီးသေးဘူး မောင်းထွက်၊ ယာဉ်စီးခကို စိတ်ကြိုက်တောင်း၊ သူတို့စိတ်ထဲထင်သလို ခရီးစဉ်ကို ပိုင်းဖြတ်၊ ယာဉ်စီးခ ၁၀၀ိ/ ကားက တမှတ်တိုင်ခရီးကို ၂၀၀ိ/ ကောက်ခံ၊ ၁၀၀ိ/ ပေးစီးတဲ့လူကို လမ်းလယ်ကောင်မှာ ကားရပ်ပြီး ဆင်းခိုင်းစသဖြင့် ပြောမဆုံးပေါင် တောသုံထောင်ပါပဲ။
ခရီးသည်ကို ရိသဲ့သဲ့ပြောတာ၊ ခရီးစဉ်ဆုံး အောင်မမောင်းဘဲ ခရီးသည်တွေဆင်းခိုင်းပြီး ကား ပြောင်းစီးခိုင်းတာက သူတို့ရဲ့လုပ်ပိုင်ခွင့်လိုလို၊ အမျိုးသမီးခရီးသည်တွေကို နှုတ်နဲ့တမျိုး၊ ကိုယ်ထိလက် ရောက်တဖုံ ထိကပါးရိကပါးလုပ်တာမျိုးတွေက သူတို့အတွက် လုပ်နေ၊ ပြောနေကျ ဖြစ်နေကြပြီလေ။
ပြဿနာတခုခုဖြစ်ရင် နှုတ်နဲ့သာမက ကိုယ်ထိ လက်ရောက်စော်ကား၊ လက်နက်နဲ့ရန်ပြုတိုက်ခိုက် 'တိုင်ချင်ရာတိုင်'လို့ ပြန်ပြီးစိန်ခေါ်ရဲတဲ့အဆင့်အထိ မိုက်ရိုင်းဆိုးသွမ်းနေတာတွေဟာ သက်ဆိုင်ရာအာဏာ ပိုင်အဖွဲ့အစည်းတွေရဲ့ ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်မှုအားနည်းတာကို ဖော်ပြနေပါတယ်။ ဒီလို ဖြစ်စဉ်တွေ ကြုံတွေ့ရတဲ့အခါတိုင်း သက်ဆိုင်ရာကို တိုင်ကြားပေမဲ့ ထူးထူးခြားခြားပြောင်းလဲလာတာ မရှိဘူးလို့လည်း ပြည်သူအများစုက ပြောပါတယ်။
ဒီလိုတွေ ကြာလာတော့ ပြည်သူလူထုက သူတို့နည်း သူတို့ဟန်နဲ့ဖြေရှင်းဖို့ ကြိုးစားလာကြပါပြီ။ မိုက်ရိုင်းဆိုးသွမ်းတဲ့ ကားသမားတွေကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းအသီးသီးက ထိထိရောက် ရောက် အရေးယူအပြစ်မပေးနိုင်တာရဲ့ နောက်ဆက်တွဲအဖြစ် ပြည်သူအချို့က ကိုယ်တိုင်ကိုယ်ကျ အပြစ်ပေး စီရင်ဖို့ ဆော်သြလာတာဖြစ်ပါတယ်။ ဒါဟာ ကောင်းတဲ့အလားအလာ မဟုတ်ပါဘူး။
ပြည်သူအများစုက ဒီလိုလုပ်ရပ်ကို အားပေးထောက်ခံလို့ တူရာတူရာအုပ်စုဖွဲ့ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြည်သူ့တရားစီရင်ခန်းဖွင့်ကြမယ်ဆိုရင် ရန်ကုန်မြို့တော်ကြီးမှာ နေ့စဉ်နဲ့အမျှ ရန်ပွဲတွေဖြစ်လာပါလိမ့်မယ်။ တရားဥပဒေစိုးမိုးရေး ပျက်ပြားလာ ပါလိမ့်မယ်။ အင်အားကြီးသူ၊ အုပ်စုများသူက အနိုင်ယူတဲ့ တောတွင်းဥပဒေသာကြီးစိုးလာရင် ဘယ်ပြည် သူမှ စိတ်အေးချမ်းသာစွာ ရှာဖွေစားသောက်နိုင်တော့ မှာမဟုတ်ပါဘူး။ ကားသမားကလည်း ပြည်သူကို ရန်သူလိုမြင်ပြီး ရရင်ရသလို ဦးအောင်လုပ်၊ ပြည်သူကလည်း အုပ်စုနဲ့ကြုံသလို လက်တုံ့ပြန်နဲ့ ဒီအဆိုး သံသရာဟာ ဆုံးမှာမဟုတ်ပါဘူး။ ဒီလိုဖြစ်လာမယ့်အရေးတွေကို ကြိုတင်ကာကွယ်တားဆီးဖို့ လိုပါတယ်။ ကားသမားတွေဘက်က စည်းကမ်းတကျ၊ ခရီးသွားပြည်သူအပေါ် လေးစားသမှုရှိအောင် လေ့ကျင့်သင်ကြားပေးခြင်း၊ ကျူးလွန်တဲ့ ကားသမားတွေကို ထိရောက်တဲ့နည်းနဲ့ ဟန့်တားထိန်းချုပ်နိုင်မယ့်နည်းလမ်းတွေ ရှာဖွေဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
မထသအနေနဲ့က ပြည်သူတွေတိုင်ကြားတာကို ဘယ်လိုအရေးယူအပြစ်ပေးနေတယ်ဆိုတာ ထုတ်ပြန်နေပေမဲ့ ဒီလိုအရေးယူမှုတွေဟာ လုံလောက်မှုရှိရဲ့ လား၊ ထိရောက်မှုရှိရဲ့လားဆိုတာကို ပြန်လည်စိစစ် သုံးသပ်သင့်နေပါပြီ။ မထသကို ပြည်သူက တိုင်ကြားတဲ့အခါမှာ ဒဏ်ကြေးရိုက်၊ လိုက်ခွင့်ပိတ်ပြီး အရေးယူ ပေးတယ်ဆိုပေမဲ့ ဒီလုပ်ရပ်တွေရဲ့ ထိရောက်မှု အတိုင်းအတာဘယ်လောက်ရှိသလဲ ပြန်လည်သုံးသပ် သင့်နေပါပြီ။
ဥပမာ- ယာဉ်စီးခပိုတောင်းတဲ့ကားကို တိုင်ကြားမှ အရေးယူပေးတာထက် သတ်မှတ်ယာဉ်စီးခအတိုင်း ကောက်ခံတာဟုတ်၊ မဟုတ်ကို စစ်ဆေးဆောင်ရွက်သင့်ပါတယ်။ အခုဆိုရင် ဘယ်လိုင်းကားမှာမှ ယာဉ်စီးခသတ်မှတ်ထားတဲ့ စတေကာကပ်ထားတာမရှိတော့ပါဘူး။ စည်းကမ်းထိန်းသိမ်းရေးစုပေါင်း အဖွဲ့တွေရှိနေပေမဲ့ လည်း ယာဉ်ပေါ်တက်ရောက် စစ်ဆေးခြင်းမရှိပါဘူး။ ခရီးဆုံးအောင်မမောင်းဘဲ ကြုံရာနေရာကနေ ပြန်ကွေ့နေတဲ့ကားတွေကို သက်ဆိုင်ရာဂိတ်မှူးတွေက အရေးမယူဘူးလား။ ဒါတွေဟာ သက်ဆိုင်ရာအဖွဲ့ရဲ့ တာဝန်မကျေပွန်မှု၊ လစ်ဟင်းမှုတွေပါ။ ဒါတွေကို တာဝန်ရှိသူအဆင့်ဆင့်က ကြပ်ကြပ် မတ်မတ်ဆောင်ရွက်ကြဖို့ အကြံပြုလိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့လည်း ပြည်သူလူထုထောက်ခံမှုရရှိနေတဲ့ အများပိုင် ဘတ်စ်ကားလိုင်း ဆောင်ရွက်နေတာတွေကို ဒီထက်ပိုပြီး မြန်မြန်ဆောင်ရွက်သင့်ပါတယ်။ ကားသမားတွေနဲ့ ပြည်သူကြားက အဆင်မပြေမှုတွေ နည်းပါးသထက် နည်းပါလာအောင်၊ နှစ်ဦးနှစ်ဘက် အဆင်ပြေနိုင်မယ့် နည်းလမ်းများ ရှာဖွေကြရမှာဖြစ်ပါကြောင်း အကြံပြုတိုက်တွန်းလိုက်ပါတယ်။
ကိုရဲ
News Watch
https://www.facebook.com/NewsWatchJournal/
လူ့အခွင့်အရေးချိုးဖောက်မှု အရေးယူမယ့်ဥပဒေ ပြဌာန်းဖို့ ထိုင်း စီစဉ်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့။
ညှင်းပမ်းနှိပ်စက်မှု နဲ့ တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရာဇ၀တ်မှုအဖြစ်နဲ့ ဥပဒေပြဋ္ဌာန်းသွားဖို့အတွက် ထိုင်းနိုင်ငံက စဉ်းစား သုံးသပ်နေပြီဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့အမျိုးသားလွှတ်တော်ကို တင်သွင်းမယ့် ဥပဒေကြမ်းထဲမှာ ပြစ်ဒဏ်တွေ အတော်များများကို ထည့်သွင်းထားပြီး၊ - အစိုးရတာဝန်ရှိသူတွေ ညှင်းပမ်းနှိပ်စက်မှုကိုကျူးလွန်ရင်၊ ထောင်ဒဏ်နှစ် ၂၀ ထိကျခံရမှာဖြစ်ပြီး၊ အဲဒီညှင်းပမ်းနှိပ်စက်မှုကနေ အပြင်းအထန်ဒဏ်ရာရသွားမယ်ဆိုရင် ထောင်ဒဏ် နှစ် ၃၀ နဲ့ တကယ်လို့ သေဆုံးသွားခဲ့မယ်ဆိုရင်တော့ တသက်တကျွန်း ကျခံရမှာဖြစ်ပါတယ်။
ဒီဥပဒေကြမ်းကို ထိုင်းအစိုးရက လက်ခံထားပြီဖြစ်သလို၊ နိုင်ငံတော်ကောင်စီ ကလည်း လေ့လာဆန်းစစ်ပြီးသွားပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ လူ့အခွင့်အရေးဥပဒေ နဲ့ ကာကွယ်စောင့်ရှောက်မှုတွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရတာဖြစ်ပါတယ်။
လူတွေလျှို့ဝှက်ဖမ်းဆီး ခေါ်ဆောင်တာတွေ နဲ့ ပတ်သက်ပြီး တရားဥပဒေအရ တာဝန်ခံမှုအပိုင်းမှာ အောင်မြင်မှုတစုံတရာမရှိသေးဘူးလို့ ကုလသမဂ္ဂရဲ့ လျှို့ဝှက်ဖမ်းဆီးခေါ်ဆောင်ခြင်းဆိုင်ရာ အလုပ်ကော်မတီက ပြောပါတယ်။ ၁၉၈၀ ခုနှစ်ကစပြီး ထိုင်းနိုင်ငံမှာ လူတွေကို လျှို့ဝှက်ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အမှုပေါင်း ၈၂ မှုရှိတယ်လို့ ကုလသမဂ္ဂရဲ့ လျှို့ဝှက်ဖမ်းဆီးခေါ်ဆောင်ခြင်းဆိုင်ရာ အလုပ်ကော်မတီက ပြောပါတယ်။
လူတွေကို လျှို့ဝှက်ဖမ်းဆီးခေါ်ဆောင်တာတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ တလျှောက်လုံး ပျက်ကွက်ခဲ့တယ်လို့ ထိုင်းနိုင်ငံရဲ့ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နာ Angkhana Neelapaichit က ပြောပါတယ်။ သူမရဲ့ အမျိုးသား Somchai Neelapaichit ဟာ လူ့အခွင့်အရေးရှေ့နေတဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မတ်လက ပျောက်သွားခဲ့တာဖြစ်ပါတယ်။
 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
အလဲဗင်း ပိုင်ရှင်နဲ့ အယ်ချုပ် အာမခံ ထပ်ငြင်းခံရ
 ဒေါက်တာ သန်းထွဋ်အောင် ရုံးချိန်းကို လူနာတင် ယာဉ်နဲ့ လာရောက်ပြန်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က ပုဒ်မ ၆၆ (ဃ) နဲ့ တရား စွဲဆိုထားတဲ့ အလဲဗင်း မီဒီယာဂရု CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ နှစ်ယောက်ရဲ့ အာမခံ လျှောက်ထားမှုကို တာမွေမြို့နယ် တရားသူကြီးက ထပ်မံ ပယ်ချ ခဲ့ပါတယ်။
အလဲဗင်းမီဒီယာရဲ့ ဆောင်းပါးထဲမှာ အချက်အလက်တွေ မှားယွင်းစွာ ကိုးကားမိတဲ့ အတွက် တောင်းပန်ကြောင်း စာကို အလဲဗင်းက ဒီ အပတ်ထဲမှာပဲ ဖော်ပြခဲ့တဲ့အတွက် နှစ်ဖက် ကြေအေးလိမ့်မယ်လို့ ယူဆမှုတွေ ရှိခဲ့ပေမယ့် အာမခံ ထပ်ငြင်း ခံလိုက် ရတာပါ။
နိုဝင်ဘာ လဆန်း ကတည်းက အဖမ်း ခံထားရတဲ့ ဒီအမှုမှာ ရုံးထုတ် စစ်ဆေးတာ ခြောက်ကြိမ် ရှိခဲ့ပြီး အာမခံ လျှောက်ခဲ့တာလည်း လေးကြိမ် ရှိခဲ့ပြီ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၃ဝ ရက်နေ့ ရုံးချိန်းမှာတော့ တရားလို ဖြစ်တဲ့ ရန်ကုန် အစိုးရ အဖွဲ့က ညွှန်ကြားရေးမှုး ဦးမိုးဟိန်း နေပြည်တော် အစည်းအဝေး ရှိနေတဲ့ အတွက် ရောက်မလာ နိုင်ခဲ့လို့ နောက်တစ်ပတ် သောကြာ နေ့ အထိ ရုံးချိန်း ရွှေ့ခဲ့ရတယ် ဆိုပြီး ဒေါက်တာ သန်းထွဋ်အောင် တို့ ဘက်က လိုက်ပါ ဆောင်ရွက် ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ဘီဘီစီကို ပြောပါတယ်။
ဒေါက်တာ သန်းထွဋ်အောင်ရဲ့ ကျန်းမာရေး အခြေအနေ ဆက်လက် ယိုယွင်းလျက် ရှိနေတယ်လို့ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
အလဲဗင်းက တောင်းပန်ကြောင်း ဖော်ပြ ခဲ့ပေမယ့် အစိုးရဘက်က ဥပဒေကြောင်း အရ ဆက်သွားမယ် ဆိုပြီး ပြည်တွင်း မီဒီယာ တချို့က ဦးမိုးဟိန်း ကို ကိုးကား ဖော်ပြ ခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
Eleven CEO ဒေါက်တာသန်းထွဋ်အောင်က နှလုံးရောဂါကြောင့်ရယ်၊ ကိုယ်တိုင်ချစ်လို့ တင်ထားတဲ့ အစိုးရဖြစ်တာ ရယ်ကြောင့် တောင်းပန်တာလို့ ဆို
Eleven CEO ဒေါက်တာသန်းထွဋ်အောင်ကို ၅ ကြိမ်မြောက်ရုံးထုတ်
Eleven Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင်ကို ဒီဇင်ဘာလ (၃၀) ရက် ဒီကနေ့မှာ ၅ ကြိမ်မြောက်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
 တာမွေမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး တတိယအကြိမ်မြောက် အာမခံပြင်ဆင်လျှောက်ထားမှုကိုတော့ ပယ်ချလိုက်တယ်လို့ သိရပါတယ်။
 ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် နဲ့ အစိုးရအဖွဲ့ကို သတင်းစာကနေ တောင်းပန်စာ ထည့်သွင်းခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့တော့ Eleven Media Group CEO ဒေါက်တာ သန်းထွဋ်အောင်က သူ့ရဲ့ နှလုံးရောဂါနဲ့ ကျန်းမာရေးအခြေအနေကြောင့် ရယ် လက်ရှိအစိုးဟာ ကိုယ်တိုင်ချစ်လို့ တင်ထားတဲ့ အစိုးရဖြစ်တာ ရယ်ကြောင့် တောင်းပန်တာဖြစ်တယ်လို့ မီဒီယာတွေကို ပြောကြား ခဲ့ပါတယ်။
 နောက်တစ်ကြိမ်ရုံးချိန်း ကိုတော့ ဇန်န၀ါရီလ (၆) ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့လည်း သိရပါတယ်။
5 Plus News
https://www.facebook.com/5plusnews/
FMI ကုမ္ပဏီရှယ်ယာတန်ဖိုး စတင်ချိန်နောက်ပိုင်း အနိမ့်ဆုံးဈေးဖြစ်လာ
ရန်ကုန် ဒီဇင်ဘာ ၂၉
ရန်ကုန်စတော့အိတ်ချိန်းတွင် FMI ကုမ္ပဏီရှယ်ယာတန်ဖိုးနေ့စဉ် ကျဆင်းနေပြီး လက်ရှိဖြစ်ပေါ်နေ သောပေါက်ဈေးသည်ယခုလအတွင်း အနိမ့်ဆုံးဖြစ်ကြောင်း ရန်ကုန် စတော့အိတ်ချိန်းမှ သိရသည်။
ဒီဇင်ဘာလအတွင်းFMI ရှယ် ယာတန်ဖိုးသည် ကိုးရာခိုင်နှုန်း ကျော် ကျဆင်းခဲ့ပြီး ရှယ်ယာတစ်စု လျှင် ကျပ် ၁၄ဝဝဝ သို့ ရောက်ရှိ လာ၍ သက်တမ်းတစ်လျှောက် အနိမ့်ဆုံးရှယ်ယာဈေးဖြစ်ခဲ့ကာ စတော့အိတ်ချိန်းတွင် စတင်ရောင်း ချစဉ် အမြင့်ဆုံးဈေးကျပ် ၄၁ဝဝဝ ဖြင့် ချိန်ဆပါက ရှယ်ယာတန်ဖိုး ကျဆင်းမှု ၆၅ရာခိုင်နှုန်းကျော် အထိ ဖြစ်ပေါ်လျက်ရှိသည်။
''စတော့ကို လူတိုင်းသိပ်နား မလည်ဘူး။ အဲ့တော့ စိတ်ဝင်စားမှု မရှိဘူး။ ဈေးကွက်အေးတယ်။ ဒါပါပဲ။ ဈေးကွက်ပျက်ရလောက် အောင်အထိတော့ မဟုတ်ပါဘူး။ နောက်ပိုင်းကုမ္ပဏီတွေ များလာ မယ်။ လူတိုင်းနီးပါးကို နားလည် အောင် သေချာရှင်းပြမယ်ဆိုရင် တော့ ဒီလိုမျိုးတွေဖြစ်မှာ မဟုတ် တော့ပါဘူး။ အခုက သူကလည်း သက်တမ်းနုသေးတယ်လေ''ဟု စတော့ရှယ်ယာ အရောင်းအဝယ် ပြုလုပ်သူတစ်ဦးက ပြောသည်။
ယခင်ကFMI ရှယ်ယာ၏ အနိမ့်ဆုံးရှယ်ယာတစ်စုဈေးနှုန်း မှာ နိုဝင်ဘာ ၂၅ရက်တွင်ဖြစ်ပေါ်ခဲ့ သည့် ရှယ်ယာတစ်စုကျပ် ၁၅၅ဝဝ ဖြစ်ပြီး ဒီဇင်ဘာ ၂၆ရက်တွင် ရှယ် ယာတစ်စု ကျပ် ၁၄၅ဝဝအထိ ထပ်မံ ဈေးနှုန်းကျဆင်းခဲ့ကာ ထို သို့ နေ့စဉ်ဈေးနှုန်းကျဆင်းနေသည့် အပြင် ဒီဇင်ဘာ ၂၇ရက်တွင် ရှယ် ယာတစ်စုကျပ်၅ဝဝထပ်မံကျဆင်း ကာFMI ရှယ်ယာတစ်စုလျှင် ကျပ် ၁၄ဝဝဝအထိ ဖြစ်ပေါ်နေသည်။
ရန်ကုန်စတော့အိတ်ချိန်းတွငFMI ရှယ်ယာ အရောင်းအဝယ် ဖြစ်မှု ကျဆင်းနေသကဲ့သို့ သီလဝါ ရှယ်ယာသည်လည်း အရောင်း အဝယ်နှင့် ဈေးနှုန်းကျဆင်းနေပြီး ရှယ်ယာတစ်စုအဖြစ်မှ ရှယ်ယာ ၁ဝစုအဖြစ်သို့ ခွဲစိတ်ပြီးနောက် တစ်စု ကျပ်၅၃ဝဝအထိ မြင့်တက် ခဲ့သည့် သီလဝါရှယ်ယာသည် လက်ရှိ ယခုလ ၂၈ရက်မှစကာ ရှယ်ယာတစ်စု ကျပ်၄၄ဝဝအထိ ဈေးနှုန်းကျဆင်းနေသည်။
ထိုသို့ ရှယ်ယာများ ဈေးနှုန်း ကျဆင်းနေသည့်အပြင် ရန်ကုန် စတော့အိတ်ချိန်းတွင်လူစိတ်ဝင်စား မှု အနည်းဆုံးဖြစ်သည့် မြန်မာနိုင်ငံ သားများဘဏ် ရှယ်ယာသည် ရှယ်ယာတစ်စု ကျပ်၉၅ဝဝ ဝန်း ကျင်ဖြင့် ဈေးနှုန်းငြိမ်သက်နေရာမှ ယခုလ ၂၈ရက်တွင် ကျပ်၉၁ဝဝ သို့ ကျဆင်းခဲ့သည့်အပြင် ယင်းနေ့ တွင် ရောင်းဝယ်မှု တစ်ဦးမျှမရှိ ကြောင်း သိရသည်။
FMI ကုမ္ပဏီ၏ အစုရှယ်ယာ တစ်စုသည် ဒီဇင်ဘာ ၁ရက်တွင် ကျပ် ၁၆ဝဝဝရှိပြီး ယခုလ၂၆ရက် ၌ အစုရှယ်ယာတစ်စုလျှင်၁၄၅ဝဝ ကျပ်ဈေးရှိခဲ့သည်။FMI ကုမ္ပဏီ သည်ရှယ်ယာစတင်ရောင်းချသည့် မတ် ၁၆ရက်တွင် အစုရှယ်ယာ တစ်စုလျှင် ကျပ်၃၁ဝဝဝဖြင့်ရောင်း ချခဲ့ပြီး မတ်လတစ်လတည်းတွင် ရှယ်ယာအရောင်းအဝယ် ကျပ် ၂၄ ဘီလီယံကျော် အရောင်းအဝယ် ဖြစ်ခဲ့သည်။
ထို့နောက် ရန်ကုန်စတော့အိတ် ချိန်းတွင် မေ ၂ဝရက်၌ သီလဝါ ရှယ်ယာ စတင်ရောင်းချခဲ့ပြီး ကုမ္ပဏီနှစ်ခုဖြစ်လာခဲ့၍ ကျပ် ၁၆ ဘီလီယံကျော်၊ ဇွန်တွင်ကျပ် ခြောက်ဘီလီယံကျော်၊ ဇူလိုင်တွင် ကျပ် ၃ ဒသမ ၇ ဘီလီယံကျော် နှင့် သြဂုတ် ၂၆ရက်တွင် မြန်မာ နိုင်ငံသားများဘဏ်ပါဝင်လာသော် လည်း ကုမ္ပဏီသုံးခုမှ ကျပ် ၂ ဒသမ၉ဘီလီယံကျော်သာအရောင်း အဝယ်ဖြစ်ခဲ့ပြီး စက်တင်ဘာတွင် လည်း ကျပ် ၂ ဒသမ ၄ ဘီလီယံ ကျော်သာ အရောင်းအဝယ်ဖြစ်ပေါ် ကာ အနည်းဆုံး အရောင်းအဝယ် အဖြစ် စံချိန်တင်ခဲ့သည်။
ထိုသို့ စံချိန်တင်ကျဆင်းနေရာ မှ အောက်တိုဘာလတွင် သီလဝါ ရှယ်ယာများကို ရှယ်ယာခွဲစိတ်မှု ကြောင့် လူစိတ်ဝင်စားမှု များပြား လာပြီး ဈေးနှုန်းပြန်လည်မြင့်တက် လာသဖြင့် အောက်တိုဘာလတွင် ရန်ကုန်စတော့အိတ်ချိန်း၏အရောင်း အဝယ်ဖြစ်မှု ပြန်လည်မြင့်တက် လာခဲ့ပြီး ကျပ်လေးဘီလီယံကျော် ဖိုးအထိ အရောင်းအဝယ်ဖြစ်ပေါ် ခဲ့သည်။
ထိုသို့ ဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါ အရောင်းအဝယ်မြင့်တက် မှုမှာ တစ်လသာကြာခဲ့ပြီး နိုဝင် ဘာလတွင်မူ အရောင်းအဝယ်ဖြစ်မှု ကျပ် ၂ ဒသမ ၂ ဘီလီယံခန့်ဖြင့် စတော့အိတ်ချိန်း ဖွင့်လှစ်သည့် ကိုးလအတွင်း နိုဝင်ဘာလသည် အရောင်းအဝယ်ကျဆင်းမှု အဆိုး ဆုံးဖြစ်ခဲ့ရကြောင်း ရန်ကုန်စတော့ အိတ်ချိန်းမှ လအလိုက်ထုတ်ပြန် သည့် အရောင်းအဝယ်ဖြစ်မှုအခြေ အနေများအရ သိရသည်။
တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည့်ရန်ကုန် စတော့အိတ်ချိန်းတွင် တစ်နှစ် အတွင်း ရှယ်ယာတန်ဖိုး ကျပ် ဘီလီယံ ၇ဝခန့် အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း အရောင်းအဝယ် မှာမူ လစဉ်ဆက်တိုက်ကျဆင်းခဲ့ ကြောင်း သိရသည်။
မေလွင်
The Union Daily
https://www.facebook.com/uniondaily.net
အိန္ဒိယရောက် အမေရိကန်တွေအတွက် လုံခြုံရေး သတိပေးချက်ထုတ်ထား
အိန္ဒယနိုင်ငံ နယူးဒေလီမြို့ အမေရိကန်သံရုံး။
အကြမ်းဖက်အဖွဲ့တွေက အိန္ဒိယနိုင်ငံကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာနိုင်တယ် ဆိုပြီး အိန္ဒိယသတင်းမီဒီယာတွေက မကြာသေးခင်က ဖော်ပြခဲ့တာကြောင့် အိန္ဒိယနိုင်ငံမှာ ရှိတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ သတိရှိကြဖို့ နယူးဒေလီမြို့ အမေရိကန်သံရုံးက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ကြေညာချက်ထဲမှာတော့ - နှစ်သစ်ကူး အချိန်ကိုရောက်ရှိလာတာနဲ့ အမျှ၊ အမေရိကန်နိုင်ငံသားတွေအနေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အသွားအလာများတဲ့ အပမ်းဖြေစခန်းတွေ၊ ပင်လယ်ကမ်းခြေတွေ၊ ဈေးဝယ်စင်တာတွေ၊ ဘာသာရေးအဆောက်အအုံတွေ နဲ့ ပွဲတော်တွေသွားတဲ့အခါမှာ သတိဝိရီယရှိဖို့ ပြောထားပါတယ်။
ဒါ့အပြင် အမေရိကန်သံရုံးကြေညာချက်ထဲမှာတော့ - အမေရိကန်နိုင်ငံသားတွေ အနေနဲ့ သိပ်ပြီးတော့ ထင်ထင်ပေါ်ပေါ်မနေကြဖို့၊ ဆန္ဒပြပွဲတွေကို ရှောင်ကြဖို့၊ ကိုယ်နေ့စဉ်လုပ်နေတဲ့ အလုပ်တွေကို အချိန်တွေ၊ လမ်းကြောင်းတွေပြောင်းပြီး လုပ်ကြဖို့ နဲ့ ပတ်ဝန်းကျင်မှာ ဘာဖြစ်နေတယ် ဆိုတာကို နိုးနိုးကြားကြား ရှိကြဖို့ ပြောထားပါတယ်။ အနောက်နိုင်ငံသားတွေ အသွားအလာများတဲ့ အဲဒီနေရာတွေကို ခြိမ်းခြောက်မှုတွေ တိုးလာနေတယ်လို့ အမေရိကန်သံရုံး ရဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။
 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
တရားမဝင် ကျောက်စိမ်းတုံး(၅၁၆)တုံး သိမ်းဆည်းရမိ
တရားမဝင် ကျောက်စိမ်းတုံး(၅၁၆)တုံးအား သိမ်းဆည်းရမိ
နေပြည်တော်၊ ဒီဇင်ဘာ ၃၀
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ ၀၀၁၅ မိနစ်အချိန် ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ နတ်ကြီးကုန်းရပ်နေ ဦးနန္ဒာ(၅၆)နှစ်၏နေအိမ်တွင် တရားမဝင်ကျောက်စိမ်းတုံးများ သိုလှောင် ထားကြောင်း သိရပါသည်။
သတင်းအရ မိုးကောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်အောက်ထပ် အခန်းအတွင်းမှ တရားမဝင်ကျောက်စိမ်းတုံး (၅၁၆)တုံးအား တွေ့ရှိ သိမ်းဆည်း ရမိ ခဲ့ပါသည်။
 အဆိုပါ ကျောက်စိမ်းတုံးများအား ၎င်း၏သားဖြစ်သူ မောင်ထွန်း(၂၁)နှစ်မှ လာရောက်သိုဝှက်ထားရှိသော ပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့် ဦးနန္ဒာ ပါ(၂)ဦးအား မိုးကောင်းမြို့မရဲစခန်း(ပ)၉၁/၂၀၁၆၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၄၂(က) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။
သစ်ထူးလွင်
လမ်းဘေးရှိတဲအား ဝင်တိုက်မိ၍ တဲ၌အိပ်ပျော်နေသူများ သေဆုံး
လမ်းပေါ်ရှိဝက်အားရှောင်တိမ်းသောယာဉ် လမ်းဘေးရှိတဲအား ဝင်တိုက်မိ၍ တဲ၌အိပ်ပျော်နေသူများ သေဆုံး
နေပြည်တော်၊ ဒီဇင်ဘာ ၃၀
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၆ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ကျုံတိုင်းကြီးကျေးရွာ၊ အိမ်မဲ-ရန်ကုန်ကားလမ်း မိုင်တိုင်အမှတ်(၆/၀-၁) ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သိရပါသည်။
သတင်းအရ သုံးခွနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်ဘက်မှ မြောင်းမြဘက်သို့ ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ ဦးသန်းကျော်(၅၀)နှစ်မောင်းနှင်လာသော 4A/××××× Hilux ယာဉ်သည် လမ်းပေါ်ရှိဝက်အား ရှောင်တိမ်းရာ အဆိုပါကျေးရွာနေ ဦးအေးသိန်း(၄၆)နှစ်၏ အိမ်ရှေ့ရှိ ငါးပိ၊ ငါးခြောက်များထားသော အလျား(၁၅)ပေ၊ အနံ(၁၀)ပေခန့်ရှိ ဓနိမိုး၊ ထရံကာ ယာယီတဲအား ဝင်တိုက်မိခဲ့ရာ ယာယီ တဲထဲ၌ အိပ်ပျော်နေသည့် ဦးအေးသိန်းနှင့် ဇနီးဖြစ်သူ ဒေါ်စန်းစန်းဝင်း(၄၂)နှစ်တို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှုမှ ယာဉ်မောင်း ဦးသန်းကျော်အား သုံးခွနယ်မြေ ရဲစခန်း ယာဉ်(ပ) ၁၁/၂၀၁၆ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က/ ၂၇၉ ဖြင့် အရေးယူ ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
ဘင်္ဂလားဒေ့ရှ်ကို မြန်မာအထူးသံတဦး စေလွှတ်ဖို့ရှိ
ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင် လာတဲ့ မြန်မာပြည် ဘက်က မူဆလင်တွေကို ဘင်္ဂလားဒေ့ရှ်ရဲ လုံခြုံရေးတွေက လုံခြုံရေးယူထားစဉ်။ (နိုဝင်ဘာ ၂၁၊ ၂၀၁၆)
ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ မြန်မာနိုင်ငံကလို့ဆိုသူတွေကို ပြန်လက်ခံဖို့ဆိုရင် အရင်ဆုံး စိစစ်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးဌာန တာဝန်ရှိသူ တဦးက ဗွီအိုအေကိုပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနက ဆင့်ခေါ်ပြီး လူတွေပြန်လက်ခံ ဖို့ကိစ္စ ပြောခဲ့တဲ့ အပေါ် အခုလို တုန့်ပြန် ပြောဆိုတာပါ။ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေသူတွေ ကိစ္စအပါအ၀င် နှစ်နိုင်ငံအကြား ကိစ္စရပ်အသီးသီးကို ဆွေးနွေးဖို့ အထူးသံတမန်တဦး လွှတ်ဖို့ရှိတယ်လို့လည်း ပြောပါတယ်။ မခွာညိုက စုစည်းတင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဘက်ကို မြန်မာနိုင်ငံက မူဆလင်တွေ အလုံးအရင်းနဲ့ လှိမ့်ဝင်နေတဲ့ အကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာအစိုးရကို ဒုတိယအကြိမ် ပြောခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ဗွီအိုအေကို အခုလို ပြောပါတယ်။
" မြန်မာပြည်ဘက်ကဆိုတဲ့သူတွေလို့ သူတို့ပြောတာပေါ့နော်။ အဲ့တာကို ဟုတ်လား၊ မဟုတ်လားပေါ့နော်။ ကျနော်တို့ ဘယ်ဘက်ကို သွားသွားပေါ့နော်။ ဘယ်နိုင်ငံ မှာပဲဖြစ်ဖြစ်ပေါ့နော်။ အခုကျနော်တို့ နှစ်နိုင်ငံထဲ မဟုတ်ဘူး။ ဒီ့ပြင်နိုင်ငံတွေမှာလည်း ဒီဘက်နိုင်ငံကသူ ဟိုဘက်ရောက် သွားရင်သော်လည်းကောင်း၊ ဟိုဘက်နိုင်ငံ ကသူ ဒီဘက်ရောက် သွားရင်သော်လည်းကောင်း၊ ဘယ်သူရောက်လာတယ်ဆိုတဲ့ဥစ္စာ ဒီတဘက်နိုင်ငံက သူမဟုတ်ဟုတ်တော့ စိစစ်ခွင့်တော့ အမြဲတမ်းရှိပါတယ်။ ပုံမှန်လည်း စိစစ်ပြီးတော့မှ ဒီလူတွေကတော့ ဒီဘက်ကသွားတာဟေ့၊ ဟိုလူတွေကတော့ မဟုတ်ဘူးဟေ့ဆိုတာမျိုးကတော့ တနိုင်ငံနဲ့ တနိုင်ငံ စိစစ်ပြီးတော့ ပြန်ပြောရတဲ့ အနေအထားမျိုးတော့ရှိပါတယ်ခင်ဗျ အဲ့ဒီ့အပိုင်းတွေကို ကျနော်တို့ ပြန်ပြီး စိစစ်ဖို့တော့ လိုပါမယ်ခင်ဗျ။"
အခုလို မြန်မာနိုင်ငံထဲက မူဆလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ဝင်နေတာဟာ တခြားကိစ္စတွေ အများကြီးနဲ့လည်း ပတ်သက်နေတဲ့အတွက် သူတို့ဘက်ကို ရောက် မလာအောင် မြန်မာအစိုးရအနေနဲ့ ပြဿနာအရင်းအမြစ်ကို အမြန်ဆုံးရှာဖွေဖို့လိုတယ် လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား ရေးရုံး နှစ်နိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ဌာန အတွင်းဝန် Kamrul Ahsan က မြန်မာသံအမတ် ဦးမျိုးမြင့်သန်းကို ဒုတိယအကြိမ် ဆင့်ခေါ် ပြောကြားခဲ့တာပါ။
ဒီကိစ္စဟာ ပြဿနာတခုဖြစ်နေပြီး ကိစ္စတွေ အများကြီး ပတ်သက်နေတဲ့အတွက် ခက်ခဲတဲ့ပြဿနာတခုအဖြစ် ဝါရှင်တန်အခြေစိုက် နိုင်ငံခြားဆက်ဆံရေးကောင်စီ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းသုတေသီ Joshua Kurlantzick က မြင်ပါတယ်။
“အခွင့်အရေးဆုံးရှုံးနေတဲ့ကိစ္စ၊ အရပ်သားအုပ်ချုပ်မှုအောက်မှာ စစ်တပ်က ရှိမနေတဲ့ကိစ္စ၊ နယ်စပ်ကိစ္စ၊ ရိုဟင်ဂျာတွေကြား အမျက်ဒေါသထွက်နေကြတဲ့ကိစ္စ၊ ဒါတွေအားလုံးနဲ့ ပါတ်သက်နေပါတယ်။ ဒါပေမဲ့ ခြုံ ကြည့်ရင် ဘင်္ဂလားဒေရှ့် အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ရချင်ပါတယ်။ နောက်ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ရိုဟင်ဂျာတွေဘက်လိုက်မယ့် ကိစ္စမျိုး မှန်သမျှကို လူတွေက သိပ်ထောက်ခံကြတာ မဟုတ်ပါဘူး။”
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ မကြာခင်မှာ အထူး သံတမန်စေလွှတ်ပြီး ဆွေးနွေးဖို့ စီစဉ်နေတဲ့အကြောင်း ဦးကျော်မိုးထွန်း က ပြောပါတယ်။
" ကျနော်တို့ ဒီက Special Envoy လည်း သွားဖို့ရှိပါတယ်။ နှစ်ဘက် အဆင်ပြေတဲ့ အချိန်ပေါ့နော်။ ဘင်္ဂလားဒေ့ရှ်ဘက်က အဆင်ပြေတဲ့အချိန်နဲ့ ကျနော်တို့ဘက် ကလည်း အဆင်ပြေတဲ့အချိန် ပေါ့နော်။ အမြန်ဆုံးသွားဖို့တော့ ကျနော်တို့ စီစဉ်နေပါတယ်ခင်ဗျ။ Special Envoy ကတော့ ကိစ္စအများကြီးပဲပေါ့နော်။ နှစ်နိုင်ငံ ဆက်ဆံရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရေးအတွက် ရည်ရွယ်ပြီးတော့ သွားတာပါခင်ဗျ။"
အရှေ့တောင်အာရှရေးရာ သုတေသီ Joshua Kurlantzick ကတော့ မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ ဘင်္ဂလားဒေ့ရှ်အတွက် တရုတ်နဲ့ အရှေ့တောင် အာရှနိုင်ငံတွေဆီ လမ်းဖွင့်ပေးမယ့် တခါးသဖွယ်ဖြစ်နေတဲ့ အတွက် မြန်မာနိုင်ငံနဲ့ဆက်ဆံရေးကောင်းမွန်ဖို့ လိုလားပုံတော့ ရတဲ့အကြောင်း သုံးသပ်ပါတယ်။
မခွာညို  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
အမေရိကန်သံတွေကို ရုရှားနှင်ထုတ်မှာမဟုတ်
ရုရှားနိုင်ငံ မော်စကိုက ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး။ (ဒီဇင်ဘာ ၃၀၊ ၂၀၁၆)
ပြီးခဲ့တဲ့နိုဝင်ဘာ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားထောက်လှမ်းရေး အေဂျင်စီတွေက အနှောက်အယှက်ပေးတာကို တုံ့ပြန်အရေးယူတဲ့ အနေနဲ့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်တာကို ရုရှားအစိုးရအနေနဲ့ အမေရိကန်သံတမန်တွေကို နှင်ထုတ်သွားမှာ မဟုတ်ဘူးလို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ပြောလိုက်ပါတယ်။
“ကျနော်တို့အနေနဲ့ အမေရိကန်သံတမန်တွေအတွက် ပြဿနာတွေ ဖန်တီးသွားမှာမဟုတ်ပါဘူး။ ဘယ်သူကိုမှ နှင်ထုတ်သွားမှာမဟုတ်ဘူးလို့ ရုရှားအစိုးရက ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ သမ္မတ ပူတင်ကပြောထားပါတယ်။”
အစောပိုင်းတုန်းကတော့ ၊ အမေရိကန်သံတမန် ၃၅ ယောက်ကို တိုင်းပြည်ထဲကနေ နှင်ထုတ်ဖို့နဲ့ မော်စကိုမြို့ အနောက်ပိုင်းမှာရှိတဲ့ သံရုံးရဲ့ အားလပ်ရပ် အပန်းဖြေ အိမ်တွေနဲ့ မော်စကို မြောက်ပိုင်းမှာရှိတဲ့ ကုန်ပစ္စည်းသိုလောင်ရုံတွေကိုလည်း အမေရိကန်သံအရာရှိတွေ အသုံးပြုခွင့် ပိတ်ပင်ဖို့ သမ္မတ Vladimir Putin ကို သူ အကြံပြုခဲ့တဲ့အကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ပြောဆိုတာကို ကိုးကားပြီး ရုရှား Interfax သတင်း အေဂျင်စီမှာ ဖော်ပြထားတာပါ။
အမေရိကန်ရွေးကောက်ပွဲကို အနှောက်အယှက် ပေးခဲ့တဲ့အတွက် သမ္မတ အိုဘားမားက ရုရှား ထောက်လှမ်းရေးအဖွဲ့ နှစ်ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်သလို၊ ရုရှားသံတမန် ၃၅ ဦးကို အမေရိကန်နိုင်ငံက ထွက်ခွာဖို့အပြင် အမေရိကန်ပြည်ထောင်စုထဲမှာ ရှိနေတဲ့ ရုရှားပိုင် အဆောက်အဦးနှစ်ခုကိုလည်း ပိတ်ပစ်လိုက်တာပါ။ ဒါနဲ့ပတ်သက်လို့ ရုရှားက ချက်ချင်း တုံ့ပြန် ဝေဖန်ခဲ့သလို၊ လက်တုံ့ပြန်မယ်လို့လည်း ခြိမ်းခြောက်ခဲ့တာပါ။
သမ္မတအိုဘားမားကတော့ နိုင်ငံတကာမှာ အခိုင်အမာ လက်ခံထားတဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို ချိုးဖောက်ပြီး အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်ဆောင်ခဲ့တဲ့အတွက် ရုရှားအပေါ် အခုလို အရေးယူတာဟာ သင့်တော်တဲ့တုံ့ပြန်မှုဖြစ်တယ်လို့ ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
မြဝတီ လုံခြုံရေးတိုးမြှင့်
ထိုင်း မြန်မာနယ်စပ် မြဝတီမြို့ကို တွေ့ရစဉ်။ Photo: RFA
ထိုင်း မြန်မာနယ်စပ်အနီး ကရင်ပြည်နယ် မြဝတီမြို့နယ်က စက်သုံးဆီဆိုင်တွေကို ဖောက်ခွဲမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတဲ့အတွက် မြဝတီမြိုကနယ်မှာ ရဲတပ်ဖွဲ့က လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေပါတယ်။
လုံခြုံရေးအင်အား တိုးမြှင့်တာမျိုးမဟုတ်ဘဲ လုံခြုံရေးဆောင်ရွက်ချက်တွေကို အရင်ကထက်ပိုပြီး တိုးမြှင့်ဆောင်ရွက်နေတာဖြစ်တယ်လို့ မြ၀တီမြို့နယ် ရဲတပ်ဖွဲ့က ရဲအုပ်စိုးသီဟ ကပြောပါတယ်။
"တိုးမြှင့်ချထားတာတော့မရှိဘူး၊ လုံခြုံရေးအင်အားကို ထပ်တိုးချထားတာမဟုတ်ဘူး၊ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်တာပေါ့၊ လှည့်ကင်းကိုအရင်က တစ်ကြောင်းသွားရင် အခု နှစ်ကြောင်းသွား တယ်ပေါ့"
မြဝတီမြို့မှာ ကရင်နှစ်သစ်ကူးပွဲတော်၊ နှစ်သစ်ကူးပွဲတော်နဲ့ လွတ်လပ်ရေးနေ့ပွဲတော်တွေမှာ စည်စည် ကားကားကျင်းပနိုင်ဖို့အတွက် လုံခြုံရေးတွေကို တိုးမြှင့်ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
သိမ်ဆိပ်- ပိန္နဲတော ကားလမ်းပေါ်၌ ပါဂျရိုးကား တိမ်းမှောက် လူနှစ်ဦးသေဆုံး သုံးဦးဒဏ်ရာ ရ
 သိမ်ဆိပ်- ပိန္နဲတော ကားလမ်းပေါ်၌ အရှိန်မထိမ်းနိုင်သော ပါဂျရိုးကား တိမ်းမှောက် လူနှစ်ဦးသေဆုံး သုံးဦးဒဏ်ရာ ရ
သုဝဏ္ဏဝတီမြို့ ဒီဇင်ဘာ ၂၉
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ၌ ဒီဇင်ဘာ ၂၉ရက် နေ့လည်ပိုင်းအချိန်က မြို့နယ်ချင်းဆက်လမ်းဖြင့်သော သိမ်ဆိပ်- ပိန္နဲတော ကားလမ်းပေါ်တွင် ပါရာဒိုယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်မူကြောင့် လူနူစ်ဦး ပွဲခြင်းပြီး သေဆုံး၍ လူသုံးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည် ။
အဆိုပါ ယာဉ်တိမ်းမှောက်မူနေရာသို့ သတင်းရရှိသည်နှင့် တာဝန်မှူး ဒုရဲအုပ် ကိုကိုလတ် နှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ ယာဉ်မောင်းသူ ကိုကျော်ဖြိုး (ကျိုက္ကော်ရပ်ကွက် သုဝဏ္ဏဝတီမြို့)မောင်းနှင်လာသည့် ယာဉ်အမှတ် 9H/5735 ခဲရောင် ပါရာဒိုယာဉ်သည် ထုံးဘိုလေးကျေးရွာ နှင့် ဝီယော်ကျေးရွာအကြား မိုင်တိုင်အမှတ် ၅/၃ နှင့် ၅/၄ အရောက်တွင် လမ်းဘေးကျောက်ပုံအား ရှောင်တိမ်းရာမှ အရိုန်မထိမ်းနိုင်ဘဲ ကားလမ်းမပေါ်၌ နူစ်ပတ် သုံးပါတ်လိမ့်ကာ တိမ်းမှောက်သွားသဖြင့် ကားပေါ်တွင် ပါလာသူ ငါးဦးအနက် ယာဉ်မောင်းသူ ကိုကျော်ဖြိုး နှင့် ကိုဇေဝင်းထွဋ် (သိမ်ဆိပ်ရပ်ကွက် သုဝဏ္ဏဝတီမြို့) တို့နူစ်ဦးမှာ ကားပေါ်မှ လွှင့်စင်ကျသွား၍ နေရာတွင် ပွဲခြင်းပြီး သေဆုံးခဲ့ကြောင်း သိရသည် ။
ကားအတွင်းကျန်ရစ်ခဲ့သူများဖြစ်သော ကိုကျော်ဝင်းမြင့် (ပေါင်းတည်မြို့နယ်) ကိုဇော်လတ် (ပဲခူးမြို့နယ်) နှင့်ကိုလွှင်မိုးဦး (ကျိုက္ကော်ရပ်ကွက် သုဝဏ္ဏဝတီမြို့) တို့သည် ဒဏ်ရာများ(မစိုးရီမ်ရ) ရရှိခဲ့သဖြင့် သိမ်ဆိပ် တိုက်နယ်ဆေးရုံသို့ တင်ပို့ကုသထားကြောင်း သိရသည် ။
ဖြစ်စဉ်နှင့်ပတ်သတ်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူအား သိမ်ဆိပ်နယ်မြေရဲစခန်းမှ ယာဉ်(ပ) ၃၉/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ အရ အမူဖွင့် အရေးယူဆောင်ရွက်နေကြောင်း သိရသည် ။
ခွန်(ဝင်းပ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Advertisement
အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်
ကျန်းမာရေးနှင့် ဖျော်ဖြေရေး
တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ
သတင်းစာနှင့် ဂျာနယ်များ