၂၀၁၆ အတွင်း မြန်မာအပါအ၀င် ကမ္ဘာတလွှား မီဒီယာသမား ၉၀ ကျော် အသတ်ခံရ


အခု ၂၀၁၆ ခုနှစ်အတွင်း သတင်းထောက်နဲ့ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်နေသူ ၉၃ ယောက် အသတ်ခံခဲ့ရတယ်လို့ ကမ္ဘာပေါ်က အကြီးဆုံး သတင်းထောက်များအဖွဲ့ က စာရင်းထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၄၀ က သတင်းသမားပေါင်း ၆ သိန်းကို ကိုယ်စားပြုတဲ့ နိုင်ငံတကာ သတင်းထောက်များအဖွဲ့ချုပ် (IFJ) က ဒီဇင်ဘာ ၃၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ စာရင်းထဲမှာ သတင်းစုံစမ်းမှုနဲ့ပါတ်သက်လို့ သတင်းထောက် နဲ့ မီဒီယာဝန်ထမ်း ၉၃ ယောက်အသတ်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

စာရင်းထဲမှာ မြန်မာနိုင်ငံက တရားမဝင် သစ်ခုတ်မှုနဲ့ သစ်ခိုးထုတ်နေတဲ့ကိစ္စတွေကို သတင်းစုံစမ်းနေတဲ့ Eleven Media Group ရဲ့ မုံရွာအခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်းလည်း ပါဝင်ပါတယ်။ အသတ်ခံရတဲ့ သတင်းထောက် ၉၃ ယောက်ဟာ အာရှ Pacific ဒေသ၊ အမေရိက၊ ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာရပ်နိုင်ငံ စုစုပေါင်း ၂၃ နိုင်ငံကဖြစ်ကြပါတယ်။

သတင်းထောက်တွေကို ပြစ်မှတ်ထား သတ်ဖြတ်၊ ဗုံးခွဲတိုက်ခိုက်မှုအပါအဝင် အပြန်အလှန်ပြစ်ခတ်မှုတွေအတွင်း သေဆုံးခဲ့ကြရတာဖြစ်ပါတယ်။ သဘာဝဘေးဒဏ်နဲ့ မတော်တဆမှုကြောင့် သေဆုံးခဲ့တဲ့ သတင်းထောက်ကလည်း ၂၉ ယောက်ရှိပါတယ်။ ၂၀၁၅ ခုနှစ်ထက်စာရင်၂၀၁၆ ခုနှစ်ထဲ အသတ်ခံရတဲ့ သတင်းသမားအရေအတွက် ၁၉ ယောက်ပိုနည်းသွားပေမဲ့ ဒါနဲ့ နှစ်သိမ့်မနေသင့်ဘူးလို့လည်း IFJ က သတိပေးပါတယ်။

သတင်းထောက်တွေခြိမ်းခြောက်ခံရမှု၊ နှောင့်ယှက်ခံရမှုနဲ့ ကိုယ်တိုင် ဆင်ဆာတည်းဖြတ်မှုတွေ ပိုများလာတာကို ကြည့်ခြင်းဖြင့် သတင်းလွတ်လပ်ခွင့်ဟာ အင်မတန်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေသေးတယ်လို့ နိုင်ငံတကာ သတင်းထောက်များအဖွဲ့ချုပ်က ထောက်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
၂၀၁၆ အတွင်း မြန်မာအပါအ၀င် ကမ္ဘာတလွှား မီဒီယာသမား ၉၀ ကျော် အသတ်ခံရ ၂၀၁၆ အတွင်း မြန်မာအပါအ၀င် ကမ္ဘာတလွှား မီဒီယာသမား ၉၀ ကျော် အသတ်ခံရ Reviewed by THITHTOOLWIN on 08:07 Rating: 5
Powered by Blogger.