အချိန်မီသာ ပြင်ဆင်ခွင့်မရှိခဲ့ရင်၊ တောတွင်းဥပဒေ ကြီးစိုးလာခဲ့ရင်


လက်ရှိအချိန်မှာ အင်တာနက်လူမှုကွန်ရက် အသုံးပြုတွေကြားမှာ စိတ်အ၀င်စားဆုံးဖြစ်စဉ်တခုက မိုက်ရိုင်းရမ်းကားတဲ့ ယာဉ်မောင်းနဲ့ စပယ်ယာတွေကို အုပ်စုဖွဲ့လက်တုံ့ပြန်ဖို့ စီစဉ်ဆောင်ရွက်နေကြတဲ့ အကြောင်းဖြစ်ပါတယ်။

အမှတ်-၃ လမ်းမကြီးပေါ်မှာ ထောက်ကြန့်ကနေ သင်္ဃန်းကျွန်း စံပြဈေးဘက်ကို ပြေးဆွဲတဲ့ အမှတ် ၂၃၆ ယာဉ်လိုင်း၊ ယာဉ်အမှတ် 6G-1322 က ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အပါအ၀င် အပေါင်းအပါတစုက ခရီးသည်အမျိုးသားတဦးကို ၀ိုင်းဝန်းထိုးကြိတ်မှုတခု ယခုလ အစောပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို မှတ်တမ်းတင်ထားတဲ့ ရုပ်သံဖိုင်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာရာက အခုလိုရိုင်းပျရမ်းကားတဲ့ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေကို အများပြည်သူက အုပ်စုဖွဲ့ပြီး လက်တုံ့ပြန်မယ်ဆိုတဲ့ ကိစ္စအစပြုတာပါ။ ဒီလိုဖြစ်ရပ်တွေကြောင့် ခရီးသွားပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရပေမဲ့ မထသနဲ့ အပိုင်နယ်မြေ ရဲစခန်းကတာဝန်ရှိသူတွေဟာ လာရောက်တိုင်ကြားတာမရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်တာမရှိခဲ့ပါဘူး။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တစုံတရာသတင်း ထုတ်ပြန်တာလည်း မလုပ်ခဲ့ ပါဘူး။ ဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲအဖြစ် ဒီဇင်ဘာ ၁၈ ရက်က နောက်ထပ် ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာတက်လာပါတယ်။ အဲ့ဒီရုပ်သံဖိုင်မှာတော့ 6G -1322 ပေါ်မှာ အမျိုးသားတဦးက အစောပိုင်းက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့သတင်းကို စာရွက်နဲ့ ပရင့်ထုတ်ယူလာပြီး စပယ်ရာကို ဖြစ်စဉ်နဲ့ ပတ်သက်မှုရှိ၊ မရှိမေးတယ်။ စပယ်ယာက ''သူမသိဘူး၊ သူမဟုတ်ဘူး''ဆိုပြီး ငြင်းဆန်နေချိန်မှာ တခြားခရီးသည်တွေကပါ စပယ်ယာနဲ့ ယာဉ်မောင်းကို ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြတယ်။

ဒီဗွီဒီယိုဟာ နေ့စဉ်ဘတ်စ်ကားကို အသုံးပြုသွားလာနေရတဲ့ ပြည်သူတွေအတွက် စိတ်ဝင်စားမှု ရေချိန်အမြင့်ဆုံးဖြစ်ခဲ့တဲ့ ရုပ်သံဖိုင်တခုလို့ ဆိုရပါမယ်။ ဒီလိုလုပ်ရပ်ကို အားပေးထောမနာပြုခဲ့ကြသူတွေလည်း အများအပြားတွေ့ရပြီး Like/Share/Comment အောထသွားခဲ့တယ်။

ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို ၀ိုင်းဝန်းထိုးကြိတ်ခဲ့တဲ့သူတွေကိုလည်း မထသ (မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ) ကိုယ်စားပြည်သူလူထုကို ကူညီပေးမယ့်အဖွဲ့မထန (မော်တော်ယာဉ်လိုင်းပေါင်းစုံထုနှက်နှိမ်နင်းရေးအဖွဲ့) လို့ တင်စားခေါ်ဝေါ်တာ တွေ့ခဲ့ရပါတယ်။ ယုတ်မာရိုင်းစိုင်းတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို မထသကိုယ်စား ဖြေရှင်းပေးမယ့်အဖွဲ့အဖြစ် လူမှုကွန်ရက်အသုံးပြုသူအချို့က ချီးကျူးဂုဏ်ပြုပြောဆိုတာတွေဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေတခုဖြစ်ပါတယ်။

ခရီးသည်တွေအပေါ် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံနေတဲ့ အခြားသော ဘတ်စ်ကားတွေကိုပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်ထိလက်ရောက် ဆုံးမပေးဖို့အတွက် လူမှုကွန်ရက်ပေါ်မှာ စည်းရုံးလှုံဆော်နေကြပြန်တယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကြပ်ကြပ်မတ်မတ်အရေးယူနိုင်ဖို့ တရားနည်းလမ်းတကျ အစီအစဉ်တွေနဲ့ လက်မှတ်ထိုးတောင်းဆိုတာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကတဆင့် အစိုးရကို အသိပေးတင်ပြတာ တွေလုပ်ဖို့ ဦးဆောင်ပြောဆိုနေသူ တချို့တလေလည်း ရှိနေပါတယ်။

ခုလိုလူမှုကွန်ရက် အားကောင်းတဲ့ခေတ်မှာ ဒီလို စည်းရုံးပြောဆိုမှုတွေက လက်တွေ့တကယ်ဖြစ်မလာဘူးလို့ ပေါ့ပေါ့တွေးလို့ မရတော့ဘူး။ ပြည်သူဘက်က မခံနိုင်လို့ ခုလိုတရားလက်လွတ်တုံ့ပြန်လာမယ့်အခြေအနေ တွေကို ဘာမှမဖြစ်သလို မေ့ထားဖို့မသင့်ဘူး။ သက်ဆိုင်ရာက ဒီပြဿနာတွေပြေလည်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရမှာဖြစ်ပြီး တရားလက်လွတ်ကိစ္စတွေမဖြစ်ခင် ကြိုတင်ဟန့်တားရမှာ ဖြစ်ပါတယ်။

ဒီကိစ္စတွေရဲ့ဂယက်က အဆုံးမသတ်သေးချိန်မှာပဲ ဒီဇင်ဘာ ၂၃ ရက်မှာ လိုင်းကားသမားတွေရဲ့ မင်းမဲ့စရိုက်ဆန်ဆန် ရန်ပြုတိုက်ခိုက်တဲ့ ရုပ်သံဖိုင်နောက်တခု လူမှုကွန်ရက်ပေါ် ထပ်တက်လာပြန်တယ်။ ခရီး သည်တင်လိုင်းကား ဘီအမ် (BM) နှစ်စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အုပ်စုက Light Track ကားသမားနှစ်ဦးကို အုပ်စုဖွဲ့ရန်ပြုတိုက်ခိုက်တာပါ။ ဆဲဆိုကြိမ်းမောင်းပြီး ထိုးကြိတ်ရိုက်နှက်ရုံမက ထိုင်ရှိခိုး တောင်းပန်ခိုင်း၊ ရှိခိုးတောင်းပန်နေတဲ့ကြားကမှ မကျေနပ်နိုင်ဘဲ ထပ်မံထိုးကြိတ်တာတွေပါ ပါဝင်ပါတယ်။

ဒီအခါမှာလည်း ရေချိန်တက်နေတဲ့ ခရီးသွားပြည်သူများက မြို့နယ်အလိုက် မထနအဖွဲ့ဖွဲ့စည်းဖို့၊ ခရီးသည်တွေကို မချေမငံပြောဆိုတဲ့ယာဉ်တွေကို အပြစ်ပေးဆုံးမဖို့ လှုံ့ဆော်သံတွေ ပိုညံလာပါတော့တယ်။ အမှန်မှာတော့ ရန်ကုန်မြို့နေ ပြည်သူလူထုဟာ ဒီလိုင်းကားစပယ်ယာအချို့ရဲ့ မိုက်ရိုင်းဆိုးသွမ်းမှုဒဏ်ကို ငုံ့ခံနေရတာဟာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ယာဉ်နောက်လိုက်အချို့ရဲ့ ရိုင်းစိုင်းမှုကတော့ တော်တော်ကို ဆိုးဝါးပါတယ်။ အမျိုးသမီးနဲ့သက်ကြီးရွယ်အိုတွေ အနားမှာရှိလို့ရှိမှန်းမသိ မောင်နှမသားချင်း မကြားဝံ့မနာသာတွေသုံးပြီး အချင်းချင်းပြောဆိုကြ၊ မှတ်တိုင်တွေမှာ တွန်းတင် တွန်းချ၊ တက်/ဆင်းမပြီးသေးဘူး မောင်းထွက်၊ ယာဉ်စီးခကို စိတ်ကြိုက်တောင်း၊ သူတို့စိတ်ထဲထင်သလို ခရီးစဉ်ကို ပိုင်းဖြတ်၊ ယာဉ်စီးခ ၁၀၀ိ/ ကားက တမှတ်တိုင်ခရီးကို ၂၀၀ိ/ ကောက်ခံ၊ ၁၀၀ိ/ ပေးစီးတဲ့လူကို လမ်းလယ်ကောင်မှာ ကားရပ်ပြီး ဆင်းခိုင်းစသဖြင့် ပြောမဆုံးပေါင် တောသုံထောင်ပါပဲ။

ခရီးသည်ကို ရိသဲ့သဲ့ပြောတာ၊ ခရီးစဉ်ဆုံး အောင်မမောင်းဘဲ ခရီးသည်တွေဆင်းခိုင်းပြီး ကား ပြောင်းစီးခိုင်းတာက သူတို့ရဲ့လုပ်ပိုင်ခွင့်လိုလို၊ အမျိုးသမီးခရီးသည်တွေကို နှုတ်နဲ့တမျိုး၊ ကိုယ်ထိလက် ရောက်တဖုံ ထိကပါးရိကပါးလုပ်တာမျိုးတွေက သူတို့အတွက် လုပ်နေ၊ ပြောနေကျ ဖြစ်နေကြပြီလေ။

ပြဿနာတခုခုဖြစ်ရင် နှုတ်နဲ့သာမက ကိုယ်ထိ လက်ရောက်စော်ကား၊ လက်နက်နဲ့ရန်ပြုတိုက်ခိုက် 'တိုင်ချင်ရာတိုင်'လို့ ပြန်ပြီးစိန်ခေါ်ရဲတဲ့အဆင့်အထိ မိုက်ရိုင်းဆိုးသွမ်းနေတာတွေဟာ သက်ဆိုင်ရာအာဏာ ပိုင်အဖွဲ့အစည်းတွေရဲ့ ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်မှုအားနည်းတာကို ဖော်ပြနေပါတယ်။ ဒီလို ဖြစ်စဉ်တွေ ကြုံတွေ့ရတဲ့အခါတိုင်း သက်ဆိုင်ရာကို တိုင်ကြားပေမဲ့ ထူးထူးခြားခြားပြောင်းလဲလာတာ မရှိဘူးလို့လည်း ပြည်သူအများစုက ပြောပါတယ်။

ဒီလိုတွေ ကြာလာတော့ ပြည်သူလူထုက သူတို့နည်း သူတို့ဟန်နဲ့ဖြေရှင်းဖို့ ကြိုးစားလာကြပါပြီ။ မိုက်ရိုင်းဆိုးသွမ်းတဲ့ ကားသမားတွေကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းအသီးသီးက ထိထိရောက် ရောက် အရေးယူအပြစ်မပေးနိုင်တာရဲ့ နောက်ဆက်တွဲအဖြစ် ပြည်သူအချို့က ကိုယ်တိုင်ကိုယ်ကျ အပြစ်ပေး စီရင်ဖို့ ဆော်သြလာတာဖြစ်ပါတယ်။ ဒါဟာ ကောင်းတဲ့အလားအလာ မဟုတ်ပါဘူး။

ပြည်သူအများစုက ဒီလိုလုပ်ရပ်ကို အားပေးထောက်ခံလို့ တူရာတူရာအုပ်စုဖွဲ့ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြည်သူ့တရားစီရင်ခန်းဖွင့်ကြမယ်ဆိုရင် ရန်ကုန်မြို့တော်ကြီးမှာ နေ့စဉ်နဲ့အမျှ ရန်ပွဲတွေဖြစ်လာပါလိမ့်မယ်။ တရားဥပဒေစိုးမိုးရေး ပျက်ပြားလာ ပါလိမ့်မယ်။ အင်အားကြီးသူ၊ အုပ်စုများသူက အနိုင်ယူတဲ့ တောတွင်းဥပဒေသာကြီးစိုးလာရင် ဘယ်ပြည် သူမှ စိတ်အေးချမ်းသာစွာ ရှာဖွေစားသောက်နိုင်တော့ မှာမဟုတ်ပါဘူး။ ကားသမားကလည်း ပြည်သူကို ရန်သူလိုမြင်ပြီး ရရင်ရသလို ဦးအောင်လုပ်၊ ပြည်သူကလည်း အုပ်စုနဲ့ကြုံသလို လက်တုံ့ပြန်နဲ့ ဒီအဆိုး သံသရာဟာ ဆုံးမှာမဟုတ်ပါဘူး။ ဒီလိုဖြစ်လာမယ့်အရေးတွေကို ကြိုတင်ကာကွယ်တားဆီးဖို့ လိုပါတယ်။ ကားသမားတွေဘက်က စည်းကမ်းတကျ၊ ခရီးသွားပြည်သူအပေါ် လေးစားသမှုရှိအောင် လေ့ကျင့်သင်ကြားပေးခြင်း၊ ကျူးလွန်တဲ့ ကားသမားတွေကို ထိရောက်တဲ့နည်းနဲ့ ဟန့်တားထိန်းချုပ်နိုင်မယ့်နည်းလမ်းတွေ ရှာဖွေဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

မထသအနေနဲ့က ပြည်သူတွေတိုင်ကြားတာကို ဘယ်လိုအရေးယူအပြစ်ပေးနေတယ်ဆိုတာ ထုတ်ပြန်နေပေမဲ့ ဒီလိုအရေးယူမှုတွေဟာ လုံလောက်မှုရှိရဲ့ လား၊ ထိရောက်မှုရှိရဲ့လားဆိုတာကို ပြန်လည်စိစစ် သုံးသပ်သင့်နေပါပြီ။ မထသကို ပြည်သူက တိုင်ကြားတဲ့အခါမှာ ဒဏ်ကြေးရိုက်၊ လိုက်ခွင့်ပိတ်ပြီး အရေးယူ ပေးတယ်ဆိုပေမဲ့ ဒီလုပ်ရပ်တွေရဲ့ ထိရောက်မှု အတိုင်းအတာဘယ်လောက်ရှိသလဲ ပြန်လည်သုံးသပ် သင့်နေပါပြီ။

ဥပမာ- ယာဉ်စီးခပိုတောင်းတဲ့ကားကို တိုင်ကြားမှ အရေးယူပေးတာထက် သတ်မှတ်ယာဉ်စီးခအတိုင်း ကောက်ခံတာဟုတ်၊ မဟုတ်ကို စစ်ဆေးဆောင်ရွက်သင့်ပါတယ်။ အခုဆိုရင် ဘယ်လိုင်းကားမှာမှ ယာဉ်စီးခသတ်မှတ်ထားတဲ့ စတေကာကပ်ထားတာမရှိတော့ပါဘူး။ စည်းကမ်းထိန်းသိမ်းရေးစုပေါင်း အဖွဲ့တွေရှိနေပေမဲ့ လည်း ယာဉ်ပေါ်တက်ရောက် စစ်ဆေးခြင်းမရှိပါဘူး။ ခရီးဆုံးအောင်မမောင်းဘဲ ကြုံရာနေရာကနေ ပြန်ကွေ့နေတဲ့ကားတွေကို သက်ဆိုင်ရာဂိတ်မှူးတွေက အရေးမယူဘူးလား။ ဒါတွေဟာ သက်ဆိုင်ရာအဖွဲ့ရဲ့ တာဝန်မကျေပွန်မှု၊ လစ်ဟင်းမှုတွေပါ။ ဒါတွေကို တာဝန်ရှိသူအဆင့်ဆင့်က ကြပ်ကြပ် မတ်မတ်ဆောင်ရွက်ကြဖို့ အကြံပြုလိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့လည်း ပြည်သူလူထုထောက်ခံမှုရရှိနေတဲ့ အများပိုင် ဘတ်စ်ကားလိုင်း ဆောင်ရွက်နေတာတွေကို ဒီထက်ပိုပြီး မြန်မြန်ဆောင်ရွက်သင့်ပါတယ်။ ကားသမားတွေနဲ့ ပြည်သူကြားက အဆင်မပြေမှုတွေ နည်းပါးသထက် နည်းပါလာအောင်၊ နှစ်ဦးနှစ်ဘက် အဆင်ပြေနိုင်မယ့် နည်းလမ်းများ ရှာဖွေကြရမှာဖြစ်ပါကြောင်း အကြံပြုတိုက်တွန်းလိုက်ပါတယ်။

ကိုရဲ
News Watch
https://www.facebook.com/NewsWatchJournal/
အချိန်မီသာ ပြင်ဆင်ခွင့်မရှိခဲ့ရင်၊ တောတွင်းဥပဒေ ကြီးစိုးလာခဲ့ရင်  အချိန်မီသာ ပြင်ဆင်ခွင့်မရှိခဲ့ရင်၊ တောတွင်းဥပဒေ ကြီးစိုးလာခဲ့ရင် Reviewed by THITHTOOLWIN on 04:05 Rating: 5
Powered by Blogger.