စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်ထားသော ရုပ်အလောင်း ၂၀ လောင်းတွေ့၊ ခေါင်းနှင့် ခြေလက်များ ခုတ်ဖြတ်ထားသော ရုပ်အလောင်းများလည်း ပါဝင်


မုံရွာ - နိုဝင်ဘာ ၈၊ ၂၀၂၂။ 

စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်ထားခဲ့သော ဒေသခံပြည်သူများအပါအဝင် တော်လှန်ရေးရဲဘော်များ၏ ရုပ်အလောင်း ၂၀ လောင်းကို ယမန်နေ့ ညနေ လေးနာရီခန့်က မုံရွာမြို့နယ် ထန်းလေးပင်ကျေးရွာတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ထန်းလေးပင်ကျေးရွာအတွင်း နယ်မြေရှင်းလင်းရေးဝင်ချိန် တော်လှန်ရေးရဲဘော် ရှစ်ဦး နှင့် ဒေသခံပြည်သူ ၁၂ ဦး၏ သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးရဲဘော်တစ်ဦးက The 74 Media ကိုပြောသည်။

“ခေါင်းဖြတ်သတ်ထားတာတွေရော။ ခြေတွေ လက်တွေ ဖြတ်ပြီး သတ်ထားတာတွေ့ခဲ့ရတာပေါ့နော်။ PDF တွေလည်းပါသလို။ ပြည်သူတွေရော ပါတယ်။ လူလတ်ပိုင်းတွေနဲ့ သက်ကြီးပိုင်းတွေပေါ့။ ရဲဘော်တွေကိုဆိုရင် သေနတ်ပစ်သတ်ပြီးမှ ခေါင်းတွေဖြတ်၊ ခြေလက်တွေဖြတ်သတ်ထားတာလား၊ ဒါမှမဟုတ် အရှင်လတ်လတ်တွေ ဖြတ်သတ်ထားတာလားဆိုတာတော့မသိဘူး။ မီးရှို့ပြီးသတ်ခံထားရတဲ့ သူတွေရောရှိတယ်” ဟုပြောသည်။ 

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဒေသခံ ပြည်သူတစ်ဦးနှင့် တော်လှန်ရေးရဲဘော် ငါးဦးကို ဦးခေါင်း၊ ခြေလက်များ ပိုင်းဖြတ်ကာ သတ်ဖြတ်ထားခဲ့ပြီး အခြားသော တော်လှန်ရေးရဲဘော်နှင့် ဒေသခံပြည်သူများကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ညက ထန်းလေးပင်ကျေးရွာမှ ထွက်ခွာပြီး ယနေ့ နံနက် ၁၁ ခန့်တွင် ပေါင်ပင်ကျေးရွာသို့ ရောက်ရှိနေသည်ဟု အခြား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“မုံရွာဘက်မှာ အရမ်းဆိုးနေတာ။ စစ်ကောင်စီတွေကလည်း ဆက်ပြီး စစ်ကြောင်းထိုးနေတာ ပြည်သူတွေကလည်း ထွက်ပြေးနေရ။ သူတို့ (စစ်ကောင်စီ) တွေက လူတွေသတ်ဖြတ် အိမ်တွေမီးရှို့။ ခုအဲ့စစ်ကြောင်းက တခြားတစ်ရွာကို ပြန်ဝင်နေပြီ” ဟု ဆိုသည်။ 

ကျဆုံးသွားသော ရဲဘော်ရှစ်ဦးတွင် လေးဦးမှာ Monywa The Boys မှ ရဲဘော်များဖြစ်ပြီး အခြားသော ရုပ်အလောင်းများမှာမူ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးပါ။ 

မုံရွာမြို့နယ် ထန်းလေးပင်ကျေးရွာတွင် ယမန်နေ့ နံနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် လူအင်အား ၁၅၀ ခန့်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးခန့်လည်း သေဆုံးခဲ့ကြောင်းသိရသည်။ 

အဆိုပါ စစ်ကြောင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလ လေးရက်နေ့မှစပြီး မုံရွာမြို့နယ် ထန်းလေးပင်ကျေးရွာ၊ နဂါးတွင်းကျေးရွာ နှင့် ရန်နိုင်ကျေးရွာရှိ ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိအချိန်တွင် ဒေသခံပြည်သူ စုစုပေါင်း လေးထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်။


The 74 Media 

စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်ထားသော ရုပ်အလောင်း ၂၀ လောင်းတွေ့၊ ခေါင်းနှင့် ခြေလက်များ ခုတ်ဖြတ်ထားသော ရုပ်အလောင်းများလည်း ပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်ထားသော ရုပ်အလောင်း ၂၀ လောင်းတွေ့၊ ခေါင်းနှင့် ခြေလက်များ ခုတ်ဖြတ်ထားသော ရုပ်အလောင်းများလည်း ပါဝင် Reviewed by THITHTOOLWIN on 20:59 Rating: 5

No comments:

Powered by Blogger.