လှိုင်မြို့နယ်၊ ဗဟိုလမ်းပေါ်၌ ဒဏ်ရာများဖြင့် သေဆုံးနေသူအမျိုးသားနှင့် ပတ်သက်၍ လူသတ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ


ရန်ကုန်၊ ဒီဇင်ဘာ ၃၁

၁၀.၁၁.၂၀၁၆ ရက်နေ့ ၀၆၀၀ အချိန်ခန့်တွင် လှိုင်မြို့နယ်၊ (၇)ရပ်ကွက်၊ မယ်ဇီကုန်းလမ်းနှင့် သရက်မြိုင်လမ်းကြားတွင် အမည်မသိ အသက်(၂၈)နှစ် အရွယ်ခန့် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့်သေဆုံးနေကြောင်းသတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များနှင့် လှိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ အရပ်(၅)ပေ၊ (၅)လက်မခန့်ရှိ အမျိုးသားမှာ လည်ပင်းထိုးသွင်းဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးနေပြီး ၎င်း၏ဦးခေါင်းအောက်တွင် သွေးများစွန်းပေနေသော သဘက်စောင် တစ်ထည်အား တွေ့ရှိသိမ်းဆည်းခဲ့ကာ လှိုင်မြို့မရဲစန်း(ပ)၁၁၁၈/၂၀၁၆၊
ရာဇသတ်ကြီး ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးနှင့် သေဆုံးသူ၏ အမည်နှင့်နေရပ်လိပ်စာတို့အား စုံစမ်းဆောင်ရွက်ခဲ့ပါသည်။


စုံစမ်းဆောင်ရွက်ချက်အရ သေဆုံးသူမှာ မရမ်းကုန်းမြို့နယ်နေ သီဟဇော်၊(၃၀)နှစ်၊ ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ကြောင်းနှင့် ၎င်း၏ဖခင် ဦးသိန်းဝင်း၏ အတည်ပြုချက်အရသိရှိရပြီး သေဆုံးသူတွင် အလေးချိန်(၁)ကျပ်သားခန့်ရှိ ရွှေဆွဲကြိုး ၁ ကုံး၊ အလေးချိန်(၁)မတ်သားခန့်ရှိ ရွှေဆွဲပြား ၁ ခု၊ အလေးချိန်(၅)မူးသားခန့်ရှိ ရွှေလက်စွပ် ၁ ကွင်းတို့အား ၀တ်ဆင်ထားကြောင်းနှင့် 09-----နှင့် 09------ဆင်းကတ် ၂ ခုသုံး လက်ကိုင်ဖုန်း ၁ လုံးတို့ပါဆုံးသွားကြောင်းသိရှိရပါသည်။

ရဲတပ်ဖွဲ့ဝင်များသည် သေဆုံးသူနှင့် ဆက်သွယ်မှုရှိသူ ရင်းနှီးသူများ၏ နောက်ကြောင်းများအား လိုက်လံစုံစမ်းရာ ၉.၁၁.၂၀၁၆ ရက်နေ့ ၁၉၀၀ အချိန်ခန့်တွင် အငှားယာဉ်တစ်စီး FILDER အမျိုးအစား ယာဉ်နံပါတ်မမှတ်မိမှ လာရောက်ခေါ်သွားကြောင်းကို သတင်းရရှိခဲ့ပါသည်။ FILDER
အငှားယာဉ်မောင်းသူမှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် အမျိုးသမီးအငှားယာဉ်မောင်းသူများအား လိုက်လံစုံစမ်းထောက်လှမ်းခဲ့ပါသည်။ သေဆုံးသူ သီဟဇော်အသုံးပြုသော လူမှုကွန်ရက် Facebook တွင် သူငယ်ချင်းဖြစ်သူ ဇင်လေးဆိုသူအား မှတ်တမ်းဓာတ်ပုံရယူ၍
အုပ်ချုပ်ရေးအဖွဲ့များ၊ အမာခံသတင်းပေးများထံ ဇင်လေး၏ဓာတ်ပုံများ လိုက်လံပြသစုံစမ်းခဲ့ရာ တာမွေမြို့နယ်၊ ကျားကွက်သစ် ရပ်ကွက်တွင်နေထိုင်သူဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

၎င်းအားဖမ်းဆီးရမိရေးအတွက် အဆိုပါရပ်ကွက်အတွင်း စုံစမ်းထောက်လှမ်း ဆောင်ရွက်ခဲ့ရာ ၎င်းမောင်းနှင်သည့် ယာဉ်အမှတ်မှာ YGN FF---FILDER အမျိုးအစားယာဉ်ဖြင့် အငှားယာဉ် မောင်းနှင်နေသူဖြစ်ကြောင်း စုံစမ်းသိရှိရ၍ ၂၆.၁၂.၂၀၁၆ ရက်နေ့ ၀၁၅၀ အချိန်တွင် နေအိမ်သို့ ပြန်လာသူ မသဇင်ခိုင်(ခ)ဇင်လေး(ခ)သဇင်(ခ)သဇင်ဖြိုး၊ (၃၂)နှစ်အား မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာ ၎င်း၏လက်ကိုင်ဖုန်း၌ ၈.၁၁.၂၀၁၆ ရက်နေ့မှ ၁၂.၁၁.၂၀၁၆ ရက်နေ့အထိ အသုံးပြုခဲ့သည့် ဆက်သွယ်မှုအားလုံးအား ဖျက်ထားသည်ကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် အမှုနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပါသည်။


ဖမ်းဆီးရမိသူ သဇင်(ခ)သဇင်ခိုင်(ခ)သဇင်ဖြိုး(ခ)ဇင်လေးအား စစ်ဆေးရာသားဖြစ်သူ ကျန်းမာရေးမကောင်းသဖြင့် ခင်မင်ရင်းနှီးသူ မိတ်ဆွေ(၇)ဦးထံမှ ယူဆောင်ထားသော အကြွေးငွေ(၂၃)သိန်းကျော် ခန့်အား ပေးဆပ်ရန်ရှိကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဧပြီလတွင် Thiha အကောင့်ပိုင်ရှင်ဖြစ်သူ သီဟဇော်နှင့် သူငယ်ချင်းဖြစ်ခဲ့ပြီး သီဟဇော်နှင့် ဖုန်းဆက်သွယ်ပြောဆိုဖြစ်ခဲ့ကြောင်း၊ လွန်ခဲ့သော ၃ လခန့်က သီဟဇော်မှ ၎င်းအား ရည်စားစကားပြောဆိုခဲ့ကြောင်း၊ ထိုနောက် ၎င်းနှင့်သီဟဇော်တို့ ကော်ဖီဆိုင်များ၌ မကြာခဏတွေ့ဆုံကာ စကားပြောဆိုဖြစ်ခဲ့ကြောင်း၊ ၃၀.၉.၂၀၁၆ ရက်နေ့ ၂၃၀၀ အချိန်ခန့်တွင် သီဟဇော်နှင့် ကားပတ်မောင်းခဲ့ပြီး ၀၃၀၀ အချိန်ခန့်တွင် ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းရှိ တည်းခိုခန်းတစ်ခု၌ ညအိပ်တည်းခိုခဲ့ကြောင်း၊ ၉.၁၁.၂၀၁၆ ရက်နေ့ ၁၈၃၀ အချိန်ခန့်တွင် ၎င်းသည် တာမွေမြို့နယ်၊ ကျောက်မြောင်းအရှေ့ရပ်ကွက်သို့ရောက်ရှိနေစဉ် သီဟဇော်၏ဖုန်းဝင်လာပြီး ၎င်း၏ကုမ္ပဏီရှိရာသို့ လာရောက်ရန် ပြောဆို သဖြင့် နောက်ထပ်ခရီးသည် တစ်ဦးပို့ပေးရန်ကျန်သေးကြောင်း ပြောဆိုကာ ဖုန်းပိတ်ထားခဲ့ကြောင်း၊ ၁၉၄၀ အချိန်ခန့်တွင် ချိန်းဆိုရာနေရာသို့ သွားရောက်ခဲ့ပြီး သီဟဇော်မှ ၎င်းနှင့်အတူလိုက်ပါလာခဲ့ကြောင်း၊ ၎င်းနောက် ဗိုလ်တထောင်ကမ်းနားသို့သွားရောက်ကာ စကားပြောဆိုခဲ့ကြကြောင်း၊ ယင်းနေ့ ၂၄၀၀ အချိန်ခန့်တွင် ဗဟန်းမြို့နယ်ရှိ KTV ဆိုင်သို့ သွားရောက်၍ ၂ နာရီခန့်သီချင်းဆိုခဲ့ကြကြောင်း၊ ၁၀.၁၁.၂၀၁၆ ရက်နေ့ ၀၂၃၀ အချိန်ခန့်တွင် ၎င်း KTV ဆိုင်မှ ထွက်လာပြီး ကားလျှောက်မောင်းနေခဲ့ရာ ၀၃၀၀ အချိန်ခန့်တွင် လှိုင်မြို့နယ်၊ ဗဟိုလမ်းသို့ရောက်ရှိစဉ် ၎င်းမှာအိပ်ငိုက်လာသဖြင့် ကားအားလမ်းဘေးသို့ရပ်ကာ သီဟဇော်အား ကားမောင်းတတ်ပါက မောင်းနိုင်ကြောင်းပြောဆိုပြီး ကားနောက်ခန်းအတွင်းသို့ဝင်ထိုင်စဉ် သီဟဇော်မှ အောက်သို့အပေါ့ဆင်းသွားပြီး ကားပေါ်သို့ပြန်တက်စဉ် ၎င်းမှ ယာဉ်ပေါ်တွင် အသင့်ဆောင်ထားသော ဓားမြှောင်ဖြင့် လည်ပင်းအားထိုးခဲ့ကြောင်းနှင့် သီဟဇော်ဝတ်ဆင်ထားသော ဆွဲပြားပါရွှေဆွဲကြိုး၊ ရွှေလက်စွပ်တို့အားယူဆောင်ကာ သီဟဇော်အား အခင်းဖြစ်နေရာ၌ထားခဲ့ကြောင်း၊ ယင်းနောက် ယာဉ်ပေါ်တွင်ကျန်ရှိသည့် သီဟဇော် ၏ လက်ကိုင်ဖုန်း၊ လက်ပတ်နာရီ၊ ဖိနပ် ၁ ရံနှင့် ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သော ဓားမြောင်တို့အား ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ကာ သင်္ဃန်းကျွန်း
မြို့နယ်၊ သုဝဏ္ဏ၊ ကမာကြည်တံတားပေါ်မှ ပုဇွန်တောင်ချောင်းအတွင်း လွှင့်ပစ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ အမှုမှသက်သေခံ မော်တော်ယာဉ်၊ လက်ကိုင်ဖုန်းနှင့်ရွှေထည်ပစ္စည်းများအား ပြန်လည်သိမ်းဆည်းခဲ့ပြီး အမှုဖြင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
လှိုင်မြို့နယ်၊ ဗဟိုလမ်းပေါ်၌ ဒဏ်ရာများဖြင့် သေဆုံးနေသူအမျိုးသားနှင့် ပတ်သက်၍ လူသတ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ  လှိုင်မြို့နယ်၊ ဗဟိုလမ်းပေါ်၌ ဒဏ်ရာများဖြင့် သေဆုံးနေသူအမျိုးသားနှင့် ပတ်သက်၍ လူသတ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.