ပြည်ပမှ ဇိမ်ခံပစ္စည်းများတင်သွင်းမှုကို ကန့်သတ်ပြီး အရက်၊ ဘီယာအပေါ် အခွန်တိုးမြှင့်ကောက်ခံမည်

ပြည်ပမှ ဇိမ်ခံပစ္စည်းများတင်သွင်းမှုကို ကန့်သတ်ပြီး အရက်၊ ဘီယာအပေါ် အခွန်တိုးမြှင့်ကောက်ခံမည်
ပြည်ပမှ တင်သွင်းနေသည့် အလှကုန်များနှင့် အ၀တ်အစားကဲ့သို့ ဇိမ်ခံပစ္စည်းများအား ကန့်သတ်သွားမည်ဖြစ်ပြီး အရက်၊ ဘီယာကဲ့သို့သော ကုန်ပစ္စည်းများ အပေါ် အခွန်တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ပမှတင်သွင်းသည့် ဇိမ်ခံပစ္စည်းများကို ကုန်သွယ်မှုလိုငွေပြတဲ့အတွက် ကန့်သတ်သွားမှာပါ။ ပစ္စည်းအမျိုးအမည် ကတော့ ညှိနှိုင်းနေဆဲပါ။ တချို့ကတော့ တန်ဖိုးကြီးတဲ့ပစ္စည်းတွေပါတယ်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ပြည်ပမှ တင်သွင်းသည့် အလှကုန်များအား ဇိမ်ခံပစ္စည်းသတ်မှတ်ထားသည့်အပေါ် မြန်မာနိုင်ငံအလှကုန်လုပ်ငန်းရှင်များအနေဖြင့် အကြံပြုစာတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

''ဦးတို့အနေနဲ့လည်း အခုပြောချင်တာက ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ အလှကုန်ပစ္စည်းဆိုတာ ဇိမ်ခံပစ္စည်းမဟုတ် တော့ပါဘူး။ နောက်တခုက ပေါ်လာတဲ့ အလှကုန်ပစ္စည်းတွေက အလှအပအပြင် အရေပြားကျန်းမာရေးအတွက် အထောက် အကူပြုတဲ့ပစ္စည်းအဖြစ် ပြောင်းလဲကုန်ပါပြီ။ ဒါကြောင့် ဇိမ်ခံပစ္စည်းထဲမှာ ထည့်ထားတာလွဲမှားနေပါတယ်'' ဟု မြန်မာနိုင်ငံ အလှကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောသည်။

တန်ဖိုးကြီးအလှကုန်ပစ္စည်းများကို အိမ်နီးချင်းနိုင်ငံများထက် အခွန်တိုးမြှင့် ကောက်မည်ဖြစ်ပါက ယိုးဒယားစသည့် နိုင်ငံများမှ ၀ယ်ယူ၍ အခွန်သက်သာရန်အတွက် ဆောင်ရွက်နိုင်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ပါက နိုင်ငံတော်အနေဖြင့် အခွန်ငွေများစွာ ဆုံးရှုံးနိုင်ကြောင်း သိရသည်။

''၀န်ကြီးဌာန ပြောသလို တချို့ပစ္စည်းတွေက သိန်းကျော်တယ်။ အဲဒီပစ္စည်းကို သုံးနိုင်တဲ့ လူဦးရေက သိပ်မရှိ ဘူး။ သူတို့က ယိုးဒယား၊ စင်ကာပူတို့ သွားနေတဲ့သူတွေ၊ ဒီမှာ အခွန်တွေမြှင့်ရင် ပြည်ပကနေပဲဝယ်မယ်။ အဲဒီအခါကျရင် နိုင်ငံတော်အနေနဲ့ နိုင်ငံခြားငွေကတော့ ကုန်မှာပဲ။ ဒါပေမဲ့ ရသင့်ရထိုက်တဲ့ အခွန် အခတွေ ဆုံးရှုံးသွားမယ်။ ဒေါ်လာဈေးမြင့်တက်တာကို အလှကုန်ကဏ္ဍကနေ နိုင်ငံခြားငွေယိုဖိတ်မှုကို ကာကွယ်တယ်ဆိုရင် တရားမ၀င်တင်သွင်းမှုများကို တရားဝင်တင်သွင်းမှုဖြစ်အောင် ဆောင်ရွက်ရမယ်'' ဟု ဦးကျော်မင်းက ဆက်လက်ပြောကြားခဲ့သည်။

(နိုင်)
News Watch
https://www.facebook.com/NewsWatchJournal/
ပြည်ပမှ ဇိမ်ခံပစ္စည်းများတင်သွင်းမှုကို ကန့်သတ်ပြီး အရက်၊ ဘီယာအပေါ် အခွန်တိုးမြှင့်ကောက်ခံမည်  ပြည်ပမှ ဇိမ်ခံပစ္စည်းများတင်သွင်းမှုကို ကန့်သတ်ပြီး အရက်၊ ဘီယာအပေါ် အခွန်တိုးမြှင့်ကောက်ခံမည် Reviewed by THITHTOOLWIN on 21:11 Rating: 5
Powered by Blogger.