တောင်ကြီးတန်ဆောင်တိုင် မနှစ်ကထက် ပိုစည်

မြန်မာပြည်က တန်ဆောင်တိုင်ပွဲတွေကြားမှာ ထူးထူးခြားခြား အရုပ်မျိုးစုံ ပုံဖော်ထားတဲ့ မီးပုံးပျံကြီးတွေ၊ ရောင်စုံ မီးကျည်မီးပုံးတွေ​​ ​ဝေဝေဆာ​ဆာ​ ​ချိတ်​ဆွဲ​ထား​တဲ့​​ ​မီး​ပုံးပျံပြိုင်ပွဲ ကျင်းပတာကြောင့် နာမည်ကြီးတဲ့ တောင်ကြီး တန်ဆောင်တိုင်ဟာ  ဒီနှစ် ပိုစည်ကားပါတယ်။
တောင်ကြီးမြို့ တောင်ဘက် စောစီရပ်ကွက်က အကျယ်အ၀န်း စတုရန်းမိုင် တမိုင်ခန့်ရှိတဲ့ ပွဲခင်းထဲမှာ ဈေးဆိုင်ခန်းပေါင်း တရာကျော် ခင်းကျင်းပြီး ကျင်းပနေတာပါ။
ဒီနှစ်ပွဲတော် အခြေအနေနဲ့ ပတ်သက်ပြီး ပွဲဖြစ်မြောက်ရေး ကော်မတီဝင် တဦးဖြစ်သူ ဦးတင်မောင်အေးက ခုလို ပြောပြပါတယ်။
“ပိုစည်တာပေါ့။ ဒီနှစ်တော့ မီးပုံးပျံလည်း ပိုများတယ်။ စုစုပေါင်း ၆၀၀ ကျော်ရှိတယ်။ ကျွဲရုပ်တို့၊ ဖားရုပ်တို့၊ ခြင်္သေ့၊ ၀က်ရုပ်၊ အမျိုးစုံပဲ။ မီးပုံပျံကြည့်တဲ့လူလည်း မိုးလင်းပေါက်ပဲ။ တညလုံးလွှတ်တာ၊ မနက်လေးနာရီလောက်မှ ပြီးတယ်။”
ဒီပွဲတော်မှာ အစဉ်အလာမပျက် မီးပုံးပျံပြိုင်ပွဲ ကျင်းပသွားပြီး  ဆုကြေးကတော့ မနှစ်ကထက် ပိုများတယ်လို့ သိရပါတယ်။
မနှစ်က ပထမဆုရတဲ့ မီးပုံးပျံကို ကျပ်ငွေ သိန်း ၄၀ ဆုချရာက ဒီနှစ်တော့ ၄၅ သိန်း၊ ဒုတိယဆု ၃၅ သိန်း၊ တတိယက သိန်း ၃၀ ရကြမှာ ဖြစ်တယ်။
ပြိုင်ပွဲဝင်မီးပုံးပျံတွေကို စိစစ်ရွေးချယ်တာမှာ  မီးခိုးမှိုင်းတိုက်ပုံ၊ စက္ကူချိုးတဲ့ပုံသဏ္ဌာန်၊ အမြင့်ကို တက်သွားပုံ၊ ဝေဟင်မှာကြာကြာဝဲနေပုံ၊ စက္ခုပသာဒရှိမရှိနဲ့ မီးပုံးမီးပန်းချိတ်ဆွဲပုံ၊ စည်းကမ်းလိုက်နာမှု စတဲ့ အခြေခံအချက် ၇ ချက်နဲ့ ရွေးချယ်ပါတယ်။
ဆုပေးပွဲကို တန်ဆောင်မုန်းလပြည့်ကျော် တရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့မှာတော့ မြို့လုံးကျွတ် ကထိန်ခင်းပွဲနဲ့ မီးပဒေသာလှည့်လည်ပွဲတွေ  ညလုံးပေါက် မသိုးသင်္ကန်းရက်ပြိုင်ပွဲလည်း ကျင်းပဖို့ ရှိပါတယ်။
ဒါ့ပြင် တေးဂီတဖျော်ဖြေပွဲပါရှိပြီး အာဇာနည်၊ ၀ိုင်းစုခိုင်သိန်းစတဲ့ နာမည်ကြီး အဆိုတော်တွေလည်း လာရောက် ဖျော်ဖြေနေကြပြီး ဧည့်ပရိသတ်နေ့စဉ် လူသောင်းချီရှိမယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီက ပြောပါတယ်။
တောင်ကြီးမြို့က  တန်ဆောင်တိုင်ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း အစဉ်လာမပျက် ကျင်းပခဲ့တာ ဒီနှစ်ဆိုရင် အနှစ် ၆၀ တိုင်ခဲ့ပြီဖြစ်ပြီး  ဒီနှစ်ပွဲတော်ကို  နိုဝင်ဘာ ၃  ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကျင်းပတာ ဖြစ်ပါတယ်။ 
သတင်း---ဒီဗွီဘီ

အိန္ဒိယ ကုမ္ပဏီ ၆၀ ကျော် တပ်မတော်ခန်းမတွင် ပြသမည်

ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ပြုလုပ်မည့် သီးသန့် အိန္ဒိယ ကုန်စည်ပြပွဲ Enterprise India တွင် အိန္ဒိယ ကုမ္ပဏီပေါင်း ၆၀ ကျော် လာရောက်ပြသမည် ဖြစ်သည်။

အိန္ဒိယ စက်မှုလုပ်ငန်းအသင်းချုပ် CII နှင့် ရန်ကုန်ရှိ အိန္ဒိယနိုင်ငံဆိုင်ရာ သံရုံးတို့ ပူးပေါင်းစီစဉ်ကြခြင်းဖြစ်ပြီး ကြာသပတေးနေ့မှ စတင်၍ တပ်မတော်ခန်းမတွင် လေးရက်ကြာ ပြသမည်ဖြစ်ကြောင်း သံရုံးကြေညာချက်တွင် ပါရှိသည်။

“ပြပွဲတွင် အိန္ဒိယ ထိပ်တန်း ကုန်စည်တွေများ၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအား တနေရာ တည်းတွင် စုစည်းပေးထားမည် ဖြစ်ပြီး မြန်မာ့ စက်မှုကဏ္ဍနှင့် စီးပွားဆက်ဆံရေးကို တည်ဆောက်ရန်” ဟု
ကြေညာချက်က ဆိုသည်။

စတုရန်းမီတာ ၃၅၀၀ ကျယ် အဆိုပါပြပွဲတွင် မော်တော်ယာဉ် (ကုန်တင်နှင့်လူစီး)၊ စိုက်ပျိုးရေး၊ စက်ပစ္စည်း၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ အဝတ်အထည်၊ လက်ဝတ်ရတနာ စသည့်တို့ အဓိကထား ပြသမည်ဖြစ်ကာ Tata Motors, Mahindra Mahindra, Shyam Telecom အပြင် Escorts, NHPC, Fedders Lloyd, Exim Bank, Ion Exchange နှင့် HMT တို့ကဲ့သို့ ကုမ္ပဏီကြီးများလည်း ပါဝင်ပြသမည် ဖြစ်သည်။
အိန္ဒိယ စက်မှုလုပ်ငန်းအသင်းချုပ် CII နှင့် ရန်ကုန်ရှိ အိန္ဒိယနိုင်ငံဆိုင်ရာ သံရုံးတို့ ပူးပေါင်းစီစဉ်ကြသည့် အိန္ဒိယ ကုန်စည်ပြပွဲ Enterprise India ကို တပ်မတော်ခန်းမတွင် ကြာသပတေးနေ့မှ စတင်၍ လေးရက်ကြာ ပြသမည်ဖြစ်ကြောင်း သံရုံး ကြေညာ (ဓါတ်ပုံ မဇ္ဈိမ)

ဖွင့်ပွဲတွင် မြန်မာအရာရှိများလည်း တက်ရောက်မည် မျှော်လင့်ရပြီး အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင် တရာကျော်လည်း တက်ရောက်မည် ဖြစ်သည်။

ကုန်စည်ပြပွဲမတိုင်မီ နိုဝင်္ဘာ ၉ ရက်နေ့တွင်လည်း အိန္ဒိယ-မြန်မာ စီးပွားရေး နှီးနှောဖလှယ်ပွဲနှင့် ရောင်းသူ-ဝယ်သူ
တွေ့ဆုံပွဲတခုလည်း ကျင်းပမည် ဖြစ်သည်။

“မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးအတွက် အခွင့်အလမ်းများ” ခေါင်းစဉ်
ဖြင့် ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲသို့ အိန္ဒိယဘက်မှ Kirloskar Brothers Ltd ဥက္ကဋ္ဌနှင့် စီမံခန့်ခွဲရေးဒါရိုက်တာ Mr Sanjay C Kirloskar ဦးဆောင် တက်ရောက်မည်ဖြစ်ကာ မြန်မာဘက်မှ စီးပွားရေး လုပ်ငန်းရှင်ကြီးများ တက်ရောက်မည် ဖြစ်သည်။

မြန်မာနိုင်ငံ စက်မှုကုန်သည်များ အသင်းချုပ် UMFCCI အနေဖြင့် အဆိုပါပြပွဲနှင့် နှီးနှောဖလှယ်ပွဲအတွက် ဖိတ်ကြား
ဆော်သြရေးတာဝန်ယူရပြီး မြန်မာဘက်မှ စိတ်ဝင်စားမှု ရှိကြောင်း “အဓိက လုပ်တာက အိန္ဒိယ သံရုံးက လုပ်တာဗျ။ ကျနော်တို့ဘက်ကနေ ၅၀ လောက် ဖိတ်ခိုင်းတယ်။ တချို့ဟာတွေ သူတို့ဟာသူတို့ ဖိတ်တယ်။ တက်မယ့်သူစာရင်း မထွက်သေးဘူး။ စိတ်ဝင်စားကြမှာပါ။ ခုချိန်က မြန်မာနိုင်ငံကလည်း အရှေ့ရော အနောက်ရော အကုန်လုံး စိတ်ဝင်စားနေတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း တိုးတက်စေချင်တဲ့ ဆန္ဒရှိတဲ့အခါ လာပြတယ်ဆိုရင် စိတ်ဝင်စားမှုတော့ ရှိမှာပါ။ ” အမည်မဖော်လိုသော တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

မြန်မာရှိ စီမံချက်အမျိုးမျိုးတွင် အိန္ဒိယ၏ Essar Projects India Pvt Ltd., Punj Llyod, Larsen Toubro, Nipha Exports Pvt Ltd. ကုမ္ပဏီကြီးများ လုပ်ကိုင်နေကြကြောင်း အိန္ဒိယ သံရုံး တရားဝင် ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။

အဆင်းရဲဆုံးနိုင်ငံများစာရင်းဝင် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံမှ ၂၀၁၀ က ကြေညာခဲ့သော အထူး အကောက်ခွန် ခံစားခွင့်တွင် အကြုံးဝင်သည်။ ၂၀၀၉ တွင် လက်မှတ်ရေးထိုးထားသော အိန္ဒိယ-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်အရလည်း ခံစားခွင့်ရှိမည် ဖြစ်သည်။

လက်ရှိ အိန္ဒိယ-မြန်မာ ကုန်သွယ်မှုပမာဏမှာ ဒေါ်လာသန်း ၁၅ဝဝ ရှိပြီး ပဲအမျိုးမျိုး၊ သစ်၊ သံနှင့်သံထည်၊ အသေးစား စက်ပစ္စည်း ကိရိယာနှင့် ဆေးဝါး စသည်တို့ ဖြစ်သည်။ ၂၀၁၅ တွင် နှစ်နိုင်ငံကုန်သွယ်မှု နှစ်ဆ တိုးမြှင့်ရန် နယူးဒေလီမြို့တွင် စက်တင်္ဘာလအတွင်းက ပြုလုပ်ခဲ့သည့် လေးကြိမ်မြောက် နှစ်နိုင်ငံ ပူးတွဲ ကုန်သွယ်ရေး ကော်မတီ အစည်းအဝေးမှ သဘောတူခဲ့ကြသည်။

ဖြည့်စွက်သဘောတူညီချက်အရ ပူးတွဲကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ် တည်ထောင်ရန်နှင့် နယ်စပ်တလျှောက်
ဈေးငယ်လေးများ ဖွင့်လှစ်ရန် အပါအဝင် နယ်စပ်ကုန်သွယ်ရေး ပုံမှန်အစည်းအဝေးများ ကျင်းပသွားရန် ပါဝင်သည်။
သတင်း---နယူးဒေလီ (မဇ္ဈိမ)

လူထုခေါင်းဆောင်ဒေါ်စု စီးပွားရေးနှင့် ဖွံဖြိုးတိုးတက်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက် (ရုပ်/သံ)

Chatrium Hotel တွင်ပြုလုပ်နေသည့် စီးပွားရေးနှင့် ဖွံဖြိုးတိုးတက်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (ရုပ်/သံ)
video

နိုဝင်ဘာလ(၇)ရက်နေ့ မနက်ပိုင်းက Chatrium Hotel တွင်ပြုလုပ်နေသည့် စီးပွားရေးနှင့် ဖွံဖြိုးတိုးတက်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်းသိရသည်။

နာမည်ကြီးလှတဲ့ ဘန်ကောက်မြို့ တော်ရဲ့  ယနေ့မြင်ကွင်းများ (ဓါတ်ပုံ-သတင်း)

Daw Aung San Suu Kyi attened to Workshop on the Development of the Financial Sector in Myanmar at this morning

Daw Aung San Suu Kyi attened to Workshop on the Development of the Financial Sector in Myanmar at this morning.
— at Chatrium Hotel Yangon .



 ပြည်တွင်းဘဏ်တစ်ခုမှ အေတီအမ် ကတ်စနစ်ကို စတင် ၀န်ဆောင်မှုပေး

ရန်ကုန်မြို့ရှိ သမ၀ါယမဘဏ် ရုံးချုပ်တွင် အေတီအမ် ကတ်ဝန်ဆောင်မှုနှင့် ပတ်သက်၍ ရှင်းပြနေစဉ်
အကြွေးဝယ်ကတ် စနစ်ကို ပြည်တွင်းအများပိုင် ဘဏ်တစ်ခုမှ နိုဝင်ဘာလဆန်းပိုင်းတွင် စတင် ၀န်ဆောင်မှုပေးခဲ့ကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သိရပါသည်။
“နိုဝင်ဘာလ ၁ ရက်နေ့က ဘဏ်ရုံးချုပ်မှာ စတင်ဝန်ဆောင်ပေးခဲ့တာ။ ပထမ အဆင့်အနေနဲ့  နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ဘဏ် ၁၀ ဘဏ်ကနေ ကတ်တွေထုတ်ပေးသွား မယ်။ နောက်ထပ် ၁၃ ဘဏ်ကတော့ ဒီဇင်ဘာလထဲမှာ စက်တွေ ရောက်လာတာနဲ့ ၀န်ဆောင်မှုပေးသွားမှာပါ။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ပြည်၊ တောင်ငူမြို့တွေမှာ စတင် တပ်ဆင်ပေးသွားမှာပါ။ လောလောဆယ်တော့ ညနေ ၄ နာရီအထိပဲ ဘဏ်အတွင်းမှာ တပ်ဆင်ထားတဲ့ အေတီအမ် ကတ်စက်မှာ ထုတ်ယူနိုင်သေးတယ်။ နောက်လာမယ့် ရက် သတ္တပတ်တွေမှာတော့ ဘဏ်အပြင် မှာပါ စက်တွေတပ်ပေးသွားမှာဆိုတော့ ၂၄ နာရီ ၀န်ဆောင်ပေးသွားမှာပါ”ဟု သမ၀ါယမဘဏ် (စီဘီဘဏ်)မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ပြောကြားပါသည်။
အဆိုပါ အေတီအမ်ကတ်ကို အနည်းဆုံးကျပ် ၁၀၀၀ မှ စတင်ပြုလုပ်နိုင်ပြီး အများဆုံး ထည့်ဝင်နိုင်သည့် ပမာဏကို ကန့်သတ်မှုမရှိဘဲ စိတ်ကြိုက်ထည့်သွင်းနိုင်ကာ တစ်နေ့လျှင် အများဆုံး ထုတ်ယူနိုင်သော ပမာဏမှာကျပ် ၁၀သိန်းဖြစ်ပြီး အနည်းဆုံး လက်ကျန်ပမာဏကျပ် ၁၀၀၀ ထားရှိရမည်ဖြစ်ကြောင်း၊ ကတ်အသုံးပြုနိုင်ရန်အတွက် အေတီအမ်ကတ်စာရင်းတစ်ခု ဖွင့်လှစ်ရန် လိုအပ်ပြီး  စုငွေစာရင်းနှင့် စာရင်းရှင်ငွေစာရင်းမှ တိုက်ရိုက်ချိတ်ဆက် နိုင်ရန်အချိန် သုံးလေးလ ကြာမြင့်နိုင်သေးကြောင်း သိရပါသည်။
“အသုံးပြုသူက အေတီအမ် ကတ်စာရင်းတစ်ခု ဖွင့်လှစ်တယ်ဆိုရင် အဲဒီကတ်ကို စက်ကဖတ်နိုင်ဖို့အတွက် ကုတ်နံပါတ်ခြောက်လုံးပါတဲ့ စာရွက်တစ်ရွက်ပေးပါမယ်။ အဲဒီနံပါတ်တွေနဲ့ ကတ်ကို စက်ထဲထည့်ပြီးပြီဆိုရင် အသုံးပြုသူက ကိုယ့်ရဲ့လျှို့ဝှက်နံပါတ်အဖြစ် ဂဏန်းခြောက်လုံးကို စိတ်ကြိုက်ရိုက်နှိပ်ပြီး သေချာမှတ်သားပြီး အသုံးပြုနိုင်မှာ ဖစ်ပါတယ်။ စီဘီဘဏ်အနေနဲ့ ကတ်အမျိုးအစားတွေကို ATM ၊  Easi၊ Beyond ၊ Master , Visa ဆိုပြီးခွဲခြားထားပါတယ်။ ဗဟိုဘဏ် ကခွင့်ပြုတာနဲ့ ဈေးဝယ်စင်တာတွေ မှာပါ စက်တွေ တပ်ဆင်သွားမှာပါ။ အခုဈေးဝယ်စင်တာတချို့နဲ့ ချိတ်ဆက်ပြီး Debit  ကတ် (Point of Sale) ၀န်ဆောင်မှုပေးနိုင်ဖို့ ချိတ်ဆက် ထားပါတယ်။ အေတီအမ်ပြီးရင် Debit ကတ်၊ Credit ကတ်တို့ကိုလည်း ၀န်ဆောင်ပေးသွားဖို့ ပြင်ဆင်နေပါတယ်”ဟု ဖြည့်စွက်ရှင်းပြသည်။
ယခုဝန်ဆောင်မှုပြုသော အေတီအမ်ကတ်ကို ရန်ကုန်မြို့တွင် ၀န်ဆောင်ခမယူဘဲ ရန်ကုန်ပြင်ပ ဆိုပါက စာရင်းလွှဲပြောင်းခ ရယူမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဗဟိုဘဏ် နှင့် ပုဂ္ဂလိကဘဏ်များ ပူးပေါင်း၍  Myanmar Payment Union  စနစ်ကို အကောင်အထည် ဖော်လျက်ရှိပြီး အဆိုပါစနစ် ပြီးစီးပြီဖြစ်ပါက ဘဏ်တစ်ခုနှင့်တစ်ခု ချိတ်ဆက်လုပ်ကိုင် နိုင်မည်ဖြစ်ကြောင်း၊ အခြားဘဏ်များလည်း အေတီအမ် ကတ်စနစ်ကို ၀န်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်လျက်ရှိပြီး ယခုနှစ်မကုန်မီ ၀န်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အကြွေးဝယ်ကတ် အသုံးပြုမှုကို၁၉၆၀ ပြည့်နှစ်တွင် Master Card နှင့် Visa Card တို့က ၀န်ဆောင်မှုပေးခဲ့ပြီး တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။ ထို့နောက် ထို့နောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက် ၁၉၉၄ ခုနှစ်တွင် ပြန်လည် အသုံးပြုခဲ့သော်လည်း ၂၀၀၃ခုနှစ်တွင် ပုဂ္ဂလိက ဘဏ်အချို့၌ ဖြစ်ပေါ်ခဲ့သော ငွေရေး ကြေးရေး အကျပ်အတည်းတွင် ဘဏ်အချို့ ပြိုလဲမှုနှင့်အတူ ရုပ်သိမ်း ခံခဲ့ရကြောင်း သိရပါသည်။

သတင်း---Eleven Media Group

အမျိုးသားနေ့၏ ခေါင်းဆောင်ကြီး ၁၁ ဦး

w76_24_1
၁၂၈၂ ခုနှစ် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်ဦးဘဦး၏ လက်ရေးမူ

အမျိုးသားနေ့သည် ပထမအကြိမ်မြောက် ကျောင်းသားသပိတ်ကြီး ၁၉၂၀ ခုနှစ်မှ ပေါက်ဖွားလာသော လွတ်လပ်ရေး ကြိုးပမ်းချက်တစ်ရပ် ဖြစ်သည်။ ဗြိတိသျအစိုးရသည် ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဥပဒေသစ်တစ်ရပ်ကို အတည်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ယခင်က ရန်ကုန်တက္ကသိုလ်သည် အိန္ဒိယ လက်အောက်ခံ ကလကတ္တားတက္ကသိုလ် ဖြစ်ခဲ့သည်။ ဥပဒေသစ်သည် မြန်မာပြည်၌ သီးသန့်တက္ကသိုလ် တစ်ခုဖွင့်လှစ်ရန် ရည်ရွယ်ချက်နှင့် မြန်မာလူမျိုးများတက္ကသိုလ်ပညာရပ်ကို မသင်ယူနိုင်ရန် ဟန့်တားသော ဥပဒေဖြစ်သည်။  

w76_24


ထိုဥပဒေသစ်ကို ပြုပြင်ရန် ဂျီ -စီ-ဘီ-အေ ခေါ် မြန်မာပြည်လုံးကျွတ်အသင်းကြီးက တောင်းဆိုမေတ္တာရပ်ခံခဲ့သော်လည်း လက် ထောက်ဘုရင်ခံ ဆားရယ်ဂျီနယ်ကရက်ဒေါက်က လက်မခံဘဲ လျစ်လျူရှုခဲ့ပြီး ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အတည်ပြုခဲ့သည်။ ထို့ကြောင့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ လ ၂ ရက်နေ့တွင် တက္ကသိုလ် ကျောင်းသားခေါင်းဆောင်ကြီး ၁၁ ဦးတို့သည် ရွှေတိဂုံစေတီတော်ရင်ပြင် စနေထောင့်တွင် ဗြိတိသျှ အစိုးရ၏ ကျွန်သက်ရှည်ရေးပညာရေးဥပဒေ သစ်ကိုတိုက်ဖျက်ရန် ဆွေးနွေးခဲ့ကြသည်။ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက် သောကြာနေ့(ခရစ်နှစ် ၁၉၂၀ ဒီဇင် ဘာလ ၃ ရက်) နေ့တွင် ရန်ကုန် ကောလိပ်ကျောင်းသားကြီး ၁၁ ဦး တို့သည် ရန်ကုန်ယူနီဘာစီတီအက် ဥပဒေကို သပိတ်မှောက်ရန် ရွှေတိဂုံစေတီတော်ကြီး၏ ရင်ပြင်တော် စနေထောင့်တွင် သစ္စာအဓိဋ္ဌာန်ပြုခဲ့ကြသည်။

ပထမအကြိမ် ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်ကြီး၏ ကျောင်းသားခေါင်းဆောင်ကြီး ၁၁ ဦး၏ အမည်စာရင်းကို ခရစ်နှစ် ၁၉၇၀ ပြည့်နှစ် (မြန်မာနှစ် ၁၃၃၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်) နိုဝင်ဘာလ ၂၃ ရက် တနင်္လာနေ့တွင်ကျရောက်သော နှစ် ၅၀ ပြည့် ရွှေရတုအမျိုးသားနေ့တွင် ရွှေတိဂုံစေတီတော်၏ရင်ပြင်တော် စနေထောင့်၌ ကျောက်စာတိုင်စိုက်ထူ၍ ကမ္ပည်းရေးထိုး သမိုင်းမှတ်တမ်းတင်ခဲ့သည်။
'ဤနေရာကားမြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့် ကျော် ၈ ရက်နေ့က ရန်ကုန်ကော လိပ်ကျောင်းသားကြီး ၁၁ ဦးတို့ တွေ့ဆုံ၍ ရန်ကုန်ယူနီဘာစီတီအက် ဥပဒေကို သပိတ်မှောက်ရန် သစ္စာ အဓိဋ္ဌာန် ပြုသောနေရာပေတည်း။'' ကျောင်းသားကြီး ၁၁ ဦး၏အမည် များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ဘခင်
၂။ ဘိုးကွန်း
၃။ ဘဦး
၎။ အောင်ဒင်
၅။ ထွန်းဝင်း
၆။ ဖေသိန်း
၇။ ဘရှင် (သံတွဲ)
၈။ ဘရှင် (ထားဝယ်)
၉။ ကေ-ညီပိတ်
၁၀။ လှတင်
၁၁။ မောင်ဧ

စာရေးသူကျွန်တော်သည် လွန်ခဲ့သောနှစ်ပေါင်း ၃၉ နှစ်ခန့်က ခရစ်နှစ် ၁၉၇၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် (မြန်မာနှစ် ၁၃၃၄ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၉ ရက်) ဗုဒ္ဓဟူးနေ့ထုတ် ဗိုလ်တထောင်နေ့စဉ်သတင်းစာကြီးတွင် ၅၂ ကြိမ်မြောက် အမျိုးသားနေ့ အကြိုဆောင်းပါးအဖြစ် စာနယ်ဇင်းများကပြောပြနေသော အ မျိုးသားနေ့ သမိုင်းဦးဆောင်းပါးကို ရေးသားခဲ့ရာတွင် ရွှေတိဂုံရင်ပြင်တော် စနေထောင့်တွင်စိုက်ထူထားသော ရန်ကုန်ကောလိပ် ကျောင်းသား ၁၁ ဦး၏ အမည်စာရင်းနှင့် ၁၉၇၀ ခုနှစ် (မြန်မာနှစ် ၁၃၃၂ ခုနှစ်တွင်) ကျရောက်သော နှစ် ၅၀ ပြည့်နှစ် ရွှေရတုအမျိုးသားနေ့ အထူးထုတ်စာစောင်ကြီးတို့ကို အကိုးအကားပြု၍ အမျိုးသားနေ့ခေါင်းဆောင်ကြီး ၁၁ ဦး၏ အမည်ကို သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ၁၁ ဦးအကြောင်းကိုလည်း ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၀ ရက်နေ့က ကျင်းပခဲ့သောသပိတ်မှောက်ကျောင်းသားများ၏ ပြည်လုံးကျွတ်ကိုယ်စားလှယ်များ အစည်းအဝေးအပြီးတွင် ဦးသက်တင်သည် ရွှေတိဂုံဘုရားအရှေ့ဘက် ဒေါ်သင်ဇရပ်၌ ဤသို့ရေးဖွဲ့သီကုံးခဲ့၏။
'ယူနီဘာစီတီအက် မနှစ်သက် ဒို့တတွေ ပညာတတ် နည်းပစေ၊ဥပဒေ နှိမ်ချိုး ကရက်ဒေါက်ဘုရင်ခံ တည်ပြု ပြန်တင်းပ ဇွတ်တိုး နှစ်ကောလိပ် ကျောင်းသားတွေ၊ ခေါင်းဆောင်ပေ လွန်ကြိုး (ကိုအောင်ဒင်) သတိုးနှင့် အမျိုးချစ် (လှတင်) (ဘခင်) နော် (ကေ-ညီပိတ်) ဇာနည်စိတ်-ထားဝယ် (ဘရှင်)၊ သံတွဲက ရဲ (ဘရှင်) မှာ (ဖေသိန်း)တွင် (ကိုအေး) ပ၊ မနှေးလှ (ထွန်းဝင်း) လက်လေ (ဖိုး ကွန်း)တဲ့ ဟေး၊(ကိုဘဦး)လမ်းညွှန်၊ ပေတယ်သပိတ်ရွှေမှောက်ခန်းပလေး''ဟူ၍ ရေးသားဖော်ပြခဲ့ပါသည်။
၁၉၇၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် ဗိုလ်တထောင်နေ့စဉ် သတင်းစာတွင် ဤဆောင်းပါး ဖော်ပြပြီးနောက် မကြာမီရက်အတွင်း ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက် နေ့ထုတ် ဗိုလ်တထောင် သတင်းစာတွင် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်ကြီး ၁၁ ဦးအကြောင်းကို ကိုယ်တိုင်တေးထပ်ရေးဖွဲ့ခဲ့ သော ဆရာကြီးဦးသက်တင် ကိုယ်တိုင်ရေးသားခဲ့သော ဘခင်မဟုတ်သာညွန့် (ကထိကဟောင်းဦးသက်တင်) ဆောင်းပါးကို ဤသို့ ဖော်ပြပေးခဲ့ပါသည်။ ဆရာကြီးဦးသက်တင်၏ ဆောင်းပါးကို မူရင်းအတိုင်း ပြန်လည်ကူးယူတင်ပြပါမည်။
''ယင်းတေးထပ်ကို ကျွန်တော် စပ်စဉ်က အပိုဒ် ၁၁ ၌ (သာညွန့်) နော် (ကေ-ညီပိတ်) ဟု ဖွဲ့ခဲ့ပါသည်။ မြို့မဆရာဟိန်မှတစ်ဆင့် အမျိုးသား နေ့ရွှေရတုသဘင်အမှုဆောင်အဖွဲ့သို့ ထိုတေးထပ်ရောက်သွားခဲ့၏။ ထိုအဖွဲ့က (ဘခင်) နော် (ကေ-ညီပိတ်) ဟု ပြင်လိုက်ပြီး ပြန်ကြားရေးဝန်ကြီး ဌာနသို့ အပ်လိုက်သည်။ ယင်းအဖွဲ့က ပြင်ထားသည့်အတိုင်း အမျိုးသားနေ့ ရွှေရတုသဘင်အထိမ်းအမှတ် စာစောင်တွင် ထိုဌာနက ရိုက်နှိပ်ထုတ်ဝေခဲ့၏။ ယင်းစာစောင်တွင်ပါသည့်အတိုင်း လှမြင့် (ရန်ကုန်တက္ကသိုလ်) က ကျွန်တော်၏ တေးထပ်ကို သူ၏ဆောင်းပါးတွင် ကိုးကားပြလိုက်ခြင်းသာ ဖြစ်တန်ရာသည်။

ရွှေရတုအမှုဆောင်အဖွဲ့က(သာညွန့်)ကိုဖြုတ်၍ (ဘခင်) ကို အတင်းထည့်လိုက်ခြင်းကြောင့် ကျွန်တော်၏ တေးထပ်စပ်ပုံမှာ ၀က်နင်းခေါ်သော အပြစ် ဖြစ်သွားပါ၏။

'၀က်နင်း' ဖြစ်ပုံကား အပိုဒ် ၁၀ ၌ အမျိုးချစ် (လှတင်)ဟု အင်ကာရန်နှင့်ခံထားပါသည်။ ထို့ကြောင့် အပိုဒ် ၁၁ အစဖြစ်သော စကားသုံးလုံးမှာ အင် ကာရန် မသုံးရပါဘူး။ သို့သော်လည်း (ဘခင်) ဟု အင်ကာရန်ကို ယင်း အဖွဲ့ကပင် ပြင်ထည့်လိုက်၍ '၀က်နင်း' ဟူသော အပြစ်ဖြစ်သွားပါသည်။ တေးထပ် စပ်သူကျွန်တော်လည်း ညံ့သော စာဆိုဘ၀သို့ ရောက်သွားပါသည်။

အပြစ်ကင်းသောတေးထပ်စပ် ထုံးအရ အပိုဒ် ၁၀ တွင် အမျိုးချစ် (လှတင်)ဟု တက်သံ(တင်)ဟူသော ကာရန်နှင့်ခံလိုက်ပြီး အပိုဒ် ၁၁ တွင် (သာညွန့်) နော် (ကေ-ညီပိတ်)ဟု (ညွန့်) ဟူသော သက်သံသွင်းကာ တိုင်သံ ဖြစ်သည့်(ပိတ်) ဟူသော ကြားဖြည့်ကာရန်နှင့်လှည့်ပြီး အပိုဒ် ၁၂ တွင် ဇာနည်စိတ်ထားဝယ်(ဘရှင်) ဟု (စိတ်)ဟူသော စကားဖြင့်ကြား ဖြည့်ကာရန်ကိုလိုက်ကာ သတ္တမမြောက် စကားလုံးနေရာ၌ အပိုဒ် ၁၀ ၏ ပဉ္စမမြောက်စကားဖြစ်သည့် (တင်)ဟူသောအခံကာရန် ကို(ရှင်) ဟူသော စကားနှင့် ကာရန်အုပ်လျက် ကျွန်တော်စပ်ထားပါသည်။
တေးထပ်စပ်ရာတွင် တိုင်သံ တက်သံ သက်သံ၊ နိမ့်သံများကိုနေ ရာမှန်ကန်အောင်ထားလျက် အခံ၊ အအုပ်၊ အကြားဖြည့် ကာရန်များကိုလည်း ယင်းတို့၏ နေရာမှန်များမှာ သွင်းတတ်ပါမှ တေးသီချင်းကောင်း ပီသနိုင်ပါ၏။ အသံနှင့် ကာရန်အနေအထား ချွတ်ယွင်းလျှင် တေးပျက်သွားစေတော့သည်။

၁၉၇၀ ခုနှစ် အမျိုးသားနေ့ထုတ် လုပ်သားနေ့စဉ်သတင်းစာ အချပ်ပို(ခ)မျက်နှာ အမျိုးသားနေ့ သမိုင်းဆောင်းပါးတွင် ယင်းတေးထပ် ပါရာ၌ ကျွန်တော်မူလစပ်ရင်းအတိုင်း (သာညွန့် နော် ကေ-ညီပိတ်) ဟု ပါပါသည်။ ထိုဆောင်းပါးနှင့် ရွှေရတုသဘင်အထိမ်းအမှတ် စာစောင်နှစ် ခုလုံးကို ဖတ်မိသူများက တေးထပ်တစ်ပုဒ်တည်းကို ဖော်ပြရာ၌ ဆောင်းပါးတွင် (သာညွန့်) စာစောင်မှာ (ဘခင်) ဟုဆိုသော လျှာနှစ်ခွ သမိုင်းစာပြုဆရာဟု ကျွန်တော့်ကို ယူဆကြပေမည်။ ထိုသို့သောလူစားမျိုး ကျွန်တော်မဟုတ်ပါ။ အမှုဆောင်အဖွဲ့က တစ်ဖက်သတ် ပြင်ထည့်လိုက်ခြင်းကြောင့် လျှာနှစ်ခွ စာရေးဆရာတစ်ဦး ပုံပေါက်သွားပါသည်။

ယင်းအဖွဲ့ကပြင်လိုက်ခြင်းသည် မသင့်လျော်ပါ။ (သာညွန့်)ဟူသော အမည်တွင် ခရေပွင့်အမှတ်အသားပြပြီးလျှင် အောက်ခြေမှတ်ချက်၌ (သ ပိတ်မှောက်ခေါင်းဆောင်ကြီး ကိုဘဦးက ဘခင်ဟုဆိုသည်ဟု ဖော်ပြမှသာလျှင် နည်းလမ်းကျပေမည်။

သမိုင်းဟူသည် ဖုံးကွယ်၍မရသော အမှန်တရားဖြစ်သောကြောင့် အချက်အလက်များ၊ အကြောင်းအရာများ၊ ဖြစ်စဉ်များ၊ ပုဂ္ဂိုလ်ရေးရာများကို မှန်ကန်တိကျစွာ အကိုးအကားအထောက် အထားများခိုင်မာစွာ သုတေသနပြုဖော်ထုတ်ရန်နှင့်  . . .

ကျွန်တော်ရေးစပ်စဉ်က(ဘခင်)  မဟုတ် (သာညွန့်)ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ သမိုင်းဟူသည် ခေတ်၏ ကြေးမုံပြင်ဖြစ်သည်။ မိမိနိုင်ငံနှင့် လူမျိုး၏ သမိုင်းကြောင်းကို သိရှိနားလည်ခြင်းမရှိသော လူမျိုးသည် မိမိကိုယ်ကိုမိမိ မည်သို့သောအခြေအနေ၊ အဆင့်အတန်းရောက်ရှိနေသည်ကို မသိတတ်သော၊ နားမလည်သောသူနှင့် တူသည်။ သမိုင်းဟူသည် ဖုံးကွယ်၍မရသော အမှန်တရားဖြစ်သောကြောင့် အချက်အလက်များ၊ အကြောင်းအရာများ၊ ဖြစ်စဉ်များ၊ ပုဂ္ဂိုလ်ရေးရာများကို မှန်ကန်တိကျစွာ အကိုးအကား အထောက်အထားများ ခိုင်မာစွာ သုတေသနပြုဖော်ထုတ်ရန်နှင့် တစ်ဆင့်ကြားစကား၊ တစ်ဆင့်ပြောစကားများဖြင့် အလွယ်တကူ ရေးသားမှတ်တမ်းတင်ရန် မပြုသင့်ကြောင်းနှင့် မျက်မှောက်ခေတ်၏ မြန်မာနိုင်ငံရေးသမိုင်းဖြစ်စဉ်များနှင့် မြန်မာ့နိုင်ငံရေးခေါင်းဆောင်ကြီးများ၏ အကြောင်းအရာအတ္ထုပ္ပတ္တိများ ပြုစုရေးသားနေကြသော စာပေပညာရှင်များ အလေးအနက် သတိပြုသင့်လှပေသည်။

ကျမ်းကိုး
- အမျိုးသားနေ့ ရွှေရတုသဘင် အထိမ်းအမှတ်စာစောင် (၁၉၇၀ ခုနှစ်)
- မြန်မာ့ရေးရာသုတပဒေသာ(မောင် ဇနိယ)
- ဘခင် (သို့မဟုတ်) သာညွန့် (ကထိကဟောင်း ဦးသက်တင်) ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက် ဗိုလ်တထောင်သတင်းစာ
- စာနယ်ဇင်းများက ပြောပြနေသော အမျိုးသားနေ့သမိုင်းဦး (လှမြင့်- ရန်ကုန်တက္ကသိုလ်) ၁၉၇၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် ဗိုလ်တထောင်သတင်းစာ။

ယာဉ်တိုက်မှုများ ယခင်ထက် ပိုမိုများပြားလာ

ခရီးသည်တင် ယာဉ်လိုင်းများ မှ ခေါက်ရေပြည့်မီရေးအတွက် အပြိုင်အဆိုင် အလုအယက် မောင်းနှင်လာမှုကြောင့် ဖြစ်ပွားရသည့် ယာဉ်တိုက်မှုမှာ ယခင်ထက် ပိုမိုများပြားလာကြောင်း ယာဉ်တိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ သုံးသပ်သူများက ဆိုပါသည်။
ယာဉ်မတော်တဆ ဖြစ်စဉ်များတွင် မဆင်မခြင်မောင်းနှင်မှု၊ အရှိန်ပြင်းစွာ မောင်းနှင်မှု၊ ခရီးသည်ပေါ့ဆမှု၊ လမ်းကူးသူပေါ့ဆမှု၊ အနှေးယာဉ်ကြောင့်ဖြစ်ပွားမှု၊ ယာဉ်မောင်း မကျွမ်းကျင်မှု၊ ယာဉ်မောင်းလိုင်စင် မရှိမှု၊ စက်ကိရိယာကြောင့် ဖြစ်ပွားမှု၊ အရက်သေစာ သောက်စားမှု၊ ရာသီ ဥတုကြောင့် ဖြစ်ပွားမှုနှင့် လမ်းမကောင်းမှု တို့ကြောင့် ဖြစ်ပွားကြခြင်းများဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်စဉ် အများစုမှာ မဆင်မခြင်မောင်းနှင်မှု၊ အရှိန်ပြင်းစွာ မောင်းနှင်မှုနှင့် လမ်းကူးသူပေါ့ဆမှု တို့ကြောင့် ဖြစ်ပွားမှုများဖြစ်ကြောင်း သိရှိရပါသည်။
“ခရီးသည်တင်ယာဉ်တွေကို သက်ဆိုင်ရာ ယာဉ်လိုင်းတွေကနေ တစ်နေ့ကို ဘယ်နှခေါက်ပြည့်အောင် ပြေးဆွဲပေးရမယ်ဆိုတာ သတ်မှတ်ထားတာတွေ ရှိပြီး တစ်လိုင်းနဲ့ တစ်လိုင်းကတော့ ခေါက်ရေသတ်မှတ် ချက်မတူကြပါဘူး။ အဲဒီအပြင် ယာဉ်တစ်စီးနဲ့တစ်စီး ဂိတ်ကနေ ခွာထွက်ရမယ့် အချိန်ကိုလည်း တချို့ယာဉ်လိုင်းတွေက စနစ်တကျ သတ်မှတ်ချက်တွေရှိသလို တချို့လိုင်းတွေ  ကျတော့လည်း ကြပ်ကြပ်မတ်မတ် မထိန်းချုပ်နိုင်တဲ့အတွက် တစ်စီးနဲ့ တစ်စီး နီးကပ်ပြီးတော့ ခရီးသည် လုတင်ကြတဲ့အတွက် ယာဉ်အပြိုင်အဆိုင် မောင်းနှင်ကြတာကြောင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ဆိုတာ တွေကိုလည်း ထည့်မတွက်ကြတော့ဘူး။ ပြီးတော့သတ်မှတ်ထားတဲ့ ခေါက်ရေပြည့်မီအောင် ပြေးဆွဲပေး ရတဲ့အတွက်လည်း ယာဉ်တိုက်မှုတွေ ဖြစ်ပွားရတာပါ”ဟု မထသ(ဗဟို) မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
764
၂၀၀၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် အထိ ဆယ်စုနှစ်တာ ကာလအတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု ဖြစ်စဉ်များကို လေ့လာကြည့်ပါက ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း၌ ယာဉ်မတော်တဆမှုပေါင်း ၉၀၇၅ မှုဖြစ်  ပွားခဲ့ပြီး သေဆုံးသူ ၁၃၈၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁၄၇၄၈ ဦး တို့ရှိခဲ့ကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ တရားဝင်ထုတ်ပြန်ချက်များအရ သိရှိရပါသည်။
“ယာဉ်တိုက်မှုဖြစ်ရင် အမှုစစ်တဲ့အခါမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သက်သေခံ ပစ္စည်းအနေနဲ့ လိုအပ်ရင်တိုက်တဲ့ ကားကိုသိမ်းဆည်းထားပါတယ်။ ဘာကြောင့်လဲဆိုတော့ တရားရုံးမှာ အမှုရင်ဆိုင်တဲ့ အခါ သက်သေခံပစ္စည်း တောင်းရင် အဲဒီကားကိုပြရတဲ့ အတွက်ကြောင့်ပါ။ နောက်မှ အာမခံနဲ့ပြန်ရွေးတဲ့အခါ  ကျမှ အဲဒီယာဉ်ကို ယာဉ်ပိုင်ရှင်ထံ ပြန်ပေးပါတယ်”ဟု မထသ(ဗဟို)မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောပြခဲ့ပါသည်။
တစ်စီးနှင့်တစ်စီး အပြိုင်အဆိုင် မောင်းနှင်ကြသည့် ခရီးသည်တင်ယာဉ်များမှာ သတ်မှတ်ထားသည့် မှတ်တိုင်များတွင် ခရီးသည်အတင်အချ ပြုလုပ်ခြင်းများမရှိဘဲ မှတ်တိုင် ၀န်းကျင်နှင့် နီးစပ်ရာများတွင်သာ အလျင်စလိုပြုလုပ်ခြင်းများလည်း ရှိနေကြကြောင်း သိရှိရပါသည်။
“ယာဉ်တိုက်မှုတွေ ဖြစ်တဲ့အခါ မှာ နှစ်ဦးနှစ်ဖက် အဆင်ပြေဖို့အတွက် ယာဉ်မှုစစ်ရုံးမှာ ယာဉ်ပိုင်ရှင်တွေကို ခေါ်ယူညှိနှိုင်းပေးပါတယ်။  အတတ်နိုင်ဆုံးတော့ ညှိပေးပါတယ်။ ဒါပေမယ့် အချို့ယာဉ်တွေက ကားလိုင်စင်ဝင်ကတည်း ကားအာမခံထားရှိ ထားပါတယ်။ အာမခံထားကြတဲ့ ကားတွေကတော့ ယာဉ်မတော်တဆမှုတွေ ဖြစ်တယ်ဆိုတာနဲ့ သက်ဆိုင်ရာ ဌာနကနေ လျော်ကြေးပေးတဲ့အတွက်  တစ်ဖက်က နစ်နာတဲ့သူတွေကိုပြန်ပြီးတော့ လျော်ကြေးပေးနိုင်တယ်။ ဒါကြောင့် ကိုယ်ပိုင်ကားစီးနိုင်တဲ့သူ တွေအနေနဲ့ ဒီလိုပြဿနာတွေဖြစ်တဲ့ အခါဖြေရှင်းဖို့အတွက် အာမခံထား ရှိဖို့ လိုအပ်တယ်လို့ အကြံပြုချင်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး၊ ယာဉ်မှုစစ်ရုံးမှ တာဝန်ရှိသူတစ်ဦး က ပြောပြခဲ့ပါသည်။
ယာဉ်မတော်တဆ ဖြစ်စဉ်များ နှင့်စပ်လျဉ်း၍ ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့၊ မွန်းတည့်  ၁၂ နာရီခန့်က ပြည်လမ်းနှင့် ရှင်စောပုလမ်းဆုံ မီးပွိုင့်၌ ၅၁ ယာဉ် လိုင်းမှ ခရီးသည်တင် ယာဉ်တစ်စီး သည် ကိုယ်ပိုင်ယာဉ်လေးစီး၊ ခရီးသည်တင်ယာဉ်တစ်စီးနှင့် ဌာနပိုင် ယာဉ်တစ်စီးတို့ကို တိုက်မှုဖြစ်ပွား ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ယင်းယာဉ်တိုက်မှုတွင် ပါဝင်အတိုက်ခံခဲ့ရသည့် ယာဉ်ပိုင်ရှင်တစ်ဦး ဖြစ်သူ ဦးအောင်မြင့်က “ယာဉ်အတိုက်ခံရတဲ့ အထဲမှာ ကျွန်တော့် ကိုယ်ပိုင်ကားလည်းပါပြီး ယာဉ်မောင်းကတော့ ခေါင်းကွဲသွားလို့ ၁၇ ချက် ချုပ်လိုက်ရတယ်။ နိုဝင်ဘာလ ၁ ရက် နေ့မှာ ယာဉ်မှုစစ်ရုံးက အချင်းချင်း ပြေလည်အောင်ညှိနှိုင်းဖို့ ခေါ်ပေမယ့် ညှိလို့ အဆင်မပြေခဲ့ဘူး။ ဒါ့ကြောင့် တရားဥပဒေအတိုင်းပဲ ဆက်လုပ် သွားဖို့စီစဉ်ထားပါတယ်။ အခုယာဉ်တိုက်မှုမှာ စတိုက်တဲ့ဘက်ရဲ့ ယာဉ်ပိုင်ရှင်က တစ်ဖက်က နစ်နာသွားတဲ့ ယာဉ်တွေအပေါ် ကျေအေးပေးဖို့ တောင်းဆိုတာမရှိသလို နစ်နာကြေး ပေးလျော်မှုလည်းမရှိပါဘူး။ အခု ယာဉ်တိုက်မှုမှာလည်း ၅၁ ယာဉ်က မီးနီကိုဖြတ်ပြီး ယာဉ်ကြောလုမောင်း ရာကနေစဖြစ်တာပါ။ ဒါကြောင့် ယာဉ်တိုက်မှုဖြစ်စဉ်ဖြစ်ပြီဆိုရင် ယာဉ်မောင်းကို အရေးယူသလို ယာဉ် ပိုင်ရှင်ကိုလည်း နစ်နာတဲ့ ယာဉ်တွေ အပေါ် တာဝန်ယူစေချင်ပါတယ်။ ဘာလို့လည်းဆိုတော့ အခုနောက်ပိုင်း မှာယာဉ်ပိုင်ရှင်တွေက ယာဉ်မောင်း ကျွမ်းကျင်တာထက် မောင်းနိုင်၊ မောင်းရဲတဲ့သူကို ပိုသဘောကျကြတာကို တွေ့ရတယ်။ ဒါကြောင့် နိုင်ငံ တော်ကလည်း ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ပိုပြင်းထန်တဲ့ဥပဒေကို ပြင်ဆင်ပြီး ယာဉ်ပိုင်ရှင်ကိုပါ တိတိကျကျ အရေးယူသင့်ပါတယ်” ဆိုပါသည်။
 သတင်း---Eleven Media Group

မြန်မာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၀င်ခွင့်ပြန်ရ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ပြစ်ဒဏ်ချမှတ်ခံထားရသော မြန်မာဘောလုံးအသင်း ကို၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ၀င်ခွင့်ပြန်လည် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း FIFA ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ဇူလိုင်လအတွင်းက ရန်ကုန်မြို့တော်တွင် ကျင်းပခဲ့သည့် မြန်မာနှင့် အိုမန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပရိတ်သတ်အချို့၏ ဆူပူမှုကြောင့် ပွဲရပ်နားလိုက်ရသဖြင့် FIFA က မြန်မာအသင်းကို ခြေစစ်ပွဲဝင်ခွင့်ပိတ်ပင်ခဲ့ပြီး ဒဏ်ငွေပေးဆောင်ရန် သတ်မှတ်ခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယင်းကိစ္စကို FIFA ထံ အသနားခံစာ တင်ပြီးနောက်  ခြေစစ်ပွဲဝင်ခွင့်ပြန်လည် ခွင့်ပြုလိုက်ပြီး ဒဏ်ငွေကိုမူ မူလအတိုင်း ဆွစ်ငွေ ၂၅၀၀၀ (အမေရိကန်ဒေါ်လာ ၂၈၀၀၀ ခန့်) ပေးဆောင်ရန်သတ်မှတ်ခဲ့သည်။

မြန်မာအသင်းအနေနှင့် ထိုသို့ဝင်ခွင့်ပြန်လည်ရရှိသော်လည်း ခြေစစ်ပွဲအသီးသီး၌ အိမ်ကွင်းကို အခြားနိုင်ငံတစ်ခု (ကြားကွင်း) တွင် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း FIFA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာအသင်းသည် ယင်းပွဲစဉ်တွင် အိုမန်ကို ၂ ဂိုး ဂိုးမရှိ ဖြင့် အရှုံးပေးခဲ့ရသဖြင့် နှစ်ကျော့ပေါင်း ၄ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ကာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် စွန့်လွတ်ခဲ့ရပြီးဖြစ်သည်။

သတင်း---The Voice Weekly

CNP က ဘိန်းနှိမ်နှင်းရေး ကော်မတီဖွဲ့ရန် လွှတ်တော်ကို အဆိုတင်မည်

ချင်းအမျိုးသားပါတီ (CNP)က ချင်းပြည်နယ်တွင် ဘိန်းနှိမ်နှင်းရေးအတွက် ကော်မတီတရပ်ဖွဲ့စည်းရန် လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းမည်ဟုသိရသည်။
ဘိန်းနှိမ်နှင်းရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေးခေါင်း ဆောင်များ၊ ယူအဲန်ကိုယ်စားလှယ်များ၊ တတ်သိပညာရှင်များပါဝင်သော ကော်မတီတရပ်ကို အမြန်ဆုံးဖွဲ့စည်းရန် ပြည် နယ်လွှတ်တော်အစည်းအဝေးသို့ တင်သွင်းသွားမည်ဟု CNP ပါတီအထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်းကပြောဆိုလိုက်ခြင်းဖြစ်သည်။
ချင်းပြည်နယ်တွင် လွှန်ခဲ့သော ၂၀၀၆ ခုနှစ်ခန့်ကစပြီး အိန္ဒိယ-မြန်မာနယ်စပ်တွင် အခြေစိုက် နေကြသော မဏိပူရ သူပုန် များကနယ်မြေခံအာဏာပိုင်များ နှင့် အပေးအယူလုပ်ကာ ဘိန်းစိုက်ပျိုးမှုကို ပေါ်တင်လုပ်ဆောင်လာခဲ့ကြသည်။
အဓိကစိုက်ပျိုးသောနေရာမှာ ချင်းပြည်နယ်အထက်ပိုင်း တွန်းမြို့နယ် နှင့် ကျီခါးမြို့နယ်တို့ဖြစ်သည်။
နောက်ပိုင်းတွင် ဒေသခံများကလည်း တောင်ယာလုပ်ငန်းအစား ဘိန်းစိုက်ပျိုးမှုကိုကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာခဲ့ ကြပြီး ယခုအခါ အဆိုပါဒေသတွင် ဘိန်းစိုက်ဧက ၁၀၀၀ ခန့်ရှိနေပြီး လူငယ်များဘိန်းသုံးစွဲမှု ပိုမိုများပြားလာခဲ့သည်ဟု ဘိန်းစိုက် ခင်းကို လေ့လာနေသူ တဦးကပြောသည်။
ဝန်ကြီးချူပ်ဦးဟုန်းငိုင်းဦးဆောင်သော ချင်းပြည်နယ်အစိုးရကလည်း ယင်းကိစ္စကို ဖြေရှင်းရန်အတွက် ပြီးခဲ့သည့် အောက် တိုဘာ ၂၈ ရက် ၂၉ ရက်နေ့က တွန်းဇံမြို့ နှင့် ကျီခါးမြို့တွင် ဘိန်းမျိုးစေ့အပ်နှံပွဲ နှင့်ပညာပေးဟောပြောပွဲကျင်းပခဲ့သည်။
တွန်းဇံမြို့ ရွှေပြည်ခန်းမတွင် ကျင်းပသော ဘိန်းမျိုးစေ့အပ်နှံပွဲတွင် ၀န်ကြီးချူပ် ဦးဟုန်းငိုင်း အပါအ၀င် ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ဦးကြည်လင်း တို့ကိုယ်တိုင်တက်ရောက်ခဲ့ကြပြီး ဘိန်းတောင်သူများက ဘိန်းမျိုးစေ့ ပြည်(၈၀) (ကီလိုအားဖြင့် ၁၁၅.၂) လာရောက်အပ်နှံကြကြောင်း၊ ကျီခါးမြို့တွင်လည်း ဘိန်းတောင်သူများက ဘိန်းမျိုးစေ့ ပြည် (၉၀) ခန့် အပ်နှံခဲ့ကြကြောင်း Chin Worldသတင်းတွင်ဖော်ပြထားသည်။
ယခုကဲ့သို့ ပြည်နယ်အစိုးရက ဘိန်းပပျောက်ရေးအတွက် ဘိန်းမျိုးစေ့အပ်နှံပွဲကျင်းပခြင်းသည် ၀မ်းသာစရာဖြစ် သော်လည်းအားရမှုမရှိကြောင်း ဆလိုင်းကျဲအို ဘိခ်ထောင်းကပြောသည်။
‘‘ များတာနည်းတာဘဲဖြစ်ဖြစ် အပ်နှံတာကတော့ ကောင်းပါတယ် အဓိကတော့ ဘယ်လောက် ပမာဏစိုက်ပြီးတော့ ဘယ်လောက်ပမာဏအပ်နှံသလဲ၊ အဲဒီအပ်နှံတဲ့ ဘိန်းတွေဟာဘယ်မှာသွားသလဲ၊ အစိုးရက ဘယ်လိုကိုင်တွယ်သလဲ၊ မီးရှိုးဖျက်ဆီးတာလား အဲဒါတွေရှင်းရှင်းလင်းလင်းသိဖို့လိုတယ်လေ၊ ပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ်’’ဟု သူကပြော သည်။
ချင်းပြည်နယ်၏ ဘိန်းကိစ္စကို ယခုလို ဘိန်းမျိုးစေ့အပ်နှံပွဲကျင်းပပေးရုံနှင့် ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း၊ ကော်မတီတရပ် ဖွဲ့စည်းကာ ဘိန်းစိုက်ပျိုးမှုအခြေအနေ လူငယ်ထုအကြား ဘိန်းသုံးစွဲအခြေအနေများကို စနစ်တကျ အရင်လေ့လာပြီး မည်သို့ဖြေရှင်းရမည်ကို ၀ိုင်းဝန်းစဉ်းစားအဖြေရှာရမှာဖြစ်ကြောင်း ဆလိုင်းကျဲအိုဘိခ်ထောင်းကပြောသည်။

သတင်း---Khonumthung News Group

The Voice 7-47 နိုဝင်ဘာ-၇ ရက်နေ့

The Voice 7-47

နိုဝင်ဘာ ၇ ရက်နေ့ထုတ် Weekly Eleven သတင်းဂျာနယ် အတွဲ (၇) အမှတ် (၆)

နိုဝင်ဘာ ၇ ရက်နေ့ထုတ် Weekly Eleven သတင်းဂျာနယ် အတွဲ (၇) အမှတ် (၆) Weekly Eleven Vol 7 No 6

အောက်တိုဘာ ၃၁ ရက်နေ့ထုတ် Weekly Eleven သတင်းဂျာနယ် အတွဲ (၇) အမှတ် (၅)

အောက်တိုဘာ ၃၁ ရက်နေ့ထုတ် Weekly Eleven သတင်းဂျာနယ် အတွဲ (၇) အမှတ် (၅) Weekly Eleven Vol 7 No 5

မကွေးတိုင်း ရေဘေးသင့်ပြည်သူတွေကို NLD သွားရောက်ကူညီနေ

ဗဟိုအလုပ်အမူ့ဆောင် အဖွဲ့ဝင် ဦးအုံးကြိုင်နဲ့ အဖွဲ့
အောက်တိုဘာ ၁၇,၁၈,၁၉ ရက်နေ့များက မုန်တိုင်းမိုးကြောင့် ရေဘေးသင့်ခဲ့ရတဲ့ မကွေးတိုင်း ပခုက္ကူခရိုင် ပခုက္ကူမြို့နယ် ၊ပေါက်မြို့နယ် ၊ဆိတ်ဖြူမြို့နယ် ၊မြိုင်မြို့နယ် အတွင်းရှိ ရေဘေးဒုက္ခသည်တွေကို ဗဟိုအလုပ်အမူ့ဆောင် အဖွဲ့ဝင် ဦးအုံးကြိုင်နဲ့ အဖွဲ့က မကွေးတိုင်း စည်းကော်မတီဝင်များနဲ့ ညှိုနှိုင်းကာ ကယ်ဆယ်ရေး လုပ်ငန်းများ အောက်တိုဘာ ၂၆ ရက်နေ့မှ စတင်ဆောင်ရွက်နေလျှက်ရှိပါတယ်။ ပခုက္ကူမြို့မှာ ရပ်ကွက် (၂)နဲ့ (၃) တို့ရဲ့ အိမ်ခြေ ၄၀၀ နီးပါး ရေတိုက်စားမျောပါသွားခဲ့ပြီး သေဆုံးသူ ၁၂၀ ကျော် ရှိခဲ့ပုံ ၊ ဒုက္ခသည် အိမ်ထောင်စု ၅၅၀ ကျော်တို့ မြို့ပေါ်က ဘုန်းတော်ကြီးကျောင်း ၃ခုမှာ ခိုလှုံနေကြရပုံ ၊ ပေါက်မြို့နယ်မှာ ရွာပေါင်း (၃၁) ရွာ ရေဘေးသင့်ခဲ့ပြီး သေဆုံးသူ (၆၀)ကျော် နဲ့ ဒုက္ခသည် ၂၀၀၀၀(နှစ်သောင်း) နီးပါးရှိနေပုံ ၊ ဆိတ်ဖြူ မြို့နယ်မှာ ရွာပေါင်း (၂၉) ရွာ ရေတိုက်စားလွှမ်းမိုးခံရပြီး သေဆုံးသူ ၂၀ နီးပါးရှိကာ ဒုက္ခသည် ၃၀၀၀၀ (သုံးသောင်း)ခန့် အခက်အခဲကြုံတွေ့နေရပုံ ၊ အဲဒီမြို့နယ် ၂ခုမှာ ယခုတိုင် လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်နေပုံ တို့ကိုဆွေးနွေးကြပါတယ်။ ဦးအုံးကြိုင်နဲ့ မကွေးတိုင်းစည်းကော်မတီဝင် များဟာ ပခုက္ကူမြို့ မတ်တထောင်ကျောင်းတိုက်၊ မဟာဝိသုတာရာမကျောင်းတိုက်၊ မိုးကုတ်ကျောင်းတိုက် တို့မှာ ခိုလှုံ နေကြတဲ့ ရေဘေးဒုက္ခသည် အိမ်ထောင်စု (၅၅၁)စု တို့ကို တအိမ်ထောင် ဆန် ၄ပြည်နဲ့ ငွေကျပ် ၃၀၀၀(သုံးထောင်) စီ ကိုယ်တိုင်ကိုယ်ကျ ပေးလှူခဲ့ပါတယ်။ အောက်တိုဘာ ၂၇ ရက်နေ့မှာ ပေါက်မြို့နယ် ရေပြာချောင်းဝရှိ သမားတောင်ရွာ၊ အောင်ချမ်းသာရွာများကို သွားရောက်ပြီး ရွာဦးဘုန်းကြီးကျောင်းက ဒုက္ခသည် အိမ်ထောင်စု (၁၂၆) စု တို့ကို ဆန် ၄ပြည်နဲ့ ယမ်ယမ် ခေါက်ဆွဲခြောက် ၇ထုပ်စီ ဒုက္ခသည်များ လက်ဝယ် အရောက်ပေးလှူခဲ့ပါတယ်။ အိမ်လုံးဝ ပျက်ဆီးသွားတဲ့ အိမ်ထောင်စု ၁၇ စုကို ထောက်ပံ့ငွေ ကျပ်သုံးသောင်း(၃၀၀၀၀) စီ ပေးလှူခဲ့ပါတယ်။ အောက်တိုဘာ ၂၈ရက်နေ့မှာ ပေါက်မြို့နယ် ဆင်သေရွာက ဒုက္ခသည်တွေ ခိုလှုံနေရာ ရေပြာရွာက ဘုန်းတော်ကြီးကျောင်းကို သွားရောက်ပြီး ဒုက္ခသည်မိသားစု တစုကို ခေါက်ဆွဲခြောက် ၆ ထုပ်စီ ပေးဝေ ထောက်ပံ့ခဲ့ပါတယ်။ မြိုင်မြို့နယ် ရေဘေးဒုက္ခသည်များကို အောက်တိုဘာ ၂၉ ရက်နေ့က မကွေးတိုင်းစည်း ဦးလှိုင်အေး နှင့် ဦးပိုက်ကို တို့အဖွဲ့က မြို့နယ်ခေါင်းဆောင်များနှင့် ပူးတွဲပြီး အစားအသောက်နဲ့ ငွေကြေးများ မျှဝေထောက်ပံ့ ခဲ့ပါသးတယ်။ မကွေးတိုင်းမှာ နှစ်ပေါင်း ၅၀ အတွင်း မကြုံဖူးလောက်အောင်ဆိုးရွားတဲ့ တောင်ကျရေနဲ့ သဲနှုန်း များ ဖုံးလွှမ်းမူ့ကြောင့် ကြုံတွေ့ရတဲ့ ရေဘေးမှာ ပျက်စီးဆုံးရှုံးမှု အလွန်ကြီးမားပြီး အရေးပေါ်ကယ်ဆယ် ကူညီရေးအတွက် ငွေကြေးနှင့်ပစ္စည်းများ အပူတပြင်း လိုအပ်လျှက်ရှိ နေသေးတယ်။ စေတနာရှင်များက ငွေကြေးများ၊ အ၀တ်အထည်များ၊ စောင် ၊ခြင်ထောင်များ အဖွဲ့ချုပ် ဌာနချုပ်ရုံးကို နေ့စဉ် လာရောက်လှူဒါန်း လျှက်ရှိပါတယ်။ လှူဒါန်းရရှိတဲ့ ငွေများ ၊ပစ္စည်းများကို အဖွဲ့ချုပ်က မကွေးတိုင်း ကယ်ဆယ်ရေး အဖွဲ့ဝင်များ ဖြစ်ကြတဲ့ ဦးလှိုင်အေး(ပခုက္ကူ)နဲ့ ဒေါက်တာကြည်မင်း(ပခုက္ကူ) ဆီကို ချက်ခြင်း ပေးပို့ ဖြန့်ဝေ ကူညီလျှက်ရှိတယ်လို့ သိရပါတယ်။
By: National League for Democracy

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွား

ကချင်ပြည်နယ်အတွင်း နေရာ အတော် များများမှာ နိုဝင်ဘာ ၆ ရက်ကစပြီး တိုက်ပွဲတွေ အပြင်းအထန်​ ​ဖြစ်ပွားနေတယ်လို့ ကေအိုင်အို ပြောခွင့်ရ ဦးလနန်းက ပြောပါတယ်။
“အဓိက ဖြစ်တာက ၀ိုင်းမော်မြို့ အထက်ပေါ့။ အဲဒီမှာ စစ်ကြောင်းတခု ၀င်ပြီး ရွာကို မီးရှို့တာတွေ လုပ်တယ်။ နောက်တခုက  ဂါးယန်ဘက်မှာလည်း ဖြစ်တယ်ဗျ။ ဂါးယန်ဘက်က တနေကုန် မနက်ညသန်ခေါင်းယံအထိ ဖြစ်တယ်။ နောက်နေ့မနက် မိုးလင်းတာနဲ့ ပြန်ဖြစ်တယ်။ တပ်မဟာ ၃ ဘက်မှာလည်း ဖြစ်နေတယ် ပြောတယ်။ ဒီနေ့မနက်ကစပြီး သေနတ်သံတွေ မြည်နေကြပြီ။”
အစိုးရစစ်တပ်က တပ်မတွေနဲ့ နယ်မြေခံတပ်တွေ ပူးပေါင်းပြီး နိုဝင်ဘာ ၆ ရက်မှာ ပူးပေါင်းစစ်ဆင်ရေးလုပ်တာလို့ ဆိုပါတယ်။ ကေအိုင်အိုက ရရှိထားတဲ့ သတင်းတွေအရ ကချင်ပြည်နယ်ထဲ အစိုးရစစ်တပ်က တပ်မ ၈၈ အပါအ၀င် တပ်မတွေ ထပ်တိုးချထားပြီး ခန့်မှန်းခြေ တပ်အင်အား နှစ်ထောင်လောက်နဲ့ စစ်ဆင်ရေး လုပ်မယ်လို့ သိရပါတယ်။
အစိုးရက တဘက်က ငြိမ်းချမ်းရေး စကားပြောနေပြီး တဘက်က ခုလို
ထိုးစစ်ဆင်နေတဲ့အပေါ် ဦးလနန်းက ခုလို မှတ်ချက်ပေး ပြောပါတယ်။
“သူတို့ လုပ်နေတဲ့ကိစ္စ အပစ်အခတ် ရပ်စဲရေးတွေ လုပ်မယ်။ ဆက်ဆံရေးရုံးတွေ ပြန်ဖွင့်မယ်။ နောက်ပြီးတော့ တဖက်နဲ့တဖက် နေရာသတ်မှတ်မယ်။ သွားလာတာ ကြိုတင်သတင်းပေးပြီး လုပ်ကြမယ်။ ဒေသဖွံ့ဖြိုးရေးကို ၀ိုင်းဝန်းပြီး စုပေါင်းလုပ်ကြမယ်ဆိုတဲ့သဘောပေါ့။ ဒီကာလ ဒီလိုမျိုးကတော့ ကျနော်တို့ ၁၇ နှစ် လုံးလုံး ကျနော်တို့ ကျော်ဖြတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် နိုင်ငံရေးနည်းလမ်းနဲ့ ဘယ်တော့အခါမှ ပြောဆိုဆွေးနွေးတာမျိုး မပေါ်ခဲ့ဘူး။ အခုလည်း အဲပုံစံလုပ်တဲ့အနေနဲ့ ထိုးစစ်ကို အရှိန်မြင့်ပြီး လုပ်လာတဲ့ ကိစ္စလို့ ပြောလို့ရပါတယ်ခင်ဗျ။”
ကချင်ပြည်နယ်ထဲ ပြီးခဲ့တဲ့ ဇွန်လကတည်းက အစိုးရတပ်နဲ့ ကချင် လွတ်မြောက်ရေးတပ် ကေအိုင်အေတို့ တိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။
ပြီးခဲ့တဲ့ အပတ်ထဲ ပြုလုပ်တဲ့ လွှတ်တော်ထဲ ကချင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စ ကိုယ်စားလှယ်တဦးက မေးတာကို နယ်စပ်ဒေသ လုံခြုံရေးဝန်ကြီးက​ ​ပြန်လည်​ ​ဖြေကြားရာမှာ ကေအိုင်အေက ခုချိန်ထိ မိုင်းထောင်၊ လူသတ် လုပ်နေတုန်းလို့​ ​ပြောကြားခဲ့ပါတယ်။ 

သတင်း---ဒီဗွီဘီ

ထိုင်းနိုင်ငံရေကြီးမှု သေဆုံးသူ ၅၀၀ ကျော်ပြီ

ဘန်ကောက်မြို့က ရေလျှံနေတဲ့လမ်းမတွေပေါ်မှာ သွားလာနေကြသူတချို့ (နိုဝင်ဘာလ ၆၊ ၂၀၁၁)
ထိုင်းနိုင်ငံမှာ အနှစ် ၅၀ အတွင်း အဆိုးရွားဆုံးဖြစ်ပေါ်နေတဲ့ ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူဦးရေဟာ ၅၀၀ ကျော်သွားပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ တဖြည်းဖြည်းတက်လာနေတဲ့ရေဟာ ဘန်ကောက်မြို့ပြင်က နံမည်ကြီး Chatuchak လေဟာပြင်ဈေးကိုပါ ခြိမ်းခြောက်လာနေပြီလို့ ဆိုပါတယ်။
ဘန်ကောက်မြို့ပြင် အဝေးပြေးကားဂိတ် မိုချစ်ကားဂိတ် ကောင်းကင်ရထားမှတ်တိုင်အောက် တမင်မြင့်အောင် ဆောက်ထားတဲ့ လမ်းမပါ ရေမြှုပ်တော့မယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ ဘန်ကောက်မြို့လယ်မှာ ခဏတာ အနည်းအကျဉ်းတော့ ရေကြီးနိုင်တယ်လို့ ဘန်ကောက်မြို့သားတွေကို ၀န်ကြီးချုပ်က စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
သဲအိတ်အများအပြားနဲ့ တည်ဆောက်ထားတဲ့ တမံကြီးပြီးဆုံးသွားပြီမို့ ဘန်ကောက်မြို့လယ်က စီးပွားရေးနဲ့ နိုင်ငံရေးအရ အချက်အချာကျတဲ့ နေရာတွေကို ရေတွေမ၀င်အောင် စုပ်ထုတ်နိုင်တော့မယ်လို့ တိုင်းပြည်ကို အပတ်စဉ်ပြောကြားတဲ့ ရေဒီယိုမိန့်ခွန်းထဲမှာ ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က ထည့်သွင်း ပြောကြားခဲ့တာပါ။
တိုင်းပြည်အတွင်း ခရိုင်အားလုံးရဲ့ သုံးပုံတစ်ပုံကို ရေလွမ်းခဲ့တာဖြစ်ပြီး လူပေါင်း ၃ သန်းလောက်လည်း ရေဘေးဒုက္ခနဲ့ ရင်ဆိုင်နေကြရတာပါ။ ငွေကြေးအရ ဆုံးရှုံးမှုကလည်း ဒေါ်လာ ဘီလီယံနဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။ ရေဘေးဒဏ်ကြောင့် စက်ရုံပေါင်း ၁ သောင်းကျော် ပိတ်ထားရပြီး အဲဒီ စက်ရုံတွေက အလုပ်သမား ၆ သိန်းခွဲကျော်ဟာလည်း အလုပ် ပြုတ်သွားကြပါတယ်။
ပျက်ဆီး ဆုံးရှုံးမှုတွေ ရှိနေပေမဲ့ ဒီဇင်ဘာလအစောပိုင်းမှာ ရေပြန်ကျပြီး အစိုးရရဲ့ ပြည်တွင်း အသုံးစရိတ်ကို ပြန်လည် မွမ်းမံလိုက်ရင် စီးပွား ပြန်လည် နာလန်ထူလာနိုင်တယ်လို့ ထိုင်း ဗဟိုဘဏ်ဥက္ကဋ္ဌ Prasarn Trulratvorakul က ပြောပါတယ်။
သတင်း---ဗွီအိုအေ

ကချင်စစ်ပြေးဒုက္ခသည်တွေကို တရုတ်နိုင်ငံက ဖမ်းဆီးငွေညစ်

ယခင် မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း (တိုင်းဧည့်ခန်းမဆောင်)

တရုတ်ရဲတွေရဲ့ ပွဲလန့်တုန်းဖျာခင်းတဲ့လုပ်ရပ်
သတင်း၊ ဇော်ရှန် ( wunpawng ) 6 . 11 . 2011
ဓာတ်ပုံ... ဒီမိုဝေယံ၊ SM၊ ဇော်ရှန်...

KIA တပ်စခန်းတစ်ခု
တရုတ်ပြည်နယ် မြန်မာနယ်စပ် မှာရှိတဲ့ လောန်ရှောင်း ခရိုင် ဂျယ်ခေါင်မြို့နယ် မြန်မာ တရုတ်နယ်စပ် ဖြစ်တဲ့ လာယင်ကျေးရွာသို့ ဈေးဝယ်ထွက်ကြတဲ့ ကချင်ပြည်နယ် အရှေ့ဘက်မှာရှိတဲ့ ကချင်စစ်ပြေး ဒုက္ခသည်စခန်းမှ စစ်ပြေး ဒုက္ခသည် အမျိုးသားများကို တရုတ်ရဲများမှ  မဝတ်ဘဲ  မာဖီ အရပ်ဝတ်ဖြင့် မည်သည့်အကြောင်းပြချက်၊ စစ်ဆေးမေးမြန်းမှု မရှိဘဲ၊ ဘိန်းရှိတယ် မဟုတ်လား..ဆိုပြီး ကချင်အမျိုးသား (၃၀) ဦးအား ဖမ်းဆီး သွားကြောင်း စုံစမ်းသိရှိရပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကချင်တိုင်းရင်းသား အယောက် (၃၀) မှ ဇိန်ထုန်းယော် (Zing Htung Yaw) အသက် (၂၄) နှစ် ကိုတော့ တရုတ်ယွန် ငွေ (၂၀၀၀) ဖြင့် ရွေးထုတ် ယူခဲ့ကြောင်း သိရှိရပါတယ်။ ယခု ချိန်ထိ ဖမ်းဆီးခံရတဲ့ သူများထဲမှာ သူတစ်ဦး တည်းသာလျှင် လွတ်မြောက် လာသေးကြောင်း ဖမ်းဆီး ခံသွားရတဲ့ ဇိန်ထုန်းယော်မှ ပြောကြားလာပါတယ်။ ကျန်တဲ့ (၂၉) ဦး ဟာ လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရပါတယ်။ ကျန်ရှိနေတဲ့ မိသားစုများနှင့် ဆွေမျိုး အသိုင်းအဝိုင်းများမှာ စိုးရိမ်နေကြ ရပါသည်။

တရုတ်ရဲများနှင့် စစ်အစိုးရ စစ်တပ်တို့ဟာ လွယ်ဂျယ် တရုတ်နယ်စပ်မှာ အချင်းချင်း သုံ့ပန့် လဲလှယ်မယ်ဆိုတဲ့ သတင်းများလည်း ထွက်ပေါ် နေသောကြောင့် အပြစ်မရှိပဲ မတရား ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များမှာ အထူး စိုးရိမ်နေကြကြောင်း သိရှိရပါသည်။

ထိုအတောအတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ အစိုးရစစ်သည်အင်အား ရာနဲ့ချီ၍ ဝိုင်းမော်မြို့နယ်ဘက်မှ စစ်ကားအစီး (၈၀)ခန့် ဖြတ်သန်းသွားကြောင်း သိရှိရပါသည်...။

သတင်း---ဒီမိုဝေယံ

"ဗေဒါ" သင်တန်းကျောင်း(အထက်မြန်မာပြည်)ဖွင့်ပွဲအခမ်းအနား





ကွယ်လွန်သွားတဲ့ အမေ့အတွက် သီချင်း (တေးသံရှင်-ဆောင်းဦးလှိုင်)

ချစ်ခင်မြတ်နိုးလေးစားရတဲ့ တေးသံရှင် ဆောင်းဦးလှိုင်ရဲ့  ကျေးဇူးရှင်မိခင်ကြီး ဒီနေ့ ညနေ ၄ နာရီက ကွယ်လွန်သွားပါတယ်.. ပြည်သူ့ အနုပညာရှင်တယောက်အနေနဲ့  ရပ်တည်ရင်း ကင်ဆာဖြစ်နေတဲ့ မိခင်ကြီးကို (အမေ ကင်ဆာဖြစ်နေတယ်ဆိုတာ မပြောရက်ပဲ) စောင့်ရှောက်ခဲ့တဲ့ ကိုဆောင်းဦး သားတယောက် တာဝန် ကျေပွန် ပါတယ်.... ဒီနှစ် ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ က ထုတ်ခဲ့တဲ့ အခွေသစ်ထဲမှာ ဂုဏ်ပြူခဲ့တဲ့ အမေ့အတွက်သီချင်း ပြန် မျှဝေလိုက်ပါတယ်.. ဆရာမ ကောင်းရာသုဂတိ လားပါစေ ဆုတောင်းရင်း.. 

(အမေတယောက်ကော တောင်းဆုတွေ ပြည့်ဝရဲ့ လား.. ဘယ်သူမှ မရှိတဲ့ကမ္ဘာမှာ) - ဆောင်းဦးလှိုင်နဲ့  သမီးသံစဉ်ဦးလှိုင်တို့  သီဆိုဂုဏ်ပြု ထားတာပါ..
DVB entertainment

ကဗျာဆရာ လှသန်း အမှတ်တရ ကဗျာဖတ်ပွဲ (ရုပ်/သံ)

Action Group of Myanmar Poets လို့ အမည်ပေးထားတဲ့ ကဗျာဆရာတွေ စုပေါင်းပြီး ပြုလုပ်နေတဲ့ အေဂျီအမ်ပီရဲ့ ၅ ကြိမ်မြောက် လစဉ်ကဗျာဖတ်ပွဲဖြစ်တဲ့ ကဗျာဆရာလှသန်း အမှတ်တရကဗျာဖတ်ပွဲလို့ ခေါင်းစဉ်တပ်ထားတဲ့ ကဗျာဖတ်ပွဲကို လမ်း ၄၀ အောက်ဘလောက် မြေညီထပ် အမှတ် ၁၄၀ ရှိ စာရေးဆရာများ ရည်ညွှန်းစင်တာမှာ နိုဝင်ဘာ ၄ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
 

မြန်မာနှင့် အမေရိကန် သမ္မတတို့ တွေ့ဆုံရန် အာဆီယံ မျှော်လင့်

၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီး အစည်းအဝေး အပါအဝင် ဆက်စပ် အစည်းအဝေးများ နိုဝင်ဘာလ အတွင်း ကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရတ် အိုဘားမားတို့ တွေ့ဆုံရန် မျှော်လင့်ကြောင်း လက်ရှိ အာဆီယံဥက္ကဌ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝါက ပြောကြားသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မြန်မာခရီးစဉ်အပြီး ရန်ကုန်မြို့တော်တွင် အောက်တိုဘာ ၂၉ ရက်နေ့ ညပိုင်းတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုသည်။

" (သပ်သပ်) တွေ့ဖို့ မျှော်လင့်ပါတယ် " ဟု မာတီ နာတာလီဂါဝါက ပြောကြားသည်။

ဘာလီကျွန်းတွင် နိုဝင်ဘာ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အထိ အာဆီယံနှင့် ဆက်စပ် ထိပ်သီး အစည်းအဝေးများ ကျင်းပမည် ဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက်နေ့တွင် အာဆီယံ - အမေရိကန် ထိပ်သီး အစည်းအဝေးကို လည်းကောင်း၊ နိုဝင်ဘာ ၁၉ ရက်နေ့တွင် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို လည်းကောင်း အမေရိကန်နှင့် မြန်မာသမ္မတများ အသီးသီး တက်ရောက်မည် ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံပိုင် သတင်း ANTARA တွင် ဖော်ပြထားသည်။

" အိုဘားမား ကတော့ တက်ဖို့ သေချာသွားပါပြီ။ ရုရှားသမ္မတ ကတော့ ရွေးကောက်ပွဲ ရှိလို့ တက်ဖို့ မသေချာပါဘူး" ဟု မာတီက အထက်ပါ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

မြန်မာနှင့် အမေရိကန် သမ္မတများ တွေ့ဆုံမှု ရှိမရှိနှင့် ပတ်သက်၍ အတည်ပြု ပြောဆိုခြင်း မရှိသေးကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သော အသိုင်းအဝိုင်းက ပြောဆိုသည်။

" တွေ့ရင် နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စတွ ပြောဆိုကြမှာပေါ့။ တွေ့ဖို့တောင်မှ မသေချာသေးတဲ့ အတွက် အသေးစိတ် ပြောဖို့ ခက်ပါသေးတယ် " ဟု သမ္မတကြီး၏ နိုင်ငံရေးအကြံပေး အဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က The Voice Weekly သို့ ပြောကြားသည်။

တတိယ အကြိမ်မြောက် အာဆီယံ - အမေရိကန် ထိပ်သီး အစည်းအဝေးတွင် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း၌ အမေရိကန် -အာဆီယံ ပူးပေါင်း ဆောင်ရွက်မှုကို ဆွေးနွေးမည် ဖြစ်ပြီး အာဆီယံ ထိပ်သီး အစည်းအဝေးတွင် အမေရိကန်က ပထမဆုံး အနေနှင့် တက်ရောက်မည် ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

မြန်မာအစိုးရသစ် တက်လာပြီး နောက်ပိုင်း နှစ် ၂၀ အတွင်း အမေရိကန်နှင့် မြန်မာသည် ထိတွေ့ ဆက်ဆံမှု အများဆုံးအချိန် ဖြစ်လာပြီး ယခုလပိုင်း အတွင်းမှာပင် အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်း၊ အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရတ်မစ်ချယ်၊ အမေရိကန်နိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ် ပို့စနာတို့ ဆက်တိုက် လာရောက်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရတ်မတ်ချယ်ကို ပြီးခဲ့သော ဧပြီလ အတွင်းက သမ္မတ အိုဘားမားက ခန့်အပ်ခဲ့ပြီး စက်တင်ဘာမှစ၍ နှစ်လအတွင်း မြန်မာနိုင်ငံသို့ သုံးကြိမ် လာရောက်ပြီး ဖြစ်သည်။

အာဆီယံထိပ်သီး အစည်းအဝေးတွင် အရှေ့အာရှ ဒေသတွင်း အရေးပါသော တောင်တရုတ် ပင်လယ် အရေးကဲ့သို့သော ကိစ္စများ အပါအဝင် မြန်မာနိုင်ငံ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဌ အဖြစ် အလှည့်ပေးရေးကိစ္စ ကိုပါ ဆွေးနွေးဆုံးဖြတ်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် နောက်ပြန် မလှည့်နိုင်သည့် ဖွံ့ဖြိုးမှု ဖြစ်ပြီး ယင်းသို့ ပြောင်းလဲမှုများနှင့် ပတ်သက်၍ အခြား အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များကို တင်ပြသွားမည် ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီက ဆိုခဲ့သည်။

" မြန်မာက အာဆီယံဥက္ကဌ ဖြစ်ရေး ကြိုးစားနေတာကို နားလည်ပါတယ် " ဟု မာတီနှင့် ရန်ကုန်မြို့တော်တွင် တွေ့ဆုံခဲ့သော ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြု ပြောဆိုသည်။

အမေရိကန် ပြည်ထောင်စုကမူ သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများ မပြုလုပ်ဘဲ မြန်မာကို ဥက္ကဌနေရာ မပေးသင့်ကြောင်း ဇူလိုင်လအတွင်း ဘာလီတွင် ကျင်းပခဲ့သည့် အရှေ့အာရှ အစည်းအဝေးအပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က ပြောဆိုခဲ့သည်။

မြန်မာ ဥက္ကဌနေရာနှင့် ပတ်သက်၍ အာဆီယံ ခေါင်းဆောင်များက ဆုံးဖြတ်ကြမည် ဖြစ်သော်လည်း ဆွေးနွေးဖက် နိုင်ငံများ၏ သဘောထားကလည်း အရေးပါကြောင်း မာတီက မှတ်ချက်ပြု ပြောဆိုခဲ့ဖူးသည်။

မြန်မာသည် အာဆီယံကို ၁၉၉၇ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူရမည် ဖြစ်သော်လည်း အခြေအနေ အရပ်ရပ်ကြောင့် အလှည့်ကျော်ခဲ့သည်။

မြန်မာနိုင်ငံသည် အလှည့်ကျဥက္ကဌ ရာထူးကို ၂၀၁၆ ခုနှစ်တွင် ရယူရမည် ဖြစ်သော်လည်း ၂၀၁၄ တွင် လာအိုအစား တာဝန်ယူရန် အဆိုပြုထားသည်။

၂၀၁၅ ခုနှစ်တွင် အာဆီယံ စီးပွားရေး အသိုက်အဝန်းကို တင်းပြည့် အကောင်အထည်ဖော်မည် ဖြစ်သဖြင့် ၂၀၁၄ ဥက္ကဌရာထူးမှာ 'အထူးတာဝန်' ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ရန်ကုန်မြို့တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

သတင်း---The Voice Weekly

မြန်မာ့လက်ဝှေ့မယ် ဒုတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် ရှုံးနိမ့်

ရန်ကုန်မြို့တော် သိမ်ဖြူ အားကစားခန်းမတွင် ပထမဆုံးအကြိမ် ကျင်းပသော မြန်မာ - ဩစတြေးလျ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ ပထမနေ့ အမျိုးသမီးပွဲစဉ်တွင် မြန်မာလက်ဝှေ့မယ် နီလာကျော်သည် ဩစတြေးလျ လက်ဝှေ့မယ် အီရင်နိုတာကို ဒုတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ပထမအချီ စစချင်းတွင် နီလာကျော်က အပြန်အလှန် ထိုးသတ်နိုင်ခဲ့သော်လည်း အီရင်နိုတာနှင့် အရပ်အမောင်းနှင့် ထိုးသတ်ပုံ နည်းစနစ်တို့ ကွာခြားခြင်းတို့ကြောင့် တစ်ဖက်သတ် ထိုးနေသကဲ့သို့ ဖြစ်နေသည့်အတွက် ပွဲကို ရပ်နားခြင်း ဖြစ်ကြောင်း ယင်းပွဲ ခုံဒိုင်ချုပ်ဖြစ်သူ ဦးဒေါင်းနီက ကြေငြာသည်။" အီရင်နိုတာရဲ့ အမြင့်ကန်ချက်နဲ့ ဒူးတိုက်ချက်တွေကို နီလာကျော် ဘယ်လိုမှ မခံနိုင်ဘူး။ ပွဲက ကြည့်မကောင်းတော့ဘူး။ တစ်ဖက်သတ်လို ဖြစ်နေတယ်။ ပွဲမထိုးခင်ကတည်းက ဝိတ်တန်းကို စီစဉ်သူတွေက ညှိပြီး စီစဉ်သင့်တယ် " ဟု ယင်းလက်ဝှေ့ပွဲ လာရောက် ကြည့်ရှုသူ တစ်ဦးက ဝေဖန်သည်။အဆိုပါကဲ့သို့ ဩစတြေးလျဘက်မှ ကမ်းလှမ်းခဲ့ရာတွင် ဝိတ်တန်း မညှိဘဲ ပွဲစီစဉ်ပေးခဲ့ကြောင်း ပွဲစီစဉ်သူ ဦးစိုးသန်းဝင်းက ပြောကြားသည်။" သူတို့က ကမ်းလှမ်းလို့ ပွဲတည်ပေးလိုက်တာ " ဟု 0x158င်းက ပွဲအပြီးတွင် ပြောဆိုသည်။ယင်းပွဲစဉ်တွင် ပထမအချီတွင် နီလာကျော်က အားတင်း ထိုးနိုင်သော်လည်း ဒုတိယအချီ အစပိုင်းတွင် အီရင်နိုတာ၏ ဒူးတိုက်ချက်ကြောင့် နံပါတ်စဉ် ရေတွက်ခံရပြီး ယင်းအချီတွင်ပင် ဆက်လက် ထိုးသတ်နိုင်သည့် အနေအထား မရှိသည့်အတွက် ဒိုင်လူကြီးက အီရင်နိုတာကို အနိုင်ပေးလိုက်ခြင်း ဖြစ်သည်။နိုင်ငံတကာ အမျိုးသမီးပွဲကို လက်ဝှေ့ သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်သော်လည်း လက်ရည်မမျှတပဲ အရှုံးပေးလိုက်ရခြင်းသည် မြန်မာ့ရိုးရာ လက်ဝှေ့အတွက် အရှက်ရစေကြောင်း လက်ဝှေ့ ပရိတ်သတ်များက တညီတညွတ်တည်း ဝေဖန်ကြသည်။မြန်မာနိုင်ငံတွင် ဆုကြေးစားအဆင့် အမျိုးသမီး လက်ဝှေ့အားကစားသမားများ မရှိသလောက် နည်းပါးပြီး ယခု ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် မြန်မာ လက်ဝှေ့မယ်မှာလည်း စီးပွားရေး အခြေအနေအရ လေ့ကျင့်မှု အားနည်းခဲ့သောကြောင့် ရှုံးနိမ်ခဲ့ရခြင်း ဖြစ်ကြောင်း ကာယကံရှင် မနီလာကျော်က ပြောကြားသည်။" ထိုးဖို့ ပြန်ခေါ်လို့ ခဏတော့ လေ့ကျင့်ချိန် ရလိုက်တယ်။ အရင်က စက်ချုပ်နေရတာ " ဟု 0x158င်းက ပြောဆိုသည်။မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲတွင် အမျိုးသမီး ထိုးသတ်ပွဲများကို လွန်ခဲ့သော ငါးနှစ်ကျော်မှ စတင်ရပ်နားခဲ့ပြီး ပြီးခဲ့သည့် တစ်လခန့်က နေပြည်တော်၌ ကျင်းပသော ရိုးရာ လက်ဝှေ့ တံခွန်စိုက်ဒိုင်းတွင် ပြည်လည် ကျင်းပခြင်း ဖြစ်ကြောင်း လက်ဝှေ့ အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

သတင်း---The Voice Weekly

မေယူတောင်တွင် သစ်ထုတ်လုပ်မှုကြောင့် တောဆင်ရိုင်းများ ခိုကိုးရာမဲ့ဖြစ်လာနေ

ရခိုင်ပြည်နယ်မှ တောဆင်ရိုင်းများ အဓိက ကျက် စားရာ မေယူတောင်တွင် သစ်များကို ပရမ်းပတာ ခုတ်လှဲ ထုတ်ယူနေမူကြောင့် တောဆင်ရိုင်းများမှာ တစ တစ ခိုးကိုးရာမဲ့ ဖြစ်လာနေကြောင်း သတင်း ရရှိသည်။

မေယူတောင်တန်းသည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များ အကြားတွင် တည်ရှိပြီး သဘာဝ အလျောက်ပေါက်ရောက်သော သစ်မာပင်များ အကြီးအကျယ် ဖြစ်ထွန်း တည်ရှိကာ တောဆင်ရိုင်းများ အဓိက ကျက်စားရာ မြန်မာနိုင်ငံထဲမှ တောင်တန်း တစ်ခု ဖြစ်သည်။

မေယူတောင်မှဖမ်းထားသော တောဆင်ရိုင်း (ဓါတ်ပုံ- နိရဉ္စရာ)
 ယခင်ကဖမ်းဆီးရမိခဲ့သောဆင်ဖြူ(၆) ကောင်မှာလည်း ဤတောင်တန်းမှ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါ သစ်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုမှ သစ်တောဌာန၏ ခွင့်ပြုချက်ဖြင့် စက်ယန္တရား များကို အသုံးပြုကာ သစ်များကို ထုတ်လုပ်နေသဖြင့် သစ်တောများ ပါးလာပြီး တောဆင်ရိုင်း များမှာလည်း နေစရာ နေရာ မရှိ ဖြစ်လာကြောင်း မောင်တော ဒေသခံ တစ်ဦးက ပြောသည်။

" အခု မေယူတောင်တန်းမှာ နေထိုင် ကျက်စားနေတဲ့ ဆင်ရိုင်းတွေက နေစရာ နေရာ မရှိ ဖြစ်လာတော့ လူတွေနေတဲ့ နေရာတွေကို ဆင်းလာတယ်။ သီးနှံ စိုက်ခင်းတွေကို ဖျက်ဆီးလာတယ်။ လူတွေကို ရန်မူတာတွေလည်း လုပ်လာတာကို တွေ့နေရတယ်။ သစ်ပင်တွေကိုအရင်တုန်းကဆို ဒေသအတွင်းက လူတွေ အိမ်ဆောက်ဖို့ အတွက် ခုတ်လှဲတာလောက်ဘဲ ရှိတယ်။ ခုတော့ သစ်ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုနဲ့ သစ်တောဌာနက လူကြီးတွေပူး ပေါင်းပြီး စက်ယန္တရားတွေနဲ့ နေ့စဉ်နဲ့အမျှ ခုတ်လှဲနေတော့ သစ်တောတွေ တအားပြုန်းတီးလာနေပါတယ်။" ဟု ပြောသည်။

တောဆင်ရိုင်းများသည် ယခုအခါ လူနေဒေသများသို့ ဆင်းလာပြီး စိုက်ခင်းများကို ၀င်ရောက်စားသောက် သဖြင့် ဒေသအတွင်းရှိ တောင်သူများ အတွက် အထူး အခက်အခဲ ဖြစ်နေရကြောင်း မေယူတောင်ခြေရင်း တွင် တည်ရှိသော ရသေ့တောင်မြို့နယ် စူးခွင်ကျေးရွာမှ တောင်သူ တစ်ဦးက ပြောသည်။

" မေယူတောင်မှာ အရင် ငှက်ပျောခင်းတွေ၊ ဆောင်းသီးနှံတွေ ဖြစ်တဲ့ ဖရဲတို့၊ ငရုတ်တို့၊ ပဲတောင့်တို့ စိုက်ပျိုးကြတယ်။ ခုတော့ မရတော့ဘူး။ ဆင်တွေက လာဖျက်တယ်။ အစောင့် ထားရင်လည်း မနိုင်ဘူး" ဟု သူက ပြောသည်။

မေယူတောင်တန်း တလျှောက်ရှိ သစ်တောများမှာ ယခင်နှစ်များထက် တစ တစ ပြုန်းတီးလာနေရာ တောဆင်ရိုင်းများ နေစရာမဲ့ ဖြစ်လာနေသဖြင့် မောင်တောမြို့နယ်တွင်လည်း ဆင်များကြောင်း အလုပ်အကိုင်များ ထိခိုက်မူ ရှိနေကြောင်း အောင်ဗလ ရွာသား တစ်ဦးက ပြောသည်။

"သစ်တောတွေနည်းလာတော့ လူတွေ စိုက်ထားတဲ့ဥယာဉ်ခြံမြေတွေ ဘက်ကို ဆင်တွေက ဦးတည်လာ တယ်။ သီးပင်စိုက်ခင်းတွေထဲကို ၀င်ရှာစားလာတော့ ဆင်နဲ့လူအကြား မကြာခဏ ထိပ်တိုက် တိုးလာတော့ လူတွေ အတွက် အသက်အန္တရာယ် စိုးရိမ်လာရတယ်ပေါ့ နော်။ လွန်ခဲ့တဲ့လတွေကလည်း ဆင်နှင်း သတ်လို့ လူတွေသေဆုံးတာ ရှိတယ်လေ။ အဲဒါကြောင့် ကိုယ့်ရဲ့ ဥယာဉ်ခြံ မြေနဲ့ စိုက်ပျိုးထားတဲ့ စပါးခင်း၊ဟင်းခင်း တွေကို သွားဖို့တောင် ကြောက်လာ ကြပါတယ်" ဟုဆက်ပြောပြသည်။

ဒေသအတွင်း နေထိုင်သူများ အနေဖြင့် မေယူတောင်တန်းတွင် သစ်များ ထုတ်လုပ်ခြင်းအပေါ် သဘော မကျကြောင်းနှင့် ဆင်များကို ထိန်းသိမ်းစောင့်ရှောက်ထားရန် လိုအပ်ကြောင်း ရှု့မြင်ကြသည်ဟု သူက ဆက်ပြောသည်။

မြန်မာ အစိုးရသစ် လက်ထက်တွင် သစ်တောများ မပြုန်းတီးရေးနှင့် သဘာဝ ပတ်ဝန်းကျင် သာယာ လှပရေး အတွက် "အစိမ်းရောင် စီးပွားရေး စီမံကိန်း " အဖြစ် သစ်ပင် စိုက်ပျိုးရေးကို နိုင်ငံတကာနှင့်ပူး ပေါင်းလုပ် ဆောင် နေသည်ဟု ကြေညာနေသော်လည်း လက်တွေ့မှာ အဆိုပါ စီမံကိန်းကို မေယူဒေသ၌ အရေးတယူ အကောင်အည်ဖေါ် လုပ်ဆောင်ခြင်းမျိုး မမြင်တွေ့ရ ကြောင်း ဒေသခံများက ပြောဆိုသည်။
သတင်း---ထွန်းထွန်း (နိရဉ္စရာ)

ဂဒါဖီ မိသားစုဝင်တွေချန်ထားရစ်ခဲ့တဲ့ တွေးတောဆင်ခြင်စရာများ အပိုင်း ၂

ဂဒါဖီ မိသားစုဝင်တွေချန်ထားရစ်ခဲ့တဲ့
တွေးတောဆင်ခြင်စရာများ အပိုင်း ၂ ဖြစ်ပါတယ်။ မိသားစုဝင်တွေထဲမှာ သဘောထားအပျော့ပြောင်းဆုံး ပြုပြင်ပြောင်းလဲရေးကို လိုလားသူ လူ့အခွင့်အရေးကိုတန်ဖိုးထားလိုသူ လို့နိုင်ငံတကာက သတ်မှတ်ခဲ့တဲ့ ဆေ့ဖ် ဂဒါဖီ အကြောင်းပါ။ ဘယ်လိုအခြေအနေ အချိန်အခါမျိုးမှာ သဘောထားပျော့ပြောင်းမူ ပြုပြင်ပြောင်းလဲမူလိုလားမူ တွေကို ထုတ်ဖေါ် ပြသ ကျင့်သုံးတတ်ကြတယ်ဆိုတာ ... ဂဒါဖီရဲ့ သားဖြစ်သူ က လက်တွေ့  သင်ခန်းစာချန်ထားရစ်ခဲ့တယ် ...ဆိုတဲ့ သုံးသပ်ချက်အပေါ် အခြေခံရင်း ……(အပိုင်း ၂ ကို တင်ပေးလိုက်ပါတယ်)

အင်န်အယ်လ်ဒီပါတီနဲ့ နိုင်ငံရေး လမ်းဆုံ Political crossroad for NLD

စုံခုန်ခြင်းတော့မဟုတ်၊ သို့ပေမဲ့ တစ်လှမ်းပြီးတစ်လှမ်း အရှိန်အဟုန်နှင့်လှမ်းနေသည့် ခြေလှမ်းများနှင့်အတူ၊ မတူသည်များကိုဖယ်ထားပြီး တူညီသည်များကိုလက်တွဲလုပ်ဆောင်ကြမည်ဆိုသည့် အပြုသဘော ဆောင်သည့် ခပ်စိပ်စိပ် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့်…

နိုင်ငံရေးအကျဉ်းသားများကို တစ်ရစ်စီ နည်းနည်းချင်း လွှတ်ပေးနေရင်းက မကြာမီကာလတွင် အားလုံးကို လွှတ်ပေးကောင်း လွှတ်ပေးနိုင်သည်ဆိုသော ယုန်ကောင်ငုံ၍ ယုန်ရုပ်ရေးသည့် အရိပ်အယောင်များ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းများ၊ ၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပါသည် ဆိုသည့်အပြောအဆိုများ၊ စသည်တို့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး တစ်နှစ်တာကာလ အတွင်း  (သို့မဟုတ်)  ရွေးကောက်ပွဲအပြီး တစ်နှစ်တာကာလအတွင်း ထွက်ပေါ်လာသည့် အပေါင်း လက္ခဏာဆန်သည့် ရလဒ်များဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရလျှင် အထက်ပါ ဖြစ်ထွန်းမှုများသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ဆင်နွှဲခြင်း မပြုရန် ဆုံးဖြတ်ချက်ချမှတ်စဉ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုင်စွဲခဲ့သည့် ရွှေဂုံတိုင်ကြေငြာစာတမ်းပါ အချက် တချို့တ၀က်ကို လိုက်လျောသကဲ့သည့် သဘောလည်း ဖြစ်နေသည် ဆိုနိုင်သည်။  

နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ပေးရန်၊ ၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်ရန်၊ ၉၀ ရွေးကောက်ပွဲရလဒ် ကိုအသိအမှတ်ပြုရန် နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် စသည့်တို့မှာ ၂၀၀၉ ဧပြီ ၂၉ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ရွှေဂုံတိုင်ကြေငြာစာတမ်းတွင် ပါဝင်သည့် အဓိကတောင်းဆိုချက်များ ဖြစ်သည်။

YPI မှယမန်နေ့က Facebook မှတစ်ဆင့် ကောက်ခံခဲ့သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ပြီးပါက အင်န်အယ်လ်ဒီပါတီ မှတ်ပုံတင်သင့် မတင်သင့် အချက်ကို သဘောထား ကောက်ခံကြည့်သည်။ ထိုစစ်တမ်းအရ ၈၀ ရာနှုန်းသော Facebook မိတ်ဆွေများမှာ မှတ်ပုံတင်သင့်သည်ဟု သဘောထားပေးကြသည်။ မှတ်ပုံ မတင်သင့်ဟု ဆိုသူများမှာ ၁၅ ရာနှုန်းပင် မပြည့်သည်ကိုတွေ့ရသည်။


တိုင်းရင်းသား ညီနောင်ငါးပါတီတွင် ပါဝင်သည့် ကယန်း အမျိုးသားပါတီအတွင်းရေးမှုး ဦးနန်းရီက “ကျွှန်တော်တို့ ကတော့ မှတ်ပုံတင်စေချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမိုကရေစီအင်အားစုအင်အားစုတစ်ခု အနေနဲ့ပေါ့၊ NLD ကဒီမိုကရေစီရရှိဖို့ အတွက်ကြိုးပမ်းနေတဲ့သူတွေ၊ ဒီမိုကရေစီလိုလားတဲ့သူတွေ၊ ဒီမိုကရေစီရဖို့အတွက်
သွားနေတဲ့သူတွေဆိုတော့သူတို့ကိုမှတ်ပုံတင်စေချင်တယ်၊ ရွေးကောက်ပွဲဝင်စေချင်တယ်”ဟုဆိုသည်။

အခြား လူမျိုးစု ပါတီတပါတီဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးကလည်း “ သူတို့ မှတ်ပုံတင်ရင်လုံးဝကြိုဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတိုက်အခံပါတီတွေက အင်အားနည်းနေတယ်၊ ဒါကြောင့်NLD လို အင်အားကြီးတဲ့ပါတီ တစ်ခုဝင်လာစေချင်တယ် ။ နောက် NLD မှတ်ပုံတင်ပြီးရွေးကောက်ပွဲ ၀င်လာရင် လည်း ကျွှန်တော်တို့ အတိုက်အခံ တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းပေးပါလို့ တောင်းဆိုပါတယ်” ဟု အန်အယ်လ်ဒီကို လွှတ်တော်နိုင်ငံရေး အတွင်းပါဝင်လာစေချင်သည့် ဆန္ဒကို ဖေါ်ပြလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က “အင်န်အယ်လ်ဒီပါတီပြန်ပြီးတော့ မှတ်ပုံတင်ရေးကိစ္စဟာ ဥပဒေပေါ်မှာမူတည် ပါတယ်” ဟုပြောလာခဲ့ပြီ။

နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေးသည့် ဆယ်စုနှစ် ၂ခုကြာ အဓိက နိုင်ငံရေးလိုအပ်ချက် တခုဖြစ်လို့နေသည်။

သည်လိုဆိုလျှင် အင်န်အယ်လ်ဒီပါတီအနေနှင့်ကရော …
မှတ်ပုံမတင်သင့်ပါဟု သဘောထားပေးနေသူအများစု၏ စိုးရိမ်မကင်းဖြစ်မှုများမှာ နိုင်ငံရေးအကျဉ်းသားများအားလုံး မလွတ်မြောက်သေးခြင်း၊ အခြေခံဥပဒေကို အမှန်တကယ် ပြင်ဆင်နိုင်ခွင့်ရမည် ဆိုသည်ကို မယုံကြည်ခြင်းတို့အပြင်၊  သမိုင်းပေး သင်ခန်းစာများအရ လက်ရှိအစိုးရအသစ်၏ ဆောင်ရွက်ချက်များအပေါ် အယုံအကြည် နည်းပါးနေသေးခြင်းတို့အပေါ်အခြေခံသည်။

မကြာမီလေးကမှ အကျဉ်းထောင်မှလွတ်မြောက်လာသည့် “နိုင်ငံရေးသမား လူပြက်” ဟု သူ့ကိုယ်သူ ဖွင့်ဆိုသော ကိုဇာဂနာအနေနှင့် အင်န်အယ်လ်ဒီပါတီကို ၂၀၁၀ ရွေးကောက်ပွဲမှာကတည်းက ပါဝင်စေချင်သည်။

“ဘာလို့လဲဆိုတော့ အဲလိုမှသာ (မှတ်ပုံတင်မှသာ) လွှတ်တော်ထဲမှာ အားပြိုင်နိုင်မှာလေ၊ အင်န်အယ်လ်ဒီက သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ မ၀င်ဘူးလို့ဆုံးဖြတ်တာလဲ ကျွန်တော်နားလည်ပါတယ်၊ သို့သော် ခုချိန်မှာတော့ မှတ်ပုံ တင်ကိုတင်သင့်တယ်လို့ ကျွန်တော်ကလည်း ထင်ပါတယ်၊ မဟုတ်ရင် အန်တီက နောက်ငါးနှစ်ဆို ၇၁နှစ်ရှိပြီ၊ နောင်လူငယ်တွေအတွက် နိုင်ငံရေးကစားစရာ Ground ဘယ်မလဲ… Space ဘယ်မလဲ … မရှိတော့ဘူး ” ဟု ၎င်းကပြောသည်။

အကယ်၍သာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်ပြန်လည်မှတ်ပုံတင်ဖြစ်ပါက၊ ခေါင်းခါးခြေလက်စုံသည့် နိုင်ငံရေးအင်အားစုကြီး တစ်ခုအဖြစ်ပြန်လည်အသက်ဝင်လာပြီး၊ အားနည်းသည့်အတိုက်အခံအင်အားစုများဖက်မှ မားမားမတ်မတ် တရားဝင်ရပ်တည်နိုင်ခွင့်ရှိလာမည်ဖြစ် သလို မှတ်ပုံမတင်ဖြစ်ခဲ့လျှင် လူငယ်များအကွဲကွဲအပြားပြားနှင့် နေရာအသီးသီးသို့ ရောက်သွားကြမည်မှာစိုးရိမ်ဖွယ်ဖြစ်ကြောင်း ကိုဇာဂနာက ပြောဆိုသည်။

အင်န်အယ်လ်ဒီ အနေနှင့် ဘယ်ကစားကွင်းကို ကစားမည်လဲ၊ လွှတ်တော် ပြင်ပကွင်းလား၊ လွှတ်တော် အတွင်း ကွင်းလား၊ ဘယ်ကွင်းက တိုင်းပြည်လူထုအတွက် ပိုအကျိုးရှိမည်လဲ ဆိုသည်ကလည်း အရေးကြီးပါသည်။ ယခု ရွေးချယ်မှုသည် အင်န်အယ်လ်ဒီပါတီ အနာဂတ်သာမက တိုင်းပြည်ရဲ့ အနာဂတ်အတွက် အရေးပါသည့် အဆုံးအဖြတ်တခု ဖြစ်သည်ကတော့ အသေအချာပင်။

“အန်တီ့ခေါင်းဆောင်မှုအောက်မှာဆိုရင်လူငယ်တွေတစ်စုတစ်စည်းတည်းရှိလိမ့်မယ်လို့ကျွန်တော်ယုံတယ်၊ အဲလိုသာမဟုတ်ခဲ့ရင် လူငယ်အဖွဲ့အစည်းတွေ အများကြီးဖြစ်သွားနိုင်တယ်၊ မှတ်ပုံပြန်တင်မယ်ဆိုရင် ကျွန်တော်ထောက်ခံတယ်၊ မှတ်ပုံပြန်တင်သင့်တယ်လို့လည်း ကျွန်တော်ယုံကြည်တယ်”  ဟု ဇာဂနာက ပြောသည်။

နိုဝင်ဘာ ၄၊ ၂၀၁၁- မိုးယုမေ ရေးသားသည်။
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်