အုတ်ဖုတ်လုပ်ငန်းများကြောင့် တောင်သာ၌ ထန်းပင်များ ရှားပါးလာ

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ပတ်ဝန်းကျင်ဒေသများတွင် သစ်တောများ ပြုန်းတီးသွားပြီးနောက်ပိုင်း အုတ်ဖုတ်လုပ်ငန်းများ၌ ထန်းပင်များကို အသုံးပြုလာရသောကြောင့် ထန်းပင်များရှားပါးလာပြီဟု ဒေသခံအချို့ကပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ တောင်သာ၊ မလှိုင်၊ နွားထိုးကြီးမြို့နယ် ပတ်ဝန်းကျင်ဒေသများတွင် ယခင်က ကန္တာရတောများ၊ ရှားစောင်းတောများနှင့် ဘောစကိုင်းပင်များ ပေါများစွာပေါက်ရောက်သော်လည်း ထင်း၊ မီးသွေး၊ အုတ်ဖုတ်လုပ်ငန်းနှင့် ထန်းလျက်ချက်လုပ်ငန်းများကြောင့် ပြုန်းတီးသွားခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါ ဒေသများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးကပြောသည်။

"၁၉၉၀ ခုနှစ်ဝန်းကျင်ကာလတွေတုန်းကဆိုရင် တောင်သာနဲ့ မြင်းခြံကြား၊ ညောင်ဦးနဲ့ မြင်းခြံကြားတစ်လျှောက်မှာ ရှားတောတွေ အများကြီးရှိခဲ့တာ။ နောက်ပိုင်းအုတ်ဖုတ်လ်ုငန်းတွေက တောလိုက်ဝယ်ပြီး သုံးလာကြတယ်။ အုတ်ဖုတ်လုပ်ငန်းမှာ အုတ်ငါးထောင်၊ တစ်သောင်းဖုတ်တော့မယ်ဆိုရင် ထင်းက ၅ တန်ကနေ ၁၀ တန်အထိ ကုန်တာ။ ဒါကြောင့် သစ်တောပြုန်းတီးမှု အဆိုးဆုံးဖြစ်တာ အုတ်ဖုတ်လုပ်ငန်းတွေကြောင့်ပဲ" ဟု ၎င်းကပြောသည်။

ထို့ပြင် မီးသွေးဖုတ်လုပ်ငန်းများကြောင့်လည်း သစ်တောများပြုန်းတီးမှုများခဲ့ပြီး တောင်သာ၊ မလှိုင်မြို့နယ်မှ တစ်ရက်လျှင် မီးသွေးများကို ၁၀ ဘီးကားဖြင့် ၃ စီးမှ ၅ စီးအထိထွက်နေကြောင်း၊ မြင်းခြံမြို့အနေဖြင့်ပင် တစ်နေ့လျှင် ၆ ဘီးကားဖြင့် မီးသွေးအနည်းဆုံး ၅ စီး စာခန့်လိုအပ်ကြောင်း ရန်ကုန်မြို့ဝင်သည့် မီးသွေးအများစုတွင် မြင်းခြံ၊ တောင်သာနယ် မီးသွေးများလည်း ပါဝင်ကြောင်း သိရသည်။

"အရင်တုန်းက ထန်းလျက်ချက်လုပ်ငန်းရှိတယ်။ ထန်းတက်တဲ့ လူရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း မလေးရှားဘက်အလုပ်သွာလုပ်ကြတော့ ထန်းတက်တဲ့လူတန်းစားလည်း မရှိတော့ဘူး။ ထန်းတောပိုင်ရှင်တွေကလည်း သူတို့တောတွေ ဒီအတိုင်းထားမယ့်အစား အုတ်ဖုတ်သမားတွေဆီကို တစ်ပင်ကို ၅၀၀၀၊ ၆၀၀၀၊ ၇၀၀၀ နဲ့ အမျိုးမျိုးရောင်းလာကြတယ်။ အခုနောက်ပိုင်း အိမ်ဆောက်ဖို့ သစ်တွေဈေးကြီးလာတဲ့ အတွက် ထန်းပင်ကို အသုံးပြုလာကြတွေလည်း ရှိတယ်" ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ထန်းပင်များကို အုတ်ဖုတ်လုပ်ငန်းများတွင် အသုံးပြုခဲ့ကြသည်မှာ ၅ နှစ်ခန့်ကြာမြင့်နေပြီဖြစ်သောကြောင့် ယခုအခါ ထန်းပင်များရှားပါးနေပြီဖြစ်ကြောင်း ထန်းပင်တစ်ပင်သည် ထန်းရည်ထုတ်နိုင်ရန် အတွက် အနည်းအနှစ် ၃၀ အထိ စောင့်ရကြောင်း သိရသည်။

  ပေါ်ပြုလာ - No 47, Vol 3
Myanmar News Now
အုတ်ဖုတ်လုပ်ငန်းများကြောင့် တောင်သာ၌ ထန်းပင်များ ရှားပါးလာ အုတ်ဖုတ်လုပ်ငန်းများကြောင့် တောင်သာ၌ ထန်းပင်များ ရှားပါးလာ Reviewed by သစ်ထူးလွင် on 19:26 Rating: 5

No comments:

Powered by Blogger.