အစိုးရလုံခြုံသမားများကို ကလင်တန်လုံခြုံရေးအဖွဲ့က မှန်ပြောင်းရှည်သုံးခွင့် မပြု

ကလင်တန်ခရီးစဉ်အတွင်း အစိုးရလုံခြုံသမားများကို ကလင်တန်လုံခြုံရေးအဖွဲ့က မှန်ပြောင်းရှည်သုံးခွင့် မပြု
ဟီလာရီကလင်တန် (Hilary Clinton) ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း လုံခြုံရေးအရ အန္တရာယ်ရှိနိုင်သည့်ပစ္စည်းများကို မြန်မာအစိုးရ လုံခြုံရေးများ အသုံးမပြုရန် တားမြစ်ထားကြောင်း မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ဟီလာရီ ကလင်တန်၏ လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
“အဓိကတော့ အဝေးကြည့်မှန်ပြောင်းရှည်တွေနဲ့ မကြည့်ဖို့ ညှိထားတယ်။ ကျွန်တော်တို့ဘက်ကိုလည်း ဘယ်လိုပစ္စည်းတွေတော့ အသုံးပြုခွင့် ပြုတယ်ဆိုပြီး အပြန်အလှန်ညှိနှိုင်းထားကြတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံသို့ နှစ် ၅၀ အတွင်း ပထမဦးဆုံးလာရောက်မည့် အမေရိကန်ပြည်ထောင်စု၏ အဆင့်အမြင့်ဆုံး အစိုးရအရာရှိဖြစ်သူ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် နိုဝင်ဘာ ၃၀ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် အရှေ့အာရှထိပ်သီးညီလာခံသို့ တက်ရောက်နေစဉ် အမေရိကန်သမ္မတ ဘရက်အိုဘားမား(Barack Obama) က  နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကို မြန်မာနိုင်ငံသို့ စေလွှတ်မည်ဟု ထုတ်ဖော်ပြောကြားထားသည်။
ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့လည်း ကလင်တန်၏ လုံခြုံရေးသမား ၄ယောက် ရောက်ရှိနေပြီး ခြံဝင်းအတွင်းအပြင်ကို အသေးစိတ်စစ်ဆေးနေကြကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်လုံခြုံရေးတာဝန်ခံ တစ်ဦးက ပြောကြားသည်။
ပထမဆုံးအကြိမ်လာရောက်သော ကလင်တန်သည် မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ လူ့အခွင့်အရေး အခြေအနေနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးစသည့် တိုးတက်မှုဖြစ်ပေါ်ရရှိရေးအတွက် အမေရိကန်ပြည်ထောင်စုက ကူညီပံ့ပိုးနိုင်ရေးအတွက် အချက်အလက်များကို နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က မြန်မာနိုင်ငံတွင် စူးစမ်းရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။
Peace Press
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်