ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမှ ဓါးကိုင်ရမ်းကား နေသူအား ဖမ်းဆီး အရေး

ရန်ကုန်၊ နိုဝင်ဘာ ၃၀

၂၈.၁၁.၂၀၁၄ ရက်နေ့ ၁၂၀၀အချိန်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်း တာဝန် ဆောင်ရွက်နေစဉ် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၇၁)ရပ်ကွက်၊ ဗိုလ်မင်းရောင်(၁)လမ်းပေါ်တွင် အမျိုးသားတစ်ဦး ဓါးကိုင်ရမ်းကား နေကြောင်း သတင်းအရ သွားဖမ်းဆီးခဲ့ပါသည်။

အဆိုပါနေရာတွင် ဓါးကိုင်ရမ်းကားနေသူမှာ ၎င်းရပ်ကွက်နေ ကျွဲကြီး(ခ)၀င်းကို၊ (၂၃)နှစ်ဖြစ်ပြီး ၎င်းထံမှ အရိုးအသွား(၁၄)လက်မခန့်ရှိ သုံးမြှောင်ချွန်စကေဘာ (၁)ချောင်းနှင့် အရိုးအသွား(၂၁)လက်မခန့်ရှိ သတ္တုရိုးတတ်ငှက်ကြီးတောင်ဓါးရှည်(၁)ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ပါသည်။

ယင်းသို့ဓါးကိုင်ရမ်းကားနေသူ ကျွဲကြီး(ခ)၀င်းကိုအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မ၏ ရဲစခန်း (ပ) ၁၁၀၄/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ၁၉(င)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


အီဂျစ်ဆန္ဒပြပွဲနှိမ်နင်းမှု အသေအပျောက်ရှိ

အီဂျစ်နိုင်ငံမှာ သမ္မတဟောင်း Hosni Mubarak အပေါ် စွဲချက်အားလုံးကို ကင်းလွတ်ခွင့် ပေးခဲ့တဲ့ အပေါ် မကျေနပ်လို့ ဆန္ဒပြခဲ့ကြသူ ၁ ထောင်ကျော်ကို ရဲတွေက မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေနဲ့ လူစုခွဲ ခဲ့ပါတယ်။ ဆန္ဒပြသူနှစ်ယောက် အနည်းဆုံး သေဆုံးပြီး ၉ ယောက် ဒဏ်ရာရရှိ ခဲ့တယ်လို့ တာဝန်ရှိ သူတွေ ကပြောပါတယ်။

၂၀၁၁ ခုနှစ်က မူဘာရက်အစိုးရ ဆင်းပေးဖို့ တောင်းဆို ဆန္ဒပြမှုတွေအတွင်း လုံခြုံရေး တပ်ဖွဲ့တွေကြောင့် ဆန္ဒပြသူတွေ သေဆုံးမှုမှာ သမ္မတဟောင်း ပတ်သက်နေတယ်လို့ဆိုတဲ့ အမှုတွေအားလုံးကို စနေနေ့က တရားရုံးက ပယ်ချခဲ့တာဖြစ်ပါတယ်။ ဒီအပေါ် မကျေနပ်ကြသူတွေက တရားမျှတအောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။ အဂတိလိုက်စားမှုဆိုင်ရာ စွဲချက်တွေကနေလည်း မစ္စတာ Mubarak ကင်းလွတ်ခဲ့ပါတယ်။

ဒါပေမဲ့ အလွဲသုံးစားမှုနဲ့ အစောပိုင်းကျထားတဲ့ ၃ နှစ် ပြစ်ဒဏ်နဲ့ သူဟာ ထောင်ဆေးရုံမှာဆက်ပြီး အကျယ်ချုပ်ကျခံရမှာဖြစ်ပါတယ်။ Mubarak အစိုးရလက်ထက်က ပြည်ထဲရေးဝန်ကြီးနဲ့ ထိပ်တန်းလုံခြုံရေးအရာရှိ ၆ ယောက်ကိုလည်း တရားသူကြီးက တရားသေလွှတ်ပေးခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/throng-protests-mubarak-acquittal-in-protesters-death-/2540042.html

သမ္မတဟောင်းမူဘာရက်ခ်ကို တရားသေလွှတ်ကြောင်း စီရင်ချက်ချအပြီး အစိုးရဆန့်ကျင်ရေးကြွေးကြော်နေကြတဲ့ ကန့်ကွက်ဆန္ဒပြသူများ။

 

ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်ရေး ကြိုးပမ်းမှု မမှန်ကန် မှုတွေ ရှိ

၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ ဖလား ဘောလုံး ပွဲတွေ လက်ခံ ကျင်းပ နိုင်ဖို့ ကြိုးစားတဲ့ နေရာမှာ မမှန်ကန်တဲ့ လုပ်ရပ်တွေ ရှိခဲ့တယ် ဆိုတဲ့ နောက်ထပ် စွပ်စွဲချက်တွေ ထပ်မံ ထွက်ရှိ လာပါတယ်။

၂၀၁၈ အတွက် အိမ်ရှင် အဖြစ် ရုရှားက ရရှိသွားသလို ၂၀၂၂ ခုအတွက် ကိုတော့ ကာတာ နိုင်ငံက ရသွား တာပါ။ အခု စွပ်စွဲ ထားရှိချက်တွေကတော့ ၂၀၁၈ အိမ်ရှင် ဖြစ်ရေး ကြိုးပမ်းတဲ့ အင်္ဂ္လန် အဖွဲ့က စုစောင်း ရရှိတဲ့ သတင်း အချက် အလက်တွေ ဖြစ်ပါတယ်။

ဒါတွေကို ထောက်လှမ်းရေး ဌာနက လျှို့ဝှက် သိမ်းဆည်းထားတာ ဖြစ်ပြီး၊ အခုထွက် ရှိလာတဲ့ တချို့ စွပ်စွဲ ချက်တွေ ကိုတော့ ဗြိတိန်ထုတ် The Sunday Times သတင်းစာမှာ ဖေါ်ပြ ပါရှိ ပါတယ်။

ရုရှ သမ္မတ ဗလာဒီ မီယာ ပူတင် ကိုယ်တိုင် ဒီ မမှန်ကန်တဲ့ လုပ်ရပ်တွေ ထဲမှာ အကြီး အကျယ် ပါဝင် ပတ်သက် နေပြီး မစ္စတာ ပူတင်က သူ့နိုင်ငံ မဲရရေး အတွက် စည်းရုံး ပေးဖို့ ဖီဖာ ဥက္ကဌ ဆက်ပ် ဘလက်တာ ဆီက တောင် အကူ အညီ တောင်း ခဲ့တယ်လို့ ဆိုပါတယ်။

ကာတာ နိုင်ငံ ကတော့ သူတို့ရဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်း အရှိန် အဝါနဲ့ မဲရအောင် လုပ်ခဲ့ တယ်လို့ စွပ်စွဲ ပါရှိ ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/sport/2014/11/141130_fifa

ရုရှ သမ္မတ ဗလာဒီ မီယာ ပူတင် ကိုယ်တိုင် က ဖီဖာ ဥက္ကဌ ဆီက အကူ အညီ တောင်း ခဲ့တယ်လို့ ဆိုပါတယ်

ရှုခင်းသာအိမ်ရာကို ထိတ်လန့် စေသူများအား ဖမ်းဆီး အရေးယူ

သာကေတမြို့နယ်၊ ရှုခင်းသာအိမ်ရာ၌ ခိုက်ရန်ဖြစ်ပွားရာတွင် ရပ်ကွက် နေပြည်သူများ ကြောက်ရွံ့ ထိတ်လန့်ခြင်းများ ဖြစ်ပွားစေခဲ့ပြီး ရပ်ကွက် တည်ငြိမ်အေးချမ်း သာယာရေးကို ထိခိုက်စေ ခဲ့ကြသူများကို အရေးယူ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

၂၇.၁၁.၂၀၁၄ ရက်နေ့ ၂၀၃၀ အချိန်ခန့်တွင် သာကေတမြို့နယ်၊ ရှုခင်းသာ ရပ်ကွက်၊ ရှုခင်းသာ အိမ်ရာ၊ တိုက် A-4 ရှေ့၌ ၎င်းတိုက်တွင်နေထိုင်ကြ သူများဖြစ်သည့် ဦးစိုးသန်းဦးမိသားစုနှင့် ကိုကျော်အောင်တို့မိသားစုသည် လမ်းပေါ်တွင်ကားပိတ်ဆို့ ရပ်တန့်မှုနှင့်ပတ်သက်ပြီး နှစ်ဘက်အချင်း များရန်ဖြစ်ခဲ့ကြသဖြင့် အပြန်အလှန်အမှုဖွင့် တိုင်တန်းထားရှိခဲ့၍ စစ်ဆေး ဆောင်ရွက်လျက်ရှိပါသည်။

ယင်းသို့အခင်းဖြစ်ပွားစဉ် ကိုကျော်အောင်၏တူဖြစ်သူ ဖြိုးသူနှင့် အပေါင်း အပါ(၃)ဦးတို့မှ တုတ်၊ ဓါးများ ကိုင်ဆောင်၍ အခင်းဖြစ်နေရာသို့ရောက်ရှိလာပြီး ကိုကျော်အောင်နှင့်အတူ ဦးစိုးသန်းဦးတို့အား ခြိမ်းခြောက်ကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် ရှုခင်းသာရပ်ကွက်နေပြည်သူတို့မှာ ကြောက်ရွံ့ ထိတ်လန့်ခြင်းများဖြစ်ပွားခဲ့ပြီး ရပ်ကွက်တည်ငြိမ်အေးချမ်းသာယာရေးကို ထိခိုက်စေသဖြင့် ၎င်းတို့ကို သာကေတမြို့မရဲစခန်း (ပ)၅၇၇/၂၀၁၄၊ ပြစ်မှုပုဒ်မ-၁၄၇/၁၄၈/၅၀၅(ခ) ဖြင့် အမှုဖွင့် အရေးယူခဲ့ပါသည်။

၎င်းအမှုမှ ကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနမှတပ်ဖွဲ့ဝင်များနှင့် သာကေတမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ ကျော်အောင်၊ (၄၆)နှစ်၊ သာကေတ၊ (၉)ရပ်ကွက်နေ ဖြိုးသူ၊ (၁၉)နှစ်၊ ထက်လင်းကိုကို၊ (၂၁)နှစ်နှင့် နိုင်ဝင်းအောင်၊ (၁၉)နှစ်နှင့် ဘောကြီး(ခ)အောင်ဇော်ဇော်၊ (၁၉)နှစ်တို့ (၅)ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။

အခင်းဖြစ်ပွားစဉ်က ဖြိုးသူ ကိုင်ဆောင်ထားသောအရိုးအသွား(၁၃)လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်း၊ နိုင်ဝင်းအောင် ကိုင်ဆောင်ထားသည့် အရိုးအသွား(၁၆) လက်မခန့်ရှိ ဓါးရှည်(၁)ချောင်းတို့အား ၎င်းတို့ ထံမှသိမ်းဆည်းရမိခဲ့ပါသည်။

ယင်းသို့ ရပ်ကွက်နေပြည်သူများ ကြောက်ရွံ့ထိတ်လန့်ခြင်းများ ဖြစ်ပွားစေခဲ့ပြီး ရပ်ကွက်တည်ငြိမ် အေးချမ်းသာယာရေးကို ထိခိုက်စေခဲ့ ကြသူများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အရေးယူဆောင်ရွက်ထားရှိကြောင်း အသိပေးဖော်ပြအပ်ပါသည်။

Yangon Police
https://www.facebook.com/yangonpolice



 

ဒေါပုံမြို့နယ်မှာ မီးပလပ်ခုံ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်

နေအိမ်တွင်လူမရှိဘဲ လျှပ်စစ်မီးချောင်း ဖွင့်ထားခဲ့ရာမှ မီးပလပ်ခုံ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်

ရန်ကုန်၊ နိုဝင်ဘာ ၃၀

၃၀.၁၁.၂၀၁၄ရက်နေ့ ၁၄၄၀ အချိန်တွင် ဒေါပုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒေါပုံမြို့နယ်၊ ဗမာ အေးရပ်ကွက်၊ တပင်ရွှေထီးလမ်းရှိ နေအိမ်တိုက်ခန်းတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေး ခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းရှိ တိုက်ဒုတိယထပ်နေ ဦးကျော်မြင့် (စိစစ်ဆဲ)မှာ နေအိမ်တွင်မရှိဘဲပြင်ပသို့ သွားရောက်နေစဉ် အခန်းအတွင်း၌ လျှပ်စစ်မီးချောင်း ဖွင့်ထားခဲ့ရာ မီးပလပ်ခုံ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာမှ မွေ့ယာနှင့် သုံးထပ်သားပြားတို့အား ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်
ကြောင်း၊ ပတ်ဝန်းကျင်နေ ပြည်သူများနှင့် မီသတ်ယာဉ်များ ရောက်ရှိငြှိမ်းသတ် ခဲ့သဖြင့် ၁၄၄၃အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ မီးလောင်မှု ဖြစ်ပွားခဲ့သည့် အတွက် ဦးကျော်မြင့် (စိစစ်ဆဲ)အား ဒေါပုံမြို့မ ရဲစခန်း(ပ)၂၉၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


ပြည်ပသင်တန်း ပို့ချမှု ကော်မရှင် သတိပေး

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖျာပုံ မြို့နယ် အဖွဲ့ခွဲ မှာ သင်တန်း ပို့ချမှု အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီဘူး ဆိုပြီး အမေရိကန် ရီပတ်ဘလစ်ကန် အင်စတီကျု အဖွဲ့ (IRI )ကို ရွေးကောက်ပွဲ ကော်မရှင် က သတိပေး ချက် ပို့ခဲ့ပါတယ်။

ဒီပေးပို့စာကို စာနယ်ဇင်း ကောင်စီ ကိုပါ ပူးတွဲ ပေးပို့ ခဲ့ပေမယ့် သက်ဆိုင်ရာ ပါတီ ကိုတော့ တနဂင်္နွေ နေ့ထိ ပေးပို့ ပြောဆိုခြင်း မရှိသေးဘူးလို့ ဖျာပုံ က အမျိုးသား လွှတ်တော် အမတ် ဦးသိန်းဆွေက ဘီဘီစီကို ပြောကြား ပါတယ်။

အရင်က NLD မှာ ဒီလို နိုင်ငံတကာ သင်တန်း ပို့ချမှု တွေ ရှိခဲ့ပေမယ့် တခါမှ သတိပေး မခံရဘဲ ခုလို စာပို့ကြောင်း မီဒီယာ တွေမှာ ဖတ်ရှုရတယ်လို့ သူက ပြောပါတယ်။

တခြား နိုင်ငံရေး ပါတီ ကြီးတွေမှာ ဒီလို ပြည်ပ သင်တန်း ပို့ချမှုတွေ ရှိခဲ့ပေမယ့် သတိပေး ပြောဆိုမှုမျိုး မကြားမိဘူး လို့လည်း သိရပါတယ်။

IRI က မဲဆွယ် စည်းရုံးရေး သင်တန်း ဆိုပေမယ့် လူငယ်တွေ အသိပညာ ပေးဖို့ ရည်ရွယ် ဖွင့်လှစ်ခဲ့တာသာ ဖြစ်တယ် လို့ ဦးသိန်းဆွေက ပြောပါတယ်။

NLD အနေနဲ့ ဘယ် နိုင်ငံခြား အဖွဲ့အစည်း တွေ အကူအညီ ကိုမှ လက်မခံဘဲ ပညာပေး ဖြန့်ဖြူးဖို့ လိုအပ်တယ်လို့ ထင်မှသာ ဆောင်ရွက်ပေးတယ် လို့ သူက ဆိုပါတယ်။

နိုဝင်ဘာ လလယ်က ဖျာပုံမြို့မှာ IRI သင်တန်း ဖွင့်လှစ် ပို့ချ ခဲ့ပြီး လူ ၂ဝဝ နီးပါး တက်ရောက်တယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/11/141130_nld_commission_iri

လူငယ်တွေ ပညာ ပေးဖို့ သင်တန်းတွေ ဖွင့်လှစ်

Ferguson ပြဿနာ ရဲအရာရှိ Wilson နုတ်ထွက်

အမေရိကန်နိုင်ငံ အလယ်ပိုင်းမစ်ဇူရီ (Missouri) ပြည်နယ် ဖာဂူဆန် (Ferguson) မြို့မှာ ရဲအရာရှိတစ် ယောက်ရဲ့ ပစ်ခတ်မှုကြောင့် လက်နက်မဲ့ အာဖရိကန် အမေရိကန် ဆယ်ကျော်သက်တစ်ယောက် သေဆုံးသွား ခဲ့တာကနေစလို့ လမ်းပေါ်ဆန္ဒပြပွဲနဲ့ ပဋိပက္ခတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး အခုနောက်ဆုံး တော့ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ လူဖြူ ရဲအရာရှိ ရာထူးက နုတ်ထွက်လိုက်ပါတယ်။

Ferguson ရဲဌာနကနေ ရဲအရာရှိ Darren Wilson နုတ်ထွက်စာတင်လိုက်တဲ့ကိစ္စ ချက်ချင်း အသက်ဝင်မှုရှိတယ်လို့ သူ့ရှေ့နေက စနေနေ့က ကြေညာခဲ့ပါတယ်။

St Louis မြို့နယ် Ferguson မြို့မှာ သြဂုတ်လတုန်းက အသက် ၁၈ နှစ်အရွယ် Michael Brown ကို ပစ်ခတ်သတ်ဖြတ်မှုဖြစ်ခဲ့ချိန်ကစပြီး Darren Wilson အလုပ်က ခွင့်ယူထားခဲ့ပါတယ်။ ရဲအရာရှိ Wilson ရာထူးက ထွက်သင့်တယ်လို့ မြို့ခံတစ်ချို့က သတင်းဌာနတွေကို ပြောဆိုကြပါတယ်။ St Louis မြို့နယ် သတင်းစာတစ်စောင်ကတော့ Wilson ရဲ့ နုတ်ထွက် စာကို ဖော်ပြထားပါတယ်။

သူရာထူးကမထွက်ဘဲ ဆက်ပြီး အမှုထမ်းနေမယ်ဆိုရင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ Ferguson မြို့ခံတွေအတွက် ဆက်ပြီး အန္တရာယ်ရှိနေနိုင်တာကြောင့် ရာထူးကထွက်ပေးဖို့ သူ့ကို ပြောတယ်လို့ Darren Wilson က ပြောပါတယ်။ သူအလုပ်ထွက်လိုက်တဲ့အတွက် Ferguson မြို့ခံတွေကို အတော်အသင့် စိတ်သက်သာရာရစေလိမ့်မယ်လို့ မျော်လင့်ကြောင်းလည်း Darren Wilson က ပြောပါတယ်။

ဒီအတောအတွင်း Wilson ရဲ့ပစ်ခတ်မှုနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ အရေးယူမှုမရှိခဲ့တဲ့ တနင်္လာနေ့က တရားရုံးရဲ့အမိန့်ချမှတ်ချက်ကြောင့် မနေ့က ဆန္ဒပြပွဲတွေ ဆက်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတရားရုံး ဆုံးဖြတ်ချက်ကိုမကျေနပ်လို့ ၀ါရှင်တန်ဒီစီမြို့က Georgetown မှာလည်း စနေနေ့က ရာနဲ့ချီတဲ့လူထုက ဆန္ဒုပြချီတက်ပွဲ ဆင်နွဲခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/missouri-police-officer-who-shot-unarmed-teen-resigns-/2539931.html

ဆယ်ကျော်သက် လက်နက်မဲ့ လူမည်းတစ်ယောက်ကို သေသည်အထိ ပစ်ခတ်ခဲ့သူ ရဲအရာရှိ Darren Wilson

တားမြစ်ဆိုးဆေး သုံးစွဲခြင်းရှိမရှိ ရန်ကုန်တိုင်း ဈေးများတွင် စစ်ဆေးပြီးဟုဆို

ဈေးတွေမှာ ရောင်းချနေတဲ့ စားသောက်ကုန်တွေနဲ့ အလှကုန်တွေမှာ တားမြစ်ဆိုးဆေး သုံးထားခြင်း ရှိ မရှိကို အစား အသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဌာနက ရွေ့လျား ဓာတ်ခွဲခန်းတွေ သုံးပြီး လိုက်လံ စစ်ဆေး နေတာ ရန်ကုန်တိုင်း ထဲရှိတဲ့ ဈေးတွေအားလုံးမှာ စစ်ဆေး ခဲ့ပြီးပြီလို့ ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော်က ပြောပါတယ်။

ကားပေါ်မှာ ဓာတ်ခွဲခန်းဖွင့်ပြီး ကွင်းဆင်းစစ်ဆေးခဲ့ရာမှာ ငရုတ်သီးအရောင်တင်မှုန့်လို စားသောက်ကုန် တွေမှာ တားမြစ်ဆိုးဆေးသုံးတာ စစ်ဆေးတွေ့ရှိရပြီး လက်ဖက်မှာ ဆိုးဆေးသုံးတာ သိပ်မတွေ့ ရတော့ ဘူးလို့ ဒေါက်တာထွန်းဇော်က ပြောပါတယ်။

“ဥပမာအနေနဲ့ ပြောမယ်ဆိုရင် ငရုတ်သီးအရောင်တင်မှုန့်၊ ဆနွင်းမှုန့်၊ မျှစ်၊ လက်ဖက် ငါးပိတို့လို စားသောက်ကုန်တွေမှာ အများဆုံးတွေ့ရပါတယ်။ လက်လုပ်ချဉ်တချို့တလေမှာလည်း တားမြစ်ဆိုးဆေးသုံးတာ တွေ့ရပါတယ်။ နို့တို့၊ ပြည်ကြီးငါးတို့ကျ မပုပ်မသိုးအောင်ဆိုပြီး ဖော်မလင် သုံး မသုံး မိုဘိုင်းဓာတ်ခွဲခန်းမှာ အကုန်စစ်လို့ရပါတယ်။ သိသိသာသာ ထင်ထင်ရှားရှား ဖြစ်တဲ့ဟာပြောမယ်ဆိုရင် လက်ဖက်မှာဆို တော်တော်ကြီးလျော့နည်းသွားပြီး တားမြစ်ဆေး မသုံးတော့ဘူးလို့တော့ ပြောမရပေမယ့် အရင်ထက်စာရင် လျော့နည်းသွားတယ်။”

ကားဓာတ်ခွဲခန်းနဲ့ စစ်ဆေးလို့ မရတဲ့ စားသောက်ကုန်နဲ့ အလှကုန်တို့ကိုတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အထိုင်ဓာတ်ခွဲခန်းတွေရှိရာကို ပို့ဆောင် စစ်ဆေးတယ်လို့လည်း ပြောပါတယ်။

အလှကုန်ပစည်းတွေမှာတော့ အသားဖြူစေတဲ့ ချွတ်ဆေး သုံး မသုံး အဓိကစစ်ဆေးတာ ဖြစ်ပါတယ်။

ဈေးရှေ့ကားရပ်ပြီး ဓာတ်ခွဲ စစ်ဆေးတွေ့ရှိချက်အဖြေတွေကို သက်ဆိုင်ရာဈေးတာဝန်ခံတွေနဲ့ ဈေးသည်တွေကို တခါတည်း ပေးခဲ့ပြီး ဈေးစည်ပင်ပိုင်းက လိုအပ်သလို ဆက်လက် လုပ်ဆောင်စေတာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ဓာတ်ခွဲခန်းကား နှစ်စီးသုံးပြီး ရန်ကုန်၊ ပဲခူး၊ တောင်ငူမြို့တို့မှာ လုပ်ဆောင်ခဲ့ပြီး လတ်တလော မန္တလေးဈေးတွေမှာ လိုက်လံစစ်ဆေးနေပါတယ်။ ပြီးရင် နေပြည်တော်နဲ့ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့ကို လိုက်လံစစ်ဆေးသွားမှာလည်း ဖြစ်ပါတယ်။

အစားအသောက် ထုတ်လုပ်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်ထားတဲ့ ဓာတုဆိုးဆေးများ လုံးဝ အသုံးမပြုဖို့နဲ့ မလိုက်နာပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈ (က) အရ တရားစွဲဆိုအရေးယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/72395

ဈေးဆိုင်တခုတွင် စစ်ဆေးမှု ပြုလုပ်နေစဉ်

၆ ပွင့်ဆိုင်ငြင်းသည့် သမ္မတနှင့် ကာချုပ်သဘောထားအပေါ် အမြင်များ

လွှတ်တော်ထဲ ၆ ပွင့်ဆိုင် ဆွေးနွေးဖို့ အတည်ပြုခဲ့ ပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့က ရှေဆင့် နောက်ဆင့် ဆိုသလို ငြင်းဆို ခဲ့ကြပါတယ်။ ဒီအပေါ် နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ခေါင်းဆောင်တချို့ရဲ့ အမြင်တွေကို မေးမြန်းထားပါတယ်။

ဦးဝင်းမြင့် (အန်အယ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်)

“တချို့က ပြောကြတယ်ဗျာ။ ၆ ပွင့်ဆိုင်က ပုဂ္ဂိုလ်ရေးဆန်တယ်ပေါ့။ ၁၄ ဦး တွေ့တာက အဖွဲ့အစည်းဆန်တယ်ပေါ့ ပြောကြတယ်။ တကယ်တော့ အဲ့ဒီ ၁၄ ဦးတွေ့တာကမှ ပုဂ္ဂိုလ်ရေးဆန်တာဗျ၊၊ဘာလို့ဆိုတော့ အဖွဲ့အစည်းအနေနဲ့ ဖိတ်တာမဟုတ်ဘူး။ By name အနေနဲ့ နာမည်တပ်ဖိတ်တာ။ အဖွဲ့အစည်းအနေနဲ့ဖိတ်ပြီး အဖွဲ့အစည်းတွေက ရွေးလိုက်တဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ အခုဟာက အဖွဲ့အစည်းဆန်တာဗျ။ ပုဂ္ဂိုလ်ရေးဆန်တာ မဟုတ်ဘူး။ အဖွဲ့အစည်းဆန်တယ်ဆိုတာက လွှတ်တော်နှစ်ခုလုံးကိုယ်စားပြုတဲ့ ဥက္ကဋ္ဌတွေပါတယ်ဗျာ။ တပ်မတော်တခုလုံး ကိုယ်စားပြုတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပါတယ်ဗျာ။ အစိုးရတဖွဲ့လုံးကိုယ်စားပြုတဲ့ သမ္မတဗျာ။ ကျနော်တို့ အတိုက်အခံပါတီအနေနဲ့လည်း ပြောလို့ရတဲ့ ဒီမိုကရေစီအင်အားစုအနေနဲ့လည်း ပြောလို့ရတဲ့ ကျနော်တို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပါတယ်ဗျာ။ တိုင်းရင်းသားတွေဘက်ကလဲ တိုင်းရင်းသားတွေ ကိုယ်စားပြုတဲ့ သူတို့ လျှို့ဝှက်မဲနဲ့ရွေးတဲ့ ဒေါက်တာအေးမောင်ဗျာ။ ဒါကမှ အဖွဲ့အစည်းကို ကိုယ်စားပြုတာဗျ။ ပြည်တွင်းငြိမ်းချမ်းရေး တကယ်ရချင်တယ်၊ ဒီမိုကရေစီကူးပြောင်းရေးကို တကယ်ချောမွေ့စွာ ကူးပြောင်းချင်တယ်၊ ဖွဲ့စည်းပံပြင်ဆင်ရေးကို တကယ်ချောမွေ့စေချင်တယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း တကယ်လိုလားတယ်ဆိုရင်တော့ တွေ့ဆုံတယ်ဆိုတာက မတွေ့ဆုံတာထက်စာရင်တော့ ဘယ်လိုပဲ ဖြစ်ဖြစ် အကျိုးရှိတာပဲလေ။ ဒါကို မတွေမဆုံ မဆွေးနွေးချင်ဘူးဆိုတာ ဘယ်လိုသဘောထားလဲဆိုတာ ကျနော် နားမလည်ဘူး။”

ဦးခင်မောင်ဆွေ (ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် – အက်ဖ်ဒီအေ)

‘“သမ္မတနဲ့ နိုင်ငံရေးပါတီတွေ နိုဝင်ဘာ ၂၆ တွေ့တုန်းက တိုင်းရင်းသားပါတီတွေက ပြောတယ်။ ဗမာ၊ ကရင်၊ ကချင်၊ ရှမ်း စသဖြင့် တမျိုးချင်းစီက ကိုယ်စားလှယ်တယောက်စီ ပါမှပဲ သင့်တင့်လျောက်ပတ်မယ်လို့ ပြောကြတယ်။ နောက်ပြီး ထိပ်သီးဆိုတဲ့ကိစ္စကလည်း ဘယ်လိုဖြစ်နေလဲဆိုတော့ သမ္မတကတော့ နိုင်ငံ့အကြီးအကဲဆိုတော့ သူခေါ်ရင်တော့ ထိပ်သီးဆွေးနွေးပွဲဖြစ်မှာပေါ့ဗျာ။ ဒါပေမယ့် ၁၄ ဦးတုန်းက ကျနော်ပါသွားတယ်။ ကျနော့်ကို ထိပ်သီးလို့ ဘယ်လို ပြောလို့ရမလဲ။ ကျနော့်ကို ထိပ်သီးဆိုပြီးတော့ ရွေးထားတာမှ မရှိဘဲ။ ထိပ်သီးရောဂါတွေ ဖြစ်နေကြတယ်ဗျ၊။ ထိပ်သီးလုပ်ချင်ပြီး အစည်းအဝေးတက်ချင်နေတဲ့သူတွေ ပါနေတော့ကာ အဲ့ဒီမှာတင် အလုအယက်တွေ၊ မပြေလည်တာတွေ၊ နိုင်ငံရေးလောကမှာ ဖြစ်နေကြတယ်။ မြန်မာ့နိုင်ငံရေးမှာရှိနေတဲ့ မူလပြဿ နာကို ဆွပေးလိုက်သလို ဖြစ်နေတာပေါ့ဗျာ။ နောက် ၆ ပွင့်ဆိုင် ဆွေးနွေးလို့ကော နိုင်ငံရေးပြဿ  နာ ပြေလည်မလားဆိုတော့ ကျနော့်အမြင်တော့ မပြေလည်ဘူးဗျ။ ဘာလို့ဆိုတော့ ဒေါ်စုနဲ့ ဦးရွှေမန်းက တဘက်၊ စုမန်း တဘက်နဲ့ သိန်းမင်းတဘက် ဖြစ်နေတယ်။ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တဘက် ဖြစ်နေတော့ကာ ၆ ပွင့်ပဲဆိုင်ဆိုင် ဘယ်နှပွင့်ပဲဆိုင်ဆိုင် ဒီလေးဦးကြားထဲမှာ စည်း ခြားနေတာ တွေ့နေရတယ်လေ။ ကောင်းတာက ထိပ်သီးလည်း မလုပ်နဲ့ လေးဦးလည်း မလုပ်နဲ့ ဆယ့်လေးဦးလဲ မလုပ်နဲ့ အရေးကြီးတာက သမ္မတရယ်၊ ကာချုပ်ရယ်၊ လွှတ်တော်နှစ်ရပ်က ဥက္ကဋ္ဌ နှစ်ယောက်ရယ်၊ ဒေါ်စုရယ် သူတို့ သဘောတွေ ကြားထဲမှာ အရင်ညှိနှိုင်းပြီးတော့မှ ဘာကို ဆွေးနွေးကြမှာလဲ၊ ဘယ်အချက်ကိုဆွေးနွေးမှာလဲ ဆွေးနွေးလို့ရှိရင် ဘယ်လောက်အထိ အဖြေရနိုင်မလဲ၊ ဘယ်လောက်အထိ အလျှော့အတင်းလုပ်နိုင်ကြမလဲ ဆိုတဲ့ ကြားအမြင်တခုကို အရင်ဆုံးရှာဖို့လိုတယ်ဗျ။ ပြီးတော့မှ ထိပ်သီးတို့၊ ဘာသီးတို့၊ ညာသီးတို့ ပြောတာ ကောင်းမယ်ထင်ပါတယ်။ လေးပွင့်ငြင်းလို့ လွှတ်တော်ကနေ ၆ ပွင့်တောင်းပြီး အတင်းကို ကျုံးသွင်းပြီး ပြောခိုင်းသလိုဖြစ်နေတော့ မလှပဘူးပေါ့။”

ဦးဂျင်မီ (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)

“ကျနော်တို့ တောင်းဆို တာတော့ လေးပွင့်ဆိုင်ပေါ့ဗျာ။ လေးပွင့်ဆိုင် ဆိုရာမှာ ကိုယ်စားပြုမှုလည်း ရှိတယ်၊ အငြင်းပွားမှုလည်း အနည်းဆုံးဖြစ်တဲ့ ပုဂ္ဂိုလ်လေးယောက်ကနေ တွေ့ဆုံဆွေးနွေးပွဲကို စတာပေါ့၊ အဲ့ဒါကို တောင်းဆိုတာ။ အခုက တခါ ၆ ပွင့်ဆိုတာ ကြည့်လိုက်တော့ တိုးလာတဲ့ နှစ်ပွင့်ကလည်း ကိုယ်စားပြုမှုရှိပြီး အငြင်းပွားမှုလည်း နည်းတယ်။ ၆ ပွင့်ကလည်း စလို့ရတယ်လို့ ကျနော်တို့ သဘောတူထားပြီးသားဗျ။ ပြောချင်တာက နိုင်ငံရေးပြဿ နာတွေရှင်းဖို့ တွေ့ဆုံဆွေးနွေးမှု အစပဲလေဗျာ။ ဒီအစမှာတော့ ကိုယ်စားပြုမှု ကျစ်ကျစ်လျစ်လျစ်နဲ့ စရမှာပဲဗျ။ နောက်တော့မှ လိုအပ်သလို စားပွဲဝိုင်း ချဲ့သွားပေါ့ဗျာ။ နောက် ပိုပြီး အားကောင်းတာက ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုထားတဲ့ ဆုံးဖြတ်ချက် ဖြစ်နေတယ်ဗျ။  ဖြစ်နေတော့ ဒါကို သမ္မတရော၊ ကာကွယ်ရေးဦးစီးချုပ်ရော လေးစားလိုက်နာသင့်တယ်ဗျ။ နောက်တခုက ၆ ပွင့်ဆိုင်ဆွေးနွေးပွဲဆိုတာ ထွက်လာတော့ ပြည်တွင်းပြည်ပ ကန့်ကွက်သူ မရှိသလောက်ဖြစ်တယ်။ အဲ့ဒီတော့ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲက စရမယ်။ လုပ်ကိုလုပ်သင့်တယ်လို့ မြင်တယ်။”

ဦးရဲထွန်း (သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်)

“ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်တောင်းတယ်။ လွှတ်တော်က ၆ ပွင့်ဆိုင်လုပ်ဖို့ တိုက်တွန်းတယ်။ ဒီအပေါ်မှာ သမ္မတတို့၊ ကာချုပ်တို့ စဉ်းစားချက်က ဖွဲ့စည်းပုံပြင်ဖို့ အချိန် စောလွန်းနေသေးတယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးပွဲတွေလည်း မပြီးသေးဘူးဆိုပြီး သူတို့က institution တွေအပေါ် တည်ပြီး လုပ်ချင်တယ်။ institution ပေါ်တည်တယ်ဆိုတာကဗျာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဆန္ဒကိုပါယူချင်တာပေါ့ ဗျာ။ အဲ့ဒီအဓိပ္ပာယ်ပါပဲ။ နှစ်ဘက်က ဒီအခြေခံကွဲလွဲချက်တွေကို သူတို့ချင်း မညှိဘဲနဲ့ ကိုယ်ဖြစ်ချင်တာကို ဇွတ်အတင်း ဖိအားပေးတဲ့သဘောမျိုး သက်ရောက်နေတဲ့အခါကျတော့ သမ္မတနဲ့ကာချုပ်တို့က ဒါကို မတွေ့နိုင်ဘူးလို့ ငြင်းလိုက်တဲ့ သဘောပါ။ လွှတ်တော်အနေနဲ့ကတော့ တိုက်တွန်းတာဖြစ်တဲ့အတွက်ကြောင့် သမ္မတက မလုပ်နိုင်ဘူး၊ မလုပ်ချင်ဘူးလို့ သူ့ ယုံကြည်ချက်နဲ့သူ လုပ်တဲ့ကိစ္စဖြစ်တာမို့ လွှတ်တော်က စွပ်စွဲပြစ်တင်တာတို့၊ ဘာတို့ လုပ်လိမ့်မယ်တော့ မထင်ဘူး။ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက် တရပ်ရပ်ကို ချိုးဖောက်တာလည်း မဟုတ်ဘူး။ တကယ်လို့ လွှတ်တော်က စွပ်စွဲပြစ်တင်လည်း လွှတ်တော်ထဲ လုံလောက်တဲ့ မဲရလိမ့်မယ်လို့ မထင်ဘူး။ စွပ်စွဲပြစ်တင်မှု ထမြောက်အောင်မြင်အောင် ဇွတ်အတင်းလုပ်ကြမယ်ဆိုရင်လည်း တပ်မတော်က အာဏာပြန်သိမ်းနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ကျနော်ယူဆတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ထဲ စွပ်စွဲပြစ်တင်တဲ့အထိ သွားလိမ့်မယ်လို့ ကျနော် မထင်ဘူး။”

ဒေါ်ခွန်ဂျာ(ကချင်ငြိမ်းချမ်းရေးကွန်ရက်)

“အမြန်ဆုံး တွေ့ဆုံဆွေးနွေးမှုတခုကတော့ လုပ်ဆောင်မှပဲရမယ်။ အခုလို တင်းမာပြီး မတွေ့မတွေ့ဆိုရင်တော့ နာတာက ပြည်သူလူထုပဲ နာတာရှင့်။ ဒါပေမယ့် ၆ ပွင့်ဆိုင်လို့ ပြောပြီးမှ ဥပမာ နိုင်ငံတော်အစိုးရ ကိုယ်စားလှယ်၊ ပြီးတော့ ဒီမိုကရေစီတပ်ဖွဲ့ပေါင်းစုံအတွက် ကိုယ်စားလှယ်၊ နောက် တိုင်းရင်းသားများရဲ့ ကိုယ်စားလှယ်၊ နောက် အရပ်ဘက်အဖွဲ့အစည်းများရဲ့ ကိုယ်စားလှယ်၊ အဲ့ဒီလို လူတန်းစားမျိုးစုံကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ပါဝင်မယ်ဆိုရင်တော့ ပိုပြီး ကောင်းမွန်မယ်လို့ ယူဆပါတယ်။ ဘာလို့ဆို အခုလို လူပုဂ္ဂိုလ်ပေါ်မူတည်ပြီး တွေ့ဆုံတယ်ဆိုလို့ရှိရင် တကယ်လို့များ သူတို့ မရှိတဲ့အခါမှာ သူတို့တွေရဲ့ ဆုံးဖြတ်ချက်ကို ဘယ်သူတွေက အကောင်အထည်ဖော်မှာလဲဆိုတာ ပြဿ  နာ ရှိပါတယ်။”

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/72377


လည်ပင်းညှစ်ကာ ၀ါးတုတ်ချွန်နှင့် လည်ဂုတ် လည်ပင်း ထိုးသတ်မှု ဖမ်းမိ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ တိုင်ကြားပြီး(၂)နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးရမိ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

၂၉.၁၁.၂၀၁၄ ရက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ဦးစိန်ဖေမှ မြေးဖြစ်သူ မောင်ကောင်းခန့်နိုင်၊ (၁၆)နှစ်မှာ ပျောက်ဆုံး နေကြောင်းသိရှိရ သဖြင့် မိသားစုနှင့်အတူ လိုက်လံရှာဖွေခဲ့ရာ ၁၅၀၀ အချိန်ခန့်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၄၁)ရပ်ကွက်၊ ရွှေယင်းမာလမ်းဘေး ရေမြောင်းအတွင်း၌ မြေးဖြစ်သူအား လည်ပင်းတွင် ၀ါးစိုက်ဝင်နေသော ဒဏ်ရာ(၁)ချက်နှင့် လည်ပင်း ၀ဲဘက်နောက် ထိုးသွင်းဒဏ်ရာ(၂)ချက်တို့ဖြင့် လဲကျသေဆုံး နေသည်ကိုတွေ့ရှိ ရသဖြင့် မြေးဖြစ်သူအား သေဆုံးအောင်ပြုလုပ်သူကို အရေးယူပေးရန်တိုင်တန်း လာခဲ့သဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း(ပ)၆၆၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂
ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ၏ စီမံကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ စုံစမ်းဆောင်ရွက်ခဲ့ရာ သေဆုံးသူနှင့် ခင်မင် ရင်းနှီးသူ ထောင်ပိ(ခ)ထောင်အုပ်လျှန်အား မသင်္ကာဖွယ်စုံစမ်းရရှိသဖြင့် ရှာဖွေဖမ်းဆီးခဲ့ရာ ၁၇၃၀ အချိန်တွင် (၄၁/တိုးချဲ့) ရပ်ကွက်အတွင်းရှိ ဦးဝိစာရ
လမ်းမပေါ်မှ တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ထောင်ပိ(ခ)ထောင်အုပ်လျှန်အားစစ်ဆေးရာ ၂၈.၁၁.၂၀၁၄ ရက်နေ့ ၂၂၃၀ အချိန်ခန့်တွင် ၎င်းနှင့် ကောင်းခန့်နိုင်တို့(၂)ဦးသည် အရက်သောက်စား ခဲ့ကြကြောင်း၊ ပြီးနောက် ဦးဝိစာရလမ်းအတိုင်းပြန်လာကြစဉ် သေဆုံးသူမှ ၎င်းအား မခံချင်အောင်နောက်ပြောင်ပြောဆိုပြီး ရွှေယင်းမာလမ်း အတိုင်း ထွက်ပြေးသွားခဲ့ကြောင်း၊ ၎င်းမှ နောက်မှလိုက်သွားပြီး အခင်းဖြစ်နေရာ အရောက်တွင် လက်သီးဖြင့်ထိုးခဲ့၍ သေဆုံးသူမှာ ရေမြောင်းအတွင်းလဲကျ သွားစဉ် လည်ပင်းအားညှစ်ကာ အနီးတွင်တွေ့ရှိသော ၀ါးတုတ်ချွန်ဖြင့် လည်ဂုတ်နှင့် လည်ပင်းတို့အားထိုးခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်သူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၁/တိုးချဲ့)ရပ်ကွက်နေ ထောင်ပိ(ခ)ထောင်အုပ်လျှန်၊ (၂၁)နှစ်အား အမှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။

Yangon Police
https://www.facebook.com/yangonpolice



မလေးရှားတွင် မြန်မာကုန်စုံဆိုင်ပိုင်ရှင် တစ်ဦး အသတ်ခံရ

မလေးရှားနိုင်ငံ ကလန်းမြို့ ဆင်တိုဆာ KFC ဆိုင် အနီးတွင် မြန်မာ ကုန်ပစ္စည်းများဖြင့် ဖွင့်လှစ် ရောင်းချနေသော မြန်မာ ဆိုင်ပိုင်ရှင် တစ်ဦးအား အမည်မသိလူအုပ်တစ်စုမှ လာရောက် သတ်ဖြတ် သွားခဲ့သည်ဟု သတင်းရရှိသည်။

ယင်းသတ်ဖြတ်မူမှာ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး အသတ်ခံရသူမှာ တနင်္သာရီတိုင်း ထားဝယ်မြို့မှ   ကိုအောင်မျိုးဦ (အသက် ၄၀)  ဆိုသူဖြစ်သည်။

ကိုအောင်မျိုးဦးသည် ကလန်းမြို့တွင် မြန်မာ ကုန်ပစ္စည်းဆိုင် ဖွင့်လှစ်ရောင်းချနေသူ တစ်ဦး ဖြစ်ကြောင်း သိရသည်။

“ သတ်သွားတဲ့လူတွေက ဘယ်သူတွေလည်းဆိုတာမသိဘူး။အထဲကပိုတ်ဆံတွေလည်းယူမသွားဘူး။ ဆိုင်ကပစ္စည်းတွေလည်း ဘာမှယူမသွားဘူး။ အကုန်ဒီအတိုင်း ပဲထားခဲ့တယ်။ ကျွန်တော်တို့  ခန့် မှန်း သလောက်တော့ အငြိုးနဲ့ သက်တာဖြစ်နိုင်တယ်။ ဘာဖြစ်လို့  သက်တာဆိုလည်းမသိ ဘူး” ဟု ၄င်းဆိုင်ဘေးတွင် နေထိုင်သူ ထားဝယ် လူငယ်တစ်ဦးမှ နိရဉ္စရာသို့  ပြောသည်။

ကိုအောင်မျိုးဦး၏ လက်များနှစ်ဖတ်လုံးအား ဖြတ်တောက်ခံထားပြီး ကိုယ်ခန္ဓာတွင်လည်း ဒဏ်ရာ အများ ရရှိခဲ့ကြောင်းသိရသည်။

“ ဒီဆိုင်မှာ ကျွန်တော်တို့  ပစ္စည်းတွေဝယ်နေကျပဲ သူကအရမ်းခင်ဖို့ ကောင်းတယ်။ လူချစ်လူခင် ပေါတယ်။ ကိုယ့်မြန်မာတွေနဲ ရန်ဖြစ်လေ့ဖြစ်ထမရှိဘူး။ အခုလို ဖြစ်သွားတဲ့အတွက် အရမ်းကို စိက်မကောင်းဖြစ်မိတယ်ဟု’’ ၄င်းလူငယ်မှဆက်ပြောသည်။

အဆိုပါဆိုင်တွင်အကူအဖြစ်အလုပ်လုပ်သောအမျိုးသမီးတစ်ဦးကိုလည်း တိုက်ခိုက်သူများမှ ဓါးနဲ့  ခုတ်သတ်ခဲ့သဖြင့် နားထင်များနဲ့  လက်များတွင် ပြင်းထန်ဒဏ်ရရှိခဲ့ပြီး အရေးပေါ် ဆေးကုသမူ ခံယူလျှက်ရှိကြောင်း သိရသည်။

သို့သော်လည်း မလေရှားရဲများမှ ၎င်းအမျိုးသမီးအား ချက်ချင်းစစ်ဆေးရန် ခေါ်ဆောင် သွားခဲ့ကြောင်း မျက်မြင်များက ပြောဆိုသည်။

မလေးရှားတွင် မြန်မာနိုင်ငံသားများကို အုပ်စုဖွဲ့ လူသတ်များပေါ်ပေါက်နေသော်လည်း မလေးရှားရဲမှ တစ်စုံတစ်ရာ ထိထိရောက်ရောက် ဖေါ်ထုတ်ခြင်း မရှိကြောင်း၊ မလေးလူမျိုးတစ်ဦးဦး အသတ်ခံရပါက ချက်ချင်း ဖေါ်ထုတ် အရေးယူနိုင်သော်လည်း မြန်မာနိုင်ငံသား ၅၀ နီးပါးခန့် အသတ်ခံရသော်လည်း အမှု တစ်ခုကို ဖေါ်ထုတ်နိုင်ခြင်း မရှိဘဲဖြစ်နေသည်မှာ အလွန်အံ့အားသင့်စရာ ဖြစ်နေကြောင်း၊ မလေးရဲတပ်ဖွဲ့က မြန်မာများ အသတ်ခံရမှုအပေါ် မျက်ကွယ်ပြုနေပုံရကြောင်း မလေးရောက် ကိုအောင်လွှင်ဦးမှ သုံးသပ် ပြောဆိုသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများဆက်တိုက်အသက်ခံနေရသော်လည်း အမူမှန် တစ်ခုမှ ဖေါ်ထုတ် အရေးယူနိုင်ခြင်း မရှိသေးကြောင်း၊ သက်ဆိုင်ရာမြန်မာအစိုးရအနေဖြင့် အချိန်မှီ လာရောက် ကာကွယ်ပေးသင့်ကြောင်း မလေးရှားနိုင်ငံရှိ နာရေးကိစ္စတွင် လုပ်ကိုင်ဆောင်ရွက်နေသူ ကိုစိုးသန်းမှလည်း နိရဉ္စရာသို့ ပြောသည်။

မည်သည့်အကြောင်းကြောင့် တိုက်ခိုက် သတ်ဖြတ်သည်ကို မသိရသေးသော်လည်း မလေးရှား သက်ဆိုင်ရာရဲတပ်ဖွဲ့မှ  လူသတ်မှု ကျူးလွန်သူများကို CCTV ကတဆင့် စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

(နိရဉ္စရာ- ၃၀ နိုဝင်ဘာ ၂၀၁၄) / ၀ဏ္ဍခွာညို (ရန်ကုန်)
http://www.narinjara.com/burmese/?p=12910

(ဓါတ်ပုံ – နေခိုင် Facebook လူမူ့ ကွန်ယက်)

စာရေးဆရာ ထင်လင်းဦး ကို သံဃာတွေ သပိတ်မှောက်ကံဆောင်

NLD ပါတီ၊ ဗဟိုပြန်ကြားရေး ကော်မတီအဖွဲ့ဝင် စာရေးဆရာ ထင်လင်းဦးကို စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ နယ်လုံးဆိုင်ရာ သံဃာတော်များက နိုဝင်ဘာလ ၂၉ ရက်နေ့ မနေ့က မွန်းလွဲ ၂ နာရီမှာ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပြီး သပိတ်မှောက် ကြတယ်လို့သိရပါတယ်။ ချောင်းဦးမြို့၊ မေဃဝန်ကျောင်းတိုက်၊ ဝိသုံဂါမ မဟာ သိမ်တော်ကြီးမှာ ပြုလုပ်တဲ့ ကံဆောင်ပွဲကို သံဃာတော် အပါး ၂၅ဝ ကျော် တက်ရောက်ခဲ့ ကြတယ်လို့ ချောင်းဦးမြို့ မဟာဓမ္မာရုံကျောင်းတိုက် ဆရာတော် အရှင် ဓမ္မပီယ က RFA ကိုမိန့်ကြားပါတယ်။

"တက်ရောက်က ၂၅၂ ပါးရှိတယ်ဗျ၊ မတက်ရောက်နိုင်လို့ ဆန္ဒပေးတယ်ပေါ့နော်၊ အဲ့လိုဆန္ဒပေးတာက ၁၄၈ ပါးရှိတယ်ဗျ၊ ကမ္မဝါဖတ်ပြီးတော့ သပိတ်မှောက် ကံဆောင်မိတယ်ပေါ့၊ ထင်လင်းဦးဟောပြောတဲ့ ကောက်နှုတ်ချက်လေးတွေကို ဦးဇင်းက သံဃာတွေကိုဖတ်ပြပေးတယ်ပေါ့၊ video ကိုလဲဖွင့်ပြပေးတယ်ဗျ၊ သံဃာပေါ်ကို စော်ကားထားတဲ့ စကားလုံးတွေကို ဖတ်ပြပေးတယ်၊ ပြီးတော့ မေတ္တာသုတ်ရွတ်တယ်၊ မေတ္တာသုတ်ရွတ်ပြီးတော့ ဆရာတော်ကြီးတွေ ကမ္မဝါဖတ်ပြီးတော့ သပိတ်မှောက်ကြတယ်"

စာရေးဆရာထင်လင်းဦးအနေနဲ့ မိမိတို့ထံလာရောက်ပြီး ဝန်ချတောင်းပန်မယ် ဆိုရင်သပိတ်လှန်ပေးနိုင်ကြောင်းလည်း အရှင်ဓမ္မပီယ ကမိန့်ကြားပါတယ်။ပတ္တနိက္ကုဇ္ဇနကံဆောင်ထားတဲ့ လက်ရှိကာလအတွင်း စာရေးဆရာထင်လင်းဦး ထံကနေတစ်စုံတစ်ခုသော ဒေယျဓမ္မကိုမျှ အလှူခံခြင်း၊ သူနဲ့ဆက်ဆံခြင်းများ မပြုလုပ်ပဲ ရပ်ဆိုင်းထားကြဖို့ မြန်မာနိုင်ငံတစ်ဝှမ်းရှိ သံဃာတော်များကိုလျှောက် ထားပါကြောင်းဖြင့်လည်း ချောင်းဦးမြို့နယ် သံဃာတော်တွေရဲ့ မနေ့ကထုတ်ပြန် ချက်မှာ ဖေါ်ပြထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စာရေးဆရာ ထင်လင်းဦး ကိုRFA က ဆက်သွယ်လို့ မရသေးပါဘူး။အရှင်ဓမ္မပီယ နဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာကိုနားဆင်ပါ။

အရှင်ဓမ္မပီယနဲ့ မေးမြန်းချက်

ဦးခင်မောင်စိုး။ ။ အရှင်ဘုရား...အရှင်ဘုရားတို့ မနေ့က စစ်ကိုင်းတိုင်း ချောင်းဦးမြို့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စာရေးဆရာထင်လင်းဦး က ပတ္တနိက္ကုဇ္ဇနကံဆောင်တော်မူတယ်လို့ တပည့်တော်ကြားရပါတယ်၊ အဲ့ဒါဟုတ်ပါသလား ဘုရား

အရှင်ဓမ္မပီယ။ ။ ဟုတ်ပါတယ်...ဟုတ်ပါတယ်

ဦးခင်မောင်စိုး။ ။ ဘာကြောင့်များ အဲ့ဒီလို သပိတ်မှောက်ကံဆောင်ရတာပါလဲ ဘုရား

အရှင်ဓမ္မပီယ။ ။ ဘာကြောင့်လဲဆိုတော့ သူက သံဃာစော်ကားထားလို့ပေါ့ဗျာ

ဦးခင်မောင်စိုး။ ။ တင်ပါ့ဘုရား အဲ့ဒါက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က စာပေဟောပြောပွဲမှာ စာရေးဆရာ ထင်လင်းဦး ဟောပြောခဲ့တဲ့ စကားတွေကို ရည်ညွှန်းတာပါလား ဘုရား

အရှင်ဓမ္မပီယ။ ။ ဟုတ်တယ်...ဟုတ်တယ်ဗျ.. အားလုံးကိုတော့ မဟုတ်ဘူးပေါ့ဗျာ၊ သံဃာတွေကို စော်ကားပြောထားတဲ့ စကားကိုပဲ ရည်ညွှန်းတာပေါ့ဗျာ

ဦးခင်မောင်စိုး။ ။ အရှင်ဘုရားတို့ မနေ့က ဘယ်လိုသပိတ်မှောက် ကံဆောင်ခဲ့လဲ ဆိုတာ တပည့်တော်ကို နဲနဲလောက်မိန့်ကြားပါလား ဘုရား

အရှင်ဓမ္မပီယ။ ။ ကျင်းပတာက မေဃဝန်ကျောင်းတိုက်၊ ဝိသုံဂါမ မဟာသိမ်တော်ကြီးမှာ ကျနော်တို့ ကျင်းပတာဖြစ်တယ်ဗျ၊ ပထမဦးဆုံး ချောင်းဦးမြို့ရဲ့ မဟာဓမ္မာရုံ စာသင်တိုက်က ဆရာတော်ကြီးကနေပြီးတော့ ပတ္တနိက္ကုဇ္ဇနကံ ပြုရခြင်းရဲ့ အကြောင်းအရာလေးတွေပေါ့နော်၊ ဘာကြောင့် သူ့ကိုပြုထိုက်တယ်ဆိုတဲ့ အကြောင်းအရာလေးတွေကို သြဝါဒလေးနဲ့ပြောတယ်၊ အဲ့ဒီနောက်မှာ တက်ရောက်တဲ့ သံဃာအရေအတွက်၊ နောက်မတက်ရောက်နိုင် လို့ ဆန္ဒပေးတဲ့ သံဃာအရေအတွက်၊ ဒါလေးကို ကြေညာပေးတယ်

ဦးခင်မောင်စိုး။ ။ တင်ပါ့ဘုရား၊ အဲ့သံဃာတော်တွေက ဘယ်လောက်တက်ရောက်ပါလဲ ဘုရား

အရှင်ဓမ္မပီယ။ ။ တက်ရောက်က ၂၅၂ ပါးရှိတယ်ဗျ၊ မတက်ရောက်နိုင်လို့ ဆန္ဒပေးတယ်ပေါ့နော်၊ အဲ့လိုဆန္ဒပေးတာက ၁၄၈ ပါးရှိတယ်ဗျ၊ အဲ့မှာတော့ ဦးဇင်းတို့ က ကမ္မဝါဖတ်ပြီးတော့ သပိတ်မှောက် ကံဆောင်မိတယ်ပေါ့၊ ဦးဇင်းကတော့ ထင်လင်းဦးဟောပြောတဲ့ ကောက်နှုတ်ချက်လေးတွေကို ဦးဇင်းက သံဃာတွေကိုဖတ်ပြပေးတယ်ပေါ့၊ video ကိုလဲဖွင့်ပြပေးတယ်ဗျ၊ သံဃာပေါ်ကို စော်ကားထားတဲ့ စကားလုံးတွေကို ဖတ်ပြပေးတယ်၊ ပြီးတော့ မေတ္တာသုတ် ရွတ်တယ်၊ မေတ္တာသုတ်ရွတ်ပြီးတော့ ဆရာတော်ကြီးတွေ ကမ္မဝါဖတ်ပြီးတော့ သပိတ်မှောက်ကြတယ်၊ အဲ့ဒီနောက်မှာကျတော့ ဆရာတော်တစ်ပါးကနေ ပြီးတော့ ဒီသပိတ်မှောက် ကံဆောင်ပြီးတော့ ရဟန်းတော်တို့လိုက်နာရမယ့် အချက်လေးတွေကို ရှင်းပြတယ်ဗျ၊ ဒီသပိတ်မှောက် ကံဆောင်ပြီးရင် ထင်လင်းဦး နဲ့ဆက်ဆံမှုရပ်ဆိုင်း လိုက်တယ်ဆိုတာကို ပြောတာပေါ့ဗျာ၊

ဦးခင်မောင်စိုး။ ။ ဘယ်လို အခြေအနေမျိုးမှာမှ ပြန်ပြီးတော့ သပိတ်လှန်မှာလဲ ခင်ဗျ၊

အရှင်ဓမ္မပီယ။ ။ သူကနေပြီး ဦးဇင်းတို့ဆီ လာဝန်ချတောင်းပန်တဲ့ အချိန်ပေါ့နော်၊ အဲ့ဒါဆိုရင် ဦးဇင်းတို့က ပြန်ပြီးသပိတ်လှန်ပေးလို့ ရတယ်ပေါ့ဗျာ၊

ဦးခင်မောင်စိုး။ ။ တင်ပါ့ဘုရား၊ အရှင်ဘုရား အခု စာရေးဆရာထင်လင်းဦး ပြောတဲ့ ကိစ္စတွေပေါ့လေ ဘယ်လိုအကြောင်းအရာတွေကြောင့် အရှင်ဘုရားတို့ ကံဆောင်တယ်ဆိုတာလေး တပည့်တော် အရှင်ဘုရားရဲ့ အမြင်လေး အနှစ်ချူပ် သိပါရစေ ဘုရား၊

အရှင်ဓမ္မပီယ။ ။ ဦးဇင်းရဲ့ အမြင်အရပြောရမယ်ဆိုရင်တော့ သူပြောတဲ့ စကားတွေဟာ ဘုရားသင်္ဃန်းဝတ်လာတဲ့ လူတွေကပြောတာတို့၊ မြန်မာပြည်မှာ မိန်းမအမျိုးအစား လူတန်းစား ၅ သိန်းရှိတယ်တို့၊ ဟုတ်တယ်မှတ်လား၊ နင်နဲ့ ငါနဲ့ ထမိန်ရှိတာနဲ့ မရှိတာနဲ့ ကွာတယ် ဟဲ့ကောင်ရဲ့တို့၊ ပြောတဲ့ဟာတွေဟာ သံဃာ ထုတစ်ရပ်လုံးကို ရည်ညွှန်းပြီးပြောလိုက်တဲ့ စကားတွေဗျ၊ မိန်းမအမျိုးအစား လူတန်းစား ၅ သိန်းကျော်ဆိုတာ မြန်မာပြည်မှာ သံဃာတော် ၅ သိန်းကျော် ရှိတယ်ဗျာ၊ ဒါသံဃာထု တစ်ရပ်လုံးကို ရည်ရွယ်ပြီး ပြောလိုက်တဲ့ စကားပဲလေ၊ နောက်ဒီဗုဒ္ဒဘာသာကို အဲ့ဒီသင်္ဃန်းဝတ်တွေ ဖျက်ဆီးနေတယ် လို့ ပြောတဲ့ဟာ ကလဲ အထိရောက်ဆုံးပဲ ဒကာကြီး၊

ဦးခင်မောင်စိုး။ ။ တင်ပါ့ဘုရား

အရှင်ဓမ္မပီယ။ ။ သူပြောသွားတဲ့ စကားလုံးတွေက သာသနာတော်ကြီးတစ်ရပ် လုံးကို ထိခိုက်တဲ့ စကားလုံးတွေပဲဗျ၊ ထင်လင်းဦးကို ဟောပြောပွဲပြီးစ မှာပေါ့နော်၊ ရွာခံဆရာတော်တစ်ပါး ဦးကောဝိ ဆိုတာရှိတယ်၊ အဲ့ဒီ ဦးကောဝိကနေပြီးတော့ သူ့ကို ဆွေးနွေးချင်လို့ ခေါ်တဲ့အခါကျတော့ သူက ဦးကောဝိဆိုတာ သူနဲ့သိတာမရှိဘူး၊ အဲ့တော့ ဆွေးနွေးစရာလဲမလိုဘူးလို့ သူကပြောတယ်ဗျ၊ ဆွေးနွေးခဲ့ရင်လဲ သူ့အတွက်ဒီလောက်ကြီး ဖြစ်ချင်မှဖြစ်လာမှာပေါ့နော်

ဦးခင်မောင်စိုး။ ။ တင်ပါ့ဘုရား

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


အစိုးရလက်အောက် အရပ်ဘက်လူ့အဖွဲ့အစည်းများ အခြေအနေ ဦးမင်းကိုနိုင် ဟောပြော

အိုဆာကာ တက္ကသိုလ်ရဲ့ ဖိတ်ကြားချက်အရ  ဂျပန်နိုင်ငံကိုရောက်နေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်ဟာ အိုဆာကာမြို့ တက္ကသိုလ်မှာ လက်ရှိ မြန်မာအစိုးရ လက်အောက်က အရပ်ဘက်လူ့အဖွဲ့အစည်းများအခြေအနေ ခေါင်းစဉ်နဲ့ ဒီနေ့ ဟောပြောခဲ့ပါတယ်။

ဟောပြောပွဲကို ဂျပန် တက္ကသိုလ်က ပါမောက္ခတွေ၊ ကျောင်း သားကျောင်းသူတွေနဲ့၊ ဂျပန်နိုင်ငံမှာ ပညာလာရောက် သင်ကြားနေ တဲ့ မြန် မာကျောင်းသားတွေ၊ ၂၀၀ နီးပါးတက်ရောက် နားထောင်ခဲ့ပါတယ်။

တက်ရောက်လာ သူတွေက ဦးမင်းကိုနိုင် ရဲ့ ထောင်တွင်း အတွေ့အကြုံ၊ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ မေးမြန်းသလို၊ ဟောပြောပွဲအပြီးမှာ ဂျပန်သတင်းမီဒီယာတွေကို  သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာတော့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အထူးစိတ်ဝင်တစား မေးမြန်းခဲ့ကြပါတယ်။

ဦးမင်းကိုနိုင်ဟာ ဂျပန်နိုင်ငံမှာ ရောက်ရှိနေချိန်အတွင်း ဂျပန်လွှတ်တော်အမတ်တွေ အပါအ၀င် ဂျပန်နိုင်ငံရဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပြီး ဒီဇင်ဘာ ၆ ရက်နေ့မှာလည်း ဆိုဖိယာ  တက္ကသိုလ်မှာ ဟောပြောဖို့ ရှိပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/72325


အင်္ဂါဂြိုဟ်ပေါ်တွင် သက်ရှိလူသား နှစ်ဦးကို တွေ့မြင်ခဲ့ဟု NASA ဝန်ထမ်းဟောင်း တစ်ဦး ပြောကြား

အင်္ဂါဂြိုဟ်ပေါ်တွင် လမ်းလျှောက်နေသည့် လူသားနှစ်ဦးကို ၁၉၇၉ ခုနှစ်ခန့်က တွေ့မြင် ခဲ့ရကြောင်း NASA အာကာသ ဌာနတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် ဝန်ထမ်းတစ်ဦး ဖြစ်သူ ဂျက်ကီက အခိုင်အမာ ပြောကြားသည်။

အဆိုပါ လူသားနှစ်ဦးသည် အာကာသ အတွင်း၌ မိမိတို့ ဝတ်ဆင်လေ့ ရှိသည့် အရွယ်အစား ကြီးမားသော အာကာသဝတ်စုံ မဟုတ်သည့် အာကာသ ဝတ်စုံများကို ဝတ်ဆင်ထား ခဲ့ကြောင်း၊ သို့ရာတွင် အဆိုပါ လူသားနှစ်ဦး၏ ပုံစံကို မြင်တွေ့ရသည်မှာ လုံခြုံမှုရှိသည့် ပုံစံဖြစ်ကြောင်း၊ ၄င်းတို့နှစ်ဦးသည် မြေပြင်ပေါ်တွင် လမ်းလျှောက်နေသည့် ပုံစံဖြင့် အင်္ဂါဂြိုဟ် ပေါ်တွင် လမ်းလျှောက်ကာ မိမိတို့၏ Viking Explorer အင်္ဂါဂြိုဟ်ဆင်း ယာဉ်ဆီသို့ ဦးတည် လျှောက်လှမ်း လာခဲ့ကြောင်း Coast to Coast ရေဒီယိုဌာနမှ တစ်ဆင့် ဂျက်ကီက ပြောကြားသည်။

အဆိုပါ ထူးဆန်းသည့် မြင်ကွင်းနှင့် ပတ်သက်၍ အဖြေထုတ်နိုင်ရန် ကြိုးပမ်းခဲ့သည်မှာ ၂၇ နှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ အဆိုပါ မြင်ကွင်းကို မိမိတွေ့မြင် ခဲ့ချိန်တွင် Viking Explorer ယာဉ်အတွင်း၌ မိမိ၏ လုပ်ဖော် ကိုင်ဖက် ခြောက်ဦးလည်း ရှိနေခဲ့ကြောင်း သူမက ထပ်လောင်း ပြောကြားသည်။

Viking Explorer အာကာသယာဉ်သည် အင်္ဂါဂြိုဟ်၏ ပုံရိပ်များကို ရိုက်ကူးထားသည့် ဓာတ်ပုံ များအား ကမ္ဘာမြေသို့ ပထမဆုံး ပြန်လည် ပေးပို့ခဲ့သည့် ယာဉ်ဖြစ်ပြီး ၄င်းယာဉ်ကို ၁၉၇၅ ခုနှစ် သြဂုတ် ၂ဝ ရက်တွင် အင်္ဂါဂြိုဟ်ပေါ်သို့ လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: IBS

မြ၀တီ
https://www.facebook.com/mwdmedia?fref=nf


တရုတ်နိုင်ငံအနောက်ပိုင်း အကြမ်းဖက်မှု ၁၅ ဦး သေဆုံး

တရုတ်နိုင်ငံ အနောက်ပိုင်းက ရှင်းကျန်းပြည်နယ်မှာ နိုဝင်ဘာ ၂၈ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်မှု တခုဖြစ်ပွားခဲ့ပြီး လူအနည်းဆုံး ၁၅ ဦးသေဆုံးခဲ့ပါတယ်။

အကြမ်းဖက်တစုက လူအုပ်ထဲ ဗုံးတွေပစ်သွင်းခဲ့ပြီး ဓားတွေ၊ ပုဆိန်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။

သေဆုံးခဲ့သူ ၁၅ ဦးထဲမှာ အကြမ်းဖက်သူ ၁၁ ဦးပါဝင်ပြီး ကင်းလှည့်လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပစ်သတ်လိုက် တာလို့လည်း သတင်းက ဆိုပါတယ်။ တခြားလူ ၁၄ ဦး ဒဏ်ရာ ရရှိ ခဲ့ပြီး ဆေးကု သမှုခံယူနေပါတယ်။

ရှင်းကျန်းပြည်နယ်ဟာ မွတ်စလင် ပြည်နယ်ဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ မြို့နယ်ဟာ ပြည်နယ်မြို့တော်နဲ့ ကီလိုမီတာ ၂ ရာအကွာက Shache မြို့နယ်မှာ ဖြစ်ပွားခဲ့တာပါ။

ဇူလိုင်လကလည်း ရှင်းကျန်းပြည်နယ်မှာပဲ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း တိုက်ခိုက်သူ ၅၉ ဦးအပါအ၀င် လူ ၁၀၀ လောက်သေဆုံးခဲ့ပါသေးတယ်။

အခုနှစ်ထဲမှာ ရှင်းကျန်းပြည်နယ်အကြမ်းဖက်မှုတွေကြောင့် လူ ၁၅၀ ကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ပြည်နယ်ခွဲထွက်ရေး အကြမ်းဖက်မှုတွေဆိုပြီး ဒေသခံ ၀ီဂါလူမျိုးတွေကို တရုတ်အစိုးရက ပြစ်တင်ထားပါတယ်။

ဒါပေမယ့် ဒေသခံတွေကတော့ တရုတ်အစိုးရရဲ့ လူမျိုးရေး၊ ဘာသာရေး ဖိနှိပ်မှုတွေက ဒီအကြမ်းဖက်မှုတွေကို အားပေးသလိုဖြစ်စေတယ်လို့ တုံ့ပြန်ပြောဆိုကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/72348


ဗြိတိန်မှာ ခေတ်သစ်ကျွန် ၁၃,၀၀၀ ရှိ

ဗြိတိန်နိုင်ငံမှာ လူမှောင်ခိုကူးခံရသူ ၁၃,၀၀၀ ရှိပြီး အဲဒီသူတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ၊ ဒါမှမဟုတ်လည်း ခေတ်သစ် ကျွန်တွေအဖြစ် အသုံးချခံနေရတယ်လို့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အစိုးရက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအရေအတွက်ဟာ အရင် အစိုးရက ကောက်ခံရရှိထားတဲ့ စာရင်းဇယားတွေထက် ၄ ဆလောက် ပိုများနေတာလည်း ဖြစ်ပါတယ်။

လူမှောင်ခိုကူးခံရသူတွေဟာ ပြည့်တန်ဆာ ဒါမှမဟုတ်လည်း ငွေကြေးအမြတ်အစွန်းအတွက် လိင်ပိုင်းဆိုင်ရာ စော်ကားခံကြရတဲ့အပြင် လစာ အနည်းငယ် ဒါမှမဟုတ်လည်း လစာလုံးဝမရဘဲ အိမ်ဖော်အဖြစ် အလုပ်လုပ်နေကြရပြီး တချို့ဆိုရင် စိုက်ပျိုးရေးလုပ်ငန်းတွေ၊ စက်ရုံ အလုပ်ရုံ တွေနဲ့ ငါဖမ်းသင်္ဘောတွေပေါ်မှာ အလုပ်လုပ်ကြရတယ်လို့ ဗြိတိန် ပြည်ထဲရေးဝန်ကြီးဌာနက ကောက်ခံရရှိတဲ့ စာရင်းဇယားတွေမှာ ဖော်ပြ ထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ခေတ်သစ် ကျွန်စနစ် ပပျောက်ရေးအတွက် လုပ်ဆောင်တဲ့နေရာမှာ ပထမအဆင့်အနေနဲ့ ဒီ ကျွန်စနစ် ရှိနေတယ် ဆိုတာကို ရင်ဆိုင် လက်ခံကြဖို့လိုအပ်ကြောင်း ဗြိတိန်ပြည်ထဲရေးဝန်ကြီး Theresa May က ပြောပါတယ်။ ဗြိတိန်နိုင်ငံမှာ ခေတ်သစ် ကျွန်တွေအဖြစ် အခုလောက် အရေအတွက်များများ ရှိနေတာဟာ အင်မတန် ထိတ်လန့်စရာကောင်းပြီး အခု အသစ်ထွက်လာတဲ့ အရေအတွက်အရ ဒီကိစ္စကို အလျင်အမြန် ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကို ပြသလိုက်တာပဲ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Theresa May က ပြောပါတယ်။

ခေတ်သစ် ကျွန်စနစ်နဲ့ လူမှောင်ခိုကူးမှုတိုက်ဖျက်ရေး အစီအစဉ်တစိတ်ပိုင်းအဖြစ်နဲ့ ဗြိတိန်အစိုးရ ရာဇ၀တ်မှုဆိုင်ရာအေဂျင်စီက ဒီ အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာပါ။ မနှစ် ၂၀၁၃ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့အထဲမှာ ၂,၇၄၄ ဦးပဲရှိတယ်လို့ ဖော်ပြထားရာက အခုနှစ်မှာ ၁၃,၀၀၀ အထိ ရှိလာတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/uk-holds-modern-salaves-more-than-13000-/2539610.html
ဗြိတိန်ပြည်ထဲရေးဝန်ကြီး Theresa May

ပြင်​သစ် အတိုက်​အခံ​ပါ​တီ​မှာ ဆာ​ကို​ဇီ ခေါင်းဆောင် ပြ​န်ဖြစ်ပြီ

ပြင်သစ် အတိုက်အခံ ဗဟို လကျာ် ပါတီ ဖြစ်တဲ့ UMP ကို ဦးဆောင်ဖို့ သမ္မတဟောင်း နီကိုးလပ်စ် ဆာကိုဇီ ကို တင်မြှောက် လိုက်တဲ့ အတွက်၊ ပြင်သစ် သမ္မတ နေရာကို ပြန်လည် ဝင်ရောက် အရွေးခံဖို့ မစ္စတာ ဆာကိုဇီ အတွက် ခြေလှမ်းသစ် တစ်ရပ် ဖြစ်လာပါတယ်။

မစ္စတာ Sarkozy ဟာ၊ ပါတီတွင်း မဲ အားလုံးရဲ့ ၆၅ % ရခဲ့ပြီး၊ ပြိုင်ဘက် ၂ ယောက်ကို ၊ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

အခုလို နိုင်ငံရေး မျက်နှာစာထက် ပြန်ရောက် လာတာဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ နိုင်ငံရေး ရည်မှန်းချက် အတွက် မဟုတ်ပါဘူး ဆိုပြီးတော့ မစ္စတာ ဆာကိုဇီကတော့ ပြောပါတယ်။

လွန်ခဲ့ ၂ နှစ်က ၊ ဖရော်န်ဆွာ အိုလော်န့် ဦးဆောင်တဲ့ ဆိုရှယ်လစ် ပါတီကို ရွေးကောက်ပွဲမှာ ရှုံးခဲ့တဲ့ နောက်ပိုင်း၊ UMP ပါတီမှာ ငွေကြေး ဆိုင်ရာ အရှုပ်အရှင်းတွေ၊ ပါတီတွင်း ညီညွတ်မှု ပြိုကွဲနေတာတွေ ဖြစ်ပေါ်နေပြီး၊ မစ္စတာ ဆာကိုဇီ အနေနဲ့ ဒီ ပြဿနာတွေ ကိုင်တွယ်ဖို့ အတွက် ပါတီတွင်း ထောက်ခံမှု လုံလောက်အောင် ရရှိ မနေဘူး လို့ သုံးသပ် နေကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/11/141129_france_sarkozy_ump

အတိုက်အခံ ပါတီကို ပြန်လည် ဦးဆောင်ခွင့် ရတာဟာ ကိုယ်ရေးကိုယ်တာ နိုင်ငံရေး ရည်မှန်းချက် အတွက် မဟုတ်ဘူးလို့ မစ္စတာ ဆာကိုဇီက ပြောပါတယ်။

အကောင်းဆုံး ဘောလုံးသမားဆု မက်ဆီနှင့်သာ ထိုက်တန်ဟု ဘာစီလိုနာနည်းပြပြော

ဒီနှစ်အတွက် ဖီဖာကပေးအပ်မယ့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဟာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီနဲ့သာ ထိုက်တန်တယ်လို့ ဘာစီလိုနာ နည်းပြ  လူးဝစ် အန်နရီကီ ပြောဆိုလိုက်ပါတယ်။

ဘာကာ တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့အပတ်က ချန်ပီယံလိဂ် ပွဲစဉ်မှာ ၇၄ ဂိုးမြောက် သွင်းယူပြီး ချန်ပီယံလိဂ်ရဲ့ သွင်းဂိုး အများဆုံး စံချိန် တင်ထားပါတယ်။

Barcelona FC v Malaga CF - Copa del Rey Quarter Finalမက်ဆီကသာ ဒီနှစ်ရာသီ မှာ ခြေစွမ်းပြနေလို့ အကောင်းဆုံးဆုကို ရသင့်တယ်လို့  နည်းပြ အန်နရီကီ က ပြောပါတယ်။

ကမ္ဘာ့အကောင်း ဆုံး ဘောလုံးသမား အတွက် ရေပန်းစားတဲ့ ထိပ်ဆုံးက လူစာရင်းမှာ မက်ဆီနဲ့ ရီရဲလ် တိုက်စစ် မှူး ရော်နယ်ဒိုတို့က ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ မက်ဆီက ဒီဆုကို ၄ ကြိမ် ရဖူးထားပြီး ရော်နယ်ဒိုက ၂ ကြိမ် ရရှိထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/72345


ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ မှုကြောင့် ဆေးရုံတစ်ရုံ ပျက်စီး အနည်းဆုံး နှစ်ဦး ဒဏ်ရာရရှိ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ဆေးရုံ တစ်ရုံပျက်စီးသွားပြီး အနည်းဆုံးနှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အာဏာပိုင်များက နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် ခွဲထွက်သူများက ထိန်းချုပ်ထားသည့် ဒိုးနက်စ် မြို့နယ်တွင် ယူကရိန်းနှင့် ရုရှား လိုလားသည့် ခွဲထွက်သူများ အကြား နိုဝင်ဘာ ၂၇ ရက်က ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများတွင် အသက် ၁၂နှစ် ကလေးငယ် တစ်ဦးနှင့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးပါဝင်ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုသည် ယူကရိန်းအစိုးရ တပ်များနှင့် ခွဲထွက်ရေးသမားများအကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီထားစဉ် အတွင်း ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ခွဲထွက်ရေး သမားများအား ထောက်ပံ့ ပေးနေသည့် ရုရှားအစိုးရသည် ယူကရိန်း နိုင်ငံ အတွင်းသို့ ကျူးကျော်ရန် စီစဉ်လျက်ရှိသည်ဟု နေတိုး အကြီးအကဲများက ပြော ကြားထားသည်။ သို့ရာတွင် ရုရှားအစိုးရသည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ ကို ယူကရိန်း နိုင်ငံ အတွင်း၌ ဖြန့်ကြက်ချ ထားခြင်းမရှိကြောင်း ယင်းနိုင်ငံ အစိုးရက ပြောကြားထား သည်။

သို့ရာတွင် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် လက်နက်ကိုင် ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ ယခုအချိန်အထိ သေဆုံးသူဦးရေမှာ ၄၃ဝဝ ကျော်ရှိပြီဖြစ် ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia?fref=nf


တောင်ငူမှာ ဆန္ဒပြခဲ့တဲ့ကျောင်းသားတွေ ပုဒ်မ ၁၈ နဲ့အရေးယူခံရ

အမျိုးသား ပညာရေး ဥပဒေကို တောင်ငူမြို့မှာ မနေ့က သပိတ်မှောက်ဆန္ဒပြခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့  ကျောင်းသား ခေါင်းဆောင် ၆ ဦးကို ခွင့်ပြုချက်မရှိပဲ ဆန္ဒပြမှု ပုဒ်မ ၁၈ နဲ့ ရဲကအမှုဖွင့် လိုက်တယ်လို့  သိရပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းသွေးသစ်၊ ကိုအောင်ထက်၊ ကိုအောင်ကိုခန့်၊ ကိုမြတ်သူ၊ ကိုအောင်နေပိုင်နဲ့ ကိုမင်းမင်းဇော်တို့ကို အမှုဖွင့်လိုက်တာပါ။ ဒီလိုအမှုဖွင့်လိုက်တဲ့အတွက် ရဲစခန်းကိုလိုက်ပြီး အာမခံယူဖို့ပြောပေမယ့် ကျောင်းသားတွေက အာမခံမယူပဲအဖမ်းခံမယ့်အကြောင်း ပြန်လည်ပြောဆိုပေမယ့် ရဲကမဖမ်းသေးပဲ အထက်အရာရှိတွေ တင်ပြဦးမယ်လို့  သာပြောတယ်လို့  ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က RFA ကိုပြောပါတယ်။

"တရားစွဲတာလာပြီးတော့ အကြောင်းကြားတယ်၊ ပြီးတော့ ဒီနေ့ ကျနော်တို့ကို အဖမ်းပြမယ်ပေါ့၊ ချက်ချင်းပြန်ပြီးတော့ အာမခံလုပ်ပေးမယ်ပေါ့၊ ကျနော်တို့အနေနဲ့ကတော့ ဖမ်းမယ်ဆိုရင် တခါတည်းဖမ်းပေါ့ အာမခံမယူနိုင်ဘူး၊ ပြီးတော့ ရုံးချိန်းလည်းမလာနိုင်တဲ့အတွက် ပြောလိုက်တယ်၊ သူတို့အထက်ကို ပြန်ပြီးပြောပြပေးမယ်ဆိုပြီး ဖုန်းဆက်တယ်၊ ပြီးတော့မှ ရုံးချိန်းကို ရက် ၆ဝ ကျော်သွားပြီးတော့မှ အားတဲ့ရက်တစ်ရက် ဖုန်းလှမ်းဆက်ပါဆိုတဲ့ပုံစံမျိုးနဲ့ပြောတယ်၊ ဒါပေမဲ့ ကျနော်တို့က ဖမ်းချင်လည်းဖမ်း ကျနော်တို့က လက်မှတ်ထိုးတာတွေ လုပ်မှာမဟုတ်ဘူးပြောတော့ နောက်ကျတော့ သူတို့ပြန်သွားပါတယ်၊ အဲ့ဒါနဲ့ ကျနော်တို့လည်း ပြန်လာခဲ့လိုက်တယ်"

အမျိုးသားပညာရေးဥပဒေဟာ အရင်ပညာရေးစနစ်အတိုင်း ဗဟိုချုပ်ကိုင်မှုများနေပြီး၊ တိုင်းရင်းသား တွေအပါအဝင် ကျောင်းသားအားလုံးရဲ့ဒီမိုကရေစီပညာရေးကို ဖော်ဆောင်ပေးမယ့် အချက်တွေ မပါဝင်တဲ့အတွက် ကျောင်းသားတွေက ဆန္ဒပြတောင်းဆိုနေကြတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


ISIS အုပ်စုဝင် ဗြိတိန်နိုင်ငံသားတစ်ဦး ယမ်းဘီလူး ကီလိုဂရမ် ၁၈၀၀ ဖြင့် အသေခံဖောက်ခွဲ

လန်ဒန် ၊ ၃၀-၁၁-၂၀၁၄

ဗြိတိန်နိုင်ငံသား ISIS စစ်သွေးကြွ အုပ်စုဝင် အဘူဟာဂျာ အယ်လ်ဘရီ တာနီ သည် ယမ်းဘီလူး ကီလိုဂရမ် ၁၈ဝဝ ဖြင့် မကြာသေးမီက အသေခံ ဖောက်ခွဲ တိုက်ခိုက် ခဲ့ကြောင်း ရိုက်တာ သတင်းဌာန က ဖော်ပြသည်။

၎င်းသည် ဘိုင်ဂျီမြို့တွင် အီရတ် အစိုးရ စစ်ဘက်မှ သံချပ်ကာ ကားများနှင့် အမြောက်များကို ဖျက်ဆီးရန် အတွက် ယင်းကဲ့သို့ အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ISIS တို့က ထုတ်ပြန် ကြေညာသည်။ နိုဝင်ဘာ
ပထမပတ် တွင်းက ဗြိတိန်နိုင်ငံသား ကဘာအာမက် ဆိုသူသည်လည်း အလားတူ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

အသက် ၃၂ နှစ်ရှိ အဘူဟာဂျာ အယ်လ်ဘရီ တာနီ သည် ဗြိတိန်နိုင်ငံ မှ အီရတ်နိုင်ငံသို့ ခိုးထွက်ကာ အိုင် ISIS စစ်သွေးကြွ များနှင့် ယခုနှစ် နှစ်လယ်ပိုင်းက ပူးပေါင်း ခဲ့ကြောင်း ဗြိတိန် ထောက်လှမ်းရေး အရာရှိ တစ်ဦးက ပြောသည်။ ဗြိတိန်နှင့် အခြား ဥရောပနိုင်ငံ များမှ အစ္စလာမ် ဘာသာဝင် များသည် ISIS စစ်သွေးကြွ များနှင့်ပူးပေါင်း တိုက်ခိုက်နေသော ကိစ္စကို သက်ဆိုင်ရာ နိုင်ငံအသီးသီး က ယခုနှစ် နောက်ပိုင်းတွင် အထူး ကြပ်မတ် လုပ်ဆောင် ဖြေရှင်းပေးလျက် ရှိကြောင်း သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/11/isis_65.html

British ISIS fighter blows himself up in suicide mission in Iraq
Blew himself up: Abu Hajar al-Britani reportedly carried out the martyrdom mission in the strategic Iraqi town of Baiji, northern Iraq,

ကို​ဘာ​နီ တိုက်​ပွဲ​ကို IS တို့ အရှိ​န်မြှင့်

ဆီးရီးယားနိုင်ငံမှာ ကာ့ဒ်လူမျိုးစုတွေရဲ့ မြို့ဖြစ်တဲ့ ကိုဘာနီကို သိမ်းယူဖို့ ၊ IS လက်နက် ကိုင်တွေဟာ တိုက်ခိုက်မှု အရှိန် မြှင့်တင် လာနေပါတယ်။

တူရကီနယ်စပ် အနီးက ကာ့ဒ် တပ်ဖွဲ့ ဝင်တွေရဲ့ စခန်းကို၊ IS ဘက်က ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းတွေ တင်ဆောင် လာတဲ့ မော်တော်ယာဉ်နဲ့ အသေခံ ဗုံးခွဲ ဝင်တိုက်ခဲ့ပါတယ်။

ဒီ ယာဉ်ဟာ တူရကီ နယ်ထဲကနေ ဝင်ရောက် လာခဲ့တာ လို့ ကာ့ဒ်တွေက ပြောပေမယ့် တူရကီ ကတော့ ငြင်းဆန်ထားပါတယ်။

IS အဖွဲ့က အသေခံ ဗုံးခွဲ တိုက်ခိုက်မှုတွေ ထပ်မံ လုပ်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသလို၊ ကိုဘာနီ မြို့ရဲ့ နေရာ တချို့မှာလည်း IS အဖွဲ့နဲ့ ကာ့ဒ်တို့ အကြား ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ပေါ် နေပါတယ်။

ကိုဘာနီကို IS တွေ လက်ထဲ ကျရောက် မသွားအောင် ကာကွယ် နေကြတဲ့ ကာ့ဒ် တပ်ဖွဲ့ဝင် တွေကိုအမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တပ်ပေါင်းစု ကလည်း လေကြောင်း ပစ်ကူတွေ ပေးခဲ့ပါတယ်။

လတ်တလော ဖြစ်ခဲ့တဲ့ ကိုဘာနီ တိုက်ပွဲတွေ မှာ နှစ်ဘက်ပေါင်း ၂၅ ယောက် အကျအဆုံး ရှိတယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/11/141129_syria_kobani_fighting

ကိုဘာနီ မြို့စောင့် ကာ့ဒ်တွေကို မဟာမိတ် နိုင်ငံတွေက လေကြောင်း ပစ်ကူတွေ ပေးခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ထိပ်တန်းမွတ်စလင်ခေါင်းဆောင်နှင့် ယှဉ်တွဲ ၀တ်ပြု

တူရကီနိုင်ငံကို ၃ ရက်ကြာ အလည်အပတ် ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ မနေ့က အထင်ကရဗလီပြာကြီးကို ရောက်ရှိခဲ့ပြီး ထိပ်တန်း မွတ်စလင် ခေါင်းဆောင်နဲ့ ယှဉ်တွဲဝတ်ပြုခဲ့ပါတယ်။

၁၇ ရာစု ဗလီကြီးထဲမှာ မွတ်စလင်ဘာသာရေးခေါင်းဆောင်နဲ့တွဲပြီး ၂ မိနစ်ကြာ ၀တ်ပြု ဆုတောင်း ခဲ့ပါတယ်။ အစ္စလာမ်ဘာသာကို ရိုသေလေးစားမှု၊ ဘာသာကြီး ၂ ခုကြား ရင်းနှီးချစ်ကြည်မှုကို ပြသအားပေး ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်က အရင် ပုပ်ရဟန်းမင်းကြီး Benedict အခုလို ၀တ်ပြုဆုတောင်းခဲ့တုန်းက ရှေးရိုးစွဲ ကတ်သလစ်ဘာသာဝင်တွေနဲ့ မွတ်စလင်တချို့က ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

၁၆၁၆ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ ဗလီပြာကြီးဟာ ဆူတန်အာမက်ဗလီလို့လည်း လူသိပ်များပြီး တူရကီနိုင်ငံရဲ့ အထင်ရှားဆုံး ရှေးဟောင်းဗလီကြီး ဖြစ်ပါတယ်။

အဲ့ဒီနောက် ပုပ်ရဟန်းမင်းကြီးဟာ ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်းကြီးတခုဖြစ်ခဲ့တဲ့ Aya Sofya ပြတိုက်ကိုလည်း သွားရောက်ခဲ့ပါတယ်။

သွားရောက်ရာ လမ်းတလျှောက်မှာ ရာနဲ့ချီတဲ့ ခရီးသွားတွေက တူရကီအလံတွေ၊ ဗာတီကန်အလံတွေကို ဝှေ့ရမ်းပြီး ပုပ်ရဟန်းမင်းကြီးကို နှုတ်ဆက်ခဲ့ကြပါတယ်။

Aya Sofya ပြတိုက်ကြီးဟာ ၁၄၅၃ အော်တိုမန်အင်ပါယာခေတ်မှာ ဗလီကြီးအဖြစ် ပြောင်းလဲခံခဲ့ရပါသေးတယ်။ Aya Sofya ပြတိုက်ကြီးကို ဗလီကြီးအဖြစ် မွတ်စလင်ဘာသာဝင်တချို့က ပြန်လည်ပြောင်းလဲချင်ကြတာလည်းရှိပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no/archives/72356

ယှဉ်တွဲ ၀တ်ပြုဆုတောင်းစဉ် (ဓာတ်ပုံ – အေအက်ဖ်ပီ)

ဗာတီကန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး က ISIS စစ်သွေးကြွများကို ရှုပ်ချ

အန်ကာရာ ၊ ၃၀-၁၁-၂၀၁၄

ဗာတီကန် သာသနာပိုင် ပုပ်ရဟန်း မင်းကြီး ဖရန်စစ် သည် တူရကီနိုင်ငံသို့ အလည်အပတ် ရောက်ရှိစဉ် အန်ကာရာမြို့ ၌ ယမန်နေ့က ISIS စစ်သွေးကြွ များကို ရှုတ်ချခဲ့ကြောင်း အေအက်ဖ်ပီ သတင်း ဌာနက ဖော်ပြသည်။

ခရစ်ယာန် ဘာသာဝင် များကို အကြောင်းမဲ့ သတ်ဖြတ် ခဲ့သော ISIS စစ်သွေးကြွ များ၏ လုပ်ရပ်နှင့် ပတ်သက်၍ ပုပ်ရဟန်း မင်းကြီးက ရှုတ်ချ ခဲ့ခြင်းဖြစ်သည်။ ဘာသာတရား အချင်းချင်း ချစ်ကြည် ပေါင်းသင်း ဆက်ဆံမှ သာလောက ငြိမ်းအေးမှု ရရှိမည်ဟု ၄င်းက မြွက်ကြားသည်။

တူရကီနိုင်ငံ တွင် အစ္စလာမ် ဘာသာဝင် သန်း ၈ဝ ကျော်ရှိပြီး ခရစ်ယာန် ဘာသာဝင် ၁၂ဝဝဝဝ ခန့်သာ ရှိသော်လည်း ဘာသာတရား ကွဲပြားမှု အပေါ် မူတည်၍ ပြဿနာ မရှိခဲ့ကြောင်း ပုပ်ရဟန်း မင်းကြီး ဖရန်စစ် က ပြောကြား သည်။ အရှေ့ အလယ်ပိုင်း ဒေသတွင် အစ္စရေးနှင့် ပါလက်စတိုင်း အကြား ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုကြောင့် စစ်ပွဲများ မပြီးဆုံး နိုင်ပုံကိုလည်း ၄င်းက ဆက်လက် ထောက်ပြသည်။

ပုပ်ရဟန်း မင်းကြီးသည် အီစတန်ဘူလ်မြို့ သို့ သွားရောက်ကာ ဒေသခံ အစ္စလာမ် ခေါင်းဆောင်များ နှင့် တွေ့ဆုံကာ ဘာသာ ကိုးကွယ် ယုံကြည်သူများ အချင်းချင်း ချစ်ကြည်ရေး အတွက် ညှိနှိုင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/11/isis_29.html

Pope in 'silent adoration' in Istanbul Blue Mosque


ထိုင်ဝမ်ဝန်ကြီးချုပ် ရာထူးကနုတ်ထွက်

ထိုင်ဝမ်ကျွန်းတဝှမ်းမှာ ကျင်းပခဲ့တဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ တရုတ်အစိုးရ လိုလားတဲ့ လက်ရှိ အာဏာရပါတီ ထင်ထားတာထက် ပိုမို ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ထိုင်ဝမ်ဝန်ကြီးချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားပါတယ်။

ရွေးကောက်ပွဲမှာ သူ့ရဲ့ အမျိုးသားဝါဒီပါတီ အကြီးအကျယ် ရှုံးနိမ့်ရတာဟာ သူ့ကြောင့်ပါလို့ ၀န်ကြီးချုပ် Jiang Yi-huah က သတင်းစာ ရှင်းလင်းပွဲတခုမှာ တာဝန်ခံ ပြောဆိုသွားပါတယ်။

Kuomintang ပါတီ ဒါမှမဟုတ် KMT လို့ အသိများတဲ့ ၀န်ကြီးချုပ်ရဲ့ပါတီဟာ အရင်က အမာခံထောက်ခံမှု အချိန်အတော်ကြာရခဲ့တဲ့ ထိုင်ဝမ်ရဲ့ မြို့တော် ထိုင်ပေ အပါအ၀င် မြို့ကြီးနဲ့ မြို့နယ်ပေါင်း ၈ ခုမှာ အရေးနိမ့်ခဲ့တာပါ။ ရွေးကောက်ပွဲအကြို ကောက်ယူခဲ့တဲ့ စစ်တမ်းတွေမှာတော့ သုံးနေရာ ရှုံးနိမ့်နိုင်တယ်ဆိုပြီး ကြိုတင် တွက်ဆခဲ့တာပါ။

အခု ရွေးကောက်ပွဲရလဒ်အရ ထိုင်ဝမ်ပြည်သူတွေဟာ သမ္မတ Ma Ying-jeou နဲ့အတူ တရုတ်ပြည်မကြီးနဲ့ ဆက်ဆံရေး ပိုမို ခိုင်မာအောင် ကြိုးစားနေတဲ့ သူ့ရဲ့လုပ်ဆောင်မှုတွေကို မကြိုက်ကြဘူးဆိုတာကို ဖော်ပြနေပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/taiwan-premier-jiang-yi-huah-resigns-/2539617.html

ထိုင်ဝမ်ဝန်ကြီးချုပ် Jiang Yi-huah

တရုတ်နိုင်ငံမြို့တော်ပေကျင်း၌ ဆေးလိပ်သောက်သုံးမှုပိတ်ပင်မည်

ပေကျင်း နိုဝင်ဘာ ၂၉

တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ပေကျင်းမြို့တော် တာဝန်ရှိသူများ၏ အစီအမံများအရ ဆေးလိပ် သောက်သုံးသူ အားလုံးအား အများပြည်သူနှင့် ဆိုင်သောနေရာ အားလုံးတွင် ဆေးလိပ် သောက်သုံးခြင်းကို ပိတ်ပင်ဖွယ်ရှိသည်။

စီးကရက် ကြော်ငြာခြင်းကို ရုပ်ရှင်၊ မဂ္ဂဇင်း၊ သတင်းစာဂျာနယ်နှင့်အများပြည်သူများနှင့်ဆိုင်သော နေရာများအားလုံး ပိတ်ပင်လိုက်ပြီဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့်တားဆီးပိတ်ပင်မှုဖြစ်လာသည်။

တရုတ်နိုင်ငံတွင် ဆေးလိပ်သောက်သုံးသူ သန်း၃ဝဝ နီးပါးရှိကြောင်း ခန့်မှန်းထားသည်။ ယခင်ကလည်း ပိတ်ပင်ရန်ကြိုးစားခဲ့ရာ အောင်မြင်မှုမရဘဲ အဆုံးသတ်ခဲ့သည်။

အဆိုပါ ဆေးလိပ်သောက်သုံးမှု ပိတ်ပင်ခြင်းကို လာမည့်နှစ်ဇွန်လ တွင်စတင်ဖွယ်ရှိပြီး ကနဦးအနေဖြင့် မြို့တော်ပေကျင်း၌သာ ဆောင်ရွက်ဖွယ်ရှိသည်။ သို့သော်လည်း တာဝန်ရှိသူများအနေဖြင့် သန်းပေါင်း ၁၃ဝဝ ကျော် ပြည်သူများအတွက် နိုင်ငံ၏ ကျန်သောဒေသများ၌လည်း ပိတ်ပင်မှုများ ဆက်လက်ပြုလုပ်ဖွယ်ရှိသည်။

ယင်းပိတ်ပင်မှုအရ ဆေးလိပ်သောက်သုံးခြင်းကို ဘတ်စ်ကားများပေါ်၌လည်းကောင်း၊ အလုပ်၊ ဆေးရုံ၊ ကျောင်းပတ်ဝန်းကျင်တို့၌ လည်းကောင်း ပိတ်ပင်သွားမည်ဟု သိရသည်။ တရုတ်ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂ဝ၁၁ ခုနှစ်က ဟိုတယ်နှင့်စားသောက်ဆိုင်များကဲ့သို့သော ကျန်းမာရေးနေရာများ၌ ဆေးလိပ်သောက်ခြင်းကို ပိတ်ပင်ထားသည်။

(ဘီဘီစီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf


အင်းစိန်မြို့နယ်တွင် မော်တော်ယာဉ် မီးလောင်မှုဖြစ်

ယာဉ်ပေါ်တွင် ပုံးဖြင့် တင်ဆောင်လာသည့် ဒီဇယ်ဆီများ အိတ်ဇောပိုက်ပေါ်သို့ ဖိတ်စင်ကျရာမှ မော်တော်ယာဉ် မီးလောင်မှုဖြစ်

ရန်ကုန်၊ နိုဝင်ဘာ ၂၉

၂၉.၁၁.၂၀၁၄ ရက်နေ့ ၁၇၁၀ အချိန် အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ အင်းစိန်လမ်းမကြီး၊ ဟိန္ဒူဘုရားကျောင်း အနီးတွင် မော်တော်ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။

ဖြစ်စဉ်မှာ အင်းစိန်မြို့နယ်နေ စည်ပင်နေ့စားဝန်ထမ်း ယာဉ်မောင်းဖြစ်သူ ကိုသဲနောင်၊ (၂၇)နှစ် မောင်းနှင်သည့် ၁ခ/---- ISUZU ဒိုင်နာယာဉ်သည် အလုံစည်ပင်မော်တော်ယာဉ်ဌာန၀င်းမှ မြောက်ပိုင်းခရိုင်စည်ပင်ရုံးသို့ပို့ဆောင်မည့် ဒီဇယ်ဆီ(၁၅၀)ဂါလံအား ပလပ်စတစ်ပုံးများဖြင့် ထည့်ကာ တင်ဆောင် မောင်းနှင်လာစဉ် ယာဉ်ခေါင်းပိုင်းနှင့်ဘော်ဒီကြားရှိ အိတ်ဇောပိုက်ပေါ်သို့ ဆီများဖိတ်စင်ကျရာမှ အဆိုပါနေရာအရောက်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်နှင့် မီးသတ်ယာဉ်များ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ၁၇၁၅ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ မော်တော်ယာဉ် မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ကိုသဲနောင်အား အင်းစိန်မြို့မရဲစခန်း (ပ)၁၂၇၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice



မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ညီလာခံ စတင်ကျင်းပ

မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် FTUM ရဲ့ ဒုတိယအကြိမ်မြောက် ညီလာခံကို ရန်ကုန် တောင်ဒဂုံမြို့နယ်ခန်းမမှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

အဲဒီအခမ်းအနားမှာ FTUM အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က အလုပ်သမားတွေအနေနဲ့ လူ့အခွင့်အရေးရဲ့ အခြေခံမူတွေကိုဆောင်ရွက်နိုင်ရေး၊လုပ်ငန်းခွင်မှာ အလုပ်ရှင်နဲ့ အလုပ်သမား ပြေလည်မှုရရှိရေး၊ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ရရှိရေး စတဲ့အချက်တွေကို ညီလာခံက ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

"လူ့အခွင့်အရေးရဲ့ အခြေခံတွေကို အလုပ်သမားများအနေနဲ့ ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင်မှာ အလုပ်ရှင်နဲ့ အလုပ်သမား ကောင်းမွန်စွာ ဆက်ဆံရေး၊ ဒီမိုကရေစီကို ကျင့်ကြံနိုင်ရေး၊ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်၊ စုပေါင်းညှိနှိုင်းအရေးဆိုခွင့်၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေး၊ အဓမ္မခိုင်းစေမှု ပပျောက်ရေး၊ ကလေးသူငယ်လုပ်အား ပပျောက်ရေး စသဖြင့်ပေါ့၊ ဒါတွေကို ကျနော်တို့အနေနဲ့ အထူးအရေးပေးဆွေးနွေးပါတယ်၊ ကျနော်တို့တိုင်းပြည်မှာ အခုလက်ရှိဖြစ်ထွန်းဆောင်ရွက်နေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကိစ္စ စသည်တို့ကို ကျနော်တို့အနေနဲ့ ဆွေးနွေးခဲ့ပါတယ်"

အခု ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUM က အလုပ်ရှင်နဲ့ အလုပ်သမားကြားက ပြဿနာ ၃၄ ခုကို ညှိုနှိုင်းဖြေရှင်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

FTUM အဖွဲ့ဟာ ၁၉၉၁ ခုနှစ်လောက်ကတည်းက ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်ပြီး အလုပ်သမားအရေး ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ လက်ရှိအချိန်မှာ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းပေါင်း ခြောက်ရာကျော်ကို ဖွဲ့စည်းပေးနိုင်ခဲ့ကြောင်း FTUM အဖွဲ့ဝင်အင်အား လေးသောင်းကျော်ရှိကြောင်း သိရပါတယ်။

ဒီနေ့ အခမ်းအနားကို မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဋ္ဌာန၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ်၊ ITUC-AP အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (အာရှနဲ့ပစိဖိတ်ဒေသ) စတဲ့အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


အမျိုးသားပညာရေးဥပဒေကို တောင်ငူမှာ ကျောင်းသားတွေ ကန့်ကွက်ဆန္ဒပြ

မန္တလေးတိုင်း ဒေသကြီး၊ တောင်ငူမြို့မှာ တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၅ဝ ကျော်လောက်က အမျိုးသား ပညာရေး ဥပဒေကို ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကနေ ထွက်ပေါ်လာတဲ့ အချက်တွေထဲက အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ဆိုတဲ့ အချက်ကို တောင်းဆိုတာဖြစ်ကြောင်း မိတ္တီလာခရိုင် ဗ.က.သ များ အဖွဲ့ချုပ်ဥက္ကဌ ကိုအောင်နေပိုင်က ပြောပါတယ်။

"တောင်းဆိုတဲ့အချက်တွေကတော့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကနေ ထွက်ပေါ်လာတဲ့ ၆ ချက်ရှိတယ်၊ ပြင်ဆင်သင့်တဲ့အချက်တွေကလည်း NNER လို့ခေါ်တဲ့ နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲမှု ကွန်ရက်ကနေပြီးတော့ ပြုပြင်ရမယ့်အချက်တွေ ပြောထားတယ်၊ အမျိုးသားပညာရေးကော်မရှင် ဖျက်သိမ်းရမယ်တော့၊ ဘတ်ဂျက်ကို အတိအလင်းထည့်ရမယ်တို့၊ မသန်စွမ်းတဲ့လူတွေလည်း ပညာသင်ယူခွင့်ရနိုင်အောင် အတိအလင်းဖော်ပြထားရမယ်တို့ ဒီအချက်တွေမပါရင် အမျိုးသားပညာရေးဥပဒေက ပြည့်စုံတဲ့ဥပဒေမဟုတ်ဘူးဆိုတာ ကျနော်တို့တင်ပြထားပြီးပြီ"

ကျောင်းသားတွေက ဆန္ဒပြဖို့အတွက်ကို သက်ဆိုင်ရာတွေကို ခွင့်ပြုမိန့်တင်ထားတာမရှိတာကြောင့် တောင်ငူမြို့နယ် ထွေအုပ်ဦးစီးမှူးက ကျောင်းသားခေါင်းဆောင်တွေကို ခေါ်ယူပြီး ခွင့်ပြုမိန့်တင်ဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကျောင်းသားတွေက ခွင့်ပြုမိန့်မတင်ပဲ ဒီကနေ့ ဆန္ဒပြခဲ့တာကြောင့် တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးက လာရောက်တားမြစ်ခဲ့တယ်လို့လည်း ကျောင်းသားတွေက ပြောပါတယ်။

ဆန္ဒပြကျောင်းသားတွေက တောင်ငူမြို့ကို တစ်ပတ်ပတ်ပြီး အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ဗီနိုင်းပိုစတာတွေ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပြီး တောင်ငူမြို့ ရွှေဆံတော်ဘုရားကြီးမှာလည်း ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မန္တလေးခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က မန္တလေးမြို့မှာ အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


ပုသိမ်မြို့ ဆီဂိုဒေါင်ဇုန်ရပ်ကွက်၌ ဆီဂိုဒေါင်ထဲရှိ ဆီပုံးများ ဓာတ်ဆီများဖြည့်သွင်းနေစဉ် မီးလောင်မှုဖြစ်ပွား

ပုသိမ် နိုဝင်ဘာ ၂၉

ပုသိမ်မြို့ အမှတ်(၁၃)နယ်မြေ ကင်မလင်းကျွန်း စက်မှုဇုန်အနီးရှိ ဆီဂိုဒေါင် ဇုန်ရပ်ကွက်အမှတ် M-51 နေ ဦးဝင်းကျော်(၅ဝနှစ်)၏ ဆီဂိုဒေါင်၌ နိုဝင်ဘာ ၂၇ ရက် ည ၉နာရီက စက်သုံးဆီဂါလန် ၂၈ဝဝ ပါရှိသော ဆီသယ်ယာဉ် ၉က/--- မှဆီတင်လုပ်သား မျိုးလှိုင်(၃၁နှစ်)သည် ဂိုဒေါင်ထဲက ဆီပုံးများသို့ ဓာတ်ဆီများဖြည့်သွင်းနေစဉ် မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

အဆိုပါမီးလောင်ရာသို့ ပုသိမ်အမှတ်(၁)မီးသတ်စခန်းနှင့်အမှတ်(၂)မီးသတ်စခန်း၊ ကန်ကြီးထောင့်၊ ငပုတော၊ ကျောင်းကုန်းမြို့နယ် မီးသတ်စခန်းများနှင့် ပုသိမ်လေတပ်စခန်းဌာနချုပ်မှ မီးသတ်ယာဉ်များအပါအဝင် မီးသတ်ကား ၁၂ စီး၊ ရေသယ်ယာဉ်သုံးစီး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မိနစ် ၄ဝ အတွင်း မီးငြိမ်းသွားသည်။

အဆိုပါမီးလောင်မှုကြောင့် ဓာတ်ဆီဂိုဒေါင်တစ်လုံး၊ ဆီသယ်ယာဉ် ခေါင်းပိုင်းမီးလောင်ဆုံးရှုံးပြီး ဆီသယ်/တင်ချလုပ်သား ဦးလှငွေ (၆ဝနှစ်) ထိခိုက်ဒဏ်ရာရရှိသွားသည်။ ထို့ကြောင့် ပေါ့ဆစွာပြုလုပ်သူ ဆီသယ်လုပ်သား မျိုးလှိုင်ကို ဥပဒေအရ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ယင်းမီးလောင်မှု ဖြစ်ပွားခဲ့သော ဆီဂိုဒေါင်ဇုန်၌ ၂ဝ၁၂ ခုနှစ်က တစ်ကြိမ် ဆီသယ်ယာဉ်မှဆီဂိုဒေါင်တိုင်ကီထဲသို့ ဆီထည့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ဆီဂိုထောင်နှစ်လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

ပုသိမ်လှကြည်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf


ရန်ကုန်မြို့နှင့် စစ်တွေမြို့တို့၌ ဒိုင်ယာဇီပင်ထိုးဆေးပုလင်း ၇၃၁၀၀ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၉

နိုဝင်ဘာ ၂၆ ရက်က မူးယစ်တပ်ဖွဲ့စု (၄၂) ရန်ကုန်အနောက်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံတန်း ရိုးမစွမ်းအင်ကားဂိတ်တွင် Sedil Injection (ဒိုင်ယာဇီပင်)ထိုးဆေးပုလင်း ၂၆၈၇ဝ သိမ်းဆည်း ရမိမှုနှင့်ပတ်သက်၍ စစ်တွေမြို့မှ ဘသိန်းဆိုသူ ပို့လိုက်ခြင်းဖြစ်ကြောင်း ဖော်ထုတ်ချက်အရ မူးယစ်တပ်ဖွဲ့စု (၄၇) စစ်တွေမှ စစ်တွေမြို့ မင်းဂံ ရပ်ကွက်ရှိ ရိုးမစွမ်းအင်ကုန်သိုလှောင်ရုံတွင် ဘသိန်းနှင့် သုံးဘီးဆိုင်ကယ်၊ မောင်းနှင်သူ ကျော်အေးလှိုင်တို့နှစ်ဦးအား Sedil(ဒိုင်ယာဇီပင်) ထိုးဆေးပုလင်း ၃ဝ၇၁ဝ ပုလင်း၊ လက်ကိုင်ဖုန်း နှစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ စစ်တွေမြို့ မြို့သူကြီးရပ်ကွက် သိန်းကမ္ဘာလမ်းနေ မပန်းမြဖြူ၏ နေအိမ်မှ Sedil (ဒိုင်ယာဇီပင်) ထိုးဆေးပုလင်း ၅ဝဝဝ တို့ကိုလည်းကောင်း၊ (ဒိုင်ယာဇီ ပင်)ထိုးဆေးပုလင်းများအား ရန်ကုန်မြို့တွင် လက်ခံရယူမည့် ရဲရင့်(ခ) ညီညီ (ခ)ချစ်ဦးကို ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံတန်း ရိုးမစွမ်းအင်ကားဂိတ် အနီး၌ဖမ်းဆီးရမိပြီး ၎င်းငှားရမ်းထားသည့် မင်္ဂလာတောင်ညွန့်မြို့နယ် တောင်ညွန့်ကြီးရပ်ကွက် တော်ဝင်ပလာဇာ (ပ)ထပ် ဆိုင်ခန်းအမှတ် (၁ဝ၈)မှ Sedil (ဒိုင်ယာဇီပင်)ထိုးဆေးပုလင်း ၁ဝ၅၂ဝ ပုလင်းတို့ကို လည်းကောင်း ဖော်ထုတ်ဖမ်းဆီးရမိ ခဲ့သည်။

ဒိုင်ယာဇီပင် ထိုးဆေးများမှာ ကျန်းမာရေးဝန်ကြီးဌာန၏ ၂ဝဝ၂ ခုနှစ် ဇွန်လ ၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂/ ၂ဝဝ၂ ဖြင့် ထုတ်ပြန်ထားသည့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဖြစ်ပြီး အဆိုပါထိုးဆေးပုလင်း ၇၃၁ဝဝ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ဘသိန်း(၃၆ နှစ်)၊ ကျော်အေးလှိုင် (၃ဝနှစ်)၊ မပန်းမြဖြူ (၆ဝနှစ်)နှင့် ရဲရင့်(ခ) ညီညီ(ခ)ချစ်ဦး (၃၂ နှစ်) တို့လေးဦးအပေါ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf


နိုဝင်ဘာလ (၂၉)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း၊ အတွဲ(၃)၊ အမှတ်(၃၈)

နိုဝင်ဘာလ (၂၉)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း၊ အတွဲ(၃)၊ အမှတ်(၃၈)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 



ဒီဇင်ဘာလ (၁)ရက်နေ့ ထုတ် The Street View Journal Vol-3 ,Issue -46

ဒီဇင်ဘာလ (၁)ရက်နေ့ ထုတ် The Street View Journal Vol-3 ,Issue -46

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


နိုဝင်ဘာလ (၃၀)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

နိုဝင်ဘာလ (၃၀)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



နိုဝင်ဘာလ (၃၀)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

နိုဝင်ဘာလ (၃၀)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



နိုဝင်ဘာလ (၃၀)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ

နိုဝင်ဘာလ (၃၀)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ကချင်စစ်ရှိန်မြင့်မှု ဒုက္ခသည်အရေး စိုးရိမ်ရ

မြန်မာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်ကြား စစ်ရေး တင်းမာမှုတွေ အရှိန်မြင့် လာနေတဲ့ အတွက် စစ်ပြေး ဒုက္ခသည်တွေရဲ့ အသက် အိုးအိမ်စည်းစိမ်လုံခြုံမှု ကင်းမဲ့လာနေသလို အေးလွန်းတဲ့ ရာသီဥတု ဒဏ်ခံနေရတဲ့ ဒုက္ခသည်တွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ စားနပ်ရိက္ခာနဲ့ နေထိုင်မှု အခက်အခဲတွေ ပိုပြီ အထူးစိုးရိမ်စရာ အနေအထား ဖြစ်လာနေတယ်လို့ ဒုက္ခသည်အရေး ကူညီပေး နေသူတွေက ပြောပါတယ်။ ဒါကြောင့် ဒေသတွင်း ငြိမ်းချမ်းမှုရှိအောင် ကချင်ဒုက္ခသည် စခန်းတွေနားအထိ ပစ်ခတ်တိုက်ခတ်မှုတွေနဲ့ စစ်အင်အား တိုးချဲ့ချထားမှုတွေကို ရပ်တန့်ပစ်ဖို့ ကချင်ပြည်နယ် လူထုအခြေပြု မဟာမိတ်အဖွဲ့ကလည်း တောင်းဆိုပါတယ်။ အသေးစိတ်ကို ဆက်သွယ်စုံစမ်း ထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့က ဖြစ်ခဲ့တဲ့ ကချင်စစ်သင်တန်းကျောင်းပေါ် မြန်မာစစ်တပ်ဘက်က လက်နက်ကြီးကျပြီး ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့ရတဲ့ ပစ်ခတ်တိုက်ခတ်မှုကစလို့ နိုဝင်ဘာ ၂၃ ရက်၊ ၂၄ ရက်တွေမှာလည်း မြန်မာအစိုးရတပ်ဘက်က လိုင်ဇာနဲ့မိုင်ဂျာယန် တလျှောက် လက်နက်ကြီးတွေ ဆက်တိုက် ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်တလျောက်မှာရှိတဲ့ ဒုက္ခသည် သောင်းချီနေထိုင်ရာ ဂျေယာန်ဒုက္ခသည်စခန်း၊ ဖွမ်လုံယာန်ဒုက္ခသည်စခန်းနဲ့ လိုင်ဇာနယ်မြေထဲအထိ လက်နက်ကြီး ပစ်ခတ်မှုတွေရှိတဲ့ အတွက် ကချင်စစ်ပြေး ဒုက္ခသည်တွေကြား အသက်အန္တရာယ် စိုးရိမ်မှုတွေ ပိုတိုးလာနေတာဖြစ်ပါတယ်။ ကချင်ဒုက္ခသည်အရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ ဒေါ်မေရီတွမ်က ကချင်စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။

“ကျမတို့ကြည့်နေတဲ့ ဒီဒုက္ခသည်စခန်းအနီးမှာတော့ ၂၂၊ ၂၃ ကိုပေါ့လေ၊ ဒုက္ခသည်စခန်းနဲ့ တစ်မိုင်ပတ်လည်အကွာမှာကို သူက ကျတာပေါ့ နော်။ ကျတယ်ဆိုတော့ ဒုက္ခသည်တွေအနေနဲ့ တော်တော်စိုးရိမ်မှုရှိတာပေါ့နော်။ စခန်းနဲ့နီးတဲ့နေရာကျတယ်ဆိုတော့ ထိတ်လန့် ကြောက်လန့်မှုရှိတယ်။ လုံခြုံရေးအနေနဲ့လည်း ကျမတို့လည်း ပူပန်မှုရှိတယ်။ ဒီလိုသာ ဆက်ပြီးပစ်နေမယ်ဆိုရင် ပြောလို့မရဘူးပေါ့လေ၊ နော်။ အဲလိုမျိုးလေးတွေ ရှိတာပေါ့။”

ဒုက္ခသည်တွေအတွက် ရန်ပုံငွေ မလုံလောက်လို့ ကုလသမဂ္ဂကပေးနေတဲ့ လူသားချင်းစာနာမှု အကူအညီတွေကလည်း နိုဝင်ဘာ လဆန်းကစလို့ လျှော့ချဖို့ အစီအစဉ်ရှိသလို အခုလို ဒေသတွင်း စစ်ရေးတင်းမာနေတဲ့အတွက်လည်း လမ်းကြောင်း ပိတ်ဆို့မှုတွေဖြစ်နေလို့ ဒုက္ခသည်စခန်းတွေအထိ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေ ရောက်လာဖို့ အခက်အခဲတွေဖြစ်နေတယ်လို့လည်း ကချင်ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဒေါ်မေရီတွမ်က ပြောပါတယ်။

“နံပါတ်တစ်အချက်ကတော့ ရာသီဥတုက အရမ်းအေးပါတယ်။ အရမ်းအေးတော့ ဆောင်းတွင်းပိုင်း ကလေးတွေအတွက် စောင်တွေ၊ အနွေးထည်တွေလိုတယ်ဆိုပြီးကျမတို့ ပြောတာတွေလည်း အများကြီးရှိတယ်ပေါ့။ နောက်တခုအနေနဲ့ အရေးအကြီးဆုံးအချက်ကတော့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာကိုတောင်မှ UN convoy က နိုဝင်ဘာ (၇) နေ့မှာဆိုပြီး သူတို့ပြောတယ်။ ဒါပေမယ့် နောက်တော့ ပြန် postpone လုပ်လိုက်တယ်လို့ ပြောတယ်။ နောက်ဆုံး ဒုတိယအကြိမ်အနေနဲ့ကတော့ သူတို့က ဒီဘက်မှာ လကုန် (၃၀) မှာ ပြန်ပြီးမှ လာပါမယ်ဆိုပြီး ကျမတို့ကို အကြောင်းကြားပါတယ်။ ဒါပေမယ့်လည်း တနေ့ကပဲ ကျမတို့က စာပြန်ရတယ်။ UN Convoy ကလည်း ပြန်မရောက်လာနိုင်တော့ဘူးပေါ့လေ။ အဲဒီအခါကျတော့ လိုင်ဇာပတ်ဝန်းကျင်ဘက်မှာ food shortage ဖြစ်နေပြီလို့ ကျမတို့ပြောလို့ရတယ်။ ပေးထားတာကလည်း နိုဝင်ဘာ၊ ဒီဇင်ဘာမှာ 80% ပဲ သူတို့ကပေးထားတဲ့အခါကျတော့ တော်တော်လေး အစားအသောက် မလောက်ဘဲ ဒုက္ခရောက်နေတယ်။ အခုလည်း အချိန်မီမရောက်ဘူးဆိုတဲ့အခါကျတော့ ဒုက္ခသည်တွေမှာ အစားအသောက်နဲ့ပတ်သက်ပြီး တော်တော်အခက်အခဲဖြစ်နေပါတယ်။ ကျန်းမာရေးပိုင်းလည်း ဒီလိုပဲပေါ့နော်၊ အဓိက-ကတော့ စိတ်ပိုင်းဆိုင်ရာကို တော်တော်လေး ထိခိုက်နေတယ်ပေါ့နော်။”

ဒါကြောင့်မို့လို့ ကချင်ဒုက္ခသည်စခန်းတွေအပါအဝင် တောတောင်တွေထဲအထိ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေအရေးဟာ အထူး စိုးရိမ်စရာ အနေအထားမှာ ရှိလာနေတာပါ။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) အနေနဲ့ ဒေသတွင်းတည်ငြိမ်မှုနဲ့ ပြည်သူတွေအတွက် လုံခြုံစိတ်ချမှုရှိအောင် ထိုးစစ်ဆင်မှုတွေကို ရပ်တန့်ပေးစေလိုပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်စေချင်ပါတယ်လို့ တောင်းဆိုထား ပါတယ်။ လူထုအခြေပြု မဟာမိတ် အဖွဲ့ဝင်လည်းဖြစ်တဲ့ ကချင်အမျိုးသမီး အစည်းအရုံး လက်ထောက်အတွင်းရေးမှူး ဂျေစီကာ အင်ခွမ် ကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်စေချင်ပါတယ်လို့ ပြောပါတယ်။

“အထူးသဖြင့်က KIA နဲ့ မြန်မာအစိုးရနဲ့ သူတို့ ဆွေးနွေးပွဲလုပ်တဲ့အခါမှာ အမြဲတမ်း နှစ်ဦးနှစ်ဘက် စစ်လျှော့ချရေးပေါ့နော် လုပ်မယ်။ တတ်နိုင်သလောက် ဆွေးနွေးမယ်ဆိုပြီးမှ အဲလိုမျိုးတွေ ပြောတယ်။ အဲဒီအချိန်မှာ အစိုးရဘက်ကနေပြီးမှ သတင်းမှာမထွက်တဲ့ တိုက်ပွဲ အသေးလေးတွေလည်း ခန ခန ဖြစ်တယ်။ ကတိမတည်ဘဲနဲ့ အဲလို ချိုးဖောက်နေတဲ့အခါမှာကျတော့ ကျမတို့ ကချင်ထုအနေနဲ့ရော၊ တိုင်းရင်းသားလူထု အကုန်လုံးအနေနဲ့ရော ကိုယ့်ရဲ့အစိုးရအပေါ်မှာ ဘယ်လိုမျိုး ယုံကြည်စိတ်ချမှုရှိပြီးမှ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမျိုး ရနိုင်မလဲဆိုတာ အရမ်းစိုးရိမ်ပူပန်တယ်။ ပြီးလို့ရှိရင် ငြိမ်းချမ်းရေးကလည်း မငြိမ်းချမ်းနိုင်သေးဘူး၊ အချိန်ပြည့် ခန ခန ဟိုမှာဖြစ်လိုက်၊ ဒီမှာဖြစ်လိုက်၊ စစ်ပွဲတွေဖြစ်လိုက်၊ ပဋိပက္ခဖြစ်လိုက်နဲ့ အဲလိုမျိုး ဖြစ်နေတဲ့အခါကျတော့ IDP တွေကလည်း ပိုပို များများလာတယ်။ လူ့အခွင့်အရေးတွေကလည်း ချိုးဖောက်မှု ပိုများလာတဲ့အခါ ငြိမ်းချမ်းရေးအတွက် အရမ်းကို စိုးရိမ်ပူပန်မှုရှိတဲ့အတွက်ကြောင့်မို့လို့ ဒီ Statement ကို ထုတ်ရခြင်းဖြစ်တယ်လို့ ပြောချင်တယ်။”

အခုလို ကချင်လွတ်မြောက်ရေးတပ်နဲ့ မြန်မာစစ်တပ်ကြား စစ်ရေးတင်းမာမှုတွေ အရှိန်မြင့်လာနေချိန်မှာပဲ ကချင်ပြည်နယ် လိုင်ဇာနဲ့ ဗန်းမော်မြို့တွေ အနီးအနားကို မြန်မာစစ်တပ်ဘက်က စစ်အင်အားတိုးချဲ့မှုတွေ ပိုလုပ်ဆောင်လာတဲ့အပေါ် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနဲ့ တည်ငြိမ်ရေးအပေါ် စိုးရိမ်မကင်းဖြစ်မိတယ်လို့လည်း ကချင်ပြည်နယ်လူထုအခြေပြုအဖွဲ့ (၁၅) ဖွဲ့ပါဝင်တဲ့ ကချင်ပြည်နယ် လူထုအခြေပြုမဟာမိတ်အဖွဲ့အစည်းက ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။ ကချင်ပြည်နယ် အပါအဝင် တိုင်းရင်းဒေသတွေမှာ စစ်ရှိန်တိုး လုပ်ဆောင်နေတာကို ရပ်တန့်ဖို့နဲ့ ထိုးစစ်တွေကို ချက်ခြင်းရပ်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/refugees-concern-on-kachin-conflict-/2539341.html


ပုသိမ်မြို့ အမှတ် ၁၄ နယ်မြေမှ မြေလွတ်များကို အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက အကွက်ရိုက်ပြီးရောင်းစား

နိုဝင်ဘာလ ၃၀ ရက် (ပုသိမ်)

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၁၄ နယ်မြေ ပန်းဆက်ရပ်ကွက်အတွင်းမှ မြေလွတ်များကို နယ်မြေအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက အကွက်ရိုက်ပြီး ရောင်းစားမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ပုသိမ်မြို့၊ အမှတ် ၁၄ နယ်မြေ၊ ပန်းဆက်ရပ်ကွက်အတွင်းမှ ဆင်းရဲသား အိမ်ခြေရာမဲ့များအား မြေကွက် ပေးမည်ဟုဆိုကာ အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းနှင့် ရာအိမ်မှူးများက စာရင်းကောက်ယူ ပြီးနောက် ပန်းဆက်လမ်းသွယ် ၁၁ လမ်း (လမ်းမကြီး ၃ လမ်းနှင့် ၄ လမ်းကြား) ရှိ မြေလွတ်များကို အကွက်ရိုက်ကာ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဓနိမိုး၊ ဓနိကာအိမ် ၉ လုံး တည်ဆောက်ခဲ့ကြောင်း သိရသည်။

အိမ်များတည်ဆောက်ပြီးနောက် ယင်းအိမ်များကို လျှောက်လွှာတင်ထားသည့် ဆင်းရဲသား အိမ်ခြေမဲ့များအား ပေးဝေခြင်းမရှိဘဲ အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းနှင် ရာအိမ်မှူးများက တယောက်တအိမ်စီ ခွဲဝေယူပြီး တအိမ်လျှင် ၁၅ သိန်းမှ ကျပ်သိန်း ၂၀ နှုန်းဖြင့် ရောင်းစားခဲ့ကြကြောင်း ပန်းဆက်ရပ်ကွက်မှ ဒေသခံများက သစ်ထူးလွင်ကို ပြောသည်။

“ကျနော်တို့ မရှိဆင်းရဲသား အိမ်ခြေရာမဲ့တွေကို အိမ်နဲ့မြေကွက်ပေးမယ်ဆိုပြီး စာရင်းတွေကောက်ပြီး လမ်းသွယ် ၁၁ လမ်းမှာ မြေကွက်တွေရိုက်တယ်။ ပြီးတော့ အုပ်ချုပ်ရေးပိုင်းက သူတို့ငွေနဲ့ အိမ် ၉ လုံး ဆောက်လိုက်ကြတယ်။ အိမ်လည်းဆောက်ပြီးရော ပထမပိုင်းတော့ တလ ၁ သောင်းခွဲနှုန်းနဲ့ အုပ်ချုပ်ရေးပိုင်းက အိမ်ငှားတွေ တင်ထားတယ်”

“နောက်တော့ အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းနဲ့ ရာအိမ်မှူးတွေဖြစ်တဲ့ ကိုစိုးရီ (ခေါ်) ဘူကြီး၊ ဦးမြဌေးစသဖြင့် သူတို့အဖွဲ့တွေ တယောက်တအိမ် ခွဲယူကြတယ်။ အိမ်တွေခွဲယူပြီး ဒီနှစ်ထဲမှာပဲ အိမ်တွေကို ရောင်းစားပစ်လိုက်ကြတယ်။ အခု အိမ်ဝယ်ထားတဲ့သူတွေဆီကို လွှဲပေးဖို့အတွက် ရာအိမ်မှူးတွေက လက်ရှိအိမ်ငှားနေတဲ့သူတွေကို နှင်ချနေတယ်။ အိမ် ၉ အိမ်မှာ အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းယူထားတဲ့ ထောင့်စွန်အိမ်အပါအ၀င် ၃ အိမ်ပဲ ကျန်တော့တယ်။ ကျန်တဲ့ ၆ အိမ်က ကျနော်အပါအ၀င် မရှိဆင်းရဲသား အိမ်ငှားတွေကို နှင်ချလို့ အကုန် ဆင်းပေးလိုက်ရပြီ။ အထက်လူကြီးများ ဒီဖြစ်ရပ်ကို မယုံရင် အောက်ခြေကို ဆင်းကြည့်လှည့်ပါ”ဟု ယင်းနေအိမ်များတွင် ငှားရမ်းနေထိုင်ခဲ့သူတဦးက ပြောသည်။

ထို့ပြင် အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းနှင့် ရာအိမ်မှူးများက ပန်းဆက်ရပ်ကွက်အတွင်းရှိ လွတ်နေပြီး လူမနေသည့် အခြားမြေကွက်များကိုလည်း တကွက်လျှင် ၁၅ သိန်းကျပ်နှုန်းဖြင့် ရောင်းချမှုများ ရှိနေပြီး ယင်းမြေကွက်များကို ရပ်ကွက်အတွင်းမှ အုပ်ချုပ်ရေးမှူးနှင့် ရင်းနှီးသော ငွေကြေးရှိသူများက ပြန်လည် ၀ယ်ယူနေကြကြောင်း ဒေသခံများက ပြောသည်။

“ကျနော်တို့ရပ်ကွက်က ရေတုံကင်တူးဖို့ ထားတဲ့မြေတွေနဲ့ တခြားလွတ်နေတဲ့မြေတွေကို အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက အကွက်ရိုက်ပြီး လက်ညှိုးထိုးရောင်းစားတယ်။ ပြီးရင် သူတို့အိပ်ကပ်ထဲ ထည့်တယ်။ ဒေါ်စန်းတင်ဆိုတဲ့ အမျိုးသမီးဆိုရင် လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းက မြေလေးတကွက်ကို ၂ သောင်းနဲ့ ၀ယ်ပြီး တဲလေးထိုးပြီး နေခဲ့တယ်။ အထောက်အထားတော့ မရှိဘူးပေါ့ဗျာ။ အဲဒါကို ရာအိမ်မှူး ဘူကြီး (ခေါ်) စိုးရီက အဲဒီအိမ်က အထောက်အထားမရှိမှန်းသိတော့ အချဉ်ဆိုပြီး အပိုင်သိမ်းဖို့ လုပ်နေတယ်။ အိမ်ရှင် အဘွားကြီးကိုလည်း ခဏခဏ အိမ်ပေါ်က နှင်ချတာတွေ လုပ်တယ်။ ရပ်ကွက်ကလူတွေက ဆင်းရဲပြီး ပညာလည်း မတတ်ကြတော့ ဘယ်ကို တိုင်လို့ တိုင်ရမှန်းလဲမသိတော့ အုပ်ချုပ်ရေးအဖွဲ့က နှိပ်စက်သမျှ ခေါင်းငုံ့ခံနေရတာပေါ့”ဟု ပန်းဆက်ရပ်ကွက်မှ ရပ်မိရပ်ဖတဦးက ပြောသည်။

ယခုကဲ့သို့ နိုင်ငံတော်ပိုင် မြေလွတ်များကို ကိုယ်ကျိုးအတွက် အကွက်ရိုက်ရောင်းစားသည့် အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းနှင့် ရာအိမ်မှူးများကို တာဝန်ရှိသူများအနေဖြင့် စုံစမ်းစစ်ဆေးပြီး အရေးယူသင့်ကြောင်း ဒေသခံများက ပြောသည်။

အမှတ် ၁၄ ရပ်ကွက်၊ လမ်းမကြီး ၁ လမ်းကို ကွန်ကရစ်လမ်းခင်းရာတွင်လည်း ဥမ္မာဒန္တီရပ်ကွက် တည်ရှိရာ လမ်းပိုင်းအထိသာ လမ်းခင်းခဲ့ပြီး ပန်းဆက်ရပ်ကွက်အပိုင်းအား လမ်းဆက်မခင်းတော့ဘဲ တ၀က်တပျက်နှင့် ပစ်ထားသည်မှာ ၄ လခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

“သက်ဆိုင်ရာ တာဝန်ရှိသူလူကြီးတွေက လမ်းမကြီး ၁ လမ်းကို လမ်းခင်းဖို့ ငွေထုတ်ပေးထားတယ်။ ရပ်ရွာထဲမှာလည်း လမ်းခင်းဖို့ဆိုပြီး ပိုက်ဆံကောက်တယ်။ ပြီးလည်းပြီးရော ဥမ္မာဒန္တီ နယ်မြေတခြမ်းပဲ ကွန်ကရစ်လမ်းခင်းခဲ့တယ်။ ကျန်တဲ့လမ်းတခြမ်းကို ဒီအတိုင်းပစ်ထားတာ ၄ လ လောက် ဖြစ်နေပြီ။ ငွေတွေ ဘယ်လိုကောက်ခံတာ ဘယ်လောက်ရတယ်၊ ဘယ်လောက်သုံးတယ်၊ ဘယ်လောက်ကျန်တယ် ဘယ်သူမှ မသိရဘူး။ ရှင်းလည်းမပြဘူး။ ကျနော်တို့ ရပ်/ကျေး ဖွံ့ထောက်အဖွဲ့ကိုလည်း ဘာမှ အသိမပေးဘဲ လုပ်ချင်ရာကို လုပ်နေတော့တာ”ဟု အမှတ် ၁၄ နယ်မြေ ဖွံဖြိုးရေး အထောက်အကူပြုအဖွဲ့ဝင်တဦးက ပြောသည်။

ပုသိမ်မြို့၊ အမှတ် ၁၄ နယ်မြေတွင် သံမဏိစက်ရုံ၊ ပန်းကန်စက်ရုံ စသဖြင့် စက်ရုံကြီးများ တည်ဆောက်သွားမည်ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်ပိုင်း အမှတ် ၁၄ နယ်မြေမှ မြေကွက်များ ဈေးတက်သွားခဲ့သလို ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက မြေရောင်းစားသည့်ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

BY THIT HTOO LWIN


မသင်္ကာမှုနဲ့ ရဲစခန်းမှာ စစ်ဆေးခဲ့သူတဦး သေဆုံးခဲ့ (ရုပ်/သံ)

ကားမှန်ခွဲတယ်လို့ မသင်္ကာမူနဲ့ တာမွေရဲစခန်းက ခေါ်ဆောင်သွားတဲ့ လူတဦး ရဲစခန်းက ပြန်ရောက်လာပြီး တပတ်အတွင်း ဒဏ်ရာတွေနဲ့ သေဆုံးသွားတာကြောင့် မိသားစုက လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားပြီး သက်ဆိုင်သူတွေကို အမူဖွင့်မယ်လို့ ပြောပါတယ်။ အိမမမွန် သတင်းပေးပို့ ထားပါတယ်။ DVB TV - 29.11.2014

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ခေါင်းဆောင်တွေ ပြန်လည် သင့်မြတ်နိုင်ကြပါဦးမလား

ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲက တပ်မတော်သား အမတ်တွေကို နိုဝင်ဘာ ၂၇ ရက်နေ့ညမှာ ပြုလုပ်မယ့် အလွတ်သဘော ညစာစားပွဲတစ်ခု တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာ တပ်မတော်သား အမတ်တွေ မတက်ရောက် နိုင်ခဲ့ကြပါဘူး။ အင်န်အယ်လ်ဒီ ပါတီ ကို အကြောင်းပြန်တဲ့ စာမှာ ဘယ်လို အကြောင်းပြ ထားတယ် မသိနိုင်ပေမယ့် တပ်မတော်သား အမတ်တစ်ယောက်ဖြစ်တဲ့ ဗိုလ်မှူးချုပ် တင့်ဆန်းက သူတို့ သီးသန့် လုပ်တဲ့ ညစာစားပွဲနဲ့ တိုက်ဆိုင်နေလို့ မတက်နိုင်တဲ့အကြောင်း၊ နောင် လွှတ်တော် အစည်းအဝေး ကာလ ကျရင်တော့ ဖိတ်ကြားမှုကို လက်ခံပြီး တက်ရောက်နိုင်မယ်လို့ ထင်တဲ့အကြောင်း မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ တပ်မတော် ခေါင်းဆောင်တွေရဲ့ ဆက်ဆံရေး ဘယ်လို ရှိနေသလဲ၊ ဆက်ဆံရေး မကောင်းဘူးဆိုရင် တိုင်းပြည် နောင်ရေး ကောင်းနိုင်ပါ့မလား၊ ဒီပြသနာ ဘယ်လို ဖြေရှင်းနိုင်မလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ အရင် စစ်အာဏာရှင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရန်သူလို သဘောထားပြီး အမျိုးမျိုး ဖိနှိပ်ချုပ်ချယ်ခဲ့ပါတယ်။ အချိန်များစွာ နေအိမ်အကျယ်ချုပ် ချထားပြီး၊ လွတ်မြောက်နေချိန်တွေမှာလည်း ကန့်သတ် ဖိနှိပ်မှု အမျိုးမျိုး လုပ်ခဲ့ပါတယ်။ နောက်ဆုံးကုန်ကုန် ၂၀၀၃ ခုနှစ် မေလတုန်းက ဆိုရင် ဒီပဲရင်းမှာ လုပ်ကြံသတ်ဖြတ်ဖို့ အထိ ကြိုးစားခဲ့ပါသေးတယ်။ စစ်ခေါင်းဆောင်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို စိတ်ကြိုက်ရေးဆွဲ၊ နည်းပေါင်းစုံ သုံးပြီး အတည်ပြု၊ ၂၀၁၀ မှာ စိတ်ကြိုက်အဖြေတွေ ထွက်လာအောင် ဖန်တီးထားတဲ့ ရွေးကောက်ပွဲ ကျင်းပပေးပြီးတဲ့ နောက်မှသာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်က လွှတ်ပေးခဲ့ပါတယ်။

နောက်ဆုံး လက်ရှိ မြင်တွေ့နေရတဲ့ အစိုးရအဖွဲ့၊ လွှတ်တော်တွေ ပုံဖော်ပြီးကာမှ သမ္မတ ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာတွေ လုပ်ပါတယ်။ တဆက်တည်း နိုင်ငံရေးအကျဉ်းသားတွေ အားလုံးနီးပါး လွှတ်ပေး၊ ဒေါ်အောင်ဆန်းစုကြည် အင်န်အယ်လ်ဒီ နဲ့ အတိုက်အခံ အားလုံးကို နိုင်ငံရေး လုပ်ခွင့်ပြု၊ နောက်ဆုံး ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးပြီး လွှတ်တော်ထဲ ခေါ်သွင်းသည် အထိ လုပ်ခဲ့ပါတယ်။ ပြောရရင် စစ်ခေါင်းဆောင်တွေရဲ့ ပြုမူဆောင်ရွက်ပုံတွေဟာ နိုင်ငံတကာက အံ့အားသင့်ရလောက်အောင် မြန်ဆန်ခဲ့ပါတယ်။

နိုင်ငံရေးမှာ အပြည့်အ၀ လုပ်ကိုင်ခွင့်ရလာပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အစပိုင်းမှာ စစ်အာဏာရှင်တွေ သူ့အပေါ် ဖိနှိပ်ရက်စက်ခဲ့တာတွေနဲ့ ပါတ်သက်ပြီး ခွင့်လွှတ်တယ်၊ ဘယ်လိုမှ သဘောမထားဘူး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကိုပဲ လုပ်ချင်တယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ၂၀၁၂ ရွေးကောက်ပွဲကာရောက်တော့ တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံပြင်ရေး၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး ဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲ ၀င်ခဲ့ပါတယ်။ သူ့ရဲ့ ဖခင်တည်ထောင်ခဲ့တဲ့ တပ်မတော် ကို သံယောဇဉ် ရှိပါတယ်၊ ချစ်ခင်ပါတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။ အဲဒီအချိန်လောက်အထိ ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ခေါင်းဆောင်တွေရဲ့ ဆက်ဆံရေး ဒီလောက် ဆိုးဆိုးရွားရွား မဖြစ်သေးပါဘူး။

၂၀၁၃ ခုနှစ်ထဲ ရောက်လာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံပြင်ရေး လှုပ်ရှားမှု စ လုပ်ပါတယ်။ ဖွဲ့စည်းပုံပြင်ရေးထဲမှာမှ အဓိက အားဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးပါ။ ပုဒ်မ ၄၃၆ ဖော်ပြချက်အရ ဖွဲ့စည်းပုံထဲက ပြဌာန်းချက် တစ်ခုခု ပြင်ချင်တယ် ဆိုရင် လွှတ်တော်ထဲက အမတ် စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်နိုင်မယ်၊ တစ်ချို့ ပုဒ်မတွေကိုတော့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ဖို့ လိုတယ်ဆိုပြီး ပြဌာန်းထားတာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ဖွဲ့စည်းပုံထဲက ဘာပြင်ပြင် တပ်မတော်ဘက်နဲ့ သဘောတူညီချက် ယူရမယ် လို့ ဆိုလိုတာပါ။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကသာ သဘောမတူရင် ဖွဲ့စည်းပုံထဲက ဘယ်အချက်ကိုမှ ပြင်လို့ မရနိုင်ဘူး၊ ဒါဟာ ဖွဲ့စည်းပုံပြင်ရေးအတွက် ကြီးမားတဲ့ အဟန့်အတား အနှောင့်အယှက် ဖြစ်စေတယ်၊ ဒါကြောင့် တပ်မတော်သားတွေ သဘောတူတူ မတူတူ ရွေးကောက်ခံ အမတ်တွေ ပြင်ချင်ရင် ပြင်လို့ ရတဲ့ အနေအထား ဖြစ်အောင် လုပ်ချင်တယ် ဆိုပြီး သဘောထား ထုတ်ပြန်ပါတယ်။

အတိအကျ ပြောရရင် ၄၃၆ ပုဒ်မနဲ့ ပါတ်သက်လို့ အင်န်အယ်လ်ဒီရဲ့ သဘောထားဟာ လွှတ်တော်အမတ် စုစုပေါင်းရဲ့ ထက်ဝက်ကျော်မဲ ဒါမှမဟုတ် စစ်သားတွေ မပါတဲ့ ရွေးကောက်ခံ အမတ်တွေချည်းပဲ ဆိုရင် အမတ်တွေရဲ့ သုံးပုံနှစ်ပုံကျော် မဲရလို့ရှိရင် ပြင်ချင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ နောက်ပိုင်း ၈၈ မျိုးဆက် ပွင့်လင်း အဖွဲ့နဲ့ ပူးပေါင်းပြီး လူထု ဆန္ဒ လက်မှတ်ကောက်ခံတာ၊ စည်းရုံးဟောပြောတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီ စည်းရုံးဟောပြောပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်က ပုဒ်မ ၄၃၆ ပြင်ရေး လုပ်တာဟာ တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိ စစ်တန်းလျားပြန်ရေး လုပ်တာ ဆိုပြီးတော့လည်း အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တကယ်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄၃၆ ပြင်ရေးဟာ အဲဒီ အဓိပ္ပါယ်ထွက်ပါတယ်။ ဖွဲ့စည်းပုံကို တပ်မတော်သားတွေရဲ့ သဘောထားမပါပဲ ရွေးကောက်ခံ အမတ်တွေချည်းသက်သက်နဲ့ ပြင်နိုင်ရေးဆိုတာဟာ တပ်မတော်ရဲ့ကံကြမ္မာ၊ လက်ရှိတပ်မတော် ခေါင်းဆောင်တွေရဲ့ ကံကြမ္မာနဲ့ အရင်စစ်အာဏာရှင်ဟောင်းတွေရဲ့ ကံကြမ္မာအားလုံး ရွေးကောက်ခံ အမတ်တွေလက်ထဲ အပ်ရမယ် ဆိုတာနဲ့ အတူတူပါပဲ။ ဒီ အခြေအနေတွေကြောင့် တပ်မတော်ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ခါးခါးသီးသီး ဖြစ်လာတာပါ။ တဆက်တည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ရဲ့ဟောပြောချက်တွေကြောင့် ရဟန်းရှင်လူ ပြည်သူတွေကလည်း တပ်မတော်အပေါ် အမြင်မကြည်မလင်ဖြစ်၊ ဖွဲ့စည်းပုံပြင်ရေး ပိတ်ဆို့ဟန့်တားသူတွေ ဖြစ်တယ် ဆိုပြီး ပို မုန်းတီးလာကြပါတယ်။ ဒီအခြေအနေကိုလည်း တပ်မတော် ခေါင်းဆောင်တွေ မကြိုက်ကြပါဘူး။ ပိုဆိုးတာက လွှတ်တော်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥက္ကဌ သူရဦးရွှေမန်းရဲ့ မဟာမိတ်ပြုမှုပါ။ လက်ရှိ တပ်မတော်ခေါင်းဆောင်တွေဟာ သူရဦးရွှေမန်းကို တပ်မတော်ကို ပြည်ခိုင်ဖြိုးလက်အောက် သွတ်သွင်းဖို့ ကြိုးစားသူ၊ တပ်မတော်ခေါင်းဆောင်မှုကို စိန်ခေါ်သူ တစ်ယောက်အဖြစ် မြင်ထားပါတယ်။ ဒီလို အခြေအနေအောက်မှာ တပ်မတော်ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမြင်မကြည်လင်ရုံမက ခါးခါးသီးသီး ဖြစ်တဲ့ အဆင့်ထိ ရောက်နေရတာ မဆန်းပါဘူး။

ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိ လမ်းကြောင်းအတိုင်း တပ်မတော်ခေါင်းဆောင်တွေ နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး စစ်တန်းလျား ပြန်ပို့ရေးကိုပဲ ဆက်ကြိုးစားနေမလား၊ တပ်မတော်ခေါင်းဆောင်တွေ ယုံကြည်မှုရအောင်၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်အောင် သူ့ရဲ့ သေနင်္ဂဗျူဟာကို ပြောင်းမလား ပြန် စဉ်းစားသုံးသပ်ဖို့ အချိန်ရောက်နေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဦးစည်သူအောင်မြင့် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/news-analysis-sithu-aungmyint-aung-san-suu-kyi-nld-military/2539323.html


ကလေးငယ်(၂)ဦး ဂက်စ်မီးခြစ်ဖြင့် ဆော့ကစားရာမှ မီးလောင်မှုဖြစ်

နေအိမ်တွင် လူကြီးများမရှိခိုက် ကလေးငယ်(၂)ဦး ဂက်စ်မီးခြစ်ဖြင့်ဆော့ကစားရာမှ မီးလောင်မှုဖြစ်

နေပြည်တော်၊ နိုဝင်ဘာ ၂၉

၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီခွဲအချိန် မကွေးတိုင်း ဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ နှောကန်ကျေးရွာနေ ဦးထွန်းနိုင်(၃၂)နှစ်၏နေအိမ်တွင် လူကြီးများမရှိခိုက် နေအိမ် အောက်ထပ်ရှိ မီးဖိုကျင်းအတွင်း ဦးထွန်းနိုင်၏သားဖြစ်သူ မောင်ကျော်ဝင်းလှိုင်(၄)နှစ်နှင့် တစ်ရွာတည်းနေ ဦးခင်မောင်စိုး၏သားဖြစ်သူ မောင်သန်းဇော်လှိုင်(၅)နှစ်တို့ ၂ ဦး ဂက်စ်မီးခြစ်အားခြစ်၍ ဆော့ကစား ရာမှ မီးဖိုအားကာရံထားသည့် ထန်းရွက်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး ပတ်ဝန်းကျင်ရှိနေအိမ် များသို့ ကူးစက်လောင်ကျွမ်းခဲ့ရာ ရေနံချောင်းမြို့နယ်ရဲတပ်ဖွဲ့ဝင်မှတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေ ပြည်သူများ၏ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ညနေ ၃ နာရီ ၄ဝ မိနစ် အချိန် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဦးထွန်းနိုင်၏ (၃*၃)ပင် ထရံကာ/ထန်းရွက်မိုး/ဝါးကြမ်းခင်းနေအိမ်ပါ(၇)လုံး၊ ဒေါ်အေးဆန်း(၄၃)နှစ်၏ (၄*၄)ပင် ထရံကာ/ သွပ်မိုး/ဝါးကြမ်းခင်းနေအိမ်ပါ(၃)လုံးနှင့် ဦးတင်အောင်(၆၇)နှစ်၏ (၄*၄)ပင် ပျဉ်ကာ/သွပ်မိုး/ပျဉ်ခင်း နေအိမ်ပါ(၂)လုံး၊ စုစုပေါင်းနေအိမ်(၁၂)လုံး၊ တန်ဘိုးငွေကျပ်(၁,၁ဝ၅,ဝဝဝိ/-)ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လူဦးရေ ကျား(၂၅)ဦး၊ မ(၂၉)ဦး၊ စုစုပေါင်း(၅၄)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့သဖြင့် နှောကန်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိကာ ဦးထွန်းနိုင်အား လက်မှတ်ကုန်းနယ်မြေ ရဲစခန်း(ပ)၆၅/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia


ထိုင်း အိမ်ရှေ့ မင်းသမီး မိသားစု မှာ တော်ဝင် နာမည် ဖယ်ရှား

ထိုင်း အိမ်ရှေ့မင်းသား Vajiralongkorn က သူ့ ကြင်ယာတော် မိသားစု မှာ တော်ဝင် နာမည်ထည့် သုံးစွဲတာကို ဖယ်ရှားဖို့ အစိုးရ ကို ညွှန်ကြား လိုက်ပါတယ်။

ဒီအမိန့်ပေးမှု ဟာ မင်းသားက ကြင်ယာတော် ကို ကွာရှင်းဖို့ ခြေလှမ်းပြင်နေတာလို့ ယူဆ ကြပါတယ်။

ဒီရက်ပိုင်း အတွင်း ကြင်ယာတော် ရဲ့ ဆွေမျိုး ၇ ယောက် မှောင်ခိုမှု၊ လောင်းကစား လုပ်ငန်းမှု တွေနဲ့ ဖမ်းဆီး ခံခဲ့ရ ပါတယ်။

အိမ်ရှေ့မင်းသားနဲ့ မင်းသမီး Srirasmi Akrapongpreecha တို့ ဆက်ဆံရေး ခပ်တန်းတန်း ဖြစ်နေကြတယ်လို့ လူအများက သိထား ကြ ပါတယ်။

သူတို့ ဇနီးမောင်နှံက သားတော် တပါး ထွန်းကားပြီး အိမ်ရှေ့မင်း နောက်က ထီးနန်း ဆက်ခံမယ့် နန်းလျာ လို့ ယူဆ ကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/11/141129_thai_prince

ထိုင်းဘုရင် မိဘုရားနဲ့ အိမ်ရှေ့စံ

မူဘာရက် ကို စွဲချက် တွေကို အီဂျစ် တရားရုံး ပယ်ဖျက်

၂ဝ၁၁ ခုနှစ် အာရပ်နွေဦး လှုပ်ရှားမှု အတွင်း ဆန္ဒပြသူ ရာနဲ့ချီ ပြီး ပစ်ခတ် သေဆုံးခဲ့မှု အတွက် အီဂျစ် သမ္မတဟောင်း မူဘာရက်ကို စွဲချက် တင်ထားတာတွေကို အီဂျစ် တရားရုံးက ပယ်ဖျက် လိုက်ပါတယ်။

မူဘာရက် ခေတ်က ထိပ်တန်း လုံခြုံရေး အရာရှိကြီး တွေကို စွဲဆို ထားတဲ့ အမှု တော်တော်များများ ကိုလည်း အီဂျစ် တရားရုံးက ပယ်ဖျက် လိုက်ပါတယ်။

အဲဒိ ဆန္ဒပြပွဲတွေ အတွင်း ပြုတ်ကျ သွားခဲ့တဲ့ သမ္မတဟောင်းကို လွန်ခဲ့တဲ့ ၂ နှစ်ထဲက ထောင်တသက် ချမှတ် ထားတာ ဖြစ်ပါတယ်။

မစ္စတာ မူဘာရက် နဲ့ သားတွေကို လာဘ်စားမှု နဲ့ စွဲဆို ထားတာ တွေကိုလည်း တရားရုံးက ဖယ်ရှား ပေးခဲ့ပါတယ်။

ဒါပေမဲ့ အလွဲသုံးစားမှု တွေ အတွက် နောက်ထပ် လ အနည်းငယ် ဆက်ပြီး မစ္စတာ မူဘာရက်ကို ထောင်ချ ထားအုံးမယ်လို့ ယူဆ ရပါတယ်။

ဒီလို အမှု ရုပ်သိမ်း ပေးတာကို မူဘာရက် ထောက်ခံသူ တွေက ကောင်းချီး သြဘာ ပေးခဲ့ကြပြီး လမ်းတွေ ပေါ်မှာ အော်ဟစ် ပျော်ရွှင် နေခဲ့ကြ ပါတယ်။

မူဘာရက်ကို သူတို့က အမျိုးသား သူရဲကောင်း လို့ ယူ ဆ ထားကြ တာပါ။

ဒါပေမဲ့ အဲဒီနားမှာပဲ ဆန္ဒပြပွဲ တွေ အတွင်း သေဆုံး ခဲ့ရသူ တွေရဲ့ ဆွေမျိုးတွေ စုဝေး ဟစ်အော် ခဲ့ကြ ပြန်ပါတယ်။

ဒီသေဆုံးရမှု တွေ အတွက် တရားမျှတမှု ရှိဖို့ လိုတယ်လို့ သူတို့က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/11/141129_mubarak_retrial

မူဘာရက် ထောက်ခံသူ တွေ ကောင်းချီး သြဘာ ပေး

မြန်မာနယ်စပ်လုံခြုံရေး သြစတြေးလျ ကူမည်

မြန်မာနိုင်ငံ နယ်စပ်လုံခြုံရေး ပိုမိုခိုင်မာ တောင့်တင်းဖို့ Australia အစိုးရက အကူအညီပေးမယ့် ၅ နှစ်စီမံကိန်းတရပ်ကို ဒီကနေ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ Australia အစိုးရနဲ့ မြန်မာအစိုးရကြား နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံရဲ့ နယ်စပ်ရေးရာ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး၊ သင်တန်းပို့ချရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နည်းပညာနဲ့ နည်းစနစ်ပိုင်းအကူအညီပေးရေးတွေအတွက်ကို Australia လူဝင်မှုကြီးကြပ်ရေးဌာနကအကူအညီတွေပေးမှာ ဖြစ်ပါတယ်။

ဒေသတွင်းနိုင်ငံတွေရဲ့ နယ်စပ်တွေ လုံခြုံမှ Australia နိုင်ငံရဲ့ နယ်စပ်တွေလည်း လုံခြုံခိုင်မာမယ်လို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Scott Morrison က ဒီကနေ့ နိုဝင်ဘာ၂၉ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။ Australia နိုင်ငံရဲ့ နယ်စပ်တွေမှာ ခြိမ်းခြောက်မှု အန္တရာယ်တွေ ပိုများလာနေပြီး လူကုန်ကူးမှု၊ အကြမ်းဖက်မှုနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်မှုတွေကို ဒေသတွင်းနှိမ်နှင်းနိုင်ဖို့ဟာ အရေးကြီးလာပြီလို့ ဝန်ကြီး Morrison က ဆိုပါတယ်။

နယ်စပ်လုံခြုံရေးအကူအညီပေးဖို့ သဘောတူခဲ့တဲ့ Australia နဲ့ မြန်မာအစိုးရကြား နားလည်မှုစာချွန်လွှာဟာ ၂ နိုင်ငံသံတမန်ဆက်ဆံရေးမှာ နောက်ထပ်အရေးပါတဲ့ ခြေလှမ်းကို လှမ်းခဲ့တာလဲဖြစ်တယ်လို့လဲ ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/australia-will-help-for-border-security-/2539282.html

လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Scott Morrison 

လက်ပံတောင်းနှစ်နှစ်ပြည့်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြသူတွေ မီးလောင်ဗုံးနဲ့ ဖြိုခွဲခံခဲ့ရတဲ့ (၂) နှစ်ပြည့်တဲ့နေ့မှာ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီး (၆) မြို့မှာ လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြဆုတောင်းပွဲ တွေနဲ့ ဆန္ဒဖော်ထုတ် ပြသနေကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

သံဃာတော်အများစုပါဝင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်တဲ့ သပိတ်စခန်းကို အာဏာပိုင်တွေကလွန်ခဲ့တဲ့ နှစ်နှစ်က မီးလောင်ဗုံးတွေနဲ့ ဖြိုခွဲခဲ့တာပါ။ ဒီဖြစ်ရပ်အပေါ်မှာ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးသလို မြေတွေသိမ်းဆည်းခံထားရတဲ့ ဒေသခံတွေနဲ့လည်း ပြေလည်မှုမရသေးတဲ့အတွက် ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီး (၆) မြို့မှာ ဆန္ဒပြခဲ့ကြတာပါ။

“မနက်လင်းအားကြီးအချိန်မှာ အတင်းအဓမ္မအနိုင်ကျင့်ပြီးတော့မှ ဖယ်ပစ်လို့ သံဃာတော် ၉၉ ပါးနဲ့ လူပုဂ္ဂိုလ်တွေ စုစုပေါင်း ၁၀၈ ဦးကို ထိခိုက်ဒဏ်ရာ ရစေခဲ့ပါတယ်။”

ဒါကတော့ မန္တလေးမြို့ လှုပ်ရှားမှုက အသံတွေပါ။

မန္တလေးမြို့မှာတော့ လူစုဝေးတဲ့ မဟာမြတ်မုနိဘုရားဝင်းရှေ့မှာ လက်ပံတောင်းအရေး လှုပ်ရှားသူတွေ လမ်းပေါ်ထွက်လို့မရအောင် အာဏာပိုင်တွေက ပိတ်ဆို့ထားတယ်လို့ တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုပါတယ်။

“---ဝင်းထဲမှာ စုမိတာက မန္တလေးမှာ အင်အားနည်းနည်း နည်းနေတယ်ပေါ့ဗျာ။ အဲဒီအချိန်မှာ အပြင်မှာက မဘသဘုန်းကြီးတွေရယ်၊ အုပ်ချုပ်ရေးရယ်နဲ့က ပိတ်ထားသလိုဖြစ်နေတယ်။”

ရန်ကုန်မြို့မှာလည်း ညနေ (၄) နာရီကျော်ကတည်းက ပိုစတာတွေ ကိုင်ဆောင် ဆန္ဒပြ၊ ဟောပြော ဆုတောင်းခဲ့ကြပါတယ်။ ရန်ကုန်လှုပ်ရှားမှု အခြေအနေကို တက်ကြွလှုပ်ရှားသူတစ်ဦးက အခုလို ပြောပါတယ်။

“ရဟန်းသံဃာတွေကို မီးရှို့တဲ့နေ့လည်းဖြစ်တယ်၊ တောင်သူလယ်သမားတွေ လယ်ယာဆုံးရှုံးတဲ့ကိစ္စလည်းဖြစ်တယ်ပေါ့။ အဲဒါတွေနဲ့ပတ်သက်လို့ ကျနော်တို့ ဆုတောင်း ဆန္ဒပြနေရခြင်းဖြစ်ပါတယ်။”

လက်ပံတောင်းမှာတော့ ည (၆) နာရီကျော်မှာ စတင်လှုပ်ရှားမှာဖြစ်ကြောင်းနဲ့ မီးလောင်ဗုံးနဲ့ အကြမ်းဖက်ဖြိုခွဲမှုတွေနဲ့ပတ်သက်လို့ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသေးတဲ့အခြေအနေကို လက်ပံတောင်းတောင် စန်းမြဝတီကျောင်းတိုက်ဆရာတော် ဦးအာလောက-က မိန့်ပါတယ်။

“အထူးသဖြင့်တော့ (၂၉) ရက်နေ့က သံဃာတော်တွေ မီးလောင်ဗုံးနဲ့အပစ်ခံရတဲ့နှစ်နှစ်ပြည့်ဖြစ်တယ်။ အဲဒီဟာတွေကို အရေးယူပေးခြင်း၊ ဆောင်ရွက်ပေးခြင်း ယနေ့အချိန်အထိ ဘာမှမရှိသေးဘူးပေါ့ဗျာ။”

ဒီနေ့မှာပဲ မန္တလေးတိုင်း၊ ပြင်ဦးလွင်နဲ့ မိတ္ထီလာမြို့တွေမှာလည်း လက်ပံတောင်းအရေး လှုပ်ရှားသူတွေက နှစ်နှစ်ပြည့် အထိမ်းအမှတ်တွေ လုပ်ခဲ့တာပါ။ မိတ္ထီလာလှုပ်ရှားမှုနဲ့ ပတ်သက်လို့ မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ယက်က ဒေါ်မြင့်မြင့်အေးက အခုလို ပြောပါတယ်။

“မီးရှို့တာကို အမှတ်ရနေတယ်ဆိုတဲ့အထိမ်းအမှတ်ရယ်၊ လှုပ်ရှားမှုတခုရယ်အနေနဲ့ ကျမတို့ ရွှေမြင်တင်ဘုရားမှာ ဝတ်ပြုဆုတောင်းတယ်။”

Amnesty International - နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကလည်း သူတို့ရဲ့ စုံစမ်းတွေ့ရှိချက်တွေအရ မီးလောင်ဗုံးနဲ့ဖြိုခွဲမှု (၂) နှစ်သာ ပြည့်သွားခဲ့ပေမယ့် ဒီအကြမ်းဖက်ဖြိုခွင်းမှုမှာ ပါဝင်ပတ်သက်သူတွေကို အစိုးရဘက်က တစုံတရာ အရေးယူမှု မရှိသေးသလို အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ပြီး ရှိနေတဲ့အပေါ် အတော်လေးစိုးရိမ်ကြောင်း ပြီးခဲ့တဲ့ရက်အတွင်းကပဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အခုလို ပြည်တွင်းပြည်ပ နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေဟာ လက်ပံတောင်းပြည်သူတွေနဲ့ သူတို့ကို ကူညီနေသူတွေရဲ့ အားထုတ်ဆောင်ရွက်မှုအဖြစ် ဆရာတော် ဦးအာလောက-က သုံးသပ်ပါတယ်။

“အဓိက-ကတော့ဗျာ။ လက်ပံတောင်းဒေသခံတွေပေါ့နော်၊ တစိုက်မတ်မတ်ပေါ့၊ ဒီကိစ္စကို မဆုတ်မနစ်ဘဲနဲ့၊ မကြောက်မရွံ့ဘဲနဲ့ တကယ်လည်း ဆုံးရှုံးနစ်နာတာတွေကို မပြတ် ဆောင်ရွက်နေတဲ့အတွက်ပေါ့နော်၊ ဒါကို နိုင်ငံတကာကရော၊ ပြည်တွင်းကနိုင်ငံရေးအသိုင်းအဝိုင်းတွေကရော လက်ပံတောင်းကို အမြဲတမ်းအာရုံစိုက်နေတာ၊ လက်ပံတောင်းဒေသခံတွေနဲ့လာရောက်ပြီးတော့ တကယ်ကိုမခံချင်တဲ့စိတ်နဲ့လာပြီးတော့ ဝိုင်းဝန်းကူညီနေတဲ့ပုဂ္ဂိုလ်တွေရဲ့အကျိုးသက်ရောက်မှု ရှိတယ်လို့ မြင်တယ်ဗျ။”

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေ၊ လူထုကျန်းမာရေးထိခိုက်တာတွေရှိနေကြောင်းကိုလည်း ပညာရှင်တွေက ထောက်ပြခဲ့တာပါ။ ဒီစီမံကိန်းနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးခဲ့ပေမယ့် ကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း လိုက်နာမှုမရှိကြောင်း ကော်မရှင်အဖွဲ့ဝင်တွေကလည်း ဆိုပါတယ်။

ဒီစီမံကိန်းကို မြန်မာအစိုးရနဲ့ စစ်တပ်ပိုင် မြန်မာစီးပွားရေးဦးပိုင်ကုမ္ပဏီလိမိတက်၊ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီတို့က ဖက်စပ် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် ဒေသခံရွာတွေကို ဖယ်ရှားခိုင်းခဲ့သလို ဒေသခံတွေရဲ့ ထောင်နဲ့ချီတဲ့ လယ်ဧကတွေကိုလည်းတန်ရာတန်ကြေးမပေးဘဲ သိမ်းယူခဲ့ပါတယ်။ ဒါ့အပြင် ဒီ ကြေးနီစီမံကိန်းလုပ်ကွက်ပေါ်မှာ ရှိနေတဲ့ ရှေးဟောင်း သာသနိက အဆောက်အဦးဖြစ်တဲ့ လယ်တီသိမ်ကို ဖြိုဖျက်ခဲ့တာလည်း ရှိပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/latpadaung-crackdown-2-years-anniversary/2539268.html

လက်ပန်းတောင်းနှစ်နှစ်ပြည့် ဆန္ဒဖော်ထုတ်ပွဲ (ဓာတ်ပုံ-ဒေသခံသတင်းထောက်)

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ