ပုသိမ်မြို့ အမှတ် ၁၄ နယ်မြေမှ မြေလွတ်များကို အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက အကွက်ရိုက်ပြီးရောင်းစား

နိုဝင်ဘာလ ၃၀ ရက် (ပုသိမ်)

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၁၄ နယ်မြေ ပန်းဆက်ရပ်ကွက်အတွင်းမှ မြေလွတ်များကို နယ်မြေအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက အကွက်ရိုက်ပြီး ရောင်းစားမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ပုသိမ်မြို့၊ အမှတ် ၁၄ နယ်မြေ၊ ပန်းဆက်ရပ်ကွက်အတွင်းမှ ဆင်းရဲသား အိမ်ခြေရာမဲ့များအား မြေကွက် ပေးမည်ဟုဆိုကာ အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းနှင့် ရာအိမ်မှူးများက စာရင်းကောက်ယူ ပြီးနောက် ပန်းဆက်လမ်းသွယ် ၁၁ လမ်း (လမ်းမကြီး ၃ လမ်းနှင့် ၄ လမ်းကြား) ရှိ မြေလွတ်များကို အကွက်ရိုက်ကာ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဓနိမိုး၊ ဓနိကာအိမ် ၉ လုံး တည်ဆောက်ခဲ့ကြောင်း သိရသည်။

အိမ်များတည်ဆောက်ပြီးနောက် ယင်းအိမ်များကို လျှောက်လွှာတင်ထားသည့် ဆင်းရဲသား အိမ်ခြေမဲ့များအား ပေးဝေခြင်းမရှိဘဲ အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းနှင် ရာအိမ်မှူးများက တယောက်တအိမ်စီ ခွဲဝေယူပြီး တအိမ်လျှင် ၁၅ သိန်းမှ ကျပ်သိန်း ၂၀ နှုန်းဖြင့် ရောင်းစားခဲ့ကြကြောင်း ပန်းဆက်ရပ်ကွက်မှ ဒေသခံများက သစ်ထူးလွင်ကို ပြောသည်။

“ကျနော်တို့ မရှိဆင်းရဲသား အိမ်ခြေရာမဲ့တွေကို အိမ်နဲ့မြေကွက်ပေးမယ်ဆိုပြီး စာရင်းတွေကောက်ပြီး လမ်းသွယ် ၁၁ လမ်းမှာ မြေကွက်တွေရိုက်တယ်။ ပြီးတော့ အုပ်ချုပ်ရေးပိုင်းက သူတို့ငွေနဲ့ အိမ် ၉ လုံး ဆောက်လိုက်ကြတယ်။ အိမ်လည်းဆောက်ပြီးရော ပထမပိုင်းတော့ တလ ၁ သောင်းခွဲနှုန်းနဲ့ အုပ်ချုပ်ရေးပိုင်းက အိမ်ငှားတွေ တင်ထားတယ်”

“နောက်တော့ အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းနဲ့ ရာအိမ်မှူးတွေဖြစ်တဲ့ ကိုစိုးရီ (ခေါ်) ဘူကြီး၊ ဦးမြဌေးစသဖြင့် သူတို့အဖွဲ့တွေ တယောက်တအိမ် ခွဲယူကြတယ်။ အိမ်တွေခွဲယူပြီး ဒီနှစ်ထဲမှာပဲ အိမ်တွေကို ရောင်းစားပစ်လိုက်ကြတယ်။ အခု အိမ်ဝယ်ထားတဲ့သူတွေဆီကို လွှဲပေးဖို့အတွက် ရာအိမ်မှူးတွေက လက်ရှိအိမ်ငှားနေတဲ့သူတွေကို နှင်ချနေတယ်။ အိမ် ၉ အိမ်မှာ အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းယူထားတဲ့ ထောင့်စွန်အိမ်အပါအ၀င် ၃ အိမ်ပဲ ကျန်တော့တယ်။ ကျန်တဲ့ ၆ အိမ်က ကျနော်အပါအ၀င် မရှိဆင်းရဲသား အိမ်ငှားတွေကို နှင်ချလို့ အကုန် ဆင်းပေးလိုက်ရပြီ။ အထက်လူကြီးများ ဒီဖြစ်ရပ်ကို မယုံရင် အောက်ခြေကို ဆင်းကြည့်လှည့်ပါ”ဟု ယင်းနေအိမ်များတွင် ငှားရမ်းနေထိုင်ခဲ့သူတဦးက ပြောသည်။

ထို့ပြင် အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းနှင့် ရာအိမ်မှူးများက ပန်းဆက်ရပ်ကွက်အတွင်းရှိ လွတ်နေပြီး လူမနေသည့် အခြားမြေကွက်များကိုလည်း တကွက်လျှင် ၁၅ သိန်းကျပ်နှုန်းဖြင့် ရောင်းချမှုများ ရှိနေပြီး ယင်းမြေကွက်များကို ရပ်ကွက်အတွင်းမှ အုပ်ချုပ်ရေးမှူးနှင့် ရင်းနှီးသော ငွေကြေးရှိသူများက ပြန်လည် ၀ယ်ယူနေကြကြောင်း ဒေသခံများက ပြောသည်။

“ကျနော်တို့ရပ်ကွက်က ရေတုံကင်တူးဖို့ ထားတဲ့မြေတွေနဲ့ တခြားလွတ်နေတဲ့မြေတွေကို အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက အကွက်ရိုက်ပြီး လက်ညှိုးထိုးရောင်းစားတယ်။ ပြီးရင် သူတို့အိပ်ကပ်ထဲ ထည့်တယ်။ ဒေါ်စန်းတင်ဆိုတဲ့ အမျိုးသမီးဆိုရင် လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းက မြေလေးတကွက်ကို ၂ သောင်းနဲ့ ၀ယ်ပြီး တဲလေးထိုးပြီး နေခဲ့တယ်။ အထောက်အထားတော့ မရှိဘူးပေါ့ဗျာ။ အဲဒါကို ရာအိမ်မှူး ဘူကြီး (ခေါ်) စိုးရီက အဲဒီအိမ်က အထောက်အထားမရှိမှန်းသိတော့ အချဉ်ဆိုပြီး အပိုင်သိမ်းဖို့ လုပ်နေတယ်။ အိမ်ရှင် အဘွားကြီးကိုလည်း ခဏခဏ အိမ်ပေါ်က နှင်ချတာတွေ လုပ်တယ်။ ရပ်ကွက်ကလူတွေက ဆင်းရဲပြီး ပညာလည်း မတတ်ကြတော့ ဘယ်ကို တိုင်လို့ တိုင်ရမှန်းလဲမသိတော့ အုပ်ချုပ်ရေးအဖွဲ့က နှိပ်စက်သမျှ ခေါင်းငုံ့ခံနေရတာပေါ့”ဟု ပန်းဆက်ရပ်ကွက်မှ ရပ်မိရပ်ဖတဦးက ပြောသည်။

ယခုကဲ့သို့ နိုင်ငံတော်ပိုင် မြေလွတ်များကို ကိုယ်ကျိုးအတွက် အကွက်ရိုက်ရောင်းစားသည့် အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းနှင့် ရာအိမ်မှူးများကို တာဝန်ရှိသူများအနေဖြင့် စုံစမ်းစစ်ဆေးပြီး အရေးယူသင့်ကြောင်း ဒေသခံများက ပြောသည်။

အမှတ် ၁၄ ရပ်ကွက်၊ လမ်းမကြီး ၁ လမ်းကို ကွန်ကရစ်လမ်းခင်းရာတွင်လည်း ဥမ္မာဒန္တီရပ်ကွက် တည်ရှိရာ လမ်းပိုင်းအထိသာ လမ်းခင်းခဲ့ပြီး ပန်းဆက်ရပ်ကွက်အပိုင်းအား လမ်းဆက်မခင်းတော့ဘဲ တ၀က်တပျက်နှင့် ပစ်ထားသည်မှာ ၄ လခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

“သက်ဆိုင်ရာ တာဝန်ရှိသူလူကြီးတွေက လမ်းမကြီး ၁ လမ်းကို လမ်းခင်းဖို့ ငွေထုတ်ပေးထားတယ်။ ရပ်ရွာထဲမှာလည်း လမ်းခင်းဖို့ဆိုပြီး ပိုက်ဆံကောက်တယ်။ ပြီးလည်းပြီးရော ဥမ္မာဒန္တီ နယ်မြေတခြမ်းပဲ ကွန်ကရစ်လမ်းခင်းခဲ့တယ်။ ကျန်တဲ့လမ်းတခြမ်းကို ဒီအတိုင်းပစ်ထားတာ ၄ လ လောက် ဖြစ်နေပြီ။ ငွေတွေ ဘယ်လိုကောက်ခံတာ ဘယ်လောက်ရတယ်၊ ဘယ်လောက်သုံးတယ်၊ ဘယ်လောက်ကျန်တယ် ဘယ်သူမှ မသိရဘူး။ ရှင်းလည်းမပြဘူး။ ကျနော်တို့ ရပ်/ကျေး ဖွံ့ထောက်အဖွဲ့ကိုလည်း ဘာမှ အသိမပေးဘဲ လုပ်ချင်ရာကို လုပ်နေတော့တာ”ဟု အမှတ် ၁၄ နယ်မြေ ဖွံဖြိုးရေး အထောက်အကူပြုအဖွဲ့ဝင်တဦးက ပြောသည်။

ပုသိမ်မြို့၊ အမှတ် ၁၄ နယ်မြေတွင် သံမဏိစက်ရုံ၊ ပန်းကန်စက်ရုံ စသဖြင့် စက်ရုံကြီးများ တည်ဆောက်သွားမည်ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်ပိုင်း အမှတ် ၁၄ နယ်မြေမှ မြေကွက်များ ဈေးတက်သွားခဲ့သလို ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက မြေရောင်းစားသည့်ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

BY THIT HTOO LWIN


ပုသိမ်မြို့ အမှတ် ၁၄ နယ်မြေမှ မြေလွတ်များကို အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက အကွက်ရိုက်ပြီးရောင်းစား ပုသိမ်မြို့ အမှတ် ၁၄ နယ်မြေမှ မြေလွတ်များကို အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက အကွက်ရိုက်ပြီးရောင်းစား Reviewed by သစ်ထူးလွင် on 22:03 Rating: 5
Powered by Blogger.