ရှုခင်းသာအိမ်ရာကို ထိတ်လန့် စေသူများအား ဖမ်းဆီး အရေးယူ

သာကေတမြို့နယ်၊ ရှုခင်းသာအိမ်ရာ၌ ခိုက်ရန်ဖြစ်ပွားရာတွင် ရပ်ကွက် နေပြည်သူများ ကြောက်ရွံ့ ထိတ်လန့်ခြင်းများ ဖြစ်ပွားစေခဲ့ပြီး ရပ်ကွက် တည်ငြိမ်အေးချမ်း သာယာရေးကို ထိခိုက်စေ ခဲ့ကြသူများကို အရေးယူ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

၂၇.၁၁.၂၀၁၄ ရက်နေ့ ၂၀၃၀ အချိန်ခန့်တွင် သာကေတမြို့နယ်၊ ရှုခင်းသာ ရပ်ကွက်၊ ရှုခင်းသာ အိမ်ရာ၊ တိုက် A-4 ရှေ့၌ ၎င်းတိုက်တွင်နေထိုင်ကြ သူများဖြစ်သည့် ဦးစိုးသန်းဦးမိသားစုနှင့် ကိုကျော်အောင်တို့မိသားစုသည် လမ်းပေါ်တွင်ကားပိတ်ဆို့ ရပ်တန့်မှုနှင့်ပတ်သက်ပြီး နှစ်ဘက်အချင်း များရန်ဖြစ်ခဲ့ကြသဖြင့် အပြန်အလှန်အမှုဖွင့် တိုင်တန်းထားရှိခဲ့၍ စစ်ဆေး ဆောင်ရွက်လျက်ရှိပါသည်။

ယင်းသို့အခင်းဖြစ်ပွားစဉ် ကိုကျော်အောင်၏တူဖြစ်သူ ဖြိုးသူနှင့် အပေါင်း အပါ(၃)ဦးတို့မှ တုတ်၊ ဓါးများ ကိုင်ဆောင်၍ အခင်းဖြစ်နေရာသို့ရောက်ရှိလာပြီး ကိုကျော်အောင်နှင့်အတူ ဦးစိုးသန်းဦးတို့အား ခြိမ်းခြောက်ကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် ရှုခင်းသာရပ်ကွက်နေပြည်သူတို့မှာ ကြောက်ရွံ့ ထိတ်လန့်ခြင်းများဖြစ်ပွားခဲ့ပြီး ရပ်ကွက်တည်ငြိမ်အေးချမ်းသာယာရေးကို ထိခိုက်စေသဖြင့် ၎င်းတို့ကို သာကေတမြို့မရဲစခန်း (ပ)၅၇၇/၂၀၁၄၊ ပြစ်မှုပုဒ်မ-၁၄၇/၁၄၈/၅၀၅(ခ) ဖြင့် အမှုဖွင့် အရေးယူခဲ့ပါသည်။

၎င်းအမှုမှ ကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနမှတပ်ဖွဲ့ဝင်များနှင့် သာကေတမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ ကျော်အောင်၊ (၄၆)နှစ်၊ သာကေတ၊ (၉)ရပ်ကွက်နေ ဖြိုးသူ၊ (၁၉)နှစ်၊ ထက်လင်းကိုကို၊ (၂၁)နှစ်နှင့် နိုင်ဝင်းအောင်၊ (၁၉)နှစ်နှင့် ဘောကြီး(ခ)အောင်ဇော်ဇော်၊ (၁၉)နှစ်တို့ (၅)ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။

အခင်းဖြစ်ပွားစဉ်က ဖြိုးသူ ကိုင်ဆောင်ထားသောအရိုးအသွား(၁၃)လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်း၊ နိုင်ဝင်းအောင် ကိုင်ဆောင်ထားသည့် အရိုးအသွား(၁၆) လက်မခန့်ရှိ ဓါးရှည်(၁)ချောင်းတို့အား ၎င်းတို့ ထံမှသိမ်းဆည်းရမိခဲ့ပါသည်။

ယင်းသို့ ရပ်ကွက်နေပြည်သူများ ကြောက်ရွံ့ထိတ်လန့်ခြင်းများ ဖြစ်ပွားစေခဲ့ပြီး ရပ်ကွက်တည်ငြိမ် အေးချမ်းသာယာရေးကို ထိခိုက်စေခဲ့ ကြသူများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အရေးယူဆောင်ရွက်ထားရှိကြောင်း အသိပေးဖော်ပြအပ်ပါသည်။

Yangon Police
https://www.facebook.com/yangonpolice



ရှုခင်းသာအိမ်ရာကို ထိတ်လန့် စေသူများအား ဖမ်းဆီး အရေးယူ ရှုခင်းသာအိမ်ရာကို ထိတ်လန့် စေသူများအား ဖမ်းဆီး အရေးယူ Reviewed by သစ်ထူးလွင် on 21:14 Rating: 5
Powered by Blogger.