ရခိုင်မြောက်ပိုင်းက မူဆလင်တချို့ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးနေဆဲ

ဘင်္ဂလားဒေ့ရှ်ဘက်ကို ရေလမ်းကနေ လှေတွေနဲ့ ထွက်ပြေး တိမ်းရှောင်လာနေတဲ့ မူဆလင်ဒုက္ခသည်များ။
ဗုဒ္ဓဟူး နေ့ကစပြီး မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထပ်ပြီး ထွက်ပြေးကြတဲ့ ရိုဟင်ဂျာမူစလင် တရာကျော်နေပြီ ဖြစ်တဲ့အတွက် ၂ နိုင်ငံ အစိုးရတွေရဲ့ ဒုက္ခသည်တွေ ပြန်ပို့ရေးအစီအစဉ်တွေ အဆင်ပြေပါ့မလားလို့ စိုးရိမ်မှုတွေ တိုးလာနေပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစိုးရ တို့က ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဒုက္ခသည်တွေ ပြန်ပို့ရေး စတင်လုပ်ဆောင်ဖို့နဲ့ အားလုံးကို ၂ နှစ်အတွင်း ပြန်ပို့ဖို့ သဘောတူညီမှု ရထားတာပါ။

ဒါပေမယ့် ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ဒုက္ခသည် ၅၃ ယောက် လိုက်ပါလာတဲ့ လှေဟာ နတ်မြစ်ကို ဖြတ်ပြီးဘင်္ဂလားဒေ့ရှ် ဘက် ရောက်လာတဲ့ အပြင် ဘင်္ဂလား ပင်လယ်အော် ဘက်ကနေ လှေနဲ့ ထပ်ပြီးဝင်ရောက်လာသူက ၆၀ လောက် ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး အရာရှိတွေနဲ့ Cox's Bazar နားမှာ ရှိတဲ့ Kutupalong ဒုက္ခသည် စခန်းက ကယ်ဆယ်ကူညီရေး အဖွဲ့တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တားစ် သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် Teknaf ကို လှေနဲ့ နတ်မြစ်ကနေ ကူးဖြတ်ဖို့ စောင့်နေသူကလည်း ဆယ်ဂဏန်းလောက် ရှိနေပြီး သူတို့ကတော့ လှေခ ကျပ် ၃ - ၄ သောင်း မပေးနိုင်လို့ သောင်တင်နေတယ်လို့ ဆိုပါတယ်။ အခုနောက်ဆုံး လာရောက်သူတွေဟာ ဘူးသီးတောင်က စိန်ရင်ပြင် ကျေးရွာကဖြစ်ပြီး သူတို့ အလုပ်သွားရင် စစ်တပ်က လာဖမ်းမှာ စိုးလို့ ထွက်ပြေးလာတာ လို့ ဆိုပါတယ်။

အဲဒီဒေသမှာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှု မရှိပေမယ့် ရခိုင်မြောက်ပိုင်း ဒေသလုံခြုံရေးအတွက် တပ်တွေ ချထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူ တဦးရဲ့ ပြောကြားချက်ကိုလည်း ဖေါ်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိ တဦးကတော့ လာမယ့် အင်္ဂါနေ့ ဒုက္ခသည်တွေ စပြီး ပြန်ပို့ဖို့ စီစဉ်ထားပေမယ့် ပြန်မယ့်သူတွေဟာ စိတ်ချရမှ သူ့ဆန္ဒအလျှောက် ပြန်ရမှာ ဖြစ်တဲ့အတွက် ဒီအစီအစဉ်ဟာ ဖြစ်နိုင်ချေ သိပ်မရှိဘူးလို့ ပြောကြားကြောင်း လည်း ဖေါ်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

Syria နဲ့ ရခိုင် အရေး ကုလ စားနပ်ရိက္ခာအဖွဲ့ အကူအညီ

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း ရိက္ခာဝေနေစဉ်။
စစ်ဒဏ်သင့် ဆီးရီးယားနိုင်ငံမှာ ဆိုးရွားတဲ့ ငတ်မွတ်ခေါင်းပါးမှုကို လူအများအပြား ခံစားနေရချိန်မှာပဲ စားနပ်ရိက္ခာ ပြတ်လပ်မယ့်အရေး ရင်ဆိုင်ရတဲ့လူအရေအတွက် ပိုများလာနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကပြောလိုက်ပါတယ်။ တဘက်မှာတော့ မြန်မာနိုင်ငံက ထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ဒုက္ခသည်တွေ အကူအညီပိုပြီးရနိုင်အောင်လို့ WFP က ကူညီလုပ်ဆောင်ပေးနေပါတယ်။ ဗွီအိုအေသတင်းထောက် Lisa Schlein ရဲ့သတင်းလွှာနဲ့ AP သတင်းဆောင်းပါးတို့ကို အခြေခံပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ဆီးရီးယားနိုင်ငံမှာ နှစ်ပေါင်းများစွာဖြစ်နေတဲ့ ပြည်တွင်းစစ်ကြောင့် ငတ်မွတ်ခေါင်းပါးမှုနဲ့ ဘေးဒုက္ခကြုံနေရတဲ့ လူအရေ အတွက် ပိုပိုပြီးများလာနေတယ်လို့ WFP က သတိပေးလိုက်တာပါ။ အ၀ိုင်းခံထားရတဲ့ဒေသတွေနဲ့ သွားလာရခက်ခဲတဲ့ဒေသတွေ က လူသန်းပေါင်းများစွာအတွက် WFP က အခက်အခဲမျိုးစုံကြားမှာပဲ စားနပ်ရိက္ခာတွေ ဆက်ပို့ပေးနေပေမဲ့ မလုံလောက်ဘူးလို့ WFP ပြောခွင့်ရအမျိုးသမီး Bettina Luescher ကပြောပါတယ်။

“သိတဲ့အတိုင်းပါပဲ၊ ဆီးရီးယားမှာ ကျမတို့ လုပ်ငန်းအကြီးကြီး လုပ်နေတာပါ။ ဒီဇင်ဘာလတုန်းက လူပေါင်း ၃.၁ သန်းကို ကူညီခဲ့ပါတယ်။ ဒါပေမဲ့ လူပေါင်း ၆.၅ သန်းဟာ စားရေရိက္ခာမလုံလောက်ကြပါဘူး။ လူပေါင်း ၄ သန်းက စားရေရိက္ခာ လုံလောက်မှုမရှိမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒါဟာ လွန်ခဲ့တဲ့တနှစ်ကနဲ့ဆိုရင် နှစ်ဆကျော်တိုးလာတာပါ။”

သူ့အဆိုအားဖြင့် ဒီဆိုးရွားလွန်းလှတဲ့စစ်ပွဲကို အဆုံးမသတ်သရွေ့တော့ ဒီလိုအခြေအနေ ဆက်ဖြစ်နေမှာပဲလို့ Luescher ကပြော ပါတယ်။ နိုင်ငံမြောက်ပိုင်း Idlib ပြည်နယ်ထဲမှာ ရှိပြီး ဒမတ်စ်ကပ်စ်မြို့တော် ဆင်ခြေဖုံးအရပ်တခုဖြစ်တဲ့ အဝိုင်းခံထားရတဲ့ အရှေ့ ပိုင်း Ghouta မြို့ မှာ တိုက်ပွဲတွေ ပိုများလာနေတဲ့အပေါ် WFP က စိုးရိမ်တဲ့အကြောင်း သူကပြောပါတယ်။

WFP အဖွဲ့ဟာ ဆီးရီးယားမှာ အကူအညီပေးနေတဲ့ တပြိုင်ထဲမှာပဲ ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီ ပေးတာမှာလည်း ပါဝင်လုပ်ဆောင်နေတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ပြန့်ကျဲနေတဲ့ နယ်စပ်ဒေသတွေမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၉,၀၀၀ ကျော်ကို အကူအညီနဲ့ အခြေခံဝန်ဆောင်မှုတွေ အလွယ်တကူပေးနိုင်ဖို့အတွက် လူသားစာနာမှုအကူအညီပေး အဖွဲ့တွေက ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။

ဒုက္ခသည်အများအပြားကို Balukhali စခန်းကို ဘတ်စ်ကားတွေနဲ့ ရွှေ့ပြောင်းလိုက်ပြီး WFP နဲ့ တခြားအဖွဲ့တွေက ကျန်းမာရေးစစ် ဆေးပေး၊ အစားအစာကျွေး၊ အကာအကွယ်ပေးပြီး စွမ်းအားမြင့်ဘီစကစ်မုန့်တွေလည်း ပေးခဲ့ပါတယ်။

သူတို့အတွက် မိသားစုလိုက်နေရာချပေးထားတဲ့ နေရာတွေဆီ ဒုက္ခသည်တွေကို ပြောင်းမပေးခင် အရေးပေါ် ကူညီကယ်ဆယ် ရေးပစ္စည်းတွေနဲ့ နေရာထိုင်ခင်းအတွက် ပစ္စည်းတွေ WFP က ပေးပါတယ်။

WFP သတင်းပြန်ကြားရေးအရာရှိ Frances Kennedy က -

“လက်ရှိအချိန်မှာ ဒုက္ခသည်စခန်းတွေ၊ အခြေစိုက်စခန်းတွေ ဒါမှမဟုတ် Cox’s Bazar ဒေသအနီးအနားမှာ ရှိနေကြသူတွေ စသည်အားဖြင့် လူပေါင်း ၇၀၀,၀၀၀ လောက်ကို WFP က စားနပ်ရိက္ခာအကူအညီ ပေးနေပါတယ်။ အရင်တုန်းက လူအရေ အတွက်နည်းနည်းနဲ့ လုပ်ထားဖူးတဲ့ e-ဗောက်ချစနစ်ထဲ လူတွေကို တဖြည်းဖြည်းချင်း ပြောင်းထည့်နေပါတယ်။ ဆိုတော့ စထားပြီး ဖြစ်တာကြောင့် နယ်စပ်ကိုဖြတ်ဝင်လာတဲ့ လူတွေအားလုံးကို နောက်ဆုံးမှာ အဲဒီစနစ်ထဲ ထည့်လိုက်မှာဖြစ်ပါတယ်။”

ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေကို နှစ်နှစ်အတွင်း မြန်မာနိုင်ငံကိုပြန်ပို့ရေး နှစ်နိုင်ငံ အကြား ဒီသီတင်းပတ်အစောပိုင်းက သဘောတူထားပါတယ်။

ဒုက္ခသည်တွေပြန်ပို့မယ့်အစီအစဉ်ကို နောက်သီတင်းပတ် အင်္ဂါနေ့မှာ စတင်ဖို့ မြန်မာတာဝန်ရှိသူတွေ စီစဉ်ထားပါတယ်။

နေအိမ်ပေါင်း ၆၂၅ လုံးမှာ လူပေါင်း ၃၀,၀၀၀ လောက်ကို နေရာချထားပေးနိုင်မယ့် စခန်းတခုကို တည်ဆောက်နေတယ်လို့ နိုင်ငံ ပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။ ဒီလကုန်မှာ အဆောက်အဦး အလုံး ၁၀၀ ထက်မနည်း ဆောက်ပြီးမယ်လို့လဲ ဆိုပါတယ်။

ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ထဲမှာ အခုစခန်းဟာ ပထမဆုံးဆောက်တဲ့စခန်းပဲ ဖြစ်ပါတယ်ခင်ဗျား။

ကျော်ကျော်သိန်း  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
 

တိုက်ချင်းပစ် ဒုံးပျံတစ်စင်း အိန္ဒိယ စမ်းသပ်ပစ်လွှတ်


အိန္ဒိယနိုင်ငံဟာ နျူးကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ တိုက်ချင်းပစ် ဒုံးပျံတစ်စင်း မနေ့က စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။

အက်ဂနိ ၅ လို့ အမည်ပေးထားတဲ့ အဲဒီဒုံးပျံကို အိန္ဒိယ အနောက်ပိုင်း သြဒိသပြည်နယ်၊ ကျွန်းတစ်ကျွန်းပေါ်ကနေ ကြာသပတေးနေ့ မနက်ပိုင်းက စမ်းသပ်ပစ်လွှတ်ခဲ့တာပါ။

စမ်းသပ်မှုအောင်မြင်တယ်လို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အိန္ဒိယနဲ့ တရုတ်ကြား နှစ် ၃၀ ကြာ ပြဿနာဖြစ်နေတဲ့ ဟိမ၀န္တာ တောင်တန်းဒေသက နယ်မြေအငြင်းပွားမှုအပြီးမှာ အခုလို အိန္ဒိယက တိုက်ချင်းပစ်ဒုံးပျံ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

မီး လို့ အဓိပ္ပါယ်ရတဲ့ အက်ဂနိ ၅ ဒုံးပျံ ဟာ ၅၅ ပေ လောက်ရှည်ပြီး၊ အိန္ဒိယ ပြည်တွင်းဖြစ် ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

(၁၈)ဘီး ကွန်တိန်နာယာဉ် သစ်ပင်နှင့်တိုက်မိ (၂)ဦးသေဆုံး


၁၉.၁.၂၀၁၈ ရက်နေ့၊ ၀၀း၁၀ အချိန်ခန့်တွင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၇) ရပ်ကွက်၊ ရတနာလမ်း၊ ဗေလုဝကွေ့တွင် ဒဂုံဆိပ်ကမ်းဘက်မှ သာကေတဘက်သို့ ရတနာလမ်းအတိုင်းမောင်းနှင်လာသော FUSO အမျိုးအစား (၁၈)ဘီး ကွန်တိန်နာယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားပြီး အနီးရှိသစ်ပင်နှင့်တိုက်မိခြင်းကြောင့် ယာဉ်ပေါ်ပါသူ (၈)ဦးအနက် (၂)ဦး သေဆုံးသွားကြေင်း သိရပါသည်။

သစ်ပင်နှင့်တိုက်မိကာ ကားဦးခေါင်းပိုင်းညှပ်မိပြီး ကားအတွင်းပါရှိသူ (၈)ဦးအနက် ယာဉ်မောင်းအပါ(၃)ဦး လွတ်မြောက်သွားပြီး ကျန်(၅)ဦး ကားခေါင်းအတွင်း ညှပ်မိနေကြောင်း သိရသည်။


အဆိုပါ ကားခေါင်းအတွင်း ညှပ်မိနေသူများအား ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တာမွေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ လူနာတင်ယာဉ် (၁)စီး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ ရွှေသန်လျင်လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ် (၁)စီး၊ ဇေယျသုခလူမှုကူညီရေးအသင်း လူနာတင်ယာဉ် (၁)စီး၊ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ် (၁)စီး၊ အုပ်ချုပ်မှုယာဉ် (၃)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

ညှပ်မိနေသူ (၅)ဦးအနက် သေဆုံးသူ ကျား(၂)ဦးအား သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်ထိခိုက်ဒဏ်ရာရရှိသူ ကျား(၃)ဦး(မစိုးရိမ်ရ)တို့အား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
 

တရုတ် ထိပ်တန်း ဆောက်လုပ်ရေးကုမ္ပဏီ နာမည်ပျက်စာရင်းသွင်းခံရ


တရုတ်အစိုးရကျောထောက်နောက်ခံ ရထားတဲ့ CHEC- China Harbour Engineering ဆောက်လုပ်ရေးထိပ်တန်းကုမ္ပဏီဟာ အထက်တန်းအစိုးရတာဝန်ရှိသူတဦးကို လာဘ်ပေးတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ကုမ္ပဏီကို နာမည်ပျက်စာရင်းသွင်းပြီး လုပ်ငန်းပါရပ်ဆိုင်းလိုက်ပါတယ်။

ဒက္ကားမြို့တော်ကနေ နိုင်ငံအရှေ့မြောက်ပိုင်းက Sylhet မြို့ကိုဆက်သွယ်တဲ့ အဝေးပြေးလမ်းမ တိုးချဲ့ဖို့ တရုတ်ကုမ္ပဏီဟာ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ စေ့စပ်ဆွေးနွေးပါတယ်။

ဒါပေမဲ့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ထိပ်တန်းတာဝန်ရှိသူတဦးကို အမေရိကန်ဒေါ်လာ ၆ သောင်းပေးဖို့ ကုမ္ပဏီက ကမ်းလှမ်းပြီးတဲ့နောက် ဒီ CHEC နဲ့ ဆက်မလုပ်ကိုင်တော့ဘဲ တရုတ်ကုမ္ပဏီကိုလည်း နာမည်ပျက်စာရင်းသွင်းလိုက်ပြီလို့ ဘဏ္ဍာရေးဝန်ကြီးက အတည်ပြု ပြော ကြားပါတယ်။

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးကတော့ နာမည်ပျက် စာရင်းသွင်းပြီး လုပ်ငန်း ရပ်ဆိုင်းလိုက်တာကိုပြောပေမဲ့ ကုမ္ပဏီနာမည်ကိုရော ဘာစီမံချက်လုပ်နေတယ်ဆိုတာကိုပါ မပြောပါဘူး။

RFA Burmese
https://www.facebook.com/rfaburmese

တရုတ်ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဘယ်သူ့အတွက်လဲ

တရုတ်သမ္မတ Xi Jinping
တရုတ်နိုင်ငံမှာ ၁၄နှစ် နီးပါးအတွင်း ပထမဆုံးအကြိမ် နိုင်ငံ့ဖွဲ့စည်းပုံပြင်ဆင်ဖို့ရှိနေပါတယ် ဒါဟာ သမ္မတ Xi Jinping အာဏာပိုမိုခိုင်မာရေးအတွက်သာဖြစ်တယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ အမျိုးသားကြီးကြပ်ကွပ်ကဲရေးကော်မရှင် တရပ်ကို အသစ်ဖွဲ့စည်းပြီး Xi Jinping သမ္မတရာထူးကို တတိယသက်တမ်းအထိ ထမ်းဆောင်ဖို့တောင် လမ်းပွင့်သွားနိုင်တယ်လို့ မြင်နေကြပါတယ်။ ဗွီအိုအေသတင်းထောက် Bill Ide ဘေဂျင်းမြို့တော်က သတင်းပေးပို့ထားတဲ့ သတင်းလွှာကိုတော့ ဦးကျော်ဇံသာက တင်ပြထားပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင်တချို့ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံနေကြပါတယ်။ ဘာတွေဆွေးနွေးမယ်ဆိုတာ အတိအကျမသိရသေးပေမဲ့ ဒီကနေ့ပြီးဆုံးမယ့် နှစ်ရက်တာ ဆွေးနွေးမှုမှာ တရုတ်ခေါင်းဆောင် Xi Jinping ရဲ့ အာဏာပိုမိုခိုင်မြဲအောင် တည်ဆောက်ရေးကိစ္စဖြစ်တယ်လို့ ဆိုကြပါတယ်။ တရုတ်ပြည်ရဲ့ဖွဲ့စည်းပုံကို နောက်ဆုံးပြင်ဆင်ခဲ့တာ ၂၀၀၄ ခုနှစ်ကဖြစ်ပြီး အခုတကြိမ်မှာလည်း အဲ့ဒီ့တုန်းကလိုပဲ လက်ရှိခေါင်းဆောင်ရဲ့သဘောတရားတွေကို အတိအကျပုံဖော်ဖို့ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကြောင့် တရုတ်ပြည်သူတွေ အကျိုးရှိမယ် မရှိဘူးဆိုတာတော့ မသေချာပါဘူး။ ဒီလုပ်ရပ်ကို မဝေဖန်ရဲတဲ့ ပညာတတ်တချို့လည်း တွေ့ရပါရဲ့။ နိုင်ငံပိုင်သတင်းစာတွေကလည်း ရှင်းရှင်းလင်းလင်း မရေးကြပါဘူး။

ဒါဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ပိုမိုအာဏာကြီးမားတဲ့ ဌာနတခု National Supervision Commission ဆိုတာကို ဖွဲ့စည်းရေးအတွက် ဆွေးနွေးနေကြတယ်ဆိုတာ အချက်ပြနေတာပဲ လို့ သုံးသပ်ကြပါတယ်။ အငြင်းပွားဖွယ် National Supervision Law အမျိုးသားကြီးကြပ်ကွပ်ကဲရေးဥပဒေတရပ်လည်း ပေါ်ပေါက်လာနိုင်တယ်လို့ ဟောင်ကောင် အခြေစိုက် နိုင်ငံရေးသုံးသပ်သူ Willy Lam က ဆိုပါတယ်။

"ဒါဟာ တတိုင်းတပြည်လုံးနဲ့ ဆိုင်တဲ့ အဆောက်အဦးသစ်တရပ်ပါ။ ဒါကြောင့် ဒီလိုအရေးကြီးတဲ့ အမျိုးသားကြီးကြပ်ရေးကော်မရှင်ဖွဲ့စည်းရေး စဉ်းစားချက်ကို ဖွဲ့စည်းပုံဥပဒေမှာ ထည့်သွင်းသွားမှာဖြစ်ပါတယ်။"

တကယ်တော့ အခုရေးဆွဲမယ့် အမျိုးသားကြီးကြပ်ရေးဥပဒေနဲ့ အမျိုးသားကြီးကြပ်ရေးကော်မရှင် ဆိုတာတွေဟာ checks and balances အထိန်းအကွပ်လုံးဝ မရှိတဲ့ ဥပဒေကြောင်းအရ အငြင်းပွားဖွယ် ကိစ္စတွေဖြစ်နေပါတယ်။

Xi Jinping ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ရပ်ကြောင့် အခုအခါ အရာရှိပေါင်း တစ်သန်းခွဲ အစစ်အဆေးခံနေရပြီး ဒီလာမယ့် အမျိုးသားကော်မရှင် ဖွဲ့စည်းပြီးသွားပြီ ဆိုရင် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေအပါအဝင် အစိုးရအဆင့်တိုင်းကို စုံစမ်း စစ်ဆေးလာနိုင်တော့မှာဖြစ်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၁၉ကြိမ်မြောက် ပါတီကွန်ကရက်တုန်းက Xi Jinpingရဲ့ နာမည်နဲ့ အတွေးအခေါ်တွေကို ပါတီရဲ့ဖွဲ့စည်းပုံမှာ ထည့်သွင်းခဲ့ပြီး ဒါဟာ မော်စီတုန်းတို့ တိန့်ရှောင်ဖိန်တို့နဲ့ သူ့ကို တန်းတူထားလိုက်တဲ့သဘောဖြစ်သွားပါတယ်။

ပီကင်းတက္ကသိုလ်တွဲဖက်ပါမောက္ခ Gan Chaoying က ဒီကိစ္စကို အခုလိုသုံးသပ်ပါတယ်။

" ၁၉ကြိမ်မြောက် ပါတီကွန်ကရက်က ချမှတ်ချက်တွေအပြင် ဖွဲ့စည်းပုံထဲမှာလည်း လက်တွေ့မဖြစ်နိုင်တဲ့ ကိစ္စတချို့ရှိနေပါတယ်။ ဒါတွေကို ပြောင်းလဲပစ်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ "

ဒါ့အပြင် သမ္မတနဲ့ ဒုတိယသမ္မတတို့ဟာ သက်တမ်းနှစ်ခုထက်ပိုပြီး တာဝန် မထမ်းဆောင်ရဘူးဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၉ကို ဒီတခါပြင်လိမ့်မယ်လို့လည်း ခန့်မှန်းချက်တွေ ရှိနေပါတယ်။

ဟောင်ကောင်သိပံ္ပနဲ့ နည်းပညာတက္ကသိုလ် နိုင်ငံရေးသိပ္ပံပါမောက္ခ David Zweig ကတော့ Xi Jinping ဟာ ဒီလောက်အထိ လုပ်နိုင်ပါ့မလား ဆိုတာကို မေးခွန်းထုတ်ပါတယ်။

" လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို တတိယသက်တမ်းအတွက် လမ်းဖွင့်မပေးခင် သူဟာ ဘယ်လိုစွမ်းဆောင်နိုင်တယ်ဆိုတာကို ကဏ္ဍတော်တော်များများမှာ ပြသဖို့ လိုအပ်လိမ့်မယ်လို့ထင်ပါတယ်။ "

သို့သော်လည်းပဲ Willy Lam ကတော့ Xi Jinping ဟာ အာဏာတော်တော်များများကို ချုပ်ကိုင်ထားပြီးဖြစ်နေတဲ့အတွက် ဒီသက်တမ်းတိုးမယ့် ပြင်ဆင်မှုကိုလည်းပဲ တပါတည်းလုပ်သွားနိုင်တယ်လို့ဆိုပါတယ်။

"Xi Jinping ဟာ အင်မတန်အာဏာမက်ပြီး အတ္တကြီးတဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ဒြါေ ကာင့်မို့လို့ ဖွဲ့စည်းပုံကို ထပ်ခါတလဲလဲ ပြန်ပြင်ဖို့ဆိုတာ လုပ်ရိုးလုပ်စဉ်မဟုတ်တဲ့အတွက် အခုတကြိမ်ပြင်ဆင်တုန်း ဒါကိုတပါတည်း လုပ်သွားနိုင်ပါတယ်။"

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အခုဆွေးနွေးပွဲက အဆိုပြုလာမယ့် ဘယ်အဆိုပြုချက် ကိုပဲဖြစ်ဖြစ် အဖွဲ့ ၂၀၀ပါတဲ့ အင်အားကြီးမားတဲ့ ဗဟိုကော်မတီက ထောက်ခံရမှာဖြစ်ပြီး National People’s Congress (NPC)လို့ခေါ်တဲ့ အမျိုးသားပြည်သူ့ကွန်ကရက်မှာလည်းပဲ သုံးပုံနှစ်ပုံရဲ့ ထောက်ခံမဲ ရရှိဖို့ လိုအပ်ကြောင်းပါခင်ဗျာ။

 ဦးကျော်ဇံသာ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

ကန်အစိုးရ ယန္တရား ရပ်ဆိုင်းဖွယ်ရှိ

အမေရိကန်ကွက်ကရက်လွှတ်တော်
သောကြာနေ့ ညသန်းခေါင်ယံနောက်ပိုင်း အစိုးရယန္တရားတွေ ရပ်ဆိုင်းမသွားရလေအောင် ကြိုးစားတဲ့ အနေနဲ့ အောက်လွှတ်တော် ရီပတ်ဘလစ်ကင် အမတ်တွေက ယာယီအသုံးစားရိတ်ဆိုင်ရာ မဲခွဲမှုတွေ လုပ်ဖို့ စီစဉ်ထားပါတယ်။

အမေရိကန် သမ္မတ Donald Trump ကတော့ ၂၀၁၃ ကနေစပြီး အခုတခါ ပထမဆုံး အစိုးရယန္တရားတွေ တစိတ်တပိုင်း ရပ်ဆိုင်းတာမျိုး ဖြစ်လာနိုင်တယ်လို့ ကြာသပတေး မှာ ပြောကြားလိုက်ပါတယ်။

အောက်လွှတ်တော် အမတ်တွေရဲ့ မဲခွဲမှု အလုပ်ဖြစ်ပါ့မလား ဆိုပြီး သံသယ ရှိကြောင်း သမ္မတ Trump က တွစ်တာမှာ ရေးပါတယ်။ ဒါဟာ အစီအစဉ်တစိတ်တပိုင်းကို သူမကြိုက်ကြောင်း ပြသခဲ့တာ ဖြစ်ပေမယ့် သမ္မတအိမ်ဖြူကရော အောက်လွှတ်တော် အများစု အမတ် Paul Ryan တို့ကပါ ရေတိုအသုံးစားရိတ်ဆိုင်ရာ လုပ်ဆောင်မှုတွေကို သမ္မတက ထောက်ခံကြောင်း နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

သမ္မတ Trump ကတော့ အစိုးရအသုံးစားရိတ် ဆက်ထားရေး မဲခွဲဖို့ လုပ်မလုပ် အတိုက်အခံ ဒီမိုကရက်တစ် ပါတီဝင်တွေ ပေါ်မှာပဲ မူတည်တယ်လို့ ပြောပါတယ်။

သမ္မတ အိမ်ဖြူနဲ့ လွှတ်တော်အမတ်တွေကြား တလတာ ယာယီအသုံးစားရိတ် ဒါမှမဟုတ် ၂၀၁၈ ဘဏ္ဍာရေးနှစ် အသုံးစားရိတ် ဆိုင်ရာသဘောတူညီချက်တွေက ခုထိ မရသေးပါဘူး

လွှတ်တော် ၂ ရပ် စလုံးမှာ ရီပတ်ဘလစ်ကင်တွေက ထိမ်းချုပ်ထားပေမယ့် အထက်လွှတ်တော်က ရီပတ်ဘလစ်ကင် ခေါင်းဆောင်တွေ ကတော့ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့အထိ တလတာ ဆက်ပြီး အစိုးရ ယန္တရား လည်ပတ်ဖို့ လုပ်နိုင်အောင် ကြိုးစား ရုန်းကန်နေရဆဲပါ။ သူတို့ ရီပတ်ဘလစ်ကင်ပါတီထဲမှာ ကွန်ဆာဗေးတစ်ဖြစ်တဲ့ ရှေးရိုးသမားတွေရဲ့ ကန့်ကွက်မှုကို ရင်ဆိုင်နေရတာ ဖြစ်ပြီး သူတို့က ကာကွယ်ရေး အတွက် အသုံးစားရိတ်ပိုချစေချင်တာဖြစ်ပါတယ်။ တချို့ အမတ်တွေကလည်း ယာယီ ငွေချပေးမယ့် အစီစဉ်ကို ထောက်ခံဖို့ တွန့်နေကြတာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ် အမတ်တွေ ဦးစားပေးနေတဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးအာမခံ အစီအစဉ် နောက်ထပ် ၆ နှစ် အထိ သက်တမ်း ဆက်တိုးဖို့ ထည့်သွင်းထားတာကို ကန့်ကွက်ကြောင်း သမ္မတက တွစ်တာမှာရေးပါတယ်။ ကလေးငယ်တွေရဲ့ ကျန်းမာရေး အာမခံဟာ ရေတို အဖြေရှာဖို့ ထည့်သွင်းတာထက် ရေရှည်အဖြေရှာရေးမှာ ထည့်သွင်းဖို့ လုပ်သင့်တယ်လို့ ဆိုပါတယ်။

ရီပတ်ဘလစ်ကင် ခေါင်းဆောင်တွေကတော့ သူတို့ရဲ့ ရီပါတ်ဘလစ်ကင်အမတ်တွေ ဆီက မဲဆုံးနိုင်ချေရှိနေတဲ့ အာမခံအပါအဝင် အသုံးစားရိတ် ဆိုင်ရာ တင်ပြချက်ကို ဒီမိုကရက်ပါတီဝင် တချို့က လက်ခံမယ်လို့မျှော်လင့်နေကြတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

မိုးကုတ်တွင် ဆေးကြောင်ပြီး အိမ်မီးရှို့သူကို အရေးယူ


ဇန်နဝါရီ ၁၈ ။

မန္တလေးတိုင်း မိုးကုတ်မြို့နယ် ရေပူကျေးရွာ အုပ်စု အုန်းကိုင်းရွာသစ်ရပ် ဘုန်းကြီးကျောင်းအနီးတွင် ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လည် ၁၁ နာရီကျော်က မူးယစ်ဆေးဝါး သုံးစွဲထားသူတစ်ဦးမှ ဆေးကြောင်ပြီး နေအိမ်မီးရှို့မှုကို ဖမ်းဆီးအရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည် ။

မီးရှို့သူ အောင်စိုးသည် နေအိမ်အပေါ်ထပ်တွင် အဝတ်အထည်များကို မီးရှို့ရာမှ နေအိမ်ထရံများ မီးလောင်ခဲ့ရာ မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်ခဲ့ ရပြီး နောက် နေအိမ်အောက်ထပ်သို့ဆင်း၍ ထပ်မံ မီးရှို့ မည်ဟု ပြောသဖြင့် ရပ်ကွက်နေဒေသခံများက ဝိုင်းဝန်းဖမ်းစီးရာ အောင်စိုးက အရိုးအသွား (၁၃) လက်မရှိ ဓါးဦးချွန်ဖြင့် ရန်ပြုခဲ့သည့်အတွက် လုံးထွေး ဖမ်းဆီးခဲ့ရကြောင်း သိရသည် ။

`မိုးကုတ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူများလာတယ်၊ မူးယစ်ဆေးဝါးတွေလည်း ခဏခဏ ဖမ်းမိတယ်၊ အဓိက ပန်းရောင်စိတ်ကြွဆေးဝါးတွေ ရှမ်းမြောက်ကနေ တစ်ဆင့်ဝင်နေတယ်' ဟု ဒေသခံတစ်ဦးက ပြောသည် ။


သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့က ၄င်း နေအိမ်အတွင်း ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများနှင့် ဓါး ၊ လှံတို့ကို သိမ်းဆည်းရမိခဲ့သည် ။

ကျူးလွန်သူ အောင်စိုးအား မိုးကုတ်မြို့မ ရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၃၆ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တားဆီးရေး ဥပဒေ မိုးကုတ်မြို့မ ရဲစခန်း တွင် (ပ)၁၃/၂၀၁၈ ၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) ဖြင့် လည်းကောင်း အမှုဖွင့် အရေးယူထားသည် ။

ဓါတ်ပုံ - (facebook)
Mandalay News
https://www.facebook.com/lin.aung.777

ဒိုက်ဦးမြို့ တွင် ယာဉ်တိုက်မှုဖြစ် ညီအစ်ကို ၂ ဦး သေဆုံး

ဒိုက်ဦးမြို့ တွင် ညီကိုနှစ်ယောက် စီးလာသော ဆိုင်ကယ်အား အမည်မသိ ယာဉ်မှဝင်တိုက်၍ ညီကိုနှစ်ဦးသေဆုံးကာ ယာဉ်မှာထွက်ပြေး
ဒိုက်ဦး ဇန်နဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ နယ် ပေါက်တပင်ကျေးရွာထိပ် ရန်ကုန်-မန္တလေးကားလမ်းမတွင်ဇန်နဝါရီလ ၁၈ ရက်နေ့ မနက် ၇ နာရီခန့် က ညီကိုနှစ်ယောက်စီးလာသော ဆိုင်ကယ်အား အမည်မသိ ယာဉ်တစ်စီးမှ ဝင်တိုက်၍ ညီကိုနှစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး အမည်မသိယာဉ်မှာ ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာဒိုက်ဦးမြို့  ပေါက်တပင်ကျေးရွာ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင် အမှတ် ၇၉/၄နှင့်၅ အကြားခန့် တွင်ဆိုင်ကယ်တစ်စီးနှင့် လူနှစ်ယောက်လဲကျနေကြောင်း သတင်းအရ ဒုရဲအုပ်ကျော်မျိုးနိုင်နှင့်အဖွဲ့  သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း ဒိုက်ဦးမှ ပဲခူးသို့  ဇေယျာ (၂၄)နှစ် ရှမ်းစုကျေးရွာ ဒိုက်ဦးမြို့ နေသူ မောင်းနှင်ပြီး ညီဖြစ်သူ ကျော်ထက်အောင် (၁၅)နှစ် အဘတူ လိပ်စာတူ လိုက်ပါ လာသော CZIအမျိုးအစား ၁၂၅ဖြူပြာကြား ရုပ်ဆိုးဆိုင်ကယ် နောက်ပိုင်းအား ယာဉ်ကြောတူ နောက်မှ ယာဉ်အမျိုးအမည်မသိယာဉ်တစ်စီးမှ ဝင်တိုက်မိသဖြင့် ဆိုင်ကယ်မှာ ကားလမ်းယာဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့
ပြီး အကိုဖြစ်သူ ဇေယျာမှာ ဦးခေါင်းပြားဒဏ်ရာ ညီဖြစ်သူကျော်ထက်အောင် မှာ ဝမ်းဗိုက်၊ မေးစေ့၊ ယာနထင်။ နှာခေါင်းပွန်းပဲ့ဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင်သေဆုံးခဲ့ကြသည်။

သို့ပါ၍ လူသေအောင် ယာဉ်မဆင်မခြင် မောင်းနှင်ထွက်ပြေးသူအား ဖောင်တော်သီနယ်မြေရဲစခန်းက အမှုဖွင့်ကာယာဉ်နှင့် ယာဉ်မောင်းအား အမြန်ဆုံး ဖမ်းမိရေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

နေလင်း(ညောင်လေးပင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

ဖွဲ့စည်းပုံဖျက်သိမ်းရေး ဆန္ဒပြမယ့်သူတွေကို ဖမ်းဆီး

ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းကို တွေ့ရစဉ်။ Photo: Aung Thain Kha/RFA
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖျက်သိမ်းရေးအတွက် နေပြည်တော်မှာ မနက်ဖြန် ဆန္ဒပြမယ့်သူတွေထဲက ဦးဆောင်သူတွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ဒဂုံဆိပ်ကမ်းရဲစခန်းက ဒီနေ့ ဖမ်းဆီး လိုက်ပါတယ်။

လက်ရှိမှာ ဒေါ်လေးလေး (ခေါ်) ဒေါ်စန်းစန်းဦးနဲ့ ကိုနောင်နောင် ၂ ဦးကို ဖမ်းဆီးထားပြီး ၆ ဦး ဖမ်းဆီးဖို့ရှိတယ်လို့ စခန်းကပြောကြောင်း ဖမ်းဆီးခံထားရသူ ဒေါ်လေးလေးက ပြောပါတယ်။

"နေပြည်တော်မှာ ၂၀၀၈ အတွက်ကို သွားပြီးဆန္ဒထုတ်ဖော်မယ့် အနေအထားမျိုးမှာ လမ်းထိပ်က ဘုန်းကြီးကျောင်းကွေ့က လက်ဖက်ရည်ဆိုင်မှာ အဲဒီက လာခေါ်သွားတာ၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှူးက တရားလိုလုပ်စွဲတယ်လို့ပြောတယ်၊ ၅၀၅(ခ) နဲ့  ၆ ယောက်ပါ၊ အခုလောလောဆယ် စခန်းမှာ ၂ ယောက်ရှိပါတယ်၊ နောင်နောင်နဲ့ ကျမ ဒေါ်စန်းစန်းဦးပါ"

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးရရှိရေး၊ ဥပဒေနဲ့မညီ အာဏာသုံးပြီး မတရားဖမ်းဆီးနေတာတွေ ရပ်တန့်ဖို့နဲ့ တရားဥပဒေစိုးမိုးရေး၊ တရားရေးမဏ္ဍိုင်ဖြောင့်မတ် မှန်ကန်ရေး စတဲ့အချက် ၄ ချက်ကို တောင်းဆိုဆန္ဒပြမယ့်အဖွဲ့ဟာ ဒီနေ့ညနေ ၃ နာရီမှာ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ စုရပ်လုပ်ပြီး မနက်ဖြန် နေပြည်တော်မှာ ဆန္ဒပြကြမှာဖြစ်ပါတယ်။

ဒေါ်လေးလေးနဲ့ ကိုနောင်နောင်တို့ကို ဒဂုံဆိပ်ကမ်းမြို့နယ် စုရပ်နေရာမှာ ဒီနေ့နေ့လည်ပိုင်းက ဖမ်းဆီးလိုက် တာဖြစ်ပြီး ဘာ့ကြောင့်ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းပြချက် မသိရသေးဘူးလို့ ဒေါ်လေးလေးက ပြောပါတယ်။

သူတို့ ၂ ဦးဟာ မနေ့က ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးမှာ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ရုံးထုတ်ချိန် ဆန္ဒပြရာမှာလည်း ပါဝင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

အဲဒီကိစ္စအပေါ် ဒဂုံဆိပ်ကမ်းရဲစခန်းက တာဝန်ရှိသူတွေကို RFA က မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိသလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ရဲတပ်ဖွဲ့အနေနဲ့ မီဒီယာကိုဖြေဖို့ ၀ိုင်းဝန်တိုက်တွန်းတဲ့အခါ ရဲတပ်ဖွဲ့က လုံခြုံရေး တင်းကျပ်လိုက်ပါတယ်။

လက်ရှိ ဖမ်းဆီးထားသူ ၂ ယောက်ကို ဒီကနေ့ ညနေ ၅ နာရီဝန်းကျင်မှာ အင်းစိန်အကျဉ်းထောင်ကို ပို့လိုက် ပြီဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဆန္ဒပြပွဲ ဦးဆောင်တဲ့ ကယန်းပါတီ ဥက္ကဋ္ဌ တရားစွဲခံရ

 ဇန်နဝါရီလ ၅ ရက်နေ့ကလွိုင်ကော်မှာ လုပ်ခဲ့တဲ့ ကရင်နီစစ်သား ၊ အရပ်သားသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒပြပွဲ
ဇန်နဝါရီလ ၅ ရက်က လွိုင်ကော်မှာ လုပ်ခဲ့တဲ့ ကရင်နီ စစ်သားတွေနဲ့ အရပ်သား တဦးသေဆုံးမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးပါတီ ဥက္ကဋ္ဌ တဦးအပါဝင် စုစုပေါင်း ၃ ဦးကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ အာဏာပိုင်တွေဘက်က တရားစွဲဆိုထားပါတယ်။

ကယန်းအမျိုးသားပါတီက ဥက္ကဋ္ဌ ခွန်းဘီထူး ၊ ကယန်းအမျိုးသား ဦးဆောင် ကော်မတီ အတွင်းရေးမှူး ခွန်းအသန်းနဲ့ ကရင်နီပြည်တောင်သူများ သမဂ္ဂ ဥက္ကဋ္ဌ ခွန်းတူရယ်တို့ ၃ ဦးကို လွိုင်ကော်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ တရားစွဲခံရတဲ့ ကယန်း အမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက ဘီဘီစီကို ပြောပါတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့ဘက်က လာရောက်အကြောင်းကြားခဲ့ပြီး ဇန်နဝါရီလ ၁၉ ရက်မှာ ရုံးထုတ် စစ်ဆေးသွားတော့မှာ ဖြစ်တယ်လို့လည်း ခွန်းဘီထူးက ပြောပါတယ်။

ဒေသခံ တထောင်လောက် ပါဝင်ဆင်နွှဲခဲ့တဲ့ ဆန္ဒပြပွဲဟာ ခွင့်ပြုချက်ရယူခြင်းမရှိပဲ ကျင်းပခဲ့တာဖြစ်ပြီး ဆန္ဒပြသူတွေကို ခွင့်ပြုချက်မဲ့ ဆန္ဒပြတဲ့အတွက် ဖမ်းဆီး အရေးယူသလိုပဲ ကရင်နီစစ်သားတွေနဲ့ အရပ်သား ၁ ဦး သတ်ဖြတ်ခံရမှု ကိုလည်း တရားဥပဒေ ကြောင်းအရ လူထုရှေ့မှာ စစ်ဆေးဖို့ လိုတယ်လို့ ခွန်းဘီထူးက ပြောပါတယ်။

ကရင်နီ စစ်သား ၃ ဦးသေဆုံးတာဟာ စစ်ရေးကိစ္စလို့ အကြောင်းပြရင်တောင် လက်သင့်ခံလို့ရကောင်းရနိုင်မှာ ဖြစ်ပေမယ့် အရပ်သား တဦး သတ်ဖြတ် အလောင်းဖျောက်ခံရတဲ့ ကိစ္စကတော့ လက်သင့်ခံစရာမရှိဘူးလို့ ခွန်းဘီထူးက ပြောပါတယ်။

ဒီဇင်ဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ ကရင်နီ စစ်သား ၃ ဦးနဲ့ အရပ်သား တဦးသေဆုံးမှု အပေါ် ဒေသတွင်း လူငယ်သမဂ္ဂတွေက လူငယ်အချို့ကလည်း ဒီဇင်ဘာလ ၂၂ ရက်က လွိုင်ကော်မြို့မှာ ရှိတဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ရှေ့မှာ သွားရောက် ဆန္ဒပြခဲ့ကြသလို အဲဒီလူငယ် ၅ ဦးဟာ ထောင်ဒဏ် ရက် ၂ဝ ချမှတ် ခံခဲ့ရပါတယ်။
ကရင်နီစစ်သား၊ အရပ်သား သတ်ဖြတ်ခံရမှုအတွက် စစ်တပ်ရှေ့ဆန္ဒပြသူများအား တရားရုံးထုတ်စစ်ဆေးစဉ်က တွေ့ရစဉ်။
လွန်ခဲ့တဲ့ အပတ်ကလည်း ကရင်နီစစ်သားနဲ့ အရပ်သား သတ်ဖြတ်ခံရတာကို ပြည်နယ်လွှတ်တော်က အရေးယူဖို့အတွက် ဆွေးနွေး တိုက်တွန်းမှုတွေ မလုပ်တဲ့အတွက် မတရားမှုကို အားပေးရာ ရောက်တယ် ဆိုပြီး ပြည်နယ်လွှတ်တော်ရဲ့ ကော်မတီတချို့မှာ တာဝန်ထမ်းဆောင်နေတဲ့ လွှတ်တော်ကော်မတီဝင် ၄ ဦး တာဝန်က နုတ်ထွက်ခဲ့ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဒေါက်တာအေးမောင်ကို ပုဒ်မ ၃ ခုဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တရားစွဲထားဟုဆို


နိရဉ္စရာ၊ ဇန်န၀ါရီ ၁၈

ယနေ့ နေအိမ်မှ ဖမ်းဆီးခံထားရသူ ဒေါက်တာအေးမောင်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပုဒ်မ သုံးခုဖြင့် တရားစွဲထားကြောင်း သိရသည်။

၎င်းပုဒ်မများမှာ မတရားအသင်း ဆက်သွယ်မှုနှင့် ဆက်စပ်သည့် ပုဒ်မ ၁၇(၁) (၂)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၁ (ခ) (ဂ) အစရှိသည့် ပုဒ်မများဖြစ်ကြောင်း သိရသည်။

ဦးကျော်ဇော်ဦးအား ဆက်သွယ်မေးမြန်းရာ သူက ပုဒ်မ သုံးခုဖြင့် တရားစွဲဆိုထားသည်ဟု ကြားရသိရကြောင်း၊ ယခု စစ်တွေထောင်သို့ ဒေါက်တာ အေးမောင်ကို ပို့ဆောင်လိုက်သည်ဟု သိရကြောင်း ပြောဆိုသည်။

ဒေါက်တာအေးမောင်အား သူ၏ နေအိမ်မှ ယနေ့ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် ရဲအစောင့်အရှောက်များဖြင့် သူ၏ နေအိမ်မှ ခေါ်ယူသွားခဲ့သည်။

၎င်းနောက် ဒေါက်တာအေးမောင်အား စစ်တွေမြို့မှ ရဲစခန်းသို့ ခေါ်ယူသွားခဲ့ပြီး ၎င်းမှ တစ်ဆင့် တရားရုံး၊ ယင်းမှတစ်ဆင့် စစ်တွေထောင်သို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

ဒေါက်တာအေးမောင်သည် ၂၃၃ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးနေ့ အခမ်းအနားနှင့် ပတ်သက်ပြီး ရသေ့တောင်တွင် ပြုလုပ်သည့် စာပေဟောပြောပွဲတွင် တက်ရောက်ဟောပြောရာ၌ နိုင်ငံတော်ကို အကြည်အညိုပျက်စေမှုနှင့် ရခိုင်လူငယ်စာရေးဆရာ ဝေဟင်အောင်အား ဖမ်းဆီးခံရပြီးနောက် နောက် ၂ ရက်အကြာတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

Narinjara
https://www.facebook.com/Narinjara

မြောက်ဦးတွင် ရဲပစ်ခတ်၍ သေဆုံးသွားသူ ၇ ဦးကို မင်းသာကျွန်းတွင် သဂြိင်္ုလ်


စစ်တွေ၊ ဇန်နဝါရီ ၁၈

မြောက်ဦးမြို့တွင် ရဲပစ်ခတ်၍ သေဆုံးသွားသူ ၇ ဦးအား ယနေ့တွင် မင်းသားကျွန်းသုဿန်တွင် ဂူသွင်းသဂြိုင်္လ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

“ကျနော်တို့မှာက မီးသင်္ဂြိုလ်စက်လည်းရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တစ်စုံ တစ်ခုအရေးပေါ်လာရင် စစ်ဆေးလိုရအောင်ဆိုပြီးတော့ ဂူသွင်းသင်္ဂြိုလ်တာပါ။ ဆွေမျိုး အသိုင်း အဝိုင်း တွေဘက်က ကျေနပ်မှုရှိရှိဖြစ်အောင်လည်း လုပ်ပေးလိုက်ပါတယ်” ဟု မြောက်ဦး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမောင်သန်းက ပြောသည်။


သေဆုံးသူ ၇ ဦး၏ အသုဘကို နံနက် ၁၀ နာရီကတည်းက တစ်ဦးပြီး တစ်ဦး ဂူသွင်းသဂြိင်္ုလ်ရာ နေ့လယ် ၁ နာရီကျော်တွင် ပြီးဆုံးကြောင်း၊ အသုဘချရာသို့ လူပေါင်းသောင်းနှင့်ချီပြီး လာရောက် ဂါရ၀ပြုခဲ့ကြကြောင်း ဒေသခံ တစ်ဦးဖြစ်သူ ကိုမောင်ဝင်းချေက ပြောသည်။

“ကျွန်တော်တို့ အသုဘကို လာတဲ့သူ နည်းအောင် တစ်ပြိုင်တည်း ဂူမသွင်းဘဲ တစ်ယောက်ပြီး တစ်ယောက် ဂူသွင်း အခါမှ လာတဲ့ လူက နည်းနည်းနှောနှော မဟုတ်ဘူး။ သောင်းအထက် သိန်းနဲ့ ချီပြီးရှိမယ်လို့ ထင်ပါတယ်။ ရှစ်သောင်းဘုရားပွဲထက်တောင် လူရောက်ပါတယ်” ဟု ဦးမောင်ဝင်းချေက ပြောသည်။


၎င်းတို့ ၇ ဦးသည် ပိတ်ပင်လိုက်ခြင်းခံရသော ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးနေ့ အခမ်းအနား ပြန်လည် ကျင်းပ ပြုခွင့်ပေးရန် ဇန်န၀ါရီ ၁၆ ရက်နေ့ ညက ခရိုင်ရဲတပ်ဖွဲ့ရုံးတွင် တောင်းဆိုဆန္ဒပြရာမှ ရဲမှ သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးရသူများ ဖြစ်ကြသည်။

ယခု သဂြိင်္ုလ်သည့် မင်းသားကျွန်းသုဿန် နေရာသည် မြောက်ဦးမြို့ နာရေးကူညီမှု အသင်းရုံး၏အနောက်ဘက်တွင် တည်ရှိသည်ဟု သိရသည်.

အဆိုပါပစ်ခတ်မှုကြောင့် အမျိုးသား ၇ ဦးသေဆုံးပြီး အမျိုးသား ၁၂ ဦးအထိ ဒဏ်ရာရှိခြင်းဖြစ်ပြီး သေဆုံးသူများမှာ ကိုညီညီကျော်(ခ)ညီပု(၃၁)နှစ် အောင်တပ်ရပ်ကွက်၊ မောင်သန်းမောင်(၁၈)နှစ် မြက်ရိပ်ကျွန်းကျေးရွာအုပ်စု၊ မောင်နိုင်ဆန်းချေ(၂၁)နှစ် မြောက်ဦးမြို့ အောင်တပ်ရပ်ကွက်၊ မောင်ကျော်နိုင်ဝင်း(၂၃)မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်၊ မောင်ကျော်သိန်းစိုး(၂၃)နှစ် မြောက်ဦးမြို့တောင်ရပ်ရပ်ကွက်၊ မောင်မင်းကျော်သန်း(၁၆)နှစ် မြောက်ဦးမြို့၊တောင်ရပ်ရပ်ကွက်နှင့် ဦးအောင်နေလင်း(၃၆)နှစ် မြောက်ဦးမြို့ လော်ကမူရပ်ကွက်တို့ဖြစ်ကြောင်း သိရသည်။

နောင်ခိုင်အောင်
Narinjara
https://www.facebook.com/Narinjara

ခရီးသည်တင်ကားပေါ်တွင် လိုက်ပါလာသူတစ်ဦး ကားပေါ်တွင် သေဆုံးမှုဖြစ်ပွား


နေပြည်တော်ကနေ လိုက်ပါလာတဲ့ ခရီးသည်တစ်ဦး ခရီးသည်တင်ကားပေါ်မှာ သေဆုံးမှုတစ်ခု မိတ္ထီလာကားဝင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကတော့ နေပြည်တော်ဘောဂသီရိကားဝင်းကနေ မိတ္ထီလာမြို့ကိုထွက်ခွာလာတဲ့ "ရွှေပြည်စံ" ကားအသင်းက ခရီးသည်တင်ကားနဲ့ ကျန်းမာရေးမကောင်းလို့ တောင်သာကို သွားရောက်လိုသူ အဲဒီအမျိုးသားကို ပတ်ဝန်းကျင်က လူတွေဆီက ငွေကြေးအလှူခံပြီး တင်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။

 မိတ္ထီလာကားဝင်းအတွင်းကို ကားဆိုက်ရောက်ချိန်မှာအဲဒီလူနာဟာ ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေကြောင်း သိရတာဖြစ်ပြီး အဲဒီသေဆုံးမှုကို ဇန်နဝါရီ(၁၇)ရက် ညနေ(၅)နာရီခန့်က မိတ္ထီလာအမှတ်(၂)နယ်မြေရဲစခန်းက ဖုန်းသတင်းအရ ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ဆက်လက်စုံစမ်းစစ်ဆေး ရာမှာ သေဆုံးသူဟာ တောင်သာမြို့ အမှတ်(၂)ရပ်ကွက်နေသူဖြစ်ကြောင်း သေဆုံးသူမှာ ပါလာတဲ့မှတ်ပုံတင်ကတ်ပြားအရ သိရပါတယ်။

 အဲဒီအမှုကို ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်၊ မဟုတ် စစ်ဆေးနေပြီး မိတ္ထီလာ အမှတ် (၂)နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၈ နဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဘိုဘို(မလှိုင်)က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb

ဒေါက်တာအေးမောင်ကို မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီး

ဒေါက်တာအေးမောင်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့က ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က ဖမ်းဆီးလိုက်ပြီး စစ်တွေအကျဉ်းထောင်ကို ပို့ဆောင်စဉ်/ Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို မတရားအသင်းဆက်သွယ် မှု ပုဒ်မ ၁၇/၁ နဲ့ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့က ဒီနေ့ဖမ်းဆီးလိုက်ပြီး စစ်တွေအကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။

ဒေါက်တာအေးမောင်ဟာ သူရဲ့နေအိမ်ကနေ ဖမ်းဆီးခံရတာဖြစ်ပြီး မြို့နယ်တရားရုံးမှာ အချိန်နှစ်ပတ် ချုပ်နှောင်ခွင့် ယူပြီး စစ်တွေအကျဉ်းထောင်ကို ပို့ဆောင်လိုက်ကြတာဖြစ်တယ်လို့ ဒေါက်တာအေးမောင်နဲ့ အနီးကပ်ရှိနေခဲ့တဲ့ မိတ်ဆွေဖြစ်သူ ဦးအောင်သန်းဝေက ပြောပါတယ်။

ဒေါက်တာအေးမောင်ကို သူ့ရဲ့နေအိမ်ကနေ စစ်တွေမြို့မရဲစခန်းကို အရင်ဆုံးပို့ဆောင်ပြီး အကျဉ်းထောင်အချုပ်ကို ဆက်လက်ပို့ဆောင်လိုက်တာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့တဲ့ ဟောပြောပွဲတစ်ခုမှာ လက်နက်ကိုင် တော်လှန်ရေးကိစ္စတွေကို ထည့်သွင်းဟောပြောခဲ့တာနဲ့ ပတ်သက်ပြီး စာရေးဆရာ ဝေဟင်အောင်ကို ဖမ်းဆီးအရေးယူထားသလို ဒေါက်တာအေးမောင်ကိုလည်း အရေးယူဖို့ အစိုးရက ထုတ်ပြန်ပြောဆိုထားတာပါ။

ဒေါက်တာအေးမောင်ဟာ သူ့အနေနဲ့ ဖမ်းဆီးခံရမယ်ဆိုတာကို ကြိုတင်သိရှိနေခဲ့တာကြောင့် အမှုကိုရင်ဆိုင်ဖို့ အတွက် ဘယ်ကိုမှမသွားဘဲ သူ့ရဲ့နေအိမ်မှာ ရှိနေခဲ့တာဖြစ်တယ်လို့လည်း သူနဲ့အနီးကပ်ရှိနေခဲ့တဲ့ မိတ်ဆွေတွေက ပြောပါတယ်။

ဒေါက်တာအေးမောင်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ အမ်းမဲဆန္ဒနယ်ကနေ အနိုင်ရခဲ့သူဖြစ်ပြီး ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဌဟောင်းလည်း ဖြစ်ပါတယ်။

ပြီခဲ့တဲ့ ဇန်န၀ါရီလ ၁၆ ရက်နေ့ ညပိုင်းကလည်း ဒေါက်တာအေးမောင်ပါဝင် ဟောပြောမယ့် ရခိုင့်အချုပ်အခြာ အာဏာ ကျရှုံးမှု အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနားကျင်းပခွင့်ကို အာဏာပိုင်တွေက ပိတ်ခဲ့ပါတယ်။

အဲဒီပွဲကို ပိတ်လိုက်တဲ့အတွက် ခရိုင်ရဲတပ်ဖွဲ့ရုံးကို ချီတက်ဆန္ဒပြကြတဲ့ ဒေသခံတွေကို ရဲတပ်ဖွဲ့က လူစုခွဲဖို့ ကြိုးပမ်းရာမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ၇ ယောက်သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရသွားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

နိုင်ငံနဲ့ကိုက်ညီတဲ့ ဖွဲ့စည်းပုံပေါ်ထွက်လာဖို့ ကြိုးပမ်းနေကြောင်း ဒုသမ္မတ ပြော

နေပြည်တော်က မင်္ဂလာသီရိဟိုတယ်မှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က ကျင်းပတဲ့ တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆွေးနွေးပွဲမှာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မိန့်ခွန်းပြောကြားစဉ်/ Photo: Myanmar President Office
အနာဂတ်နိုင်ငံနဲ့ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွက်လာစေဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဆောင် ရွက်နေတယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နေပြည်တော်က မင်္ဂလာသီရိဟိုတယ်မှာကျင်းပတဲ့ တိုင်းရင်း သားလူမျိုးများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားတာပါ။

အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရအောင်၊ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်လာအောင်နဲ့ နိုင်ငံနဲ့ သင့်လျော်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ထွက်လာစေဖို့ ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံ ကြိုးစားဆောင်ရွက်နေတယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောတာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နိုင်ငံနဲ့သင့်မြတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်လာစေဖို့ ၀ိုင်းဝန်းဆောင်ရွက်ပေးဖို့ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့ပြီး နှစ်ပတ်အကြာမှာ ဒုတိယသမ္မတက ထပ်ပြောတာပါ။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ ကျင်းပတဲ့ လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မအချို့ကို ပြင်ဆင်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ပေမယ့် အရေးပါတဲ့ ၅၉(စ)၊ ၄၃၆ စတဲ့ပုဒ်မတွေ ပြင်ဆင်နိုင်ခြင်း မရှိခဲ့ပါဘူး။

၂၀၀၈ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအထက်က  သဘောတူမှသာ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွေကတဆင့် ကြိုးပမ်းမယ်ဆိုပြီး ပြောဆိုထားတာတွေလည်း ရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese

မင်းဘူးတွင် ယာဉ်တိုက်မှုဖြစ်ပွားရာက မသင်္ကာဖွယ်ဘင်္ဂါလီများ ဖမ်းမိ


မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့မှာ၊ ဇန်နဝါရီ(၁၈)ရက်က ယာဉ်မတော်တဆမှု ဖြစ်ပွားမှုကနေ မသင်္ကာဖွယ် ဘဂါင်္လီ (၁၁)ဦးကိုဖမ်းဆီးရမိခဲ့ပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီ(၁၈)ရက် မနက်(၄)နာရီခွဲက မင်းဘူးမြို့၊ ဆားပွက်ချောင်းတံတားအနီးမှာ မကွေးမြို့က ထွက်ခွာလာတဲ့ Hyundai အမျိုးအစား အဖြူရောင် အားမာန်သစ် မော်တော်ယာဉ် လိုင်းကားနဲ့ အခြားအိမ်စီးကားတစ်စီးတို့ မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကို ယာဉ်ထိန်းရဲတပ်ဖွဲ့က စစ်ဆေးနေစဉ် ဘင်္ဂါလီ(၁၁)ဦးက ကားမာန်သစ်လိုင်းကားပေါ်က ဆင်းပြေးတာဖြစ်တယ်လို့ သိရပါတယ်။

 ဘင်္ဂါလီ(၁၁)ဦးဟာ ဆားပွက်ချောင်းတံတားအနီး၊ ကိုင်းတောထဲကို ၀င်ရောက်ထွက်ပြေး သွားတာကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ၊ မြို့နယ်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်နေပြည်သူတွေက ၀ိုင်းဝန်းရှာဖွေဖမ်းဆီးရာ မနက်(၈)နာရီ အချိန်မှာ ကိုင်းတောထဲမှာပုန်းခိုနေတဲ့ ဘင်္ဂါလီတွေကို ဖမ်းဆီးရမိတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မင်းဘူးမြို့နယ်ရဲစခန်းက ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ(၁၇)ရက်ကတည်းက မင်းဘူးမြို့ရှိ ယာခင်းတစ်ခုထဲမှာ ဘင်္ဂါလီတွေ ရောက်ရှိပုန်းအောင်းနေတယ်လို့ ရပ်ကွက်တွေထဲမှာ သတင်းပျံ့နှံ့နေတာကြောင့် ပြည်သူတွေလိုက်လံရှာဖွေပေမယ့် မတွေ့ရှိခဲ့ဘဲ အခုယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဖမ်းမိတာဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းကို မျိုးမင်းဦး(မကွေး) ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb

ကလေးမြို့သို့ သွားရောက်မည့် ခရီးသည်တင်မှန်လုံယာဉ် မုံရွာ-ရေဦးလမ်းတွင် လမ်းဘေးသစ်ပင်ဝင်တိုက်


မုံရွာ၊ ဇန်နဝါရီ ၁၈။

ကလေးမြို့သို့သွားရောက်မည့် မုံရွာ-ကလေး လိုင်း အောင်ကမ္ဘာမှန်လုံယာဉ်သည် ဇန်န၀ါရီလ ၁၈ ရက်နေ့  ယနေ့ နံနက် ၁၁နာရီကျော်က မုံရွာ-ရေဦးလမ်း ဒီပဲယင်းမြို့အ၀င် ကြည်ရွာအနီးလမ်းဘေး ကုက္ကိုပင်အားဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။


"သစ်ပင်ဝင်တိုက်မှုကြောင့် ကားမှာ ရှေ့ပိုင်းနှင့်အမိုးများ စုတ်ပြတ်သွားတယ်၊ ယာဉ်မောင်းအပါအ၀င် ခရီးသည် ၆ ဦး ဒီပဲယင်းဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ရကြောင်း ၊ ဒရိုင်ဘာက ချောင်းဆိုးရင်း ချောင်းဆိုးရင် သတိလစ် ပြီး စီယာတိုင်ရမ်းရာကနေ သစ်ပင် ၀င်အောင်းမိတာလို့ သိရပါတယ်၊ အခု စခန်းမှာ အမှုဖွင့်ထားတယ်၊ သူလည်း ဆေးကုသမှုခံနေရတယ်၊ ကျန်တဲ့ခရီးသည်တွေလည်း မစိုးရိမ်ရပါဘူး '' ဟု ဒီပဲယင်းရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

ဒဏ်ရာရသူများမှာ ဘုတလင်မြို့မှ ကလေးမြို့ စိန့်မေရီ အာစရိယပူဇော်ပွဲသွားမည့် အငြိမ်းစားကျောင်းဆရာ ဦးတင့်ဆွေ၊ဦးမြင့်ဆွေ၊ ကျောင်းကပွဲအတွက် မုံရွာတွင်ဈေးဝယ်ပြီးပြန်လာသော မင်းကင်းမြို့နယ်၊သင်းဝရွာ မူလတန်းကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင်၊ တဲကြီးရွာအလယ်တန်းဆရာ ဦးမောင်လွင်၊မင်းကင်းမြို့မှ ၀န်ထမ်း ဒေါ်နန်းကျော့ခိုင်တို့ဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ-နှင်းမောင်
နှင်းမောင် (မုံရွာ)
Central News Myanmar
https://www.facebook.com/CNMyanmar

ထိုင်းနိုင်ငံရှိ အနှိပ်ခန်းတစ်ခုတွင် မြန်မာအပါအ၀င် အမျိုးသမီး ၁၀၀ အဖမ်းခံရမှု ထိုင်းရဲတပ်ဖွဲ့စစ်ဆေး ပြီးမှသာ မြန်မာသံရုံးအကူညီပေးနိုင်မည်


ရန်ကုန်၊ ဇန်န၀ါရီ ၁၈။

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ အနှိပ်ခန်းတစ်ခုတွင် ပြည့်တန်ဆာအဖြစ် အခိုင်းခံရသည့် မြန်မာအပါအ၀င် အမျိုးသမီး ၁၀၀ အဖမ်းခံရမှုနှင့်ပက်သက်၍ ထိုင်းနိုင်ငံမှ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ ယင်းစစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ ဖမ်းဆီးခံရသည့် မြန်မာအမျိုးသမီး များနှင့်ပက်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံရုံးမှ ကူညီပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဇန်န၀ါရီ ၁၂ ရက်ညပိုင်းက ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI နှင့် ဒေသခံများက ဘန်ကောက်ရှိ Victoria Secret Massage အမည်ရှိ အနှိပ်ခန်းတစ်ခုသို့ ၀င်ရောက် စီးနှင်းခဲ့ရာ ပြည်တန်ဆာအဖြစ် အတင်းအဓမ္မခိုင်းစေခံရသည့် မြန်မာအမျိုးသမီးများအပါအ၀င် အယောက်၁၀၀ အဖမ်းခံခဲ့ရကြောင်း သိရသည်။

''ဒီအမှု နဲ့ ပက်သက်ပြီးတော့ ထိုင်းအစိုးရဘက်ကနေ မြန်မာသံရုံးကို အကြောင်းကြားတာ မရှိသေးဘူး၊သက်ဆိုင်ရာရဲစခန်းတွေ ကိုတော့ စုံစမ်းထားတယ်၊လက်ရှိ အခြေအနေကတော့ ထိုင်းဘက်ကပဲ စစ်ဆေးနေတုန်းရှိသေးတယ်၊သူတို့စစ်ဆေးပြီးတော့ မှ မြန်မာအလုပ်သမားတွေကို ဘယ်လိုကူညီ လုပ်ဆောင်ပေးရမယ် ဆိုတာ ကို သံရုံးဘက်က လုပ်ပေးမယ်''ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိ ဦးနိုင်မင်းသူက ပြောသည်။

အဖမ်းဆီးခံရသည့် မြန်မာအမျိုးသမီးများ တွင် သက်မပြည့် သူများလည်း ပါဝင်ကြောင်းနှင့် အများစုမှာ လူကုန်ကူးခံရသူများမဟုတ်ဘဲ အထောက်အထားမပြည့်စုံဘဲ အလုပ်လာရောက်လုပ်နေသူ များကြောင်း သိရသည်။

"အများစုကတော့ လူကုန်ကူးမှု နဲ့ မဆိုင်ဘဲ စာရွက်စာတမ်းမပြည့်စုံတဲ့သူများတယ်လို့ သိရတယ်၊အသက် ၁၈ နှစ်အောက် မိန်းကလေးက ငါးယောက်လောက်တွေ့တယ်၊စာရွက်စာတမ်း မပြည့်စုံတော့ အချို့သူတွေရဲ့ အသက်အတိအကျမသိတာ တွေလည်း ရှိတယ် လို့ သတင်းရတယ်''ဟု ထိုင်းနိုင်ငံအခြေစိုက်ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် (MWRN)ဥက္ကဌဦးစိန်ဌေးက ပြောသည်။

ဟံသာဟိန်း
Central News Myanmar
https://www.facebook.com/CNMyanmar

မသင်္ကာမှုဖြင့် ဖမ်းဆီးခံရသည့် မိုင်းမျိုးအောင်ကို အမှု ၃ မှုဖြင့် စွဲချက်တင်


ဇန်နဝါရီ ၁၇ ရက်၊ မူဆယ်။

မသင်္ကာမှုဖြင့် ဖမ်းဆီးခံထားရသည့် မိုင်းမျိုးအောင်၏ပထမရုံးချိန်းတွင် မူဆယ်ခရိုင် တရားရုံးမှ ဇန်နဝါရီ ၁၇ ရက် ပထမရုံးချိန်းတွင် အမှု ၃ မှုဖြင့် စွဲချက်တင်လိုက်ကြောင်း သိရသည်။

၂ဝ၁၇ ခု ဒီဇင်ဘာ ၂၁ ရက်၌ မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ အပေါင်ဆိုင်(၃)ရှေ့တွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ် ခတ်မှုကြောင့် ပြည်သူ့စစ်တစ်ဦး ဒဏ်ရာရှိရှိပြီး တစ်ဦးသေဆုံးသွားသောအမှုနှင့် ပတ်သက်၍ မိုင်းမျိုးအောင်ကို မသ င်္ကာမှုဖြင့်ဖမ်းဆီးခဲ့ပြီး အမှု ၃ မှုဖြင့် စွဲချက်တင်လိုက်ခြင်းဖြစ်ကြောင်း ၎င်း၏ ရှေ့နေဖြစ်သူက မားနဂါးသတင်းဂျာနယ် သို့ ပြောသည်။

မိုင်းမျိုးအောင်၏ ရှေ့နေဖြစ်သူ ဦးဝင်းမြင့်အောင်က "ဒီနေ့က စွဲချက်တင်လိုက်တာပါ။ ပထမအမှုက ပုဒ်မ ၃ဝ၂၊ ၃ဝ၇၊ ၁၁၄ နဲ့ ခရိုင်ရုံးကို စွဲတင်လိုက်တယ်။ ဒုတိယတစ်မှုက ပို့ကုန်သွင်းကုန် ပုဒ်မ ၈၊ တတိယအမှုက တရားခံပြေးပါတယ် ကျန်တဲ့ နှစ်ဦးကို သီးသန့်စွဲတာပေါ့" ဟု ဇန်နဝါရီ ၁၇ ရက်တွင် ပြောသည်။

"ကျနော်တို့က သူ့ရဲ့ညွှန်ကြားချက်ကို ရယူတာပေါ့။ ဖြစ်စဉ်တွေကို မေးမြန်းခဲ့တာပါ။ သူကတော့ အခင်းဖြစ်တဲ့နေရာ မှာ မရှိဘူး။ အရပ်ဝတ်နဲ့သူတွေက လမ်းမှာ ဖမ်းသွားတာပေါ့။ ဒီနေ့က ခရိုင်ရုံးကို စွဲတင်တာပါ။ တရားလိုက မြင့်ဌေး၊ အမှုစစ်က ဒုရဲမှူး အေးမြင့်ပေါ့။ ပို့ကုန်သွင်းကုန်မှာက တရားလိုနဲ့ အမှုစစ်ကလဲ ဒုရဲမှူးအေးမြင့်ဘဲ" ဟု ၎င်းက ဆက် ပြောသည်။


မိုင်းမျိုးအောင်အား စွဲချက်တင်ထားသည့် အမှုများမှာ ပုဒ်မ (၃ဝ၂) လူသတ်မှု၊ ပုဒ်မ (၃ဝ၇) လူသတ်မှုကို အားပေးကူ ညီမှု၊ ပုဒ်မ (၁၁၄) အားပေးကူညီသူ အမှုခင်းဖြစ်ပွားရာနေရာတွင် ရှိနေခြင်း၊ ပို့ကုန်သွင်းကုန် ပုဒ်မ (၈) လိုင်စင်မဲ့ကား တို့ဖြင့် အမှုစွဲဆိုထားခြင်းဖြစ်သည်။

မိုင်းမျိုးအောင်၏ ပထမရုံးချိန်းသို့ နမ္မတူတအာင်းလူငယ်၊ ကွတ်ခိုင်တအာင်းလူငယ်၊ တအာင်းကျောင်းသားနှင့် လူငယ် များအဖွဲ့(TSYU)၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)တို့မှ သွားရောက်ခဲ့ကြောင်း TWO ကိုယ်စား သွားရောက်ခဲ့ သူ တစ်ဦးက ပြောသည်။

TWO မှ လွေးပို;လဘားက "သူ(မိုင်းမျိုးအောင်)နဲ့ စကားပြောကြည့်တော့ သူက ဒီအမှုမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူး။ အခင်းဖြစ်တာကိုလဲ သူမသိဘူး။ အမှုခင်းဖြစ်တဲ့အချိန်မှာလဲ အဲဒီနေရာမှာ သူရှိမနေဘူးဆိုတာတော့ ပြောပြပါတယ်" ဟု ဆိုသည်။

ဇန်နဝါရီ ၁၇ ရက် ရုံးချိန်းတွင် စွဲချက်တင်ပြီး လာမည့် ဒုတိယအကြိမ် ရုံးချိန်းကို ဇန်နဝါရီ ၃၁ ရက်တွင် ပြန်လည်ချိန်း ဆိုထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂ဝ၁၇ ခု ဒီဇင်ဘာ ၂၁ ရက်၌ မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ အပေါင်ဆိုင်(၃)ရှေ့တွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုကြောင့် ပြည်သူ့စစ်တစ်ဦး ဒဏ်ရာရှိရှိပြီး တစ်ဦးသေဆုံးသွားသောအမှုနှင့် ပတ်သက်၍ မိုင်းမျိုး အောင်ကို မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့ပြီး အခင်းဖြစ်ပွားချိန်တွင် မည်သူမည်ဝါမသိရသော သေနတ်ပစ်တရားခံ (၃)ဦးထဲမှ မိုင်းမျိုးအောင်အား ထင်မြင်ယူဆရသူတစ်ဦးအဖြစ် ဖမ်းဆီးချုပ်နှောင်ထားခြင်းဖြစ်ကြောင်းဟု မူဆယ်ရဲစခန်းမှ စွပ်စွဲ ချက်သည် အမှုအကြောင်းချင်းရာအရ မှားယွင်းနေသည်ဟု မိမိတို့အဖွဲ့မှ ယုံကြည်ပါကြောင်း TSYU နှင့် TWO အဖွဲ့မှ ဇန်နဝါရီလ ၂ ရက် ရက်စွဲဖြင့် ပူးတွဲသဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

မိုင်းမျိုးအောင်သည် မန္တလေးရတနာပုံတက္ကသိုလ်မှ B.A(L.L.B)ဘွဲ့ရရှိပြီး ပရဟိတလုပ်ငန်းတွင် စိတ်အားထက်သန်စွာ ဖြင့် ကူညီနေသူတစ်ဦးဖြစ်ပြီး ပြည်သူလူထုများအတွက် နိုင်ငံသားဆိုင်ရာဥပဒေအသိပညာပေးခြင်း၊ မူးယစ်ဆေးဝါး နောက်ဆက်တွဲပြဿနာဆိုးကျိုး အသိပညာပြန့်ပွားရေးလုပ်ငန်း၊ ငြိမ်းချမ်းရေးလုပ်ငန်းများကို မြန်မာနိုင်ငံ တိုင်းရင်း သားလူမျိုးအဖွဲ့အစည်းပေါင်းစုံနှင့် အချိန်ပြည့် လက်တွဲလုပ်ဆောင်လျက်ရှိနေပြီး ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ တအာင်းအရပ်ဖက်လူမှုအဖွဲ့အစည်း(TSYU)၊ ၂ဝ၁၇ ခုနှစ် တအာင်းဥပဒေအထောက်အကူပြုအဖွဲ့(TLA)တွင် လူထု အကျိုးပြုလုပ်ငန်းများ ဦးရွက်ဦးဆောင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

Photo- Mai Lom Aye | Marnagar
မိုင်းရူကော၊ မားနဂါး
Marnagar News Journal
https://www.facebook.com/marnagarnewsjournal

မြောက်ဦးဟောပြောပွဲ စီစဉ်သူတွေကို နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားစွဲမည်

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ၂၃၃ ကြိမ်မြောက် ရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနားကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့က ကျင်းပစဉ်/ Photo: Hay Man Oo
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဦးဝေဟင်အောင်တို့အပြင် မြောက်ဦးမြို့မှာ ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးခြင်း အောက်မေ့ဖွယ် အထိမ်းအမှတ် ဟောပြောပွဲလုပ်ဖို့ ဦးဆောင် စီစဉ်သူတွေ ကိုပါ ရခိုင်ပြည်နယ် အစိုးရက နိုင်ငံတော်ပုန်ကန်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၂ နဲ့ တရားစွဲဆိုသွားမယ်လို့ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

အဲဒီလို တရားစွဲဆိုဖို့အတွက် သမ္မတရုံးက ညွန်ကြားချက် ရရှိထားပြီးဖြစ်တယ်လို့ ဦးမောင်မောင်ဆွေက ပြောပါတယ်။

"စာပေဟောပြောပွဲနဲ့ ပတ်သက်ပြီးတော့ တာဝန်ယူတဲ့ ဦးစံလှဘော်နဲ့ အပေါင်းပါကို ပုဒ်မ ၁၂၂ အရ တရားစွဲဆိုဖို့ နိုင်ငံတော်က အမိန့်အာဏာ အပ်နှင်းထားပါတယ်။ ဒါက မြောက်ဦးဖြစ်စဉ်နဲ့ ပတ်သက်တာပါ။ ၁၅ ရက်နေ့က ရသေ့တောင်မြို့နယ် စာပေဟောပြောပွဲမှာ ပါဝင်ဟောပြောခဲ့တဲ့ ဦးဝေဟင်အောင် (စာရေးဆရာ)၊ ဒေါက်တာအေးမောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) သူတို့ရဲ့ ဟောကြားပြောဆိုချက်တွေနဲ့ စပ်လျဉ်း ပြီးတော့ သူတို့ကိုလည်း ရာဇသတ်ကြီးပုဒ်မ ၁၂၂ အရ တရားစွဲဆိုဖို့ နိုင်ငံတော်သမ္မတရုံးက အခွင့်အာဏာ အပ်နှင်းထားပါတယ်"

မြောက်ဦးမြို့မှာ ဟောပြောပွဲ စီစဉ်ခဲ့တဲ့ ဦးစံလှဘော်နဲ့ အပေါင်းပါတွေကို မြောက်ဦးမြို့ အထွေထွေအုပ်ချုပ်ရေး မှူးရုံးကို အကြမ်းဖက်ခဲ့တဲ့အတွက် တရားစွဲဆိုမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒေါက်တာအေးမောင်နဲ့ ဦးဝေဟင်အောင်တို့ကိုတော့ မြောက်ဦးမြို့ပဋိပက္ခနဲ့ မသက်ဆိုင်ပဲ ရသေ့တောင်မြို့မှာ ကျင်းပတဲ့ စာပေဟောပြောပွဲက ဟောပြောချက်တွေကြောင့် တရားစွဲဆိုတာဖြစ်ပြီး သူတို့ ၂ ဦးကို ရသေ့တောင် မြို့နယ် ရဲစခန်းမှာ ပုဒ်မ ၅၀၅ (ခ) နဲ့လည်း အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၂ မှာ ပုဒ်မခွဲ ၂ ခုပါဝင်ပြီး ပြည်တွင်းမှာဖြစ်စေ ပြည်ပမှာဖြစ်စေ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုကို ကျူးလွန်ရင် သေဒဏ်ဖြစ်စေ၊ တစ်သက်တစ်ကျွန်းပို့ဒဏ်ဖြစ်စေ ချမှတ်ခံရမယ်လို့ ပြဌာန်းထားတာဖြစ်ပါတယ်။

မြောက်ဦးမြို့မှာ ၂၃၃ ကြိမ်မြောက် ရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနား ကျင်းပခွင့်ကို အာဏာပိုင်တွေက ပိတ်ပင်လိုက်တာကြောင့် ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၆ ရက်နေ့ညက ဒေသခံတွေက ခရိုင်ရဲတပ်ဖွဲ့ရုံးကို ချီတက်ဆန္ဒပြခဲ့ကြရမှာ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းခဲ့တဲ့အတွက် လူ ၇ ဦး သေဆုံးပြီး ၁၂ ဦး သေနတ်ကျည် ဒဏ်ရာရခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဆန်ဈေးကွက်အတွင်း လိမ်လည်မှုအတွက် တိုင်ကြားသူတိုးလာ

ဆန်အရောင်းဆိုင် တစ်ဆိုင်ကို တွေ့ရစဉ်/ Photo: RFA
ရန်ကုန်တိုင်း ဆန်ဈေးကွက်အတွင်း ငွေကျပ်သိန်းပေါင်း ၅ သောင်းကျော် လိမ်လည်မှုဖြစ်ပေါ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားသူ ၁၂ ဦး ထပ်တိုးလာတဲ့အပြင် အလိမ်ခံရတဲ့ ငွေကြေးပမာဏလည်း တိုးလာတယ်လို့ ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်က ပြောပါတယ်။

လက်ရှိမှာ ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်ကို တိုင်ကြားသူ စုစုပေါင်း ၇၆ ဦးရှိနေပြီဖြစ်ပြီး လိမ်လည်ခံရတဲ့ ငွေပမာဏကလည်း ကျပ်သိန်းပေါင်း ၅၆,၄၀၀ လောက်ဖြစ်သွားပြီလို့ ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောပါတယ်။

"ထပ်တိုးတာပေါ့၊ ၇၆ ဦးပေါ့နော်၊ တိုင်ထားတာပေါ့၊ သိန်းပေါင်း ၅၆,၄၀၀ လောက်ပေါ့၊ ထပ်တိုးတာရော"

ငွေကြေးလိမ်လည်သူတွေက ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သတင်းရရှိထားကြောင်းလည်း ဦးသန်းဦးက ပြောပါတယ်။

ဇန်န၀ါရီလ ၆ ရက်နေ့အထိ ဆန်ဈေးကွက်မှာ လိမ်လည်ခံရတဲ့ကိစ္စကို တိုင်ကြားသူ ၆၄ ဦးနဲ့ ငွေကျပ်သိန်းပေါင်း ၅၃,၇၀၀ ကျော်သာရှိခဲ့ပြီး လက်ရှိအချိန်မှာ တိုင်ကြားသူ ၁၂ ဦးနဲ့ လိမ်လည်ခံရတဲ့ ငွေကြေးပမာဏ သိန်းပေါင်း ၂၇၀၀ လောက် ထပ်တိုးလာတာလည်း ဖြစ်ပါတယ်။

အဲဒီလိမ်လည်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းကို တိုင်ကြားမှု နောက်ကျတဲ့အတွက် ငွေကြေးလိမ်လည်သူတွေက ထွက်ပြေးတိမ်းရှောင်သွားတာ ဖြစ်တယ်လို့လည်း ဆန်စပါးကုန်သည်များအသင်းက ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ငွေလိမ်လည်သူတွေကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အသေခံဗုံးခွဲမှုကြောင့် လူ၁၀ဦးသေဆုံး၊ ၆၅ဦးဒဏ်ရာရရှိ

နိုင်ဂျီးရီးယားနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည်အသေခံဗုံးဖောက်ခွဲမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
 အဘူဂျာ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

    နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း မိုင်ဒူဂူရီမြို့ တွင် ဇန်နဝါရီ ၁၇ရက်က အသေခံဗုံးဖောက်ခွဲမှု ၂ခုကြောင့် လူ ၁၀ဦးသေဆုံးခဲ့ပြီး အခြားလူ ၆၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးတာဝန်ရှိသူများ ကပြောကြားခဲ့သည်။

နိုင်ငံမြောက်ပိုင်း ဘော်နိုပြည်နယ် မိုင်ဒူဂူရီမြို့ အစွန်အဖျား တွင် တည်ရှိသော မူနာဂါရေ့ခ်ျ ဧရိယာ ရှိ ဈေးတစ်ခုအတွင်း ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့အစည်းမှ အဖွဲ့ဝင် ၂ဦး က အသေခံဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

အသေခံဗုံးဖောက်ခွဲမှုကြောင့် ကြီးမားစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း ဘော်နိုပြည်နယ် ရဲချုပ် ဒါမီအန်ချူကူး ကပြောကြားခဲ့သည်။

ပထမအကြိမ်ပေါက်ကွဲမှုသည် ဈေးအဝင်ပေါက်၌ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်ပေါက်ကွဲမှုသည် ဈေးအလယ်ခေါင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ချူကူး ကပြောကြားခဲ့သည်။

အမျိုးသားအရေးပေါ်စီမံခန့်ခွဲမှုဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Abdulkadir Ibrahim က တိုက်ခိုက်မှုများကြောင့် စုစုပေါင်းလူ ၆၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ၎င်းတို့အား ပြည်တွင်းဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သစ်သီးဝလံများ နှင့် အစားအစာများ ဈေးအတွင်းပြန့်ကျဲကုန်ကြောင်း မျက်မြင်တွေ့ရှိသူများကပြောကြားခဲ့သည်။

၂၀၁၇ခုနှစ်တွင်လည်း မြို့၏ မူနာဧရိယာတွင် အသေခံဗုံးခွဲမှု ၁၂ခုထက်မနည်း ဖြစ်ပွားခဲ့ပြီး ယခုဖြစ်ပွားခဲ့သော တိုက်ခိုက်မှုသည် ၂၀၁၈ခုနှစ်အတွင်း ပထမဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၀၉ခုနှစ်မှစ၍ နိုင်ဂျီးရီးယားနိုင်ငံအတွင်း ဘိုကိုဟာရမ်တို့၏ အကြမ်းဖက်မှုများကြောင့် လူ ၂၀,၀၀၀ကျော်သေဆုံးခဲ့ရပြီး သန်းချီသော ဒေသခံများစွာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ဦးလှမိုးအောင်ကို လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြု

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အ ဖြစ်တာဝန်ပေးအပ်ခြင်းခံရသည့် ဦးလှမိုးအောင် နှင့် ကျံပျော်မြို့ အမှတ်(၂) မဲဆန္ဒနယ်မြေ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီ။ ဓါတ်ပုံ မန်းဂျော်နီ 
လစ်လပ်နေတဲ့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နေရာမှာ ဦးလှမိုးအောင်ကို ဒီနေ့မှာ လွှတ်တော်က အတည်ပြု လိုက်ပြီဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရဲ့ အမည်စာရင်း တင်သွင်းမှုကို လွှတ်တော်က ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ တာဖြစ်ပါတယ်။

ဦးလှမိုးအောင်ဟာ လက်ရှိမှာ တိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတရေးရာကော်မတီ အတွင်းရေးမှူး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကော်မတီ အဖွဲ့ဝင် အဖြစ် တာဝန်ယူဆောင်ရွက်နေ တာဖြစ်ပါတယ်။ ဦးလှမိုးအောင်ဟာ (၂၀၁၅)ရွေးကောက်ပွဲမှာ မြန်အောင်မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၁) အဖြစ် ရွေးကောက်တင်မြောက်ခံထားရသူဖြစ်ပါတယ်။

မြန်အောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် (၂၀၁၃)ခုနှစ်ကတည်းက တာဝန်ယူထားပါတယ်။(၁၉၉၀)ပြည့်နှစ် ရွေးကောက်ပွဲမှာ အောင်နိုင်ရေး လူငယ်တာဝန်ခံအဖြစ် ၊ (၂၀၁၂)ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အုပ်စုအောင်နိုင်ရေးဥက္ကဋ္ဌ၊ (၂၀၁၄)ခုနှစ်မှာ မြို့နယ် တောင်သူလယ်သမားရေးရာ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ပါတယ်။ ဦးလှမိုးအောင်ဟာ လက်ရှိမှာ အသက်(၅၃)နှစ် ရှိပြီဖြစ်ပြီး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကနေ ဘွဲ့ရရှိထားသူဖြစ်ပါတယ်။

5 PLUS NEWS
https://www.facebook.com/5plusnews/

ARSA အကြမ်းဖက်အဖွဲ့ဝင် ၁၃၀၀ ကျော်၏ အမည်စာရင်းကို မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထား


နေပြည်တော် ဇန်နဝါရီ ၁၆

Arakan Rohingya Salvation Army (ARSA) အကြမ်းဖက် အဖွဲ့ဝင် ၁၃၀၀ ကျော်၏ အမည်စာရင်းကို မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၄ ရက်က နေပြည်တော်၌ ပြုလုပ်သည့် စတုတ္ထအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့များ လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဗဟိုအဆင့် အစည်းအဝေး တွင် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ARSA အကြမ်းဖက်သမားများအား ၁၉၈၀ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည့် နယ်နိမိတ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက်နှင့်အညီ ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်သွားနိုင် ရန်အတွက် ပြန်လည်လွှဲပြောင်းပေးရန် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့အကြောင်းကြားထားပြီး ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။

Information Committee
https://www.facebook.com/InfomationCommittee





ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ဦးလှမိုးအောင်ကို သမ္မတ အမည်စာရင်းတင်သွင်း


လစ်လပ်နေတဲ့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နေရာမှာ အစားထိုးခန့်အပ်ဖို့ ဦးလှမိုးအောင်ကို နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းလိုက်ပါတယ်။ ဒီအမည်စာရင်းတင်သွင်းမှုကို လွှတ်တော်အစည်းအဝေး နာရီဝက်နားပြီး (၁၀)နာရီခွဲမှာ လွှတ်တော်ရဲ့အဆုံးအဖြတ်ရယူမှာဖြစ်ပါတယ်။

 ဇန်န၀ါရီလ (၁၈)ရက်(ဒီနေ့)မှာ ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်းလိုက်တာပါ။ ဦးလှမိုးအောင်ဟာ လက်ရှိမှာ တိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတရေးရာကော်မတီ အတွင်းရေးမှူး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးကော်မတီ အဖွဲ့ဝင် အဖြစ် တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။
ဦးလှမိုးအောင်ဟာ (၂၀၁၅)ရွေးကောက်ပွဲမှာ မြန်အောင်မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၁)အဖြစ် ရွေးကောက်တင်မြောက်ခံထားရသူဖြစ်ပါတယ်။

5 PLUS NEWS
https://www.facebook.com/5plusnews
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ