တိုက်ပွဲတွေကြောင့် ပိတ်မိနေသူ ၃ ထောင်ကျော်ထဲက တစ်ထောင်ကျော် မြို့ပေါ်ထွက်လာနိုင်ပြီလို့ ကိုယ်စားလှယ်ပြော

တနိုင်းမြို့နယ်အတွင်းက တပ်မတော်နဲ့ KIA တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေကို ၂၁၀၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က တွေ့ရစဉ်
ကချင်ပြည်နယ် တနိုင်းဒေသမှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေကြောင့် နမ့်ကွမ်းမှော်နဲ့ စမတ်စခန်းကြားမှာ ပိတ်မိနေတဲ့ လူဦးရေ ၃ ထောင်ကျော်ထဲက ဒီကနေ့အထိ ၁ ထောင်ကျော်လောက် တနိုင်းမြို့ဘက်ကို ထွက်လာနိုင်ပြီလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောပါတယ်။

တနိုင်းဘက်ထွက်လာသူတွေရဲ့ အရေအတွက်ဟာ ကွဲပြားမှုတွေရှိနေတာကြောင့် အတိအကျကို ဒီကနေ့ ညဦးပိုင်းမှသာ အတည်ပြုနိုင်မယ်လို့ တနိုင်းမြို့နယ်ရဲ့ အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်း က ပြောပါတယ်။

"ပထမ ၂၉ ရက်နေ့က အမျိုးသမီး ရှစ်ရာလွှတ်လိုက်တယ်၊ ကျနော်တို့မနေ့က လေးနာရီ အထိပေါ့နော်၊ လေးရာ၊ ဟိုဘက်က ပိတ်မိနေတဲ့ လူလေးရာ လွှတ်လိုက်တယ်၊ ကျနော်တို့ဒီဘက်ကို ထောင့်နှစ်ရာရောက်ခဲ့ပြီ၊ အခု ညနေ ၇ နာရီလောက်တော့ အတွင်းထဲက လူက ဖုန်းဆက်ခဲ့မယ်၊ အဲဒီကျမှ ကျနော် Update ပြောလို့ရမယ်"

ပိတ်မိနေသူတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်လာသူတွေရှိသလို တပ်မတော်နဲ့ အစိုးရဋ္ဌာန ဆိုင်ရာပေါင်းစုံရဲ့ စီစဉ်မှုနဲ့ ပြန်လာကြသူတွေလည်းရှိတာကြောင့် ဘယ်လောက်ပြန်ထွက်လာပြီလဲဆိုတဲ့ အရေအတွက်အတိအကျ ကိုတော့ ပြောရခက်နေပါတယ်။

အစိုးရဋ္ဌာနဆိုင်ရာတွေက ကောက်ယူထားတဲ့ စာရင်းကတော့ ဒီကနေ့အထိ တနိုင်းမြို့ကို အယောက် လေးရာကျော် ရောက်ရှိလာတယ်လို့ဆိုပါတယ်။

တိုက်ပွဲတွေအကြား ပိတ်မိနေသူတွေကို တဝမ်ချောင်းတံတားအထိ သွားရောက်ခေါ်ဆောင်ခဲ့ပြီး အဲဒီကနေ အစိုးရ ဋ္ဌာနဆိုင်ရာတွေ စုပေါင်းစိစစ်နေတဲ့ လမုံရွာအထိ ၁ မိုင်ကျော်အကွာအဝေးမှာ ရှောင်ကွင်းလမ်းတွေလည်း ရှိတာကြောင့် တနိုင်းမြို့ပေါ်ရောက်ရှိလာတဲ့ အရေအတွက်ဟာ ကွဲပြားနေတာပါ။

အဲဒီလိုပိတ်မိနေသူတွေထဲက တချို့ဟာ အစာရေစာပြတ်လတ်တာတွေရှိပြီး တနိုင်းဘက် ထွက်လာသူတွေကိုတော့ ဋ္ဌာနဆိုင်ရာတွေ၊ ပရဟိတနဲ့ လူမှုရေးအဖွဲ့တွေ၊ ဘာသာရေးအသင်း အဖွဲ့တွေက စားနပ်ရိက္ခာထောက်ပံ့တာတွေ ရှိပါတယ်။

ဒီအတောအတွင်း မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပေါ်က တံတားနဲ့ စက်ယန္တရားအချို့ကို ကေအိုင်အေက ဖျက်ဆီးခဲ့တာကြောင့် အဲဒီတဝိုက်မှာ လုပ်သားတွေအဖြစ်လုပ်ကိုင်နေကြသူ အယောက် ၅၀၀ ကျော်လည်း  ဆွမ်ပရာဘွမ်မှာ ခိုလှုံနေကြတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးရဲ့ စာရင်းတွေအရသိရပါတယ်။

အဲဒီလမ်းလုပ်သားတွေ အားလုံးနီးပါးဟာ မြန်မာနိုင်ငံအနှံ့က လာရောက်လုပ်ကိုင်ကြသူတွေဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အတွက် ရေရှည်မှာ စားနပ်ရက္ခာအခက်အခဲဖြစ်လာမယ့် အခြေအနေရှိနေပါတယ်။

အလားတူ ဆွမ်ပရာဘွမ်ဘက်က စစ်ရေးအခြေအနေကြောင့်လည်း ဘေးလွတ်ရာ ထွက်ပြေးခိုလှုံနေကြရသူတွေ ရှိသလို စာသင်ကျောင်းတချို့လည်း ပိတ်ထားရပါတယ်။

RFA Burmese
https://www.rfa.org/burmese
တိုက်ပွဲတွေကြောင့် ပိတ်မိနေသူ ၃ ထောင်ကျော်ထဲက တစ်ထောင်ကျော် မြို့ပေါ်ထွက်လာနိုင်ပြီလို့ ကိုယ်စားလှယ်ပြော တိုက်ပွဲတွေကြောင့် ပိတ်မိနေသူ ၃ ထောင်ကျော်ထဲက တစ်ထောင်ကျော် မြို့ပေါ်ထွက်လာနိုင်ပြီလို့ ကိုယ်စားလှယ်ပြော Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.