နှစ်ပေါင်း ၂၀၀ နီးပါးသက်တမ်းရှိ ကျွန်းသားဖြင့်ဆောက်လုပ်ထားသည့် ရမည်းသင်းကျောင်းဆောင်အား လာရောက်လေ့လာသူများပြား


မန္တ​လေးမြို့၊ အောင်မြေသာဇံမြို့နယ် ၆၂ လမ်း၊ ၂၃ လမ်းနှင့် ၂၄ ကြား မဟာဝိသုဒ္ဓါရာမကျောင်းတိုက် အတွင်းရှိ နှစ်ပေါင်း ၂၀၀နီးပါးသက်တမ်းရှိ ကျွန်းသားဖြင့်ဆောက်လုပ်ထားသည့် ရှေးဟောင်းရမည်းသင်း ကျောင်းဆောင်ကြီး၏ ဗိသုကာအနုပညာလက်ရာများအား ပြည်တွင်း၊ ပြည်ပမှ လာရောက်လေ့လာသူများပြား လျက်ရှိကြောင်း သိရသည်။

မဟာဝိသုဒ္ဓါရာမကျောင်းတိုက်ကြီးကို ဆင်ဖြူမရှင် အလယ်နန်းမတော်မိဖုရားကြီးမှ သက္ကရာဇ် ၁၂၃၀ပြည့်နှစ်တွင် စတင်တည်ဆောက်လှူဒါန်းခဲ့ပြီး အဆိုပါရမည်သင်းကျောင်းဆောင်ကြီးကို ၎င်း၏ သမီးတော်ဖြစ်သူ ရမည်းသင်းမြို့စား စုဖုရားလေးကဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း လက်ရှိ ရမည်းသင်း ကျောင်းထိုင်ဆရာတော်ကြီး ဦ၀ဏ္ဏိတက မိန့်ကြားသည်။

“ဒီရမည်းသင်းကျောင်းကို ပြည်တွင်းရော ပြည်ပကပါ လေ့လာသူတွေအများကြီးလာကြတယ်။ တစ်ချို့ ရုပ်ရှင်နဲ့ ဗီဒီယိုတွေပါလာရိုက်ကြတယ်။ ကျွန်းသားတွေနဲ့ ဆောက်လုပ်ထားပြီး မှန်စီရွှေချတံခါးတွေပါတဲ့ အမရပူရခေတ်လက်ရာတွေဆိုတော့ ထူးခြားတာပေါ့”ဟု ဆရာတော်ကမိန့်ကြားသည်။

အဆိုပါကျောင်းတော်ကြီးအား အသစ်ဆောက်လုပ်ထားခြင်းမဟုတ်ဘဲ မင်းတုန်းမင်းတရားကြီး မန္တလေးမြို့ နန်းတည်စဉ်က မိဖုရားနှင့် သားတော်၊ သမီးတော်များနေထိုင်ရန် အဆောင်များဆောက်လုပ်ရန်အတွက် အမရပူရမြို့တော်မှ ရွှေ့ပြောင်းသယ်ယူဆောက်လုပ်ထားခြင်းဖြစ်ပြီး အကျယ်အ၀န်းအနေဖြင့် အရှေ့အနောက် ပေ၆၀ နှင့်တောင်မြောက် ပေ၇၀ ခန့်ရှည်လျားသည့် နှစ်ထပ်ကျောင်း ဆောင်ကြီးဖြစ်ခြင်းကြောင့် သက်တမ်းအားဖြင့် နှစ် ၂၀၀ နီးပါးခန့်ရှိကြောင်း သိရသည်။

“လက်ရှိယိုယွင်းပျက်စီးမှုအနေနဲ့ ကျောင်းကနိမ့်ဝင်သွားလို့ မြောက်တင်ထားရတာကလွဲရင် သိပ်ပြီး အပျက်အစီးမရှိဘူး။ ဒါပေမယ့် အမိုးတွေကမလုံတော့တဲ့အတွက် ပြန်မိုးနိုင်ရင် ရေရှည်အတွက် ကောင်းမှာပါ။ ပြုပြင်မှုကတော့ ရန်ပုံငွေလည်း မရှိ၊ အလှူခံတာလည်းမရှိတဲ့အတွက် ကိုယ်ထူကိုယ်ထနဲ့ပဲ စောင့်ရှောက်နေပါ တယ်။ ရေရှည်တည်တံ့ဖို့အတွက်တော့ နိုင်ငံတော်ကိုယ်ပဲ အားကိုးလို့မရပါဘူး။ ဘတ်ဂျက်အပေါ်မူတည်ပြီး အကုန်လုံးကိုလိုက်လုပ်မပေးနိုင်ဘူးလေ။ ဒါကြောင့် ရှေးဟောင်းအဆောက်အဦး တွေကို ပြုပြင်ထိန်းသိမ်းတဲ့ လူငယ်အဖွဲ့အစည်းတွေဖွဲ့ပြီး ထိန်းသိမ်းနိုင်ရန် ကောင်းမယ်”ဟု ဆရာတော် ဦ၀ဏ္ဏိတကအကြုံပြုမိန့်ကြားခဲ့သည်။

မင်းတုန်းမင်းတရားကြီးသည် ဗုဒ္ဓသာသနာကို လွန်စွာကြည်ညိုသူဖြစ်သည့်အတွက် မန္တလေးမြို့ကို စတင်တည်ဆောက်သည့်အချိန်တွင် ဘုရား၊ ကျောင်း၊ ကန်များ ၀န်းရံပြီးတည်ဆောက်ခဲ့သည့် ရာဇဂြိုလ်မြို့ တော်ကြီးကဲ့သို့ မန္တလေးမြို့တော်ကိုလည်း မြို့ထိပ်များတွင် ကျောင်းတိုက်ကြီးများကို ဆောက်လုပ်ပြီး မြို့ တည်ခဲ့ကြောင်းနှင့် လက်ရှိ ကုသိုလ်တော်ဘုရားအရှေ့ဘက်မှ ၃၅ လမ်းအထိ ကျောင်းတိုက်ပေါင်း ၁၈ တိုက် ကို တစ်ပြိုင်တည်းဆောက်လုပ်လှူဒါန်းခဲ့သည့်အနက် ယခု မဟာဝိသုဒ္ဓါရာမကျောင်းတိုက်လည်း တစ်တိုက် အပါအ၀င်ဖြစ်ကြောင်း သိရသည်။

မန်းကိုကို
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
နှစ်ပေါင်း ၂၀၀ နီးပါးသက်တမ်းရှိ ကျွန်းသားဖြင့်ဆောက်လုပ်ထားသည့် ရမည်းသင်းကျောင်းဆောင်အား လာရောက်လေ့လာသူများပြား နှစ်ပေါင်း ၂၀၀ နီးပါးသက်တမ်းရှိ ကျွန်းသားဖြင့်ဆောက်လုပ်ထားသည့် ရမည်းသင်းကျောင်းဆောင်အား လာရောက်လေ့လာသူများပြား Reviewed by THITHTOOLWIN on 12:20 Rating: 5
Powered by Blogger.