ချင်းပြည်နယ်အတွင်း လိုင်စင်မဲ့သေနတ် ကိုင်ဆောင်မှုကို ထိန်းချုပ်စိစစ်သွားမည်

ချင်းပြည်နယ်အတွင်း တောရိုင်းတိရစ္ဆာန်များ ပျောက်ကွယ်လာသောကြောင့် လိုင်စင်မဲ့သေနတ် ကိုင်ဆောင်မှုကို ထိန်းချုပ်စိစစ်သွားမည်
မင်းတပ် ဇန်နဝါရီ ၃ဝ

ချင်းပြည်နယ်တွင် တရားမဝင် ကိုင် ဆောင်သည့် တူမီးသေနတ်များကို အမဲလိုက်ရာတွင် ကိုင်ဆောင်ကြခြင်း ဖြစ်ရာ ယခုအခါ ချင်းပြည်နယ်၏တောတောင်နေရာအနှံ့၌ အမဲလိုက်မှု များပြားလာသည့်အတွက် ချင်းပြည် နယ်အတွင်း တောပျော် တောရိုင်း တိရစ္ဆာန်များ ရှားပါးပျောက်ကွယ် လုနီးဖြစ်နေသည့် အန္တရာယ်ကို ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန် လိုင်စင်မဲ့သေနတ် ကိုင်ဆောင်မှုကို ထိန်းချုပ်စိစစ်သွားမည် ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရ သည်။

''ချင်းပြည်နယ်မှာ လိုင်စင်ရှိတဲ့ သေနတ်တော့ ကိုင်ဆောင်ခွင့်ရှိပါ တယ်၊ ကျေးလက်ဒေသတွေမှာတော့ လိုင်စင်မဲ့သေနတ်၊ လုပ်သေနတ်တွေ အကိုင်များတယ်၊ အဓိကတော့ အမဲ လိုက်ဖို့နဲ့ ကျေးရွာအသုဘ တချို့ တွေမှာ သေဆုံးသူကို ဝမ်းနည်း ကြောင်းပြသတဲ့အနေနဲ့ ပစ်ဖောက် အသုံးပြုကြတာတွေ ရှိတတ်ပါသေး တယ်၊ အဓိကတူမီးသေနတ်ခေါ်တဲ့ လက်လုပ်သေနတ် ကိုင်ဆောင်သူတွေ ဖြစ်တယ်၊ အမဲလိုက်မှုကြောင့်လည်း ချင်းပြည်နယ်မှာ တောပျော်တိရစ္ဆာန် တွေ တော်တော်ရှားပါးသွားပြီ၊ ပျောက်ကွယ်သွားတဲ့ တိရစ္ဆာန်တွေ လည်းရှိတယ်၊ တောရိုင်းတိရစ္ဆာန်တွေ ချင်းပြည်နယ်မှာ မျိုးသုဉ်းပျောက်ကွယ် လုနီးပါး အခြေအနေရှိလာတော့ တောကောင် သားကောင်တွေကို ထိန်းသိမ်းကာကွယ်ဖို့ လိုအပ်လာပါ ပြီ၊ သေနတ်ကိုင်ဆောင်မှုကို ထိန်း ချုပ် စိစစ်သွားရတော့မှာဖြစ်ပါတယ်'' ဟု ချင်းပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ချင်းပြည်နယ်တွင် ချင်းရိုးရာ ဓလေ့ထုံးစံအရ(ချင်းအက်ဥပဒေအရ)သေနတ်သည် ရိုးရာအမွေအနှစ် စာရင်းတွင်ပါဝင်ပြီး သေနတ်ကိုအမြတ် တနိုးထား ကိုင်ဆောင်မှုများရှိရာ တရားဝင်မဟုတ်သည့် လိုင်စင်မဲ့ သေနတ်(လုပ်သေနတ်) ကိုင်ဆောင် သူကိုတွေ့ရှိပါက ထောင်ဒဏ်ခုနစ်နှစ် အထိကျခံနိုင်သည့်အတွက် လိုင်စင် မဲ့သေနတ် ကိုင်ဆောင်သူများအနေ ဖြင့် သက်ဆိုင်ရာဌာနသို့ အပ်နှံကြရန် နှင့် အပြစ်ပေးအရေးယူဆောင်ရွက် မည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှ သတိပေးထုတ်ပြန်ထားပြီး ဖြစ်သည်။

ချင်းတိုင်းရင်းသားများ၏ သေနတ် များကိုင်ဆောင်မှုမှာ အမဲလိုက်ရန် အတွက် အဓိကဖြစ်ရာ အမဲလိုက်ရာ မှ ဘဝတစ်သက်တာပစ်ခတ်ရရှိသည့် သားရဲတိရစ္ဆာန်များကို ဂုဏ်တစ်ခု အဖြစ် မှတ်ယူကြကာ ကျောက်စာတိုင် များဖြင့် မှတ်တမ်းတင် ထွင်းထုထား ကြသည်။ အမဲလိုက်ရာတွင် အသုံးပြု လေ့ရှိကြသော လုပ်သေနတ်များတွင် တူမီး၊ ကာတို၊ နှစ်လုံးပြူးနှင့် တစ်လုံးပြူးသေနတ်များ ကိုင်ဆောင် ကြကြောင်း သိရသည်။

ဇိုဟေဆာ
The Mirror Daily
https://www.facebook.com/TheMirrorDaily
ချင်းပြည်နယ်အတွင်း လိုင်စင်မဲ့သေနတ် ကိုင်ဆောင်မှုကို ထိန်းချုပ်စိစစ်သွားမည် ချင်းပြည်နယ်အတွင်း လိုင်စင်မဲ့သေနတ် ကိုင်ဆောင်မှုကို ထိန်းချုပ်စိစစ်သွားမည် Reviewed by THITHTOOLWIN on 08:52 Rating: 5
Powered by Blogger.