အပြန်အလှန်ယုံကြည်မှုဖြင့် ခရီးသွားလာကြမည်ဆိုလျှင် (ဆောင်းပါး)


နေ့စဉ်ယာဉ်ကြောပိတ်ဆို့မှုကို ကြုံတွေ့နေရသော ရန်ကုန်မြို့နေပြည်သူတို့မှာ မိမိသွားလိုသောခရီးစဉ်မြန်ဆန်စွာရောက်ရှိစေရန် လိုင်းကားများထက် တက္ကစီယာဉ်များကို အားကိုးအားထားပြုနေရလျက်ရှိသည်။ လိုင်းကားယာဉ်ကြီးများထက် ယာဉ်ငယ်ဖြစ်သောတက္ကစီယာဉ်များဖြင့် သွားလာရေးက ပို၍အဆင်ပြေသောကြောင့် အရေးပေါ်ခရီးစဉ်တို့တွင် တက္ကစီယာဉ်များကိုရန်ကုန်မြို့နေပြည်သူတို့ အားထားနေရခြင်းဖြစ်ရာ ရန်ကုန်မြို့တွင်ယာဉ်လိုင်းများမည်မျှရှိစေကာမူ တက္ကစီယာဉ်များကိုထဲထဲဝင်ဝင်အသုံးပြုနေရဆဲဖြစ်သည်။
ယခုရက်ပိုင်းအတွင်း တက္ကစီယာဉ်များဖြင့် ခရီးသွားလာမှု ယခင်ကထက် နည်းလာသောကြောင့် မိသားစုဝမ်းရေးကို သမ္မာအာဇီဝဖြင့် အသက်အ္တရာယ်ကြားမှ ရှာဖွေနေကြသော တက္ကစီယာဉ်မောင်းတို့မှာ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေ လုံး ပုပ်သည်ဟူသော စကားနှင့်အညီ စီးနင်းသောခရီးသည်တို့က တက္ကစီယာဉ်မောင်းတို့ကို အထူးသတိပြု သွားလာနေကြသည့် နည်းတူ တက္ကစီယာဉ်မောင်းတို့ကလည်း ဘယ်ခရီးသည်က ဘယ်လိုများ ရန်ရှာမလဲဟူသော အတွေးများဖြင့် တစ်ဦးနှင့် တစ်ဦး စိတ်ပင်ပန်းကြီးစွာ ရန်ကုန်မြို့နေပြည်သူတို့ ခရီးသွားလာနေရလျက်ရှိသည်။ မကြာသေးမီရက်ပိုင်းက ခရီးသည်အမျိုးသမီးတစ်ဦး သေဆုံးဖြစ်စဉ်ရှိခဲ့ သည့်နည်းတူ တက္ကစီယာဉ်မောင်းအား ခရီးသည်က အ္တရာယ်ပြုခဲ့သော ဖြစ်စဉ်များကလည်း ယာဉ်မောင်းနှင့် ခရီးသွားတို့ကြား ယခု တလော တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုကို အားနည်းလာစေ လျက်ရှိသည်။

ယုံကြည်မှုကို တည်ဆောက်ရန်

ယခုလအတွင်း ခရီးသွားလုပ်ငန်းထိခိုက်မှုကို ရန်ကုန် မြို့ပြရှိ တက္ကစီယာဉ်မောင်းများ ကြုံတွေ့နေရလျက်ရှိသည်။ ဝမ်းစာကို နေ့စဉ်ယာဉ်ကြောရှုပ်ထွေးလျက်ရှိသော လမ်းပေါ်၌ ရှာဖွေရာတွင် ခရီးသည်တို့၏ ယုံကြည်မှုကို တည်ဆောက်ရန် ယခင်ကထက်များစွာ အချိန်ပေးနေရလျက်ရှိသည်။ မိမိလုပ်ငန်း ၏ ဒဏ်၊ မိသားစုဝမ်းရေးကို တဖြည်းဖြည်းတက်လာသော ကုန်ဈေးနှုန်းနှင့်အညီ ဖြေရှင်း ဆောင်ရွက်ရသောကြောင့် ရုပ်ပိုင်းဆိုင်ရာကျဆင်းမှု ကြုံလာရသောအခါ ခရီးသည်တို့ ၏ ယုံကြည်မှုကို မရ၍ လုပ်ငန်းအဆင်မပြေမှုများ ယခုရက် ပိုင်းတွင် တက္ကစီယာဉ်မောင်းများ ကြုံတွေ့နေရလျက်ရှိသည်။
ခရီးသည်ကလည်း စိုးရိမ်စိတ်တို့ဖြင့် ခရီးသွားလာနေရသည့် နည်းတူ တက္ကစီယာဉ်မောင်းကလည်း နောက်ကျောမလုံစွာ ဖြင့် ပို့ဆောင်နေရလျက်ရှိသည်။ အမှန်တွင်တစ်ဦးနှင့်တစ်ဦးယုံကြည်မှုထားရှိရန်လိုအပ်လာသည့်အပြင် တရားဥပဒေစိုးမိုးမှုပို၍လိုအပ်လာဟန်ရှိသည်။ အချို့သော တက္ကစီများသည် သားကောင်ရှာသော ဝန်ဆောင်မှုကို လုပ်ဆောင်နိုင်သကဲ့သို့ အချို့သော ခရီးသည်ဟန်ဆောင်သူတို့ကလည်း သားကောင် ရှာသော မုဆိုးများဖြစ်နေတတ်သောကြောင့် ဖြစ်သည်။ နှစ်ဦး နှစ်ဖက်ဖြစ်စဉ်များက ရန်ကုန်မြို့ပြတွင် ရှိနေ၍ဖြစ်သည်။

စေတနာထားပြီး ပြောဆိုဆက်ဆံ

ရန်ကုန်မြို့တွင် ၁ဝနှစ်ကြာ တက္ကစီပြေးဆွဲ၍ မိသားစု ဝမ်းရေးကို ဖြည့်ဆည်းဆောင်ရွက်နေသောာ ယာဉ်မောင်း တစ်ဦးကလည်း‘''အခုတလော တက္ကစီဆွဲလို့ မကောင်းကြတာ အမှန်ပဲ၊ လကုန်ပိုင်းဖြစ်လို့ ခရီးသည်နည်းတာပါသလို မျက်နှာသိ တက္ကစီယာဉ်မောင်းကိုပဲ စီးကြတာများလာတယ်၊ လမ်းက ဖြတ်ပြီး စီးရင်လည်း သေချာမေးမြန်း၊ တစ်ဦးနဲ့တစ်ဦး အကဲခတ်ပြီးမှ စီးနင်းလာသလို ဖြစ်နေတယ်၊ ဘယ်သူ့ဘက်မှ လိုက်ပါပြီး မပြောပါဘူး၊ ကျွန်တော်တို့ တက္ကစီဆွဲတာ ၁ဝ နှစ် ရှိပြီ၊ ရိုးရိုးသားသားလုပ်ကိုင်တယ်၊ ခရီးသည်ပေါင်းစုံ တွေ့ကြုံ ရပေမယ့် စေတနာထားပြီး ပြောဆိုဆက်ဆံတယ်၊ ခရီးသည် အဆင်ပြေအောင် အနစ်နာခံသင့်ရင်ခံပြီး ပို့ဆောင်ပေးတယ်၊ အကျိုးရလဒ်က အဲ့ဒီခရီးသည်တွေက ဘယ်သွားသွား ကျွန်တော့် ကားကိုပဲ စီးကြတယ်၊ ဒါဟာ တစ်ဦးက မေတ္တာထားလို့ တစ်ဦးက စေတနာရောင်ပြန်ဟပ်တဲ့ သဘောပါပဲ။
'' ပြီးတော့ ရန်ကုန်မြို့ပြမှာ ယာဉ်မောင်းနဲ့ ခရီးသည်တွေ နေ့စဉ်ကြုံနေရတဲ့ အခက်အခဲက ယာဉ်ကြောပိတ်လို့ နှစ်ဦး နှစ်ဖက်စိတ်ဖိစီးမှု ဒဏ်ရယ်၊ ဒီလထဲမှာ ဆီဈေးနှုန်းမြင့်တက်လို့ တောင်းတဲ့ဈေး မပေးလို့၊ အချို့ခရီးသည်က ပေးရတာမတန်ဘူး ထင်လို့ အဲ့ဒီ ပြဿနာတွေရှိနေကြတယ်၊ ဆီဈေးနဲ့ လမ်းပေါ်မှာ ကြုံတွေ့နေရတဲ့ အကျိုးဆက်တွေကို ယာဉ်မောင်းနဲ့ ခရီးသွား ပြည်သူတွေခံစားရပြီး ပြဿနာဖြစ်ပွားမှုကို ဦးတည်သွား တယ်လို့လည်း ဆိုနိုင်ပါတယ်။
''တက္ကစီယာဉ်အားလုံးကို CNG ကုမ္ပဏီပုံစံ ဆီဈေးကို ထိန်းချုပ်ပြီး ပြေးဆွဲနေတဲ့ တက္ကစီယာဉ်တွေကိုလည်း ကုမ္ပဏီတစ်ခုတည်းက ဖြစ်စေ၊ အစိုးရက ဖြစ်စေ ဝန်ဆောင်မှုကို ထိန်းချုပ်ကိုင်တွယ်မယ်ဆိုရင် ခရီးသည် ဘယ်သူ၊ ဘယ် ဖုန်းနံပါတ်နဲ့ တက္ကစီခေါ်တာကအစ သိရပြီးတော့ တက္ကစီ ယာဉ်မောင်းကို ခရီးသည်လည်း သိသလို ကုမ္ပဏီကလည်း သိနေမယ်၊ အဲ့ဒီတက္ကစီဘယ်နေရာရောက်နေပြီး ဘယ်နေရာမှာ ပြဿနာဖြစ်နေတယ်ဆိုတာကအစ အချိန်နဲ့တစ်ပြေးညီ အားလုံး သိနေတယ်၊ ခရီးသည်ကလည်း တိုင်ကြားလို့ရတယ်၊ အခုYGN တက္ကစီလိုပေါ့။ YGN တက္ကစီ မဟုတ်တဲ့ တက္ကစီတွေပြဿနာဖြစ်ရင် ဘယ်လိုက်ရမှန်း မသိကြဘူး၊ တိုးဂိတ်တွေကCCTV ဆိုတာကလည်း ဖြတ်သန်းခမပေးတဲ့ ယာဉ်ကိုပဲ ယာဉ်နံပါတ်ကို မှတ်မိအောင်ချိန်ပြီး အသေရိုက်ထား တာများတယ်၊ ညပိုင်းဆိုရင် ရန်ကုန် မြို့ထဲကနေ မြို့နယ်အချို့ကို ငှားရင် မလိုက်ကြတော့ဘူး၊ ဘယ်လိုပဲဖြစ်စေ နေ့စဉ် ယာဉ် ကြောပိတ်မှုများလာတဲ့ ရန်ကုန်မြို့ပြမှာ ခရီးသွားနဲ့ တက္ကစီ ယာဉ်မောင်းတွေ တစ်ဦးကစေတနာထားပြီး တစ်ဦးကမေတ္တာတရားတုံ့ပြန်မယ်ဆိုရင် အေးချမ်းတဲ့ခရီးစဉ်တစ်ခုကို နှစ်ဦး နှစ်ဖက်ရရှိကြမှာပါ''ဟု မိသားစုငါးဦး၏ ဝမ်းရေးကို ဖြည့်ဆည်း ပေးနေသော အသက် (၄၇ နှစ်)ရှိ ဦးအောင်မိုးက ပြောပြသည်။

တရားဥပဒေစိုးမိုးရေးအတွက်

ရန်ကုန်မြို့ပြတွင် တက္ကစီဖြင့် ခရီးသွားလာမှုသည် ထိရောက်သောဝန်ဆောင်မှုလည်းဖြစ်၍ ခရီးသွားနှင့် ယာဉ် မောင်းများ သွားလာရေးအဆင်ပြေ ချောမွေ့စေရန် အဘက် ဘက်မှ လိုအပ်ချက်များကို ပြုပြင်ဆောင်ရွက်ရန် လိုအပ်နေ လျက်ရှိသည်။ ယာဉ်အ္တရာယ်၊ ယာဉ်ကြောကျပ်တည်းလာမှု၊ ယာဉ်ဖြင့်ခရီးသွားပို့ဆောင်ရေးတွင် မှုခင်းဖြစ်ပွားလာမှု၊ မိမိ၏စီးပွားရေးကြောင့် ခရီးသွားလာစရိတ်ကို တတ်နိုင်သမျှ ချွေတာ သူနှင့် ဈေးနှုန်းမြင့်တက်လာသော ဓာတ်ဆီဈေးနှင့် ယာဉ်ကြော ပိတ်ဆို့မှုကြောင့် လမ်းပေါ်တွင် အချိန်ကုန်သမျှကို ကာမိစေရန် ဈေးတိုးတောင်းသော တက္ကစီသမားတို့ တွေ့ဆုံသောအခါ လူမှုပြဿနာအဖြစ် ဦးတည်တတ်၍ ထိုသို့ဖြစ်စဉ်များ လျော့ကျစေရန် မြို့ပြအင်္ဂါနှင့်အညီ လိုက်ဖက်ညီစေသော မြို့ပြစည်းကမ်းများကို ထိရောက်စွာဆောင်ရွက်ခြင်း၊ တက္ကစီ ပြေးဆွဲမှုကို ထိရောက်စွာ ထိန်းချုပ်ဆောင်ရွက်ခြင်းနှင့် တရားဥပဒေစိုးမိုးရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်း စဉ်များကို ထိရောက်စွာ ဆောင်ရွက်ခြင်းဖြင့် ရန်ကုန်မြို့ပြရှိ တက္ကစီစီးနင်းသောပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ခရီးသွားလာနိုင်မည့် နည်းတူ ယာဉ်မောင်းများမှာလည်း စိတ်သောက ကင်းဝေးစွာဖြင့် ဝန်ဆောင်မှုပေးနိုင်မည်ဖြစ် သည်။
အထူးသဖြင့် နေ့စဉ် ခရီးသွားလာကြသော ရန်ကုန်မြို့ပြနေ ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လုံခြုံစိတ်ချစွာ ခရီးသွားလာနိုင်ရန်နှင့် တက္ကစီယာဉ်မောင်းများအိမ်တွင် စောင့်ကြိုနေ သော မိသားစုထံ နွေးထွေးလုံခြုံစွာဖြင့် ပျော်ရွှင် ချမ်းမြေ့စွာ ဖြတ်သန်းနိုင်စေရန် တစ်ဦးနှင့်တစ်ဦး စာနာ နားလည်မှုများ လိုအပ်လာလျက်ရှိသည်။

သို့ဖြစ်၍ တစ်ဦးကစေတနာ၊ တစ်ဦးက မေတ္တာအရင်းခံဖြင့် အပြန်အလှန်ယုံကြည်မှုထားကာ ရန်ကုန်မြို့ပြနေပြည်သူများ တက္ကစီဖြင့် ခရီးသွားလာရာတွင် လိုရာခရီးသို့ အေးချမ်း ပျော်ရွှင်စွာဖြင့် သွားလာနိုင်ကြပါစေကြောင်း ရေးသားလိုက် ရပါသည်။ ။

မောင်သင်းပျံ့
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အပြန်အလှန်ယုံကြည်မှုဖြင့် ခရီးသွားလာကြမည်ဆိုလျှင် (ဆောင်းပါး) အပြန်အလှန်ယုံကြည်မှုဖြင့် ခရီးသွားလာကြမည်ဆိုလျှင် (ဆောင်းပါး) Reviewed by THITHTOOLWIN on 09:20 Rating: 5
Powered by Blogger.