မြောက်ဦးဖြစ်စဉ် စစ်ဆေးခံပြီးအပြန်မှာ ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံရခြင်းဖြစ်

(ဦးဘိုဘိုမင်းသိုက်အား တွေ့ဆုံဆွေးနွေးပွဲတစ်ခုတွင် တွေ့ရစဉ် ။ ဓာတ်ပုံ - DMG)
မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်မှာ ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သော မြောက်ဦးပဋိပက္ခနှင့် ပတ်သက်ပြီး စစ်ဆေးခံရန် ဇန်နဝါရီလ ၂၅ ရက်နေ့ကတည်းက မြောက်ဦးသို့ ရောက်ရှိနေပြီး တစ်ပတ်ကြာစစ်ဆေးခံပြီးနောက် ဇန်နဝါရီလ ၃၀ ရက်နေ့ မြောက်ဦးမှ စစ်တွေသို့အပြန် ရန်ကုန်-စစ်တွေကားလမ်းဘေး ပုဏ္ဏားကျွန်းမြို့နယ်တွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

ဦးဘိုဘိုမင်းသိုက်ကို ပုဏ္ဏားမြို့နယ် သရက်ချိုကျေးရွာနှင့် ယိုးငူကျေးရွာကြား ကားလမ်းမဘေးတွင် YGN 6K-4396 HONDA CR-V ကားနှင့်အတူ ညနေ ၄ နာရီကျော်က သေဆုံးလျှက်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သက်ရက်ချိုကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကို DMG က ဆက်သွယ်ခဲ့သော်လည်း ယခုအချိန်ထိ ဆက်သွယ်၍ မရသေးပေ။ သို့သော်လည်း ဦးဘိုဘိုမင်းသိုက်သည် လုပ်ကြံခံရခြင်းဖြစ်ပြီး ကားထဲမှာပါလာသော လူသုံးဦးကသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဦးတင်မောင်ဆွေက နိရဉ္စရာသတင်းဌာနသို့ မနေ့က အတည်ပြုပြောကြားထားသည်။

ဦးဘိုဘိုမင်းသိုက်နှင့် ပတ်သက်ပြီး လက်ရှိမြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်က “ မြောက်ဦးကနေ စစ်တွေကိုပြန်တာဟုတ်တယ်။ မြောက်ဦးကို စစ်ဆေးခံဖို့ ၂၅ ရက်နေ့က ရောက်နေတာ။ မနေ့က အပြန်တော့ ကျနော်တို့ကို နုတ်မဆက်ခဲ့ဘူး။ သူပြန်သွားတာ မသိလိုက်ဘူး။ ကျနော်စုံစမ်းတော့ ၂ နာရီကျော်လောက်က ထွက်သွားတယ်လို့ သိရတယ်။ သူနဲ့အတူ နောက်ထပ်လူတွေ ပါသွားတယ်လို့ ကြားထားတယ်။ ဘယ်သူဆိုတာတော့ မသိဘူး။ ကျနော်တို့ဌာနကတော့ မဟုတ်ဘူး။ ကျနော်တို့လည်း စုံစမ်းနေဆဲပါ။ ” ဟု ပြောသည်။

ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံရခြင်းကို အတည်မပြုနိုင်သေးကြောင်း ပုဏ္ဏားကျွန်းမြို့မရဲစခန်း ဂတ်စာရေးက DMG သို့ ပြောသည်။

“ လုပ်ကြံခံရတာလားဆိုတာ အတည်မပြုနိုင်သေးဘူး ခင်ဗျာ။ ကားမှာတခါတည်းပါလာတဲ့ သူတွေက လုပ်တာလား၊ ကားကိုတားပြီး လုပ်တာလား မသိရသေးဘူး။ ကားမှာပါတယ်ဆိုတာကိုလည်း ဘယ်သူဘယ်ဝါဆိုတာ မသိရဘူး။ ဘယ်နှစ်ယောက် ပါလာသလဲ မသိရဘူး။ ကျနော်တို့ စုံစမ်းနေပါတယ်။ ” ဟု ပြောသည်။

ဦးဘိုဘိုမင်းသိုက်၏ ရုပ်အလောင်းကို ပုဏ္ဏားကျွန်းမြို့ပြည်သူ့ဆေးရုံသို့ ယူဆောင်အပြီး ၄င်းစီးနှင်းလာသော CR-V ကား မှာ ညနေ ၇ နာရီအချိန်ခန့်က မီးရှို့ခံခဲ့ရသည်။ လက်ရှိမှာ ဦးဘိုဘိုမင်းသိုက်၏ ရုပ်အလောင်းကို စစ်တွေပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီးဖြစ်သည်။

ဦးဘိုဘိုမင်းသိုက်မှာ ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြောက်ဦးဖြစ်စဉ်နောက်ပိုင်း ရခိုင်ပြည်နယ်ရုံးသို့  လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့ခံထားရသူလည်း ဖြစ်သည်။

 ဇော်ဇော်(မြောက်ဦး)
Development Media Group
http://www.dmediag.com/
မြောက်ဦးဖြစ်စဉ် စစ်ဆေးခံပြီးအပြန်မှာ ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံရခြင်းဖြစ် မြောက်ဦးဖြစ်စဉ် စစ်ဆေးခံပြီးအပြန်မှာ ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံရခြင်းဖြစ် Reviewed by THITHTOOLWIN on 19:39 Rating: 5
Powered by Blogger.