ကျော်ဇင်မန်း၊ နေလင်း(မြစ်မခ)
နာမည်ကျော်
လှည်းတန်းလမ်းစုံထောင့်တွင်ရှိသော အဆောက်အအုံတွင်း မူလဆိုင်ခန်းများတွင်
အခြေချလုပ်ကိုင်သူတို့ ကြုံတွေ့နေရသည့် အခြေအနေမှာ ပြစ်ချက်ရှိသူ
ရှာမတွေ့နိုင်ပဲ အဆုံးသတ်တွင် လူသားခြင်းစာနာထောက်ထားမှုကသာ
အဆုံးအဖြတ်ပေးနိုင်မည့် ဇာတ်လမ်းဖြစ်နေသည်ဟု ပြည်မြန်မာကုန်တိုက်အား
ငှားရမ်းခဲ့သူများက ပြောဆိုလျက်ရှိသည်။
အဆိုပါ အဆောက်အအုံတွင်း
ဖြစ်ပေါ်နေသည့် အခြေအနေမှာ တစ်လိမ်၊နှစ်လိမ် ပွေလိမ်ရှုတ်သည့် ဇာတ်လမ်းဟု
လေ့လာသူတို့က မှတ်ချက်ပြု ပြောဆိုကြပြီး အခွင့်မရှိပဲ ဆင့်ကဲလက်လွဲမှုက
နစ်နာသူများကို ပိုမိုပေါ်ထွက်စေခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
“အဆောက်အအုံက
အစိုးရ ၀န်ကြီးဌာနပိုင် အဆောက်အအုံ၊ လက်လွဲရောင်းချခွင့် မရှိပေမယ့်
ရောင်းရုံတင်မက ၀ယ်တဲ့သူကလည်း ထပ်ဆင့်အငှားချတာတွေ ရှိခဲ့တယ်။နောက်ဆုံး
လေလံစာရင်းထဲပါပြီး လေလံအောင်သူက ဖယ်ခိုင်းချိန်ရောက်တော့ ဇာတ်ရှုတ်မှာ
နစ်နာသူတွေ အစီအရီ ထွက်လာတော့တာပဲ”ဟု အဆိုပါ ပတ်ဝန်းကျင်တွင်
နေထိုင်သူတစ်ဦးကပြောသည်။
အဆိုပါအဆောက်အအုံတွင်း ခါတော်မှီ
အကွက်ရွေ့ခံလိုက်ရသူထဲတွင် ကိုတင်စိုး(အမည်လွဲပြောင်းထား) တစ်ယောက်လည်း
အပါအ၀င်ဖြစ်သည်။ နိုင်ငံပိုင်အဆောက်အအုံများ စာရင်းထဲပါသွားသည်ဆိုသည့်
သတင်းထွက်ပေါ်နေသဖြင့် ထိုအဆောက်အအုံတွင်းမှ တစ်ပါးသူများ
သောကများနေချိန်တွင် ကိုတင်စိုးက အဆောက်အအုံတွင်းမှ ဆိုင်ခန်းကို
ဝယ်ယူမိသူဖြစ်သည်။ထိုဆိုင်းခန်းကိုဝယ်ယူပြီး သုံးနှစ်ပင် မကြာသေး။
လေလံအောင်ထဲပါသွားပြီး ခုတော့ ဖါယ်ရှားပေးရန် အကြောင်းကြားစာ
ထုတ်ခံထားရပြီဖြစ်သည်။ လျော်ကြေး၊ နစ်နာကြေး၊ပြောင်းရွေ့စရိတ် ဘာတခုမှ
မရရှိဘဲ ထွက်ပေးခဲ့ရခြင်းဖြစ်ကြောင်း သူက ပြောပြသည်။
လတ်တလောအထိတော့
ကိုတင်စိုးတစ်ယောက် ဖါယ်ရှားပြောင်းရွေ့ပေးရန်
မတက်နိုင်သေး။ပြောင်းစရာနေရာလည်း သူ့မှာမရှိ။ မှုံဝါးဝါးနိုင်လှသည့်
မျှော်လင့်ချက်ကို ကိုင်စွဲကာ တစ်ရက်မှ ဈေးဦးမပေါက်တော့သည့်
အရောင်းဆိုင်ကို မူလနေရာတွင် ဆက်လက်ဖွင့်ထားဆဲ ဖြစ်သည်။
သူ့ပုံစံကြည့်ရသည်မှာ
မျှော်လင့်ချက်ကို ကိုင်စွဲထားသော်လည်း မရေရာသည့် လျှောက်လမ်းပေါ်ရောက်နေသူ
တစ်ဦးပမာ ဖြစ်နေသည်ကို မျက်ဝန်းများက သက်သေခံလျှက်ရှိနေသည်။
“ပြောင်းစရာနေရာမရှိတော့ဘူးလေ၊
နစ်နာကြေးလေးများရမလားလို့ အသနားခံစာတင်ထားတာပဲ၊
အဲ့တာကိုစောင့်နေကြတာပေါ့၊ တကယ်တော့ကျနော်တို့က နစ်နာနေတာပါ၊
မူရင်းပိုင်ရှင်တွေကတော့ ဆိုင်ခန်းခ ပိုက်ဆံရပြီးပြီဆိုတော့ သူတို့နဲ့
မပတ်သက်သလို နေလို့ရတယ်၊ ကျွန်တော်တို့မှာသာ နစ်နာဆုံးရှုံးနေခဲ့တာ” ဟု
ကိုတင်စိုးကပြောသည်။
ထိုအခြေအနေကို
ရင်ဆိုင်ကြုံတွေ့ရသူများမှာကိုတင်စိုးတစ်ယောက်ထဲမဟုတ်။
ကိုတင်စိုးတို့ဘူမိနက်သန်ဖြစ်သည့် အဆိုပါအဆောက်အအုံတွင်
ဆိုင်ခန်းပေါင်းတစ်ရာနီးပါးရှိရာ လက်ရှိတွင် တစ်ဆယ်ရာခိုင်နှုန်းကျော်သော
ဆိုင်ခန်းးများသာလျှင် ထိုအဆောက်အအုံအနီးတစ်ဝိုက်
ပြန်လည်ဖွင့်လှစ်ထားနိုင်ပြီး ကျန်ကိုးဆယ်ရာခိုင်နှုန်းခန့်မှာမူ
ဆိုင်နေရာအတည်တကျဖြင့် ပြန်လည် ဖွင့်လှစ်နိုင်ခြင်းမရှိသေးပေ။
တစ်နွယ်ငင်တစ်စင်ပါဆိုသကဲ့သို့
ဆိုင်ခန်းများဖွင့်လှစ်နိုင်ခြင်းမရှိသေးချိန်တွင်
ဆိုင်ဝန်ထမ်းအများစုမှာလည်း
၎င်းတို့စားဝတ်နေရေးအတွက်အလုပ်လုပ်ခွင့်ပြန်ရရန်စောင့်မျှော်လျက်ရှိနေကြသည်။
̏
အချို့က ပြန်မဖွင့်နိုင်သေးပေမယ့်
ပြန်ဖွင့်နိုင်ရင်အဆင်သင့်ဖြစ်အောင်ဝန်ထမ်းတွေဆက်ခန့်ထားသေးတယ်။
အများစုကတော့ ဘယ်လိုလုပ်ဆက်ခန့်ထားနိုင်ပါတော့မလဲဗျာ ̋ ဟု
အဆိုပါအဆောက်အအုံတွင် ဆက်လက်အခြေချနေဆဲဖြစ်သူတစ်ဦးကပြောသည်။
ဆိုင်ခန်းပိုင်ရှင်များအနေဖြင့်
လက်ရှိတွင် နှစ်ရှည်လုပ်ကိုင်မှုကိုထောာက်ထားသည့် အနေဖြင့်
ပြောင်းရွေ့စေမှုအတွက် နစ်နာကြေး ရလိုကြောင်းကို သက်ဆိုင်ရာဌာနအဆင့်ဆင့်မှ
သမ္မတထံအထိ စာပို့ထားပြီး တုံ့ပြန်လာမည့် ရလဒ်ကို စောင့်မျှော်နေကြသည့်
အခြေအနေဖြစ်နေသည်။လက်တွေ့အခြေအနေတွင်မူ စာချုပ်ပါ အကြောင်းအရာတို့က
သူတို့မျှော်လင့်ချက်ကို ကိုင်လှုတ်လျှက်ရှိနေသည်။
ဆိုင်ခန်းပေါင်း
တစ်ရာနီးပါးဖြင့် စုပေါင်းထားသည့် အဆိုပါခုနှစ်လွှာအဆောက်အအုံ၏
မူလပိုင်ရှင်မှာ အစိုးရ၀န်ကြီးဌာန တစ်ခုမှဖြစ်ပြီး ၀န်ကြီးဌာကအနေဖြင့်
ကာလသတ်မှတ်ချက်ဖြင့် ဆိုင်လုပ်ငန်းရှင်များသို့ ဌားရမ်းလုပ်ကိုင်ခွင့်
ပြုထားခြင်းဖြစ်သည်။
နောက်ပိုင်း ကာလတာရှည်လာသည့်အခါ ဌားရမ်းလုပ်ကိုင်ခွင့် ရရှိထားသူတို့က လက်လွဲရောင်းချမှုများ ရှိလာခဲ့သည်။
̏အများစုကတော့
အဆောက်အအုံတွင်း ဆိုင်ခန်းတွေ အကြီးစားပြင်ဆင်မှုပြုလုပ်ချိန်မှာ
အရောင်းအ၀ယ်ဖြစ်ခဲ့တာပဲ̋ ဟု ထိုအဆောက်အအုံတွင် သက်တမ်းရှည်
ဆိုင်ဖွင့်လှစ်ခဲ့သူတစ်ဦးက ပြောသည်။သူတို့ထံတွင် မူရင်ပိုင်ရှင်များထံမှ
ဝယ်ယူထားသော စာချုပ်စာတမ်းများလည်း ရှိကြောင်း ပြောပြသည်။
လွန်ခဲ့သည့်
ခြောက်နှစ်တာကာလက အဆောက်အအုံတွင်း ဆိုင်ခန်းများကို ပုံစံတူ တစ်ပြေးညီ
ဖြစ်စေရေန် ပြန်လည် တည်ဆောက်ခဲ့ကြောင်း သိရသည်။ ထိုစဉ်က
ပြန်လည်တည်ဆောက်မှုအတွက် ကုန်ကျစရိတ်တို့ကို ကနဦး ဌားရမ်းလုပ်ကိုင်ခွင့်
ရသူတို့က ကျခံခဲ့ရခြင်း ဖြစ်ရာ ထိုအခြေအနေက ဆိုင်ခန်းများ
လက်လွဲရောင်းချရာတွင် ယုံကြည်မှုကို အထောက်အကူ ဖြစ်စေခဲ့သည်။
“
အကြီးစားပြင်ဆင်မှုအတွက် ကန်ထရိုက်နဲ့လွှဲပြီး ကုန်ကျစရိတ်ကို
ဆိုင်ခန်းငှားထားသူတွေက အကုန်ကျခံရတာဆိုတော့
ဌားရမ်းလုပ်ကိုင်ခွင့်ရထားသူတွေကို ပိုင်ရှင်လို့ထင်မှတ်ကြပြီး
အဲ့ဒီကာလမှာ အရောင်းအ၀ယ်တော်တော်လေး ဖြစ်ခဲ့တာ” ဟု ကျပ်သိန်း ၇၀ ဖြင့်
ဆိုင်ခန်းကို ၀ယ်ယူမိခဲ့သူတစ်ဦးက ပြောသည်။
မူလပိုင်ရှင်
ဝန်ကြီးဌာနနှင့် ကနဦး ဌားရမ်းခွင့် ရသူတို့ ချုပ်ဆိုထားသည့် စာချုပ်တွင်
ဆိုင်ခန်းမျာား ပြင်ဆင်ရန် လိုအပ်ပါက ဌားရမ်းသူဖက်မှ ကျခံရမည်ဆိုသည့်
အချက်အလက်ပါဝင်သော်လည်း အထက်ပါကဲ့သို့ ဆိုင်ခန်းများ တစ်ပြေးညီပုံစံတာူ
ဖြစ်စေရန် ပိုင်ရှင်၏ မူဝါဒဖြင့် ပြင်ဆင်တည်ဆောက်မှု အတွက်မူ ငှားရမ်းခွင့်
ရထားသူမှ ကျခံရန် အကြောင်းရှိမရှိဆိုသည့် ဆိုင်ရှင်ဆိုင်ငှား
နှင့် ပတ်သတ်သော ဥပဒေကို ဆိုင်ငှားသူတို့ဖက်မှ ရှင်းရှင်းလင်းလင်း
သဘောပေါက် နားလည်ခဲ့ပုံမရ။
ထိုအချိန်မှ စတင်ပြီး
အဆိုပါအဆောက်အအုံတွင်းမှ ဆိုင်ခန်းများအရောင်းအ၀ယ် တွင်ကျယ်ခဲ့သည်မှာ
ဆိုင်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၇၀ မှ သိန်းတစ်ရာ ၀န်းကျင်အထိ
ပေါက်ဈေးရှိလာခဲ့ခြင်းဖြစ်သည်။
ဆိုင်ခန်းဝယ်ယူ
သူတို့အနေဖြင့်လည်း ဆိုင်ခန်းများမှာ ၀န်ကြီးဌာနပိုင်ဟု သိရှိထားကြသော်လည်း
အကြီးစားပြင်ဆင်မှုတွင် ဌားရမ်းသူတို့မှ ကျခံရခြင်းအပါအ၀င်
အရောင်းအ၀ယ်ပြုလုပ်သည့် စာချုပ်ထဲတွင်လည်း အဆောက်အအုံနှင့်
တိုက်ရိုက်သက်ဆိုင်သည့် ၀န်ကြီးဌာန ၀န်ထမ်းတစ်ချို့၏ သက်သေအဖြစ်
ပါဝင်လက်မှတ်ရေးထိုးထားမှုက အရောင်းအ၀ယ်စာချုပ်ကို ခိုင်မာစေသည်ဟု
မှတ်ယူစေခဲ့သည့် အဓိက အကြောင်းရင်း ဖြစ်စေခဲ့သည်။
ဆိုင်ခန်းတို့၏
လက်လွဲရောင်းချမှုတို့က ထိုမျှနှင့်မရပ်။ဝယ်ယူမိထာားသူတို့က
နှစ်ချုပ်တို့ဖြင့် တစ်ဆင့်ပြန်လည်ဌားရမ်း ခဲ့သည်များလည်း
ရှိပြန်သည်။ဆိုင်ခန်းများ ပုံမှန်ဌားရမ်းလုပ်ကိုင်ခွင့်ပြုထားသည့်
ကာတစ်လျှောက်တွင်တော့ ထိုဇာတ်လမ်းတို့က တည်တည်ငြိမ်ငြိမ် ရှိနေခဲ့သည်။
သို့သော်
ထိုအဆောက်အအုံကို နိုင်ငံပိုင်အဖြစ် လေလံတင်ခဲ့ပြီး
လေလံအောင်ခဲ့သူပိုင်ရှင် အပြောင်းအလဲ ဖြစ်လာသည့်
တစ်လိမ်၊နှစ်လိမ်ပွေလိမ်ရှုတ်သည့် ဇာတ်ထုတ်က ပေါ်လာခြင်းဖြစ်ကြောင်း
သိရှိရသည်။ နှစ်ချုပ်ဖြင့် ဌားရမ်းမိထားသူတို့က ငွေကြိုတင်ပေးထားသည်တို့ကို
ပြန်မရ။ဝယ်ယူထားမိသူတို့ကလည်း ၀ယ်ယူထားပါသည် ဆိုသည့် ဆိုသည့်
ဆိုင်ခန်းကို လက်လွှတ်လိုက်ရသဖြင့် နှစ်ချုပ်ငှားထားသူတို့ကို
ဖြေရှင်းမပေးနိုင်။ဆိုင်ခန်းရောင်းချလိုက်သည့် မူလဌားရမ်းလုပ်ကိုင်ခွင့်
ရထားသူတို့ကလည်း ၀န်ကြီးဌာနမှ စာချုပ်ပါအတိုင်း
ပြန်လည်သိမ်းဆည်းခြင်းဖြစ်သဖြင့် မတက်နိုင်သည့် အနေအထား။ထိုအချိန်မျိုးတွင်
အရောင်းအ၀ယ်ပြုလုပ်စဉ်က သက်သေအဖြစ်ပါဝင်လက်မှတ်ထိုးထားသူတို့မှာလည်း
ပေါ်မလာနိုင်တော့။
နောက်ဆုံးတွင် နစ်နာနေသော ဆိုင်ခန်းလက်မဲ့ဖြစ်သူတို့မှာ သမ္မတထံ အသနားခံစာအနေဖြင့် နစ်နာကြေး ရလိုပါကြောင်း စာတင်တောင်းရတော့သည်။
“
ဥပဒေကြောင်းအရ ကြည့်ရင်တော့ လက်ရှိဆိုင်ခန်းလက်လွှတ်လိုက်ရတဲ့ သူတွေမှာ
အခွင့်အရေးက နည်းပါလှပါတယ်။ဒါပေမယ့် လူမှုရေး ရှုထောင့်က ကြည့်မယ်ဆိုရင်
လက်လွတ်စပါယ် လုပ်ရပ်ကလည်း မသင့်တော်တဲ့ အနေအထားပါ” ဟု ထိုအဖြစ်အပျက်ကို
စောင့်ကြည့်လျှက်ရှိသူတစ်ဦးက မှတ်ချက်ပြုပြောသည်။ အဆုံးသတ်တွင်တော့
လူသားချင်း စာနာထောက်ထားမှုကပင် အဆုံးအဖြတ်ပေးနိုင်တော့မည် ဖြစ်ပါသည်။
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆိုင်ခန်းပိုင်ရှင်များက အကြိမ်ကြိမ်
ကန့်ကွက်နေသော်လည်း ရန်ကုန်မြို့ ပြည်မြန်မာ ကုန်တိုက်ဝင်းကို
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ချိတ်ပိတ်လိုက်ပြီ
ဖြစ်သည်။
စီးပွားကူးသန်းဝန်ကြီးဌာနက ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံရှိ ကုန်တိုက်ဝင်း တံခါးများကို တနင်္ဂနွေနေ့
ညနေ
၆ နာရီတွင် ပိတ်ပစ်လိုက်ကာ “ ဤအဆောက်အဦးသည် နိုင်ငံတော်ပိုင် အဆောက်အဦး
ဖြစ်သည် မည်သူမျှ ကျူးကျော် ဝင်ရောက်ခြင်း မပြုရ ဝင်ရောက်ပါက ဥပဒေအရ
အရေးယူခြင်းခံရမည်” ဟု စာကပ်ထားသည်။
သို့သော်လည်း ကုန်တိုက် ပရဝဏ်အတွင်းရှိ ဆိုင်ခန်း ၉၈ ခန်းအနက် ဆိုင်ခန်း သုံးခန်းမှာ ဆက်လက် ဖွင့်ထားဆဲ
ဖြစ်သည်။
“ အစိုးရပိုင်းက တစုံတခု မပြောမချင်း ဒီနေရာက ကျနော်တို့ လုံးဝမဖယ်ဘူး ” ဟု ဆိုင်ခန်းဖွင့်ထားဆဲ ဆိုင်ရှင် တဦးက ပြောသည်။
အထပ်
ရှစ်ထပ်ရှိ ကုန်တိုက် အဆောက်အဦးကို မတ်လ တတိယပတ်အတွင်း MMRD Co.Ltd
ကုမ္ပဏီနှင့် AA Medical Product Co.Ltd ကုမ္ပဏီတို့မှ ကျပ်သိန်းပေါင်း
လေးသောင်း တထောင်ဖြင့် ဝန်ကြီးဌာနမှ လေလံအောင်ခဲ့သည်။ ထို့နောက်ကုန်တိုက်
ပရဝဏ်အတွင်းရှိ ဆိုင်ခန်းများကို ဖယ်ရှားခိုင်းခဲ့သည်။
ဆိုင်ခန်းရှင်များမှ
နစ်နာမှုအတွက် လျော်ကြေး သို့မဟုတ် နေရာအစားထိုးရရန် ဆိုင်ခန်းရှင်များက
အာဏာပိုင်များ၏ ကြားဝင်မှုကို တောင်းဆိုခဲ့သော်လည်း လစ်လျူရှုခံနေရသည်။
ဆိုင်တခန်းချင်းစီအတွက်
ကျပ်ငွေ သိန်း ၁၀၀ စီ သို့မဟုတ် ဆိုင်ခန်းအစားထိုး သို့မဟုတ်
ဝါတွင်းကာလအတွင်း ဆက်လက် ဖွင့်လှစ်ရောင်းချခွင့် တို့ကို နိုင်ငံတော် သမ္မတ
အပါအဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ
အစိုးရဌာန အသီးသီးသို့ အသနားခံစာများ ဧပြီ ပထမပတ် ကတည်းက တင်ပြထားကြသည်။
ယခုအချိန်တွင် အစိုးရဌာနဆိုင်ရာ အသီးသီးသို့ အသနားခံစာများ တင်ပြထားသည်မှာ ၁၉ ကြိမ်ရှိပြီဟုလည်း ဆိုင်ခန်းရှင်များက ဆိုကြသည်။
ဆိုင်ခန်းရှင်အချို့က ရန်ကုန်တိုင်း ကုန်သွယ်ရေး ညွှန်ကြားရေး ဦးစီးဌာန ရုံးသို့ ဆိုင်ခန်းများ သွားရောက် အပ်ပြီး
ဖြစ်သော်လည်း ကျန်သူများမှ သွားရောက် အပ်နှံခြင်း မရှိသေးဘဲ စောင့်ဆိုင်းနေသည်။
ပြည်မြန်မာကုန်တိုက်
လေလံအောင်သူမှ လေလံအောင် ဧရိယာ အကျယ်အဝန်းဖြစ်သည့် ပေ ၈ဝ၊ ပေ ၁၂ဝ
အကျယ်အဝန်းအတွင်း သာမက ကျန်ဧရိယာအတွင်းရှိ ဆိုင်ခန်းများကိုလည်း ဖယ်ရှားရန်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ မေလကုန်တွင်
ဖိအားပေးခဲ့ခြင်းကြောင့်လည်း လေလံအောင်သူမှာ
လေလံအောင် ဧရိယာထက် ပိုယူသည်ဟု ဆိုင်ခန်းရှင်များမှ စွပ်စွဲကြသည်။
ကမာရွတ်မြို့နယ် အမှတ် ၈၁၊ အင်းစိန်လမ်းနှင့် လှည်းတန်းလမ်းထောင့်ရှိ ထိုပြည်မြန်မာ အဆောက်အဦးကို
နိုင်ငံပိုင် အဆောက်အဦးများ ရောင်းချရေး ကော်မတီမှ ယခုနှစ် ဖေဖေါ်ဝါရီလ ဒုတိယပတ်က လေလံတင်
ရောင်းချခဲ့ခြင်း ဖြစ်သည်။
၁၃၊
၂၊ ၂ဝ၁၁ နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖေါ်ပြချက်အရ လေလံတင်သည့်
အဆောက်အဦးမှာ ရှစ်ထပ်အမြင့်ရှိ ပြည်မြန်မာ ကုန်တိုက်ဖြစ်ပြီး
မြေအကျယ်အဝန်းမှာ ပေ ၁၂ဝ၊ ပေ ၈ဝ ဖြစ်သည်။
ပြည်မြန်မာကုန်တိုက် ပရဝဏ်၏ စုစုပေါင်း အကျယ်အဝန်းမှာ ၁,၉၄၂၇.၇၆ ဧရိယာ စတုရန်းပေရှိသည်ဟု ဆိုင်ခန်းရှင်များက မဇ္ဈိမကို ပြောကြသည်။