ကချင်တိုက်ပွဲကြောင့် ဒုက္ခသည် တိုးပွား

kachin_refugees_watching_KIA_cable_channel
E-mail Print
ကချင်ပြည်နယ် တိုက်ပွဲများကြောင့် ယခုရက်ပိုင်းအတွင်း အရပ်သား အများအပြား လိုင်ဇာ၊ မိုင်ဂျာယမ် စသည့် ဒေသများသို့ ထပ်မံ ထွက်ပြေးနေကြကြောင်း သိရသည်။


ကချင် လွတ်လပ်ရေး တပ်မတော် ( KIA) ထိန်းချုပ်ရာ လိုင်ဇာဒေသတ၀ိုက်သို့ သွားရောက် ခိုလှုံသူ ၁၆၀၀၀ ကျော် ရှိနေရာမှ ယခု အရေအတွက် နှစ်သောင်းဝန်းကျင် ရှိနေသည်ဟု  သိရသည်။

“ပြီးခဲ့တဲ့ ၂ ရက် အတွင်းမှာ ဗန်းမော်ဒေသ နဲ့ မြစ်ကြီးနားဘက်က ဒုက္ခသည်တွေ ထောင်ချီပြီး ထွက်ပြေးလာကြတယ်” ဟု လိုင်ဇာရှိ ကချင် စစ်ပြေးဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေးအဖွဲ့မှ ကိုလာရစ်က ဧရာဝတီကို ပြောသည်။

စစ်ပြေးသူများထဲတွင် ပူတာအိုခရိုင်၊ မိုးညှင်းခရိုင်တို့မှ ပြည်သူများလည်း ပါဝင်သည်ဟု ကိုလာရစ်က ဆက်ပြောသည်။

စစ်ပြေး ဒုက္ခသည်များအတွက် KIA အပါအ၀င် ဒေသခံအဖွဲ့တချို့၊ ဘာသာရေးအဖွဲ့ တချို့က လုပ်ဆောင်ပေးနေသော်လည်း  နေထိုင် စားသောက်ရေးအတွက် ခက်ခဲနေကြောင်း၊ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ၏ အကူအညီများ မရရှိသေးကြောင်း သိရသည်။

ယူနန်ပြည်နယ် အာဏာပိုင်တို့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဒုက္ခသည်များအတွက်  ဆေးဝါးတချို့ လှုဒါန်းခဲ့ကြောင်း ကိုလာရစ်က ဆိုသည်။

ဇူလိုင် ၁၉ ရက်နှင့် ၂၀ တို့၌ လိုင်ဇာမြို့ အနောက်ဘက်ရှိ ကေအိုင်အေ စခန်းတခုသို့ အစိုးရတပ်က အမြောက်များဖြင့် ပစ်ခတ်ပြီး နောက်ပိုင်း ထိုဒေသရောက်  ဒုက္ခသည် အများအပြား နယ်စပ်ဖြတ်ကျော် ထွက်ပြေးကြရာ တရုတ်အာဏာပိုင်များက လက်ခံခဲ့ကြောင်း သိရသည်။

ဤအတောအတွင်း အစိုးရတပ်က  ၀ိုင်းမော်မြို့နယ် အတွင်းမှ ဂါးရာယန်၊ ကဇူး၊ တဘတ်ချောင်း စသည့် ကျေးရွာတို့တွင် နေထိုင်သူများအား ရွာမှ ထွက်ခွာကြရန် အမိန့်ထုတ်ထားသည်ဟု သိရကြောင်း KIA ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က ဧရာဝတီကို ပြောသည်။

“အိမ်ခြေ တထောင်ကျော် ၀န်းကျင် ရှိပါတယ်၊ ဒီလူတွေကို ဒီနေ့ အပြီး ရွာကနေ ဖယ်ခိုင်းထားတယ်၊ မြေလှန် စစ်ဆင်ရေး လုပ်တဲ့ သဘော ထင်ပါတယ်” ဟု ဦးလနန်က ဆိုသည်။

ပြီးခဲ့သည့်လကုန်ပိုင်းက KIA နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များ တကြိမ် တွေ့ဆုံ စကားပြောခဲ့သော်လည်း အပစ်အခတ် ရပ်စဲရေးအတွက်  သဘောတူညီမှု  မရကြသေးပေ။

“အစိုးရအဖွဲ့နဲ့ ဆွေးနွေးခဲ့ပေမယ့် ဘာမှ ရေရေရာရာ မရှိခဲ့ပါဘူး၊ ဒီရက်ပိုင်းမှာ တိုက်ပွဲတွေ ထပ်ဖြစ်နေဆဲပါ၊ အစိုးရဘက်က စစ်ဆင်ရေးတွေ ဆက်တိုက် လုပ်လာပါတယ်”ဟု  ဦးလနန်က ဆက်ပြောသည်။

ဇူလိုင်လ ၂၃ ရက်နေ့တွင် အစိုးရက  KIA သို့ စာတစောင် ပို့လာပြီး ထိုစာတွင် ပြည်နယ် အတွင်း ဖြစ်ပေါ်နေသော အခြအနေများအတွက် ဆွေးနွေးရန် ရေးသားထားကြောင်း သိရသည်။

“ကျနော်တို့က တနိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံရေးအရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ချင်တယ်၊ သူတို့က ကချင်ဒေသ တခုပဲ လုပ်ချင်နေတယ် ဆိုတော့ သဘောတူညီမှု မရသေးဘူးပေါ့” ဟု ဦးလနန်က ဆိုသည်။

စေ့စပ်ဆွေးနွေးရေးအတွက် ကချင်ပြည်နယ်အစိုးရက အဓိက လုပ်ဆောင်နေကြောင်း၊ KIA ကမူ  ခိုင်မာသော အာမခံချက်များ ရနိုင်ရေးအတွက် ဗဟိုအစိုးရ ကိုယ်စားပြုသူများနှင့်သာ ဆွေးနွေးလိုကြောင်း  ဦးလနန်က ရှင်းပြသည်။

KIA သည် ၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် အခြေစိုက် လှုပ်ရှားခဲ့သည်။ ၁၉၉၄ တွင် မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး တည်ဆောက်ခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့်လတွင် တိုက်ပွဲများ ပြန်လည် ပေါ်ပေါက်လာသည်။
ကချင်တိုက်ပွဲကြောင့် ဒုက္ခသည် တိုးပွား ကချင်တိုက်ပွဲကြောင့် ဒုက္ခသည် တိုးပွား Reviewed by သစ်ထူးလွင် on 18:13 Rating: 5
Powered by Blogger.