ရွေးကောက်ပွဲအောင်နိုင်ရေး ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်မည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး။ (မေ ၃၁၊ ၂၀၁၅/ ဓာတ်ပုံ- The Union Daily)
၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး လက်ရှိအာဏာရ ပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ကိုယ်တိုင် ပါတီအောင်နိုင်ရေး ဗဟိုကော်မတီဖွဲ့ပြီး ဦးဆောင်ဆောင်ရွက်မှာ ဖြစ်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ပြောဆိုလိုက်ပါတယ်။ နေပြည်တော်ပါတီဌာနချုပ်မှာ သုံးရက်တာ ကျင်းပခဲ့တဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ လာမယ့် ၂၀၁၅ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ ပါတီ ကိုယ်စားလှယ်လောင်းရွေးချယ်မှု မူဘောင်သတ်မှတ်နိုင်ရေး အဓိကဆွေးနွေးခဲ့ကြတာဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ပါတီဝင်အဖြစ် ဝင်ရောက်အရွေးခံမယ်ဆိုရင် ပါတီက ကြိုဆိုမှာဖြစ်တယ်လို့ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဗဟိုကော်မတီဝင်က ပြောဆိုလိုက်ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်ကတင်ပြပေးထားပါတယ်။

အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာ ကျင်းပဖို့ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်က ကြေညာထားတဲ့ ၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုဆိုင်ရာ အခြေခံ မူဝါဒ သတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ စတုတ္ထအကြိမ် ဗဟိုကော်မတီ အစည်းအဝေးမှာ အတည်ပြုချမှတ်လိုက်ပြီဖြစ်ပါတယ်။

ဗဟိုကော်မတီအစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ပါတီကိုယ်စားလှယ်ရွေးချယ်မှု - မူ တွေနဲ့ပတ်သက်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ က ဦးအောင်သောင်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူတဲ့ ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ အတွင်းရေးမှူးလည်းဖြစ် မန္တလေးတိုင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်မှုကတော့ ၂၀၁၀ တုန်းက သက်ဆိုင်ရာမဲဆန္ဒနယ်မြေအလိုက် ဝင်ထားတဲ့ပုဂ္ဂိုလ်တွေရှိတယ်။ အခု သူတို့ လက်ရှိ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်တွေမှာ ကျနော်တို့ ငါးနှစ်သက်တမ်းမှာ တာဝန်ယူနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်။ အဲဒီလူတွေကို ကျနော်တို့ ဆန္ဒမေးထားတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ဆက်လက်အရွေးခံလိုခြင်း ရှိမရှိ၊ ကျန်းမာရေး ကောင်းမကောင်းပေါ့လေ။ အဲလိုတွေ မေးထားတာရှိတယ်။ ကျနော်တို့က ဗဟိုအလုပ်အမှုဆောင်ကော်မတီကနေ ရွေးချယ်ဖို့အတွက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ CEC ကို ကျနော်တို့က တာဝန်လွှဲလိုက်တာပါပဲ။ မကြာခင်မှာ CEC ကနေပြီးတော့ ဒါကို ထုတ်ပြန်ပေးမှာဖြစ်အပါတယ်။”

၂၀၁၀ ရွေးကောက်ပွဲတုန်းက အနိုင်ရပါတီဖြစ်ခဲ့ပြီးတော့ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် - လက်ရှိပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်တဲ့ အောင်နိုင်ရေး ဗဟိုကော်မတီဖွဲ့ ပြီး ပါတီအောင်နိုင်ရေး ဆောင်ရွက်နေပါတယ်လို့ သူက ပြောပါတယ်။

“၂၀၁၀ မှာ အပြတ်အသတ် Landslide နိုင်ပြီးတော့ ကျနော်တို့က အစိုးရဖွဲ့နိုင်တာ။ ၁၅ မှာလည်း နိုင်ဖို့အတွက် အောင်နိုင်ရေးပါတီဆိုတာ အခု လက်ရှိ လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်း ခေါင်းဆောင်ပြီးတော့ ကျနော်တို့ အောင်နိုင်ရေးကော်မတီပြန်ဖွဲ့ပါတယ်။ ပြန်ဖွဲ့တာမှာ တိုင်းနဲ့ပြည်နယ်က ပါတီဥက္ကဋ္ဌတွေလည်း ပါပါတယ်။ တိုင်းနဲ့ပြည်နယ် ပါတီဥက္ကဋ္ဌတွေဟာဆိုရင် လက်ရှိ ကျနော်တို့ပါတီရဲ့ဝန်ကြီးချုပ်တွေဖြစ်ပါတယ်။ ကျနော်တို့ပါတီက ဖြစ်ပါတယ်။ အားလုံး-ကျနော်တို့ ပြည်သူရဲ့ယုံကြည်မှုရအောင်၊ ပြည်သူတွေရဲ့ Mandate ပေးနိုင်အောင် ကျနော်တို့က ၁၅ မှာလည်းရအောင် ကျနော်တို့က ကြိုးစားမှာဖြစ်ပါတယ်။”

လာမယ့် ၂၀၁၅ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီဘက်ကနေ တပ်မတော်သားတွေက ပါတီဝင်အဖြစ် ကိုယ်စားလှယ်လောင်း ရွေးချယ်ယှဉ်ပြိုင်ဖို့ ရှိပါသလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့-

“တပ်မတော်သားတွေဆိုတာလည်း ပြည်သူထဲက ပြည်သူတယောက်ဖြစ်ပါတယ်။ ကိုယ်က တပ်မတော်မှာတာဝန်မထမ်းဆောင်လိုတော့ရင် တပ်မတော်ကနေ နုတ်ထွက်ခွင့်တောင်းပြီးတော့ အရပ်သားတယောက်၊ ပြည်သူတယောက်ဖြစ်သွားတဲ့အတွက် မိမိကြိုက်နှစ်သက်ရာပါတီတခုမှာ ဝင်ရောက်ပြီးတော့ နိုင်ငံရေးကိုဆောင်ရွက်လို့ရပါတယ်။ ဒါ သူ့ရဲ့ right ပါ။ တကယ်တန်းကျတော့လည်း တပ်မတော်နဲ့ကျနော်တို့ပါတီနဲ့ဟာ ၁၉၉၃ အမျိုးသားအသင်းကြီးစတင်ဖွဲ့စည်းစဉ်ကတည်းက ကျနော်တို့ရဲ့နာယကတွေဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်က အကြီးအကဲတွေဖြစ်ပါတယ်။ တပ်မတော်နဲ့ကျနော်တို့နဲ့က အဆက်ဆက်ကတည်းက အဆင်ပြေချောမွေ့ခဲ့တဲ့ နှစ်ဦးနှစ်ဘက် ဆက်ဆံရေးကောင်းခဲ့တဲ့ ပါတီများထဲက တခုဖြစ်ပါတယ်။”

အခုလို တပ်မတော်နဲ့ပြည်ခိုင်ဖြိုးပါတီရဲ့ အမျိုးသားအကျိုးစီးပွား ပတ်သက်မှုတွေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဘက်ကနေ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံဖို့ ရှိပါသလားဆိုတော့ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ အငြိမ်းစားယူပြီး ပြည်ခိုင်ဖြိုးပါတီကို ဝင်ရောက်လာမယ်ဆိုရင် ကြိုဆိုရမှာဖြစ်တယ်လို့ အခုလိုဖြေပါတယ်။

“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လက်ရှိတာဝန်ယူနေတဲ့ DSA အပတ်စဉ် ၁၉ ကဖြစ်ပါတယ်။ ပင်စင်ယူလိုက်ရင် သူက အရပ်သားတယောက် ဖြစ်သွားတဲ့အတွက် မည်သည့်ပါတီကိုမဆို သူဝင်လို့ရပါတယ်။ လက်ရှိနိုင်ငံ့ဝန်ထမ်းတယောက်အနေနဲ့တော့ ပါတီဝင်လို့မရဘူး။ သူ့ရဲ့တဦးချင်း စဉ်းစားဆုံးဖြတ်မှုအပေါ်မှာပဲ မူတည်မှာပါ။ ကျနော်တို့ဘက်က ပြည်ခိုင်ဖြိုးဘက်က အဲဒီလို တပ်မတော်ကနေအနားယူပြီးတော့ ဝင်လာမယ်ဆိုရင်လည်း ကျနော်တို့က ကြိုဆိုရမှာပါ။”

အရပ်သားအစိုးရ လက်ထက် ပထမဆုံးအကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲဖြစ်တဲ့ အတွက် လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ တရပ်ဖြစ်ပေါ်လာနိုင်ရေး အနိုင်ရ အာဏာရပါတီပြည်ခိုင်ဖြိုးပါတီဘက်က ဘယ်လို ပူးပေါင်းဆောင်ရွက်မှုရှိနိုင်ပါသလဲဆိုတာ သူက အခုလိုရှင်းပြပါတယ်။

“၂၀၁၅ ရွေးကောက်ပွဲဟာ အပြည်ပြည်ဆိုင်ရာက စောင့်ကြည့်အဖွဲ့တွေလည်း ဖိတ်ထားတယ်။ လွတ်လပ်ပြီးတော့ ပွင့်လင်းမြင်သာစွာလုပ်ပေးဖို့ ပြည်သူလူထုကလည်းတောင်းဆိုတယ်။ တခြားပါတီတွေကလည်း တောင်းဆိုတယ်။ ကျနော်တို့ ပါတီအနေနဲ့လည်း လွတ်လပ်ပွင့်လင်းစွာ၊ တရားမျှတစွာ ရွေးကောက်ပွဲတခုဖြစ်ဖို့နဲ့ ရွေးကောက်ပွဲအပြီးမှာလည်း တည်ငြိမ်အေးချမ်းတဲ့အစိုးရတခု- နော်- ဖြစ်ဖို့ဆိုပြီးတော့ အတည်ပြုဆုံးဖြတ်ချက် ရှေ့လုပ်ငန်းစဉ်ထဲမှာလည်း တခုပါပါတယ်ဗျာ။”

မေလ ၂၉ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိ နေပြည်တော် ပါတီဌာနချုပ်မှာ ကျင်းပတဲ့ ပါတီဗဟိုကော်မတီဝင် စတုတ္ထအကြိမ် အစည်းအဝေးကို တိုင်းနဲ့ပြည်နယ်အသီးသီးက ဗဟိုအလုပ်အမှုဆောင် ၊ ဗဟိုကော်မတီဝင်နဲ့ အရံဗဟိုကော်မတီဝင် စုစုပေါင်း ၂၈၂ ယောက် တက်ရောက်ခဲ့ပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဒီမိုကရက်တစ် သမ္မတလောင်းနောက်တစ်ဦး ပေါ်ထွက်လာ


အမေရိကန် ပြည်ထောင်စု မှာ တော့ မေရီလဲန် ပြည်နယ်ရဲ့ အုပ်ချုပ်ရေး မှုး အဖြစ် လုပ်ဆောင်ခဲ့ ဖူးတဲ့ Martin O'Malle ဟာ ဒီ မိုကရက် တစ် ပါတီ ရဲ့ သမ္မတ လောင်း ဖြစ် လာ ဖို့ ဝင်ရောက် ယှဉ် ပြိုင် မှာ ဖြစ်ပါတယ်။

အသက် ၅၂ နှစ် အရွယ် မစ္စတာ အိုမာလီ ဟာ ဘော်လ်တီမော မြို့တော်ဝန် လည်း ဖြစ်ခဲ့ ဖူးပြီး ဒီမိုကရက်တစ် သမ္မတ လောင်း ဖြစ်ဖို့ ဟီလာရီ ကလင်တန် ဆီနိတ်တာ ဘာနီ ဆဲန်ဒါစ် တို့နဲ့ ယှဉ်ပြိုင် ရ မှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ နေရာ ဆိုတာ တော်ဝင် မိသားစု ၂ ခု အကြား လက်ပြောင်း ရယူ တဲ့ သရဖူ မဟုတ် ဘူး လို့ မစ္စတာ အိုမာလီ က ပြောပါတယ်။

ဒါ ကတော့ ရီပတ်ဘလီကဲန် သမ္မတ လောင်း ဖြစ်ဖို့ တာစား နေတဲ့ ဘွတ်ရှ် မျိုး နွယ် ဆက် Jeb Bush နဲ့ သမ္မတ ကတော် ဖြစ် ဖူးတဲ့ Mrs ကလင်တန် တို့ ကို ရည်ညွှန်းပြီး ပြောတာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
 

ကြေးနီစီမံကိန်းမှ လျော်ကြေးရဖို့ လွှတ်တော်မှာ တင်ပြသွားမည်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ဒေသခံ တောင်သူလယ်သမားတွေနဲ့ စီမံကိန်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဧပြီလ ၂၅ ရက်နေ့က တွေ့ရပုံ Photo: RFA
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းက မြေ ယာလျော်ကြေးရဖို့ တောင်းဆိုနေတဲ့ ဒေသခံတွေ ရဲ့ တောင်းဆိုချက်တွေကို ပြည်သူ့လွှတ်တော်မှာ တင်ပြသွား မှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

ဒီကနေ့ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာမှာ လယ်အသိမ်းခံထားရတဲ့ ဒေသခံတောင်သူ ၁ဝဝ ကျော်နဲ့ တွေ့ ဆုံခဲ့ပြီး ဒေသခံတွေရဲ့ပြောကြားချက်တွေကို နားထောင်ခဲ့ပြီး လွှတ်တော်မှာ တင်ပြဖို့ ကြိုးစားသွားမယ်လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ပြောပါတယ်။

"မြန်မာယန်စီကုမ္ပဏီနဲ့ ပတ်သက်ပြီးတော့ စံပယ်တောင်၊ ကြေးစင်တောင်ဘက်က လယ်သမားတွေ မြေ ယာလျော်ကြေးလိုချင်လို့ တောင်းဆိုတဲ့ဒေသခံ ၅၀ ကျော်ကို တရားစွဲဆိုထားတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက် ပြီးတော့လည်း ဒေသခံတွေနဲ့ တွေ့ဖို့ကျမ ဒီနေ့သွားတာပါ၊ စီမံကိန်းကြောင့် သူတို့ရဲ့ဆုံးရှုံးမှုတွေရယ်၊ တစ်ကယ်စီမံကိန်းထဲမှာ အကောင်အထည်ဖော်ပြီးပါပြီလို့ တင်ပြထားတဲ့အချက်တွေက ပြည်သူလူထုကို အကျိုး မပြုတာတွေရော၊ ဒေသခံတွေရဲ့တင်ပြတဲ့ အချက်တွေ တော်တော်များများ ကျမလည်း တွေ့ခဲ့ရပါတယ်၊ ကျမအနေနဲ့ အကောင်အထည်ဖော်ရေးကော်မတီကို ဆက်လက်ပြီး တင်ပြသွားမှာဖြစ်သလို ပြည်သူ့ လွှတ်တော်ထဲကနေလည်း ကျမဆွေးနွေးသွားမှာ ဖြစ်ပါတယ်"

စပယ်တောင်နဲ့ ကြေးစင်တောင်စီမံကိန်းကြောင့် မြေယာဆုံးရှုံးခဲ့သူတွေ တောင်းဆို ထားတာတွေက မြေ ယာလျော်ကြေးကို ကာလပေါက်ဈေးအတိုင်း ရဖို့၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးဖို့၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းပေးဖို့နဲ့ ကုမ္ပဏီမှာ နေ့စားဝန်ထမ်း တွေကိုအမြဲတမ်း ဝန်ထမ်းတွေအဖြစ် ခန့်အပ်ပေးဖို့ တောင်းဆိုထား ပါတယ်။

စံပယ်တောင်-ကြေးစင်တောင် ကြေးနီစီမံကိန်းအတွက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက် ၁၉၈၇ ခုနှစ်က မြေဧက ခြောက်ထောင်ကျော်ကို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ စီမံကိန်းအကောင်အထည်ဖေါ်နေတဲ့ ယန်စီ-မြန်မာကုမ္ပဏီက လျော်ကြေးပေးခဲ့တာ ရှိသလို လျော်ကြေးမရသေးသူတွေလည်း ရှိကြောင်းသိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဆော်ဒီဗလီကို IS အဖွဲ့အသေခံဗုံးခွဲ


ဒမ်မန် မေ ၃ဝ

ယမန်နေ့က ဆော်ဒီအာရေဗျနိုင်ငံ ဒမ်မန်မြို့ရှိ ရှီးယိုက်မွတ်စလင်တို့၏ ဝတ် ပြုဆုတောင်းရာ ဗလီတစ်ခုကို IS အဖွဲ့က အသေခံဗုံးဖောက်ခွဲခဲ့ရာ ဗုံးဖောက်ခွဲသူ အပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း ဒေး လီးမေးလ်သတင်းဌာနကဖော်ပြထားသည်။ အသေခံဗုံးခွဲသူမှာ သောကြာနေ့ဝတ်ပြုဆု တောင်းသူများကို လုပ်ကြံရန်ရည်ရွယ်ခဲ့ ပြီး အမျိုးသမီးခေါင်းမြီးခြုံဝတ်စုံကို ဝတ် ဆင်ကာ အမျိုးသမီးဂိတ်ပေါက်မှဖြတ် သန်းစဉ် လုံခြုံရေးကသတိထားမိသွားပြီး နောက် အဆိုပါနေရာတွင်အသေခံဗုံး ခွဲ ခဲ့ခြင်းဖြစ်သည်။

ယခုဗုံးဖောက်ခွဲမှုသည် ဆော်ဒီအာရေ ဗျတွင် ၂၁ဦး သေဆုံးစေခဲ့သည့် အသေခံ ဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီးနောက် IS အဖွဲ့ ၏ဒုတိယအကြိမ်အသေခံဗုံးဖောက်ခွဲမှုနှင့် ကြုံရခြင်းဖြစ်သည်။

 ယခုဗုံးဖောက်ခွဲမှုနှင့် ပတ်သက်ပြီး IS အဖွဲ့က ၄င်းတို့၏လက် ချက်ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာ တွင်ကြေညာထားသည်။

T 1 P (Ref: CNN)
The Union Daily
http://uniondaily.net
 

ခရစ်ယာန်တပ်ဖွဲ့ဝင်တစ်ဦးက IS အကျဉ်းသားကို ပြန်လည်ခေါင်းဖြတ်ကွပ်မျက်


အယ်ဟက်ဆာကာ မေ ၃ဝ

ဆီးရီးယားနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင် တပ်သားတစ်ဦးက ဖမ်းဆီးရမိသည့် IS အဖွဲ့ အကျဉ်းသား တစ်ဦးကို လက်စားချေသည့် အနေဖြင့် ခေါင်းဖြတ်သတ်ခဲ့ကြောင်း ဒေးလီးမေးလ်သတင်းဌာနက ယနေ့ဖော်ပြထားသည်။

 အဆိုပါခေါင်းဖြတ်သတ်မှုကို ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်း အယ်ဟက်ဆာကာဒေသတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

IS အဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အဆိုပါဒေသမှ ခရစ်ယာန်ဘာသာဝင် ၂ဝဝခန့်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

ဆီးရီးယားနိုင်ငံတွင် ဒေသခံခရစ်ယာန်ဘာသာ ဝင်များသည် IS အဖွဲ့၏ ဖမ်းဆီး သတ်ဖြတ်ခြင်းများနှင့် ကြုံတွေ့ခဲ့ပြီးနောက် IS အဖွဲ့ကို တိုက်ခိုက်နေသည့် ကာ့ဒ်လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းကာ ပါဝင်တိုက်ခိုက်နေခြင်း ဖြစ်သည်။

အယ်ဟက်ဆာကာဒေသသည် ခရစ်တော်မပေါ်မီဒေသကပင် ထွန်းကားခဲ့သည့် လူ့အဖွဲ့အစည်းဖြစ်သည့် အက်ဆာရီယန်ဒေသခံများရှိနေပြီး အဆိုပါဒေသခံများထဲမှ ခရစ်ယာန်ဘာသာဝင်များကို IS အဖွဲ့များက ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

 ယခုလ အစောပိုင်းတွင် ခရစ်ယာန်ဘာသာဝင်များနှင့်ကာ့ဒ်လက်နက်ကိုင်အဖွဲ့သည် အယ်ဆာရီ ယန်ကျေးရွာများရှိ IS တပ်ဖွဲ့ဝင်များကို ပြန်လည်တိုက်ထုတ်နိုင်ခဲ့သည်။

 အဆိုပါကျေး ရွာများသည် အီရတ်-တူရကီနယ်စပ်အနီးတွင်တွေ့ရှိပြီး ခရစ်ယာန်ဘာသာဝင်များနှင့် အာမေးနီးယန်းတို့အများစုနေထိုင်ကြောင်းသိရသည်။

T 1 P (Ref:Daily Mail)
The Union Daily
http://uniondaily.net

အစိုးရဖျက်ဆီးခဲ့သော ကားအတွက် ဗကသများအဖွဲ့ချုပ်က ပိုင်ရှင်များထံ လတ်တလော ၃၅ သိန်း ပေးချေရမည်


ရန်ကုန်၊ မေ ၂၅

အစိုးရရဲတပ်ဖွဲ့ဝင်များ အကြမ်းဖက် ဖြိုခွဲခဲ့မှုကြောင့် ပျက်စီးခဲ့သော ဒီမိုကရေစီပညာရေး ပင်မသပိတ် စစ်ကြောင်းတွင် အသုံးပြုခဲ့ သည့် မော်တော်ကားမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က တာဝန်ယူ ငှားရမ်းထားသော ကားဖြစ်ပြီး ယခုအခါ အဆိုပါကားကို ရဲတပ်ဖွဲ့က သိမ်းဆည်း ထားသည့်အတွက် အသုံးပြုခွင့်မရဘဲ ကားဖိုးငွေ ငွေကျပ် ၃၅ သိန်း လတ်တလော ပေးချေရမည် ဖြစ်ကြောင်း ဗကသများ အဖွဲ့ချုပ်မှ ကိုရှိန်းရာဇာထွန်းက မေလ ၂၅ ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။

အဆိုပါကားကို ဗကသများအဖွဲ့ချုပ်က တစ်ရက် ၅ သောင်းနှုန်းဖြင့် ငှားရမ်းထားခြင်းဖြစ်ပြီး ကားပိုင်ရှင်များ သည်လည်း အဆိုပါကားကို အရစ်ကျ ငွေပေးချေမှုဖြင့် ၀ယ်ယူထားခြင်းဖြစ်ရာ ယခုအခါ အဆိုပါကားမှာ သက်သေခံ ပစ္စည်းအဖြစ် ရဲတပ်ဖွဲ့က ထိန်းသိမ်း ထားသောကြောင့် ကားဖိုးငွေ ပေးချေရမည့် ၃၅ သိန်းကို ဗကသများအဖွဲ့ချုပ်က တာဝန်ယူရခြင်းဖြစ်သည်။

““ကျွန်တော်တို့က အဲဒီကားကို ပိုက်ဆံပေးပြီးတော့ ငှားထားတာပေါ့နော်။ အဲဒီကားက အရိုက်ခံရတဲ့အချိန်မှာ အဲဒီကားကို ကားပိုင်ရှင်တွေက အရစ်ကျစနစ်နဲ့ ၀ယ်ထားတာ။ သူတို့က အခုကလည်း ကားက သိမ်းထား ခံရတာ ဆိုတော့ အလုပ်မရှိတော့ အရစ်ကျကို မပေးနိုင်ဘူးပေါ့ဗျာ။ မပေးနိုင်တော့ ကျွန်တော်တို့ကို ပေးပေး ပါပေါ့။ ကျန်တဲ့ကိစ္စ ကတော့ နောက်မှ ဆက်ပြီးတော့ ရှင်းမယ်ပေါ့။ အမှုပြီးမှပဲ ရှင်းလို့ရမှာကိုး။ ၃၅ သိန်းပါ။ အဆင်ပြေသွားပြီလားဆိုတော့ အမှန်အတိုင်း ပြောရင်တော့ မပြေသေးဘူးပေါ့။ အားလုံးဝိုင်းပြီးတော့ စဉ်းစား ကြတော့ ကျွန်တော်တို့ထဲက တချို့က စိုက်ပေးထားတာ ၁၅ သိန်း၊ သိန်း ၂၀ လောက်တော့ရပြီ””ဟု ဗကသများအဖွဲ့ချုပ်မှ ကိုရှိန်းရာဇာထွန်းက ပြောသည်။

အစိုးရက လက်ပံတန်းရှိ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းကို အကြမ်းဖက် ဖြိုခွင်းခဲ့ရာ၌ ကျောင်းသားများ အသုံးပြုသော ကားများကို ဖျက်ဆီးရုံသာမက နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူနာတင် ယာဉ်များကိုပါ ခဲလုံးများဖြင့် ပစ်ခြင်း၊ ရိုက်နှက်ခြင်းတို့ ပြုလုပ်ခဲ့သည်။

““ငှားထားတာဆိုတော့ ငှားထားတဲ့ လူအပေါ်မှာတော့ တာဝန်ရှိတာပေါ့။ ဒါကတော့ ပြေပြေလည်လည် လုပ်ရမှာပဲ။ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင်တော့ လုပ်ရမယ်။ ငှားထားတဲ့ ကားဖြစ်တဲ့အတွက် အစိုးရဘက်က ဘယ်လို စဉ်းစားပေးမလဲ။ ကားကတော့ မော်တော်ကားပဲ၊ သက်မဲ့ကို ဘာကြောင့် အဲဒီလောက် ဖျက်ဆီး တာလဲ။ ဒါတော့ အစိုးရဘက်က မှားတာပေါ့””ဟု နာရေး ကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမိုးသီးဇွန်နှင့် တွေ့ဆုံမေးမြန်းခြင်း – အောင်ထွန်းလင်း


“ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတတင်မြှောက်လိုက်ခြင်းဟာ စစ်တပ် အတွက် ထွက်ပေါက်ရနိုင်တယ် …”

ဒီစွပ်စွဲမှုတွေက သူတို့လို လူငယ်လေးတွေရဲ့ ထက်မြက်မှု၊ ထူးချွန်မှုတွေ ကို မှေးမှိန်အောင်လုပ်တဲ့ လုပ်ရပ်လို့ မြင်ပါတယ်။ ကျွန်တော် ငယ်ငယ် တုန်းကလည်း ဗကပတွေက ကျွန်တော့်ကို ကြိုးကိုင်နေတယ်လို့ စွပ်စွဲခဲ့ကြပါတယ် …

ဒီချုပ်က အမတ်နေရာအများစု ရတဲ့အတွက် ၄၃၆ နဲ့ ၅၉(စ) ကို ပြင်လာတဲ့အခါမှာ စစ်တပ်က ဘယ်လို တုံ့ပြန်မလဲ ဒီအချိန်ကျမှ စစ်တပ်က ဟန့်တားလာရင် တကယ့် Battle Ground ဖြစ် လာမယ်။ ထောက်ခံ လာရင်တော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဟာ အောင်မြင်သွားမှာပဲ။ ဒီအခြေအနေကို ဒေါ်စု၊ စစ်တပ်နဲ့ လူထုဟာ မလွဲမသွေ ဖြတ်သန်းရ . . .


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အခြေခံဥပဒေ ပြင်ဆင်ရေး၌ အဓိကကျသည့် ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉(စ) တို့အား ပြင်ဆင်ဖွယ် မရှိကြောင်းနှင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ)အနေဖြင့် နေရာအများစု အနိုင်ရအောင် လုပ်နိုင်မှသာ ယင်းဥပဒေများကို ပြင်ဆင်နိုင်ရန်အတွက် ဖိအားပေး လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ၈၈ ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သည့် အမေရိကန် ပြည်ထောင်စုတွင် နေထိုင်သူ ဦးမိုးသီးဇွန်က တိုက်တွန်း ပြောဆိုလိုက်သည်။

ဦးမိုးသီးဇွန်မှာ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့သူတစ်ဦး ဖြစ်ပြီး ယခုအစိုးရသစ် လက်ထက် ကျမှသာ မြန်မာနိုင်ငံသို့ ခေတ္တပြန်လာခွင့် ရရှိခဲ့ပြီး မြန်မာနိုင်ငံ သို့ ခေတ္တ ပြန်လာခွင့် ရရှိစဉ်ကလည်း မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)မှ ၀န်ကြီးဦးအောင်မင်း၊ ဦးစိုးသိန်းတို့နှင့်လည်း တွေ့ဆုံခွင့် ရရှိခဲ့ကာ ဒီမိုကရေစီ လုပ်ငန်းစဉ်အတွင်း ပါဝင်ခွင့် ရရှိရေးအတွက် လုပ်ဆောင်ခဲ့သော်လည်း နောက်ပိုင်း တွင် ပြည်ဝင်ခွင့် ပိတ်ပင်ခံထားရသူလည်း ဖြစ်သည်။

ထို့ပြင် ဒီမိုကရေစီပညာရေး အကောင်အထည်ဖော်ရန်အတွက် ဗကသ ကျောင်းသား ခေါင်းဆောင် များအား နောက်ကွယ်မှ ကြိုးကိုင်နေသူအဖြစ် စွပ်စွဲခံခဲ့ရသူ တစ်ဦးဖြစ်သည်။ လက်ရှိဖြစ်ပျက်နေသည့် နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့်၏ မေးမြန်းမှုကို မေလ ၂၄ ရက်တွင် အွန်လိုင်းမှတစ်ဆင့် ပြန်လည် ဖြေကြားခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး – အခုလက်ရှိ အမျိုးသားပညာရေးနဲ့ ပတ်သက်ပြီး သပိတ်မှောက် ကျောင်းသားတွေကို ဖမ်းဆီးချုပ်နှောင်ပြီး အမှုဖွင့် စစ်ဆေးနေပါတယ်။ ကျောင်းသားတွေဘက်က ဒါဟာ အစိုးရရဲ့ကတိပျက်မှုလို့ ဆိုထားပါတယ်။ အစ်ကို့အနေနဲ့ ဒီကိစ္စအပေါ် ဘယ်လိုများ သဘောထား ပေးချင်ပါသလဲ။

ဖြေ – အစိုးရအနေနဲ့က ကျောင်းသားတွေကို အမြန်ဆုံးအမှုကနေ တရားသေ ပြန်လွှတ်လိုက်ဖို့ သင့်ပါတယ်။ သူတို့ဟာ ရာဇ၀တ်သားတွေ မဟုတ်ဘူး။ သူတို့ဟာ ပညာရေး ပြုပြင်ပြောင်းလဲဖို့အတွက် တောင်းဆိုတဲ့ သူတွေပါပဲ။ ဦးသိန်းစိန်အစိုးရဟာ ဒီမိုကရေစီအသွင် ကူးပြောင်းဖို့ ဆုံးဖြတ်ထားပြီးပြီ။ အာဏာရှင်စနစ်ကို စွန့်လွှတ်ပြီး ပါလီမန်စနစ်ကိုသွားဖို့ ဦးတည်နေပြီလို့ ဆိုထားပါတယ်။ ပါလီမန် ဒီမိုကရေစီစနစ်မှာ အတိုက် အခံတွေ၊ ဆန္ဒပြတောင်းဆိုတာတွေ၊ ဝေဖန်တာတွေဟာ မလွဲမသွေ ရှိရမယ့် အရာတွေ (ingredients) ဖြစ်ပါ တယ်။ အစိုးရ၊ ပါလီမန်၊ ကျောင်းသား၊ ပညာရေးသုတေသီတွေ ၄ ပွင့်ဆိုင် ဆွေးနွေးကြ၊ အမြင်တွေ ဖလှယ်ကြတာတွေလည်း လုပ်ထားပြီးပြီဆိုတော့ ဆန္ဒပြတာလောက်ကို သဘောထား ကြီးသင့်တယ်။ ကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးပါလို့ပဲ တိုက်တွန်းချင်ပါတယ်။

မေး – ဖမ်းဆီးခံ ကျောင်းသားတွေကို အစိုးရက ဗကသ ကျောင်းသားတွေ ဆိုတာထက် နောက်ကွယ်ကနေ ဗကပတွေက သွေးထိုးလို့လုပ်တာလို့ စွပ်စွဲချက်တွေ ရှိပါတယ်။ ဒီအပေါ်မှာကော အစ်ကို့အနေနဲ့ ဘာများ ပြောချင်သလဲ။

ဖြေ – အစိုးရရဲ မှားယွင်းတဲ့ ပေါ်လစီတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ၊ ဝေဖန်မှုတွေ ဖြစ်လာတိုင်း ဗကပတွေ နောက်က သွေးထိုးတယ် ဆိုတာကတော့ ရယ်စရာကောင်းတဲ့ ဟာသတစ်ခုလို ဖြစ်လာနေပါတယ်။ ဒီလို စွပ်စွဲချက်တွေကို သတိထားဖို့လိုပါတယ်။ အစိုးရအနေနဲ့ သိက္ခာကျစရာ ဖြစ်မှာပဲ။ ကျောင်းသားတွေရဲ့ ပညာရေး ပြောင်းလဲတောင်းဆိုတဲ့ လှုပ်ရှားမှုကို ဗကပရော၊ နိုင်ငံတကာ သံတမန်တွေရော၊ သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်ရော အားပေး ထောက်ခံကြတာပဲ။ မှန်ကန်တဲ့ လှုပ်ရှားမှုမို့ သူတို့ကိုထောက်ခံ အားပေးတိုင်း စွပ်စွဲနေလို့ မရဘူးလေ။

မေး – ဖမ်းဆီးခံထားရတဲ့ကျောင်းသား ခေါင်းဆောင် မဖြိုးဖြိုးအောင်နဲ့ တရားခံပြေးဖြစ်နေတဲ့ ဗကသဥက္ကဋ္ဌ ကိုကျော်ကိုကို တို့ကို အစ်ကိုက နောက်ကွယ်ကနေ ကြိုးကိုင်နေတယ် ဆိုတဲ့ပုံစံမျိုးဖြစ်အောင် ဓာတ်ပုံတွေ၊ စာတွေနဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ဖြန့်ဝေမှုတွေ ရှိလာပါတယ်။ ဒါနဲ့ပတ်သက်ပြီးကော အစ်ကို့အနေနဲ့ ဘယ်လိုများ မှတ်ချက်ပေးချင်သလဲ။

ဖြေ – ကိုကျော်ကိုတို့၊ မဖြိုးဖြိုးတို့ကို ကျွန်တော်သိပါတယ်။ ခင်မင်ပါတယ်။ သူတို့ကို မြန်မာပြည် ပြန်ရောက် တုန်းက သိခွင့်ရတယ်။ အမြင်တွေ ဖလှယ်ခွင့်ရတယ်။ သူတို့ဟာ အလွန်ထက်မြက်တဲ့ လူငယ်လေးတွေ ဖြစ်တာတွေ့ရတော့ အားရတယ်။ သူတို့ကို ကျွန်တော်က ကြိုးကိုင်တယ်ဆိုတာ မမှန်ပါဘူး။ ဒီ စွပ်စွဲမှုတွေက သူတို့လို လူငယ်လေးတွေရဲ့ ထက်မြက်မှု၊ ထူးချွန်မှုတွေကို မှေးမှိန်အောင်လုပ်တဲ့ လုပ်ရပ်လို့ မြင်ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းကလည်း ဗကပတွေက ကျွန်တော့်ကို ကြိုးကိုင်နေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

မေး – ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်း အနေနဲ့ပေါ့။ ပြည်တွင်းမှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသား တွေရဲ့ နိုင်ငံရေးလှုပ်ရှားမှု အခြေအနေနဲ့ လူထုထောက်ခံမှု ကျဆင်းလာတဲ့ အပေါ်မှာကော ဘယ်လိုများ မြင်မိသလဲ။ ဘယ်လိုမျိုး တိုက်တွန်းချင်သလဲ။

ဖြေ – ၈၈ မျိုးဆက်တွေအနေနဲ့ ရွေးကောက်ပွဲဝင်သင့်တယ်။ ပါလီမန်ထဲကို သွားသင့်တယ်လို့ မြင်တယ်။ သူတို့ အတိတ်က စွန့်လွှတ် ပေးဆပ်ခဲ့ပြီးပြီ။ ဒီအချိန်က တိုင်းပြည်ပြန်လည် တည်ဆောက်ရေးအတွက် သူတို့ ပါဝင် ရတော့မယ့် အချိန်ပါ။ လူတွေက သူတို့ရှိရမယ့်နေရာမှာ မြင်ချင်ကြပါတယ်။ သူတို့ကို အောင်မြင်စေချင်တယ်။

မေး – ၂၀၁၅ ရွေးကောက်ပွဲက နိုဝင်ဘာလဆန်းမှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဆိုထားပါတယ်။ လာမယ့် ရွေးကောက်ပွဲဟာ တရားမျှတရမယ်လို့လည်း ကတိက၀တ်တွေ ပေးထားပြန်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ လာမယ့် ရွေးကောက်ပွဲကကော တကယ့်ကို တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ပါ့မလား ဆိုတာ သုံးသပ်ပေးပါဦး။

ဖြေ – ရွေးကောက်ပွဲကတော့ တရားမျှတတယ်၊ မမျှတဘူး မပြောနိုင်သေးဘူး။ မမြင်ရသေးဘူး။ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲကတော့ အရင်တုန်းက ရွေးကောက်ပွဲတွေထက် နိုင်ငံတကာက ပိုပြီးကြည့်ကြမယ်၊ လေ့လာ ကြမယ်၊ ပိုစိတ်ဝင်စားကြမယ် ဆိုတာတော့ မြင်နေရပါတယ်။ နောက်တစ်ခုက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၁၉၉၀၊ ၂၀၁၂ တွေကလိုပဲ ပြတ်ပြတ်သားသား နိုင်ဦးမယ့် အနေအထားမှာ ရှိနေပါတယ်။

မေး – နောက်တစ်ခုကတော့ နိုင်ငံရေးကိစ္စပါပဲ။ အစ်ကို့ကို ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ကတောင် အစ်ကိုကြီးလို့ ခေါ်ခဲ့သလို နိုင်ငံရေးနဲ့ပတ်သက်ပြီး တွဲလုပ်ခဲ့တာမျိုး ရှိပေမယ့် အခုကျတော့ ဘာလို့များ လိုင်းကွဲသွားတာလဲ။

ဖြေ – ဦးအောင်မင်း၊ ဦးစိုးသိန်းတို့နဲ့က ကျွန်တော် ပြဿနာ မရှိပါဘူး။ ကျွန်တော့်ကို ပြည်ထဲရေးက ဗီဇာ ထပ်မပေးသေးတာပါပဲ။ ဗီဇာထုတ်ပေးဖို့ကိုတော့ သူတို့က ပြောဖို့လိုမယ်ထင်တယ်။ ကျွန်တော် ဦးအောင်မင်းနဲ့ စတင်ဆွေး နွေးစဉ်ကတည်းကပဲ ဦးအောင်မင်းက သူတို့ပြောင်းလဲဖို့ ကြိုးစားနေပြီ။ ပြန်လာကြည့်ပါလို့ ဖိတ်ခေါ် တယ်။ ကျွန်တော်တို့ဘက်ကလည်း ဒီလိုကြားတော့ မယုံသေးဘူး။ လာကြည့်မယ်။ တွေ့ချင်တဲ့သူတွေနဲ့ တွေ့ခွင့်ရှိ မလား။ ကျွန်တော်တို့ မြင်တာတွေကို ပြောခွင့်ရှိ မလားလို့ မေးခဲ့တယ်။ ရှိပါတယ်လို့ သူတို့ ပြောတယ်။ ဒါကြောင့် ကျွန်တော် ပြန်လာတယ်။ တွေ့သင့်တဲ့သူတွေကို တွေ့တယ်။ ကျွန်တော် မြင်တာတွေကို ပြောခဲ့တာပဲ။ ကျွန်တော် မြင်တဲ့ ဟာတွေက တခြားသူတွေ မြင်သလိုပါပဲ။ ကျွန်တော်ပြောတဲ့ ဟာတွေကလည်း တခြားသူတွေ ပြောနေသလိုပါပဲ။

အစိုးရကို ချီးကျူးတာရော၊ ဝေဖန်တာရော ရှိခဲ့ပါတယ်။ ဘာမှ အထူးအဆန်းမပါဘူး။ နောက်တော့ ဦးလှမောင်ရွှေက ကျွန်တော့်ကို အစိုးရက ဗီဇာသက်တမ်း ထပ်မတိုးပေးဘူး၊ ဗီဇာကို အပြင်ထွက်ပြီး ပြန်လျှောက်ပါလို့ ပြောလာတယ်။ ကျွန်တော် ထိုင်းကိုထွက်ပြီး ပြန်လျှောက်တယ်။ ဗီဇာမပေးဘဲ နေနေပါတယ်။

သူတို့လည်း ဒီမိုကရေစီအသွင် ကူးပြောင်းချင်တယ်။ ငြိမ်းချမ်းရေး တည်ဆောက်ချင်တယ်။ ကျွန်တော်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းချင်တယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်ချင်တယ်၊ ဘာလိုင်းကွဲစရာရှိသလဲ။ တူတာ တွဲလုပ်လို့ရသလို မတူတာ ခွဲလုပ်လို့ရတာပဲ။ ဒီမိုကရေစီမှာ သူတို့နဲ့ ကျွန်တော်တို့ဟာ မိတ်ဖက်တွေ အဖြစ် ရှိနိုင်ကြတာပဲ။ ပိုမကောင်းဘူးလား။

မေး – ဦးအောင်မင်း၊ ဦးစိုးသိန်းတို့နဲ့ လုပ်နေတဲ့ နိုင်ငံရေးစနစ် ပုံစံကိုကော ဘယ်လို သိထားသလဲအစ်ကို။ နောက်ပြီး ဘယ်အရာတွေကတော့ မှားယွင်းတယ်၊ ဘယ်အရာတော့ မှန်ကန်တယ်ဆိုတာကိုကော သုံးသပ် ပေးပါဦး။

ဖြေ – သူတို့လုပ်တဲ့ နိုင်ငံရေးပုံစံနဲ့ ဦးနေ၀င်း၊ ဦးခင်ညွန့် လက်ထက်က လုပ်တဲ့ပုံစံက အခြေခံအားဖြင့် သိပ်မကွာဘူး။ ဒါကတော့ အာဏာကို စစ်တပ် သို့မဟုတ် စစ်တပ်က အနားယူလာတဲ့ စစ်ဗိုလ်ဟောင်း ဆိုသူတွေက ကိုင်ထားမယ်။ ဆုံးဖြတ်ခွင့်တွေကို ယူထားမယ်။ Decision Making Process မှာ သူတို့ပဲ ယူထားမယ်။ သူတို့ ဆုံးဖြတ်ထားတာတွေကို အကောင်ထည်ဖော်တဲ့ နေရာတွေ (Implementation Process) မှာတော့ အရပ်သားတွေ၊ နိုင်ငံရေးသမားတွေက အကောင်ထည်ဖော်ပေးကြ ဆိုတာမျိုးပေါ့။ ပြဿနာက ဆုံးဖြတ်ချက်တွေက မမှန်ကန်လာတဲ့ အခါမှာတော့ အကောင်အထည် ဖော်ရတဲ့နေရာတွေမှာ မအောင်မြင် တော့ဘူးပေါ့။ ဒီနည်းကို ဦးနေ၀င်း၊ ဦးခင်ညွန်တို့ လုပ်ခဲ့ကြပါတယ်။ မအောင်မြင်ဘဲ ဖြစ်ခဲ့တာ လူတိုင်း အသိပါပဲ။

ဥပမာ အခု ဦးအောင်မင်းလုပ်နေတဲ့ ငြိမ်းချမ်းရေးအစီအစဉ်မှာ စစ်ပွဲတွေကို ရပ်ဆိုင်းပစ်ဖို့အတွက် ဆုံးဖြတ်ချက် ပေးမယ့်သူတွေဟာ ယခင်အစိုးရက ဗိုလ်ချုပ်ဟောင်းတွေ၊ လက်ရှိ စစ်ဗိုလ်ချုပ်တွေနဲ့ လက်ရှိအစိုးရက တာဝန်ရှိတဲ့ ၀န်ကြီးတွေ ဖြစ်နေတယ်။ စစ်ပွဲတွေကို ရပ်ဆိုင်းဖို့လိုကို လိုအပ်နေပြီဆိုတဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ အရေးမှာ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေက ဆုံးဖြတ်ချက်ချတဲ့ နေရာမှာမပါဘူး။

ဥပမာ ကိုးကန့်နဲ့ ဖြစ်တဲ့စစ်ပွဲ။ ဒါက မတိုက်သင့်တဲ့စစ်ပွဲ (Not Necessary War)။ ကိုးကန့်က နယ်ခြားစောင့် တပ် မလုပ်ချင်ဘူး။ ဒါက အဓိကပဲ။ ဒါကို မြန်မာဘက်က တုံ့ပြန်တာက ကိုးကန့်က ဘိန်းထုတ်တယ်၊ တရုတ် တွေ၊ ခွဲထွက်ဖို့ ကြိုးစားတယ် ဆိုတာတွေ လုပ်ကြတယ်။ ကိုးကန့် ခေါင်းဆောင်က သူတို့ခွဲမထွက်ဘူး၊ ပြည်ထောင်စုထဲမှာ နေမယ်လို့ အကြိမ်ကြိမ် ကတိပေးနေတာကို မကြားချင်ယောင်ဆောင်ပြီး ပြဿနာ ဖြစ်စေမယ့် မမှန်တဲ့ အခြမ်းကိုပဲ ယူတယ်။ မြင်တယ်။ ဒီတော့ ပြဿနာက ပိုကြီးဖို့ပဲရှိတယ်။ မေးစရာက စစ်တပ်က ပြဿနာကို ကြီးစေချင်တာလားလို့ မေးစရာရှိလာတယ်။

ပြဿနာဟောင်းကို ပြဿနာသစ်နဲ့ အစားထိုးတဲ့ နည်းစနစ်ပဲ အသုံးပြုလာတာကို ကြည့်ရင် မြင်နိုင်ပါတယ်။ နယ်ခြားစောင့်တပ်အဖြစ် မလုပ်ချင်တာက တိုင်းရင်းသားအဖွဲ့တိုင်းပဲ မလုပ်ချင်တာပါ။ ကိုးကန့်ကိုမှ ရွေးပြီး ပြဿနာရှာတာဟာ မှန်ကန်တဲ့ ဖြေရှင်းမှု မဟုတ်ဘူးလို့ ပြောချင်တယ်။

မေး – အခု အစ်ကိုက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးထက် ပုဒ်မ ၅၉(စ)ကို ပြင်ဖို့အတွက် တိုက်တွန်းလာတာ တွေ့ရတယ်။ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာနိုင်ရေးအတွက်ပေါ့။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်စေရေးအတွက် အစ်ကို့ရဲ့ သဘောထားအမြင်နဲ့ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ထိုက်တာလဲ ဆိုတာလေး ရှင်းပြပါဦး။

ဖြေ – ကျွန်တော့် သုံးသပ်ချက်က အများပြောနေတဲ့ သီအိုရီဖြစ်တဲ့ ၄၃၆ ကို အရင်ပြင်၊ ပြင်လိုက်တော့ ဒီမိုကရေစီ အခြေခံဥပဒေဖြစ်၊ နောက် ၅၉(စ)ကို ပြင်ပေး၊ ဒါက လမ်းကြောင်းမှန် (Rational) နည်းလမ်းပေါ့။ ဒီလို Rational ဖြစ်တဲ့ နည်းလမ်းတွေက တစ်ခုမှ မြန်မာပြည်မှာ ဖြစ်မလာခဲ့ဘူး။ ဥပမာ၄၃၆ ပြင်ဆင်ဖို့အတွက် စတင်ဆွေးနွေး ကြပြီဆိုတာနဲ့ အခြေခံဥပဒေပြင်နိုင်ဖို့ ၄၃၆ ကို ပြင်ကြမယ်ဆိုရင် ၇၆ ရာခိုင်နှုန်းတော့ မပေးနိုင်ဘူး။ ၇၃ ရာခိုင်နှုန်းလုပ်မယ်။ တစ်ဖက်ကလည်း ရာခိုင်နှုန်း ၈၀ လုပ်မယ် စသဖြင့်၊ ဒါနဲ့တင် အချိန်က ၃ နှစ်၊ ၄ နှစ် ကြာသွားမယ်။

လက်ရှိဖြစ်နေတဲ့ ဘ၀အခြေအနေက ဒေါ်စုက အသက် ၇၀ ရှိလာပြီ။ နိုင်ငံတကာကရော၊ လူထုကပါ သူ့ကို သမ္မတအဖြစ်နဲ့ မြင်ချင်တယ်။ လူထုက သူ့ကိုတစ်ခဲနက် အားပေးနေတာ ထောက်ခံနေတာ အမြင်ပါပဲ။ ဒီမိုကရေစီ စနစ်ဆိုတာ လူထုရဲ့မဲ များများရတဲ့သူက အစိုးရဖွဲ့ရတာပါပဲ။

နောက်တစ်ခုက ကျွန်တော်တို့က ၈၈ ဒီမိုကရေစီ ဇာတ်လမ်းကို Happy Ending ဖြစ်ချင်နေပါတယ်။ ဒါကတော့ ဒေါ်စုသမ္မတဖြစ်သွား ရင် နောက်ဇာတ်လမ်းတွေကို စတင်လို့ရမယ်လို့ မြင်မိပါတယ်။ ဒီတစ်ပိုင်းကို ဖြတ်လိုက်ဖို့ လိုပါပြီ။ တစ်နည်းအားဖြင့် ဒေါ်စုကို သမ္မတ တင်မြှောက်လိုက်ခြင်းဟာ စစ်တပ်အတွက် ထွက်ပေါက်(Exit Strategy) ရနိုင်တယ်။ ကျွန်တော်တို့အတွက်လည်း Exit Strategy ရနိုင်ပါတယ်။

ဒီနေ့ မြန်မာပြည် အကျပ်အတည်းမှာ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဦးမင်းအောင်လှိုင် ဘယ်သူ့ကိုမှ သမ္မတ တင်လို့ မရနိုင်တော့ဘူး။ တင်ချင်လည်းတင်ကြည့်ပါ၊ ပြဿနာက ပိုဆိုးဖို့ပဲရှိလာနိုင်တယ်။ ဒီအခါမှ လူထုရော၊ တပ်ရောပါ နာရုံပဲရှိမယ်။ ထိုင်းနိုင်ငံမှာက ၁၉၃၀ ခုနစ်ကတည်းက အခြေခံဥပဒေ ရှိခဲ့ပေမယ့် သူတို့ဟာ ၄၃၆ လို ပုဒ်မတစ်ခုကို တိုက်နေကြတာ အခုထိ မပြီးနိုင်သေးဘူး ဖြစ်နေတာကိုလည်း သတိပြုသင့်ပါတယ်။ ၄၃၆ ရော၊ ၅၉(စ) ကိုရောကို ၂၀၁၅မှာ အစိုးရက မပြင်ပါဘူး။ မပြင်ရင်လည်း ဒေါ်စုဦးဆောင်တဲ့ ပါတီအနေနဲ့ ရွေးကောက်ပွဲကိုဝင်ဖို့ တိုက်တွန်းချင်တယ်။ ရွေးကောက်ပွဲမှာ အများစုနိုင်အောင် လုပ်ရမယ်။ အများစုနိုင်တဲ့ အခါမှာ အနိုင်ရတဲ့ ပါတီအနေနဲ့က ပြင်ဆင်နိုင်ဖို့ လုပ်ပိုင်ခွင့် ရှိလာမှာ ဖြစ်တယ်။

ဒီအခါမှာ ဒီချုပ်က အမတ်နေရာ အများစုရတဲ့အတွက် ၄၃၆နဲ့ ၅၉(စ)ကို ပြင်လာတဲ့အခါမှာ စစ်တပ်က ဘယ်လို တုံ့ပြန်မလဲ။ ဒီအချိန်ကျမှ စစ်တပ်က ဟန့်တားလာရင် တကယ့် Battle Ground ဖြစ်လာမယ်။ ထောက်ခံလာရင်တော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဟာ အောင်မြင်သွားမှာပဲ။ ဒီအခြေအနေကို ဒေါ်စု၊ စစ်တပ်နဲ့ လူထုဟာ မလွဲမသွေ ဖြတ်သန်းရမယ်။

မေး – နောက်တစ်ခုက အစ်ကိုက အစ်ကို့အမေအတွက် တံခါးကျည်းပေါင်ခွေပေးတဲ့ ဓာတ်ပုံမှတ်တမ်းကိုလည်း တွေ့ရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးကော ပြောပြပါဦး။

ဖြေ – အမေ့အိမ်ကနေ ထွက်လာတာ၂၆ နှစ်ကျော်ရှိခဲ့တယ်။ အိမ်မှာ အမေနဲ့ညီမ အမျိုးသမီး နှစ်ယောက်ပဲ ရှိတယ်။ အိမ်ကို မပြင်နိုင်ကြဘူးပေါ့။ ရေချိုးခန်း၊ ဧည့်ခန်း၊ မီးဖိုချောင်တွေ၊ ကြမ်းခင်းတွေ ပြင်ဖို့လိုနေတယ်။ ကျွန်တော် ရောက်တုန်း တတ်နိုင်တာတွေ လုပ်ပေးခဲ့တယ်။ ၀ယ်ဖို့ကလည်း ဈေးကြီးလွန်းတယ်။ အခြေခံ လိုအပ်ချက် ပရိဘောဂတွေက အမေရိကန်ထက်ကို ဈေးကြီးနေတယ်။ စားပွဲကို ပြင်ပေးခဲ့တယ်။ စာအုပ်စင်၊ အမေ့ဆေးတွေထည့်တဲ့ စင်နဲ့ ရေချိုးခန်းကတံခါးကို ကျည်းပေါင် ပြန်ခွေပေးခဲ့တယ်။ ပျဉ်းကတိုးသား အဟောင်းကို သင်္ဃန်းကျွန်း သစ်ဆိုင်က၀ယ်ပြီး ပြန်လုပ်ပေးခဲ့တယ်။ မူလက သစ်ရိုင်းနဲ့ လုပ်ထားပုံပဲ၊ ဆွေးပြီးပျက်နေတယ်။ မီးဖိုချောင်ကို မပြင်ပေးလိုက်နိုင်ဘူး။ ပန်းကန်တွေထားဖို့ စင်နဲ့ ဓားတွေ ထည့်ဖို့ ဓားအိမ်တွေ လုပ်ပေးရဦးမယ်။ ဒီတစ်ခေါက် ပြန်ခွင့်ကြုံရင် လုပ်ပေးမယ်။ အမေ့အတွက် ပန်းချီကား ၃ ချပ်လည်း ဆွဲပေးခဲ့တယ်။ သူက ဇီးကွက်ပုံ လိုချင်တယ်ဆိုလို့ ဇီးကွက်ပုံတစ်ကား၊ လက်ပံပင်ပုံ တစ်ကားပေါ့။ ကြမ်းတွေလည်း တိုက်ပေးခဲ့ပါတယ်။

မေး – အစ်ကို့အနေနဲ့ လက်ရှိမြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး သီးခြားဖြည့်စွက် ပြောလိုတာ ရှိရင်လည်း ပြောပေးပါဦး။

ကျွန်တော့်အနေနဲ့ သီးခြားဖြေချင်တာကတော့ ကျွန်တော်အပါအ၀င် ၈၈ ပြည်ပတွေဟာ ၂၀၁၅ ရွေးကောက်ပွဲကို ၀င်ချင်တယ်။ နိုင်ငံတည်ဆောက်ရေးတွေမှာ ကျွန်တော်တို့ တတ်ထားတဲ့ ပညာတွေနဲ့ အလုပ် အကျွေး ပြုချင်တယ်။ ကျွန်တော်တို့ကို ဗီဇာထုတ်မပေးဘဲ ဘာကြောင့် လုပ်ထားတာလဲလို့ မေးချင်တယ်။

အောင်ထွန်းလင်း

××××× ကိုယ်ရေးအကျဉ်း ××××××

ဦးမိုးသီးဇွန်၏ အမည်ရင်းမှာ ဦးမျိုးသန်းထွဋ်ဖြစ်ပြီး ၁၉၈၈ ခုနှစ် မတ်လကတည်းက ကျောင်းသား လှုပ်ရှားမှု များတွင် ပါဝင်ခဲ့သူဖြစ်သည်။ ၁၉၈၈ ခုနှစ် ဇွန်လ ၂၁ ရက်က ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းပေါ်တွင် မျက်နှာ အ၀တ်မစည်းဘဲ ဟောပြောရာမှ နာမည်ရလာသူ တစ်ဦးလည်း ဖြစ်ပြီး ၎င်းရေးသားသော ““မိုးသီးဇွန်”” ဟူသည့် ကဗျာခေါင်းစဉ်ကို အမည်ဝှက်အဖြစ် အသုံးပြုခဲ့ရာမှ ““မိုးသီးဇွန်””အဖြစ် လူသိများလာခဲ့သည်။

ထို့ပြင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်- ဗကသတွင် ကျောင်းသား ခေါင်းဆောင် (ဦး)မင်းကိုနိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ် (ဦး)မိုးသီးဇွန်မှာ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲဝင်ရန်အတွက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို တည်ထောင်ခဲ့သူဖြစ်ကာ ယင်းနောက်ပိုင်းတွင် အစိုးရအား လက်နက်စွဲကိုင် တော်လှန်ရန်အတွက် တောခိုခဲ့ရာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးသူလည်း ဖြစ်သည်။

ယင်းနောက် ထိုင်းနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့တွင် နေထိုင်ခဲ့ကာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၏ ကမ်းလှမ်းမှုဖြင့် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက်တွင် မြန်မာပြည်သို့ ပြန်လည်ခြေချခွင့် ရခဲ့သူဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆက်လက် နေထိုင်ရန်အတွက် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် ဗီဇာထပ်မံ လျှောက်ထား ခဲ့သော်လည်း ယခုအချိန်အထိ ပြည်ဝင်ခွင့်ဗီဇာ မရရှိခဲ့သူ ဖြစ်သည်။

အောင်ထွန်းလင်း
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald




တောင်ကိုရီးယားတွင် မားစ်ရောဂါကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီ


တောင်ကိုရီးယားနိုင်ငံမှာ မားစ်ရောဂါနဲ့ သေဆုံးသူ စုစုပေါင်း ၁၅ ဦးရှိသွားပြီလို့ တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးက ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ရောဂါစတင်တွေ့ရှိခဲ့တဲ့ မေလ ၂၀ ရက်နေ့ကနေ လက်ရှိအချိန်အထိ သေဆုံးသူ ဦးရေဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး Moon Hyung-pyo က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

ဝန်ကြီးဟာ သတင်းထောက်တွေနဲ့ မတွေ့ဆုံခင်မှာ တောင်ကိုရီးယား ကျန်းမာရေးအဖွဲ့ချုပ်ကို သွားရောက်ခဲ့ပြီး မားစ်ရာဂါကာကွယ်တားဆီးရေး ဆရာဝန်ကြီးတွေနဲ့ တွေ့ဆုံစည်းဝေးခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း ဘာရိန်းနိုင်ငံ၊ ဆော်ဒီအာရေးဘီးယားနိုင်ငံနဲ့ ယူအေအီးနိုင်ငံ ၃ နိုင်ငံကို သွားရောက်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံသားကနေတဆင့် ရောဂါကူးစက်ခဲ့တာလို့ တောင်ကိုရီးယားကျန်းမာရေးဝန် ကြီးဌာနက ထုတ်ပြန်ပါတယ်။

တောင်ကိုရီးယားနိုင်ငံထဲမှာ ဆက်လက်ကူးစက်ပြန့်ပွားမှု မရှိအောင် အစွမ်းကုန်ကြိုးစားသွားမယ်လို့လည်း ကျန်းမာရေးဝန်ကြီးက ဆိုပါတယ်။

ဒီမားစ်ရောဂါဟာ ၂၀၁၂ ခုနှစ်က လူသားတွေကို ပထမဆုံးစတင်ကူးစက်ခဲ့ပြီး ၂၀၀၃ ခုနှစ်က တရုတ်နိုင်ငံမှာ အပြင်းအထန် ဖြစ်ပွားခဲ့တဲ့ ဆားစ်ရောဂါဗိုင်းရပ်စ်နဲ့ မျိုးရင်းတူဗိုင်းရပ်စ်တမျိုးကြောင့်ဖြစ်ပွားရတာပါ။

နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၁၁၄၂ ဦးရှိပါတယ်။ မေလ ၁၆ ရက်နေ့အထိ ရောဂါကူးစက်ခံရသူ ၄၆၅ ဦး သေဆုံးခဲ့တယ်လို့ တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့တပတ်က ထုတ်ပြန်ခဲ့ပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no

စစ်တပ်က သယံဇာတခိုးထုတ်သည့် ရန်သူကို တိုက်နေခြင်းဖြစ်ဟု ကာချုပ်ပြော

ဓာတ်ပုံ - Senior General Min Aung Hlaing facebook
စစ်တပ်အနေနဲ့ တိုင်းပြည်သယံဇာတများကို ခိုးထုတ်နေတဲ့ ခိုးထုတ်တာကို အကာအကွယ်ပေးနေတဲ့ ရန်သူကို တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုင်းရင်းသားတွေကို တိုက်ခိုက်နေတာ မဟုတ်ဘူးလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မေလ ၃၀ ရက်က ပြုလုပ်ခဲ့တဲ့ ၂ဝ၁၅ ခုနှစ်၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ညှိနှိုင်း အစည်းအဝေးမှာ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“တပ်မတော် အနေဖြင့် တိုင်းရင်းသားများကို တိုက်ခိုက်နေခြင်း မဟုတ်ဘဲ တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိပါးသောရန်သူ၊ တိုင်းပြည်၏ သယံဇာတများကို ခိုးထုတ်နေသော၊ ခိုးထုတ်မှုကို ကာကွယ် ပေးနေသော ရန်သူနှင့် တကမ္ဘာလုံးက လက်မခံသည့် မူးယစ်ဆေးဝါး ထုတ်လုပ်နေသော ရန်သူများကိုသာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း။”

မြန်မာ့နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိန်းကတော့ လတ်တလောတိုက်ပွဲတွေကို ဆွေးနွေးညှိနှိုင်းဖြေရှင်းတဲ့နည်းနဲ့ ဖြေရှင်းမှ ရမယ်လို့မြင်ကြောင်း ပြောပါတယ်။

“မြန်မာနိုင်ငံ နယ်စပ်တလျှောက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ဟာ သယံဇာတခိုးထုတ်တဲ့ ကိစ္စ၊မူးယစ်ဆေးဝါးကိစ္စ၊ ဒီကိစ္စတွေနဲ့ ပတ်သက်နေတယ်လို့ စွပ်စွဲချင်တဲ့သဘောနဲ့ ပြောတာလို့ မြင်တယ်။ ကျနော့်အမြင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ လတ်တလောဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းတဲ့နေရာမှာ လက်နက်ကိုင်တိုက်တဲ့ နည်းလမ်းမဟုတ်ဘဲနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းလမ်းကို အလေးထားသင့်တယ်လို့ မြင်တယ်။”

သယံဇာတနဲ့မူးယစ်ဆေးဝါးကိစ္စတွေမှာ ပွင့်လင်းမြင်သာမှုရှိရှိ ဖော်ထုတ်ဖြေရှင်းသင့်ပြီး အပြန်အလှန်စွပ်စွဲပြောကြားနေရင်တော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ဘူးလို့လည်း ပြောပါတယ်။

ဒါ့အပြင် ကာကွယ်ရေးဦးစီးချုပ်က ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုတွေကြောင့် ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့ ၁၂ ဖွဲ့၊ ပြည်နယ်အဆင့် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၂ ဖွဲ့တို့နဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ကတိကဝတ်တွေ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်မှု လုပ်ငန်းစဉ်မှာ အားသွန်ခွန်စိုက် ပါဝင် ဆောင်ရွက်နေတယ်လို့လည်း ပြောသွားပါတယ်။

လတ်တလော မြန်မာပြည်အရှေမြောက်ပိုင်းဒေသမှာ စစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားနေတာ ၄ လနီးပါး ကြာမြင့်နေပြီ ဖြစ်ပါတယ်။

 By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no

မူးယစ်သားကောင်ဘဝကနေ ရုန်းထွက်

ကျမတို့ ကယားပြည်နယ်မှာ ဘိန်းပင်တွေ ယနေ့ထိ စိုက်ပျိုးဆဲပါပဲ။ ဒီဘိန်းပိုင်တွေက ထွက်လာတဲ့ မူးရစ်ဆေးဝါးကို စွဲစွဲမက်မက် သုံးမိတဲ့သူတွေဟာ အရှင်လပ်လပ်ငရဲ ဘဝကို ရောက်နေကြ တယ်လို့ဆိုရင် ကျမတို့လူမှု အသိုင်းအဝန်းက ငြင်းကြမှာမဟုတ်ပါ။

အဲ့ဒီဘဝကိုရောက်သွားသူတွေဟာ သာမန်လူ့ဘဝကိုပြန်ရောက်လာဖို့ မလွက်ဘူးဆိုတာကိုလဲ အားလုံးကလက်ခံထားကြမှာပါ။

ကျမတို့လူမှု အသိုင်းအဝန်းကြားမှာ ရှားရှားပါးပါး အဲ့ဒီလိုဘဝကနေ တဖန်လွတ်မြောက် လာသူကတော့ အရပ်ခပ်မြင့်မြင့် ပိန်ပိန်ပါးပါး လေးနဲ့ အသက် ၃ဝ အရွယ်ရှိ ဆရာဆယ်တရှား(ခေါ်) ဘိုကြီးပဲဖြစ်ပါတယ်။

မှုးယစ်ဆေးဝါးကို တမ်းတမ်းတတစွဲမက်ပြီး လူမှုအသိုင်းအဝိုင်းစာရင်းကနေပစ်ခံခဲ့ဖူးတဲ့ လူငယ်လေး တယောက်အခုတော့သူ ဓမ္မကျမ်းစာအုပ်ကို ကိုင်ဆောင်လိုက်ပါပြီ။

ဒါဝိဒ်ကျောင်းတော် (ဓါတ်ပုံ-ကေတီ)
သူ့လိုဘဝအမှောင်ထဲရောက် ခဲ့တဲ့လူငယ်လေးတွေ ပြန်လှည်ထူထောင်ဖို့ ကယားပြည်နယ် ဖရူဆိုမြို့ ၊ ညောင်ဇင်ရပ်ကွက်မှာ ဒါဝိဒ်၏ကျောင်းတော်ကို ဦးဆောင် တည်ထောင်လိုက်ပါတယ်။

မှုးယစ်ဆးဝါးသုံးစွဲသူ၊ စိတ်ပျက်သူ၊ ဆိုးသောသူ၊ ရည်ရွယ်ချက်မဲ့သောသူ၊ အသုံးမရသောသူ နှင့် မိသားစု နှင့် သူငယ်ချင်းများ၏ ငြင်းပယ်ခြင်းခံနေရတဲ့ သူတွေကို ပြန်လည်ပျိုးထောင်ပေးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒါဝိဒ်ကျောင်းကို ဖွင့်လစ်လိုက်ရခြင်း ဖြစ်တယ်လို့ ဆရာ ဆယ်တရှားကပြောပါတယ်။

“မှုးယစ်ဆေးစွဲလို့ ပတ်ဝန်းကျင်က ပယ်ထားတယ်ပေါ့ ပတ်ဝန်းကျင်က သူတို့ကို လုပ်ငန်းခွင်ထဲ မထည့်ဘူး မိသားစုထဲစာရင်းမသွင်းဘူး အဲမျိုးလူတွေကို ကျနော်တို့က သူတို့ကို မိသားစုထဲမှာ နေရာပြန် ရခိုင်းစေချင် တယ်”

အခေု ဒါဝိဒ်၏ကျောင်းတော်မှာ ဆရာဆယ်တရှားလို ဘဝသစ်တဖန်ပြန်ရလိုတဲ့ အသက် ၂ဝကနေ ၃၅နှစ်ကြားလူငယ် ၉ ဦးတက်ရောက်လျက်ရှိပြီး သူတို့ဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက ဖြစ်ကြပါတယ်။

အခုဒါဝိဒ်ကျောင်း၏ကျောင်းတော်မှာ ရောက်နေတဲ့ အသက် ၁၈နှစ် ခူးစိုးရယ် (နာမည် အရင်းမဟုတ်) ကတော့ သူဆေးစွဲခဲ့ရတဲ့ အဓိကအကျောင်းအရင်းက အပေါင်းအသင်းတွေရဲ့ စည်းရုံးမှုကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

“ပထမအချိန်ကျတော့ အပေါင်းအသင်းတွေက ကိုယ့်ကို လိုလိုလားလားနဲ့ ကိုယ်သောက်ချင်သည်ဖြစ်စေ မသောက်ချင်သည်ဖြစ်စေ တိုက်တော့ အားနာလို့ လိုက်သောက်ပေးနေရတာတွေ ရှိတယ်ပေါ့။ နောက်ပိုင်း ကိုယ်တကယ် စွဲသွားတဲ့ အချိန်ကျတော့ သူတို့က ကိုယ့်ကို လှည့်မကြည့်တော့ဘူး”

ခူးစိုးရယ်ကသူ ဆေးစွဲခဲ့တဲ့ အတွေ့အကြုံလေးတခုကို ပြန်လှည်ဝေမျှသွားတာပါ။ အခုဆိုရင်သူ ဒါဝိဒ်၏ကျောင်းတော်မှာ ဘဝသစ်ကို အစပျိုးဖို့ရောက်လာပါပြီ။

“အရင်တုန်းက ကျနော် ရည်ရွယ်ချက် ပန်းတိုင်ဆိုတာမရှိခဲ့ဖူးဘူး...ဒါပေမယ့်အခု ကျနော်မသုံးတော့တဲ့ အခါကျတော့ ပန်းတိုင်တွေရှိလာပြီ ရည်ရွယ်ချက်တွေ ထားတတ်လာပြီ” လို့ ခူးစိုးရယ်က ဆက်ပြောသွားပါတယ်။
ဒါဝိဒ်ကျောင်းတော်မှ မြင်တွေ့ရသော ဆောင်ပုဒ်တခု (ဓါတ်ပုံ-ကေတီ)
ခူးစိုးရယ်လိုပဲ ဒါဝိဒ်၏ကျောင်းတော်ကိုရောက်နေ တဲ့ နောက်တဦးကတော့ အသက် ၃၇နှစ်ရှိပြီဖြစ်တဲ့ ခူးလူရယ်(နာမည် အရင်းမဟုတ်)ပဲဖြစ်ပါတယ်။ ခူးလူရယ်မူးယစ်ဆေးကို ၁၄နှစ်တိတိစွဲစွဲမြဲမြဲ သုံးခဲ့တာပါ။ ဒီမှာရောက်လာတာ သူ့ဘဝသိသိသာသာ ပြောင်လဲတိုးတက် လာတယ်လို့ ဆိုပါတယ်။

“ဒီမှာလာနေတာတော့ အိမ်မှာနေတာထက်စာရင် တိုးတက်လာတာပေါ့ ဝိညာဉ်ပိုင်းရယ် ဘုရားတရားလည်း သိလာတာပေါ့။ သီးခံတတ်လာတာပေါ့”လို့ ခူးလူရယ်ကပြောပါတယ်။

“သူတို့သုံးခဲ့တဲ့ မှုးယစ်ဆေးတွေ လည်း ကျနော်သုံးဖူးတယ်။ အရက်ဆိုလည်းသောက်တယ်။ သိပ်ထူးခြားတဲ့ဖြစ်စဉ်က တော သိပ်မရှိပါဘူး။ ဒီနယ်မှာနေတဲ့လူတွေ သူလိုကိုယ်လိုပါပဲ။ သူတို့တွေးသလို ကိုတွေးတယ်။ သူတို့စားသလို ကိုယ်စားတယ်။ သူတို့သောက်သလိုတော့ ကိုယ်လည်းလိုက်သောက်မိတယ်။ သူတို့သုံးသလိုကိုယ်လိုက် သုံးမိတာပေါ့” ဟုဆရာဆယ်တရှားက ပြောပါတယ်။

ဆရာဆယ်တရှားဟာ ကယားပြည်နယ်ဖွား ကယား တိုင်းရင်းသားတစ်ဦး ဖြစ်ပါတယ်။ ကယားပြည်နယ်ရှိ လူငယ်တော်တော်များများမှာ မှုယစ်ဆေးဝါးသုံးစွဲမှုကနေ လွှတ်ကင်းသူ ရှားသလောက်ပါပဲ။ မှုးယစ်ဆေးစွဲနေခဲ့တဲ့ အချိန်အတောအတွင်း သူ့မိဘတွေက အိမ်နဲ့ပါတ်ဝင်းကျင်နဲ့ ဝေးတဲ့ ရန်ကုန်မြို့ကို ပို့ခဲ့ပါတယ်။

“အဓိက ပို့ရတဲ့အကြောင်းရင်းက အလုပ်လုပ်ဖို့ထက် အရေးကြီးတာက သူတို့ထဲမှာ မြင်တာက သူတို့ပါးစပ်နဲ့တော မပြောပဲနဲ့ ကျနော်မြင်တာကတော ကျနော့်ကို အိမ်မှာ မရှိခိုင်းစေချင်လို့ ပို့လိုက်တာ။ အိမ်မှာ ရှိလည်း ဆန်ကုန်၊ မြေလေး ဖြစ်တယ်၊ ရှုတ်တယ် ဆိုပြီးတော့မှ ပို့လိုက်တာ။ ဒါတနည်းအားဖြင့် ဥပေက္ခာပြုတာခံရတယ်”လို့ ဆရာဆယ်တရှားက မှုးယစ်ဆေးဝါး သုံးစွဲသည့်အတောအတွင်း သူ့ခံစားချက်ကိုပြောပြပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲနေသည့်ကာလအတွင်း ဆွေမျိုးများက မသင်္ကာတဲ့ အကြည့်တွေ ဥပမာ... ပစ္စည်း ခိုးယူမည်စိုးရိမ်နေကြရသည့် အကြည့်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။ အဲ့ဒီအချိန်မှာ ကိုယ့်ကိုယ်ကို သိမ်ငယ်မှုနဲ့ ဒေါသထွက်မှုတွေက ရောထွေးလို့နေပါတယ်။

“ငါ့ကိုဒီလိုကြည့်ရကောင်းလား၊ ငါ့ကို ဒီလိုမြင်ရကောင်းလား ဆိုပြီးတောမှ ကျနော် တို့က ခံပြင်းဖူးသော်လည်း အမှန်တော သူတို့အမှားမဟုတ်ဘူး ကျနော်တို့အမှားပါ” လို့ ဆရာဆယ်တရှား ကဆက်ပြောပါတယ်။

သို့သော် မှုးယစ်ဆေးက လွှတ်မြောက်ပြီးတဲ့နောက်ပိုင်းမှာ မိဘ၊မိတ်ဆွေ၊ ဆွေမျိုး တွေက သူ့အပေါ်ပြောင်းလဲ လာတာကို သူခံစားလိုက်ရတဲ့အချိန်မှာ သူဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရရှိလာပါတယ်။

ဒီလိုစွတ်လွှတ်နိုင်ဖို့အတွက် သူယုံကြည်ကိုးကွယ်တဲ့ ဘာသာနှင့် စိတ်ကိုတဖြေးဖြေး ထိမ်းချုပ်နိုင်ခဲ့တယ် လို့ သူကပြောပါတယ်။

အဲကနေပြီးတော့မှ မှန်ကန်မည့်လမ်း၊ အကျိုးရှိမည့်လမ်း၊ လူမျိုးအတွက်သော်လည်းကောင်း၊ မိသားစုအတွက် သော်လည်းကောင်း သူတပါးအတွက် သော်လည်းကောင်း အကြိုးပြုစေမည့် လုပ်ငန်းတွေကို လုပ်လာနိုင်ဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့်မို့ အရက်၊ မှုးယစ်ဆေးကြောင့် ပျက်စီးလုနီးပါးလူငယ်တွေကို အပယ်ခံထားရတဲ့လူငယ်တွေ သူ့လို အချိန်မီ စွတ်လွှတ်နိုင်အောင် ဒါဝိဒ်၏ကျောင်းတော် ကိုဖွင့်လိုက်ရခြင်းပဲဖြစ်ပါတယ်။

ဒါဝိဒ်၏ကျောင်းတော် အမည်ပေးရခြင်းမှာ ရာဇဝင်ထဲမှအရ ဆိုးသွမ်းသူတွေ ၊ ဒုက္ခရောက်နေကြသူတွေ၊ စိတ်ဓတ်ကျသူတွေဟာ ဒါဝိဒ်ထံလာပြီး ခိုလှုံနေကြပြီး ဒါဝိဒ်ကနေ စစ်သူကြီးအဖြစ် ပြုစုလေ့ကျင့် ပေးခဲ့တယ်ဆိုတဲ့ သမိုင်းဖြစ်ရပ်အပေါ် အတုယူအခြေခံတဲ့အနေနဲ့ ဆရာဆယ်တရှားက ဒါဝိဒ် ကျောင်းအမည်ကို ရွေးခြယ်လိုက်တာပါ။

ဒါဝိဒ်ကျောင်းမှ ကျောင်းသားတွေကို ထိမ်းသိမ်းတဲ့နေရာမှာလည်း အိပ်ရေးပျက်ခံရသလို၊ မှုယစ်ဆေးသမားတွေက မအိပ်တာများတဲ့အတွက် သူတို့နဲ့အတူ မအိပ်ပဲ နေပေးရတယ်လို့ ပြောပါတယ်။

ဒါဝိဒ်ကျောင်းတော်မှ မြင်တွေ့ရသော ဆောင်ပုဒ်တခု (ဓါတ်ပုံ-ကေတီ)
“အရက်ကြောင်တဲ့အခါမှာလည်း တခါတလေ သူတို့ ကိုဆွဲရတယ်၊ ချုပ်ရ တယ်။ တချို့ဆိုရင် ကိုယ်ကိုတောင် မမှတ်မိတောဘူး။ မမှတ်မိတဲ့အခါမှာ ရန်မှုတာမျိုးတွေရှိတယ်။ တခါတလေ ပါးစပ်နဲ့ ဆဲတာတွေရှိတယ်။ တခါတလေ ကိုယ်ထိလက်ရောက် ရန်မှုတာမျိုးတွေရှိတယ်။ ကျနော်တို့က အဲဒါတွေကို နားလည်ပေးရတယ်ပေါ့နော်။ သူတို့ဟာ ဒီလိုတုံ့ပြန်တတ်တယ် ဆိုပြီးတော့မှ ကျနော်တို့ ကြို တွက်ထားတယ် နားလည်ပေးထားတယ်” လို့ ဆရာဆယ်တရှားက ရှင်းပြပါတယ်။

အဲဒီကျောင်းကနေပြီး ဆေးကြောင်သူတွေ ၊ အရက်ကြောင်သူတွေကို ဆေးဖြတ်ပေးဖို့ ဆေးပေးတာမျိုးမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာအရ စိတ်ဓတ်ဖြင့်တင်ပေးတာတွေကိုသာ အဓိက လုပ်ပေးနေပါတယ်။

“မင်းဟာ ဒီခန္ဒာကိုယ်ရဲ့ ပိုင်ရှင်ဖြစ် တဲ့အတွက် မင်းဟာ အောင်မြင်နိုင်သေးတယ် လွှတ်မြောက်နိုင်သေးတယ်။ ဒီခန္ဒာကိုယ်ကို မှုးယစ်ဆေးက ဝါးမြို နေတာကို ကိုယ့်ကိုကို ပြန်မြင်ပြီးတော့မှ ဒီခန္ဒာကိုယ်ဟာ ငါ့ခန္ဒာကိုယ်ဖြစ်တဲ့အတွက် ငါနိုင်ရမယ် ခန္ဒာကိုယ်က ငါ့ကိုနိုင်တာမျိုးမဖြစ်ရဘူးဆိုတဲ့ အတွေးမျိုး သူတို့ထဲမှာရောက်အောင် ကျနော်တို့က ပြုစုပေးရတယ်” လို့ စိတ်ပိုင်းဆိုင်ရာ ကုသပေးမှုနဲ့ ပါတ်သက်ပြီး ဆရာဆယ်တရှားက ဆက်ရှင်းပြပါတယ်။

ဆေးဝါးအထောက်အပံ့ ကူညီပေးတာတွေ မလုပ်ဘူးဆိုပေမယ့်လည်း ကိုက်ခဲတာတို့၊ အားနည်းတာတို့၊ အိပ်မပျော်တာတို့ ဖြစ်လာရင် ပြည်သူ့ဆေးရုံမှာ တာဝန်ရှိ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကုသပေးပါတယ်။

ကျောင်းကို ရောက်ရှိလာတဲ့သူအများစုက မိဘတွေတွန်းအားပေးတာထက် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရောက်ရှိ လာကြတဲ့သူတွေဖြစ်ပါတယ်။

“တက်မယ်လို့ပဲ ဆုံးဖြတ်ချက်ချတဲ့လူတွေကပဲ ရောက်လာတာများတယ်။ မတက်ချင်ပဲနဲ့ မိဘအတင်းပို့တဲ့ဟာ သိပ်ရောက်လာလေ့မရှိဘူး။ ရောက်လာရင်လည်းမခံဘူး။ သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်မပါဘူးဆိုရင် သူတို့က ရောက်တာနဲ့ မနေနိုင် ဘူးပေါနော်” လို့ သူက ပြောပါတယ်။

ကျောင်းသားတယောက် အရက်ကြောင်ပြီးထွက်ပြေးချိန်မှာ ရဲတွေကိုအကူညီတောင်းရတဲ့ အဆင့်ထိ ကြုံတွေ့ရတာတွေ ရှိတယ်လို့ သိရပါတယ်။

ကျောင်းမှာတော့ ကွန်ပျူတာ၊ ဂီတနဲ့ ဓမ္မကျမ်းကိုအဓိက သင်ပေးပြီး နောင်နှစ်တွေမှာလည်း ဆက်လက် ဖွင့်သွားမှာဖြစ်ပါတယ်။

အဲ့ဒီကျောင်းကိုဆက် သွယ်ချင်ရင်ဖြင့် မှတ်၁၃/ညောင်ဇင်လမ်း၊ ညောင်ဇင်ရပ်ကွက်၊ ဖရူဆိုမြို့၊ ကယားပြည်နယ်၊ ဖုန်း-ဝ၉၄၂၈ဝဝ၇၆၄၇-ဝ၉၇၃၁၃၆ဝ၁၅-ဝ၉၃၁၄၁၃၈၅၆ တို့ပဲဖြစ်ပါတယ်။

ဆရာဆယ်တရှားဟာ အရက်သေစာနဲ့ မူးယစ်ဆေးဝါ စိတ်ကြွဆေးတွေ စွဲနေကြတဲ့ လူငယ်တွေ မူးယစ်သားကောင်ဘဝကနေ လွှတ်မြောက်လာဖို့ တဖက်တလမ်းကနေ အစွမ်းကုန် ကြိုးစားနေသူလဲဖြစ်ပါတယ်။ ဆေးစွဲနေကြတဲ့ လူငယ်တွေ သူ့လိုဘဲ ရုန်းထွက်နိုင်စေဖို့ ဆရာဆယ်တရှားမှာ မျော်လင့်ချက်တွေ အများကြီးရှိနေပါတယ်။

Written by ရှားမြာ၊ စူးမယ်
ကန္တာရ၀တီတိုင်း(မ်)
http://www.ktimes.org

နောက်ထပ် ၄၆ရက်လုံးထမင်းမငတ်ချင်တော့ပါ

ဦးစိုင်းလေ့(နာမည်အရင်းမဟုတ်) ၏ နွားခြံ (ဓါတ်ပုံ-ကေတီ)

ဒလိန်း...ဒလိန်း...ဒလိန်း...ဆိုသည့်  နွားခလောက်သံနှင့်အတူ အိမ်ကို ပြန်လာသည့် အသားညိုညို အရပ်၎ပေကျော်၊ အသက်၄၀ အရွှယ်ရှိ ဦးစိုင်းလေ့(နာမည်အရင်းမဟုတ်)တယောက် ချွေးတပြန်းပြန်းနဲ့ မောဟိုက်ပင်ပန်းသည့်နှယ်။

အိမ်ရောက်လာချိန် သက်ပြင်းလေးချကာ အိမ်အောက်တွင် ချည်ထားသည့် ပုခက်လေးပေါ် လှဲချလိုက်သည်ကို မြင်တွေ့ရသည်မှာ ရင်မောဖွယ်ပင်။

သူ၏အိမ်မှာ ခြေတံရှည် တစ်လုံးအိမ်တိုင် အမိုးကို သွပ်ဖြင့် မိုးထားသော်လည်း သွပ်မှာ ကြာနေပြီ ဖြစ်သည့်အတွက် အရောင်များ မွဲလာသည်သာမက အပေါက်များလည်း ပေါက်နေလေပြီ။

ချွေးတပြန့်ပြန့် တမောတပန်းနှင့် ဒီတသက်သူမေ့ပြောက်၍ မရနိုင်သည့် ဘဝဖြစ်စဉ်မှန်တွေကို မြိန်ရေယှက်ရေ ပြောပြရှာသည်။ အဓိကတော့ ကရင်နီပြည်၏ စစ်မြေပြင်တနေရာမှာ ၄၆ရက်တိုင်အစာမစားရဘဲ သူရဲ့အသက်လုံခြုံရေးအတွက် ပြေးလွား၍ ပုန်းအောင်းနေခဲ့ရသည့် အကြောင်းဖြစ်သည်။

"ပေါ်တာထမ်းတာသွားတော့ သူတို့က လူကို ဆက်ဆံတာ ကောင်းကောင်းမဆက်ဆံဘူးလေ။ သေလုလို့ဘဲပြောတယ်လေ။ ဒါကြောင့် သေမထူးနေမထူး ဆိုပြီးတော့ ထွက်ပြေးလာတယ်လေ။ သူတို့နဲ့ကြာကြာနေ လို့မရဘူးလေ။ ကြာကြာနေရင် သူတို့ပြောသလို သေလူဘဲဖြစ်မာလေ။ သူများမသတ်ရင်လည်းသူတို့ဘဲ သတ်မှာဘဲလေ။ သူတို့ကတော့ စစ်ကြောင်းထိုးတဲ့ အချိန်မှာ သေစရာရှိရင် ပေါ်တာအရင် သေရမှာပေါ့" ဦးစိုင်းလေ့ဟာ ရှမ်းပြည်နယ်သားတဦးပါ။

၂၀၀၈ခုနှစ်က ပေါ်တာအထမ်း သမားအဖြစ်ဖမ်းဆီးခြင်းခံရလိုက်တာဖြစ်ပြီး ကရင်နီပြည်နယ် သံလွင်ရှေ့ဘက်ခြမ်းရှိ စစ်မြေပြင်မှာ အထမ်းသမားအဖြစ်အသုံးပြုရန် စစ်တပ်တို့နဲ့ လိုက်ပါလာခြင်း ဖြစ်သည်။

လေးလှံလှသည့်ချဉ်ဆံနှင့်ရိက္ခာတို့ကို ထမ်းနေရာမှ ပင်ပန်းနားချင်ရင်လဲမနားရ၊ နားရင်လည်း သူတို့ရဲ့ရိုက်နက်မှုကိုခံရသည့်အတွက် အထမ်းထမ်းရင်းတပါတ်အကြာမှာ အသက်စွန့်ပြီး ထွက်ပြေးခဲ့သည်။

သံလွင်အရှေ့ခြမ်းက ဟွှေ့အော်ဆိုသည့် ချောင်းအတိုင်း ပြေးလွားနေရင်း ကောက်ရတဲ့ ဘီယာ ပုလင်းခွံတွေထဲ ဆင်တုန်းမနွယ်ဆိုသည့် အပင်ကို ပုလင်းထဲထည့်ပြီး ရေနဲ့စိမ်သောက်ခဲ့ရသည်။ ရေဆာတိုင်း ဘီယာပုလင်းထဲက ဆင်တုန်းမနွယ်လေးကို နည်းနည်းစီ သောက်ခဲ့ရလို့ ၄၆ ရက် အတွင်း ထမင်းမစားပဲ အသက်ရှင်ခဲ့လို့ဆိုပါတော့။

"စားရတဲ့အမျိုးဆိုရင် အကုန်စားတယ်။ သစ်သီးဝလံတွေပေါ့။ တောထဲမှာ စားရတဲ့ မျိုးဆို အကုန်စားတယ်။ အဓိကကတော့ တောငှက်ပျောပေါ့။ ငှက်ပျောသီးလည်း တစ်နေ့ကို တစ်လုံးနှစ်လုံးဘဲမှည့်တာလေ။ မသေရုံတမည်ဘဲပေါ့" ဟု အားနာလို့ ပြုံးတဲ့ အပြုံးဖြင့် ကျမကို ပြောပြနေရှာသည်။

ရက်ပေါင်းများစွာ အစာမွတ်သိပ်သော လူသားတဦးအတွက် ဘာကိုပဲမြင်မြင် ကျေနပ်သောစိတ်ဖြင့် ကောက်စားရပါကြောင်း ယခုလိုရှင်းပြသည်။

ဟွေ့အော်ချောင်းအတိုင်း "ပြန်ဆင်းတော့ အဲမှာ ငါးတွေရှိတယ်။ ငါးကျင်းအကြီးတွေလေ။ အဲဒီငါးကို ဖမ်းပြီးတော့ စားမယ်ဆိုပြီးတော့ ဆင်းတာ ၂ကောင်ရတယ်။ ပြီးတော့ စားတာ အစိမ်းဘဲစားတယ်။ မီးလည်း မရှိဘူးဆိုတော့ လေ။ အစာမွတ်သိပ်တော့ ဘယ်လိုမှမတတ်နိုင်ဘူးလေ။ အစိမ်းဘဲ စားလိုက်တာပေါ့။ နေလေးနဲ့ပြပြီးတော့ နည်းနည်းလေး နွမ်းတာနဲ့ အဲလိုဘဲ စားလိုက်တယ်"ဟု ဦးစိုင်းလေ့ကပြောသည်။

ဟွေ့အော်ချောင်းထဲမှာ ငါးတွေကို အစိမ်းလိုက်ဖမ်းစားနေချိန် ချောင်းထဲမှာဖားထွန်းရန်ထွက်လာသည့် KNPP တပ်စုတစုနဲ့ ထိပ်တိုက် တိုးပါတော့သည်။ ရဲဘော်များက သေနတ်ဖြင့်ချိန်ကာ ကယားစကားဖြင့် စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါသည်။

ဦးစိုင်းလေ့ခမျာ ကယားစကားမကြားဖူးသဖြင့် နားမလည်ဘဲ မိမိမိခင်ရှမ်းဘာသာလို ပြန်ပြောတော့ ရဲဘော်တွေထဲမှ ရှမ်းစကားနားလည်သည့် ရဲဘော်တစ်ဦးပါသဖြင့် အကြောင်းစုံပြောပြခဲ့သည်။

KNPP ရဲဘော်တို့နှင့်တိုးခဲ့တော့ သူတို့က ဟန်းကောဖြင့် ထမင်းချက်ပေးသော်လည်း ၄၆ရက်လုံး မီးနှင့်ထိသည့်အရာကို ဘာမှ မစားရဘဲနေသဖြင့် စားလို့လည်း မရကြောင်း၊ စားလျင်ဖြင့် လျှာကျက်သကဲ့သို့ ခံစားရသည့် အခက်အခဲကို ကြုံခဲ့ရပြန်သည်။

ဟန်းကောထဲက ထမင်းကို ၅ကြိမ်လောက်စားပြီး အားမရှိသေးသည့်အတွက် ရဲဘော်တွေနောက်ကို တောင်ဝှေ့လေး တစ်ချောင်း ကိုင်ပြီး လိုက်ပြန်လာခဲ့ရသည်။

သူ့ဇာတ်လမ်း နားထောင်ရသူ ကျမမှာလည်း ရင်တထိတ်ထိတ် စိတ်ထဲကပင် သက်ပြင်းလေးချပြီး သူ့အတွက် ရင်မောနေခဲ့မိသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် စစ်အစိုးရတို့အကြား ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ်မရေးထိုးခင် ပြည်တွင်းက ပြည်သူလူထုတွေ ပေါ်တာ အထမ်းသမားနှင့် ပါတ်သက်ပြီး ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကိုလည်း ကျမမျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးသည်။

အပစ်ခတ်ရပ်စဲရေးမတိုင်ခင်တုန်းက ကျမတို့ ကရင်နီလူမျိုးများသာမက ပြည်နယ်တွင်းရှိ အခြားသော တိုင်းရင်းလူမျိုးများကိုလည်း စစ်သားတွေ ပေါ်တာထမ်းဖို့ ခေါ်ရင် ထွက်ပြေးကြရသည့်ခေတ်၊ ယောက်ျားလေးဖြစ်ပြီဆိုတာနဲ့ စစ်သားမြင်ရင် တွေ့ရာနေရာမှာ ခေါ်သည့်ခေတ်၊ ယောကျာ်းလေးများမှာ လုံခြုံရာကို ပုန်းကွယ်ရသည်မှာ အကြိမ်ကြိမ်၊ အဲဒီအခြေနေတွေကြားက တွေ့သွားပြီး ဖမ်းခေါ်သွားတာကို ခံရတဲ့သူလည်း ရှိသေး။

ခုကတော့ပေါ်တာအထမ်းသမားများအား အတင်းအဓ္ဓမဆင့်ခေါ်ဖမ်းဆီးတာတွေမတွေ့ရတော့ပါဘူး။ ဒါပေမဲ့ ဦးစိုင်းလေ့တယောက် မြန်မာပြည်ကိုပြန်ဖို့ အစီအစဉ်မရှိသေးဘူးဟုပြောသည်။

မိဘနှင့်ဆွေမျိုးတွေရှိသည့် မွေးရပ်မြေ ရှမ်းပြည်ဘက်ကို နေ့စဉ်နေ့တိုင်း အဆက်အသွယ်တွေရဖို့ ကြိုးစားနေတာကလည်း အိမ်ပြန်ချင်တဲ့ ဆန္ဒရှိနေသည်မှာ သေချာနေသည်။

လက်ရှိ ဖြစ်ချင်နေတဲ့ဆန္ဒကို အတိတ်က ဖြစ်ပျက်ခဲ့တဲ့ ဥပမာတွေ လွမ်းမိုးထားဆဲရှိသည်ဆိုတာကို သူ့မျက်ဝန်းတွေပေါ်မှာအဖြေရှိနေသည်။ အဲ့ဒါကတော့ ၄၆ရက်လုံးအစာငတ်ပြီး ပြေးလွားနေတဲ့အဖြစ်မျိုး နောက်တကြိမ် မကြုံချင်တော့ပါဘူး ဆိုတာပါပဲ။

အခုသူ့အနားမှာ နွား ၈ကောင်လောက် ရှိနေပါပြီ။ အသက်မွေးဝမ်းကြောင်းအတွက် ဒီနွားတွေကိုထိမ်းကြောင်းရင်း ထိုင်း-မြန်မာနယ်စပ်တနေရာမှာ မိမိခြေထောက်ပေါ် ကိုယ့်အားကိုယ်ကိုး ရပ်တည်နေနိုင်ခြင်းဟာလည်း ဦးစိုင်းလေ့တို့လို ပေါ်တာ အထမ်းသမားတို့ရဲ့ဘ၀ဟာ အနာဂါတ်မရှိဘူးလို့ ဘယ်သူပြောနိုင်မှာလဲ….။

Written by ဦးမြာ
ကန္တာရ၀တီတိုင်း(မ်)
http://www.ktimes.org

အီလိုက်အမြန်ယာဉ် တံတားဦး အဝိုင်းဝင်တိုက်၊ လူငါးဦးသေဆုံး၊ ဆယ့်ငါးဦးဒဏ်ရာရ


တံတားဦး မေ ၃၁

ရန်ကုန် ပြင်ဦးလွင် ပြေးဆွဲနေသော Elite-Express ယာဉ်(2G/7504)သည် ယာဉ်မောင်းအိပ်ငိုက်ရာမှ မိုင်တိုင်အမှတ် ၃၅၇ရှိ တံတားဦးအဝိုင်းအား ၃၁.၅.၂၀၁၅ မနက်သုံးနာရီဆယ့်ငါးမိနစ်အချိန်တွင် ဝင်တိုက်မိရာမှ ယာဉ်တိမ်းမှောက်ကာ ခရီးသည်ငါးဦး နေရာတွင် သေဆုံးပြီး ကျန်ဆယ့်ငါးဦးမှာ ဒဏ်ရာအခြေအနေစိုးရိမ်ရသောကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ထားလိုက်ရကြောင်း တံတားဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးထံမှသိရသည်။

အဆိုပါ ယာဉ်မှာ လမ်းလယ်အဝိုင်းကို ဝင်တိုက်မိရာမှ မှောက်သွားခြင်းဖြစ်ပြီး လိုက်ပါလာသည့် ခရီးသည် ၃၅ဦးအနက် ကျား၁၊မ ၄ဦးပွဲချင်းပြီးသေဆုံးကြောင်း၊ဆယ့်ငါးဦးမှာ ဦးခေါင်းထိခိုက်မိဒဏ်ရာများ၊အရိုးဒဏ်ရာများရသောကြောင့် ဆေးရုံကြီးသို့ လွှဲပြောင်းပို့ထားလိုက်ပြီး အခြားခရီးသည် ဆယ့်ငါးဦးမှာ ဒဏ်ရာကြီးမားစွာမရသောကြောင့် အီလိုက်အမြန်ယာဉ်လိုင်းမှ ၎င်းတို့သွားလိုရာသို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း တံတားဦးမြို့နယ်ထွေအုပ်က ပြောသည်။
“ယာဉ်မောင်းနှစ်ဦးက ဒဏ်ရာသိပ်မရလိုက်ပါဘူး။အခု သူတို့ကို ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်”ဟု ၎င်းကဆိုသည်။

လမ်းလယ်အဝိုင်းအား ဝင်တိုက်မှုကြောင့် မှောက်သွားသည့်ယာဉ်အား ပြန်ထူမတ်ပြီးပြီဖြစ်ပြီး အဆိုပါအမှုအား စကားအင်း အမြန်လမ်းရဲစခန်းတွင် ပ-၉/၂၀၁၅ ဖြင့် အမှုဖွင့်အရေးယူထားလျက်ရှိကြောင်းသိရသည်။

Photo by Tin Myo Than
စိုးကြီး
The Union Daily
https://www.facebook.com/pages/The-Union-Daily

အမေရိကန်ကာကွယ်ရေးဝန်ကြီး တည်းသည့်ဟိုတယ်ထဲ အတင်းဝင်သူကို စင်ကာပူရဲ ပစ်သတ်


စင်ကာပူနိုင်ငံမှာ အမေရိကန်ကာကွယ်ရေး ၀န်ကြီး တည်းခိုတဲ့ ဟိုတယ်ဝင်းထဲ အတင်းဝင်ရောက်ဖို့ ကြိုးစားတဲ့ ကားတစီးကို ရဲတပ်ဖွဲ့က ပစ်ခတ်ရာမှာ ၁ ဦး သေဆုံးပြီး ၂ ဦးကို ဖမ်းဆီးမိပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ကားတစီးက အမေရိကန် ကာကွယ်ရေး ၀န်ကြီး Ash Carter  တည်းခိုတဲ့ Shangri-La  ဟိုတယ်ဝင်းထဲကို  ရဲအတားအဆီးကို အတင်းဖြတ်ကျော်ဖို့ ကြိုးစားတာကို ရဲက ပစ်ခတ် ဖမ်းဆီးခဲ့တာပါ။

Shangri-La  ဟိုတယ်ထဲမှာ ထိပ်တန်း လုံခြုံရေး အရာရှိတွေ သုံးရက်ကြာ အစည်းအဝေး ကျင်းပနေချိန်လည်း ဖြစ်ပါတယ်။

အမေရိကန် ကာကွယ်ရေး ၀န်ကြီးရော၊ တခြား အရာရှိတွေရော တစုံတရာ ထိခိုက်မှု မရှိဘူးလို့ ရဲအဖွဲ့က ပြောပါတယ်။

အမေရိကန် အရာရှိတွေ ကိုယ်တိုင်က အဖြစ်အပျက်ကို မသိခဲ့ဘဲ သတင်းတွေ ဖတ်ရတော့မှပဲ သိခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ မနက်ပိုင်းမှာပဲ အမေရိကန် ကာကွယ်ရေး ၀န်ကြီးနဲ့အဖွဲ့ဟာ ဗီယက်နမ်ကို ဆက်လက် ထွက်ခွာသွားပါတယ်။

ကားကို စစ်ဆေးရေးဂိတ်မှာ ရဲက တားခဲ့ပေမယ့် ကားဒရိုင်ဘာက နောက်တံခါးကို မဖွင့်ဘဲ အရှိန်မြှင့်မောင်းထွက်သွားလို့ ရဲက သေနတ်နဲ့ ပစ်ပြီး ဟိုတယ်လမ်းဘေး တနေရာမှာ ရပ်တန့်နိုင်ခဲ့ပါတယ်။

ဖမ်းဆီးထိန်းသိမ်းတဲ့ ၂ ဦးထဲက တဦးမှာ  မူးယစ်ဆေးလို့ ယူဆရတဲ့ ပစ္စည်းတွေ တွေ့ရှိရတယ်လို့ ရဲ့အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ သတင်းထုတ်ပြန်ထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

အိန္ဒိယတွင် အပူလွန်ကဲမှုကြောင့် သေဆုံးသူ ၂၀၀၀ ခန့်ရှိပြီ


အိန္ဒိယ တနိုင်ငံလုံးမှာ အပူလှိုင်းကြောင့် သေဆုံးသူ ၂၀၀၀ နီးပါး ရှိလာပြီး အပူရှိန် ဒဏ်ခံနေရတဲ့  ပြည်သူတွေဟာ မုတ်သုန်မိုးကို မျှော်လင့်နေကြပါတယ်။

ဆေးရုံတွေမှာ အပူရှပ်တဲ့ လူနာတွေ အဆက်မပြတ် ရောက်နေတာကြောင့်  ဒီရက်ပိုင်းမှာ ဆရာဝန်တွေကို ခွင့်မယူဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

မိုးလေ၀သဌာနက အပူလှိုင်းကို အလွန် ပြင်းထန်တဲ့ အဆင့်သတ်မှတ်ထားပြီး နောက်ထပ် အနည်းဆုံး ၂ ရက်လောက် အပူရှိန် ကျဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

သေဆုံးသူတွေ အများစုဟာ တောင်ပိုင်းက အန်ထရာ ပရာဒေ့ရှ် ပြည်နယ်နဲ့ တယ်လန်ဂါနာ ပြည်နယ်တို့ ဖြစ်ပါတယ်။

အပူချိန် ၄၆ ဒီဂရီ ဆက်စီယက် ရှိပြီး မေ ၂၈ ရက်နေ့ တရက်တည်းမှာ လူ ၁၀၀ လောက် သေဆုံးသွားပါတယ်။

အိန္ဒိယ နွေရာသီမှာ ရေခန်းခြောက်တဲ့ လူနာ၊ အပူရှပ် လူနာတွေ ပုံမှန်သေဆုံးလေ့ရှိပေမ့ယ် ဒီနှစ်ကတော့ အရင်နှစ်တွေကထက် ပိုဆိုးပြီး လူသေစာရင်း နှစ်ဆနီးပါးလောက် တိုးသွားတာပါ။

နိုင်ငံတ၀ှမ်းမှာ ပြည်သူတွေဟာ မြစ်ထဲမှာ ရေစိမ်သူစိမ်၊ အရိပ်ကောင်းကောင်းမှာ ခိုသူခို၊ ရေများများ သောက်သူသောက်နဲ့ မေလ နောက်ဆုံးရက်တွေကို ဖြတ်သန်းနေရပါတယ်။

ဆင်းရဲသား လယ်သမားတွေ၊ ဆောက်လုပ်ရေး အလုပ်သမားတွေကတော့ စားဝတ်နေရေးအတွက် မဖြစ်မနေ နေပူကို မရှောင်နိုင်ဘဲ အလုပ်လုပ်နေရပါတယ်။
သေဆုံးသူ အများစုကလည်း ဆင်းရဲသားတွေ၊ အိမ်ခြေမဲ့တွေနဲ့ သက်ကြီး ရွယ်အိုတွေ ဖြစ်ပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no

ထိုင်းမှာ လူမှောင်ခိုသမား ၅၁ ဦးကို ဖမ်းဆီးထား၊ ၃၀ ဦးကို ဖမ်းဝရမ်းထုတ်ရှာဖွေဆဲ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မေလ ၂၁ ရက်နေ့က ဖမ်းဆီးရမိထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂ဝဝ ကျော် စီးနင်းလိုက်ပါလာတဲ့ စက်လှေကို တွေ့ရစဉ် Photo:MOI Webportal Myanmar
ထိုင်းနိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာက လှေစီးဒုက္ခသည်တွေကို လူကုန်ကူးမှုကျူးလွန်ကြောင်း သံသယရှိသူ ၅၁ ဦးကို ဖမ်းဆီးထားပြီး၊ နောက်ထပ် အယောက် ၃ဝ ကို ဖမ်းဝရမ်းထုတ်ပြီး ရှာဖွေနေတယ်လို့ ထိုင်းရဲတွေက ပြော ပါတယ်။

ထိုင်းရဲတွေဟာ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ လူမှောင်ခိုသမားတွေကို ဆောင်ခလ၊ ဆာတွန်၊ ရနောင်းခ စတဲ့ နိုင်ငံတောင်ပိုင်းဒေသတွေမှာ လိုက်လံရှာဖွေနေတာပါ။

ဒီအတောအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အယောက် ၂ဝဝ ကို လူမှောင်ခိုကုန်ကူးမှုနဲ့ ဆက်နွယ်သူ အသက် ၅၃ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးကို မြန်မာရဲတွေ ဖမ်းဆီးနိုင်ခဲ့တာဟာ ထိုင်းနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ အကြား အပြန်အလှန်သတင်းဖလှယ် ဆောင်ရွက်မှုကြောင့်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က ဖမ်းဆီးရမိထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂ဝဝ ကျော် စီးနင်းလိုက်ပါလာတဲ့ စက်လှေရဲ့ပိုင်ရှင်ဖြစ်သူ ထိုင်းနိုင်ငံသား အုမင့်ဆိုသူကို ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်တာဖြစ်တယ်။

RFA Burmese
http://www.rfa.org/burmese

မြန်မာနိုင်ငံရဲ့ဆုံးဖြတ်ချက် မလေးရှားဝန်ကြီးချုပ် သတိပေး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မေလ ၂၉ ရက်နေ့ကကျင်းပခဲ့တဲ့ ရွှေ့ပြောင်းသူတွေ အရေး နိုင်ငံတကာဆွေးနွေးပွဲကို တွေ့ရစဉ် Photo:Pimuk/ RFA
အာရှဒေသမှာ လူကုန်ကူးမှု ပြဿနာကြီး တစ်ရပ်အဖြစ် ဦးတည်လာနေတဲ့ လှေစီးဒုက္ခသည်တွေ အရေးနဲ့ ပတ်သက် လို့ မြန်မာနိုင်ငံဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိပေမယ့်၊ အဲ့ဒီဆုံးဖြတ်ချက်ကြောင့် ဒေသတွင်းက တခြားနိုင်ငံတွေအပေါ် မထိခိုက်သင့်ဘူးလို့ မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇတ်က သတိပေးပြောကြား လိုက်ပါတယ်။

အာဆီယံနိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာဒုက္ခသည် ပြဿနာနဲ့ပတ်သက်လို့ အဖွဲ့ဝင်နိုင်ငံအချင်းချင်းအကြား ချစ်ကြည် ရင်းနှီးမှု မထိခိုက်စေတဲ့ အဖြေတစ်ခုရရှိအောင် ကြိုးပမ်းနေကြကြောင်း၊ အာဆီယံရဲ့ မူဝါဒအရ တခြား အာဆီယံနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူးဆိုတာ မိမိတို့ နားလည်ကြောင်း ၊ မြန်မာနိုင်ငံအနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချမှတ်ပိုင်ခွင့်ရှိတာမှန်ပေမယ့်၊ အဲ့ဒီဆုံးဖြတ်ချက်တွေကြောင့် အိမ်နီးချင်းပတ်ဝန်းကျင်နိုင်ငံတွေမှာ ပြဿနာတွေ၊ အသက်ဆုံးရှုံးမှုတွေ မပေါ်ပေါက်စေသင့်ကြောင်း မလေးရှား ဝန်ကြီးချုပ် နာဂျစ်က သတင်းထောက်တွေကို မနေ့က ပြောကြားခဲ့တာပါ။

မလေးရှားအစိုးရဟာ ထိုင်းနဲ့ မလေးရှားနယ်စပ်အနီး တောအုပ်ထဲက လူမှောင်ခိုစခန်း ၂၈ ခုအနားမှာ လူ ၁၃၉ ဦး မြှုပ်နှံထားတဲ့နေရာတွေကို ဖော်ထုတ်တွေ့ရှိထားပြီး၊ အဲ့ဒီအမှုနဲ့ ပတ်သက်ဆက်နွယ်ကြောင်း သံသယရှိတဲ့ မလေးရှားရဲအရာရှိ ၁၂ ဦးကိုလည်း ဖမ်းဆီးထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

ရန်ကုန်-ပြင်ဦးလွင် ခရီးသည်တင်ကား တိမ်းမှောက်၊ ၅ ဦးသေဆုံး


ရန်ကုန်-ပြင်ဦးလွင် ပြေးဆွဲနေတဲ့ Elite Express ကားတစီး ဒီကနေ့ မနက် ၃ နာရီလောက်က မန္တလေးတိုင်း တံတားဦးအဝိုင်း မိုင်တိုင်အမှတ် (၃၅၇) မှာ တိမ်းမှောက်ခဲ့ပါတယ်။

ဒီတိမ်းမှောက်ကြောင့် အမျိုးသား ၁ ဦးနဲ့ အမျိုသမီး ၄ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒဏ်ရာရတဲ့သူတွေကို အနှိုင်းမဲ့လူမှုကူညီရေး အသင်းနဲ့ စေတနာရှင် လူမှုကူညီရေးအသင်းတွေက မန္တလေးနဲ့ တံတားဦး ဆေးရုံတွေကို ပို့ဆောင်ပေးခဲ့ကြပါတယ်။

ဒီကားပေါ်မှာ စုစုပေါင်းခရီးသည် ၃၅ ဦး လိုက်ပါလာခဲ့ပြီး ယာဉ်မောင်း ၂ ဦးကတော့ တံတားဦး အဝေးပြေး ရဲစခန်းမှာ အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – Doe Gyi facebook
By ဒီဗွီဘီ
http://burmese.dvb.no


လှေစီးပြေးရင်းမြစ် မြန်မာမဟုတ်ဟုဆို


ကပ္ပလီပင်လယ်ပြင်ထဲမျောပါနေတဲ့ လှေစီးဒုက္ခသည်အများစုဟာ မြန်မာနိုင်ငံကမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံ တခုကသာ ဖြစ်ကြောင်း နိုင်ငံတကာ သိအောင်ပြောကြားနိုင်ခဲ့တယ်လို့ ဘန်ကောက် လှေစီးစည်းဝေး ပွဲတက်ခဲ့တဲ့ မြန်မာအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

မေလ ၂၉ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ လှေစီးအရေးစည်းဝေးပွဲကို ခေါင်းဆောင်တက်ရောက်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းက လှေစီးပြေးအများစုရဲ့ ရင်းမြစ်ဟာ မြန်မာမဟုတ်ကြောင်းနဲ့ လှေစီးဒုက္ခသည်တွေကို လက်ခံထားတာလည်း ယာယီသာဖြစ်တယ်ဆိုတဲ့ ရလဒ် ၂ ခုရရှိအောင် ဆွေးနွေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာကို ပြောကြားခဲ့တာပါ။

မေ ၂၉ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ပုံမှန်မဟုတ်ဘဲ ပြောင်းရွှေ့နေတဲ့ သူတွေအရေးအစည်းအဝေးမှာ နိုင်ငံပေါင်း ၁၇ နိုင်ငံနဲ့  ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ)၊၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာအဖွဲ့ (ယူအန်အိုဒီစီ) နဲ့  နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (အိုင်အိုအမ်) က ကိုယ်စားလှယ်တွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ လှေစီးဒုက္ခသည် ၁၀၀၀ လောက် ယာယီစောင့်ရှောက်ထားရပြီး အများစုဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖြစ်ပါတယ်။

ဓာတ်ပုံ – MOI
 By ဒီဗွီဘီ
http://burmese.dvb.no

တပ်မတော်အရာရှိတွေ အငြိမ်းစားယူပြီး ကိုယ်စားလှယ်အနေနဲ့ ရွေးကောက်ပွဲဝင်ရင် ကြိုဆိုမယ်

အမျိုးသား အကျိုးစီးပွား အတွက် ဆိုရင် ဘယ်ပါတီ ဘယ် အဖွဲ့ အစည်း နဲ့ မဆို ညှိနှိုင်း ဆောင် ရွက် ဖို့ ဆိုတာ ကြံ့ခိုင် ရေး ပါတီ က ချမှတ် ထားတဲ့ ပူးပေါင်း ဆောင်ရွက် ရေး မူဝါဒ ဖြစ်တယ် လို့ သူရ ဦးရွှေမန်း က ဆိုပါတယ်။
ပါတီ ရဲ့ အကျိုး စီးပွား နဲ့ နိုင်ငံရဲ့ အကျိုး စီးပွား ယှဉ်လာခဲ့ ရင် နိုင်ငံ ရဲ့ အကျိုး စီးပွား ကို ဦးစား ပေး ဆောင်ရွက် မယ် လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ရဲ့ ဥက္ကဌ သူရ ဦးရွှေမန်း က ပြောလိုက် ပါတယ်။

မေလ ၃၀ ရက် နေ့က ကျင်းပခဲ့တဲ့ ကြံခိုင်ရေး ပါတီ ရဲ့ စတုတ္ထ အကြိမ် ဗဟိုကော်မတီ အစည်းအဝေး မှာ အခုလို ပြော ကြားခဲ့တာ ဖြစ် ပါတယ်။

အမျိုးသား အကျိုးစီးပွား အတွက် ဆိုရင် ဘယ်ပါတီ ဘယ် အဖွဲ့ အစည်း နဲ့ မဆို ညှိနှိုင်း ဆောင် ရွက် ဖို့ ဆိုတာ ကြံ့ခိုင် ရေး ပါတီ က ချမှတ် ထားတဲ့ ပူးပေါင်း ဆောင်ရွက် ရေး မူဝါဒ ဖြစ်တယ် လို့လည်း သူရ ဦးရွှေမန်း က ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ မှာ ကြံ့ခိုင်ရေး ပါတီ အောင်နိုင် မယ်လို့ ယုံကြည် မှု ရှိကာ ရွေးကောက်ပွဲ လွန် မြန်မာ့ နိုင်ငံရေး မှာ ကြံခိုင်ရေး ပါတီ ရဲ့ ဦးဆောင် မှု အခန်း ကဏ္ဍ နဲ့ ပတ်သက်လို့ လည်း ဗဟိုကော်မတီ အစည်းအဝေး မှာ ဆွေးနွေး ခဲ့ ကြတယ် ဆိုပြီး ဗဟို ကော်မတီဝင် ဦးတင့်ဇော် က ဘီဘီစီ ကို ပြောပါတယ်။

ကြံ့ခိုင်ရေး ပါတီ မှာ အင်အား ၅သန်း ၂ သိန်း ဝန်းကျင် ရှိကာ နိုင်ငံ နဲ့ အဝှမ်း အောက်ခြေ ကျေးရွာ နဲ့ ရပ်ကွက် အဆင့် အထိ စံနစ်တကျ ဖွဲ့စည်း ထားနိုင် တဲ့ တစ်ခုတည်း သော ပါတီ ကြီး ဖြစ်တယ် လို့လည်း ဦးတင့်ဇော် က ဆိုပါတယ်။

ကြံခိုင်ရေး ပါတီ ဟာ နိုင်ငံရေး ပါတီ အသွင် မကူး ပြောင်းခင် ကတည်း က တပ်မတော် ကနေ ထူထောင် ပေး ခဲ့တဲ့ အဖွဲ့ အစည်း ဖြစ်တာ နဲ့ အညီ တပ်မတော် နဲ့ နီးစပ်ကာ တပ်မတော် က ထိပ်တန်း အရာရှိ ဟောင်း ကြီး တွေ က ပါတီ ကို ဦးဆောင် နေတာ ဖြစ်တယ် လို့ လည်း ဦးတင့်ဇော် က ပြောပါတယ်။

အခု ၂၀၁၅ ရွေးကောက်ပွဲ မှာလည်း ပါတီ က သတ်မှတ် ထားတဲ့ ကိုယ်စားလှယ် လောင်း အရည်အချင်း တွေ နဲ့ ကိုက် ညီ ရင် တပ်မတော် အရာရှိ တွေ အငြိမ်းစား ယူပြီး ကြံခိုင်ရေး ပါတီ ဝင် အနေ နဲ့ ဝင်ရောက် ယှဉ်ပြိုင် မှာ ကို ကြိုဆို သွားမယ် လို့ ဦးတင့်ဇော် က ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

စည်ပိုင်းဗုံးကြောင့် ဆီးရီးယားမှာ လူ အစုလိုက်အပြုံလိုက် သေဆုံး

 အခု နှစ် အတွင်း ဆီးရီးယား အစိုးရ ကျုးလွန် ခဲ့ သမျှ လူတွေ ကို အစုလိုက် အပြုံ လိုက် သတ်ဖြတ် မှု တွေ ထဲ က အဆိုးဆုံး ဖြစ်ရပ် တစ်ခု လို့ ဝေဖန် နေ။ 
ဆီးရီးယား နိုင်ငံ မြောက်ပိုင်း အလက်ပ်ပို ဒေသ ထဲ က Al Bab ဆိုတဲ့ မြို့ ရဲ့ လူစည်ကားရာ ဈေးမှာ ဆီးရီးယား အစိုးရ က ကြဲချ ခဲ့တဲ့ ပေါက်ကွဲ မှု ပြင်းထန် တဲ့ စည်ပိုင်း ဗုံး တွေ ကြောင့် အနည်းဆုံး လူ အယောက် ၆၀ သေဆုံး သွား ပါတယ်။

အဲဒီ့ Al Bab မြို့ ဟာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ ရဲ့ ထိန်းချုပ် မှု အောက် ကျရောက် နေတာ ဖြစ် ပါတယ်။

ဆီးရီးယား အရေး လှုပ်ရှား တက်ကြွသူ တွေ ရဲ့ အဆိုအရ သေဆုံး ခဲ့ သူတွေ အားလုံး လိုလို ဟာ အရပ် သား တွေ ဖြစ်ပြီး အမျိုးသမီး နဲ့ ကလေး သူငယ် တွေ လည်း ပါဝင် တယ် လို့ ဆိုပါတယ်။

အခု နှစ် အတွင်း ဆီးရီးယား အစိုးရ ကျုးလွန် ခဲ့ သမျှ လူတွေ ကို အစုလိုက် အပြုံ လိုက် သတ်ဖြတ် မှု တွေ ထဲ က အဆိုးဆုံး ဖြစ်ရပ် တစ်ခု လို့လည်း ဝေဖန် နေ ကြပါတယ်။

အလက်ပ်ပို မြို့ ကြီး ပေါ် က သူပုန် တွေ ထိန်းချုပ် ထားရာ ရပ်ကွက် ထဲ ကြဲခဲ့တဲ့ စည်ပိုင်း ဗုံး တွေ ကြောင့် လည်း လူ ၁၂ ဦး သေဆုံးခဲ့ တာ မှာ မိသားစု တစ်ခု ထဲ က လူ တွေ အများစု ပါသွား ကြတယ် ဆိုတဲ့ သတင်း တွေ လည်း ထွက် ပေါ် နေပါတယ်။

အခုလို ပေါက်ကွဲ စေတတ် တဲ့ ပစ္စည်း တွေ အမြောက်အများ ကို စည်ပိုင်း ကြီး တွေ ထဲ ထည့် ပြီး ကြဲ ချ နေတဲ့ ဆီးရီးယား အစိုး ရရဲ့ လုပ်ရပ် ဟာ စစ်ရာဇဝတ်မှု မြောက်တယ် ဆိုပြီး လူ့ အခွင့်အရေး လှုပ်ရှား သူ တွေ က ရှုတ်ချ နေကြ ပါတယ်။

တခါ၊ ဆီးရီးယား နိုင်ငံ ထဲမှာ ပဲ ပါလ်မိုင်းရား မြို့ မှာ ရှိတဲ့ တာ့ဒ်မူးရ် အကျဉ်းထောင် ကို IS တွေ က ဖောက် ခွဲ ပစ်လိုက် တယ် ဆိုတဲ့ သတင်း တွေ လည်း ရရှိ ထား ပါတယ်။

အဲဒီ့ အကျဉ်း ထောင် ဟာ ဆီးရီးယား အစိုးရ ရဲ့ ဖိနှိပ် အုပ်ချုပ် မှု ကို ကိုယ်စား ပြု ဖော် ပြတဲ့ နေရာ အဖြစ် ရှိလာ ခဲ့တာ ၁၀ စုနှစ် ပေါင်း များ စွာ ကြာမြင့် နေပြီ ဖြစ် ပါတယ်။

အဲဒီ့ တာ့ဒ်မူးရ် အကျဉ်း ထောင် ထဲ မှာ နိုင်ငံရေး အကျဉ်းသား ထောင် ပေါင်း များစွာ ဟာ ဖမ်းဆီး ချုပ် နှောင် ခံ ခဲ့ ရပြီး၊ နှိပ်စက် ညှင်း ပမ်း မှု တွေ၊ ရောဂါဘယ ဒဏ် တွေ ကို နှစ် ပေါင်း များစွာ ခံစား ခဲ့ ကြရတာ ဖြစ်ပါတယ်။

အကျဉ်းသား အများ စု လည်း ကွပ်မျက် ခံရတဲ့ နေရာ ဖြစ် ပါတယ်။ အကျဉ်းသား တွေ ထဲ မှာ ဆီရီးယား လူမျိုး တွေ သာ မက၊ လက်ဘနီးဇ် တွေ၊ ပါလက်စတိုင်း နဲ့ အီရတ် က လူ တွေ၊ အစုံ ရှိ ခဲ့ ကြ ပါတယ်။

အခု လက်ရှိ သမ္မတ ဘရှား အာဆတ် ရဲ့ အဖေ ဟာဖက်ဇ် အာဆတ် လက်ထက် ကတည်း က တာ့ဒ်မူးရ် အကျဉ်း ထောင် ဟာ ဆီရီးယား ပြည်သူ တွေ ကြားထဲ မှာ အကြောက်တရား သွတ်သွင်း ဖြစ် ပေါ် စေခဲ့ ပါတယ်။

ပါးလ်မိုင်းရား မြို့ IS တွေ လက်ထဲ မကျ ခင် မှာ အကျဉ်းထောင် ထဲ က အကျဉ်းသား တွေ ကို ဆီးရီးယား အစိုးရ က ခေါ်ထုတ် သွားခဲ့တယ် လို့ သတင်း တွေ ထွက် ပေါ် ခဲ့ ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

ရွှေ့ပြောင်းဝင်ရောက်သူ ၄,၀၀၀ ကျော် အီတလီကယ်တင်

သောကြာနေ့ကစပြီး အီတလီ ကမ်းခြေစောင့်တပ်က ကယ်တင်ထားတဲ့ ရွှေ့ပြောင်းအခြေချလိုသူ ၄ ထောင်ကျော်ထဲက အချို့ကို တွေ့ရစဉ်။ (မေ ၃၀၊ ၂၀၁၅)
ရွှေ့ပြောင်းဝင်ရောက်သူ ၄၂၀၀ ကျော်ကို လစ်ဗျားကမ်းလွန်ပင်လယ်ထဲမှာ တရက်ထဲနဲ့ ကယ်တင်လိုက်ပါတယ်။ ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံတွေမှာ ကောင်းမွန်တဲ့ နေထိုင်မှုဘဝရဖို့အတွက် မြေထဲပင်လယ်ကိုဖြတ်ပြီး အဲဒီနိုင်ငံတွေဆီသွားဖို့ ကြိုးစားကြတာလို့ အီတလီတာဝန်ရှိသူတွေက စနေနေ့မှာပြောပါတယ်။

အီတလီရေတပ်၊ ဂျာမန်၊ အိုင်ယာလန်၊ ဘယ်လ်ဂျီယန်နဲ့ ဗြိတိန်သင်္ဘောတွေရဲ့ အထောက်အကူနဲ့ အီတလီ ကမ်းရိုးတန်းစောင့်တပ်က ကူညီ ကယ်ဆယ်ရေးလုပ်ငန်း ၂၂ ကြိမ် လုပ်ခဲ့တာပါ။ ရွှေ့ပြောင်းဝင်ရောက်သူ ၄,၂၄၃ ဦးကို ဆီစီလီကျွန်းအပါအဝင် အီတလီတောင်ပိုင်းကျွန်းတွေဆီ ခေါ်သွားပါတယ်။

ငါးဖမ်းသင်္ဘောတစင်းပေါ်မှာ လူသေအလောင်း ၁၇ လောင်းနဲ့ ရာဘာလှေတွေကို တွေ့ရတယ်လို့ ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။ သေဆုံးသူတွေ ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာနဲ့ သေဆုံးရတဲ့ အခြေအနေတွေကို မသိရသေးပါဘူး။ ဒါပေမဲ့လဲ ပုံမှန်အားဖြင့် စုတ်ချာချာရေယာဉ်တွေပေါ်မှာ အားပြတ်တာ၊ ရေငတ်တာ၊ နေဒဏ်ရေဒဏ်နဲ့ လေဒဏ်ထိတာ၊ အကြမ်းပတမ်း ဆက်ဆံခံရတာလို ဆိုးရွားတဲ့အခြေအနေတွေ ကြုံကြရတယ်လို့ အီတလီတာဝန်ရှိသူတွေက ပြောလေ့ရှိပါတယ်။

ပင်လယ်ကိုဖြတ်ပြီး အန္တရာယ်များလှတဲ့ခရီးကို စွန့်စားသွားကြတဲ့ ရွှေ့ပြောင်းဝင်ရောက်သူအရေအတွက်ဟာ မကြာသေးခင် အချိန်တွေအတွင်း ပိုတိုးလာတာပါ။ မြောက်အာဖရိကဒေသက ရွှေ့ပြောင်းဝင်ရောက်သူအများအပြား စုဝေးရာနေရာဖြစ်တဲ့ လစ်ဗျားမှာ အခြေအနေတွေပိုဆိုးလာတာကြောင့် အခုလို တိုးလာတာဖြစ်တယ်လို့ လေ့လာသူတွေကပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

ဥရောပအရာရှိကြီး ၉၀ ခန့် ရုရှားပြည်ဝင်ခွင့်ပိတ်

ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Frank-Walter Steinmeier
ဥရောပသမဂ္ဂ EU ရဲ့ ထိပ်တန်းတာဝန်ရှိသူ ၈၉ ဦးကို ရုရှားက ခရီးသွားလာခွင့် ပိတ်ပင်လိုက်တာဟာ ယူကရိန်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ထိခိုက်စေနိုင်တယ်လို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

ယူကရိန်းအရှေ့ပိုင်းမှာ သတင်းထောက်တွေကို စကားပြောတဲ့ အချိန်အတွင်း ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Frank-Walter Steinmeier က ခရီးသွားလာခွင့် ပိတ်ပင်တာကို ဝေဖန်ပြီးတော့ ရုရှားနိုင်ငံအနေနဲ့ ပိုပြီး ပွင့်လင်းမြင်သာမှု ရှိအောင်လုပ်ဖို့ တောင်းဆိုပါတယ်။

ဥရောပတိုက်အလယ်မှာ ကာလရှည်ဖြစ်နေပြီး အန္တရာယ်ကြီးတဲ့ပဋိပက္ခကို ဖြေရှင်းဖို့ကြိုးစားနေချိန်မှာ ဒီလိုလုပ်ရပ်က အထောက်အကူဖြစ်စေမှာ မဟုတ်ဘူးလို့ မစ္စတာ Steinmeier ကပြောပါတယ်။

ရုရှားရဲ့ အမည်မည်းစာရင်းထဲမှာပါတဲ့အတွက် ဂုဏ်ယူတယ်လို့ ဥရောပထိပ်တန်းတာဝန်ရှိသူ အများအပြားကပြောတာကို အဓိက သတင်းဌာနကြီးတွေက ဖော်ပြပါတယ်။

ဥရောပသံတမန်တွေကို ကြာသပတေးနေ့က ချပြတဲ့စာရင်းထဲမှာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ယူကရိန်းအရှေ့ပိုင်းကို ရုရှားနယ်ထဲ သွတ်သွင်းတဲ့အပေါ် ဝေဖန်ပြောဆိုတဲ့ အရင်တုန်းကနဲ့ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေ ပါဝင်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

ကံပြား-နေပြည်တော် လမ်းတွင် အမျိုးသမီး တစ်ဦးထံမှ ရွှေဆွဲကြိုး လုယူ ထွက်ပြေးမှုဖြစ်ပွား


မကွေး မေ ၃ဝ

မကွေးမြို့နယ် ကံပြားကျေးရွာအနီး ကံပြား-နေပြည်တော်လမ်းတွင် ဆိုင်ကယ်ပေါ်မှအမျိုးသမီးတစ်ဦး ဝတ်ထားသော ရွှေဆွဲကြိုးအား ထိုဆိုင်ကယ်နောက်မှ ကျော်တက်မောင်းနှင်သွားသည့် ဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ဦးက ဆွဲဖြတ်လုယူထွက်ပြေးမှု မေ ၂၉ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မေ ၂၉ ရက် မွန်းလွဲ ၁ နာရီက မဇင်မာမြင့် အသက်(၂၆)နှစ် ရန်အောင်(၁၂)လမ်း မကွေး မြို့နေသူသည် မင်္ဂလာဆောင်သွားရောက်ရန်အတွက် ကိုဝင်း ဘုရားပြို(မ)ရွာနေသူမောင်းနှင်သော ၁ဝယ/--- YINBO 110 ဆိုင်ကယ်နောက်မှ လိုက်ပါလာခဲ့စဉ် ကံပြား-နေပြည်တော်လမ်း ကံပြားမောင်းတံဂိတ်အကျော်တွင် နောက်မှလိုက်ပါလာသော အနက်ရောင်ဆိုင်ကယ်ပေါ် မှ အမျိုးသားက မဇင်မာမြင့်လည်ပင်းတွင် ဆွဲထားသော ပုလဲဆွဲသီးပါ ဘားတိုက်ပုံဆွဲကြိုး(အလေးချိန် ၁၅ ပဲ)အား ဆွဲယူ၍ နေပြည်တော်လမ်းအတိုင်းထွက်ပြေးမောင်းနှင်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ မဇင်မာ မြင့်က တိုင်ကြားခဲ့သောကြောင့် မကွေးမြို့နယ် မကွေးနယ်မြေ ရဲစခန်းမှ အမှုဖွင့်ထားပြီး ဆွဲကြိုးလုယူထွက်ပြေးသူအား အမြန်ဆုံးဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

(ကျော်ဇေယျ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

မနေ့ကမိတဲ့ လှေစီး ဒုက္ခသည်များ ရေပြင်မှာရှိနေဆဲ


ဧရာဝတီတိုင်း ဖျာပုံမြို့နယ်အပိုင် မြန်မာပိုင်နက်ရေပြင်မှာ မြန်မာရေတပ်က ဖမ်းမိခဲ့တဲ့ လှေစီးဒုက္ခသည် ၇ဝဝ ကျော်ဟာ ကမ်းခြေအလွန် ရေပြင်မှာပဲရှိနေသေးတယ်လို့ ရိုက်တာသတင်းဌာနက ဒီနေ့ ဖော်ပြပါတယ်။

ရိုက်တာသတင်းဌာနက ရေတပ် ဒုဗိုလ်မှူးကြီး စိုးမင်းကို ဆက်သွယ်လို့ ရရှိခဲ့ပြီး အဲ့ဒီလူတွေကို ဟိုင်းကြီးကျွန်း ရေတပ်စခန်းဖြစ်ဖြစ် ဒါမှမဟုတ် စစ်တွေလို တခြားတစ်နေရာကိုဖြစ်ဖြစ် ခေါ်သွားပြီး စစ်မေးဖို့ရှိတယ်လို့ပြောကြောင်း ဖော်ပြပါတယ်။

ဒါနဲ့ပတ်သက်ပြီး RFA က ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကို ဆက်သွယ် စုံစမ်းရာမှာ သူက

"ကျနော်တို့တော့ လက်ရှိတော့ မကြားသေးပါဘူး၊ ကျနော်တို့နဲ့ သိပ်တော့အဆက်အစပ် မရှိဘူးပေါ့နော်၊ မိတာလည်း ကျနော်တို့ပြည်နယ်မဟုတ်ပဲနဲ့ ဧရာဝတီတိုင်းဆိုတော့လေ၊ သူတို့အရေးနဲ့ပဲ ဆိုင်တာပေါ့နော်၊ ကျနော်တို့ဘက်ကို ဘာမှတော့ ညွှန်ကြားချက်တော့ မရှိပါဘူး၊ ကျနော်လည်းအခု ရခိုင်ကိုပြန်မရောက်သေး ပါဘူး၊ အစည်းအဝေးနဲ့ ရန်ကုန်မှာရောက်နေတာ မနက်ဖြန်မှ ပြန်သွားရမှာပါ" လို့ ပြောပါတယ်။

ဒီအတောအတွင်းမှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က ဖမ်းဆီးရမိထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂ဝဝ ကျော် စီးနင်းလိုက်ပါလာတဲ့ စက်လှေရဲ့ပိုင်ရှင်ဖြစ်သူ ထိုင်းနိုင်ငံသား အုမင့် ဆိုသူကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။

သူနဲ့အတူပါလာတဲ့ လူ ၅ ဦးကိုလည်း စစ်ဆေးနေတယ်လို့ ရခိုင်ပြည်နယ် အမှတ် (၅) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုတာဝန်ခံ ဒုရဲမှူးကျော်ညွန့်က ပြောပါတယ်။

"ဘင်္ဂလီတင်ဆောင်ထားတဲ့ကိစ္စ စက်လှေပိုင်ရှင်ပေါ့၊ သူက ထိုင်းနိုင်ငံသား ရနောင်းမှာနေတာ အဲ့လိုနေတဲ့ အတွက်  ကော့သောင်ဖက်ကတက်လာတဲ့ ရထားနဲ့ပါလာတာ၊ ဘိတ်မှာတစ်ညအိပ်တယ် ပြီးတော့မှ ဒီကို ဆက်ထွက်လာတယ်၊ ၂၉ ရက်နေ့မှာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကနေ ဖမ်းလိုက်တာပေါ့၊ သူအပါအဝင်ပေါ့ လောလောဆယ် ၅ ဦးလို့သိရတယ်"

မနေ့ကဖမ်းဆီးရမိလိုက်တဲ့ ထိုင်းနိုင်ငံသားနဲ့ ရိက္ခာပို့တဲ့စက်လှေပိုင်ရှင် ကိုခိုင်မြတ်ဆိုသူတို့ကို တရားခံ ပြေးအဖြစ် ရခိုင်ပြည်နယ် အမှတ် ၅ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့က အမှုဖွင့်ထားတာပါ။

RFA Burmese
http://www.rfa.org/burmese/

မြ၀တီ-ကော့ကရိတ်ကားလမ်းသစ်တွင် ကရင်လက်နက်ကိုင်ဂိတ် တဖွဲ့စီအစား ပူးပေါင်းဂိတ်ထားမည်


မေ ၃၀ရက်၊ ၂၀၁၅ခုနှစ်။

ကရင်ပြည်နယ်တွင် ဖောက်လုပ်နေသော မြ၀တီ-ကော့ကရိတ် အာရှအဝေးပြေး ကားလမ်းတစ်လျှောက် အခွန်ကောက်ခံနေ သည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်ဂိတ်များကို တစ်ဖွဲ့စီ သီးခြားအခွန်ကောက်ခံမှု မပြုလုပ်စေတော့ဘဲ အဖွဲ့စုံ ပူးပေါင်းထား သည့်ဂိတ်အဖြစ်သာ ထားရှိတော့မည်ဖြစ်ကြောင်း မေလ ၂၈ရက်မှ ၂၉ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA တပ်မဟာ(၇)ဌာနချုပ်တွင် ပြုလုပ်သော ကရင့်လက်နက်ကိုင်များ ညီညွတ်ရေးကော်မတီ၏ အရေးပေါ် အစည်းအ ဝေးတွင် ဆုံးဖြတ်ခဲ့သည်။

အစည်းအဝေးတွင် ပါဝင်သူ KNU ကာကွယ်ရေးဌာန တာဝန်ခံ ပဒိုစောရောဂျာခင်က “အဲဒီလမ်းမှာ ဂိတ်တွေများလာတော့ သွား လာတဲ့လူထုတွေ ဒုက္ခရောက်တယ်။ အခက်အခဲတွေလည်းရှိတယ်။ ပြီးတော့ ကြည့်မကောင်း ရှုမကောင်းနဲ့ အဖွဲ့အစည်းတွေအ တွက်လည်း သိက္ခာမရှိတော့ဘူး။ အဲလိုတွေဖြစ်လာတော့ တိုင်ပင်ပြီး အခုလို ဆုံးဖြတ်လိုက်ရတာ”ဟု ကေအိုင်စီ သို့ ပြောသည်။

အရေးပေါ်အစည်းအဝေးတွင် အာရှအဝေးပြေးလမ်းကိစ္စ အပါအ၀င် ကရင်လက်နက်ကိုင် အချင်းချင်းဖြစ်ပွားနေသော ပြဿနာ များနှင့် မူးယစ်ဆေးဝါးပြဿနာများကို ဆွေးနွေးခဲ့ကြပြီး KNU ဒုဥက္ကဋ္ဌ၊ KNLA စစ်ဦးစီးချုပ်နှင့် ထိပ်ပိုင်းခေါင်းဆောင်များအပြင် အခြားကရင်လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များပါဝင်သည့် ကိုယ်စားလှယ်နှင့် လေ့လာသူ စုစုပေါင်း ၆၀နီးပါး တက် ရောက်ခဲ့ကြသည်။

ထိုသို့ဆွေးနွေးကြပြီးနောက် ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် KNU၊ DKBA ၊ KNU/KNLA(PC) (၃)ဖွဲ့မှ ပူးပေါင်းဂိတ်အဖြစ် ကော့ကရိတ်ဘက်တွင်တစ်ဂိတ်နှင့် သင်္ကန်းညီနောင်ဘက်တွင်တစ်ဂိတ်တွင် နှစ်ဂိတ် ထားရှိသွားမည်ဖြစ်ကြောင်း သဘောတူ ဆုံးဖြတ်ခဲ့ကြပြီး ဇွန်လဆန်းပိုင်းမှ စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းသစ်တစ်လျှောက် အစိုးရစစ်တပ် အပါအ၀င် KNU၊ DKBA၊ KNU/KNLA(PC) စသည့် ကရင်လက်နက်ကိုင်အဖွဲ့များ မှ အခွန်ကောက်ခံသည့် ဂိတ်ပေါင်း (၈)ဂိတ် ခန့်ရှိနေကြောင်းသိရပြီး အခွန်ကောက်ခံမှုအပေါ် ခရီးသွားပြည်သူများ၏ ပြစ်တင် ဝေဖန်မှုနှင့် လက်နက်ကိုင်များချင်းချင်း ပြဿနာဖြစ်ပွားမှု အများဆုံးလမ်းလည်း ဖြစ်သည်။

“အဓိက လူထုတွေ တောင်းဆိုမှုနဲ့ ဝေဖန်မှုတွေရှိလာတဲ့အပေါ်မှာ ပူးပေါင်းဖို့သဘောတူဆုံးဖြတ်ကြတာပါ။ အဲဒီဟာက ကျနော် တို့အတွက်ရော၊ လူထုအတွက်ရော ကောင်းပါတယ်။ အောက်ခြေမှာလည်း ဒီကိစ္စကို ကျနော်တို့ချပြ ဆွေးနွေးသွားရအုံးမှာ ဖြစ် ပါတယ်”ဟု ပူးပေါင်းဂိတ်ထားရှိမည့်အပေါ် DKBA ကလို့ထူးဝါးဗျူဟာမှ ဗိုလ်မှူးချုပ်စောကျော်သက်က သူ့အမြင်ကို ပြောသည်။

ပူးပေါင်းဂိတ်အဖြစ် ထားရှိရန်အတွက် ကရင်လက်နက်ကိုင်အဖွဲ့များအချင်းချင်း ညှိနှိုင်းသဘောတူထားခြင်းသာဖြစ်ပြီး အစိုးရ စစ်တပ်ဂိတ်အနေဖြင့် ပူးပေါင်းပါဝင်မည် သို့မဟုတ် သီးသန့်ဂိတ်ထားရှိမည်ကို မသိရှိရသေးကြောင်း အစည်းအဝေးတက် ရောက်လာသည့် ကရင်နယ်ခြားစောင့်တပ်-BGF မှ အရာရှိတစ်ဦးက ပြောသည်။

အမည်မဖော်လိုသူ ကားသမားတစ်ဦးက “အဲလိုဖြစ်သွားရင်တော့ ကျနော်တို့ ကားသမားတွေရော ခရီးသည်တွေ သွားလာသူ တွေအတွက် ကောင်းတာပေါ့ဗျာ။ လက်ရှိမှာတော့ ဂိတ်က ၈ဂိတ်ရှိတုန်းပဲ။ KNU၊ DKBA၊ PC၊ စစ်တပ် တစ်ဂိတ်ကို တစ်ထောင် ပေးရတယ်။ ဒါပေမယ့် DKBA ဂိတ်က တစ်ထောင် မရဘူး။ နှစ်ထောင်တောင်းတယ်။ အထက်က အဲလိုပဲ ကောက်ခိုင်းတယ် လို့ ပြောတယ်။ နှစ်ထောင်မပေးရင် မသွားနဲ့တဲ့”ဟု ကေအိုင်စီသို့ ပြောသည်။

၂၀၁၂ခုနှစ်၊ နိုဝင်ဘာလကတည်းက စတင် ဖောက်လုပ်လာခဲ့သည့် မြ၀တီ-ကော့ကရိတ်လမ်းသစ်ကို ယခုနှစ်တွင် ကားများ ဖြတ်သန်းသွားလာ၍ လမ်းဖောက်လုပ်ရေးကို အနှောက်အယှက်ဖြစ်စေခြင်းကြောင့် ကရင်လက်နက်ကိုင်များ ညီညွတ်ရေး ကော်မတီက မတ်လ ၄ရက်နေ့တွင် သွားလာခွင့် ပိတ်ထားခဲ့သည်။ သို့သော် မြန်မာစစ်တပ် အပါအ၀င် ကရင်လက်နက်ကိုင် အဖွဲ့များက ဂိတ်များချထားကာ ဆက်သွားလာခွင့်ပေးပြီး ငွေကောက်ခံမှုများလာသည့်အပေါ် ခရီးသွား ပြည်သူလူထုက ဝေဖန်မှု များ ရှိလာခဲ့ခြင်းဖြစ်သည်။

 စဖန်းရှောင်း
ကေအိုင်စီ - KIC News
http://kicnews.org

ရွေးကောက်ပွဲကိုယ်စားလှယ်ရွေးချယ်ရေးမူ ကြံ့ခိုင်ရေးပါတီဆွေးနွေး

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်အစည်းအဝေးကျင်းပစဉ်။ (ဓာတ်ပုံ-ပြည်ခိုင်ဖြိုး)
မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်ရွေးချယ်ဖို့ မူသတ်မှတ်ချက်တွေ အပါအဝင်သမ္မတလောင်း ရွေးချယ်မှုတွေကို အဓိကထားပြီး လက်ရှိအာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အစိုးရအဖွဲ့ဝင်တွေနဲ့ ဗဟိုကော်မတီဝင်တွေ ဆွေးနွေးနေကြပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် နေပြည်တော်မှာ သုံးရက်တာကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေး နောက်ဆုံးရသတင်းတွေကိုမဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

မေလ ၂၉ ရက်နေ့ကစလို့ နေပြည်တော်ပါတီဌာနချုပ်မှာ ကျင်းပတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စတုတ္ထအကြိမ် ဗဟိုကော်မတီ အစည်းအဝေးမှာ ပြည်နယ်တိုင်းအသီးသီးက တက်ရောက်လာကြတဲ့ ပါတီဝင်တွေက မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲအတွင်း ပါဝင် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတ်မှတ်ချက်နဲ့အညီ အရည်အချင်းပြည့်မှီတဲ့ မူဘောင်တွေ ချမှတ်နိုင်ရေး အဓိက ဆွေးနွေးနေကြတာဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့ပြီး လက်ရှိအစိုးရဖွဲ့နိုင်ခဲ့တဲ့ အနိုင်ရပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စတုတ္ထအကြိမ် ဗဟိုကော်မတီ အစည်းအဝေးမှာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ပတ်သက်လို့ လက်ရှိပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် ရန်ကုန်တိုင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်လည်းဖြစ်တဲ့ ဦးတင်မောင်ဦးက အခုလိုရှင်းပြပါတယ်။

“လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတ်မှတ်ထားတဲ့ဥပဒေအတိုင်း၊ နောက်ပြီးတော့ အားလုံး ပါတီပေါင်းစုံရေးဆွဲတဲ့ ရွေးကောက်ပွဲ ပဋိဉာဉ်အတိုင်း လေးစားလိုက်နာပြီးတော့ ဦးတို့ပါတီအနေနဲ့လည်း ရွေးကောက်ပွဲကြီးကို လွတ်လပ်ပြီး တရားမျှတစွာ ရွေးကောက်ပွဲဖြစ်အောင် ပါဝင် ဆောင်ရွက်မယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ နံပါတ် (၂) ကတော့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ အရင်ခေတ်လို၊ ၂၀၁၀ လိုမဟုတ်ဘဲနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ ပြည်နယ်တိုင်းဒေသက ကြိုက်တဲ့လူတွေကို အဓိကထားပြီးတော့ ဒေသခံလူထုရဲ့အကြိုက်ကို ဖော်ဆောင်ပြီးတော့ ရွေးမယ်ဆိုတဲ့သဘော သက်ဝင်ပါတယ်။ ဒီမိုကရေစီအတိုင်းကိုရွေးမယ်။ ရွေးတဲ့ကော်မတီဖွဲ့ထားတယ်။ အဲဒီကော်မတီကနေပြီးတော့ ဒီမိုကရေစီနည်းလမ်းတကျ၊ စနစ်တကျရွေးချယ်ပြီးမှ အခုဒီမှာဆွေးနွေးမယ့်အချက်တွေကို အခြေခံပြီးတော့ ဦးဖြူ- ဦးဖြူကထားပါတော့- ဦးကရွှေပြည်သာ၊ ရွှေပြည်သာမှာ ဦးတင်မောင်ဦးပြိုင်ရင် နိုင်မှာလား၊ မနိုင်ဘူးလား။ ဦးတင်မောင်ဦးက ပြည်သူလူထုအကျိုး သယ်ပိုးနိုင်ရဲ့လား၊ ပါတီအကျိုးရော သယ်ပိုးနိုင်ရဲ့လား၊ အဓိက-က နိုင်ငံတော်၊ နိုင်ငံသားတို့ရဲ့ကိုက်ညီမယ့်လူပေါ့။ အခြေခံမူကတော့ ပိုင်တဲ့နေရာမှာ နိုင်တဲ့လူနဲ့ပြိုင်ဖို့ ဖြစ်ပါတယ်။”

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ဦးဆောင်တဲ့ အစိုးရအဖွဲ့ဖွဲ့စည်းနိုင်ခဲ့ပြီးနောက် တိုင်းပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ဖော်ထုတ် နိုင်ခဲ့တဲ့အတွက် အခုလာမယ့်၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ ပါတီအနေနဲ့ ဒီမိုကရေစီနည်းကျ လုပ် ဆောင်ကြဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်ခိုင်ဖြိုးပါတီရဲ့လက်ရှိ ဥက္ကဋ္ဌဖြစ်သူဦးရွှေမန်းက အဖွင့်မိန့်ခွန်းမှာ တိုက်တွန်းပြောဆို ခဲ့တယ်လို့လည်း ဦးတင်မောင်ဦးကပြောပါတယ်။

“လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက်ကို ဦးတို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ဝိုင်းဝန်းကူညီဆောင်ရွက်ဖို့၊ နောက်တခုကတော့ အထွေထွေရွေးကောက်ပွဲမှာ ပါတီအောင်နိုင်ဖို့အတွက် လုပ်ငန်းစဉ်ချမှတ်တာပေါ့။ နောက်တခုကတော့ ရွေးကောက်ပွဲမှာဝင်မယ့် ကိုယ်စားလှယ်တွေကို ဦးတို့ပါတီအနေနဲ့က အပေါ်ကနေ Centralize လုပ်ပြီးတော့ ရွေးခြင်းမဟုတ်တဲ့အတွက်ကြောင့်၊ ပြည်သူအကြိုက်ဖြစ်အောင် ရွေးတဲ့အခါမှာ ပါတီကရွေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက်ရဲ့အခြေခံ ထားရှိရမယ့် မူတွေကို ချမှတ်ပါတယ်။

အခု စတုတ္ထအကြိမ် ဗဟိုကော်မတီအစည်းအဝေးမှာ အရေးကြီး အခန်းကဏ္ဍဖြစ်တဲ့ ပါတီကိုယ်စားလှယ်လောင်းရွေးချယ်တာဝန်ပေးမှု အပါအဝင်၂၀၁၅ ရွေးကောက်ပွဲအတွက် သမ္မတလောင်း ရွေးချယ်မှုအပေါ်-ပါတီတွင်း မဲခွဲဆုံးဖြတ်ချက်အရ-ဆုံးဖြတ်ကြမှာဖြစ်တယ်လို့လည်း အစည်းအဝေးကို ကိုယ်တိုင် တက်ရောက်နေတဲ့ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်က ပြောပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအခန်းကဏ္ဍမှာ နိုင်ငံတော်တည်ငြိမ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် “ထားသင့်တာထား၊ ပြင်သင့်တာပြင်မယ်”- ဆိုတဲ့ဦးတည်ချက်ရှိတဲ့အကြောင်းကိုလည်း ဦးရွှေမန်းက အဖွင့်မိန့်ခွန်းမှာ ပြောခဲ့သလို ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်ခိုင်ဖြိုးပါတီသဘောထားကို ဦးတင်မောင်ဦးပြောတာက အခုလို ပြောပါတယ်။

“ယနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ စတင်တင်သွင်းတာလည်း ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဖြစ်ပါတယ်။ ပထမအဆင့် ဥပဒေကြမ်း တင်သွင်းတာလည်း ဦးတို့ပါတီက အခြေခံပြီး တင်သွင်းထားပါတယ်။ ဒါကြောင့် ဒါကိုတော့ ပြည်ထောင်စလွှတ်တော်မှာပဲ သူ့ရဲ့လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်ပြီးတော့ ဆောင်ရွက်နေမှာဖြစ်ပါတယ်။”

ဗဟိုကော်မတီအစည်းအဝေးအစ ပါတီဥက္ကဋ္ဌရဲ့ လက်ရှိအာဏာရအစိုးရနဲ့ပတ်သက်ပြီး သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ရအောင် အနိုင်ရပါတီဦးဆောင်တဲ့ အစိုးရအဖွဲ့က ဖော်ဆောင်နေချိန်မှာ ပြည်သူအများ ယုံကြည်မှုကင်းမဲ့ပြီး အဂတိဆန်တဲ့ အပြုအမှုပြောဆိုချက်တွေဟာ ပါတီကလား၊ လူပုဂ္ဂိုလ်ကလား။ တစုတဖွဲ့ကလားဆိုတာ ဗဟိုကော်မတီက သုံးသပ်အကြံပြု ပြုပြင်ပေးရမှာဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့တဲ့ အပေါ်ရွေးကောက်ပွဲနီးလာချိန် ပြည်သူ့ကို စည်းရုံးတဲ့ ဗျူဟာတခုသာဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်ဒေါက်တာရန်မျိုးသိမ်းက အခုလိုသုံးသပ်ပါတယ်။

“လွှတ်တော်ထဲကပြည်ခိုင်ဖြိုးပါတီနဲ့ အစိုးရအဖွဲ့ထဲက ပြည်ခိုင်ဖြိုးပါတီတို့ ခွဲပြီးတော့ ပြည်သူလူထုတွေကြားမှာ မျက်စေ့လည်အောင်လုပ်တဲ့ ဗျူဟာ တခုလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ မြင်ပါတယ်။”

၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လက်ရှိအနိုင်ရပါတီဘက်က ကိုယ်စားလှယ်လောင်း၊ သမ္မတလောင်းရွေးချယ်မှုတွေနဲ့ ပါတီတွင်း ကြိုတင် ပြင်ဆင်နေမှုတွေကို နေပြည်တော်ပါတီဌာနချုပ်မှာ ပါတီ ဗဟိုကော်မတီအစည်းအဝေးကို မေလ ၂၉ ရက်နေ့ကနေ မေလ ၃၁ ရက်အထိ ကျင်းပနေပြီး မေလ ၃၀ ရက်နေ့မှာတော့ တိုင်းနဲ့ပြည်နယ်အသီးသီးက တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေမှာ အစီရင်ခံစာတွေ တင်သွင်းတင်ပြနေကြတာ ဖြစ်ပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကြို့ပင် ကျေးရွာ၌ အမျိုးသမီးအချင်းချင်း ဓားခုတ်မှုဖြစ်ပွား


အောင်လံ မေ ၃ဝ

မကွေးတိုင်းဒေသကြီး သရက် ခရိုင် အောင်လံမြို့နယ် ကြို့ပင် ကျေးရွာတွင် ယမန်နေ့ ညနေ ၆ နာရီ ခွဲက အမျိုးသမီးအချင်းချင်း ဓားခုတ် မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဓားဖြင့်ခုတ်ခံရသူ မဝင်းအေး (၃၂နှစ်) ကြို့ပင်ကျေးရွာ နေသူသည် ဖခင်ဖြစ်သူနေအိမ်မှ ပြန် လာစဉ် ရွာလယ်လမ်း၌ တစ်ရွာ တည်းနေ မခိုင်ဝင်းမော် (၂၈ နှစ်)နှင့် တွေ့ဆုံပြီး ထိုနေ့ ညနေပိုင်းက မဝင်းအေး၏အစ်မ မယဉ်အေးကို မခိုင်ဝင်းမော်က ၄င်း၏ ခင်ပွန်းနှင့် စွပ်စွဲပြောဆိုစကားများသည့်အတွက် မဝင်းအေးက မကျေမနပ်ဖြစ်၍ အပြန်အလှန် စကားများကြရာမှ မခိုင်ဝင်းမော်က အသင့်ပါလာသော အသွား ခြောက်လက်မ၊ အရိုး ငါး လက်မခွဲခန့်ရှိ ဝါးရိုးတပ် ဓားဦးချွန် ဖြင့် ထိုးခုတ်ရာ မဝင်းအေး ဒဏ်ရာ ရရှိခဲ့သဖြင့် အောင်လံမြို့မ ရဲစခန်း က အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သိန်းလွင်(iprd)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

အသိမ်းခံ လယ်မြေများ အတွက် လျော်ကြေးကိစ္စ ကုမ္ပဏီ ဆွေးနွေး

ယန်စီ-မြန်မာကုမ္ပဏီက သိမ်းထားတဲ့ မြေဧရိယာတွေကို တွေ့ရစဉ် Photo: Kyaw Zaw Win/RFA
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်က စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်းကြောင့် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးငွေ ပေး၊ မပေး ဆိုတာကို မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်က လာမယ့် ဇူလိုင်လအတွင်းမှာ ထုတ်ပြန်ကြေညာသွားမယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ဒီနေ့ မြန်မာယန်စီကုမ္ပဏီမှာ ဒေသခံလယ်သမားတွေနဲ့ ဆွေးနွေးစဉ် ပြောခဲ့တာလို့ ကံကုန်းရွာသား ကိုတင့်အောင်စိုးက ပြောပါတယ်။

"ဦးပိုင်က ကျနော်တို့ကို မပေးနိုင်တဲ့အကြောင်း ပေးရန်ကြွေးကျန် ဘာညာမရှိဘူးပြောပြီးတော့ ဒါတွေဆွေးနွေးဝိုင်းက ပြောခဲ့တဲ့စကားတွေကို ကျနော်တို့ ပြန်ပြောပြတယ်၊ နောက်ပိုင်း သူတို့နဲ့ ကျနော်တို့နဲ့ ပြန်လည်ဆွေးနွေးတော့ကျတော့ ဦးပိုင်နဲ့ ဒီတရုတ်ခေါင်းဆောင်တွေနဲ့ ထိပ်သီးအစည်းအဝေးပေါ့၊ ဒီ BMC ဆိုတဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့မှ ကျနော်တို့ ဒီဟာကို လျော်ပေးမယ် မပေးဘူးဆိုတာကို ဆုံးဖြတ်မယ်ဆိုပြီးတော့ BMC အစည်းအဝေးက ၆ လပိုင်းမှာ သူတို့လုပ်ဖြစ်မယ်၊ ဒါကို ၇ လပိုင်းဝန်းကျင်မှာ ကျနော်တို့ကို အကြောင်းပြန်မယ်ပေါ့၊ ကျနော်တို့ သူတို့နဲ့သဘောတူညီမှုရခဲ့တာ"

ဒီနေ့ အစိုးရဘက်ကတာဝန်ရှိသူတွေ၊ ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ ဒေသခံမြေပိုင်ရှင်ရွာသားတွေ တွေ့ဆုံရာ မှာ ဒေသခံတွေက မြေယာလျော်ကြေးငွေပေးဖို့ ကိစ္စကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အသိမ်းခံထားရတဲ့ လယ်ယာမြေ တစ်ဧကကို ဘယ်လောက်ပေးရမယ်ဆိုတာကို ဒေသခံတွေဘက်က မတောင်းဆိုပဲ ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာမှာဖော်ပြထားတဲ့အတိုင်း လျော်ကြေးပေး ဖို့ကိုသာ တောင်းဆိုကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၅ ရက်နေ့က ဒေသခံရွာသားတွေက ကုမ္ပဏီဘက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ရရှိဖို့ တောင်းဆိုတာ ကို ငြင်းပယ်ခဲ့တာကြောင့် မြန်မာယန်စီကုမ္ပဏီရှေ့မှာ ထိုင်သပိတ် ဆန္ဒပြခဲ့ပါတယ်။

ဦးပိုင်ကုမ္ပဏီ ဥပဒေအကြံပေး အရာရှိ ဦးအောင်မြင့်က တရားလိုလုပ်ကာ ဒေသခံရွာသား ၃ ဦးကို ခြိမ်းခြောက်မှု၊ တားဆီးကန့်ကွက်မှု၊ ပိုင်နက်ကျူးကျော်မှုတွေနဲ့ အမှုဖွင့်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

ရေအားလျှပ်စစ်လုပ်ငန်း အတွက် ဒေသခံတွေနဲ့ ဆွေးနွေး


ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ချီဖွေနဲ့ ဆော့လော်မြို့နယ်ထဲမှာ လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၁၂ဝဝ ထွက်ရှိမယ့် "ငေါ်ချမ်းခ"ရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်ဖို့ ကုမ္ပဏီတာဝန်ရှိသူတွေဟာ ဒေသခံတွေကို သွားရောက်တွေ့ဆုံပြီး စည်းရုံးရေးဆင်းနေပါတယ်။

စီမံကိန်း အကောင်အထည်ဖော်မယ်ဆိုရင် ဒေသခံလူထုရဲ့သဘောတူညီမှုကို ရယူပြီးမှဆောင်ရွက်ဖို့ ပြည်နယ် အစိုးရက တိုက်တွန်းထားတယ်လို့ ကချင်ပြည်နယ် လျှပ်စစ်နဲ့စက်မှုလက်မှုဝန်ကြီး ဦးစိုင်းမောင်ရွှေက RFA ကို ပြောပါတယ်။

"လုပ်မယ့်အဖွဲ့ကတော့ ပြည်နည်အစိုးရနဲ့တော့ လာတင်ပြတယ်၊ ပြည်ထောင်စု အစိုးရအဖွဲ့နဲ့လည်းပဲ လျှပ်စစ်စွမ်းအားအဖွဲ့နဲ့လည်းပဲ သူတို့ပေါ့ MOU တွေ ဘာတွေ အားလုံးထိုးထားကုန်ပြီပေါ့လေ၊ အခုလောလောဆယ်ပေါ့လေ သူတို့ အဲ့ဒေသကိုသွားရောက်ပြီးတော့မှ လူထုနဲ့တွေ့ဆုံတာ၊ ဧကပေါင်းကတော့ ၁၂ဝဝ ရှိတယ်၊ စီမံကိန်းကာလကတော့ ၁ဝ နှစ်တော့ပြောတာပဲ၊ ပြည်သူလူထုကို ကိုယ်ကျိုးမထိခိုက်ပဲနဲ့ နစ်နာမှုမရှိပဲနဲ့နော် လိုအပ်တဲ့အချက်တွေကို သူတို့ဖြည့်ဆည်းပေးမယ်ဆိုရင် ပြည်သူလူထုက ထောက်ခံတယ် အားပေးမယ်ဆိုရင်နော် ဒါကတော့ သူတို့က လူထုနဲ့တွေ့ဆုံပြီးတော့မှ ပြေပြေလည်လည်ဖြစ်အောင်လုပ်ပါ လို့လည်း ကျနော်တို့ ပြည်နယ်အစိုးရအနေနဲ့ သူတို့ကိုတိုက်တွန်းတယ်ပေါ့"

မြစ်ကြီးနားမြို့ရဲ့ အရှေ့မြောက်ဘက် ၁၂၅ မိုင်အကွာ ကချင်အထူးဒေသ (၁) နယ်မြေထဲမှာရှိတဲ့ အဲ့ဒီစီမံကိန်းကို တရုတ်နိုင်ငံ YPIC ကုမ္ပဏီနဲ့ မြန်မာနိုင်ငံက IGOEC ကုမ္ပဏီတွေက ပူးပေါင်း အကောင်အထည်ဖော်လုပ်ဆောင် ကြမှာဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့လည်း ပြီးခဲ့တဲ့ ၂ဝဝ၉ ခုနှစ်မှာ MoU နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

မေခမြစ်ရဲ့လက်တက်တစ်ခုဖြစ်တဲ့ ငေါ်ချမ်းခမြစ်ပေါ်မှာ တုံးရှင်းချောင်၊ လောင်းဒင်၊ ဂေါလန်၊ ခန်ကန်း စတဲ့ စီမံကိန်းလေးခုနဲ့ စုစုပေါင်းလျှပ်စစ်ဓါတ်အား ၁၂ဝဝ ထွက်ရှိမယ့် ဒီစီမံကိန်းကို လာမဲ့ ၂ဝ၁၇ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ဖို့ ရှေးဦးလေ့လာမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

အခုလဆန်းပိုင်းကလည်း ကုမ္ပဏီတာဝန်ရှိသူတွေဟာ ချီဖွေမြို့နယ် မော်ဖီကျေးရွာနဲ့ ဆော့လော် မြို့နယ် မျှောဂျောင်ကျေးရွာတွေမှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

စီမံကိန်းကြောင့် ဒေသခံတွေရဲ့ ထိခိုက်နစ်နစ်မှုတွေအားလုံးကို နစ်နာကြေးပေးသွားမှာဖြစ်ကြောင်းနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်ဖို့စီစဉ်ထားကြောင်း ကုမ္ပဏီဘက်က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

အကြမ်းဖက်ဝါဒ အားပေးမှုနိုင်ငံ စာရင်းထဲ ကျူးဘားကိုပယ်ထုတ်


အမေရိကန်နဲ့ ကျူးဘားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြန်စတဲ့ ခြေလှမ်းတခုအနေနဲ့ အကြမ်းဖက်ဝါဒကို အားပေးတဲ့နိုင်ငံ စာရင်းကနေ ကျူးဘားနိုင်ငံကို အမေရိကန်ပြည်ထောင်စုက ပယ်ဖျက် ပေးလိုက်ပါတယ်။

ဧပြီလတုန်းက သမ္မတအိုဘားမားက ကျူးဘားသမ္မတ Raul Castro နဲ့ တွေ့ဆုံပြီးမကြာခင်မှာပဲ ကျူးဘားကို အကြမ်းဖက်ဝါဒအားပေးတဲ့နိုင်ငံစာရင်းကနေ ပယ်ဖျက်ဖို့ရှိတဲ့အကြောင်း သမ္မတအိုဘားမားက ကြေညာခဲ့တာပါ။ ဒါကို အမေရိကန်လွှတ်တော်က ၄၅ ရက်အတွင်း ကန့်ကွက်ပယ်ချခွင့်ရှိပေမယ့်လို့ လွှတ်တော်က မကန့်ကွက်ခဲ့ပါဘူး။ နှစ်ဘက် သံရုံးတွေကို ဘယ်တော့ဖွင့်ဖြစ်မလဲဆိုတာတော့ ခုအချိန်အထိ အချိန်သတ်မှတ်ချက်မရှိသေးပါဘူး။ လုပ်ဆောင်စရာတွေ ကျန်နေသေးတယ်လို့ သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

အမေရိကန်သံတမန်တွေအနေနဲ့ ကျူးဘားနိုင်ငံက နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ လွတ်လွတ်လပ်လပ်နဲ့ တွေ့နိုင်ဖို့နဲ့ အခြား ဒီမိုကရေစီအစီအစဉ်တွေ ဆောင်ရွက်နိုင်ဖို့ တောင်းဆိုနေတဲ့အပေါ် ကျူးဘားနိုင်ငံဘက်ကတော့ တွန့်ဆုတ်နေပါတယ်။

သမ္မတအိုဘားမားရဲ့ ကျူဘားနဲ့ပတ်သက်တဲ့မူဝါဒကို လွှတ်တော်က ပြန်လည်သုံးသပ်မှု အချိန်သက်တမ်းကုန်ဆုံးသွားတဲ့အတွက် ကျူးဘားနိုင်ငံကို အကြမ်းဖက်မှုအားပေးတဲ့နိုင်ငံစာရင်းကနေ နိုင်ငံခြားရးဝန်ကြီး ဂျွန်ကယ်ရီက အခုသောကြာနေ့မှာ တရားဝင်ပယ်ဖျက်ပေးလိုက်တာပါ။ ဒါပေမယ့်လည်း ကျူးဘားနိုင်ငံရဲ့ မူဝါဒနဲ့လုပ်ရပ်တွေအပေါ်မှာတော့ အမေရိကန်ဘက်က သဘောကွဲလွဲစရာတွေ ဆက်ရှိနေပြီး စိုးရိမ်မကင်းဖြစ်စရာတွေလည်း ဆက်ရှိနေတယ်လို့ လည်း ကြေညာထားပါတယ်။ ကျူးဘားကို အကြမ်းဖက်အားပေးတဲ့နိုင်ငံစာရင်းကနေ အမေရိကန်က ပယ်ဖျက်ပေးခဲ့တာကြောင့် ကျူးဘားအနေနဲ့ ကမ္ဘာ့ဘဏ်လို နိုင်ငံတကာအဖွဲ့အစည်းတွေထံက ငွေချေးယူနိုင်သလို အခြားကမ္ဘာ့ငွေကြေးဈေးကွက်တွေနဲ့လည်း ထိစပ်လာနိုင်ခွင့် ရှိပြီဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

နိုင်ငံတကာဥပဒေ တရုတ်ချိုးဖောက်ဟု ကန်စွပ်စွဲ


တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်က မြေဖို့ကျွန်းဖော်နေတဲ့ ကိစ္စက နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တာဖြစ်ပြီး အငြင်းပွားစရာ ဖြစ်နေတဲ့ မြေပေါ်မှာ နောက်ထပ် စစ်ရေး ပြင်ဆင်ဆောင်ရွက်မှု လုပ်ရပ်မှန်သမျှကို အမေရိကန်က ကန့်ကွက်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Ashton Carter က ပြောကြားလိုက်ပါတယ်။

ရေအောက်ကျောက်တုံးတွေကို လေယာဉ်ပြေးလမ်းအဖြစ် အသွင်းပြောင်းလိုက်ရုံနဲ့ အချုပ်အခြာ အာဏာပိုင်တယ်လို့ ပြောခွင့်မရှိသလို နိုင်ငံတကာ လေကြောင်း၊ ရေကြောင်း သွားလာခွင့်တွေကိုလည်း ထိန်းချုပ်လို့မရပါဘူး၊ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ရဲ့ ဆောင်ရွက်ချက်တွေဟာ နိုင်ငံတကာ ဥပဒေသတွေကို ဖောက်ဖျက်လိုက်တာဖြစ်သလို အာရှ-ပစိဖိတ်ဒေသတွင်း လုံခြုံရေးအစီအမံတွေနဲ့ သံခင်းတမန်းခင်းကို အဓိကထားဆောင်ရွက်မယ့် ဒေသတွင်း နားလည်ထားမှုတွေကို ဖောက်ဖျက်လိုက်တာပဲလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Carter က ပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာ မဟာဗြူဟာလေ့လာရေး IISS က Singapore နိုင်ငံမှာ စီစဉ်ကျင်းပတဲ့ Shangri-La Dialogue ဆွေးနွေးပွဲမှာ ခုလို ပြောခဲ့တာဖြစ်ပါတယ်။ ပိုင်နက်အငြင်းပွားနေကြတဲ့ တခြားနိုင်ငံတွေထက်ကို တရုတ်နိုင်ငံက မြန်မြန်ဆန်ဆန်နဲ့ ပိုပြီးရှေ့ရောက်အောင် ဆောင်ရွက်နေတာဖြစ်တယ်လို့ Shangri-La Dialogue ဆွေးနွေးပွဲတက်ရောက်နေကြတဲ့ အာရှ-ပစိဖိတ်ဒေသတွင်းက ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေကို အမေရိကန်ကာကွယ်ရေးဝန်ကြီးက မိန့်ခွန်းပြောကြားခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ထဲက အဓိက ကမ္ဘာ့သင်္ဘောလမ်းကြောင်းတွေရှိရာ သဘာဝသယံဇာတကြွယ်ဝတဲ့ နေရာအားလုံးနီးပါးဟာ သူတို့ ပိုင်နက်ဖြစ်တယ်လို့ တရုတ်က အလေးထား ပြောနေတာပါ။ အဲဒီနေရာတချို့ကို ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်ဝမ်နဲ့ ဘရူနိုင်းနိုင်ငံတွေကလည်း ပိုင်ဆိုင်တယ်လို့ ပြောနေပါတယ်။

အာရှဒေသတွင်း လှေစီးပြေးပြဿနာအပေါ် စိုးရိမ်မှုနေကြတာနဲ့ ပတ်သက်လို့တော့ မလေးရှားကာကွယ်ရေးဝန်ကြီး Hishammuddin Hussein က ပြဿနာ အရင်းအမြစ်ကို အလုံးစုံ ဖြေရှင်းရမယ်လို့ ပြောကြားသွားပါတယ်။ မလေးရှားက ဦးဆောင်ပြီး ရိုဟင်ဂျာတွေအတွက် ယာယီ နေရာထိုင်ခင်းတွေ ပေးထားသလို လူကုန်ကူးသူတွေရဲ့ နောက်ထပ် အမြတ်ထုတ်မှုကို တားဆီးနိုင်အောင် ဆောင်ရွက်နေတယ်လို့ သူကပြောကြားသွားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ