မနေ့ကမိတဲ့ လှေစီး ဒုက္ခသည်များ ရေပြင်မှာရှိနေဆဲ


ဧရာဝတီတိုင်း ဖျာပုံမြို့နယ်အပိုင် မြန်မာပိုင်နက်ရေပြင်မှာ မြန်မာရေတပ်က ဖမ်းမိခဲ့တဲ့ လှေစီးဒုက္ခသည် ၇ဝဝ ကျော်ဟာ ကမ်းခြေအလွန် ရေပြင်မှာပဲရှိနေသေးတယ်လို့ ရိုက်တာသတင်းဌာနက ဒီနေ့ ဖော်ပြပါတယ်။

ရိုက်တာသတင်းဌာနက ရေတပ် ဒုဗိုလ်မှူးကြီး စိုးမင်းကို ဆက်သွယ်လို့ ရရှိခဲ့ပြီး အဲ့ဒီလူတွေကို ဟိုင်းကြီးကျွန်း ရေတပ်စခန်းဖြစ်ဖြစ် ဒါမှမဟုတ် စစ်တွေလို တခြားတစ်နေရာကိုဖြစ်ဖြစ် ခေါ်သွားပြီး စစ်မေးဖို့ရှိတယ်လို့ပြောကြောင်း ဖော်ပြပါတယ်။

ဒါနဲ့ပတ်သက်ပြီး RFA က ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကို ဆက်သွယ် စုံစမ်းရာမှာ သူက

"ကျနော်တို့တော့ လက်ရှိတော့ မကြားသေးပါဘူး၊ ကျနော်တို့နဲ့ သိပ်တော့အဆက်အစပ် မရှိဘူးပေါ့နော်၊ မိတာလည်း ကျနော်တို့ပြည်နယ်မဟုတ်ပဲနဲ့ ဧရာဝတီတိုင်းဆိုတော့လေ၊ သူတို့အရေးနဲ့ပဲ ဆိုင်တာပေါ့နော်၊ ကျနော်တို့ဘက်ကို ဘာမှတော့ ညွှန်ကြားချက်တော့ မရှိပါဘူး၊ ကျနော်လည်းအခု ရခိုင်ကိုပြန်မရောက်သေး ပါဘူး၊ အစည်းအဝေးနဲ့ ရန်ကုန်မှာရောက်နေတာ မနက်ဖြန်မှ ပြန်သွားရမှာပါ" လို့ ပြောပါတယ်။

ဒီအတောအတွင်းမှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က ဖမ်းဆီးရမိထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂ဝဝ ကျော် စီးနင်းလိုက်ပါလာတဲ့ စက်လှေရဲ့ပိုင်ရှင်ဖြစ်သူ ထိုင်းနိုင်ငံသား အုမင့် ဆိုသူကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။

သူနဲ့အတူပါလာတဲ့ လူ ၅ ဦးကိုလည်း စစ်ဆေးနေတယ်လို့ ရခိုင်ပြည်နယ် အမှတ် (၅) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုတာဝန်ခံ ဒုရဲမှူးကျော်ညွန့်က ပြောပါတယ်။

"ဘင်္ဂလီတင်ဆောင်ထားတဲ့ကိစ္စ စက်လှေပိုင်ရှင်ပေါ့၊ သူက ထိုင်းနိုင်ငံသား ရနောင်းမှာနေတာ အဲ့လိုနေတဲ့ အတွက်  ကော့သောင်ဖက်ကတက်လာတဲ့ ရထားနဲ့ပါလာတာ၊ ဘိတ်မှာတစ်ညအိပ်တယ် ပြီးတော့မှ ဒီကို ဆက်ထွက်လာတယ်၊ ၂၉ ရက်နေ့မှာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကနေ ဖမ်းလိုက်တာပေါ့၊ သူအပါအဝင်ပေါ့ လောလောဆယ် ၅ ဦးလို့သိရတယ်"

မနေ့ကဖမ်းဆီးရမိလိုက်တဲ့ ထိုင်းနိုင်ငံသားနဲ့ ရိက္ခာပို့တဲ့စက်လှေပိုင်ရှင် ကိုခိုင်မြတ်ဆိုသူတို့ကို တရားခံ ပြေးအဖြစ် ရခိုင်ပြည်နယ် အမှတ် ၅ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့က အမှုဖွင့်ထားတာပါ။

RFA Burmese
http://www.rfa.org/burmese/
မနေ့ကမိတဲ့ လှေစီး ဒုက္ခသည်များ ရေပြင်မှာရှိနေဆဲ  မနေ့ကမိတဲ့ လှေစီး ဒုက္ခသည်များ ရေပြင်မှာရှိနေဆဲ Reviewed by သစ်ထူးလွင် on 05:30 Rating: 5
Powered by Blogger.