မူးယစ်သားကောင်ဘဝကနေ ရုန်းထွက်

ကျမတို့ ကယားပြည်နယ်မှာ ဘိန်းပင်တွေ ယနေ့ထိ စိုက်ပျိုးဆဲပါပဲ။ ဒီဘိန်းပိုင်တွေက ထွက်လာတဲ့ မူးရစ်ဆေးဝါးကို စွဲစွဲမက်မက် သုံးမိတဲ့သူတွေဟာ အရှင်လပ်လပ်ငရဲ ဘဝကို ရောက်နေကြ တယ်လို့ဆိုရင် ကျမတို့လူမှု အသိုင်းအဝန်းက ငြင်းကြမှာမဟုတ်ပါ။

အဲ့ဒီဘဝကိုရောက်သွားသူတွေဟာ သာမန်လူ့ဘဝကိုပြန်ရောက်လာဖို့ မလွက်ဘူးဆိုတာကိုလဲ အားလုံးကလက်ခံထားကြမှာပါ။

ကျမတို့လူမှု အသိုင်းအဝန်းကြားမှာ ရှားရှားပါးပါး အဲ့ဒီလိုဘဝကနေ တဖန်လွတ်မြောက် လာသူကတော့ အရပ်ခပ်မြင့်မြင့် ပိန်ပိန်ပါးပါး လေးနဲ့ အသက် ၃ဝ အရွယ်ရှိ ဆရာဆယ်တရှား(ခေါ်) ဘိုကြီးပဲဖြစ်ပါတယ်။

မှုးယစ်ဆေးဝါးကို တမ်းတမ်းတတစွဲမက်ပြီး လူမှုအသိုင်းအဝိုင်းစာရင်းကနေပစ်ခံခဲ့ဖူးတဲ့ လူငယ်လေး တယောက်အခုတော့သူ ဓမ္မကျမ်းစာအုပ်ကို ကိုင်ဆောင်လိုက်ပါပြီ။

ဒါဝိဒ်ကျောင်းတော် (ဓါတ်ပုံ-ကေတီ)
သူ့လိုဘဝအမှောင်ထဲရောက် ခဲ့တဲ့လူငယ်လေးတွေ ပြန်လှည်ထူထောင်ဖို့ ကယားပြည်နယ် ဖရူဆိုမြို့ ၊ ညောင်ဇင်ရပ်ကွက်မှာ ဒါဝိဒ်၏ကျောင်းတော်ကို ဦးဆောင် တည်ထောင်လိုက်ပါတယ်။

မှုးယစ်ဆးဝါးသုံးစွဲသူ၊ စိတ်ပျက်သူ၊ ဆိုးသောသူ၊ ရည်ရွယ်ချက်မဲ့သောသူ၊ အသုံးမရသောသူ နှင့် မိသားစု နှင့် သူငယ်ချင်းများ၏ ငြင်းပယ်ခြင်းခံနေရတဲ့ သူတွေကို ပြန်လည်ပျိုးထောင်ပေးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒါဝိဒ်ကျောင်းကို ဖွင့်လစ်လိုက်ရခြင်း ဖြစ်တယ်လို့ ဆရာ ဆယ်တရှားကပြောပါတယ်။

“မှုးယစ်ဆေးစွဲလို့ ပတ်ဝန်းကျင်က ပယ်ထားတယ်ပေါ့ ပတ်ဝန်းကျင်က သူတို့ကို လုပ်ငန်းခွင်ထဲ မထည့်ဘူး မိသားစုထဲစာရင်းမသွင်းဘူး အဲမျိုးလူတွေကို ကျနော်တို့က သူတို့ကို မိသားစုထဲမှာ နေရာပြန် ရခိုင်းစေချင် တယ်”

အခေု ဒါဝိဒ်၏ကျောင်းတော်မှာ ဆရာဆယ်တရှားလို ဘဝသစ်တဖန်ပြန်ရလိုတဲ့ အသက် ၂ဝကနေ ၃၅နှစ်ကြားလူငယ် ၉ ဦးတက်ရောက်လျက်ရှိပြီး သူတို့ဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက ဖြစ်ကြပါတယ်။

အခုဒါဝိဒ်ကျောင်း၏ကျောင်းတော်မှာ ရောက်နေတဲ့ အသက် ၁၈နှစ် ခူးစိုးရယ် (နာမည် အရင်းမဟုတ်) ကတော့ သူဆေးစွဲခဲ့ရတဲ့ အဓိကအကျောင်းအရင်းက အပေါင်းအသင်းတွေရဲ့ စည်းရုံးမှုကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

“ပထမအချိန်ကျတော့ အပေါင်းအသင်းတွေက ကိုယ့်ကို လိုလိုလားလားနဲ့ ကိုယ်သောက်ချင်သည်ဖြစ်စေ မသောက်ချင်သည်ဖြစ်စေ တိုက်တော့ အားနာလို့ လိုက်သောက်ပေးနေရတာတွေ ရှိတယ်ပေါ့။ နောက်ပိုင်း ကိုယ်တကယ် စွဲသွားတဲ့ အချိန်ကျတော့ သူတို့က ကိုယ့်ကို လှည့်မကြည့်တော့ဘူး”

ခူးစိုးရယ်ကသူ ဆေးစွဲခဲ့တဲ့ အတွေ့အကြုံလေးတခုကို ပြန်လှည်ဝေမျှသွားတာပါ။ အခုဆိုရင်သူ ဒါဝိဒ်၏ကျောင်းတော်မှာ ဘဝသစ်ကို အစပျိုးဖို့ရောက်လာပါပြီ။

“အရင်တုန်းက ကျနော် ရည်ရွယ်ချက် ပန်းတိုင်ဆိုတာမရှိခဲ့ဖူးဘူး...ဒါပေမယ့်အခု ကျနော်မသုံးတော့တဲ့ အခါကျတော့ ပန်းတိုင်တွေရှိလာပြီ ရည်ရွယ်ချက်တွေ ထားတတ်လာပြီ” လို့ ခူးစိုးရယ်က ဆက်ပြောသွားပါတယ်။
ဒါဝိဒ်ကျောင်းတော်မှ မြင်တွေ့ရသော ဆောင်ပုဒ်တခု (ဓါတ်ပုံ-ကေတီ)
ခူးစိုးရယ်လိုပဲ ဒါဝိဒ်၏ကျောင်းတော်ကိုရောက်နေ တဲ့ နောက်တဦးကတော့ အသက် ၃၇နှစ်ရှိပြီဖြစ်တဲ့ ခူးလူရယ်(နာမည် အရင်းမဟုတ်)ပဲဖြစ်ပါတယ်။ ခူးလူရယ်မူးယစ်ဆေးကို ၁၄နှစ်တိတိစွဲစွဲမြဲမြဲ သုံးခဲ့တာပါ။ ဒီမှာရောက်လာတာ သူ့ဘဝသိသိသာသာ ပြောင်လဲတိုးတက် လာတယ်လို့ ဆိုပါတယ်။

“ဒီမှာလာနေတာတော့ အိမ်မှာနေတာထက်စာရင် တိုးတက်လာတာပေါ့ ဝိညာဉ်ပိုင်းရယ် ဘုရားတရားလည်း သိလာတာပေါ့။ သီးခံတတ်လာတာပေါ့”လို့ ခူးလူရယ်ကပြောပါတယ်။

“သူတို့သုံးခဲ့တဲ့ မှုးယစ်ဆေးတွေ လည်း ကျနော်သုံးဖူးတယ်။ အရက်ဆိုလည်းသောက်တယ်။ သိပ်ထူးခြားတဲ့ဖြစ်စဉ်က တော သိပ်မရှိပါဘူး။ ဒီနယ်မှာနေတဲ့လူတွေ သူလိုကိုယ်လိုပါပဲ။ သူတို့တွေးသလို ကိုတွေးတယ်။ သူတို့စားသလို ကိုယ်စားတယ်။ သူတို့သောက်သလိုတော့ ကိုယ်လည်းလိုက်သောက်မိတယ်။ သူတို့သုံးသလိုကိုယ်လိုက် သုံးမိတာပေါ့” ဟုဆရာဆယ်တရှားက ပြောပါတယ်။

ဆရာဆယ်တရှားဟာ ကယားပြည်နယ်ဖွား ကယား တိုင်းရင်းသားတစ်ဦး ဖြစ်ပါတယ်။ ကယားပြည်နယ်ရှိ လူငယ်တော်တော်များများမှာ မှုယစ်ဆေးဝါးသုံးစွဲမှုကနေ လွှတ်ကင်းသူ ရှားသလောက်ပါပဲ။ မှုးယစ်ဆေးစွဲနေခဲ့တဲ့ အချိန်အတောအတွင်း သူ့မိဘတွေက အိမ်နဲ့ပါတ်ဝင်းကျင်နဲ့ ဝေးတဲ့ ရန်ကုန်မြို့ကို ပို့ခဲ့ပါတယ်။

“အဓိက ပို့ရတဲ့အကြောင်းရင်းက အလုပ်လုပ်ဖို့ထက် အရေးကြီးတာက သူတို့ထဲမှာ မြင်တာက သူတို့ပါးစပ်နဲ့တော မပြောပဲနဲ့ ကျနော်မြင်တာကတော ကျနော့်ကို အိမ်မှာ မရှိခိုင်းစေချင်လို့ ပို့လိုက်တာ။ အိမ်မှာ ရှိလည်း ဆန်ကုန်၊ မြေလေး ဖြစ်တယ်၊ ရှုတ်တယ် ဆိုပြီးတော့မှ ပို့လိုက်တာ။ ဒါတနည်းအားဖြင့် ဥပေက္ခာပြုတာခံရတယ်”လို့ ဆရာဆယ်တရှားက မှုးယစ်ဆေးဝါး သုံးစွဲသည့်အတောအတွင်း သူ့ခံစားချက်ကိုပြောပြပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲနေသည့်ကာလအတွင်း ဆွေမျိုးများက မသင်္ကာတဲ့ အကြည့်တွေ ဥပမာ... ပစ္စည်း ခိုးယူမည်စိုးရိမ်နေကြရသည့် အကြည့်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။ အဲ့ဒီအချိန်မှာ ကိုယ့်ကိုယ်ကို သိမ်ငယ်မှုနဲ့ ဒေါသထွက်မှုတွေက ရောထွေးလို့နေပါတယ်။

“ငါ့ကိုဒီလိုကြည့်ရကောင်းလား၊ ငါ့ကို ဒီလိုမြင်ရကောင်းလား ဆိုပြီးတောမှ ကျနော် တို့က ခံပြင်းဖူးသော်လည်း အမှန်တော သူတို့အမှားမဟုတ်ဘူး ကျနော်တို့အမှားပါ” လို့ ဆရာဆယ်တရှား ကဆက်ပြောပါတယ်။

သို့သော် မှုးယစ်ဆေးက လွှတ်မြောက်ပြီးတဲ့နောက်ပိုင်းမှာ မိဘ၊မိတ်ဆွေ၊ ဆွေမျိုး တွေက သူ့အပေါ်ပြောင်းလဲ လာတာကို သူခံစားလိုက်ရတဲ့အချိန်မှာ သူဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရရှိလာပါတယ်။

ဒီလိုစွတ်လွှတ်နိုင်ဖို့အတွက် သူယုံကြည်ကိုးကွယ်တဲ့ ဘာသာနှင့် စိတ်ကိုတဖြေးဖြေး ထိမ်းချုပ်နိုင်ခဲ့တယ် လို့ သူကပြောပါတယ်။

အဲကနေပြီးတော့မှ မှန်ကန်မည့်လမ်း၊ အကျိုးရှိမည့်လမ်း၊ လူမျိုးအတွက်သော်လည်းကောင်း၊ မိသားစုအတွက် သော်လည်းကောင်း သူတပါးအတွက် သော်လည်းကောင်း အကြိုးပြုစေမည့် လုပ်ငန်းတွေကို လုပ်လာနိုင်ဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့်မို့ အရက်၊ မှုးယစ်ဆေးကြောင့် ပျက်စီးလုနီးပါးလူငယ်တွေကို အပယ်ခံထားရတဲ့လူငယ်တွေ သူ့လို အချိန်မီ စွတ်လွှတ်နိုင်အောင် ဒါဝိဒ်၏ကျောင်းတော် ကိုဖွင့်လိုက်ရခြင်းပဲဖြစ်ပါတယ်။

ဒါဝိဒ်၏ကျောင်းတော် အမည်ပေးရခြင်းမှာ ရာဇဝင်ထဲမှအရ ဆိုးသွမ်းသူတွေ ၊ ဒုက္ခရောက်နေကြသူတွေ၊ စိတ်ဓတ်ကျသူတွေဟာ ဒါဝိဒ်ထံလာပြီး ခိုလှုံနေကြပြီး ဒါဝိဒ်ကနေ စစ်သူကြီးအဖြစ် ပြုစုလေ့ကျင့် ပေးခဲ့တယ်ဆိုတဲ့ သမိုင်းဖြစ်ရပ်အပေါ် အတုယူအခြေခံတဲ့အနေနဲ့ ဆရာဆယ်တရှားက ဒါဝိဒ် ကျောင်းအမည်ကို ရွေးခြယ်လိုက်တာပါ။

ဒါဝိဒ်ကျောင်းမှ ကျောင်းသားတွေကို ထိမ်းသိမ်းတဲ့နေရာမှာလည်း အိပ်ရေးပျက်ခံရသလို၊ မှုယစ်ဆေးသမားတွေက မအိပ်တာများတဲ့အတွက် သူတို့နဲ့အတူ မအိပ်ပဲ နေပေးရတယ်လို့ ပြောပါတယ်။

ဒါဝိဒ်ကျောင်းတော်မှ မြင်တွေ့ရသော ဆောင်ပုဒ်တခု (ဓါတ်ပုံ-ကေတီ)
“အရက်ကြောင်တဲ့အခါမှာလည်း တခါတလေ သူတို့ ကိုဆွဲရတယ်၊ ချုပ်ရ တယ်။ တချို့ဆိုရင် ကိုယ်ကိုတောင် မမှတ်မိတောဘူး။ မမှတ်မိတဲ့အခါမှာ ရန်မှုတာမျိုးတွေရှိတယ်။ တခါတလေ ပါးစပ်နဲ့ ဆဲတာတွေရှိတယ်။ တခါတလေ ကိုယ်ထိလက်ရောက် ရန်မှုတာမျိုးတွေရှိတယ်။ ကျနော်တို့က အဲဒါတွေကို နားလည်ပေးရတယ်ပေါ့နော်။ သူတို့ဟာ ဒီလိုတုံ့ပြန်တတ်တယ် ဆိုပြီးတော့မှ ကျနော်တို့ ကြို တွက်ထားတယ် နားလည်ပေးထားတယ်” လို့ ဆရာဆယ်တရှားက ရှင်းပြပါတယ်။

အဲဒီကျောင်းကနေပြီး ဆေးကြောင်သူတွေ ၊ အရက်ကြောင်သူတွေကို ဆေးဖြတ်ပေးဖို့ ဆေးပေးတာမျိုးမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာအရ စိတ်ဓတ်ဖြင့်တင်ပေးတာတွေကိုသာ အဓိက လုပ်ပေးနေပါတယ်။

“မင်းဟာ ဒီခန္ဒာကိုယ်ရဲ့ ပိုင်ရှင်ဖြစ် တဲ့အတွက် မင်းဟာ အောင်မြင်နိုင်သေးတယ် လွှတ်မြောက်နိုင်သေးတယ်။ ဒီခန္ဒာကိုယ်ကို မှုးယစ်ဆေးက ဝါးမြို နေတာကို ကိုယ့်ကိုကို ပြန်မြင်ပြီးတော့မှ ဒီခန္ဒာကိုယ်ဟာ ငါ့ခန္ဒာကိုယ်ဖြစ်တဲ့အတွက် ငါနိုင်ရမယ် ခန္ဒာကိုယ်က ငါ့ကိုနိုင်တာမျိုးမဖြစ်ရဘူးဆိုတဲ့ အတွေးမျိုး သူတို့ထဲမှာရောက်အောင် ကျနော်တို့က ပြုစုပေးရတယ်” လို့ စိတ်ပိုင်းဆိုင်ရာ ကုသပေးမှုနဲ့ ပါတ်သက်ပြီး ဆရာဆယ်တရှားက ဆက်ရှင်းပြပါတယ်။

ဆေးဝါးအထောက်အပံ့ ကူညီပေးတာတွေ မလုပ်ဘူးဆိုပေမယ့်လည်း ကိုက်ခဲတာတို့၊ အားနည်းတာတို့၊ အိပ်မပျော်တာတို့ ဖြစ်လာရင် ပြည်သူ့ဆေးရုံမှာ တာဝန်ရှိ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကုသပေးပါတယ်။

ကျောင်းကို ရောက်ရှိလာတဲ့သူအများစုက မိဘတွေတွန်းအားပေးတာထက် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရောက်ရှိ လာကြတဲ့သူတွေဖြစ်ပါတယ်။

“တက်မယ်လို့ပဲ ဆုံးဖြတ်ချက်ချတဲ့လူတွေကပဲ ရောက်လာတာများတယ်။ မတက်ချင်ပဲနဲ့ မိဘအတင်းပို့တဲ့ဟာ သိပ်ရောက်လာလေ့မရှိဘူး။ ရောက်လာရင်လည်းမခံဘူး။ သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်မပါဘူးဆိုရင် သူတို့က ရောက်တာနဲ့ မနေနိုင် ဘူးပေါနော်” လို့ သူက ပြောပါတယ်။

ကျောင်းသားတယောက် အရက်ကြောင်ပြီးထွက်ပြေးချိန်မှာ ရဲတွေကိုအကူညီတောင်းရတဲ့ အဆင့်ထိ ကြုံတွေ့ရတာတွေ ရှိတယ်လို့ သိရပါတယ်။

ကျောင်းမှာတော့ ကွန်ပျူတာ၊ ဂီတနဲ့ ဓမ္မကျမ်းကိုအဓိက သင်ပေးပြီး နောင်နှစ်တွေမှာလည်း ဆက်လက် ဖွင့်သွားမှာဖြစ်ပါတယ်။

အဲ့ဒီကျောင်းကိုဆက် သွယ်ချင်ရင်ဖြင့် မှတ်၁၃/ညောင်ဇင်လမ်း၊ ညောင်ဇင်ရပ်ကွက်၊ ဖရူဆိုမြို့၊ ကယားပြည်နယ်၊ ဖုန်း-ဝ၉၄၂၈ဝဝ၇၆၄၇-ဝ၉၇၃၁၃၆ဝ၁၅-ဝ၉၃၁၄၁၃၈၅၆ တို့ပဲဖြစ်ပါတယ်။

ဆရာဆယ်တရှားဟာ အရက်သေစာနဲ့ မူးယစ်ဆေးဝါ စိတ်ကြွဆေးတွေ စွဲနေကြတဲ့ လူငယ်တွေ မူးယစ်သားကောင်ဘဝကနေ လွှတ်မြောက်လာဖို့ တဖက်တလမ်းကနေ အစွမ်းကုန် ကြိုးစားနေသူလဲဖြစ်ပါတယ်။ ဆေးစွဲနေကြတဲ့ လူငယ်တွေ သူ့လိုဘဲ ရုန်းထွက်နိုင်စေဖို့ ဆရာဆယ်တရှားမှာ မျော်လင့်ချက်တွေ အများကြီးရှိနေပါတယ်။

Written by ရှားမြာ၊ စူးမယ်
ကန္တာရ၀တီတိုင်း(မ်)
http://www.ktimes.org

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ