နောက်ထပ် ၄၆ရက်လုံးထမင်းမငတ်ချင်တော့ပါ

ဦးစိုင်းလေ့(နာမည်အရင်းမဟုတ်) ၏ နွားခြံ (ဓါတ်ပုံ-ကေတီ)

ဒလိန်း...ဒလိန်း...ဒလိန်း...ဆိုသည့်  နွားခလောက်သံနှင့်အတူ အိမ်ကို ပြန်လာသည့် အသားညိုညို အရပ်၎ပေကျော်၊ အသက်၄၀ အရွှယ်ရှိ ဦးစိုင်းလေ့(နာမည်အရင်းမဟုတ်)တယောက် ချွေးတပြန်းပြန်းနဲ့ မောဟိုက်ပင်ပန်းသည့်နှယ်။

အိမ်ရောက်လာချိန် သက်ပြင်းလေးချကာ အိမ်အောက်တွင် ချည်ထားသည့် ပုခက်လေးပေါ် လှဲချလိုက်သည်ကို မြင်တွေ့ရသည်မှာ ရင်မောဖွယ်ပင်။

သူ၏အိမ်မှာ ခြေတံရှည် တစ်လုံးအိမ်တိုင် အမိုးကို သွပ်ဖြင့် မိုးထားသော်လည်း သွပ်မှာ ကြာနေပြီ ဖြစ်သည့်အတွက် အရောင်များ မွဲလာသည်သာမက အပေါက်များလည်း ပေါက်နေလေပြီ။

ချွေးတပြန့်ပြန့် တမောတပန်းနှင့် ဒီတသက်သူမေ့ပြောက်၍ မရနိုင်သည့် ဘဝဖြစ်စဉ်မှန်တွေကို မြိန်ရေယှက်ရေ ပြောပြရှာသည်။ အဓိကတော့ ကရင်နီပြည်၏ စစ်မြေပြင်တနေရာမှာ ၄၆ရက်တိုင်အစာမစားရဘဲ သူရဲ့အသက်လုံခြုံရေးအတွက် ပြေးလွား၍ ပုန်းအောင်းနေခဲ့ရသည့် အကြောင်းဖြစ်သည်။

"ပေါ်တာထမ်းတာသွားတော့ သူတို့က လူကို ဆက်ဆံတာ ကောင်းကောင်းမဆက်ဆံဘူးလေ။ သေလုလို့ဘဲပြောတယ်လေ။ ဒါကြောင့် သေမထူးနေမထူး ဆိုပြီးတော့ ထွက်ပြေးလာတယ်လေ။ သူတို့နဲ့ကြာကြာနေ လို့မရဘူးလေ။ ကြာကြာနေရင် သူတို့ပြောသလို သေလူဘဲဖြစ်မာလေ။ သူများမသတ်ရင်လည်းသူတို့ဘဲ သတ်မှာဘဲလေ။ သူတို့ကတော့ စစ်ကြောင်းထိုးတဲ့ အချိန်မှာ သေစရာရှိရင် ပေါ်တာအရင် သေရမှာပေါ့" ဦးစိုင်းလေ့ဟာ ရှမ်းပြည်နယ်သားတဦးပါ။

၂၀၀၈ခုနှစ်က ပေါ်တာအထမ်း သမားအဖြစ်ဖမ်းဆီးခြင်းခံရလိုက်တာဖြစ်ပြီး ကရင်နီပြည်နယ် သံလွင်ရှေ့ဘက်ခြမ်းရှိ စစ်မြေပြင်မှာ အထမ်းသမားအဖြစ်အသုံးပြုရန် စစ်တပ်တို့နဲ့ လိုက်ပါလာခြင်း ဖြစ်သည်။

လေးလှံလှသည့်ချဉ်ဆံနှင့်ရိက္ခာတို့ကို ထမ်းနေရာမှ ပင်ပန်းနားချင်ရင်လဲမနားရ၊ နားရင်လည်း သူတို့ရဲ့ရိုက်နက်မှုကိုခံရသည့်အတွက် အထမ်းထမ်းရင်းတပါတ်အကြာမှာ အသက်စွန့်ပြီး ထွက်ပြေးခဲ့သည်။

သံလွင်အရှေ့ခြမ်းက ဟွှေ့အော်ဆိုသည့် ချောင်းအတိုင်း ပြေးလွားနေရင်း ကောက်ရတဲ့ ဘီယာ ပုလင်းခွံတွေထဲ ဆင်တုန်းမနွယ်ဆိုသည့် အပင်ကို ပုလင်းထဲထည့်ပြီး ရေနဲ့စိမ်သောက်ခဲ့ရသည်။ ရေဆာတိုင်း ဘီယာပုလင်းထဲက ဆင်တုန်းမနွယ်လေးကို နည်းနည်းစီ သောက်ခဲ့ရလို့ ၄၆ ရက် အတွင်း ထမင်းမစားပဲ အသက်ရှင်ခဲ့လို့ဆိုပါတော့။

"စားရတဲ့အမျိုးဆိုရင် အကုန်စားတယ်။ သစ်သီးဝလံတွေပေါ့။ တောထဲမှာ စားရတဲ့ မျိုးဆို အကုန်စားတယ်။ အဓိကကတော့ တောငှက်ပျောပေါ့။ ငှက်ပျောသီးလည်း တစ်နေ့ကို တစ်လုံးနှစ်လုံးဘဲမှည့်တာလေ။ မသေရုံတမည်ဘဲပေါ့" ဟု အားနာလို့ ပြုံးတဲ့ အပြုံးဖြင့် ကျမကို ပြောပြနေရှာသည်။

ရက်ပေါင်းများစွာ အစာမွတ်သိပ်သော လူသားတဦးအတွက် ဘာကိုပဲမြင်မြင် ကျေနပ်သောစိတ်ဖြင့် ကောက်စားရပါကြောင်း ယခုလိုရှင်းပြသည်။

ဟွေ့အော်ချောင်းအတိုင်း "ပြန်ဆင်းတော့ အဲမှာ ငါးတွေရှိတယ်။ ငါးကျင်းအကြီးတွေလေ။ အဲဒီငါးကို ဖမ်းပြီးတော့ စားမယ်ဆိုပြီးတော့ ဆင်းတာ ၂ကောင်ရတယ်။ ပြီးတော့ စားတာ အစိမ်းဘဲစားတယ်။ မီးလည်း မရှိဘူးဆိုတော့ လေ။ အစာမွတ်သိပ်တော့ ဘယ်လိုမှမတတ်နိုင်ဘူးလေ။ အစိမ်းဘဲ စားလိုက်တာပေါ့။ နေလေးနဲ့ပြပြီးတော့ နည်းနည်းလေး နွမ်းတာနဲ့ အဲလိုဘဲ စားလိုက်တယ်"ဟု ဦးစိုင်းလေ့ကပြောသည်။

ဟွေ့အော်ချောင်းထဲမှာ ငါးတွေကို အစိမ်းလိုက်ဖမ်းစားနေချိန် ချောင်းထဲမှာဖားထွန်းရန်ထွက်လာသည့် KNPP တပ်စုတစုနဲ့ ထိပ်တိုက် တိုးပါတော့သည်။ ရဲဘော်များက သေနတ်ဖြင့်ချိန်ကာ ကယားစကားဖြင့် စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါသည်။

ဦးစိုင်းလေ့ခမျာ ကယားစကားမကြားဖူးသဖြင့် နားမလည်ဘဲ မိမိမိခင်ရှမ်းဘာသာလို ပြန်ပြောတော့ ရဲဘော်တွေထဲမှ ရှမ်းစကားနားလည်သည့် ရဲဘော်တစ်ဦးပါသဖြင့် အကြောင်းစုံပြောပြခဲ့သည်။

KNPP ရဲဘော်တို့နှင့်တိုးခဲ့တော့ သူတို့က ဟန်းကောဖြင့် ထမင်းချက်ပေးသော်လည်း ၄၆ရက်လုံး မီးနှင့်ထိသည့်အရာကို ဘာမှ မစားရဘဲနေသဖြင့် စားလို့လည်း မရကြောင်း၊ စားလျင်ဖြင့် လျှာကျက်သကဲ့သို့ ခံစားရသည့် အခက်အခဲကို ကြုံခဲ့ရပြန်သည်။

ဟန်းကောထဲက ထမင်းကို ၅ကြိမ်လောက်စားပြီး အားမရှိသေးသည့်အတွက် ရဲဘော်တွေနောက်ကို တောင်ဝှေ့လေး တစ်ချောင်း ကိုင်ပြီး လိုက်ပြန်လာခဲ့ရသည်။

သူ့ဇာတ်လမ်း နားထောင်ရသူ ကျမမှာလည်း ရင်တထိတ်ထိတ် စိတ်ထဲကပင် သက်ပြင်းလေးချပြီး သူ့အတွက် ရင်မောနေခဲ့မိသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် စစ်အစိုးရတို့အကြား ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ်မရေးထိုးခင် ပြည်တွင်းက ပြည်သူလူထုတွေ ပေါ်တာ အထမ်းသမားနှင့် ပါတ်သက်ပြီး ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကိုလည်း ကျမမျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးသည်။

အပစ်ခတ်ရပ်စဲရေးမတိုင်ခင်တုန်းက ကျမတို့ ကရင်နီလူမျိုးများသာမက ပြည်နယ်တွင်းရှိ အခြားသော တိုင်းရင်းလူမျိုးများကိုလည်း စစ်သားတွေ ပေါ်တာထမ်းဖို့ ခေါ်ရင် ထွက်ပြေးကြရသည့်ခေတ်၊ ယောက်ျားလေးဖြစ်ပြီဆိုတာနဲ့ စစ်သားမြင်ရင် တွေ့ရာနေရာမှာ ခေါ်သည့်ခေတ်၊ ယောကျာ်းလေးများမှာ လုံခြုံရာကို ပုန်းကွယ်ရသည်မှာ အကြိမ်ကြိမ်၊ အဲဒီအခြေနေတွေကြားက တွေ့သွားပြီး ဖမ်းခေါ်သွားတာကို ခံရတဲ့သူလည်း ရှိသေး။

ခုကတော့ပေါ်တာအထမ်းသမားများအား အတင်းအဓ္ဓမဆင့်ခေါ်ဖမ်းဆီးတာတွေမတွေ့ရတော့ပါဘူး။ ဒါပေမဲ့ ဦးစိုင်းလေ့တယောက် မြန်မာပြည်ကိုပြန်ဖို့ အစီအစဉ်မရှိသေးဘူးဟုပြောသည်။

မိဘနှင့်ဆွေမျိုးတွေရှိသည့် မွေးရပ်မြေ ရှမ်းပြည်ဘက်ကို နေ့စဉ်နေ့တိုင်း အဆက်အသွယ်တွေရဖို့ ကြိုးစားနေတာကလည်း အိမ်ပြန်ချင်တဲ့ ဆန္ဒရှိနေသည်မှာ သေချာနေသည်။

လက်ရှိ ဖြစ်ချင်နေတဲ့ဆန္ဒကို အတိတ်က ဖြစ်ပျက်ခဲ့တဲ့ ဥပမာတွေ လွမ်းမိုးထားဆဲရှိသည်ဆိုတာကို သူ့မျက်ဝန်းတွေပေါ်မှာအဖြေရှိနေသည်။ အဲ့ဒါကတော့ ၄၆ရက်လုံးအစာငတ်ပြီး ပြေးလွားနေတဲ့အဖြစ်မျိုး နောက်တကြိမ် မကြုံချင်တော့ပါဘူး ဆိုတာပါပဲ။

အခုသူ့အနားမှာ နွား ၈ကောင်လောက် ရှိနေပါပြီ။ အသက်မွေးဝမ်းကြောင်းအတွက် ဒီနွားတွေကိုထိမ်းကြောင်းရင်း ထိုင်း-မြန်မာနယ်စပ်တနေရာမှာ မိမိခြေထောက်ပေါ် ကိုယ့်အားကိုယ်ကိုး ရပ်တည်နေနိုင်ခြင်းဟာလည်း ဦးစိုင်းလေ့တို့လို ပေါ်တာ အထမ်းသမားတို့ရဲ့ဘ၀ဟာ အနာဂါတ်မရှိဘူးလို့ ဘယ်သူပြောနိုင်မှာလဲ….။

Written by ဦးမြာ
ကန္တာရ၀တီတိုင်း(မ်)
http://www.ktimes.org
နောက်ထပ် ၄၆ရက်လုံးထမင်းမငတ်ချင်တော့ပါ နောက်ထပ် ၄၆ရက်လုံးထမင်းမငတ်ချင်တော့ပါ Reviewed by သစ်ထူးလွင် on 19:05 Rating: 5
Powered by Blogger.