စစ်တပ်က သယံဇာတခိုးထုတ်သည့် ရန်သူကို တိုက်နေခြင်းဖြစ်ဟု ကာချုပ်ပြော

ဓာတ်ပုံ - Senior General Min Aung Hlaing facebook
စစ်တပ်အနေနဲ့ တိုင်းပြည်သယံဇာတများကို ခိုးထုတ်နေတဲ့ ခိုးထုတ်တာကို အကာအကွယ်ပေးနေတဲ့ ရန်သူကို တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုင်းရင်းသားတွေကို တိုက်ခိုက်နေတာ မဟုတ်ဘူးလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မေလ ၃၀ ရက်က ပြုလုပ်ခဲ့တဲ့ ၂ဝ၁၅ ခုနှစ်၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ညှိနှိုင်း အစည်းအဝေးမှာ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“တပ်မတော် အနေဖြင့် တိုင်းရင်းသားများကို တိုက်ခိုက်နေခြင်း မဟုတ်ဘဲ တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိပါးသောရန်သူ၊ တိုင်းပြည်၏ သယံဇာတများကို ခိုးထုတ်နေသော၊ ခိုးထုတ်မှုကို ကာကွယ် ပေးနေသော ရန်သူနှင့် တကမ္ဘာလုံးက လက်မခံသည့် မူးယစ်ဆေးဝါး ထုတ်လုပ်နေသော ရန်သူများကိုသာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း။”

မြန်မာ့နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိန်းကတော့ လတ်တလောတိုက်ပွဲတွေကို ဆွေးနွေးညှိနှိုင်းဖြေရှင်းတဲ့နည်းနဲ့ ဖြေရှင်းမှ ရမယ်လို့မြင်ကြောင်း ပြောပါတယ်။

“မြန်မာနိုင်ငံ နယ်စပ်တလျှောက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ဟာ သယံဇာတခိုးထုတ်တဲ့ ကိစ္စ၊မူးယစ်ဆေးဝါးကိစ္စ၊ ဒီကိစ္စတွေနဲ့ ပတ်သက်နေတယ်လို့ စွပ်စွဲချင်တဲ့သဘောနဲ့ ပြောတာလို့ မြင်တယ်။ ကျနော့်အမြင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ လတ်တလောဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းတဲ့နေရာမှာ လက်နက်ကိုင်တိုက်တဲ့ နည်းလမ်းမဟုတ်ဘဲနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းလမ်းကို အလေးထားသင့်တယ်လို့ မြင်တယ်။”

သယံဇာတနဲ့မူးယစ်ဆေးဝါးကိစ္စတွေမှာ ပွင့်လင်းမြင်သာမှုရှိရှိ ဖော်ထုတ်ဖြေရှင်းသင့်ပြီး အပြန်အလှန်စွပ်စွဲပြောကြားနေရင်တော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ဘူးလို့လည်း ပြောပါတယ်။

ဒါ့အပြင် ကာကွယ်ရေးဦးစီးချုပ်က ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုတွေကြောင့် ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့ ၁၂ ဖွဲ့၊ ပြည်နယ်အဆင့် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၂ ဖွဲ့တို့နဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ကတိကဝတ်တွေ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်မှု လုပ်ငန်းစဉ်မှာ အားသွန်ခွန်စိုက် ပါဝင် ဆောင်ရွက်နေတယ်လို့လည်း ပြောသွားပါတယ်။

လတ်တလော မြန်မာပြည်အရှေမြောက်ပိုင်းဒေသမှာ စစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားနေတာ ၄ လနီးပါး ကြာမြင့်နေပြီ ဖြစ်ပါတယ်။

 By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no
စစ်တပ်က သယံဇာတခိုးထုတ်သည့် ရန်သူကို တိုက်နေခြင်းဖြစ်ဟု ကာချုပ်ပြော စစ်တပ်က သယံဇာတခိုးထုတ်သည့် ရန်သူကို တိုက်နေခြင်းဖြစ်ဟု ကာချုပ်ပြော Reviewed by သစ်ထူးလွင် on 19:18 Rating: 5
Powered by Blogger.