၎ ပွင့်ဆိုင်ဆွေးနွေးရေးအတွက် ကျောင်းသားတွေ ကြိုတင်ညှိနှိုင်း


မနက်ဖြန်မှာ ပြုလုပ်မယ့် ပညာရေးဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲ အတွက် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင်တွေနဲ့ NNER ပညာရေး ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် အဖွဲ့ဝင်တွေ ဒီကနေ့ ရန်ကုန်မြို့မှာ အကြိုတွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

ဒီကနေ့တွေ့ဆုံ ဆွေးနွေးပွဲမှာ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီက တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် မဖြိုးဖြိုးအောင်က ပြောပါတယ်။

"အဓိကကတော့ ကျမတို့ NNER နဲ့ ကျမတို့နဲ့ဆွေးနွေးမယ့် ဒီအချက် ၁၁ ချက်အပေါ်မှာ မူတည်ပြီးတော့ ကျမတို့ ဘယ်လိုဆွေးနွေးမလဲဆိုတာရယ်၊ နောက်ကျမတို့ ပြန်ပြီးတော့ အပြန်လှန်ညှိနှိုင်းတာပေါ့နော်၊ ဒီအချက် ၁၁ ချက်မှာ ဘယ်လိုကျမတို့ဆွေးနွေးကြမလဲဆိုတာ ပြန်လည်ညှိနှိုင်းတဲ့သဘောမျိုးပါရှင့်"

အဲဒီ ၁၁ ချက်လုံးကို အစိုးရဘက်က သဘောမတူရင် ဆက်လက်သပိတ်မှောက် ဆန္ဒပြသွားမယ်လို့လည်း မဖြိုးဖြိုးအောင်က ပြောပါတယ်။

အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်တွေနဲ့ NNER အဖွဲ့ဝင်တွေ ရန်ကုန်မြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ရွာမှ ထင်းရှာထွက်သည့် လူငယ်တစ်ဦး လက်နက်ထိမှန်သေဆုံးပြီး တစ်ဦးပျောက်ဆုံးနေ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ် ခိုင်မြို့နယ် မော်ဟန်ရွာအနီး ထင်းရှာသွားသော ကျေးရွာသားနှစ်ဦးအ နက် တစ်ဦးမှာ လက်နက်ထိမှန် ဒဏ် ရာများဖြင့် သေဆုံးကာ တစ်ဦးပျောက် ဆုံးလျက်ရှိကြောင်း မော်ဟန်ကျေး ရွာနေ သေဆုံးသူ မိသားစု အသိုင်းအ ဝန်းမှ သိရှိရသည်။

မော်ဟန်ကျေးရွာမှ မောင်တူးနန် ၂၁ နှစ်နှင့် မောင်နောင်ဂျာ ၁၅ နှစ် တို့နှစ်ဦးမှာ ကျေးရွာအနီး ထင်းရှာ ရန် ဇန်နဝါရီလ ၂၂ ရက်က နေအိမ် မှထွက်သွားခဲ့ပြီး တစ်ရက်ကြာသော် လည်း ပြန်ရောက်မလာသဖြင့် သွား ရောက်ရှာဖွေရာ ဇန်နဝါရီ ၂၄ ရက် တွင် မောင်တူးနန်အား ကျေးရွာအ နီးတွင် လက်နက်ထိမှန်ဒဏ်ရာများနှင့် သေဆုံးလျက်တွေ့ရှိခဲ့ပြီး မောင်နောင် ဂျာမှာ လက်ရှိအချိန်အထိ ပျောက် ဆုံးလျက်ရှိကြောင်း သေဆုံးသူ၏ဖခင် ဦးဖော်မွန်းထံက သိရသည်။

‘ကျွန်တော့်သားက တူးနန်ပါ။ သူ့ညီတစ်ဝမ်းကွဲနဲ့ နှစ်ယောက် ထင်းသွား ရှာမယ်ဆိုပြီး ထွက်သွားတာပါ။ ပြန်မလာလို့ သွားရှာတော့ ၂၄ ရက် မှာ သေနေ တဲ့အလောင်းပဲ ပြန်တွေ့ တယ်။ မိုင်းကွဲပြီး အစတွေမှန်တာလို့ ထင်တယ်။ ဒဏ်ရာတွေအရမ်းများတယ်’ဟု သေဆုံးသူ၏ဖခင် ဦးဖော် မွန်းကပြောသည်။

၎င်းတို့နှစ်ဦး ထင်းရှာထွက်သွား သည့် ဇန်နဝါရီ ၂၂ တွင်လည်း ကျေး ရွာမှ ထွက်သွားပြီးနောက် ကျေးရွာ အနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး မည့်သည့် တပ်များဖြစ် ပွားသည်ကို အတိအကျ မသိရကြောင်း ၎င်းကပြောသည်။

ကွက်ခိုင်မြို့နှင့် ၇ မိုင်ခန့်ဝေး သည့် မော်ဟန်ကျေးရွာသည် တာ မိုးညှဲမြို့သို့ သွားရာ လမ်းမကြီးဘေး တွင်တည်ရှိပြီး ကျေးရွာအနီး အစိုးရ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) တို့ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိ သည့် ဒေသဖြစ်ကြောင်း ဒေသခံများ ထံမှ သိရသည်။

‘ကျွန်တော်တို့ရွာက အရင်ကဆို အေးချမ်းပါတယ်။ ဒီနှစ်ပိုင်းရောက် တော့မှ တိုက်ပွဲတွေဖြစ်ပြီး ရွာသား တွေ ကြောက်လန့်နေရတယ်။ အမျိုး သမီးတွေ အတွက်လည်း စိုးရိမ်နေရ တော့ ဘယ်ကိုမှမသွားရဲကြဘူး။ အခုလည်း ထင်းသွားရှာတဲ့ ရွာသား တွေ အဖြစ်ဆိုးနဲ့ကြုံခဲ့ရတယ်။ နောက် ဆို ဘာတွေဖြစ်လာမလဲတောင် မသိ တော့ဘူး။ ရွာသားတွေ အရမ်း ကို ကြောက်နေရပါတယ်။’ဟု မော်ဟန်ကျေး ရွာအုပ်ချုပ်ရေးမှူး ဦးခေါင်လွမ်းက ပြောသည်။

မော်ဟန်ကျေးရွာအနီးတွင် ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ကာ တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားခဲ့ ပြီး ၂၀၁၅ ခုနှစ်အတွင်း ပိုမိုဖြစ်ပွား လျက်ရှိကာ ညပိုင်း အချိန်များ၌် အ ထူးသတိထားနေရကြောင်း မော်ဟန် အသင်းတော်မှ ဓမ္မဆရာ ဦးဆိုင်းလွန် ကပြောသည်။

အဆိုပါသေဆုံးမှုအတွက် ဌာန ဆိုင်ရာများသို့ တိုင်ကြားထားခြင်း မရှိဘဲ ပျောက်ဆုံးနေသည့် မောင် နောင်ဂျာအား ဆက်လက်ရှာဖွေလျက် ရှိကြောင်းနှင့် မော်ဟန်ရွာသည် အိမ်ခြေ ၄၄၀ ကျော်ရှိပြီး လူဦးရေ ၃၀၀၀ ကျော်နေထိုင်သည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။

MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
 

အိန္ဒိယရဲ့ ရွေ့ပြောင်း ဒုံးပစ်စင် စမ်းသပ်အောင်မြင်

အိန္ဒိယရဲ့ တာဝေးပစ် ဒုံးကျည်
အိန္ဒိယနိုင်ငံမှာ နျူကလီးယား ထိပ်ဖူးတပ် တာဝေးပစ် ဒုံးကျည် ပစ်လွှတ်နိုင်တဲ့ ရွေ့ပြောင်းပစ်စင်ကို စမ်းသပ်ရာမှာ အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် အိန္ဒိယရဲ့ ကီလိုမီတာ ၅၀ဝ၀ အကွာကို ပစ်လွှတ်နိုင်တဲ့ အန်နီ ၅ ဒုံးကျည်တွေကို ဖြန့်ကျက်ဖို့ ပိုမို လွယ်ကူသွားစေပါတယ်။

အဲဒီ ဒုံးကျည်ဟာ ဥရောပနဲ့ တရုတ်ပြည်အပါအဝင် အာရှ အရှေ့မြောက်ပိုင်းက ပစ်မှတ်တွေကို ချိန်ရွယ် ပစ်ခတ်နိုင်ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီကတော့ အခုလို ရွှေ့ပြောင်းပစ်စင်ကနေ ပစ်လွှတ်နိုင်တာကြောင့် ဒီဒုံးကျည်တွေဟာ တန်ဘိုးတက်လာမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်က သူ့အစိုးရ အာဏာရခဲ့တဲ့ နောက်မှာ အိန္ဒိယ ရဲ့ လက်နက်တပ်ဆင်မှုတွေနဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ် ပြင်ဆင်သွားမယ်လို့ ပြောထားခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/01/150131_india_missles

နိုင်ငံရေးလမ်းမမှားဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး


နိုင်ငံရေးမှာ လမ်းကြောင်း မှန်ကန်ဖို့ အရေးကြီးပြီး၊ နိုင်ငံရေး ပြေလည်မှုရှိမှ ပြည်သူတွေရဲ့ စားဝတ်နေရေး ပြေလည်နိုင်မယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ရွှေပြည်သာဘုရားဝင်းမှာ ဒီနေ့ကျင်းပတဲ့ ဗိုလ်ချုပ် နှစ်တစ်ရာပြည့်အကြို လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာပါ။

"ကျမတို့နိုင်ငံဟာ ကျမတို့ရဲ့ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနိုင်ငံဖြစ်တယ်၊ အားလုံးကလည်း တစ်ချိန်တစ်ခါမှာ ကမ္ဘာ့အလယ်မှာ လျှမ်းလျှမ်းတောက်ဖြစ်လာမယ့်နိုင်ငံလို့ တွက်ဆထားတာ ဒါပေမဲ့ဒီလိုမဖြစ်ခဲ့ဘူး၊ ဘာဖြစ်လို့ ဒီလိုမဖြစ်ခဲ့သလဲဆိုတော့ တကယ်တော့ နိုင်ငံရေးအကြောင်းတွေကြောင့် မဖြစ်ခဲ့တာပဲ၊ ကျမတို့နိုင်ငံဟာ နိုင်ငံရေးလမ်းမှားသွားတာနဲ့ စီးပွားရေးရော၊ လူမှုရေးရော အားလုံးခြွတ်ခြုံချတယ်၊ ဒါကြောင့်မို့လို့ နိုင်ငံရေးဟာ အရေးမကြီးဘူး၊ စားဝတ်နေရေးဟာ အရေးကြီးတယ်လို့ ပြောတဲ့ပုဂ္ဂိုလ်တွေရဲ့ စကားကို လုံးဝနားမယောင်ပါနဲ့လို့"

ဒေါ်အောင်ဆန်းစုကြည်က လူတိုင်းနိုင်ငံရေးကို နားလည်ဖို့ နိုင်ငံအကျိုးကို တတ်နိုင်သမျှ သယ်ပိုးဖို့နဲ့ ဗိုလ်ချုပ်ကို ကျေးဇူးတင်တယ်ဆိုရင် သူချမှတ်ခဲ့တဲ့ လမ်းစဉ်တွေကိုလိုက်နာပြီး ကျေးဇူးဆပ်ဖို့ ဒီကနေ့ ဟောပြောပွဲမိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ဒီနေ့ လူထုဟောပြောပွဲကို ပျော်ဘွယ်မြို့က ဒေသခံလူဦးရေ ရှစ်ထောင်နီးပါးလောက် တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf
 

နိုင်ငံရေး လမ်းမှားခဲ့မှုကြောင့် စီးပွားရေး ချွတ်ခြုံကျခဲ့ခြင်းဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - အောင်ကြီး)
မြန်မာနိုင်ငံဟာ နိုင်ငံရေး လမ်းမှား ခဲ့တာကြောင့် စီးပွားရေးနဲ့ လူမှုရေး အပိုင်းတွေမှာ ချွတ်ခြုံကျ ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

ဒီနေ့ ကျင်းပပြုလုပ်တဲ့ မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်က ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်ပွဲ မိန့်ခွန်းမှာ အခုလို ပြောကြားလိုက်တာပါ။

“တချိန်တခါတုန်းက ကျမတို့ အရှေ့တောင်အာရှမှာ ကျမတို့နိုင်ငံဟာ အတိုးတက်ဆုံးနိုင်ငံဖြစ်တယ်။ အားလုံးကလည်း တချိန်တခါမှာ ကမ္ဘာ့အလယ် လျှမ်းလျှမ်းတောက်ဖြစ်လာမယ့် နိုင်ငံ တွက်ဆထားတယ်။ ဒါပေမယ့် ဒီလိုမဖြစ်ခဲ့ဘူး။ ဘာလို့ ဒီလိုမဖြစ်ခဲ့လဲဆိုတော့ နိုင်ငံရေးအကြောင်းတွေကြောင့် မဖြစ်ခဲ့တာပဲ။ ကျမတို့နိုင်ငံဟာ နိုင်ငံရေး လမ်းမှားသွားတာနဲ့ စီးပွားရေးရော၊ လူမှုရေးရော ချွတ်ခြုံကျခဲ့တယ်။ ဒါကြောင့် နိုင်ငံရေးဟာ အရေးမကြီးဘူး စားဝတ်နေရေးဟာ အရေးကြီးကြောင်းပြောတဲ့ ပုဂ္ဂိုလ်တွေရဲ့ စကားကို လုံးဝ နားမယောင်ပါနဲ့ တိုက်တွန်းချင်ပါတယ်။ နိုင်ငံရေးလမ်းမှန်မှ စားဝတ်နေရေး ချောင်လည်တဲ့ဘ၀ကို ရောက်သွားကြမယ်ဆိုတာ သေသေချာချာ မှတ်သွားကြပါလို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အေးချမ်းဖို့အတွက် ပြည်သူပြည်သားတွေ ညီညွတ်ကြဖို့ အရေးကြီးကြောင်းလည်း တိုက်တွန်းသွားပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပျော်ဘွယ်မြို့ ဗိုလ်ချုပ် ရာပြည့်အခမ်းအနားကို ဖျော်ဖြေပွဲတွေနဲ့ စတင်ခဲ့ပြီး ပျော်ဘွယ်၊ ရမည်သင်း၊ မိတ္ထီလာ သာစည်မြို့နယ်တွေက လူအင်အား ထောင်နှင့်ချီ တက်ရောက်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မှာဖြစ်လို့ အထိမ်းအမှတ်အခမ်းအနားတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်နေကြတာဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/79494

အမေရိကန်နိုင်ငံက ပထမဆုံး အမျိုးသမီးသီးသန့် ဗလီ


အမေရိကန်နိုင်ငံ လော့အိန်ဂျယ်လိစ်မှာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သီးသန့် ဗလီကို မနေ့က ဖွင့်လှစ်လိုက်ပါတယ်။

အစ္စလာမ်ဘာသာရေး ထုံးစံအရ ဗလီဝတ်ပြု ဆုတောင်းမှုတွေကို ဗလီဆရာတွေကသာ ဦးဆောင်ပြီး  ကိုရမ်ကျမ်းစာကို သင်ကြားတာပါ။

ဒါပေမယ့် အမေရိကန်အမျိုးသမီးဗလီမှာတော့ ပထမဆုံး အမျိုးသမီးဗလီဆရာမ ဦးဆောင်ဝတ်ပြုခွင့် ရရှိတော့မှာပါ။

အမျိုးသမီးသီးသန့် ဗလီဖွင့်လှစ်မယ့် အကြောင်း အမေရိကန်တနိုင်ငံလုံးကို အင်တာနက်လူမှု ကွန်ရက်တွေမှာ ဖြန့်ဝေခဲ့ပြီး နိုင်ငံတ၀န်းက အစ္စလာမ်ဘာသာဝင်အမျိုးသမီး ၁၅၀ လောက် ဒီသမိုင်းဝင်အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

နီဗားဒါးပြည်နယ်၊ လာ့ဗေးဂတ်မြို့က လာရောက်သူတဦးကတော့ အခုလို အမျိုးသမီးတွေ သီးသန့်စုစည်းခွင့်ရပြီး ဘာသာရေးဆွေးနွေးခွင့်ရတာဟာ နောက်လာမယ့် မျိုးဆက်လူငယ်တွေအတွက်လည်း အရေးကြီးကြောင်း၊ ဗလီကြီးတွေမှာ လူများပြားလွန်းပြီး အမျိုးသမီးတွေနဲ့ အမျိုးသားတွေကြား ခွဲခြားထားတာရှိတဲ့အတွက် အခုလိုက ပိုအဆင်ပြေလိမ့်တယ်လို့ ပြောဆိုပါတယ်။

ဒီအမျိုးသမီးဗလီကို တည်ထောင်ခဲ့သူ မာဇာဗီ Maznavi ကတော့ ဒီလိုသီးသန့်ဗလီတခုဖွင့်လှစ်ဖို့ ငယ်ငယ်လေးကတည်းက အိပ်မက်ဖြစ်တယ်လို့ ပြောဆိုပါတယ်။

အမျိုးသမီးခေါင်းဆောင်မှုပညာနဲ့ မွတ်စလင်အမျိုးသမီးတွေရဲ့ သမိုင်းကို နှစ်ပေါင်းများစွာ လေ့လာခဲ့အပြီး အခုလို အကောင်အထည်ဖော်ဖြစ်ခဲ့တယ်လို့လည်း ပြောဆိုပါတယ်။

“အမျိုးသားတွေနဲ့ တွဲတက်ရတဲ့ဗလီတွေမှာ ထုံးစံအရ ဗလီဆရာတွေပဲ ဦးဆောင်ကြပြီး ဘာသာရေးအရ ဘာသာရေးခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ဖို့ အမျိုးသမီးတွေအတွက် အခွင့်အရေးနည်းတယ်။ ဒါကြောင့် အခုလိုထူထောင်ဖြစ်ခဲ့တာပါ” လို့ ပြောဆိုပါတယ်။

ထုံးစံအရတော့ မွတ်စလင်အမျိုးသမီးတွေဟာ တလမှာ တခါ ဗလီတက်ဝတ်ပြုရတာဖြစ်ပေမယ့် ဒီအမျိုးသမီး သီးသန့်ဗလီကတော့ တပတ်တခါဝတ်ပြုဗလီတက်ဖို့ စီစဉ်မယ်လို့ ပြောဆိုပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no/archives/79489

သမ္မတဟောင်း ဆက်ဒမ်ဟူစိန် အသုံးပြုခဲ့သည့် နန်းတော် ၁၀ ခုကို ISIS စစ်သွေးကြွများက ဖောက်ခွဲဖျက်ဆီး


ဘဂ္ဂဒက် ၊ ၃၁-၁-၂၀၁၅

အီရတ်နိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များသည် မြို့တော် မြောက်ပိုင်းရှိ ယခင် သမ္မတဟောင်း ဆက်ဒမ်ဟူစိန် အသုံးပြု ခဲ့သည့် နန်းတော် ၁၀ ခုကို ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း သတင်းဌာနကြီး တစ်ခုက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

ISIS စစ်သွေးကြွ များသည် မြို့တော် ဘဂ္ဂဒက်၏ မြောက်ပိုင်း ကီလိုမီတာ ၁၇၀ အကွာရှိ သမ္မတဟောင်း ဆက်ဒမ်ဟူစိန် ၏ မွေးရပ်မြေ ဖြစ်သော တီကရစ်မြို့ ရှိ အကြီးမားဆုံးသော နန်းတော်ကြီး တစ်ခုဖြစ်သည့် Al Faruq နန်းတော်ကို ဖောက်ခွဲ ဖျက်ဆီးခဲ့ ကြခြင်း ဖြစ်သည်။

ထို့ပြင် ဖျက်ဆီးခြင်း ခံရသည့် အခြား နန်းတော်များမှာ အီရတ်ပြည်နယ် အာဏာပိုင် များက ၄င်းမြို့ကို ISIS စစ်သွေးကြွ များက သိမ်းပိုက်ခြင်း မပြုမီ အချိန်အထိ အစိုးရရုံးများ အဖြစ် အသုံးပြု ခဲ့ကြသည်။ အဆိုပါ နန်းတော် များကို ဖောက်ခွဲဖျက်ဆီး ပြီး နောက်ပိုင်းတွင် ISIS စစ်သွေးကြွ များသည် နန်းတော် အတွင်းမှ ပရိဘောဂ များကို သယ်ဆောင်၍ အမ်းမြို့ သို့ ဆက်လက် ထွက်ခွာ သွားခဲ့ကြောင်း မျက်မြင် သက်သေများက ပြောကြား ခဲ့သည်။

ISIS စစ်သွေးကြွ များသည် တီကရစ်မြို့ ကို ပြီးခဲ့သည့်နှစ် ဇူလိုင်လ အတွင်းက အစိုးရတပ်များ ထံမှ သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အီရတ် အစိုးရတပ် များက ယခုနှစ် ဇန်န၀ါရီလ မှစ၍ နိုင်ငံတောင်ပိုင်း ရှိ ဒေသ အများအပြား ကို ISIS စစ်သွေးကြွ များလက်မှ ပြန်လည် သိမ်းယူနိုင် ခဲ့ပြီးနောက် တီကရစ်မြို့ အပါအ၀င် နိုင်ငံမြောက်ပိုင်း သို့ ထိုးစစ်ဆင် တိုက်ခိုက်ရန် စီစဉ်လျက် ရှိကြောင်း သိရှိရသည်။

PyiChitThar
http://www.pyichitthar.com/2015/01/isis_31.html

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၄၃)

၂၀၀၈ ခုနှစ်ဟာ DVB-TV ရဲ့ အအောင်မြင်ဆုံး ကာလလို့ ပြောရမယ်ထင်ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးကို အခြေခံ ရိုက်ကူးခဲ့တဲ့ Burma VJ မှတ်တန်းရုပ်ရှင် အော်စကာဆုရနိုင်တဲ့အထိ နာမည်ကြီးခဲ့သလို အခြားဆုတွေလည်း အများကြီး ရခဲ့ပါတယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ပြတ်တလှည့်၊ ငတ်တလှည့်ဖြစ်နေတဲ့ DVB ရဲ့ ဘတ်ဂျက်လည်း နည်းနည်းထူထူ ထောင်ထောင်ဖြစ်လာပြီး လကုန်ရက်တိုင်း လစာပုံမှန်ဝင်လာတယ်ဆိုပါတော့။

(၂၀၀၈ ခုနှစ် နှောင်းပိုင်းက အော်စလိုရုံးချုပ်မှာတွေ့ရတဲ့ DVB ၀ိုင်းတော်သားများ)

အဲဒီအချိန်မှာ လုပ်ငန်းခွင်နယ်ပယ်အသီးသီးက ၀န်ထမ်းတွေ အော်စလိုရုံးချုပ်မှာစုဆုံဆွေးနွေးနိုင်ရေး အတွက် အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ခဲ့ပါတယ်။ အထူးသဖြင့်တော့ ချင်းမိုင်ရုံးက၀န်ထမ်းတွေကို အော်စလိုရုံးဆီ ၃ လ သင်တန်းခေါ်ယူခြင်းပါ။ အော်စလိုသတင်းခန်းဝန်ထမ်းတွေနဲ့အတူရိုက်ထားတဲ့ မှတ်တန်းဓာတ်ပုံအရ စုစုပေါင်း ၂၄ ဦးရှိပြိး ဒါဟာ DVB သမိုင်းမှာ လူအစုံဆုံး အစည်းဝေးတခုပါပဲ။

အော်စလိုရုံးချုပ်က လူတွေကို အရင်မိတ်ဆက်ပေးရမယ်ဆိုရင် ညွန်မှုး ကိုအေးချမ်းနိုင်၊ ဒုညွန်မှုး ကိုခင်မောင်ဝင်း၊ သတင်းအယ်ဒီတာ ကိုမိုးအေး။ သတင်းခန်းမှ ထက်အောင်ကျော်၊ ခင်နှင်းထက်၊ အေးအေးမွန်၊ နန်းခမ်းကယောက်၊ အင်္ဂလိပ်ပိုင်းသတင်းခန်းမှ ကိုပါစကယ်ခူးသွယ်၊ ကျနော်ဆွဲဖွင့်မိသောတံခါးများအစီစဉ်မှုး ကိုနေဇော်နိုင်နဲ့ ၀က်ဆိုက်ဌာနမှ မသီတာတို့ ၁၀ ဦးဖြစ်ပါတယ်။

ချင်းမိုင်ရုံးကနေရောက်လာသူတွေထဲမှာတော့ အပတ်စဉ်ကဏ္ဍတာဝန်ခံ ကိုခင်မောင်စိုး၊ ချင်းမိုင်ရုံး အုပ်ချုပ်ရေးမှုး ကိုတိုးဇော်လတ်၊ သတင်းခန်းမှ ကိုအေးနိုင်၊ ကိုသက်၊ ကိုဇင်မောင်၊ ကိုနေထူး၊ စိုင်းကျော်ခိုင် (ဒီပုံကို ရိုက်ပေးသူဖြစ် တဲ့အတွက် ပုံထဲ မပါပါ) နော်စေးဖော၊ စောလဲ့နန္ဒာ၊ မခင်မင်းဇော်၊၊ အဂ်လိပ်ပိုင်းမှ ကိုရဲတိုက်၊ နည်းပညာဌာနမှ ကိုအောင်ဖြိုး။ Burma VJ မှ ကိုမျိုးမင်းနိုင်နဲ့ ကိုကျော်စွာတို့ ၁၄ ဦးဖြစ်ပါတယ်။

လူစုံတုန်း တနေကုန်လုပ်တဲ့အစည်းဝေးတွေမှာ ဘာတွေဆွေးနွေးဖြစ်သလဲဆိုတာကိုတော့ မမှတ်မိတော့ပါ။ အကြမ်းအားဖြင့်ကတော့ အော်စလို၊ ချင်းမိုင်နဲ့ Burma VJ တို့ တယောက်တနေရာစီဖြစ်နေတဲ့အတွက် အချင်းချင်းနားလည်မှုလွဲခဲ့တာတွေကို ပြန်လည်ဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြင့်ဖို့ လုပ်ဆောင်ခြင်းနဲ့ သတင်းအရည်အသွေးဆိုင်ရာ၊ နည်းပညာဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ထင်ပါတယ်။

ဆွေးနွေးပွဲအပြီးမှာတော့ ဒီလူအုပ်ကို ၂ စုခွဲပြီး ဆွီဒင်နိုင်ငံ (Gävle) ယဗလယ်မြို့ရှိ ဆွီဒင်ရေဒီယို စတေရှင်ဆီ သတင်းတပတ်တာ လေ့လာရေးခရီးစဉ်သွားခိုင်းပါတယ်။ ကျနော်တို့ DVB နဲ့ ဒီရေဒီယိုကြား (အဲဒီကာလက) အဓိက ကွာခြားချက်ကတော့ သူတို့ဟာ သတင်းဖြစ်နေတဲ့နေရာမှာအခြေစိုက်ပြီး အဲဒီကသတင်းကို အဲဒီဒေသရှိ သတင်းထောက်တွေက အဲဒီမှာနေတဲ့လူတွေအတွက် လွှင့်ပေးနေခြင်းပါ။ ကျနော်တို့ကတော့ နော်ဝေးမှာ အခြေစိုက်ပြီး ဟိုး မိုင်ပေါင်း ၅၀၀၀ ကျော်ဝေးတဲ့အရပ်မှာ သတင်းယူ၊ အဲဒီကိုပြန်လွှင့်ပေးဆိုတော့ ဒီအချက်က အတော်ထူး ခြားနေပါတယ်။

ဒုတိယ တချက်ကတော့ ကျနော်တို့က Short Wave လှိုင်းတိုရေဒီယို၊ သူတို့က FM ရေဒီယို။ ကျနော်တို့က တရက် မှ ၂ ကြိမ်သာလွှင့်နိုင်ပြီး သူတို့က ၁၂ နာရီလောက်လွှင့်ပါတယ်။ ကျနော်တို့ကသတင်းကို အဓိကထားပေမဲ့ သူတို့ Debate အပြန်အလှန်ငြင်းခုံဆွေးနွေးတာ၊ ကွင်းဆင်းသတင်းပေးပို့တာ၊ ရေဒီယို အစီစဉ်အတွင်း ပရိတ်သတ်တွေကို ဖိတ်ခေါ်ဆွေးနွေးတာကို အဓိကထားတယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ဆီမှာက သတင်းလွတ်လပ် ခွင့်ရှိပြီးသားဆိုတော့ ကျနော်တို့လို သတင်းကို တကူးတကာ့လိုက်ရှာနေစရာ မလိုတော့ပါ။

ဒါက သတင်းသမားတဦးအနေနဲ့ ကျနော်ရဲ့တွေ့ရှိချက်ပါ။ ဒါပေမယ့် နိုင်ငံရေးအမြင်ရှိသူတွေကတော့ လူထုအခွန် ငွေ၊ သို့မဟုတ် အစိုးရထောက်ပံ့ငွေနဲ့ လည်ပတ်နေတဲ့ Public Service ဒီလိုရေဒီယိုမျိုး မြန်မာနိုင်ငံမှာလုပ်နိုင်ရင် ကောင်းမှာပဲဆိုတဲ့ အမြင်ရသွားတယ်နဲ့တူပါတယ်။ ဘာကြောင့်လဲဆိုရင် Gävle ကနေ လေ့လာခဲ့တဲ့ Publish Service Broadcast အများပြည်သူဝန်ဆောင်မှု အသံလွှင့်ဌာန၊ အများပြည်သူ ၀န်ဆောင်မှု သတင်းလုပ်ငန်းဆို တာတွေကို အခု မြန်မာအစိုးရဖက်က ကျယ်ကျယ် လာင်လောင်ပြောဆိုလာနေလို့ဖြစ်ပါတယ်။

(ပထမ ဆုံးအကြိမ်ပြုလုပ်တဲ့ DVB နဲ့ မြန်မာအစိုးရ ပြန်ကြားရေးဌာန ပူးတွဲမီဒီယာ ဆွေးနွေးပွဲ)

ဒီအသံကို မြန်မာနိုင်ငံမှာ စတင်ကြားခဲ့ရတဲ့အချိန်နဲ့နေရာကတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအလွန် စက်တင် ဘာလမှာဖြစ်ပါတယ်။ စပြောတဲ့သူတွေကတော့ အဲဒီ Gävle အစီစဉ်ကိုမိတ်ဆက်ပေးခဲ့သူ DVB ရဲ့ညွန်မှုးတွေဖြစ်တဲ့ ကိုအေးချမ်းနိုင်၊ ကိုခင်မောင်ဝင်းနဲ့ အစိုးရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်တို့ဖြစ်ပါ တယ်။ စပြောတဲ့နေရာက တော့  ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၂-၂၃ တုန်း က ရန်ကုန်မှာကျင်းပတဲ့ Media in Service to the Publish: A Forum on Publish Service Broadcasting ဆိုတဲ့ DVB နဲ့ အစိုးရ ပြန်ကြားရေးတို့ ပထမဆုံးအကြိမ် ပူးတွဲလုပ်တဲ့ မီဒီယာ ဆွေးနွေးပွဲမှာဖြစ်တယ်ဆိုတာကို အမှတ်ရနေပါတယ်။

ကင်မရာတလုံးနဲ့ ဥရောပခရီးစဉ်များ

Gävle ရေဒီယို လေ့လာရေးခရီးစဉ်အပြီးမှာတော့ ခွင့်တလယူပြီး Far from Home: 20 years in Exile ဆိုတဲ့ စာအုပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မှာ ထုတ်ဝေဖြစ်ခဲ့ပါတယ်။ စာအုပ်ပါ ဆောင်းပါးအများစုဟာ Nation, Bangkok Post, Irrawaddy နဲ့ DVB မှာဖေါ်ပြပြီးသားဖြစ်ပေမဲ့ တောတွင်းဘ၀ဖြတ်သန်းမှုအကြောင်း ဆောင်းပါးအသစ် ၅ ပုဒ်လည်းပါရှိပါတယ်။ အဓိကကတော့ ၈ လေးလုံးအရေးတော်ပုံ နှစ် ၂၀ ပြည့်နေ့မှာ အမှတ်တရအနေနဲ့ တခုခု လုပ်ချင်တဲ့သဘောမျှသာဖြစ်ပါတယ်။

(၂၀၀၉  ခုနှစ် ဖေဖေါ်ဝါရီလက ဘာစီလိုးနားမြို့မှာကျင်းပတဲ့ ဥရောပရောက် မြန်မာများဆွေးနွေးပွဲ)

ထိုင်းကအပြန် ၂၀၀၉  ခုနှစ်ဖေဖေါ်ဝါရီလထဲမှာတော့ စပိန်နိုင်ငံ ဘာစီလိုးနားမှာပြုလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲအတွင်း စကားပြောဖို့ဖိတ်ကြားခံခဲ့ရပါတယ်။ ဒီစာအုပ်ပေါ်အခြေခံပြီး အခုလိုဖိတ်ကြားခံရတာဖြစ်ပေမဲ့ အဲဒီမှာ ဥရောပရောက် မြန်မာတွေနဲ့ ဥရောပအခြေစိုက် မြန်မာ့အရေးဆောင်ရွက်နေတဲ့ NGO တွေရဲ့ အစည်းဝေးတွေက လည်းရှိနေပါတယ်။

ဘာစီလိုးနားပွဲအပြီးမှာလား၊ အဲဒီမတိုင်ခင်လေးမှာလား မမှတ်မိတော့ပါ။ ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ ဌာနချုပ် အပါဝင် ကုလသမဂ္ဂရုံးတွေအတော်များများရှိတဲ့ ဆွင်ဇလန်နိုင်ငံ ဂျာနီဗာမြို့မှာကျင်းပတဲ့ မြန်မာ့အရေးပွဲတခုဆီ တက်ရောက်သတင်းယူဖို့ ဖိတ်ကြားခံရပြန်ပါတယ်။ တကယ်က သတင်းယူဖို့ သက်သက်မဟုတ်။ ဂျီနီဗာအခြေစိုက် မြန်မာ့အရေးဆောင်ရွက်နေတဲ့ ဆွစ်-မြန်မာကော်မီတီကနေ DVB အတွက် ရန်ပုံငွေရှာပေးရေးအစိစဉ်လည်းပါဝင် ပါတယ်။

ထူးခြားတာကတော့ ဆွင်ဇလန်ဟာ ဒီလို ကုလသမဂ္ဂရုံးတွေရှိနေပေမဲ့ EU အဖွဲ့ဝင်မဟုတ်သလို Schengen ဗီဇာ လို့ခေါ်တဲ့ ဥရောပအတွင်းသွားနိုင်တဲ့ ဗီဇာနဲ့လည်း သူ့နိုင်ငံအတွင်း ၀င်ခွင့်မရှိဘူးလို့ ဆိုပါတယ်။ အဲဒီအချိန် ကျနော်တို့ကိုင်ထားတဲ့ နိုင်ငံကူးလက်မှတ်က နော်ဝေးနိုင်ငံသားမဟုတ်သေး။ ခရီးသွားလက်မှတ်အဆင့်သာရှိသေးတဲ့ အတွက် ဗီဇာလျောက်ရမယ်လို့ဆိုပါတယ်။ အော်စလိုရှိ ဆွစ်သံရုံးဆီသွားပြီး ဗီဇာလျောက်တော့ ဒီစာအုပ်အဆင့် အတန်းကို သူတို့နိုင်ငံက ဗီဇာမပေးဘူး လို့ငြင်းပါတယ်။

ဒီလိုနဲ့နောက်ဆုံးတော့ စာအုပ်ပေါ်မှာ ဗီဇာ မထုပဲ သီးခြားစာရွက်ပေါ်ဗီဇာကပ်ပြီး ကျနော်တို့ကိုပေးလိုက် ပါတယ်။ ကျနော်တို့ဆိုတာက သတင်းယူမယ့်ကျနော်နဲ့ ဆုယူမဲ့ ညွန်ချုပ် ကိုအေးချမ်းနိုင်တို့ ၂ ဦးပါ။ (အဲဒီကာလကတော့ ဒါဟာ အတော်ထူးခြားတဲ့ဖြစ်စဉ်လို့ထင်ခဲ့ပါတယ်။ ဒါပေမယ့် အခု မြန်မာနိုင်ငံ ဆီဝင်နေကြတဲ့ ပြည်ပရောက် အတော်များများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲသွားနေသူတော်တော်များများ စာရွက်ပေါ် ဒီလိုပဲ ဗီဇာကပ်ပြီး ၀င်နေကြတယ်လို့သိရပါတယ်)။

ဂျီနီဗာဆီရောက်တဲ့အခါ ပထမ ဆုံးထူးထူးခြားခြားသတိထားမိတာကတော့ ကုလသမဂ္ဂရုံးရှေ့က ခြေတောက် ၃ ဖက်သာရှိတဲ့ ဧရာမကုလားထိုင်ကြီးပါပဲ။ မြေမြှုပ်မှိုင်းရဲ့ဆိုးကျိုးကိုပြသတဲ့အနေနဲ့ ခြေတဖက်ပြတ်နေတဲ့ ကုလားထိုင်ကြီးကိုတမင်ပြသထားတာလို့ဆိုပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီထိုင်ခုံရှေ့ဆီ မြန်မာသံဃာင်္တော်တွေလည်း ရောက်နေတာနဲ့ အင်တာဗျုးလုပ်ဖြစ်ခဲ့ပါတယ်။ ပြီးတော့ အိုအယ်အို ရုံးဆီသွားပြီး မြန်မာနိုင်ငံဆိုင်ရာ အိုင်အယ်အို အရာရှိ စတိမာရှယ်နဲ့ ကာရီတာပီရိုလာတို့နဲ့ ဗီဒီယို အင်တာဗျုးလုပ်ခဲ့ပါတယ်။

ပြည်ပရောက်နိုင်ငံရေးလှုပ်ရှားသူတွေ၊ မြန်မာတွေအချင်းချင်းကြားမှာ ကင်မရာမင်းမပါပဲ တဦးတည်း ကင်မရာထောင်၊ တဦးတည်းမေး၊ တဦးတည်းပြန်သရုပ်ဆောင်လုပ်ရတဲ့ All in One ပေါ်လစီဟာ သိပ်ပြသနာမရှိပေမဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ ဗျုးတဲ့အခါမှာတော့ ဒီနည်းက သူများကိုအားနာစရာ ကြီးဖြစ်နေပါတော့တယ်။ ဒီအတွက် ပထမ ပိုင်းမှာ အိုင်အယ်အို ပြန်ကြားရေးဌာနမှ ကင်မရာမင်းတဦးက ကျနော်ကို ကူညီရိုက်ပေးပါတယ်။ ဒါပေမယ့် သူလဲ သူ့အလုပ်နဲ့သူဆိုတော့ အစ-အဆုံးတော့ မကူညီနိုင်။ စတိမာရှယ်နဲ့ ဗျုးတာတခုလုံးကို ကျနော်တယောက်တည်း လုပ်ခဲ့ရပါတယ်။

ကြည့်လိုက်ရင် သိပ်အပန်းမကြီးလှဘူးလို့ထင်ရပေမဲ့ ကင်မရာအိတ်ကအတော်လေးပါတယ်။ ကင်မရာထင် ဒေါင့်တိုင်က ကင်မရာထက်ပိုလေးပါတယ်။ အဲဒီလိုလေးလံတဲ့ ပစ္စည်း ၂ ခုကိထမ်းပိုသွားရတဲ့အပြင် ကိုယ်ပုံကိုလည်းပါအောင် ထည့်ရဦးမှာဆိုတော့ အနောက်တိုင်းဝတ်စုံတွေ၊ ကြောင်ရှာသီးတွေကိုလည်း ဆင်မြန်းသွားရပါသေးတယ်။ ဂျီနီဗာ ရာသီ ဥတုသာမအေးဘူးဆိုရင် ချွေးပြန်မဲ့ကိစ္စ။ ပြီးတော့ ကင်မရာဆင်၊ တဖက်လူကို မိုက်တွေဆင်ပေး၊ အသံတွေ ချိန်ရ၊ လိုချင်တဲ့ပုံ၊ လိုချင်တဲ့အသံရ မရ သိနိုင်ဖို့ မေးနေရင်းနဲ့ ကင်မရာစခရင်ကို ခဏခဏ လှမ်းကြည့်နေရတဲ့ ဒုက္ခက သိပ်မသေးလှဘူးပေါ့ခင်ဗျား။

နောက်ထပ်ကြုံရတဲ့ ကင်မရာပြသာနာတခုကတော့ ဟိုတယ်ခန်းထဲ အင်တာဗျုးလုပ်တဲ့အခါ ကုတင်ပုံကြီး ပါ ပါလာတဲ့ကိစ္စပါပဲ။ အဲဒီပွဲဆီရောက်နေတဲ့ ညွန့်ပေါင်းအစိုးရ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း၊ ကုလသမဂ္ဂ ဆိုင်ရာကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းတို့ကို အင်တာဗျုးလုပ်စဉ်မှာ အဲဒီအကွက်တွေက သတိမထားမိပဲပါလာတာပါ။ အပြင်မှာရိုက်မယ်ဆိုရင်လဲ ဘေးအသံတွေပါမှာစိုးတာနဲ့ အခန်းထဲပဲရိုက်ဖြစ် တာများပါတယ်။

အလားတူအမှား ၂ ခုကို ဘာစီးလိုးနားပွဲမှာ FDB မှ ကိုစိုးအောင်နဲ့ရိုက်စဉ်မှာနဲ့ နယ်သာလန်နဲ့ ဒိန်းမတ် ကပွဲတခုကို သွားစဉ်ကလည်း (အခုကွယ်လွန်သွား ပြီဖြစ်တဲ့) KNU မှ ပဒိုဒေးဗစ်ထောနဲ့ အင်တာဗျုးမှာ အဲဒီလိုပဲ ကုတင်ပုံကြီးက ပါနေပြန်ပါတယ်။ ဒီတော့ သူပုံကိုပဲ တခြမ်းဖြတ်ယူပြီး တောထဲကပုံတွေ၊ ဗိုလ်ချုပ်မြနဲ့ ဗိုလ်ချုပ်ခင်ညွန့်ဆွေးနွေးနေတဲ့ပုံတွေကို တခြမ်းစီတွဲပေးလိုက်ပါတယ်။ ဒါပေမယ့် အဲဒီလို ဖလင် ၂ ခြမ်းတွဲတဲ့ ပရိုဂရမ်က DVB မှာမရှိသေးပါ။ ဒီတိုင်း ဖြတ်-ညှပ် တွဲပြီး ထုတ်လွင့်ခဲ့တာကြာင့် ရုပ်-သံ ကျွမ်းကျင်သူတွေရဲ့ ဝေဖန်ခံရတာကို အခုချိန်ထိအမှတ်ရနေပါတယ်။ ။

ထက်အောင်ကျော်
http://www.htetaungkyaw.net/2015/01/blog-post_30.html



IS တို့ ကျောက်ခဲဖြင့် ပေါက်၍ သေဒဏ်စီရင်ခြင်း ခံရသူ အမျိုးသမီး ရှင်သန်လွတ်မြောက်


အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေး (IS) အဖွဲ့သည် ယမန်နေ့က ဆီးရီးယား အမျိုးသမီး တဦးအား အိမ်ထောင် ရေး ဖောက်ပြန်သည်ဟု ဆိုကာ ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းဖြင့် သေဒဏ်စီရင်ခဲ့ သော်လည်း ထိုအမျိုးသမီးက ပြစ်ဒဏ်စီ ရင်သော နေရာမှ လွတ်မြောက် သွားခဲ့သည်။

ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့၏ အဆိုအရ IS တို့သည် ထိုအမျိုးသမီးအား အိမ်ထောင်ရေးဖောက်ပြန်မှုဖြင့် နိုင်ငံမြောက်ပိုင်းရှိ ရက်ကာမြို့တွင် ကျောက်ခဲများ ပစ်ပေါက်၍ သေဒဏ်စီရင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်သွေးကြွများကိုယ်တိုင် ထိုအပြစ်ဒဏ်ကို စီရင်ခဲ့ခြင်း ဖြစ်ကာ သေပြီဟု ယူဆရသည်အထိ ကျောက်ခဲဖြင့် ပေါက်ရခြင်း ဖြစ်သည်။

၎င်းတို့သည် ကျောက်ခဲများဖြင့် သဲကြီးမဲကြီး ပစ်ပေါက်ခဲ့ကြပြီး သေပြီဟု ယူဆကာ ရပ်တန့်လိုက်ချိန်တွင် သူမက ထရပ်ကာ ပြစ်ဒဏ်စီရင်ရာ နေရာမှ လွတ်မြောက်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

"IS စစ်သွေးကြွ တယောက်က ဒီအမျိုးသမီး ထလာတဲ့ အချိန်မှာ သေနတ်နဲ့ ပစ်တော့မလို့ပဲ၊ ဒါပေမဲ့ အဲဒီအချိန်မှာပဲ သူတို့ရဲ့ အစ္စလာမ္မစ်ဂျူရီလူကြီးတဦးက ဒါဟာ ဘုရားသခင် အလိုတော်အတိုင်းပဲ လို့ ပြောပြီး ဟန့်တားခဲ့တယ်" ဟု ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သည့် လူ့အခွင့်အရေးစောင့်ကြည့်သူ တဦးက ပြောကြားသည်။

ထိုအမျိုးသမီးအနေဖြင့် ယခုအချိန်တွင် လွတ်မြောက်အောင် ထွက်သွားနိုင်မည် ဖြစ်သော်လည်း ယင်းအပြစ်ဒဏ်အတွက် အစဉ် နောင်တရနေလိမ့်မည်ဟုလည်း အဆိုပါ ဂျူရီ လူကြီးက ပြောကြားခဲ့သည်။

လူ့အခွင့်အရေးစောင့်ကြည့်သူများ၏ အဆိုအရ ဆီးရီးယားတွင် ပြီးခဲ့သည့် ဇူလိုင်လမှ စ၍ လိင်တူဆက်ဆံခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းတို့ကြောင့် ဂျီဟတ်တို့၏ သေဒဏ်စီရင်မှု ခံခဲ့ရသူပေါင်း ၁၅ ဦး ရှိခဲ့ကာ ၉ ဦးမှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။

ကျော်လင်းထွန်း
__Ref: AFP
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

အီဂျစ်လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ကို သတ်လိုက်ကြောင်း အိုင်အက်စ် ကြေညာ

ဓာတ်ပုံ – အေအက်ဖ်ပီ
အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်က လုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး အယောက် ၃၀ ကို သတ်လိုက်တယ်လို့ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ (အိုင်အက်စ်) စစ်သွေးကြွတွေက ဇန်န၀ါရီ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ဒါကြောင့် အီဂျစ်သမ္မတ အဒဲဖာတာ အယ်လ်စီစီဟာ အာဖရိက သမဂ္ဂ ထိပ်သီးညီလာခံကို တက်ဖို့ အီသီယိုပီးယားကို ရောက်နေရာက အီဂျစ်နိုင်ငံကို ပြန်လာခဲ့ရပါတယ်။

ဇန်န၀ါရီ ၂၉ ရက်နေ့က ဆိုင်းနိုင်းကျွန်း ဆွယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်တွေကို သီးခြားတိုက်ခိုက်မှုလေးခုဟာ လတ်တလော နှစ်တွေအတွင်း သွေးအစွန်းဆုံး ဖြစ်ရပ်ပါ။

ခရိုင်မြို့တော် အယ်လ်အာရစ်ရှ်က အကြီးအကျယ် အစောင့်ချထားတဲ့ အခြေစိုက်စခန်းနဲ့ စစ်တပ်ဟိုတယ်ကို ဗုံးခွဲမှုကြောင့် လူအများဆုံးသေခဲ့ရပါတယ်။

ဗုံးကြောင့် အပိုင်းပိုင်းအစစ ဖြစ်နေတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ထည့်ထားတဲ့ အိတ်၃၀ ကို ဒေသမြို့တော်ကနေ ကိုင်ရိုကို ဇန်န၀ါရီ ၃၁ ရက်နေ့ မနက်က စစ်လေယာဉ် ၃ စီးနဲ့ သယ်သွားပြီလို့ လုံခြုံရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒဏ်ရာရသူတွေထဲက အနည်းဆုံး ၅ ဦး အခြေအနေစိုးရိမ်ရလို့ သေဆုံးသူ အရေအတွက် ပိုမြင့်လာနိုင်တယ်လို့ ဆိုပါတယ်။

ဂါဇာကမ်းမြှောင်၊ အစ္စရေးနယ်စပ်တို့နဲ့နီးတဲ့ ရှိတ်ခ် ဇူဝိဒ်ရွာမှာ စစ်သားတွေနဲ့ စစ်သွေးကြွတွေ ဇန်န၀ါရီ ၂၉ ရက်နေ့က တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး သေဆုံးပါတယ်။

မွတ်စလင်ညီနောင်များအဖွဲ့က အီဂျစ်သမ္မတ မိုဟာမဒ် မော်စီရာထူး ကျပြီးနောက်ပိုင်းကတည်းက ဆိုင်းနိုင်းကျွန်းဆွယ်အခြေစိုက် အစ္စလာမ္မစ်သူပုန်ထမှု ပိုပြင်းထန် လာခဲ့တာပါ။

ရာနဲ့ချီတဲ့ လုံခြုံရေးအဖွဲ့ဝင်တွေလည်း အသတ်ခံခဲ့ရပါတယ်။ မွတ်စလင်ညီနောင်များအဖွဲ့ကတော့ သူပုန်ထမှုနဲ့ ပတ်သက်တယ်ဆိုတဲ့အချက်ကို ငြင်းဆိုထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/79473

ဘုရင်အကြည်ညိုပျက်စေမှုဖြင့် ထိုင်းထောက်လှမ်းရေး အကြီးအကဲ ၂ ဦးကို ထောင်ဒဏ်ချမှတ်

ပေါင်ပတ်ချယာပန် (ဓာတ်ပုံ – Apichart Jinakul)

ထိုင်းနိုင်ငံ ရာဇ၀တ်မှုဆိုင်ရာ ခုံရုံးက ဗဟို ထောက်လှမ်းရေး ဌာန အကြီးအကဲဟောင်း  ပေါင်ပတ်ချ ယာပန်နဲ့ လက်ထောက်တဦး ဘုရင်အကြည်ညို ပျက်စေမှု၊ အဂတိ လိုက်စားမှု စွပ်စွဲချက်နဲ့ မနေ့က ထောင်ဒဏ် ၆ နှစ်ချ မှတ်လိုက်ပါတယ်။

နဂိုပြစ်ဒဏ်က ၁၂ နှစ် ဖြစ်ပေမယ့် နှစ်ယောက်စလုံးက အပြစ်ကို ၀န်ခံခဲ့တဲ့အတွက် လျှော့ပေါ့ ပေးလိုက်တာ ဖြစ်ပါတယ်။

နိုဝင်ဘာလအတွင်း ရဲက သူတို့အိမ်တွေကို ၀င်ရောက် ရှာဖွေတဲ့အခါမှာ ငွေထုပ်တွေ၊ ဇိမ်ခံကားတွေနဲ့ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်ပုံတွေကို တွေ့ရှိခဲ့ရပါတယ်။ စုစုပေါင်းဖမ်းမိတဲ့ ပစ္စည်းတန်ဖိုးဟာ ထိုင်းဘတ်ငွေ သန်း ၁ ထောင်နဲ့ ညီမျှတယ်လို့ ဆိုပါတယ်။

ပေါင်ပတ်ချယာပန်ဟာ ထိုင်းအိမ်ရှေ့မင်းသားရဲ့ မိဖုရားဟောင်း စရီရက်စမီရဲ့ ဦးရီးတော်လည်း ဖြစ်ပါတယ်။

ဒီအမှုaကြာင့် ဒီဇင်ဘာလ ၁၃ ရက်နေ့က မိဖုရား စရီရက်စမီဟာ တော်ဝင်မိသားစုဝင် ဘ၀ကနေ နုတ်ထွက်ခဲ့တယ်လို့ နန်းတော်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/79411

လမ်းပြောင်းပြန် ကျော်တက် မောင်းနှင်သည့်ယာဉ်မှ ယာဉ်(၂)စီးနှင့် လမ်းကူးသူတို့အား တိုက်မိ


ရန်ကုန်၊ ဇန်န၀ါရီ ၃၁

၂၉.၁.၂၀၁၅ ရက်နေ့ ၁၆၀၀ အချိန်တွင် ကမာရွတ်မြို့နယ်၊ ဘုရင့်နောင်လမ်း အတိုင်း လှိုင်မြို့နယ်ဘက်မှ ကမာရွတ်မြို့နယ်ဘက်သို့ ယာဉ်မောင်း ကိုဇင်မျိုးကျော် မောင်းနှင်လာသော 2C---ဖူဆိုဘတ်စ် (၃၃၃)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် ယုဇနလမ်း ထိပ်အရောက် တစ်ဘက်ယာဉ်ကြောမှ လမ်းပြောင်းပြန် ကျော်တက် မောင်းနှင်စဉ် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော 3G-----ဟွန်းဒိုင်း လိုက်ထရပ်ယာဉ်နှင့် 7D---- HONDA INSIGHT ယာဉ်တို့အား ၀င်ရောက်တိုက်မိ သည့်အပြင် ဆက်လက်၍ လမ်းဖြတ်ကူးသူ အင်းစိန်မြို့နယ်နေ မနန္ဒာတိုး (၃၅)နှစ်အား ထပ်မံ တိုက်မိခဲ့ပြီး အခင်းဖြစ် နေရာတွင် ယာဉ်ကို ထားကာ ထွက်ပြေး တိမ်းရှောင်သွား ခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၃)စီး ပျက်စီးသွားခဲ့ပြီး ယာဉ်တိုက်ခံရသူ မနန္ဒာတိုးတွင် ဖူးရောင်၊ နာကျင်ဒဏ်ရာများ ရရှိကာ ရန်ကုန် ဆေးရုံကြီး၌ ပြင်ပလူနာအဖြစ် ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင် မောင်းနှင်သဖြင့် ယာဉ်တိုက်မှုဖြစ်ကာ ထွက်ပြေးတိမ်းရှောင်သွားသူ 2C---ယာဉ်မောင်း ကိုဇင်မျိုးကျော်အား ကမာရွတ်မြို့မ ရဲစခန်းယာဉ်(ပ)၁၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၇/၂၇၉/ ၂၀၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်း ရပ်ကွက်တွင် မီးလောင်မှုဖြစ်


ရန်ကုန်၊ ဇန်န၀ါရီ ၃၁

၃၀.၁.၂၀၁၅ ရက်နေ့ ၂၀၃၀ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ (၁၂၈) လမ်းရှိ (၆)လွှာရှိ ဦးဝင်းမောင်ချစ်၏ တိုက်ခန်း၌ မီးလောင်မှု ဖြစ်ပွားရာ ပတ်ဝန်းကျင်ရှိ ပြည်သူများနှင့် မီးသတ်ယာဉ်များ ရောက်ရှိ မီးငြှိမ်းသတ် ခဲ့သဖြင့် ၂၀၅၅ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် တိုက်ခန်း အတွင်းရှိ အခန်းနံရံများ၊ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ အင်ဗာတာ၊ အိမ်သုံး ပစ္စည်းများနှင့် အ၀တ်အထည်များ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်ရသည့် အကြောင်းအရင်းအား စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

ယင်းသို့ မီးလောင်မှု ဖြစ်ပွားခဲ့သည့် အတွက် ဦးဝင်းမောင်ချစ်အား မင်္ဂလာတောင်ညွန့် မြို့မရဲစခန်း (ပ)၈၀/၂၀၁၅၊ ပြင်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

လေးပွင့်ဆိုင်ဆွေးနွေးပွဲ ရလဒ်ကိုကြည့်ပြီး သပိတ်စစ်ကြောင်း အသွင်ပြောင်းမည်

ဓာတ်ပုံ – ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ
ဖေဖော်ဝါရီ ၁ ရက်နေ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲ ရလဒ်အပေါ် စောင်ကြည့်ပြီး သပိတ်စစ်ကြောင်းကို အသွင်းပြောင်းသွားမယ်လို့ သပိတ်ကော်မတီ ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ပေးရေး ဆန္ဒပြနေတဲ့ သပိတ်မှောက် ကျောင်းသားတွေဟာ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းကနေ ဒီနေ့မနက် စတင်ချီတက်ခဲ့ကြပြီး မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ထဲက ဂွေးပင်ရွာမှာ ဒီညအိပ်ရပ်နားပြီး ဆွေးနွေးပွဲရလဒ်ကို စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။

ကိုရဲရင့်ကျော်က “ဖေဖော်ဝါရီ ၁ ရက်ကတော့ လေးပွင့်ဆိုင်တွေ့ဆုံပွဲ စတဲ့နေ့ဖြစ်တယ်။ အဲ့ဒီနေ့မှာတော့ စစ်ကြောင်းမထွက်ဘဲနဲ့ အခြေအနေကို စောင့်ကြည့်မှာ ဖြစ်တယ်။ အဲ့ဒီတွေ့ဆုံပွဲက အဓိက အာမခံ ချက်ပေးရမယ့် အချက်အလက်တွေ ဆွေးနွေးတဲ့အခါ ကျနော်တို့ ကျေနပ်လောက်တဲ့အနေအထားမှာ ရှိတယ်ဆိုရင်တော့ စစ်ကြောင်း အသွင်ပြောင်းမယ်၊ တကယ်လို့ ကျေနပ်အားရစရာ မရှိဘူး၊ အစိုးရဘက်က အချိန်ဆွဲမှုမျိုးတွေ လုပ်ဆောင်လာမယ်ဆိုရင် သပိတ်စစ်ကြောင်းကို ၂ ရက်နေ့မှာ ဆက် ချီတက်မယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှာ ရန်ကုန်က တက္ကသိုလ်စိန်ရတုခန်းမမှာ အစိုးရ၊ လွှတ်တော်၊ မြန်မာနိုင်ငံ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) နဲ့ သပိတ်မှောက် ကျောင်းသား ကော်မတီတို့ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

သပိတ်မှောက်ကျောင်းသားတွေဟာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့ အချက် ၁၁ ချက်ကို အစိုးရထံ တောင်းဆိုထားတာပါ။

အဲ့ဒီဆွေးနွေးပွဲကို ကျောင်းသားသပိတ်ကော်မတီက ၁၅ ဦး တက်ရောက်မှာဖြစ်ပြီး ဗကသကျောင်းသား ၆ ဦး၊ တကသ ကျောင်းသား ၆ ဦးနဲ့ မြေလတ်ဗကသကျောင်းသား ၃ ဦး ပါဝင်တယ်လို့ ဆွေးနွေးပွဲတက်မယ့် မဖြိုးဖြိုးအောင်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် ဆွေးနွေးပွဲမှာ ဆွေးနွေးပွဲရလဒ်ထုတ်ပြန်ဖို့ တောင်းဆိုသွားမယ်လို့လည်း သူက ပြောပါတယ်။

“ဆွေးနွေးပွဲတိုင်းမှာ သဘောတူညီချက်တခုခုထုတ်ပြန်ဖို့လိုတယ်။ ဆွေးနွေးပွဲရလဒ်ကို အများပြည်သူ သိအောင် မီဒီယာကနေ တဆင့် ထုတ်ပြန်ပေးဖို့လိုတယ်။ ဒါမှ ဆွေးနွေးပွဲဟာ တိုးတက်မှုရှိလား၊ မရှိဘူးလား မြင်ရမှာပေါ့နော်။ ကျမတို့ဘက်က ဒီလို ထုတ်ပြန်ပေးဖို့ ပြည့်ပြည့်၀၀တောင်းဆို သွားမှာပါ။”

အမျိုးသား ပညာရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ တဖွဲ့ကို ၁၅ ဦးစီ တက်ရောက်နိုင်တယ်လို့ အစိုးရက ဖိတ်ကြားထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေဟာ အစိုးရနဲ့ တွေ့ဆုံ ညှိနှိုင်းအဖြေရှာရေးအတွက် သတ်မှတ်ကာလရက် ၆၀ အလွန် လှုပ်ရှားမှုကို ဇန်န၀ါရီ ၂၀ ရက်နေ့က မန္တလေးနဲ့ ထားဝယ်မြို့ကနေ စတင်ခဲ့ပြီးနောက် နိုင်ငံတ၀န်း  နေရာအနှံ့  ချီတက်ဆန္ဒပြနေကြတာပါ။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/79416

၆​ပွင့်​ဆိုင် မ​လိုက်နာ​သူ​ဟာ ဥပဒေ​ချိုး​ဖောက်​တာ​ပဲ လို့ သူ​ရ​ဦး​ရွှေ​မန်း ပြော

လွှတ်တော် သက်တမ်း ၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား နေပြည်တော် မှာ ပြုလုပ် ခဲ့ ပါတယ်။
ပြည်ထောင်စု လွှတ်တော် သက်တမ်း ၄ နှစ်ပြည့် ကာလ မှာ အလှည့်ကျ နာယက သူရ ဦးရွှေမန်း က ၆ ပွင့်ဆိုင် တွေ့ဆုံရေး ကို မလိုက်နာ ခဲ့ရင် ဥပဒေကို ချိုးဖောက်တာပဲ ဆိုပြီး ပြောလိုက် ပါတယ်။

အခြေခံ ဥပဒေ ပြင်ဆင်ရေး လို မြန်မာ့ နိုင်ငံရေး အကြပ်အတည်း တွေကို သမ္မတ၊ လွှတ်တော် ၂ ရပ် ဥက္ကဌ၊ ကာကွယ်ရေး ဦးစီးချူပ်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ တိုင်းရင်းသား ကိုယ်စားလှယ် အဖြစ် အမျိုးသား လွှတ်တော် အမတ် ဒေါက်တာ အေးမောင် တို့ ၆ ပွင့်ဆိုင် တွေ့ဆုံ ကြဖို့ ပြည်ထောင်စု လွှတ်တော် က ဆုံး ဖြတ်ထားတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၉ ရက် ကြာသပတေး နေ့ ကာလုံ အစည်းအဝေး အပြီး နောက်တစ်ရက် မှာ သူရ ဦးရွှေမန်း က အခုလို ထုတ်ပြောလာတဲ့ အတွက် ၆ ပွင့်ဆိုင် ဆွေးနွေးရေး နဲ့ ပတ်သက်လို့ ကာလုံ အစည်းအဝေး အတွင်း အတည်ပြု ခဲ့နိုင်တာ မျိုး ဖြစ်နိုင်တယ် ဆိုပြီး သတင်းထောက် တွေ က သုံးသပ်နေကြပါတယ်။

လွှတ်တော် သက်တမ်း ၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား အပြီး ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ သူရ ဦးရွှေမန်း က အခုလို ပြောလာတာ ဖြစ်ပါတယ်။

သက်တမ်း ၄ နှစ် ကာလထဲ မှာ လွှတ်တော် ရဲ့ လုပ်ငန်း ဆောင်ရွက်ပုံ တွေ တိုးတက်မှု အများကြီး ရှိလာတာ တွေ့ရသလို တစ်ဘက်မှာ လည်း အောက်ခြေ လူတွေ အကြား တကယ် ဖြစ်ပျက် တောင်းဆို နေကြတာ တွေ အပေါ် လွှတ်တော် အနေနဲ့ အဆက်ပြတ် နေတဲ့ ပုံစံမျိုး လည်း တွေ့နေရတယ် ဆိုပြီး တော့ ဆဲဗင်းဒေး ဂျာနယ် သတင်းထောက်ချုပ် ကိုအောင်သူရ က သုံးသပ် ပါတယ်။

ပြည်တွင်း သတင်းသမား တွေ ဝိုင်းဝန်း ကန့်ကွက် ခဲ့တဲ့ မီဒီယာ ဥပဒေ ကို ပြည်သူ့ လွှတ်တော် က အတည်ပြု ခဲ့ပုံ ကိုလည်း ကိုအောင်သူရ က ဥပမာ ပေး ပြောကြား ခဲ့ပါတယ်။

မီဒီယာ ဥပဒေ ကို ပြည်သူ့ လွှတ်တော် က အတည်ပြု ခဲ့တဲ့ နောက်ပိုင်း အပြင်းအထန် ဝေဖန်သံ တွေ ထွက်ပေါ် လာတဲ့ အခါကြမှ မီဒီယာ အဖွဲ့အစည်း ၃ ခုလုံးက ကန့်ကွက် ထားမှန်း လွှတ်တော် အနေနဲ့ မသိကြောင်း ပြောကြား ခဲ့တာမျိုး ရှိတယ် လို့ ကိုအောင်သူရ က ဆိုပါတယ်။

အဲဒိလို အဆက်ပြတ်မှု တွေ ကြောင့် လွှတ်တော် အနေနဲ့ အတည်ပြုပြီး ဥပဒေ တွေကို ထပ်မံ ပြင်ဆင်ဖို့ တောင်းဆို ခံရမှု တွေ တွေကြုံ နေရတာ ဖြစ်တယ် လို့လည်း လက်ရှိ ဖြစ်ပေါ် နေတဲ့ အမျိုးသား ပညာရေး ဥပဒေ နဲ့ ပတ်သက် တဲ့ ကျောင်းသားတွေ ရဲ့ ဆန္ဒပြ တောင်းဆိုနေ မှု တွေ ကို ထောက်ပြပြီး ကိုအောင်သူရ က သုံးသပ် ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2015/01/150130_thrura_shewman

ကျောင်းသားသပိတ်အဖွဲ့ ဆက်ချီတက်မည်

အမျိုးသား ပညာရေး ဥပဒေကန့်ကွက် လမ်းလျှောက် သပိတ်မှောက် နေတဲ့ ကျောင်းသားများ (ဓာတ်ပုံ-မာတင်ဆွေ FB)
ကျောက်ပန်းတောင်းမြို့မှာ ရပ်နားနေတဲ့ သပိတ်မှောက် ကျောင်းသားတွေဟာ ဒီကနေ့ စနေနေ့ မှာတော့ ဆက်ပြီး ချီတက် ကြတော့မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ (၁)ရက်နေ့ မှာ ပြုလုပ်မယ့် ဆွေးနွေးပွဲ ကို စောင့်ကြည့် နေချိန် အတွင်း ကျောက် ပန်းတောင်းမှာပဲ နားပြီးတော့ ဆန္ဒပြ လှုပ်ရှားမှုတွေကို ဆက်လုပ်သွားမယ် လို့ သောကြာနေ့ အစောပိုင်းမှာ ပြောခဲ့ပြီး တဲ့နောက် အခုတခါ ဆက်လက် ချီတက်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အခုလို ဘာ့ကြောင့်များ ဆုံးဖြတ်လိုက်ကြတာပါလဲ ဆိုတာနဲ့ ပါတ်သက်ပြီး ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေရဲ့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်နေတဲ့ ကျောင်းသားတွေဟာ အစိုးရ လွတ်တော်နဲ့ NNER တို့နဲ့ ဆက်လက် ညှိနှိုင်းသွားမှာဖြစ် သလို ကျောင်းသားတွေ တောင်းဆိုတဲ့ အချက် (၁၁)ချက်ကို အစိုးရနဲ့လွတ်တော်က လိုက်လျောဖို့ မသေချာသေးတာကတကြောင်း အစိုးရအနေနဲ့ ညှိနှိုင်းတဲ့ဖြစ်စဉ်မှာ အချိန်ဆွဲတဲ့ သာဓကတွေ ရှိခဲ့တဲ့အတွက် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကလွဲလို့ ခရီးရှည် ချီတက်မှုကို ဆက်လုပ်သွားမယ်လို့ သပိတ်ခေါင်းဆောင် ကိုမင်းသွေးသစ်က ဆိုပါတယ်။

"ဆွေးနွေးပွဲစမယ်။ ရန်ကုန်မှာ စိန်ရတုခန်းမမှာ ဆွေးနွေးပွဲစမယ်။ ၁ ရက်နေ့ကလွဲလို့ပေါ့။ အဲဒီ ၁ရက်နေ့မှာတော့ ကျနော်တို့ သပိတ်ကို (၁) ရက် ရပ်နားမယ်။ ကျန်တဲ့ရက်မှာတော့ ကျနော်က ရန်ကုန်ရောက်တဲ့အထိ ဆက်ပြီး ချီတက်သွားမယ် ဆိုပြီးတော့ ခရိုင်ပေါင်းစုံမှာ ရှိတဲ့ ကျောင်းသား ကျောင်းသူတွေ အားလုံး သဘောတူ ဆုံးဖြတ်ချက်နဲ့ ဒီကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ"

ဇန်နဝါရီလ (၂၈)ရက်နေ့တုန်းကတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲနဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကျောင်းသား (၁၀)ဦးတို့ တွေ့ဆုံပြီး ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ ကျောင်းသားတွေ တောင်းဆိုထားတဲ့ (၄)ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေး လုပ်ဆောင်ပေးမယ်လို့ ဆိုပြီး သဘောတူညီမှု လက်မှတ်ရေးထိုး ခဲ့တာပါ။

သဘောတူညီချက်ထဲမှာတော့ ဆွေးနွေးပွဲစတဲ့ ဖေဖေါ်ဝါရီလ (၁)ရက်နေမှာ သပိတ်ရပ်နားမယ် ဆိုပြီး ပါရှိပါတယ်။ ဗကသများအဖွဲ့ချုပ်ကတော့ အဲ့ဒီ (၁)ရက်ကိုသာ ရပ်နားထားမှာဖြစ်ပြီး ဆွေးနွေးမူတွေအောင်မြင်အောင် ပံ့ပိုးတဲ့အနေနဲ့ ဗကသများဦးဆောင်တဲ့ သပိတ်စစ်ကြောင်းကတော့ ရန်ကုန်အထိ ချီတက်သွားမယ်လို့ ဆိုပါတယ်။

"ကျနော်တို့ ဗကသက အစိုးရနဲ့တွေ့ဖို့ နေပြည်တော်ကို လွှတ်လိုက်တဲ့ ကိုယ်စားလှယ်တွေ (၃) ယောက်ပေါ့လေ။ ဒီ ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့တဲ့ အတိုင်းပဲ။ (၁) ရက်နေ့မှာ အခြေအနေစောင့်ကြည့်တဲ့ အနေနဲ့ ကျနော်တို့ သပိတ်ကို ရပ်မယ်။ ကျန်တဲ့နေ့တွေမှာတော့ ကျနော်တို့ ဆက်ပြီး ချီတက်မယ်။ ရန်ကုန်ရောက်တဲ့အထိ။ ဘာကြောင့်လည်းဆိုတော့ အစိုးရက ကျနော်တို့ကို စေတနာ အစောကြီးကတည်းက ရှိတယ်ဆိုရင် ရက်ပေါင်း ၆၀ ကာလအတွင်း ကတည်းက တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းခဲ့မှာပေါ့။ အဲဒီ့တော့ သပိတ်စစ်ကြောင်းလျှောက်ရတဲ့ ရည်ရွယ်ချက်က အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရင် ကျနော်တို့ ဗကသ က ခေါင်းဆောင်တွေအတွက် သပိတ်စစ်ကြောင်းက သူတို့ နိုင်နိုင်နင်းနင်း ရပ်တည်ပြီးတော့ ပြောလို့ရအောင် ပံ့ပိုးပေးနေတဲ့ အားတစ်ခုဖြစ်အောင်လို့ပါ"

မန္တလေးကနေ ရန်ကုန်ကို ခရီးရှည်ချီတက်ရင်းကျောက်ပန်းတောင်းမှာ ရပ်နားနေတဲ့ သပိတ်စစ်ကြောင်းဟာ သူတိုရဲ့ သဘောထားထုတ်ပြန်ချက်အရ ဇန်န၀ါရီလ (၃၁)ရက်နေ့မှာ တော့ နောက်မြို့ တမြို့ဆီကို ခရီးရှည်ချီတက်မူ ဆက်လုပ်တော့ မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဏာပိုင်တွေ ဘက်က ခြိမ်းခြောက်မှုတွေ ဟန့်တားမူတွေရှိခဲ့တဲ့အတွက် သူတိုရဲ့ ခရီးစဉ်တွေအတွက် စိုရိမ်ပူပန်မှုတွေရှိနေကြောင်း သပိတ်စစ်ကြောင်းရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုသီဟ၀င်းတင်က ဆိုပါတယ်။

"ကျနော်တို့တည်းတဲ့ ဘုန်းကြီးကျောင်း မြို့ထဲကိုပေါ့နော် စစ်ကားတွေ ဝင်လာတာတွေရှိတယ်။ မြို့ထဲလမ်းပေါ်မှာ စစ်ကားတို့ ရဲကားတို့နဲ့ ပါတ်ပြီးတော့ အဲလိုမျိုး ဖိအားပေးခြိမ်းခြောက်မှုတွေရှိတယ်။ ကျနော်တို့ တောင်သာကို အထွက် မြင်းခြံ နဲ့ တောင်သာကြားထဲမှာ ကျနော်တို့ကို ကင်းပုန်းချပြီးတော့ သတ်ကွင်းဆင်ပြီးတော့ တောင်ကြားနှစ်ခုကြားမှာ ထိုင်စောင့်နေ တာရှိတယ်။ ပြီးတော့ ကျနော်တို့ မြင်းခြံက ထွက်လာတော့ နောက်ကနေ တစ်ဆင့်ချင်းဆီ လိုက်ပိတ်တာရှိတယ်။ နှစ်ဘက်ချောင်ပိတ်တာပေါ့နော်။ ကျနော်စိတ်ပူတာ တစ်ခုက ကျနော်တို့ အဲလိုထွက်လာမယ်ဆိုတဲ့ အနေအထားမျိုးမှာ သူတို့အနေနဲ့အဲလိုမျိုး လုပ်နေတယ်ဆိုတဲ့ ဥစ္စာကိုတော့ ကျနော့်အနေနဲ့ နည်းနည်းစိတ်ပူတယ်ဆိုတာထက် တွေးမိတာပေါ့နော်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ ကျောင်းသားတွေနဲ့ အစိုးရအာဏာပိုင်တွေကြား ပြီးခဲ့တဲ့ရက်က သဘောတူထားတာကတော့ အစိုးရ လွတ်တော် ပညာရေး စနစ်ပြုပြင် ပြောင်းလဲ ရေးနိုင်ငံလုံး ဆိုင်ရာကွန်ရက် (NNER) နဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမူဦးဆောင်ကော်မတီ တို့ (၄)ပွင့်ဆိုင်ဆွေးနွေးမှုတွေ ကို ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှာပြုလုပ်ဖို့ သဘောတူညီမူ ရခဲ့ပါတယ်။ လက်ရှိ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ကန့်ကွက် သပိတ်မှောက်နေကြတဲ့ ကျောင်းသားတွေ ကတော့ ဖေဖေါ်ဝါရီလ (၁)ရက်မှာ ထွက်လာမယ့်အဖြေကိုစောင့်ကြည်ြ့ပီး မန္တလေးက ခရီးရှည်ချီတက်နေတဲ့ သပိတ်မှောက်ကျောင်းသားတွေနဲ့ ပူပေါင်းလုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/marching-students-protesters-will-continue-their-march/2622544.html

ထန်းသမားတို့၏ လူမှုဘဝပုံရိပ်များ


'နွေဦးကာလ မြူထသောအခါ ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ၊ ဓားနှီးထက်စွာ ခါးမှာချပ်လျက်၊ ထန်းပွင့်ထမ်းခိုင် ရွှန်းမြိုင်မြိုင်၊ ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး'ဟူ၍ ဝန်ကြီး ပဒေသရာဇာ စပ်ဆိုခဲ့
သည့် ထန်းသမား ဘဝကဗျာကား ယနေ့ထက်ထိတိုင် ထင်ဟပ်နေဆဲပင် ဖြစ်သည်။

ထန်းပင်များကို မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် အများဆုံးတွေ့ရပြီး ကျောက်ပန်းတောင်း၊ မုံရွာ၊ ပခုက္ကူ စသည့်မြို့များတွင် အများဆုံးစိုက်ပျိုးပြီး ထန်းတက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ မိသားစုစားဝတ်နေရေးအတွက် မိရိုးဖလာလုပ်ငန်းအဖြစ် ဆက်လက်လုပ်ကိုင်နေကြသည်။ စူးရှတောက်ပလှသည့် နေရောင်အောက်တွင် ထန်းပင်တန်းများက မျက်စိတဆုံး။ ဤသည်မှာလည်း အညာဒေသ၏မျက်စိပသာဒစွဲဆောင်မှုပင်ဖြစ်ပြီး အညာဒေသ၏ ထန်းအလှများပင်ဖြစ်ပါသည်။ ထန်းပင်များအကြား ထန်းသမားတို့၏ လှုပ်ရှားမှုပုံရိပ်များကလည်း မြန်မာတို့၏ လှပသော ပန်းချီကား များပင် ဖြစ်ပါသည်။

ဆောင်းကုန်ခါစ နွေဦးကာလမှစ၍ ထန်းသမားတို့ အလုပ်များကြရပြီး ထန်းပင်များအကြား နေပူပူ၊ မိုးရွာရွာ ဘဝဝမ်းစာအတွက် ကြိုးစားရုန်းကန်လှုပ်ရှားကြရသည်။ ပြာသို၊ တပို့တွဲ၊ တပေါင်း၊ တခူး၊ ကဆုန်လတို့သည်ထန်းလျက်လုပ်ငန်း အတွင်ကျယ်ဆုံးအချိန် ဖြစ်သလို ထန်းသမားတို့လက်ဝယ် ငွေရွှင်ငွေလန်းသည့် ကာလဟုဆိုလျှင် မမှားနိုင်ပါ။ထန်းပင်စိုက်ပြီး ကိုယ်တိုင်ထန်းတက်သူများ ရှိသလို ထန်းပင်မဲ့လက်လုပ်လက်စား ထန်းသမားများက ပို၍များမည်ဖြစ်သည်။ ယောက်ျားဖောင်စီးရာတွင်လည်းကောင်း၊ မိန်းမမီးဖွား ရာတွင်လည်းကောင်း အန္တရာယ်များပုံကို'ယောက်ျားဖောင်စီး၊ မိန်းမ မီးနေ'ဆိုသကဲ့သို့ ထန်းသမားဘဝသည်လည်း အခန့် မသင့်လျှင် အသက်အန္တရာယ်ဖြင့် ကြုံတွေ့ရနိုင်ပြီး ဒုက္ခိတဘဝရောက်ရှိနိုင်သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သည်။

ထန်းပင်တွင် ထန်းဖိုနှင့် ထန်းမ နှစ်မျိုးရှိပြီးထန်းပင်နှစ်မျိုးစလုံးမှ ထန်းရည်ထုတ်ယူနိုင်သည်။ ထန်းဖိုပင်တွင် ထန်းနို့ချောင်းမှ ထန်း ရည်ရယူနိုင်ပြီး ထန်းမပင်ရှိ ထန်းသီးခိုင်မှထန်းရည်ကို ရယူသည်။ ထန်းတက်မည်ဆိုလျှင် ကာယအားအပြင် ထန်းရည်ထည့်ရန် မြူအိုး၊ ကြိုးနှင့် ထန်းတက်လှေကားနှင့် ထန်းလှီးဓားတို့ကို ပထမဦးစွာ အရင်းအနှီး အဖြစ် အသုံးပြုကြရမည်။ ထန်းရည်ကို ထန်းလျက်ချက်ရန်အတွက် ဒယ်အိုးနှင့် ထင်းကလည်း မရှိမဖြစ် လိုအပ်သည်။

ထန်းတက်သမားသည် နံနက်လင်းသည်နှင့် ထန်းတက်ရန်ပြင်ဆင်ကြရပြီး ထန်းမတက်မီဝမ်းအရင် ဖြည့်ကြရသည်။စာရေးသူကြုံတွေ့ခဲ့သည့်ထန်းသမားမိသားစု၏ နံနက် စာမှာ မြို့ကြီးပြကြီးတွင် နေထိုင်ကြသူများ၏ နံနက်ခင်းစာနှင့်မတူ၊ တစ်မူထူးခြားပုံမှာ ထမင်းကြမ်းခဲကို ထန်းရည်ဖြင့် မြိန်ရေယှက်ရေစားသုံးပြီး ဆာလောင်မှုကို ဖြည့်တင်းလိုက်ကြသည်။၎င်းတို့၏နံနက်ခင်းစာကိုမြို့မှဟန်ဘာဂါ၊ ဂျေဒိုးနက်တို့ဖြင့်လဲလျှင် တောင်ရမည့်ပုံမပေါ်။ နေ့စဉ်စားသုံးလာသည့်မိရိုးဖလာယဉ်ကျေးမှုစားသောက်မှုပုံစံဖြစ်၍ နတ်သုဒ္ဓါဖြင့် မလဲနိုင်ခြင်း ဖြစ်ပေလိမ့်မည်။

ဝမ်းစာဖြည့်တင်းအပြီးနံနက်ခင်းထန်းတက်လုပ်ငန်းခွင်ဝင်သည်နှင့် မြူအိုးနှင့်ဓားအိမ်ကို ခါးတွင်ချိတ်လျက် ထန်းပင်ပေါ်သို့ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် တက်ကြရသည်။ ထန်းတစ်ပင်ကို နှစ်ကြိမ်တက်ရသော်
လည်း ထန်းအငှားတက်သူများဆိုလျှင် အပင်ပေါင်းမရေနိုင်ဘဲ တစ်ပင်ပြီးတစ်ပင် တက်ချီဆင်းချီဖြင့် မမောနိုင် မပန်းနိုင်။ ထန်းသမား ယူလာသည့် ထန်းမြူအိုးကို အပင်အောက်ရောက်သည်နှင့် မဆိုင်းမတွဘဲ အသင့်ရှိနေသည့် ဇနီးသည်က ထန်းလျက်ချက်သည့်တဲသို့ သယ်သွားသည်။

ထန်းသမားက သက်စွန့်ဆံဖျား ထန်းတက်ပြီး ရရှိသည့်ထန်းရည်ကို ဇနီးသည်ကလည်း မောင်တစ်ထမ်းမယ်တစ်ရွက်ဖြင့်တက်ညီလက်ညီ ပြုလုပ်ကြရသည်။စုဆောင်းရရှိလာသော ထန်းရည်များကို ထန်းလျက်ချက် သည့် ဒယ်အိုးထဲထည့်၍ မီးဖြင့်ကျိုရသည်။ နေ့စဉ်မီးဖြင့် ကျိုရသဖြင့် တော်ရုံထင်းဖြင့် မသုံးနိုင်ဘဲ ယာတောမှ ထွက်ရှိသည့် ပြောင်းရိုး၊ မြေပဲခွံ၊ နွားချေး၊ သစ်ရွက်အခြောက် စသည်များကို စုဆောင်းထားရှိကြရသည်။ ကျိုချက်ပြီးညောင်စီးကျချိန်တွင် မီးဖိုပေါ်မှ ဒယ်အိုးကိုချ၍ မအေးသွားခင် ပူပူလောင်လောင်မှာပင် လက်ဖြင့် ထန်းလျက်ခဲများ ဖြစ်ရန် ပုံဖော်ကြရတော့သည်။

ထန်းသမားတို့ တစ်နေ့တာ ပင်ပင်ပန်းပန်းရှာဖွေရရှိသည့်ဝင်ငွေဖြင့် တစ်နေ့တာထွက်ငွေကို ချင့်ချိန်သုံးစွဲကြရသည်။ ထန်းလျက်ချက်လုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လျော့နည်းလာမှုကြောင့်ထန်းလျက်အထွက်နှုန်းမှာလည်း လျော့နည်းလာလျက်ရှိသည်။ ထန်းသမားတို့ကို မှီခိုနေရသည့် ထန်းလျက်ပွဲရုံများမှာလည်း ညည်းတွား မှုများရှိလာကြသည်။ယနေ့ထန်းလျက်ဈေးသည်ယခင်နှစ်များကထက် ဈေးအနည်းငယ်တက်လာသဖြင့်ထန်းသမားတို့၏ မျှော်လင့်ချက်လေးများရှင်သန်နိုးထစပြုလာသည်။

ထန်းလျက်ကို မြန်မာ့ရိုးရာအစားအစာအဖြစ် မုန့်အမျိုးမျိုးပြုလုပ်ရာတွင် ထည့်သွင်း အသုံးပြုသကဲ့သို့ ကျန်းမာရေးအတွက်လည်း ပြည်သူများ တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည့် ထုတ်ကုန်တစ်မျိုးဖြစ်သည်။ ထို့ပြင် ပြည်ပပို့ကုန်တစ်မျိုးဖြစ်လာသည်ကိုလည်းသိရသည်။ ထန်းလျက်သည် မြန်မာ့ ရိုးရာသဖွယ်စားသုံးကြသည့် စားစရာတစ်မျိုးဖြစ်သဖြင့် နိုင်ငံ၏ ထွက်ကုန်ဖြစ်သည့် ထန်းလျက်လုပ်ငန်း ကွယ်ပျောက်မသွားရန် အရေးကြီးပါသည်။

ယနေ့တွင် ခေတ်မီပြောင်းလဲလာသောလူနေမှုပုံစံနှင့်အတူဘိုးဘွားအမွေအနှစ် ထန်းပင်များကိုစွန့်ခွာ၍အခြားအရပ်ဒေသများသို့သွားရောက်စီးပွားရှာလာကြသည်။ လူငယ်များမှာ နိုင်ငံရပ်ခြားသို့ပင် သွားရောက်အလုပ်လုပ်ကိုင်သူ များလာရာ ထန်းတောအချို့မှာ ထန်းတက်မည့်သူများ မရှိတော့ဘဲ ထန်းပင်များမှာ အလဟဿဖြစ်နေသည်။ အငှားထန်းတက်သမားများ ရှားပါးလာသကဲ့သို့ထန်းပိုင်ရှင်များကလည်းထန်းပင်မှထန်းရည်မထုတ်ယူတော့ဘဲ ထန်းသီးခိုင်များကိုသာခုတ်ယူပြီး နွားစာအဖြစ် အသုံးပြု ကြတော့သည်။ တချို့မှာ သက်တမ်းရင့်သော ထန်းပင်များကို ခုတ်လှဲ၍ သစ်အဖြစ် အိမ်ဆောက်ရာတွင် အသုံးပြုလာကြသည်။

ထန်းတက်သမားရှားပါးလာမှု၊ထန်းပင်ပိုင်ရှင်များကလည်းထန်းလျက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း မပြုကြတော့ပေ။ထို့ထက်ဆိုးသည်မှာ သက်တမ်းရင့်ထန်းပင်များကို သစ်အဖြစ်ခုတ်လှဲနေမှုတို့ကြောင့်
သစ်ပင်များလျော့နည်းလာကာ ပူပြင်းမှုဒဏ်ကို ပိုမိုခံစားရနိုင်သလို အညာဒေသမှ ထန်းသမားတို့၏ ဘဝပုံရိပ်များ ပျောက်ကွယ်သွားလေ မလားဟုပင် စာရေးသူစိတ်ထဲတွင် တွေးရင်... တွေးရင်း။ ။

ဇာဇာ
The Mirror Daily
https://www.facebook.com/TheMirrorDaily

အန်ကောဝပ်ဘုရားကျောင်းတွင် ကိုယ်လုံးတီး ဓာတ်ပုံများ ရိုက်ကူးခဲ့သော ပြင်သစ်နိုင်ငံ သားများအား ဖမ်းဆီး


ဖနွမ်းပင် ဇန်နဝါရီ ၃ဝ

ကမ္ဘောဒီးယားနိုင်ငံ၏ ကမ္ဘာကျော်ဘုရားကျောင်း တစ်ခုဖြစ်သည့် အန်ကောဝပ်ဘုရား ကျောင်းဝင်းထဲတွင် ဝတ်လစ်စလစ်ဓာတ်ပုံများ ရိုက်ခဲ့သည့် ပြင်သစ်နိုင်ငံသား သုံးဦးကို လုံခြုံရေး အရာရှိများက ဖမ်းဆီးခဲ့ကြောင်း သိရ သည်။

ဇန်နဝါရီ ၂၉ ရက်က အန်ကောဝပ်ဘုရားကျောင်းဝင်း ရှိ ''ဘန်တေကိတ်ဒ်'' ဘုရားထဲတွင် အဆိုပါ ပြင်သစ် နိုင်ငံသားသုံးဦးကို တွေ့ရှိခဲ့ကြောင်း အန်ကောဝပ်ဘုရား ကျောင်းထိန်းသိမ်း စောင့်ရှောက်ရေး အစိုးရအေဂျင်စီ အဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။

''အန်ကောဝပ်ဟာ ဘာသာရေး ဆိုင်ရာနေရာပါ။ သူတို့တွေရဲ့ အပြုအမူတွေနဲ့ လုံးဝမအပ်စပ်ပါ ဘူး''ဟု ၎င်းက ဆက်လက်ပြောသည်။

ဖမ်းဆီးခြင်းခံခဲ့ရသော နိုင်ငံခြားသားများသည် ပြင်သစ်လူမျိုးများဖြစ်ကြောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးလုံခြုံရေးအရာရှိတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။ ထိုကဲ့သို့ ယဉ်ကျေးမှုဆိုင်ရာ နေရာများ တွင် အချို့သောနိုင်ငံခြားသားများ၏ အပြုအမူများသည် ဒေသခံပြည်သူများကို စိတ်အနှောင့်အယှက်ဖြစ်စေသည်ဟု ¤င်းက ဆက်လက်ပြောသည်။

''သူတို့တွေရဲ့ အပြုအမူတွေက ယဉ်ကျေးမှုကို ထိခိုက်စေတယ်။ ဘယ်သူမှ ဘုရားကျောင်းဝင်းထဲမှာ ကိုယ်လုံးတီးဓာတ်ပုံရိုက်လို့မရပါဘူး'' ဟု ၎င်းက အေအက်ဖ်ပီသတင်းဌာနသို့ ပြောသည်။

ဘုရားကျောင်းဝင်းထဲတွင် အာရှမိန်းကလေးများအား ကိုယ်လုံးတီးဓာတ်ပုံရိုက်ကူးကာ အွန်လိုင်းသို့တင်ခဲ့ပြီး နောက် ရက်အနည်းငယ်အကြာတွင် ¤င်းတို့အား ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။ အန်ကောဝပ်ဘုရားကျောင်း ထိန်းသိမ်း စောင့်ရှောက်ရေးအစိုးရအေဂျင်စီက အဆိုပါ ပြင်သစ် နိုင်ငံသားသုံးဦးအား အမှုဖွင့်ထားသည်။
(အေပီ)

The Mirror Daily
https://www.facebook.com/TheMirrorDaily

ကချင်ဆရာမနှစ်ဦး အသတ်ခံရမှု စုံစမ်းစစ်ဆေးရေး ကန် ကူညီဖို့ စဉ်းစားနေ


ရှမ်းပြည်နယ် မြောက်ပိုင်းက ကချင်ဆရာမနှစ်ဦး အသတ်ခံရမှု စုံစမ်းစစ်ဆေးရာမှာ မှုခင်းနည်းပညာ အကူအညီပေးနိုင်ဖို့ အမေရိကန် အစိုးရက စဉ်းစားနေတယ်လို့ အမေရိကန် ထိပ်တန်းအရာရှိ တဦးကပြောကြောင်း အမေရိကန်အခြေစိုက် ကချင်အရေး လှုပ်ရှားသူ တွေကပြောပါတယ်။ အမေရိကန်သမ္မတ အိမ်ဖြူတော် ထိပ်တန်းအရာရှိတွေ အပါအ၀င် လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံ ခြားရေး ၀န်ကြီး တို့နဲ့ ဇန်န၀ါရီလ (၃၀)ရက်နေ့က ကချင် မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်တွေ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်း မအင်ကြင်းနိုင်ကပြောပြမှာပါ။

အမေရိကန်အစိုးရအနေနဲ့ ကချင်ပြည်နယ်က လက်ရှိအခြေအနေနဲ့ပတ်သက်လို့ အထူးစိုရိမ်မကင်းဖြစ်နေတဲ့ အပေါ်မှာ ဒီရက်ပိုင်းအတွင်း အမေရိကန်ပြည်ထောင်စု က ကချင်အရေး လှုပ်ရှားသူတွေ နဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။

ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရမှုကို စုံစမ်းစစ်ဆေးရာမှာ ကျွမ်းကျင်သူတွေနဲ့အကူအညီပေးနိုင်တဲ့နည်းလမ်း အမေရိကန်ဘက်က စဉ်းစားနေကြောင်း လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး Tom Malinowski ကပြောဆိုခဲ့တယ်လို့ သောကြာနေ့က သူနဲ့တွေ့ဆုံခဲ့တဲ့ ကချင်မဟာမိတ်အဖွဲ့ဥက္ကဋ္ဌ Gum San ကပြောပါတယ်။

" သူတို့က စုံစမ်းရေးမှာ လိုအပ်မယ့် အရာတွေပေါ့။ သူတို့အကူအညီပေးနိုင်မယ့် ဟာကို ရှာဖွေပေးမယ်ပြောပါတယ်။ နောက်တခုကတော့ ဒုက္ခသည်တွေကို အချိန်အကြာကြီး အကူအညီဖြတ်တောက်မှု လုပ်တာကတော့ နိုင်ငံရေးပဲဖြစ်ဖြစ် စစ်ရေးပဲဖြစ်ဖြစ် ဒုက္ခသည်တွေကို ပေးတဲ့အကူအညီကို မဖြတ်တောက်ပဲ ဖွင့်ပေးဖို့ ကျနော်တို့ပြောဖြစ်ပါတယ်။  အဲ့တာကို သူတို့က တောင်းဆိုခဲ့ တယ်။ နောက်ထပ်လည်း တောင်းဆိုပါ့မယ်လို့ ပြောပါတယ်။ အစိုးရကလည်း ဖွင့်ပေးမယ်လို့ ကတိပေးခဲ့တယ်လို့ သူတို့ကပြောပါတယ်။"

အလားတူ အမေရိကန်သမ္မတအိမ်ဖြူတော်က အမျိုးသားလုံခြုံရေး- အာရှ ပစိဖိတ်ဆိုင်ရာ ထိပ်တန်းအရာရှိတွေနဲ့လည်း ကချင်ဆရာမနှစ်ဦး အသတ်ခံရတဲ့ကိစ္စကို ဆွေးနွေးပြောဆိုခဲ့တယ်လို့ Gum San ကပြောပါတယ်။

" အမျိုးသမီးတွေကို ရက်စက်သတ်ဖြတ်မှုနဲ့ အရေးယူမှုတွေမှာ အကူအညီပေးဖို့ ကျနော်တို့ အဓိက ပြောခဲ့တာပါ။ နောက်တခုက ဒီဟာနဲ့ပတ်သက်ပြီးမှ ထိတွေ့ဆက်ဆံမှုအပေါ်မှာ Sanctions ဆိုတဲ့အရာဟာ အရေးကြီးတဲ့ အကြောင်းလည်း ကျနော်တို့ပြောဖြစ်ပါတယ်ခင်ဗျ။"

မအင်ကြင်းနိုင်။   ။ အဲ့လိုပေါ့နော် ကချင်ဆရာမနှစ်ဦး အသတ်ခံရတဲ့ကိစ္စမှာ အချက်အလက်တွေ ခိုင်မာအောင် ဘယ်လိုပြောပြနိုင်ခဲ့လဲရှင့်။

"ဟုတ်ကဲ့။ ကျနော်တို့ပြောဖြစ်ခဲ့တဲ့ ဟာထဲမှာတော့ ရွာသားတွေကို မေးဖြစ်တဲ့ဟာတွေ ရှိတယ်။ မေးတဲ့အခါမှာ ဖြစ်ရိုးဖြစ်စဉ်တွေ အားလုံးကို ကျနော်တို့ ရှင်းပြတယ်။ ဥပမာ ဒီအမျိုးသမီးတွေက စစ်သားတွေ ရောက်လာတဲ့ အချိန်မှာ ရွာသားတွေရဲ့ အိမ်မှာ နေတယ်။ ဒီတစ်ညပဲ မအိပ်ဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မွေးနေ့တခုကအပြန် နောက်ကျသွားလို့ အိမ်ရှင်တွေကို ပြန်နှိုးရမှာ အားနာလို့ သူတို့က ဘုရားကျောင်းဝင်းထဲမှာ အိပ်လိုက်တာ။ အိပ်တဲ့ညမှာပဲ ဒီဟာဖြစ်တယ်။ နောက်တခုက အနီးဆုံး စစ်သားတွေ ကင်းစောင့်တာဖြစ်တဲ့ နေရာက ၆၅ကိုက် အကွာအဝေးမှာ ရှိတယ်။ နောက် ရွာတရွာလုံးမှာ စစ်သားတွေ ရှိတယ်။ နောက်တချို့ အချက်အလက်တွေ သူတို့ ပြောရရင် ပထမဆုံး တွေ့ရှိတဲ့အချိန်မှာ စစ်ဖိနပ် တွေ ကုတင်ပေါ်မှာ ရှိတာနဲ့ နောက်တခုက စစ်သားတွေ ပုံထားတဲ့နေရာ ရိုက်သတ်ထားတဲ့ သစ်ချောင်းရဲ့ပုံထားတဲ့ အနားမှာ စစ်ဖိနပ်ခြေရာတွေ မြင်ခဲ့တာ ကျနော်တို့ပြောဖြစ်ပါတယ်။ နောက်တခုကတော့ မိုးမလင်းခင် အချိန်မှာ စစ်သားအချို့ ကားနဲ့ ဆင်းသွားတယ်ဆိုတာ ကျနော်တို့ပြောဖြစ်တယ်။"

မအင်ကြင်းနိုင်။   ။ အခုလိုပေါ့နော် အမေရိကန်အစိုးရရော၊ အိမ်ဖြူတော်ရောပေါ့နော် နိုင်ငံခြားရေး တာဝန်ရှိသူတွေက ကချင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့် အခုလို သူတို့တွေ့ဆုံပြီးတော့ ဆွေးနွေးတယ်လို့ ယူဆလဲရှင့်။

" အော် စိုးရိမ်မှုရှိလို့ပါ။ မငြိမ်မသက်ဖြစ်လာနိုင်တဲ့ အခြေအနေကို ရောက်နိုင် ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူသိန်းနဲ့ချီပြီး လမ်းပေါ်ထွက်လျှောက် လာတယ်ဆိုတာက ပြည်သူလူထုရဲ့ ပေါက်ကွဲလုမတတ် ခံစားမှုက အများကြီးဖော်ပြနေတဲ့ဟာကို သူတို့မြင်တွေ့ရတယ်။ အဲ့လိုဆိုတော့ အစိုးရကလည်း စိုးရိမ်တယ် ဘာဖြစ်လို့လဲဆိုတော့ ဒီဟာတွေက ငြိမ်းချမ်းရေး ဖြစ်စဉ်ဖြစ်ဖြစ် ကျနော်တို့ မြန်မာပြည်ရဲ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို ထိခိုက်လာနိုင်တယ်ဆိုတဲ့အမြင် သူတို့တွေက နားလည်ပုံ ကျနော်တို့ ခံစားရတယ်လေ။"

အမေရိကန်ပြည်ထောင်စုက ကချင်အရေးလှုပ်ရှားနေသူတွေဟာ ဇန်န၀ါရီ (၂၈)ရက်နေ့ကလည်း အရှေ့အာရှပစိဖိတ်ရေးရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Scott Marciel အပါအ၀င် အမေရိကန်နိုင်ငံခြားရေးဌာနက အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံပြီး ကချင်ပြည်နယ်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကို ဖြေရှင်းပေးရေး မြန်မာအစိုးရကို ဖိအားပေးဖို့ ဆွေးနွေးပြောဆိုခဲ့ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/kachin-news-update/2622519.html

ကချင်ဆရာမတွေ အသတ်ခံရမှု KIA တပ်ဖွဲ့ဝင်နဲ့ မပတ်သက်ဘူးလို့ ငြင်း

ကချင်ဆရာမလေးတွေ အသတ်ခံခဲ့ရတဲ့ နေရာဟာ KIA တပ်ဖွဲ့ လှုပ်ရှားတဲ့ နေရာ မဟုတ်ဘူးလို့ ပြောခွင့်ရ ပုဂ္ဂိုလ်ပြော 
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါး ကျေးရွာ ကချင် ခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်းမှာ ဇန်နဝါရီလ ၁၉ ရက်နေ့တုန်းက အဓမ္မ ပြုကျင့် အသတ်ခံ ခဲ့ရတဲ့ ကချင် လုပ်အားပေး ဆရာမတွေရဲ့ အမှုကိစ္စမှာ KIA ကချင် လွတ်မြောက်ရေး တပ်ဖွဲ့က ဒုတပ်ကြပ်တဦး ပါဝင် ပတ်သက်နေတယ် ဆိုတဲ့ သတင်းတွေ အင်တာနက် လူမှု ကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေပါတယ်။

အဲဒီ KIA ဒုတပ်ကြပ်ဟာ သေဆုံးသူ ဆရာမလေးတဦးနဲ့ ချစ်ကြိုက်နေသူ လို့လည်း ဖေါ်ပြထားပါတယ်။

ဒါပေမယ့် KIA ကတော့ ဒီကိစ္စဟာ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ လုံးဝ ပတ်သက်မှု မရှိဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာဟာ KIA တပ်ဖွဲ့ လှုပ်ရှားတဲ့ နေရာ မဟုတ်သလို သေဆုံးသူ ဆရာမနဲ့ KIA တပ်ဖွဲ့ဝင် ချစ်ကြိုက်နေတယ် ဆိုတဲ့ ပြောဆိုမှုတွေဟာလည်း အထောက်အထား မရှိဘူး လို့ KIA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်းက ဘီဘီစီကို ပြောပါတယ်။

ဒီသေဆုံးမှုနဲ့ ပတ်သက်လို့ KIA တပ်ဖွဲ့ဝင်တွေကို စစ်ဆေး စုံစမ်းတာမျိုးကိုလည်း ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အခင်းဖြစ်ပွားချိန်တုန်းက အဲဒီနေရာမှာ ရောက်ရှိ စခန်းချခဲ့တဲ့ အစိုးရ စစ်တပ် စစ်ကြောင်းက တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကို သက်ဆိုင်ရာက DNA စစ်ဆေးမှုတွေ လုပ်ထားပြီး လောလောဆယ်မှာတော့ လက်သည် တရားခံ မပေါ်သေးပါဘူး။

ဒီအမှု ကိစ္စနဲ့ ပတ်သက်လို့ အစိုးရ စစ်တပ် တပ်ဖွဲ့ဝင်တွေအပေါ် ပုတ်ခတ် ပြောဆိုတာတွေကို အမှုမှန်ပေါ်တဲ့ အချိန်မှာ ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ တပ်မတော်က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/burma/2015/01/150130_kachin_murder_investigation_kia

၎ဝ မမ ဗုံးသီးဟောင်းအား ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွား ကလေးနှစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရ


ကော့ကရိတ် ဇန်နဝါရီ ၃ဝ

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်၌ ဇန်နဝါရီ ၃ဝ ရက် မွန်းလွဲ ၁၂ နာရီခွဲက အံကလော်ရွာဘုန်းကြီး ကျောင်း၏ မြောက်ဘက်ကိုက် ၁ဝဝ ခန့် မြောင်းကူးတံတားအောက်တွင် ၄ဝ မမ ဗုံးသီးဟောင်း တစ်လုံးအား ကုလား(ခ)စောအောင်မျိုးဝင်း(၈)နှစ် ရွာသစ်ကုန်းရွာ တတန်ကူးအုပ်စု နေသူက တွေ့ရှိပြီး ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်သဖြင့် အနီးတွင်ရှိသူ စောအောင်မင်း(၁ဝ)နှစ် ရွာသစ်ကုန်း ရွာနေသူအား ဗုံးစထိမှန်ပြီး နဖူး ထိပ်ပေါက်ပြဲဒဏ်ရာ၊ ဝဲဒူးပေါက်ပြဲ ဒဏ်ရာတို့ဖြင့် ကော့ကရိတ်ဆေးရုံ အရောက် မွန်းလွဲ ၂ နာရီ ၅ မိနစ် တွင် သေဆုံးသွား၍ မြို့မရဲစခန်းမှူးက သေမှုသေခင်းဖြင့် အမှုဖွင့်ထားသည်။

အဆိုပါ ဗုံးသီးဟောင်းပေါက်ကွဲမှု တွင် စောအောင်မျိုးဝင်း(၈)နှစ် ရွာသစ်ကုန်းရွာနေသူသည် ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးခဲ့ပြီး ချစ်တူလေး(၈)နှစ် အံကလော်ရွာ နေသူတွင် ခြေချင်းဝတ်ပေါက်ပြဲ ဒဏ်ရာ၊ ဖာဆိုကေးသူ (၆)နှစ် ရွာသစ်ကုန်းရွာနေသူတွင် ညာဘက်ဖဝါး ပေါက်ပြဲဒဏ်ရာ၊ ဝဲပါးပေါက်ပြဲ ဒဏ်ရာ၊ ဝဲလက်မောင်းဖူးရောင်ဒဏ်ရာ၊ ထွန်းဝင်းဦး (၆)နှစ် အံကလော်ရွာနေသူတွင် ညာပါး ပေါက်ပြဲဒဏ်ရာတစ်ချက်၊ စောလား ဘွယ်(၈)နှစ် ရွာသစ်ကုန်းရွာနေသူတွင် ဝဲပေါင်ပေါက်ပြဲဒဏ်ရာ၊ ဝဲခြေ သလုံး ပေါက်ပြဲဒဏ်ရာ၊ ဝဲဗိုက်ဘေး ပေါက်ပြဲဒဏ်ရာ၊ မင်းသီဟ (၈)နှစ် ရွာသစ်ကုန်းရွာနေသူတွင် ဗိုက်ပေါက် ပြဲဒဏ်ရာ၊ ညာဘက်ပခုံးပေါက်ပြဲ ဒဏ်ရာ၊ ညာပေါင်ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

စိုးထက်အောင်(ကော့ကရိတ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily

ဆော်ဒီဘုရင်သစ်ဆဲလ်မန်း ၀န်ကြီးအဖွဲ့ အပြောင်းအလဲလုပ် ဘုရင်ဟောင်း အဗ္ဗဒူလာ၏ သားနှစ်ဦးအား ရာထူးမှဖယ်ရှား


ရီးယာ့ဒ် ဇန်နဝါရီ ၃ဝ

ဆော်ဒီအာရေဗျ ဘုရင်ဆဲလ်မန်းက ထီးနန်းရပြီး တစ်ပတ်အကြာ အဓိက ဝန်ကြီးအဖွဲ့ အပြောင်းအလဲကို ကြေညာလိုက်သည်။

ထောက်လှမ်းရေး အကြီးအကဲနှင့် အမျိုးသား လုံခြုံရေး ကောင်စီ အကြီးအကဲနေရာ နှစ်ခုစလုံးကို အစားထိုးခဲ့သည်။ အခြားထိပ်တန်း ကာကွယ်ရေး၊ ရေနံနှင့် နိုင်ငံခြားရေးဝန်ကြီး ရာထူးနေရာများတွင် မူလအတိုင်းထားသည်။

မက္ကာမြို့တော် အုပ်ချုပ်ရေးမှူးနှင့် ရီးယာ့ဒ်မြို့တော်ဝန်တို့ကို ဘာသာရေး ထိပ်တန်း တာဝန်ရှိသူများနှင့်အစားထိုးခဲ့သည်။

ဘုရင်ဆဲလ်မန်းသည် ကွယ်လွန်သူ ဘုရင်အဗ္ဗဒူလာ၏ ညီအစ်ကို ဝမ်းကွဲဖြစ်သည်။ဘုရင်ဆဲလ်မန်းက နိုင်ငံ့ဝန်ထမ်းများ၊ စစ်ဘက်နှင့် ပင်စင်စားများ၊ ကျောင်းသားများအား လစာနှစ်လစာဆုကြေးငွေများပေးအပ်ခဲ့သည်။

ဘုရင်ဆဲလ်မန်းသည် အိမ်ရှေ့မင်းသား အဗ္ဗဒူလ်အဇစ်အယ်လ်ကော့ကို ထောက်လှမ်းရေး အကြီးအကဲ တာဝန်ရပ်စဲခဲ့ကြောင်း ဆော်ဒီသတင်း အေဂျင်စီကဖော်ပြသည်။

ဗိုလ်ချုပ်ကြီး အယ်လ်ဟူမိတ်ဒန်း သည် ထောက်လှမ်းရေး အကြီးအကဲ ဖြစ်လာခဲ့သည်။ ကွယ်လွန်သူဘုရင်၏တူဖြစ်သူ အိမ်ရှေ့မင်းသား ဘန်ဒါဘင်ဆူလ်တန်ကို အမျိုးသားလုံခြုံရေး ကောင်စီအတွင်းရေးမှူးချုပ်ရာထူးမှ ဖယ်ရှားလိုက်ပြီး ဘုရင်အကြံပေးအဖြစ် ခန့်အပ်လိုက်သည်။

အဗ္ဗဒူလာ၏ သားနှစ်ဦးဖြစ်သည့် မက္ကာအုပ်ချုပ်ရေးမှူး မင်းသားမစ်ရှယ်နှင့် ရီးယာ့ဒ်မြို့တော်ဝန် မင်းသားတာတီတို့ကို ရာထူးမှဖယ်ရှားလိုက်သည်။

(ဘီဘီစီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ဆေး​ပညာ ခေတ်​သစ်ရောက်​မယ့် အစီ​အစဉ် အို​ဘား​မား ကြေညာ

လူနာ တစ်ဦးချင်းစီ အတွက် လိုအပ် ကိုက်ညီတဲ့ တဲ့ ဆေးဝါး ထုတ်လုပ်နိုင်မယ့် အစီအစဉ် ကို သမ္မတ အိုဘားမား ထုတ်ပြန်။
အမေရိကန် ပြည်ထောင်စု အတွင်းမှာ လူ အယောက် ၁ သန်း ဆီက မျိုးရိုးဗီဇ ဆိုင်ရာ အချက်အလက် တွေ ကောက်ယူပြီး ပိုမို ထိရောက် အစွမ်းထက် တဲ့ ဆေးဝါးတွေ တီထွင်ဖို့ အစီအစဉ် ရှိကြောင်း သမ္မတ အိုဘားမား က ထုတ်ဖော် ပြောကြား လာပါတယ်။

လူနာ တစ်ဦးချင်းစီ အပေါ် မူတည်ပြီး လိုအပ် ကိုက်ညီတဲ့ တဲ့ ဆေးဝါး ထုတ်လုပ်နိုင်ဖို့ အခုလို စတင် ဆောင်ရွက် လာတာ ဟာ အသက်ပေါင်း များစွာ ကို ကယ်တင် နိုင်တဲ့ တွေ့ရှိချက် တွေ ထွက်ပေါ် လာမယ့် ဆေးပညာ ခေတ်သစ် ကို ရောက်ရှိ လာဖို့ ဖြစ်တယ် ဆိုပြီး သမ္မတ အိုဘားမား က ပြောပါတယ်။

၂၀၁၆ ရဲ့ အသုံးစားရိတ် ဘတ်ဂျက် ငွေထဲက ဒေါ်လာ ၂၁၅ သန်းကို အဲဒီ့ စီမံကိန်းတွက် ကျခံ သုံးစွဲဖို့ သမ္မတ အိုဘားမားက အကြံ ပြုထား ပါတယ်။

ဒီ စီမံကိန်း ရဲ့ ရှေးဦး ကာလတွေ မှာ ကင်ဆာ ရောဂါ ကုသရေး ပိုမို တိုးတက်လာဖို့ အဓိက အာရုံစိုက် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/01/150130_obama_medicine

“ကမ္ဘာကြီးရဲ့နှလုံးသား”ဟစ်ဟော့သီချင်း ဖန်တီးသူ ဦးဝီရသူကို မေးမြန်းချက်


ကမ္ဘာကြီးရဲ့ နှလုံးသားဆိုတဲ့ ဟစ်ဟော့ သီချင်း တပုဒ် အွန်လိုင်းမှာ လတ်တလော အတော်လေး စိတ်ဝင်တစားနဲ့ နားထောင်နေကြ၊ ရှယ်နေကြပါတယ်။ ဒီသီချင်းကို ရေးသားခဲ့တဲ့ မစိုးရိမ်ဆရာတော် အရှင်ဝီရသူကို ဒီဗွီဘီက ဆက်သွယ် မေးမြန်း ထားပါတယ်။

ဒီသီချင်းကို အရှင်ဘုရား မန္တလေးအိုးဖိုထောင်မှာ အကျဉ်းကျခံနေရတုန်း ရေးထားတာလို့ သိရပါတယ်။ ဘယ်လိုခံစားချက်နဲ့ ဘာကြောင့် ဒီသီချင်းကို ရေးဖွဲ့ဖြစ်တယ်ဆိုတာ မိန့်ကြားပေးပါ။

“ဟုတ်ပါတယ်၊ ဒီသီချင်းကို ဦးဇင်းရေးထားတာပါ။ ဦးဇင်းတို့ ကျောင်းတော်ကြီးမှာ နေတုန်းက စာနယ်ဇင်းတွေ အမြဲတမ်းဖတ်ရတာပေါ့နော်။ အဲဒီအချိန် ရာသီဥတုနဲ့ ပတ်သက်တဲ့ဟာတွေ ကမ္ဘာကြီးဖောက်ပြန်နေတာတွေ၊ ပြည်သူလူထု သဘာဝဘေးအန္တရာယ်နဲ့ ကျရောက်နေတာတွေ အများကြီး တွေ့ရတဲ့အခါကျတော့ အဲဒါတွေကိုလေ့လာမိပြီးတော့ ပတ်ဝန်းကျင်းထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဦးဇင်းအမြင်လေးကို ရေးစပ်မိတာပေါ့နော်။”

ဘာကြောင့် ဟစ်ဟော့ပုံစံနဲ့ ဒီသီချင်းကိုရေးဖြစ်တာလဲ။ နောက်အဲဒီ သီချင်းရေးဖြစ်တဲ့နေ့က အတွေ့အကြုံ ကို အမှတ်တရ ပြန်ပြီးပြောပြပေးပါလား။

“မန္တလေးအိုးဖိုထောင်ထဲမှာပါ။ နာဂစ်ဖြစ်ပြီးတဲ့အချိန်၊ တညတည်းစပ်တာတော့မဟုတ်ပါဘူး၊ တကြောင်းသတိရလိုက် ကောက်ရေးလိုက်၊ တကြောင်း သတိရလိုက် ကောက်ရေးလိုက်နဲ့ နောက်ဆုံးကျမှ အချောသတ်လိုက်တာ။ ဦးဇင်းတို့ ၂၀၀၈ နောက်ပိုင်းကျတော့ FM သီချင်းတွေ နားထောင်ခွင့်ရလာတာပေါ့နော်။ ထောင်က လော်စပီကာနဲ့ ဖွင့်ပေးတဲ့အခါကျတော့ ဟစ်ဟော့သီချင်းတွေလည်း ဦးဇင်းတို့ အဲဒီကျမှ ကြားဖူးတာပါ။ ရာသီဥတုနဲ့ လိုက်ဖက်တဲ့ သီချင်းကို ဟစ်ဟော့နဲ့လိုက်ဖက်အောင် ဆိုပြီးတော့ ဦးဇင်းက ကဗျာရေးလိုက်တာ၊ အဲဒီကဗျာကို တေးသံသွင်းဌာန တခုကိုအပ်လိုက်တော့ သူတို့က ဟစ်ဟော့အဖြစ်လုပ်ပေးလိုက်တာ။”

ဒီသီချင်းကို ဘယ်သူက သီဆိုထားပြီး ဘယ်အချိန်မှာ အသံသွင်းဖြစ်ခဲ့တာပါလဲ။

“၂၀၁၂ ကျမှထောင်က ပြန်ရောက်လာပြီးမှ အသံပြန်သွင်းခိုင်းတာပါ။ ရန်ကုန်ကနေ မန္တလေးကိုလာတဲ့ လူငယ်လေး တစ်ယောက်က ဆိုပေးသွားတာပါ။ နာမည်က ဖိုးခွားတဲ့ ၀ါသနာရှင်ထဲကပါ။ မန္တလေးမှာပဲ မထင်မရှားနေရာလေးမှာပဲ အသံသွင်းထားတာပါ။”

ခုအချိန်မှာ ဒီသီချင်းကို ဘာကြောင့် အွန်လိုင်းမှာတင်လိုက်တာလဲ ဆိုတာ ရှင်းပြပေးပါလား။

“ပြီးခဲ့တဲ့ရက်ပိုင်းက ဦးဇင်းဆီကို အမေရိကန်ကအမျိုးသမီးတဦးလာတယ်  သူက သဘာဝပတ်ဝန်းကျင်းထိမ်းသိမ်းရေးအဖွဲ့ကပါ။ ဦးဇင်းရဲ့သဘောတရားကိုသူက မေးချင်တဲ့အခါကျတော့ သဘာဝကို ချစ်မြတ်နိုးမှုရှိမရှိ မေးတာနဲ့ ဦးဇင်းက သဘာဝဟာ ကမ္ဘာကြီးရဲ့ အလှတရားဖြစ်တယ်။ အဲဒီအလှတရားဟာ ကမ္ဘာကြီးရဲ့ နှလုံးသားဖြစ်တယ်လို့ပြောပြတော့ သူက သဘောကျသွားတာ။ ဦးဇင်းတောင် သီချင်းစပ်ထားတာရှိပါတယ်လို့၊ သီချင်းစာသားလေးကိုပြောပြတာ၊ သူက သဘောကျသွားပြီး သူအမေရိကန်ပြန်ရောက်ရင် အဲဒါလေးကို ဘယ်လိုလုပ်မယ် ဘယ်လိုလုပ်မယ်ဆိုပြီး ကတိပေးသွားတယ်။ အဲဒါနဲ့ပဲ ဦးဇင်းက သတိရပြီးတင်ဖြစ်တာ။ အစတုန်းကတော့ အင်တာနက် တင်ဖို့ အစီအစဉ်မရှိပါဘူး။”

ဦးဇင်းနောက်ထပ် ရေးထားတဲ့သီချင်းတွေရောရှိလား၊ ရှိရင်ပြောပြပေးပါလားဘုရား။

“သီချင်းတွေကတော့ရှိတယ်။ အကျဉ်းသားတွေကို ကိုယ်ချင်းစာပြီးရေးထားတဲ့ သီချင်းတွေလည်းရှိတယ် အဲဒါကတော့ ရွှေဝါရောင်အိပ်မက်များဆိုပြီးတော့၊ နောက်တပုဒ် ဦးဇင်းတို့ ၂၀၁၀ မှာ အန်အယ်လ်ဒီက ရွေးကောက်ပွဲကို သပိတ်မှောက်တုန်းကလည်း ဦးဇင်း သီချင်းစပ်ထားတာရှိတယ်။ ဟစ်ဟော့သံစဉ်သီချင်းတွေပါပဲ။ ဘာလို့လဲဆိုတော့ လူတွေကို များများ စားစားပြောနိုင်တဲ့ သီချင်းအမျိုးအစားဆိုလို့ ဒါသွားတွေ့တာ၊ အဲဒါနဲ့ ဦးဇင်း သူတို့နဲ့လိုက်ဖက်မယ့် စာသားလေး ကိုရေးဖြစ်တာ။”

ခုလိုအချိန်ပေးပြီးမိန့်ကြားပေးတဲ့အတွက် ဦးဇင်းကို ဒီဗွီဘီက  ကျေးဇူးတင်ပါတယ်။

“သာဓုပါ ဒီဗွီဘီ ၀ိုင်းတော်သားတွေ ကျန်းမာချမ်းသာဘေးရန်ကင်းကွာ လိုရာဆန္ဒပြည့်ဝပါစေ။”

By ပီတာအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/79376

ဦးဝီရသူ သီချင်းနားဆင်ရန် အောက်ပါ ပုံကို နှိပ်ပါ

ဇန်န၀ါရီလ (၃၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

ဇန်န၀ါရီလ (၃၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဇန်န၀ါရီလ (၃၁)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

ဇန်န၀ါရီလ (၃၁)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 



ဇန်န၀ါရီလ (၃၁)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ

ဇန်န၀ါရီလ (၃၁)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဖေဖော်ဝါရီလ (၁)ရက်နေ့ ထုတ် EURO SPORTS Journal ( Vol- 5 No- 44 )

ဖေဖော်ဝါရီလ (၁)ရက်နေ့ ထုတ် EURO SPORTS Journal ( Vol- 5 No- 44 )

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 



ဇန်န၀ါရီလ (၂၇)ရက်နေ့ ထုတ် ပြည်သူ့အရေး ဂျာနယ်၊ အတွဲ - ၁၊ အမှတ် - ၁၉

ဇန်န၀ါရီလ (၂၇)ရက်နေ့ ထုတ် ပြည်သူ့အရေး ဂျာနယ်၊ အတွဲ - ၁၊ အမှတ် - ၁၉

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 



ယူကရိန်း နဲ့ ခွဲထွက်သူပုန် တိုက်ပွဲပြန်စ


ယူကရိန်း အစိုးရ တပ်ဖွဲ့တွေနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သမားတွေ အကြား လွန်ခဲ့တဲ့ ၂၄ နာရီ အတွင်း ဖြစ်သွားခဲ့တဲ့ တိုက်ခိုက်မှု တွေကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံး သွားပါတယ်။ သောကြာနေ့က ဖြစ်သွားခဲ့တဲ့ တိုက်ခိုက်မှု တွေအတွင်း အနည်းဆုံး လူ ၇ ဦးသေဆုံး သွားတယ်လို့ ဒေသခံ အရာရှိတွေက ပြောပါတယ်။ ဒါဟာနှစ်ဆန်းပိုင်းမှာ ရရှိခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ပြယ် သွားပြီး နောက်ဆုံးဖြစ်တဲ့ တိုက်ခိုက်မှုလဲ ဖြစ်ပါတယ်။

အခု နောက်ဆုံး ဖြစ်သွားတဲ့ တိုက်ခိုက်မှုတွေဟာ ခွဲထွက်ရေးသမားတွေ ထိန်းချုပ် ထားတဲ့ Luhansk နဲ့ Donetsk တို့ ရထားလမ်းနဲ့ ဆက်သွယ်ပေးထားပြီး အရေးပါတဲ့ Debaltseve မြို့မှာ ဖြစ်သွားခဲ့တာပါ။

Donetsk မှာ ဗုံးကျဲ တိုက်ခိုက်မှုတွေ ဖြစ်သွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၂၃ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။ ယူကရိန်း ပဋိပက္ခမှာ ပါဝင် ပတ်သက်နေတဲ့ အတွက် ရုရှားနဲ့ ခွဲထွက်ရေးအဖွဲ့ ခေါင်းဆောင်တွေအပေါ် အီးယူ ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုကို ကြာသပတေးနေ့မှာပြုလုပ်တဲ့ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲမှာ နောက်ထပ် ၆ လ သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ဒါ့အပြင် အဲဒီ ပိတ်ဆို့ အရေးယူတဲ့စာရင်းထဲ နောက်ထပ် လူတချို့ကို ဖြည့်စွက်ဖို့ Brussels မြို့မှာ ပြုလုပ်တဲ့ အဲ့ဒီ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲက ဆုံးဖြတ်လိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/new-clashed-in-ukraine/2620662.html

ပါကစ္စတန် ဗလီတစ်ခုမှာ ဗုံးပေါက်ကွဲ၊ ၄၀ ကျော်သေ

သေဆုံးသူ ဦးရေ တိုးလာဖွယ် ရှိတယ်လို့ဆို
ပါကစ္စတန် နိုင်ငံ တောင်းပိုင်း၊ ဆင်းဒ် ပြည်နယ်၊ ရှီကာပူးရ် ဒေသက ရှီးယား ဗလီတစ်ခုမှာ ဗုံးပေါက်ကွဲမှု ဖြစ်လို့ လူ အနည်းဆုံး အယောက် ၄၀ သေဆုံး ခဲ့တယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။

သောကြာနေ့ ဝတ်ပြု ဆုတောင်းချိန် အပြီးမှာ ဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒါဇင်ပေါင်း များစွာလည်း ဒဏ်ရာရခဲ့ကာ သေဆုံးသူ ဦးရေ တိုးလာဖွယ် ရှိပါတယ်။

ဒီတိုက်ခိုက်မှုဟာ အသေခံ ဖောက်ခွဲမှု ဖြစ်နိုင်ဖွယ် ရှိပြီး တာလီဘန်နဲ့ ဆက်စပ်တဲ့ ဆွန်နီ စစ်သွေးကြွတွေက သူတို့ လက်ချက်လို့ ပြောပါတယ်။

ဝန်ကြီးချုပ် နာဝပ်ဇ် ရှရစ်ဖ် ဆင်းဒ် ပြည်နယ် မြို့တော် ကရာချိမှာ လုံခြုံရေး အခြေအနေတွေ ဆွေးနွေးဖို့ ရောက်ရှိနေချိန် ဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/01/150130_pakistan_mosque_blast

၆ ပွင့်ဆိုင်ဆုံးဖြတ်ချက် မလွှဲမသွေ ဖော်ဆောင် ရလိမ့်မယ်လို့ သူရဦးရွှေမန်း ပြောကြား


ပြည်ထောင်စု လွှတ်တော်က တောင်းဆိုထားတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲဟာ အခုကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေး ကာလမှာ ဖြစ်နိုင်ဖွယ်ရှိကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ပြောပါတယ်။

နေပြည်တော် လွှတ်တော်ဝင်း အတွင်းမှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် တစ်ဦးရဲ့ မေးမြန်းချက်ကို သူရဦးရွှေမန်းက ပြန်လည်ဖြေကြား ခဲ့တာပါ။

"ပြည်ထောင်စုလွှတ်တော်က မြန်မာနိုင်ငံမှာ အမြင့်ဆုံးဥပဒေပြု အဖွဲ့အစည်းဖြစ်တယ်၊ ဒါကြောင့်မို့လို့ ပြည်ထောင်စုလွှတ်တော်က ပြဌါန်းလိုက်တဲ့ဥပဒေ သို့မဟုတ် အဆိုတွေဟာ အခြားအခြားသော လွှတ်တော်၊ အခြားအခြားသောဆိုတာ တိုင်းနဲ့ပြည်နယ်လွှတ်တော်ကို အကုန်လုံးလွှမ်းမိုးပါတယ်၊ ပြည်ထောင်စုလွှတ်တော်က ပြဌါန်းထားတဲ့ဥပဒေ သို့မဟုတ် အဆိုတွေကို ဘယ်သူကမှသွားပြီးတော့ ဟန့်တားလို့မရဘူး၊ ချေဖျက်လို့မရဘူး၊ ဒါကြောင့်မို့လို့ ပြည်ထောင်စုလွှတ်တော်ရဲ့အဆိုဟာ အတည်ဖြစ်ပါတယ်၊ နောက်တစ်ခုကတော့ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲကိစ္စဟာ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားတဲ့ကိစ္စဖြစ်တဲ့အတွက် မလွှဲမသွေတွေ့နိုင်ကြဖို့အတွက် မိမိတို့ လွှတ်တော်ဆိုင်ရာအဖွဲ့အစည်းများက ဒီလိုပဲဆွေးနွေးထားပါတယ်"

ဒါ့အပြင် အခုကျင်းပနေတဲ့ လွှတ်တော်ကာလ အတွင်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သူရဦးရွှေမန်းက ပြောပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း သူရဦးရွှေမန်းက ပြောပါတယ်။

သတင်းစာ ရှင်းလင်းပွဲကို သူရဦးရွှေမန်းနဲ့အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တွေထဲက သူရဦးအေးမြင့်နဲ့ ဦးမောင်မောင်သိမ်းတို့ တက်ရောက်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

ကျီစုစက်မှုဇုန်အတွင်း ကျူးကျော်တဲတွေကို အင်အားသုံးဖယ်ရှား


ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ကျီစုစက်မှုဇုန် စီမံကိန်း ထဲမှာရှိတဲ့ ကျူးကျော်တဲ ၁၀၀ ကျော်ကို မြို့နယ် အုပ်ချုပ်ရေးမှူး အမိန့်နဲ့ လူအင်အား ၂၀၀၀ လောက်က ဒီနေ့ အင်အားသုံး ဖယ်ရှား ခဲ့ပါ တယ်။

နှစ်ပေါင်းဆယ်စုနဲ့ချီ နေထိုင်လာခဲ့တဲ့ လူနေတဲတွေ ဖျက်ဆီး ခံရတဲ့ အပေါ် အဲဒီမှာနေထိုင်သူ ဒေါ်အေးက ဆုံးရှူံး နစ်နာမှုတွေနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

"သွပ်တွေလည်း အကုန်ယူသွားတယ်၊ ဒန်အိုးဒန်ခွက်တွေလည်း အကုန်ယူသွားတယ်၊ ကိုယ့်ကလေးတွေ ခိုက်မိမှာကြောင့်လို့၊ ကလေးတွေပဲခေါ်ပြီးတော့ ဘေးမှာထိုင်နေရတယ်၊ ဝါးလုံးလေးတွေ ဓနိလေးတွေ ကိုယ်ကကောက်ပြီးတော့ ပုံထားတာလေးတွေကအစ သူတို့ကကားပေါ်တင်သွားတယ်၊ ဘာမှစောင်စုတ်တစ်ခုတောင်မကျန်ခဲ့ဘူး၊ ချက်စားစရာဆို အိုးခွက်မရှိဘူး၊ ကျောင်းသားတွေလည်း ထမင်းမစားရဘူး"

အဲဒီကျူးကျော်တဲတွေကို ဖယ်ရှားပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကြောင်းကြားစာ ၃ ကြိမ် ပေးပို့ထားတယ်လို့ သိရပါတယ်။

ကျီစုစက်မှုဇုန်စီမံကိန်းအတွက် မြေဧက ၁၀၀ ကျော်ကို ပြည်ထဲရေးဝန်ကြီးဌာနက လွန်ခဲ့တဲ့ ၁၉၉၃ ခုနှစ်လောက်က သိမ်းယူထားတာဖြစ်ပါတယ်။

အဲဒီမြေဧက ၁၀၀ ကျော်ကို ပိုင်ဆိုင်သူ ၁၉ ဦးကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ လျော်ကြေးအဖြစ် ငွေကျပ် ၂သိန်းစီ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ တဲအိမ်အဖျက်ခံရသူတွေဟာ စက်မှုဇုန်စီမံကိန်း အကောင်အထည်မဖော်ခင် အဲဒီမြေလွတ်ပေါ်မှာ ကျူးကျော်နေထိုင်ကြသူတွေဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

လမ်းလျှောက်နေသူတစ်ဦး ယာဉ်တိုက်ခံရသဖြင့် ဦးခေါင်း ကြေမွ သေဆုံး


ရန်ကုန်၊ ဇန်န၀ါရီ ၃၀

၂၉.၁.၂၀၁၅ ရက်နေ့ ၀၇၃၀ အချိန်တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၂)လမ်းအတိုင်း လေးထောင့် ကန်ဘက်မှ တောင်/မြောက် လမ်းဆုံဘက်သို့ ဗိုလ်တထောင်မြို့နယ်နေ ယာဉ်မောင်း ကိုအောင်ဖြိုးပိုင်(၃၀)နှစ်မောင်းနှင် လာသော ၁င/-----SCANIA(၁၈)ဘီး နောက်တွဲ ယာဉ်သည် အင်းဝ လမ်းထိပ် အရောက် ၎င်း၏ရှေ့မှ လမ်းလျှောက်နေသူ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေ ဦးသိန်းစိုး (၅၀)နှစ်အား ၀င်ရောက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်တိုက်ခံရသူ ဦးသိန်းစိုးမှာ ဦးခေါင်း ကြေမွဒဏ်ရာ ရရှိကာ အခင်းဖြစ်နေရာ တွင်သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင် မောင်းနှင်သူ ကိုအောင်ဖြိုးပိုင်အား ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့မရဲစခန်း ယာဉ်(ပ)၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

ဒေါ်စု နေအိမ် ခြံတံခါးဟောင်းကို တော်ဝင်နှင်းဆီက ဈေးပြိုင် ရောင်းမယ်


ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရစဉ် တလျှောက် နေခဲ့ရတဲ့ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ် ခြံဝင်း ဂိတ်တံခါးဟောင်းကို လက်ဝယ် ရရှိထားသူ တော်ဝင်နှင်းဆီ ဦးစိုးညွန့်က ကြမ်းခင်းဈေး ကျပ်သိန်း ၂၀၀၀ နဲ့ ဈေးပြိုင် ရောင်းချတော့မှာ ဖြစ်ပါတယ်။

ဂိတ်တံခါးဟောင်းနဲ့ အတူ အင်္ဂတေနဲ့ ထွင်းထုထားတဲ့ အိမ်နံပါတ် အမှတ် ၅၄ လည်း ပါဝင်မှာ ဖြစ်ပါတယ်။

ရောင်းရငွေကို ပါတီဌာနချုပ်ရုံး အသစ် ဆောက်လုပ်ရာမှာ သုံးစွဲမယ်လို့ သိရပါတယ်။

အဝါရောင်နဲ့ အနီရောင် သံပန်းဂိတ်တံခါးဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်လာကာစ ၂၀၀၅၊ ၂၀၀၆ ကာလတွေမှာ အဲဒီ ဂိတ်တံခါးကနေ လူထုကို အပတ်စဉ် မိန့်ခွန်းပြောတာတွေ လုပ်ခဲ့တဲ့ နေရာလည်း ဖြစ်လို့ ကမ္ဘာ့ သတင်းမီဒီယာတွေမှာ ဖော်ပြခံခဲ့ရတဲ့ ထင်ရှားတဲ့ ဂိတ်တံခါး တစ်ခုလည်း ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

သိန်း ၈၀ ကျော်တန်ကြေးရှိ ရွှေတုလိမ်လည် ပေါင်နှံသူ အမျိုးသမီး (၃)ဦးပါ ဂိုဏ်းအား ဖမ်းဆီးရမိ


နေပြည်တော် ရဲတပ်ဖွဲ့မှူး ရုံးအကူ တပ်ဖွဲ့ ခွဲ မှုခင်းအကူအဖွဲ့ (၅)မှ ဒုရဲမှူး စိုးညွန့်နှင့် ဒုရဲအုပ်တင်ထွန်းတို့ ဦးစီးသော တပ်ဖွဲ့ဝင်များသည် ၂၇-၁-၂၀၁၅ ရက်နေ့ ညနေ ၁၅း၀၀ နာရီ အချိန်ခန့်တွင် နေပြည်တော် ကောင်စီ နယ်မြေ ရွှေစံအိမ် ရွှေဆိုင်တွင် ရွှေတုများ လိမ်လည် ပေါင်နှံသည့် အဖွဲ့အား ဖမ်းဆီး စစ်ဆေး ခဲ့သည်။

အမှုဖြစ်စဉ်မှာ ဒေါ်လဲ့နန္ဒာ(ခ)ဒေါ်မူမူအောင်သည် ဦးထွန်းဦးပိုင်ဆိုင်သော ရွှေစံအိမ်နှင့် တော်ဝင်သူ ဖုန်းအရောင်းဆိုင်သို့ ၁၁-၁-၂၀၁၅ ရက်နေ့တွင် ရောက်ရှိလာပြီး ရွှေဆွဲကြိုးတကုံးကို (၅)သိန်းဖြင့် လာရောက်ပေါင်နှံခဲ့ကြောင်း၊ တဖန် ၁၄-၁-၂၀၁၅ ရက်နေ့တွင် ထပ်မံ ရောက်ရှိလာပြီး မူလပေါင်နှံထားသော ရွှေဆွဲကြိုးကို ရွေးယူ၍ တန်ဖိုးပိုများသော ရွှေဆွဲကြိုးကို ထပ်မံပေါင်နှံခဲ့ကြောင်း၊ ပိုင်ရှင်မှ ပေါင်နှံသော ဆွဲကြိုးကို စစ်၊ မစစ် မှတ်ကျောက်တိုက်ကြည့်ခဲ့ပါကြောင်း၊ ဒုတိယပေါင်သော ရွှေဆွဲကြိုး လက်စွပ်တို့သည် အတုများဖြစ်သော်လည်း ရွှေဆိုင်များ၏ သဘာဝအရ မှတ်ကျောက်တိုက်လေ့ရှိသည့် ဆွဲကြိုး၏ ချိတ် နေရာတွင် ရွှေရည်ထူထူစိမ်ထားသောကြောင့် ဆိုင်ရှင်က အစစ်ဟုထင်ပြီး ငွေ ၁၁ သိန်းပေးလိုက်ကြောင်း၊ ၎င်းအပြင် ထပ်မံ ရောက်ရှိလာသူ မဌေးဌေးဝင်း မှ လှလှဝင်း အမည်ဖြင့် လက်ကောက်အတု (၂)ကွင်း ကျောက်ပါလက်စွပ်အတု (၁)ကွင်းတို့ကို ငွေကျပ်(၁၁)သိန်းဖြင့်လည်းကောင်း၊ အောင်နိုင်အမည်ဖြင့် ဟန်းချိန်းတု (၁)ကွင်းအား ငွေ (၈)သိန်းဖြင့်လည်းကောင်း၊ ၁၉-၁-၂၀၁၄ ရက်နေ့တွင် မြင့်လှိုင်အမည်ဖြင့် ဟန်းချိန်းတု (၁)ကွင်း၊ လက်စွပ်တု (၂)ကွင်းအား (၈)သိန်းဖြင့်လည်းကောင်း၊ ၂၁-၁-၂၀၁၅ ရက်နေ့တွင် မော်မော်နိုင်သည် ၀င်းမြတ်မွန်အမည်ဖြင့် လက်စွပ်အတု (၂)ကွင်းအား ငွေကျပ် (၂)သိန်းဖြင့်လည်းကောင်း၊ ရွှေအတုများကို လိမ်လည်၍ ပေါင်နှံထားခဲ့ကြောင်း၊ နောက်ဆုံးအချိန် ၂၇-၁-၂၀၁၅ ရက်နေ့တွင် ရွှေထည်အတုများနှင့် ထပ်မံ၍ ပေါင်နှံရန် ရောက်ရှိလာစဉ် ယခင်ပေါင်နှံထားသော ရွှေထည်များကို ထပ်မံစစ်ဆေးရာမှ အတုများဖြစ်နေကြောင်း သိရှိရပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတဆင့် သက်ဆိုင်ရာ နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံးသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

ပဏာမ စစ်ဆေးချက်များအရ အခြားသော ရွှေဆိုင်များတွင်လည်း အလားတူ ရွှေတုများကို ပေါင်နှံထားကြောင်း ပေါ်ပေါက်ခဲ့သဖြင့် မလဲ့နန္ဒာ(ခ) မမူမူအောင်၊ မဌေးဌေးဝင်း(ခ)လှလှဝင်း၊ မမော်မော်နိုင်တို့နှင့် လိမ်လည်မှုတွင် အသုံးပြုသော ယာဉ်အမှတ် 3H- 4828 ပရိုဘောက်ယာဉ်၊ ယာဉ်မောင်း သိန်းဇော်ညီ(ခ) ညီညီနှင့် ဇော်ဝင်းထွဋ်တို့ (၅)ဦးအား သက်သေခံ ရွှေတုများ၊ မော်တော်ယာဉ်နှင့်အတူ နေပြည်တော်ကောင်စီ ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) ရဲစခန်းတွင် ပ-၂၂(၂၀၁၅) ပုဒ်မ ၄၂၀-၄၀၆ တို့ဖြင့် အမှုဖွင့်အရေးယူကြောင်း သိရှိရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

စံချိန်မမီသည့်စာသင်ကျောင်း ပြန်လည်ပြုပြင်ပေရန် မုတ္တမဒေသခံအချို့တောင်းဆို

ဇေတဝန် စာသင်ကျောင်း ဆောက်လုပ်ထားမှု (IMNA)
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ အုပ်စု ဇေတဝန် အခြေခံ မူလတန်း ကျောင်း ဆောက်လုပ် ရာတွင် သတ်မှတ် စံချိန်နှင့် မကိုက်ညီသည့် အတွက် ပြန်လည် ပြုပြင် ပေးစေ လိုကြောင်း ကျောင်း အကျိုးတော် ဆောင်တို့က ပြောသည်။

“သတ်မှတ်ထားတဲ့ အရည်အသွေး ပြည့်မီအောင် ဆောက်လုပ်ပေးပါ၊ ကျနော်တို့က တွယ်ချင်လို့ မဟုတ်ပါဘူး။ သတ်မှတ်ထား တဲ့ စံနှုန်းအတိုင်းပဲ ပြင်ဆင်ပေးစေချင်တယ်” ဟု ပေါင်မြို့နယ် ဇေတဝန်ကျောင်း ဥက္ကဋ္ဌဌ ဦးဝင်းအောင်က ပြောသည်။

ဇေတဝန်ကျောင်း ဆောက်လုပ်သည့် မုတ္တမဆောက်လုပ်ရေး အဖွဲ့သည် ကွန်ကရစ်ဖျော်စပ်ရာတွင် အချိုးအစားမမှန်ခြင်း၊ ကွန်ကရိလောင်းတိုင်များအား ရေမလောင်းခြင်း၊ ကျောက်စရစ်ရေမဆေးခြင်းနှင့် Beam တည်ဆောက်ရာတွင် သံချောင်း အရွယ်အစား မမှန်ခြင်းတို့အား မြို့နယ်တည်ဆောက်ရေး လုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌဌ ဦးဆောင်သောအဖွဲ့မှ စစ်ဆေး တွေ့ရှိခဲ့ကြောင်း ဦးဝင်းအောင်က ပြောသည်။

အဆိုပါ မြို့နယ်တည်ဆောက်ရေး လုပ်ငန်း စိစစ်ရေးကော်မတီတွင် ကျောင်းအကျိုးတော်ဆောင် ၇ ဦး၊ ပေါင်မြို့နယ် ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာဒေါ်သန်းသန်းအေး(AE) ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာဖွံ့ဖြိုးရေးနှင့် အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌဌတို့ ပါဝင်သည်ဟု သိရသည်။

၎င်းကျောင်းဆောက်လုပ်ရန် ဘတ်ဂျက်ခွင့်ပြုငွေကျပ်သိန်း ၄၈၆ ဖြစ်သော်လည်း ကျောင်းဆောင် အခင်းနေရာတွင် ကျောက်ထည့်ရမည့်အစား ချော်အုတ်များကို ထည့်သုံးခြင်း၊ သတ်မှတ်ထားသည့် သံချောင်းအရွယ်အစားများ အသုံးမပြု ကြောင်း ဦးဝင်းအောင်က ပြောသည်။

အဆိုပါအရည်အသွေးမပြည့်မီခြင်းအား ပြန်လည်ပြုပြင်ပေးရန် ဆောက်လုပ်ရေးအဖွဲ့က အကြံပြုသော်လည်း ပြန်လည် မပြုပြင်ဘဲ ဆက်လက်ဆောက်လုပ်နေကြောင်း သူကဆက်ပြောသည်။

သို့ရာတွင် မုတ္တမ ဆောက်လုပ်ရေးကုမ္မဏီ မန်းနေးဂျင်းဒါရိုက်တာ ဦးစိုးမိုးက “အရည်အသွေးပြည်အောင်လုပ်ပေးနေပါတယ်။ ကောင်းအောင်လည်းလုပ်ထားပါတယ်။ သူတို့ (ကျောင်းအကျိုတောင်ဆောင်) တွေ ပြင်စေချင်တာကိုလည်း ပြီခဲ့တဲ့ ၇ ရက် အတွင်း ပြင်ထားပေးပါတယ်” ဟု ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ ကျောင်းပေါင်း ၆၁ ကျောင်းကို ပြည်ထောင်စု ပညာရေးဝန်ကြီးဌာနမှ ၂၀၁၄-၂၀၁၅ ခုနှစ်ဘဏ္ဍဍာ နှစ်တွင် ကျပ်သန်း ၃၀၁၃.၂၀ သန်းဖြင့် ကျောင်းဆောက်လုပ်ခွငြ့်ပုခဲ့ကြောင်း မွန်ပြည်နယ်ပညာရေးဝန်ကြီး ဒေါက်တာလှဦးက ပြောသည်။

ဒေါက်တာလှဦးက “ဒီအတိုင်းဆက်ဆောက်နေရင် မြို့နယ်က စာတင်လေ။ ဆောက်လုပ်တာ မကောင်းပါဘူးဆိုတာကို စာတင် လိုက်ရင် လိုအပ်ရင် ကျနော်တို့ စစ်ဆေးတွေ့ရှိက ကျနော်တို့ပြည်နယ်ကလည်း ပြန်ပြင်ခိုင်းမှာပေါ့၊ မြပြင်ရင် မရေးယူမှာပေါ့” ဟု ဆက်ပြောသည်။

အဆိုပါကျောင်းများဆောက်လုပ်ရန်အတွက် မွန်ပြည်နယ်အစိုးရမှ ကုမ္ပဏီများကို တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါအရွေးချယ်ခံသည့် ကုမ္ပဏီများအား အစိုးရမှ စိစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ရေးသားသူ: ကေသီ
လွတ်လပ်သောမွန်သတင်းအေဂျင်စီ
http://burmese.monnews.org/

အပျိုစင်ပြန်ဖြစ်ရန် အမျိုးသမီးအင်္ဂါ ခွဲစိတ်သည့်ကြော်ငြာ ကမ္ဘောဒီးယားတားမြစ်

ဓာတ်ပုံ (Bigstock)
အပျိုစင်ပြန် ဖြစ်ရန် အမျိုးသမီး လိင်အင်္ဂါ ခွဲစိတ်တဲ့ ကြော်ငြာ တွေကို ရပ်နားဖို့ ဆေးရုံကို ကမ္ဘောဒီးယား အစိုးရက တားမြစ်လိုက်ပါတယ်။

ဇန်န၀ါရီ ၂၃ ရက်နေ့က တပ်ထားတဲ့ ပြန်ကြားရေး ၀န်ကြီးရဲ့ တားမြစ်စာမှာတော့  လူ့အဖွဲ့အစည်းရဲ့ အကျင့်စာရိတ္တကို ထိခိုက် ပျက်ပြား စေတယ်လို့ အေအက်ဖ်ပီ သတင်းက ရေးပါတယ်။

ကမ္ဘောဒီးယားက ဆေးခန်းတော်တော်များများက ဒီခွဲစိတ်မှုကို တိတ်တဆိတ် လုပ်ဆောင်မှုတွေ ရှိနေသလို ဖနွမ်းပင် ဗစ်တိုးရီးယား နိုင်ငံတကာဆေးရုံက တမူထူးခြားစွာနဲ့ လူသိရှင်ကြား ကြေညာလိုက်တာလို့ ဆိုပါတယ်။

ဆေးရုံကို လာတဲ့ တခြားလူနာတွေရဲ့ ဂုဏ်သိက္ခာဟာလည်း ကြော်ငြာကြောင့် ပျက်ပြားစေသလို နိုင်ငံတွင်းက မီဒီယာတွေကိုလည်း ဒါကို မကြော်ငြာဖို့ တားမြစ်စာမှာ ပါရှိတယ်လို့ သတင်းက ရေးပါတယ်။

ဒီခွဲစိတ် ကုသမှုကို ကျွမ်းကျွမ်းကျင်ကျင် မလုပ်တတ်ဘူးဆိုရင်တော့ အမျိုးသမီးတွေရဲ့ မျိုးပွားမှုကို ထိခိုက်နိုင်တဲ့ အတွက် အာဏာပိုင်တွေက ဆေးရုံတွေမှာ ခွဲစိတ်မှုအတွက် ကျွမ်းကျင်တဲ့ ဆရာဝန်ရှိမရှိ စစ်ဆေးသင့်တယ်လို့ အမျိုးသမီးဆိုင်ရာ ၀န်ကြီးဟောင်းက ပြောတယ်လို့ ဆိုပါတယ်။

မကြာခင်နှစ်တွေကလည်း ငယ်ရွယ်တဲ့ အမျိုးသမီးတွေရဲ့ အပျိုစင်ဘ၀ကို ချမ်းသာတဲ့ လူတွေကို ရောင်းချမှုတွေကြောင့် ကမ္ဘောဒီယားဟာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

တခြားအာရှက လူမှုအသိုင်းအ၀န်းတွေလိုပဲ လက်မထပ်မီအချိန်အထိ အပျိုရည်ကို ထိန်းသိမ်းတာဟာ ကမ္ဘောဒီးယား အမျိုးသမီးတွေအတွက် ဖိအားတခုလို ဖြစ်နေပါတယ်။

ဒီအတွက် လိင်မဆက်ဆံပေမယ့် ပျက်ယွင်းတတ်တဲ့ အပျိုရည်ကို ထိန်းသိမ်းဖို့ နည်းလမ်းတွေ ရှာဖွေကြသလို အပျိုရည်ရှိပေမယ့် အပျိုဟုတ်မဟုတ် စစ်ဆေးဖို့ နည်းလမ်းကောင်းမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/79336

မြောင်းမြတွင် ၀က်ကောင်ရေ ရာချီ ၀မ်းကျရောဂါ သံသယဖြင့် သေဆုံး


ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ၀က်ဝမ်းကျရောဂါလို့ ယူဆရတဲ့ ရောဂါကြောင့် ၀က်ကောင်ရေ ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်န၀ါရီလ လဆန်းပိုင်း လောက်ကစပြီး မြောင်းမြမြို့ အရှေ့ခြမ်း ကျေးရွာတွေ ဖြစ်တဲ့ ကွယ်လွယ်၊ မြစန္ဒာ၊ ကံကုန်း၊ မွေတော်ရှမ်းစုနဲ့ မွေတော်တည်ချောင်းစတဲ့ ကျေးရွာတွေမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မွေးမြူရေး ၀က်တွေရော၊ လွှတ်ကျောင်းမွေးတဲ့ ၀က်တွေမှာပါ ဖြစ်တာလို့ မြို့ခံ ဦးမြင့်လွင်က ပြောပါတယ်။

“၀က်တွေက ခြံတိုင်းခြံတိုင်းမှာ သေတယ်။ တနေ့ကို တရွာမှာ ၃ ကောင်၊ ၅ ကောင်စသဖြင့် နေ့တိုင်းသေနေတာပါ။ ဖြစ်တဲ့လက္ခဏာကတော့ ၀က်တွေက အစာမစားဘဲ မှိုင်တယ်၊ နောက် ကိုယ်အပူရှိန်မြင့်လာတယ်။ နှာရည်တွေကျ၊ မျက်ရည်တွေ ကျပြီး တကိုယ်လုံးမှာလည်း အနီစက်တွေ ပေါ်လာတယ်။ ရောဂါစဖြစ်ပြီး ၃ ရက်လောက်ကြာရင် သေတာပဲဗျ၊။ တချို့ခြံလုံးကျွတ် သေတယ်။ အကောင် ၅၀၀ လောက် သေပြီလို့ ပြောတယ်။”

မြောင်းမြမြို့နယ် မွေးမြူရေးနဲ့ ကုသရေးဦးစီးမှူး ဒေါက်တာစိုးမြင့်အောင်ကတော့ ၀က်ဝမ်းကျရောဂါလို့ သံသယရှိတဲ့အကြောင်းနဲ့ ဌာနအနေနဲ့ လုပ်ဆောင်ထားတာတွေကို အခုလို ပြောပါတယ်။

“ကျနော့်အနေနဲ့ ၀က်ဝမ်းကျရောဂါလို့ သံသယ ဖြစ်မိပါတယ်။ ဘာတွေလုပ်နေလဲဆိုရင် ဌာနအနေနဲ့ အဲဒီရောဂါဖြစ်နေတဲ့ရွာတွေကို သွားပြီး ပိုးသတ်ဆေး ဖြန့်ဝေပေးပြီး ဖျန်းခိုင်းပါတယ်။ ရောဂါဖြစ်တဲ့ဝက်ကို ထိုးနှံရမယ့်ဆေးဝါးတွေကို ညွှန်ကြားပါတယ်။ ဒီမနက်ပဲ ရန်ကုန်ဝက်သားတင်မယ့်သူတွေကို ခေါ်တွေ့ပြီး ပိုးသတ်ဆေးဖျန်းဖို့၊ ရောဂါဖြစ်နေတဲ့ဝက်တွေ မ၀ယ်ဖို့၊ ရန်ကုန်ကအ၀င်၊ ရန်ကုန်ကအထွက် ၀က်တင်တဲ့ ကားတွေ၊ ကားဘီးတွေနဲ့ ထိတွေ့ သယ်ယူပို့ဆောင်တဲ့ ကိရိယာတွေကို ပိုးသတ်ဆေးဖျန်းဖို့ မနက်ကပဲ ကျနော် ညွှန်ကြားထားပါတယ်။”

ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေး ထိုးမထားလို့ ဖြစ်တာ၊ ၀က်ကောင်ရေ ၅၀၀ လောက်သေ တယ်ဆိုတာလည်း မဟုတ်ဘူးလို့ ငြင်းပါတယ်။

ရောဂါဖြစ်တဲ့ဝက်တွေကို ဆေးလိုက်လံကုသပေးနေတဲ့ ကျန်းမာရေးလုပ်သား ဦးညီညီကတော့ အခုလဆန်းပိုင်းမှာ ၀က်အသေအပျောက်များခဲ့တယ်လို့ ပြောပါတယ်။

“တခုတော့ ရှိတယ်။ ဖြစ်ခါစက ဆေး မတွေ့ဘူးလေ။ ဆေး မတွေ့တဲ့အခါကျတော့ သေကြပါတယ်။ အခုနောက်ပိုင်း ဆေးတွေ့တဲ့အခါကျတော့ ဆေးထိုးကုလိုက်လို့ အဆင်ပြေသွားပါပြီ။ ချွဲထ ချောင်းဆိုး အအေးပတ်ပေါ့။ ရာသီဥတုကြောင့် ဖြစ်တဲ့သဘောပါ။”

မြောင်းမြမှာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ထဲ  ၀က်နားရွက်ပြာရောဂါဖြစ်တုန်းကလည်း အလားတူ ၀က်သေဆုံးမှု ဖြစ်ပွားခဲ့ဖူးပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/79344

ကချင် သတ်ဖြတ်မှု ခေတ်မီနည်းနဲ့ စစ်ဆေး


ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ ကောင်းခါးကျေးရွာမှာ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်က ကျောင်းဆရာမ နှစ်ဦး အသတ်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး တပ်မတော် သားတွေနဲ့ ဒေသခံ ရွာသားတွေ ကို DNA မျိုးဗီဇ စစ်ဆေးမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အခင်းဖြစ်ပွားခဲ့ညက ကောင်းခါးရွာမှာ တာဝန်ကျခဲ့သူ တပ်မတော်သား၂၅ ဦးနဲ့ ရွာသား ၁ဝ ဦးတို့ရဲ့ မျိုးဗီဇနမူနာတွေကို စုဆောင်းထားပြီး ဖြစ်တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူး ဦးစန်းလွင်က ပြောဆိုကြောင်း AFP သတင်းကဖော်ပြပါတယ်။

အဲ့ဒီ မျိုးဗီဇနမူနာတွေကို နေပြည်တော်ကို ပေးပို့ပြီး၊ အသတ်ခံရသူတွေရဲ့လက်ထဲကတွေ့ရှိခဲ့ရတဲ့ ဆံပင်တွေနဲ့ တိုက်ဆိုင်စစ်ဆေးမှာ  ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီရာဇဝတ်မှုမှာ အနည်းဆုံး လူနှစ်ယောက် ပါဝင်ပတ်သက်မှုရှိမယ်လို့ ရဲကယူဆထားပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး နေစဉ်ကာလ အတွင်း တပ်မတော်ကို ပုတ်ခတ်ရေးသား ပြောဆိုသူတွေ ရှိနေကြောင်း၊ အဲဒီစွပ်စွဲပြောဆိုမှုတွေကို တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း တပ်မတော်က နိုင်ငံပိုင်သတင်းစာတွေမှာ သတိပေးထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

ဧရာဝတီကျောင်းသားတွေ သပိတ်မှာ ပါဝင်လာပြီ


အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြမယ့် ဧရာဝတီတိုင်းက ကျောင်းသားတွေ ပုသိမ်မြို့ကို စုစည်းရောက်ရှိနေ ပြီး သပိတ်စစ်ကြောင်း ချီတက်ပွဲ ဒီနေ့ စတင်မယ်လို့ ပြောကြားပါတယ်။

ပုသိမ်မြို့က ကျောင်းသားတွေ အပြင် မြောင်းမြ၊ မအူပင် အစရှိတဲ့မြို့တွေက ကျောင်းသားတွေလည်း ရောက်နေပြီး ရန်ကုန်က တက္ကသိုလ်တွေမှာ ဧရာဝတီတိုင်းကနေ သွားတက်ရောက်နေတဲ့ ကျောင်းသားတွေ လာရောက်ပူးပေါင်းကြ တာပါ။

ဧရာဝတီတိုင်း ပညာရေးဒီမိုကရေစီစစ်ကြောင်း အစီအစဉ်တွေကို ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသား သမဂ္ဂအဖွဲ့ဝင် ကိုတေဇာက ပြောပြပါတယ်။

"ကျနော်တို့ ဒီဧရာဝတီသပိတ်စစ်ကြောင်းက မနက် ၁ဝ နာရီကနေ စတင်ပြီးတော့ သပိတ်မှောက်သွား မှာပါခင်ဗျ၊ မနက် ၁ဝ နာရီနာရီကနေပြီး ကျနော်တို့စစ်ကြောင်းဟာ ပုသိမ်တစ်မြို့လုံးကိုပတ်မယ်၊ ပတ်ပြီး လို့ရှိရင် အချိန်အတိုင်းအတာပေါ်မူတည်ပြီးတော့ နားရင်လည်းနားမယ်ပေါ့နော်၊ မနားပဲနဲ့နောက်တစ်နေ့ ၃၁ ရက်နေ့ကို ကျနော်တို့ ကျောင်းတွေကိုလည်း ဆက်လက်ပြီးတော့ ချီတက်ပြီးတော့ ဆန္ဒပြဖို့စီစဉ်ထားပါတယ် ခင်ဗျ"

ပခုက္ကူက ကျောင်းသားတွေလည်း ဧရာဝတီတိုင်းက ကျောင်းသားတွေနဲ့ လာရောက်ပူးပေါင်း ကြမယ်လို့ ပြောပါတယ်။

အနယ်နယ်အရပ်ရပ်က ရောက်လာတဲ့ ကျောင်းသားတွေဟာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ပညာပါရမီစာသင်ဝိုင်းမှာ တည်းခိုကြတယ်လို့ဆိုပါတယ်။ အာဏာပိုင်တွေဘက်က အနှောင့်အယှက် တစုံတရာပေးတာ မရှိပေမဲ့ စောင့်ကြည့်နေ တယ်လို့လည်း ကျောင်းသားတွေက ပြောပါတယ်။

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြီး ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်တယ်လို့ မနေ့ကထုတ် သတင်းစာတွေမှာ ပါရှိပါတယ်။

ဒီနေ့ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာမှာတော့ လမ်းလျှောက်ဆန္ဒထုတ်ဖော်သည့် ကျောင်းသားအဖွဲ့ ကျောက် ပန်းတောင်းမြို့သို့ရောက်ရှိလို့ ပါရှိပါတယ်။

သပိတ်မှောက်ကျောင်းသားတွေဟာ အချက် ၁၁ ချက်တောင်းဆိုထားပြီး ဒီအထဲ ပညာရေးမူဝါဒနဲ့ ဥပဒေရေးဆွဲတဲ့ အခါ ကျောင်းသားနဲ့ ဆရာကိုယ်စားလှယ်တွေ ပါဝင်ဖို့နဲ့ ကျောင်းသားသမဂ္ဂတွေကို တရားဝင်ဖွဲ့စည်းခွင့်ပြုဖို့လည်း ပါရှိပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

၂၀၁၅ စစ်ရေးလေ့ကျင်မှု ဒေသတွင်း စစ်ပွဲများကို အောင်နိုင်ရန်ဟု တရုတ်ပြော


၂၀၁၅ ခုနှစ် တရုတ်ရဲ့ စစ်ရေး လေ့ကျင်မှုတွေက ဒေသတွင်း စစ်ပွဲတွေကို အနိုင်ရဖို့နဲ့ စွမ်းရည်တိုးတက်ဖို့ ဦးတည် လေ့ကျင့်တာလို့ ပြောပါတယ်။

ကာကွယ်ရေး ၀န်ကြီးဌာန ပြောခွင့်ရ အဆင့်မြင့် အရာရှိ ယန်ယူဂျန်က တိုက်ခိုက်ရေး စွမ်းရည် မြင့်တက်ဖို့ဆိုတဲ့ အချက်ကို တရုတ်လူထု လွတ်မြောက်ရေး တပ်မတော် (PLA) က ခိုင်မာ ယုံကြည်ထား တယ်လို့ ဇန်န၀ါရီ ၃၀ ရက်က သတင်းထောက် တွေကို ပြောတဲ့ အကြောင်း အေအက်ဖ်ပီသတင်းမှာ ရေးပါတယ်။

ဒေသတွင်း စစ်ပွဲတွေ အနိုင်ရရှိဖို့ အတွက် စွမ်းရည်တိုးတက်ဖို့ နိုင်ငံခြား တပ်ဖွဲ့တွေနဲ့ယှဉ်ပြိုင်ဖို့ ပူးပေါင်း စစ်ရေး လေ့ကျင်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း သူက ပြောပါတယ်။

ဒေသတွင်း စစ်ပွဲဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး အသေးစိတ်ရှင်းရှင်းလင်း ပြောဆိုခြင်းမရှိသလို တရုတ်က ဂျပန်၊ ဖိလစ်ပိုင်တို့နဲ့ တောင်တရုတ်နဲ့ အရှေ့တရုတ် ပင်လယ်မှာ ရေပိုင်နက်ကိစ္စ အငြင်းပွားနေပါတယ်။

ဒါအပြင် တရုတ်က အိန္ဒိယ သမုဒ္ဒရာမှာလည်း ၂၀၀၈ ကတည်းက စစ်သင်္ဘော အမျိုးမျိုးစေလွှတ်ပြီး စောင့်ကြည့်ရေး တာဝန်တွေနဲ့ ပင်လယ်ဓားပြ တိုက်ဖျက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

တရုတ်က ရေတပ်ကို တိုးချဲ့လာသလို ကမ်းခြေကနေ အတော်ဝေးဝေးကိုလည်း စစ်သင်္ဘောတွေ စေလွှတ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေ၊ စောင့်ကြည့်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/79327

မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်ရှိ ဈေးဆိုင်ခန်းများတွင် မီးလောင်မှုဖြစ်ပွား


ရန်ကုန်၊ ဇန်န၀ါရီ ၃၀

၃၀.၁.၂၀၁၅ ရက်နေ့ ၀၃၀၀ အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ အောင်သိဒ္ဓိ လမ်းမကြီးနှင့် အောင်သိဒ္ဓိကျောင်းလမ်းထောင့်ရှိ ဈေးဆိုင်ခန်း များတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ အဆိုပါနေရာရှိ မရမ်းကုန်းမြို့နယ်နေ ဦးကျော်ထွေး(၅၀)နှစ်၏ ထမင်းဆိုင်မှ လျှပ်စစ်ဒါးမိန်းခလုတ်မှာ အပူလွန်ကဲပြီး ၀ါယာရှော့ဖြစ်ကာ မီးစတင် လောင်ကျွမ်းခဲ့ရာမှ ၎င်းထမင်းဆိုင် အပါအ၀င် ကုန်စုံဆိုင်၊ မော်တာပြုပြင်ရေးဆိုင်နှင့် ၎င်းဆိုင်ခန်းများ၏ အပေါ်ထပ်ရှိ အခန်းများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ရှိပြည်သူများ၊ မီးသတ်ယာဉ်များနှင့် တာဝန်ရှိသူများ ရောက်ရှိမီးငြှိမ်းသတ်ခဲ့သဖြင့် ၀၃၅၂ အချိန်တွင် မီးငြိမ်းသွားကြောင်း သိရှိရပါသည်။

ယင်းသို့ မီးလောင်မှုဖြစ်ပွား ခဲ့သည့် အတွက် ဦးကျော်ထွေးအား မရမ်းကုန်း မြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်း (ပ)၅၆/ ၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

နိုင်ငံတော် အလံပေါ်တွင် လက်မှတ်ထိုးခြင်း၊ ရေးခြစ်ခြင်း ဥပဒေနှင့်ငြိစွန်း

ပုံစာ - သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ထိုးထားသည့် နိုင်ငံတော်အလံ
ရန်ကုန်၊ ဇန်န၀ါရီ ၂၈

နိုင်ငံ၏ အမှတ်တံဆိပ် ဖြစ်သော နိုင်ငံတော် အလံပေါ်တွင် လက်မှတ် ထိုးခြင်း၊ ရေးခြစ်ခြင်းများ ပြုလုပ်ခြင်းသည် ဥပဒေနှင့် ငြိစွန်းကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ဇန်န၀ါရီ ၂၈ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်းက သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ်တို့၏ ပူတာအို ခရီးစဉ်အတွင်း ဧ၀ရက် တောင်တက်ရန် အတွက် ပြင်ဆင်နေသည့် မြန်မာနိုင်ငံ သား တောင်တက် သမားများကို နိုင်ငံတော် အလံပေါ်တွင် လက်မှတ်ထိုး ပေးအပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဦးရောဘတ်စန်းအောင်က အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ် သည်။

““အလံပေါ်မှာ လက်မှတ်ထိုးတာပဲဖြစ်ဖြစ်၊ ရေးခြစ်တာပဲဖြစ်ဖြစ် အဲဒါမလုပ်ရဘူးဗျ။ အဲဒါလုပ်ရင် ဥပဒေနဲ့ ငြိစွန်းတာပဲ။ အလံဆိုတာက တိုင်းပြည်နဲ့လူမျိုးအတွက် အမှတ်တရ အထိမ်းအမှတ် အလံတော်ကို ဘယ်လို နည်းနဲ့မှ မလုပ်ရဘူး။ အလံပေါ်မှာရေးခြစ်တာ၊ လက်မှတ်ထိုးတာ၊ သင်္ကေတတစ်ခုခုကို လုပ်တာ တွေဟာ ဒါဥပဒေနဲ့ ငြိစွန်းနေတယ်”” ဟုဦးရောဘတ်စန်းအောင်က ပြောသည်။ ၂၀၁၄ ခုနှစ် မတ်လအတွင်းက သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့၏ ပူတာအိုခရီးစဉ်အတွင်း ၎င်းတို့ လက်မှတ် ရေးထိုးထားသည့် နိုင်ငံတော် အလံ ကို တောင်တက်သမားများအား ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယင်း အဖွဲ့နှင့် အခမ်းအနားကို အစိုးရနှင့် နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၏ ထူးဖောင်ဒေးရှင်က ပြုလုပ်ပေး ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလံပေးအပ်မှုနှင့် ပတ်သက်၍ ““ပူတာအိုမှာ သမ္မတကြီး ခရီးစဉ်မှာ သမ္မတကြီးနဲ့ တပ်ချုပ်ကြီး ကနေပြီးတော့ မြန်မာနိုင်ငံတော် အလံပေါ်မှာ လက်မှတ်ထိုးပြီးတော့ အောင်နိုင်ရေး အလံအဖြစ်နဲ့ ပေးအပ် လိုက်ပါ တယ်။ ပေးအပ်တဲ့ အလံကို ကျွန်တော်တို့ ဒီနေ့ အခမ်းအနားမှာ လည်း တောင်တက်အဖွဲ့ ၅ ယောက်ကို အဲဒီအလံကို ပေးလိုက်ပါတယ်။ သူတို့က တောင်ပေါ်တက်ပြီးတော့ မြန်မာနိုင်ငံအလံ တပ်ချုပ်ကြီးနဲ့ သမ္မတကြီး ထိုးထားတဲ့ အလံကို သူတို့က အဲဒီမှာ စိုက်ထူမှာပါ””ဟု Htoo Foundation အမှုဆောင်အရာရှိချုပ် ဦီးပေါ်မြင့်ဦးက မီဒီယာများသို့ ပြောကြားခဲ့သည်။

၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့သည့် နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၃ (က)တွင် နိုင်ငံတော် အလံပေါ်တွင် စာလုံး၊ ဂဏန်း၊ ရုပ်ပုံနှင့်သင်္ကေတ စသော အမှတ်အသားတစ်ခုခုကို ရေးသားခြယ်လှယ်ခြင်း၊ တွယ်ကပ်ခြင်း၊ ပုံနှိပ်ခြင်း သို့မဟုတ် တစ်ခုခုဖြင့် အရာထင်စေခြင်း စသည်တို့ကို မည်သူမျှ မပြုလုပ်ရန် တားမြစ်ထားပြီး သမ္မတနှင့် ကာချုပ်က နိုင်ငံတော် အလံပေါ်တွင် လက်မှတ်ထိုးခဲ့သည့် ဖြစ်ရပ်အပေါ် တရားဝင် ရှင်းလင်း ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

““ဒါသင့်လျော်ဘူးပေါ့ဗျာ။ ဦးစီးဦးဆောင် လုပ်နေတဲ့ ရှေ့ဆောင်တဲ့ ပုဂ္ဂိုလ်တွေက ရှောင်ကြဉ်သင့်တာပေါ့။ မရှောင်ကြဉ်ရင် ပြည်သူပြည်သားတွေ မှာ စံနမူနာလို ဖြစ်သွားရင် ရှင်းရခက်လိမ့်မယ်”” ဟု ဦးရောဘတ် စန်းအောင်က မှတ်ချက်ပြု ပြောကြားသည်။

နိုင်ငံတော် အလံပေါ်တွင် လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ ““အလံပေါ်မှာ လက်မှတ်ထိုးလို့ တော့ရတယ်။ မဖွယ်မရာ လုပ်တာ မဟုတ်ရင်။ နိုင်ငံတော် အလံ ဥပဒေရှိတယ်။ နိုင်ငံတော်အလံ ဥပဒေမှာ နိုင်ငံတော် အကြီးအကဲ အဲဒီလို လက်မှတ်ထိုးရုံနဲ့ အပြစ်ရှိတယ်လို့တော့ အဲဒီလို သတ်မှတ်မထားဘူး”” ဟု တရားလွှတ်တော်ရှေ့နေ ဦးဇော်လင်းက မှတ်ချက်ပေးသည်။

လတ်တလောတွင် အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်သည့် အနေဖြင့် မန္တလေးမြို့မှ ရန်ကုန်သို့ လမ်းလျှောက် လာနေသည့် ကျောင်းသားများက ဇန်န၀ါရီ ၂၆ ရက်က မြင်းခြံဒီဂရီ ကောလိပ် အတွင်းရှိ နိုင်ငံတော် အလံကို ဖြုတ်ချကာ ကျောင်းသားသမဂ္ဂအလံ လွှင့်ထူခဲ့သည့်အတွက် မြင်းခြံ ရဲစခန်းက နိုင်ငံတော် အလံဥပဒေ ပုဒ်မ ၁၆ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ဇန်န၀ါရီ ၂၇ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများနှင့် တပ်မတော်က ထုတ်ဝေသည့် မြ၀တီသတင်းစာတို့တွင် ဖော်ပြပါရှိသည်။

ယင်းကဲ့သို့ နိုင်ငံတော်အလံအား ဖြုတ်ချ၍ ကျောင်းသားသမဂ္ဂအလံ လွှင့်ထူခဲ့ခြင်းမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ အဆိုပါ ကျောင်းတာဝန်ရှိသူများက တားဆီးခြင်းနှင့် ယခင်ကတည်း ကပင် ကျောင်းသားသမဂ္ဂနှင့် သက်ဆိုင်သည့် ဆောင်ရွက်မှုများအား တင်းကြပ်စွာ တားမြစ်သည့် သတင်းများကြောင့် လုပ်ဆောင်ခဲ့မိခြင်းသာဖြစ်ကြောင်း အထက်ဗမာပြည် ဗကသအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ ရှင်းပြသည်။

““ကျောင်းတံခါးဖွင့်ပေးတာ တောင်မှ တချို့ဆရာ၊ ဆရာမတွေက လမ်းဖယ်မပေးဘူး။ နောက်နဂိုတည်းက ဒီကျောင်းက တင်းကျပ်တယ်ဆိုတဲ့ သတင်းတွေက အဲဒီကျောင်းမှာရှိတဲ့ သမဂ္ဂရဲဘော်တွေဆီက ကြားထား တာတွေက အကုန်လုံး ရောသွားတော့ ကျောင်းသားတွေမှာ ခံစားချက်များပြီး လုပ်လိုက်တဲ့ သဘောပဲ။ နောက်တစ်ခုကအလံကို ဖြုတ်ချပြီးတော့ နင်းချေပြီးတော့ လုပ်လိုက်တာ မဟုတ်ဘူး။ တရိုတသေ ခေါက်ပြီးတော့ ထားတာပဲ။ ဘာရည်ရွယ်ချက်နဲ့မှ လုပ်တာ မဟုတ်ဘူး””ဟု အထက်ဗမာပြည် ဗကသမှ ကိုအောင်မှိုင်းဆန်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယခု စွဲဆိုထားသည့် ပုဒ်မ ၁၆ မှာ ယင်းဥပဒေပါ ပုဒ်မ ၁၃၊ ၁၄၊ ၁၅ တို့မှ တစ်ခုခုအား ချိုးဖောက်ပါက ယင်းပုဒ်မဖြင့် စွဲဆိုရမည်ဟု ပြဋ္ဌာန်း ထားခြင်းဖြစ်ပြီး ပုဒ်မ ၁၃ တွင်““နိုင်ငံတော် အလံပေါ်တွင် စာလုံး၊ ဂဏန်း၊ ရုပ်ပုံနှင့် သင်္ကေတစသော အမှတ်အသားတစ်ခုခုကို ရေးသားခြယ်လှယ်ခြင်း၊ တွယ်ကပ်ခြင်း၊ ပုံနှိပ်ခြင်း သို့မဟုတ် တစ်ခုခုဖြင့် အရာထင်စေခြင်း”” ဟုပါရှိပြီး ယင်းအား မည်သူမျှ မလုပ်ရဟု ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။

“ဒီအလံကိုဖြုတ်ပြီးတော့ မီးရှို့လိုက်သလား၊ ဖျက်ဆီးသလား ကြည့်ရမယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ တစ်ဖက် သတ်ကြီး လိုရာစွဲရင်တော့ မကောင်းဘူးပေါ့။ ကျွန်တော် နားလည်တာကတော့ အလံဥပဒေ ပုဒ်မ ၁၃မှာ ဘာနဲ့ငြိလဲ။ ပုဒ်မ ၁၄ မှာကော ဘာနဲ့ငြိလဲ။ အဲဒီအကြောင်းအရာတွေနဲ့ ဖြုတ်ချတယ်ဆိုပြီး ပုဒ်မတပ်မယ် ဆိုရင်တော့ ဖြုတ်ချတယ် ဆိုတဲ့ စကားလုံးက ဥပဒေမှာ မပါဘူး။ ရမိရရာ ပုဒ်မတပ်ပြီးတော့ ကျောင်းသား သပိတ်စစ်ကြောင်းကို နှေးကွေး သွားအောင် လုပ်တာဆိုရင်တော့ မကောင်းဘူးပေါ့ဗျာ။ ပုဒ်မ (၁၆) က ပုဒ်မ (၁၃) (၁၄) (၁၅) ပါ ပြဋ္ဌာန်းချက်ကို ချိုးဖောက်ရင် ၁၆ နဲ့ စွဲတာပေါ့””ဟု တရားလွှတ်တော် ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က သုံးသပ်ပြောကြားသည်။ နိုင်ငံတော်အလံ မီးရှို့မှုနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲအဖြစ် မြန်မာအသင်းနှင့် အင်ဒိုနီးရှား အသင်း ဘောလုံးကစားရာတွင် မြန်မာအသင်း ရှုံးနိမ့်ခဲ့သည့်အတွက် မကျေနပ်သည့် ပရိသတ်များက နိုင်ငံတော်အလံ မီးရှို့ခြင်း၊ ကွင်းအတွင်းရှိ ထိုင်ခုံများ ဖျက်ဆီးခြင်း၊ ဆီးဂိမ်းစ်ပိုစတာများ မီးရှို့ခြင်းများ ပြုလုပ်ခဲ့ဖူးသည်။

ယင်းသို့ ပြုလုပ်ခဲ့မှုကြောင့် ကွင်းအတွင်း ဆင်းသက်သူ သုံးဦးနှင့် သောင်းကျန်းသူ ၆ ဦးကို သင်္ဃန်းကျွန်း ရဲစခန်းက ဖမ်းဆီးခဲ့သော်လည်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဦးဇော်ဇော်၏ ညှိနှိုင်းမှုဖြင့် ဖမ်းဆီးထားသူ များအား ပြန်လွှတ်ပေးခဲ့သည့်အပြင် နေရပ်ပြန်ရန်အတွက် ခရီးစရိတ်များပင် ထုတ်ပေးခဲ့သေးသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၄ ရက်မှ ၁၇ ရက်အထိ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ၏ ပထမအကြိမ် ပါတီညီလာခံတွင်လည်း နိုင်ငံတော်အလံအား ပြောင်းပြန်စိုက်ထူမှု ဖြစ်ပွားခဲ့သေးရာ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သေးသည်။

MH-0030

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ