နိုင်ငံရေး လမ်းမှားခဲ့မှုကြောင့် စီးပွားရေး ချွတ်ခြုံကျခဲ့ခြင်းဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - အောင်ကြီး)
မြန်မာနိုင်ငံဟာ နိုင်ငံရေး လမ်းမှား ခဲ့တာကြောင့် စီးပွားရေးနဲ့ လူမှုရေး အပိုင်းတွေမှာ ချွတ်ခြုံကျ ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

ဒီနေ့ ကျင်းပပြုလုပ်တဲ့ မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်က ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်ပွဲ မိန့်ခွန်းမှာ အခုလို ပြောကြားလိုက်တာပါ။

“တချိန်တခါတုန်းက ကျမတို့ အရှေ့တောင်အာရှမှာ ကျမတို့နိုင်ငံဟာ အတိုးတက်ဆုံးနိုင်ငံဖြစ်တယ်။ အားလုံးကလည်း တချိန်တခါမှာ ကမ္ဘာ့အလယ် လျှမ်းလျှမ်းတောက်ဖြစ်လာမယ့် နိုင်ငံ တွက်ဆထားတယ်။ ဒါပေမယ့် ဒီလိုမဖြစ်ခဲ့ဘူး။ ဘာလို့ ဒီလိုမဖြစ်ခဲ့လဲဆိုတော့ နိုင်ငံရေးအကြောင်းတွေကြောင့် မဖြစ်ခဲ့တာပဲ။ ကျမတို့နိုင်ငံဟာ နိုင်ငံရေး လမ်းမှားသွားတာနဲ့ စီးပွားရေးရော၊ လူမှုရေးရော ချွတ်ခြုံကျခဲ့တယ်။ ဒါကြောင့် နိုင်ငံရေးဟာ အရေးမကြီးဘူး စားဝတ်နေရေးဟာ အရေးကြီးကြောင်းပြောတဲ့ ပုဂ္ဂိုလ်တွေရဲ့ စကားကို လုံးဝ နားမယောင်ပါနဲ့ တိုက်တွန်းချင်ပါတယ်။ နိုင်ငံရေးလမ်းမှန်မှ စားဝတ်နေရေး ချောင်လည်တဲ့ဘ၀ကို ရောက်သွားကြမယ်ဆိုတာ သေသေချာချာ မှတ်သွားကြပါလို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အေးချမ်းဖို့အတွက် ပြည်သူပြည်သားတွေ ညီညွတ်ကြဖို့ အရေးကြီးကြောင်းလည်း တိုက်တွန်းသွားပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပျော်ဘွယ်မြို့ ဗိုလ်ချုပ် ရာပြည့်အခမ်းအနားကို ဖျော်ဖြေပွဲတွေနဲ့ စတင်ခဲ့ပြီး ပျော်ဘွယ်၊ ရမည်သင်း၊ မိတ္ထီလာ သာစည်မြို့နယ်တွေက လူအင်အား ထောင်နှင့်ချီ တက်ရောက်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မှာဖြစ်လို့ အထိမ်းအမှတ်အခမ်းအနားတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်နေကြတာဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/79494
နိုင်ငံရေး လမ်းမှားခဲ့မှုကြောင့် စီးပွားရေး ချွတ်ခြုံကျခဲ့ခြင်းဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော နိုင်ငံရေး လမ်းမှားခဲ့မှုကြောင့် စီးပွားရေး ချွတ်ခြုံကျခဲ့ခြင်းဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော Reviewed by သစ်ထူးလွင် on 18:24 Rating: 5
Powered by Blogger.