KNU ကရင် ကိုယ်စားလှယ်များ UNFC ညီလာခံမှ နှုတ်ထွက်

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ညီလာခံကို ဒီကနေ့ ချင်းမိုင်မြို့မှာ ပြန်လည်ကျင်းပရာမှာ UNFC ရဲ့ ဖွဲ့စည်းပုံနဲ့ မူဝါဒတချို့ဟာ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ရဲ့သဘောထားကိုက်ညီမှု မရှိတာကြောင့် မနက်ပိုင်း ဆွေးနွေးပွဲအပြီး KNU ကိုယ်စားလှယ်တချို့ အစည်းအဝေး တက်ရောက်ခြင်း မရှိတော့ပဲ နှုတ်ထွက်သွားခဲ့ ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး UNFC ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်တစ်ဦးလည်းဖြစ် KNU အဖွဲ့က မဟာမိတ်ဆက်ဆံရေးဌာန တာဝန်ခံ လည်းဖြစ်တဲ့ ပဒိုဒေးဗစ်တာကပေါက KNU အဖွဲ့ရဲ့ မူဝါဒတွေနဲ့ မကိုက်ညီတာကြောင့် ဖြစ်တယ်လို့ RFA ကို အခုလို ပြောပါတယ်။

"ထွက်သွားတာကတော့ ဒီလိုပါ သူတို့အနေနဲ့ UNFC ရဲ့ အခြေခံ ဥပဒေကို ပြန်လည်ပြီးတော့ သုံးသပ်တယ်၊ ပြင်ဆင်တယ်၊ အဲ့ဒီမှာ သူတို့အနေနဲ့ က ဖြည့်စွက်ချင်တာတွေ ၊ ပြင်ဆင်ချင်တာ လေးတွေကို အဲ့ဒါကို ပြန်ပြီးတော့ ဆွေးနွေးဖို့လိုတယ်လို့ ဆိုပြီးတော့ ထွက်သွားခြင်းဖြစ်ပါတယ်၊ ပြန်လာမှာပါ သို့မဟုတ်ရင်လည်း ပြန်အကြောင်းကြား မှာပေါ့လေ၊ ကျနော်တို့ တပ်ပေါင်းစုထဲက အဖွဲ့အစည်းတွေကတော့ တစ်ဦးနဲ့တစ်ဦးအခြေအနေ မတူဘူးပေါ့၊ သူတို့က ဟိုမူအတိုင်း ကျင့်သုံးတာ ဖြစ်ပါတယ၊် KNU အနေနဲ့က တူတာတွဲလုပ်၊ မတူတာခွဲလုပ် ဆိုတဲ့မူပေါ့လေ"

KNU အဖွဲ့အနေနဲ့လက်ရှိ UNFC ရဲ့ဖွဲ့စည်းအုပ်ချူပ်ပုံနဲ့ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့အနေနဲ့ အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး အဖွဲ့အတွင်း ပြန်လည် ချပြဆွေးနွေးပြီးမှ UNFC ကို KNU အဖွဲ့ဝင် ကိုယ်စာလှယ် ပြန်ပေး၊မပေး ဆိုတာနဲ့ အဖွဲ့ဝင်အဖြစ်ဆက်လက်ခံယူသွားဖို့ ရှိ၊မရှိ ဆိုတာတွေကို အကြောင်းပြန် သွားမှာဖြစ် တယ်လို့လည်း သိရပါတယ်။

လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ဝင် ၁၂ ဖွဲ့ထဲက UNFC ရဲ့ လက်ရှိစုဖွဲ့မှုနဲ့ မူဝါဒကို အဖွဲ့ ၁၁ ဖွဲ့ကသဘောတူကြပေမယ့် KNU အဖွဲ့က အခုလိုအစည်းအဝေးက ထွက်သွားတာဟာ KNU အဖွဲ့ရဲ့ နောက် ကွယ်မှာဖိအားပေးမှု တစ်စုံတစ်ရာရှိနေတာကြောင့် ဖြစ်နိုင်တယ်လို့လည်း သုံးသပ်သူတွေ ရှိနေကြပါတယ်။

လက်ရှိ UNFC အဖွဲ့က အထွေထွေအတွင်းရေးမှူး ဦးနိုင်ဟံသာကတော့ ဒါဟာ UNFC အဖွဲ့ကနေ KNU နှုတ်ထွက်သွားတာ မဟုတ်သေးကြောင်းသာပြောဆိုပြီး တခြားမေးမြန်း မှုတွေအပေါ် ပြောဆိုခြင်း မရှိခဲ့ပါဘူး။

နေ့လည်ပိုင်း UNFC ရဲ့ညီလာခံကို ဆက်လက်ကျင်းပပြီး အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေ နဲ့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပဖို့အတွက် ညီလာခံကိုယ်စားလှယ်တွေက ဆွေးနွေးကြ ပါတယ်။ ညီလာခံကို မနက်ြဖန် စက်တင်ဘာလ ၁ ရက်နေ့မှာ အဆုံးသတ်မယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


နိုင်ငံရေးဆွေးနွေးပွဲအတွက် အဆိုပြုချက် NDF ရေးဆွဲ

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲမှာ တက်ရောက်သင့်တဲ့ ပါတီအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်အရေအတွက် အချိုးအစားပုံစံကို အမျိုးသားဒီမိုကရေစီအင်အားစု ပါတီက ရေးဆွဲထားကြောင်း သိရပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ရေးဆွဲ ထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ရမယ့်အဖွဲ့ အစည်းတွေပုံစံနဲ့ပတ်သက်ပြီး ပါတီဥက္ကဌ ဦးခင်မောင်ဆွေက အခုလိုပြောပါတယ်။

"နိုင်ငံရေးပါတီတွေနဲ့ပတ်သက်လို့ MBC မှာအပစ် အခတ်ရပ်စဲရေးပြီးလို့ရှိရင် ကျနော်တို့ ဘယ်လို ပုံစံနဲ့ သွားကြမယ်ဆိုတာကို ပါတီအသီးသီးကနေ ပြီးတော့ ပူးပေါင်းပါဝင်ကြဖို့ မေတ္တာရပ်ခံထား တာရှိပါတယ်၊ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ ကလည်းဒါကို FDA အနေနဲ့ တစ်ခါတင်ပြီးပါပြီ၊ NDF အနေနဲ့လည်းတင်ပြီးပါပြီ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေနဲ့လည်း တင်ပြီးပါပြီ၊ အစိုးရဘက်မှာလည်း ရှိနေတယ်လို့ကြားရပါတယ်၊ ကြားတော့ ကျနော်တို့ ၄ ဖွဲ့လောက်ကတော့ရပြီပေါ့ဗျာ၊ ကျန်တဲ့ပါတီတွေ တင်ဖို့ကျန်ပါသေးတယ်"

သူတို့ရေးဆွဲထားတဲ့ အဆိုပြုပုံစံကို နိုင်ငံရေးပါတီ ၁၁ ပါတီ နဲ့ဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် အဖွဲ့ဝင်တွေနဲ့လာမယ့် စက်တင်ဘာလ ၉ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ရေးဆွဲထားတဲ့ပုံစံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီတွေ၊ ပညာရှင်တွေနဲ့ အရပ်ဘက်အဖွဲ့ကိုယ်စားလှယ်တွေ စုစုပေါင်း လူဦးရေ ၅၀၀ ပါဝင်ဖို့ရေးဆွဲထားပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညိုနှိုင်းရေးအဖွဲ့ NCCTခေါင်းဆောင်တွေဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့ ကျန်နေတဲ့အချက်တချို့ကို လာမယ့် စက်တင်ဘာလထဲမှာ ဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်ပြီးနောက် ရက်ပေါင်း ၉၀ အတွင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပ ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့ FDA ကို အမျိုးသားဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီစတဲ့ နိုင်ငံရေးပါတီ ၁၁ ခုနဲ့ဖွဲ့စည်းထား တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


 

အိမ်ငှားမျိုးဆက်

အစိုးရသစ်လက်ထက် တန်ဖိုး နည်းအိမ်ရာစီမံကိန်း၊ တန်ဖိုးမျှ အိမ်ရာစီမံကိန်းများကို ရန်ကုန်မြို့၌ အကောင်အထည်ဖော်ဆောက်လုပ် လျက်ရှိခြင်းသည် အိုးပိုင်အိမ်ပိုင် မရှိသည့် မြို့နေလူတန်းစားများ အတွက် အခွင့်အရေးတစ်ရပ်ဖြစ် သည်။ သို့သော်အချို့သော တန်ဖိုး သင့် အိမ်ရာစီမံကိန်းများသည် တိုက်ခန်း၏ တန်ဖိုးငွေကျပ် ၃ဝ ရာခိုင်နှုန်းစတင်ပေးချေရခြင်း၊ အရစ်ကျပေးရမည့် ကာလသည် လည်း ဆောက်လုပ်မှုပေါ်မူတည် ၍ ပေးချေရမည်ဆိုခြင်းကြောင့် လခစားဝန်ထမ်းများ၊ လက်လုပ် လက်စားအလုပ်သမားများအတွက် အခက်အခဲဖြစ်စေခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗိုလ်မှူးဗထူးအိမ်ရာစီမံကိန်း၊ ဧရာ ဝဏ်တန်ဖိုးသင့်အိမ်ရာ စီမံကိန်း စသည်ဖြင့် စီမံကိန်းများဆောက် လုပ်နေခြင်းတို့အပြင် လှိုင်သာယာ မြို့နယ်ရှိ ရွှေလင်ဗန်းတန်ဖိုးနည်း အိမ်ရာစီမံကိန်း အရစ်ကျစနစ်၊ ဘဏ်ချေးငွေတို့ဖြင့်မဲစနစ်နှင့်ရောင်း ချပေးနိုင်ရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ဆောင်ရွက်လျက်ရှိ သည်။

ထိုစီမံကိန်းသည် တိုက် ၂၄လုံး ၌အခန်းပေါင်း ၅၇၆ခန်းကို တစ်ခန်း လျှင် ၄၆၈ စတုရန်းပေရှိသော ခြောက်ခန်းတွဲ လေးထပ် Steel Structure Hall Type ၁၈ လုံး၊ ခြောက်ခန်းတွဲ လေးထပ် RCC Structure) Hall Type ခြောက်လုံး တည်ဆောက် ပြီးစီးခဲ့ပြီးဖြစ်ရာ တန်ဖိုးအနိမ့်ဆုံးကျပ် ၁၁၃ သိန်းမှ အမြင့်ဆုံးကျပ် ၁၂၅သိန်း သတ်မှတ် ထားသည်။

ရွှေလင်ဗန်းအိမ်ရာ၏ ထူးခြား ချက်မှာမိသားစုဝင်ငွေသုံးသိန်းနှင့် ခုနစ်သိန်းကြားရှိသူများ ဘဏ်ချေး ငွေစနစ်ဖြင့် လျှောက်ထားနိုင်ခြင်း ပင်။ ထို့ကြောင့် အိမ်ရာလျှောက် လွှာခေါ်ယူရာတွင် ကျန်အိမ်ရာစီမံ ကိန်းများထက်ပင် လျှောက်လွှာ စောင်ရေ တစ်သိန်းကျော်ထိများ ပြားခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

နိုင်ငံတော်သမ္မတက အိုးပိုင် အိမ်ပိုင်မရှိသေးသည့် ဝင်ငွေနည်း ပြည်သူများအတွက် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများ ထည့်သွင်းစီမံ သွားရမည်ဖြစ်ကြောင်း ယခုလ ၁၅ရက်က နေပြည်တော်၌ကျင်းပ သည့် မြို့ပြကျေးရွာဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းများအား မြေအသုံးချမှု မူဝါဒနှင့်အညီ စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားသည်။

ထို့ပြင်ပန်းလှိုင်မြစ်နှင့် တွံတေး တူးမြောင်းအကြား လှိုင်မြစ်နှင့် လှိုင်သာယာအကြား မြေဧက ၃ဝဝဝဝ ကျော်တွင် တန်ဖိုးနည်း တိုက်ခန်း ၂ဝဝဝဝ ထည့်သွင်း တည်ဆောက်မည့် ရန်ကုန်မြို့ပြ သစ်စီမံကိန်းတစ်ခုကို အကောင် အထည်ဖော်ဆောင်ရွက်ရန် ခွင့်ပြု ထားကြောင်း ရန်ကုန်တိုင်းဒေသ ကြီးပထမအကြိမ် နဝမပုံမှန်အစည်း အဝေးပထမနေ့တွင် မြို့တော်ဝန် ဦးလှမြင့်က သဝဏ်လွှာပေးပို့ခဲ့ သည်။

နိုင်ငံတော်အစိုးရ၏ ပြုပြင် ပြောင်းလဲမှုများဖြစ်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးနှင့် လူမှုစီးပွားဘဝ ပြုပြင်ပြောင်းလဲမှု၊ အစိုးရ၏ အုပ်ချုပ်ရေးယန္တရား တိုးတက်ကောင်းမွန်အောင်ပြုပြင် ပြောင်းလဲမှု၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ပြုပြင်ပြောင်းလဲမှု များကို မဟာဗျူဟာချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်မှု များကို တစ်နည်းအားဖြင့်အသိ အမှတ်ပြုရမည်ဖြစ်သည်။
သို့သော် ထိုအကျိုးရလဒ်များ ကိုပြည်သူလူထုအမှန်တကယ်ခံစား ခွင့်ရရှိရန်လိုအပ်ကြောင်း၊ ခရိုနီ ဆိုသည့်လူတစ်စု၏ လုပ်ကွက် တစ်ခုမဖြစ်ရန် စောင့်ကြည့်ရန် လိုအပ်ကြောင်း သတင်းမီဒီယာ များက အသိပညာပေးရေးသားနေ သည်ကိုလည်း ဖတ်ရှုကြရသည်။

''ကျွန်တော်တို့ မိသားစုအိမ် ငှားဘဝနဲ့ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့ရတော့ အိမ်ပိုင်ဆိုတာ ကိုအလွန်မက်မောပါတယ်။ မိဘ လက်ထက်စီးပွားရေးကျဆင်းခဲ့လို့ အိမ်ပိုင်ဘဝကနေ အိမ်ငှားဘဝ ရောက်ခဲ့တယ်။ အခုမြင့်တက်လာ တဲ့အိမ်ဈေး၊ မြေဈေးတွေကြောင့် မိဘတွေလဲ ပညာအမွေကလွဲလို့ ဘာမှမပေးနိုင်ဘူး။ အဲဒီပညာ တွေနဲ့ ကျွန်တော်တို့တက္ကသိုလ်တွေ ကဘွဲ့ရတယ်။ အလုပ်အကိုင်တွေ ရတယ်။ ဝင်ငွေအတော်အသင့်ရနေ ပေမယ့် အိမ်မဝယ်နိုင်ဘူး။ ငှားနေရ တယ်။ ကျွန်တော်တို့သားသမီး တွေလက်ထက်ကိုရော ဒီလိုပဲပညာ အမွေပဲပေးနိုင်မှာကို စိုးရိမ်တယ်။ အိမ်ငှား မျိုးဆက်တစ်ခုအနေနဲ့ တော့မထားခဲ့ချင်ဘူး''ဟု ဒဂုံ မြို့သစ်(အရှေ့ပိုင်း) မြို့နယ် (၈) ရပ်ကွက်တွင် အိမ်ငှားနေထိုင်သူ ကိုဇော်က ပြောသည်။

လက်ရှိမြန်မာနိုင်ငံ၏ အိမ်ခြံ မြေဈေးနှုန်းမြင့်တက်လာမှုသည် အာဆီယံနိုင်ငံများအတွင်း အမြင့် ဆုံးအဆင့်သို့ရောက်ရှိနေပြီး လက် ဝယ်ငွေပိုငွေလျှံရှိသူများအတွက် ဈေးကစားရန်အခြေအနေတစ်ခုသို့ ရောက်ရှိနေကာ အိမ်ငှားဘဝဖြင့် ရင်ဆိုင်နေရဆဲပြည်သူများအတွက် ရင်လေးစရာ အနေအထားတစ်ခု ပင်ဖြစ်လာခဲ့သည်။

ရန်ကုန်မြို့၏ အိမ်ခြံမြေဈေး ကွက်တွင် အိမ်ငှားရမ်းခမှာအမြင့် ဈေးတွင်ရှိနေပြီး ဈေးကွက်အတွင်း အငှားဈေးနှုန်းမှာ အမျိုးအစား အလိုက်ကွာခြားမှုရှိကာ ယုဇန ဥယျာဉ်မြို့တော်ကဲ့သို့နေရာမျိုးတွင် တိုက်ခန်းငှားရမ်းခ ကျပ်ငါးသောင်း ဝန်းကျင်မှစ၍ရှိပြီး ရန်ကုန်မြို့တွင်း တိုက်ခန်းငှားရမ်းခဈေးနှုန်းများမှာ တစ်သိန်းခွဲ၊ နှစ်သိန်း၊ သုံးသိန်း မှစ၍ ကွန်ဒိုတိုက်ခန်းငှားရမ်းခ သည် ကျပ် သိန်း၂ဝ ဝန်းကျင်မှ သိန်း၃ဝအထိရှိပြီး လုံးချင်းအိမ် ရာများဆိုလျှင် အမျိုးအစားပေါ် မူတည်၍ ငှားရမ်းခများရှိကြောင်း အိမ်ခြံမြေရောင်းဝယ်ငှားဈေးကွက် မှ သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရှိအိမ်ခြံမြေ အကျိုးဆောင်တစ်ဦး က ''ကျွန်တော်တို့ (၃ဝ)ရပ်ကွက် ကျောင်းလမ်းမှတ်တိုင်အနီးမှာရှိတဲ့ တိုက်ခန်းတွေဆိုရင် အပေါ်ဆုံးထပ် လေးလွှာကို ရှစ်သောင်းလောက် ရှိတယ်။ ဈေးနဲ့လဲနီးတယ်။ အဲဒီ ရပ်ကွက်မှာရှိတဲ့ လုံးချင်းအိမ်တွေ ဆိုရင် အမျိုးအစားပေါ်မူတည်ပြီး ခုနစ်သောင်း၊ တစ်သိန်း၊ တစ်သိန်း ခွဲအထိရှိတယ်။ လမ်းမတန်းမှာရှိတဲ့ ဆိုင်ခန်းတွေတောင် တစ်သိန်း၊ တစ်သိန်းခွဲလောက်ရှိတယ်''ဟု ပြောသည်။

ရန်ကုန်မြို့ရှိ သာမန်ဝန်ထမ်း အများစုအနေဖြင့် လစာကျပ်နှစ် သိန်းမရရှိပါက အိမ်ငှားစရိတ်၊ လျှပ်စစ်မီတာခ၊ ရေမီတာခနှင့် မိသားစုစားဝတ်နေရေး၊ ကျန်းမာ ရေးတို့အတွက် အဆင်ပြေနိုင်မည် မဟုတ်ကြောင်း မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်မှ ဦးသန်းဦးက ပြောသည်။ မြန်မာနိုင်ငံ၏ အိမ် ခြံမြေဈေးကွက်သည် ၂ဝ၁၁ ခုနှစ် ဝန်းကျင်မှစ၍ အငှားဈေးကွက် သာမက အရောင်းအဝယ်ဈေး ကွက်ပါအလုပ်ဖြစ်လာခဲ့ပြီး သာမန် အရောင်းအဝယ် လုပ်ကိုင်နေသူ များ၊ အခြေခံအစိုးရဝန်ထမ်းများ၊ အခြေခံပုဂ္ဂလိက ဝန်ထမ်းများ အတွက် လက်ရှိအိမ်ခြံမြေဈေးနှုန်း နှင့် အိမ်ပိုင်ရရှိရန် လွယ်ကူမည် မဟုတ်ကြောင်း ၄င်းကဆက်လက် ပြောကြားသည်။

''ကျွန်တော့်လစာက တစ်လ ကိုကျပ်နှစ်သိန်းခွဲရတယ်။ ကုမ္ပဏီ တစ်ခုမှာ Marketing လုပ်ပါ တယ်။ ဒီဝင်ငွေနဲ့ မိသားစုစရိတ်က လောက်ရုံပဲရှိတယ်။ အိမ်လခက တစ်လကို ကျပ် ၈ဝဝဝဝ ရှိတယ်။ တခြားအိမ်စရိတ်၊ စားဝတ်နေရေး၊ ကျန်းမာရေးကိစ္စတွေနဲ့ဆိုရင် တစ် ခါတလေ လောက်ငမှုမရှိပါဘူး။ အမျိုးသမီးကလဲ ကလေးနဲ့ဆိုတော့ အလုပ်မလုပ်နိုင်ဘူး။ တခြားအပို ဝင်ငွေလဲမရှိတော့ အိမ်ပိုင်ရဖို့ဆို တာမျှော်လင့်လို့မရတဲ့ အနေအ ထားတစ်ခုပါပဲ''ဟု ကိုဗိုလ်ဗိုလ် ကျော်ကပြောသည်။
အိမ်ခြံမြေအရောင်းအဝယ်အ တွက် အခွန်ဥပဒေထွက်ရှိလာသော် လည်း ဈေးနှုန်းမြင့်တက်နေဆဲဖြစ် ပြီး ဈေးကစားသူအများစုမှာ စင်ကာပူ၊ ဂျပန်၊ တရုတ်(တိုင်ပေ) နိုင်ငံများသို့ရောက်ရှိနေသည့် မြန် မာအများစုနှင့် ရွှေလုပ်ငန်းရှင်များ ဖြစ်ကြောင်း သိရသည်။

''တန်ဖိုးနည်းအိမ်ရာက ရွှေ လင်ဗန်းအိမ်ရာတစ်ခုပဲရှိသေးတယ်။ အိမ်ရာတွေ(တန်ဖိုးနည်း) ဆက် လက်ချထားပေးဦးမယ်လို့လဲကြား တယ်။ ဆောက်လုပ်နေဆဲဖြစ်တဲ့ ဗိုလ်ဗထူးတို့၊ ဗိုလ်မင်းရောင်တို့ အိမ်ရာတွေက သူတို့ခေါ်ဝေါ်တဲ့ အသုံးအနှုန်းကိုက တန်ဖိုးမျှတ အိမ်ရာလေသာမန်လခစားဝန်ထမ်း တွေအနေနဲ့ ဝယ်နိုင်ဖို့မလွယ်ဘူး'' ဟု မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင် မှ ဦးသန်းဦးကပြောသည်။
ရန်ကုန်မြို့ လသာ၊ ပန်းဘဲ တန်းမြို့နယ်များ၌ အခန်းငှားရမ်းခ ကျပ် ၄ဝဝဝဝ ဖြင့်စုပေါင်းနေထိုင် သည့် အိမ်ထောင်သည်အဆောင် များဖွင့်လှစ်ထားမှုနှင့်ပတ်သက်၍ ''အခန်းခ တစ်လတစ်ခါပဲပေးနိုင် လို့ဒီမှာနေတာပါ။ လချုပ်တို့၊ စပေါ် တို့ပေးပြီးငှားဖို့ကြတော့ ရတဲ့ဝင်ငွေ နဲ့ကအဆင်မပြေဘူးလေ။ယောက်ျား က တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူ၊ ကျွန်မကတော့ မြို့ထဲကစတိုး ဆိုင်လေးတစ်ခုမှာ အလုပ်လုပ်တယ်။ တစ်လကိုကျပ် ၆ဝဝဝဝ လောက်ပဲ ရပါတယ်''ဟု အိမ်ထောင်သည် အဆောင်၌နေထိုင်သည့်အမျိုးသမီး တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အိမ်ခြံမြေ နှင့်ပတ်သက်၍ နိုင်ငံတကာမှ လုပ်ငန်းရှင်များ လာရောက်ကာ တတိယအကြိမ်မြောက် အိမ်ခြံမြေ ဆိုင်ရာ ထိပ်သီးအစည်းအဝေးကို ရန်ကုန်မြို့၌ နိုဝင်ဘာ ၁၇ ရက် မှ ၁၈ ရက်အထိပြုလုပ်မည်ဖြစ် ကြောင်း၊ ၄င်းဆွေးနွေးပွဲတွင် အာရှနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအပြင် ဥရောပနိုင်ငံ များမှ ရင်းနှီးမြှုပ်နှံသူများပါတက် ရောက်နိုင်ဖွယ်ရှိကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခင်က နေထိုင်သူဦးရေခြောက် သန်းကျော်ရှိသည်ဟု နိုင်ငံတော် သမ္မတ၏ မိန့်ခွန်းအချို့တွင် ထည့် သွင်းပြောကြားခဲ့သော်လည်း၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင် စာရင်းအရ ရှစ်သန်းနီးပါးရှိနေပြီ ဖြစ်ကြောင်း သတင်းစာများတွင် ဖတ်ရှုရသည်။ ၂ဝ၁၄ ခုနှစ် မတ် ၃ဝရက်မှ ဧပြီ ၁ဝရက်ထိ ကောက် ယူခဲ့သောပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူမှုတွင် ပြည်သူ လူထု၏ပိုင်ဆိုင်မှုကို လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနက မှတ်တမ်းယူခဲ့ကြသည်။ 'အိမ်ရှင်၊ အိမ်ငှား' စာရင်း၊ ဝင်ငွေ မည်မျှရှိသည်ဆိုသည့် အချက် အလက်အရ ထိုလူဦးရေရှစ်သန်းရှိ သည့်မြို့တော်တစ်ခုတွင် လိုအပ်နေ သောမြို့ပြစီမံကိန်းများ၊ အခြေခံ အဆောက်အအုံများ တိုးချဲ့တည် ဆောက်ပေးရန်လိုအပ်ကြောင်းသိရ ပေသည်။

နေထက်ဝေ၊ ချယ်ရီ
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf


တာဝန်အရဆောင်ရွက်သည့် ပြည်သူ့ဝန်ထမ်းကို ရိုက်နှက်သူအား အရေးယူထား

နေပြည်တော်၊ သြဂုတ် ၃၁

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ်္ထီလာမြို့၊ ဧရာဝတီဘဏ်တွင် ရဲတပ်သား လေးမြင့်သည် လုံခြုံရေးတာဝန်ဆောင်ရွက်နေစဉ် မိတ်္ထီလာမြို့၊ ဈေးအရှေ့ပြင်ရပ်နေ ဘီလူး(ခ)အောင်နိုင်ဦး(၃၈)နှစ် ရောက်ရှိလာကာ ဘဏ်ရှေ့တွင်ရပ်ထားသော ရဲတပ်သား လေးမြင့်၏ဆိုင်ကယ်အား ခြေထောက်ဖြင့်ကန်သဖြင့် မပြုလုပ်ရန်တားခဲ့သည်။

 ထိုသို့ တားစဉ် ဘီလူး(ခ)အောင်နိုင်ဦးမှ ဆဲဆိုပြီး အသင့်ယူဆောင်လာသည့် ၀ါးတုတ်ဖြင့်ရိုက်ပြီး တုတ်ကျိုးသွား၍ သံတုတ်နှင့်ထပ်မံလိုက်ထိုးသဖြင့် ရဲတပ်သား လေးမြင့်တွင် နဖူးထိပ်/ယာပုခုံးဖူးရောင်၊ ၀ဲလက်မောင်း ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့သည်။

 စစ်ဆေးချက်အရ သြဂုတ်လ ၂၉ ရက်နေ့က ဧရာဝတီဘဏ်အနီးတွင် မိတ်္ထီလာမြို့နယ်၊ သမုန်းကုန်းကျေးရွာနေ မင်းမင်းထက်(၂၉)နှစ်မောင်းနှင်လာသည့် ၃၂ယ/xxxxx ရှာရမ်း ၁၁၀ အနက်ရောင်ဆိုင်ကယ်နှင့် သာစည်မြို့နယ်၊ ရေပေါင်းစုံကျေးရွာနေ နေ၀င်းထွန်း(၂၇)နှစ် မောင်းနှင်လာသော ၆က/xxxx ကယ်ရီနာ အဖြူရောင်ယာဉ်တို့ မတော်တဆမှုဖြစ်ပွားခဲ့ရာ ရဲတပ်သား လေးမြင့်က ရဲစခန်းသို့ပို့အပ်ခဲ့ခြင်းအပေါ် နေ၀င်းထွန်း၏ အသိမိတ်ဆွေဖြစ်သူ ဘီလူး(ခ) အောင်နိုင်ဦးမှ မကျေနပ်သဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ၍ ၎င်းအား မိတ်္ထီလာမြို့မရဲစခန်း (ပ)၅၀၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၉၄/၃၃၂/၅၀၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096?fref=nf


 

ပုဏ္ဏားကျွန်းမြို့နယ် စက်လှေ နစ်မြုပ် ၁၂ ဦးသေ၊ ၃ ဦး ပျောက်ဆုံး

စက်လှေဝမ်းရှိ ဆွေးမြေ့နေသော ပျဉ် ၂ ချပ်ပေါက်ကာ ရေ၀င်နစ်မြုပ်သဖြင့် ၁၂ ဦးသေ၊ ၃ ဦး ပျောက်ဆုံး

နေပြည်တော်၊ သြဂုတ် ၃၁

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကာဒီကျေးရွာနေ မဲလုံး(ခ)ဂျေဘူရာမန်(၂၄)နှစ်မောင်းနှင်ပြီး ခရီးသည် ကျား ၁၉ ဦး၊ မ ၂၀ ဦး၊ စုစုပေါင်း(၃၉)ဦး လိုက်ပါလာသည့် စက်လှေသည် ကျောက်တော်မြို့နယ်၊ ခေါင်းတုတ် ကျေးရွာသို့ ဈေးဝယ်ရန် ထွက်ခွာလာစဉ် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် ကျွဲလမ်းချောင်းသို့အရောက် စက်လှေဝမ်းမှ ဆွေးမြေ့နေသောပျဉ် ၂ ချပ်ပေါက်ကာ ရေ၀င်နစ်မြုပ်ခဲ့သည်။

 ထိုသို့နစ်မြုပ်မှုကြောင့် စက်လှေပေါ်ပါ ခရီးသည် ၃၉ ဦးအနက် ပုဏ္ဏားကျွန်းမြို့နယ်၊ ကာဒီကျေးရွာနေ ဟာဇီအီစ္စလာမ်(၆)နှစ်ပါ ကျား ၅ ဦး၊ မ ၇ ဦး၊ စုစုပေါင်း(၁၂)ဦးတို့ ရေနစ်သေဆုံးသွားခဲ့ပြီး တစ်ရပ်တည်းနေ မမူဟာရိတ် (၇)နှစ်ပါ ကျား ၁ ဦး၊ မ ၂ ဦး၊ စုစုပေါင်း(၃)ဦးတို့မှာ ရေနစ်ပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေ လျက်ရှိကြောင်းနှင့် မဲလုံး(ခ)ဂျေဘူရာမန်အား အပေါက်ဝနယ်မြေရဲစခန်း (ပ)၃၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၀/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096?fref=nf


တောင်ကုတ်လမ်း၌ဖမ်းမိသည့် ဘင်္ဂါလီ ၂၉ ဦး သံတွဲတွင် ဆက်လက် ထိန်းသိမ်းထား

တောင်ကုတ်မြို့နယ်အတွင်း ကုန်တင်ကားတစ်စီးပေါ်မှ ဖမ်းမိခဲ့သော ကျောက်ဖြူ ကျောက်တလုံး ဒုက္ခသည် စခန်းမှ  ကလေးငယ်များ အပါအ၀င် ဘင်္ဂလီ ၂၉ ဦးကို ယခုအချိန်ထိ သံတွဲတွင် ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သတင်း ရရှိသည်။

ယင်းတို့အနက် အသက်မပြည့်သေးသူများကို ကျောက်ဖြူမြို့နယ်ရှိ ကျောက်တလုံးဘင်္ဂါလီ ကယ်ဆယ်ရေးစခန်းသို့ ပြန်လည်ပို့ဆောင်သွားမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး နိရဉ္စရာသတင်းဌာနက သြဂုတ်လ ၃ဝ ရက်နေ့ နံနက်က သံတွဲခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးကံဝင်းအား ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောကြားသည်။

“ပြန်ပို့ မပို့ဆိုတာတော့မသိသေးဘူးဗျ။ သူတို့အားလုံးကတော့ အခုသံတွဲမှာ။ အသက်ကြီးတဲ့သူတွေ ကတော့ သံတွဲထောင်မှာပေါ့။ ငယ်တဲ့ကလေးတွေကျတော့ ဗလီမှာအပ်ထားတယ်”  ဟု ဆိုသည်။

ယခုဖမ်းမိသူများ အထဲတွင် ဘင်္ဂါလီ လူကြီး ၁၆ ဦး၊ အသက် ၁ဝ နှစ်အောက် လူငယ် ၉ ဦးနှင့် ရင်ခွင်ပိုက် ကလေးငယ် ၄ ဦးပါဝင်သည်။

ယခုဖမ်းမိသူများအနက် ဘင်္ဂါလီလူကြီး ၁၆ ဦးအပါအဝင် ရင်ခွင်ပိုက်ကလေး ငယ် ၄ ဦးကို ယင်းတို့၏ မိခင်များနှင့်အတူ သံတွဲအကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး အသက် ၁ဝ နှစ်အောက် ကလေးငယ်များကို သံတွဲမြို့နယ်ရှိ တောင်ပေါ်ဗလီတွင်ထိန်းသိမ်းထားကြောင်း သိရသည်။

“ရင်ခွင်ပိုက်ကလေးတွေက သူတို့အမေတွေနဲ့အတူ ထောင်ထဲပါသွားတယ်။ သူတို့ကျတော့ သားအမိ တွဲတွေဆိုတော့ ခွဲထားလို့မရဘူးလေ”ဟု ဒုရဲမှူးကြီး ကံဝင်းက ရှင်းပြသည်။

အဆိုပါဘင်္ဂါလီ ၂၉ ဦးမှာ ကျောက်ဖြူမြို့ ကျောက်တလုံးကယ်ဆယ်ရေးခစန်းမှဖြစ်ပြီး ယင်းတို့မှာ အမ်း-တောင်ကုတ်လမ်းအတိုင်းကားဖြင့် ရိုးမအရှေ့သို့ ထွက် ခွာလာစဉ် တောင်ကုတ်မြို့နယ်၊ တောင်ပုံကြီး စစ်ဆေးရေးဂိတ်တွင် သြဂုတ်လ ၂၈ ရက်၊ နံနက် ၁ နာရီဝန်း ကျင်ခန့်က သက်ဆိုင်ရာ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့ခံ ဦးရဲမာန်ခိုင်က ပြောသည်။

“သူတို့ကိုဖမ်းပြီးတာနဲ့ ချက်ချင်း သံတွဲထောင်ကိုပို့လိုက်တာပဲ”ဟု ယင်းက ဆိုသည်။

(နိရဉ္စရာ- ၃၁ သြဂုတ် ၂၀၁၄) / မာန်ယုကျော် (ရွှေဝမြေ)
http://www.narinjara.com/burmese/?p=11761


အော်ရီဒူးမှ အင်တာနက်အသုံးပြုခ 1 MB လျှင် ၁ဝ ကျပ်နှုန်းအထိလျှော့ချ

ရန်ကုန် သြဂုတ် ၃ဝ

အော်ရီဒူးမြန်မာမှ အင်တာနက် အသုံးပြုခနှုန်းထားများကို 1 MB လျှင် ၂၅ ကျပ်နှုန်းမှ ၁ဝ ကျပ် နှုန်းသို့ လျှော့ချ လိုက်ကြောင်း ယနေ့ Sule-Shangri-La Hotel ၌ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲမှသိရသည်။
ယခုလ ၃၁ရက် နံနက် ၆ နာရီမှစတင်၍ အော်ရီဒူးဖုန်း၏ အင်တာနက်ကို Pay As You Go သုံးသလောက်ပေးဆောင်ရသည့် စနစ်ဖြင့်သုံးစွဲသူများအတွက်ယခင် နှုန်းထားဖြစ်သည့် IMB ၂၅ ကျပ် အစား IMB လျှင် ၁ဝ ကျပ်နှုန်း သာ ပေးဆောင်ရတော့မည်ဖြစ် ကြောင်းသိရသည်။

Smart Phone များအသုံးပြု၍ အင်တာနက်ကို အချက်အလက် များများ၊ အချိန်ကြာကြာသုံးလိုသူ များနှင့် သူငယ်ချင်းများထံသို့ စာတိုများ မကြာခဏပို့လိုသူ အော်ရီဒူး သုံးစွဲသူများအတွက် အင်တာနက်နှုန်းထားများကို လျှော့ ချပေးလိုက်ခြင်းဖြစ်ကြောင်း သိရ သည်။

''ကျွန်တော်တို့ လက်ရှိပေး အပ်နေတဲ့ အင်တာနက်အစီအစဉ် တွေမှာဆို IMB သုံးစွဲခဟာ တော် တော်နည်းပါတယ်။ ဒါပေမယ့် အော်ရီဒူးသုံးစွဲသူအချို့ကတော့ ဒါကိုမသုံးဖြစ်ကြသေးပါဘူး။ အခု လိုနှုန်းထားပြင်ဆင်ပေးလိုက်တော့ သုံးစွဲသူတွေအားလုံး ထိုက်ထိုက် တန်တန် အင်တာနက်သုံးစွဲနိုင် တော့မှာပါ။ ပိုပြီးတော့လဲလွယ်ကူ ကောင်းမွန်လာမှာဖြစ်ပါတယ်'' ဟု အော်ရီဒူး၏ မြန်မာပြည် အရောင်းညွှန်ကြားရေးမှူး ဦးမြင့် ဇော်ကပြောသည်။

အော်ရီဒူး တရားဝင်စတင် ရောင်းချချိန်တွင်ကွန်ရက်လွှမ်းခြုံ သည့် ဒေသများ၌ သုံးစွဲသူဖြစ်နိုင် သည့် လူဦးရေ ၇ဒသမ ၈သန်းခန့် သာရှိခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ပတ်အတွင်း ကိုးသန်းခန့်အထိ တိုးမြင့်လာခဲ့သည်။ ရန်ကုန်မြို့တွင် တာဝါတိုင် ၂ဝ ထပ်မံတိုးချဲ့ခဲ့ပြီး သရက်၊ သာယာဝတီ၊ တောင်ငူနှင့် ပြင်ဦးလွင်မြို့များကိုလည်း ကွန် ရက်လွှမ်းခြုံနိုင်ခဲ့ကြောင်း သိရ သည်။

''ရန်ကုန်မြို့လယ်ကောင်တချို့ နေရာတွေမှာ သုံးစွဲမှုများပြားလွန်း လို့ လိုင်းကျပ်တာတွေ၊ လိုင်းကျ တာတွေဖြစ်ပေါ်နေတာရှိပါတယ်။ ဒီကိစ္စတွေကိုပြောင်းဖို့ နည်းပညာ ရော ပညာရှင်တွေပါအချိန်ပြည့် လုပ်ဆောင်နေကြပါတယ်။ လက်ရှိ အော်ရီဒူးသုံးစွဲနေသူတွေအတွက် ကွန်ရက်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကြက်ဖို့ရော လိုင်းဆွဲအား ကောင်းမှုပါသိသိသာသာတိုးတက် ကောင်းမွန်လာအောင် သေချာ ဆောင်ရွက်နေပါတယ်''ဟု အော်ရီ ဒူးမြန်မာ၏ CEO Mr.Ross Cormack ကပြောသည်။အော်ရီဒူးမှ ဆင်းမ်ကတ်များ ကို ယခုလ ၁၅ ရက်တွင် စတင် မိတ်ဆက်ချိန်မှစ၍ ဆင်းမ်ကတ် ပေါင်းတစ်သန်းကျော် ရောင်းချပေး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆုလဲ့ဝင့်
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764


အောင်ပန်းမြို့ ဗုံးပေါက်မှု တလကျော်ပေမယ့် တရားခံမပေါ်သေး (ရုပ်/သံ)

အောင်ပန်းမြို့က ဗုံးပေါက်ကွဲမှု တလကျော်သွားခဲ့ပေမယ့် တရားခံ မဖော်ထုတ်နိုင်သေးတဲ့အတွက် ဒေသခံတွေ စိုးရိမ်မှု ဖြစ်ပေါ်နေပါတယ်။ ဦးဇော်ဖေ သတင်းပေးပို့ထားပါတယ်။ DVB TV - 31.08.2014



ဆိုင်ကယ်ဆီဖြည့်စဉ် အင်ဂျင်အပူပေါ်သို့ ဆီများကျရာမှမီးလောင်မှုဖြစ်

ရန်ကုန်၊ သြဂုတ် ၃၁

၃၁.၈.၂၀၁၄ရက်နေ့ ၀၀၁၅ အချိန်ခန့်တွင် အင်းစိန်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန် (၅၀)ကွေ့ပန်းခြံအနီး၌ ဆိုင်ကယ်(၁)စီးမီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေး ရာနံ့သာကုန်း ရပ်ကွက်၊ နံ့သာကုန်းလမ်းဘေးတွင် SUZUKI -110 အမျိုးအစားနက်ပြာရောင် ဆိုင်ကယ် (၁)စီးမှာမီးလောင်မှု ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၃၀.၈.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်ခန့်က ဆိုင်ကယ်စီးနင်းသူ (စုံစမ်းဆဲ)မှ ဆိုင်ကယ်ကိုဆီဖြည့်စဉ် အင်ဂျင်ပေါ်သို့ ဓါတ်ဆီများကျခဲ့ရာမှ အင်ဂျင် အပူရှိန်ကြောင့် မီးစတင်လောင်ကျွမ်းကာ ဆိုင်ကယ်၏ကာဗာများနှင့် ဝါယာကြိုးများ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ မီးလောင်မှုဖြစ်ပွားစဉ် ဆိုင်ကယ် စီးနင်းသူမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ ပတ်ဝန်းကျင်မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့၍ ၂၃၃၂အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ ဆိုင်ကယ်မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ဆိုင်ကယ်စီးနင်းသူ (စုံစမ်းဆဲ)အား အင်းစိန် မြို့မရဲစခန်း(ပ)၈၈၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


ပါကစ္စတန်မှာ ရဲနဲ့ ဆန္ဒပြသူကြား အဓိကရုဏ်းဖြစ်

ပါကစ္စတန်မြို့တော် အစ္စလာမ် မာဘတ်မှာ ထောင်နဲ့ချီတဲ့ အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် နဝပ်ဇ် ရှာရစ်ဖ်ရဲ့ နေအိမ်ဆီကို ချီတက် သွားနေတုန်း ရဲနဲ့ ဆန္ဒပြ သူတွေကြား အဓိကရုဏ်း ဖြစ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေ ဝန်ကြီးချုပ်ရဲ့အိမ်ထိ မသွားနိုင်အောင် ရဲတွေဘက်ကလည်း မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်ပြီး တားဆီး နှိမ်နင်းခဲ့ပါတယ်။

ဆန္ဒပြသူတွေ အများအပြားကလည်း တုတ်တွေ၊ ခဲတွေကိုင်ထားပြီး ရဲတွေကိုလည်း ပစ်ပေါက်ခဲ့ပါတယ်။

ဆန္ဒပြ ခေါင်ဆောင်းတစ်ဦးဖြစ်တဲ့ ဒေါက်တာ တာဟီယား အာ ကာ့ဒရီက သူရရှိတဲ့ သတင်းတွေအရ အဓိကရုဏ်းကြောင့် လူ ၇ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဓိကရုဏ်းအတွင်း လူ အတော်များများ ဒဏ်ရာ ရခဲ့ကြပါတယ်။ ဒဏ်ရာရတဲ့အထဲမှာ ရဲတွေလည်း ပါဝင်ပါတယ်။

ဆန္ဒပြသူတွေကို ဦးဆောင်တဲ့သူကတော့ ဒေါက်တာ ကာ့ဒရီအပြင် အတိုက်အခံ ခေါင်းဆောင် အင်မရန်ခန်း လည်း ပါဝင်ပါတယ်။

အစိုးရတွင်းမှာ အကျင့်ပျက်ခြစားမှုတွေရှိတယ်၊ ရွေးကောက်ပွဲမှာ မဲမသာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အစိုးရနှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ပါကစ္စတန် အစိုးရဝန်ကြီးတစ်ဦးက ပြောကြားရာမှာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း အစိုးရနဲ့ ဆန္ဒပြသူတွေကြား ပြေလည်နိုင်ရေးအတွက် အကြိမ်ကြိမ် ဆွေးနွေးပြောဆိုပြီး ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်သေးဘူးလို့ ပြောပါတယ်။

သောကြာနေ့တုန်းကလည်း ပါကစ္စတန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ရာဟီးလ် ရာရစ်ဖ်က နှစ်ဘက် စေ့စပ်နိုင်ဖို့ ကြားဝင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဆန္ဒပြခေါင်းဆောင်တွေဘက်ကတော့ သူတို့ဟာ ဝန်ကြီးချုပ် မနှုတ်ထွက်မချင်း ဆန္ဒပြတာတွေကို ရပ်တန့်မှာ မဟုတ်ဘူးလို့ ပြောနေပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/08/140831_pakistan_clash.shtml

ဆန္ဒပြမှုတွေ ဖြစ်နေတာ သတင်းနှစ်ပတ်ရှိပြီ

အရက်ပြဿနာ ထိန်းဖို့ အခွန် တိုးကောက်မလား

နေပြည်တော် မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပဲ အရက် ယမကာ သောက်သုံးမှု ဘေးအန္တရာယ် နဲ့ ပတ်သက်ပြီး အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို ကျန်းမာရေးဝန်ကြီး ဌာနနဲ့ ပြည်သူ့ ကျန်းမာရေး ဖေါင်ဒေးရှင်း တို့ ပူးတွဲပြီး ကျင်းပခဲ့တာ မှာ ရောင်းချမှု နဲ့ သုံးစွဲမှု ၂ ခုလုံး အပေါ် ထိန်းချူပ် ကန့်သတ်နိုင်ရေး နဲ့ စပ်လျှင်းပြီး မူဝါဒ ရေးဆွဲ နိုင်ဖို့ ဆွေးနွေး ခဲ့ကြပါ တယ်။

မြန်မာနိုင်ငံ မှာ အရက် ထုတ်လုပ် ရောင်းချခြင်း တွေ အပေါ် အခွန် တိုးမြှင့် ကောက်ခံ ပြီး အရက်ဈေးနှုန်း ကို မြင့်မားအောင် စီမံ ခြင်းမျိုး နဲ့ ဖောဖောသီသီ ဝယ်ယူနိုင်မှု ကို ကန့်သတ်နိုင် တဲ့ နည်းလမ်း အကြောင်းလည်း ဆွေးနွေးဖြစ်တယ် လို့ ပြည်သူ့ ကျန်းမာရေး ဖေါင်ဒေးရှင်း ရဲ့ ဒုတိယ ဥက္ကဌ ဒေါက်တာ သိန်းဆွေ က ပြောပါတယ်။

မြန်မာနိုင်ငံ ရဲ့ လက်ရှိ အခြေအနေ မှာ အရက်ကို ဈေးနှုန်း သက်သက်သာသာ နဲ့ အလွယ်တကူ ဝယ်ယူ ရရှိနေတာ မျိုး ဖြစ်နေတယ် လို့လည်း ဒေါက်တာ သိန်းဆွေ က သုံးသပ်ပါတယ်။

၁၉၁၇ ယစ်မျိုး ဥပဒေ အရ အသက် ၁၈ နှစ် အောက် လူငယ်တွေ ကို အရက် ရောင်းချခြင်း မပြုလုပ်ရ ဆိုပြီး ကန့်သတ် ထား ပေမယ့်၊ လိုက်နာ ဆောင်ရွက်ဖို့ လိုကြောင်း ဒေါက်တာ သိန်းဆွေ က ထောက်ပြပါတယ်။

မြန်မာ နိုင်ငံမှာ ၁၈ နှစ်အောက် အရွယ်ကနေ စတင် အရက် သောက်သုံးတာ ကို လေ့လာ တွေ့ရှိရ တဲ့ စစ်တမ်း ရှိပြီး၊ အရက် အတုတွေ သောက်သုံးမှု ကြောင့် သေဆုံးရတာ၊ အသည်းကင်ဆာ လို နောက်ဆက်တွဲ ရောဂါတွေ ခံစားရတဲ့ ကျန်းမာရေး ပြဿနာ တွေ ရှိနေကြောင်း လည်း ဒေါက်တာ သိန်းဆွေ က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/08/140830_alcohol_duty_burma.shtml

အရက်ယမကာဘေး ကာကွယ်ရေး

ငြိမ်းချမ်းရေးအတွက် ပြည်တွင်းပြည်ပ သဘောတူ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပခဲ့တဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ ပြည်တွင်းတိုင်းရင်းသားပါတီ အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအင်အားစုတွေရဲ့ အစည်းအဝေးကနေ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ အင်အားစုအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကြီး ပေါ်ပေါက်ရေးစတဲ့အချက်တွေကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ UNFC ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဟံသာ က ပြောပါတယ်။

"အခု ကျနော်တို့အားလုံးက နိုင်ငံရေးအင်အားစုတွေဖြစ်တယ်၊ ကျနော်တို့လည်း လက်နက်ကိုင်ထားပေမယ့် ကျနော်တို့လည်း နိုင်ငံရေးသမားပါပဲ၊ ပြည်တွင်းမှာလက်နက်မကိုင်ပေမယ့် သူတို့လည်း ဒီနိုင်ငံရေးကိုလုပ်နေတာပဲ၊ သဘောကတော့ ကနေ့ နိုင်ငံရေးအခြေအနေက ကျနော်တို့ နိုင်ငံအေးချမ်းပြီးတော့ တိုးတက်နိုင်ဖို့ဆိုတဲ့နေရာ တဖက်က ဒီမိုကရေစီအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေ ပေါ်ပေါက်လာဖို့ဆိုတဲ့နေရာမှာ အဓိကအားဖြင့်ကတော့ ဒီပြည်တွင်းငြိမ်းချမ်းရေးပဲ ဖြစ်နေတယ်၊ အဲ့ဒါ ရနိုင်ဖို့ဆိုတဲ့ဟာမှာလည်း ဒီတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတွေ အင်အားစုတွေနဲ့ အစိုးရနဲ့အကြားမှာပေါ့ဗျာနော် နားလည်မှုရယူပြီးတော့မှ ဒါကတော့ လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်နိုင်မှပဲ ဒါကိုတက်လှမ်းနိုင်မှာ ဖြစ်တယ်လေ၊ အဲ့ဒီအပေါ်မှာကတော့ အားလုံးဒီအမြင် တူညီကြတယ်ဗျ"

၂ ရက်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြတာနဲ့ပတ်သက်ပြီး ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး က.....

"ဆွေးနွေးပွဲရဲ့ရလာဒ်ကတော့ ပြည်တွင်းပြည်ပပေါ့ နောက် ဒီတိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေနဲ့ ကျနော်တို့ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေနဲ့ ကြားထဲမှာလက်ရှိအခြေအနေပေါ်မှာ အမြင်သဘောထားတွေ ဖလှယ်ခွင့်၊ ဆွေးနွေးခွင့်ရခဲ့တယ်ဆိုတော့ ဒီအခွင့်အလမ်းမျိုးဟာ ကျနော်တို့က နှစ်ပေါင်းများစွာမရခဲ့ဘူး၊ မရတော့ တစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာ မှန်းဆပြီးတော့ပဲ လုပ်နေရတယ်ဆိုတော့ အခုလိုမျိုး လူချင်းထိတွေ့ပြီးတော့ဆွေးနွေးခွင့် ဆက်ဆံခွင့်ရတဲ့အခါကြတော့ နားလည်မှုပိုရလာတယ်၊ နောက် ဒီနိုင်ငံအပြောင်းအလဲမှာ အထူးသဖြင့် နိုင်ငံအသစ်တည်ဆောက်တဲ့နေရာမှာ တိုင်းရင်းသားတွေရဲ့ခံစားချက် တိုင်းရင်းသားတွေရဲ့အမြင်၊ ကျနော်တို့ပြည်တွင်းက အင်အားစုတွေရဲ့အမြင်ပေါ့၊ အဲ့ဒါတွေကို ကျနော်တို့အခုလိုမျိုး ဖလှယ်နိုင်ခြင်းအားဖြင့် လက်တွေ့ဆောင်ရွက်ဖို့ လုပ်ငန်းစဉ်တွေပါ ကျနော်တို့
ပိုပြီးနီးစပ်လာမယ်လို့ ကျနော်တို့ အဲ့လိုယုံကြည်တာပေါ့နော်"

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ကိုယ်စားလှယ်အဖြစ်တက်ရောက်လာတဲ့ SNLD ပါတီက ဦးစိုင်းညွန့်လွင် ကလည်း.....

"ကျနော်ကတော့ အကောင်းမြင်ပါတယ်၊ ဒီလိုဟာမျိုးတွေကတော့ ရှိကိုရှိရမှာလေ၊ အရှိကိုရှိရင်းရှိသင့်ရှိထိုက်တဲ့ အစည်းအဝေးတစ်ခုကို စနိုင်ပြီဟေ့ဆို ဒါကောင်းတဲ့အလားအလာပါ၊ အားသာချက်ကတော့ ဒီပြင်ပမှာရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ပြည်တွင်းမှာ နိုင်ငံရေးပါတီတွေတွေ့တယ်ဆိုတာ ဒါကတွေ့လို့ရတယ်ဆိုတာက ဒါကအာသာချက်ရှိပါတယ်၊ ဆိုတော့အားနည်းချက်ကတော့ အတွင်းကခေါင်းဆောင်အားလုံးမလာနိုင်ဘူး၊ ပြည်တွင်းမှာလုပ်မယ်ဆိုလည်း ပြည်ပကခေါင်းဆောင်တွေအားလုံး အတွင်းမသွားနိုင်ဘူး၊ အဲ့တစ်ချက်ပါပဲ ဒါကိုတော့ ကျနော်တို့ ကြိုးစားပြီးတော့ ကျော်ဖြတ်ရမှာပါ"

ဒီအစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA၊ ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက် အကောင်အထည်ဖေါ်ရေးကော်မတီ၊ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ၊ အမျိုးသမီးများ
အဖွဲ့ချူပ် မြန်မာနိုင်ငံနဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ စတဲ့အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၁၁၃ ယောက်တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


တိုင်းကြီးနှစ်တိုင်းက လယ်သိမ်းခံ တောင်သူတွေ ဆန္ဒပြ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဖက်ရှည်ကျေးရွာနဲ့ ဝက်သေကျေးရွာမှာ ကျေးရွာ ပိုင် မြေဧက ၂၀၀ လောက်ကို ရွှေတူးဖော်ရေး ကုမ္ပဏီတွေက ဝင်ရောက်လုပ်ကိုင်နေတာ ဖယ်ရှားပေး ဖို့အတွက် ဒေသခံရွာသား ၅၀၀ ကျော် ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ဖက်ရှည်ကျေးရွာက ဦးခင်ဝင်းက RFA ကို အခုလို ပြောပါတယ်။

"ကျနော်တို့ မန္တလေးတိုင်းဒေသကြီးမှာ သတ္တုတွင်းဌာနက သတ္တုဆက်လက်ထုတ်လုပ်ဖို့ ကျနော်တို့ကို ဖယ်ခိုင်းတာပေါ့ဗျာ၊ အိမ်ခြေ ၁၅ဝ ကျော်လည်း ရွာမြေဖြစ်တဲ့အတွက် ကျနော်တို့က မဖယ်ရှားနိုင်ဘူးပေါ့လေ၊ ကျနော်တို့ရွာမြေပေါ်မှာ သတ္တုဥပဒေနဲ့ မညီညွှတ်တဲ့ ကုမ္ပဏီတွေကိုလည်း ကျနော်တို့ကတော့ ဖယ်ရှားခိုင်းတာပဲ၊ နိုင်ငံမှာတာဝန် ရှိတဲ့သူတွေကို ကျနော်တို့က ဆန္ဒထုတ်ဖော်တာပါ၊ နိုင်ငံမှာတာဝန်ရှိတဲ့သူတွေက ချထားပေးလို့ ကုမ္ပဏီတွေက ဒီလိုလုပ်တာပါ"

ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလက ပြည်ထဲရေးဝန်ကြီးဌာနကနေ အဲဒီရွာနှစ်ရွာရဲ့ မြေဧက ၂၀၀ ကျော် ကို ကျေးရွာပိုင်မြေအဖြစ် တရားဝင်ချထားပေးခဲ့ပေမဲ့၊ ၂၀၁၁ခုနှစ် ဇန်နဝါရီလမှာ မန္တလေးတိုင်းဒေသကြီး သတ္တုတွင်းဝန်ကြီးဌာနက ကုမ္ပဏီတချို့ကို အဲဒီကျေးရွာတွေမှာ ဝင်ရောက်လုပ်ကိုင်ခွင့်ပေးခဲ့ကြောင်း ဒေသခံတွေ က ပြောပါတယ်။ အဲဒီကုမ္ပဏီတွေထဲမှာ မြန်မာဂိုးဒင်းပွိုင့်၊ ဒို့ညီနောင်များ၊ ထာဝရ၊ ရွှေပြည်သာ စတဲ့ကုမ္ပဏီတွေ ပါဝင်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့မှာ ရွာသားတွေက မန္တလေးတိုင်းဒေသကြီး အစိုးရရုံးအထိ ချီတက်ဆန္ဒပြခဲ့ရာမှာ သပိတ်ကျင်းမြို့အ၀င်မှာ ရဲတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့ပါတယ်။ အလားတူ ဧရာဝတီတိုင်း အတွင်း သိမ်းယူခံထားရတဲ့ လယ်ဧကတစ်သိန်းနီးပါးရှိတဲ့ထဲက အသုံးမပြုတဲ့မြေတွေ ပြန်ပေးဖို့ ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ် ၁၅ မြို့နယ်က လယ်သမားတွေ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာပါဝင်တဲ့ လပွတ္တာမြို့နယ်က လယ်ဧက ၂၆ ဧက ဆုံးရှူံးခဲ့တဲ့ ဦးဥာဏ်ထွန်းက အခုလို ပြောပါတယ်။

"၂ဝ၁၂ ခုနှစ် မတ်လ ၃ဝ ရက်နေ့ လယ်ယာမြေဥပဒေ ရေးဆွဲတဲ့အခါကျတော့ အဲဒီ့လယ်ယာမြေတွေဟာ စီမံကိန်းမဖြစ်ရင် မူလလုပ်ကိုင်သူကို ပြန်ပေးရမယ်ဆိုတဲ့ ပုဒ်မ ၃၂ မှာ ပါထားတယ်၊ လယ်သမားတွေက အဆင့်ဆင့်ပေါ့ဗျာ ဒီတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီးတော့ နိုင်ငံတော်သမ္မတအထိ တင်ခဲ့သော်လည်း ဘာတစ်ခုမှ ဆောင်ရွက်ပေးခြင်း မရှိတဲ့သဘောပေါ့၊ ဒါကြောင့် ဆန္ဒဖော်ထုတ်ပွဲလုပ်တာပါ"

ဆန္ဒပြပွဲမှာ ပုသိမ်၊ လပွတ္တာ၊ ငပုတော၊ ၀ါးခယ်မ၊ မော်ကျွန်း၊ ဘိုကလေး စတဲ့ မြို့နယ်ပေါင်း ၁၅ မြို့နယ်က လယ်သမားတစ်ထောင်ကျော် ပါဝင်ခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


လမ်းလျှောက်နေသူများကို ယာဉ်တိုက်ခံရ၍ (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ

ရန်ကုန်၊ သြဂုတ် ၃၁

၂၉.၈.၂၀၁၄ရက်နေ့ ၂၂၃၀အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ပြည်လမ်း အတိုင်း လေဆိပ်လမ်းဆုံ ဘက်မှ စော်ဘွားကြီး ကုန်းဘက်သို့ အင်းစိန်မြို့နယ်နေ ယာဉ်မောင်း ကျော်ကျော်စိုး (၂၈)နှစ် မောင်းနှင်လာသည့် 7G---TOYOTA GRANVIA ယာဉ်သည် (၁၀)မိုင်ကုန်း မှတ်တိုင်အနီး အရောက် ယာဘက်လမ်းဘေးမှ လမ်းလျှောက်သွား နေသူ အင်းစိန်မြို့နယ်နေ ကိုသိန်းထိုက် (၃၀)နှစ်နှင့် ကိုရန်ရှင်း (၁၉)နှစ်တို့ (၂)ဦးကို တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ကိုသိန်းထိုက်မှာ ဦးခေါင်းပေါက်ပြဲ၊ ယာပါး၊ ဝဲမျက်ခုံးပေါက်ပြဲ၊ ဝဲနားသွေးထွက် ဒဏ်ရာများရရှိခဲ့၍ အင်းစိန်ဆေးရုံသို့တင်ပို့ ကုသစဉ် သေဆုံးသွားခဲ့ပြီး ကိုရန်ရှင်းတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲ၊ ဝဲ/ယာတံတောင်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံကြီး၌ ပြင်ပလူနာ
အဖြစ် ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်ကျော်ကျော်စိုးအား အင်းစိန်မြို့မရဲစခန်းယာဉ် (ပ) ၁၀၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


လမ်းဖြတ်ကူးသူ ယာဉ်တိုက်ခံရသဖြင့် သေဆုံး

ရန်ကုန်၊ သြဂုတ် ၃၁

၃၀.၈.၂၀၁၄ရက်နေ့ ၁၆၃၀အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်း အတိုင်း (၂)ဈေးဘက်မှ မရမ်းကုန်းဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်လာသည့် 4B---မထသ (၃၂)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် (၅)လမ်းမှတ်တိုင်အလွန်အရောက် လမ်းဖြတ်ကူးသူ မြောက်ဥက္ကလာပမြို့နယ်နေ မသူဇာလင်း (၂၃)နှစ်ကို တိုက်မိခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် မသူဇာလင်းမှာ ယာချိုစောင်းစုတ်ပြဲ၊ ဦးခေါင်းနောက်စေ့ ဖူးရောင်၊ ယာပါးပွန်းပဲ့၊ နှာခေါင်းနှင့်ဝဲ/ယာနားသွေးထွက်ဒဏ်ရာများရရှိခဲ့၍ မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး ယာဉ်တိုက်မှုဖြစ်ကာ ထွက်ပြေး တိမ်းရှောင်သွားသူ ယာဉ်မောင်းအား မြောက်ဥက္ကလာပမြို့မရဲစခန်း ယာဉ်(ပ)၅၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ဖြင့် အမှုဖွင့်လှစ်ပြီး ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


အသေးစားနှင့်အလတ်စား ဆန်လုပ်ငန်းရှင်များ အများပိုင်ကုမ္ပဏီစုဖွဲ့ရန် ဆန်စပါးအသင်းအကြံပြု

တရုတ်နိုင်ငံက မြန်မာ့ဆန်ကို တရားဝင် တင်သွင်းခွင့်ပြုရင် မန္တလေးမြို့နဲ့ နယ်စပ်ဒေသက အသေးစား အလတ်စား ဆန်လုပ်ငန်းရှင်တွေ အနေနဲ့ အများပိုင် ကုမ္ပဏီစုဖွဲ့ပြီး စနစ်ပြောင်း လုပ်ဆောင်ကြဖို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းတာဝန်ရှိသူက ပြောပါတယ်။

မြန်မာဆန်တွေ ပိုးမွားကင်းစင်ရေး ဆောင်ရွက်နေတာတွေကို လေ့လာဖို့ အတွက် တရုတ်နိုင်ငံ AQSIQ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့ အဖွဲ့ မြန်မာနိုင်ငံကိုလာရောက်ခဲ့အပြီး တရုတ်ဘက်က တရားဝင် ဆန်တင်ပို့ခွင့်ပြုပေးခဲ့မယ်ဆိုရင် နယ်စပ်ဒေသမှာ အကြီးစား လုပ်ငန်းတွေ ၀င်ရောက်လာမှာ ဖြစ်တဲ့ အတွက် နယ်စပ်က အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေ အနေနဲ့ စိုးရိမ်ပူပန်မှုတွေရှိနေတဲ့အပေါ် အခုလို အကြံပေးခဲ့တာဖြစ်ပါတယ်။

နယ်စပ်ဒေသမှာ ဆန်လုပ်ငန်းကို အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေက အဓိကထား လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
မြန်မာဆန်စပါးအသင်းက တာဝန်ရှိသူတွေနဲ့ AQSIQ ကိုယ်စားလှယ်တွေ ရန်ကုန်မှာ တွေ့ဆုံပြီး အရည်အသွေး စစ်ဆေးမှုနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့သလို တင်ပို့ခွင့်တရားဝင် ဖြစ်သွားရင် ပြင်ဆင်ထားဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက ပြောပါတယ်။
“ကျနော်တို့အနေနဲ့ နယ်စပ်အသင်းတွေရော မန္တလေးက အဖွဲ့တွေရောပေါ့နော်။ အခု ခေတ်ကပြောင်းသွားပြီဆိုတော့ ရန်ကုန်မှာ ကုမ္ပဏီတွေစုပြီးဖွဲ့တဲ့အချိန်မှာ တနိုင်တပိုင် အနေနဲ့လည်း စနစ်ပြောင်းသွားတဲ့ အနေအထားရှိတာပေါ့။ ကျနော်အနေနဲ့ ဒါတွေကို ပြင်ဆင်ထားမှ ရမယ်။”

နယ်စပ်က ဆန်ကုန်သည်တွေကလည်း သြဂုတ်လဆန်းပိုင်းတုန်းက တရုတ်နိုင်ငံက စီးပွားရေး ကောင်စစ်ဝန်နဲ့ တွေ့ဆုံစဉ်မှာ နယ်စပ်က ဆန်ကုန်သည်တွေ အနေနဲ့ တက်ရောက်ခွင့်ရခဲ့ပေမယ့် ဒီအဖွဲ့နဲ့တော့ တွေ့ဆုံခွင်ံမရတဲ့အတွက် AQSIQ အဖွဲ့နဲ့ ဆွေးနွေးတဲ့အကြောင်းအရာတွေကိုလည်း သိချင်နေ ပါတယ်။

မြန်မာနိုင်ငံရဲ့ပြည်ပဆန်တင်ပို့မှု စုစုပေါင်းပမာဏရဲ့ ၈၀ ရာခိုင်နှုန်းကို တရုတ်ကို နယ်စပ်ကနေ မြန်မာဘက်က တရားဝင်တင်ပို့နေပေမယ့် တရုတ်နိုင်ငံဘက်က တရားဝင်တင်သွင်းခွင့်ပြချက် မပေးပါဘူး။ သြဂုတ်လဆန်းပိုင်းတုန်းက တရုတ်နိုင်ငံက နယ်စပ်က တရားမ၀င်ဆန်တင်သွင်းမှုကို တင်းကျပ်တဲ့အတွက် ဗီယက်နမ်နဲ့ မြန်မာ့ဆန်တွေ တင်ပို့နိုင်ရေး အခက်အခဲကြုံခဲ့ရပါတယ်။

ဒီနေတရုတ်မြန်မာနယ်စပ်မှာတော့ နယ်စပ်မှာဆန်တင်သွင်းတာကို တရုတ်ဘက်က မတားမြစ်ခင်က ရှိနေတဲ့ ဆန်ဈေးအနေအထားကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။

တရုတ်ကိုယ်စားလှယ်အဖွဲ့ အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံသလို စပါးကွင်းတွေ ဆန်စက်တွေ၊ ဆန်စပါးကုမ္ပဏီတွေ ဆန်တင်ပို့တဲ့ ဆိပ်ကမ်းတွေနဲ့ ပိုးမွှား ကင်းစင်ရေး ဆောင်ရွက်ချက်တွေကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။

နှစ်နိုင်ငံ တရားဝင်တင်ပို့နိုင်ဖို့အတွက် အရည်အသွေး စစ်ဆေးတဲ့ သဘောတူညီချက်ကို လတ်မှတ် မထိုးနိုင်တဲ့အတွက် မြန်မာဆန်တင်ပို့မှုကို တရုတ်က တရားမ၀င်အဖြစ် သတ်မှတ်ထား ပါတယ်။

By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no/archives/63776

(Photo_ Reuters)

အခန်းပိတ်လှောင် နှိပ်စက်ခံနေရသည့် အိမ်ဖေါ် အလုပ်သမငယ် တစ်ဦးအား ကယ်ထုတ်

၂၀၁၄ ခု သြဂုတ်လ ၂၅

ဘန်ကောက်မြို့အနီး နကပထုန် အရပ်တွင် ရှိသော မွေးမြူရေး လုပ်ငန်းရှင် အိမ်တွင် အိမ်ဖေါ် အလုပ် လုပ်ကိုင်နေ သည့် မြန်မာ အမျိုးသမီးအား အဓမ္မပြုကျင့်ပြီး၊ အခန်းတွင်ပိတ်၍ ရိုက်နှက်ခံနေရသဖြင့် ပူးပေါင်း အဖွဲ့များက ကယ်တင် နိုင်ခဲ့သည်။

အသက်၁၉ နှစ်အရွယ် မနန်းစံညွန့် သည် အဆိုပါ ထိုင်းလုပ်ငန်းရှင်ထံတွင် ၃လကြာ လုပ်အားခမရပဲ အိမ်ဖေါ် အလုပ်ကို လုပ်နေခဲ့သည်။ သူမအား အိမ်ရှင်ထိုင်း အကြိမ်ကြိမ် အဓမ္မပြုကျင့်သလို အလုပ်သွင်း ပေးသည့် မြန်မာပွဲစားတစ်ဦး က သူမအား ကြိမ်ဖန်များစွာ ဓါးထောက်၍ အဓမ္မပြု ကျင့်ခဲ့သည် ဟုဆိုသည်။

ပြီးခဲ့သည့် ၂ရက်က သူမအား လုပ်ငန်းရှင်က အဓမ္မပြုကျင့်ရန် ကြံစည်အားထုတ်ခဲ့ရာ လူမှုရေး စိတ်ဓါတ်ရှိ သည့် အလုပ်သမား တစ်ဦးက ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ MAT သို့ အကူညီ တောင်းခံခဲ့သည်။

MAT အဖွဲ့ကလည်း ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေး ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်းFED နှင့်အလျှင်အမြန်ညှိနှိုင်းပြီး ဒေသခံ  ရဲကားသုံးစီးဖြင့် ချက်ခြင်း သွားရောက်ခေါ်ထုတ်နိုင်ခဲ့သည်။

 MAT ရုံးတွင် ၂ရက်တိုင်တိုင် ကျွေးမွေး စောင့်ရှောက်ထားပြီး ယနေ့နံ နက်တွင် အလုပ်သမား သံအရာရှိရုံးသို့ သွားရောက်အပ်နှံခဲ့ရာ ၎င်းကလမ်း စရိတ်ထောက်ပံ့၍ မဟာချိုင်မှ လူမှုကူညီသည့် အမျိုးသမီး တစ်ဦးထံသို့ ပို့ဆောင်ခိုင်းခဲ့ကြောင်း သိရှိရသည်။
“အိမ်ဖေါ်အလုပ်လုပ်ရတဲ့ အမျိုးသမီးငယ်တစ်ဦးအတွက် ဘ၀လုံ လုံခြုံမှုမရှိဘူး။ နားရက်လည်းမရှိဘူး။  အိမ်ရှင်ခိုင်းသလောက် လုပ်ရတယ်။  အိမ်ရှင်ရိုက်ရင်လည်းခံရတယ်။ အဖေရော သားပါ အကြိမ်ကြိမ် အဓမ္မပြုကျင့်လို့ ကိုယ်ဝန်ရှိလာတော့ ရွာပြန်ပို့ပြီး ကလေးမွေးရတဲ့သူတွေလည်း ထိုင်းမှာရှိခဲဖူးတယ်။ အိမ်ရှင်ပစ် သတ်လို့သေသွားတဲ့ အိမ်ဖေါ်မလေးတွေလည်း ရှိပါတယ်။ ကျနော်တို့  က သိတာလောက်ပဲ ကူညီနိုင်တာပါ”ဟု ပြောသည်။

MAT အဖွဲ့သည် FED နှင့်အတူ ၂၀၁၄ ခုနှစ်သြဂုတ်လ အထိလူကုန်ကူးမှုပေါင်း၂၇ကြိမ်နှိမ်နင်းခဲ့ရာတွင် မြန်မာအလုပ်သမားပေါင်း ၁၁၈  ဦးအားကယ်ထုတ်နိုင်ခဲ့သည်။ တပြိုင်တည်းတွင် လူကုန်ကူး ဂိုဏ်းသားပေါင်း ၁၀ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။ MAT အဖွဲ့သည် ၂၀၁၁ခုနှစ်တွင် လူကုန်ကူး ခံခဲ့ရသူပေါင်း ၅၀ဦး၊ ၂၀၁၂ ခုနှစ်တွင်  ၂၉၂ ဦးနှင့် ၂၀၁၃  ခုနှစ် တွင်၂၆၄ဦး တို့ အား ကယ်တင်နိုင်ခဲ့ပါသည်။

ကိုတီး
Golden Worker
http://www.goldenworkers.asia/2014/08/blog-post_39.html


အစ္စလာမ်အကြမ်းဖက်သမား ကမ္ဘာက၀ိုင်းတိုက်ဖို့ ကန်တိုက်တွန်း

အီရတ်နိုင်ငံက ISIS အစ္စလာမ်မစ်နိုင်ငံတော် စစ်သွေးကြွတွေကို နှိမ်နင်းဖို့ နိုင်ငံတကာက ကျယ်ကျယ် ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်ကြဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက တိုက်တွန်း သွားပါ တယ်။

ဒီကနေ့ထုတ် နယူးယောက်ခ် တိုင်းမ်စ် သတင်းစာကဆောင်းပါးမှာ မစ္စတာကယ်ရီက ISIS အကြမ်းဖက်အဖွဲ့ဟာ အီရတ်နဲ့ ဆီးရီးယားတွေမှာသာမက အမေရိကန်ပြည်ထောင်စုအပါအဝင် လုံခြုံရေးအဖွဲ့တွေ မရိပ်မိအောင် သူတို့သွားရောက်နိုင်တဲ့ ဘယ်နေရာအတွက်မဆို ပိုပြီးတော့ အန္တရာယ်ကြီး လာတယ်လို့ ပြောပါတယ်။ ISIS တိုက်ခိုက်ရေးသမားတွေဟာ တကယ့်ကို ရွံလျာစရာကောင်းတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်ဆောင်ကြပေမယ့်လည်း အမေရိကန်ပြည်ထောင်စုက ဦးဆောင်ပြီးတော့ ကမ္ဘာ့နိုင်ငံတွေ အကျယ်ပြန့်ဆုံး ပူးပေါင်းဆောင်ရွက်ကြရင်တော့ သူတို့ကို နှိမ်နင်းနိုင်မှာပါလို့ မစ္စတာကယ်ရီက ဆိုပါတယ်။

အမေရိကန်သမ္မတ ဘာရက်ခ်အိုဘားမားကတော့ လောလောဆယ်မှာ ISIS အဖွဲ့ကိုနှိမ်နင်းဖို့ သူ့မှာ ဘာဗျူဟာမှ မရှိဘူးလို့ ပြောပေမယ့်လည်း မစ္စတာ ကယ်ရီကတော့ ISIS သူပုန်တွေကို နှိမ်နင်းရေးအစီအစဉ်တရပ်ကို စက်တင်ဘာမှာကျင်းပမယ့် အထွေထွေညီလာခံအတွင်းမှာ အမေရိကန်က တင်ပြမှာ ဖြစ်တယ်လို့ ဒီကနေ့ ဆောင်းပါးမှာ ပြောထားပါတယ်။

အစွန်းရောက်သမားတွေကို တာဝန်သိတဲ့တိုင်းပြည်တွေနဲ့ နိုင်ငံသားတွေ စည်းစည်းလုံးလုံးနဲ့ ဆန့်ကျင်ခြင်းအားဖြင့် အောင်နိုင် နိုင်ပါတယ်လို့ မစ္စတာကယ်ရီက ပြောပြီးတော့ ဆောင်းပါးကို အဆုံးသတ်ထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/kerry-isis-islamist-militant-syria-iraq-kerry-/2433306.html
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။

တံတား လုံခြုံရေး ရဲတပ်သား ကားတိုက် ခံရသဖြင့် သေဆုံး

မင်းဘူး သြဂုတ် ၃၀

မင်းဘူးမြို့ နယ် ရဲတပ်ဖွဲ့ မှ ဒုရဲအုပ် စိုးမိုးဌေးသည် ယခုလ ၂၈ရက် ည ၁၁ နာရီက ယာဉ်/လမ်း စည်းကမ်း ထိန်းသိမ်းရေး ရုံးတွင် တာဝန် ထမ်းဆောင် နေစဉ် ဧရာဝတီ တံတား (မကွေး) မင်းဘူး ဘက်ခြမ်း တံတား လုံခြုံရေး ရဲကင်းရှေ့ တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။

ထိုကြောင့် အခင်းဖြစ်နေရာသို့  သက်သေများနှင့် အတူ သွားရောက် စစ်ဆေးခဲ့ရာ ရဲတပ်သား အောင်နိုင်စိုး အသက် (၂၄)နှစ် မင်းဘူးမြို့ မ ရဲစခန်းသည် ဧရာဝတီ တံတား (မကွေး) P/19သို့ လုံခြုံရေး တာဝန် ဆောင်ရွက်ရန် တံတားရဲကင်းရှေ့ မှာ ၄င်းပိုင် KENBO 110 အနက်ရောင် ဆိုင်ကယ် ပေါ် တက်ရောက်စဉ် မကွေးမှ မင်းဘူးသို့  ယာဉ်မောင်း ဇေလင်းထက် (ခ) ဇေကြီး အသက် (၃၅)နှစ်  စမ်းချောင်းရပ်ကွက် အောင်လံမြို့ နယ် နေသူ မောင်းနှင်လာပြီး အဆိုပါ ယာဉ်နောက်ခန်းတွင် ကျော်ဖြိုးဝေနှင့် ထက်ဝေယံ တို့ လိုက်ပါလာသည့် မီးခိုးရောင် PREGIO အမျိုးအစား ယာဉ်က ၀င်ရောက် တိုက်မိခဲ့သဖြင့် ရဲတပ်သား အောင်နိုင်စိုးမှာ မေးစေ့ ပေါက်ပြဲ ဒဏ်ရာ၊ ၀ဲနဖူး ထိပ်ပွန်းပဲ ဒဏ်ရာ၊ ယာမျက်ခမ်းအောက် ပွန်းပဲ့ ဒဏ်ရာ၊ နှာခေါင်းအောက် ပွန်းပဲ့ ဒဏ်ရာ၊ ၀ဲပေါင် ပွန်းပဲ့ ဒဏ်ရာ၊ နောက်ကျောအောက် ပွန်းပဲ့ ဒဏ်ရာ၊ ဦးခေါင်း ဖုရောင် ဒဏ်ရာတို့ ရရှိကာ အသက် စိုးရိမ်းရကြောင်း စစ်ဆေးတွေ့ ရှိခဲ့သည်။

ယာဉ်မဆင်မခြင် မောင်းနှင်သူ ဇေလင်းထက်(ခ) ဇေကြီး ကို အရေးယူပေးပါရန် ဒုရဲအုပ်စိုးမိုးဌေးက တရားလိုပြု တိုင်းတန်းခဲ့ သဖြင့် မင်းဘူးမြို့ နယ် မြို့ မ ရဲစခန်းက ယာဉ်(ပ) ၅၃/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်၃၃၈ ဖြင့် အရေးထားရှိ ခဲ့ရာ ရဲတပ်သား အောင်နိုင်စိုး သည် မင်းဘူးပြည်သူ့ ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွား သဖြင့် ပြစ်မှု ပုဒ်မ ၃၃၈မှ ပုဒ်မ ၃၀၄-(က) ဖြင့် ပြောင်းလဲ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

ကျော်ဇေယျ (မကွေး)
ပြည်ထောင်စုနေ့ စဉ်
အတွဲ ၂၊ အမှတ် ၁၄၃ (၃၁-၈-၂၀၁၄) တနင်္ဂနွေ


လူငယ်မျိုးသစ်တွေကို တာဝန်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကတည်းက ခက်ခဲကြမ်းတမ်းတဲ့ကာလတွေမှာ တာဝန်ယူခဲ့ကြတဲ့ လူလတ်ပိုင်းတွေအနေနဲ့ မျိုးဆက်သစ်လူငယ်တွေကို အခွင့်အရေး သို့မဟုတ် ရွေးချယ်ပိုင်ခွင့်တွေ ပေးဖို့လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တာဝန်ယူခဲ့ကြတဲ့ လူလတ်ပိုင်းနဲ့ လူငယ်မျိုးဆက်တွေရဲ့ တွေ့ဆုံပွဲကို ဒီနေ့ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်းနှင်းဆီခန်းမမှာ ကျင်းပရာမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို တိုက်တွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။
"NLD ရဲ့ ခက်ခဲတဲ့အချိန်ကာလတွေကို သတ္တိရှိရှိနဲ့ ကျော်လွှားခဲ့တဲ့ အခုလူလတ်ပိုင်းတွေဟာ ကျမတို့နိုင်ငံရဲ့ အခုလက်ရှိပြဿနာတွေကိုလည်း သတ္တိရှိရှိနဲ့ ပညာရှိရှိ ကျော်လွှားဖို့လိုတယ်ဆိုတာ အသိအမှတ်ပြုစေချင်တယ်၊ နောက်ပြီးတတ်နိုင်သမျှ လူငယ်မျိုးဆက်သစ်တွေကို အခွင့်အရေးတွေ အများကြီးပေးဖို့၊ အခွင့်အရေးဆိုတာ အခွင့်အရေးယူတဲ့သဘော မဟုတ်ဘူး၊ ရွေးချယ်ပိုင်ခွင့်တွေလို့ ပြောရမှာပေါ့၊ ရွေးချယ်ပိုင်ခွင့်တွေ ပေးနိုင်သမျှပေးဖို့ ကြိုးစားစေချင်တယ်"

ဒါ့အပြင် မြန်မာနိုင်ငံက လူငယ်တွေကြား အလုပ်လက်မဲ့ပြဿနာ နဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု များပြားနေတာကိုလည်း ၀ိုင်းဝန်းအဖြေရှာကြဖို့ကို တိုက်တွန်းခဲ့ပါတယ်။

"ကျမတို့နိုင်ငံမှာ အခုဆိုရင် အလုပ်လက်မဲ့လူငယ်တွေ အင်မတန်များတယ်၊ ဒီနိုင်ငံရဲ့ အဓိကပြဿနာကြီးတစ်ခုပဲ၊ ဒီပြဿနာကြီးကို ဘယ်လိုဖြေရှင်းမလဲဆိုတာ အားလုံးကဝိုင်းဝန်းပြီးတော့ စဉ်းစားပေးဖို့ဖြစ်တယ်၊ ဘွဲ့တော့ရထားပြီ ဘာအလုပ်မှမရှိဘူး၊ လုပ်စရာအလုပ်ကျလည်းမရှိဘူး၊ ဒါဟာ ကျမတို့နိုင်ငံလူငယ်တွေရဲ့ ပြဿနာကြီးတစ်ခုဖြစ်တယ်၊ အဲဒီပြဿနာနဲ့ ဆက်နွယ်နေတာ မူးယစ်ဆေးဝါးကိစ္စပဲ၊ အဲဒီတော့ အလုပ်မရှိတဲ့လူငယ်များဟာ စိတ်လေတယ်၊ အလုပ်မဲ့တာဟာ ပြဿနာမဟုတ်ဘူး၊ မျှော်လင့်ချက်မဲ့သွားရင်တော့ ပြဿနာဖြစ်ပြီ"

ဒီနေ့ကျင်းပတဲ့ လူငယ်တွေ့ဆုံဆွေးနွေးပွဲဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ချိန်ကစပြီး တာဝန်ယူခဲ့ကြတဲ့ အဖွဲ့ဝင်တွေရဲ့ အတွေ့အကြုံတွေကို မျိုးဆက်သစ်လူငယ်တွေကို ပြန်လည်မျှဝေဖို့အတွက် ကျင်းပတာလို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


သချိုင်းမြေပါ သိမ်းတဲ့ကိစ္စ လွှတ်တော်တင်မည်

ကချင်ပြည်နယ် တနိုင်းမြို့နယ် လမုန်ကျေးရွာက ခရစ်ယာန်သချိင်္ုင်းမြေတပိုင်းကို ဒေသအာဏာပိုင်တွေက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ရောင်းချထားပြီး၊ အခုထိ နေရာအစား မပေးသေးတဲ့အတွက် ဒေသခံတွေအနေနဲ့ နာရေးကိစ္စအတွက် ခရီးကွာလှမ်းတဲ့ တခြားရွာမှာ သွားရောက်မြှုပ်နှံနေကြရပါတယ်။

အဲဒီ ခရစ်ယန်သချိုင်းမြေမှာ ကက်သလစ်သချို င်္င်းနဲ့ တခြားခရစ်ယာန် ဘာသာပေါင်းစုံသချိ င်္င်းအဖြစ် ခွဲခြားထားပြီး၊ တပိုင်းကို ရောင်းထားတာဖြစ်ကြောင်း ကချင်ပြည်နယ် NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဌ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

"ကုမ္ပဏီကို ရောင်းစားထားတယ်၊ သချိုင်းမြေက နှစ်ခြမ်းရှိတယ်၊ တခြမ်းက ကက်သလစ်ဘာသာနဲ့ ဆိုင်တဲ့တခြမ်း၊ လမ်းကတော့ လမ်းမတန်းမှာပဲ၊ အုပ်ချုပ်ရေးပိုင်းက ရောင်းစားထားတာ၊ ရောင်းတာတစ်နှစ်ကျော်သွားပြီ၊ သူတို့လည်း ရောင်းထားမှန်းလည်းမသိဘူး၊ အသုဘရှိလို့ဆိုပြီးတော့ သချိုင်းကိုသွားတဲ့အခါကျတော့ မြှုပ်ထားတဲ့ဟာတွေကို အကုန်လုံးဘူဒိုဇာနဲ့ ထိုးပြီးတော့ အပင်တွေစိုက်ထားတယ်"

ဒီကိစ္စကို အထက်ကိုတင်ပြထားတာ တစ်နှစ်နီးပါးလောက်ရှိပေမဲ့ အခုထိ အကြောင်းတစုံတရာ မထူးခြားတဲ့အတွက် ရှေ့လကျင်းပမယ့် လွှတ်တော်မှာတင်ပြဖို့ စီစဉ်ထားတယ်လို့လည်း ဒေါ်ဘောက်ဂျာက ပြောပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


သန်းခေါင်စာရင်းအရ အမျိုးသမီးဦးရေက အမျိုးသားထက် များ

မြန်မာနိုင်ငံရဲ့ ရှေ့ပြေး လူဦးရေ စာရင်းမှာ လူဦးရေ ၅၁သန်းကျော် ရှိတဲ့ အထဲက လူဦးရေ အားလုံးရဲ့ ၂၇ ရာခိုင်နှုန်းကျော်ဟာ မြို့ပြမှာ နေထိုင် ကြပြီး တိုင်းနယ် ပြည်နယ် အသီးသီးမှာ တော့ အမျိုးသမီး ဦးရေက အမျိုးသား ဦးရေထက် ပိုများနေတယ်လို့ ပြည်သူ့အင်အား ဦးစီးဌာန ဗဟို သန်းခေါင် စာရင်း ကော်မရှင် က ထုတ်ပြန်ပါတယ်။

လူအယောက် ၁၀ဝတိုင်းမှာ အမျိုးသား ၄၈ယောက်နဲ့ အမျိုးသမီး ၅၂ ယောက် ရှိနေပြီး တနိုင်ငံလုံး အနေအထားနဲ့ တွက်ချက်မယ်ဆိုရင် အမျိုးသမီး ဦးရေက အမျိုးသား ဦးရေထက် ၁.၇သန်း ပိုများနေပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေ သိပ်သည်းဆဟာ (၁)စတုရန်း ကီလိုမီတာမှာ ပျမ်းမျှ ၇၆ ယောက် နေထိုင်ပြီး နေထိုင်သူ ဦးရေဟာ တချို့ပြည်နယ်တွေမှာ ဆယ်ဂဏန်း လောက်ပဲ ရှိပေမယ့် ရန်ကုန်မှာတော့ အယောက် ၇၀ဝ ကျော်လောက် နေထိုင်ကြတယ်လို့ ဆိုပါတယ်။

UNFPA ဌာနေကိုယ်စားလှယ် Janet Jackson က တော့ မြို့ပြဒေသတွေကို လူတွေ ပြောင်းရွှေ့ နေထိုင်ကြပေမယ့် သူတို့နဲ့ သင့်တင့်မယ့် အလုပ်အကိုင်နဲ့ နေရေး ထိုင်ရေး လိုအပ်ချက်တွေ ရှိနေတယ်လို့ ပြောပါတယ်။

ရွာတွေကနေ မြို့ပေါ် ပြောင်းရွှေ့လာသူတွေ အတွက် သူတို့တွေရဲ့ တကယ်တမ်း လိုအပ်ချက်တွေကို စီစဉ်ပေးဖို့ လိုအပ်ကြောင်းနဲ့ ဘာတွေ အဓိက ဖြည့်ဆည်းပေးဖို့ လိုသလဲ ဆိုတာကိုတော့ သန်းခေါင်စာရင်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ ထွက်ပေါ်လာမှ ဆုံးဖြတ် လုပ်ကိုင်နိုင်မှာ ဖြစ်တယ်လို့ UNFPA က ပြောပါတယ်။

အခု ထုတ်ပြန်လိုက်တဲ့ ရှေ့ပြေး စာရင်းထဲမှာ ကချင်၊ ကရင်နဲ့ ရခိုင်ဒေသ မှာ အရင် ကောက်ထားတဲ့ ကျား၊မ စာရင်း ထည့်သွင်း ဖော်ပြထားပေမယ့် နိုင်ငံခြားမှာ သွားရောက် အလုပ် လုပ်ကိုင်နေသူတွေရဲ့ စာရင်းတော့ မပါသေးပါဘူး။

မြန်မာနိုင်ငံမှာ လူဦးရေ သန်း၆၀ကျော် ရှိတယ်လို့ အစိုးရက အရင်က ထုတ်ပြန် ထားပြီး အခုတော့ ၅၁သန်းကျော်ပဲ ရှိတယ်လို့ ပြန်ပြီး ထုတ်ပြန်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ကျော်တုန်းက ကောက်ခံမှုတွေမှာ အချက်အလက် မပြည့်စုံတာတွေ ရှိခဲ့ပြီး သေစာရင်း၊ မွေးစာရင်း အချက်အလက်လောက်ပဲ ကောက်ခံနိုင်ခဲ့တာမို့ ဒီစာရင်းတွေဟာ ပြည့်စုံ မှန်ကန်မှု မရှိခဲ့ဘူးလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/08/140830_census_2014_figure.shtml

အရင် သန်းခေါင်စာရင်းက အချက်အလက် မပြည့်စုံတာတွေ ရှိခဲ့တယ်လို့ ဝန်ကြီး ဦးခင်ရီပြော

သြဂုတ်လ (၃၀)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်း၊ အတွဲ(၃)၊ အမှတ်(၂၅)

သြဂုတ်လ (၃၀)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့်အပတ်စဉ်သတင်း၊ အတွဲ(၃)၊ အမှတ်(၂၅)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



သြဂုတ် (၂၉)ရက်နေ့ ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ(၃၅) အမှတ်(၆၈၇)

သြဂုတ် (၂၉)ရက်နေ့ ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ(၃၅) အမှတ်(၆၈၇)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



သြဂုတ်လ (၃၁)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ

သြဂုတ်လ (၃၁)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 



သြဂုတ်လ (၃၁)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ

သြဂုတ်လ (၃၁)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 



သြဂုတ်လ (၃၁)ရက်နေ့ ထုတ် ပြည်ထောင်စုနေ့ စဉ် သတင်းစာ

သြဂုတ်လ (၃၁)ရက်နေ့ ထုတ် ပြည်ထောင်စုနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 



ဓမ္မစေတီခေါင်းလောင်း အမှီပြု စီးပွားရှာသူတွေ အဆင်ပြေ (ရုပ်/သံ)

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူနေတဲ့ လုပ်ငန်းခွင် နေရာကို အမှီပြုပြီး ဝမ်းရေး အတွက် အသက်မွေး နေသူတွေ အဆင်ပြေနေတဲ့ အကြောင်းကို ဒေါ်ယမင်းဦး တင်ဆက်ထားပါတယ်။ ရိုက်ကူး ထွန်းကျော် ယမင်းဦး
DVB TV - 30.08.2014



ရိုမေးနီးယား ရုပ်ရှင်ပွဲတော်မှာ မြန်မာဇာတ်ကား အထူးဆုရရှိ

မြန်မာလူငယ်ဒါရိုက်တာ သည်မော်နိုင် ရိုက်ကူးတဲ့ The Monk (ရဟန်း) ဆိုတဲ့ ဇာတ်လမ်းရုပ်ရှင်ဟာ ရိုမေးနီးယားနိုင်ငံ ရုပ်ရှင်ပွဲတော်မှာ အထူးဆု ဆွတ်ခူးသွားပါတယ်။

ရိုမေးနီးယားနိုင်ငံ ဘူခါရက်မြို့မှာကျင်းပတဲ့ ၁၁ ကြိမ်မြောက် anonimul International Independence Film Festival အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ Premiere Special အထူးဆု ရရှိတာပါ။

မြန်မာ့ကျေးလက်က ကိုရင်ငယ်ဘ၀ကနေ အရွယ်ရောက်လာတဲ့ ရဟန်းတစ်ပါးကို ဇာတ်အိမ်တည်ထားတဲ့ အဲဒီဇာတ်ကားဟာ ပြသချိန် ၉၄ မိနစ်ရှိပြီး တောင်ကိုရီးယားနိုင်ငံမှာ ဒီနှစ် အောက်တိုဘာ ၂ ရက်နေ့ကနေ ၁၁ ရက်နေ့အထိကျင်းပမယ့် ၁၉ ကြိမ်မြောက် ဘူဆန်းရုပ်ရှင်ပွဲတော်မှာ ပြသဖို့လည်း ရွေးချယ်ခံထားရပါတယ်။

A Window on Asian Cinema အာရှရုပ်ရှင်ပြတင်းဆိုတဲ့ အစီအစဉ်မှာ ပြသမှာဖြစ်ပြီး ဒီကဏ္ဍဟာ အရည်အချင်းရှိ ရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ ရုပ်ရှင်ကားသစ်တွေကို အဓိကရွေးချယ်ပြသတာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


မိုးခိုနေစဉ် မိုးကြိုးထိမှန်၍ ကျောင်းသား(၂)ဦးသေဆုံး

နေပြည်တော်၊ သြဂုတ် ၃၀

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့၊ ဥတ္တံတားရပ်ကွက်တွင် ကျောင်းသား ၂ ဦး မိုးကြိုးထိမှန်သေဆုံးကြောင်း သတင်းအရ ရပ်စောက်မြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ၎င်းရပ်ကွက်နေ သက်လွင်ဦး(၁၁)နှစ်ပါ(၅)ဦးတို့သည် ကျောင်းဆင်းပြီး နေအိမ်သို့ပြန်လာစဉ် မိုးရွာသဖြင့် တပ်ရဲဂိတ်ရှေ့အမိုးအောက်၌ သက်လွင်ဦးနှင့် တစ်ရပ်တည်းနေ မင်းအုပ်စိုး(၁၃)နှစ်တို့ ၂ ဦးမှာ မတ်တပ်ရပ်ပြီး ကျန်(၃)ဦးမှာ ထိုင်လျက် မိုးခိုနေစဉ် မိုးကြိုးပစ်၍ထိမှန်ရာ သက်လွင်ဦးတွင် ဦးခေါင်း ငယ်ထိပ်ဆံပင်မွှေးမီးလောင်၊ ယာပုခုံးမီးလောင်ဒဏ်ရာနှင့် မင်းအုပ်စိုး၌ မျက်ကွင်းနှစ်ဖက်ညိုမဲဒဏ်ရာများရရှိ သေဆုံးသွားကြောင်း သိရှိရသဖြင့် ရပ်စောက်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁၆/၂၀၁၄) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096?fref=nf


ရန်ကုန်လူဦးရေ အများဆုံး၊ အနည်းဆုံး ကယားပြည်နယ် – လ၀ကညွှန်မှူး ဒေါက်တာခိုင်ခိုင်စိုး

မြန်မာပြည်မှာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး ဒီထဲ ရန်ကုန်တိုင်းက လူဦးရေ ၇ သန်းကျော်နဲ့ လူဦးရေ အများဆုံးနေထိုင်နေကြပြီး ကယားပြည်နယ်က လူဦးရေ ၂ သိန်းကျော်နဲ့ လူဦးရေ အနည်းဆုံးနေထိုင်ကြတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။
ထိုင်းတို့ မလေးရှားတို့လို နိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမား လူဦးရေစာရင်းကိုတော့ ၂၀၁၅ ခုနှစ် မေလကျမှ ထုတ်ပြန်ပေးနိုင်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် အရင် အစိုးရက မြန်မာပြည်လူဦးရေ သန်း ၆၀ လို့ သုံးနှုန်းပြောဆိုခဲ့တာဟာ မွေးစာရင်း သေစာရင်းတို့ကိုကြည့်ပြီး ခန့်မှန်းသုံးနှုန်း ပြောကြားခဲ့တာလို့လည်း သူက ပြောပါတယ်။

ဒေါက်တာခိုင်ခိုင်စိုးကို ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/63765



ပြည်သူ့အင်အားဦးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်မျိုးဆက်များတွေ့ဆုံပွဲ ကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူငယ်မျိုးဆက်များတွေ့ဆုံပွဲကို ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပခဲ့ပါတယ်။

၁၉၈၈ ခုနှစ်ကနေ ၂၀၁၄ အထိခေတ်အဆက်ဆက် တာဝန်ယူခဲ့ကြတဲ့ အမျိုးးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်မျိုးဆက်တွေတွေဆုံခဲ့ကြတာပါ။ အဲဒီပွဲကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက လူငယ်မျိုးဆက် ၁၅၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။

d4တွေ့ဆုံပွဲစီစဉ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌဦးမြင့်ဌေး ကတော့ ၂၀၁၁ ခုနှစ်မှာ ပထမဆုံးလူငယ်တွေ့ဆုံပွဲကြောင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ပံ့ပိုးနိုင်ခဲ့ပြီး
အခုတွေ့ဆုံပွဲကလည်း လာမယ့်ရွေးကောက်ပွဲတွေမှာ အဖွဲ့ချုပ်ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်မယ်လို့ ပြောပါတယ်။
“၂၀၁၁ ခုနှစ်မှာ ပထမဆုံး ပထမဆုံးလူငယ်တွေ့ဆုံပွဲလုပ်နိုင်တဲ့အတွက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို အရင်တာဝန်ယူခဲ့ဖူးတဲ့သူတွေက ပံ့ပိုးနိုင်ခဲ့သလို လက်ရှိ မကြာခင်မှာ ဖြတ်သန်းရတော့မယ့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများအတွက် လက်ရှိတာဝန်ယူနေကြတဲ့ လူငယ်အသီးသီးနဲ့ ယခင်တုန်းက အဖွဲ့ချုပ် လူငယ်မှာ ခေတ်အဆက်ဆက် တာဝန်ယူခဲ့တဲ့ လူငယ်တွေ ပူးပေါင်းပြီးတော့ ကျနော်တို့ အဖွဲ့ချုပ်က လူငယ်တွေ ပူးပေါင်းပြီးတော့ အဖွဲ့ချုပ်ရဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော် နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေလည်း ပါဝင်ပါတယ်။”

တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကလည်း ၂၀၁၄ ခုနှစ်က ၂၀၁၅ ခုနှစ်မရောက်ခင် ဒီမိုကရေစီပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီး လူငယ်တွေအနေနဲ့ အရေးကြီးပြီး ပခုံးပြောင်းတာဝန်ယူဖို့ လိုတယ်လို့လည်း အခုလိုပြောပါတယ်။
“ရှေ့လာမယ့် ၂၀၁၄ အပြီး ၂၀၁၅ မရောက်ခင် နိုင်ငံတော်ရဲ့ အခြေအနေတွေကို ပြုပြင်ပြောင်းလဲနိုင်တဲ့ အတိုင်းအတာတွေ ဒီမိုကရေစီအတွက်ကို ဘယ်လောက်အထိ လုပ်ပေးနိုင်သလဲဆိုတာ အရေးတကြီး အားကိုးရမယ့် လူငယ်ပိုင်းဖြစ်တဲ့အတွက် ရှေ့ နောင်တော့်နောင်တော် အမျိုးသမီး၊ အမျိုးသား လူငယ်များတွေရဲ့ ဆင်းရဲပင်ပန်းခံ ဒုက္ခခံသွားတဲ့ ဟာတွေကို ဆက်လက်ပြီးတော့ ပုခုံးထမ်းတာဝန်တွေနဲ့ ယနေ့ ခေါင်းဆောင်ကောင်း ဖြစ်နိုင်ကြပါစေလို့။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမအကြိမ် လူငယ်မျိုးဆက်များ တွေ့ဆုံပွဲကို ၂၀၁၁ ခုနှစ်က ကျင်းပခဲ့ပေမယ့် ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ခဲ့ပဲ အခုတွေ့ဆုံပွဲကတော့ ဗဟိုချုပ်ကိုင်မဟုတ်ပဲ ဒီမိုကရေစီနည်းလမ်းတကျနဲ့ ကျင်းပခဲ့တဲ့ တွေ့ဆုံပွဲဖြစ်တယ်လို့လည်း အန်အယ်လ်ဒီ က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ရန်ကုန်မြို့မှာပဲ ကျင်းပခဲ့ပါတယ်။

By ထွန်းထွန်းသိန်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/63767


ဒုက္ခသည်စခန်းမှ ရေမျော ပျောက်ဆုံးနေတဲ့ အလောင်းအား ပြန်လည်တွေ့ရှိ

မယ်ဟောင်ဆောင်မှ ထိုင်းအာဏာပိုင်၊ ဒုက္ခသည် စခန်းမှ တာဝန်ရှိ သူတွေနဲ့ ကျောင်းသားတွေ ပေါင်းပြီး ရေမျော ပျောက်ဆုံး ခဲ့တဲ့ အသက် ၄၇နှစ်အရွယ် ခူးတော်ကို ဆက်လက်ရှာဖွေ ခဲ့ကြရာ သြဂုတ်လ ၃၀ရက် နေ့ မနက်မှာ အလောင်းအား ပြန်လည် တွေ့ရှိခဲ့ပါပြီ။

သြဂုတ်လ ၂၆ရက်နေ့ည အချိန်မှာ ရုတ်တရက် ရေကြီးမှု ဖြစ်ပွား ခဲ့တဲ့ အတွက် ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းမှ ဒုက္ခသည်နှစ်ဦး သေဆုံးခဲ့ပါတယ်။

Kantarawaddy Times
https://www.facebook.com/kantarawaddytimes?hc_location=timeline
ဓါတ်ပုံ-ကူးဒူ(ကေတီ)




SIM ကဒ်များကို နိုင်ငံတစ်ဝန်းရှိ လက်လီ အရောင်းဆိုင်များ တွင် ဝယ်ယူရရှိ နိုင်တော့မည်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် မိဘပြည်သူ များအား SIM ကဒ်များ ပိုမို လွယ်ကူစွာ ဝယ်ယူ ရရှိနိုင်ရေး အတွက် ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ တန်ဖိုးနည်း SIM ကဒ်များကို နိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လက်လီ အရောင်းဆိုင်များတွင် စက်တင်ဘာလ (၁)ရက်နေ့မှ စတင်၍ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးမည် ဖြစ်ပါသည်။ SIM ကဒ်များကို လစဉ်လတိုင်း ဝယ်ယူရရှိနိုင်ရေးနှင့် နိုင်ငံအနှံ့ရှိ မြို့များနှင့် မြို့နယ်တိုင်းတွင် ရရှိနိုင်ရေး ဆက်လက် စီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

ပြည်နယ်/တိုင်း  မြို့နယ်များ

နေပြည်တော်

ဒက္ခိဏသီရိ၊ လယ်ဝေး၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ တပ်ကုန်း၊ ဇမ္ဗူသီရိ၊ ဇေယျာသီရိ

ကချင်

မြစ်ကြီးနား၊ ဗန်းမော်၊ ဖားကန့်၊ မိုးကောင်း၊ မိုးညှင်း၊ ရွှေကူ၊ တနိုင်း

ကယား

လွိုင်ကော်

ကရင်

ဘားအံ၊ လှိုင်းဘွဲ၊ ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ

ချင်း

ဟားခါး၊ ဖလမ်း၊ မင်းတပ်၊ တီးတိန်

စစ်ကိုင်း

မုံရွာ၊ ဘုတလင်၊ ခန္တီး၊ ဟုမ္မလင်း၊ အင်းတော်၊ ကလေး၊ ကလေးဝ၊ ကန့်ဘလူ၊ ကောလင်း၊ မော်လိုက်၊ မြင်းမူ၊ ပုလဲ၊ စစ်ကိုင်း၊ ဝန်းသို

တနင်္သာရီ

ထားဝယ်၊ ဘုတ်ပြင်း၊ ကော့သောင်း၊ ကျွန်းစု၊ လောင်းလုံ၊ မြိတ်၊ ပုလော၊ ရေဖြူ

ပဲခူး

ပဲခူး၊ ပြည်၊ ဒိုက်ဦး၊ ကဝ၊ ကျောက်ကြီး၊ ကျောက်တံခါး၊ ညောင်လေးပင်၊ အုတ်တွင်း၊  ဖြူး၊ ရွှေကျင်၊ ထန်းတပင်၊ တောင်ငူ၊ သနပ်ပင်၊ ဝေါ၊ ရေတာရှည်၊ ကြို့ပင်ကောက်၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ နတ်တလင်း၊ အုတ်ဖို၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ရွှေတောင်၊ သာယာဝတီ၊ သဲကုန်း၊ ဇီးကုန်း

မကွေး

မကွေး၊ အောင်လံ၊ ချောက်၊ ဂန့်ဂေါ၊ ကံမ၊ မင်းဘူး၊ မင်းတုန်း၊ မင်းလှ၊ မြိုင်၊ မြို့သစ်၊ နတ်မောက်၊ ငဖဲ၊ ပခုက္ကူ၊ ပေါက်၊ ပွင့်ဖြူ၊ စလင်း၊ ဆော၊ ဆိပ်ဖြူ၊ စေတုတ္တရာ၊ ဆင်ပေါင်ဝဲ၊ တောင်တွင်းကြီး၊ သရက်၊ ထီးလင်း၊ ရေနံချောင်း၊ ရေစကြို

မန္တလေး

အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ မိုးကုတ်၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ စဥ့်ကူး၊ အမရပူရ၊ ချမ်းမြသာစည်၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ မိထ္ထီလာ၊ ပြည်ကြီးတံခွန်၊ စဥ့်ကိုင်၊ တံတားဦး၊ သာစည်

မွန်

မော်လမြိုင်၊ ဘီးလင်း၊ ချောင်းဆုံ၊ ကျိုက်မရော၊ ကျိုက်ထို၊ မုဒုံ၊ ပေါင်၊ သံဖြူဇရပ်၊ သထုံ၊ ရေး

ရခိုင်

စစ်တွေ၊ အမ်း၊ ဘူးသီးတောင်၊ ဂွ၊ ကျောက်ဖြူ၊ ကျောက်တော်၊ မောင်းတော၊ မင်းပြား၊ မြောက်ဦး၊ မန်အောင်၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင် ၊ သံတွဲ၊ တောင်ကုတ်

ရန်ကုန်

ဗိုလ်တထောင်၊ ဒဂုံမြို့သစ်၊ ဒေါပုံ၊ မင်္ဂ္လာတောင်ညွန့်၊ မြောက်ဥက္ကလာပ၊ ပုဇွန်တောင်၊ တောင်ဥက္ကလာပ၊ တာမွေ၊ သာကေတ၊ သင်္ဃ္န်းကျွန်း၊ ရန်ကင်း၊ လှိုင်သာယာ၊ လှည်းကူး၊ ၊ မှော်ဘီ၊ ထန်းတပင်၊ အင်းစိန်၊ မင်္ဂ္လာဒုံ၊ ရွှေပြည်သာ၊ တိုက်ကြီး၊ အလုံ၊ ဗဟန်း၊ ကိုကိုးကျွန်း၊ ဒဂုံ၊ ဒလ၊ လှိုင်၊ ကမာရွတ်၊ ကော့မှူး၊ ခရမ်း၊ ကွမ်းခြံကုန်း၊ ကျောက်တံတား၊ ကျောက်တန်း၊ ကြည့်မြင်တိုင်၊ လမ်းမတော်၊ လသာ၊ မရမ်းကုန်း၊ ပန်းဘဲတန်း၊ စမ်းချောင်း၊ ဆိပ်ကြီးခနောင်တို၊ ဆိပ်ကမ်း၊ သန်လျင်၊ သုံးခွ

ရှမ်း

တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းတုံ၊ တာချီလိတ်၊ သိန္နီ၊ ကွတ်ခိုင်၊ လောက်ကိုင်၊ မဘိန်း၊ မန်တုံ၊ မိုးမိတ်၊ မိုးညှင်း၊ မူဆယ်၊ နမ့်ခမ်း၊ နောင်ချို၊ ကလော၊ ကွန်ဟိန်း၊ လဲချား၊ လင်းခေး၊ ရပ်စောက်၊ လွိုင်လင်၊ မိုင်းရှူး၊ မိုးနဲ၊ နမ့်စန်၊ ညောင်ရွှေ၊ ဖယ်ခုံ၊ ပင်းတယ၊ ပင်လောင်း၊ ရွာငံ

ဧရာဝတီ

ပုသိမ်၊ ဘိုကလေး၊ ဓနုဖြု၊  ဒေးဒရဲ၊ အိမ်မဲ၊ ဟင်္သာတ၊ အင်္ဂ္ပူ၊ ကန်ကြီးထောင့်၊ ကျိုက်လတ်၊ ကြံခင်း၊ ကျောင်းကုန်း, ကြုံပျော်၊ လပွတ္တာ၊ လေးမျက်နှာ၊ မအူပင်၊ မော်လမြိုင်ကျွန်း၊ မြန်အောင်၊ မြောင်းမြ၊ ငပုတော၊ ညောင်တုန်း၊ ပန်းတနော်၊ ဖျာပုံ၊ သာပေါင်း၊ ဝါးခယ်မ၊ ရေကြည် ၊ ဇလွန်

http://www.mcit.gov.mm


ပအိုးဝ်နဲ့ SSA တပ်များအကြား နယ်မြေအငြင်းပွားမှုဖြစ်ပွား

ပအိုးဝ်လွတ်မြောက်ရေးတပ်မတော် (PNLA) နဲ့ ရှမ်းပြည်တောင်ပိုင်းတပ်မတော် SSA တို့အကြား ထိမ်းချုပ်နယ်မြေသတ်မှတ်တာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ပွားလို့ တိုက်ပွဲတွေဖြစ်လာနိုင်တဲ့ အခြေအနေရောက်နေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြောကြပါတယ်။

ရှမ်းပြည်တောင်ပိုင်း မောက်မော်မြို့နယ် ကဒူးကြီးဒေသမှာ အစိုးရနဲ့ငြိမ်းချမ်းရေးရယူထားတဲ့ PNLA အဖွဲ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ်မှာ RCSS/SSA က သြဂုတ်လ ၈ရက်နေ့ နောက်ဆုံးထားပြီး အဲဒီဒေသတွင်းကထွက်ခွာဖို့ စာပို့ခဲ့တယ်လို့ ပအိုးဝ်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

ဆက်လက်ပြီး သြဂုတ်လ ၁၅ရက်နေ့မှာ စာထပ်ပေးပို့ခဲ့ပြီး သြဂုတ်လ ၂၁ရက်နေ့မှာ (PNLA) တပ်သား ၃ဦးကို ဖမ်းစီးသွားခဲ့တယ်လို့ ဆိုပါတယ်။ ခွန်မြင့်ထွန်းက…

"RCSS က ကျနော်တို့ကို ကျနော်တို့ကဒီအစိုးရနဲ့ သဘောတူထားတဲ့ ဖွံ့ဖြိုးရေးတွေလုပ်တာ သူ့ထိမ်းချုပ်နယ်မြေဆိုပြီး တိုက်မလို့ဘာညာဖြစ်နေတာ၊ ကျနော်တို့ကလည်း ပြန်တိုက်ရမယ်ဖြစ်နေအဲ့လိုတွေ ကျနော်တို့ တပ်ဖွဲ့ဝင် ၃ ယောက်ကိုသူတို့ ဖမ်းထားတယ်၊ ၂၁ ရက်နေ့ထဲက ဖမ်းထားတာ"

ဒီကိစ္စနဲ့ပတ်သက်ပြီး RCSS/SSA အဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ UNFC ညီလာခံမှာရောက်ရှိနေတဲ့ SSA တောင်ပိုင်းက တာဝန်ခံအရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးစိုင်းငင်းက ခုလိုပြောပါတယ်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ကျနော်တို့ ဘာမှမှတ်ချက်မပေးလိုသေးပါဘူး၊ အခုထိ ကျနော်တို့ညှိနေတဲ့ အခြေအနေပဲရှိပါသေးတယ်၊ နောက်ပြီးတော့ ဒီနယ်မြေကအရင်တုန်းကလည်း ကျနော်တို့နေတဲ့ နယ်မြေတွေပါ၊ အစိုးရကလည်း ဒါသူတို့ကိုပေးတယ်ဆိုတာလည်း ကျနော်တို့ကိုလည်း ဘာမှတိုင်ပင်တာမရှိပါဘူး၊ ကျနော်တို့နှစ်ဖက် ညှိနေကြတယ်"

ဒီပြဿနာနဲ့ပတ်သက်ပြီး UNFC ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့ကိုတင်ပြပြီး ကြားဝင်ဆောင်ရွက်ဖို့ အစီအစဉ်ရှိတယ်လို့ ပအိုးဝ်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ခွန်မြင့်ထွန်းကလည်းပြောပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


နမ္မတူမြို့ နယ်၊ မန်စံကျေးရွာ SNLD ရုံးဖွင့်လှစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ နယ်၊ မန်စံကျေးရွာ မှာ ၂၆-၈-၁၄ ရက်နေ့က SNLD ရုံးဖွင့်လှစ် ခဲ့ပါတယ်။

အဆိုပါ ရုံးဖွင့်လှစ်ပွဲကို SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး လာရောက် ဖွင့်လှစ်ပေးပြီး ဒေသခံ(၁၀၀)ကျော် တက်ရောက်ခဲ့ပါတယ်။

အခု ပါတီဖွင့်ပွဲလာတဲ့ ပါတီဝင်(၁၁၀)ဦးဟာ ကျားဖြူပါတီကနေ နှုတ်ထွက်ပြီး ကျားခေါင်းပါတီကို ပြောင်းလာတဲ့သူတွေပါ။

နမ္မတူမြို့နယ်မှာ SNLD မြို့ နယ်ဥက္ကဋ္ဌ နန်းရွှေညွန့် နှင့် မြို့နယ် CEC (၁၇)ဦး စတင်ဖွဲ့ စည်းပြီး ၊ ပါတီဝင်တွေ လက်ခံ နေပါတယ်၊ အခုတက်ရောက်သူတွေ အားလုံးကလည်း  ပါတီဝင်ခွင့်ပုံစံ တွေ သူ့တို့သဘောဆန္ဒနဲ့ ယူထားပြီးပြီ ဖြစ်ပါတယ်။

စိုင်းဟတ်ခေး ( နမ္မတူ )

BY THIT HTOO LWIN



ရခိုင်အစိုးရအဖွဲ့ဝန်ကြီး(၅)ဦး ရာထူးအပြောင်အလဲ နောက်ကွယ်မှ အကြောင်းအရာများ လွှတ်တော်ကိုယ်စားလှယ်များ ထုတ်ဖေါ်ပြောကြား

များမကြာမီက ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီး (၅) ဦး၏ ရာထူးတာဝန် အပြောင်းအလဲနှင့် ပတ်သက်ပြီး နောက်ကွယ်က အကြောင်းအရာများကို ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ထုတ်ဖေါ်ပြောကြားသည်။

မြေပုံမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းမှ  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြည်နယ်ဝန်ကြီး (၅) ဦးအား ကျွမ်းကျင်ရာဌာန အသီးသီးသို့ ပြောင်းလဲခန့်ထားပေးရန် နိုင်ငံတော် သမ္မတထံ တင်ပြခဲ့သဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီး (၅)ဦးကို ဌာနပြောင်းလဲ ခန့်အပ်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“ မနေ့က ကျင်းပခဲ့တဲ့ ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးမှာ သမ္မတကြီးဆီးက  ပေးပို့တဲ့ စာကို ဖတ်ပြပါတယ်။ အဲဒီစာထဲမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းရဲ့  တင်ပြမူ အပေါ်မှာ မူတည်ပြီး နေရာပြောင်းလဲ ခန့်အပ်ကြောင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ သမ္မတဆီကနေ ထုတ်ပြန်တဲ့ စာမှာ ဝန်ကြီးအပြောင်းအလဲတွေ လုပ်ဖို့အတွက် ဝန်ကြီးချုပ်ကနေ သမ္မတဆီကို တင်ပြတဲ့စာ အပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲလိုက်တယ်ဆိုပြီးတော့ သမ္မတဦးသိန်းစိန်ရဲ့ စာထဲမှာပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့သို့  ပြောင်းလဲ ခန့်အပ်ရာတွင် ယခင် ရခိုင်ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကျော်မင်းအား လူမှုရေးဝန်ကြီးအဖြစ်လည်းကောင်း၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်သိန်းအား ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ပြည်နယ် လူမှုရေးဝန်ကြီး ဦးကျော်ခင်အား သစ်တောနှင့် သတ္တုဝန်ကြီးအဖြစ်လည်းကောင်း၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမြအောင်အား ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးအဖြစ် လည်းကောင်း၊ ဦးမောင်စံရွှေအား စည်ပင်သာယာရေးဝန်ကြီးအဖြစ် လည်းကောင်း အသီသီး ပြောင်းလဲ တာဝန်ပေးအပ်ခဲ့သည်။

သြဂုတ်လ(၁၁)ရက်နေ့ကလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ထိရောက်မြန်ဆန်မှုမရှိဟုဆိုကာ ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြခဲ့ကြောင်း ပေါက်တောမြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။

“ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဟာ လုပ်ကိုင်တဲ့နေရာမှာ ထိရောက်မြန်ဆန်မှုမရှိတဲ့အတွက် ဒီဝန်ကြီးတွေကို ဖိအားပေးဖို့အတွက် လွှတ်တော်ကိုယ်စားလှယ် (၁၆)ယောက်က လက်မှတ်ထိုးပြီးတင်ပြခဲ့ကြတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဒီကိစ္စ(ဝန်ကြီးအပြောင်းအလဲ)ဖြစ်လာတယ်လို့ ယူဆတယ်” ဟု ၎င်းက ပြောသည်။

လုပ်ငန်းများအား အရှိန်အဟုန်မြင့်ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ဝန်ကြီး(၅)ဦးအား ဌာနအပြောင်းအလဲ လုပ်ခဲ့သော်လည်း ဝန်ကြီးများအနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအား စနစ်တကျ မကိုင်တွယ်ပါက ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးမှာ နဂိုအတိုင်းသာ ရှိမည်ဖြစ်ကြောင်း ဦးတက်ထွန်းအောင်က သုံးသပ် ပြောဆိုသည်။

“တစ်ခုရှိတာက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က ဌာနဆိုင်ရာတွေကို ကိုင်တွယ်လို့ မရဘူးဖြစ်နေတယ်။ ရခိုင်ပြည်နယ်အစိုးရနဲ့ ဝန်ကြီးဌာနတွေဟာ ဌာနဆိုင်ရာတွေကို ထိန်းချုပ်နိုင်မှသာလျှင် အောင်မြင်မယ်လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ယူဆပါတယ်။ ကောင်းမလား ဆိုးမလားဆိုတာကတော့ ဌာနဆိုင်ရာတွေကို မကိုင်တွယ်နိုင်ဘူးဆိုရင်တော့ နဂိုအတိုင်းပဲ ဖြစ်မှာပေါ့” ဟု ၎င်းက ပြောသည်။

မြေပုံလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကလည်း ယခုလိုဆက်ပြောသည်။

”အရင်တစ်ခေါက်လည်း အပြောင်းအလဲဖြစ်ပြီးပြီလေ။ ဆိုလိုတာက အခုအခြေအနေက ခုပြောင်းလိုက်တော့ အခြေအနေတိုးတက်သွားမလားဆိုတာက သိပ်တော့ အပြောင်းအလဲဖြစ်လာမယ်လို့ ကျွန်တော်မထင်ဘူး။ ဒါပေမယ့် စောင့်တော့ ကြည့်ရဦးမှာပေါ့ဗျာ” ဟု ပြောသည်။

လွှတ်တော်သက်တမ်း(၅)နှစ်တာ ကာလအတွင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးများအား အပြောင်းအလဲ(၂)နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ယခုနေရာပြောင်းလဲခန့်အပ်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။

လွန်ခဲ့သော ရက်ပိုင်းကလည်း ရခိုင်ပြည်နယ်လွှတ်တော်တွက် ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုများနှင့် ပတ်သက်ကာ အငြင်းပွားမှုတစ်ချို့ပေါ်ပေါက်ခဲ့ပြီး၊ ယခု ဝန်ကြီးများအား နေရာပြောင်းလဲခန့်အပ်ခြင်းမှာ ဘက်ဂျက်ငွေကိစ္စနှင့် သက်ဆိုင်နိုင်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

(နိရဉ္စရာ-၃၀ သြဂုတ် ၂၀၁၄) / လင်းမြတ်
http://www.narinjara.com/burmese/?p=11758


ရန်ကုန်မြို့သစ် စီမံကိန်းကို ကျေးရွာဒေသခံတချို့ လက်မှတ်ရေးထိုး ကန့်ကွက်မည်

ရန်ကုန်မြို့သစ် စီမံကိန်းကို ကျေးရွာဒေသခံ တချို့က လက်မှတ်ရေးထိုး ကန့်ကွက်ပြီး သမ္မတဆီ စာပို့ဖို့ ရှိနေပါတယ်။

ကြည့်မြင်တိုင် ဆိပ်ကြီးခနောင်တို တွံတွေးမြို့နယ်တွေက မြေဧက ၃ သောင်းကျော်မှာ အကောင်အထည်ဖော်မယ့် မြန်မာ့စေတနာ မြို့သစ်စီမံကိန်းကို ကန့်ကွက်ဖို့အတွက် တွံတွေးမြို့နယ် ဒေသခံတချို့က ပြင်ဆင်နေကြတာပါ။

ဒီစီမံကိန်းအတွက် ခုထဲကလယ်ယာမြေတွေကို ဈေးကောင်းပေးဝယ်နေပြီး လယ်သမား တွေ နောက်ပိုင်းမှာ အလုပ်လက်မယ့်ဖြစ်နိုင်တဲ့အတွက် ကျေးရွာပေါင်း ၅၀ ကျော်က ကန့်ကွက် ချင်တဲ့သူတွေရဲ့ လက်မှတ်တွေကို လိုက်ကောက်သွားမှာ ဖြစ်တယ်လို့လည်း လက်မှတ်ကောက်ခံဖို့ စီစဉ်နေတဲ့ တွံတေးဒေသခံ ဦးအောင်ဖေက ဒီဗွီဘီကို ပြောပါတယ်။

“လယ်ယာတွေ မရှိတော့ဘူး။ မရှိတဲ့အခါမှာ ဆန်စပါး ပြဿ နာတွေ ပေါ်လာမယ်။ နောက် လယ်သမားတွေရဲ့ အခြေအနေတွေ ပျက်သွားမယ်။ လယ်သမားက လယ်ပဲစိုက်တက်တယ်။ ကျနော်ကတော့ သူဋ္ဌေးတွေက တဖက်လှည့်နဲ့ ငွေနဲ့ ပေါက်ပြီး လယ်သမားတွေကို စည်းရုံးတယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့လို့ ဒါကို ကျနော်မကျေနပ်ပါဘူး။ အဲဒါကြောင့် ဒါကို ကန့်ကွက်အနေနဲ့ မကျေနပ်တဲ့ လယ်သမားတွေရဲ့ လက်မှတ်တွေ စုဆောင်းပြီး သမ္မတဆီ တင်မှာပါ။”

စီမံကိန်း အကောင်အထည်မဖော်ခင် လယ်မြေတွေကို ကြိုပြီး ပွဲစားတွေဆီမှာ ရောင်းချနေ တာတွေကြောင့် လက်ရှိမှာ လယ်အကူအလုပ်သမား အများစုဟာ အလုပ်လက်မဲ့ အခြေအနေနဲ့ ရင်ဆိုင်လာရဖွယ်ရှိပါတယ်။

သံဖြူရုံကျေးရွာသူ ဒေါ်ခင်မေကတော့ လယ်သမားတွေ လယ်ယာမြေရောင်းချနေတာ ကြောင့် လယ်အကူအလုပ်သမားတချို့ အလုပ်လက်မဲ့ဖြစ်နေတယ်လို့ အခုလိုပြောပါတယ်။
“လယ်ကူလီပဲ လုပ်ကြတယ်။ ဒီအလုပ်ပဲရှိတယ်။ အခုကတော့ လယ်တွေ ရောင်းလိုက်တယ် ဆိုတော့ လယ်လုပ်ဖို့ မရှိတော့ဘူးပေါ့။ သူတို့လူနဲ့ သူတို့ လုပ်နေကျတော့ ကိုယ့်ကိုယ် မငှားတော့ဘူးပေါ့။ တချို့တွေက လယ်တွေကို အရင်နှစ်တွေထဲက ရောင်းထားကြတာ။ အခုမှ ဈေးတွေက မတော်မတရားတက်သွားတာ။ လယ်တွေက ကုန်သလောက် ရှိသွားပြီ။”

စီမံကိန်းအတွင်းပါဝင်တဲ့ တွံတွေးမြို့နယ် ကားလမ်းမကြီးဘေးက မြေဧကတွေဟာ တစ်ဧကကို သိန်းတစ်ထောင်ကျော် ဈေးပေါက်နေပြီး ကျေးရွာထဲမှာကတော့ ပေ ၂၀ ပေ ၆၀ တကွက်ကို သိန်း ၂၀၀ ကျော်ထိ ဈေးတွေ မြင့်တက်လာနေပါတယ်။

ရုတ်တရက်ထွက်ပေါ်လာတဲ့ ဒီရန်ကုန်မြို့သစ်စီမံကိန်းအပေါ် ပွင့်လင်းမြင်သာမှုရှိဖို့ မီဒီယာတွေကနေ ဝေဖန်သံတွေ ထွက်ပေါ်နေသလို ဒေသခံတွေ ဖက်ကလည်း ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး အသေးစိတ်ကို သိလိုစိတ်ပြင်းပြနေကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကတော့ ရန်ကုန်မြို့သစ်စီမံကိန်းကို မကြာခင်မှာပဲ ပွင့်လင်းမြင်သာစွာနဲ့ တင်ဒါခေါ်ယူသွားမယ်လို့ သြဂုတ်လ ၂၈ရက်နေ့က ထုတ်ပြန် ကြေညာထားပါတယ်။

By ထွန်းထွန်းသိန်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/63709

ရန်ကုန်မြို့သစ်စီမံကိန်းဧရိယာအတွင်း ရောင်းချမည့် မြေကွက်များ (ဓာတ်ပုံ-ထွန်းထွန်းသိန်း)

အစ္စလာမ် စစ်သွေးကြွတွေ တိုက်ခိုက်မှု တနေ့ ဒေါ်လာ ၇ သန်းခွဲ ကုန်ကြောင်း ပင်တဂွန်ပြော

အီရတ်နိုင်ငံမှာရှိတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့တွေကို အမေရိကန်က စစ်ဆင်ရေး လုပ်နေတာဟာ ကုန်ကျစရိတ်တွေ အလွန်များပြားပြီး တနေ့ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၇.၅ သန်း ကုန်ကျတယ်လို့ အမေရိကန်ပန်တာဂွန် စစ်ဌာနချုပ်က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လလယ်ကစတင်ပြီး လှုပ်ရှားမှုတွေ အရှိန်အဟုန်မြင့်လုပ်ဆောင်လာခဲ့တာကြောင့် အီရတ်နိုင်ငံအတွင်း ကုန်ကျစရိတ်ဟာလည်း တိုးလာခဲ့တယ်လို့ ရေတပ်ဗိုလ်ချုပ် John Kirby က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ဆီးရီးယားနိုင်ငံမှာရှိတဲ့ အစ္စလာမစ်စစ်သွေးကြွတွေအပေါ် လေကြောင်းကနေ တိုက်ခိုက်မှု လုပ်နိုင်ခြေမရှိဘူးလို့ ပြောလိုက်ပြီးတဲ့နောက်တရက်အကြာမှာ အခုလို သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်အဖွဲ့ကို ဘယ်လိုကိုင်တွယ် ဖြေရှင်း မယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည့်စုံကောင်းမွန်တဲ့ အစီအစဉ်တရပ်ချမှတ်နိုင်ဖို့အတွက် အမေရိကန်အစိုးရအနေနဲ့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

အမေရိကန်စစ်တပ်အနေနဲ့ သမ္မတကိုတင်ပြဖို့ အတွက်ရွေးချယ်စရာ နည်းလမ်းတွေကို ပြင်ဆင်လုပ်ဆောင်နေကြောင်း အဲဒီကနေ၊ အီရတ်နိုင်ငံက စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်သလိုမျိုး၊ ဆီးရီးယားနိုင်ငံက အစ္စလာမ်မစ်အစွန်းရောက်တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တာတွေလုပ်ဖို့ အမိန့်အထိပါ ပါဝင်လာနိုင်ခြေရှိတယ်လို့ ပြောပါတယ်။

အမေရိကန်က အီရတ်နိုင်ငံမှာ လေကြောင်းကနေ အကြိမ် ၁၀၀ ထက်မနည်း တိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန်ဘက်က လေကြောင်းကနေ ကူပြီး တိုက်ခဲ့တာကြောင့် အီရတ် နဲ့ ကာဒစ်ရှ်တပ်ဖွဲ့တွေဟာ Mosul ဆည်ကို ပြန်ပြီးတော့ သိမ်းယူနိုင်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/pentagon-says-iraq-operations-cost-7-point-5-million-daily/2432990.html
ပင်တဂွန် ရေတပ်ဗိုလ်ချုပ် John Kirby ။

Senegal မှာ ပထမဆုံး အီဘိုလာရောဂါ ကူးစက်သူတွေ့

အာဖရိကတိုက် အနောက်ပိုင်းမှာ ဖြစ်နေတဲ့ အီဘိုလာ ကူးစက် ရောဂါဟာ အခုအခါမှာ ဆီနီဂေါနိုင်ငံကိုပါ ကူးစက် ရောက်ရှိ လာပြီ ဖြစ်ပါတယ်။ ဆီနီဂေါနိုင်ငံက သူတို့ဆီမှာ အီဘိုလာ ရောဂါ ဖြစ်နေသူ တဦးကို တွေ့ရှိရတယ် လို့ သောကြာနေ့မှာ ကြေညာပါတယ်။

အီဘိုလာရောဂါ ဖြစ်နေသူဟာ ဂီနီတက္ကသိုလ် ကျောင်းသား တဦးဖြစ်ပြီး၊ အဲဒီလူဟာ ဆီနီဂေါနိုင်ငံမြို့တော် Dakar မှာ ဆေးကုသမှု ခံယူနေတယ်လို့ ဆီနီဂေါ ကျန်းမာရေးဝန်ကြီး Awa Marie Coll က သတင်း ထောက် တွေကို ပြောပါတယ်။ ဂီနီနိုင်ငံမှာ အီဘိုလာရောဂါ ဖြစ်သူတွေနဲ့ ထိတွေ့မှု ရှိခဲ့တယ်ဆိုတာကို အဲဒီလူငယ်က ၀န်ခံခဲ့တယ်လို့ သူမက ပြောပါတယ်။

ဆီနီဂေါနိုင်ငံဟာ ဒေသတွင်း အီဘိုလာကူးစက်ရောဂါဖြစ်နေတဲ့ နိုင်ငံတွေထဲက ပဉ္စမမြောက် နိုင်ငံဖြစ်ပါတယ်။ အီဘိုလာရောဂါပိုးကြောင့် ဂီနီ၊ လိုင်ဘေးရီးယားနဲ့ ဆီရာယာလီယုံနိုင်ငံတွေမှာ အခုနှစ်အတွင်း သေဆုံးသူဟာ ၁၅၀၀ ကျော်သွားပြီဖြစ်ပါတယ်။

အီဘိုလာကူးစက်ရောဂါဖြစ်တာဟာ အခုဆိုရင် ၆ လရှိသွားပြီဖြစ်ပြိး၊ အခြေအနေတွေက ပိုပြီးတော့ ဆိုးရွာလာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သောကြာနေ့မှာ သတိပေးလိုက်ပြီး၊ စုစုပေါင်း ရောဂါဖြစ်သူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ လွန်ခဲ့တဲ့ သီတင်းပတ် ၃ ပတ်အတွင်းဖြစ်ခဲ့တာလို့ ပြောပါတယ်။

အီဘိုလာရောဂါကို ကုသဖို့အတွက် စမ်းသပ်ထုတ်လုပ်နေတဲ့ စမ်းသပ်ဆေးဝါးတွေနဲ့ ရောဂါပိုးရှိတဲ့မျောက် ၁၈ ကောင်ကို ဓါတ်ခွဲခန်းမှာ စမ်းသပ်ကုသခဲ့တာဟာ အားလုံးအောင်မြင်မှုရခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက သောကြာနေ့ ပြောပါတယ်။ ZMapp ဆေးပြားတွေကို ပေးပြီး ငါးရက်အကြာမှာ အဲဒီရောဂါပိုးရှိတဲ့မျောက်တွေ အားလုံးဟာ အသက်ရှင်ခဲ့တယ်လို့ ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/ebola-found-in-senegal/2432993.html

ဆီနီဂေါနိုင်ငံ ဆေးရုံတွင် အီဘိုလာ ရောဂါပိုးရှိသူ ကျန်းမာရေးစောင့်ရှောက်ခံယူ။

ကျောက်မျက်လုပ်ငန်း ပိတ်ဆို့ခံရမှု စုံစမ်းအဖြေရှာဖို့ရှိ

မြန်မာနိုင်ငံအပေါ် အမေရိကန်က ကျောက်မျက်ရတနာ တင်းသွင်းခွင့် ပိတ်ထားတာနဲ့ ပတ်သက်ပြီး စုံစမ်း အဖြေရှာ သွားမယ်၊ ပိတ်ဆို့မှုတွေ ရုပ်သိမ်းသွားဖို့ ဆောင်ရွက်သွား မယ်လို့ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌသစ် ဦးယုန်းမူက ပြောပါတယ်။

ဦးယုန်းမူဟာ မကြာခင် ရက်ပိုင်းကပဲ ဒီအသင်းရဲ့ ဥက္ကဌသစ်အဖြစ် ရွေးချယ်ခံရသူ ဖြစ်ပါတယ်။

သူ့အရင် ဥက္ကဌဟောင်း ဦးတေဇကတော့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု ခံနေရပါတယ်။

အရင်ကတော့ တိုက်ရိုက် တာဝန်မရှိခဲ့ပေမယ့် အခုအခါ ဥက္ကဌတစ်ဦးအနေနဲ့ ဒီပိတ်ဆို့မှုတွေအပေါ် အသေးစိတ် ဆောင်ရွက်သွားမယ်လို့ ဦးယုန်းမူက ပြောပါတယ်။

ဒါ့အပြင် ကျောက်မျက်တွေကို ကုန်ကြမ်းအတိုင်း ပြည်ပကို မရောင်းချပဲ အချောထည်အနေနဲ့ ထုတ်လုပ်ရောင်းချနိုင်ဖို့ ဦးစားပေး ဆောင်ရွက်သွားမယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံဟာ နောက်ဆုံး ကျင်းပခဲ့တဲ့ ကျောက်မျက်ပြပွဲကနေ ဒေါ်လာ ၃ ဘီလျံ ကျော်ထိ စံချိန်တင် ရောင်းချနိုင်ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/08/140829_gems_uyonemu_sanction.shtml

အချောထည်အဖြစ် ထုတ်လုပ်ရောင်းချဖို့ ရည်မှန်း

ဗြိတိန်မှာ အကြမ်းဖက် တိုက်ခိုက်ခံရနိုင်မှု အဆင့်တိုးမြင့် သတ်မှတ်

အဆိပ်ပြင်းတဲ့ အစ္စလာမ် အစွန်းရောက်တွေရဲ့အန္တရာယ်က ဗြိတိန်နဲ့ တကမ္ဘာလုံးအတွက် ကြီးမားတဲ့ ပြဿနာဖြစ်လာနေတယ်လို့ ဗြိတိသျှဝန်ကြီးချုပ် David Cameron က ပြောကြားလိုက်ပြီး ဗြိတိန်နိုင်ငံရဲ့ အကြမ်းဖက်မှု အန္တရာယ်အဆင့်ကိုလည်း ကြီးမားတဲ့ အန္တရာယ်အဆင့်ကနေ အတော်လေး စိုးရိမ်ရတဲ့ အဆင့်အထိ သောကြာနေ့မှာ တိုးမြင့်လိုက် သတ်မှတ်လိုက်ပါတယ်။

အီရတ်နဲ့ ဆီးရီးယားတို့မှာ ဖြစ်နေကြတဲ့ အခြေအနေတွေကြောင့် လုံခြုံရေးအဆင့် ၅ ဆင့်ရှိတဲ့အထဲက နံပတ် ၄ အဆင့်အထိ တိုးမြင့်ဖို့ ဆုံးဖြတ်ချက် ချလိုက်တာဖြစ်ပါတယ်။

သောင်းကျန်းသူတွေဟာ သူတို့ရဲ့ အကြမ်းဖက်ရေးလမ်းစဉ် အောင်မြင်ဖို့အတွက် အစ္စလာမ်ဘာသာ ကိုးကွယ်ယုံကြည်မှုကို ဖောက်ဖျက်နေကြတာဖြစ်တယ်လို့ ၀န်ကြီးချုပ် ကင်မရွန်းက ပြောပါတယ်။ Islamic State လို့ခေါ်တဲ့ အစ္စလာမ် အစွန်းရောက် စစ်သွေးကြွတွေရဲ့ အဓိက ပြဿနာဟာ အီရတ်နိုင်ငံမှာ အရင်အစိုးရက နှစ်ပေါင်းများစွာ ခွဲခြား အုပ်ချုပ်ခဲ့တဲ့အတွက် ဖြစ်တယ်လို့ ၀န်ကြီးချုပ် ကင်မရွန်းက ပြောပါတယ်။

ဗြိတိန်နိုင်ငံအနေနဲ့ ရုတ်တရက် အတိုက်ခိုက်ခံရနိုင်တယ်ဆိုတဲ့ သတင်းအတိအကျတော့ ရမထားသေးဘူးလို့ ဗြိတိန် ပြည်ထဲရေးဝန်ကြီး Theresa May က ပြောပါတယ်။ ဒါပေမယ့် အဲဒီ တိုက်ခိုက်မယ့် အစီအစဉ် တချို့ထဲမှာ ဗြိတိန်နဲ့ ဥရောပကနေ အရှေ့အလယ်ပိုင်းမှာ တိုက်ခိုက်ဖို့အတွက် သွားရောက်ကြတဲ့သူတွေ ပါဝင်နိုင်တယ်လို့ သူမက သတိပေး ပြောကြားလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/uk-raises-terror-threat-level/2432983.html

ဗြိတိသျှဝန်ကြီးချုပ် David Cameron အကြမ်းဖက်ခံရနိုင်မှုအရေးပြောကြား (သြဂုတ် ၂၉၊၂၀၁၄)

ဗြိတိန်ကို အကြမ်းဖက်မယ့် အန္တရာယ် စိုးရိမ် ရ

ဆီးရီးယားနဲ့ အီရတ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာ တွေကြောင့် ဗြိတိန်ကို အကြမ်းဖက် တိုက်ခိုက် လာမယ့် အန္တရာယ် စိုးရိမ် နေရတယ်လို့ ဗြိတိသျှ အစိုးရက ပြောကြား လိုက်ပါတယ်။

ခြိမ်းခြောက်မှု အတန်အသင့် ရှိတဲ့ အဆင့် ကနေ ပြင်းထန်တဲ့ အဆင့်ထိ တိုးမြှင့် ထားလိုက်ပါပြီ။

ဒါဟာ အကြမ်းဖက် ခြိမ်းခြောက်နိုင်တဲ့ အဆင့် ၅ ဆင့် ထဲက ဒုတိယ အမြင့်ဆုံး အဆင့် ဖြစ်ပါတယ်။

အကြမ်းဖက်မှု လာတော့မယ် ဆိုတဲ့ အနေအထား မဟုတ်သေး ပေမယ့် ဖြစ်နိုင်ခြေ တော်တော် များတယ် လို့ပဲ ယူဆ ထားပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ကတော့ အစ္စလာမ္မစ် နိုင်ငံ တပ်ဟာ တခြား အုပ်စု အားလုံး ထက် ဗြိတိန် လုံခြုံရေး ကို ပိုမို ခြိမ်းခြောက် လာနေတယ် လို့ ပြောကြား သွားပါတယ်။

ဒီလို ခြိမ်းခြောက်မှု ပြင်းထန်တဲ့ အနေအထား နဲ့ ၂ဝဝ၆ ခုနှစ် ကနေ ၄ နှစ်ခွဲ လောက် ဗြိတိန်မှာ တပ်လှန့် ထားခဲ့ဖူး ပါတယ်။

ဘီဘီစီ(မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/08/140829_uk_terrorism_alert.shtml

IS တပ် ဗြိတိန် လုံခြုံရေး ကို ပို ခြိမ်းခြောက်လာ

ပဲခူးတွင် မသင်္ကာသူအား စစ်ဆေးရာမှ ဆိုင်ကယ် သူခိုးဝိဇ္ဇာဖမ်းမိ

ပဲခူးမြို့၊ အမှတ်(၃)နယ်မြေ ရဲစခန်း အပိုင်တွင်(၂၆.၈.၂၀၁၄)နေ့ ညနေ(၆း၀၀)အချိန်ခန့်က နယ်ထိန်း ခေါင်းဆောင် ရဲအုပ်လင်းအောင်နှင့် တပ်ဖွဲ့ဝင်(၉)ဦးတို့ သည် နယ်မြေအတွင်း မှုခင်း ကျဆင်းရေးနှင့် သတင်းစုံစမ်းနေစဉ် မသင်္ကာသူ တဦးအား စစ်ဆေးမေးမြန်းရာမှ ခိုးယူထားတဲ့ ဆိုင်ကယ် ၁၃ စီး ဖမ်းဆီးမိကြောင်း သတင်းရရှိပါတယ်။

အဆိုပါ ရဲတပ်ဖွဲ့ ဝင်တွေက အမှတ်(၂) ရပ်ကွက်၊ နယ်မြေ(၉) ဦးပုညလမ်းတွင် ကျိုက်စက္ကောရဲဘက် စခန်းမှ ထွက်ပြေးလာသူ JLM-110(အနီရောင်) ဆိုင်ကယ်နှင့် ကိုရဲထွဋ်အား စစ်ဆေးမေးမြန်းခဲ့ရာ ရဲထွဋ်မှာ တစ်စုံတစ်ရာ ပြောဆိုနိုင်ခြင်း မရှိသလို နေအိမ်အဆောက်ဦး တစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု သံသယရှိသဖြင့် သက်သေများနှင့်အတူ ဖမ်းဆီးခဲ့ပါတယ်။

ကိုရဲထွဋ်အား အမှတ်(၃)နယ်မြေ ရဲစခန်းတွင် (ပ)၃၄၀/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/၅၄ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ပြီး စစ်ဆေးခဲ့ရာ ယိုးဒယားနိုင်ငံလုပ်ဆိုင်ကယ်(၄)စီးနှင့် တရုတ် နိုင်ငံလုပ်ဆိုင်ကယ်(၉)စီးတို့အား ခိုးယူပြီး ပဲခူးမြို့ပေါ်တွင် လိုက်လံ ရောင်းချခဲ့ကြောင်း သိရှိပြီး သက်သေခံ ဆိုင်ကယ်များအား ဖော်ထုတ်သိမ်းဆည်း ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

ကိုသန့် စင်

BY THIT HTOO LWIN

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၂၅)

ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျုးခြင်း

ကျနော်တို့ ကားဒစ်သင်တန်းကျောင်းကအပြန် သိပ်မကြာခင်မှာ သတင်းအယ်ဒီတာ ကိုမိုးအေးက သ တင်းပညာ မဟာတန်းတက်ဖို့ ခရီးထွက်သွားတဲ့အတွက် ကျနော်က ယာယီ-သတင်းအယ်ဒီတာအဖြစ် တာဝန်ယူရပါတယ်။ အဲဒီအချိန်ဟာ DVB ၁၀ နှစ်ပြည့်အခန်းနားကျင်းပပြီးခါစဖြစ်လို့ နယ်သတင်း ထောက်တွေ အတော်များများလဲ အော်စလိုရုံးမှာရှိနေကြပါတယ်။

(အော်စလိုရုံးချုပ်မှာ နှစ်ပေါင်းများစွာချိတ်ဆွဲထားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံနှင့် သတင်းခန်းမှ နာရီလက်တံများ)

ကျနော်မှတ်မိသလောက်ဆိုရင် ထိုင်းနိုင်ငံ ရနောင်းဖက်မှ မြင့်မောင်မောင် (အခု သစ်ထူးလွင် ဘလော့ ကို တာဝန်ယူနေသူ)။ အိန္ဒိယဖက်မှ ကိုသက်နိုင်နဲ့ ကိုခင်မောင်စိုးမင်း။ ထိုင်းဖက်က ရောက်လာတဲ့ သ တင်းထောက်အသစ်တွေဖြစ်တဲ့ ကိုအောင်လွင်ဦး၊ နော်နန္ဒာချမ်းနဲ့ ခိုင်သဇင်တို့ရှိနေပါတယ်။ အဲဒီလို သတင်းအယ်ဒီတာအဖြစ် တာဝန်ယူနေစဉ် ပထမဆုံး ကြုံရတာကတော့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် NLD ပါတီအထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျုး လုပ်ဖို့တာဝန် ပေးခံရခြင်းပါပဲ။

၂၀၀၃ ခုနှစ် ဒီပဲရင်းအရေးခင်းမဖြစ်ခင်၊ မှတ်မှတ်ရရ မတ်လ ၁၃ ရက်နေ့ ဖုန်းမော်နေ့မတိုင်ခင် ရက် ပိုင်းလေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျုးလုပ်ခွင့်ရပါတယ်။ အရင်က သတင်းအယ်ဒီတာ ကို မိုးအေး လုပ်ခဲ့တဲ့တာဝန်တခုကို ကျနော်က ကြားဖြတ်ဝင်ထမ်းရတဲ့သဘောပါ။ အဲဒီအင်တာဗျုးမှာ ဘာ တွေမေးမှန်းမမှတ်မိတော့ပေမဲ့ ထူးထူးခြားခြား မှတ်မိနေတာတခုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျုးထဲမှာ ဘယ်လိုညွှန်းဆိုမလဲဆိုတဲ့ ကိစ္စပါ။

အရင် ကိုမိုးအေး ဗျူးစဉ်က ဒေါ်အောင်ဆန်းစုကြည်လို့မခေါ်ပဲ ''အန်တီ'' လို့ခေါ်ပြီး ဒေါ်အောင်ဆန်းစု ကလည်း ''သား'' လို့ပြန်ခေါ်တဲ့အပေါ် လွတ်လပ်တဲ့သတင်းသမားဆိုသူတချို့က ဝေဖန်ကြပါတယ်။ ''သတင်းသမားက နိုင်ငံရေးသမားကို အင်တာဗျုးလုပ်နေတာဟုတ်ရဲ့လား၊ ပါတီခေါင်းဆောင်ကို ပါတီ ၀င်က ပင့်ပြီးမေးတာမျိုးလား'' လို့တောင် တချို့ကဝေဖန်ကြပါတယ်။ အဲဒီဝေဖန်မှုကိုကြားဖူးတဲ့ ကျနော် ဟာ ကိုယ့်အလှည့်မှာတော့ အန်တီလို့မခေါ်ပဲ ဒေါ်အောင်ဆန်းကြည်လို့ပဲခေါ်မယ်ဆိုပြီး စိတ်ကူးထား ပါတယ်။

ဒါပေမယ့် NLD ရုံးအဖွဲ့မှုး ဦးသိန်းဦးကတဆင့် ဒေါ်အောင်ဆန်းစုကြည်ဆီဖုန်းလွဲပေးပြီးတဲ့နောက် နှုတ် ကျိုးနေတဲ့အတိုင်း ''အန်တီ'' လို့ နှုတ်ကနေ အလိုလိုထွက်သွားပါတယ်။ သူကလဲ ကျနော်ကို ''သား'' လို့ ပဲပြန်ခေါ်ပါတယ်။ အဲဒီလိုခေါ်မှလဲ ပိုရင်းနှီးပြီး ပြောရတာ ပိုအသက်ဝင်သလို ခံစားမိပါတယ်။ အဲဒီ အချိန်က အခေါ်ဝေါတွေကို ပြောရမယ်ဆိုရင် NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးလွင်ကို အန်ကယ်၊ ၀ါရင့်နိုင်ငံ ရေးသမား သခင်သိန်းဖေနဲ့ သခင်ချန်ထွန်းကို အဘ၊ (အဘဆိုတာ အသက်အရွယ်အရကြီးရင့်လွန်း သူတွေကိုခေါ်တာဖြစ်ပြီး စစ်ဗိုလ်တွေသုံးတဲ့ ''အဘ'' နဲ့အဓိပ္ပါယ်နဲ့မတူပါ၊ ဒါပေမယ့် DVB သတင်းတွေ ကို မော်နီတာလုပ်ပြီးအင်္ဂလိပ်ဘာသာနဲ့ပြန်ရေးလေ့ရှိတဲ့ BBC Monitoring က အဘကို စစ်သားတွေ သုံးလေ့ရှိတဲ့ အဓိပ္ပါယ်နဲ့ပြန်တဲ့အတွက် အဘ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အဘိဓန်ထဲထည့်ရေးဖို့လိုနေပါ တယ်)။ NLD က အမျိုး သမီးခေါင်းဆောင်တွေကို အန်တီ စသဖြင့်ခေါ်တာ ကျနော်တို့ နှုတ်ကျိုးနေ ပါပြီ။

ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို အန်တီ လို့ခေါ်တာ ဘာထူးလဲပေါ့။ ဒါပေမယ့် နိုင်ငံတကာ သတင်း အသုံးအနှုံးမှာ ဒီလိုမျိုးတင်စားခေါ်ဝေါတာမတွေ့မိပါ။ အန်တီတွေ၊ အန်ကယ်တွေ၊ အဘတွေ၊ အဘိုး တွေ၊ ညီတွေ၊ ညီမတွေ စသဖြင့်ညွှန်းဆိုတဲ့ စကားလုံးအပိုတွေမကြားမိပါ။ လွန်လှကျွံလှ MR President, MR Prime Minister,  MR Chairman  ဆိုပြီး ခေါ်ရုံလောက်ပဲရှိမှာပေါ့။ (အနောက်တိုင်း အခေါ်ဝေါ်ကိုဆိုလိုခြင်းသာဖြစ်ပါတယ်။ အာရှနဲ့ အာဖရိကဖက်မှာ ကျနော်တို့မြန်မာတွေလိုပဲ ခေါ်ကြ သလား၊ မခေါ်သလား ကျနော်မလေ့လာရသေးပါ)။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကျတော့ သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ၊ ဥက္ကဌတွေ စသဖြင့် ရာထူး တာဝန်တပ်ပြီး ဘယ်သူမှခေါ်တာမတွေ့ဖူးပါ။ အခု NLD ဥက္ကဌတာဝန်ယူနေစဉ်မှာလဲ ဒေါ်အောင်ဆန်း စုကြည်ကို ''ဥက္ကဌကြီးအနေနဲ့ဘာပြောချင်လဲ'' ဆိုပြီးမေးတဲ့ သတင်းထောက်တဦးမှမတွေ့မိသေး။ ကျ နော်တို့ခေတ်က ''အန်တီ'' ခေါ်သလို အခုခေတ်သတင်းထောက်တွေကလဲ ''အမေ'' လို့ခေါ်နေတာဟာ မြန်မာ့သတင်းလောက်က ဝေါဟာရအသုံးအနှုံးရဲ့ ထူးခြားချက်တခုလို့ပြောရမလားပါပဲ။


အစိုးရဖက်က လူတွေကိုကော အန်အယ်၊ အန်တီလို့ ရင်းရင်းနှီးနှီးခေါ်တာပဲလား


အဲဒီကာလအထိ အစိုးရဖက်ကလူတွေနဲ့အင်တာဗျုးဆိုလို့ ဘန်ကောက်မှာကျင်းပတဲ့ အာဆီယံ အစည်း ဝေးမှာတွေ့ဖူးတဲ့ နိုင်ငံခြားရေးဝန်ကြီးဦးဝင်းအောင်၊ ပြည်ထဲရေးက သူရမြင့်မောင်၊ ခရီးသွားလာရေး ၀န် ကြီးနှစ်ပါးနဲ့ ထောက်လှမ်းရေးက ဗိုလ်မှုးကြီးကျော်သိန်းတို့လောက်ကိုသာ လူချင်းတွေ့ ဗျုးဖူးပါတယ်။ အော်စလိုရောက်ပြီးကတည်းက အစိုးရဖက်ကလူတွေနဲ့ အင်တာဗျုးတခုမှ မရဖူးပါဘူး။ DVB မှ မ ဟုတ်ပါ။ တခြားရေဒီယိုတွေကိုလဲ အစိုးရဖက်က အင်တာဗျုးပေးလေ့မရှိပါ။

(ဒေါ်အောင်ဆန်းစုကြည်တို့ ယဉ်တန်း ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းကြားမှာ တားဆီးခံထားရစဉ်)

အဲဒီလိုသတင်းအမှောင်ချထားတဲ့ခေတ်မှာ အစိုးရဖက်ကလူတွေနဲ့စကားပြောခွင့်ရဖို့ဆိုတာ ဘယ်လွယ် ပါ့မလဲ။ အဲဒီမလွယ်တဲ့ကြားထဲက အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှုးလှမင်းနဲ့ ကျနော်စကားပြောခွင့်ရ လိုက်ပါတယ်။ စစ်ထောက်လှမ်းရေးအရာရှိတဦးဖြစ်တဲ့ ဗိုလ်မှုးလှမင်းဟာ မြန်မာမီဒီယာတွေကို စကား ပြောလေ့မရှိပေမဲ့ ရန်ကုန်ရောက်နိုင်ငံခြားသတင်းထောက်တွေကို အင်တာဗျုးပေးလေ့ရှိတဲ့အတွက် သူ အမည်ကသတင်းလောကမှာ လူသိများနေပါတယ်။

တကယ်ကတော့ သူနဲ့အင်တာဗျုး ရတာမဟုတ်ပါဘူး။ NLD ရုံးက ဖုန်းအပါဝင် ဘယ်ဖုန်းမှခေါ်မရလို့ စိတ်ညစ်ညစ်နဲ့ တယ်လီဖုန်းစာအုပ်ထဲက ဖုန်းတွေကိုတန်းစီခေါ်ရာကနေ စစ်ထောက်လှမ်းရေးရုံးဆီ ဖုန်းဝင်သွားပြီး သူနဲ့တန်းတိုးတာပါ။ NLD ရုံးကိုခေါ်မရဆို အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်တို့ ယဉ် တန်း ဧရာဝတီတိုင်းကိုအသွား ရန်ကုန်တိုင်းနဲ့ဧရာဝတီတိုင်းအစပ်ရှိ တံတားတခုအနီးမှာ တားဆီးခံ ထားရတဲ့အချိန်ပါ။

သူနဲ့ပြောဆိုတဲ့အချက်တွေကို အတိအကျမမှတ်မိတော့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ကို ဖမ်း ထားတာမဟုတ်တဲ့အကြောင်း၊ စိတ်ချလုံခြုံရတဲ့နေရာတခုမှာ ရှိနေတဲ့အကြောင်း၊ ဘယ်သူတွေက ဘယ်လိုတာဝန်ယူနေတဲ့အကြောင်းတွေကို သူက အလွတ်သဘောပြောပြသွားတာပါ။ ဒါပေမယ့် အဲဒီ နေ့က ထောက်လှမ်းရေးရုံးမှအပ ဘယ်မှဖုန်းခေါ်မရလို့ ဘာအသံမှလွှင့်စရာမရှိဖြစ်နေတဲ့ကျနော်တို့ဟာ ဒီအသံကို တည်းဖြတ်ပြီး ထုတ်သုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီမှာပြသာနာတက်တော့တာပါပဲ။ ဘာ ကြောင့်လဲဆိုရင် အဲဒီအသံကို လွှင့်ပြီးညတွင်းချင်း ဗိုလ်မှုးလှမင်းတို့ရုံးကနေ ဒီလိုလုပ်တာ သတင်းကျင့် ၀တ်နဲ့မညီတဲ့အကြောင်း Fax နဲ့ ကန့်ကွက်စာပေးပို့လာပါတယ်။

မှန်ပါတယ်။ တရားဝင်အင်တာဗျုးလုပ်တာလဲမဟုတ်၊ အသံသုံးမယ်လို့ခွင့်ပြုချက်လည်းမတောင်းပဲနဲ့ ဒီတိုင်းလွှင့်ချလိုက်တာ သတင်းကျင့်ဝတ်နဲ့ ဘယ်ညီပါ့မလဲ။ ဒါပေမယ့် အသံသုံးဖို့ကော သူတို့ဖက်က ဘယ်တုန်းက အင်တာဗျုးပေးဖူးလို့လဲ။ သူတို့ဖက်ကလူတွေကကော အစိုးရကျင့်ဝတ်နဲ့ဘယ်လောက် ညီနေလို့လဲ။ ကျင့်ဝတ်မရှိသူကို ကျင့်ဝတ်အပြည့်နဲ့ သွားဆက်ဆံနေရင် ဘယ်အလုပ်ဖြစ်ပါ့မလဲဆိုပြီး ကျနော်တို့သတင်းသမားအချင်းချင်းကြား ငြင်းခုန်ခဲ့ ကြတာကို အမှတ်ရနေပါတယ်။

တဆက်တည်းတင်ပြချင်တဲ့နောက်ဥပမာတခုကလဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလားတူ တားဆီးခံ ခရီးစဉ်တခုနဲ့ ဆက်စပ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ မန္တလေးကိုသွားဖို့ကြိုးစားစဉ် အစိုးရ ဖက်က အတားအဆီးအမျိုးမျိုးလုပ်ခဲ့ပြီး နောက်ဆုံးတော့ ဒေါ်အောင်ဆန်းစုကြည်ပါတဲ့ ရထားတွဲတခု လုံးကိုဖြုတ်ပြီး ချန်ထားခဲ့လိုက်ပါတယ်။ ထုံးစံအတိုင်း အရပ်သတင်းနဲ့ စက်သတင်း (နယ်စပ်ရှိ ကြား ဖြတ်စက်ကနေ ဖမ်းယူရရှိတဲ့သတင်း) အဖြစ်သာ ဒါကို ကြားရပြီး NLD ရုံးအပါဝင် ဘယ်ကိုမှဖုန်းခေါ် လို့မရပါ။

အဲဒီအချိန်မှာ သတင်းအယ်ဒီတာကိုမိုးအေးနဲ့ အပတ်စဉ်ကဏ္ဍတာဝန်ခံကိုစိုးဝင်းညိုတို့ ၂ ဦးညှိနှိုင်းပြီး ရန်ကုန်ဘူတာကြီး ရုံးကိုဖုန်းခေါ်တာဝင်သွားပါတယ်။ အဲဒီအချိန်မှာ DVB ကလို့ပြောပြီး ရိုးရိုးမိတ်ဆက် အင်တာဗျုးတောင်းရင် တခါတည်းဖုန်းချသွားမှာပေါ့။ ဒီိတော့ ''ဟေ့ကောင်တွေ နောက်ဆုံးအခြေနေကို ပြောပြစမ်း၊ ငါ ဗိုလ်မှုး...၊ ထောက်လှမ်းရေးတပ် ...ကနေ မေးတာ'' ဆိုပြီး ကိုစိုးဝင်းညိုက မန္တလေး လေ သံနဲ့ ဟောက်ထည့်လိုက်ပါတယ်။ ဒီတော့ ဟိုဖက်ကရုံပိုင်လား၊ ရထားရဲအရာရှိလားမသိပါဘူး။ ထိပ် ထိပ်ပြာပြာနဲ့ ဖြစ်စဉ်အသေးစိပ်ကို အစီရင်ခံပါတော့တယ်။ ဒီလိုနဲ့သတင်းတခုလုံးကိုကျနော်တို့ ရလိုက် တယ်ဆိုပါတော့။

ဒါကို သတင်းကျင့်ဝတ်ချိုးဖောက်တယ်လို့ပြောရင် ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် သတင်းအမှောင်ချ ထားတဲ့ အဲဒီကာလလိုအခြေနေမျိုးမှာ ဒီလိုမလုပ်ရင် ဘယ်လိုနည်းနဲ့သတင်းရနိုင်မလဲ။ သမ္မတက အစ၊ ၀န်ကြီးတွေ၊ ဌာနဆိုင်ရာတွေအထိ သတင်းထောက်တွေကိုယ်တိုင်သွားပြီးမေးမြန်းခွင့်ရနေတဲ့ ဒီနေ့ အ ခြေနေနဲ့စာရင် လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်ဝန်းကျင်အခြေနေဟာ နှိုင်းယှဉ်ပြလို့မရအောင်ကို ကွာခြားလှ တယ်ဆိုတာကို တင်ပြလိုခြင်းသာဖြစ်ပါတယ်။    ။

(မှတ်ချက်။   ။ ဒီဆောင်းပါးကို သတ်ပုံမစစ်ရသေးပါ။ သတ်ပုံအမှားနဲ့ စာလုံးအကျအနများလွဲမှားနေပါက သီးခံပြီးဖတ်ကြပါရန်)။

ထက်အောင်ကျော်
http://www.htetaungkyaw.net/2014/08/blog-post_29.html


အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ