တောင်ကုတ်လမ်း၌ဖမ်းမိသည့် ဘင်္ဂါလီ ၂၉ ဦး သံတွဲတွင် ဆက်လက် ထိန်းသိမ်းထား

တောင်ကုတ်မြို့နယ်အတွင်း ကုန်တင်ကားတစ်စီးပေါ်မှ ဖမ်းမိခဲ့သော ကျောက်ဖြူ ကျောက်တလုံး ဒုက္ခသည် စခန်းမှ  ကလေးငယ်များ အပါအ၀င် ဘင်္ဂလီ ၂၉ ဦးကို ယခုအချိန်ထိ သံတွဲတွင် ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သတင်း ရရှိသည်။

ယင်းတို့အနက် အသက်မပြည့်သေးသူများကို ကျောက်ဖြူမြို့နယ်ရှိ ကျောက်တလုံးဘင်္ဂါလီ ကယ်ဆယ်ရေးစခန်းသို့ ပြန်လည်ပို့ဆောင်သွားမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး နိရဉ္စရာသတင်းဌာနက သြဂုတ်လ ၃ဝ ရက်နေ့ နံနက်က သံတွဲခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးကံဝင်းအား ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောကြားသည်။

“ပြန်ပို့ မပို့ဆိုတာတော့မသိသေးဘူးဗျ။ သူတို့အားလုံးကတော့ အခုသံတွဲမှာ။ အသက်ကြီးတဲ့သူတွေ ကတော့ သံတွဲထောင်မှာပေါ့။ ငယ်တဲ့ကလေးတွေကျတော့ ဗလီမှာအပ်ထားတယ်”  ဟု ဆိုသည်။

ယခုဖမ်းမိသူများ အထဲတွင် ဘင်္ဂါလီ လူကြီး ၁၆ ဦး၊ အသက် ၁ဝ နှစ်အောက် လူငယ် ၉ ဦးနှင့် ရင်ခွင်ပိုက် ကလေးငယ် ၄ ဦးပါဝင်သည်။

ယခုဖမ်းမိသူများအနက် ဘင်္ဂါလီလူကြီး ၁၆ ဦးအပါအဝင် ရင်ခွင်ပိုက်ကလေး ငယ် ၄ ဦးကို ယင်းတို့၏ မိခင်များနှင့်အတူ သံတွဲအကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး အသက် ၁ဝ နှစ်အောက် ကလေးငယ်များကို သံတွဲမြို့နယ်ရှိ တောင်ပေါ်ဗလီတွင်ထိန်းသိမ်းထားကြောင်း သိရသည်။

“ရင်ခွင်ပိုက်ကလေးတွေက သူတို့အမေတွေနဲ့အတူ ထောင်ထဲပါသွားတယ်။ သူတို့ကျတော့ သားအမိ တွဲတွေဆိုတော့ ခွဲထားလို့မရဘူးလေ”ဟု ဒုရဲမှူးကြီး ကံဝင်းက ရှင်းပြသည်။

အဆိုပါဘင်္ဂါလီ ၂၉ ဦးမှာ ကျောက်ဖြူမြို့ ကျောက်တလုံးကယ်ဆယ်ရေးခစန်းမှဖြစ်ပြီး ယင်းတို့မှာ အမ်း-တောင်ကုတ်လမ်းအတိုင်းကားဖြင့် ရိုးမအရှေ့သို့ ထွက် ခွာလာစဉ် တောင်ကုတ်မြို့နယ်၊ တောင်ပုံကြီး စစ်ဆေးရေးဂိတ်တွင် သြဂုတ်လ ၂၈ ရက်၊ နံနက် ၁ နာရီဝန်း ကျင်ခန့်က သက်ဆိုင်ရာ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့ခံ ဦးရဲမာန်ခိုင်က ပြောသည်။

“သူတို့ကိုဖမ်းပြီးတာနဲ့ ချက်ချင်း သံတွဲထောင်ကိုပို့လိုက်တာပဲ”ဟု ယင်းက ဆိုသည်။

(နိရဉ္စရာ- ၃၁ သြဂုတ် ၂၀၁၄) / မာန်ယုကျော် (ရွှေဝမြေ)
http://www.narinjara.com/burmese/?p=11761


တောင်ကုတ်လမ်း၌ဖမ်းမိသည့် ဘင်္ဂါလီ ၂၉ ဦး သံတွဲတွင် ဆက်လက် ထိန်းသိမ်းထား တောင်ကုတ်လမ်း၌ဖမ်းမိသည့် ဘင်္ဂါလီ ၂၉ ဦး သံတွဲတွင် ဆက်လက် ထိန်းသိမ်းထား Reviewed by သစ်ထူးလွင် on 13:54 Rating: 5
Powered by Blogger.