ကြားဖြတ်တွင် ဓာတ်ပုံနှင့်သတင်း ကိုက်ငါးရာအကွာမှသာ ယူခွင့်ရမည်

ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေး ကောက်ပွဲ ကာလတိုအတွင်း မဲရုံမှ ကိုက်ငါးရာအကွာ၏ ပြင်ပကသာ ဓာတ်ပုံရိုက်ယူခွင့်နှင့် သတင်းမေး မြန်းရရှိမှာဖြစ်ကြောင်း ယခုလ ၂၈ ရက်နေ့တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက ပြောသည်။''ခင်ဗျားတို့ကို ဓာတ်ပုံဝင်ရိုက်ပါ၊ မရိုက်ပါနဲ့လို့တော့ ဘာမှမပြောချင်ပါဘူး။ တကယ်လို့ ကိုက် ၅ဝဝ အတွင်း သတင်းဝင်ယူရင် အနှောင့် အယှက်မရှိရင် ပြဿနာမရှိဘူး။ အနှောင့်အယှက်ဖြစ်လာရင်တော့ အရေးယူမှာပဲ''ဟု ၄င်းက ပြော သည်။ သတင်းရယူရေး၏ အဓိက ဆောင်ရွက်ချက်နှစ်ခုဖြစ်သော ဓာတ်ပုံရိုက်ခြင်းနှင့် သတင်းမေးမြန်း ခြင်းတို့ကို ကိုက် ၅ဝဝ ပြင်ပက သာ ပြုလုပ်ခွင့်ပေးထားသဖြင့် ၄င်း အခွင့်အရေးသည် မီဒီယာသမား များ သတင်းရယူရေးကို ကန့်သတ် ပြီးမှ ထားပေးသည့် အခွင့်အရေး ဖြစ်နေသည်ဟု ပြည်တွင်းမီဒီယာ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။ မဲရုံနှင့် ကိုက် ၅ဝဝ အတွင်း ဝင်ရောက်ဓာတ်ပုံရိုက်ယူခွင့် မပေး ထားသော်လည်း လျှို့ဝှက်၊ လွတ်လပ်စွာ မဲပေးမှု အနှောင့်အယှက် မဖြစ်ပါက ဝင်ရောက်ရိုက်ကူးခွင့် ရှိသည့်သဘာ သက်ရောက်သော စကားလုံးများကို ဥက္ကဋ္ဌက သုံးနှုန်း ကာ မီဒီယာသမားတို့၏အမေးကို ဖြေကြားခဲ့သည်။ ''ဥပဒေအရ မဲရုံကနေ ကိုက် ငါးရာအတွင်းမှာ အနှောင့်အယှက် ဖြစ်စေရင် ရွေးကောက်ပွဲဥပဒေနဲ့ ငြိမယ်၊ ခုနက ကိုက်ငါးရာအပြင်မှာ ဆိုရင် လွတ်လပ်စွာမေးခွင့်ရှိပါတယ်။ ကျွန်တော်က လုပ်ပါ မလုပ်ပါနဲ့ မပြောဘူး။ ဘာလို့လဲဆိုတော့ တစ်ဖက်ပါတီက ဒီလိုမေးတာဟာ မဲဆွယ်စည်းရုံးနေပါတယ်လို့ ပြောရင် မကောင်းဘူးလေဗျာ။ ဒီလို ပြော လာရင် ရွေးကောက်ပွဲ ဥပဒေအရ အရေးယူခံရမှာပဲ''ဟု ပြောကြား သည်။ ယခုတစ်ကြိမ် ရွေးကောက် ပွဲတွင် သတင်းရယူခွင့် သည် ယခင် ၂ဝ၁ဝ ရွေးကောက်ပွဲ နှင့်ယှဉ်ကြည့်ပါက မီဒီယာ၏ အခန်း ကဏ္ဍပိတ် ဆို့ အမှောင်ချလိုက်သည် သဘော သက်ရောက်နေပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ ကာလက မဲရုံများအတွင် ဝင်ရောက်၍ သတင်းမေးမြန်းခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းများအတိုင်းအတာ တစ်ခုအထိ ခွင့်ပြုခဲ့သည်ဟု သိရသည်။ ''ရွေးကောက်ပွဲမှာ သတင်းရ ယူဖို့အတွက် သတင်းထောက်ရဲ့ ဓာတ်ပုံပါတဲ့ ကတ်ပြားတွေ ထုတ် ပေးမယ်လို့ သိရတယ်။ ဒီကတ်ပြား က သာမန်ကြည့်ရင် သတင်းရယူ နိုင်ရေး အသိမှတ်ပြု ကတ်ပြားလို့ သဘောရပေမယ့် အခု ကန့်သတ် ချက်နဲ့ဆိုရင် ''ကျွန်တော် သတင်း ထောက်ပါ'လို့ အော်ဟစ်ကြေညာပြီး ကိုယ့်အခွင့်အရေးကိုယ် ပိတ် ပင်တဲ့ကတ် ဖြစ်နေပြီဗျာ။ ဒီတော့ အဲဒီကတ်တွေက သတင်းရရှိရေးကို အထောက်အကူ မပြုတဲ့အပြင် အနှောင့်အယှက်ပေး မယ့်ကတ်တွေ လို့ သဘောသက် ရောက်နေပြီ။ မဲရုံနဲ့ ကိုက် ၅ဝဝ ဝေးတဲ့ နေရာ ကနေ သတင်းယူရမယ်ဆိုတော့ သတင်းကောင်းစုံအောင် ဘယ်လို လုပ်ရမလဲ မသိတော့ဘူး'' ဟု အထက်ပါ ပြည်တွင်းမီဒီယာတစ်ခု ၏ တာဝန်ရှိသူက ပြောသည်။ 
ပေါ်ပြူလာဂျာနယ်(ဖေ့စ်ဘုတ်)

အနုပညာရှင်များ၏ စည်းရုံးရေးနှင့်မဲသရုပ်ဖော် ခရီးစဉ်

မတ်လ ၂၆ရက် နေ့ ည(၉) နာရီ အချိန်တွင် ရန်ကုန်မြို့ မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(ဗဟို) ကြားဖြတ် ရွေးကောက်ပွဲ ကော်မရှင်က ဦးဆောင်ပြီး ရုပ်ရှင်၊ ဂီတ အနုပညာရှင်များက ပြင်ဦီးလွင်၊ စစ်ကိုင်း ၊ ပုလဲမြို့ များသို့ စည်းရုံးရေးနှင့် မဲသရုပ်ဖော် ပြသခြင်းများပြုလုပ် ကြမည်ဖြစ်သည်။ အထက်ပါ ခရီးစဉ်တွင် အနုပညာရှင်များက တက်ကြွစွာပါဝင် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည် ။



 ပေါ်ပြူလာဂျာနယ် (ဖေ့စ်ဘုတ်)

ထူးကြီး NLD ရုံးဖွင့်ပွဲ (ရုပ်/သံ)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယကကြီး ဦးတင်ဦး နှင့် ဧရာဝတီတိုင်း NLD မဲအောင်နိုင်ရေးအဖွဲ့ဝင်များသည်၂၄.၃.၂၀၁၂ ရက်နေ့တွင် အင်္ဂပူမြို့နယ် ထူးကြီးမြို့၏ ရုံခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲသို့ ကြွရောက်ချီးမြှင့်ခဲ့ပါသည်။
ထူးကြီးမှာ ရုံးဖွင့်ပွဲပြီးကတည်းက မီးပြတ်နေတာဖြစ်လို့ အခုမှရောက်လာတဲ့ ဗွီဒီယို ဖိုင်ဖြစ်ပါတယ်။

Myanmar News Now 


ပခုက္ကူ မဲဆွယ်ပွဲ မသမာမှုများ တိုင်းကော်မရှင်ထံ တိုင်ကြား

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် ဖြစ်ပွားနေသည့် ရွေးကောက်ပွဲ မသမာမှုများအား တိုင်းရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားထားကြောင်း ယင်းနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ပြောသည်။
ရန်ကုန်မြို့တွင် ယခုလအတွင်းက မဲဆွယ်စည်းရုံးရေးလုပ်နေသော ကြံ့ခိုင်ရေးပါတီဝင်များ (ဓာတ်ပုံ - Reuters)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က ငွေနှင့်ပစ္စည်းများပေးကာ မဲဆွယ်နေခြင်း၊ အစိုးရ၀န်ထမ်းများ ကြံ့ခိုင်ရေးပါတီကို မဲပေးရန် အာဏာဖြင့် ခြိမ်းခြောက်နေခြင်း စသည့် ရွေးကောက်ပွဲမသမာမှုများ ဖြစ်ပွားနေသည်ဟု NLD အမတ်လောင်း ဦးပိုက်ကိုက ပြောသည်။
“မဲစာရင်း ပြဿနာတွေရော စက်ရုံအလုပ်ရုံတွေက မဲစာရင်း အစုလိုက်အပြုံလိုက်ကြီး ပြောင်းသွားတဲ့ ကိစ္စရယ်၊ ကြံ့ဖွံ့က မသမာတဲ့နည်းတွေနဲ့ မယ်ဆွယ်တဲ့ကိစ္စ ကော်မရှင်ကို ကျနော်ပြောတယ်။ ပစ္စည်းတွေပေးပြီး လာဘ်ထိုးတဲ့ နည်းတွေနဲ့ သူတို့ကို မဲထည့်ပါလို့ လုပ်နေတာတွေပေါ့” ဟု ဦးပိုက်ကိုက ဧရာဝတီကို ပြောသည်။
ကြံ့ခိုင်ရေးပါတီ အမတ်လောင်း ဦးကျော်တင့်က ယခုလ ၂၂ ရက်နေ့တွင် ပခုက္ကူမြို့ အမှတ် (၈) ရပ်ကွက်ရှိ ဒေသခံများအား တအိမ်လျှင် ကုလားပဲဆံ ၂ ဗူး၊ အိုင်အိုဒင်းဆား ၁ ထုပ်နှင့် ငွေ ၂ ထောင်စီပေးကာ ကြံ့ခိုင်ရေးပါတီအား မဲပေးကြရန် ပြောဆို စည်းရုံးသွားခဲ့သည်။
ထို့အပြင် ပခုက္ကူ တက္ကသိုလ်၊ ပညာရေးကောလိပ်နှင့် ရဲဌာနမှ ၀န်ထမ်းများအားလုံး ကြံ့ခိုင်ရေးပါတီကိုသာ မဲပေးရမည်ဟု ဖိအားပေး ခြိမ်းခြောက်မှုများ ရှိနေကြောင်း ပခုက္ကူ NLD ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဝင်တဦးက ပြောသည်။
“ပခုက္ကူ တက္ကသိုလ်က ဆရာ ဆရာမတွေအားလုံး ကြံ့ခိုင်ရေးကိုပဲ မဲပေးရမယ်လို့ ညွှန်ကြားထားတယ်။ ပခုက္ကူ တက္ကသိုလ်က ဆရာတယောက် အဖွဲ့ချုပ်ရုံးကို လာပြောပြသွားတာ။ ရဲတွေကိုလည်း ကြံ့ခိုင်ရေးကို မဲမပေးဘူးဆိုရင် နယ်ဝေးကို ပြောင်းပစ်မယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။
မည်သူမဆို ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်တဦးဦး၏ လွပ်လပ်စွာ မဲပေးနိုင်သည့်အခွင့်အရေးကို ခြိမ်းခြောက်ပါက တနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ကျပ်တသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ် နိုင်ကြောင်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း (၁၃) ပုဒ်မ ၅၈ တွင် ဖော်ပြထားသည်။
ပခုက္ကူတွင် NLD မှ ဦးပိုက်ကိုနှင့် ကြံ့ခိုင်ရေးမှ ဦးကျော်တင့်တို့ နှစ်ဦး အမတ်လောင်းအဖြစ် ယှဉ်ပြိုင် အရွေးခံကြမည် ဖြစ်သည်။
နိုင်ငံတ၀ှမ်းတွင် ကြိုတင်မဲများကို မတ်လ ၃၀ နှင့် ၃၁ ရက်နေ့တွင် ကောက်ခံရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားထားသော်လည်း ပခုက္ကူရှိ သူနာပြုသင်တန်းကျောင်းနှင့် ပညာရေးကောလိပ်ရှိ သင်တန်းသားများကို ယခုလ တတိယပတ်အတွင်းက ကြိုတင်မဲများ ကောက်ခံခဲ့ကြောင်း သိရသည်။
“ကြိုတင်မဲ ကောက်ခံရတဲ့အထဲက သူနာပြုဆရာမတယောက်က ပြောတယ်။ ကြိုက်တာကို လွပ်လွပ်လပ်လပ် ပေးလို့ ရတယ်ဆိုလို့ ဦးပိုက်ကိုကို ပေးခဲ့တယ်လို့ ပြောတယ်။ ဒါပေမယ့် ကြိုတင်မဲ ကောက်ရမယ့် အချိန် မဟုတ်ဘဲ ဖြစ်နေတယ်” ဟု ဦးပိုက်ကိုက ပြောသည်။
ပခုက္ကူတွင် မဲပေးနိုင်သူပေါင်း ၁ သိန်း ၉ သောင်း ၉ ထောင်ကျော်ရှိပြီး မဲရုံပေါင်း ၃၂၄ ရုံ ထားရှိသွားမည်ဟု မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲရုံ ၃၂၂ ရုံ ရှိခဲ့သော်လည်း လာမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် အထည်ချုပ်စက်ရုံ ၂ ရုံ၌ မဲရုံ ၂ ရုံ ထပ်တိုးလာသည်။
ပခုက္ကူမြို့ အနောက်မြောက်ဘက်ရှိ အထည်ချုပ်စက်ရုံနှင့် မြို့ အရှေ့ဘက်ရှိ ချည်မျှင်နှင့် အထည်စက်ရုံမှ ၀န်ထမ်းများနှင့် ၎င်းတို့၏ မိသားစုအပါအ၀င် လူပေါင်း ၂၀၀၀ ကျော်၏ မဲစာရင်းများကို ကာယကံရှင်များ၏ ဆန္ဒမပါဘဲ လူနေ ရပ်ကွက်အတွင်းမှ စက်ရုံဝင်းအတွင်း ထားရှိမည့် မဲရုံဧရိယာသို့ ပြောင်းရွေ့ခဲ့ကြောင်း ပခုက္ကူ NLD က ပြောသည်။
“စက်ရုံဝန်ထမ်းတွေက မပြောင်းချင်ဘူး။ သူတို့အာဏာနဲ့ပဲ ပြောင်းသွားတာ။ ရုံးမှာ စက်ရုံဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေက လာလာပြီး အဲဒါ ဘယ်လို လုပ်ပေးနိုင်သလဲဆိုတာပဲ လာလာပြောနေတယ်” ဟု ပခုက္ကူ NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင်က ပြောသည်။
ပခုက္ကူ NLD က ယင်းကိစ္စအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြမေးမြန်းခဲ့ရာ စက်ရုံဝန်ထမ်းများ၏ ဆန္ဒအရ ပြောင်းရွှေ့ပေးခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ပခုက္ကူမဲစာရင်းတွင် ကွယ်လွန်သွားသူတို့၏ အမည်များ ပါဝင်နေခြင်း၊ မှတ်ပုံတင်နံပါတ်များ မှားယွင်းနေခြင်း၊ မြို့တွင် မရှိသူတို့၏ အမည်များ ပါဝင်နေခြင်း၊ မဲဆန္ဒရှင်တို့၏ အမည်များ မှားယွင်းနေခြင်း အများအပြားကို NLD က ထောက်ပြခဲ့ရာ အနည်းငယ်သာ ပြန်လည်ပြင်ဆင်ပေးခဲ့သည်ဟု ဦးပိုက်ကိုက ပြောသည်။
အလားတူ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယခုလ ၂၄ ရက်နေ့က မဲပေးနိုင်သူစာရင်း ထုတ်ပြန်ခဲ့ရာ ယခင် ထုတ်ပြန်ခဲ့သည်ထက် လူ ၄၀၀၀ ခန့် လျော့နည်းသွားကြောင်း သိရသည်။
မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်က မဲပေးနိုင်သူ ၁၆၃၀၀၀ ကျော် ရှိသည်ဟု ယခုလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော်လည်း ပြီးခဲ့သည့် စနေနေ့တွင် ၁၅၉၀၀၀ ဟု နောက်ဆုံးအတည်ပြု ထုတ်ပြန်ခဲ့သည်ဟု မော်လမြိုင် NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင် ကိုကြည်ဇော်လွင်က ပြောသည်။
မူလ ထုတ်ပြန်ခဲ့သည့်စာရင်းတွင် အိမ်နီးချင်း ထိုင်းနိုင်ငံ၌ သွားရောက် အလုပ်လုပ်ကိုင်နေသူများ၊ သေဆုံးပြီးသူများ ပါဝင်နေသည့်အတွက် ပြင်ဆင်ပေးရန် NLD က တင်ပြခဲ့ရာ ကော်မရှင်က ပြန်လည်စိစစ် ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။
မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ်တွင်လည်း မဲပေးနိုင်ပါလျှက် မဲစာရင်းတွင်နာမည်မပါသူ ၁၀၀၀ ခန့်ကို နောက်တိုး မဲစာရင်းအဖြစ် ထုတ်ပြန်ပေးရန် ခရိုင်ကော်မရှင်သို့ ယခုလ ၂၄ ရက်နေ့က တင်ပြထားပြီး အကြောင်းပြန်ခြင်း မရှိသေးဟု NLD အမတ်လောင်း ဦးအုန်းကြိုင်က ပြောသည်။
မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်တွင် မဲဆွယ်စည်းရုံးရေး လာသည့် NLD အောင်နိုင်ရေးအဖွဲ့လာလျှင် မည်သူမှ မထွက်ဘဲနေရန် ပါတီကြီးတခု၏ တာဝန်ရှိသူများနှင့် ဒေသခံ အုပ်ချုပ်ရေးအဖွဲ့က ပြောဆို၍ မဲဆန္ဒရှင်များအား ဖိအားပေး ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေပြီး မဲစာရင်းပြဿနာလည်း ကြီးမားကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD မှ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်နှင့် အောင်နိုင်ရေး အဖွဲ့က ဧရာဝတီကို ပြောသည်။
“အဓိက ကျနော်တို့ တွေ့ရတာက မဲဆန္ဒရှင်တွေရဲ့ အကြောက်တရားပဲ။ အခက်အခဲ အများကြီးတွေ့ရတယ်။ ဒါပေမယ့် ကျနော်တို့က အခက်အခဲရှိတာကို ကျေးဇူးတင်တယ်။ ကျနော်တို့ အောင်မြင်မှုဟာ တန်ဖိုးရှိမှာပါ” ဟု ဦးဝင်းထိန်က ဆိုသည်။

ဧရာဝတီ

နာမည် အလွဲသုံးစားမှုကြောင့် စည်ပင်ကို လွှတ်တော်အမတ်နှစ်ဦး တရားစွဲမည်

ရန်ကုန်တိုင်း သင်္ဃန်းကျွန်း မြို့နယ်ရှိ မီးလောင် ကျွမ်းခဲ့သော သင်္ဃန်းကျွန်း ဈေးကြီး ပြန်လည်နေရာ ချထားမှုတွင် စည်ပင်ကြေညာချက်၌ အမျိုးသား ဒီမိုကရေစီပါတီသစ်လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး၏ အမည်ကို အလွဲသုံးစား လုပ်ထားသောကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်အောက်ရှိ ဈေးများဌာနကို ၎င်းပါတီက တရားစွဲဆိုမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သင်္ဃန်းကျွန်းဈေးကြီး မီးလောင်ပြင် (ဓာတ်ပုံ - ဧရာဝတီ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ညက အ၀တ်အထည်၊ ရွှေငွေ ရတနာ၊ လျှပ်စစ်ပစ္စည်း၊ အသားငါး၊ အသီးအနှံ အပါအ၀င် ကုန်စည်မျိုးစုံ ရောင်းချသော နာမည်ကျော် သင်္ဃန်းကျွန်းဈေးကြီး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း ၇၈၆ ခန်းအနက် ၆၅၁ ခန်း ပျက်စီးဆုံးရှုံးခဲ့သည်။
စည်ပင်သာယာ ဈေးများဌာန၊ ဈေးဆိုင်ခန်း ပိုင်ရှင်များ၊ ဆောက်လုပ်ရေးသမားများနှင့် ဈေးသာယာရေးအဖွဲ့များ အကြားတွင် ကာလရှည်ကြာစွာ အငြင်းပွားနေသည့် အဆိုပါဈေး နေရာချထားမှုတွင် ဆိုင်ခန်းအကွက်ချ ပုံစံကို ဈေးများဌာနက ထုတ်ပြန်ရာ ၄င်းတို့၏ အမည်များအား အလွဲသုံးစားလုပ်ထားခြင်းဖြစ်သည်ဟု တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်က ပြောသည်။
“ပုံဆွဲတဲ့ အထဲမှာ ခဲတစက်၊ မင်တစက်မှ မပါဘူး။ မပါဘဲနဲ့ ဦးတို့ ရေးဆွဲတယ်ဆိုတဲ့ စကားလုံး သုံးထားတယ်” ဟု ဦးကျော်က ဆိုသည်။
ဆောက်လက်စ သင်္ကန်းကျွန်းဈေးရှေ့တွင် မတ်လ ၆ ရက်နေ့ ညနေပိုင်းက လာရောက်ထောင်ထားသော ပိုစတာ၌ လွှတ်တော်အမတ်နှစ်ဦးဖြစ်သည့် ဦးသိန်းညွှန့်နှင့် ဦးကျော်တို့က ရေးဆွဲထားသည့်ပုံစံဟု အမည်တပ်ပြီး ဖော်ပြထားကြောင်း၊ မဲခွဲဆုံးဖြတ်သည့် မြေပုံနှစ်ခုအနက်မှ တခုကိုလည်း လွှတ်တော်ကိုယ်စားလှယ်များမှ ရေးဆွဲ ထားသောမြေပုံဟု ဖော်ပြထားကြောင်း၊ ယင်းဖော်ပြချက် နှစ်ခုစလုံးသည် မှန်ကန်မှုမရှိကြောင်း၊ ၄င်းတို့နှစ်ဦးသည် စေ့စပ်ညှိနှိုင်းသည့် အဆင့်တွင်သာ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကိုယ်တိုင်ရေးဆွဲခြင်း မရှိကြောင်း ၄င်းက ဆက်လက် ပြောသည်။
“လွှတ်တော်ကိုယ်စားလှယ်များမှ ရေးဆွဲထားသော ပုံဆိုတော့ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံး၊ (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ) ဦးရွှေမန်းအထိတောင် ပါသွားတယ်” ဟု ဦးကျော်က ပြောသည်။
ပိုစတာ လာရောက်ကပ်သည့်နေ့တွင် အဆိုပါအချက်များကို ထောက်ပြပြီး ည ၇ နာရီ နောက်ဆုံးထား ဖြုတ်ချပေးရန် ခရိုင်စည်ပင်အရာရှိထံ အကြောင်းကြားခဲ့ကြောင်း၊ အထက်အမိန့်အရ ဆောင်ရွက်ရသည်ဟုသာ အကြောင်းပြန်ပြီး ည ၇ နာရီ ၁၀ မိနစ်အထိ မဖြုတ်ပေးသောကြောင့် သင်္ဃန်းကျွန်းရဲစခန်းသို့သွားရောက် တိုင်ကြားခဲ့ကြောင်း သိရသည်။
သို့သော်အဆိုပါ အမှုမှာ ရဲအရေးပိုင်သောအမှု မဟုတ်ဟု ဆိုသောကြောင့် တရားရုံးထံ ဦးတိုက်လျှောက်ထားရမည် ဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ပြီးပါက တရားရုံးထံ တိုင်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။
“သင်္ဃန်းကျွန်းဈေး နေရာချတာတွေ မမှန်ကန်တော့ ဈေးသူဈေးသားတွေက သင်္ဃန်းကျွန်း လွှတ်တော် ကိုယ်စားလှယ်တွေကို တင်ကြတယ်။ ဦးသိန်းညွှန့်တို့ကိုယ်တိုင် နေရာချပေးတဲ့နေရာမှာ မှန်ကန်ဖို့အတွက် ဆောင်ရွက်ပေးကြတာပါ။ စည်ပင်က အရင်တုန်းက ပြောတော့တမျိုး၊ အခု နေရာချပေးတော့ တမျိုးဆိုတော့ ဈေးသူဈေးသားတွေက မကျေနပ်ဘူးလေ။ အခုလည်း အဲဒါကြောင့် လွှတ်တော်အမတ်နှစ်ဦး နာမည်ကို သုံးလိုက်တာ ထင်တယ်” ဟု ပြန်လည်တည်ဆောက်နေသည့် သင်္ဃန်းကျွန်းဈေးတွင် ယခင်နေရာ ပြန်ရနိုင်ရန် ကြိုးစားနေသော ဆိုင်ခန်းပိုင်ရှင်တဦးက ပြောသည်။

ဧရာဝတီ

သိန္နီတံတား​မှာ ဗုံး​ပေါက်ကွဲမှုများ​ ဖြစ်ပွား

ကြား​ဖြတ်​ရွေး​ကောက်ပွဲ ကျင်း​ပဖို့​ရက်ပိုင်း​အလို ရှမ်း​ပြည်​မြောက်ပိုင်း​ သိန္နီမြို့​မှာဒီ​နေ့​ မနက်က ဗုံး​ပေါက်ကွဲမှု​တွေဖြစ်ပွား​ခဲ့​ပါတယ်။

ဗုဒ္ဓဟူး​နေ့​ မနက် အာရုံတက်အချိန် ၄ နာရီ​လောက်မှာ သိန္နီမြို့​အဝင် တံတား​မှာ ဗုံး​ပေါက်ကွဲမှု​တွေ ဆက်တိုက်ဖြစ်ပွား​တာ ဖြစ်တယ်လို့​ ​ဒေသခံပြည်သူ့​ လွှတ်​တော် ကိုယ်စား​လှယ် တဦး​က ဒီဗွီဘီကို ​ပြောပါတယ်။

သိန္နီမြို့​ အဝင်တံတား​မှာ ၅ မိနစ်ခြား​ ဗုံး​ ၂ လုံး​ ​ပေါက်ကွဲခဲ့​ပြီး​တော့​ ​နောက်ထပ် မ​ပေါက်ကွဲ​သေး​တဲ့​ဗုံး​ ၂ လုံး​ကိုလည်း​ ရှာ​ဖွေ​တွေ့​ရှိခဲ့​တယ်လို့​ သီန္ဒီမြို့​နယ် ရှမ်း​တိုင်း​ရင်း​သား​ ဒီမိုကရက်တစ်ပါတီ အတွင်း​ရေး​မှူး​လည်း​ဖြစ် ပြည်သူ့​လွှတ်​တော် အမတ်လည်း​ဖြစ်တဲ့​ စိုင်း​ဝင်း​ခိုင်က ​ပြောပါတယ်။


ဓါတ်ပုံ (Google Images)
“ဒီမနက်က ​လေး​နာရီနဲ့​ငါး​မိနစ်မှာ တလုံး​၊​ ​လေး​နာရီဆယ်မိနစ်မှာ တလုံး​၊​ တံတား​အဝင်မှာ ​ပေါက်ကွဲတာ။ နှစ်လုံး​တော့​ ကျန်​နေတယ်။ အား​လုံး​ ​လေး​လုံး​ပေါ့​။ တံတား​တော့​ ဘာမှ မဖြစ်ဘူး​။ မနက်အ​စောကြီး​ဆို​တော့​ လူ​တွေလည်း​ မရှိဘူး​။ အဲဒီ​တော့​ ထိခိုက်မှု ဘာမှမရှိပါဘူး​။”

ဗုံး​ပေါက်ကွဲမှု​ကြောင့်​ လူအ​သေအ​ပျောက် ရှိတယ်ဆိုတဲ့​ သတင်း​တွေကို​တော့​ မရရှိ​သေး​ပါဘူး​။ သိန္နီတံတား​ဟာ မူဆယ် – မန္တ​လေး​ လမ်း​မကြီး​ပေါ်မှာရှိပြီး​ ကွန်ကရစ်တံတား​ အမျိုး​အစား​ ဖြစ်ပါတယ်။ ဗုံး​ကွဲမှု​ကြောင့်​ ကွန်ကရစ် တံတား​တိုင် အနည်း​အကျဉ်း​ ထိခိုက် မှုရှိ​ပေမယ့်​ ကြီး​ကြီး​မား​မား​ပျက်စီး​မှုမရှိခဲ့​ပါဘူး​။ ဒါ့​ပြင် ယာဉ်အသွား​အလာ​တွေလည်း​ ဆက်လက် ရှိ​နေဆဲလို့​သိရပါတယ်။

ဗုံး​ကွဲရတဲ့​ အ​ကြောင်း​အရင်း​နဲ့​ ဘယ်သူ့​လက်ချက် ဖြစ်သလဲ ဆိုတာကို​တော့​ မသိရ​သေး​ဘဲ သိန္ဒီရဲစခန်း​နဲ့​လည်း​ ဆက်သွယ်လို့​မရ​သေး​ပါဘူး​။

သိန္နီမြို့​ဟာ လာမယ့်​ ၂၀၁၀ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အမျိုး​သား​ လွှတ်​တော်အတွက် ကိုယ်စား​လှယ်​လောင်း​တွေ ဝင်​ရောက်ယှဉ်ပြိုင်မယ့်​ ​နေရာဖြစ်ပါတယ်။ ဒီဗုံး​ပေါက်ကွဲမှု​ကြောင့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲရဲ့​ လုံခြုံ​ရေး​ အ​ပေါ် သက်​ရောက်မှုရှိ၊​ မရှိက​တော့​ မသိရ​သေး​ပါဘူး​။ 

ဒီဗွီဘီ

ကရင်အမျိုး​သမီး​တဦး​ နိုင်ငံတကာထူး​ချွန်ဆု ရ

ရန်ကုန် အ​ခြေစိုက် ကရင်အမျိုး​သမီး​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အဖွဲ့​ (Karen Women Action Group)က အမှု​ဆောင်ညွှန်ကြား​ရေး​မှူး​ ​နော်စူစန်နာလှလှစိုး​ကို Inter Action ​ခေါ် အ​မေရိကန် အ​ခြေစိုက် နိုင်ငံတကာ အန်ဂျီအို မဟာမိတ်အဖွဲ့​က လူသား​ချင်း​စာနာမှုနဲ့​ဆိုင်တဲ့​ ထူး​ချွန်ဆု ချီး​မြှင့်​ဖို့​ ​ရွေး​ချယ်လိုက်ပါတယ်။

   
နော်စူစန်နာလှလှစိုး
ကမ္ဘာတဝန်း​မှာရှိတဲ့​ အစိုး​ရမဟုတ်တဲ့​ လူမှု​ရေး​ အဖွဲ့​အစည်း​တွေမှာ ထူး​ထူး​ချွန်ချွန်နဲ့​ ​ခေါင်း​ဆောင်နိုင်တဲ့​သူ​တွေကို အဖွဲ့​က နှစ်စဉ် ဆု​ပေး​အပ်ရာမှာ ၂၀၁၂ အတွက် ​ရွေး​ချယ်ခံရသူ​တွေထဲမှာ ​နော်စူစန်နာလှလှစိုး​လည်း​ တဦး​အပါအဝင် ဖြစ်တယ်လို့​ Inter Action အဖွဲ့​ရဲ့​ အင်တာနက် စာမျက်နှာ​ပေါ်မှာ ​ရေး​သား​ထား​ပါတယ်။

နော်လှလှစိုး​ဟာ မြန်မာနိုင်ငံမှာ အမျိုး​သမီး​နဲ့​ က​လေး​တွေ ကျန်း​မာ​ပျော်ရွှင်စွာ ​နေထိုင်နိုင်​ရေး​အတွက် တက်ကြွစွာ ​ဆောက်ရွက်​နေသူဖြစ်ပြီး​ မိသား​စု​တွေအတွက် အ​သေး​ စား​ချေး​ငွေ အစီအစဉ်​တွေ၊​ က​လေး​တွေအတွက် ပညာ​ရေး​ အကူအညီ အ​ထောက်အပံ​တွေ၊​ နဲ့​ သဘာဝ​ဘေး​ခံရသူ​တွေအတွက် အ​ရေး​ပေါ် ကယ်ဆယ်​ရေး​ လုပ်ငန်း​တွေ ​ဆောင်ရွက်ခဲ့​တယ်လို့​ ဆိုပါတယ်။

နော်လှလှစိုး​ဟာ ဒီဆုကို ​မေ ၁ ရက်​နေ့​မှာ လက်ခံရ ယူမယ်လို့​လည်း​ သိရပါတယ်။

အ​မေရိကန် အ​ခြေစိုက် အစိုး​ရမဟုတ်တဲ့​ နိုင်ငံတကာ လူမှု​ရေး​အဖွဲ့​အစည်း​နဲ့​ ပူး​ပေါင်း​ဖွဲ့​စည်း​ထား​တဲ့​ Inter Action အဖွဲ့​မှာ အန်ဂျီအို အဖွဲ့​အစည်း​ပေါင်း​ ၁၉၀ ​ကျော်ပါဝင်ပြီး​ ဖွံ့​ဖြိုး​ဆဲနိုင်ငံ​တွေမှာ ဆင်း​ရဲမှု တိုက်ဖျက်​ရေး​၊​ လူ့​အခွင့်​အ​ရေး​ တိုး​တက်​အောင် ​ဆောင်ရွက်​ရေး​ စတာ​တွေကို လုပ်ကိုင် ​ဆောင်ရွက်​ပေး​နေပါတယ်။

ဒီဗွီဘီ

ကလောမြို့ မှာ ဒေသခံ ပလောင်နဲ့ တောင်ရိုးလူကြီးတွေကို ကြံ့ခိုင်ရေးပါတီမှ ငွေနဲ့ မက်လုံးပေး မဲဆွယ်ခဲ့

ယနေ့ နံနက် ကလောမြို့ လယ်ရှိ ညောင်ပင်အောက်မှာ ပလောင် နဲ့ တောင်ရိုးလူကြီး တွေကို မဲထည့်ရမယ့် ကြံ့ခိုင်ရေးကိုယ်စားလှယ်နဲ့ မဲမထည့်ရမယ့်ကိုယ်စားလှယ်များကို ကြံ့ခိုင်ရေ့းပါတီမှလိုက်လံပြသနေစဉ်
ရှမ်းပြည်နယ် ကလောမြို့ မြို့မကျောင်းမှာ မတ်လ ၂၈ ရက်နေ့ ယနေ့ မနက် ၉ နာရီတွင်
 ကြံ့ခိုင်ရေး မှ ဒေသခံ ပလောင် နဲ့ တောင်ရိုး လူကြီးများကို ထောက်ပုံငွေ များပေးပြီး 
မဲဆွယ်စည်းရုံးခဲ့ကြောင်းသိရပါတယ်။

 မဲပေးလျှင် ထောက်ပံငွေ ကျပ်ငွေ(၁)တစ်သိန်း ပေးချီးပြီး လုပ်ငန်းပေါ်မှုတည်၍ 
ကျပ်ငွေ(၃)သုံးသိန်း နဲ့ အထက်ပေးချေးမည်ဆိုပြီး မဲဆွယ်မဲဝယ်ခဲ့တာဖြစ်ပါတယ်။

ဒါအပြင် ကလောမြို့ လယ်ရှိ ညောင်ပင်တွင် ကပ်ထားသည့် မဲဆွယ်ပိုစတာများကို  ကြံခိုင်ရေးမဲဘယ်လိုပေးရမယ်ဆိုတာ ပလောင် နဲ့ တောင်ရိုးလူကြီးတွေကို သိရှိအောင်
သွားကြည့်ခိုင်းပြီး ကြံခိုင်ရေးကိုယ်စားလှယ် ဗိုလ်ချုပ်ဟောင်း(ဦးမြ၀င်း) မှ လွဲရင် ကျန်တဲ့ကိုယ်စားလှယ်တွေကို မဲမပေးရဘူးလို့ ကြံ့ခိုင်ရေး ပါတီ စည်းရုံးရေးမှူးတွေကက 
ပြောဆိုခဲ့ကြောင်း ကိုယ်တိုင် အစည်းအဝေးတက်ရောက်ခဲ့တဲ့ ကလောမြို့ ခံတွေက 
Myanmar News Now ကိုပြောပါတယ်။ 

အလားတူ မတ်လ ၁၀ ရက်နေ့ နံနက်(၁၀)နာရီမှာလည်း  ကလောမြို့  အမှတ်(၁၀)
 ရပ်ကွက်  ဦးမြင့်ဆွေ နေအိမ်မှာ ရပ်ကွက်သူ/သား များအား ကြံ့ခိုင်ရေးမှ
 နန္ဒာလှမြင့်နှင့်စိုင်းနှင်းကိုကို တို့  ညီအကို ၂ ဦးက ကြံ့ဖွံ့ကို မဲထည့်ပါက ချီးမြှင့်ငွေ၊
ငွေပေးချီးမည် ၁သိန်းခွဲဖြင့် လုပ်ငန်းပေါ်မူတည်၍ ၁ သိန်းမှ ၃သိန်း အထိပေးချီးမည်လို့ 
မဲဆွယ်မဲဝယ်လုပ်ခဲ့ကြောင်း ကလောမြို့ ခံတွေ ပြောပြချက်အရသိရပါတယ်။

Myanmar News Now

လောပိတ လျှပ်စစ်တာဝါတိုင်တွင် မြုပ်နှံတဲ့မိုင်း ပေါက်ကွဲရာမှ ကလေး၂ ဦး ပွဲချင်းပြီး သေဆုံး

ကရင်နီပြည်နယ် လောပိတ ရေအားလျှပ်စစ် စက်ရုံမှ ရန်ကုန်သို့ သွယ်တန်းပေးနေသည့် လျှပ်စစ်တာဝါတိုင် အောက်တွင် မြုပ်နှံထားသည့် မိုင်းပေါက်ကွဲရာမှ ကလေး နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။
 ကရင်နီပြည်နယ်ရှိ လျှပ်စစ်ဓါတ်တိုင်အောက်တွင် မြေမြုပ်မိုင်းများ ထောင်ထားပြီး ခြံဖြင့် ကာထားလေ့ရှိသည်။ (ဓါတ်ပုံ-KNYO)
ကရင်နီပြည်နယ်ရှိ လျှပ်စစ်ဓါတ်တိုင်အောက်တွင် မြေမြုပ်မိုင်းများ ထောင်ထားပြီး ခြံဖြင့် ကာထားလေ့ရှိသည်။ (ဓါတ်ပုံ-KNYO)
ဒီးမော့ဆိုမြို့နယ် ဒေါမြလေး၊ ၆ မိုင် အနီးရှိ ဂျေလားပါလို ကျေးရွာမှ ငှက်လိုက်ပစ်သည့် ကလေး ၄ ဦးတို့ ဓါတ်တိုင်အောက်ရှိ မြေမြုပ်မိုင်းကို တွေ့ရှိပြီး ဆော့ကစားရာမှ ပေါက်ကွဲခြင်း ဖြစ်သည်ဟု လွိုင်ကော် ဒေသခံလူငယ် တဦးက ပြောသည်။

လွန်ခဲ့သည့် မတ်လ ၂၁ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အသက် ၇ နှစ်အရွယ် ကလေးများ ဖြစ်သည်ဟု ဆက်လက်ပြောသည်။
ကရင်နီပြည်နယ်ရှိ လျှပ်စစ်ဓါတ်တိုင်အောက်တွင် မြေမြုပ်မိုင်းများ ထောင်ထားပြီး ခြံဖြင့် ကာထားလေ့ရှိသည်။ (ဓါတ်ပုံ-KNYO)"သူတို့ စစခြင်းကတော့ လေးယောက် စလုံးပေါ့နော့်။ လွိုင်ကော် ဆေးရုံကို ပို့ထားတယ်။ ဒါပေမဲ့ နှစ်ယောက်ကတော့ တစစီကို ထိသွားတော့ ပွဲချင်းပြီး သေသွားတယ်။ ရင်ခွဲရုံမှာ စစ်ဆေးပြီတော့ နောက် တမနက်မှ ရွာကို ယူပြန်လိုက်တယ်။ ကျန်နှစ်ယောက်ကတော့ တယောက်ကတော့ လက်နဲ့ ခြေထောက်မှာ ဒဏ်ရာက ပြင်းထန်နေတယ်။ နောက်တစ်ယောက်ကတော့ သိပ်တော့ မပြင်ထန်ဘူး။ ဒါပေမဲ့ သူတို့ နှစ်ယောက် စလုံး အခု လွိုင်ကော် ဆေးရုံမှာ ရှိနေတယ်။"

အစိုးရတို့နှင့် ကရင်နီပြည်တပ်မတော်တို့ တိုက်ပွဲ ဖြစ်စဉ်တုန်းက အဆိုပါ လျှပ်စစ် ဓါတ်တိုင်အား ကရင်နီ လက်နက်ကိုင် တော်လှန်းရေး အဖွဲ့များ လာရောက်ဖျက်ဆီးမည် ဆိုသည့် အကြောင်းပြချက် ပေးပြီး မြေမြုပ်မိုင်းများ ထောင်ထားခြင်း ဖြစ်သည်။ 

"အစိုးရတွေကတော့ သူတို ကျနော်တို့နဲ အကြောင်းပြချက် ပေးပြီတော့ ဒီမိုင်းတွေကို ထောင်ထားတာပါ။ လောပိတာ စက်ရုံကနေ တောင်ငူအထိ တောက်လျောက် ထောင်ထားတယ်။ တတိုင်ကို မိုင်း ၁၀ လုံး ထက်မနည်းတော့ ထောင်ထားတာ ရှိတယ်" ဟု ကရင်နီပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက ပြောသည်။

ထို့အပြင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးစဉ်က မြေမြုပ်မိုင်း ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့သော်လည်း တစုံတရာ ဆုံးဖြတ်နိုင်ခြင်း မရှိသေးကြောင်း "ကျနော်တို့ တင်ပြတဲ့ အချက် ၂၀ ထဲမှာ ပါတယ်။ ဒါပေမဲ့ ဦးအောင်မင်းက သမ္မတဆီကို ပြန်တင်ပြပေးမယ်လို့ပဲ ပြောတယ်" ဟု ဆက်လက်ပြောပါသည်။

လွန်ခဲ့တဲ့ မတ်လ ၇ ရက်နေ့က ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် အစိုးရတို့သည် လွိုင်ကော်မြို့ တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပြီး နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ထားရှိရေးနှင့် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲ ထပ်မံ ပြုလုပ်ရေး စသည့် အချက် ၃ ချက်ဖြင့် ပဏာမ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

အပစ်ရပ်စဲသဘောတူ လက်မှတ်ရေးထိုးပြီး၍ မြေမြုပ်မိုင်း ဖယ်ရှားရေးကို ဦးစားပေး လုပ်ဆောင်သင့်သည်ဟု ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့ KDRG မှ ခူးတော်ရယ် က ပြောသည်။

"ဒီလမ်းမကြီးဘေးမှာ အခုထိ မြေမြုပ်မိုင်းတွေကို ထားရှိဖို့ မလိုအပ်တော့ဘူးလို့ ထင်တယ်။ အစိုးရ အနေနဲ့ ဖယ်ရှားပေးဖို့ သင့်ပါပြီ။ ထားတယ်ဆိုတာကတော့ အရင့်အရင်က လက်နက်ကိုင် တော်လှန်ရေးတွေရဲ့ ရန်ကို အကာအကွယ် ထားတယ်လို့ပဲ မြင်တယ်လေ။ အခုချိန်မှာ ဖျက်မယ့် လူလည်း မရှိတော့ဘူးလို့ ကျနော် အဲလိုပဲ မြင်တယ်လေ။ အဲဒါကြောင့် ဖယ်ရှားပေးဖို့ လိုတယ်" ဟု ခူးတော်ရယ် က ပြောပါသည်။

လျှပ်စစ်ဓါတ်တိုင်အောက်တွင် ထောင်ထားသော မြေမြုပ်မိုင်များကို ဒေသခံများဖြစ်စေ၊ ကျွဲ၊ နွား တိရိစ္ဆာန် များဖြစ်စေ နင်းမိပါက အစိုးရမှ လျှော်ကြေးငွေ ပြန်တောင်းလေ့ရှိသော်လည်း ယခုတကြိမ်တွင် တစုံတရာ ပြောကြားခြင်း မရှိသေးဟု ဒေသခံများက ပြောသည်။
 ကန္တာရ၀တီတိုင်း(မ်)

တေးဂီတဖျော်ဖြေပွဲဖြင့် မန်းဂျော်နီ မဲဆွယ်စည်းရုံး

မြောင်းမြမြို့မဲဆန္ဒနယ်တွင် ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားလှယ် လောင်း မန်းဂျော်နီက တေးဂီတဖျော်ဖြေပွဲဖြင့် ယင်းမဲဆန္ဒနယ်တွင် မဲဆွယ်စည်းရုံး ရေးဆင်းခဲ့သည်။
မြောင်းမြမြို့နယ်မှ NLD ၏ မဲဆွယ်လှုပ်ရှားမှုများ (Photo-KIC)
မြောင်းမြမြို့နယ်မှ NLD ၏ မဲဆွယ်လှုပ်ရှားမှုများ (Photo-KIC)
တေးဂီတဖျော်ဖြေပွဲဖြစ်မြောက်ရေးအတွက် မြောင်းမြမြို့နယ် NLD တိုင်းမဲအောင်နိုင်ရေးတာဝန်ခံ မန်းမျိုးချစ် ဦးစီပြီး NLD အဖွဲ့ဝင်များက ကမကထပြုကာ စခန်းကြီးကျေးရွာဘောလုံးကွင်းတွင် ယခုလ (၂၄)ရက်နေ့ က ကျင်းပခဲ့ခြင်း ဖြစ်သည်။

ထိုနေ့ည ၉နာရီခွဲမှ ၁၂နာရီအထိ ကျင်းပခဲ့သည့် အဆိုပါဂီတပွဲသို့ နီးစပ်ရာကျေးရွာများဖြစ်သည့် တံခွန်တိုင်၊ တစ်ပင်ချောင်း၊ ငုအိုင် အစ ရှိသည့်ဒေသများက ပရိဿတ် ခုနှစ်ထောင်နီးပါး တက်ရောက်ခဲ့ကြသည် ဟု ပွဲစီစဉ်သူ မန်းရဲမင်းထွေးက ပြောသည်။

“ဒေါ်စုပုံရိုက်ထားတဲ့ အကျီင်္တွေ၊ ခွပ်ဒေါင်းပုံနဲ့ အမှန်ခြစ်ထားတဲ့ အင်္ကျီတွေကို ၀တ်ပြီးလာကြတယ်။”ဟု ၎င်းက ပြောသည်။

တေးဂီတဖျော်ဖြေရေး မစတင်မီ NLD ၏ မြောင်းမြမြို့နယ် ကိုယ်စားလှယ်လောင်း မန်းဂျော်နီနှင့် မဲအောင်နိုင် ရေးတာဝန်ခံ ဦးမြင့်လွင်၊ လပွတ္တာမြို့နယ် မဲအောင်နိုင်ရေးတာဝန်ခံ ဒေါ်ခင်ဝိုင်းနှင့် မန်းမင်းရဲထွေးတို့က မဲဆွယ်ဟောပြောခဲ့ကြသည်။

ထို့နောက် မယ်လိုဒီဝေါလ်တွင် ပထမဆုရရှိခဲ့သူ လီရို၊ ဆူးငှက်၊ ခင်ဝါးမိုး စသည့် တိုင်းရင်းသားအဆိုတော် များ နှင့် ကလေးအဆိုတော် အယ်နီရှိုင်းတို့က တေးသီချင်းများဖြင့် သီဆိုခဲ့ကြပြီး  တယောတီး၍ ဖျော်ဖြေ ခဲ့သည်။
မြောင်းမြမြို့နယ်မှ NLD ၏ မဲဆွယ်လှုပ်ရှားမှုများ (Photo-KIC)
မြောင်းမြမြို့နယ်မှ NLD ၏ မဲဆွယ်လှုပ်ရှားမှုများ (Photo-KIC)

မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်သည် ၂၀၁၀ရွေးကောက်ပွဲတွင် အနိုင်ရရရှိခဲ့သော လက်ရှိ အားကစားဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏ လစ်လပ် မဲဆန္ဒနယ် ဖြစ်သည်။

ထိုမဲဆန္ဒနယ်တွင် ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်း၏သားဖြစ်သူ ACE ကုမ္ပဏီအကြီးအကဲ၊ နေပြည်တော် ယူနိုက်တက်ဘောလုံးအသင်း ပိုင်ရှင်တစ်ဦးဖြစ်သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာဖြိုးကိုကိုတင့်ဆန်း အပါအ၀င် NLD မှ မန်းဂျော်နီနှင့် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီက ဦးအောင်မျိုးလှိုင်တို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည်။

မြောင်းမြမဲဆန္ဒနယ်တွင် မဲရုံပေါင်း (၂၇၇)ရုံရှိပြီး မဲပေးနိုင်သူဦးရေ တစ်သိန်းရှစ်သောင်းကျော်ရှိသည့်အနက် ထက်ဝက်ခန့်မှာ ကရင်လူမျိုး များ ဖြစ်သည်။

မန်းဂျော်နီသည် ၁၉၉၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ရာ ကျုံပျော်မြို့နယ်၊ အမှတ်(၁) ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ရွေးကောက်ခံခဲ့ရသူ ဖြစ်သည်။ကေအိုင်စီ

လေးနှစ်အတွင်း တရုတ်နိုင်ငံက ချေးယူတဲ့ ဒေါ်လာ သန်းသုံးထောင်ကျော် နှင့် ယွမ် ငွေ သန်းနှစ်ထောင်နီးပါ ရှင်းတမ်း

၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံက တရုတ်ပြည်သူ့သမ္မတနိုင်ငံထံမှ အမေရိကန်ဒေါ်လာသန်း ၃၀၀၀ ကျော်နှင့် တရုတ် ယွမ်ငွေ သန်းနှစ်ထောင်နီးပါး ချေးငွေရရှိခဲ့ပြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍအတွက် ချေးငွေ ပမာဏမှာ အများဆုံးဖြစ်ကြောင်း အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။


၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သက်သာသော ချေးငွေ၊ အတိုးမဲ့ ချေးငွေ၊ ဦးစားပေးဝယ်သူ ချေးငွေ၊ ၀ယ်သူ ချေးငွေ၊ ကူးသန်းရောင်းဝယ်ရေး ချေးငွေများ မြန်မာနိုင်ငံက ရရှိခဲ့ကြောင်း သိရသည်။ လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်ပြီး တောင်ငူ-ရွှေတောင် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ စီမံကိန်းအတွက် ယွမ်သန်း ၇၀၊  ရွှေကျင်-သာယာကုန်း(၂၃၀) ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ၊ နမ့်ဆန်-ပင်းပက် ဓာတ်အားလိုင်း စီမံကိန်းများအတွက် ယွမ်သန်း ၁၀၀၊ ရန်ကုန်မြို့ ဓာတ်အားခွဲရုံများ၏ ပစ္စည်း ၀ယ်ယူရေးအတွက် ယွမ်သန်း ၅၀ကို အတိုးမဲ့ ချေးငွေအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


ရေအားလျှပ်စစ်နှင့် ပတ်သက်၍လည်း ဘီလူးချောင်းအမှတ်(၃) ရေအားလျှပ်စစ်နှင့် မဟာဓာတ်အားလိုင်း စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၄၈ ဒသမ ၃၁ သန်း၊ အထက်ရဲရွာ ရေအားလျှပ်စစ်နှင့် မဟာဓာတ်အားလိုင်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၇၇ ဒသမ ၁၆ သန်း၊ သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းအတွက် အမေရိကန် ဒေါ်လာသန်း ၆၀ တို့ကို ဦးစားပေး ၀ယ်သူချေးငွေ ရရှိခဲ့ပြီး သောက်ရေခပ်(၂)ရေအားလျှပ်စစ် စီမံကိန်း၊ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်းတို့အတွက်လည်း ချေးငွေရရှိခဲ့ကြောင်း သိရသည်။


စွမ်းအင်ကဏ္ဍဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့နှင့် ပတ်သက်၍လည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ချေးငွေများ ပေးထားပြီး ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် အမေရိကန်ဒေါ်လာ ၄၄၅ ဒသမ ၀၈ သန်း၊   မြန်မာ - တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၁၅၈ ဒသမ ၀၈ သန်းနှင့် မြန်မာ-တရုတ် ရေနံစိမ်း ပိုက်လိုင်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၁၀၅ ဒသမ ၅၈ သန်းကို ကူးသန်းရောင်းဝယ်ရေး ချေးငွေအနေဖြင့် ထုတ်ချေးပေးခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရှိရပါသည်။
စဉ် စီမံကိန်း ချေးငွေပမာဏ
၁။ မဲခေါင်သတင်းအချက်အလက်နှင့် အမြန်ဆက်ကြောင်း ယွမ်သန်း ၃၀၀
၂။ လေယာဉ်သုံးစင်းဝယ်ယူရေး ယွမ်သန်း ၃၉၉
၃။ ကော့စတစ်ဆိုဒါစက်ရုံ ယွမ်သန်း ၆၉၀
၎။ သောင်တူးရေယာဉ်ဝယ်ယူရေး ယွမ်သန်း ၂၉၂
၅။ တောင်ငူ-ရွှေတောင်ဓာတ်အားလိုင်း ယွမ်သန်း ၇၀
၆။ ရွှေကျင်-သာယာကုန်းဓာတ်အားလိုင်း
နမ်ဆန်-ပင်းပက်ဓာတ်အားလိုင်း
ယွမ်သန်း ၁၀၀
၇။ ရန်ကုန်မြို့ ဓာတ်အားခွဲရုံများ၏ ပစ္စည်းဝယ်ယူရေး ယွမ်သန်း ၅၀
၈။ ပက်လက်ကုန်တွဲရှည်များဝယ်ယူရေး ယွမ်သန်း ၅၀
၉။ ဘီလူးချောင်းအမှတ်(၃)ရေအားလျှပ်စစ် ဒေါ်လာသန်း ၄၈ .၃၁
၁၀။ အထက်ရဲရွာရေအားလျှပ်စစ် ဒေါ်လာသန်း ၁၇၇ .၁၆
၁၁။ သူဋ္ဌေးချောင်းရေအားလျှပ်စစ် ဒေါ်လာသန်း ၆၀
၁၂။ လူစီးတွဲ၊ ကုန်တွဲသစ်တည်ဆောက်ရေး ဒေါ်လာသန်း ၄၇ .၅၁
၁၃။ စက်ခေါင်းသစ်တည်ဆောက်ရေး ဒေါ်လာသန်း ၄၇ .၀၂
၁၄။ အကြီးစားမော်တော်ယာဉ်တည်ဆောက်ရေး ဒေါ်လာသန်း ၂၀
၁၅။ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် ဒေါ်လာသန်း ၂၀၀
၁၆။ ယူရီးယား ဓာတ်မြေသြဇာစက်ရုံ ဒေါ်လာသန်း ၇၄ .၀၈
၁၇။ ရွှေသဘာဝဓာတ်ငွေ့ ဒေါ်လာသန်း ၄၄၅ .၀၈
၁၈။ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဒေါ်လာသန်း ၁၅၈ .၀၈
၁၉။ မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း ဒေါ်လာသန်း ၁၁၀၅ .၅၈
၂၀။ သံမဏိစက်ရုံ တည်ဆောက်ရေး ဒေါ်လာသန်း ၇၁၂.၀၅
EMG

ယနေ့ နေပြည်တော်ကော်မရှင်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ

ဓာတ်ပုံ- ထူးသန့်
ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ
င်က တစ်ပတ်အတွင်း ကြေငြာပေးသွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောသည်။ သို့သော် မြို့နယ်နှင့် ခရိုင်ကော်မရှင်များက မဲလက်မှတ်များ ရေတွက်ပြီးသည်နှင့် ကြေငြာပေးသွားမည်ဟု သတင်းရရှိသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ စုစုပေါင်း ၁၅၉ ဦးကို လာရောက်လေ့လာခွင့်ပြုထားကြောင်း ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောသည်။

ကြိုတင်မဲနှင့်ပတ်သက်၍ မသမာမှုများမှာ လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် မရှိစေရကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌဦးတင်အေးက ပြောသည်။
““ဒီလိုမျိုး ကျနော့်လက်ထက်မှာ မဖြစ်စေရဘူး”” ဟု ဦးတင်အေးက ပြောသည်။

နယ်မြေလုံခြုံမှုအခြေအနေကြောင့် ရွေးကောက်ပွဲကျင်းပရန် ရွှေ့ဆိုင်းထားသော ကချင်ပြည်နယ်မှ မဲဆန္ဒနယ်သုံးခုကို တရားမျှတလွတ်လပ်သော ရွေးကောက်ပွဲ မဖြစ်နိုင်သော ကြောင့် ရွှေ့ဆိုင်းထားခြင်းဖြစ်ပြီး၊ နယ်မြေလုံခြုံပြီး တရားမျှတလွတ်လပ်သော ရွေးကောက်ပွဲဖြစ်ရန် အခြေအနေရှိလာသည်နှင့် ချက်ချင်းကျင်းပပေးသွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောသည်။
ဓာတ်ပုံ- ထူးသန့်
ရွေးကောက်ပွဲတွင် သတင်းရယူမည့် သတင်းထောက်များကို မဲရုံပြင်ပမှာပင် သတင်းရယူခွင့်ပြုမည်ဖြစ်ပြီး မဲရုံအတွင်းဝင်ရောက်သတင်းရယူခွင့်ပြုမည်မဟုတ်ကြောင်း ဦးတင်အေးက ပြောသည်။ မဲဆန္ဒရှင်များ၏ လျှို့ဝှက်မဲဆန္ဒပေးမှုကို အနှောက်အယှက် မဖြစ်စေလိုသည့်အချက်မှာ မဲရုံအတွင်း သတင်းရယူခွင့်မပြုခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်ကြောင်းလည်း ၎င်းကရှင်းပြသည်။
နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းသည်ဖြစ်စေ၊ မရုပ်သိမ်းသည်ဖြစ်စေ မိမိ၏ တာဝန်မှာ တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲဖြစ်လာစေရန် ဆောင်ရွက်ရ မည်သာ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက ယနေ့(၂၈.၃.၂၀၁၂) ရက်က နေပြည်တော်ကော်မရှင်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

by- 7Day News

တစ်လ ကျပ် ၁၂၀၀၀၀ အောက် ရရှိသူများအား ၀င်ငွေခွန် ကင်းလွတ်ခွင့်ပြုမည်

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်  စည်းကြပ်ကောက်ခံမည့် ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် စနစ်များ အကြောင်းကို မတ်လ ၂၆ ရက်နေ့က ကျင်းပသည့် အခွန်ဆိုင်ရာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အဆိုပါ ရှင်းလင်းပွဲသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းနှင့် ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကာ အခွန်ဆိုင်ရာများ ခေတ်စနစ်နှင့်အညီ ပြောင်းလဲထားသည့် အကြောင်း များကို ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဝင်ငွေခွန်ဆိုင်ရာများကို ပြင်ဆင်သတ်မှတ်ပေးရာ၌ အမိန့်ကြော်ငြာစာ ခုနစ်ခု ထုတ်ပြန်ကာ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်သက်ရောက်မည့် ပြင်ဆင်ပြောင်းလဲပေးထားသည့် ၀င်ငွေခွန်အရ တစ်လ လစာ ကျပ် ၁၂၀၀၀၀ အောက်ရရှိသူ နိုင်ငံ့ဝန်ထမ်း၊ ပုဂ္ဂလိက ၀န်ထမ်းများသည် ၀င်ငွေခွန် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် သမ၀ါယမနှင့် စီးပွားရေး လုပ်ကိုင်သူများအနေဖြင့် တစ်လကျပ် တစ်သိန်းနှင့် ကျပ်တစ်သိန်းအောက် ၀င်ငွေရှိသူများ ၀င်ငွေခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။

ယခင်က လစာအပေါ် ၀င်ငွေခွန် ပေးဆောင်ရန် သတ်မှတ်ထားရာတွင် ၀င်ငွေပမာဏအလိုက် အလွှာ ၁၅ လွှာ သတ်မှတ်ထားသော်လည်း ယခု အခါ ၁၂ လွှာသာ သတ်မှတ်လိုက်ကြောင်း၊ ယခင်က တစ်ကျပ်မှ ၅၀၀၀ ကျပ်အတွင်း ရရှိသူများအား ၀င်ငွေခွန် ငါးရာခိုင်နှုန်း ကောက်ခံရန် သတ်မှတ်ထားခြင်းမှစကာ ကျပ် ၂၀၀၀၀၀၀၁ နှင့်အထက်အား ၃၀ ရာခိုင်နှုန်းအထိ ကောက်ခံရန် သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်မူ တစ်ကျပ်မှ ကျပ်ငါးသိန်းအထိ လစာဝင်ငွေရှိသူများသည်ပင် ၀င်ငွေခွန် တစ်ရာခိုင်နှုန်းသာ ပေးဆောင်ရန် သတ်မှတ်ထားကြောင်း၊ အမြင့်ဆုံးနှုန်းအဖြစ် ကျပ် ၂၀၀၀၀၀၀၁ နှင့်အထက် လစာ ၀င်ငွေရှိသူများ ပင် ၂၀ ရာခိုင်နှုန်းသာ ပေးဆောင်ရန် ပြင်ဆင်သတ်မှတ်ထား ကြောင်း သိရသည်။

စီးပွားရေး လုပ်ငန်းများအပေါ် စည်းကြပ်သည့် ၀င်ငွေခွန်များကိုလည်း ပြင်ဆင်ခဲ့ပြီး ယခင်က အနိမ့်ဆုံး ငါးရာခိုင်နှုန်းမှ အမြင့်ဆုံး ၄၀ ရာခိုင်နှုန်းကောက်ခံရန် သတ်မှတ်ထားသော်လည်း ယခုအခါ အနိမ့်ဆုံး နှစ်ရာခိုင်နှုန်းမှ အမြင့်ဆုံး ၃၀ ရာခိုင် နှုန်းအထိသာ ပေးဆောင်ရန် ပြင်ဆင် သတ်မှတ်လိုက်ကြောင်း သိရသည်။

ယခင်က ကျပ် ၅၀၀၀ ၀င်ငွေရှိလျှင်ပင် ငါးရာခိုင်နှုန်း ပေးဆောင်ရမှုမှ ယခုအခါ ကျပ်ငါးသိန်း ၀င်ငွေရှိသည့် စီးပွားရေး လုပ်ငန်းများသည်ပင် ၀င်ငွေခွန် နှစ်ရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည့်ဖြစ်ပြီး စီးပွားရေး လုပ်ငန်း၊ လစာ၊ သမ၀ါယမစသည်ဖြင့် မည်သည့် ၀င်ငွေအတွက်ဖြစ်စေ သတ်မှတ်ထားသည့် သက်သာခွင့်များရှိပြီး အဆိုပါ သက်သာခွင့်များ ခုနှိမ်လျက် ကျန်ဝင်ငွေအပေါ် ၀င်ငွေ ခွန်ပေးဆောင်ရန် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။
ကုန်သွယ်လုပ်ငန်းခွန်အား ပြင်ဆင်သတ်မှတ်ရာတွင် အမိန့်ကြော်ငြာစာ ကိုးခုထုတ်ပြန်ကာ ပြင်ဆင် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကုန်သွယ်လုပ်ငန်းခွန် ပြင်ဆင်ပေးရာတွင် အဓိကအားဖြင့် ငါးရာခိုင်နှုန်းသာ ပေးဆောင်ရမည့် ကုန်စည်အုပ်စုနှင့် အခွန်နှုန်းမြင့်ဖြင့် ပေးဆောင်ရမည့် အထူးကုန်စည်များဟူ၍ နှစ်မျိုး ခွဲခြားပေးခဲ့ခြင်း ဖြစ်သည်။ ကုန်သွယ် လုပ်ငန်းခွန်အား ပြင်ဆင်ပေးမှုအရ ကုန်စည်အမျိုးအစား ၇၀ မှာ အခွန် ကင်းလွတ်ခွင့် ရမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ကုန်သွယ်လုပ်ငန်းခွန် ၁၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရသော ကုန်စည် ၉၈ မျိုး၊ ၂၀ ရာခိုင်နှုန်းပေး ဆောင်နေရသော ကုန်စည် ၄၅ မျိုး၊ ၂၅ ရာခိုင်နှုန်း ပေးဆောင်ရသော ကုန်စည် ၅၂ မျိုးတို့ အားလုံးကို ယခုအခါ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းသာ တစ်ပြေးညီ ကောက်ခံရန် လျော့ပေါ့သတ်မှတ်လိုက်သည်ဟု သိရသည်။ ယခုအခါတွင် ရောင်းရငွေ ကျပ်သိန်း ၁၀၀ အောက်ရှိသော လုပ်ငန်းများကို စည်းကြပ်ခြင်း မပြုရသော ရောင်းရငွေအဖြစ် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ပင် ကုန်စည် ၀ယ်ယူရောင်းချခြင်းလုပ်ငန်း၊ ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း၊ စားသောက်ဖွယ် ရောင်းချခြင်းလုပ်ငန်းများအနေဖြင့်လည်း ယခင်ကစည်းကြပ်ခြင်း မပြုရသော ရောင်းရငွေပမာဏ သတ်မှတ်ချက်အား ကျပ်သိန်း ၁၀၀ အထိ တိုးမြှင့် ပြင်ဆင်ပေးခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ အခွန်နှုန်းများ ပြင်ဆင်ပေးခြင်းမှာ ခေတ်ကာလဖြင့် လျော်ညီစေရန်၊ အခွန်ထမ်းအများစုထံမှ သင့်တော်သည့် ပမာဏဖြင့်သာ ကောက်ခံရန်၊ အခွန်ထမ်းများ ပိုမိုများပြားလာစေရန်၊ အခွန်ထမ်း ကိုယ်တိုင်မှ ကျေနပ်စွာ အခွန်ပေးဆောင်သည့် အနေအထားသို့ သွားရန် ရည်ရွယ်ကြောင်း သိရသည်။

ပြင်ဆင်ပေးသည့် အခွန်အနေအထားများကို တွက်ချက်ကြည့်ပါက ၀င်ငွေခွန် ပြင်ဆင်သတ်မှတ်ပေးမှုမှာ အခွန်ထမ်းများအတွက် ပေးဆောင်နိုင်သည့် အနေအထား ရှိလာနိုင်ပြီး ကုန်သွယ်လုပ်ငန်းခွန် ပြင်ဆင် သတ်မှတ်ပေးမှုတွင်လည်း သက်သာစေနိုင်သည့် အနေအထားရှိကြောင်း သိရသည်။

သို့သော် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းအုပ်စုတွင် အချို့သော ကုန်စည်များမှာ တန်ဖိုးမြင့်ကုန်စည်များနှင့် တန်းတူပေးဆောင်ရသည့် အနေအထားရှိနေသေးကြောင်း သိရသည်။
EMG

တရုတ်ဘက်မှ လက်တစ်လုံးခြားလုပ်ကာ စည်းကမ်းဖောက်ဖျက်မှုများကြောင့် အရေးယူရမှုများ ရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

 "တရုတ်နှင့် ပူးပေါင်းဆောင်ရွက်သည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ကန့်သတ်ထားသည့် ကန့်သတ်ချက်များကို တရုတ်ဘက်မှ လက်တစ်လုံးခြားလုပ်ကာ စည်းကမ်း ဖောက်ဖျက်မှုများကြောင့် အရေးယူရမှုများ ရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား"

ရခိုင်ပြည်နယ်ရှိ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းခွင်တစ်နေရာကို ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်
တရုတ်နှင့် ပူးပေါင်းဆောင်ရွက်သည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ကန့်သတ်ထားသည့် ကန့်သတ်ချက်များကို တရုတ်ဘက်မှ လက်တစ်လုံးခြားလုပ်ကာ စည်းကမ်း ဖောက်ဖျက်မှုများကြောင့် အရေးယူရမှုများ ရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက မတ်လ ၂၂ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ''ရေဖြူ မဲဆန္ဒနယ်က ဦးဝင်းဦး ဆွေးနွေးသွားတဲ့ နိုင်ငံတော်ဘက် စဉ်းစားပြီးတော့ အခုလုပ်တဲ့ Project တွေမှာ နိုင်ငံခြားသားတွေ သူတို့ရဲ့ အချိုးဟာ ဘယ်လောက် များတယ်၊ ပြည်တွင်းက လုပ်ငန်းရှင်တွေ၊ ပြည်တွင်းက လုပ်သားတွေ အင်အားကတော့ နည်းတယ်စသည်ဖြင့် ထောက်ပြ ဝေဖန်သွားတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း နောက်ဆုံးထုတ်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေမှာ ပြည်တွင်းကနေပြီးတော့ ကျွမ်းကျင်သူ ဆိုလို့ရှိရင် ပထမနှစ်မှာ ဘယ်လောက် ရာခိုင်နှုန်း၊ ဒုတိယနှစ်မှာ ဘယ်လောက် ရာခိုင်နှုန်း စသည်ဖြင့် ဒါလေးကိုလည်း ကျွန်တော် လေ့လာထားပါတယ်။ ကျွန်တော်တို့ရဲ့ Project စကတည်းက တရုတ်နဲ့ လုပ်ထားတဲ့ ပိုက်လိုင်းမှာလည်းပဲ ဘယ်လို အဆင့်မျိုးဆိုရင်တော့ ပြည်တွင်းကပဲ သုံးရမယ်လို့ ကျွန်တော်တို့ ကန့်သတ်ထားတာ ရှိပါတယ်။ ကန့်သတ်ထားတာတွေ ရှိပင်ရှိငြားသော်လည်းပဲ ဒီအထဲမှာပဲ လက်တစ်လုံးခြား လုပ်ပြီးတော့ စည်းကမ်း ဖောက်ဖျက်နေတာရှိကြောင်း ၀န်ခံပါတယ်။ ဥပမာအားဖြင့် တရုတ်နဲ့ ပိုက်လိုင်းမှာလည်းပဲ ဒီလိုမျိုး ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ ဥပဒေကို လက်တစ်လုံးခြား လုပ်ပြီးတော့ ဟိုဘက်ကနေပြီးတော့ Work Permit နဲ့ အလုပ် Visa နဲ့ မဟုတ်ဘဲနဲ့ Tourist Visa နဲ့ ၀င်လာပြီးတော့မှ ယန္တရားတက်မောင်းလို့ သေတဲ့ အမှုတွေလည်း ရှိပါတယ်။ ချက်ချင်းပဲ အဲဒီပုဂ္ဂိုလ်တွေကို ပြည်ပက သူတို့ သံအမတ်ဆီကို စာရေးပြီးတော့ ချက်ချင်းပြန်ထွက်ပါ။ ဒါမျိုးနဲ့ ကျွန်တော်တို့ လုပ်ခဲ့ရတဲ့ အရေးယူခဲ့ရတဲ့ အချိန်တွေလည်း ရှိပါတယ်''ဟု ပြောကြားခဲ့သည်။
တရုတ်နဲ့ ပိုက်လိုင်းမှာလည်းပဲ ဒီလိုမျိုးကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီးတော့ ဟိုဘက်ကနေပြီးတော့ Work Permit နဲ့အလုပ် Visa နဲ့မဟုတ်ဘဲနဲ့ Tourist Visa နဲ့ဝင်လာ ပြီးတော့မှ ယန္တရားတက်မောင်းလို့ သေတဲ့ အမှုတွေလည်း ရှိပါတယ် . .
ဆက်လက်၍ ပြည်ထောင်စု ၀န်ကြီးက ''အလားတူပဲ အခု ဇောတိက ပိုက်လိုင်းမှာ ဦးဝင်းဦးကတော့ တရုတ် ၃၀၀ လောက်ရှိတယ်။ မြန်မာက ၅၀ လောက် ရှိတယ်ပြောပါတယ်။ သို့သော် ဒီကိန်းဂဏန်းကတော့ ဒီလောက် တစ်ဖက်စောင်းနင်းတော့ မဟုတ်ဘူးခင်ဗျ။ သို့သော်လည်း ကျွန်တော့်ဆီမှာ ဒီဟာ အတိအကျ မပါတဲ့အတွက် ကျွန်တော် ပြန်ပြီး စိစစ်ပြီးတော့ ဆောင်ရွက်ပေးပါမယ်။ ယခုလည်းပဲ အနားမှာ အလုပ်သမားဝန်ကြီး ရှိပါ တယ်။ အဲဒီ Project မှာပဲ ကျွန်တော်တို့ရဲ့ မြန်မာလုပ်သားတွေဟာ အနားမှာရှိတဲ့ TOTAL ရဲ့ အလုပ်သမား စည်းမျဉ်း ဥပဒေတွေ အဲဒီမှာရှိတဲ့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ၊ အလားတူပဲ PTTEP ရဲ့ အလုပ်သမား တွေရဲ့ ရပိုင်ခွင့်တွေ ဒါတွေကို လိုက်ကြည့်ပြီးတော့ သူတို့လည်းပဲ ရလိုကြောင်းနဲ့ ပြောလာတဲ့အတွက် ဒါကို ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရရော၊ စွမ်းအင်ဝန်ကြီးဌာနရော၊ အလုပ်သမားဝန်ကြီးဌာနပါ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပေးတဲ့အတွက် သူတို့ တခြားကုမ္ပဏီက အလုပ်သမားတွေလိုပဲ ယူနီဖောင်းတွေ ရတယ်။ သန့်ရှင်းသော သောက်သုံးရေ ရတယ်။ အလုပ်ချိန် စသည်အားဖြင့် ဒါလေးတွေဟာ ကျွန်တော်တို့လည်းပဲ ဒါတွေကိုမြင်ပြီးတော့ လိုက်ပြီး ဆောင်ရွက်ပေးနေပါတယ်။ ဦးရေအချိုးအစားကတော့ ပြန်ကြည့်ပြီးတော့ ဒါလေးတွေကို စိစစ်ပြီးတော့ ဆောင်ရွက်ပေးသွားပါမယ်လို့ တင်ပြပါတယ်''ဟု ပြောကြားခဲ့သည်။    
EMG

အဂတိ လိုက်စား မှုနှင့် အာဏာ အလွဲ သုံးစားမှုများ အရေးယူနေဟု သမ္မတဦးသိန်းစိန် ပြောကြား

"အကြောင်းအမျိုးမျိုးကြောင့် လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားပြုမှု၊ မလျော်မကန် ပြုလုပ်မှုများနှင့် ပတ်သက်၍ အသိပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ပြောကြား"

အကြောင်းအမျိုးမျိုးကြောင့် လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း အဂတိလိုက်စားမှု၊ အာဏာ အလွဲသုံးစားပြုမှု၊ မလျော်မကန် ပြုလုပ်မှုများနှင့် ပတ်သက်၍ အသိပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၂၄ ရက်နေ့က ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ပြည်ထောင်စုဝန် ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပုသိမ်မြို့မှ  ဒေသခံများသို့ ပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''အဂတိလိုက်စားမှု၊ အာဏာ အလွဲသုံးစားပြုမှု၊ မလျော်မကန် ပြုလုပ်မှုများနှင့် ပတ်သက်၍လည်း အသိပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ခေတ်စနစ်နှင့်အတူ ပေါက်ဖွားလာခဲ့သည့် အကျင့်ပျက်ခြစား မှုများသည် မိဘပြည်သူများအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်စေရုံသာမက နိုင်ငံတည်ဆောက်ရေးအတွက်လည်း အတားအဆီး အနှောင့်အယှက်များ ဖြစ်နေပါကြောင်း၊ ယင်းဆူးငြောင့်များ ဖယ်ရှားနိုင်မှ လျောက်လှမ်းရသည့် လမ်းခရီး ချောမွေ့လာမည်ဖြစ်ပါကြောင်း''ဟု ပြောကြားခဲ့သည်။

''အကြောင်းအမျိုးမျိုးကြောင့် လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း မိမိတို့ အစိုးရလက်ထက်၌ ကျူးလွန်မှုနှင့်အညီ အရေးယူအပြစ်ပေးမှုများ ဆောင်ရွက်နေပါကြောင်း၊ မိမိပြောခဲ့ပြီးဖြစ်သည့်အတိုင်း စေတနာအမှားဆိုလျှင် နားလည် လက်ခံပေးနိုင်သော်လည်း ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်မှုများကိုတော့ ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူသွားမည် ဖြစ်ပါကြောင်း''ဟု နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိတွင်လည်း ကျူးလွန် ပေါ်ပေါက်မှုအတိုင်း ဥပဒေအရ ထိထိရောက်ရောက် အရေးယူလျက်ရှိပါကြောင်း၊ အဆင့်ဆင့်သော အုပ်ချုပ်ရေး ၀န်ထမ်းများအနေဖြင့်လည်း မိဘပြည်သူများ စိတ်ကျေနပ်မှု၊ စိတ်ချမ်းသာမှုကို အလေးထား ဆောင်ရွက်ပေးကြပါ၊ ဥပဒေနှင့်အညီ ကောင်းမွန်သော အုပ်ချုပ်ရေးကို လက်တွေ့ကျကျ ဖော်ဆောင်ပေးကြပါဟု အလေးအနက်ထား ပြောကြားလိုပါကြောင်း ဦးသိန်းစိန်က ပြောကြားခဲ့သည်။
EMG

၄၈ နေရာစလုံးဆုံးရှုံးလည်းအကြောင်းမဟုတ်ဟု ဦးအောင်သောင်း ပြောကြား


၄၈ နေရာစလုံးဆုံးရှုံးလည်း အကြောင်းမဟုတ်ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း ပြောကြား

 Vol-4/ No-13 / Wednesday / March-28-2012 ရက်ထုတ် မြန်မာပို့စ် ဂျာနယ်

ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ဟောင်းများကိုကျေးဇူးတင်ထိုက်သူများအဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပြောကြား

နေပြည်တော် ၊ မတ် ၂၇

အရပ်သား အစိုးရအဖွဲ့ လက်ထပ်တွင် ပထမဦးဆုံး အကြိမ်အဖြစ် နေပြည်တော်၌ ပြုလုပ်သော တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ထူးခြားမှုအဖြစ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စသည့်ခေါင်းဆောင်ဟောင်းများ အပေါ်ကျေးဇူးတင်ထိုက်သူများအဖြစ် ပြောကြားခဲ့သည်ကို တွေ့ရှိရသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ တပ်မတော်နေ့ စစ်ရေးပြ မိန့်ခွန်းမှ ကောက်နုတ်ချက်
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ မြန်မာမျိုးချစ်လူငယ် ရဲဘော် သုံးကျိပ်ဟာ ဂျပန်တွေဆီက စစ်ပညာ သင်ယူခဲ့ပြီး ၁၉၄၁ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ( B.I.A ) ဗမာ့လွတ်လပ်ရေး တပ်မတော်ကို စတင်ဖွဲ့စည်းခဲ့တယ်။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တည်ထောင်ခဲ့တဲ့ ကာလတွေမှာလဲ လူ၊လက်နက်အင်အား တိုးတက်အောင်၊ စစ်ပညာရပ်များ မြင့်မားရေးတို့ကို အခြေအနေပေးသရွေ့ နည်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။
လွတ်လပ်ရေး ရပြီးစ ပြည်တွင်း ပြည်ပ အန္တရာယ်မျိုးစုံနဲ့ ရင်ဆိုင်နေရချိန်မှာလဲ ဗိုလ်ချုပ်ကြီး နေဝင်း ခေါင်းဆောင်တဲ့ တပ်မတော်များဟာ အန္တရာယ်တွေကို ရင်ဆိုင်ရင်းနဲ့ တပ်မတော်အင်အား တိုးချဲ့ တည်ဆောက်နိုင်ခဲ့တယ်။
၁၉၈၈ ခုနှစ်နောက်ပိုင်းမှာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်တဲ့ တပ်မတော် ခေါင်းဆောင်များဟာ ကြည်း၊ ရေ၊ လေ တပ်မတော် တစ်ရပ်လုံးကို ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်အောင် လက်နက်ပစ္စည်း ကိရိယာများ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ တပ်မတော် အဆင့်အတန်း မြင့်မားရေး အတွက် တပ်မတော် ဆိုင်ရာ တက္ကသိုလ် စစ်ကျောင်းကြီးများ နဲ့ လေ့ကျင့်ရေး ကျောင်းကြီးများကို အဆင့်မြှင့်ခြင်း ၊ ဖွင့်လှစ်ပေးခြင်း စတာတွေကို ဆောင်ရွက်ပေးခဲ့တယ်။
တပ်မတော် ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် စတင်တည်ထောင်ပေးခဲ့တဲ့ ဒို့တပ်မတော်ကို ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့က လက်ဆင့်ကမ်း အမွေဆက်ခံပြီး စည်းကမ်းကောင်းတဲ့ စနစ်တကျရှိတဲ့ ခေတ်မှီ တပ်မတော် အဖြစ် ခေတ်ကာလနဲ့ အညီ တည်ဆောက်ပေးခဲ့တာကို ကျေးဇူးတင်ထိုက်စွာ မြင်တွေ့ ရမှာ ဖြစ်တယ်။
 
၆၇ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မှတ်တမ်း

 The Voice Weekly

ပြည်ခိုင်ဖြိုးနှင့် တ.စ.ည ပါတီတို့အား တစ်သီးပုဂ္ဂလအမတ်လောင်းမှ အပြင်းအထန် ဝေဖန်

ဦးစိန်လှ(တစ်သီးပုဂ္ဂလ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မဟာအောင်မြေမြို့နယ် (ဓါတ်ပုံ-EMG)
 မတ်လ ၂၈ ရက်၊ ၂၀၁၂ ခုနှစ်၊ (YPI) ကျော်သူရမျိုး

လစ်လပ်မဲဆန္ဒနယ်မြေများအနက် ကိုယ်စားလှယ်လောင်းအများဆုံးပါဝင်ယှဉ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်သီးပုဂ္ဂလဦးစိန်လှသည် ပြည်ခိုင်ဖြိုးနှင့် တ.စ.ည ပါတီတို့က ထောက်ပြ ဝေဖန်ထားကြောင်း မန္တလေးမြို့ရှိနိုင်ငံရေးပါတီများနှင့် မြို့ခံအသိုင်းအ၀ိုင်းများထံမှ သိရသည်။

အဆိုပါ တစ်သီးပုဂ္ဂလဦးစိန်လှက ပြည်ခိုင်ဖြိုးပါတီနှင့် တ.စ.ညပါတီတို့ အနေဖြင့် ပြည်သူပိုင်ဘဏ္ဍာများကို အလွဲသုံးစား ပြုမှုများကိုဖော်ပြထားသည့် မဲဆွယ်လက်ကမ်းစာစောင်များကို ဖြန့်ဝေလျှက်ရှိကြောင်း နိုင်ငံရေးပါတီအသိုင်းအ၀ိုင်းများထံမှ သိရသည်။

“လက်ကမ်းစာစောင်ထဲမှာ ပါတီကြီးနှစ်ခုကို ရဲရဲတင်းတင်း ဝေဖန်ထောက်ပြထားတာ တွေ့ရတယ်”ဟု ယင်းမဲဆန္ဒနယ်မှပင် ၀င်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလဦးကျော်ကျော်က ပြောသည်။

ယင်းမဲဆွယ်လက်ကမ်းစာစောင်ထဲတွင် သြဂုတ် ၁၃၊ ၂၀၁၀ နေ့တွင် ပြုလုပ်သော ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏ အစည်းအဝေးအရ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးနှင့်  စားသောက်ကုန်လုပ်ငန်းလက်အောက်ရှိ ရန်ကုန်မြို့၊ အင်းစိန် လမ်းမကြီး၊ လှိုင်မြို့နယ်(၉)ရပ်ကွက်၊ အမှတ်(၁၁၃)၊ ဆပ်ပြာစက်ရုံ၊ အမှတ်(၂)ရှိ ပစ္စည်းအားလုံးနှင့် မြေအကျယ် (၁၂.၈၇၁)ဧကကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ငွေကျပ်သန်းပေါင်း(၅၀၀၀)ကျော်ဖြင့် ရောင်းချခဲ့သည်ဟုဆိုပြီး ယခုအခါ အဆိုပါ ပါတီ၏ တင်ပြချက်အရ ငွေကျပ်သိန်းပေါင်း(၁၉၇၂၁.၂၇)ဖြင့် အခြားလုပ်ငန်းရှင်တစ်ဦးသို့ အပြီးအပြတ်ပြန်လည်ရောင်းချကြောင်း ဖော်ပြထားသည်။

လှိုင်မြို့နယ်၊ (၁၅)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းနှင့် ဘုရင့်နောင်လမ်းမဒေါင့်ရှိ မြေဧကပေါင်း(၃၅.၅၂၄)ဧကရှိသော ဆပ်ပြာစက်ရုံအမှတ်(၁)ကို ဒီဇင်ဘာ(၁၅)၊ ၂၀၁၀ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီသို့ရောင်းချခဲ့ပြီးနောက် ယခုအခါ ထိုပါတီမှ နယူးဂျင်နရယ် ကုမ္မဏီလီမိတက်သို့ ငွေကျပ်သန်းပေါင်း(၃၅၀၀၀)ဖြင့် ပြီးပြတ်ရောင်းချလိုက်ကြောင်းကိုလည်း ဖော်ပြထားသည်။

အဆိုပါတစ်သီးပုဂ္ဂလဦးစိန်လှသည် ယင်းမဲဆွယ်လက်ကမ်းစာစောင်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း စတင် တည်ထောင်စဉ်အခါက သုံးထားသော ပြည်သူ့ဘဏ္ဍာများနှင့် အဆောက်အဦးများကို လွှတ်တော်မှတစ်ဆင့် စာရင်းရှင်းပြီး ပြည်သူလူထုကို ပြန်အပ်ရန်နှင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီပိုင် ငွေကြေးဥစ္စာ မှန်သမျှတို့သည် ပြည်သူပိုင် ဖြစ်သောကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီပိုင် ငွေကြေးဥစ္စာမှန်သမျှအား လွှတ်တော်မှတဆင့် စာရင်းရှင်းပြီး ပြည်သူလူထုထံပြန် အပ်နှံရန် တောင်းဆိုထားသည်ကို ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်သီးပုဂ္ဂလဦးစိန်လှသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ယခင်အစိုးရ၏ ကျန်းမာရေး ၀န်ကြီးဟောင်း ဦးကျော်မြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ချမ်းအေးသာစံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၂၀၁၁ ခုနှစ်တွင် ၄င်းပိုင်ရုံးရှေ့တွင် ပြည်သူကမိဘလား၊ အစိုးရကမိဘလားနှင့် ပြည်သူ့အာဏာပိုင်လား၊ အစိုးရ အာဏာပိုင်လားဟူသော စာတမ်းကပ်သည့်အတွက် မန္တလေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် အာဏာပိုင်အဖွဲ့အစည်းများမှ ခေါ်ယူသတိပေး လက်မှတ်ရေးထိုးခဲ့ရသည့် နိုင်ငံရေးသမားဖြစ်ကြောင်း မန္တလေးနိုင်ငံရေးအသိုင်းအ၀ိုင်းထံမှ သိရသည်။        ။

မော်လမြိုင်မဲပေးနိုင်သူစာရင် ထပ်တိုး

မတ်လ ၂၈ ရက်၊ ၂၀၁၂ ခုနှစ် (YPI) ဟံသာ

ကြားဖြတ်ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်များမှ ပေးပို့သည့် စာရင်းများကို ပြန်လည်ဆန်းစစ် ပြီးနောက်ယနေ့ မဲပေးနိုင်သူများဧ။်စာရင်းကိုထပ်တိုးလိုက်ကြောင်း မော်လမြိုင်မြို့နယ် ကော်မရှင်ရုံးအဖွဲ့မှ အတွင်းရေးမှူး ဦးကျော်ဇင်လင်းက ပြောပါသည်။

“ထပ်တိုးတာကတော့ သင်္ကြန်ရက်အတွင်းမှထိုင်းကနေပြန်လာတဲ့လူတွေရဲ့စားရင်းရယ် ၊နောက် အရင် ၇ ရက်နေ့ကနေ အခု၂၄ ရက်နေ့တိုးပေးလိုက်တော့ အဲဒီရက်ပိုင်းအတွင်းမှာ ၁၈ နှစ်ပြည့်သွားတဲ့လူတွေ၊အရင် မဲစားရင်းမပါလို့ လာပြောတဲ့လူတွေရဲ့စာရင်းတွေထပ်တိုးလာတာပါ”ဟု ၎င်းကပြောသည်။

မြို့နယ်ကော်မရှင်မှ မတ်လ ရရက်နေ့အထိ ကြေငြာ ထားသော မဲပေးနိုင်သူများဧ။်စာရင်းများမှာ ၁၅၂၀၇၀ ဦးဖြစ်ပြီး ယခုထပ်မံတိုးမြှင့်ပြီးနောက် ထုတ်ပြန်လိုက်သည့်စာရင်းမှာ ၁၅၄၃၅၀ ဦးဖြစ်သည်။

မူလစာရင်းထဲမှ ၃၆၀ ဦးကို သေသည့်စာရင်းများနှင့် အမည်ထပ်သည့် စာရင်းများအဖြစ် လျော့ချလိုက်ပြီး ကျန်သည့် စာရင်းများမှာ ထပ်တိုးလာသည့်စာရင်းများဖြစ်သည်။ စာရင်းအရ သေဆုံးသည့် ၃၆၀ ဦးနှုတ်လိုက်ပါက တိုးလာသူ ၂၆၄၀ ဦးဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ စာရင်းအရ မော်လမြိုင်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၃၄၉၂၉ ရှိပြီး မဲပေးသူ ၉ သောင်းကျော်သာ ရှိခဲ့သည်။

 
မော်လမြိုင်မြို့ရှိ အန်အယ်လ်ဒီ အောင်နိုင်ရေး ရုံးတရုံး

“ကြားဖြတ်ရွေးကောက်ပွဲက ၂၀၁၀ ရွေးကောက်ပွဲထက် လူတွေ ပိုစိတ်ဝင်စားလာကြတယ် ၊ပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေး အားကောင်းလာတာလဲပါတယ် ၊တချို့ သူတို့မဲစာရင်းပါမပါ ကြိုကြည့်လာကြလို့ အခုလိုထပ်တိုးလာတာများလာတာပါ”ဟု ကော်မရှင်ရုံးမှ ရုံးအဖွဲ့ဝင် ဦးသန်းအေးကပြောသည်။

NLD မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဌေးကြွယ်ကတော့ “မဲစာရင်းတွေထပ်တာ ၊မပါတာတွေတော့ အများကြီးပဲ” ဟုဆိုသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်လောင်းဒေါ်မြင့်မြင့်ဝေကမူ  မဲစာရင်းများ ကွာ ခြားမှုနှင့်ပတ်သက်၍ “အန်တီတို့ကတော့ မဲစားရင်းနဲ့ပတ်သတ်ရင် ဘာမှကို မစစ်နိုင်တော့ဘူး သူတို့ကလည်းထုတ်ချင်သလိုထုတ်နေတယ် လို့ပဲထင်တယ် ရက်တွေကလည်းနီးနေပြီးလေ”ဟုဆိုသည်။

လာမည့် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မြန်မာတနိုင်ငံလုံးအနေဖြင့် လစ်လပ်နေရာ ၄၅ နေရာ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ၎င်းအထဲမှ မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလည်လောင်းတနေရာပါဝင်သည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် မော်လမြိုင်တွင် မဲရုံပေါင်း ၁၁၉ ရုံပါဝင်ပြီး စစ်တပ် မဲရုံ ၁၆ ရုံပါဝင်သည်။ ၀င်ရောက်ယှဉ်ပြိုင်ကြမည့်ပါတီများမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊NLD၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့ဖြစ်သည်။      ။

 
မော်လမြိုင်မြို့ ဖက်တန်းရပ် အန်အယ်လ်ဒီ အောင်နိုင်ရေး ရုံး မြင်ကွင်း

အစိုးရအဖွဲ့က ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ပြပြီး သွယ်ဝိုက်မဲဆွယ်

နေပြည်တော်၊ မတ်လ ၂၈ ရက်၊ ၂၀၁၂ ခုနှစ် (YPI) ဆိုင်းဆွတ်

ဇမ္ဗူသီရိမြို့နယ်အတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့  အပြိုင်အဆိုင်မဲဆွယ် စည်းရုံးနေချိန်တွင် ဦးသိန်းစိန်အစိုးရ အနေဖြင့် ယင်းရွာများတွင် လမ်းတံတားများဖေါက် လုပ်ပေးခြင်း ၊ မီးအားမြင့်စက်များချပေးခြင်း တို့ကို  အင်တိုက်အားတိုက် လုပ်ဆောင်နေသည်ဟု ရွာသားတစ်ဦးက ပြောသည်။

“ကျွန်မတို့ ရွာမှာ ဆို ဒီ ကာလ အတွင်းမှာ သမ္မတကြီးက လမ်းတွေဖောက်ပေးတယ် တံတားဆောက်ပေးတာတွေ လုပ်ပေးနေပါတယ် ပြီးတော့ ဇမ္ဗူသီရိထဲမှာ ရှိတဲ့် ရွာသုံးရွာကိုလည်း မီးတိုင်တွေလုပ်ပေးတယ် မီးလင်းရေး တွေလုပ်ပေးတာတွေ လုပ်ပေးနေတာကို တွေ့နေရတယ် ဟု ယင်း ရွာသားတစ်ဦးက ပြောသည်။

ထို့သို့ပြုလုပ်ပေးခြင်း အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စာလှယ် မစန္ဒာမင်းက နေပြည်တော်မှာရှိတဲ့ ပြည်သူများက အစိုးရက လုပ်ပေးရမည့် တာဝန်နဲ့ ပါတီက လုပ်ပေးရမည့်တာဝန်ကို ခွဲခွဲခြာခြားနားမလည် နိုင်သော အကြောင်းရင်များ ရှိနေသည်ဟု ပြောသည်။

အစိုးရ စီမံကိန်းနှင့် အစိုးရ ဘတ်ဂျက်ဖြင့် လုပ်ဆောင်နေသည့် လမ်းတံတားများ ဆောင်လုပ် ပေးခြင်းသည် အစိုးရတာဝန်တာဖြစ်ပြီး ယင်းတို့ပြုလုပ်ပြီးစီးချိန်တွင် ဖွင့်ပွဲများကို ကြံ့ခိုင်ဖွံဖြိုးရေးပါတီ တစ်ခုတည်းတာ တက်ရောက်ခွင့်ရရှိသောကြောင့် ပြည်သူများက ကြံ့ခိုင်ဖွံ့ဖြိုးရေး လုပ်ဆောင်ချက်များဟု အမြင်မှားနေကြသည်ဟု မစန္ဒာမင်းက ပြောသည်။

“လမ်းဖောက်ပေးတာ တံတားဆောက်ပေးတာမီးပေးတာတွေလုပ်ပြီးဖွင့်ပွဲကျတော့ ကြံ့ခိုင်းဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးက ဖဲကြိုးဖြတ်လိုက်တာတို့ ဖွင့်ပွဲတွေလုပ်ပေးလိုက်တာတို့နဲ့ ပြည်သူတွေကို တပတ်ရိုက်နေတာ” ဟု ယင်းကထပ်မံပြောသည်။

ကြံ့ခိုင်းဖွိ့ဖြိုးရေးပါတီ ၏ လက်ကမ်းစာစောင်တွင်လည်း “နိုင်ငံတော်သမ္မတကြီး ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဦးဝင်းဋ္ဌေးအား ထောက်ခံအားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်” ဟုသည် ပါဝင်သည်။

နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ် အတွင်း အဏာပိုင်များဇ။် အနှောင့်အယှက် အဟန့်အတား အမျိုးမျိုးကြားမှ မဲဆွယ်စည်းရုံးရေးပြုလုပ်နေရသည် ဟု ဇမ္ဗူသီရိ မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီ ကိုယ်စားလှယ်လောင်း မစန္ဒာမင်း ကပြောသည်။

အချို့ ရွာများတွင် အဏာပိုင်များနှင့် ကြံ့ခိုင်းရေးပါတီဝင် များက ရွာသားများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဟောပြောပွဲ များကို တက်ရောက်ခွင့် မပြုခြင်း ၊ ခြိမ်းခြောက်ခြင်းများ ခံနေရသည်ဟု ရှင်းပြသည်။

 
မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် တွင်ပြုလုပ်သည့် လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲတွင် ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းက ဖွင့်လှစ်ပေးစဉ်။

“ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာရောက်စည်းရုံမယ်လို့ပြောရင် စည်းရုံးနေစဉ်ရော မစည်းရုံးသေးခင်ရော တချို့သော အဏာပိုင်များက ပြည်သူတွေကို ခြိမ်းခြောက်တာတွေ ရွာက လျှပ်စစ်မီး ဖြတ်တောက်တာတွေ လုပ်တာခံရတာ တွေရှိပါတယ်” ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲ ဥပဒေတွင်ပါရှိသည့် ကော်မရှင်များဖွဲ့စည်းသည်အခါတွင် ဘယ်ပါတီဝင်မှ မဖြစ်စေရဟုပါရှိထားသော်လည်း  ဇမ္ဗူသီရိ မဲဆန္ဒနယ် ကျေးရွာများကော်မရှင် အဆင့်ဆင့်တွင် ကြံ့ခိုင်ရေးပါတီဝင်များပါဝင် နေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး အဖွဲ့ဝင်တစ်ဦးကပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်အောင်နိုင်ရေး အဖွဲ့ဝင် တစ်ဦးကလည်း “ ကျွန်တော်အိမ်ကို ခဲနဲ့ထုခံရတယ် ရပ်ကွက်အုပ်ချူပ်ရေးမှူးကိုတိုင်တော့လည်း ဘာမလုပ်ပေးဘူး ကျွန်တော်ဘက် ကထုမယ်ဆိုရင် ကျွန်တော်တို့ကို အရေးယူမှာ သေချာတယ်” ဟုပြောသည်။

သဲကြီးကုန်းရွာသည် ရွေ့ပြောင်းအလုပ်သမား အများအပြားနေထိုင်သောရွာဖြစ်သည်။ယင်းရွာ ကို NLD မဲဆွယ်စည်းရုံး ဟောပြောပွဲ ပြုလုပ်ခဲ့စဉ်က အဏာပိုင်အချို့က ရွာသားများကို “ မင်းတို့ဒီဟောပြောပွဲကို မတက်နဲ့ ဟောပြောပွဲတက်ရင် အထုပ်ပြင်ပြီး မင်းတို့ဒီရွာက ပြန်ဖို့ပြင်တော့” ဟု ပြောကြောင်း မစန္ဒာမင်းကပြောသည်။

ဇမ္ဗူသီရိမဲဆန္ဒနယ် ပြန်ကပြေးရွာမှ ရွာသားတစ်ဦးက “ ကျွန်မတို့ကို လည်း အမေစုပါတီနောက်လိုက်တဲ့သူတွေကို ဖမ်းမယ်လို့ ရွာမှပြောနေကြတာ ကျွန်မတို့က အမေစုပါတီမှ အမေစုပါတီဘဲ အမေစုပါတီကိုပဲမဲပေးမှာ သိကြားမင်းဆင်းဖျက်တောင် မပျက်ဘူး” ဟု အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးပြောသည်။

ဇမ္ဗူသီရီမဲဆန္ဒနယ် တွင် မဲပေးနိုင်သူ ၅သောင်းကျော်ရှိပြီး မဲရုံ ၃၆ ထားရှိမည်ဟုသိရှိရသည်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက သမတ ဦးသိန်းစိန် မဲပေးသူများဇ။် ၉၁ ရာခိုင်နှုန်းကျော်ဖြင့် နိုင်ခဲ့စဉ်က မဲပေးနိုင်သူဦးရေ ၈ သောင်းကျော် ရှိပြီး ယခုရွေးကောက်ပွဲတွင် ၃ သောင်းကျော် (၃ ပုံတစ်ပုံနီးပါး) လျော့နည်းသွားတာကို တွေ့ရသည်။          ။

ကော့မှူးမှာ ၀န်ကြီးဟောင်းတွေကိုယ်တိုင် မဲဆွယ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ငွေကြေးပစ္စည်းတွေနဲ့မဲဆွယ်နေသလို၊ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ထားတဲ့ စာရွက်စာတမ်း ဖြန့်တဲ့လုပ်ရပ်တွေ ရှိနေပြီး၊ စစ်အစိုးရလက်ထက်က ဝန်ကြီးဟောင်းတချို့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်ကနေ ပါဝင်မဲဆွယ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၁ ရက်က ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် ဒေသခံပြည်သူလူထုကို မိန့်ခွန်းပြောနေစဉ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ကော့မှူးမဲဆန္ဒနယ် ရွေးကောက်ပွဲအောင်နိုင်ရေး ဒေသဆိုင်ရာတာဝန်ခံ ဦးအေးသိန်းကို RFA သတင်းထောက် တွေ့ဆုံမေးမြန်းတဲ့အခါသူက-အရင်စစ်အစိုးရလက်ထက် ဝန်ကြီးတွေဖြစ်တဲ့ ဦးသောင်း၊ ဦးစိုးသာအပါအဝင် ဗိုလ်ချုပ်မြင့်ဆွေ၊ ဦးလွန်းတင်တို့ ဒီရက်ပိုင်းတွေမှာ မကြာခဏ ရောက်လာပြီး ကြံ့ခိုင်ဖွံဖြိုးရေးပါတီအတွက် မဲဆွယ်စည်းရုံးနေကြတယ်လို့ပြောပါတယ်။
ဒါ့အပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တောင်ပို့ရွာမှာလည်း ရွာသားတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီး မှတ်တမ်းဗီဒီယိုခွေနဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ ရိုက်ကူးထုတ်လုပ်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆွယ်ဗီဒီယိုခွေကို မနေ့က ပြသပါတယ်။ အဲဒီအခါမှာ အရင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးကနေ အခု ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်နေသူက ဆင်ဆာဘုတ်အဖွဲ့ရဲ့ ခွင့်ပြုချက်မပါတဲ့ ရုပ်ရှင်ကားတွေ ပြခွင့်မရှိဘူးလို့ ခေါ်ယူသတိပေး တားမြစ်တဲ့အကြောင်း မြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ခင်ဝင်းက ပြောပါတယ်။
RFA

ပဲခူးတိုင်း အနောက်ခြမ်းက လယ်သမားများ ဆန္ဒပြ

ပဲခူးတိုင်း အနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ ကျီးပင်ကျေးရွာအုပ်စုက လယ်သမား တစ်ရာလောက်ဟာ သူတို့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ မြို့နယ်အုပ်ချုပ်ရေးရုံးကို ဒီကနေ့ ဆန္ဒပြချီတက်ကြတယ်လို့ လယ်သမားတွေက ပြောပါတယ်။
RFA
ဧရာဝတီတိုင်း အတွင်းက စပါးခင်း တခုတွင် စိုက်ပျိုးနေသော လယ်သူမများကို ၂၀၁၁ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းတွင် တွေ့ရပုံ။
စစ်အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီး ဦးတင်လှိုင်လက်ထက်က လယ်သမားတွေကို လုပ်ပိုင်ခွင့်ချထားပေးခဲ့တဲ့ မြေတွေမှာ ပုဂ္ဂလိကပိုင်ကုမ္ပဏီက ကျွန်းပင်တွေလာစိုက်ပျိုးတဲ့အတွက် လယ်ယာမြေနဲ့ စားကျက်မြေ ဆုံးရှုံးရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန္ဒဖော်ထုတ်တာလို့ ကြာအင်းရွာဟောင်းက လယ်သမားကြီး ဦးစပယ်က ပြောပါတယ်။
"အမျိုးသားသယံဇာတ ကုမ္ပဏီလိမိတက်က ဆက်လက်လုပ်ကိုင်နေတာကို တားပေးဖို့ရယ်၊ ညှိနှိုင်းစကားပြောဖို့ ကျွန်တော်တို့ ချီတက်လာခဲ့တယ်။ ရိုးရိုးသားသားပဲ ဆန္ဒပြတဲ့ သဘောမျိုးပဲလာခဲ့တယ်။ အဲတာကို သူတို့ကဘာမှ မပြောဘူး။ ဖြေရှင်းပေးပါ့မယ်။ နောက်မဖြစ်ရပါဘူးလို့ သူတို့ တစ်ခွန်းမှ စကားကမထွက်ဘူး။ နားထောင်နေတာပဲ ရှိတယ်။ ဒီနှမ်းခင်းတွေ၊ ယာခင်းတွေ မရမချင်း ကျွန်တော်တို့က တောင်းဆိုသွားမယ်၊ ဆန္ဒပြသွားမယ်"
ကြာအင်း၊ သပြေကုန်း၊ သဲကုန်းရွာက လယ်သမားတွေ ၂ မိုင်လောက် ချီတက်သွားကြတာပါ။ ဒီရွာတွေက လယ်သမား ၈၀ လောက်ကလည်း သူတို့ အခက်အခဲတွေ ဖြေရှင်းပေးဖို့ နိုင်ငံတော်သမ္မတဆီ ဒီလ ၉ ရက်နေ့က စာတစ်စောင် ပေးပို့ထားတယ်လို့ ပြောပါတယ်။
လယ်ယာမြေ ဆုံးရှုံးရတဲ့အပြင် လယ်သမားတွေရဲ့ကျွဲနွားတွေ ကျွန်းစိုက်ခင်းထဲ ၀င်သွားရင် ဒဏ်ကြေးပေး ရွေးယူရ၊ လယ်သမားတွေကို ကျွန်းစိုက်ခင်းအတွက် အဓမ္မလုပ်အားပေးခိုင်းစေလို့ လုပ်ပေးရတဲ့ ဖြစ်ရပ်တွေလည်း ရှိတယ်လို့လည်း လယ်သမားတွေက ပြောပါတယ်။
ကျွန်းပင်ငယ်လေးတွေကို မတော်တဆ ထိမိခိုက်မိရင်လည်း ဒဏ်ငွေတစ်သိန်းအထိ တောင်းတာရှိပြီး ငွေ ၇ သောင်းနဲ့ ဈေးတည့်သွားတာမျိုးလည်း ရှိတယ်လို့ ပြောပါတယ်။
RFA

အမေရိကန် လွှတ်တော်အမတ် ဂျင်ဝက် မြန်မာပြည် လာဦးမည်

အမေရိကန် ဒီမိုကရက် လွှတ်တော်အမတ် မစ္စတာ Jim Webb ဟာ မြန်မာနိုင်ငံကို ဧပြီလအတွင်း ဒုတိယအကြိမ် သွားရောက်မှာဖြစ်ကြောင်း အေပီ သတင်းက ဖော်ပြပါတယ်။

(Photo: AFP)
အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ Jim Webb (Photo: AFP)
ဧပြီလ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲအပြီး ရက်ပိုင်းအတွင်း သွားရောက်မှာ ဖြစ်ပါတယ်။
မစ္စတာ Jim Webb ဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး၊ အဲဒီတုန်းက စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ခွင့်ရခဲ့တဲ့ တစ်ဦးတည်းသော အမေရိကန် လွှတ်တော်အမတ် ဖြစ်ပါတယ်။
အရှေ့အာရှ နဲ့ ပတ်သက်တဲ့ အမေရိကန်မူဝါဒ ကြီးကြပ်ရေးဆိုင်ရာ လွှတ်တော်ဆပ်ကော်မတီကို ဦးဆောင်သူဖြစ်တဲ့ မစ္စတာ Jim Webb ဟာ မြန်မာပြည်ကို မရောက်ခင် ဂျပန်နဲ့ ထိုင်းနိုင်ငံတွေကို ၀င်ရောက်မယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲ သတင်းယူမယ့်သူတွေ လိုက်နာရန် အချက်များ ပြန်ကြားရေးက စတင်ဖြန့်ဝေ

ဓါတ်ပုံ (ရိုက်တာ)
ကြားဖြတ်ရွေးကောက်ပွဲမှာ သတင်းယူမယ့် ပြည်တွင်းပြည်ပ သတင်းထောက်တွေ လိုက်နာရမယ့် အချက်များ အပါအ၀င် သတင်းထောက်များ သိထားသင့်တာတွေ ကို ပြန်ကြားရေး ၀န်ကြီးဌာနက အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ဒီနေ့မှာ ဖြန့်ဝေ လိုက်ပါတယ်။

ပြည်တွင်း သတင်းသမားတွေအတွက် စာပေစိစစ်ရေး ဌာနက သတင်းထောက် ကတ် ထုတ်ပေးရင်း ဖြန့်ဝေသွား မှာ ဖြစ်ပြီး၊ ပြည်ပ သတင်းထောက်တွေ ကိုတော့ ရန်ကုန်လေဆိပ်က လူဝင်မှု ကြီးကြပ်ရေး ကောင် တာနောက်မှာ ပြန်ကြားရေးကောင် တာ ဖွင့်ပြီး ထုတ်ပေးမှာဖြစ်ပါတယ်။

မတ် ၂၇ ရက် အထိ ရွေးကောက်ပွဲ သတင်းယူ ဖို့ စာရင်းပေးထား သူ ပြည်တွင်းသတင်း သမားပေါင်း ၄၇၀ ကျော် ရှိတယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ သတင်းယူမယ့် သတင်းသမားတွေ အတွက်  ပြန်ကြားရေး ၀န်ကြီးဌာနက အရေးကြီးတဲ့ အကြံပြုချက်တွေထဲမှာ  မဲပေးချိန်မှာ ဥပဒေအရ မဲရုံထဲ ၀င်ခွင့် မရှိတဲ့အတွက် မဲရုံပြင်ပ မြင်သာတဲ့ နေရာကပဲ ဓာတ်ပုံရိုက်နိုင် လေ့လာနိုင်တဲ့ အကြောင်း၊ မဲရေတွက်ချိန်မှာ အများပြည်သူနဲ့အတူ ၀င်ရောက် လေ့လာကြည့်ရှု သတင်းယူနိုင်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် မဲဆန္ဒရှင်တွေကို မေးခွန်း မေးတဲ့အခါ ပါတီတခုခု (သို့) ကိုယ်စားလှယ် တဦး ဦးကို ထောက်ခံအောင် ဒါမှမဟုတ် ဆန့်ကျင်အောင် တိုက်တွန်းတဲ့ သဘော ရောက်တဲ့ မေးခွန်းတွေ မမေးကြဖို့ အကြံပြုထားတာလည်း တွေ့ရပါတယ်။

ဒါ့အပြင် ပါတီတခုတခု (သို့) ကိုယ်စားလှယ် တဦး ဦးကို ထောက်ခံတဲ့ သင်္ကေတ၊ အမှတ်အသားပါတဲ့ ပစ္စည်းတွေကို ၀တ်စား၊ ဆင်ယင်သွားတာမျိုး မလုပ်ဖို့လဲ ပါရှိပါတယ်။ ဒီအချက်တွေဟာ သတင်းထောက်တွေ ဘက်မလိုက်ဖို့ လိုအပ်တဲ့ အချက်တွေ ဖြစ်တယ် လို့ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက် က ဆိုပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းသမဂ္ဂက ဒု-ဥက္ကဋ္ဌ ဦးဇင်လင်းက သတင်းထောက်ဟာ လွတ်လွတ်လပ်လပ် သွားလာသတင်းယူခွင့် ရှိရမယ်လို့ ပြောပါတယ်။

“အခြေအနေ၊ အနေအထားနဲ့ ပတ်သက်လို့ သတင်းထောက်က မေးချင်ရင်လည်း မဲရုံမှူးက တဆင့် ပါတီတွေက စောင့်ကြည့်နေတဲ့ သူတွေ စသည်ဖြင့်ပေါ့၊ အခြေအနေပေါ် မူတည်ပြီး အင်တာဗျူး လုပ်ချင်လည်း လုပ်မယ်။ ဓာတ်ပုံရိုက်ချင်လည်း ရိုက်မယ် ဆိုတာမျိုးတွေ၊ လျို့ဝှက်မဲပေးတဲ့ နေရာကိုသာ အနှောင့်အယှက်မပေးရင် ပြီးတာပဲ။ ကျန်တာတွေကတော့ နိုင်ငံတကာ စံနှုန်းတွေအရ ပြောရရင်တော့ ဒီလို ကိစ္စတွေက လုပ်လို့ ရတယ်လို့ အဲဒီလိုပဲ တွေ့ရတယ်။ လွတ်လွတ်လပ်လပ်ပဲ ဖွင့်ပေးထားတယ်။

သတင်းထောက်ကတ်ပါတယ်။ သတင်းသမားလည်း မှန်တယ်ဆိုရင် ကြိုက်တဲ့မဲရုံ၊ ဘယ်နေရာကိုမဆို သွားလို့ရတယ်။ ဘယ်သူ့ကိုမဆို မေးမြန်းလို့ရတယ်။ သူများနိုင်ငံတွေမှာတော့ ၀န်ကြီးအထိ တက်ပြီးအင်တာဗျူး လုပ်လို့ရတယ်လေ။”

အစိုးရဟာ အရင် ရွေးကောက်ပွဲတုန်းက သတင်းထောက်တွေ၊ သံတမန်တွေကို သူတို့ စီစဉ်ပေးတဲ့ ကား သို့မဟုတ် လေယာဉ်ပျံနဲ့ တင် ခေါ်သွား တယ်။ သူတို့ အစီအစဉ်တွေနဲ့ သူတို့ပြတဲ့ မဲရုံတွေကို ၀င်ရောက် ဓာတ်ပုံရိုက်၊ သတင်းယူ၊ ပြန်ထွက်ပြီး နောက်တရုံသွား၊ အစသဖြင့် လုပ်လေ့ ရှိပါတယ်။

ဒီတကြိမ်မှာတော့ ဘယ်လိုမျှော်လင့်ထားလဲ၊ အရင် ပုံစံအတိုင်း လုပ်မယ်လို့ ထင်မိလား ဆိုတဲ့ အပေါ် သူက “တကယ်တော့ ပြချင်တဲ့ နေရာတွေကို လိုက်ပြတဲ့ သဘောနဲ့ ပြတယ် ဆိုရင်တော့ လွတ်လပ်ပြီး တရားမျှတတယ် လို့ ယူဆလို့ မရဘူး။ သူတို့ ပြချင်တဲ့နေရာ၊ သူတို့ ပြလို့ တောင်းတဲ့နေရာလေးတွေပဲ လိုက်ပြပြီးတော့ နေရာ တော်တော်များများ မှာက ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ အတွေ့အကြုံအရဆိုရင် မဲရုံ အများစုမှာ မဲရုံ စည်းကမ်းတွေ အများကြီး ချိုးဖောက်ပြီးတော့ မဲပုံးတွေကို ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်တွေ က အိမ်အထိ ယူသွားတာတွေ အပါအ၀င် အစရှိတဲ့ ပြဿနာတွေ တော်တော်များများ ချိုးဖောက်ထားတာကိုး။ ဒါကြောင့် သတင်းထောက်တွေကို လွတ်လပ်စွာ သွားလာခွင့် မပေးတဲ့အခါ သတင်းထောက်က ဒါတွေကို မှတ်တမ်း မတင်နိုင်ဘူး။ ဓာတ်ပုံ ရိုက်မထား နိုင်ဘူး။ နေရာတော်တော်များများမှာ အဲဒီလိုတွေ ဖြစ်ခဲ့တာပဲ။ ဒီလို အကန့်အသတ်နဲ့ မဲရုံတွေကို သွားခွင့်မပေးပဲနဲ့ သူတို့ပေးချင်တဲ့ မဲရုံကိုပဲ သွားခွင့်ပေးမယ် ဆိုရင်တော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ပြောလို့မရဘူး။”

သမ္မတ ဦးသိန်းစိန် အစိုးရက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ စောင့်ကြည့် လေ့လာ သတင်းယူဖို့ အာဆီယံနဲ့ အမေရိကန်၊ ဥရောပနိုင်ငံတွေ ထံ ကမ်းလှမ်းထားပြီး၊ မတ်လ ၂၉ ရက် မှာ ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနတွေက သတင်းထောက်တွေ အပါအ၀င် စောင့်ကြည့်လေ့လာသူ နဲ့ သတင်းသမား ၄၀ လောက် သွားရောက်ဖို့ ရှိပါတယ်။
ဒီဗွီဘီ

သီလ၀ါဆိပ်ကမ်းမီးလောင်မှု သစ်တန် ၇၀၀၀ ဆုံးရှုံး

သစ်လုံးများ မီးလောင်ကျွမ်းနေစဉ်
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလ၀ါ ဆိပ်ကမ်းရှိ သစ်လုံးများ ထားရာ နေရာမှာ မတ် ၂၆ ရက်နေ့က မွန်းလွဲ ၂ နာရီက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မတ် ၂၇ရက် မနက်ပိုင်းမှ မီးငြိမ်းသွားတယ်လို့ ဗဟိုမီးသတ်ဦးစီးဌာနက ပြောပါတယ်။

မီး စတင် လောင်ကျွမ်းပုံနဲ့ ပတ်သက်ပြီး ဗဟို မီးသတ်ဦးစီးဌာနက တာဝန်ကျ မီးသပ် တပ်သား တဦးက ခုလို ပြောပြ ပါတယ်။

“စလောင်တာတော့ ၂၄၊ ၂၅ မှာစလောင်တယ်။ မီးထိန်းတာတော့ ၂၆ ရက်နေ့ ည ၁၂ နာရီမှာ မီးထိန်းနိုင်သွားတယ်။ ၂၇ ရက်နေ့ မနက် ၆ နာရီအချိန်မှာ မီးငြိမ်းသွားပါတယ်။ လမ်းသွားလမ်းလာ တဦးက ကိုင်းတောထဲကို ဆေးလိပ်တို ပစ်ချလိုက်တာကနေ ကိုင်းတောက တဆင့် သစ်လုံးတွေကို မီးလောင်သွားတာပါ။”

မီးလောင်မှု စတင် ဖြစ်ပွားသော နေရာမှာ သီလ၀ါဆိပ်ကမ်းရှိ ထူးကုမ္ပဏီနှင့် CIFG ကုမ္ပဏီပိုင် သစ်တွေ မီးလောင်ကျွမ်းခဲ့ပြီး သစ်တန်ချိန် ၇၀၀၀ မီးလောင်ပျက်စီးခဲ့တယ်လို့ မီးသတ်အရာရှိက ဒီဗွီဘီကို ပြောပါတယ်။

မီးလောင်မှုဖြစ်စဉ် အတွင်း  မီးသတ်တပ်ဖွဲ့ဝင် တချို့ မီးခိုးငွေ့တွေကြောင့် မူးလဲမှုတွေ ရှိခဲ့ပေမယ့် အခြား ထိခိုက်ဒဏ်ရာရရှိ သေဆုံးမှု မရှိဘူးလို့ ရန်ကုန်တိုင်း ဗဟိုမီးသတ်ဦးစီးဌာနက တာဝန်ကျ အရာရှိတဦးက ပြောဆိုသွားပါတယ်။
ဒီဗွီဘီ

တပ်မတော်ကို အရပ်ဖက် ဥပဒေတွေ လိုက်နာဖို့ တိုက်တွန်း

(ဓာတ်ပုံ- ရိုက်တာ)
မတ်လ ၂၇ ရက်နေ့ ဖြစ်တဲ့ ဒီနေ့မှာ ကျင်းပပြုလုပ်တဲ့ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို နေပြည်တော်မှာ ပြုလုပ်တယ်လို့ သိရပါတယ်။

တပ်မတော်သားတွေဟာ အရပ်ဖက် ဥပဒေကို လိုက်နာပြီး ပြည်ထောင်စု လွှတ်တော် က ပေးထားတဲ့ ဘတ်ဂျက် အတိုင်း သုံးစွဲပြီး တပ်မတော်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ ၆၇ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မှာ ပြောကြားလိုက်တာပါ။

“တို့တပ်မတော်သားတွေဟာ တပ်မတော် နည်းဥပဒေ အက် ဥပဒေတွေကို လိုက်နာကြရုံ သာမက နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ အရပ်ဘက်ဆိုင်ရာ ဥပဒေတွေကိုလည်း လိုက်နာ ထိန်းသိမ်း ဆောင်ရွက်ကြရမယ်။ နိုင်ငံတော်ရဲ့ အသက်သဖွယ်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို နိုင်ငံသား အားလုံးနဲ့ အတူ တို့တပ်မတော်ကလည်း လေးစား လိုက်နာရမှာ ဖြစ်တယ်။”

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားမှာ အရပ်ဖက် ဥပဒေတွေ ကို လေးစား လိုက်နာဖို့ ပြောကြား လိုက်တာပါ။ လက်ရှိကာလမှာ အရပ်သားနဲ့ တပ်မတော်သား အခင်း တစုံတရာ ခိုက်ရန်ဖြစ်ပွားရင် တပ်မတော်သားကို အရပ်ဘက် ဥပဒေနဲ့ အရေးယူခွင့် မရှိပါဘူး။

တပ်မတော်သားတွေဟာ အရပ်သား ဥပဒေတွေကို ချိုးဖောက်ခဲ့ရင်  အရပ်ဘက် တရားရုံးတွေမှာ စွဲတင်နိုင်ခြင်း မရှိပါဘူး။  တပ်မတော်က စစ် ဥပဒေတွေနဲ့ပဲ အရေးယူခဲ့တာပါ။

ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သားတွေကို အရပ်သား ဥပဒေတွေ ကို လေးစား လိုက်နာဖို့ ပြောတာကို ကာကွယ်ရေးဦးစီးချုပ်ဟောင်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေး နာယက သူရဦးတင်ဦးက ၀မ်းမြောက် ကြိုဆိုတယ်လို့ ခုလိုပဲ ပြောကြားပါတယ်။

“ဒီမိုကရေစီ အင်အားစုတွေနဲ့ တပ်မတော်နဲ့ ပိုပြီးတော့ ရင်ကြားစေတဲ့၊ မီးမောင်းထိုးပြတဲ့ အခင်းအကျင်း ဖြစ်တယ်ဆိုရင် တကယ်လိုလားတာ မှန်တယ် ဆိုရင် ထောက်ခံတယ်။ ၀မ်းသာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဒီိလိုပဲ လိုလားလို့ စစ်ကိုင်း မိန့်ခွန်းမှာ ပြောသွားတာပါ။ ကျနော်တို့က ထောက်ခံ ကြိုဆိုတယ်။ ဒီနေ့လည်း ဒါကို အလေးအနက်ထား ပြောတယ်။ ပြည်သူလူထုရဲ့ ခေါင်းဆောင်မှုကို ခံယူရမယ်။ ဆိုလိုတာက ပြည်သူလူထုနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ ဥပဒေအားလုံးကိုလည်း တပ်မတော်က လိုက်နာရမယ်။ ငါတပ်မတော်သားဖြစ်တဲ့အတွက် ကျန်တဲ့ ဥပဒေတွေ လိုက်နာစရာမလိုဘူး ဆိုတာ မဟုတ်ဘူး။

တပ်မတော်သားဖြစ်တဲ့အတွက် ပြည်သူလူထုတွေအတွက် ထုတ်ပြန်ထားတဲ့ ဥပဒေ မှန်သမျှကို သူတို့က တရားဥပဒေနဲ့ အညီ လိုက်နာဆောင်ရွက်ရမယ်။ ဒါမှသာလျှင် ဒီမိုကရေစီကို ရှေးရှုနိုင်မှာ ဖြစ်တယ်။”

မနှစ်က တပ်မတော်နေ့ အခမ်းအနားကို စစ်ရေးပြတာတွေ မလုပ်ပေမယ့် ဒီနှစ်မှာတော့ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားပါရှိပြီး အင်အား ၁၃၀၀၀ ကျော် က တပ်မတော်နေ့ အခမ်းအနားမှာ ပါဝင်ခဲ့ကြပါတယ်။ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စကိုလည်း တပ်မတော် အနေနဲ့ ပြောဆိုတာ မရှိ ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့  ဖက်ဆစ်တော်လှန်ရေးနေ့ အတွက် ပေးပို့တဲ့ သ၀ဏ်လွှာမှာ ယနေ့ မြန်မာနိုင်ငံဟာ အကြောက်တရား လွှမ်းမိုးမှုကို တော်လှန်ပြီး ကိုယ်လိုလားတဲ့ လူအဖွဲ့အစည်း တခု ထူထောင်နိုင်ဖို့ ကြိုးပမ်းနေတဲ့ အချိန် ဖြစ်တယ်လို့ သ၀ဏ်လွှာမှာ ပါရှိပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သ၀ဏ်လွှာမှာ  စိတ်ဓာတ်တော်လှန်ရေး ဆင်နွှဲနေ ရသော ကာလမှာ တိုင်းချစ်ပြည်ချစ် တိုင်းရင်းသား အားလုံးတို့ဟာ မိမိတို့အနေနဲ့ ဘာလုပ်ခဲ့ပြီးပြီလို့ မစဉ်းစားပဲ ဘာတွေ ဆက်လုပ်ဖို့ ရှိသေးတယ် ဆိုတာ အာရုံ စိုက်စေချင်ကြောင်း ဆရာကြီး မင်းသုဝဏ်ရဲ့ `သူ့မှာတမ်း´ ကဗျာနဲ့ တင်စား ဖော်ပြ ပါရှိ ပါတယ်။

၈၈မျိုးဆက် ကျောင်းသားများကလည်း တော်လှန်ရေးနေ့အတွက် ပေးပို့တဲ့ သ၀ဏ်လွှာမှာ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး၊ အသွင်ကူးပြောင်းရေး ကာလမှာ အမူအကျင့်ဟောင်း၊ အတွေးအခေါ်ဟောင်းများကို တော်လှန်ပြောင်းလဲ ပစ်ရန် လိုပြီး။

အဲဒီအတွက် အစိုးရကို ပြည်သူစိတ် ပြောင်းလဲလာစေဖို့နဲ့၊ ပြည်သူကို အစိုးရ စိတ် ပြောင်းလဲ လာစေဖို့၊ အစိုးရ ၀န်ထမ်း အဖြစ်မှ ပြည်သူ့ဝန်ထမ်း အဖြစ် ပြောင်းလဲ လာဖို့နဲ့ ယနေ့ကာလဟာ ဦးတည်ပြောင်းလဲ ပစ်ရမည့် အတွေးအမြင် တော်လှန်ရေး တရပ် ဖြစ်ကြောင်း အလေးအနက် ယုံကြည် တိုက်တွန်း လိုက်တယ်လို့ ဖော်ပြ ထားပါတယ်။

ဒီဗွီဘီ

၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်၌ ပြုလုပ်၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ခြင်း မရှိဘဲ သ၀ဏ်လွှာပေးပို့ခဲ့

72612
၂၀၁၂ ခုနှစ် ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် မတ်လ ၂၇ ရက်နေ့က ကျင်းပခဲ့သည်။
အခမ်းအနားကို နံနက် ၁၁ နာရီ အချိန်တွင် စတင်ခဲ့ပြီး အစီအစဉ် ၈ ရပ်ဖြင့် ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တက်ရောက်နိုင်ခဲ့ခြင်း မရှိဘဲ ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေး နေ့ သ၀ဏ်လွှာပေးပို့ခဲ့သည်။
အစီအစဉ်အရ နိုင်ငံတော်အား အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း၊ ဒီမိုကရေစီအရေးတော်ပုံ အဆက်ဆက်တွင် ကျဆုံးခဲ့ရသော ရဟန်းရှင်လူ၊ ကျောင်းသား ကျောင်းသူ၊ ပြည်သူများအား ၀မ်းနည်းသောအားဖြင့် တစ်မိနစ် ငြိမ်ခဲ့ကြပြီး နာယက ဦးတင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားခဲ့ပြီး၊ ၆၇ နှစ်မြောက်ဖက်ဆစ် တော်လှန်ရေးနေ့ ကြေညာချက် စာတမ်းကို ဖတ်ကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သ၀ဏ်လွှာတွင် ‘ယနေ့သည် ၆၇ ကြိမ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်ပါသည်။ ဖက်ဆစ်တော်လှန်ရေးနေ့ဆိုသည် မှာ တိုင်းရင်းသား ပေါင်းစုံပါဝင်သော ပြည်သူလူထုကြီးက တရားမဲ့အာဏာသုံးပြီး ပြည်သူတွေရဲ့ဘ၀ကို ချုပ်ခြယ်ဖိနင်းခဲ့တဲ့ အဖြစ်ဆိုးကို ဖယ်ရှားခဲ့သော လှုပ်ရှားမှုကြီး ဖြစ်ပါတယ်။ ယနေ့မှာလည်း ကျွန်မတို့တွေ ဒီဖက်ဆစ် အကြောက်တရား လွှမ်းမိုးမှုကို တော်လှန်ပြီး ကိုယ်လိုလားသော လူ့အဖွဲ့ အစည်းတစ်ခု ထူထောင်နိုင်ဖို့ ကြိုးပမ်းနေရတဲ့ အချိန်အခါ ဖြစ်ပါတယ်။ စိတ်ဓာတ်တော်လှန်ရေးကြီး ကာလလို့ ဆိုနိုင်ပါတယ်။ တော်လှန်ရေးသမားကောင်း မည်သည် ကဗျာ ဆရာကြီးမင်းသုဝဏ် ၁၉၆၃ ခုနှစ် က တော်လှန်ရေးနေ့အတွက် ရေးသားခဲ့သော သူ့မှာတမ်း ကဗျာပါစိတ်ဓာတ်လို မွေးမြူရမှာ ဖြစ်ပါတယ်။ ငါအများကြီးလုပ်ခဲ့ပြီးပြီ၊ ပေးဆပ်ပြီးပြီ ဆိုသော စိတ်ဓာတ်မျိုး ဘယ်တော့မှမထားဘဲ ငါလုပ်ပေးစရာတွေ အများကြီး ရှိသေးပါလား ဆိုသော စိတ်ဓာတ်သာ ရှိရမှာဖြစ်ပါတယ်။ ကဗျာထဲတွင် ကွယ်လွန်ခါနီး တော်လှန်ရေးသမားကို ရွာသားများက ၀ိုင်း၍ တိုင်းပြည်ကို ဘာများမှာခဲ့လိုသနည်း မေးရာ ခရီးမတ်တပ်လမ်း ခုလတ်မှာ ကိုယ်လွတ်ရှောင်ခွာ ခွဲရပါ၍ အားနာတဲ့ကြောင်း ပြောပါလေ၊ အသက်မထွက်မီ စကားပါးခဲ့ပါသည်၊ ထိုကဲ့သို့ပင် ကျွန်မတို့ ယခု စိတ်ဓာတ် တော်လှန်ရေး ဆင်နွှဲနေရတဲ့ကာလတွင် တိုင်းချစ်ပြည်ချစ် တိုင်းရင်းသား အားလုံးသည် မိမိတို့အနေနှင့် မည်မျှလုပ်ခဲ့ပြီးပြီဟူ၍ မစဉ်းစားဘဲ မည်မျှလုပ်ကိုင်ရန် ရှိသေးသည်ကိုသာ အာရုံစိုက်စေချင်ပါတယ်။ ကျွန်မတို့ ကြားဖြတ်ရွေးကောက်ပွဲ အတွက် ရုန်းကန်လှုပ်ရှားချိန်မှစ၍ မသမာမှုအမျိုးမျိုး အထူးသဖြင့် ပြည်သူကို ခြိမ်းခြောက်ဖိအားပေးမှု အမျိုးမျိုးကြုံတွေ့ခဲ့ရပါတယ်။ ဤသို့အခက်အခဲများကို ပြည်သူနှင့် ကျွန်မတို့ ဒီမိုကရေစီ အမှန်တကယ်လိုလားသော အဖွဲ့အစည်းများက ထက်မြတ်သော သတ္တိ၊ ခိုင်မာသောဇွဲ၊ ၀ီရိယနဲ့ ရင်ဆိုင်ကျော်လွှားရမှာဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံ အေးချမ်းသာယာ စေရန် အဓိကဆောင်ရွက်ပေးနိုင် သော အင်အားစုမှာ ပြည်သူများသာ ဖြစ်ပါတယ်။ ပြည်သူများလိုလား နေသော ဒီမိုကရေစီပြည်ထောင်စု ကြီး ထူထောင်ရန် ဦးတည်သော ပြည်သူ့စိတ်ဓာတ် တော်လှန်ရေး အောင်မြင်ပါစေကြောင်း ယနေ့ ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ တွင် ဆုမွန်ကောင်းတောင်းအပ်ပါသည်’ဟု ပါရှိပါသည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များ၊ သံတမန်များနှင့် လေ့လာသူများ တက်ရောက်ခဲ့ကြပြီး၊ ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။
EMG

ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးဥာဏ်ဝင်းအား တရားစွဲဆိုခြင်း

၂၀၁၂ခုနှစ် မတ်လ ၂၆ရက်နေ့တွင် ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး အတွင်ရေးမှူး ဦးဥာဏ်ဝင်းအား တရားစွဲဆိုခြင်းကို ဗဟန်းမြို့နယ် တရားရုံးမှ တရားသူကြီး ဦးသန်းထွန်းမှ လက်ခံခဲ့ကြောင်း သိရှိရသည်။
“ ကျွန်တော်တို့ အမှုဖွင့် တရားစွဲဆိုတာကို ဗဟန်းမြို့နယ် တရားရုံးက တရားသူကြီး ဦးသန်းထွန်းက လက်ခံခဲ့တယ် အဲ့တော့ ဧပြီလ ၅ရက်နေ့ကို ပြန်ချိန်းထားတယ် အမှုတင်သင့် မတင်သင့်ကို အဲ့ရောက်မှ ဆုံးဖြတ်ဖို့ပေါ့ “ ဟု ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးအုန်းလွင်က ပြောသည်။
ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီသည် အန်အယ်လ်ဒီပါတီမှ ဦးဥာဏ်ဝင်းအား တရားစွဲဆိုရသည့် အကြောင်းအရင်းမှာ ပါတီနာမည်သည် ငြိမ်းချမ်းရေး ၊ ညီညွတ်ရေးတို့သာ ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်နေသော ပါတီဖြစ်သည်ဟု Monitor News ဂျာနယ် အတွဲ(၁) အမှတ် (၉၃) တွင်ပြောဆိုထားခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။
“ ကျွန်တော်တို့ပါတီက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ချစ်ခြင်း မုန်းခြင်းမရှိဘူး ဘယ်သူ့အပေါ်မှ အာဃာသ မထားဘူး အဲ့တော့ ကျွန်တော်တို့ပါတီအပေါ်ကို ငြိမ်းချမ်းရေး ၊ ညီညွတ်ရေးသာဖြစ်တယ် ဒါပေမဲ့ လုပ်ရပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်နေတာတွေရှိတယ်လို့ ဦးဥာဏ်ဝင်းက မော်နီတာဂျာနယ်မှာ ပြောထားတယ် အဲ့ဒါကြောင့်မို့ တရားစွဲဖို့ ဖြစ်လာတာ” ဟု ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ အတွင်းရေးမှူး ဦးတင်ရီက ပြောသည်။
အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွင်းရေးမှူး ဦးဥာဏ်ဝင်းသည် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ တရားစွဲဆိုခြင်းကို မသိရှိရသေးသော်လည်း ဖြစ်လာသမျှကို ရင်ဆိုင်ဖြေရှင်းရန် အဆင်သင့်ရှိကြောင်း သိရှိရသည်။
“တရားရုံးက လက်ခံတယ်ဆိုပေမဲ့ တရားရုံးမှာ အဆင့်တွေ အများကြီးရှိသေးတယ် ဘယ်အဆင့်ကိုလွှဲပါဆိုတာ တစ်ချို့က နားမလည်ဘဲနဲ့လက်ခံတယ်ဆိုတာ ပြောတတ်တယ် အန်ကယ်မသိဘူး အန်ကယ်ပြောချင်တာက အန်ကယ်တို့ ဘာပြစ်မှုမှ မကျူးလွန်ဘူး အန်ကယ်အမှန်အတိုင်းပဲ ပြောခဲ့တယ် ဖြစ်လာသမျှကိုလဲ အန်ကယ်တို့အနေနဲ့ ရင်ဆိုင်သွားမယ်” ဟု အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပြောသည်။
လာမည့် ၂၀၁၂ခုနှစ် ဧပြီလ ၅ရက်နေ့တွင် ဗဟန်းမြို့နယ် တရားရုံးမှ အမှုဆက်လက်တင်သင့် ၊ မသင့်ကို ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ဝင့်သင်ဇာကျော်(မြစ်မခ)

အသည်းကြားက မဲတပြားနောက်ဝယ်

athe

(၁)

‘အသည်းကြားက မဲတပြား’ဆိုတဲ့ စကားလုံးလေးတွေက တကယ်တော့ အဲဒီခေတ်ရဲ့ သရုပ်ကို ထင်ဟပ်စေတာ ကတော့ အမှန်ပါ။ တန်ဘိုးရှိတဲ့ မဲတပြားဟာ နိုင်ငံရဲ့ အပြောင်းအလဲတွေမှာ အများကြီး အထောက်အကူပြုတယ် ဆိုတာကို တင်စား ပြောဆိုခဲ့ကြတာပါ။

ဒါပေမယ့် အခုခေတ်မှာတော့ အသည်းကြားက မဲတပြားဟာ တကယ်ကော တန်ဘိုးရှိရဲ့လားဆိုတာ မေးခွန်း ထုတ်စရာ ကောင်းလောက်အောင် ကြားဖြတ် ရွေးကောက်ပွဲကြီး နီးလာလေလေ၊ နိုင်ငံရေးပါတီတွေဆီက၊ အထူးသဖြင့် ဒီမိုကရေစီ အင်အားစု ပါတီတွေဆီကနေ အသံတွေ ထွက်ပေါ်လာနေပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီးတုန်းက တွေ့ကြုံခဲ့ရတဲ့ ခါးသက်တဲ့ မဲလိမ် မဲမသမာမှုတွေ၊ ကြိုတင်မဲတွေဟာ အခုတခေါက် ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတိုင်း အထူးသတိထား ပြောဆိုနေကြရတဲ့
ပြဿနာတခု ဖြစ်နေပါတယ်။

ဒီနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲကို ပါဝင်လာတာကြောင့်လည်း လက်ရှိ အာဏာရပါတီဖြစ်တဲ့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောဆိုခွင့်ရှိသူတွေက မဲမသမာမှုတွေ မဖြစ်အောင်၊ လွတ်လပ်မျှတပြီး ပွင့်လင်း မြင်သာမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်မယ်ဆိုပြီး နိုင်ငံတကာကိုပါ ကြွေးကြော်လာကြပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲလုပ်ဖို့ ရက်အနည်းငယ်ပဲ လိုတော့တဲ့ အချိန်မှာတောင် တနိုင်ငံလုံးက မဲဆန္ဒနယ် ၄၈ နေရာ လုံးမှာရှိတဲ့ မဲပေးနိုင်သူဦးရေ စာရင်းတွေက အခုထက်ထိ မတည်ငြိမ်သေးပါဘူး။ အိမ်ထောင်စု စာရင်းတွေ မတိကျမှု
ကြောင့် နိုင်ငံရေးပါတီတွေနဲ့ ရပ်/ကျေး ကော်မရှင်တွေ စကားများနေရဆဲ ဖြစ်ပါတယ်။

“မဲစာရင်း မတိကျမှုတွေ ဖြစ်နေတာက အိမ်ထောင်စု စာရင်းတွေ မတိကျမှုကြောင့် ဖြစ်ရတာပါ။ ဥပမာ ဒီအိမ်ထောင်စု မှာ လူဦးရေ ၈ ဦး ရှိတယ် ဆိုပါစို့။ နှစ်ဦးက အိမ်ထောင် ကွဲထွက်သွားမယ်။ တဦးက နိုင်ငံခြား ထွက်နေမယ်။ သေတာ လည်း ရှိမယ်။ ဒါပေမယ့် စာရင်းမှာတော့ ၈ ဦးပဲ။ ဒါတွေကို တတ်နိုင်သလောက် လိုက်ရှာစုဆောင်းပြီး ကော်မရှင်တွေ ကို တင်ပြတဲ့အခါ အဲဒီစာရင်းတွေကို လိုက်ဖျက်ပေးနေရတယ်”လို့ မင်္ဂလာတောင်ညွ့န့် မြို့နယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းနဲ့ စည်းရုံးရေး ဆင်းတဲ့နေရာမှာ လိုက်ပါကူညီနေသူ တဦးက လက်ရှိ ကြုံနေရတဲ့ အခက်အခဲတခုကို ပြောပြပါတယ်။

အိမ်ထောင်စုစာရင်းတွေ တိကျမှု မရှိခြင်းကလည်း ရပ်ရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ အချိန်နဲ့ တပြေးညီ ပြင်ဆင်မထား
နိုင်တဲ့ အားနည်းချက်တွေကြောင့်လည်း ပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ယှဉ်ပြိုင်မယ့် ကော့မှူး မြို့နယ်မှာတောင် မဲပေးနိုင်တဲ့ ဦးရေက ပြီးခဲ့တဲ့နှစ်က ပြုစုထားတဲ့ စာရင်းအရဆိုရင် ၈ဝ,ဝဝဝ ကျော် ရှိပါတယ်။

ဒါပေမယ့် ဒီစာရင်းတွေထဲမှာ သေဆုံးစာရင်းတွေ၊ စာရင်းမှာ မပါဝင်တော့တဲ့သူတွေလည်း ရှိနေပါသေးတယ်။ ဒီလို မသေချာ မရေရာတဲ့ မဲစာရင်းတွေကြောင့် နိုင်ငံရေးပါတီတွေ တကယ်တမ်း အပြိုင်အဆိုင် ယှုဉ်ပြိုင်ကြတဲ့အခါ တန်ဖိုးရှိတဲ့ မဲတပြား ဖြစ်လာပါတော့မလားဆိုတာ သံသယကြီးကြီး ထားနေရတဲ့ အဖြစ်ကို ရောက်ရပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပါတီပြိုင်ဘက်အဖြစ် ယှဉ်နေရပေမယ့် ပုဂ္ဂိုလ်ရေးအရ ဆိုရင်တော့ အစ်မတဦးပါပဲလို့ ဆိုတဲ့ ပြည်ခိုင်ဖြိုးပါတီက ပြိုင်ဘက် ဒေါက်တာစိုးမင်းက ကော့မှူးနယ်မှာ သူကြုံရတဲ့ အခက်အခဲကတော့ ရှေးအဆက် ဆက် နေလာခဲ့တဲ့ ဒေသခံတွေက ပုံစံ ၁ဝ အဝင်အထွက်နဲ့ ပတ်သတ်ပြီး အားနည်းခဲ့တာပါပဲလို့ ဆိုပါတယ်။

သူ့အဆိုအရ ဒေါ်အောင်ဆန်းစုကြည် ကြုံရတဲ့ သေဆုံးစာရင်းတွေ မဲစာရင်းတွေမှာ ပါတယ်ဆိုတာ လက်ခံနေတဲ့ သဘောဆောင်သလို သူ့အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်မယ့် နောက်ဆုံး မဲစာရင်းကိုသာ စောင့်တော့ မယ်လို့ ဆိုပါတယ်။

(၂)

အင်အားကြီးပါတီနှစ်ခုထဲမှာ ပြည်ခိုင်ဖြိုးပါတီကတော့ ၄၈ နေရာလုံး ပြိုင်မှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကတော့ ၄၇ နေရာပဲ ပြိုင်ဖြစ်မှာ ဖြစ်ပေမယ့် ဒီတခေါက် ရွေးကောက်ပွဲမှာတော့ အပြင်းအထန် ပြိုင်ဆိုင်မှု ကြီးလာမယ့် ပွဲကြီးပွဲကောင်း တခုလည်း ဖြစ်ပါတယ်။

ဒီတခေါက် ကြားဖြတ်ရွေးကောက်ပွဲက အရင် ၂ဝ၁ဝ တုန်းကနဲ့ မတူတဲ့အချက်ကတော့ မဲစာရင်းတွေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စည်းရုံးရေး ဆင်းသူတွေက အချိန်နဲ့တပြေးညီ ကော်မရှင်
တွေကို ပေးပို့ အကြောင်းကြားနေတာပဲ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်း ကတော့ ဒီလိုမဲစာရင်းတွေရှိနေတဲ့ အချိန်မှာပဲ ပါတီက ဒီကြားဖြတ်ရွေးကောက်ပွဲမှာ နေရာ ၄ဝ လောက်မှာ အနိုင်ရမယ်လို့ ခန့်မှန်းပြောဆိုထားသလို
ပြည်ခိုင်ဖြိုးကလည်း ၄၈ နေရာလုံးမှာ ရာနှုန်းပြည့် အနိုင်ရဖို့ မှန်းထားတယ်လို့ ပါတီခေါင်းဆောင်တွေက ပြောဆိုနေ ပါတယ်။

ဒီလို မဲစာရင်းတွေနဲ့ နိုင်ငံရေးပါတီကြီးတွေအကြားမှာ အသက်ခပ်ပြင်းပြင်းရှူနေရတဲ့ နိုင်ငံရေး ပါတီငယ်တွေကကော ဒီပြိုင်ပွဲမှာ ဘယ်အခန်းကဏ္ဍကနေ ပါမလဲ ဆိုတာကလည်း ပရိသတ်တွေ စောင့်ကြည့်ရမယ့် အချက်တခု ဖြစ်ပါတယ်။

“လူစိတ်ဝင်စားတဲ့ ပါတီနဲ့ ပါဝါ အင်အားကြီးတဲ့ ပါတီကြီးနှစ်ခုကြားမှာ ယှဉ်ရပေမယ့် မကြောက်ပါဘူး။ ကြိုးစားပြီး ယှုဉ်ပြိုင်သွားမှာပဲ”လို့ အမျိုးသားဒီမိုကရေစီ ပါတီသစ်က ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကျော်က မီဒီယာတွေကို
ပြောပါတယ်။

(၃)

ပါတီတွေကတော့ အနိုင်ရဖို့ စည်းရုံးရေးတွေ အပြိုင်အဆိုင် ဆင်းနေချိန်မှာ ပြည်သူတွေကကော ကိုယ့်လက်ထဲက မဲတပြားဟာ တန်ဘိုးရှိတဲ့ မဲတပြားဆိုတာ သိကြရဲ့လားဆိုတာကို မေးကြည့်လိုက်ရင် အများစုကတော့ မဲပေးရမယ် ဆိုတဲ့ အခြေခံ တာဝန်ကို သိလာကြပေမယ့် ပါတီနဲ့ လူနဲ့ ကြားမှာ ဘယ်ဟာကို ဦးစားပေး ရွေးချယ်ရမယ်ဆိုတာကို
ဝေခွဲမရ ဖြစ်နေကြသူတွေ များပါတယ်။

“ကျမကတော့ ခမောက်ပါတီကိုပဲ မဲပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လို့” ဆိုတဲ့ မရမ်းကုန်းမြို့နယ်မှာနေတဲ့ အသက် ၃ဝ ကျော်အရွယ် အမျိုးသမီးငယ်တဦး က ပြောပါတယ်။ သာမန်အခြေခံလူတန်းစား တဦးအနေနဲ့ ခမောက် ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားမပြုတော့ဘူး ဆိုတာကို သူ့အနေနဲ့ မသိပါဘူး။

ဒီလိုပဲ “ကျမကတော့ ခြသေ့င်္ကို မကြိုက်လို့ သူက လွဲရင် ကျန်တာတွေကို အမှန်ခြစ်ခဲ့တယ်”ဆိုပြီး ၂ဝ၁ဝ တုန်းက မဲပေးခဲ့တာကို ပြန်ပြောပြတဲ့ မဲဆန္ဒရှင်တွေလည်း ကြုံပါတယ်။ ကိုယ်လုပ်လိုက်တဲ့ အမှားဟာ တန်ဘိုးရှိတဲ့ မဲကို ပယ်မဲဖြစ်သွားစေပြီး ဘာမှ အကျိုးမရှိဘူး ဆိုတာကိုလည်း နားမလည်သူတွေ ဒုနဲ့ဒေးပါပဲ။

သူ့လိုပဲ ပါတီကို ကြိုက်ပေမယ့် ကိုယ်ပေးရမယ့် မဲဆန္ဒနယ်မှာ ဘယ်သူပါလဲဆိုတာ မသိတဲ့သူတွေ ရန်ကုန်မြို့ပေါ်က မဲဆန္ဒနယ်တွေမှာတောင် တော်တော်များများ ရှိနေပါတယ်။ အခြေခံလူတန်းစားတွေကို စည်းရုံးရေးဆင်းတဲ့ အခါမှာ လည်း ပါတီတွေ ကြုံရတဲ့ အခက်အခဲကတော့ “ပါတီက ဘာလုပ်ပေးမှာမို့လို့လဲ”လို့ ပြန်မေးခံရတာတွေပါပဲတဲ့။

“တချို့က တကယ်ကိုပဲ ပြည်ခိုင်ဖြိုးကို သူတို့ဆန္ဒအရ ပေးသွားတာတွေ ရှိခဲ့ဖူးတယ်။ ဟိုက ငွေချေးပေးတာတို့၊ အရင်းအနှီး ထုတ်ပေးတာတို့ လုပ်ပေးခဲ့တာတွေကြောင့်၊ အများစုက ကျေးရွာတွေမှာ ဖြစ်တာ များတယ်”လို့ ပဲခူးတိုင်း အတွင်းမှာ မဲရုံမှူး တာဝန်ကျခဲ့ဖူးသူတဦးက ပြောပါတယ်။

(၄)

ဒီမိုကရေစီ နိုင်ငံကြီးများမှာ ဆိုရင်တော့ ပြိုင်ဘက်ပါတီနှစ်ခုရဲ့ မဲအောင်နိုင်မှု ရာခိုင်နှုန်းဟာ ဥပမာ ၅၂ ရာခိုင်နှုန်း၊ ၄၈ ရာခိုင်နှုန်း အစရှိတာတွေနဲ့ မတိမ်းမယိမ်း အရှုံး/အနိုင် ရလဒ် ပေါ်ထွက်လေ့ ရှိပါတယ်။ ယှဉ်ပြိုင်တဲ့ ပါတီတွေဟာ အရည်အချင်း သူမသာ ကိုယ်မသာ ရှိမှသာ ပြိုင်ပွဲက ကြည့်လို့ကောင်းသလို တိုးတက်မှုလည်း ရှိမှာ ဖြစ်ပါတယ်။

အတိုက်အခံပါတီ (တနည်းအားဖြင့် ရှုံးနိမ့်တဲ့ပါတီ)ဟာ အာဏာရပါတီရဲ့ နောက်တလှမ်း နှစ်လှမ်း အကွာဆိုရင် အာဏာရပါတီလည်း ထင်ရာစိုင်းလို့ မရသလို အတိုက်အခံ ပါတီကလည်း ဆက်လက်ကြိုးစားလိုစိတ် ရှိပါလိမ့်မယ်။ သိပ်ကွာခြားသွားပြီ ဆိုရင်တော့ စနစ်ကျမှု မရှိတဲ့ ကျေးရွာဘောလုံးပွဲလိုပဲ တခုခု လွဲချော်မှု ရှိနေလို့ပဲဆိုတာ ငြင်းချက် ထုတ်စရာ မလိုတော့ပါဘူး။

အစိုးရကလည်း အခုချိန်မှာ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေကို လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ ဘယ်လောက် သန့်ရှင်းလွတ်လပ်မျှတတယ် ဆိုတာ ပြဖို့ လာလေ့လာဖို့ ဖိတ်ခေါ်လိုက်ပါပြီ။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မှားခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း ကော်မရှင်က တတ်နိုင်သမျှ ပြုပြင်ပြောင်းလဲ
နေတယ်လို့လည်း နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြနေတာကိုလည်း တွေ့နေရပါပြီ။

အခုဆိုရင် ပြည်ခိုင်ဖြိုးနဲ့ ယှဉ်ပြိုင်မယ့် ပြိုင်ဘက်ကောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လည်း ကွင်းထဲကို ဝင်လာ ပါပြီ။ စောင့်ကြည့်မယ့်ဒိုင်၊ စနစ်ပိုကောင်းလာမှု၊ ပြိုင်ဘက်ကောင်း ပါဝင်လာတဲ့ ဒီတခေါက် ပြိုင်ပွဲကတော့ မသမာမှု
တွေ နည်းလာတယ်ဆိုရင် ကြည့်ကောင်းဦးမှာ အသေအချာပါပဲ။
ညီသစ် (မဇ္ဈိမ)
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

30 Days Stats

Sponsors

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

အင်္ဂလိပ်သတင်းများ