လေးတန်ချောင်းကိစ္စ ပြည်သူ့လွှတ်တော်မှာ ထည့်သွင်းဆွေးနွေးခဲ့သော်လည်း အခုထိ နောက်ကျိနေဆဲ



By ဇာဏီ၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ ၂၀၁၂ ခုနှစ်။

ကချင်ပြည်နယ်မိုးညှင်းရတနာနယ်မြေရှိ  ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေရဲ့ ကျောက်တွင်းများမှ နုန်းရေများကိုလေးတန်ချောင်း အတွင်း စွန့်ပစ်နေတဲ့အတွက် ချောင်းရေ နောက်ကျိလာပြီး ဒေသခံ ပြည်သူတွေ အတွက် သောက်ရေ၊ သုံးရေ အခက်အခဲနှင့် ကြုံတွေ့နေရပါတယ်။

ကချင် ပြည်နယ်ထဲကနေ စတင် စီးဆင်းလာတဲ့ လေးတန်ချောင်းဟာ  ဧရာဝတီ မြစ်ထဲကို စီးဝင်သွားတဲ့ ချောင်း တခုဖြစ်ပြီး အဆိုပါ ချောင်း တလျှောက်မှာရှိတဲ့ ကျေးရွာတွေက သောက်ရေ၊ သုံးရေအတွက် မှီခို အားထား နေရတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၁ရက်နေ့  ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ 'ကျေးရွာများမှအမှီပြုနေသော ချောင်းများတွင် ရွှေသတ္တု ကျောက်မျက် တူးဖော်မှုကြောင့် (၁၂)လ ရာသီပတ်လုံး ရေနောက်ကျိပျက်စီး၍  ကျေးရွာပြည်သူများ ဒုက္ခခံစားနေရသည့်အတွက် ဖြေရှင်းဆောင်ရွက်ပေးရန်' ဆိုသည့် အဆိုပြု တင်သွင်းလွှာကို အင်းတော်ဒေသ  မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးကျော်နိုင်ဌေးက  တင်ပြခဲ့သည်ဟု ဖေဖော်ဝါရီလ ၂၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြပါရှိပါသည်။

တင်ပြသည့် အဆိုပါမေးခွန်းအပေါ် သတ္တုတွင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဦးသိန်းထိုက်က 'သတ္တုတွင်း ဝန်ကြီးဌာန မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသည် မိုးညှင်းရတနာ နယ်မြေရှိ လေးတန်ချောင်း တလျှောက်တွင် ကုမ္မဏီ(၅)ခုကို ကျောက်စိမ်း တူးဖော် ထုတ်လုပ်ရန် ခွင့်ပြုမိန့် ထုတ်ပေးထားကြောင်း၊ ကျောက်စိမ်း တူးဖော်ရေး ကုမ္မဏီများ၏ လုပ်ငန်းဆောင်ရွက်နေမှုကို စစ်ဆေး ကြပ်မတ် လုပ်ဆောင်လျှက်ရှိကြောင်း၊ ၎င်းလုပ်ကွက်များနှင့် လယ်မြေများမှာ လေးတန်ချောင်းအတိုင်း (၁၅)မိုင်ခန့် ကွာဝေးသဖြင့် လယ်မြေများတွင် ထိခိုက်ပျက်စီးမှုမရှိနိုင်သည်ကို မြေပြင်ကွင်းဆင်းစစ်ဆေးချက်အရ တွေ့ရှိရပါကြောင်း၊ လေးတန်ချောင်းနှင့် ချောင်းလက်တက်များအနီး ကျောက်စိမ်း တူးဖော် ထုတ်လုပ်သည့် ကုမ္မဏီများကို တူးဖော်မှုကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး၊ လုပ်ငန်းခွင်တွင် နုန်းစစ်ကန်များ စနစ်တကျ ပြုလုပ်၍ လေးတန်ချောင်း အတွင်းသို့ ရေကြည်များသာ စီးဝင်စေရေး အလေးထား ဆောင်ရွက်ရန် ရှင်းလင်း မှာကြား ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ သတ္တုတွင်း ဝန်ကြီးဌာန အနေဖြင့် လုပ်ကွက်များတွင် လုပ်ငန်း ဆောင်ရွက်နေသည့် ကျောက်မျက် တူးဖော်ရေး ကုမ္မဏီ (၅)ခု၏ လုပ်ငန်း ဆောင်ရွက်မှုကြောင့် ချောင်းရေ ညစ်ညမ်းမှု ဖြစ်နေသည်ကို ဖော်ပြ သတိပေးရန်၊ သတ်မှတ် စည်းကမ်းအတိုင်း ဆောင်ရွက်ရန်၊ လိုက်နာ ဆောင်ရွက်မှု မရှိပါက လုပ်ငန်းခွင် ပိတ်သိမ်းမည် ဖြစ်ကြောင်း အကြောင်းကြားရန်နှင့် ကွင်းဆင်း စစ်ဆေးရန် ညွှန်ကြားချက် ထုတ်ပြန် ထားခဲ့ပါကြောင်း၊ သို့သော်လည်း နယ်မြေ ဒေသ အခြေအနေ များကြောင့် ကွင်းဆင်း စစ်ဆေးရေး အဖွဲ့က စစ်ဆေးနိုင်ခြင်း မရှိသေးပါကြောင်း နယ်မြေ ဒေသ အခြေအနေ ကောင်းမွန်သည်နှင့် ကွင်းဆင်း စစ်ဆေး ကြပ်မတ်သွားမည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု အဆိုပါသတင်းစာတွင် ပြန်လည် ဖြေကြားထားပါသည် ။

သို့ရာတွင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အတွင်းမှာပဲ တည်ရှိတဲ့ မော်လူးကျေးရွာဟာ လေးတန်ချောင်းက သောက်ရေ၊သုံးရေကို ယူငင်သုံးစွဲတဲ့ ရွာတရွာဖြစ်ပါတယ်။ " ချောင်းက ရေ စနောက်လာတာ ၄ လလောက် ရှိပြီ။ သောက်ရေ၊သုံးရေ သုံးလို့ မရတော့ဘူး။ နွားတွေကိုလဲ ရေတိုက်လို့ မရတော့ဘူး။ ချောင်းကနေ သုံးရေ သုံးတဲ့လူတွေက ဝဲ အစရှိတဲ့ ယားနာတွေ ပေါက်လာကြတယ်။ သောက်ရေ၊သုံးရေအတွက်ကို ရွာကနေ တမိုင်လောက်ဝေးတဲ့ နေရာက သွားရောက်ခပ်ယူ သုံးစွဲရတဲ့အတွက် အခက်အခဲကြုံတွေ့နေရတယ်။ အဆင်ပြေပြေ ဖြစ်စေချင်ပါတယ်” လို့ အဆိုပါချောင်းရေကို သုံးစွဲနေရတဲ့ မော်လူးကျေးရွာက တောင်သူလယ်သမားတဦးဖြစ်တဲ့ ကိုစောက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။



ဘားမားဗီဂျေ
လေးတန်ချောင်းကိစ္စ ပြည်သူ့လွှတ်တော်မှာ ထည့်သွင်းဆွေးနွေးခဲ့သော်လည်း အခုထိ နောက်ကျိနေဆဲ လေးတန်ချောင်းကိစ္စ ပြည်သူ့လွှတ်တော်မှာ ထည့်သွင်းဆွေးနွေးခဲ့သော်လည်း အခုထိ နောက်ကျိနေဆဲ Reviewed by သစ်ထူးလွင် on 07:17 Rating: 5

1 comment:

Killer said...

အော်... ရွှေတူးတာ အပြင်လူတွေမပါပါဘူး... သူတို့နဲ့ပတ်သက်ဆက်နွယ်သူတွေဆိုတော့ လူကြီးမင်းရဲ့အဆိုကို ဘေးချိတ်ထားတာပေါ့ဗျာ....

Powered by Blogger.