တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်ရှိ နေအိမ်အခန်းငှား အတွင်း အပုပ်နံ့ရ၍ ၀င်ကြည့်ရာမှ အမျိုးသားတစ်ဦး သေဆုံးလျှက်တွေ့ရှိ


တာချီလိတ်၊မေ ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ပါဆတ် ရပ်ကွက်အတွင်းရှိ နေအိမ်အခန်းအတွင်း အပုပ်နံ့ရ၍ ဘေးပတ်ဝန်းကျင်က အခန်း အတွင်းကြည့်ရာမှ အမျိုးသားတစ်ဦးနားကြပ်တပ်ကာ သေဆုံးလျက် အနေအထားဖြင့် တွေ့ရှိရ၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယနေ့ ၂၀၁၈ ခုနှစ် မေလ (၃၁)ရက် နေ့လည်ပိုင်းက တာချီလိတ်နာရေး ကူညီမှု အသင်းက သဂြိုင်္လ်ပေး လိုက်ကြောင်း သိရပါတယ်။


အဆိုပါဖြစ်စဉ်မှာ မေလ(၃၀)ရက်နေ့ ည(၉)နာရီ ခန့်အချိန်က တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်ရှိ နေအိမ်အခန်းငှား အခန်း အမှတ်(၂)မှာ ငှားရမ်း နေထိုင်သူ ကိုလင်းဆိုသူရဲ့ အခန်းအတွင်းမှ အပုပ်နံ့များ ရနေ၍ ပတ်ဝန်းကျင်ရှိ လူများက ၀င်ရောက်ကြည့်ရာမှ သေဆုံးလျက်ဖြင့် တွေ့ရှိရပြီး နေအိမ်ခန်းထဲကို တာချီလိတ်မြို့မ ရဲစခန်းမှ စခန်းမှုး ဒုရဲမှူး မျိုးခိုင် နှင့်သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ အပါအ၀င် ပါဆတ်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးမှုများ ပြုလုပ်ရာမှာ အခန်းတွင်ငှားရမ်း နေထိုင်သူ ကိုလင်း ဆိုသူမှာ အခန်းအတွင်း ခြင်ထောင် ထောင်ထားတဲ့ ခုတင် ပေါ်မှာ နားတွင် နားကြပ်တပ်လျှက် အနေအထားဖြင့် သေဆုံး နေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီသေဆုံးသူ ကိုလင်း ဆိုသူမှာ အရက်အလွန်အကျွံ သောက်စား တတ်သူဖြစ်ကြောင်း၊ အခန်းအတွင်းမှ အပုပ်နံ့ရသဖြင့် ရှေ့တံခါး မကြီးအား တွန်းကြည့် သော်လည်း အတွင်း မှ ဂျက်ထိုးထားသဖြင့် အိမ်နောက်ဘေးကို သွားရောက်ကာ ဖွင့်ထားတဲ့ ပြူတင်းပေါက်မှ တဆင့် လှမ်းကြည့်ရာက သေဆုံးနေတာကို တွေ့ရှိရတာဖြစ်ကြောင်း နေအိမ် လိုင်းခန်း တာဝန် က ပြောပြခဲ့တယ်လို့ သိရပါတယ်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူမှာ အရက် သောက်စား မူးယစ်ပြီး ခုတင်ပေါ်မှာ ဖုန်းနားကြပ် တပ်ကာ သီချင်းနားထောင်၍ လေပန်ကာ ဖွင့်လျှက်ဖြင့် အိပ်ပျော်သွားရာမှ အအေးပတ်ကာ ဦးနှောက်သွေးကြော ပြတ်၍ သေဆုံးခြင်းဖြစ်နိုင်ကြောင်း၊ အဆိုပါ သေဆုံးမှု အတွက် တာချီလိတ်မြို့မ ရဲစခန်းမှာ သေမှုသေခင်း အမှတ်စဉ် ၂၂ /၂၀၁၈ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ သိရပါတယ်။ အဲဒီနောက် သေဆုံးသူ၏ ဆွေမျိုးများလည်း ရောက်ရှိလာခြင်း မရှိတဲ့ အတွက် တာချီလိတ်နာရေးကူညီမှုအသင်းက ယနေ့ မေလ (၃၁)ရက်နေ့ နေ့လည်(၁) နာရီခွဲ ဝန်းကျင်အချိန် က တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံမှ တဆင့် တာချီလိတ်မြို့မ သုသာန်သို့ပို့ဆောင်ကို မီးဂြုင်္ိလ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/

လုံးခင်းကျေးရွာတွင် မြေစာပုံပြိုကျရာမှ အမျိုးသားနှစ်ဦးသေဆုံး


ဖားကန့်၊မေ ၃၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာတွင် မေလ(၃၁)ရက်နေ့၊ နံနက်(၁၀)နာရီက မြေစာပုံပြိုကျရာမှ အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း ရှာဖွေ ကယ်ဆယ်ရေးများ ဆောင်ရွက်ပေးနေသည့် ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ စံတော်ဝင်လုပ်ကွက်အတွင်း ရေမဆေးသမား ဦးမြင့်ကျော်(၄၁)နှစ်နှင့် ဦးအောင်ဘို(၄၀)နှစ်တို့ ရေမဆေးရှာဖွေစဉ် အမြင့်ပေ(၁၅၀)ခန့်မှ မြေစာသည် အကျယ်ပေ(၄၀၀)ခန့်ရှိ ရွံ့နွံကန်ထဲသို့ပြိုကျရာမှ မြေစာပိမိ၍ သေဆုံးခဲ့ကာ လုံးခင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယခုနှစ် မေလအတွင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း၌ မိုးရွာသွန်းမှုများကြောင့် မြေစာပုံပြိုကျသည့်ဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေပြီး မိုးတွင်းကာလကျရောက်လာပြီဖြစ်သည့်အတွက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မီးမီး
EPN
https://www.facebook.com/epngnews/
 

ဝိုင်းမော်မြို့နယ်တွင် တရုတ်နိုင်ငံသားနှစ်ဦး အသတ်ခံရ


မြစ်ကြီးနား ၊ မေ ၃၁

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဒဘတ်ယန်ကျေးရွာနှင့် ၃မိုင်ခန့်ကွာဝေးသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကုမ္ပဏီလုပ်ကွက်တစ်ခုရှိ မြေပြုပြင်ရေးပြုလုပ်သည့် စိုက်ပျိုးရေးအလုပ်သမား တရုတ်နိုင်ငံသားနှစ်ဦးအသတ်ခံရမှုဖြစ်ပွားခဲ့ပြီး ကန်ဘို125အမျိုးအစား နက်နီကြားဆိုင်ကယ်တစ်စီးပါ ပျောက်ဆုံးနေကြောင်း ဝိုင်းမော်မြို့မရဲစခန်းမှသိရသည်။

အဆိုပါ သေဆုံးသူတရုတ်နိုင်ငံသားနှစ်ဦးသည် ကချင်ပြည်နယ်တွင် ယာယီနေထိုင်ခွင့်(Green Card) အမှတ် ၂၀၁၈၏ ၃လသက်တမ်းဖြင့်နေထိုင်သူများဖြစ်ပြီး တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ်၊ လျို့ချိန်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး မေလ(၂၄)ရက်နေ့က အသတ်ခံရခြင်းဖြစ်ကြောင်းသိရသည်။

``ရန်ရှီကွမ်း(၄၅)နှစ်ကတော့ ထင်းပေါက်တဲ့ရဲဒင်းပုဆိန်လိုအသွားမျိုးနဲ့ခန့်မှန်း ခြောက်ချက် ခုနှစ်ချက်လောက် ခေါင်းနဲ့လည်ပင်းတွေကို အခုတ်ခံရပြီးမှသေဆုံးသွားတာပါ၊ ဝေဖုန်းရေ့(၄၄)နှစ်ကတော့ ပျောက်ဆုံးနေပြီးမှ ၂၉ရက်နေ့မှာ ဒဘတ်ချောင်းထဲကနေ အလောင်းပြန်တွေ့တယ်၊ တရားခံ စုံစမ်းဖော်ထုတ်တဲ့အပိုင်းတွေကိုတော့ ပြောလို့မရသေးပါဘူး”ဟု ဝိုင်းမော်မြို့မရဲစခန်းမှ ဒုရဲမှူးကျော်စိုးက ပြောသည်။

ထိုအခင်းဖြစ်ပွားရာ နေအိမ်တဲ၏ အနောက်ဘက်ပေ၃၀ခန့်အကွာတွင် သေဆုံးသူ ရန်ရှီကွမ်း (၄၅)နှစ်မှာ ရဲဒင်းဖြင့်လည်ပင်းဂုတ်တွင် ခုတ်သတ်ထားခြင်းခံရကာ ဝေဖုန်းရေ့(၄၄)နှစ်မှာ အခင်းဖြစ်ရာ နေရာမှ ပျောက်ဆုံးနေပြီး မေလ၂၉ရက်နေ့တွင် ဒဘတ်ချောင်းအတွင်းမှ မျက်နှာဘယ်ဘက် ပြတ်ရှဒဏ်ရာ ၃ချက်၊ ယာဘက်နားရွက်ပြတ်၊ ပြတ်ရှဒဏ်ရာ၎ချက်ခန့်ဖြင့် ပြန်လည်တွေ့ရှိခဲ့ကြောင်း ကချင်ပြည်နယ် ရဲစခန်း၏မှတ်တမ်းများအရသိရသည်။

ထိုအမှုကို ကချင်ပြည်နယ် ဝိုင်းမော်မြို့မရဲစခန်းတွင်(ပ)/၄၇/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/ ၁၁၄အရ အမှုရေးဖွင့်ထားပြီး စခန်းမှူးဒုရဲမှူးကျော်စိုးဦးစီး၍ တရားခံဖမ်းဆီးရမိရေး ရှာဖွေဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

မီးမီး/ဒေါ်မိုး
EPN
https://www.facebook.com/epngnews/

မလေးရှားနိုင်ငံတင်နေတဲ့ အကြွေးတွေ ဆပ်ဖို့အတွက် မလေးလူထုက အမေရိကန်ဒေါ်လာ ၁.၈ သန်း ကို ၂၄ နာရီအတွင်း လှူဒါန်း


၃၁ မေ

မလေးရှားအစိုးရက “မျှော်လင့်ချက်ရောင်ခြည် ရန်ပုံငွေ” ဆိုတဲ့နာမည်နဲ့ နိုင်ငံမှာ တင်နေတဲ့အကြွေးတွေကို ပြန်ဆပ်ရေးအတွက် အလှူငွေထည့်ဖို့ ဆော်သြရာ မလေးလူထုက မလေးရှားရင်းဂစ် ၇ သန်း (အမေရိကန်ဒေါ်လာ ၁.၈ သန်း)ကို ဒီကနေ ညနေ ၃ နာရီအထိ ၂၄ နာရီအတွင်း လက်ခံရရှိပါတယ်။

ဒီရန်ပုံငွေအလှူပွဲဟာ မှတ်တိုင်တစ်ခုဖြစ်သွားပါပြီ။ မလေးလူထုက ကျနော်တို့အားလုံး ချစ်တဲ့နိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် တိုင်းပြည်ချစ်စိတ်နဲ့ လှူဒါန်းကြတာပါလို့ ဘဏ္ဍရေးဝန်ကြီး လင်ဂွန်အင်း က ပြောပါတယ်။

ဥပဒေဘွဲ့ရ တက်ကြွတဲ့ လူငယ်တစ်ဦးဖြစ်တဲ့ ရှားဇာရီနာ ဘက်ခ်တီ ရဲ့ မလေးရှားတို့ရဲ့ ရက်ရောခြင်းဆိုတဲ့ အွန်လိုင်းကအလှူကောက်ခံတာကို သဘောကျပြီး မလေးအစိုးရက “မျှော်လင့်ချက်ရောင်ခြည် ရန်ပုံငွေ” ဆိုတာကို တစ်ပတ်အကြာမှာ ဖွဲ့လိုက်တာဖြစ်ပါတယ်။

ပွင့်လင်းမြင်သာမှုရှိအောင် အခုကောက်ခံရရှိတဲ့ ငွေကြေးတွေကို နေ့စဉ် မှတ်တမ်းပြုစုပြီး ဘဏ္ဍရေးဝန်ကြီးရုံး ဝက်ဆိုက်ဒ် နှင့် ဝန်ကြီးရုံးရဲ့ လူမှုဆက်သွယ်ရေးတွေကနေ ဖော်ပြပေးသွားမယ်လို့ မစ္စတာ လင် က ပြောပါတယ်။

MDN
ကိုးကား-CNA
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
 

မြောက်ကိုရီးယား ကိုယ်စားလှယ်နဲ့ ကန်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ

မိုက်ပွန်ပေယိုနဲ့ ဗိုလ်ချုပ် ကင်ယန္ချိုးတို့ဟာ နယူးယောက် ကုလသမဂ္ဂအဆောက်အအုံ အနီးအနားက သီးသန့်အဆောက်အအုံ တခုမှာ တွေ့ဆုံခဲ့တာ ဖြစ်
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ညာလက်ရုံးဖြစ်သူ ဗိုလ်ချုပ် ကင်ယန်ချိုးဟာ အမေရိကန်နိုင်ငံခြားဝန်ကြီး မိုက်ပွန်ပေယို နဲ့ တွေ့ဆုံခဲ့ပါတယ်။

တရုတ်နိုင်ငံကနေ တဆင့် လေကြောင်းနဲ့ ရောက်ရှိလာတဲ့ ကင်ယန်ချိုးဟာ မစ္စတာ ပွန်ပေယိုနဲ့ ညစာအတူသုံးဆောင်ခဲ့ပြီး သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲအကြောင်း ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ အတွင်း အမေရိကန်ကို ရောက်လာတဲ့ အဆင့်အမြင့်ဆုံး မြောက်ကိုရီးယား ကိုယ်စားလှယ် ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လာမယ့် ဇွန် ၁၂ မှာ ပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နှစ်ဘက်စလုံးက ဆွေးနွေးပွဲကို မူလစီစဉ်တဲ့အတိုင်း ပြန်လုပ်နိုင်ဖို့ တဖန်ပြန် ကြိုးစားလာခဲ့ပါတယ်။

မူလစီစဉ်ထားတဲ့အတိုင်းသာ စင်္ကာပူမှာ လုပ်တဲ့ ဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့မယ်ဆိုရင်တော့ အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေအကြား ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲဟာ ပထမဆုံးအကြိမ် သမိုင်းဝင်ဆွေးနွေးပွဲ ဖြစ်လာမှာပါ။

မစ္စတာ မိုက်ပွန်ပေယိုနဲ့ ဗိုလ်ချုပ် ကင်ယန်ချိုးတို့ဟာ နယူးယောက်ခ့်က ကုလသမဂ္ဂအဆောက်အအုံ အနီးအနားက သီးသန့်အဆောက်အအုံ တခုမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မကြာခင်မှာပဲ အကင် ၊ ပြောင်းဖူးနဲ့ ချိစ်အပါအဝင် ကင်ယန်ချိုးနဲ့ ညစာစားပွဲက တော်တော်အဆင်ပြေတယ်လို့ မိုက်ပွန်ပေယိုက သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

မြောက်ကိုရီးယား နျူကလီးယားလျှော့ချမှုဟာ လစ်ဗျားနဲ့ တူတယ်ဆိုတဲ့ ထရန့်အစိုးရ အဖွဲ့ဝင်တွေရဲ့ နှိုင်းယှဉ်ပြောဆိုချက်ကို မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန် ကန့်ကွက်ထားခဲ့တာပါ။

လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီရဲ့ နျူကလီးယား လုပ်ငန်းစဉ် အပေါ် အလျှော့ပေးခဲ့မှုဟာ သူ့ကိုယ်တိုင် အနောက်အုပ်စုက ထောက်ပံ့ပေးထားတဲ့ သူပုန်တွေရဲ့ သတ်ဖြတ်ခံရမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟာ အမေရိကန်နိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်ဟောင်းနဲ့ တောင်မြောက်နယ်စပ်က ပန်မွန်ဂျုံမှာ ဆက်လက်တွေ့ဆုံနေပါတယ်။

BBC Burmese
http://www.bbc.com/burmese

မြောင်းမြတွင် မြစ်အတွင်းရေချိုးဆင်းရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွား


မြောင်းမြ မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ယနေ့နေ့လည် (၃း၃၀)ခန့်က အမျိုးသားတစ်ဦး ရေချိုးဆင်းရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သည်။

သေဆုံးသူမှာ ဦးခင်ဇော် အသက်(၄၀)နှစ် ဖြစ်ပြီး မြောင်းမြခရိုင် မြစန္ဒာရပ်ကွက်တွင် နေထိုင်သူ တစ်ဦးဖြစ်သည်။ သေဆုံးသူ၏ ရုပ်အလောင်းကို ၄င်း၏ဇနီးဖြစ်သူမှ စတင်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာမှ စစ်ဆေးရာတွင် အလောင်းအားမှောက်လျက်အနေအထားဖြင့် နှုတ်ခမ်းများပြာ၍ အရေပြားများတွန့်နေကာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

ဆက်လက်၍ သေဆုံးသူ၏ ရုပ်အလောင်းအား မြောင်းမြခရိုင်/မြို့နယ်/အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မြောင်းမြဆေးရုံသို့ ပို့ဆောင်ခဲ့ရာ မြောင်းမြဆေးရုံမှ ဒေါက်တာပြည့်ဖြိုးဆွေမှ PR044ဖြင့် လက်ခံခဲ့ပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မိုးစက်(မြောင်းမြ ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

ပေါက်တောတွင် အမျိုးသမီးတစ်ဦး မိုးကြိုးပစ်သေဆုံး


နိရဉ္စရာ၊ မေ ၃၁

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရွာချောင်းကြီးကျေးရွာမှ အမျိုးသမီးတစ်ဦးသည် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ရ ဒေါ်မမြဝင်း အသက် (၃၇) နှစ်ဖြစ်ပြီး ယနေ့နံနက် ၇ နာရီ အချိန်တွင် သူမ၏ နေအိမ် နောက်ဖေးခန်းရှိ တံစက်မြိတ်တွင် ထမင်း ချက်ရန် ဆန်ဆေးကြောနေချိန်တွင် မိုးကြိုးထိမှန်၍သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"မနက် ၇ နာရီ သူမရဲ့နေအိမ်အောက်ထပ် မီးဖိုချောင်ရဲ့ နောက်ဖေး တံစက်မြိတ်မှာ မိုးကြိုး ထိမှန်ပြီး သေဆုံးသွားခဲ့တာပါ။ ဖြစ်ဖြစ်ချင်း ပေါက်တောဆေးရုံကို ပို့ဆောင်ထားပါတယ်။ ဆေးရုံကစစ်ဆေးပြီး အခု အလောင်းကို သင်္ဂြိုလ်ဖို့အတွက် ရွာကိုပြန်ယူသွားပြီလို့သိရပါတယ်"ဟု ပေါက်တော ရဲစခန်းမှ တပ်ကြပ်ကြီး အောင်သန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

သေဆုံးသူ ဒေါ်မမြဝင်းတွင် သားသမီးနှစ်ဦးကျန်ရစ်ခဲ့သည် ဟုသိရသည်။

စိုးဇံအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara

နုတ်​ထွက်​ခွင့်​တင်​ခဲ့​သော စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးအား ပြည်​ထဲ​ရေးဝန်​ကြီးဌာနမှ နုတ်​ထွက်​ခွင့်ပြု


မုံရွာ ၊ မေ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြတ်ကျော်ကျော်သည် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်​တင်​ထားပြီး ​မေလ၃၀ရက်​​နေ့မှာ ပြည်​ထဲ​ရေးဝန်​ကြီးဌာနက နုတ်​ထွက်​ခွင့်​ပြုခဲ့သည်​။

ပြည်​ထဲ​ရေးဝန်​ကြီးဌာန စီမံခန့်​ခွဲ​ရေး​ကော်​မတီ အစည်းအ​ဝေးအမှတ်​ (၅-၂၀၁၈) အရနုတ်​ထွက်​ခွင့်​ပြုခဲ့ခြင်းဖြစ်​သည်​။

မကြာ​သေးခင်​ရက်​ပိုင်းအတွင်းကလည်း စစ်​ကိုင်းတိုင်း​ဒေသကြီး လုံခြုံ​ရေးနှင့်​နယ်​စပ်​​ရေးရာဝန်​ကြီးအ​ပြောင်းအလဲဖြစ်​​ပေါ်ခဲ့ ပြီး မကြာခင်​မှာဘဲ တိုင်းအတွင်း​ရေးမှူးနုတ်​ထွက်​ခဲ့ခြင်းဖြစ်​သည်​။

"ကျွန်တော်၏ သဘောဆန္ဒအလျောက် အစိုးရဝန်ထမ်းအဖြစ်မှ နုတ်ထွက်ခဲ့ပြီးဖြစ်ပါသည်၊ လောလောဆယ် ကျန်းမာရေးစစ်ဆေးခြင်း၊ တရားစခန်းဝင်ခြင်း၊ ခရီးရှည်ထွက်ခြင်း စသည်ဖြင့် ကိုယ်ရေးကိုယ်တာကိစ္စများကို ဆောင်ရွက်သွားပါမည်၊ နောက်ပိုင်းတွင် အမျိုး ဘာသာ သာသနာအကျိုးအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဝမ်းမြောက်ပျော်ရွှင်စွာဖြင့် သတင်းကောင်းပါးအပ်ပါသည်"ဟု ဦးမြတ်​​ကျော်​​ကျော်​ကသူ၏​ဖေ့ဘုတ်​စ်
စာမျက်​နှာတွင်​ ယ​နေ့​ရေးသားထားသည်​။

ဦးမြတ်ကျော်ကျော်သည် ယခင်က ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ရုံးအဖွဲ့မှူး၊ ယင်းနောက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး စစ်​ကိုင်းတိုင်းတွင်​တိုင်းအတွင်း​ရေးမှူးတာဝန်​ကိုထမ်း​ဆောင်​ခဲ့သည်​။

Monywa Gazette
https://www.facebook.com/monywagazette

ပြတင်းပေါက်ပြုတ်ထွက်သွား၍ တရုတ်လေယာဉ်တစ်စင်း အရေးပေါ်ဆင်းသက်ခဲ့ရ


ဟနွိုင်း မေ ၃၁

တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှ ဗီယက်နမ် နိုင်ငံသို့ ဦးတည်ပျံသန်းလာသည့် ခရီး သည်တင်လေယာဉ်တစ်စင်းသည် ပြတင်း ပေါက်မှန်တစ်ခုကွဲအက်ကာ ပြုတ်ထွက် သွားခဲ့ခြင်းကြောင့် အရေးပေါ်ဆင်းသက် ခဲ့ရကြောင်း ဆင်ဟွာသတင်းဌာနက ဖော် ပြသည်။

အရေးပေါ်ဆင်းသက်ခဲ့ရသည့် လေ ယာဉ်သည် ဗီယက်နမ်နိုင်ငံသို့ ဦးတည် ပျံသန်းရန်အတွက် ဟန်ကျိုးမြို့မှ ပျံတက် လာခဲ့ပြီးနောက်ပိုင်း ပြတင်းပေါက်မှန် တစ်ခုကွဲအက်လာပြီးနောက် ပြုတ်ထွက် သွားခဲ့ခြင်းကြောင့် အနီးဆုံးလေဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရခြင်းဖြစ်သည်။

 အရေးပေါ်ဆင်းသက်ခဲ့ရသော်လည်း လေ ယာဉ်ပေါ်တွင်လိုက်ပါလာသူ တစ်စုံတစ်ဦး မျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

NG(Ref; Xinhua)
The Union Daily
https://www.facebook.com/uniondaily.net/

ရီယဲလ် ကနေ နည်းပြ ဇီဒန်း ထွက်ပြီ

ချိန်ပီယံ လိဂ် သုံးနှစ်ဆက်တိုက် ဗိုလ်စွဲ အောင် နည်းပြ အဖြစ် ကိုင်ခဲ့
ရီယဲလ် အသင်း နည်းပြ ဖြစ်တဲ့ ဇီဒန်း က ချန်ပီယံလိဂ် ဗိုလ်စွဲခဲ့တဲ့ ရီယဲလ် မက်ဒရစ် အသင်း ကနေ ထွက်ပြီလို့ ကြေညာ လိုက်ပါတယ်။

ဇီဒန်းဟာ ရီယဲလ် ကို ချိန်ပီယံ လိဂ် သုံးနှစ်ဆက်တိုက် ဗိုလ်စွဲ အောင် နည်းပြ အဖြစ် ကိုင်ခဲ့သူ ဖြစ်ပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာ ဇီဒန်းက ရီယဲလ် အသင်း ကို သူချစ်ကြောင်း၊ ဒါပေမဲ့လည်း အခု အချိန်မှာတော့ ရီယဲလ်ဟာ ကွဲပြားခြားနားတဲ့ ပုံစံမျိုး လိုအပ်နေပြီလို့ ဆိုပါတယ်။
 ဘောလုံးတခေတ်ထူထောင်ခဲ့တဲ့ ဇီဒန်း
၂ဝ၁၆ ခုနှစ်မှာ ရီယဲလ် အတွက် နည်းပြ အဖြစ် ကိုင်ခဲ့တဲ့ ဇီဒန်းဟာ သူ့ လက်ထက်မှာ ဆုဖလား ၉ ခု တိတိ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကတည်းက သူ့အနေနဲ့ ရီယဲလ် အတွက် ဘာမှ ထပ်ပြီး လုပ်မပေး နိုင်ရင် ထွက်မှာ ဖြစ်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရန်ကုန်-စစ်တွေကားလမ်းတွင် လမ်းချော်မှုများကြောင့် လမ်းခရီးကြန့်ကြာနေ


ရခိုင်ပြည်နယ်အနှံ့ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မေ ၃၀ နှင့် ၃၁ ရက်များက ရန်ကုန်-စစ်တွေ ကားလမ်းတလျှောက်ရှိ ပုဏ္ဏားကျွန်းနှင့် အမ်းမြို့နယ်များတွင် လမ်းပိတ်ဆို့မှုများနှင့် လမ်းချော်မှုများဖြစ်ပွားပြီး လမ်းခရီးကြန့်ကြာနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

မုန်တိုင်းအရှိန်ကြောင့် မေ ၂၈ ရက်မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းနေပြီး ကားလမ်းပေါ်သို့ ရေကျော်နေ ကာ မေ ၃၀ ရက်က အမ်းမြို့နယ်၊ မီးလောင်ချောင်းကျေးရွာအနီးနှင့် မေ ၃၁ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာနှင့် ကြံခင်းကျေးရွာ အကြား လမ်းလွှဲနေရာတို့ရှိ ရန်ကုန်-စစ်တွေကားလမ်းတွင် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“စစ်တွေကနေ မနက်ကတည်းက(မေ ၃၁ ရက်)ထွက်တဲ့ကားက ခုချိန်ထိ ပုဏ္ဏားကျွန်းမြို့နယ်ကို မကျော်နိုင် သေးဘူး။ လမ်းလွှဲလုပ်ထားတဲ့နေရာမှာ ရေကျော်ပြီး ခရီးသည်တင်ကားတစ်စီးက နစ်နေတယ်။ ကားအစီး (၂၀၀)လောက် လမ်းပိတ်ဆို့တာကြောင့် ရပ်နေရတယ်။ အခု အဲဒီပိတ်နေတဲ့ကားကို ဖယ်နေကြတယ်။”ဟု ခရီးသည် ကိုကျော်မင်းကပြောသည်။

ရန်ကုန်-စစ်တွေကားလမ်း၊ အမ်းမြို့နယ်အတွင်းရှိ လမ်းပိုင်း(၅)နေရာခန့်မှာ သွားလာရ ခက်ခဲနေပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားသည့်နေရာများတွင် အနည်းဆုံး ကားအစီး(၁၀၀)ခန့်မှာ ပိတ်မိနေကြောင်း ယာဉ်မောင်း များထံမှ သိရသည်။လမ်းပိတ်ဆို့မှုဖြစ်ပွားသော နေရာများတွင် ငါး၊ ပုစွန်၊ ကဏန်းများတင်ဆောင်လာသော ကားများလည်း ပါဝင် သဖြင့် အချိန်ကြန့်ကြာမှုများကြောင့် ကုန်ပစ္စည်းများ ပျက်စီးကာ ဒေသခံများ နစ်နာဆုံးရှုံးမှုများမည်ဖြစ်ကြောင်း သိရသည်။

"မနေ့က အမ်းမြို့နယ်၊ ဒီနေ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ လမ်းပိတ်ဆိုမှုဖြစ်နေတယ်။ အမ်းမြို့နယ်ထဲက တောင် ပေါ်လမ်းမှာ ရွှံ့နွံတွေနဲ့ လမ်းချော်နေတယ်။ တော်တော်လေး အန္တရာယ်များနေတယ်။"ဟု ကစ္ဆပ ခရီးသည်တင် ယာဉ်လိုင်းမှ ဂိတ်မှူး ဦးစံထွေးအောင်က ပြောသည်။

 နေ့စဉ်လိုလို ခရီးသွားနေကြသည့် ကားသမားများနှင့် ခရီးသည်များအနေဖြင့် ရန်ကုန်-စစ်တွေလမ်းကို ရာသီမ ရွေးသွားလာ၍ရသော အဆင့်မြင့်လမ်းတစ်ခု ဖြစ်စေလိုကြပြီး လက်ရှိတွင် မိုးရာသီရောက်တိုင်း လမ်းပိတ်ဆို့မှု များကြောင့် သွားလာရခက်ခဲနေကြကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မကွေးတိုင်း သရက်မြို့တွင် မုန်တိုင်းငယ် တိုက်ခတ်မှုကြောင့် စက်လှေအစီး (၂၀)ကျော် နစ်မြုပ်


မြန်မာနိုင်ငံကုန်းတွင်းပိုင်းသို့ မုန်တိုင်းငယ်ဝင်ရောက်မှုနှင့်အတူ မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင်လည်း မိုးသက်လေပြင်းများ တိုက်ခတ်၍ ဧရာဝတီမြစ်ကမ်းတွင် ဆိုက်ကပ်ထားသော စက်လှေ(၂၁)စီး နစ်မြုပ်ခဲ့ ကြောင်း သိရှိရသည်။

အဆိုပါ စက်လှေများမှာ သရက်မြို့မှ အောင်လံမြို့သို့ ပြေးဆွဲသော နန်းထိုက်ဟိန်းကူးတို့လုပ်ငန်းရှိ မြင်းကောင် ရေ(၂၀)အောက် စက်တပ်ရေယာဉ်ငယ်(ပဲ့ထောင်)များဖြစ်ပြီး မေ ၃၁ ရက်၊ နေ့လယ်ပိုင်းအထိ စက်လှေ(၁၄)စီး ခန့်ကို ပြန်လည်ဆယ်ယူပြီးဖြစ်ကာ ကျန်စက်လှေများကို ဆက်လက်ဆယ်ယူနေကြောင်း သိရသည်။

"အရင်တုန်းကလည်း ကမ်းမှာဒီလိုပဲ ကြိုးချည်ပြီးကပ်ထားတာပဲ။ တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။အခုတစ်ခါပဲဖြစ်သွား တာ။ ပျက်စီးဆုံးရှုံးမှုစာရင်းတွေကို တွက်ချက်ပြီး မြို့နယ်အုပ်ချုပ်ရေးအဆင့်ကို တင်ပြသွားမှာပါ။"ဟု သရက်မြို့ အခြေစိုက် မြင်းကောင်ရေ (၂၀)အောက် စက်တပ်ရေယာဉ်ငယ်အသင်း ဥက္ကဌ ဦးကံမြင့်က ပြောသည်။


စက်လှေအသစ်တစ်စီးလျှင် အမျိုးအစားအလိုက် ကျပ်သိန်း(၃၀)မှ ကျပ်သိန်း(၆၀)ထိတန်ကြေးရှိပြီး စက်လှေများ လှေဦး ထိခိုက်ခြင်း၊ အမိုးထိခိုက်ခြင်းတို့ဖြစ်ပေါ်ခဲ့သောကြောင့် စက်လှေတစ်စီးလျှင် ကျပ် (၂)သိန်းမှ ကျပ်(၈)သိန်းဖိုးထိ ပျက်စီး ဆုံးရှုံးနိုင်ကြောင်း သိရသည်။

"စက်လှေက ကုန်းပေါ်ရောက်လာရင်တောင် ဖာရ၊ ထေးရဦးမှာနဲ့ ပြန်ပြင်ရမှာနဲ့ဆို ရက်ကကြာဦးမှာ၊ စက်လှေ မမောင်းရတော့ စားဝတ်နေရေးခက်ခဲသွားတာပေါ့။ အခုက ကျောင်းဖွင့်ရာသီလည်း ရောက်ပြီဆိုတော့ ကလေး တွေ ကျောင်းစရိတ်တွေ၊ ဘာတွေလည်း ခက်ခဲသွားတာပေါ့။"ဟု စက်လှေမောင်းသမားတစ်ဦးဖြစ်သူ ကိုထိုက်ဦးက ပြောသည်။စက်လှေများမှာ ကမ်းအနီးမှာပင် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး စက်လှေများနစ်မြုပ်မှုကြောင့် လူတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

ဟားခါးမြို့ ဈေးသစ်ရပ်ကွက်၌ နေအိမ် (၃) လုံး မီးလောင်မှုဖြစ်ပွား၊ လူ(၃) ဦးသေဆုံး (နောက်ဆက်တွဲ သတင်း အပြည့်အစုံ)


ဟားခါး မေ ၃၁

ဟားခါးမြို့ ဈေးသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ ယနေ့ နံနက် ၁ နာရီ ၄၅ မိနစ် အချိန်ခန့်က နေအိမ် (၃) လုံး မီးလောင်မှု ဖြစ်ပွားရာ လူ(၃) ဦး သေဆုံးခဲ့ သည်။

ဖြစ်စဉ်မှာ အိမ်ရှင် ဒေါ်ဝေကျဲမ်း၏ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး (၂) ထပ် နေအိမ် မီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင် မှုကြောင့် အိမ်ရှင် ဒေါ်ဝေကျဲမ်း(၉၀)နှစ်၊ ဒေါ်ဗန်ဘွေဇီး (၄၅) နှစ် နှင့် ဒေါ်လှူငွာ (၈၂) နှစ်တို့မှာ မီးလောင်သေဆုံးခဲ့ပြီး ဒေါ်ခင်လေးဆွေ (၄၅) နှစ်မှာ လက်နှစ်ဖက်နှင့် မျက်နှာ အနည်းငယ် မီးဟပ်ဒဏ်ရာရရှိခဲ့သည်။


မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ ဟားခါး ခရိုင်/မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ် (၅) စီး၊ ရေသယ်ယာဉ် (၃) စီး၊ စည်ပင်သာယာရေးမှ ရေသယ်ယာဉ် (၂) စီး၊ အုပ်ချုပ်မှု ယာဉ် (၂) စီး၊ စုစုပေါင်း (၁၀) စီးနှင့် အတူ မီးသတ်တပ်ဖွဲ့ဝင် (၅၅) ဦး ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦး၊ ဟားခါး အခြေချ စစ်ဗျူဟာမှ တပ်ဖွဲ့ဝင် (၃၀) ဦး၊ ရပ်ကွက်နေ ပြည်သူ များက ရေဂါလန် (၁၂၀၀၀၀) ခန့် အသုံးပြု၍ ဝိုင်းဝန်း မီးငြှိမ်းခဲ့ရာ နံနက် ၃ နာရီခွဲအချိန်တွင် မီးငြိမ်းခဲ့သည်။

အဆိုပါနေရာသို့ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စစ်ဗျူဟာ (အခြေချ) ဟားခါးမှ စစ်ဗျူဟာမှူးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းနှင့်မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင် ဒေါ်ဝေကျဲမ်းအား ဟားခါးမြို့ နယ် ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ရေအိုင်အတွင်း ရေဆင်းကစားသည့် ကလေးသုံးဦး ရေနစ်သေဆုံး


သထုံ၊ မေ၊ ၃၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ ကဇိုင်းကျေးရွာတွင် မေလ ၃၁ ရက်၊ နေ့လယ်က ရွာနွားစားကျက်အတွင်းရှိ ရေအိုင်အတွင်း ရေဆင်းကစားသည့် ကလေးသုံးဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ကလေးသုံးဦး ရေနစ်သေဆုံးကြောင်း ကျေးရွာတာဝန်ရှိသူမှ အကြောင်း ကြားသဖြင့် သုဓမ္မ၀တီ နယ်မြေရဲစခန်းမှူး ရဲအုပ်တင်ချိုနှင့်အဖွဲ့တို့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရွာထိပ်ငါးကန်အနီး ရွာ၏နွားစားကျက်အတွင်းရှိ ပေ ၁၀၀ ပတ်လည်ခန့်ရှိ ရေအိုင်ထဲမှ အနက် ၇ ပေခန့်ရှိသည့် ချိုင့်အတွင်းသို့ မောင်စိုင်းထက်၊ ၉ နှစ် (ဘ) ဦးချစ်ဝင်း၊ ကဇိုင်းကျေးရွာ၊ မောင်အောင်ဖြိုးဦး၊ ၁၀ နှစ် (ဘ) ဦးအောင်ထွန်းဦး၊ ကဇိုင်းကျေးရွာနှင့် မောင်အောင်မြတ်သူ၊ ၉ နှစ် (ဘ) ဦးအောင်မျိုးဝင်း ကဇိုင်းကျေးရွာနေသူတို့ သုံးဦးမှာ ရေဆင်းကစားရာမှ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ကလေးသုံးဦး သေဆုံးရခြင်းအား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ကို သုဓမ္မ၀တီနယ်မြေရဲစခန်းမှ အမှုဖွင့်လှစ်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သက်ဦး(သထုံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ဒေါက်တာအေးမောင် အမှုတွဲကို ပယ်ဖျက်ပေးဖို့ လျှောက်ထားချက် ပယ်ချခံရ

ဒေါက်တာ အေးမောင် ကို စစ်တွေမြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ် မတ်လ ၇ ရက်နေ့က ရုံးထုတ်ခဲ့စဉ် / Photo: Min Thein Aung/RFA
ဒေါက်တာအေးမောင်ကို တရားစွဲဆိုထားတဲ့ မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မသုံးခုကို ပယ်ဖျက်ပေးဖို့ လျှောက်ထားချက်ကို ရခိုင်ပြည်နယ် တရားလွှတ်တော်က ဒီနေ့ ပယ်ချလိုက်ပါတယ်။

မိသားစုတွေနဲ့တိုင်ပင်ပြီး အထက်တရားရုံးကို တက်သင့်မသင့် ဆုံးဖြတ်သွားမယ်လို့ ဒေါက်တာအေးမောင်ရဲ့ ရှေ့နေ ဦးစံရွှေမောင်က ပြောပါတယ်။

"ကျနော်တို့က အမှုတွဲပယ်ဖျက်ဖို့အတွက် တင်ထားတယ်၊ အဲဒီဟာကို ပယ်လိုက်တယ်၊ အမှုကတော့ မပယ်ဖျက် ဘူးပေါ့၊ ပယ်လိုက်ဆိုလို့ရှိရင် ကျနော်တို့ဖက်ကလေ ရှေ့ကိုပေါ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကိုပေါ့လေ တင်သင့်မတင်သင့်၊ ဆက်ပြီးတော့ တက်မတက်ကတော့ သူ့ရဲ့အမှုသည်မိသားစုနဲ့ ပြန်တိုင်ပင်ရမယ်"

ဒေါက်တာအေးမောင်ကို ပုဒ်မသုံးခုနဲ့တရားစွဲဆိုထားတဲ့ကိစ္စဟာ ဥပဒေအရ ကွဲလွဲမှုတွေရှိနေတယ်ဆိုပြီး အမှုတွဲ ၃ ခုကိုပယ်ဖျက်ပေးဖို့ ဒေါက်တာအေးမောင် ရှေ့နေတွေက ပြီးခဲ့တဲ့မတ်လ ၁၈ ရက်နေ့က ရခိုင်ပြည်နယ် တရား လွှတ်တော်ထံ လျှောက်ထားခဲ့ကြတာပါ။

အဲဒီလျှောက်ထားချက်အပေါ် ဒီနေ့ပလပ်လိုက်တဲ့အကြောင်းပြချက်နဲ့ပတ်သက်ပြီး အသေးစိတ်မသိရသေးဘူးလို့ ရှေ့နေ ဦးစံရွှေမောင်က ပြောပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့က ဟောပြောပွဲမှာ ပြောခဲ့တဲ့ အကြောင်းအရာတချို့နဲ့ ပတ်သက်ပြီး ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ကို မတရားအသင်း ဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ နိုင်ငံတော် ပုန်ကန်မှု စတဲ့ ပုဒ်မသုံးခုနဲ့ စစ်တွေမြို့နယ်တရားရုံးနဲ့ စစ်တွေခရိုင်တရားရုံးတွေမှာ အတူတကွ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

အဲဒီအထဲက အမှုတွဲသုံးခုစလုံးကို ပယ်ဖျက်ပေးဖို့အတွက် ရခိုင်ပြည်နယ် တရားလွှတ်တော်ကို စာရေးဆရာ ကိုဝေဟင်အောင်က လျှောက်ထားခြင်းမရှိဘဲ ဒေါက်တာအေးမောင်က လျှောက်ထားခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese

ပြည်မှာ ဆန္ဒပြကျောင်းသားတွေ ဖမ်းဆီးခံရ

စစ်ပွဲတွေရပ်တန့်ဖို့ ဆန္ဒပြသူတွေကို ပြည်မြို့ရဲတပ်ဖွဲ့က ၂ဝ၁၈ ခုနှစ် မေလ ၃၁ ရက်နေ့က ဖမ်းဆီးစဉ် / Photo: Myit Taoo - facebook
စစ်ပွဲတွေရပ်တန့်ဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့အတွက် တရားစွဲခံထားရတဲ့အမှုတွေကို ရုပ်သိမ်းပေးဖို့ဆိုပြီး ဒီကနေ့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ဆန္ဒပြတောင်းဆိုရာမှာ ဆန္ဒပြသူတွေထဲက ၈ ဦးကို ပြည်မြို့ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းက လမ်းလျှောက်ဆန္ဒပြခဲ့ကြတဲ့ အခြေခံပညာ ကျောင်းသားသမဂ္ဂ(အကသ) ကျောင်းသားတွေ ကို ပြည်မြို့က ရွှေဆံတော်စေတီရှေ့အရောက်မှာ ဖမ်းဆီးလိုက်တာလို့ ဆန္ဒပြပွဲမှာ ဝန်းရံပါဝင်ခဲ့တဲ့ ကိုမေတ္တာဦးက ပြောပါတယ်။

"ငြိမ်းချမ်းရေးနဲ့ ဖမ်းဆီးထားတဲ့သူတွေ ပြန်လွှတ်ပေးဖို့ဆိုပြီး ကျနော်တို့က တောင်းဆိုတယ်၊ ကလေးတွေက ရွှေဆံတော်လည်းရောက်ရော ကလေးတွေကိုဖမ်းတယ်၊ ၅ ယောက်ပါသွားတယ်၊ နောက်ပြီးတော့ ဘုရားပေါ်မှာကျန်တဲ့သူ ၃ ယောက်ကို ထပ်ဖမ်းတယ်၊ အခုလောလောဆယ် အားလုံး ၈ ယောက်ပေါ့ ၊ ပြည်ကတာဝန်ခံ ၂ ယောက်ရှိတယ်လေ၊ သူတို့ကို ကိုယ်ပိုင်အာမခံနဲ့ တောင်းထားတယ်၊ အဓိက နှစ်ယောက်ပဲ တရားစွဲတယ်၊ ကျန်တဲ့သူတွေကိုတော့ ဝန်းရံသူတွေအနေနဲ့ တရားတော့မစွဲဘူး"

ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က စစ်ပွဲတွေရပ်တန့်ဖို့အတွက် ဆန္ဒပြခဲ့ကြတဲ့ ပြည်နဲ့ နတ္တလင်းမြို့က ကျောင်းသားတွေ အပါအဝင် လူငယ်တွေကို တရားစွဲထားတာကို ရုပ်သိမ်းပေးဖို့အတွက် တောင်းဆိုခဲ့ကြတာပါ။

ဒီကနေ့ ဆန္ဒပြပွဲကို ဦးဆောင်သူနှစ်ဦးဖြစ်တဲ့ ကိုရန်ပိုင်ထက်နဲ့ ကိုစစ်မြတ်မင်းတို့ကို ငြိမ်းစုစီဥပဒေပုဒ်မနဲ့ တရားစွဲထားပြီး ကျန်တဲ့သူ ၆ ဦးကိုတော့ တရားစွဲမှာ မဟုတ်ကြောင်း ရဲစခန်းက ပြောခဲ့တယ်လို့ ကိုမေတ္တာဦးက ပြောပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲဟာ ခွင့်ပြုချက်မတင်ဘဲ လုပ်ခဲ့တာဖြစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က မနေ့က ကျောင်းသားတွေကို ခေါ်ယူတွေ့ဆုံခဲ့ကာ ဆန္ဒပြဖို့အတွက် စာတင်ဖို့ပြောကြားခဲ့သေးတယ်လို့လည်း ပြောပါတယ်။

လက်ရှိအချိန်အထိ စစ်ပွဲတွေရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေးတောင်းဆိုခဲ့တဲ့အတွက် ငြိမ်းစုစီဥပဒေပုဒ်မနဲ့ တရာစွဲခံဆို ထားရသူ ဦးရေ ၅ဝ ကျော်ရှိပါတယ်။

RFA Burmese
https://www.rfa.org/burmese

နှစ်ပတ်နားပြီးနောက် လေးနေရာမှာ တိုက်ပွဲပြန်ဖြစ်

 မေလ ၃ဝ ရက်မှာ လက်နက်ကြီးသံတွေပါ ပြန်ကြားနေရပြီး တိုက်ပွဲ လေးကြိမ်လောက် ဖြစ်ခဲ့
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ သေနတ်သံ ခေတ္တတိတ်နေရာကနေ မေလ ၃ဝ ရက်မှာတော့ လက်နက်ကြီးသံတွေပါ ပြန်ကြားနေရပြီး တိုက်ပွဲ ၄ကြိမ်လောက် ဖြစ်ခဲ့ပါတယ်။

မေလ ၃ဝ မနက် ၉ နာရီကစပြီး ဖားကန့်မြို့နယ်နဲ့ ကားမိုင်းမြို့နယ်အစပ်ဖက်မှာ ကေအိုင်အေ ကချင်လွတ်လပ်ရေး တပ်မတော်ရဲ့ တပ်ရင်းတွေနဲ့ အစိုးရရဲ့ တပ်မ ၃၃ လက်အောက်ခံတပ်ရင်းတွေ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

မနက် ၅ နာရီကျော်ကျော်လောက်မှာ မှော်ရှန်ဘက်မှာ ဖြစ်ကြပြီး နေ့လယ် ၁ နာရီ ၂ဝ လောက်မှာ တောမှော်သွားတဲ့ လမ်းဘက် ရင်ကွဲတောင်ဘက်မှာ သစ်တင်တဲ့ကားတွေနဲ့ မိုင်းတွေကွဲပြီး တိုက်ပွဲဖြစ်တယ် ကာမိုင်းဘက်မှာလည်း ဖြစ်တယ်လို့ ဖားကန့် ဒေသခံတဦးက သူကြားသိရတဲ့ အခြေအနေကို ပြောပြပါတယ်။

တိုက်ပွဲအခြေအနေနဲ့ အသေးစိတ်ကို သိနိုင်ဖို့ ကေအိုင်အေနဲ့ ကချင်ပြည်နယ်က စစ်ဘက်အရာရှိတွေကို ဘီဘီစီက ဆက်သွယ်အတည်ပြုပေမယ့် ဆက်သွယ်လို့ မရသေးတဲ့အတွက် သီးသန့် အတည်ပြုချက်တော့ မရသေးပါဘူး။ ဒီဒေသမှာ စစ်ရေးအခြေအနေ သတင်းတွေကိုစုစောင်းနေတဲ့ ဒေသခံ အလွတ်သတင်းထောက်ကတော့ တိုက်ပွဲ လေးကြိမ်ဖြစ်တာမှန်ကန်ကြောင်း ပြောပါတယ်။

မနက် ၉ နာရီနဲ့ ညနေ ၃ နာရီမှာ ဖြစ်ပြီး နေရာ ၄ နေရာလောက်ဖြစ်တယ် ကေအိုင်အေ တပ်မဟာ ၉ တပ်ရင်း ၆ နဲ့ အစိုးရစစ်တပ်အကြား ဖြစ်ပါတယ်။

အလယ်ကုန်းဘက် ယာဉ်တန်းကိုတော့ ကေအိုင်အေက ဝင်တိုက်တယ်ကြားရသလို ကေအိုင်အေဘက်ကလည်း ဒဏ်ရာရသူတွေရှိပြီး စစ်တပ်ဘက်ကလည်း သေဆုံး ဒဏ်ရာရသူတွေ ရှိတယ်လို့ အဲဒီ အလွတ်သတင်းထောက်က ပြောပါတယ်။

ဖားကန့်မြို့ရဲ့ ပြည်နယ်လွှတ်တော်အမတ်ကတော့ တိုက်ပွဲဖြစ်တာသိရကြောင်းနဲ့ အသေးစိတ်ကိုတော့ သူမသိကြောင်း ပြောပါတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဧပြီ ၁၁ ရက်က တံတားညီနောင်မှာ တပ်စွဲထားတဲ့ တပ်စိတ်တခုကို ကေအိုင်အေက ဝင်တိုက်ရာက မြို့နယ် ၁ဝ ခုထက်မနည်းမှာ တိုက်ပွဲတွေဖြစ်ခဲ့လို့ ဒေသခံတွေ ထောင်ချီပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

တိုက်ပွဲ မဖြစ်တာ နှစ်ပတ်လောက်ရှိပြီးမှ တိုက်ပွဲ တကျော့ပြန် ပြန်ဖြစ်တာပါ။

မေလ ၃ဝ မှာ ကားမိုင်း နတ်ဂျော့ကွင်းဆိုတဲ့ အရပ်ကနေ အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အသံတွေကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

စစ်မြေပြင်မှာ အရပ်သားလမ်းပြ အသုံးပြုမှု ဆွေးနွေးခွင့်မရ

 ရှမ်းပြည်နယ်လွှတ်တော်
စစ်မက်ရေးရာ ကိစ္စတွေနဲ့ စစ်မြေပြင်တွေမှာ စစ်တပ်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အရပ်သားတွေကို လမ်းပြအဖြစ် အသုံးပြုနေမှုတွေကို ကန့်ကွက်ကြောင်းအဆိုကို ရှမ်းပြည်နယ်လွှတ်တော်မှာ လွှတ်တော် အမတ်တဦးကနေ တင်သွင်းဆွေးနွေးခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် အခုပြန်စနေတဲ့ လွှတ်တော်အစည်းအဝေးတွေမှာ အဲဒီအဆိုကို ဆွေးနွေးခွင့်မရခဲ့ပါဘူး။

ဒီအဆိုကို ဆွေးနွေးခွင့်ရဖို့အတွက် ကျောက်မဲမြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်ဟာ လွှတ်တော်အစည်းအဝေး ပြန်မစခင် ၁၈ ရက်အလိုကတည်းက စာရင်းသွင်းထားခဲ့တာ ဖြစ်တယ်လို့ ဦးစိုင်းထွန်းဉာဏ်က ဘီဘီစီကို ပြောပါတယ်။

သူ့အဆိုဟာ အစိုးရ စစ်တပ်တခုတည်းကို ရည်ရွယ်တာ မဟုတ်ဘဲ လက်နက်ကိုင် တပ်ဖွဲ့အားလုံးကို ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

အခုကျင်းပနေတဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးတွေမှာ သူ့အဆို ဆွေးနွေးဖို့ အစည်းအဝေး အစီအစဉ်မှာ ပါမလာတဲ့အတွက် လွှတ်တော်ရုံး ညွှန်ကြားရေးမှူးဆီ ဆက်သွယ်မေးမြန်းခဲ့ရာမှာ လွှတ်တော် ဥက္ကဋ္ဌဘက်က ဆွေးနွေးဖို့ သဘောတူထားပြီး အစိုးရရုံးဘက်ကို စာပို့ခဲ့ပေမယ့် ရှမ်းအစိုးရရုံးဘက်က ဘယ်လက်နက်ကိုင်ကို ရည်ညွှန်းမှန်းမသိတဲ့အတွက် အစိုးရဘက်ကဆိုင်းငံ့ထားကြောင်း လွှတ်တော်ရုံးညွှန်ကြားရေးမှူးက ပြန်လည် ဖြေဆိုခဲ့တယ်လို့ ဦးစိုင်းထွန်းဉာဏ်က ပြောပါတယ်။

လွှတ်တော် နည်းဥပဒေအရတော့ အဆိုကို လက်ခံမခံဆိုတာ တရားဝင်စာနဲ့ အကြောင်းပြန်ကြားရတာဖြစ်ပြီး အခုလို ကြိုတင်ထားတဲ့အဆိုကို လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးခွင့်မရကြောင်း တရားဝင်စာနဲ့ ကြိုတင် အကြောင်းကြားတာ မရှိဘူးလို့ ဦးစိုင်းထွန်း ဉာဏ်က ပြောပါတယ်။

သူ့အနေနဲ့ အဲဒီအဆိုတင်သွင်းခွင့်အတွက် စာကို မေလ ၁ဝ ရက် ကတည်းက တင်ခဲ့တာဖြစ်ပြီး လွှတ်တော်တက်ဖို့ တောင်ကြီးကို ရောက်လာတဲ့ မေလ ၂၉ ရက်မှ အစည်းအဝေး အစီအစဉ်ကို ကြည့်ပြီး အဆိုဆွေးနွေးခွင့် မရကြောင်း သိရတဲ့အတွက် အခုလို တရားဝင်အကြောင်းကြားမှု မရှိတာဟာ လက်လွတ်စပယ် ဆန်လွန်းတယ်လို့ သူက ပြောပါတယ်။

နောက်ပိုင်းနှစ်တွေအတွင်း အစိုးရတပ်မတော်ဘက်ကတော့ စစ်မြေပြင်မှာ အရပ်သားပေါ်တာ အသုံးပြုမှုတွေ မရှိတော့သလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြစ်ပေးအရေးယူနေတယ်လို့ ပြောဆိုထားတာပါ။

ပြီးခဲ့တဲ့ မေလ ၃ ရက်က ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာနေ လုံးလှကျော်ဆိုသူ ရှမ်းအမျိုးသားတဦးကို အဲဒီရွာကို ရောက်လာတဲ့ အစိုးရစစ်တပ်ဘက်က ရွာနဲ့မနီးဝေးမှာရှိနေတဲ့ တီအန်အယ်လ်အေ ခေတ္တစခန်းချ သွားခဲ့ရာ အရပ်ကို လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့ပြီး မိုင်းနင်းမိတဲ့အတွက် လမ်းပြအဖြစ် ခေါ်ဆောင်ခံရသူ အရပ်သားဟာ ဒဏ်ရာရခဲ့တယ်လို့ ဦးစိုင်းထွန်းဉာဏ်က ပြောပါတယ်။

သူတို့ကျောက်မဲဒေသမှာ အဲဒီလို ကိစ္စတွေအပါအဝင် အခြားလက်နက်ကိုင်တွေဘက်ကလည်း လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိနေတဲ့အတွက် အခုလို ကိစ္စတွေ ပပျောက်အောင် လွှတ်တော်မှာ အဆိုတင်သွင်း ကန့်ကွက် ရှုတ်ချဖို့ ကြိုးစားရတာလို့ သူက ပြောပါတယ်။

စစ်မက်ရေးရာနဲ့ စစ်မြေပြင်အတွင်း လမ်းပြအဖြစ် အရပ်သားတွေကို ခေါ်ဆောင်မှုကို ခွင့်မပြုကြောင်း စစ်တပ်အရာရှိကြီးတွေက ပြောနေပေမယ့် အောက်ခြေမှာတော့ လမ်းပြအဖြစ် ခေါ်ဆောင်ခံရမှုတွေရှိနေပြီး မကြာခဏ သေကျေဒဏ်ရာရတာတွေ ဖြစ်နေတယ်လို့ ဦးစိုင်းထွန်းဉာဏ်က ဘီဘီစီကို ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

စီမံဘဏ္ဍာဝန်ကြီးနေရာ ဦးစိုးဝင်း ကို ခန့်အပ်မှု လွှတ်တော်အတည်ပြု

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးနေရာအတွက် ခန့်အပ်ခံရတဲ့ ဦးစိုးဝင်း ကို တွေ့ရစဉ်/ Photo: Mar Mar Swe's Facebook
လစ်လပ်နေတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာအတွက် ဦးစိုးဝင်းကို ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ခန့်အပ်လိုက်လိုက်ပါတယ်။

နိုင်ငံတော်သမ္မတက ဦးစိုးဝင်းကို ပြည်ထောင်စုဝန်ကြီး အမည်စာရင်းတင်သွင်းခဲ့ပြီး ဒီကနေ့ကျင်းပ တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ  ကန့်ကွက်သူမရှိတဲ့အတွက် အတည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့ပါတယ်။

‘’စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးစိုးဝင်းအား ခန့်အပ်တာဝန်ပေး လိုကြောင်း နိုင်ငံတော်သမ္မတရဲ့တင်ပြချက်ကို ၂၈. ၅. ၂၀၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာကြေညာခဲ့ပြီးဖြစ်ပါတယ်၊ ယင်းပုဂ္ဂိုလ်နဲ့ စပ်လျဉ်းပြီး ကန့်ကွက်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းပေးပို့ရမယ့် နောက်ဆုံးသတ်မှတ်ချိန်ထိ ကန့်ကွက်ချက်တစ်စုံတရာမရှိတဲ့အတွက် ဦးစိုးဝင်း အား စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်ကသဘောတူကြောင်း ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၂၈ နဲ့အညီ ကြေညာပါတယ်။’’

အဂတိလိုက်စားမှုနဲ့ စွပ်စွဲခံထားရပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရာထူး က နှုတ်ထွက်သွားခဲ့တဲ့ ဦးကျော်ဝင်းရဲ့ နေရာမှာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းဟာ အသက် ၈၀ ရှိပြီဖြစ်ပြီး လက်ရှိပြည်ထောင်စုအစိုးရအဖွဲ့ထဲမှာ အသက်အရွယ်အကြီးဆုံးလည်းဖြစ်ပါတယ်။

ဦးစိုးဝင်းကို မွန်ပြည်နယ် မော်လမြိုင်မြို့မှာ လွန်ခဲ့တဲ့ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ဝိဇ္ဇာ၊ ဥပဒေဝိဇ္ဇာ၊ စီမံခန့်ခွဲရေးဒီပလိုမာ (BA, BL.,DMA) ဘွဲ့ရရှိခဲ့သူ ဖြစ်ပြီး Deloitte Touche Myanmar Vigour Advisory Limited မှာ Country Managing Partner အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese

နိုင်ငံတကာနဲ့ ဆက်ဆံရေးလျော့နည်းခဲ့

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူကို ၂ဝ၁၈ ခုနှစ် မေလ ၃၁ ရက်နေ့က တွေ့ရစဉ် / Photo: Win Ko Ko Latt/RFA
မြန်မာနိုင်ငံဟာ ရခိုင်အရေးကိစ္စကြောင့် အမေရိကန်ပြည်ထောင်စု၊ ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေးနွေးထွေးမှု လျော့နည်းခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။

နေပြည်တော်မှာ ဒီနေ့ ပြုလုပ်ခဲ့တဲ့  နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် အစိုးရဝန်ကြီးဌာနတွေရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံတကာဆက်ဆံရေးအပေါ် ဦးမြင့်သူက ပြောခဲ့တာပါ။

အစိုးရရဲ့ ပထမ တစ်နှစ်တာကာလအတွင်းမှာ နိုင်ငံတကာဆက်ဆံရေးမှာ သိသာတဲ့ တိုးတက်မှုတွေရခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂ဝ၁၆၊ ၂ဝ၁၇ ခုနှစ် ရခိုင်ပြည်နယ်မှာ ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအပြီး အထင်အမြင် လွဲမှားမှုတွေ၊ ဖိအားပေးမှုတွေရှိခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာအစိုးရရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွေမှာတော့  နိုင်ငံတကာက ဆက်လက်ထောက်ခံတဲ့ အနေအထားရှိတယ်လို့လည်း ဦးမြင့်သူက ပြောပါတယ်။

အစိုးရအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ စိန်ခေါ်မှုတွေ၊ ဖိအားတွေကို တုန့်ပြန်ဖြေရှင်းနေသလို တဖက်ကလည်း ချမှတ်ထားတဲ့ ဘက်မလိုက်မူဝါဒတွေနဲ့အညီ ဆောင်ရွက်နေတယ်လို့ ဦးမြင့်သူက ပြောပါတယ်။

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသူတွေ ပြန်လည်လက်ခံရေးကိစ္စကို ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရနဲ့ UNHCR တို့ မကြာခင် လက်မှတ်ရေးထိုးမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။

မြန်မာအစိုးရဟာ ၁၉၉၃ ခုနှစ်ဝန်းကျင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံ ခဲ့တဲ့ အစီအစဉ်မှာလည်း UNHCR နဲ့ ပထမအကြိမ် လက်မှတ်ရေးထိုးခဲ့ဖူးပါတယ်။

ဒီကနေ့ နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနမှာကျင်းပတဲ့ အစိုးရရဲ့ ဒုတိယတနှစ်တာကာလ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့က ရှင်းလင်းခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ အစိုးရရဲ့ ဒုတိယတနှစ်တာကာလ သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ နောက်ဆုံးကျင်းပတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese

ပင်လယ်တွင် လှေမှောက်၍ မျောပါလာသူ ရခိုင်လူမျိုး ခုနစ်ဦးအား ကယ်ဆယ်ကူညီ


လပွတ္တာ မေ ၃ဝ

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် သစ်ပုတ်ကျေးရွာအုပ်စု ကွင်းပေါက်ကျေးရွာ သောင်ပေါ်သို့ စက်လှေမှောက်ပြီး ပင်လယ်ရေ နှင့် မျောပါလာသူ ရခိုင်လူမျိုးခုနစ်ဦးကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က မေ ၃ဝ ရက် နံနက် ၈ နာရီတွင် အသက်ကယ်တင် ကူညီပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၁၂ ရက်တွင် စက်လှေ ပိုင်ရှင်ပါ ရေလုပ်သားခုနစ်ဦးတို့သည် ရခိုင် ပြည်နယ် သံတွဲမြို့နယ်မှ ပင်လယ်ပြင်သို့ မျှောပိုက်ငါးဖမ်းလုပ်ငန်း ဆောင်ရွက်ရန် ထွက်ခွာလာခဲ့သည်။ မေ ၂၆ ရက်တွင် ပင်လယ် ပြင်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ရေနံစင် အထက် ကမ်းခြေနှင့် မိုင် ၆ဝ ခန့်အကွာတွင် စက်လှေတိမ်းမှောက်ခဲ့ရာ လပွတ္တာမြို့နယ် သစ်ပုတ်ကျေးရွာအုပ်စု ကွင်းပေါက်ကျေးရွာ သောင်ဘက်သို့ ပင်လယ်ရေနှင့်အတူ မျော ပါလာခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ က မျောပါလာသူ ရေလုပ်သားခုနစ်ဦးတို့အား ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ပို့ဆောင်ခြင်း၊ အဝတ်အထည်၊ အစားအသောက်များ ပေအပ်ခြင်းအပြင် ကျန်းမာရေးစောင့်ရှောက် ခြင်းတို့ကိုလည်း ကူညီပေးခဲ့ကြောင်း သိရ သည်။

ငါးဖမ်းစက်လှေပိုင်ရှင်မှာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် နေထိုင်သည့် ဦးသန်းမြင့် အသက်(၄၃)နှစ်ဟု သိရပြီး ကျေးရွာအုပ်ချုပ် ရေးမှူးက နယ်မြေခံရဲစခန်းနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးသို့ သတင်း ပေးပို့ထားကြောင်း သိရသည်။

မောင်ချစ်ဦး(ပန်းတနော်)
The Mirror Daily
https://www.facebook.com/TheMirrorDaily/

မူဆယ်မြို့ မြန်မာ-တရုတ် ဝင်၊ထွက်ဂိတ်များ၌ တရုတ်နိုင်ငံဘက်မှ စိစစ်မှုများကြောင့် ကုန်သည်နှင့် ခရီးသွားများ အခက်ကြုံ


မူဆယ် မေ ၃ဝ

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ ဝင်၊ထွက်ဂိတ် များတွင် တရုတ်ဘက်ခြမ်းက တင်း ကျပ်သောစိစစ်စစ်ဆေးမှုများ ပြုလုပ် လာသဖြင့် တရုတ်ပြည် ကြယ်ဂေါင် နှင့် ရွှေလီသို့ နေ့စဉ်သွားလာ အလုပ် လုပ်နေကြသည့် မြန်မာအလုပ်သမား များ၊ ကုန်သည်များ၊ အဝယ်တော်များ နှင့် ခရီးသွားဧည့်သည်များအားလုံး အခက်အခဲနှင့် ရင်ဆိုင်နေကြရ သည်။

တရုတ်ပြည် နယ်စပ်ကာကွယ် စုံစမ်းစစ်ဆေးရေးဌာန (လူဝင်မှု ကြီးကြပ်ရေးဌာနခွဲ)သည် မူဆယ်မြို့ရှိ ဆင်ဖြူ၊ နန်းတော်၊ မန်ဝိန်းစသည့် နှစ်နိုင်ငံ ဝင်၊ထွက်ဂိတ် သုံးခုမှ ဖြတ် သန်းလာသည့် မြန်မာနိုင်ငံသားများ အား တရုတ်စစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံသား တစ်ဦးချင်းစီ၏ လက်ချောင်းအားလုံးကို လက်ဗွေရယူ ခြင်း၊ မျက်နှာအား Scan ဖတ်၍ မှတ်တမ်းတင်ခြင်း၊အမည်၊ မှတ်ပုံတင် အမှတ်စသည့် ကိုယ်ရေးအကျဉ်း ရယူခြင်းတို့ကို စိစစ်မှတ်တမ်းယူပြီး မှသာ တရုတ်ပြည်အတွင်း ဝင်ရောက် ခွင့်ပြုကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် နေထိုင်သူများက နှစ်နိုင်ငံနယ်စပ် ဖြတ်သန်းခွင့် စာအုပ် BP(Border Pass) ဖြင့်လည်းကောင်း၊ တခြားဒေသ မှ လာရောက်သူများက ယာယီ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်TBP(Temporary Border Pass) ဖြင့် လည်းကောင်း မြန်မာဂိတ် သုံးခုမှ နေ့စဉ် ပျမ်းမျှလူဦးရေ ၁ဝဝဝဝ နှုန်း ဝင်၊ထွက်နေကြောင်း သိရ သည်။

''မနက် ၆ နာရီက စပြီး တန်းစီတာ ကိုယ့်အလှည့်က ၁ဝ နာရီလောက်မှ ရောက်တာဆိုတော့ အချိန်တွေကုန်၊ အလုပ်တွေပျက်တာပေါ့၊ နောက်ပြီး မိုးရွာထဲမှာ အမိုးအကာမရှိ စောင့်နေ ရတော့ ကလေးအမေတွေ၊ သက်ကြီး ရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေဆိုရင် ဒုက္ခရောက်တာပေါ့''ဟု မူဆယ်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ဆရာမောင်(မူဆယ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily/

ညအချိန် ဓါးများကိုင်ဆောင်၍ ခြံဝင်းအတွင်းမှ ဆိုင်ကယ် ခိုးယူသည့်​ ဆိုင်ကယ်ခိုးဂိုဏ်းအား ဖမ်းဆီးရမိ

ညအချိန် ဓါးများကိုင်ဆောင်၍ ခြံဝင်းအတွင်းမှ ဆိုင်ကယ် ခိုးယူသည့်​  ဆိုင်ကယ်ခိုးဂိုဏ်းအား ရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိ
ညအချိန် ဓါးများကိုင်ဆောင်၍ နေအိမ်ခြံဝင်းတံခါးကို ကတ်တာဖြင့်ဖြတ်ခါ ခြံဝင်းအတွင်းမှ ဆိုင်ကယ်အား ခိုးယူခဲ့သည့် ဆိုင်ကယ်ခိုးဂိုဏ်းကို ရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မေလ ၁၉ရက်နေ့ ည ၇နာရီအချိန်ခန့်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၈လမ်း၊ ၇၆×၇၇လမ်းကြားနေ မောင်ကောင်းမြတ်စိုးသည် ၎င်းပိုင် WR Yamaha 200 အမျိုးအစား ဆိုင်ကယ်အား နေအိမ်ခြံဝင်းအတွင်း ထားရှိခဲ့ကြောင်း၊ မေလ ၂၀ရက်နေ့ နံနက် ၇နာရီအချိန်ခန့်တွင် အဆိုပါဆိုင်ကယ်မှာ ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် CCTV မှတ်တမ်းများအား ပြန်လည်ကြည့်ရှုသည့်အခါ လူငယ်(၅)ဦးမှ ဓါးများကိုင်ဆောင်၍ နေအိမ်ခြံဝင်းတံခါးကို ကတ်တာဖြင့်ဖြတ်ခါခြံဝင်းအတွင်းမှ ဆိုင်ကယ်အားခိုးယူသွားကြောင်းသိရှိရသဖြင့်အမှတ်(၈)မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ရာ ရဲစခန်းမှ (ပ)၃၀၀/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

အဆိုပါဖြစ်စဉ်အပေါ် ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် အမှတ်(၈)မြို့မရဲစခန်း နယ်ထိန်းအရာရှိ ရဲအုပ်ထင်လင်းကျော်နှင့်အဖွဲ့သည် တိုင်း/ခရိုင် မှုခင်းနှိမ်နှင်းရေးအဖွဲ့များနှင့်အတူ ပူးပေါင်း၍စုံစမ်းခဲ့ရာ ပျောက်ဆုံးသွားသော ဆိုင်ကယ်နှင့်တူသည့် ဆိုင်ကယ်မှာ မတ္တရာမြို့ရှိ ဘိလိယက်ခုံတစ်ခုသို့ လူငယ်(၂)ဦးစီးနင်း၍ လာရောက်လေ့ရှိပြီး ဆိုင်ကယ်စီးလာသည့် လူငယ်(၂)ဦးမှာလည်း အလုပ်အကိုင် အတည်တကျမရှိသူများဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

စုံစမ်းရရှိသည့် သတင်းအပေါ် မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့် ရဲအုပ်ထင်လင်းကျော်နှင့်အဖွဲ့သည် မတ္တရာမြို့မရဲစခန်း နယ်ထိန်းအရာရှိ ရဲအုပ်ထွန်းဝင်းအဖွဲ့နှင့်ပူးပေါင်းကာ ဘိလိယက်ခုံဝန်းကျင်တွင်စောင့်ကြည့်နေစဉ် မေလ ၂၉ရက်နေ့ ည ၁၁နာရီအချိန်ခန့်တွင် ခိုးယူခံရသည့်ဆိုင်ကယ်အား မောင်းနှင်ရောက်ရှိလာသည့် ပိုင်စည်သူ(ခ)ပိုင်ကြီး၊ (၂၀)နှစ်၊ (ဘ)ဦးမောင်နိုင်ထွန်း၊ အမှတ် ၅ရပ်ကွက်၊ ဘုရင့်နောင်ရပ်၊ မတ္တရာမြို့နေသူနှင့် တစ်ရပ်တည်းနေ နို့စို့(ခ)အငယ်လေး၊ (၁၉)နှစ်၊ (ဘ)ဦးလှရွှေတို့နှစ်ဦးအား ဖမ်းဆီး၍ စစ်ဆေးခဲ့သည်။


ထိုသို့စစ်ဆေးချက်အရ ပိုင်စည်သူ(ခ)ပိုင်ကြီးနှင့် နို့စို့(ခ)အငယ်လေးတို့သည် အဆိုပါဆိုင်ကယ်အား မေလ ၂၀ရက်နေ့ နံနက် ၃နာရီအချိန်ခန့်တွင် အမှတ်(၅)ရပ်ကွက်နေသူများဖြစ်သည့် အောင်ကျော်ဦး၊ ငစန်း၊ အမှတ်(၄)ရပ်ကွက်နေ ငပန့်တို့နှင့်အတူ ခိုးယူခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် ပူးပေါင်းပါဝင်ခဲ့သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်စဉ် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

ဖမ်းဆီးရမိသူ(၂)ဦးအား ဆက်လက်စစ်ဆေးချက်အရ ၎င်းတို့သည် အမှတ် ၅ရပ်ကွက်နေ ဒိုးဒိုး(ခ)သူရိန်ကောင်းကင်ကြည်၊ (၁၉)နှစ်၊ (ဘ)ဦးကျော်စွာဝင်း၊ အမှတ်၅ရပ်ကွက်၊ အောင်ချမ်းသာရပ်၊ မတ္တရာမြို့၊ တုံးတိ(ခ)ကျော်ကျော်ထွန်း၊ (၁၉)နှစ်၊ (ဘ)ဦးမန်းအေး၊ အမှတ် ၂ရပ်ကွက်၊ဘူတာတောင်ရပ်၊ မတ္တရာမြို့၊ ဘိုဝင်းအေး၊ (၁၉)နှစ်၊ (ဘ)ဦးမန်းအေး၊အမှတ် ၂ရပ်ကွက်၊ ဘူတာတောင်ရပ်၊ မတ္တရာမြို့နေသူတို့နှင့်အတူ အခြားဆိုင်ကယ်များခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်၍ ဒိုးဒိုးပါ(၃)ဦးကို မေလ ၃၀ရက်နေ့ နံနက် ၃နာရီအချိန်တွင် ၎င်းတို့၏ နေအိမ်အသီးသီးမှ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ခိုးယူခဲ့သည့် Click ဆိုင်ကယ်အနီရောင် နှစ်စီးနှင့် ခဲရောင်တစ်စီး၊ ဖျက်စီးပြီး Scoppy ဆိုင်ကယ်တစ်စီး၊ MXS ဆိုင်ကယ်တစ်စီး၊ စုစုပေါင်း ဆိုင်ကယ်(၅)စီး ထပ်မံသိမ်းဆည်းရမိခဲ့ကာ ခိုးယူခဲ့သည့်ဆိုင်ကယ်များအနက် Click ဆိုင်ကယ်အနီရောင်တစ်စီးမှာ အမှတ်(၈)မြို့မရဲစခန်းအပိုင် ၂၇×၈၄လမ်းထောင့်မှ ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သက်ဆိုင်ရာရဲမှတ်တမ်းများအရ သိရသည်။

ဖမ်းဆီးရမိသူများနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုသည့် သက်သေခံပစ္စည်းများသိမ်းဆည်းရမိရေးနှင့် အခြားလိုအပ်သည်များ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal

ဟားခါးမီးလောင်မှူ လူ ၃ ဦးသေဆုံး


ချင်းပြည်နယ် ဟားခါးမြို့တွင် ယမန်နေ့ည သန်းခေါင်ကျော်အချိန်ခန့်က မီးလောင်းကျွမ်းမှုဖြစ်ပွားပြီး ဟားခါးမြို့ နာရီစင်အနီး ပုလဲစတိုးဆိုင်အပါအ၀င် လူနေအိမ်များမီးလောင်ကျွမ်းမှုကြောင့် အမျိုးသမီး (၃)ဦး(Van Bawi Zi, Daw Vui Cer, A HAN NU) သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု ကနဦးသတင်းအရ သိရသည်။ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကိုမူ မသိရသေးပေ။

(Photos- ဟားခါး (ပြန်/ဆက်) ၊ The Chinland Post)
Khonumthung Burmese

ဧရာဝတီတိုင်းအတွင်း လှေ၊ သင်္ဘောများ ခိုးယူနေသောဂိုဏ်းအား ဖော်ထုတ် ဖမ်းဆီးနိုင်


ဖျာပုံ မေ ၃ဝ

ဧရာဝတီတိုင်းဒေသကြီးအတွင်း သင်္ဘောသူခိုးဂိုဏ်းအဖွဲ့က ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များနှင့် အခြားမြို့နယ်များမှ ခိုးယူရောင်းချထားသော သင်္ဘောများကို ဖျာပုံခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ဒုရဲအုပ်ဇော်ထိုက်နှင့် တပ်ဖွဲ့ဝင်များ၊ ဖျာပုံမြို့မရဲစခန်း နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒုရဲအုပ်နိုင်အောင်ထွန်းနှင့် တပ်ဖွဲ့ဝင်များက သတင်းအရ မေ ၂၃ ရက်မှစတင်ပြီး လပွတ္တာတာခရိုင်၊ မြောင်းမြခရိုင်အတွင်း ခိုးယူသွားသောသင်္ဘောများအား လိုက်လံစုံစမ်းသိမ်းဆည်းပြီး မေ ၃ဝ ရက် မွန်းလွဲ ၃ နာရီတွင် ဖျာပုံမြို့သို့ သင်္ဘောများနှင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

''သင်္ဘောက မနှစ်က တန်ဆောင် မုန်းလက ပျောက်သွားတာပါ၊ မမျှော်လင့် ဘဲ သင်္ဘောပြန်တွေ့တော့ ပျော်လည်း ပျော်တယ်၊ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူ ပါတယ်'' ဟု သင်္ဘောပိုင်ရှင် မအူပင် မြို့နယ် ကျွဲတုန်းကျေးရွာနေ ဒေါ်ဝင်းမာမာ က ပြောသည်။

''သင်္ဘောပျောက်သွားတာ မမျှော် လင့်ဘဲ ပြန်တွေ့တော့ ဝမ်းသာအားရဖြစ်မိ ပါတယ်''ဟု ညောင်တုန်းမြို့နယ် မယ်ဇလီ ကျေးရွာအုပ်စုနေ သင်္ဘောပိုင်ရှင် ဦးသန်းဝင်းက ပြောသည်။
''ဆုံးပြီလို့ သတ်မှတ်ထားတဲ့ သင်္ဘောတွေ ပြန်တွေ့တော့ အလွန်ဝမ်း သာပါတယ်၊ အခုလို လိုက်ဖမ်းပေးတဲ့ အဖွဲ့ကို ကျေးဇူးတင်ပါတယ် '' ဟု ကျိုက်လတ်မြို့နယ်နေသူ ဒေါ်သန္တာဝင်း က ပြောသည်။

''သင်္ဘောက ၂ဝ၁၈ ခုနှစ် မတ်လ ပိုင်းက တစ်စင်း၊ မေလပိုင်းက တစ်စင်း ခိုးခံရတာပါ၊ သံခွံသင်္ဘောတစ်စင်းတော့ ပြန်ရတယ်၊ ပျော်တာတော့ မပြောနဲ့ ရင်ထဲမှာအပြည့်ပဲ''ဟု သင်္ဘောပိုင်ရှင် ဦးနိုင်ဝင်းက ပြောသည်။

''အဓိက တရားခံကို မိတယ်၊ ပထမ အခေါက်က သင်္ဘော ငါးစင်း၊ ယခု အခေါက်မှာ သင်္ဘော ၃၃ စင်း၊ မြောင်းမြ ခရိုင်အတွင်းမှာ ဖော်ထုတ်သိမ်းဆည်းခဲ့ တယ်၊ ခုနစ်ရက်လောက်ကြာပါတယ်'' ဟု ဖျာပုံခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့ ခေါင်းဆောင် ရဲအုပ်ဇော်ထိုက်က ပြောသည်။

''အနယ်နယ်အရပ်ရပ်ကို လိုက်သိမ်း တော့ ပထမ သင်္ဘော ငါးစင်း၊ အခု ဖျာပုံ မြို့ကို သယ်လာတာ သင်္ဘော ၃၃ စင်းကို သင်္ဘော အမှန်တကယ်ပိုင်ဆိုင်ကြောင်း အထောက်အထားတွေရှိရင် သင်္ဘော ပိုင်ရှင်တွေကို ပြန်ပေးမှာပါ''ဟု ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းရွှေက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးသည် မြစ် ချောင်းပေါများသော တိုင်းဖြစ်ပြီး လှေ၊ သင်္ဘောများကို အဓိကအသုံးပြုသော ဒေသဖြစ်သောကြောင့် လှေခိုးခံရမှု၊ သင်္ဘောအခိုးခံမှုများလည်း ရှိနေ ကြောင်း၊ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ လပွတ္တာပိုင် ရွှေပြည်သာ၊ ပြင်ရွာ၊ လူတော်ရွာ၊ ချောင်း ခွဲကြီး၊ ငုတော၊ သောင်စု စသော ကျေးရွာ များမှ ပထမအကြိမ် ငါးစင်း၊ ယခုအကြိမ် ၃၃ စင်း၊ သွားရောက်သိမ်းဆည်းသည့် ကျေးရွာတွင် အပ်ထားခဲ့သော ခုနစ်စင်း စုစုပေါင်း ၄၅ စင်း သိမ်းဆည်းရမိကြောင်း မှုခင်းနှိမ်နင်းရေးအဖွဲ့မှ သိရပြီး သင်္ဘော များအား အထောက်အထားခိုင်လုံစွာ ပြသနိုင်သော ပိုင်ရှင်များထံသို့ ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ သင်္ဘောပျောက်ဆုံးနေသော ပိုင်ရှင်များ ကလည်း ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ဓါတ်ပုံ - ကျော်စိုးမိုး (facebook)
ကျော်စိုးမိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

မြန်မာနိုင်ငံကုန်းတွင်းပိုင်းသို့ မုန်တိုင်းငယ်ဝင်ရောက် တိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၃၉ဝ ကျော် ဘေးသင့်


နေပြည်တော် မေ ၃ဝ

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် အပူပိုင်းမုန်တိုင်းငယ်သည် မေ ၂၉ ရက်က ရခိုင်ကမ်းရိုးတန်းဒေသမှတစ်ဆင့် ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက် မှုကြောင့် မေ ၃ဝ ရက် ညနေပိုင်းအထိ မြို့နယ်အသီးသီးမှ အိမ်ခြေ ၁၃၉၇ လုံး ဘေးသင့် ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ မုန်တိုင်းငယ်ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ အိမ်ခြေ ၄၃ အိမ်ဘေးသင့် ခဲ့ကာ လူသုံးဦးသေဆုံးခဲ့သည်။ အလားတူ မကွေးတိုင်းဒေသကြီးတွင် ၄၄၇ အိမ်၊ ပဲခူး တိုင်းဒေသကြီးတွင် ၉၁ အိမ်၊ ကရင်ပြည်နယ်တွင် ၁၉ အိမ် ၊ မွန်ပြည်နယ်တွင် ကိုးအိမ်၊ မ္တလေးတိုင်းဒေသကြီးတွင် သုံးအိမ်၊ နေပြည်တော်တွင် နှစ်အိမ်နှင့် ရန်ကုန်တိုင်းဒေသကြီး တွင် ၇၈၃ အိမ် စုစုပေါင်း အိမ်ခြေ ၁၃၉၇ အိမ် ပျက်စီးခဲ့ကာ လူဦးရေ ၄၆၆၄ ဦး ဘေးသင့် ခဲ့ပြီး လေးဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိကြောင်း သိရသည်။

အဆိုပါဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းနှင့် သေဆုံးထောက်ပံ့မှု စုစုပေါင်း ငွေကျပ် ၁၃၉၄၉ဝဝဝ နှင့် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်း တန်ဖိုးငွေ$ကျပ် ၁ဝ၇၃၈၄ဝ၄ ကို ထောက်ပံ့ပေးအပ်ထားပြီးဖြစ်ကာ ထိခိုက်ဆုံးရှုံးမှုများအား ဆက်လက်စိစစ်ဆဲဖြစ်ပြီး ထောက်ပံ့မှုများလည်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်ဦး(မြန်မာ့အလင်း)၊ ဓာတ်ပုံ - သီဟစည်သူ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

တပ်မတော်လှူဒါန်းပွဲ အရှင် ဝီရသူ ရှေ့ဆုံးတန်းက ပါဝင်

(ဓါတ်ပုံ ကရက်ဒစ်- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖေ့စ်ဘုတ်)

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုတွေက မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှာရှိတဲ့ စာသင်သား သုံးထောင်နီးပါး ကို မေလ ၃ဝ ရက်နေ့ မနေ့က လှူဖွယ်ပစ္စည်းတွေနဲ့ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ Facebook စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

အဲဒီ အလှူပေးအပ်ပွဲ အခန်းအနားသတင်းမှာ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးတွေရဲ့ ဓါတ်ပုံကို ဖေါ်ပြထားပြီး ရှေ့ဆုံးတန်းမှာ အရှင် ဝီရသူ ကိုမြင်တွေ့ရပါတယ်။

(ဓါတ်ပုံ ကရက်ဒစ်- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖေ့စ်ဘုတ်)
မေလ ၂၉ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဘာသာရေးလွတ်လပ်မှုဆိုင်ရာ အစီရင်ခံစာမှာ အရှင် ဝီရသူဟာ လူမျိုးရေးနဲ့ ဘာသာရေး အမုန်းတရားတွေ ပျံ့ပွါးအောင် ဆက်လက်ဆောင်ရွက် နေကြောင်း ဖေါ်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

အိမ်ဖော်သေဆုံးမှု တပ်မတော် လာစစ်ဆေး

 သေဆုံးသူ မကရင်မ အိမ်ကိုလာကြတဲ့ အုတ်ဖိုရွာသားတွေ
လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာ တပ်ရင်း အရာရှိ ရိပ်သာမှာ နေတဲ့ ဗိုလ်မှူး ကတော် ဒေါ်သိင်္ဂီစု နှိပ်စက်လို့ အိမ်ဖော် အမျိုးသမီး သေဆုံးခဲ့ရတယ် ဆိုတဲ့ အမှုနဲ့ ပတ်သက်လို့ တပ်မတော် အရာရှိတွေပါတဲ့ အဖွဲ့က အဲဒီ အိမ်ဖော်ရဲ့ ရွာက အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေကို သွားရောက် စုံစမ်း မေးမြန်း ခဲ့ကြပါတယ်။

ရွာလူကြီးတွေကို တွံတေးမြို့နယ် ရဲစခန်းမှာ မေလ ၃ဝ ရက်က ခေါ်ယူ စစ်မေး ခဲ့တာဖြစ်ပါတယ်။

အိမ်ဖော် အမျိုးသမီးကို ပြန်လိုက်ပို့တုန်းက ဒေါ်သိင်္ဂီစုရဲ့ ခင်ပွန်း ဗိုလ်မှူးပါ ပါမပါ ဆိုတာ သံချပ်ကာ တပ်ရင်းက ဗိုလ်မှူးမျိုးကျော်သူက ရွာလူကြီး တွေကို လာမေးတာဖြစ်ပြီး တကယ်လို့ လိုက်ပါ လာတယ် ဆိုရင် တပ် စည်းကမ်းအရ အရေးယူနိုင်အောင် လာစုံစမ်းတာလို့ ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇင်းဦးက ဘီဘီစီကို ပြောပါတယ်။

ကိုယ်တိုင် မေးမြန်း ခံခဲ့ရသူ ခတ္ထိယ ကျေးရွာ အုပ်ချုပ်ရေးမှူး ကိုဝဏ္ဏစိုးက သူနဲ့ ရပ်မိရပ်ဖ နောက်ထပ် လေးယောက်ကို ဗိုလ်မှူးအဆင့်ရှိသူက လာရောက် မေးမြန်းခဲ့တယ်လို့ ပြောပါတယ်။

မကရင်မကို လာပို့ခဲ့တုန်းက ဒေါ်သိင်္ဂီစုရဲ့ ခင်ပွန်း ဗိုလ်မှူးပါမပါ ဆိုတာအပြင် ဘယ်သူတွေ ပါဝင်တယ်၊ ဘယ်သူတွေ အနားမှာ ရှိနေခဲ့တယ် ဆိုတာတွေ သူ့ကို မေးခဲ့တယ်လို့ ကိုဝဏ္ဏစိုးကပြောပါတယ်။

သူတို့ကလည်း လာပို့တုန်းက ဗိုလ်မှူး မပါတဲ့ အကြောင်းပြောလိုက်တယ်လို့ ဆိုပါတယ်။

အခုလာရောက် မေးမြန်းခဲ့တာတွေကို ရေးသား မှတ်ယူသွားပြီး မှန်ကန်ကြောင်း လက်မှတ်ထိုးဖို့ နောက်တခါ ပြန်လာဦးမယ်လို့ လာစစ်တဲ့ ဗိုလ်မှူးက ပြောတယ် လို့လည်း သူက ဆိုပါတယ်။
ကျန်ရစ်တဲ့ကလေးတွေအတွက် ရပ်မိရပ်ဖတွေနဲ့ လွှတ်တော် အမတ်တွေကူညီနေ
ဒါ့အပြင် အဲဒီဗိုလ်မှူးကပဲ တွံတေး ရဲစခန်းမှာ ချုပ်နှောင်ထားတဲ့ ဒေါ်သိင်္ဂီစုကို အင်းစိန် အကျဉ်းထောင်ကို ပြောင်းရွှေ့ခေါ်သွားပြီလို့ ပြောကြောင်း ကိုဝဏ္ဏစိုးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၈ ရက်ကတော့ တွံတေးမြို့နယ်မှူးနဲ့ ခလောက်ချိုင်ရွာ ရဲစခန်းမှူးတို့က အင်းတိုင်က ဒေါ်သိင်္ဂီစု နေအိမ်ကို သွားပြီး သက်သေခံ ပစ္စည်းတွေ သိမ်းယူ ခဲ့ကြတယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇင်ဦးက ပြောပါတယ်။

မေလ ၁၉ ရက် မနက်က မကရင်မ ကို ဒေါ်သိင်္ဂီစုက ပြန်လာပို့အပြီး နာရီပိုင်း အတွင်းမှာ သေဆုံးသွားခဲ့ ပြီးနောက် သူ့ကို ဖမ်းဆီး ချုပ်နှောင်ထားခဲ့ပါတယ်။

မေလ ၂၁ ရက်မှာတော့ အုတ်ဖိုကျေးရွာ ရာအိမ်မှူးက တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ကျန်ရစ်သူ မကရင်မ မိသားစုအတွက် ဥပဒေကြောင်းအရ အကူအညီပေးနိုင်ဖို့ ရပ်မိရပ်ဖတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တိုင်ပင် ဆောင်ရွက်နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

ကျောင်းသင်ရိုးမှာ နှစ်နိုင်ငံ သမိုင်းတည်းဖြတ်ခွင့် ပညာရေး သဘောတူမှု အစ္စရေး-မြန်မာ ချုပ်ဆို

အစ္စရေး ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Tzipi Hotovely က သူ့တွစ်တာမှာ ကြေညာခဲ့သလို အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်လင်း တို့ အစ္စရေးနဲ့မြန်မာတို့ ပညာရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်တရပ်ကို တနင်္လာနေ့က အစ္စရေးနိုင်ငံမှာ လက်မှတ်ရေးထိုးနေစဉ်
အစ္စရေးနဲ့မြန်မာတို့ကြား ပညာရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တရပ်ကို တနင်္လာနေ့က လက်မှတ်ရေးထိုး ခဲ့ကြပါတယ်၊၊ အခုလို သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တဲ့အကြောင်း အစ္စရေး ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Tzipi Hotovely က သူ့တွစ်တာမှာ ကြေညာခဲ့သလို အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်လင်း နဲ့ လက်မှတ်ရေးထိုးတဲ့ ပုံကိုပါ တွစ်တာမှာ တင်ခဲ့ပါတယ်။

ဒီသဘောတူညီချက်အရ holocaust လို့ခေါ်တဲ့ ဂျူးလူမျိုးတွေကို နာဇီတွေ အဆိပ်ဓါတ်ငွေ့ပေး သတ်ဖြတ်ခဲ့တဲ့ကိစ္စ၊ မတူကွဲပြားမှုကို လက်မခံတဲ့ကိစ္စ၊ လူမျိုးရေးခွဲခြားတဲ့ကိစ္စ၊ ဂျူးဆန့်ကျင်ရေးနဲ့ နိုင်ငံခြားသားကြောက်ရွံ့စိတ်တို့ဟာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ဖြစ်စေတယ်ဆိုတာ မြန်မာနိုင်ငံရဲ့ ကျောင်းသင်ခန်းစာမှာ ထည့်သွင်းသွားနိုင်ဖို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ အစ္စရေးနိုင်ငံ Haaretz သတင်းဌာနက ဖော်ပြပါတယ်၊၊

ဒါ့အပြင် မြန်မာပညာရေးဆိုင်ရာ လေ့လာရေးအစီအစဉ်တွေကို အစ္စရေးက ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး Hebrew ဘာသာစကားနဲ့ မြန်မာဘာသာစကား သင်ကြားရေးအတွက်လည်း အပြန်အလှန် လုပ်ဆောင်ကြမယ်လို့ဆိုပါတယ်၊၊ ဒီသဘောတူညီချက် အကောင်အထည် ဖော်ရေးအတွက် နှစ်နိုင်ငံပူးတွဲ ကော်မတီတရပ်ကို ဖွဲ့စည်းပြီး ၃ နှစ်တကြိမ် တွေ့ဆုံကြမှာဖြစ်ပါတယ်၊၊

မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတို့က လက်နက်ရောင်းချမှု အပါအ၀င် ဒဏ်ခတ်ပိတ်ပင်ထားချိန်မှာ အစ္စရေးနိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ စစ်ရေးအပါအ၀င် ခေတ်မှီလက်နက်တွေ ရောင်းချတာတွေနဲ့ ဆက်ဆံမှုတွေတိုးပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ စက်တင်ဘာလထဲမှာတော့ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုမလုပ်ဖို့ အစ္စရေး အထက်တရားရုံးက တားမြစ်ခဲ့တာပါ။ ဒါပေမယ့် အစ္စရေး မြန်မာသံတမန်ဆက်ဆံရေးကတော့ ခိုင်ခိုင်မာမာရှိနေ တာပါ။

ဒီသီတင်းပတ်အတွင်း အစ္စရေးမှာ ကျင်းပတဲ့ နိုင်ငံပေါင်း ၂၀ ကျော်က သိပ္ပံနဲ့နည်းပညာ ဝန်ကြီးတွေ တက်ရောက်တဲ့ သိပ္ပံမူဝါဒဆိုင်ရာ အစည်းအဝေးကိုလည်း မြန်မာနိုင်ငံက ပါဝင်တက်ရောက်ခဲ့တာပါ။ မကြာသေးခင်က ဂျေရူစလင်မှာ အမေရိကန် သံရုံးသစ်ဖွင့်ပွဲ ကိုလည်း မြန်မာသံရုံးက ကိုယ်စားလှယ် တက်ရောက်ခဲ့တယ်လို့ အစ္စရေး နိုင်ငံထုတ် Haaretz သတင်းစာမှာ ဖေါ်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ