မကွေးတိုင်း သရက်မြို့တွင် မုန်တိုင်းငယ် တိုက်ခတ်မှုကြောင့် စက်လှေအစီး (၂၀)ကျော် နစ်မြုပ်


မြန်မာနိုင်ငံကုန်းတွင်းပိုင်းသို့ မုန်တိုင်းငယ်ဝင်ရောက်မှုနှင့်အတူ မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင်လည်း မိုးသက်လေပြင်းများ တိုက်ခတ်၍ ဧရာဝတီမြစ်ကမ်းတွင် ဆိုက်ကပ်ထားသော စက်လှေ(၂၁)စီး နစ်မြုပ်ခဲ့ ကြောင်း သိရှိရသည်။

အဆိုပါ စက်လှေများမှာ သရက်မြို့မှ အောင်လံမြို့သို့ ပြေးဆွဲသော နန်းထိုက်ဟိန်းကူးတို့လုပ်ငန်းရှိ မြင်းကောင် ရေ(၂၀)အောက် စက်တပ်ရေယာဉ်ငယ်(ပဲ့ထောင်)များဖြစ်ပြီး မေ ၃၁ ရက်၊ နေ့လယ်ပိုင်းအထိ စက်လှေ(၁၄)စီး ခန့်ကို ပြန်လည်ဆယ်ယူပြီးဖြစ်ကာ ကျန်စက်လှေများကို ဆက်လက်ဆယ်ယူနေကြောင်း သိရသည်။

"အရင်တုန်းကလည်း ကမ်းမှာဒီလိုပဲ ကြိုးချည်ပြီးကပ်ထားတာပဲ။ တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။အခုတစ်ခါပဲဖြစ်သွား တာ။ ပျက်စီးဆုံးရှုံးမှုစာရင်းတွေကို တွက်ချက်ပြီး မြို့နယ်အုပ်ချုပ်ရေးအဆင့်ကို တင်ပြသွားမှာပါ။"ဟု သရက်မြို့ အခြေစိုက် မြင်းကောင်ရေ (၂၀)အောက် စက်တပ်ရေယာဉ်ငယ်အသင်း ဥက္ကဌ ဦးကံမြင့်က ပြောသည်။


စက်လှေအသစ်တစ်စီးလျှင် အမျိုးအစားအလိုက် ကျပ်သိန်း(၃၀)မှ ကျပ်သိန်း(၆၀)ထိတန်ကြေးရှိပြီး စက်လှေများ လှေဦး ထိခိုက်ခြင်း၊ အမိုးထိခိုက်ခြင်းတို့ဖြစ်ပေါ်ခဲ့သောကြောင့် စက်လှေတစ်စီးလျှင် ကျပ် (၂)သိန်းမှ ကျပ်(၈)သိန်းဖိုးထိ ပျက်စီး ဆုံးရှုံးနိုင်ကြောင်း သိရသည်။

"စက်လှေက ကုန်းပေါ်ရောက်လာရင်တောင် ဖာရ၊ ထေးရဦးမှာနဲ့ ပြန်ပြင်ရမှာနဲ့ဆို ရက်ကကြာဦးမှာ၊ စက်လှေ မမောင်းရတော့ စားဝတ်နေရေးခက်ခဲသွားတာပေါ့။ အခုက ကျောင်းဖွင့်ရာသီလည်း ရောက်ပြီဆိုတော့ ကလေး တွေ ကျောင်းစရိတ်တွေ၊ ဘာတွေလည်း ခက်ခဲသွားတာပေါ့။"ဟု စက်လှေမောင်းသမားတစ်ဦးဖြစ်သူ ကိုထိုက်ဦးက ပြောသည်။စက်လှေများမှာ ကမ်းအနီးမှာပင် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး စက်လှေများနစ်မြုပ်မှုကြောင့် လူတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
မကွေးတိုင်း သရက်မြို့တွင် မုန်တိုင်းငယ် တိုက်ခတ်မှုကြောင့် စက်လှေအစီး (၂၀)ကျော် နစ်မြုပ် မကွေးတိုင်း သရက်မြို့တွင် မုန်တိုင်းငယ် တိုက်ခတ်မှုကြောင့် စက်လှေအစီး (၂၀)ကျော် နစ်မြုပ် Reviewed by THITHTOOLWIN on 19:59 Rating: 5
Powered by Blogger.