ညအချိန် ဓါးများကိုင်ဆောင်၍ ခြံဝင်းအတွင်းမှ ဆိုင်ကယ် ခိုးယူသည့်​ ဆိုင်ကယ်ခိုးဂိုဏ်းအား ဖမ်းဆီးရမိ

ညအချိန် ဓါးများကိုင်ဆောင်၍ ခြံဝင်းအတွင်းမှ ဆိုင်ကယ် ခိုးယူသည့်​  ဆိုင်ကယ်ခိုးဂိုဏ်းအား ရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိ
ညအချိန် ဓါးများကိုင်ဆောင်၍ နေအိမ်ခြံဝင်းတံခါးကို ကတ်တာဖြင့်ဖြတ်ခါ ခြံဝင်းအတွင်းမှ ဆိုင်ကယ်အား ခိုးယူခဲ့သည့် ဆိုင်ကယ်ခိုးဂိုဏ်းကို ရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မေလ ၁၉ရက်နေ့ ည ၇နာရီအချိန်ခန့်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၈လမ်း၊ ၇၆×၇၇လမ်းကြားနေ မောင်ကောင်းမြတ်စိုးသည် ၎င်းပိုင် WR Yamaha 200 အမျိုးအစား ဆိုင်ကယ်အား နေအိမ်ခြံဝင်းအတွင်း ထားရှိခဲ့ကြောင်း၊ မေလ ၂၀ရက်နေ့ နံနက် ၇နာရီအချိန်ခန့်တွင် အဆိုပါဆိုင်ကယ်မှာ ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် CCTV မှတ်တမ်းများအား ပြန်လည်ကြည့်ရှုသည့်အခါ လူငယ်(၅)ဦးမှ ဓါးများကိုင်ဆောင်၍ နေအိမ်ခြံဝင်းတံခါးကို ကတ်တာဖြင့်ဖြတ်ခါခြံဝင်းအတွင်းမှ ဆိုင်ကယ်အားခိုးယူသွားကြောင်းသိရှိရသဖြင့်အမှတ်(၈)မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ရာ ရဲစခန်းမှ (ပ)၃၀၀/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

အဆိုပါဖြစ်စဉ်အပေါ် ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် အမှတ်(၈)မြို့မရဲစခန်း နယ်ထိန်းအရာရှိ ရဲအုပ်ထင်လင်းကျော်နှင့်အဖွဲ့သည် တိုင်း/ခရိုင် မှုခင်းနှိမ်နှင်းရေးအဖွဲ့များနှင့်အတူ ပူးပေါင်း၍စုံစမ်းခဲ့ရာ ပျောက်ဆုံးသွားသော ဆိုင်ကယ်နှင့်တူသည့် ဆိုင်ကယ်မှာ မတ္တရာမြို့ရှိ ဘိလိယက်ခုံတစ်ခုသို့ လူငယ်(၂)ဦးစီးနင်း၍ လာရောက်လေ့ရှိပြီး ဆိုင်ကယ်စီးလာသည့် လူငယ်(၂)ဦးမှာလည်း အလုပ်အကိုင် အတည်တကျမရှိသူများဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

စုံစမ်းရရှိသည့် သတင်းအပေါ် မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့် ရဲအုပ်ထင်လင်းကျော်နှင့်အဖွဲ့သည် မတ္တရာမြို့မရဲစခန်း နယ်ထိန်းအရာရှိ ရဲအုပ်ထွန်းဝင်းအဖွဲ့နှင့်ပူးပေါင်းကာ ဘိလိယက်ခုံဝန်းကျင်တွင်စောင့်ကြည့်နေစဉ် မေလ ၂၉ရက်နေ့ ည ၁၁နာရီအချိန်ခန့်တွင် ခိုးယူခံရသည့်ဆိုင်ကယ်အား မောင်းနှင်ရောက်ရှိလာသည့် ပိုင်စည်သူ(ခ)ပိုင်ကြီး၊ (၂၀)နှစ်၊ (ဘ)ဦးမောင်နိုင်ထွန်း၊ အမှတ် ၅ရပ်ကွက်၊ ဘုရင့်နောင်ရပ်၊ မတ္တရာမြို့နေသူနှင့် တစ်ရပ်တည်းနေ နို့စို့(ခ)အငယ်လေး၊ (၁၉)နှစ်၊ (ဘ)ဦးလှရွှေတို့နှစ်ဦးအား ဖမ်းဆီး၍ စစ်ဆေးခဲ့သည်။


ထိုသို့စစ်ဆေးချက်အရ ပိုင်စည်သူ(ခ)ပိုင်ကြီးနှင့် နို့စို့(ခ)အငယ်လေးတို့သည် အဆိုပါဆိုင်ကယ်အား မေလ ၂၀ရက်နေ့ နံနက် ၃နာရီအချိန်ခန့်တွင် အမှတ်(၅)ရပ်ကွက်နေသူများဖြစ်သည့် အောင်ကျော်ဦး၊ ငစန်း၊ အမှတ်(၄)ရပ်ကွက်နေ ငပန့်တို့နှင့်အတူ ခိုးယူခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် ပူးပေါင်းပါဝင်ခဲ့သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်စဉ် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

ဖမ်းဆီးရမိသူ(၂)ဦးအား ဆက်လက်စစ်ဆေးချက်အရ ၎င်းတို့သည် အမှတ် ၅ရပ်ကွက်နေ ဒိုးဒိုး(ခ)သူရိန်ကောင်းကင်ကြည်၊ (၁၉)နှစ်၊ (ဘ)ဦးကျော်စွာဝင်း၊ အမှတ်၅ရပ်ကွက်၊ အောင်ချမ်းသာရပ်၊ မတ္တရာမြို့၊ တုံးတိ(ခ)ကျော်ကျော်ထွန်း၊ (၁၉)နှစ်၊ (ဘ)ဦးမန်းအေး၊ အမှတ် ၂ရပ်ကွက်၊ဘူတာတောင်ရပ်၊ မတ္တရာမြို့၊ ဘိုဝင်းအေး၊ (၁၉)နှစ်၊ (ဘ)ဦးမန်းအေး၊အမှတ် ၂ရပ်ကွက်၊ ဘူတာတောင်ရပ်၊ မတ္တရာမြို့နေသူတို့နှင့်အတူ အခြားဆိုင်ကယ်များခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်၍ ဒိုးဒိုးပါ(၃)ဦးကို မေလ ၃၀ရက်နေ့ နံနက် ၃နာရီအချိန်တွင် ၎င်းတို့၏ နေအိမ်အသီးသီးမှ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ခိုးယူခဲ့သည့် Click ဆိုင်ကယ်အနီရောင် နှစ်စီးနှင့် ခဲရောင်တစ်စီး၊ ဖျက်စီးပြီး Scoppy ဆိုင်ကယ်တစ်စီး၊ MXS ဆိုင်ကယ်တစ်စီး၊ စုစုပေါင်း ဆိုင်ကယ်(၅)စီး ထပ်မံသိမ်းဆည်းရမိခဲ့ကာ ခိုးယူခဲ့သည့်ဆိုင်ကယ်များအနက် Click ဆိုင်ကယ်အနီရောင်တစ်စီးမှာ အမှတ်(၈)မြို့မရဲစခန်းအပိုင် ၂၇×၈၄လမ်းထောင့်မှ ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သက်ဆိုင်ရာရဲမှတ်တမ်းများအရ သိရသည်။

ဖမ်းဆီးရမိသူများနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုသည့် သက်သေခံပစ္စည်းများသိမ်းဆည်းရမိရေးနှင့် အခြားလိုအပ်သည်များ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal

ညအချိန် ဓါးများကိုင်ဆောင်၍ ခြံဝင်းအတွင်းမှ ဆိုင်ကယ် ခိုးယူသည့်​ ဆိုင်ကယ်ခိုးဂိုဏ်းအား ဖမ်းဆီးရမိ ညအချိန် ဓါးများကိုင်ဆောင်၍ ခြံဝင်းအတွင်းမှ ဆိုင်ကယ် ခိုးယူသည့်​  ဆိုင်ကယ်ခိုးဂိုဏ်းအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 10:49 Rating: 5
Powered by Blogger.