အမျိုးသား ပညာရေးဥပဒေ ဆန့်ကျင်ရေး မန္တလေးမှာ ဆန္ဒပြ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ၈ ခရိုင်က အမျိုးသား ပညာရေး ဥပဒေ ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို မန္တလေးမြို့မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
ဒီဆန္ဒပြပွဲကို ကျောင်းသားတွေ အပြင်၊ လူငယ်အဖွဲ့တွေဖြစ်တဲ့ ဗလသ ခေါ် ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များသမဂ္ဂနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး သုံးရောင်ခြယ် ကဒေါင်းလူငယ်အဖွဲ့ကလည်း ပူးပေါင်းခဲ့ကြပြီး၊ မန္တလေးမြို့လယ်ခေါင် ဈေးချိုတဝိုက်က လမ်းမတွေပေါ်မှာ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့  ဗကသများအဖွဲ့ချုပ် အထက်ဗမာပြည်ဘဏ္ဍာရေးမှူး ကိုသန်းထိုက်က RFA ကိုအခုလိုပြောပါတယ်။
"အမျိုးသား ပညာရေးဥပဒေကို မကြိုက်လို့ တစ်လျှောက်လုံး ဗကသအနေနဲ့ ကန့်ကွက်တယ်၊ အခုလည်း ထပ်ပြီးကန့်ကွက်တယ်၊ အားလုံးပေါင်း ၈ ခရိုင်ဗျ ဆန္ဒပြကြတာ၊ တခြားအင်အားစုတွေကလည်း ပါတယ်ခင်ဗျ၊ နာရီဝက် ၄၅ မိနစ်လောက်ကြာပါတယ်"
ဆန္ဒပြပွဲမှာ လူငယ်ကျောင်းသား အယောက် ၁ ရာနီးပါးပါဝင်ကြပြီး၊ ပြည်သူတွေရဲ့ အားပေးထောက်ခံမှုလည်း တွေ့ရတယ်လို့ ကိုသန်းထိုက်က ပြောပါတယ်။
သူတို့ရဲ့ အမျိုးသား ပညာရေးဥပဒေ ဆန္ဒပြပွဲဟာ အနှောင့်အယှက်မရှိ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားခဲ့ပေမယ့်၊ ဗကသများအဖွဲ့ချုပ်က ခေါင်းဆောင် ၃ ဦးနဲ့ ဗလသအဖွဲ့က ခေါင်းဆောင် ၂ ဦးကို မြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ဖိတ်ခေါ်ပြီး၊ ဆန္ဒပြပွဲတွေကို ပုဒ်မ ၁၈ နဲ့အညီ ဆောင်ရွက်သွားမယ့်အကြောင်း ရှင်းလင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127
ထိပ်သီးနိုင်ငံရေး ခေါင်းဆောင်များ တွေ့ဆုံပွဲ (ရုပ်/သံ)
သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအ၀င် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ ထိပ်သီးနိုင်ငံရေး ခေါင်းဆောင် ၁၄ ဦး ဒီနေ့ နေပြည်တော် သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ခေါင်းဆောင်တချို့ရဲ့ ပြောကြားချက်တချို့နဲ့ ဦးရဲထွဋ် ဖြေကြားချက်တွေကို RFA သတင်းထောက် ကိုသီဟထွန်းက စုစည်းတင်ပြထားပါတယ်။ RFA Burmese
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 
၎-ပွင့်ဆိုင် ပဲ ဒေါ်စု လိုလား
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအ၀င် နို်င်ငံခေါင်းဆောင်တွေ နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ အကြား ဒီကနေ့ ဆွေးနွေးခဲ့တဲ့ နေပြည်တော် သမ္မတ အိမ်တော်က ဆွေးနွေးပွဲ ဟာ သိပ်ပြီး ထိထိရောက်ရောက် ဆွေးနွေးနိုင်ခဲ့တဲ့ သဘော မရှိဘူးလို့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံပွဲ အပြီးမှာ ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။ ဒါကြောင့် အောင်မြင်တဲ့ ဆွေးနွေးပွဲ တခုလို မသတ်မှတ်နိုင်သလို  ၄ပွင့်ဆိုင်တွေ့ဆုံဖို့ အတွက် အခုထိ မျှော်လင့် ထားတုန်းပဲ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဒီနေပြည်တော် ထိပ်သီးဆွေးနွေးပွဲကို စောင့်ကြည့် သတင်းယူ ထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။
နိုင်ငံတော်သမ္မတ အိမ်တော် ငုဝါခန်းမ မှာ ကျင်းပခဲ့တဲ့ ခေါင်းဆောင် ၁၄ ဦး တွေ့ဆုံခဲ့တဲ့ အစည်းအဝေးပွဲဟာ တစ်ယောက်ကို ၁၀ မိနစ်နှုန်း ပဲ ဆွေးနွေးခွင့် ရတဲ့ အတွက် ပြည့်ပြည့်စုံစုံဆွေးနွေးနိုင်ခဲ့ခြင်း မရှိဘူးလို့ အတိုက်အခံခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်ဆွေးနွေးပွဲကို အခုထိ မျှော်လင့်ထားပြီးတော့ ဒီလိုဆွေးနွေးနိုင်မှပဲ မြန်မာ့နိုင်ငံရေး အလားအလာ အတွက် သေသေချာချာ ဆွေးနွေးနိုင်မယ်လို့ ရှု့မြင်ကြောင်း သူမကပြောပါတယ်။
"အောင်မြင်တယ်ဆိုတာ ဘယ်လို သတ်မှတ်တယ်ဆိုတာ အန်တီ မသိဘူးပေါ့နော်။ အခါအားလျော်စွာ နောက် ဒါမျိုးတွေ လုပ်မယ် ဆိုတာ ပြောတာပဲ ရှိပါတယ်၊ အခါအားလျော်စွာ ဆိုတော့ နည်းနည်း စဉ်းစားရတော့ ခက်တာပေါ့။ အဲ့ဒီ့ဟာကတော့ အမေတို့ကတော့ လေးပွင့်ဆိုင် ကိစ္စကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင် ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ဘာမှ ကိုယ်ပါတီ စွဲနဲ့လည်း မဟုတ်ဘူး။ ဝါဒစွဲကြောင့်လည်း မဟုတ်ဘူး။ လက်တွေ့ကျကျ လိုအပ်တယ်လို့ ထင်လို့ပါ။ နိုင်ငံ အတွက်လေ။ ဒီတစ်ယောက် ၁၀မိနစ်ပြောပြီးတော့ နောက်ဆုံး အထွေထွေ ရှိသေးလား ဆိုတော့  အန်တီတို့ အနေနဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲ မျိုးကို မြင်တဲ့ပုံစံတော့ မဟုတ်ပါဘူး။"
ဒီကနေ့ဆွေးနွေးပွဲ မစခင်နဲ့ ဆွေးနွေးပွဲ အပြီး ထမင်းစားချိန်တွေမှာ တစ်ခါမှ မတွေ့ဆုံဖူးသေးတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြား ပြုံးပြုံးရွင်ရွင် တွေ့ဆုံတဲ့ ဓာတ်ပုံတွေကြောင့် သူတို့ ၂ ဦး ဆက်ဆံရေး ဘယ်လိုများရှိနေလဲ ဆိုတာကို အများ ကလည်း စိတ်ဝင်စားနေကြတာပါ။ တပ်မတော် ကာချုပ် နဲ့ အခုလို တွေ့ဆုံခွင့် ရခဲ့တဲ့ အပေါ် သိပ်ပြီး ထူးထူးခြားခြား မခံစားရဘူး လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
" သိပ်တော့လည်း အံ့အားသင့်စရာ တော့ မပါပါဘူး။"
ဒါပေမဲ့ တစ်ဖက်မှာတော့ သမ္မတ ပြောခွင့်ရှိသူ ဦးရဲထွဋ်ကတော့ ဒီကနေ့ ဆွေးနွေးပွဲ ဟာ အောင်မြင်တဲ့ ဆွေးနွေးပွဲ တစ်ခု လို့ ရှုမြင်နိုင်တဲ့အကြောင်း၊ တိုင်းပြည်အတွက် အရေးကြီးတဲ့ ခေါင်းစဉ်တွေ အားလုံးကို ခြုံငုံဆွေးနွေးနိုင်တဲ့ အကြောင်း သူကပြောပါတယ်။ ဒါ့အပြင် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို အစိုးရ ဘက်က ပယ်ချခဲ့တာ မဟုတ်ပဲ အင်အားစု အားလုံးပါဖို့သာ ပြန်ပြီးတော့ အစိုးရက တိုက်တွန်းခဲ့တဲ့ အကြောင်း သူကပြောပါတယ်။
"တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင် တွေ့ချင်ပါတယ် လို့ပြော ကတည်းကိုက ကျနော်တို့က အကြောင်းပြန်ခဲ့ပြီးဖြစ်ပါတယ်။ နံပတ်တစ် -လေးယောက်တည်းတင် မကဘူး။ အမျိုးသားနိုင်ငံရေး အင်အားစု တွေ ပါနိုင်ဖို့ လိုတယ်လို့ ပြောခဲ့တယ်။ ပြီးရင် ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စ ဆွေးနွေးမယ် ဆိုရင် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နဲ့ပတ်သက်လို့ လေ့လာနေတဲ့ ကော်မတီ လည်း ရှိသေးတယ်။ သူတို့ပြီးအောင် စောင့်သင့်တယ်လို့ ကျနော်တို့ ပြောခဲ့တယ်။"
နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အကြားတွေ့ဆုံတဲ့ ဒီဆွေးနွေးပွဲ ဟာ  အမြင်ခြင်း ဖလှယ်ဆွေးနွေးတဲ့ တွေ့ဆုံပွဲဖြစ်တာကြောင့် ရလာဒ် ပိုင်းတော့ သိသိသာသာ ထွက်မလာခဲ့ဘူးလို့လည်း  အမျိုးသာဒီမိုကရေစီ အင်အားစု ပါတီ ရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ကပြောပါတယ်။
" သဘောတူတာ ရှိပေမဲ့လည်း ဒါကို ကိုင်တွယ်ဖြေရှင်းမှသာလျှင် Result ကောင်း ထွက်လာမှာပေါ့။ ချက်ခြင်းကြီးလည်း Result ကောင်းထွက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒီပွဲက ဆွေးနွေးပွဲ မဟုတ်ဘူးလေ။ အမြင်ချင်း ဖလှယ်တဲ့ပွဲပဲ။ ဆုံးဖြတ်ချက် ချမယ်။ ဆုံးဖြတ်ချက် ချမယ်။ ရလာဒ်ကောင်းတွေ ဘယ်လိုစီစဉ် ဆောင်ရွက်မယ်လို့ အစကတည်းက ချမှတ်ထားတာ မဟုတ်ဘူး။ ဒီနိုင်ငံရေး ပါတီတွေဘက်က နိုင်ငံရေးခေါင်းဆောင်တွေ နဲ့ နိုင်ငံခေါင်းဆောင်တွေကြားထဲမှာ အမြင်ချင်း ဖလှယ်ပြီးတော့ တူတာတွေ များတဲ့ အတွက်ကြောင့်မို့လို့ ဒါက ကောင်းတဲ့ဘက်မှာ ရှိတယ်လို့ပြောလို့ပဲရမယ်။
နောက်ပြီးတော့ ဒါကိုဆက်ပြီးတော့ အခုမဟုတ်တောင် နောင်ကို ဒီအယူအဆတွေကို အကောင်အထည်ဖော်နိုင်အောင် အာဏာပိုင်အဖွဲ့အစည်းတွေ က ကြိုးပမ်းမယ် ဆိုရင်တော့ ကောင်းလာဖွယ် ရှိတာပေါ့။ အပစ်အခတ်ရပ်စဲရေးကို လက်မှတ် ထိုးနိုင်အောင် ကျနော်တို့က တိုက်တွန်းတဲ့ဟာကို သူတို့က ခံယူပြီးတော့ကာ ဆက်သွားနိုင်တယ် ဆိုရင်တော့ မဆိုးဘူးပေါ့။ ကောင်းတဲ့ ဘက်ကို ရောက်သွားနိုင်ပါတယ်။ အခုကတော့ ချက်ခြင်း ပြောလို့မရပါဘူး။ ဘာရလာဒ်၊ ညာရလာဒ် ထွက်တယ် ဆိုတာ ဆုံးဖြတ်ချက်မှ မထွက်တာ ဘယ်လို လုပ်ပြောလို့ရမလဲ နော်။"
အခုဆွေးနွေးပွဲ မတိုင်ခင်မှာပဲ အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ကြာသာပတေးနေ့က မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အတိုက်အခံခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို တဦးချင်းထံကို သီးခြားစီခွဲပြီး တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့တယ်လို့ ၀ါရှင်တန် သမ္မတ အိမ်ဖြူတော် ကပြောဆိုပါတယ်။
သမ္မတ ဦးသိန်းစိန် အိမ်တော်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ နဲ့ပတ်သက်ပြီး နိုင်ငံရေး လေ့လာ သုံးသပ်သူ တစ်ချို့က သမ္မတ အိုဘားမား ရဲ့ရှေ့လ နိုဝင်ဘာမှလာမဲ့ ခရီးစဉ် အကြိုး နိုင်ငံရေး ဖိအားပေးတာမျိုးတွေ မခံရအောင် အစိုးရ ဘက်က လုပ်ဆောင်တဲ့ သဘော လို့ ပြောဆိုမှုတွေကိုလည်း ဦးရဲထွဋ်က ဗွီအိုအေနဲ့ မေးမြန်းမှု မှာ ပယ်ချခဲ့ပါတယ်။
အောင်ရဲ မောင်မောင် / ဗွီဘီအို (မြန်မာပိုင်း)
http://burmese.voanews.com/content/daw-aung-san-suu-kyi/2503285.html
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတနဲ့ ကာချုပ် တွေ့ဆုံ။ 
Burkina Faso သမ္မတ နှုတ်ထွက်
အနောက်အာဖရိက ကုန်းတွင်းပိတ် နိုင်ငံ ဘာကီနာဖာဆိုရဲ့ ကာလရှည် နိုင်ငံ အာဏာ ရယူထားတဲ့ သမ္မတ Blaise Compaore ရာထူးက ဆင်းသွားပြီးနောက်မှာ စစ်တပ် အကြီးအကဲ က နိုင်ငံအာဏာ ရယူလိုက်ပြီလို့ ပြောဆိုလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီး Honore Traore က သူက နိုင်ငံ အကြီးအကဲ ဖြစ်ပါတယ်ဆိုပြီး မြို့တော် Ouagadougou မှာ သောကြာနေ့ ဒီကနေ့မှာ သတင်းထောက်တွေ ကို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
မနေ့ ကြာသပတေးနေ့က မြို့တော်မှာ သမ္မတကို ဆန့်ကျင် ဆန္ဒပြကြသူတွေရဲ့ အကြမ်းဖက်မှု အပြီးမှာ ပြုပြင်ပြောင်းလဲရေး အစိုးရတရပ် ဖွဲ့စည်းဖို့ ညမထွက်ရ အမိန့်တရပ် ထုတ်ပြန်ချိန် ကြာသပတေးနေ့က အာဏာကို ပထမဆုံး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း ၉၀ ထားရှိဖို့ မစ္စတာ Compaore က သူ့ရဲ့ ကြေညာချက်ထဲမှာ ထည့်သွင်း ဖော်ပြတာကို ဒေသတွင်း မီဒီယာတွေက ထုတ်လွှင့်နေကြပါတယ်။ အရင် ဘာကီနာဖာဆို နိုင်ငံကို ကိုလိုနီ အဖြစ် အုပ်ချုပ်ခဲ့တဲ့ ပြင်သစ် နိုင်ငံကတော့ အခု သမ္မတ နုတ်ထွက်တာကို ခပ်မြန်မြန်ပဲ ကြိုဆိုကြောင်း ပြောဆိုခဲ့ပါတယ်။
သမ္မတဟောင်းဟာ သမ္မတ နန်းတော်မှာ လက်နက်ကိုင် အစောင့် တင်းတင်းကျပ်ကျပ် နဲ့ ရှိနေတယ်လို့ Burkina 24 ရုပ်မြင်သံကြားက ကြေညာ ပါတယ်။ မစ္စတာ Compaore က ဘာကီနာဖာဆို နိုင်ငံကို ၁၉၈၇ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ခဲ့တာဟာဆိုရင် ၂၇ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။
သူ့ကို နောက်ထပ် သမ္မတ သက်တမ်း ခွင့်ပြုမယ့် အခြေခံ ဥပဒေ ပြင်ဆင်ချက်ကို လွှတ်တော်အမတ်တွေ မဲခွဲဖို့ လုပ်ခဲ့တာကြောင့် ကြာသပတေးနေ့မှာ နိုင်ငံတွင်း မတည်မငြိမ်မှုတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ရာနဲ့ချီတဲ့ ဆန္ဒပြသမားတွေ လွှတ်တော် အဆောက်အအုံအတွင်းကို ဒေါသတကြီး ၀င်ရောက် မီးရှိှု့ခဲ့ပြီး နောက်မှာတော့ အစိုးရက ပြင်ဆင်ချက်ကို ပြန်ပြီး ရုပ်သိမ်းခဲ့ပါတယ်။
ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဘာကီနာဖာဆိုရဲ့ လုံခြုံရေး ဆိုးရွားသွားမှာကို အထူးဘဲ စိုးရိမ်နေတဲ့ အကြောင်း ပြောဆိုပြီး သက်ဆိုင်သူ အားလုံးအနေနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ တည်ငြိမ်ရေး လုပ်ဆောင်ဖို့နဲ့ မပြေလည်မှု အားလုံးကို ဆွေးနွေး အဖြေရှားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/burkina-faso-president-resign/2503371.html
Burkina Faso သမ္မတ Blaise Compaore ရာထူးက နှုတ်ထွက်။ (အောက်တိုဘာ ၃၁၊ ၂၀၁၄)
တရုတ် အရာရှိ အိမ်မှာ ဒေါ်လာ ၃၃ သန်း ပမာဏ ဖမ်းမိ
တရုတ် နိုင်ငံမှာ အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီး ငွေကြေး ပမာဏ အများဆုံး ဖမ်းဆီးရမိမှု အဖြစ် အရာရှိ တစ်ဦးရဲ့နေအိမ်ကနေ အမေရိကန် ဒေါ်လာ ၃၃ သန်းနဲ့ ညီမျှတဲ့ တရုတ် ငွေစက္ကူ ယွမ် သန်း ၂၀ဝ ကျော်ကို သိမ်းဆည်း ရမိခဲ့တယ်လို့ သတင်း ရရှိပါတယ်။
အမျိုးသား စွမ်းအင် စီမံခန့်ခွဲရေး ထိပ်တန်း အရာရှိ တစ်ဦး ဖြစ်တဲ့ မစ္စတာ Wei Pengyuan ရဲ့ နေအိမ်ကနေ သိမ်းဆည်း ရမိတာ ဖြစ်ပြီး သူ့ကို ပြီးခဲ့တဲ့ မေလ ကတည်းက လာဘ်ယူမှုနဲ့ ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်ပါတယ်။
တရုတ် နိုင်ငံရဲ့ အဂတိမှုတွေကို တိုက်ဖျက်ဖို့ တရုတ် သမ္မတ ရှီကျင်းပင်က ကတိပြု ထားခဲ့ပါတယ်။
အခုနှစ် ၂၀၁၄ တစ်နှစ်တည်းမှာ ပထမ ၉ လ အတွင်း ခြစားမှုနဲ့ ပြစ်ဒဏ် ချမှတ် ခံရတဲ့ တရုတ် အရာရှိပေါင်း ၁၃၀ဝ၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/10/141031_china_corruption_record_cash
သောင်းနဲ့ ချီတဲ့ တရုတ် အရာရှိတွေ အဂတိမှုနဲ့ စစ်ဆေးခံရ
ထိုင်းက တရားမဝင် အလုပ်သမားတွေ အတွက် မှတ်ပုံတင် နောက်ဆုံးရက်
ထိုင်း နိုင်ငံမှာ တရား မဝင် ရောက်နေတဲ့ မြန်မာ ၊ လော နဲ့ ကမ္ဘာဒီးယား နိုင်ငံသား တွေကို ထိုင်း နိုင်ငံက အလုပ် လုပ်ခွင့် မှတ်ပုံတင် ပေးရမှာ သောကြာနေ့ က နောက်ဆုံး နေ့ ဖြစ်ပါတယ်။
အလုပ် သမားတွေနဲ့ ပတ်သက်ပြီး အုပ်စု ၂ ခု ခွဲထား ကာ မှတ်ပုံတင်ဖို့ နောက်ဆုံးနေ့ အထိ စာရင်း ပေးထားတဲ့ သူတွေ အားလုံးကို၊ လက်မှတ် တွေ ထုတ်ပေး သွား မှာ ဖြစ်တယ် လို့ ထိုင်း အလုပ် သမား ဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် စူမေတ် မဟိုစွတ် က ဘီဘီစီ ကို ပြောပါတယ်။
ပြီးရင် တော့ သက်ဆိုင် နိုင်ငံ တွေ အနေနဲ့ နိုင်ငံသား စိစစ်ပြီး၊ နိုင်ငံကူး လက်မှတ်တွေ ထုတ်ပေး တာကို ဆက်လုပ် သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံကူး လက်မှတ် လုပ်ဖို့ အခက် အခဲ ရှိသူတွေ အတွက်တော့ သူတို့ရဲ့ နောက်ဆုံး အခြေ အနေကို လေ့လာပြီး အကောင်းဆုံး အဖြေ ထုတ်နိုင် အောင်တော့ လုပ်ဆောင် သွားမှာ ဖြစ်သလို၊ တရားဝင် အလုပ် သမား ဖြစ်အောင် လုပ်သွားမှာ ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။
ကြာသပတေးနေ့ အထိ မှတ်ပုံတင် တဲ့ အလုပ် သမားက ၁ သန်းခွဲ ရှိခဲ့ ပြီး၊ ဒီ အထဲမှာ အလုပ် သမား အသစ်တွေ ပါသလို၊ အဟောင်း တွေလည်း ပါဝင် ကြပါ တယ်။
လုံးဝ မှတ်ပုံ မတင်တဲ့ အလုပ် သမားတွေကိုတော့ စိစစ်ပြီး အရေးယူ သွားမယ်လို့ စူမေတ် မဟိုစွတ် က ပြောပါတယ်။
အရင်နှစ် တွေက မှတ်ပုံတင် ထားသူက ၁ သန်းကျော် ရှိတာကြောင့် အခု မှတ်ပုံတင်တဲ့ သူတွေနဲ့ ဆိုရင် ထိုင်း နိုင်ငံမှာ ရွှေ့ပြောင်း အလုပ် သမား ၃ သန်း နီးပါး ရှိတယ်လို့ ခန့်မှန်းရ ပါတယ်။ အဲဒီ အထဲမှာ အများစု ကတော့ မြန်မာ နိုင်ငံသား တွေ ဖြစ်ကြ ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/10/141031_thai_migrants
ထိုင်း နိုင်ငံမှာ ရွေ့ပြောင်း အလုပ် သမား ၃ သန်း နီးပါး ရှိပြီး၊ အများစု က မြန်မာ နိုင်ငံသား တွေ ဖြစ်
အလွတ်သတင်းထောက် ကိုပါကြီးအမှု စုံစမ်းတင်ပြဖို့ သမ္မတ ညွှန်ကြား
နိုင်ငံတော်သမ္မတက အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံးမှုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ဆိုင်ရာ အထူး အစီရင်ခံစာ တင်ပြဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံ မနေ့က ညွှန်ကြား ထားပါတယ်။
အဲဒီညွှန်ကြားချက်ကြောင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကိုပါကြီးရဲ့ ဇနီးဖြစ်သူ မသန္တာကို ဒီနေ့ လာရောက် တွေ့ဆုံဖို့ ဖိတ်ကြားခဲ့ပေမယ့် တွေ့ဆုံပွဲ ပျက်သွားတယ်လို့ မသန္တာက ပြောပါတယ်။
"လူ့အခွင့်အရေး ကော်မရှင်ဆိုတာ ပွင့်လင်းမြင်သာမှုရှိမယ်လို့ ကျမတို့ယုံကြည်တယ်၊ ဒါကြောင့် ကျမတို့ကို တွေ့ခွင့်ပေးပါလို့ဆို သူတို့က ၂ ယောက်ပဲ ပေးဝင်မယ်လို့ပြောတယ်၊ အဲ့ဒါနဲ့ ကျမတို့ တွေ့ဆုံမှု ပျက်သွားတာပါ၊ ကျမအပါအဝင် ရှေ့နေရော ကျမအဖော် ၄ ယောက်ရော ဝင်ခွင့်ရဖို့အတွက် ကျမတစ်နာရီကျော် ထိုင်စောင့်ပါတယ်၊ ပလက်ဖောင်းဘေးမှာပဲ၊ ဒီနေ့ တိုင်ကြားစာပါသွားပါတယ်၊ ကျမတွေ့ခွင့်ရရင် ယုံကြည်လေးစားစွာနဲ့ လက်ထဲကို တိုက်ရိုက်ထည့်မယ်၊ အခုတော့ တွေ့ခွင့်မရတဲ့အတွက်ကြောင့် ကျမစာတိုက်ကပဲထည့်မှာပါ"
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က မသန္တာကို လာရောက်တွေ့ဆုံဖို့အတွက် တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့တာဖြစ်ပြီး ကိုပါကြီးရဲ့ ဇနီးဖြစ်သူ မသန္တာနဲ့အတူ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးရောဘတ်စန်းအောင်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီး၊ မနီလာသိန်းတို့ သွားရောက်ခဲ့တာပါ။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127
စစ်တွေမှာ မရမာကြီးတိုင်းရင်းသားအိမ်ရာစီမံကိန်း ကုလသမဂ္ဂ ကူညီမည်
ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက်(၁)မှာရှိနေတဲ့ မရမာကြီး တိုင်းရင်းသား ဒုက္ခသည်အိမ်ထောင်စု ၇၂ စုအတွက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က လုံးချင်း နေအိမ်တွေ ဆောက်လုပ် ပေးသွားမယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဒီကနေ့ ပြောပါတယ်။
UNHCR ရဲ့ ရန်ပုံငွေ အခြေအနေ အပေါ်မူတည်ပြီး ဆောက်လုပ်ပေး သွားမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးလှဟန်က ပြောပါတယ်။
"အိမ်အရေအတွက်က ၇၂ လုံး၊ လုံးချင်းလေးတွေပေါ့၊ ဒါက မရမာကြီး တိုင်းရင်းသားတွေအတွက် သူတို့မှာရထားတဲ့ ဘတ်ဂျက်တွေက နမူနာစာလောက်ပဲရှိတဲ့အခါကျတော့ ကျနော်တို့က ဒါက နမူနာအနေနဲ့ အရင်ဆောက်ပေးလိုက်တာပေါ့၊ မြေနေရာရှိတဲ့ နေရာလေးကိုပဲ ဦးစားပေးပြီးတော့ အရင်ဆောက်ပေးလိုက်တာပါ"
မရမာကြီးတိုင်းရင်းသားအိမ်ထောင်စု ၇၂ စုဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လက စစ်တွေမြို့မှာဖြစ်ပွားခဲ့တဲ့ မီးရှို့အကြမ်းဖက်မှုတွေကြောင့် နေအိမ်တွေဆုံးရှုံးပြီး စက်ရုံစုရပ်ကွက်(၁)မှာရှိတဲ့ ဒုက္ခသည်တန်းလျားမှာ နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။
မွတ်ဆလင်ဒုက္ခသည်တွေအနေနဲ့ သူတို့အရင်နေထိုင်ခဲ့တဲ့ နေရာတွေမှာ ပြန်လည်နေရာချထားပေးဖို့ အစိုးရအဖွဲ့ကိုတင်ပြတောင်းဆိုထားပေမယ့် အစိုးရအဖွဲ့က စဉ်းစားဆုံးဖြတ်တာမရှိသေးဘူးလို့လည်း ဝန်ကြီး ဦးလှဟန်က ပြောပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127
ဘာမှဖြေစရာ မရှိကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ပြောကြားချက် လူကြီးများ၏ သဘောထား မဟုတ်ကြောင်း မြန်မာသံတော်ဆင့် အမှုဆောင်အရာရှိချုပ် မှတ်ချက်ပြု
ရန်ကုန်၊ အောက်တိုဘာ ၃၀
တပ်မတော်မှ ပစ်ခတ်မှုဖြင့် သေဆုံးခဲ့ရသည့် အလွတ်တန်း သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်၍ အစိုးရဘက်မှ သဘောထားမှတ်ချက် တောင်းခံရာ တွင် မြန်မာသံတော်ဆင့်၏ မူဝါဒကို မနှစ်သက်သည့် အတွက် မဖြေပေးနိုင်ကြောင်း ပြန်ကြားရေး ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်က အောက်တိုဘာလ ၃၀ ရက်နေ့တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။
အစိုးရ၏ သဘောထားမှတ်ချက် ရရှိရန်အတွက် ပြန်ကြားရေး ပြည်ထောင်စု ၀န်ကြီးနှင့် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်ထံ မြန်မာသံတော်ဆင့် မှ အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း ဖုန်းဖြင့် ဆက်သွယ် ခဲ့သော်လည်း ပြန်ကြားရေး ၀န်ကြီးရုံး ၀န်ထမ်းများက ၀န်ကြီး အလုပ်များနေသည် ဆိုသည့်အတွက် အီးမေးလ်ဖြင့်လည်း မေးခွန်း များ ပေးပို့မေးမြန်းခဲ့သည်။
သို့သော် အောက်တိုဘာလ ၃၀ နေ့အထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် ဖုန်းဖြင့် ထပ်မံ ဆက်သွယ်ခဲ့ရာတွင် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
““သံတော်ဆင့် ဆိုရင်တော့ ကျွန်တော် ဘာမှဖြေစရာ အကြောင်းမရှိဘူးဗျ။ ခင်ဗျားကိုတော့ လေးစားပါ တယ်ဗျာ။ ခင်ဗျားတို့ဂျာနယ်ရဲ့ မူဝါဒက ကျွန်တော် မနှစ်သက်တဲ့ အတွက်ကြောင့်မို့လို့ မဖြေပေးနိုင်တာ ခွင့်လွှတ်ပါ””ဟု ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးနှင့် သမ္မတပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။
သတင်းထောက် ကိုပါကြီးနှင့် သေဆုံးရမှုနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့် မှ ပေးပို့ခဲ့သည့် မေးခွန်းများတွင် ““သမ္မတ ဦးသိန်းစိန် အစိုးရက မီဒီယာများနှင့် အဆင်ပြေစေရန် လုပ်ဆောင်နေချိန် ယခုကဲ့သို့ စစ်တပ်မှ ပစ်ခတ်မှုကြောင့် ကိုပါကြီး သေဆုံးရမှုကြောင့် ဘယ်လောက်အထိ အဟန့်အတား ဖြစ်သွားစေ မလဲ””၊ ““ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် စစ်တပ်ဘက်မှ လုပ်ဆောင်မှု အပေါ် သဘောထား ထုတ်ပြန်သွားရန် အစီအစဉ်ရှိ၊ မရှိ””၊ ““စစ်ဘက်နှင့် အရပ်ဘက် ပြဿနာ ဖြစ်သည့်အခါ အစိုးရပိုင်းမှ ၀င်ရောက် ဖြေရှင်းပေးမှု အားနည်းခြင်းမှာ စစ်ဘက်ဆိုင်ရာအပေါ် အခြေခံ ဥပဒေအရ အကြီးဆုံးဖြစ် သည့် သမ္မတ ဦးသိန်းစိန် အနေနှင့် ၀င်ရောက် ဖြေရှင်းပေးနိုင်ခြင်း မရှိသည့် သဘောများ သက်ရောက် နေပါသလား”” အပါအ၀င် မေးခွန်း ၉ခုအား အီးမေးလ်ဖြင့်ပေးပို့ မေးမြန်းထားသည်။
““ကျွန်တော် ကိုအံ့ခေါင်မင်းကို တစ်ခါပြောပြီးပြီ။ ကျွန်တော်နဲ့ ဖြေတဲ့ဟာကို ကုတ်လုပ်ပြီးတော့ မျက်နှာဖုံး တင်ကတည်းက ခင်ဗျားတို့ကို ကျွန်တော်ပြောပြီးသား။ အဲဒါကိုပြင်မပေးရင် ကျွန်တော် မဖြေပေးဘူးလို့ ပြောပြီးသား”” ဟုလည်း ၀န်ကြီး ဦးရဲထွဋ်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
ဦးရဲထွဋ် ပြောကြားချက်နှင့် ပတ်သက်၍ မြန်မာသံတော်ဆင့် ဒုတိယအယ်ဒီတာချုပ် ဦးအံ့ခေါင်မင်းက ““ဦးရဲထွဋ် အခုမဖြေဘူးလို့ ပြောတာက မရှင်းလင်းဘူး။ ကျွန်တော်တို့ မြန်မာသံတော်ဆင့် မူဝါဒကို မကြိုက်လို့ မဖြေဘူးလို့ ဆိုလိုချင်တာလား။ သူပြောတဲ့ ဟာတစ်ခုကို မျက်နှာဖုံးတင် ဖော်ပြခဲ့လို့ အဲဒါကို မကျေလည်လို့ မဖြေတာလားဆိုတာ မရှင်းလင်းဘူး။ ကျွန်တော်တို့ မြန်မာသံတော်ဆင့် မူဝါဒကို မနှစ်သက်လို့ မဖြေဘူး ဆိုရင်တော့ သူ့အပိုင်းပဲ။ ဒါပေမယ့် သူပြောတဲ့ အကြောင်းအရာကို ကုတ်လုပ်ပြီး မျက်နှာဖုံးတင်လို့ မဖြေဘူး ဆိုတာကတော့ ကျွန်တော် ထင်တယ် ကျွန်တော်တို့ ဂျာနယ် အတွဲ(၂)၊ အမှတ်(၅၂)မှာ သူ့အင်တာဗျူး ပြောကြားချက် တစ်ခုကို မျက်နှာဖုံးတင်ခဲ့လို့ ဒါနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ မကျေလည်တာဆိုရင် သူ့ရဲ့ ပြောကြားချက်ကို ကျွန်တော်တို့ အတွဲ(၃)၊ အမှတ်(၂၄)မှာ အသေအချာ ရှင်းပြီးသားပါ။ ဒါကို သူ့ဘက် ကလည်း ပြန်ငြင်းတာမျိုး မရှိဘူး။ ဒီ့နောက်ပိုင်းလည်း သူ့အနေနဲ့ ကျွန်တော်တို့ဂျာနယ်က မေးရင်ဖြေတာ မျိုးတွေရှိတာပဲ။ ဖြစ်နိုင်တာက အခု နောက်ပိုင်းမှာ မူဝါဒပိုင်းအရ သူရပ်တည်တဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ ကျွန်တော်တို့ ဂျာနယ်က သတင်းဖော်ပြမှုတွေ ထိပ်တိုက်တွေ့တာတွေ ရှိတယ်။ ဒီအပေါ်မှာ သူ့အနေနဲ့ မကျေလည်တာမျိုး ဖြစ်မယ်ထင်တယ်””ဟုပြောသည်။ ““သူက ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဖြစ်နေတဲ့အပြင် တပ်က ဗိုလ်မှူးကြီး အဆင့်နဲ့ အနားယူခဲ့ရတော့ ကျွန်တော်တို့ မီဒီယာတွေအပေါ် ပြောချင် သလိုပြော နေတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ကလည်း သူပြောတာလောက်ကို ဘာမှ ထည့်စဉ်းစားစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ သူပြောတိုင်း လူကြီးတွေ(အစိုးရအဖွဲ့) သဘော မဟုတ်လို့ပါ””ဟု မြန်မာ သံတော်ဆင့် အမှုဆောင် အရာရှိချုပ်က မှတ်ချက်ပြု ပြောကြားသည်။
သတင်းအဖွဲ့
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
ပြည်မြန်မာဂျာနယ်တွင် ဦးရဲထွဋ်ပြောကြားချက် တရားရုံးကို မထီမဲ့မြင်ပြုနေ
ရန်ကုန်၊ အောက်တိုဘာ၂၉
ပြည်မြန်မာ ဂျာနယ်တွင် ရေးသား ဖော်ပြခဲ့သော ““ဦးဆန်းဆင့်သည် အစိုးရအဖွဲ့၏ အစည်းအဝေး များတွင် အသံ ဖိုင်များ ခိုးဖမ်း ခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီး ဦးရဲ ထွဋ်ပြော””ဟူသည့် သတင်း ဖော်ပြ ပါအချက်များ အတွက် အဆိုပါ ပြောဆိုခဲ့သူ ၀န်ကြီး ဦးရဲထွဋ်သည် တရားရုံးကို မထီမဲ့မြင် ပြုမှုနှင့် အရေး ယူခံ ရနိုင်ကြောင်း တရား လွှတ် တော် ရှေ့နေ ဦးဆန်းမြင့်က မြန်မာသံတော်ဆင့်သို့ ပြောကြား လိုက်သည်။
ပြည်မြန်မာဂျာနယ်တွင် ဖော် ပြခဲ့ရာ၌ ““ထောင်ဒဏ် ၁၃ နှစ်နှင့် ဒဏ်ငွေကျပ်တစ်သိန်း ကျခံခဲ့ရသော သာသ နာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်သည် အစိုးရအဖွဲ့ အစည်းအဝေးများတွင် အသံဖိုင်များ ခိုးဖမ်းခဲ့ကြောင်း၊ အစိုးရနှင့် သံဃာတော်များအကြား အထင်မှားအောင် လုပ်ခဲ့ကြောင်း ပြန်ကြား ရေးဝန်ကြီး ဦးရဲထွဋ်က ပြည်မြန် မာသတင်းဂျာနယ်အား ၁၉-၁၀-၂၀၁၄ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။… သာသနာရေးဝန်ကြီး ဟောင်း ဦးဆန်းဆင့်အား တရားရုံးက ပြစ်ဒဏ်ချမှတ်ပြီးမှသာ ပြန် ကြားရေးဝန်ကြီးက ထုတ်ဖော်ပြော ကြားလာခြင်း ဖြစ်ပြီး ယင်းမတိုင်ခင်က တရားစီရင်ရေး၏ ဆုံးဖြတ်ချက်ကို ကျော်လွန်ပြော ဆိုခြင်း ဖြစ်မည်စိုးသောကြောင့် မပြောခဲ့ ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ““တရားစွဲတယ်ဆိုကတည်းက ဒီ အတိုင်းစွဲတာမဟုတ်ဘူးလေ။ ဖြစ်စဉ် အကြောင်းအရာတွေကို ရှေ့နေ ချုပ်ရုံးကသုံးသပ်ပြီးတော့မှ ဒီဟာက ခိုင်လုံတယ်၊ ဒီအမှုနဲ့စွဲသင့် တယ် ဆိုပြီးတော့စွဲခဲ့တာ။ တရားရုံး ရဲ့စီရင်ချက်တွေကို ဖတ်ရှုမယ်ဆို ရင် ဦးဆန်းဆင့်လုပ်ခဲ့တာတွေ သိမှာပါ။ လူတွေရဲ့ ပြောဆိုချက်တွေကို အသံတွေခိုးဖမ်းတယ်၊ မလုပ်သင့်တာေ တွပေါ့ဗျာ””ဟု ဦးရဲထွဋ် ကပြောကြား သည်။
ဦးဆန်းဆင့်နှင့် ၎င်း၏ မိသားစုမှာ ယင်းပြစ်ဒဏ် အတွက် အယူခံဝင်သွားမည်ဖြစ် ကြောင်း ကိုလည်း ပြည်တွင်းသတင်း မီဒီယာများတွင် ဖော်ပြလာသည်ကို တွေ့ရသည်။ ““ကျွန်တော်တို့ အစိုးရအဖွဲ့ အစည်း အဝေးတွေဆို တာက တချို့ဟာတွေ အသံဖမ်းလို့ရတာ မဟုတ်ဘူးလေ။ ရည်ရွယ်ချက်ကိုက မကောင်းဘူး ပေါ့။ ဒီလို ဟာမျိုးတွေကြောင့် ကျွန်တော်တို့က မလွှဲမရှောင်သာ အရေးယူရတာ။ သူ့ကိုပုဂိ္ဂုလ်ရေးအရ မုန်းတီး လို့ လုပ်တာမဟုတ်ဘူး””ဟု ပြန်ကြား ရေးဝန်ကြီးကဆိုသည်။ ပြည်ထောင် စုဝန်ကြီး၏ အဆိုအရ သာသနာ ရေးဝန်ကြီးဟောင်း အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးဖြစ်လျက် မလုပ်သင့် မလုပ်ထိုက်သော အစိုးရနှင့်သံဃာ များအကြား အမြင်မှားအောင် ဟိုဘက်သည်ဘက် တစ်မျိုးစီလုပ်ခဲ့ကြောင်းနှင့် ငွေကြေးဆိုင်ရာ ကိစ္စများ အရှုပ်အရှင်းများတွင်လည်း ပါဝင်ကြောင်း သိရသည်။ ယင်းကိစ္စတွင် အများပြည်သူက ထင်မြင်နေသော အစိုးရ အဖွဲ့ဝင်အချင်းချင်း ဇာစ်မြစ်များကို ပြန်ဖော်မည်စိုးသောကြောင့် နှိပ်ကွပ်လိုက်ခြင်းဖြစ်နိုင်သည်ဆို သည့်အချက် အပေါ် ပြန်ကြားရေး ၀န်ကြီးက ““မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ဦးဆန်းဆင့်အမှုနဲ့ ပတ်သက်ရင် ပြောစရာတွေ အများကြီးရှိတာ ပေါ့။ ကျွန်တော်တို့က တရားရုံးမှာ ရောက်နေတဲ့အမှုကို တရားစီရင်ရေးကို ကျော်လွန်ပြော တာတွေ မဖြစ်ချင်လို့မပြောခဲ့တာ။ ဦးဆန်းဆင့် ဘာလုပ်ခဲ့လဲဆိုတာ သိချင်ရင် တရားစီရင်ရေး မှတ်တမ်းတွေ လေ့လာကြည့်ပါ။ ကျွန်တော်တို့ကတော့ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ဘာမှသီးခြားထပ်ပြီး ပြောစရာ မရှိ တော့ပါဘူး””ဟု ပြန်လည်ပြောကြားသည်””ဟူ၍ ပါရှိသည်။
ယင်းသို့ ၀န်ကြီးဦးရဲထွဋ်၏ ပြောကြားချက်များပါဝင်သည့် အစိုးရအဖွဲ့ အစည်းအဝေးများတွင် ဦးဆန်းဆင့်က အသံဖိုင်များ ခိုးဖမ်း ခဲ့ကြောင်းနှင့်စပ်လျဉ်း၍ နေပြည်တော်တရားရုံး၌စစ်ဆေးစဉ်က ထည့် သွင်းစစ်ဆေးခြင်း မရှိခဲ့ကြောင်း၊ ဦးဆန်းဆင့်သာမက မည်သည့်ဝန်ကြီးမဆို အသံဖိုင်များ ဖမ်းယူ၍ရ သည့် ဖုန်းဟန်းဆက်များ ရှိကြောင်း၊ ၀န်ကြီးဦးဆန်းဆင့်အပေါ် ရည်ရွယ်ချက်ရှိရှိ ပုဂိ္ဂုလ်ရေးမနာလို၍ တိုက်ခိုက်ပြောဆိုခြင်းမှာ ထင်ရှား ကြောင်း ဦးဆန်းဆင့်၏ ဇနီး ဒေါ်ခင်မလေးက မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် နှင့်ပြည်မြန်မာဂျာနယ်သည် ထောင် ဒဏ်ချမှတ်ခြင်းခံရသော ၀န်ကြီး ဟောင်း ဦးဆန်းဆင့်အပေါ် ပြစ်ဒဏ်နှင့်မဆိုင်သည့် အသံဖိုင်များခိုးဖမ်းသည့် အကြောင်းအရာကို ပြောဆို ရေးသားသည် မှာ ဦးဆန်းဆင့်ကို စတင်ဖမ်းဆီးစဉ်က သမ္မတစကား နားမထောင်ခြင်းကြောင့်ဟူ၍ အစိုးရအဖွဲ့ အသိုင်း အ၀ိုင်းက ပြောဆိုခဲ့ ခြင်းနှင့်ဆက်စပ်၍ လူထုနှင့်မီဒီယာများအပြင် လွှတ်တော်ကိုယ်စား လှယ်များပါ နှစ်သက် ထောက်ခံသော ဦးဆန်းဆင့်အနေဖြင့် လုပ်ကြံခံရခြင်းဖြစ်ကြောင်း အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ (မဘသ)အတွင်း ရေးမှူးချုပ် (အထက်မြန်မာပြည်) ဆရာတော် ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ) က မြန်မာသံတော်ဆင့် သို့ သုံးသပ်ပြောကြားခဲ့သည်။
““ဦးဆန်းဆင့်ကိစ္စက သူတို့ ကြေညာတာ ငွေသိန်း ၇၀ လာဘ်စားလို့။ အမိန့်မနာခံလို့။ ဒီလို ပုဒ်မနဲ့စွဲတာပဲ။ သိန်း ၇၀ လောက် နဲ့ကတော့ ဘာမှမပြောပလောက်ဘူး။ ဒါက ကြံဖန်ပြီးတော့ သူတို့ လုပ်လိုက်တာပဲ။ လံကြုတ်လုပ်ကြံ ပေါ့။ သဘောထားပျော့ပျောင်းတော့ ခံလိုက်ရတာပေါ့””ဟု မဘသအတွင်း ရေးမှူးချုပ် ဆရာတော်ဥူးကုသလ က မြန်မာသံတော်ဆင့်သို့ မိန့် ကြားခဲ့သည်။
အစိုးရအပေါ် ပြစ်တင်ရှုတ်ချ ခဲ့သော ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် သာသနာရေး ၀န်ကြီး ဟောင်း ဦးဆန်းဆင့်အပေါ် တစိုက်မတ်မတ် ဝေဖန်ပြောကြားသူအစိုးရ၏ ပြောရေးဆိုခွင့်အာဏာ ပိုင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်သည်လည်း လွှတ်တော်နှင့်အစိုးရ ကြား ၀င်ရောက်ပြောကြားမှုအချို့ နှင့်စပ်လျဉ်း ၍ ““ဦးရဲထွဋ်အမြဲ မုန်လာဥလုပ်ကြောင်း”” အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က စက်တင်ဘာလ အတွင်း မြန်မာသံတော်ဆင့်နှင့်တွေ့ဆုံစဉ် ထပ်မံ အတည်ပြုပြောကြားခဲ့သည်။
ပြည်မြန်မာဂျာနယ်ထုတ်ဝေသူ ဒေါက်တာတင်ထွန်းဦးသည် NLD မပါသော ၂၀၁၀ ရွေးကောက်ပွဲ တွင် ကြံ့ခိုင် ရေးပါတီမှ ပုဇွန်တောင် မြို့နယ်၌ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ၀င်ရောက်ယှဉ် ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့ သူဖြစ်သည်။ တပ် မတော်အစိုးရလက်ထက်တွင် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဆင့် စစ်ရာထူးခန့်ချုပ် တာဝန်ယူစဉ် က ယခု ပြန်ကြားရေးပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်သည် ဗိုလ်မှူးကြီးအဆင့် ဖြင့် တာဝန်မှ အငြိမ်းစားပေးခြင်း ခံရ ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာနတွင် ဦးချစ်နိုင် (စိတ်ပညာ)၏ လက်အောက်၊ ဒု ညွှန်ချုပ် တာဝန်ဖြင့် အရပ်ဘက်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ရ သူဖြစ်ကာ သမ္မတဦးသိန်းစိန်အစိုးရ သစ်လက် ထက်တွင်မှ ပြန်ကြားရေး ဒုဝန်ကြီး၊ ၀န်ကြီးတာဝန်များသို့ရောက် ရှိလာခဲ့သူဖြစ်သည်။
MH-0011
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
အီရတ်နိုင်ငံ အန်ဘာပြည်နယ် မှ မျိုးနွယ်စုဝင် လူ ၂၅၅ ဦးကို ISIS စစ်သွေးကြွ များသတ်ဖြတ်
ဘဂ္ဂဒက် ၊ ၃၁-၁၀-၂၀၁၄
ISIS စစ်သွေးကြွ များသည် အီရတ်နိုင်ငံ အနောက်ပိုင်းရှိ အန်ဘာပြည်နယ် အတွင်းသို့ ဝင်ရောက် တိုက်ခိုက် ခဲ့ပြီးနောက် ဒေသတွင်းရှိ ရဲတပ်ဖွဲ့နှင့် မျိုးနွယ်စုဝင် လူ ၂၅၅ ဦး ကို သတ်ဖြတ် ခဲ့ကြကြောင်း ပြည်နယ် လုံခြုံရေးအဖွဲ့ က ယမန်နေ့တွင် ပြောကြားခဲ့သည်။
အဆိုပါ သတ်ဖြတ်ခံရ သူများအနက် လူ ၁၅ဝ မှာ ဆွန်နီ တိုက်ခိုက်ရေး သမားများနှင့် ဒေသတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ပြီး ၄င်းတို့သည် ISIS စစ်သွေးကြွ များကို ခုခံ တိုက်ခိုက်သူများ ဖြစ်ကြောင်း အမည် မဖော်လိုသူ ပြည်နယ် လုံခြုံရေး တပ်ဖွဲ့မှ အရာရှိ တစ်ဦးက ပြောကြား ခဲ့သည်။
အဆိုပါ ISIS စစ်သွေးကြွ များသည် အစောပိုင်းတွင် မြို့တော် ဘဂ္ဂဒက်မှ အနောက်ဘက် ကီလိုမီတာ ၁၆ဝ ကွာဝေးသည့် ဟိဂ်မြို့ အတွင်းသို့ စီးနင်း ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ဆွန်နီ မျိုးနွယ်စုဝင် အမျိုးသား များကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ သတ်ဖြတ်မှု များသည် ISIS စစ်သွေးကြွ များ က အယ်ဘူနီမာ မျိုးနွယ်စုဝင် အမျိုးသား ၃ဝ ကို သတ်ဖြတ်ခဲ့ပြီး တစ်ရက် အကြာတွင် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ ISIS စစ်သွေးကြွ များသည် ယခုအခါ ဟိဂ်မြို့၏ ၈ဝ ရာခိုင်နှုန်းကို သိမ်းယူထားပြီး ဖြစ်ကြောင်း သိရသည်။
#PyiChitThar
http://www.pyichitthar.com/2014/10/isis_54.html
ဟာဝိုင်ယီက ပေါက်ကွဲ မီးတောင်ချော်ရည် လူနေရပ်ကွက်များကို ရောက်ပြီ
အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ်က အကြီးဆုံးကျွန်းပေါ်မှာ ပေါက်ကွဲနေဆဲ မီးတောင်က ချော်ရည်စီး ကြောင်းဟာ လူနေရပ်ကွက်တွေနဲ့ စိုက်ပျိုးမြေတွေနားကို အောက်တိုဘာ ၂၉ ရက်နေ့က စတင်ဖြတ်စီး နေပါတယ်။
စိုက်ပျိုးရေး ရွာလေး ပါဟိုအာရဲ့ ဒါဇင်နဲ့ချီတဲ့ အိမ်တွေဟာ  ၁ နာရီ ၄၅ ပေနှုန်းနဲ့ စီးထွက်လာတဲ့ ချော်ရည်ပူတွေ စီးရာလမ်းကြောင်းပေါ် ရောက်နေပါတယ်။
အပူချိန် ၂၁၀၀ ဒီဂရီဖာရင်ဟိုက်ထိပူတဲ့ ချော်ရည်တွေဟာ အောက်တိုဘာ ၃၀ ရက်နေ့မှာ လူအယောက် ၈၀၀ လောက်နေတဲ့ ကြံစိုက်ရွာလေးကနေ မြို့ကို သွားတဲ့ အဓိကလမ်းကို ရောက်ဖို့ ကိုက် ၁၅၀ လောက်ပဲ လိုတော့တာပါ။
မဖြစ်မနေ နေရာရွှေ့ပြောင်းရမယ့် အမိန့်ကို မထုတ်ပြန်ထားပါဘူး။ ဒါပေမယ့် လူအားလုံးကတော့ နောက်ဆုံးမိနစ်ထိ စောင့်ပြီး ရွှေ့ပြောင်းကြဖို့ အကုန်အသင့်ပြင်ပြီးပြီလို့ ရွာသားတွေနဲ့ တွေ့ခဲ့တဲ့ အရပ်ဘက်ကာကွယ်ရေး ခေါင်းဆောင် ဒါရီ အိုလီဗီယာက ပြောပါတယ်။
သင်တန်းဆင်း အမျိုးသား အစောင့် တပ်ဖွဲ့ဝင် ၈၃ ယောက်လည်း မနေ့က ရောက်လာပါပြီ။ ချော်ရည်ပူတွေက မီးတိုင်တွေကို ပျက်စီးစေနိုင်လို့ ဒေသခံတွေ မီးမရှိဘဲ နေရနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
၁၉၈၃ ခုနှစ်တည်းက အဆက်မပြတ် ပေါက်ကွဲနေတဲ့ ကီလာဝယ်အာ မီးတောင်ဟာ ဇွန်လ ၂၇ ရက်က ချော်ရည်တွေ စထွက်လာခဲ့တာပါ။ ၂၀၁၂ တုန်းကလည်း ချော်ရည်တွေကြောင့် အိမ်ခြေတွေ ပျက်စီးခဲ့ပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/69437
ဖမ်းမိမူးယစ်ဆေးဝါးကြောင့် တောင်ပိုင်း ဝ ခေါင်းဆောင်၏ စီးပွားရေး လုပ်ငန်း ချိတ်ပိတ်ခံရ
အောက်တိုဘာ ၃၁ ရက် ၂၀၁၄
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများသည် တောင်ပိုင်း ဝ ခေါင်းဆောင်နှင့် ပတ်သက်ဆက်နွယ်သည် ဟုဆိုကာ သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း ဝ တပ်ဖွဲ့ခေါင်းဆောင်ပိုင် စီးပွားရေးလုပ်ငန်း အချို့ချိတ်ပိတ်ခံထားရ သည်ဟု ဆိုသည်။
သျှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ အသွားလမ်းမပေါ်ရှိ တောင်ပိုင်း ဝ တပ်ဖွဲ့ ဝေ့ရှော်ယင် ပိုင်ဆိုင်သည့် နေအိမ်၊ ရာဘာခြံ၊ ဓါတ်ဆီဆိုင်နှင့် အခြားပတ်သက်ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများအား မြန်မာ့ အာဏာပိုင်များက ချိတ်ပိတ်လိုက်သည်ဟု ဆိုသည်။
“လွယ်ဆမ်ဆုံ(မ်) က လာတဲ့ ကားနှစ်စီးကို အစိုးရ တပ်မတော်နဲ့ရဲတပ်ဖွဲ့မူးယစ်တို့က တားဆီးစစ်ဆေး ဖမ်းဆီးတယ်။ ဘိန်းဖြူ ၊ ယာဘ တင်ဆောင်တဲ့ကားနှစ်စီးကို ဖမ်းဆီးလိုက်တာ။ နှစ်လ လောက်ရှိ တော့မယ်။ ပိုင်ရှင်က ၀ ခေါင်း ဆောင်လို့ပြောတယ်။ ဒါကြောင့် အာဏာပိုင်တွေက ဟွေ့အော့က သူတို့ရဲ့ ဓါတ်ဆီဆိုင်၊ နေအိမ်နဲ့ တခြားပတ်သက်တဲ့ လုပ်ငန်းတွေကို ချိတ်ပိတ်လိုက်တာ” – ဟု ဟွေ့အော့ရောက် မိုင်းတုံဒေသခံ တဦးကပြောသည်။
မိုင်းတုံမြို့နယ်အတွင်း ဝေ့ရှော်ယင်ခေါင်းဆောင်သောတောင်ပိုင်း ဝ တပ်ဖွဲ့က ရာဘာလုပ်ငန်း၊ အုတ်လုပ်ငန်း၊ ဓါတ်ဆီအရောင်းဆိုင်များ အပြင် အခြားသောတရားမဝင် လုပ်ငန်းများ လည်း လုပ်ကိုင်သည်ဟု ဆိုသည်။
ဝေ့ရှော်ယင်သည် မူးယစ်ဆေးဝါးမှုဖြင့် ထိုင်းနိုင်ငံအစိုးရ ဘတ်ငွေ ၂ သန်းဖြင့် ဖမ်းဝရန်းထုတ်ထားသည့် ဝ တပ်ဖွဲ့ ခေါင်းဆောင် စာရင်းဝင် ဝေ့ရှော်ကန်း (လက်ရှိပန်ဆိုင်းမြို့နေသူ) ၏ ညီအရင်းဖြစ်သည်။
“အခုလိုဖမ်းဆီးနေတာတွေ၊ ပူနားကိုမှာ မူးယစ်ဆေးဝါး ပိတ်ဆို့ ဖမ်းဆီးတာတွေက ဟန်ပြဘဲ။ တကယ့်ပင်ရင်း ၊ တိုက်ရိုက် ထုတ်လုပ်တဲ့ အကြီးပိုင်းကို ဘယ်တော့မှ ဖမ်းမမိဘူး။ အဖျားပိုင်း ကိုဘဲအမြဲဖမ်းမိတာ။ ပူနားကိုသွားဝိုင်း တုန်းကလဲ ဒီလိုဘဲ။ ဒီတော့ မူးယစ်ဆေးဝါးက ဆက်ရှိနေဦးမှာဘဲ။ သမ္မတအိုဘားမား မြန်မာနိုင်ငံကို မလာခင် လုပ်ပြနေတာ။ နာမည်ကောင်းရအောင်” - ဟု သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့ ပြောသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုများအနက် ၉၆% မှာ သျှမ်းပြည်မှ ထွက်ရှိသည်ဟု ဆိုသည်။ ကမ္ဘာတွင် အာဖကန်နစ္စတန်ပြီးလျှင် မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ထုတ်လုပ်မှု အများဆုံးဟု ကမ္ဘာ့မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှုဆိုင်ရာ နှိမ်နင်းရေး UNODC က ထုတ်ပြန်ထားဖူးသည်။
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
ဓါတ်ပုံ - ချိတ်ပိတ်ခံရ ၀ ခေါင်းဆောင်များ၏ လုပ်ငန်းတချို့
KAF ဖွဲ့စည်းခြင်းကို အားလုံးပါဝင်မှုဖြင့် လုပ်ဆောင်သွားရန် ဆုံးဖြတ်
အောက်တိုဘာ ၃၁ရက်၊ ၂၀၁၄ခုနှစ်။
ကရင်တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်များဖြင့် စုဖွဲ့ထားသည့် ကော်သူးလေ တပ်မတော်(KAF) ဖွဲ့စည်းခြင်းဆိုင်ရာ အစည်းအဝေးတွင် KAF ဖွဲ့စည်းခြင်းကို အားလုံးပါဝင်သော လုပ်ဆောင်မှုဖြင့် ဆောင်ရွက်သွားရန် ဆုံးဖြတ်လိုက်ကြောင်း အောက်တိုဘာ ၃၀ရက်(ယမန်နေ့)က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)ဌာနချုပ် (ကော်သူးမွဲခီး)ဆုံဆည်းမြိုင်တွင် အောက်တိုဘာ ၂၉ရက်မှ ၃၀ရက်နေ့ အထိ ကျင်းပသည့် ယင်းအစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် KAF ဖွဲ့စည်းခြင်းကို အားလုံး ပါဝင်သော ဦးဆောင်မှုဖြင့် လုပ် ဆောင်ခြင်း၊ တက်ရောက်သူ အဖွဲ့အစည်းကိုယ်စားလှယ်များ KAF ဖွဲ့စည်းမှုကို သဘောတူခြင်းနှင့် KAF သည် ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီး၏ မူလေးချက်အပေါ် ရပ်တည်သွားခြင်း အပါအ၀င် အချက် ၅ချက် ဖော်ပြပါရှိသည်။
ထုတ်ပြန်ကြေညာချက်အပေါ် KNU ၏ ခွဲထွက်ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းကော်မတီ အတွင်း ရေးမှူး ဗိုလ်မှူးကြီးစောဖောဒိုက “အခုအစည်းအဝေးက DKBA က တစ်ဖွဲ့တည်း ဦးဆောင်ပြီး လုပ်နေတဲ့ အနေအထားဖြစ်နေတဲ့ အတွက် တစ်ခုတည်း သဘောမဖြစ်ဖို့ နောက်လာမယ့် အဖွဲ့အားလုံးတွေ့ဆုံပြီး အစည်းအဝေးတစ်ရပ်ရှိမှသာလျှင် ဒီလုပ်ငန်းကြီး အကောင်အထည်ဖော်ရာမှာ တစ်ခုတည်းဖြစ်သွားမှာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် KAF ဖွဲ့စည်းခြင်းကို KNU ၏ တတိယအကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေးကလည်း မူအရ လက်ခံ ကြောင်း ဆုံးဖြတ်လိုက်သကဲ့သို့ KNU ၏ ဖွဲ့စည်းပုံ၊ နိုင်ငံရေးလမ်းစဉ်၊ လုပ်ငန်းစဉ်နှင့်အညီ ဆောင်ရွက်နိုင်ရန် လာမည့် ၁၆ကြိမ် မြောက် KNU ကွန်ဂရက်တွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် KAF ဖွဲ့စည်းရေး သဘောထားများ၊ ကရင်တပ်မတော်တစ်ရပ်အောက်ရှိ တပ်ပိုင်းဆိုင်ရာ စုဖွဲ့မှုပုံစံ သဘောထားများ၊ နိုင်ငံရေးဦးဆောင်မှုပေးမည့် ဦးဆောင်အဖွဲ့အစည်း သဘောထားတို့ကို တစ်ဖွဲ့ချင်းအလိုက် ဆွေးနွေးခဲ့ကြ သည်ဟု သိရသည်။
အစည်းအဝေးတွင် ကရင်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများဖြစ်သည့် KNLA၊ KNDO၊ DKBA နှင့် ပြည် တွင်းပြည်ပမှ ကရင်အဖွဲ့ အစည်းများ၊ ဒေသခံကရင်လူထုနှင့် ဘာသာရေးခေါင်းဆောင်များ၊ လေ့လာသူများအဖြစ် UNR Army၊ ၈၈ မျိုးဆက်သစ်ကရင်ကျောင်းသားအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ ဧရာဝတီ တောင် သူလယ်သမားသမဂ္ဂနှင့် မြန်မာလူမှုဖွံ့ဖြိုးတိုးတက်ရေးတို့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၀၀ကျော် တက်ရောက်ခဲ့ကြသည်။
KAF အတည်ပြုဖွဲ့စည်းသွားမည့်အပေါ် DKBA ၏ နိုင်ငံရေးဦးဆောင်မှုအဖွဲ့ဖြစ်သည့် ကလို့ထူးဘော ကရင်အစည်းအရုံး(KKO) အတွင်းရေးမှူး ဗိုလ်မှူးစောလုံ့လုံက “အစည်းအဝေးမှာ တချို့က တပ်ကိစ္စဟာ တပ်ပိုင်းအနေနဲ့ပဲ သွားချင်တဲ့သူရှိတယ်။ ဒါက နိုင်ငံရေးအပိုင်းနဲ့ မပတ်သက်ချင်တဲ့ သဘောထားတွေလည်း ရှိတယ်။ အဲဒီတော့ အစည်းအဝေးမှာ ဘယ်လိုဦးဆောင်ဖွဲ့စည်းမှုနဲ့ သွားမလဲဆိုတာ ရှေ့ဆက် ဆွေးနွေးသွားမှာပါ”ဟု ပြောသည်။
ကော်သူးလေတပ်မတော်(KAF)ကို ကရင်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်များဖြစ်သည့် KNLA, KNDO, DKBA နှင့် KNU/ KNLA(PC)တို့က အောက်တိုဘာလ ၁၃ရက်နေ့၌ ပြန်လည်ဖွဲ့စည်းကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးနောက် DKBA ဌာနချုပ်တွင် ယခု အစည်းအဝေးကို ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။
စဖန်းရှောင်း
ကေအိုင်စီ - KIC News
http://kicnews.org
ဗိုလ်မှူးကြီးစောဖောဒို
Facebook ပို့စ်ကြောင့် ဆရာတဦး အသရေဖျက်မှုဖြင့် တရားစွဲခံရ
မြ၀တီမြို့တွင် အသက်မပြည့်သေးသူ မိန်းကလေးတဦးအား ကာမလိမ်လည်ရယူ ပေါင်းသင်းပြီး စွန့်ပစ်ထားခဲ့ခြင်းကို မခံမရပ်နိုင်သော ပြည်သူတဦးက Facebook စာမျက်နှာပေါ် တင်လိုက်သဖြင့် ၎င်းဖြစ်စဉ်နှင့် ပတ်သက်နေသည့် အမျိုးသားက Facebook တင်သူကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။
အသက်မပြည့်သေးသူမိန်းကလေးအား ကာမလိမ်လည်ရယူပေါင်းသင်းပြီး စွန့်ပစ်ထားမှုသတင်းကို အောက်တိုဘာလ (၂၈)ရက်နေ့ထုတ် အတွဲ(၉)၊ အမှတ်(၂၃) News Watch ဂျာနယ်စာ(၂၇)တွင် သတင်းဖော်ပြခဲ့ပြီးဖြစ်သလို မြ၀တီမြို့ နယ် တရားရုံးတွင် လက်ရှိတရားရင်ဆိုင်နေသည့်အမှုလည်း ဖြစ်သည်။ အဆိုပါအမှုတွင် မိန်းကလေးဘက်မှ မခံမရပ်နိုင်ဖြစ်သော ပြည်သူတဦးက မြ၀တီမြို့၊ အမှတ် (၃)ရပ်ကွက်၊ ဗိုလ်တောက်ထိန်လမ်း အမှတ်(က/၃၈၆)နေ စာသင်ပြပေးနေသော ဦးဝင်းချိုဆိုသူ၏အမည်ဖြင့် Facebook စာမျက်နှာပေါ် တင်လိုက်ရာ ဆရာဦးဝင်းချိုမှာ ဘုမသိဘမသိဖြင့် ယခုအခါ မြ၀တီမြို့နယ်တရားရုံးတွင် ပုဒ်မ(၅၀၀)ဖြင့် အမှုရင်ဆိုင်နေရသည်ဟု ဆိုသည်။
“ကျွန်တော်က (၁၀)တန်းကလေးတွေကို စာသင်ပြပေးနေတဲ့ ဆရာတဦးလည်းဖြစ်သလို ရပ်မိ/ရပ်ဖလည်းဖြစ် တော့ ကျွန်တော့်ကို လူသိများတယ်။ ဒါကြောင့် ကျွန်တော့်အမည်ကိုအသုံးပြုပြီး ပြည်သူတဦးက မှာတင်လိုက် တာဖြစ်ပါတယ်။ ကျွန်တော်တင်တာတော့ မဟုတ်ပါဘူး။ ဒါကို အဲဒီအမှုနဲ့ပတ်သက်နေသူက ကျွန်တော်တင်ပါတယ်ဆိုပြီး အသရေဖျက်မှုနဲ့ မြို့နယ်တရားရုံးမှာ တရားစွဲတဲ့အတွက် ပုဒ်မ-၅၀၀နဲ့ အမှု ရင်ဆိုင်နေရတာပါ။ ဒီအမှုက လက်ရှိမြို့ နယ်တရားရုံးမှာ တကယ်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ တင်တဲ့လူကလည်း လုပ်ကြံ လိမ်လည်ပြီး Facebook စာမျက်နှာမှာ တင်လိုက်တာတော့ မဟုတ်ပါဘူး။ ဒါကို တရားသူကြီးက လက်ခံလိုက်တဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်”ဟု တရားရင်ဆိုင်နေရသူ ရပ်မိ/ရပ်ဖ ဆရာဦးဝင်းချိုက News Watch သို့ ပြောသည်။
သက်ဦးနိုင်(မြ၀တီ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf
ဘီလူးချောင်းတွင်း မျောပါသေဆုံးနေသူ အလောင်းအား ရဲများဆယ်ယူစစ်ဆေး
ကယားပြည်နယ် လွိုင်ကော်မြို့ ဘီလူးချောင်းတွင် ရေမျော သေဆုံးနေသည့် အမျိုးသား တဦး၏ အလောင်းကို ရဲများမှ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဆယ်ယူ စစ်ဆေးခဲ့သည်ဟု သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင် လွိုင်ကော်မြို့ရှိ ကျောက်ပြား တံတား ပြုပြင်ခြင်း လုပ်ငန်းခွင်အနီးမှ ဘီလူးချောင်းကမ်းနား ခံနေသဖြင့် အလုပ်သမားများက ရဲစခန်းသို့ အကြောင်းကြား ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများ ဖြစ်သော ဆောက်လုပ်ရေး အလုပ်သမား တဦးက ပြောသည်။
သေဆုံးနေသူ၏ အလောင်းအား ရဲများက လွိုင်ကော်မြို့ ကန္ဒာရဝတီတံတားအနီးမှ သက်သေများဖြင့် ဆယ်ယူ စစ်ဆေးခဲ့ကြသည်။
သေဆုံးသူသည် အသက် ၄၀ ခန့် အသားညို ၊ အောက်ခံဘောင်းဘီသာပါရှိပြီး ဘီလူချောင်းမှ မျောလာသည်ဟု မျက်မြင်သက်သေများက ပြောသည်။ ရဲများမှ သေဆုံးသူ မည်သူမည်ဝါ ဆိုသည်ကို စုံစမ်းလျက်ရှိကြောင်း ရေနစ်သေခြင်းဟုတ်မဟုတ် စစ်ဆေးလျက်ရှိကြောင်း သိရည်။
၎င်းအမှုကိစ္စနှင့်ပတ်သက်၍ ရဲများ၏ စစ်ဆေးတွေ့ရှိချက်များ ထုတ်ပြန်မည့် သတင်းကို စုံစမ်းဆဲ ဖြစ်သည်။
ဆန်းဖြိုးထွန်း
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
ပုံ - ဆန်းဖြိုးထွန်း ( ကန္တာရဝတီတိုင်း(မ်)
ကိုပါကြီးသေဆုံးမှု စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အမြန်တင်ရန် သမ္မတရုံး ညွှန်ကြား
ကိုပါကြီး သေဆုံးတဲ့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပြီး အစီရင်ခံ စာတစောင် အမြန်တင်ပေးဖို့ သမ္မတရုံးက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ညွှန်ကြား လိုက်ပါတယ်။
ကိုပါကြီး သေဆုံးပြီး ၁ လလောက်အကြာမှာ သမ္မတရုံး ညွှန်ကြားချက်ထွက်ပေါ်လာတာ ဖြစ်ပြီး ညွှန်ကြားချက်ထဲမှာ တပ်မတော်က သတင်းထုတ်ပြန်ထားတဲ့ ကေကေအို စောဆန်းအောင်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင် သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ဆိုပြီး ဖော်ပြပါရှိပါတယ်။
သမ္မတရုံးညွှန်ကြားချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက “အမြန်ဆုံး သွားရောက်စစ်ဆေးဖို့ လုပ်နေပါတယ်။ စုံစမ်းစစ်ဆေးတဲ့ အနေအထား၊ တွေ့မယ့်သူတွေပေါ်မှာ ဘယ်လောက်အချိန်ယူရမလဲဆိုတာပေါ် မူတည်တာပေါ့။ အတိအကျပြောလို့ မရပေမယ့် ပြောလိုတာကတော့ အမြန်ဆုံးလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါက အင်မတန် ရှုပ်ထွေးတဲ့ကိစ္စ၊ ကျနော်တို့က တတ်နိုင်သမျှ အမှန်ဆုံးဖြစ်အောင် စုံစမ်းစစ်ဆေးမှာ ပါ” လို့ ပြောပါတယ်။
ပြည်တွင်းမှာ လူ့အခွင့်အရေး ပညာပေးလုပ်ဆောင်နေတဲ့ Equality Myanmar ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဒီအမှုမှာ တပ်မတော်က ပါဝင်ပတ်သက်နေတာမို့ တပ်ရဲ့ ပူးပေါင်းပါဝင်မှု ဘယ်လောက် ရှိမလဲ စောင့်ကြည့်ရမယ်လို့ ပြောပါတယ်။
“လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် ပူးပေါင်းပါဝင်မှုနည်းတဲ့ အစိုးရဌာနတွေထဲမှာ စစ်တပ်က အမြဲတမ်း ထိပ်ဆုံးက ပါဝင်နေတာဆိုတော့ ဒါက ကျနော်တို့ ဆက်လက်စောင့်ကြည့်ရဖို့ လိုအပ်ပါတယ်။ တပ်ရဲ့ ပူးပေါင်းပါဝင်မှု မရှိဘူးဆိုရင်တော့ ကော်မရှင်လည်း လုံးဝ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ကော်မရှင်မှာ လုပ်ပိုင်ခွင့်ကို ဥပဒေအရ ပေးထားတယ်။ ဒါပေမယ့် လုပ်တဲ့အခါ ဘယ်လောက်အထိ ပူးပေါင်းပါဝင်မှု ရှိမလဲ။ စုံစမ်းစစ်ဆေးတဲ့ ကော်မရှင်ရဲ့ ကျွမ်းကျင်မှုနဲ့ အမှန်တရား မြတ်နိုးမှုပေါ်လည်း အခြေတည်နေတာ တွေ့ရပါတယ်။”
အာရှ လူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးကတော့ ဥပဒေနားလည်ကျွမ်းကျင်တဲ့ သီးခြား လွတ်လပ်တဲ့အဖွဲ့တဖွဲ့ ဖွဲ့ပြီး စုံစမ်းစစ်ဆေး ဖော်ထုတ်သင့်တယ်လို့ ပြောပါတယ်။
“ကိုပါကြီးအမှု တကယ်တမ်းအဖြစ်မှန် ပေါ်ပေါက်ရေးအတွက်ကို အလေးအနက်ထား ဆောင်ရွက်မယ်ဆိုရင် ဥပဒေပိုင်း အထူးကျွမ်းကျင်တဲ့သူတွေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနဲ့အညီ ဆောင်ရွက်ပေးနိုင်ဖို့အတွက် လမ်းညွှန်ပေးနိုင်တဲ့သူတွေ၊ သက်သေခံဥပဒေအတိုင်း သက်သေခံ အထောက်အထားတွေ မပျောက်ပျက်နိုင်ဖို့အတွက် ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တွေ တရားသူကြီးဟောင်းတွေ ဥပဒေ၀န်ထမ်းဟောင်းတွေ ပါဝင်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကသူတွေ မပါဝင်တဲ့ အဖွဲ့ဖွဲ့စည်းပေးပြီးတော့ အစီရင်ခံစာ တင်ခိုင်းတာက ပိုကောင်းမယ်လို့ မြင်ပါတယ်။”
သုံးရောင်ခြယ် အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းလိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားရာမှာ အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးခဲ့တယ်လို့ မြန်မာ့တပ်မတော်က အောက်တိုဘာ ၂၃ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/69401
ဦးပါကြီး
ဂရန်၊ မှတ်ပုံတင်၊ လိပ်စာအတုဖြင့် မြေကွက်လွတ်တခုကို ကျပ်သိန်းသုံးထောင်ဖြင့် ရောင်းချသူများ ထွက်ပြေးတိမ်းရှောင်နေ
အလုံမြို့နယ် အောင်ဇေယျလမ်းရှိ မြေကွက်လွတ်တခုကို ဂရန်အတု၊ မှတ်ပုံတင်အတု၊ လိပ်စာအတု ပြုလုပ်ကာ ကျပ် သိန်းသုံးထောင်ဖြင့် ရောင်းချသူများ ထွက်ပြေး တိမ်းရှောင်နေကြောင်း ၎င်းမြေအား ၀ယ်ယူခဲ့သူက အောက်တိုဘာ ၂၉ ရက်တွင် News Watch ဂျာနယ်သို့ ပြောကြားခဲ့သည်။
မြေကွက်ကို ၀ယ်ယူခဲ့သူက “အရောင်းအ၀ယ်လုပ်မယ့် ပွဲစားတွေက ဒဂုံ၊ ဘောက်ထော်၊ ရန်ကင်း၊ အလုံ ဘယ် နေရာတွေလိုချင်လဲဆိုပြီး ဂရန်လေးခု လာပြတာ၊ ကျွန်တော်က အလုံက မြေကို လိုက်ကြည့်တယ်၊ မြေကွက်က ဘာ အဆောက်အဦမှ မရှိဘူး။ ဒီတော့ စည်ပင်သာယာကို သူတို့ ဂရန်နဲ့သွားကြည့်တာ ဒေါ်သန်းသန်းဝင်းပိုင် အမည်နဲ့ တကယ်ရှိတယ်ဆိုပြီး စရံသိန်းငါးဆယ်ချေပြီး အရောင်းအ၀ယ်ဖြစ်ခဲ့တယ်”ဟု ပြောကြားခဲ့သည်။
၂၀၁၄ ဇွန်လ ၃ ရက်နေ့တွင် စရံငွေ ကျပ်သိန်း ၅၀ ပေးချေအပြီး ၆ ရက်နေ့တွင် ပထမအရစ် ကျပ်သိန်း ၉၅၀ ကို CB ဘဏ်မှ ထပ်မံပေးချေခဲ့သည်ဟု ဆိုသည်။ “ပထမအရစ် သိန်းတထောင်ပေး အပြီး ကျွန်တော်က မြေကွက်ကို ခြံဝင်းသွားခတ်ချိန်မှာ မြေကွက်ပိုင်ရှင် အစစ်နဲ့ တွေ့တာပဲ။ သူကလည်း ဂရန်ပြတယ်။ ကျွန်တော့်မှာလည်း ဂရန်ရှိတယ်ဆိုတော့ စည်ပင်မှာသွားပြီး ဖြေရှင်းပါတယ်။ အဲဒီတော့မှ ကျွန်တော့် ဂရန်အတုဆိုတော့ သိရတာပါ”ဟု ပြောကြားသည်။
ယင်းကဲ့သို့ ဂရန်အတု၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်း ပိုင်ရှင်၏ နာမည်အတုများ ပြုလုပ်ရောင်းချမှုအား သိရှိချိန်မှစ၍ ရောင်းချခဲ့သူများအား ရဲစခန်းသို့ တိုင်တန်းခဲ့သည်ဟု ဆိုသည်။ ယင်းလိမ်လည် ရောင်းချသူများထဲမှ ဒေါ်ချိုချိုမြင့်(ခ) ဆွီတီနှင့် ဒေါ်လဲ့လဲ့ဝင်းက ခေါင်းဆောင်ဖြစ်ပြီး ဒေါ်လဲ့လဲ့ဝင်းသည် မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ ဒုဦးစီးမှူးဖြစ်သည်ဟု ဆိုသည်။ ယင်းနှစ်ဦးအပြင် ဒေါ်ယမင်းသောင်း၊ ဒေါ်စန်းသိင်္ဂီ(ခ)မေသူ၊ ဒေါ်သန်းသန်းဝင်း(ခ) မတူး၊ မဝေဇင်အောင်(ခ) ဘုတ်ဆုံတို့လည်း အတူတကွ ပါဝင်သည်ဟု ၎င်းကဆိုသည်။ ယင်းထဲမှ ဒေါ်သန်းသန်းဝင်းသည် ပိုင်ရှင်ဂရန်အတု ဖြစ်သောကြောင့် အပြင်တွင် တကယ်မရှိနိုင်ဘဲ ဒေါ်ချိုချိုမြင့်(ခ)ဆွီတီနှင့် ဒေါ်စန်းသိင်္ဂီသည် အဓိက တရားခံဖြစ်နိုင်ကြောင်း ၎င်းတို့ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကာ မယမင်းသောင်း၊ မလဲ့လဲ့ဝင်း၊ မဝေဇင် အောင်တို့အား လသာရဲစခန်းမှ ခေါ်ယူစစ်ဆေးကာ အာမခံပေးထားသည်ဟု ဆိုသည်။
၎င်းတို့အား လသာရဲစခန်းက ပုဒ်မ ၄၂၀/၄၆၈ ၄၇၁/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။ ယင်းနှင့် ပတ်သက်၍ “ကျွန်တော်က အာမခံပေးတာကို မကျေနပ်ဘူး။ ဒီအတွက် ခရိုင်ကို စာတင် ထားတယ်။ ခရိုင်ကမှ မရရင် တိုင်း၊ ဗဟိုအထိ တက်ဦးမယ်၊ နောက်လူတွေ ကိုယ် လိုမဖြစ်အောင်ဘဲ”ဟု မြေကွက်ဝယ်ယူခဲ့ သူက ပြောသည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ မင်္ဂလာဒုံမြို့နယ်ထွေအုပ် ဒုဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်းအား ဆက်သွယ်မေးမြန်းရာ ““ဒီဖြစ်စဉ်တွေနဲ့ ကျွန်မက ဘာပတ်သက်မှုမှ မရှိဘူး။ ကျွန်မနဲ့မဆိုင်တာကိုလုပ်တဲ့အတွက် တရားစွဲမယ်၊ လောလောဆယ် ၀န်ထမ်းဥပဒေအရ တာဝန်က ခဏရပ်စဲ ထားတယ်။ တရားခံတွေက ထွက်ပြေးနေ တဲ့အတွက် ရဲလုပ်ထုံးလုပ်နည်းအရ ကျွန်မဘက်က တရားစွဲလို့ မရသေးတာပါ။ ရဲစစ်ချက်ကလည်း ကျွန်မရဲ့ ကိုယ်ရေး အချက်အလက်ကိုရေးပြီး လက်မှတ်ထိုးခိုင်းတာပါ”ဟု ပြောသည်။
အလားတူ မြေဂရန်၊ မှတ်ပုံတင်အတုများဖြင့် လိမ်လည်ရောင်းချမှုများ လတ်တလောတွင် ဖြစ်ရပ် ၄ ခုခန့်ရှိနေ ကြောင်း စုံစမ်းသိရှိနေရသည်ဟု မြေ၀ယ်ခဲ့သူက ပြောကြားသည်။
ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf
ကားတက်ကြိတ်မိရာမှ လူတဦးသေဆုံး
ဒီးမောဆိုမြို့နယ် မြို့မရပ်ကွက် (ဒေသအခေါ် ငုပလော့ ရပ်ကွက်) တွင် သဲတင်ကားတစီး နှင့် ဆိုင်ကယ် ချိတ်မိရာမှ ဆိုင်ကယ်မောင်းသူ ကို ကားကြိတ်သေဆုံးမှုတခုဖြစ်ပွားခဲ့ကြောင်း ဒီးမောဆို ရဲစခန်းမှသိရသည်။
ဖြစ်စဉ်မှာ ယမန့်နေ့( အောက်တိုဘာ ၂၈) မော်ချီးမှ လွိုင်ကော်သို့ ဆိုင်ကယ်မောင်းနှင်လာသူ စောဒိုမဲနီ (၂၅နှစ်) နှင့်လိုက်ပါစီးနင်းသူ ဦးစောနော်ထူး (၄၉ နှစ်) တို့ မြို့မရပ်ကွက် (ငုပလော့)အရောက် သဲတင်လာသော ဦးအောင်နိုင်ဦး(၄၅) နှစ် မောင်နှင်သည့် ယာဉ် နှင့် ချိတ်မိရာမှ ဆိုင်ကယ်တိမ်း မှောက်ကာ ဆိုင်ကယ်မောင်းသူ စောဒိုမဲနီကို ကားနောက်ဘီးဖြင့် ကြိတ်မိသွားကြောင်းသိရသည်။
ကားကြိတ်ခံရသော စောဒိုမဲနီမှာ ၀ဲဘက်မျက်လုံးကျွတ်ထွက်သွားပြီး ယာဘက်ပေါင်ကျိုးကာ အခင်းဖြစ်ပွားသည့် နေရာတွင်ပင်နေ သေဆုံးသွားကြောင်းသိရသည်။
အခင်းဖြစ်ပွားစဉ် အနီးအနားတွင်ရှိနေသည့် သူတစ်ဦးက “ ကျမတို့က အိမ်ထဲမှာထိုင်နေကြတာ။ တိုက်မိတဲ့ အသံကြားလိုက်တာနဲ့ အိမ်ပြင်ကိုပြေးထွက်ကြည့်တော့ ကားကြိတ်ခံရတဲ့ ဆိုင်ကယ်သမားက သေနေပြီလေ" ဟုပြောပါသည်။
ဆိုင်ကယ်ပေါ်တွင် လိုက်ပါစီးနင်းလာသူ ဦးစောနော်ထူးမှာ ယာ ဘက်ခြေမ ပေါက်ဗြဲဒဏ်ရာ နှင့် ယာဘက်ခြေကျင်းဝတ်ဖူးယောင်ဒဏ်ရာရရှိသွာကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပါတ်သက်၍ ဒီးမောဆိုရဲစခန်း မှ တာဝန်မှူး လ၂၁၉၈၄၁ ဒုရဲအုပ် ညီညီလွင်မှ ကားယာဉ်မောင်း အောင်နိုင်ဦးနှင့် သေဆုံးသူဆိုင်ကယ်မောင်းသူ စောဒိုမဲနီ တို့ကို အရေးယူပေးရန်တိုင်ကြားထားကြောင်းသိရသည်။
ဒီးမောဆိုရဲစခန်းမှ ၎င်းတို့၂ဦးကို ယာဉ်(ပ) ၂၁/၂၀၁၄၊ ပြစ်မှု ပုဒ်မ - ၃၀၄(က)/ ၃၃၈ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်းသိရသည်။
သေဆုံးသူ စောဒိုမဲနီ မှာ မော်ချီးမှ ခဲလုပ်သားတဦးဖြစ်ပြီး ဦးစောနော်ထူး တို့မှာ ခဲလုပ်ငန်းလုပ်ကိုင်သူတဦးဖြစ်သည်။
စောစီခို
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
လေးပွင့်ဆိုင်ပုံစံမျိုးမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ဒီနေ့ ထိပ်သီး ဆွေးနွေးပွဲကို လေးပွင့် ဆိုင်ပုံစံ လိုမျိုး သတ်မှတ်လို့ မရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြား လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ အသွင်ကူး ပြောင်းရေး ဖြစ်စဉ် ညင်သာ ခိုင်မာစွာ ကူးပြောင်း နိုင်ဖို့ အတွက် အစိုးရ၊ လွှတ်တော် ၊ တပ်မတော်နဲ့ နိုင်ငံရေး ပါတီ အစုအဖွဲ့ ကိုယ်စားလှယ်တွေ နေပြည်တော် သမ္မတ အိမ်တော်မှာ ပထမဆုံးအကြိမ် ဒီနေ့ မနက်က ၂ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောကြား လိုက်တာပါ။
“အမေတို့ကတော့ လေးပွင့်ဆိုင်ကိစ္စကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဘာမှ ပါတီစွဲနဲ့မဟုတ်ဘူး။ ၀ါဒစွဲကြောင့်လည်း မဟုတ်ဘူး။ လက်တွေ့ကျကျ လိုအပ်တယ်ထင်လို့ပါ။
“တယောက် ၁၀ မိနစ်ပြောပြီးတော့ နောက်ဆုံးရှိသေးလားဆိုတာတော့ အန်တီတို့အနေနဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲမျိုး မြင်တဲ့ပုံစံတော့ မဟုတ်ပါဘူး။”
အန်အယ်လ်ဒီနာယက သူရ ဦးတင်ဦးကလည်း ဒီနေ့ဆွေးနွေးပွဲကို ကြိုဆိုပေမယ့် အနှစ်သာရက အရေးကြီးကြောင်း ပြောပါတယ်။
ဓအရေးကြီးတာကတော့ အနှစ်သာရက အရေးကြီးတာပဲလေ။ တွေ့ဆုံဆွေးနွေးကြပြီးတဲ့  နောက်ပိုင်း ထွက်လာမယ့်ရလဒ်က ဘာတွေဖြစ်လာမလဲ။ တိုးတက်မှုရှိမလား၊ မရှိလား ဒီအပေါ်မှာ ကြည့်ရမယ်ထင်ပါတယ်။ တွေ့ကြတယ်၊ ပြောကြတယ်၊ ဆိုကြတယ်။ ပြီးတော့လည်း ဘာမှမဖြစ်ဘူး။ အရင်အတိုင်း အရင်အတိုင်းပဲဆိုလည်း  ဘာအဓိပ္ပာယ်ရှိမှာလဲဗျာ။  ပြောဆိုပြီးတိုင်း ပြီးတိုင်းမှာ ပြည်သူလူထုတွေအတွက် လုံခြုံဖို့နဲ့ ပြည်သူ လူထုတွေအားလုံးအတွက် လွတ်လွတ်လပ်လပ်နဲ့ ယုံကြည်စိတ်ချ အထူးသဖြင့် ပြည်သူလူထုမှာ ရသင့်ရရှိထိုက်တဲ့ တရားမျှတမှုရဖို့ ဒီမိုကရေစီအခွင့်လမ်းတွေကို ဘယ်လောက်ခွင့်ပြုပေးသလဲ၊ အဲဒီအပေါ်မှာပဲ မူတည်မှာပဲဗျ။ ကျနော်ကတော့ လက်တွေ့ပဲ၊ ပြောကြဆိုကြ၊ တွေ့ကြပြုကြ၊ ဓာတ်ပုံရိုက်ကြ ဒါတွေကိုတော့ ကြည့်ဆုံးဖြတ်လို့ ရမယ်မဟုတ်ဘူး ထင်တယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဟာ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ၊ လွှတ်တော်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက တောင်းဆိုထားတာပါ။
ဒီနေ့ပြုလုပ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးကို ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းပါတီ (အန်ဘီအက်ဖ်) ကလည်း ထောက်ခံကြိုဆိုလိုက်ပြီး ဒီကနေတဆင့် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပသွားဖို့  ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/69447
သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်၊ ကာချုပ်နဲ့ ဒေါ်စု အပါအဝင် ပါတီ ခေါင်းဆောင် တချို့ ဆွေးနွေး
မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ဒုသမ္မတ နှစ်ဦးနဲ့ အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အဲလ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ပြည်ထောင်စု လွှတ်တော် နာယက အပါ အဝင် တခြား နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေ၊ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေနဲ့ နေပြည်တော် သမ္မတ အိမ်တော်မှာ သောကြာနေ့ မနက်ပိုင်းက တွေ့ဆုံ ဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ ပါတယ်။
တွေ့ဆုံ ပွဲမှာ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး နဲ့ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး ကဏ္ဍဍ သုံးခုကို အဓိက ထား ဆွေးနွေး ခဲ့တယ်လို့ သမ္မတ ပြောခွင့် ရသူ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က သတင်းစာ ရှင်းလင်း ပွဲမှာ ပြောကြား ပါတယ်။
တနိုင်ငံ လုံး အပစ် ရပ်စဲ ရေးကိုလည်း ၂၀၁၅ နှစ်စ ပိုင်းမှာ လက်မှတ်ထိုး နိုင်ဖို့ အတွက်လည်း ဆွေးနွေး ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံရေး ကိစ္စတွေကို နိုင်ငံရေး အရ ဆွေးနွေး အဖြေရှာ ရေးနဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိုလည်း လွှတ်တော် မှာပဲ ဥပဒေ အရ ဆွေးနွေး သွားဖို့ သဘောတူ ခဲ့ ကြတယ်လို့ လည်း ပြောပါတယ်။
သမ္မတနဲ့ လွှတ်တော် ကာချုပ် အပါ အဝင် နိုင်ငံရေး ပါတီ ခေါင်းဆောင် တွေ အခုလို တွေ့ဆုံ တာဟာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/10/141031_theinsein_meeting
ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး နဲ့ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး ကဏ္ဍဍ သုံးခုကို အဓိက ထား ဆွေးနွေး ခဲ့
ခြိမ်းခြောက်မှုကြောင့် ၀န်ခံရခြင်းဖြစ်ကြောင်း စွပ်စွဲခံလူငယ် ၂ ဦး ထပ်မံပြောကြား
ထိုင်းတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးကို ပေါက်တူး အနောင့်ပိုင်းနဲ့ ရိုက်နှက်ခဲ့တယ်လို့ ထွက်ဆိုခဲ့တာဟာ ဘာသာပြန်နဲ့ ရဲတွေက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အ တွက် ဖြစ်ကြောင်း ဖမ်းဆီး ချုပ်နှောင်ခံနေကြတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့က  မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့ကို ဒီကနေ့ ထွက်ဆိုခဲ့ကြပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက စစ်သံမှူး ဗိုလ်မှူး သန်းထိုက်အောင်၊ ရှေ့နေ ဦးအောင်မျိုးသန့်၊ ဦးကျော်သောင်း၊ ဘာသာပြန် ဦးမိုးဝေ နဲ့ မှတ်တမ်းတင်သူ စောခွန်နောင်ဦးတို့ ပါဝင်တဲ့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့ဟာ သံသယရှိသူ ၂ ဦးနဲ့ ဒီနေ့ နေ့ခင်း ၁၂ နာရီကနေ ၂ နာရီခွဲထိ တွေ့ဆုံစကား ပြောခွင့်ရခဲ့ပါတယ်။
သူတို့ ၂ ဦးရဲ့ ပြောဆိုချက်တွေဟာ အောက်တိုဘာ ၂၄ ရက်နေ့က မိဘတွေနဲ့ တွေ့ဆုံစဉ် ပြောခဲ့တဲ့အတိုင်း ဒီအမှုမှာ သူတို့ပါဝင်ပတ်သက်ခြင်း မရှိဘူး ဆိုတာကို ထပ်လောင်းပြော ဆိုခဲ့တယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။
“တကယ်ပြောမယ်ဆိုရင် သူတို့လုံးဝသိတဲ့ကိစ္စမဟုတ်ပါဘူး။ ဘာသာပြန်နဲ့ရဲတို့ ပူးပေါင်းပြီး သင်ထားတဲ့အတိုင်း လိုက်လုပ်ရတယ်လို့ ပြောပါတယ်။ ဘာသာပြန်ကပြောပါတယ်။ သရုပ်ပြတဲ့အချိန် မင်းတို့က သူတို့ပြောတဲ့အတိုင်း မြန်မြန်ဆန်ဆန်လုပ်ပြ၊ သတင်းထောက်တွေမေးရင် ဘာမှမပြောရဘူး၊ ပြောရင် မင်းတို့အသေပဲလို့ ပြောထားပါတယ်။”
အထူးသဖြင့် ဗြိတိန်နိုင်ငံသား ၂ ဦးကို ပေါက်တူးနဲ့ သတ်တယ်လို့ ပြောခဲ့တာဟာ သူတို့ခိုင်းတဲ့အတိုင်း ပြောရတာလို့ သွားတွေ့တဲ့အဖွဲ့ထဲ ပါဝင်သူ ဦးကျော်သောင်းက ဖြည့်စွက်ပြောဆိုပါတယ်။
“ကျနော်တို့ ဒီနေ့တွေ့တော့ ‘မင်းတို့ ငါတို့ကို ယုံပြီလား၊ ဒီမှာ မင်းတို့အဖေ၊ အမေ နဲ့ဓာတ်ပုံရိုက်ထားတာ သိပြီလားဆိုတော့ ရတယ်၊ ဦးလေးတဲ့ သိပြီတဲ့။ ကျနော်တို့က သူတို့ကို ကူညီနေတယ်ဆိုတာ သိပြီးနေပြီပေါ့နော်။ ဟုတ်ပြီ ဟေ့ကောင်တွေ ပထမတကြိမ်တုန်းကတော့ ငါမေးတယ်၊ ပေါက်တူးအသွားဘက်မဟုတ်ဘဲ အနောင့်နဲ့ ထုတာ တယောက်နှစ်ချက်ရိုက်တယ်လို့ ပြောတယ်၊ ကျနော်တို့ရိုက်တာက သေလောက်အောင်မဖြစ်ဘူး ပြောတယ်၊ အခု မင်းတို့အမေတို့လာတော့ မသတ်ဘူးလို့ ပြောတယ်။ ငါတို့က ရူးကြောင်မူးကြောင်ဖြစ်နေပြီ။ ဘယ်လိုဖြစ်တာတုန်း’လို့မေးတော့ ‘ဦးလေးတဲ့ အရင်တုန်းကပြောတာကတဲ့ ကျနော်တို့က တရားရုံးမှာကျမှ အမှန်အတိုင်းထွက်ဆိုမယ်၊ ဘယ်သူလာမေးမေး ကျနော်တို့ကိုရိုက်နှက်ထားတဲ့ ပုလိပ်နဲ့ ဘာသာပြန်တွေက မင်းတို့ ဘယ်မီဒီယာကပဲမေးမေး၊ ဘယ်သူပဲလာလာ သတ်တယ်လို့ပဲပြောလို့ ကျနော်တို့ ကြောက်လို့ ဒီအတိုင်းပြောတာပါတဲ့’။
“ဒီနေ့ ဒီချိန်ထိ ကလေးတွေဟာ ကြောက်တဲ့စိတ်ရှိနေသေးတယ်။ ကျနော်တို့က ပြောတာပေါ့နော်၊ ‘ကျနော်တို့မလာဘဲနဲ့ တစုံတယောက် လာမေးတာမြန်းတာရှိရင် မပြောကြနဲ့၊ စာရွက်တွေလာရင် လက်မှတ်မထိုးကြနဲ့’ လို့ ကျနော်တို့က သတိပေးတာပေါ့။ သတိပေးတဲ့အခါမှာ ဇော်လင်းက ဘာပြောလဲဆိုရင် ‘ဦးလေး ကျနော်လက်မှတ်မထိုးလို့ရှိရင် ကျနော် ရိုက်ခံရမှာပေါ့’ တဲ့။ ခုချိန်ထိ ကြောက်စိတ်က မပြေသေးဘူး။ သူတို့နှိပ်စက်ညှဉ်းပန်းခံရတာတွေကို ပြောပြတယ်။ အိတ်စွပ်ပြီးတော့ နှိပ်စက်ညှဉ်းပန်းတာတွေ။”
သူတို့ ၂ ဦးကို ရဲတွေက ၀န်ခံလက်မှတ်ထိုးခိုင်းရာမှာတော့ ထိုင်းစာတွေနဲ့သာ ရေးသားထားပြီး ဘာသာပြန်ပြတာ မရှိဘူးလို့လည်း  သံရုံးအဖွဲ့ကို ပြောဆိုခဲ့ပါတယ်။
စက်တင်ဘာ ၁၅ ရက် မနက် ၂ နာရီကျော်လောက်က လူငယ် ၂ ဦးဟာ ဘီယာသောက်ပြီးတာနဲ့ ရေဆင်းကူးခဲ့ကြောင်း၊ ၁၅ မိနစ်လောက်အကြာ ကုန်းပေါ်ပြန်တက်လာတဲ့အခါ ဂစ်တာနဲ့ အင်္ကျီပါ ပျောက်သွားပြီး ရဲတွေက ခေါ်စစ်တဲ့အချိန်ကျမှ တရားခွင်မှာ သူတို့ဂီတာကို ပြန်တွေ့တာလို့ ဆိုပါတယ်။
သူတို့ဟာ အဲဒီနောက်ပိုင်း အဖမ်းမခံရခင်အထိ အလုပ်ကို ပုံမှန်ဆင်းနေခဲ့ကြောင်း၊ သေဆုံးသူ ၂ ဦးကိုလည်း တခါမှ မမြင်ဖူးကြောင်း၊ သတ်တယ်လို့ စွပ်စွဲခံရတော့ တော်တော်အံ့သြမိကြောင်း  ပြောခဲ့တယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။
ဒါ့အပြင် ဒီအန်အေ စစ်ရာမှာ ဇော်လင်းကို တံတွေးတခါ၊ ၀င်းဇော်ထွန်းကို တံတွေးတခါ ဆီးတခါပဲ ယူခဲ့တယ်လို့ ဆိုပါတယ်။  သွေးတွေ၊ သုတ်ပိုးတွေမစစ်ဘဲ ဒီအချက်နဲ့တင် တူတယ်လို့ ထိုင်းရဲတွေ ပြောဆိုတာ တခုပဲရှိကြောင်း၊ ဒါကြောင့် အစကတည်းက အမှုတွဲ မခိုင်လုံဘဲ ခုမှပြန်စစ်ခိုင်းကြောင်း ၊ ပြန်စစ်မစစ်ကတော့ လူငယ် ၂ ဦးရဲ့ ရှေ့နေတွေပေါ် မူတည်တယ်လို့ သူကဆက်ပြောပါတယ်။
လူငယ် ၂ ဦးရဲ့ ထွက်ဆိုချက်အားလုံးကို သူတို့ဘက်က ချေပပြောဆိုပေးမယ့် ထိုင်းရှေ့နေများအဖွဲ့ကို တင်ပြမှာဖြစ်ကြောင်း၊ ဒါ့အပြင် လူငယ် ၂ ဦးကို အကြိမ်ကြိမ်မေးမြန်းထားချက်တွေအရ အပြစ်ကင်းစင်တယ်လို့ ယူဆတဲ့အတွက် သူတို့လွတ်ရာလွတ်ကြောင်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ဦးအောင်မျိုး သန့်က ဒီဗွီဘီကို ပြောသွားပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/69434
လိပ်ကျွန်းလူသတ်မှုကိစ္စအတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် လုပ်ငန်းရှင်အမတ် ၂ဦး လှူထားသည့် ငွေကျပ်သိန်း ၃၀၀ ပျောက်ဆုံးနေ
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ သံသယဖြစ်ကာ ဖမ်းဆီး စစ်ဆေးခြင်းခံနေရသော မြန်မာနိုင်ငံသား လူငယ်နှစ်ဦးကိစ်္စအတွက် သုံးစွဲရန် အမျိုး သားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် အမတ် နှစ်ဦးလှူထားသည့် ငွေကျပ်သိန်း ၃၀၀ မှာ ယခုအချိန်ထိမရရှိသေးကြောင်း အဆို ပါကိစ္စကို လိုက်ပါဆောင်ရွက်နေသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာဦးကျော်သောင်းက ပြောသည်။
အဆိုပါ ငွေကျပ် သိန်း ၃၀၀ လှူဒါန်းမှုပြုလုပ်သည့်နေ့မှစ၍ ကိုးရက်မြောက်သောနေ့တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
“အခု ငွေကြေးအခက်အခဲရှိတယ်။ ထောက်ပံ့မှုလိုတယ်။ ကိုယ်ပိုင်ငွေနဲ့ စိုက် ထုတ်သုံးရတာလည်း ရှိတယ်။ ဒီပုံစံမျိုးနဲ့ တော့ အဆင်မပြေနိုင်ဘူး။ ဒီကိစ္စကိုလုပ်ဖို့ ပြည့်စုံတဲ့ငွေကြေးလိုတယ်။ လွှတ်တော်ကလှူတဲ့ သိန်း ၃၀၀ က ဘယ်ရောက် သွားလဲ။ တပြားမှ မရဘူး။ ဘယ်မှာမှန်းလဲ မသိဘူး”ဟု ယင်းကဆိုသည်။
ပြီးခဲ့သည့် ၁၅-၉-၂၀၁၄ ရက်နေ့ က ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်းတွင် ဗြိတိသျှလူငယ်စုံတွဲသတ်ခံ ခဲ့ရခြင်းအပေါ် သံသယရှိသူအဖြစ် မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ဖမ်းဆီးထားခြင်းဖြစ်သည်။
“နေပြည်တော် ဥပဒေကျွမ်းကျင်သူတွေ၊ မှုခင်းကျွမ်းကျင်သူတွေ၊ သေမှု သေခင်းကျွမ်းကျင်ဆရာဝန်အဖွဲ့တွေ အမြန်ဆုံးလာရောက်ဖို့လည်း လိုနေတယ်။ မြန်မာဇာတ်ကားတွေမှာလို ဇာတ်သိမ်းတော့မှ ရဲက ရောက်လာတာမျိုးမဖြစ်ဖို့ ဆုတောင်းပါတယ်””ဟု ဦးကျော်သောင်းက ပြောသည်။
ပြီးခဲ့သည့် ၂၁-၁၀-၂၀၁၄ ရက်နေ့ ကကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စား ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေ နှင့် ဦးနေ၀င်းထွန်းတို့က တဦးလျှင် ကျပ်သိန်းတရာစီ လှူဒါန်းခဲ့ကြခြင်းအပေါ် လွှတ်တော်အစည်းအဝေးက မှတ်တမ်း တင်ထားခဲ့ပြီးဖြစ်သည်။
ဥက္ကဋ္ဌက နောက်ထပ်၍ လိုအပ်ချက်အပေါ်မူတည်ကာ ဆက်လက်လှူဒါန်း ဦးမည်ဖြစ်ကြောင်း၊ ယခုကိစ္စမှာ မည်မျှ ကြာမြင့်နိုင်မည်ကို မသိရ၍ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နည်းသည် များသည်မဟူ စိတ်ဓာတ်ရေးရာအရ လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ရုံးထံ အချိန်မရွေးလှူဒါန်းနိုင်ကြောင်း ပြောကြားခဲ့သေးသည်။
“အဲဒါ ဘာမှ မသိဘူး။ ကိုယ့်ဟာ ကိုယ်ပဲလုပ်တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိဘူး။ သူတို့ ဘယ်ကိုဘယ်လို ပေးလဲ မသိဘူး”ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က လွှတ်တော်ကလှူသည့် ငွေသိန်း ၃၀၀နှင့် ပတ်သက်၍ News Watch သို့ ပြောသည်။
၂၈-၁၀-၂၀၁၄ ရက်နေ့က စွပ်စွဲခံ နှစ်ဦး၏ မိဘများ၊ ထိုင်းရှေ့နေများ ကောင်စီ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့တို့က ထိုင်းစစ်အစိုးရဗဟို ရှေ့နေချုပ်ရုံးသို့ သွားရောက်ကာ ဥပဒေ အကြောင်းအရ မျှတသော တရားစီရင်ခွင့် ရရှိစေရန် အကူအညီပေးစေလိုကြောင်း၊ ယင်းအပြင် ထိုင်းလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးထံသို့လည်း ဖမ်း ဆီးခံထားရသော မြန်မာနှစ်ဦး လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုကို အမှုမှန်ပေါ် ပေါက်ရန် ဖောက်ထုတ်ပေးစေလိုကြောင်း ပြောကြားခဲ့ကြသည်ဟု သိရသည်။
၂၉-၁၀-၂၀၁၄ ရက်နေ့တွင် သံအမတ်ကြီး ဦးဝင်းမောင်ပါဝင်သော လူသတ်မှုအတွက် ဖွဲ့စည်းထားသော အထူးအဖွဲ့၊ အစိုးရလက်အောက်ခံမဟုတ်သော ထိုင်းရှေ့နေများ ကောင်စီရုံးကိုသွားရောက်၍ အဆိုပါအမှုကို ကူညီပေးရန်အပ်ခဲ့ကြောင်း သိရသည်။
ယင်းတို့နှစ်ဦး၏ မိဘများမှာ ယခုအခါ ထိုင်းနိုင်ငံတွင် ရောက်ရှိနေကြခြင်းဖြစ်ပြီး လာမည့် ၃-၁၁-၂၀၁၃ ရက်နေ့ တွင် မိဘများ၊ ထိုင်းရှေ့နေများကောင်စီ၊ အမှုကို ကိုင်တွယ်နေသောရဲများ၊ စုံစမ်းထောက်လှမ်းနေသောရဲများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကဖွဲ့ထားသော အထူးအဖွဲတို့ဖြင့် အထူးသတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ရန်ရှိကြောင်း သိရသည်။
မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf
မြင်လှည့်ပါတော့ သမီးလေးရယ်
နယ်သာလန်နိုင်ငံတွင် ယာဉ်တိုက်မှုဖြင့် ကွယ်လွန်သွားသော သမီးဖြစ်သူ၏ စိတ်ကူး အိပ်မက်ကို ဖခင်ဖြစ်သူက အောင်မြင်စွာ အကောင် အထည်ဖော် ပေးနိုင်ခဲ့ပြီဖြစ်သည်။
အသက် ၁၃ နှစ်အရွယ် အန်နာသည် သူမ မကွယ်လွန်မီက အွန်လိုင်းတွင် အောင်မြင်ထင်ရှားသူ တစ်ဦး ဖြစ်ရန် ဆန္ဒရှိခဲ့သည်။ သူမ ကွယ်လွန်ပြီးနောက် နှစ်ပတ်အကြာတွင် ဖခင်ဖြစ်သူ နစ်ဗန်ကူလန်က သူမ စန္ဒရား တီးခတ်နေသည့် ဗီဒီယိုကို အွန်လိုင်းတွင် တင်ခဲ့ရာ ၂၄ နာရီမပြည့်မီ ကြည့်ရှုသူ ၁ ဒသမ ၅ သန်းကျော်ရှိခဲ့ကြောင်း သိရသည်။
"သမီးလေး အန်နာက အောင်မြင်ထင်ရှားသူ တစ်ယောက် ဖြစ်ချင်တာလေ။ အခုတော့ ရုတ်တရတ် လူလောကထဲက ထွက်သွားခဲ့ရရှာတယ်။ ဗီဒီယို လေးကို ကြည့်ပြီး သူမရဲ့ဆန္ဒလေးကို ဖြည့်ဆည်းပေးကြပါဦးဗျာ" ဟု ဖခင်ဖြစ်သူက တွစ်တာစာမျက်နှာတွင် ရေးသားထားခဲ့သည်။
အန်နာသည် လမ်းဖြတ်ကူးနေစဉ် ဆိုင်ကယ်တစ်စီးက သူမကို ၀င်တိုက်သွားခဲ့ ခြင်းဖြစ်သည်။ ခွဲစိတ်မှုသုံးကြိမ်ပြုလုပ်ခဲ့သော်လည်း အန်နာသည် ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ၁၇ နာရီအကြာတွင် ကွယ်လွန် သွားခဲ့ကြောင်း ကျန်ရစ်သည့်မိသားစုဝင်များက ဒတ်ခ်ျသတင်းစာတစ်စောင် သို့ ပြောဆိုခဲ့သည်။
"သမီးလေးက ကံခေရှာတယ်၊ တကယ့်ကိုမှ ကံဆိုးရှာပါတယ်ဗျာ" ဟူ၍ မိသားစု ၀င်များက ဆိုခဲ့သည်။ အန်နာသည် သရုပ်ဆောင်တစ်ဦးဖြစ်ရန် ဆန္ဒရှိပြီး ဒေသတွင်းရှိ ကဇာတ်ရုံများစွာတွင်လည်း ပါဝင်ခဲ့ဖူးကြောင်း သိရသည်။
သတင်းမီဒီယာများက ဖခင်ဖြစ်သူအား ထပ်မံ၍ တွေ့ဆုံမေးမြန်းရန် တောင်းဆိုရာတွင် ဖခင်ကူလန်က ငြင်းဆိုခဲ့သည်။
Ref: NY Daily
စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf
WFP ရန်ပုံငွေပြဿနာ မြန်မာဒုက္ခသည်တွေ ထိခိုက်
မြန်မာနိုင်ငံတွင်းက ပြည်တွင်းပဋိပက္ခတွေကြောင့် နေရပ်စွန့်ထွက်ပြေးခဲ့ကြရသူ ဒုက္ခသည်နှစ်သိန်းကျော်အတွက် ဆန်ပေးဝေမှု ငါးပုံတစ်ပုံ လျော့ချရတော့မယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က မနေ့က ပြောပါတယ်။
ရန်ပုံငွေ မလုံလောက်တဲ့အတွက် နိုဝင်ဘာလကစပြီး၊ ဆန်ပေးဝေတဲ့ ပမာဏကို ၂ဝ ရာခိုင်နှုန်း ဖြတ်တောက်ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိပေးဝေနေတဲ့ နှုန်းအတိုင်း လာမယ့်နှစ် နွေရာသီအထိပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၂၉ သန်း လိုအပ်နေကြောင်း၊ ဒါဟာ WFP အနေနဲ့ ပထမဆုံးတွေ့ ကြုံရတဲ့ ရန်ပုံငွေ ပြတ်လပ်မှုဖြစ်ကြောင်း၊ လိုအပ်တဲ့ ရန်ပုံငွေကို မကြာခင် ပြန်လည်ဖြည့်တင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း WFP ရဲ့ အာရှတိုက်ဆိုင်ရာ ဒေသဆက်သွယ်ရေးအရာရှိက ပြောပါတယ်။
နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ လက်ရှိတခြားကမ္ဘာ့အရေးပေါ် နေရာဒေသတွေကိုပါ ခွဲဝေထောက်ပံ့ ပေးနေရတာကြောင့် အခုလို မြန်မာနိုင်ငံအတွက် ရန်ပုံငွေ မလောက်မင ဖြစ်သွားရတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံတွင်း ဒုက္ခသည်တွေထဲမှာ အဓိကအနေနဲ့ ရခိုင်ပြည်နယ် ဘာသာလူမျိုး ပဋိပက္ခတွေကြောင့် ပေါ်ပေါက်လာခဲ့တဲ့ ဒုက္ခသည်ပေါင်း တစ်သိန်း လေးသောင်းနဲ့၊ ကချင်ပြည်နယ် စစ်ရေးပဋိပက္ခတွေကြောင့် ထွက်ပြေးခဲ့ကြတဲ့ ပေါ်ပေါက်လာခဲ့တဲ့ ဒုက္ခသည်ပေါင်း ၇ သောင်း ရှိနေကြပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127
သမ္မတအိမ်တော် တွေ့ဆုံပွဲအခြေအနေ မေးမြန်းချက် – တစည စီအီးစီ ဦးသိန်းထွန်း
သမ္မတအိမ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွေမန်းနဲ့ ခွန်ထွန်းဦးတို့အပါအ၀င် အရပ်ဘက်နဲ့ စစ်ဘက် ထင်ရှားသူတွေ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ် ညင်သာခိုင်မာစွာ ကူးပြောင်းနိုင်ဖို့အတွက်  သမ္မတက ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။
ဆွေးနွေးပွဲကို သမ္မတ ဦးသိန်းစိန်နဲ့ ဒုတိယ သမ္မတ ၂ ယောက်၊ လွှတ်တော် ဥက္ကဋ္ဌတွေဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုကာချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ယူအန်အေ ခေါ် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ကိုယ်စား ဦးခွန်ထွန်းဦး၊ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်) ပါတီကိုယ်စား ဦးစိုင်းအိုက်ပေါင်း၊ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (အက်ဖ်ဒီအေ) ကိုယ်စား ဦးခင်မောင်ဆွေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကိုယ်စား ဦးသိန်းထွန်း (ဗဟိုအလုပ်အမှုဆောင်)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးအပါအ၀င် စုစုပေါင်း ၁၄ ဦး တက်ရောက်ခဲ့ကြပါတယ်။
ဒါနဲ့ပတ်သက်လို့ ကိုယ်တိုင်တက်ရောက်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးသိန်းထွန်းကို ကိုအေးနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
By အေးနိုင် (ဒီဗွီိဘီ)
http://burmese.dvb.no/archives/69406
သမ္မတဖိတ်တဲ့တယောက်ဆယ်မိနစ်ဆွေးနွေးပွဲ
နိုင်ငံတော်သမ္မတရဲ့ ဖိတ်ကြားချက်နဲ့ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအ၀င်အဖွဲ့ ၅့ ဖွဲ့တို့ နိုင်ငံတော် သမ္မတရဲ့ ငုရွှေဝါ ဧည့်ခန်းမ ဆောင်မှာ ယနေ့နံနက် ၉နာရီ၃၀မိနစ်ခန့်က စတင် တွေ့ဆုံဆွေးနွေးခဲ့ရာ တယောက်ဆယ်မိနစ်စီ ဆွေးနွေးခွင့်အချိန်ရကာ နေ့လည် ၁၁နာရီ၄၅မိနစ်မှာ ပြီးဆုံးခဲ့ပါတယ်။
လေးပွင့်ဆိုင်တွေ့ဆုံမှုကို တစိုက်မတ်မတ် တောင်းဆိုခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ”တယောက်ဆယ်မိနစ်ဆီ ပြောပြီး နောက်ဆုံး အထွေထွေရှိသေးလား ဆိုတာတော့အန်တီတို့ အနေနဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲမျိုးကို မြင်တဲ့ ပုံစံတော့မဟုတ်ပါဘူး။”လို့ ဒီနေ့တွေ့ဆုံမှုကို သုံးသပ်ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့တော့ ဗဟိုအလုပ်အမှူဆောင် ကော်မတီနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ မလုပ်ရသေးခင် ဒီအစည်းအဝေးကို တက်ရောက်ခဲ့ရတာကြောင့် အသေးစိတ်ဆွေးနွေးမှုတွေ မရှိဘဲ ဆွေးနွေးသွားသူတွေရဲ့ အတွေးအခေါ်တွေပေါ်မှာ မှတ်ချက်ချစရာ အနေအထားသာ ရှိခဲ့တယ်လို့ သိရပါတယ်။
Author & Photo ချိုဇင်မာဝင့်
Kumudra
https://www.facebook.com/newsKumudra
ထိပ်သီးဆွေးနွေးပွဲကတဆင့် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် တောင်းဆို
ဒီနေ့ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေး ထိပ်သီးအစည်းအဝေးကို ထောက်ခံကြိုဆို လိုက်ပြီး ဒီကနေတဆင့် နိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပသွားဖို့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းပါတီ (အန်ဘီအက်ဖ်) က တိုက်တွန်းလိုက်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေ တွေ့ဆုံဆွေးနွေးတဲ့ တိုင်းရင်းသားညီလာခံတရပ် အမြန်ဆုံး ကျင်းပနိုင်ဖို့ လိုလားကြောင်း ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဥပဒေဘောင်အတွင်းက မဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်နဲ့ ဥပဒေဘောင်တွင်းက တိုင်းရင်းသား နိုင်ငံရေးပါတီတွေဟာ တိုင်းရင်းသားတွေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ နိုင်ငံရေး အင်အားစုတွေ ဖြစ်တဲ့အတွက် ဒီအဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးခွင့်ရမယ်ဆိုရင် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို အထောက်အကူ ပြုမယ်လို့ ယုံကြည်ကြောင်း တိုင်းရင်းသား ပါတီ ၉ ခုနဲ့ ဖွဲ့စည်းထားတဲ့ အန်ဘီအက်ဖ်ပါတီ အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီက ဦးဘရှိန်က ပြောပါတယ်။
“တွေ့ဆုံဖို့ နိုင်ငံတော် အစိုးရက ကူညီ စီစဉ်ပေးမယ်ဆိုလို့ရှိရင် ကောင်းတဲ့ အလုပ်တခုလို့ သဘောရတဲ့ အတွက်ကြောင့် ဒီကြေညာချက်ကို ထုတ်လိုက်ရတာပါ။”
ဒါ့အပြင် သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ခေါင်းဆောင်တွေ ဒီကနေ့ တွေ့ဆုံမှုဟာ တစုံတရာ တန်ဖိုးရှိတယ်လို့ မှတ်ယူထားကြောင်း သူက ပြောပါတယ်။
၂၀၁၄ ခုနှစ်မကုန်မီ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စာချုပ် လတ်မှတ်ရေးထိုးဖို့၊ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး မူဘောင်တွေ ချမှတ်ဖို့၊ နိုင်ငံရေး ဆွေးနွေးပွဲတွေကို အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်တွေအတိုင်း ကျင်းပဆောင်ရွက်သွားဖို့ တိုက်တွန်းထားပါတယ်။
By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no/archives/69443
ထိပ်သီးနိုင်ငံရေး ဆွေးနွေးပွဲ အနှစ်ချုပ် ဦးရဲထွဋ် ရှင်းလင်းပြောကြားချက်
မြန်မာနိုင်ငံရဲ့ အသွင်ကူး ပြောင်းရေးဖြစ်စဉ် ညင်သာခိုင်မာစွာ ကူးပြောင်းနိုင်ဖို့ အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ်တွေ နေပြည်တော် သမ္မတ အိမ်တော်မှာ ပထမဆုံးအကြိမ် ဒီနေ့ မနက်က ၂ နာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ဒီထိပ်သီးဆွေးနွေးပွဲရလဒ်နဲ့ ပတ်သက်ပြီး သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ  ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က  သတင်းစာရှင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ဦးရဲထွဋ် သတင်းစာရှင်းလင်းပွဲ ပြောဆိုချက်များ
-ပထမဆုံးတချက်က နိုင်ငံရေးပြဿ နာများအားလုံး ကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။ အားလုံးက သဘောတူခဲ့ကြပါတယ်။
-ဒုတိယကတော့ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို ဥပဒေနဲ့အညီ လွှတ်တော်အတွင်းမှာပဲ ဆောင်ရွက်ဖို့ အားလုံးသဘောတူညီခဲ့ကြပါတယ်။
-တတိယတချက်ကတော့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များရဲ့ အောင်မြင်မှုအတွက် ယုံကြည်မှုတည်ဆောက်ရေးက အင်မတန်မှ အရေးကြီးတယ်၊ ယုံကြည်မှုတည်ဆောက်ရေးကို ပါဝင်ပတ်သက်သူအားလုံးက ဆောင်ရွက်သွားဖို့လိုတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ စိတ်ရှည်မှု၊ သည်းခံမှု၊ နားလည်ခွင့်လွှတ်မှု၊ နောက်တခါ တဦးချင်းတယောက်ချင်း အကျိုးစီးပွားထက် နိုင်ငံရဲ့ တိုင်းပြည်ရဲ့အကျိုး လူမျိုးရဲ့အကျိုးကို ရှေ့တန်းတင် စဉ်းစား ဆောင်ရွက်သွားကြဖို့ ပြောပါတယ်။
-နံပါတ်လေးအချက်၊ အဓိကထား ဆွေးနွေးခဲ့ကြတာကတော့ ဖြစ်နိုင်ရင် ၂၀၁၄ ခုနှစ်ကုန်ပိုင်းမှာ ဒါမှမဟုတ် ၂၀၁၅ ခုနှစ် အစပိုင်းမှာ တနိုင်ငံလုံးကို လွှမ်းခြုံတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ဖို့ အရေးကြီးတယ်၊ အထူးသဖြင့် လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လုပ်နိုင်ဖို့အတွက် အခြေခံမူဘောင်များကို ချမှတ်နိုင်မှသာလျှင် ၂၀၁၆ ရွေးကောက်ပွဲအပြီးမှာ မည်သူပဲတာဝန်ယူသည် ဖြစ်စေ၊ မည်သည့်အစိုးရကပဲ တာဝန်ယူသည်ဖြစ်စေ၊ တိုင်းရင်းသား အဖွဲ့အစည်းများအနေနဲ့ ယုံကြည်စိတ်ချစွာနဲ့ နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လုပ်နိုင်မှာဖြစ်တယ် ဆိုတာ ဆွေးနွေးခဲ့ကြပါတယ်။
-နောက်တချက်ကတော့ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပနိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်တဲ့အခါမှာ အစိုးရ နိုင်ငံရေးပါတီများ အရပ်ဘက်အခြေပြု လူမှုအဖွဲ့အစည်းများ၊ မီဒီယာများနဲ့ နိုင်ငံတကာ မိတ်ဆွေများရဲ့ အားကိုယူပြီးတော့မှ ဆောင်ရွက်ဖို့၊ လူတိုင်းလူတိုင်းက ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေများကို သိရှိနားလည်ပြီးတော့မှ ဥပဒေအတိုင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။
-နောက်တချက်က လူမှု စီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးလုပ်ဆောင်ဖို့ လိုတယ်ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။
-နောက်ဆုံးအချက်ကတော့ ဒီဟာ ပထမဆုံးအကြိမ်ဆွေးနွေးမှုဖြစ်တယ်၊ နောက်ထပ် နည်းလမ်းကောင်းများ ရှာဖွေနိုင်ဖို့အတွက် ဆက်လက် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်သွားဖို့ အားလုံးက ဆွေးနွေးခဲ့ကြပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/69441
ငြိမ်းချမ်းရေးကောင်စီတပ်သားနှင့် ဒေသခံအချို့အား BGF ၀င်ရောက်ရိုက်နှက်ခဲ့
အောက်တိုဘာ ၃၀ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြ၀တီမြို့ တောင်ကလေး အေးရိပ်သာ ဘုန်းကြီးကျောင်း အနောက်ဘက်ခြမ်း မြေနီကုန်းတွင် နယ်ခြား စောင့်တပ် (BGF)အဖွဲ့ဝင်တစ်စုက ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA PC) တပ်ဖွဲ့ဝင်နှင့် ဒေသခံ အချို့အား အောက်တိုဘာ ၂၅ရက် နေ့က ၀င်ရောက် ရိုက်နှက်ခဲ့သည်ဟု သိရသည်။
ထိုရိုက်နှက်မှုတွင် BGF အမှတ်(၁၀၂၂) တပ်ရင်းမှ ဗိုလ်ချင်းလုံ ဦးဆောင်သည့် ၁၀ဦးပါ အဖွဲ့က ယူနီဖေါင်းအပြည့်အစုံ ၀တ်ဆင် ကာ လက်နက်နှင့်တကွ ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင် နေထိုင်ရာ အိမ်တစ်အိမ်သို့ ရောက်ရှိလာပြီး အိမ်ပေါ်ရှိ ငြိမ်းချမ်းရေး ကောင်စီ တပ်သား ၄ဦးနှင့် ဒေသခံ ၅ဦးတို့ကို ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေးကောင်စီ ဗျူဟာ(၁)မှ တပ်သားစောဝင်း သိန်းက ကေအိုင်စီသို့ ပြောသည်။
“သူတို့က ကျနော်တို့နေတဲ့နေရာမှာ လက်နက်အစုံနဲ့ လာတယ်။ ကျနော်တို့ကို အရင်ဆုံး ဘာမှမမေးဘဲ အပြင်းအထန်ရိုက် တယ်၊ ကန်တယ်။ ရိုက်လို့ပြီးသွားမှ ကျနော်တို့ကို မေးတယ်။ ပြီးတော့ ကျနော်တို့လက်နက် ၂လက်ကိုသိမ်းပြီး တီဗွီ၊ စီဒီ အောက်စက်နဲ့ အခြားအိမ်သုံးပစ္စည်းအချို့တွေလည်း ယူသွားတယ်။ လက်နက်ကိုတော့ နောက်ပိုင်းမှာ ပြန်ပေးတယ်”ဟု စော ၀င်းသိန်းက ပြောသည်။
ရိုက်နှက်ခံရသူများမှာ ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်များဖြစ်ကြသော စောတာနွီး၊ စောကွယ်ထူး၊ စောသူခိုဖိုးတို့နှင့် ဒေသခံ များဖြစ်သည့် စောတင်ကို၊ စောကျော်ပိ၊ စောအငယ်ကောင်နှင့် စောကဆောတို့ဖြစ်ကြောင်း သိရသည်။
DSCF0164
ရိုက်နှက်ခြင်းခံရသူ ဒေသခံ စောကျော်ပိကလည်း “သူတို့ ရုတ်တရက် လာတယ်။ သေနတ်နဲ့ ချိန်တယ်။ ဘာမှမမေးခင်မှာ ကျနော်တို့ကို အပြင်းအထန် အရင်ရိုက်ပြီးမှ နင်တို့က စစ်သားလာလို့ မေးတယ်။ ကျနော်တို့ကတော့ စစ်သား မဟုတ်ဘူး။ ဘုန်း ကြီးကျောင်းမှာ ဆွမ်းချက်နေတဲ့သူတွေပါလို့ ကျနော်တို့ ပြန်ဖြေတယ်”ဟု ပြောသည်။
ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့သည့်အပေါ် ဖြေရှင်းရန်အတွက် BGF မှ အမှတ်(၃)တိုက်နယ်မှူး ဗိုလ်မှူးချုပ်စောချစ်သူနှင့် ငြိမ်းချမ်းရေး ကောင်စီမှ ဗျူဟာမှူး ဗိုလ်မှူးကြီးစောရွှေကျော်တို့က နှစ်ဦးနှစ်ဘက် ညှိနှိုင်း ဆွေးနွေးခဲ့ကြသော်လည်း ရိုက်နှက်မှုကျူးလွန်သူ BGF တပ်ဖွဲ့ဝင်များကို တစုံတရာ အပြစ်ပေးခြင်းမရှိဘဲ ခံဝန်ကတိလက်မှတ်သာ ထိုးခိုင်းခဲ့သည်ဟု သိရသည်။
လက်ရှိအချိန်တွင် ရိုက်နှက်ခံရသူအချို့မှာ မြ၀တီဆေးရုံကြီးတွင် ဆေးကုသမှု ဆက်လက် ခံယူနေရသလို ရိုက်နှက်မှု ကိစ္စနှင့် ပတ်သက်၍ ကျူးလွန်သူများအား အရေးယူခြင်းသော်လည်းကောင်း၊ ဥပဒေအရသော်လည်းကောင်း၊ တာဝန်ရှိသူများက အရေး ယူ လုပ်ဆောင်ခြင်းမျိုးလည်း မတွေ့ရကြောင်း စောဝင်းသိန်းက ပြောဆိုသည်။
ကရင်ပြည်နယ်တွင် နယ်ခြားစောင့်တပ်(BGF) နှင့် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ငြိမ်းချမ်းရေးကောင်စီတို့အကြား ပဋိ ပက္ခ ဖြစ်ပွားကြရာတွင် စုစုပေါင်း ၅ကြိမ်ရှိခဲ့သည်ဟု ငြိမ်းချမ်းရေးကောင်စီ၏ မှတ်တမ်းအရ သိရသည်။
ကေအိုင်စီ - KIC News
http://kicnews.org/
KNU/KNLA PC တပ်သာ စောဝင်းသိန်း
ကရင်အမျိုးသားရဲတပ်ဖွဲ့ (KPF) ရဲမှူး ၁ ဦးအပါအ၀င် ၅ ဦး သတ်ဖြတ်ခံရ
အောက်တိုဘာ - ၃၁ - ၂၀၁၄
ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက်ခံ ဒူးပလာယာခရိုင်က မြို့နယ်ဒုရဲမှူး တဦး အပါအ၀င် တပ်ဖွဲ့ဝင် ၅ ဦး ဒီလ ၂၃ ရက်နေ့က သတ်ဖြတ်ခံရတဲ့ အတွက် တာဝန်ရှိသူတွေကို အရေးယူပေးဘို့ ကျန်ရစ်သူ မိဘဆွေမျိုး သားချင်းတွေက တောင်းဆိုမှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။
သေဆုံးသူတွေထဲက မိခင်ဖြစ်သူတဦးကတော့ ဒီအမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူပေးဘို့ လုပ်ဆောင်သွားမှာဖြစ်တယ် အခုဖြစ်တာက ကိုယ့်အချင်းချင်း သတ်လို့သေရတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ ကရင်အမျိုးသား အစည်းအရုံးက တာဝန်ရှိ သူတွေကတော့ တစုံတရာထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
သတ်ဖြတ်ခံရတဲ့ ဆွေမျိုး သားချင်း တွေပြောတာ ကတော့ ဒီလ ၂၃ ရက်နေ့က တပ်စခန်းတခုမှာ ချုပ်နှောင်ခံရပြီးမှာ အဲဒီနေ့မနက် ၁၁ နာရီဝန်းကျင်လောက်မှာ သတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
သေဆုံးသူဒုရဲမှူးစောသိန်းဦး (၄၅)နှစ်ဟာ အဖဦးအောင်ထွေးကျော် ရဲ့ သားဖြစ်ပြီး (ထွီးမောင်ထို) ရွာဇာတိဖြစ်ပါတယ်လို့ သိရပါတယ်။
အဲဒီဒေသအတွင်းက ဒေသခံတွေကတော့ အခုဖြစ်တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး အတော့ကိုတုန်လှုပ်မိတယ်လို့ ပြောဆိုကြပါတယ်။
ကရင်အမျိုးသား(မီဒီယာ)
https://www.facebook.com/profile.php?id=100004061645399
ပုံစာ - သတ်ဖြတ်ခံရသူဒူးပလာယာခရိုင်က(KPF) မြို့ နယ်ရဲမှူးစောသိန်းဦး။
စစ်တွေ ဆတ်ရိုးကျချောင်းတွင် အမည်မသိ အမျိုးသားအလောင်း တစ်လောင်းတွေ့ ရှိ
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျချောင်းတွင် သေဆုံးနေသော အမည်မသိ အမျိုးသားအလောင်း တစ်လောင်းအား ရဲတပ်ဖွဲ့မှ တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။
စက်ရုံစုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဦးညွန့်ဝင်းမှ ရဲသို့ ဖုန်းဖြင့်အကြောင်းကြားခဲ့ပြီးနောက် ယင်းအလောင်းအားတွေ့ရှိခဲ့သည်ဟု ရဲတာဝန်ရှိသူက ပြောဆိုသည်။
သွားရောက်စစ်ဆေးချိန်တွင် အလောင်းမှာ မှောက်လျက် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း၊ စွပ်ကျယ် အင်္ကျီ အဖြူနှင့် လုံချည်ခါးတောင်းကျိတ်ဝတ်ဆင်လျှက် တွေ့ရှိရကြောင်း၊ ၀ဲဘက်မျက်နှာနှစ်ခုတွင် ရေသတ္တ၀ါများကိုက်ထား၍ ပွန်းပဲ့ ဒဏ်ရာနှင့် အခြားပြင်ပ ဒဏ်ရာ အနှံ့အပြားကို တွေ့ ရှိရကြောင်း၊ အလောင်းအား ပတ်ဝန်းကျင်သက်သေများနှင့် အတူ စစ်ဆေးချက် ယူပြီး စစ်တွေဆေးရုံကြီးသို့ ခွဲစိတ်ရန် တင်ပို့ခဲ့ကြောင်း၊ လူသေအမျိုးအစားမှာရေနစ်သေဆုံးမူ ဖြစ်ကြောင်း  ရဲမှ ပြောဆိုသည်။
သေဆုံးသူမှာ အသက်(၄၀) အရွယ်ခန့် ရှိသည်ဟု ခန့် မှန်းရကြောင်း၊ ယခုအခါ  သေမှုသေခင်း အမှတ်စဉ် ၃၈/၁၄အမူဖွင့်သည်ဟု ရဲက ဆက်လက် ပြောဆိုသည်။
၎င်းအမျိုးသား အလောင်းအား  စစ်တွေ ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ ပြီနောက် နာရေးကူညီမှူအသင်းမှ အောက်တိုဘာလ ၂၇ ရက်နေ့ နေ့ လယ် ၂နာရီတွင် သဂြိုလ် လိုက်သည်ဟု သိရသည်။
အလားတူ လွန်ခဲ့သော တစ်လလောက်ကလည်း ၀က်ရူးပြန်ရောဂါအခံရှိသူ တစ်ဦး အရက်သေစာ အလွန့် အကျွံ သောက်စားမူးယစ်ပြီး ဆတ်ရိုးကျ ချောင်းနံဘေးတွင် ယခုကဲ့သို ရေနစ်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု သိရသည်။
( နိရဉ္စရာ- ၃၁ အောက်တိုဘာ ၂၀၁၄) / ခိုင်ခိုင်ဇံ
http://www.narinjara.com/burmese/?p=12580
အမည်မသိ အမျိုးသားအလောင်းကိုတွေ့ရစဉ်။
IS တွေ​ရဲ့ အစု​လိုက် အပြုံ​လိုက် အသတ် ခံထား​ရ​တဲ့ ကျင်း ၂ ကျင်း အီ​ရတ်​မှာ တွေ့
အီရတ် အနောက်ပိုင်း အဲန်ဘာ ဒေသ ဟစ်ထ်ဆိုတဲ့ မြို့မှာ လူတွေ အစုလိုက် အပြုံလိုက် အသတ် ခံရပြီးနောက် မြှုပ်နှံ ထားခဲ့တဲ့ ကျင်းကြီး ၂ကျင်း ကို တွေ့ရပါတယ်။
အစွန်းရောက် အဖွဲ့ IS တွေကို ဆန့်ကျင် တဲ့ ဆွန်နီ တိုက်ခိုက်ရေး သမားတွေကို IS တွေက အနီးကပ် သေနတ်နဲ့ ပစ်သတ်ပြီး မြှုပ်နှံ ထားခဲ့တာ လို့ ယူဆ ရပါတယ်။
တချို့ သတင်းတွေ အရ ရုပ်အလောင်း ၄၆ လောင်း တွေ့ရတယ် လို့ ဆိုပေမယ့်၊ အလောင်း ၂၂၀ လောက်ထိ များတယ် လို့ ပြောနေတဲ့ သတင်းတွေ လည်း ထွက်ပေါ် နေပါတယ်။
အသတ် ခံခဲ့ရ သူတွေဟာ ဆွန်နီ ဘာသာဝင် အယ်လ်ဘူနီမား မျိုးနွယ်စုက ဖြစ်ပြီး၊ အီရတ် အစိုးရနဲ့ မဟာမိတ်ပြုကာ သူတို့နယ်ကို IS တွေ သိမ်းပိုက်စဉ် တွန်းလှန် ခဲ့ကြတာ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/10/141030_iraq_mass_grave
IS တွေက အစုလိုက် အပြုံလိုက် သတ်ခဲ့တယ်လို့ ယူဆရတဲ့ ကျင်းတွေ အီရတ်မှာ တွေ့။
စစ်သွေးကြွ လက်ချက်နဲ့ အီရတ်မှာ သေဆုံးသူ ၈၀၀ လောက်ရှိ
IS အစ္စလာမ်မစ် စစ်သွေးကြွတွေဟာ အခုသီတင်းပတ်အတွင်းမှာ သူတို့ကို ခုခံတဲ့ လူပေါင်း ၂၀၀ ကျော်ကို သတ်ဖြတ် ပစ်ခဲ့တယ်လို့ အီရတ် အာဏာပိုင်တွေ က ပြောဆိုပါတယ်။  တချိန်တည်းမှာပဲ အမေရိကန် လူ့အခွင့်အရေး အဖွဲ့ တခုကလည်း ဂျီဟတ် ဘာသာရေး အစွန်းရောက်တွေဟာ အကျဉ်းသား ၆၀၀ ကို အစုလိုက် အပြုံလိုက် ပစ်သတ်ခဲ့တယ်လို့ ပြောဆိုပါတယ်။
IS စစ်သွေးကြွတွေ ဘဂ္ဂဒက်မြို့ အနောက်ပိုင်းကို မသိမ်းပိုက်နိုင်အောင် ခုခံခဲ့ကြတဲ့ ဆူနီ မွတ်ဆလင်တွေ နေထိုင်ရာအရပ်မှာ စုပြုံမြုတ်ထားတဲ့ အလောင်း ၁၅၀ ကို တွေ့ရှိခဲ့တယ်လို့ အီရပ် အာဏာပိုင်တွေကပြောပါတယ်။ နောက်ထပ် အလောင်း ၇၀ ကျော်ကိုတော့ ဟစ်မြို့အနီးမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဆူနီတဦးဖြစ်တဲ့အပြင် IS အဖွဲ့ဝင်တဦးဖြစ်သူက သတ်ဖြတ်ရတာဟာ IS စစ်သွေးကြွတွေအပေါ် တိုက်ခိုက်သူတွေ မှန်သမျှကို အပြစ်ပေးတာဖြစ်တယ် လို့ ပြောဆိုသွားကြောင်း မျက်မြင်တွေ့သူတဦးကပြောပါတယ်။
အမေရိကန်အခြေစိုက် Human Rights Watch လူ့အခွင့်ရေးအဖွဲ့ကြီးကလည်း ဂျီဟတ်ဘာသာရေး အစွန်းရောက် တွေဟာ အီရတ်နိုင်ငံ Mosul မြို့အပြင်က အကျဉ်းထောင်တခုမှာ အမျိုးသား အကျဉ်းသား ၆၀၀ လောက်ကို ဇွန်လ ၁၀ ရက်နေ့က ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန် ပြောဆိုပါတယ်။
အစွန်းရောက်တွေက အကျဉ်းသားတွေကို ပစ်မသတ်ခင် ဆူနီနဲ့ ရှီယိုက် ခွဲခိုင်းပြီးနောက် ရှီးယိုက်တွေကို လျှိုတခုရဲ့အစပ်မှာ ဒူးထောက်စေပြီး အော်တို မက်တစ် မောင်းပြန်သေနတ်တွေနဲ့ ပစ်သတ်လိုက်တာဖြစ်တယ်လို့ HRW အဖွဲ့ကပြောပါတယ်။
 ဖြစ်စဉ်ကို သေချင်ယောင်ဆောင်ပြီး အသက်မသေပဲကျန်ခဲ့တဲ့ အကျဉ်းသား ၁၅ ယောက်က ပြောပြတာလို့ HRW အဖွဲ့က ပြောပါ တယ်။ နောက်ဆုံး သေနတ်သမားတွေမှာလည်း ကျည်ဆံကုန်သွားတယ်လို့ သူတို့ကပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/islamic-state-militants-execute-800-iraqis/2502856.html
IS စစ်သွေးကြွအဖွဲ့များ။ 
ဂျေရုဆလင်မှာ တင်းမာမှု ဖြစ်နေ
ဂျေရုဆလင်မြို့က ​ဂျူးဘာသာရေး ​ဆရာတစ်ဦးကို ​ပစ်ခတ်ခဲ့တယ်လို့ ​ယူဆရတဲ့ ​ပါလစ္စတိုင်းသား ​တစ်ဦးကို ​အစ္စရေးက ​ပြန်လည် ​ပစ်သတ်လိုက်တဲ့ အတွက် ​အခြေအနေ ​တင်းမာမှုတွေ ​အထွဋ်အထိပ် ​ရောက်ရှိနေပါတယ်။
ဂျူးဘာသာရေး ခေါင်းဆောင် ​တစ်ဦးဟာ ​အစ္စလာမ်သာမက ​ဂျူးတွေကပါ ​အထွဋ်အမြတ်ထားတဲ့ ​ဘာသာရေး ​မြေပြင်မှာ ​ဂျူးတွေ ​သွားရောက်ဖူးမျှော်ခွင့် ရှိတယ်ဆိုပြီး ​အမြဲတစေ ​လှုပ်ရှား ​ပြောဆို လာသူဖြစ်ပြီး ​မကြာသေးခင်တုန်းက ​ပစ်ခတ်ခံလိုက်ရ ပါတယ်။
ဒါပေမဲ့ ​အခုအချိန်မှာ ​ဒဏ်ရာက ​ပြင်းထန်နေပေမယ့် ​တည်ငြိမ်တဲ့ ​အခြေအနေရှိနေတယ်လို့ ​ဆိုပါတယ်။
ဂျူးဘာသာရေး ​ခေါင်းဆောင်ကို ​ပစ်ခတ်ခဲ့သူကို ​ရှာဖွေရင်း ​သံသယဖြစ်နေတဲ့ ​ပါလစ္စတိုင်းလူမျိုးကို ​ဂျူးစစ်သားတွေက ​ပစ်သတ်လိုက်ပါတယ်။
အဲဒီလို ​မတည်မငြိမ်မှုတွေကြောင့် ​နှစ်ဖက်စလုံးက ​အထွဋ်အမြတ်ထားတဲ့ ​နေရာကို ​အစ္စရေးက ​ပိတ်ချလိုက်ပြီး ​ဒီညမှ ​ပြန်ဖွင့်ပေးမယ်လို့ ​ပြောပါတယ်။
အစ္စရေးကတော့ ​ကြိုတင်ကာကွယ်တဲ့အနေနဲ့ ​သန့်ရှင်းတဲ့ ​မြေပြင်ကို ​မသွားနိုင်အောင် ​ပိတ်ပင်တာလို့ ​ပြောနေပေမယ့် ​ပါလစ္စတိုင်းဘက်ကတော့ ​ဒါဟာ ​စစ်ရေးကြေညာချက် ​ဖြစ်တယ်လို့ ​ပြောပါတယ်။
အခု ​သန့်ရှင်းရာ ​မြေပြင်လို့ ​သတ်မှတ်ထားတဲ့ ​နေရာဟာ ​တချိန်တုန်းက ​ဂျူးတွေရဲ့ ​ဘုရားကျောင်း ​တည်ရှိခဲ့ရာ ​မြေဖြစ်ပြီး ​အခုအခါမှာ ​အစ္စလာမ်တွေ ​အထွဋ်အမြတ်ထားတဲ့ ​ဗလီရှိနေတဲ့အတွက် ​အမြဲတမ်း ​အငြင်းပွားဖွယ်ရာ ​ဖြစ်နေတဲ့ ​နေရာလည်း ​ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-31/1385201
ပါလစ္စတိုင်း အမျိုးသမီးတစ်ဦးက အစ္စရေး စစ်သားကို ဆဲဆိုနေစဉ် (Credit: AFP) 
NATO မဟာမိတ်တွေ စိန်ခေါ်မှု မျိုးစုံ ကြုံနေရ
မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ NATO ရဲ့ အကြီးအကဲအသစ် ဖြစ်တဲ့ Jens Stoltenberg က ဥရောပ နဲ့ Atlantic ရပ်ဝန်းဒေသ မဟာမိတ် နိုင်ငံတွေဟာ ဘက်ပေါင်းစုံက စိန်ခေါ်မှု အများအပြားနဲ့ ရင်ဆိုင် နေရတယ် လို့ ပြောကြား လိုက်ပါတယ်။
ယူကရိန်းနဲ့ ပါတ်သက်တဲ့ ရုရှားရဲ့ လုပ်ဆောင်မှုတွေအပြင် အရှေ့အလယ်ပိုင်းဒေသ ကနေ  ISIS နိုင်ငံရပ်ခြား တိုက်ခိုက်ရေးသမားတွေ ဥရောပထဲကို ပြန်ဝင်လာနေ တာတွေဟာ မဟာမိတ် နိုင်ငံတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့  ဂရိနိုင်ငံ ဒေသင်မြို့မှာ  ဂရိဝန်ကြီးချုပ်  Antonis Samaras နဲ့ တွေ့ဆုံအပြီးမှာ ကြာသပတေးနေ့က  NATO အတွင်းရေးမှုးချုပ်က သတင်းထောက်တွေ ကို ပြောကြားခဲ့တာပါ။
အခုလောလောဆယ်မှာ ရုရှားနဲ့ စစ်ရေးမဟာမိတ် အဖြစ် အပြည့်အဝ ပြန်လုပ်ဆောင်ဖို့ မဖြစ်နိုင် သေးပေမယ့် ရုရှားအစိုးရနဲ့တော့ ဆက်ပြီး ဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့လည်း  မစ္စတာ Samaras ကပြောပါတယ်။
ဥရောပဝေဟင်ပိုင်နက်ထဲကို  ရုရှားစစ်လေယာဉ်တွေ ရောက်လာရင်  NATO က တုန့်ပြန်ဖို့ အသင့်ပြင်ထားတယ်လို့  Stoltenberg said  က အရင်တုန်းက ပြောကြားခဲ့သလို၊   မဟာမိတ်နိုင်ငံတွေ အနေနဲ့  NATO ရဲ့ အရှေ့ဘက် ပိုင်နက်နယ်နိမိတ်တလျှောက်၊ Baltic ၊ မြောက်ပိုင်း နဲ့ ပင်လယ်နက်ဒေသကို ဖြတ်သန်းမယ့် ရုရှားလေယာဉ်တွေအတွက် သတိထားကြဖို့ လည်း ပြောကြားခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/nato-challenge-security/2502850.html
မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ NATO ရဲ့ အကြီးအကဲအသစ် ဖြစ်တဲ့ Jens Stoltenberg နဲ့ ဂရိဝန်ကြီးချုပ် သတင်းစာရှင်းလင်းပွဲ။ (အောက်တိုဘာ ၃၀၊ ၂၀၁၄)
မြန်မာနိုင်ငံသား ဒါရိုက်တာ ရိုက်ကူးသည့် ရုပ်ရှင်ကား ထိုင်ဝမ်တွင် အရောင်းစံချိန်တင်
ထိုင်ဝမ်ဦးစီးကျင်းပတဲ့ ၅၁ ကြိမ်မြောက် Golden Horse Awards ရုပ်ရှင်အကယ်ဒမီဆုမှာ ဒါရိုက်တာ Midi Z ရဲ့ “Ice Poison” ရုပ်ရှင်ကားဟာ အကောင်းဆုံး ဒါရိုက်တာ ဆုအဖြစ် ဇကာတင် ရွေးချယ်ခံ ထားရ ပါတယ်။
အသက် ၃၁ နှစ် ရှိပြီဖြစ်တဲ့ Midi Z ဟာ မြန်မာပြည်ဖွား လားရှိုးသားဖြစ်ပြီး ၁၆ နှစ် အရွယ်တည်းက ထိုင်ဝမ်မှာ ကျောင်းသွား တက်ခဲ့ တယ်လို့ သိရပါတယ်။
အကောင်းဆုံး ဒါရိုက်တာအဖြစ် ဇကာတင်ရွေး ချယ်ခံထားရတဲ့ Ice Poison ရုပ်ရှင်ကားကို မြန်မာ-တရုတ်နယ်စပ်မှာ သူသွားရောက် ရိုက်ကူး ခဲ့တယ်လို့ သိရပါတယ်။
ရုပ်ရှင်ပါ အကြောင်းအရာက တောရွာနေ တောင်သူတဦးက သူ့ဘဝတိုးတက်ရာ တိုးတက်ကြောင်းကို ရှာဖွေရင်း နောက်ဆုံးမှာ မရှုမလှ ဘဝဇာတ်သိမ်းရတဲ့ အကြောင်းပါ။
ဒါရိုက်တာကတော့ ဒါဟာ အချစ်ကား ၁ ကားအဖြစ် ရိုက်ခဲ့တာပါလို့ ပြောပါတယ်။ ထိုင်ဝမ်မှာရုံတင်တော့ လက်မှတ် ၁ သန်းကျော် အရောင်း စံချိန်တင်ခဲ့ တယ်လို့ သိရပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/69343
နိုင်ငံအကျိုး၊ အမျိုးသား အကျိုး စီးပွား ထိခိုက် နိုင်သည့် အတွက် ရွေးကောက်ပွဲ စနစ် မပြင်သင့် ကြောင်း NLD အမတ်များ ဆွေးနွေး
ရန်ကုန်၊ အောက်တိုဘာ ၂၈
နိုင်ငံအတွင်း ယုံကြည်မှု တည်ဆောက်နေသည့် ကာလဖြစ်သလို ဒီမိုကရေစီ ကူးပြောင်းရေးအတွက် ကြိုးစားနေသည့် အချိန်အတွင်း အချို့သော လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိနှင့်မိမိပါတီ နေရာရရေး ရည်ရွယ်ချက်ဖြင့် အချိုးကျကိုယ်စားပြု PR စနစ် တင်သွင်းမှုများ ရှိနေပြီး ယင်းမှာ ပြည်သူ နားမလည်သည့် စနစ်တစ်ခုဖြစ်ပြီး အမျိုးသား အကျိုးစီးပွားကို များစွာ ထိခိုက်နိုင်ကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သည်။
ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေး ကော်မရှင်မှ တင်သွင်း လာသည့် ရွေးကောက်ပွဲစနစ် ရှစ်ခု အပေါ် ဆွေးနွေး ကြရာ၌ ထည့်သွင်း ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။
““၂၀၁၅ ရွေးကောက်ပွဲမှာ ၂၆ ရာခိုင်နှုန်းရရင် ၂၅ (တပ်မတော်သား ကိုယ်စားလှယ် အရေအတွက် ရာခိုင်နှုန်း)နဲ့ ပေါင်းရင် မဲအများစု ဖြစ်တယ်လို့ ကိုယ်စားလှယ်တစ်ဦးက ပြောသွားတာ သိလိုက်ရပါတယ်။ ဒီလို ရည်ရွယ်ချက်မျိုးနဲ့တော့ နိုင်ငံရဲ့အနာဂတ်ကို မဖန်တီးစေချင်ပါဘူး။ လွှတ်တော် သက်တမ်းတစ်ခုမှာ တာဝန် ယူခွင့်ရတဲ့ ကျွန်တော်တို့ ကိုယ်စားလှယ်များဟာ မိမိနှင့် မိမိပါတီ နေရာရဖို့ထက် နိုင်ငံအကျိုးစီးပွား၊ အမျိုးသား အကျိုးစီးပွား အနာဂတ်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ အချိန်ရောက်ပါပြီ။ တိုင်းရင်းသား ပေါင်းစုံ နေထိုင်သော ကျွန်တော်တို့ နိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု တည်ဆောက်နေတဲ့အချိန်၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာ အစိုးရများရဲ့ယုံကြည်မှုကို တည်ဆောက် နေတဲ့အချိန်၊ ဒီမိုကရေစီ ကူးပြောင်းရေးအတွက် ကြိုးစား နေတဲ့အချိန်၊ ပြည်သူတွေရဲ့ ယုံကြည်မှုကို ရရှိကာစ ကြိုးစားနေရတဲ့ အချိန်မှာ ပြည်သူတွေ နားမလည်နိုင်တဲ့ ရွေးကောက်ပွဲ စနစ်တစ်ခုကို ပြောင်းလဲခြင်းဟာ အမျိုးသား အကျိုးစီးပွားကို များစွာ ထိခိုက်စေကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေမှု ရှိသော ရွေးကောက်ပွဲ စနစ်မှာ နိုင်သူအကုန်ယူ FPTP စနစ်ပဲ ဖြစ်ကြောင်း”” အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက ဆွေးနွေးခဲ့သည်။
ရွေးကောက်ပွဲစနစ် လေ့လာရေး သုံးသပ်ရေး ကော်မရှင်က မြန်မာနိုင်ငံတွင် ကျင့်သုံးသင့်သည့် ရွေးကောက်ပွဲ စနစ် ရှစ်မျိုး တင်သွင်းလာခြင်းဖြစ် ကာ ကော်မရှင်အနေဖြင့် စနစ်ကို လေ့လာရန်အတွက်သာ တာဝန်ရှိပြီး ယခုကဲ့သို့ လွှတ်တော်သို့ တင်ပြလာခြင်းမှာ လွဲချော်နေကြောင်းလည်း NLD လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုမင်းသိန်းကလည်း ၀င်ရောက် ဆွေးနွေးခဲ့သည်။
““မြန်မာနိုင်ငံနဲ့ လိုက်လျော ညီထွေမှုရှိမယ့် ရွေးကောက်ပွဲ စနစ်တစ်ခုကို ကော်မရှင်က လေ့လာသုံးသပ်ပြီး အစီရင်ခံစာ တင်ပြလာတဲ့အပေါ်မှာ ကော်မရှင်အပေါ်၊ အစီရင်ခံစာအပေါ်မှာ ဆွေးနွေးလိုတဲ့ အချက်ရှိကြောင်း၊ ကော်မရှင်ဟာစနစ်နဲ့ ဒီဇိုင်းကိုသေသေချာချာ နားမလည်ဘူးလို့ ယူဆပါကြောင်း၊ ပြည်သူ့လွှတ်တော်က ကော်မရှင်ထံ လွှဲအပ်လိုက်သည့် အာဏာမျာ စနစ်ကို လေ့လာဖို့ပဲ ဖြစ်ကာ ယခုအခါ စနစ်နှင့် ဒီဇိုင်းအား ရောထွေး တင်ပြလာသည့်အတွက် ဆွေးနွေးသည့် နေရာ၌ အမျိုးမျိုးအထွေထွေ ဖြစ်နေပါကြောင်း၊ လွှတ်တော်တွင်း ဖြန့်ဝေထားသည့် စာရွက်စာတမ်း၊ စလိုက်နှင့် ကော်မရှင်ဥက္ကဋ္ဌ၏ အစီရင်ခံစာ တင်ပြမှုများမှာ ညီညွတ်မှု မရှိဘူး ဖြစ်နေကြောင်း”” ဦးဖြိုးမင်းသိန်းက ၀င်ရောက် ဆွေးနွေးခဲ့သည်။
ထို့ပြင် ““ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ ကိုက်ညီအောင် ၂၅ ရာခိုင်နှုန်း (တပ်မတော်သား ကိုယ်စားလှယ်) တဖြည်းဖြည်း လျော့ သွားနိုင်မယ့် အခြေအနေကျမှပဲ PR စနစ်ကို စဉ်းစား သင့်တယ်လို့ ထင်မြင်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထောက်ပြချက်တွေက တိုင်းနဲ့ ပြည်နယ်ကို ခွဲပြီး ဆောင်ရွက်မယ် ဆိုတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဒီအခြေအနေဟာ အထူးဂရုစိုက် ရမှာပါ။ ကျွန်တော်တို့ လွှတ်တော်ကြီး ဂုဏ်သိက္ခာအတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပြီး လွှတ်တော်ကြီးဟာ ကျွန်တော်တို့ တိုင်းရင်းသား များအကြား ခွဲခြားဆောင်ရွက်ဖို့ မသင့်ပါ”” ဟုလည်း ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။
အလားတူ ပုပ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် ကလည်း ရွေးကောက်ပွဲ ကော်မရှင်မှ တင်သွင်းလာသည့် စနစ်ရှစ်မျိုးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာ မဲများသူ အနိုင်ယူ FPTP စနစ်၊ အချိုးကျ ကိုယ်စားပြု PR စနစ်နှင့် ယင်းစနစ် နှစ်ခုပေါင်းထားသည့် MMP စနစ် သုံးမျိုးသာ ရွေးကောက်ပွဲ စနစ်များဖြစ်ကာ ကျန်ရှိသည့် စနစ်များမှာ ရွေးကောက်ပွဲ ပုံစံသာဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ MMP စနစ်နှင့် ပတ်သက်၍ ““မဲဆန္ဒနယ်တစ်ခုတွင် ပါတီတစ်ခုကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်မှာ မဲ ၅၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိပါက FPTP စနစ်ဖြင့် အကျုံးဝင်ကြောင်း၊ မဲရာခိုင်နှုန်း ၅၀ မကျော်သည့် မဲဆန္ဒနယ်ဖြစ်ပါက ကိုယ်စားလှယ်များ ရသည့်မဲများမှာ ပါတီမဲအဖြစ်ပြောင်းကာ အချိုးကျ PR ကိုယ်စားလှယ်အဖြစ် ထပ်မံရွေးချယ်ရန် ကော်မတီ အစီရင်ခံစာ၌ ဖော်ပြထားကြောင်း၊ ယင်းသို့ ရွေးချယ်ခြင်းမှာ ပါတီတစ်ခု၏ ကိုယ်စားလှယ် အနေဖြင့် ရှုံးခဲ့ပြီး ဖြစ်သော်လည်း အခြား မဲဆန္ဒနယ်မှ ရရှိသည့် မဲများအားတစ် နေရာတွင် စုပေါင်း၍ ပြန်ခွဲဝေပေးလိုက်မည် ဆိုပါက ရှုံးခဲ့သော ကိုယ်စားလှယ်မှာ လွှတ်တော်ထဲသို့ နောက်ဖေး ပေါက်မှ ၀င်ရောက်သည့် ကိုယ်စားလှယ်အဖြစ် နေရာယူနိုင်မယ့် အနေအထားမျိုး ယူဆရပါကြောင်း”” လည်း ဦးဖြိုးဇေယျာသော်က ပါဝင် ဆွေးနွေးခဲ့သည်။
MH-0025
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Advertisement
သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ
အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်
ကျန်းမာရေးနှင့် ဖျော်ဖြေရေး
တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ
သတင်းစာနှင့် ဂျာနယ်များ