အလွတ်သတင်းထောက် ကိုပါကြီးအမှု စုံစမ်းတင်ပြဖို့ သမ္မတ ညွှန်ကြား

နိုင်ငံတော်သမ္မတက အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံးမှုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ဆိုင်ရာ အထူး အစီရင်ခံစာ တင်ပြဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံ မနေ့က ညွှန်ကြား ထားပါတယ်။

အဲဒီညွှန်ကြားချက်ကြောင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကိုပါကြီးရဲ့ ဇနီးဖြစ်သူ မသန္တာကို ဒီနေ့ လာရောက် တွေ့ဆုံဖို့ ဖိတ်ကြားခဲ့ပေမယ့် တွေ့ဆုံပွဲ ပျက်သွားတယ်လို့ မသန္တာက ပြောပါတယ်။

"လူ့အခွင့်အရေး ကော်မရှင်ဆိုတာ ပွင့်လင်းမြင်သာမှုရှိမယ်လို့ ကျမတို့ယုံကြည်တယ်၊ ဒါကြောင့် ကျမတို့ကို တွေ့ခွင့်ပေးပါလို့ဆို သူတို့က ၂ ယောက်ပဲ ပေးဝင်မယ်လို့ပြောတယ်၊ အဲ့ဒါနဲ့ ကျမတို့ တွေ့ဆုံမှု ပျက်သွားတာပါ၊ ကျမအပါအဝင် ရှေ့နေရော ကျမအဖော် ၄ ယောက်ရော ဝင်ခွင့်ရဖို့အတွက် ကျမတစ်နာရီကျော် ထိုင်စောင့်ပါတယ်၊ ပလက်ဖောင်းဘေးမှာပဲ၊ ဒီနေ့ တိုင်ကြားစာပါသွားပါတယ်၊ ကျမတွေ့ခွင့်ရရင် ယုံကြည်လေးစားစွာနဲ့ လက်ထဲကို တိုက်ရိုက်ထည့်မယ်၊ အခုတော့ တွေ့ခွင့်မရတဲ့အတွက်ကြောင့် ကျမစာတိုက်ကပဲထည့်မှာပါ"

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က မသန္တာကို လာရောက်တွေ့ဆုံဖို့အတွက် တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့တာဖြစ်ပြီး ကိုပါကြီးရဲ့ ဇနီးဖြစ်သူ မသန္တာနဲ့အတူ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးရောဘတ်စန်းအောင်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီး၊ မနီလာသိန်းတို့ သွားရောက်ခဲ့တာပါ။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


အလွတ်သတင်းထောက် ကိုပါကြီးအမှု စုံစမ်းတင်ပြဖို့ သမ္မတ ညွှန်ကြား အလွတ်သတင်းထောက် ကိုပါကြီးအမှု စုံစမ်းတင်ပြဖို့ သမ္မတ ညွှန်ကြား Reviewed by သစ်ထူးလွင် on 21:58 Rating: 5
Powered by Blogger.