" အဲဒီအခန်းဖြတ် " ဇာတ်ကား လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဇကာတင် စာရင်းဝင်

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပသော လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် အတွက် ရွေးချယ်ခံရသော ဇကာတင် ဇာတ်ကားများတွင် ပြိုင်ပွဲစည်းကမ်းနှင့် မညီညွတ်မှုကြောင့် ထုတ်ပယ်ခြင်း ခံရသည်ဟု ကနဦး သတင်းများ ထွက်ပေါ်ခဲ့သော ဒါရိုက်တာ ဝိုင်း၏ " အဲဒီအခန်းဖြတ် " ဇာတ်ကားလည်း ပါဝင်လာခဲ့ကြောင်း အဆိုပါ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သော The Voice Weekly သတင်းထောက်က ပြောကြားသည်။

ရုပ်ရှင်ပွဲတော် မစတင်မီကပင် အင်တာနက် မှတဆင့် လူသိများခဲ့သော ဒါရိုက်တာ ဝိုင်း၏ "အဲဒီအခန်း ဖြတ်" ရုပ်ရှင်ဇာတ်ကားမှာ မြန်မာနိုင်ငံ ရုပ်ရှင်ဆင်ဆာအဖွဲ့၏ မူဝါဒနှင့် လုပ်ဆောင်ချက်များ အပေါ်တွင် ထိမိစွာ သရော် လှောင်ပြောင်ထားသော ဇာတ်ကားဖြစ်ပြီး လက်ရှိ ရုပ်ရှင်လောကသားများဖြင့် ရိုက်ကူးထားသော ဇာတ်ကားလည်း ဖြစ်သည်။

ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ တော်ဝင်စင်တာ ခုနှစ်လွှာတွင် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအား ယနေ့ ညနေ ၄ နာရီခန့်က ပြုလုပ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပြီး ဖွင့်ပွဲ အခမ်းအနား စတင်မီ ကိုရဲလွင်၊ ကိုနေဝင်း၊ ဆောင်းဦးလှိုင်၊ လင်းလင်း၊ ACID အဖွဲ့နှင့် ဂီတမိတ်အဖွဲ့သားများက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ ကြသည်။

ရုပ်ရှင်ပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်သော ဇာတ်ကားပေါင်း ၁၈၈ ကား အနက်မှ ၅၃ ကားအား ဇကာတင် ဇာတ်ကားများအဖြစ် ရွေးချယ်ခဲ့ပြီး ဆုရွေးချယ်ခြင်းကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) တွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ ဇကာတင် ၅၃ ကားမှ ၅ ကားကို ဆုပေးအပ်မည် ဖြစ်ကြောင်း အဆိုပါပြိုင်ပွဲကို ကြီးကြပ်ဒိုင် အဖြစ် ဆောင်ရွက်နေသူ ဦးသူရ (ခေါ်) ဇာဂနာက ပြောကြားသည်။

 The Voice Weekly

မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ဂီတဖျော်ဖြေပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ (ရုပ်/သံ)

မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ဂီတဖျော်ဖြေပွဲကြီး တစ်ပွဲဖြစ်သည့် ပရိသတ် သောင်းနှင့်ချီ တက်ရောက်ခဲ့သည့် ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့။

ဘားမားဗီဂျေ
 

သုံးခွမြို့ရှိ လယ်ဧက တသောင်းကျော်ကို အဓမ္မသိမ်းယူမှု

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် အရှေ့ဘက်မှာရှိတဲ့ ပိုက်စီးကျေးရွာ၊ မင်းရွာအတွင်းကျေးရွာ နှင့် ဘိသက်ကျေးရွာ အစရှိတဲ့ ရွာသုံးရွာပိုင်တဲ့ နယ်နိမိတ်မှာ ရှိတဲ့ လယ်ဧက တသောင်းကျော်ကို ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ခွဲဝေယူခဲ့ကြပါတယ် ။
ပင်လယ်ရေတွေ တက်လာတာကြောင့် လယ်သမားတွေက သူတို့ ကျေးရွာတွေကို ရေမတက်တဲ့ နေရာတွေမှာ ပြောင်းရွှေ့ဆောက်ပြီး နေထိုင်ခဲ့ကြပါသည် ။ လွန်ခဲ့တဲ့ ၅ နှစ်ခန့်က အဆိုပါ ရေမြုပ်သွားတဲ့ လယ်မြေတွေဟာ ဧက တသောင်းလောက် သောင်ပြင်အဖြစ် ပြန်လည်ဖြစ်ထွန်းလာခဲ့သောကြောင့် ဒေသခံ လယ်သမားတွေက အဆိုပါမြေတွေကို ခုတ်ထွင်ရှင်းလင်းပြီးတော့ ကန်သင်းရိုးများပြုလုပ်ကာ လယ်ယာမြေတွေအဖြစ် ပြန်လည်ပြုပြင် စိုက်ပျိုးဖို့ လုပ်ခဲ့ကြပါသည် ။ အာဏာပိုင် အဖွဲ့အစည်းတွေက လာရောက်တားမြစ်ခဲ့သောကြောင့် ဒေသခံလယ်သမားတွေနဲ့ အခြေအတင် ဖြစ်ခဲ့ကြပါတယ် ။ မ.ဝ.တ ဥက္ကဌ ကိုစန်းနိုင်ကိုယ်တိုင် ဆင်းလာပြီးတော့ “ခင်ဗျားတို့ ဒီလယ်ယာမြေတွေက ခင်ဗျားတို့ မဆူပါနဲ့ ၊ မတိုင်ပါနဲ့ပေါ့ ။ ခင်ဗျားတို့ကို ပြန်ပေးပါမယ် ။ ဒီလယ်ယာမြေတွေက ခင်ဗျားတို့ လယ်ယာမြေတွေပဲ ဖြစ်ပါတယ် ။ ဒါကို ခင်ဗျားတို့ပဲ ပိုင်ဆိုင်သင့်တယ်။ တိုင်းပြည်အတွက်လည်း အကျိုးရှိတယ် ။ ခင်ဗျားတို့လည်း အကျိုးရှိတယ် ဆိုပြီးတော့ လယ်ယာမြေ ပြန်ပေးပါမယ်” ပြောခဲ့ပေမယ့် သုံးခွမြို့နယ် အုပ်ချုပ်ရေးဌာနမှ အဆိုပါ လယ်ယာမြေ ဧက တသောင်းကျော်ကို ဒေသရှိ ဌာနဆိုင်ရာအသီးသီးကို ခွဲခြမ်းပေးလိုက်ပါတယ် ။ ရှေ့နေ ဦးသိန်းဇော်ညွှန့်က လယ်သမားတွေဘက်က ပါဝင်ကူညီဆောင်ရွက်ပေးမယ်ဟု ပြောဆိုခဲ့ပြီးမှ ဌာနဆိုင်ရာတွေက သူ့ကို လယ်ဧက ငါးရာ ပေးလိုက်တဲ့အခါမှာ အကူအညီပေးခြင်း မရှိတော့ပါဘူး။ ဌာနဆိုင်ရာမှ လယ်သမားတွေကို လယ်ယာမြေ ပြန်လိုချင်ရင် ၁၀ ဧက တစ်ဝိုင်းကို ငွေ ရှစ်သိန်း(သို့မဟုတ်) ဆယ်သိန်း ပေးရမယ်လို့ ပြောပါတယ် ။ အဆိုပါ လယ်ဧကတွေမှာ နေထိုင်တဲ့ လယ်သမားတွေရဲ့တဲတွေကို လာရောက်ကြိမ်းမောင်း ဖယ်ခိုင်းပြီး ပိုက်တွေနဲ့ လာတားတယ် ။ လာရောက်နေထိုင်သူတွေရဲ့ တဲပေါ်အထိတောင် ဝင်ရောက်ရိုက်နှက်တာမျိုး ပြုလုပ်တယ်လို့ ဒေသခံ လယ်သမားက ဆိုပါတယ် ။
သုံးခွမြို့မှာ အခြေလာစိုက်တဲ့ စစ်တပ်ကလဲ အဆိုပါ လယ်တွေမှာ ပုဇွန်ကန် ၊ ငါးကန်တွေ တူးဖော်ဖို့ ကျေးရွာက လူတွေကို လုပ်အားပေးအဖြစ် ခေါ်ယူစေခိုင်းခဲ့ပါတယ် ။ ရဲဘက်က အချုပ်ကျတဲ့လူ ၊ ထောင်ကျတဲ့လူတွေကို ခေါ်ယူပြီးတော့ လုပ်အားပေး ခိုင်းစေတာမျိုး ရှိခဲ့ပါတယ် ။ လုပ်အားပေးခိုင်းစေခံရ၍ ထန်းတုံးပိပြီး ရွာသားတွေ သေဆုံးခဲ့သည့်အဖြစ်မျိုးပါ ရှိခဲ့တယ်လို့ ဒေသခံ လယ်သမားတဦးက ပြောပါတယ် ။
ဒေသခံ လယ်သမားတွေက မကျေနပ်သောကြောင့် သူတို့ကို အကူအညီပေးဖို့ သုံးခွမြို့မှာရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား နှင့် စိုက်ပျိုးရေးအလုပ်သမားများအဖွဲ့ကို လာရောက်ပြောကြားခဲ့ပါတယ် ။ ဒေသခံ လယ်သမားတွေပိုင်ဆိုင်တဲ့ လယ်ဧကတွေ ပြန်လည်ရယူလိုကြောင်း နှင့် သက်ဆိုင်ရာ ဌာနတွေရဲ့ သိမ်းယူထားတဲ့ လယ်ဧက စာရင်းဇယားတွေအပါအဝင် ဒီလယ်မြေတွေကို လာရောက်ခွဲဝေပေးပါရန် ဝိုင်းဝန်းလက်မှတ် ရေးထိုးထားသည့်စာကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့ အပါအဝင် လယ်ယာမြေနဲ့ ပတ်သတ်တဲ့ ဝန်ကြီးဌာန ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၊ ILO (International Labour Organization) နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် နှင့် သက်ဆိုင်ရာ ၁၁ ဌာနကို ဒီဇင်ဘာလ ၇ ရက်နေ့က ပေးပို့တိုင်ကြားခဲ့ပါတယ် ။ သက်ဆိုင်ရာက လာရောက်ဖြေရှင်းပေးခြင်း မရှိပါက လယ်သမားတွေမှ စုပေါင်း၍ ဆန္ဒပြတောင်းဆိုဖို့အထိ ပြင်ဆင်ထားကြပါတယ်ဟု လယ်သမားတွေဘက်မှ ပါဝင်ကူညီပေးနေသူ တဦးဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား နှင့် စိုက်ပျိုးရေးအလုပ်သမားများ အဖွဲ့၏ အတွင်းရေးမှူး ကိုရင်အေးက ဘားမားဗီဂျေကို ပြောဆိုခဲ့ပါတယ် ။
By ဇာဏီ (Burma VJ Media Network)

UK သံတမာန်တစ်ဦး၏ ကော့မှူးသို့ စက်ဘီးစီး ခရီးစဉ်

ဗြိတိသျှ သံရုံးမှ ဒုတိယအတွင်းဝန် Mr. Joe Fisher ဟာ ( ၂၇.၁၂ .၁၁ ) အင်္ဂါနေ့  မနက် ( ၆ ) နာရီမှာ ရန်ကုန်မြို့ မှ စက်ဘီးနဲ့ စတင် ထွက်ခွာပြီး ကော့မှူးမြို့ သို့ မနက် ( ၁၁း ၃၀ ) နာရီမှာ ချောမောစွာ ရောက်ရှိခဲ့ပါတယ်။
ကော့မှူးမြို့  အဖွဲ့ ချုပ်အ၀င်များ၊ ပညာရေးကွန်ယက်မှ လူငယ်များ၊ အမေ့အလင်းရောင် ပညာဒါနကျောင်းမှ ကလေးငယ်များက ၀မ်းမြောက်စွာ ကြိုဆိုခဲ့ကြပါတယ်။
NLD ပညာရေးကွန်ယက်ရဲ့ အမေ့အလင်းရောင် ပညာဒါနကျောင်းလေးကိုလည်း သွားရောက် လေ့လာပြီး ကလေးငယ်များ၊ ဆရာဆရာမများနဲ့  ရင်းနှီးစွာ တွေဆုံ နှုတ်ဆက် စကားပြောခဲ့ကြပါတယ်။
သူ့ ခရီးစဉ်ရဲ့  အဓိက ရည်ရွယ်ချက်ကတော့
( ၁ ) NLD ပညာရေး ကွန်ယက်က လုပ်ဆောင်နေသည့် ပညာရေး လုပ်ငန်းများကို လေ့လာရန်။
( ၂ ) ဒလ နှင့် ကော့မှူးဒေသရှိ လူနေမူ ဘ၀ အခြေအနေကို လေ့လာရန်။
( ၃ ) သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ပြည်သူများ လိုက်ပါဆောင်နိုင်စေရန် တို့ ဖြစ်ပါတယ်။
ကော့မှူးမြို့ ဆံတော်ရှင် ဆုတောင်းပြည့် စေတီ၊ ဘုရားကြီး ဆရာတော်တို့ ကိုလည်း သွားရောက်ဖူးမြော်ခဲ့ပြီး ကော့မှူးဒေသ လူနေမူဘ၀ ၀ါးယက်လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းများကိုလည်း လေ့လာသွားခဲ့ပါတယ်။
Mr. Joe Fisher ဟာ မွန်းလွဲ ( ၃း၃၀ ) နာရီမှ ကော့မှူးမြို့ NLD အဖွဲ့ဝင်များကို နှုတ်ဆက်ပြီး ရန်ကုန်သို့ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။










ကိုငယ်
ဒီဇင်ဘာ ၃၀၊ ၂၀၁၁

မိုးမခမီဒီယာ
 

ရွှေရတနာ ငွေလွှဲ လိမ်ယူသွားတဲ့ ငွေ စင်္ကာပူဒေါ်လာ သန်း ၆၀ ကျော်ရှိ

စင်္ကာပူနိုင်ငံတွင်မကြာခင်က ဖြစ်ပွားခဲ့သော ပင်နီစူလာပလာဇာရှိ ရွှေရတနာဆိုင်မှ ဒေါ်တင်တင်မြင့်ဆိုသူက ဟွန်ဒီ ငွေလွှဲရေးလုပ်ငန်းများ၏ ယုံကြည်အပ်နှံမှုအပေါ် အလွဲသုံးစားပြု လိမ်လည်သွားသောဖြစ်ရပ်ကြောင့် ငွေကြေးဈေးကွက်အပေါ် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း၊ အလားတူဟွန် ဒီလုပ်ငန်းများကို မှီခိုနေကြသော ငွေလွှဲသူများအပေါ်တွင် ရိုက်ခတ်မှုရှိခဲ့ကြောင်း သိရှိရသည်။ 
ဖြစ်ပွားပုံမှာ စင်ကာပူ ပင်နီစူလာပလာဇာတွင် ဖွင့်လှစ်ထားသော ရွှေရတနာ ငွေလွှဲလုပ်ငန်း ဦးစီးလုပ်ကိုင်သူ ဒေါ်တင်တင်မြင့်နှင့် အဖွဲ့သည် လက်ခံရရှိသည့် ငွေလွှဲရန်ဒေါ်လာများကို ဒီဇင်ဘာလ ၁၉ ရက်နေ့၌ ဘဏ်တွင် စတိသာအသွင်းပြခဲ့ပြီး တနင်္လာ၊ အင်္ဂါနေ့များတွင် ထပ်မံဝင် ရောက်လာသောငွေများကို စုစည်းကာ အစဖျောက်ခဲ့ကြောင်း၊ အင်္ဂါနေ့တွင်မူ ခန့်မှန်းခြေဒေါ်လာ သန်း ၄၀ ခန့်ဖြင့် အင်္ဂလန်သို့ လိမ်လည် တိမ်းရှောင် သွားခဲ့ကြောင်း သိရှိရသည်။ ထိုအမျိုးသမီး ထွက်ပြေးတိမ်းရှောင်သွားသည်ကို လွိုင်ဟိန်း ဇနီးမောင်နှံက သိလျက်နှင့်ပင် ပင်နီစူလာဆိုင်များမှ ငွေများကို လက်ခံယူပြီး လက်ကျန်ဒေါ်လာ နှစ်သန်းကိုပါ အစဖျောက် လိုက်ကြောင်း သတင်းများထွက်ပေါ်နေသည်။
''အခုစင်္ကာပူမှာဖြစ်သွားတဲ့ကိစ္စက မြန်မာပြည် ပြည်တွင်း ငွေကြေးဈေးကွက်ပေါ်မှာ အများကြီး သက်ရောက်ပါတယ်။ အခု ပင်နီစူလာပလာဇာက ဟွန်ဒီငွေလွှဲတဲ့ လုပ်ငန်းအသေးလေး နှစ်ခုလောက်ပဲရှိတော့တယ်လို့ သိရတယ်။ လိမ်တဲ့အမျိုးသမီးနာမည်က ဒေါ်တင်တင်မြင့်။ အခုတဖြည်းဖြည်းနဲ့ ပမာဏက များလာတယ်။ နောက်ဆုံးရရှိထားတဲ့ သတင်းအရဆိုရင် စင်္ကာပူဒေါ်လာ သန်း ၄၀-၆၀ ကျော်လောက်လို့ သိရတယ်။ တစ်ယောက်ထဲ သန်း ၂၀၊ ၃၀ ပါသွားတဲ့လူလည်း ရှိတယ်။ ပထမပိုင်းတော့ ယုံအောင်လုပ်ထားတယ်။ ဈေးတောင် လျော့ပေးထားတယ်။ အခုက တစ်ဆင့်လွှဲတဲ့သူတွေဆီကပါ ပြန်ယူသွားတာပါ'' ဟု စင်္ကာပူမှပြန် လာသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
b39_20_1
ဘာမင်ဂမ်ရှိ ဒေါက်တာသန်းသန်းမြင့်၏ နေအိမ်
''အခု လိမ်လည်သွားတဲ့ ဒေါ်တင်တင်မြင့်ရဲ့ သမီး Stephine က လန်ဒန်မှာရှိတဲ့ Queen Marry University မှာ တက်ရောက်နေတာပါ။ သူ့ယောကျာ်းကတော့ စင်ကာပူမှာ ရှိပါတယ်။ စင်ကာပူမှာရှိတဲ့ ရွှေရတနာဆိုင်မှာ ဟန်မပျက် ဆက်နေနေတယ်။  သူ့မိန်းမစီးပွားရေးကို မသိပါဘူးလို့လဲ ငြင်းထားတယ်။ ၂၀ ရက်နေ့ နံနက် ၁၂ နာရီနောက်ပိုင်းလောက်ကနေပြီးတော့ ညနေ ၄ နာရီအချိန်လောက်မှာ သူကရုံးခန်းကိုဆင်းလာပြီး သူနဲ့လည်း လုံးဝအဆက်အသွယ်မရဘူးလို့ ပြောပါတယ်။ ၂၁ ရက်နေ့မှာလည်း အများဆုံး ပါသွားတဲ့သူက ငိုယိုပြီးပြောလို့ သူ့ညီမ(ဒေါ်တင်တင်မြင့် ညီမ)က ဖုန်းအဆက်သွယ်ရပါတယ်။ သူ့ဆီ သူ့အစ်မပြန်ဆက်ရင် ဆက်ဆက်ပြော ပေးပါမယ်လို့ ပြောပါတယ်။ ၂၂ ရက်နေ့ကိုရောက်လာတဲ့အခါ လူပျောက်ကြော်ငြာဖို့ စလုပ်ခဲ့ကြပါတယ်။ အဲဒီနေ့မှာပဲ M.A.S (Monetary Authority of Singapore)က ပင်နီစူလာမှာ စစ်ဆေးတယ်ဆိုတဲ့သတင်းကြောင့် ကိုပြည့်ဖြိုး(Loi Heing) ကလည်း လုံးဝပျောက်သွားတယ်။ ကိုပြည့်ဖြိုးတို့လင်မယားက ဟောင်ကောင်ကိုသွားပြီး တရုတ်က ငွေပို့ပေးနေတဲ့ ကုန်သည်တွေနဲ့တွေ့ဖို့ လက်မှတ်ဝယ်ထားပြီးပြီ ဗီဇာ လျောက်ထားပြီးပြီလို့ သိရတယ်။ ဒီကိစ္စမှာ မန္တလေးကနာမည်ကြီး ရွှေဆိုင်တစ်ခုကလည်း ပါဝင်ပတ်သက်နေတယ်။ သူတို့က ဒေါ်တင်တင်မြင့်ဆီက ကျပ်ငွေတွေ အားလုံးယူထားလိုက်ပြီး ကိုပြည့်ဖြိုးနဲ့ ပူးပေါင်းဖို့လို့ သိရတယ်။ အဲဒီအချိန်မှာ ငွေတွေကျပ်သွားပြီး ချက်ချင်းအလုပ် ဆက်မလည်ပတ်နိုင်တော့ပဲ ငွေကြေးဈေးကွက်ကြီးတစ်ခုလုံး ရပ်ဆိုင်းသွားခဲ့တာပါ။ နောက်ပိုင်းသိရတာတွေ ပေါ် အခြေခံပြီးသူ (ဒေါ်တင်တင်မြင့်) ရှိမယ့် ဘာမင်ဂမ်ကို လိုက်သွား ခဲ့ပါတယ်''ဟု ဒေါ်တင်တင်မြင့် တိမ်းရှောင်နေသော ဘာမင်ဂမ်သို့ လိုက်သွားခဲ့သူတစ်ဦးက ပြောပြပါသည်။
ဒေါ်တင်တင်မြင့်ညီမ ဒေါက်တာသန်းသန်းမြင့်၏ အမျိုးသား Dr.Zaki သည် အီဂျစ်နိုင်ငံသားတစ်ဦးဖြစ်ပြီး ဒေါ်တင်တင်မြင့် တိမ်းရှောင်နေသည့် ဘာမင်ဂမ်ရှိ နေအိမ်သို့ လိုက်သွားခဲ့သော်လည်း ရှောင်နေ၍ မတွေ့ခဲ့ ရကြောင်းလည်း သိရသည်။
'' အဲဒီအိမ်ကိုရောက်ခဲ့ပေမယ့် ရှာဖွေဖို့ အခွင့်အရေးမရှိလို့ ရဲစခန်းကိုပဲ တိုင်ကြားခဲ့ပါတယ်။ ရဲများကလည်း ချက်ချင်းတိုင်ချက်ဖွင့်ပြီး ဖုန်းဆက်ရှာပေးခဲ့ပါတယ်။ ဖုန်းတွေ လုံးဝမကိုင်လို့ message တွေ ချန်ထားခဲ့ကြောင်းနဲ့ အဲဒီအိမ်နားမှာ ရဲကားတွေ လှည့်လည်စစ်ဆေးပေးမယ်လို့ ရဲတွေက ပြောခဲ့ပါတယ်''ဟု ဘာမင်ဂမ်သို့ လိုက်သွားခဲ့သူက ဆက်လက်ပြောပြခဲ့ပါသည်။
ယင်းဖြစ်ရပ်များသည် မကြာမီက ထုတ်ပြန်ကြေငြာခဲ့သော ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ၏ ၀င်ငွေအပေါ်အစိုးရမှ အခွန်ကောက်ခံမှုအား ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ကင်းလွတ် ခွင့်ပြုလိုက်ကြောင်းနှင့် ငွေပို့ငွေလွှဲလုပ်ဆောင်ခြင်းများကို ပြည်တွင်းရှိ သမ၀ါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ်နှင့် ဧရာဝတီဘဏ်တို့ကို တရားဝင်ခွင့်ပြုခဲ့ပြီး မရှေးမနှောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကြိုတင်ကြံစည် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
''အချို့ကိစ္စတွေက တရားမ၀င်တို့၊ တရားဝင်တို့ဆိုတာ မျဉ်းပါးပါးလေးပါပဲ။ စင်ကာပူက ဟွန်ဒီလုပ်ငန်း ဘာလို့လိုအပ်နေဆဲဆိုတာလဲ အားလုံးသိပြီးသားပါ။ ကျွန်တော်တို့နိုင်ငံက Sanction ရှိထားတဲ့အတွက် သွင်းကုန် ထုတ်ကုန်လုပ်ပြီး နိုင်ငံတကာနဲ့ ချိတ်ဆက်မယ့်လူတွေက စင်ကာပူမှာ LC  ဖွင့်ဖို့ လုပ်ရတယ်။ ဒီလိုလုပ်မှ ရမှာလေ။ အခု ငွေကြေးလိမ်လည်မှုကြောင့် နစ်နာဆုံးရှုံးရသလို စီးပွားရေးလုပ်သူ အချင်းချင်းကြား ယုံကြည်မှုတွေ ပါ ပျောက်ဆုံးရင် စီးပွားရေးဝန်းကျင်တစ်ခုလုံး ထိခိုက်သွားမှာပါ။ ဒီလိုကိစ္စမျိုးကို ထိထိရောက်ရောက် ကိုင်တွယ်သွားစေချင်တယ်''ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။
''အခုတလော ယုံကြည်မှုကို အလွဲသုံးစားလုပ်လိမ်လည်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာတယ်။  ပဲကိစ္စ၊ မှန်ချိုဆေးတိုက်ပိုင်ရှင်က သမီးအဖြစ် အမွေပြတ်စွန့်လွှတ်ခံထားရသူက လိမ်သွားတဲ့ ငွေကြေးလိမ်လည်မှုတွေနဲ့ အခုပင်နီစူလာကိစ္စတွေက ပေါ့လို့မရဘူး။ လုပ်လို့ရမှန်းသိရင် ဒါမျိုးတွေ ခဏခဏဖြစ်နေရင် ယုံကြည်မှုပျက်ပြားပြီး စီးပွားရေးဝန်းကျင်တစ်ခုလုံး ထိခိုက်နိုင်တယ်။ ပင်နီစူလာကလိမ်လည်မှုက စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ နိုင်ငံပိုင်ငွေတချို့ ပါနေတယ်လို့ ပြောနေကြတာ ကြားတယ်။ အလုပ်လာလုပ်တဲ့ လူတွေရဲ့ ချွေးနည်းစာတွေ ပါနေတယ်လို့သိရတာ  စိတ်မကောင်းစရာပါ''ဟု လုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။
မြန်မာပြည်မှ အလိမ်ခံရသောသူများ တရားစွဲရေးအတွက် မည်သို့လုပ်ရမည်ကို မသိရှိသေးကြောင်း၊ ယင်းကဲ့သို့ ဟွန်ဒီဖြင့် ငွေလွှဲခြင်းမှာ တရားမ၀င်လုပ်ငန်းဖြစ်သောကြောင့် သတင်းအတိအကျရယူပြီး အစိုးရ အမှု၊ တရားမမှု၊ ရာဇ၀တ်မှုတစ်ခုခု ဖြစ်ရန် ခဲယဉ်းသည်ဟု ယူဆနေသည့်အပိုင်းများလည်း ရှိကြောင်း၊ အဆိုပါငွေလိမ်သွားသူ ဒေါ်တင်တင်မြင့်မှာ စင်္ကာပူနိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ပြီး တရုတ်ပတ်စ်ပို့တစ်ခုကို တရားမ၀င် ကိုင်ဆောင်ထားကြောင်း သိရှိရသည်။
ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေး ဥပဒေသည် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်သော အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဝင် နိုင်ငံ(သို့) ဒေသဆိုင်ရာ သဘောတူ စာချုပ်ဝင်နိုင်ငံနှင့်ဖြစ်စေ၊ နှစ်နိုင်ငံသဘောတူစာချုပ် ချုပ်ဆိုထားသည့် နိုင်ငံနှင့်ဖြစ်စေ၊ အဆိုပါ ကွန်ဗင်းရှင်းဝင်နိုင်ငံ ဒေသဆိုင်ရာ သဘောတူစာချုပ်ဝင်နိုင်ငံ(သို့) နှစ်နိုင်ငံသဘောတူစာချုပ်ဝင် နိုင်ငံမဟုတ် သော်လည်း အပြန်အလှန် အကူအညီပေးရန် စည်းကမ်းချက်ဖြင့် သဘောတူသည့် နိုင်ငံနှင့်ဖြစ်စေ၊ ပြစ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် စုံစမ်းထောက်လှမ်းခြင်း တရားစွဲဆိုခြင်းနှင့် တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်ခြင်း တစ်ရပ်ရပ်ကို အကူ အညီပေးခြင်းနှင့် သက်ဆိုင်စေရမည်ဟု ယင်းဥပဒေ၏ ပုဒ်မ(၂)တွင် ပြဌာန်းထားပါသည်။
ထို့အပြင် အစိုးရအဖွဲ့သည် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးအတွက် ဗဟိုအာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းထားရမည်ဖြစ်ပြီး ယင်းအဖွဲ့၏ လုပ်ငန်းတာဝန်များကို ဥပဒေတွင် သတ်မှတ်ထားပြီးဖြစ် ကြောင်း သိရသည်။
ပြည်တွင်းတွင် ဖြစ်ပွားခဲ့သော ငွေကြေးလိမ်လည်မှုများကို ဖော်ထုတ်ရရှိနိုင်ရန် လုပ်ဆောင်နေကြောင်းနှင့် နိုင်ငံပြင်ပတွင် ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံသားများ၏ ယခုကဲ့သို့ ဖြစ်စဉ်မျိုးအတွက် အချက်အလက် အထောက်အထားများဖြင့် ပြည်တွင်းတွင် ပြန်လည်တိုင်ချက်ဖွင့်ပါက လိုအပ်သလို ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
ထပ်မံသိရှိရသော သတင်းများအရ ယခုအခါစင်ကာပူမှ အင်္ဂလန်သို့ ထွက်ပြေးတိမ်းရှောင်နေသော ဒေါ်တင်တင်မြင့်အား ဖမ်းဆီးရမိရေး အမှုမှန်ပေါ်ပေါက်ရေးအတွက် စင်ကာပူရဲနှင့် အင်္ဂလန်ရဲတို့ ပူးပေါင်းလုပ်ဆောင် နေကြောင်းနှင့် လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီဖြစ်ကြောင်းနှင့် သီရိမွန် ငွေလွှဲလုပ်ငန်းမှ ဒေါ်နန်းခင်ခင်ထားအား ခေါ်ယူစစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။ ရွှေရတနာဆိုင်မှ ဒေါ်တင်တင်မြင့်က အဓိက လိမ်လည်သွားသူဖြစ်ပြီး ယင်းသို့ လုပ်ဆောင်မှုကြောင့် လွှဲငွေလက်ခံပြီး ရွှေရတနာဆိုင်သို့ လွှဲကြရသော ကျန်ငွေလွှဲလုပ်ငန်းများမှာလည်း အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။
"ဒီကိစ္စကြောင့် စင်ကာပူကနေ မဖြစ်မနေလုပ်ရမယ့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေ အများကြီး ထိခိုက်ကုန်ပြီ။ စင်ကာပူမှာ ကုမ္ပဏီဖွင့်ပြီး မလုပ်ရဲအောင်ဖြစ်နေပြီ။ ဒီကိစ္စကို မြန်မြန်ဖြေရှင်းပေးဖို့ အစိုးရက အာမခံချက်ပေပြီး စုံစမ်းရင် အမှန်ပြောမယ့်သူတွေ ရှိပါတယ်" ဟု လုပ်ငန်းရှင်တစ်ဦးက ပြောပြပါသည်။
ယခုအခါ သီရိမွန် ငွေလွှဲလုပ်ငန်းမှ ဒေါ်နန်းခင်ခင်ထားက တိုင်ချက်ဖွင့်ထားသောကြောင့် စုံစမ်းနေပြီဖြစ်ကြောင်း သိရသည်။
'ဒီအခြေအနေမျိုးမှာ Sanctionက တစ်နှစ်ကျော်လောက် ရှိဦးမှာဆိုတော့ စင်ကာပူ ကုမ္ပဏီတွေက တစ်ဆင့်လည်း သွားရဦးမှာ။ အဲဒီတော့ ဒီအလုပ်က တရားမ၀င်ဘူးပဲ ပြောပြော၊ တရားဝင်တယ်ပဲ ပြောပြော ဆက်ရှိ ဦးမှာပါ။ ဒီတော့ မြန်မာ နိုင်ငံတွင်းက သွင်းကုန် ထုတ်ကုန်လုပ်ငန်းတွေ ရှင်သန်အောင် ပုံမှန်လည်ပတ်နိုင်အောင် မြန်မာအစိုးရ တာဝန်ရှိအဖွဲ့အစည်းတွေရယ်၊ ကုမ္ပဏီတွေရယ် ပူးပေါင်းအဖြေရှာဖို့ လိုပါတယ်။ အဲဒီအဓိက လိမ်လည်သူ အမျိုးသမီးတွေကို ရအောင်ရှာဖွေ ဖမ်းဆီးပြီး ကျန်တဲ့တစ်ဆင့်ခံ ကုမ္ပဏီ၊ ဆိုင်ရှင်တွေရယ်ကို ရင်ဆိုင်ဖြေရှင်းသင့်တယ်။ လိမ်လည်သွားတဲ့ သူတွေ၊ လူသတ်တရားခံတွေ၊ နိုင်ငံခြားထွက်ပြေးတိုင်း လွတ်နေ တယ်ဆိုတာ မဖြစ်သင့်ဘူး။ မရရအောင် ဖမ်းသင့်တယ်။ ဒီမှာ သူတို့ရဲ့ အဆက်အသွယ်တွေ၊ ဆွေမျိုးမိဘတွေ ကျန်နေတာပဲ''ဟု ဂျာနယ်လစ်တစ်ဦးက သုံးသပ်ပါသည်။
EMG

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ နှစ်သစ်ကူး ဆုတောင်း

၂၀၁၂ မှာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍအရေးကြီးတဲ့ အကြောင်းအလေးထားပြောဆိုသွားတဲ့ အမေစု ရဲ့ နှစ်သစ်ကူးဆုတောင်း-----

ဘားမားဗီဂျေ

ခိုးကူးခွေ ၀န်ကြီးတဦး ၀ယ်ယူအားပေး

ရုပ်ရှင်သရုပ်ဆောင်များ ပါဝင်ကပြသည့် မုဒိတာလွင်ပြင် အငြိမ့်  VCD သည် ရန်ကုန်မြို့ ခိုးကူးခွေဈေးကွက်တွင် အရောင်းသွက်နေပြီး ၀န်ကြီးတဦးကပင် ၀ယ်ယူ အားပေးခဲ့သည်ဟုသိရသည်။

ခိုးကူးခွေဈေးကွက်တွင် အရောင်းသွက်နေသော မုဒိတာလွင်ပြင်အငြိမ့် (ဓာတ်ပုံ - MRTV4)“ခိုးကူးတွေ တအား အလုပ်ဖြစ်ကြတယ်။ နောက်ဆုံး ၀န်ကြီးတောင် မီးပွိုင့်မှာ သူ့ကို လာရောင်းလို့ တချပ် ၀ယ်ခဲ့သေးတယ် တဲ့” ဟု မုဒိတာလွင်ပြင်၏ ဖန်တီးရှင် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ဧရာဝတီကိုပြောသည်။

လမ်းဘေး ခိုးကူး VCD အရောင်းဈေးသည်ထံမှ ၀ယ်ယူအားပေးခဲ့သည့် ၀န်ကြီး၏ အမည်ကို မောင်မျိုးမင်းက ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

ရန်ကုန်မြို့ ခိုးကူးဈေးကွက်သည် ဖမ်းဆီး  နှိမ်နင်းခံရမှုနှင့် တခါတရံ ရင်ဆိုင်ရသော်လည်း ပုံမှန်လည်ပတ်လျက်ရှိသည်။

ခိုးကူးဈေးကွက်ရောက် မုဒိတာလွင်ပြင်သည် လူကြိုက်များသည့် ကိုရီးယားဇာတ်လမ်းတွဲများကိုပင် ကျော်တက်သွားပြီဟု ပရိသတ်တဦးက ဆိုသည်။

“လမ်းဘေး ခိုးကူးဆိုင်တွေမှာ ကြည့်လိုက်ရင် ကိုရီးယားခွေတောင် နောက်ရောက်ကုန်တယ်။ မုဒိတာလွင်ပြင် အငြိမ့်ခွေက တန်းစီနေတာပဲ။ ခိုးကူးတွေ တော်တော် အလုပ်ဖြစ်တယ်။ တအား ရောင်းရတယ်” ဟု ရန်ကုန်မြို့နေ ပရိသတ်တဦးက ဆိုသည်။

ဒီဇင်ဘာ ၄ ရက်နေ့က ကပြခဲ့သည့် မုဒိတာလွင်ပြင် အငြိမ့်ကို ဈေးကွက်တွင် ဖြန်ချိခြင်း မရှိသေးသော်လည်း  MRTV4 ရုပ်သံလိုင်းက  ထုတ်လွှင့်စဉ် ခိုးကူးခွေ လုပ်ငန်းရှင်တို့က ကူးယူထားခြင်း ဖြစ်ကြောင်း သိရသည်။

MRTV4 ထုတ်လွှင့်ချက်များတွင် ပြက်လုံးတချို့ကို ဆင်ဆာဖြတ်ထားသည်ဟု ဆိုသည်။

“အဲ့ဒါဟာ (MRTV4 က) အပြည့်ပြတာ မဟုတ်သေးဘူး။ သီချင်းပဟေဠိဆိုတဲ့ခွင် ဆိုရင် တခွင်လုံး ဖြတ်ပစ်တယ်” ဟု မောင်မျိုးမင်းက ပြောသည်။

သီချင်းပဟေဠိခွင်တွင် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော လိုင်စင်မဲ့ကား၊ နိုင်ငံခြားငွေ တရားဝင် လဲလှယ်မှုတို့နှင့် ပတ်သက်ပြီး လူရွှင်တော်များ၏ သီချင်းဆို၊ ပြက်လုံးထုတ်မှုများ ပါဝင်သည်။

သီချင်းပဟေဠိသည် ပရိသတ် လက်ခုပ်သံ အများဆုံး ရရှိသည့် ခွင်ဖြစ်ပြီး ၎င်းလက်ခုပ်သံများကိုပါ စိစစ်ရေးက ဖြတ်တောက်ပြီးမှ ထုတ်လွှင့်ခြင်း ဖြစ်ကြောင်း ဟု မောင်မျိုးမင်းက ရှင်းပြသည်။

မင်းသမီး မိုးပြည့်ပြည့်မောင်၊ အေးမြတ်သူ၊ မိုးယုစံ၊ အိချောပို၊ လူရွှင်တော်များအဖြစ် ဝေဠုကျော်၊ မင်းမော်ကွန်း၊ ခန့်စည်သူ၊ နေမင်း၊ ကြက်ဖ နှင့် ပြေတီဦး တို့ ပါဝင်သော ထိုအငြိမ့်ကို ပြေတီဦး ပညာရေး ဖောင်ဒေးရှင်း ရန်ပုံငွေအတွက် ရန်ကုန်မြို့တွင် ကပြခဲ့ခြင်းဖြစ်သည်။

ဝန်ထမ်း၊ အရာရှိ၊ အောက်ခြေလူတန်းစား၊ အထက်တန်းလွှာ နှင့် တိုင်းပြည်တွင်း ဖြစ်ပျက်သော အခြေအနေကို ပွင့်ပွင့် လင်းလင်း မြင်သာစေရန်  ပြက်လုံး ထုတ်ထားသည်ကို တွေ့ရသည်။

မုဒိတာလွင်ပြင်တွင် ပါဝင်သူများသည် အငြိမ့်လောကသားများ မဟုတ်သော်လည်း  ၎င်းတို့၏ ကပြ တင်ဆက်မှုများကို သဘောကျသည်ဟု  ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော် ဗေဒါက ပြောသည်။

“ကောင်းတယ်လို့ ပြောရမှာပါ။ ဘာကြောင့် ပြောရတာလဲ ဆိုရင် သူတို့က လူရွှင်တော် အစစ်တွေတော့ မဟုတ်ဘူးပေါ့နော်။ သူတို့ အတိုင်းအတာအရ သူတို့ လုပ်သွားပေးတာကတော့ ကောင်းပါတယ်။ နောက် တချက်က ထိထိမိမိ ရှိတာလေးတွေ ပါတာလေးတွေလည်း ကောင်းပါတယ်” ဟု လူရွှင်တော် ဗေဒါက ပြောသည်။

ပရိတ်သတ် အားပေးမှုကို အလွန်ကျေနပ်မိသည်ဟု  မုဒိတာလွင်ပြင် အငြိမ့်၏ ဒါရိုက်တာ မောင်မျိုးမင်းက ဆိုသည်။

“(ပရိသတ်က) အသိမ်းကို ပိုကြိုက်တယ်။ သူတို့ မထင်ထားဘူးပေါ့။ နောက် … သံချပ်ခွင်ကိုလည်း ကြိုက်ကြတယ်” ဟု မောင်မျိုးမင်းက ရှင်းပြသည်။

မုဒိတာလွင်ပြင် အငြိမ့် မတိုင်ခင် နှင်းဆီရင်ခွင်၊ နှင်းဆီသခင်၊ ထာဝရနှင်းဆီ၊ နှစ်သစ်နှင်းဆီ စသည့် မောင်မျိုးမင်း၏ အငြိမ့်များကို ပြည်တွင်း၊ ပြည်ပ ပရိသတ်များက နှစ်သက် အားပေးခဲ့ကြသည်။

သဲသဲ (ဧရာဝတီ)

ကူးယူဖော်ပြခွင့်မပြုပါဘူးဆိုတဲ့ ရုပ်/သံ အင်တာနက်ပေါ်မှာပြန်နှံနေ (ရုပ်/သံ)



အဆိုပါ ရုပ်သံမှာ မည်သူမှမကူးယူရ၊ မည်သည့်မီဒီယာမှ ကူးယူဖော်ပြခွင့်မပေးပါဘူးလို့ စာတမ်းထိုး ကာ ရုပ်/သံ ရိုက်ကူးတင်ဆက်ထားသူ ကိုထူးတေဇ ကဆိုပါတယ်။ ဒါပေမဲ့ ဒီ ရုပ်/သံ ဟာ Facebook စာမျက်နှာ နဲ့ အင်တာနက်ပေါ်မှာ ပြန်နှံရောက်ရှိနေပြီဖြစ်ပါတယ်။

မည်သည့်အကြောင်းအရာမဆို အင်တာနက်ပေါ်တင်တယ်ဆိုတာ အများပြည်သူ သိရှိစေချင်လို့ တင်ပြ ကြတာဖြစ်ပါတယ်။ ကိုယ်ရဲ့ သတင်း ၊ ဓါတ်ပုံ၊ ဗွီဒီယို ၊ အသံဖိုင် တွေကို အများပြည်သူ မသိရှိစေလိုပါက
လုံခြုံအောင်ထိမ်းသိမ်းဖို့ လိုပါတယ်။



အဲဒီအခန်း--ဖြတ် ဆိုတဲ့ ဒါရိုက်တာဝိုင်း ရဲ့  ရုပ်/သံ ဇာတ်လမ်းတို အင်တာနက်ပေါ် ရောက်သွားလို့   ပြိုင်ပွဲစည်းကမ်းနှင့် မညီညွတ်သည့်အတွက် ရုပ်ရှင်ပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိတော့ ပါဘူး။

ဒီရုပ်ရုပ်နဲ့ ပါတ်သတ်လို့  ကိုရဲရင့်ငယ် က သူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ --- စည်းကမ်းချက်ထဲမှာကြိုတင်မပြရလို့  မပါတာတော့အသေအချာပါ။။
အရည်အသွေးနဲ့ တင်ပြချက်ကအဓိကလား...ပြည်သူတွေအရင်မကြည့်ရဖို့ ကအဓိကလား။
ရည်ရွယ်ချက်လေးကိုပြန်သုံးသပ်ပေးပါလားဗျာ။အခုဟာကလွတ်လပ်သောရုပ်ရှင်ပွဲတော်မှာ မလွတ်မလပ်ဖြစ်နေပါတယ်။
အပယ်ခံရတာဆိုတော့စွန့် စားမှုတွေကိုရိုက်ချလိုက်သလိုပါပဲ..

မြန်မာမှာရောဟောလိဝုဒ်မှာပါအကယ်ဒမီတွေအော်စကာတွေရွှေကမ္ဘာလုံးဆုတွေဟာ တကမ္ဘာလုံးကြည့်ပြီးမှပေးတာ။
ဟိုစကားပုံလိုဖြစ်နေပါတယ်။ မုန့်ဆီကြော်နဲ့ နုတ်ခမ်းနာတဲ့ပါ့မလားဆိုသလိုပေါ့။(ဘာမှမဆိုင်...)
အဲ့အခန်းဖြတ်ကားဆိုရင်အရံသရုပ်ဆောင်တွေဟာသူတို့ ဘ၀ပါရင်းပြီးသရုပ်ဆောင်ထားတာပါ။
အခန့် မသင့်ရင်ရုပ်ရှင်ရိုက်ခွင့်တောင်အပိတ်ခံရနိုင်ပါတယ်။ကျွန်တော်တို့ ၁၀၀ရာနုန်းပြည့်ဒီမိုကရေစီလမ်းမှန်ပေါ်မရောက်သေးပါဖူး။ အွန်လိုင်းပေါ်ရောက်ပြီးအင်တာနက်သုံးနိုင်သူတချို့ တလေကြည့်မိတာနဲ့အပယ်ခံရတာကိုပြန်လည်သုံးသပ်ပေးစေ
လိုပါတယ်လို့ ဆိုပါတယ်။

ကိုဇာဂန ကတော့ ဒါရိုက်တာဝိုင်းရဲ့ဇာတ်ကားကို ဇာဂနာ က ပိတ်ပင်တယ်လို့ စွပ်စွဲနေတာလဲတော်တော် မှားနေပါတယ်။ဇာဂနာမှာ ဒီလိုလုပ်ခွင့်မရှိသလို ၀ိုင်းအနေနဲ့လဲ ပြိုင်ပွဲစည်းကမ်းအရ ပြိုင်ပွဲမစခင် ဘယ်မှာမှ ပြခွင့်မရှိပါဖူး။ကျနော်တို့က လူချင်းညီအကိုလိုတအားခင်ပါတယ်။ စည်းကမ်းကိုတော့အလျော့မပေးနိုင်ပါဖူးခင်ဗျာ။



ဒါကတော့ အများပြည်သူကို ဖြန့် ဝေတဲ့ ဒီဗွီဘီ မှ ရုပ်သံ ပါ။

 အဆိုပါ ပြဿနာတွေမှာ အင်တာနက် နည်းပညာက မှားနေတာလား စည်းကမ်းဥပဒေတွေ ၊ မူပိုင်ကို အင်တာနက်ပေါ် ရောက်ရှိသွားပြီးမှ ဘယ်သူမှမကူးရဘူးဆိုသူတွေ မှားနေတာလားဆိုတာ စာဖတ်ပရိတ် က ဆက်လက်ဝေဖန် အကြံပြုနိုင်အောင် တင်ပြလိုက်ပါတယ်။


By: သစ်ထူးလွင်

တေးဂီတဖျော်ဖြေပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွင့်အမှာစကား (ရုပ်သံ/အသံဖိုင်)

ဒီဇင်ဘာလ (၃၀) ရက်နေ့က ကျင်းပခဲ့တဲ့ တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွင့်အမှာစကား
(ရုပ်/သံ)


အသံဖိုင်
DASSK Opening Speech @ Charity Concert for Assisting Education by myanmarcelebrity

myanmarcelebrity.com

ကြားဖြတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကြေညာ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်း၊ အတည်ပြုကြေညာခြင်းတို့နှင့် စပ်လျဉ်းသည့် နေ့ရက်များ သတ်မှတ်ကြေညာခြင်း၊ ကြေညာချက်အမှတ် (၆၂/၂၀၁၁)ကို ဒီဇင်ဘာ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၆ ပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် အောက်ပါနေ့ရက်များကို သတ်မှတ်ကြေညာလိုက်သည်။ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းစတင် တင်သွင်းနိုင်သည့်နေ့ရက် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်။ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းစတင် တင်သွင်းနိုင်သည့် နောက်ဆုံးရင် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုပါက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်မည့်နေ့ရက် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်မှ ၁၀ ရက်အထိ ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ 
By: သစ်ထူးလွင်

သမ္မတဦးသိန်းစိန် နှင့် သူကြွယ်ဂျော့ဆိုရော့စ် တွေ့ ဆုံမည်

ဓါတ်ပုံဒီဇိုင်း (သစ်ထူးလွင်)
ပြည်ပရောက် မြန်မာနိုင်ငံ လှုပ်ရှားသူများစွာကို ဒီမိုကရေစီရေးနှင့် လွတ်လပ်မှုတို့အတွက် ပညာသင်ခွင့်နှင့် အခြားအထောက်အပံ့များ ပေးအပ်ခဲ့သည့် Open Society Institute (OSI) နှင့် Soros Management Fund တည်ထောင်သူ သူကြွယ်ဂျော့ဆိုရော့စ် ဒီဇင်ဘာလ ၂၆ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး နိုင်ငံတော်သမ္မတကြီး အပါအဝင် အစိုးရအကြီးအကဲများနှင့် ဇန်နဝါရီလ ၂ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံမည်ဖြစ်ကြောင်း အစိုးရနှင့် နီးစပ်သူများထံမှ သိရသည်။ ဆိုရော့စ် မြန်မာနိုင်ငံသို့ လာရောက်ခြင်းမှာ ငွေကြေးမူဝါဒဆိုင်ရာ အကြံဥာဏ်များပေးရန်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို သီးခြားလွတ်လပ်ပြီး လုပ်ကိုင်နိုင်စွမ်းရှိစေရေးအတွက် အကြံဥာဏ်များပေးရန်ဖြစ်ကြောင်း ၄င်းနှင့် နီးစပ်သူများ၏ အဆိုအရ သိရသည်။ ဆိုရော့စ်မှာ ဇန်နဝါရီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ ဆိုရော့စ် တည်ထောင်ခဲ့သည့် Open Society Institute (OSI) သည် ဒီမိုကရေစီထွန်းကားရေးကို ငွေကြေးထောက်ပံ့ပေးခဲ့ပြီး ယင်း၏အထောက်အပံ့ခံ Burma Project/ Southeast Asia Institute သည် အရှေ့တောင်အာရှ၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ အရေးကိစ္စများကို ပံ့ပိုးရန်တည်ထောင်ထားခြင်း ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
By: သစ်ထူးလွင်

ကမ္ဘာ့နံပါတ်(၃) နေရာအဖြစ် မြန်မာနိုင်ငံကို CNN ဖော်ပြ

ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံးသွားရောက်လည်ပတ်တဲ့ ပုဂံဒေသ ပုဂံအလှ
အမေရိကန်ပြည်ထောင်စု အတ္တလန်တာမြို့အခြေစိုက် ကမ္ဘာကျော်ရုပ်/ သံသတင်းဌာနCNN ကမြန်မာနိုင်ငံကို လာမည့် ၂၀၁၂ ခုနှစ်တွင် ခရီးသွားများသွားလာလည်ပတ်ရန် အကောင်းဆုံးနေရာကိုးခုအနက် နံပါတ်(၃) အဆင့်အဖြစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ထည့်သွင်းဖော်ပြလိုက်သည်။ CNN က မြန်မာနိုင်ငံကို ယင်းကဲ့သို့ ထည့်သွင်းဆုံးဖြတ်ရာတွင် Lonely Planet အပါအဝင် ကမ္ဘာကျော် ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူလေးဦးထံမှ ကိုယ်တွေ့သွားလာမှုထောက်ခံချက်များမှ ရယူဖော်ပြခဲ့ခြင်းဖြစ်သည်ဟုလည်း ယင်းသတင်းတွင်ဖော်ပြပါရှိသည်။ “မြန်မာနိုင်ငံကို သွားလာခဲ့ရတာ ရင်သပ်ရှုမောပါပဲ။ ကမ္ဘာမှာ မပျက်စီးသေးတဲ့ နေရာတစ်ခုကို ရောက်သွားသလိုပါပဲ။ မြန်မာပြည်မှာရှိတဲ့ လူတွေလောက် ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့ သူတွေ မတွေ့ဖူးပါဘူး” ဟု ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတို့ကို ကိုးကား၍ CNN က ဖော်ပြသည်။ ၂၀၁၂ ခုနှစ်တွင် ခရီးသွားများသွားလာလည်ပတ်ရန် အကောင်းဆုံး နေရာကိုးခုအနက် အင်္ဂလန်၊ မာယာ လူမျိုးတို့နေထိုင်ခဲ့ရာ မက္ကဆီကို နယ်တွင်းဒေသ၊ မြန်မာနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု ချီကာဂို၊ အီတလီနိုင်ငံ ဗင်းဆင့်၊ နယ်သာလန်၊ ကနေဒါနိုင်ငံ အတ္တလန်တစ်၊ တောင်အမေရိကတိုက် ဥရုဂွေး နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ရှိ အော်လန်ဒိုဒေသတို့ဖြစ်သည်ဟု ဖော်ပြပါရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း Lonely Planet ခရီးသွားလမ်းညွှန်ကမ္ဘာကျော်စာအုပ်ကြီးကလည်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ရှိပြီး အဖော်ရွေဆုံး၊ သဘောအကောင်းဆုံးလူမျိုးများနေထိုင်ရာ မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် ခရီးသွားလာရန် အကောင်းဆုံးဒေသများအနက် နံပါတ် ၂ နေရာတွင်ရှိသည် ဟု ထည့်သွင်းဖော်ပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

By: သစ်ထူးလွင်

၁၂၅ သိန်းတန် တီရှပ်

ရန်ပုံငွေပွဲမှာ အဆိုတော်အားလုံး လက်မှတ်ထိုးထားတဲ့ ၁၂၅ သိန်းတန် တီရှပ် Photo (Myit Makha Mediagroup)
ပညာရေးရန်ပုံငွေဂီတဖျော်ဖြေ
ပွဲအမှတ်တရ တီရှပ်ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များလက်မှတ်ရေးထိုးထားသောတီရှပ်ကို ကျပ် ၁၂၅ သိန်းဖြင့် လေလံဆွဲဝယ်ယူသွားခဲ့သော ဒေါ်မာလာဝင်း ကို တီရှပ်နှင့်အတူတွေ့ရစဉ်။
 ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များ လက်မှတ်ရေးထိုးထားသော အင်္ကျီကို လေလံပစ်ရာ အမျိုးသမီးလုပ်ငန်းရှင်တစ်ဦးက ကျပ် ၁၂၅ သိန်းဖြင့် ဈေးအမြင့်ဆုံးပေး၍ ၀ယ်ယူသွားသည်။

ရန်ပုံငွေပွဲအမှတ်တရအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာဓာတ်ပုံဖြင့် ဒီဇိုင်းပြုလုပ်ထားသော အနီရောင်တီရှပ်(XL size)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များက လက်မှတ်ရေးထိုးထားသည့် အင်္ကျီကို ကြမ်းခင်းဈေး ကျပ်သိန်း ၃၀ ဖြင့် ည ၈ နာရီကျော်တွင် စတင်လေလံပစ်ပြီး ကုမ္ပဏီ ၆ ခုက အပြိုင်လေလံဆွဲကြကာ ည ၁၂ နာရီကျော်တွင် Common Purpose ကုမ္ပဏီမှ MD ဒေါ်မာလာဝင်းက ကျပ် ၁၂၅ သိန်းဖြင့် ဈေးအမြင့်ဆုံးပေး၍ ၀ယ်ယူသွားခြင်းဖြစ်သည်။

"အန်တီစုက ပြည်သူလုအတွက် လုပ်ပေးနေတာ။ အဲဒီအတွက် လှူချင်နေတာ။ အခုလှူလိုက်တဲ့သဘောပါပဲ" ဟု ဒေါ်မာလာဝင်းက ပြောသည်။

သူမအား အင်္ကျီပေးအပ်ပွဲကို ဇန်န၀ါရီ ၁ ရက်တွင် NLD ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပေးအပ်သွားမည်ဖြစ်ကြောင်း ထိုလေလံပွဲကို အဓိကစီစဉ်သူ ဦးမောင်မောင်အေးက 7Day News သို့ပြောသည်။
By: သစ်ထူးလွင်

ဦးပိုင် သကြားစက်မှ ရေဆိုးများကြောင့် ရွေဘိုမြို့လူထုထိတ်လန့်

ဓါတ်ပုံ (googleimages)
ရွေဘိုမြို့သူမြို့သားများ၏ သောက်သုံးရေ အဓိကရင်းမြစ်ဖြစ်သည့် မဟာနန္ဒာကန်တော်ကြီးထဲသို့ ဇီးကုန်းကျေးရွာအနီးရှိ မြန်မာ့စီးပွားရေး ဦးပိုင် လိမိတက်မှ ပိုင်ဆိုင်သည့် သကြားစက်မှ စွန့်ပစ်ရေဆိုးများ စီးဝင်မှုကြောင့် ရေသတ္တဝါများနှင့် မြွေများ သေဆုံးပြီးနောက် မြို့နေလူထုမှာ ထိတ်လန့်နေကြောင်း ဒေသခံများက ပြောကြားသည်။
ဇီးကုန်းကျေးရွာအနီးရှိ သကြားစက်နှင့် တွဲထားသော BE အရက်ချက်စက်ရုံမှ အီသနောများ မဟာနန္ဒာကန်တွင်းသို့ စီးဝင်သော ပင်မဦးအောင်ဇေယျ တူးမြောင်းအတွင်းသို့ ရေမည်းများစီးဝင်ပြီး ယင်းရေမြောင်းတစ်လျှောက်ရှိ ကျေးရွာသားများ ရေချိုးရာတွင် ယားယံမှုများ အဖုအပိန့်များ ထွက်သူများရှိကြောင်း စုံစမ်းသိရှိရသည်။
ယင်းစက်ရုံ မတည်ဆောက်ခင်း အနီးတဝိုက်ရှိ ကြံခင်းဧကတစ်ထောင်ကျော်ကို စက်ရုံဧရိယာအဖြစ် သတ်မှတ်သိမ်းယူ ခဲ့ပြီး လျှော်ကြေးမပေးခဲ့ကြောင်း ယခုရေဆိုးများကို စက်ရုံပိုင်မြေအတွင်းမှာပင် စွန့်ပစ်လို့ရနိုင်ကြောင်း ကြံတောင်သူတစ်ဦးက ပြောကြားသည်။
မဟာနန္ဒာကန်မှ ရေကို ရွေဘိုမြို့ရှိရပ်ကွက် ၁၀ရပ်ကွက်မှ ပိုက်များဖြင့် သွယ်သုံးကြပြီး မဟာနန္ဒာကန်ဟုခေါ်သည့်ကန်ကို ကုန်ဘောင် မင်းဆက်ကို ထူထောင်ခဲ့သူ အလောင်းဘုရားဦးအောင်ဇေယျက တူးဖော်ခဲ့ခြင်းဖြစ်သည်။
ယင်းသကြားစက်ကို ဦးပိုင်ထံမှ ဦတေဇ လွဲပြောင်းလုပ်ကိုင်နေကြောင်း ဆရာတော်တစ်ပါးက ပြောဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ ဦးတေဇအနေဖြင့် စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်နေသော်လည်း အရက်၊ ဆေးလိပ်၊ ငါး လုပ်ငန်း မလုပ်ဟု ပြောဆိုထားသည်။
MP
By: သစ်ထူးလွင်

နိုင်ငံရေးလုပ်ရမှာ မကြောက်ပါနဲ့

မောင်ဝံသ
ကြောက်စိတ်ဟာ လူသားရဲ့ မွေးရာပါပစ္စည်းတစ်ခု ဖြစ်တယ်လို့ မနုဿဗေဒ ပညာရှင်တွေက ဆိုတယ်ဗျ။ အားလုံးသိကြတဲ့ အတိုင်း ခွန်အား အင်မတန် ကြီးမားတဲ့ ဒိုင်နိုဆောတို့လို သတ္တဝါကြီးတွေ၊ ရှည်လျားတဲ့ အစွယ်ရှိတဲ့ ဆင်လိုသတ္တဝါကြီးတွေ၊ ခွန်အားရော၊ လျင်မြန်ဖျတ်လတ်မှုပါရှိတဲ့ ကျားတွေ၊ ခြင်္သေ့တွေလို သတ္တဝါတွေ၊ အင်မတန် အဆိပ်ပြင်းတဲ့ မြွေလို၊ ကင်းလို သတ္တဝါတွေအလယ်မှာ အဲဒီစွမ်းပကားတွေ တစ်ခုမှမပါဘဲ မွေးဖွားပေါ်ပေါက်လာရတဲ့ လူသားတွေအဖို့ ပတ်ဝန်းကျင်မှာ   မြင်မြင်သမျှဟာ ကြောက်စရာတွေချည်း ဖြစ်ခဲ့မှာအမှန်ပဲဗျာ။ အဲဒီ သတ္တဝါကြီးတွေအပြင် မြေငလျင်လှုပ်တာ၊ မီးတောင်ပေါက်ကွဲတာ၊ မိုးကြိုး ပစ်တာ၊ ရေကြီးတာ၊ တောမီးလောင်တာ စတဲ့သဘာဝဘေးဆိုးတွေကိုပါ ကြုံတွေ့ရပြန်တော့ ကြောက်စိတ်ဟာ လူသားတွေစိတ်ထဲ စွဲစွဲမြဲမြဲ မြစ်တွယ်လာခဲ့ပြီး ကြောက်စိတ်ဗီဇဟာ မျိုးဆက်တစ်ခုကတစ်ခုကို လက်ဆင့်ကမ်းခဲ့တဲ့အရာ ဖြစ်လာခဲ့တယ်ဗျ။ ဒီကနေ့ သိပ္ပံပညာ အတော်ကလေးမြင့်မားတိုးတက်တဲ့ ခေတ်ကာလ ရောက်နေတာတောင်မှ လူအတော်များများ အမှောင်ကိုကြောက်တာ။ မိုးသဲကြီးမဲကြီးရွာရင် ကြောက်တာ၊ မြွေကိုမြင်ရင် ကြောက်တာစတဲ့ ကြောက်စိတ်တွေဟာ လူသားဘိုးဘေးဘီဘင်တွေရဲ့ မျိုးဗီဇတစ်ခု ဖြစ်တယ်လို့ မနုဿဗေဒပညာရှင်တွေက ယူဆကြောင်း ကျွန်တော် ဖတ်ခဲ့ရဖူးတယ်ဗျ။
အကြောက်လွန်ပြီဆိုရင်
မနုဿဗေဒ အယူအဆအရ ကြောက်စိတ်ဟာ လူသားရဲ့မွေးရာပါဗီဇတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တာမို့ လူတွေကြောက်တတ်တာ ဆန်းတဲ့ ကိစ္စတော့ မဟုတ်ဘူးဗျ။ ဒါဟာ မူမှန်တဲ့ ကိစ္စတစ်ခုလိုပဲ ဆိုရမယ်ဗျ။ ဒါပေမဲ့ လူတစ်ယောက်၊ လူ့အသိုင်းအဝိုင်းတစ်ခု၊ လူ့အဖွဲ့အစည်း တစ်ခုဟာ တစ်စုံတစ်ခုကို ကြောက် သင့်တဲ့ အတိုင်းအတာထက် ပိုပြီးကြောက်ရွံ့နေပြီဆိုရင်တော့ အဲဒါဟာ အင်္ဂလိပ်လို လို့(Phobia) ခေါ်တဲ့ အကြောက်လွန်ကဲမှု ဖြစ်နေပြီဆိုတဲ့ သဘောပဲဗျ။ မြွေကိုမြင်လိုက်တာနဲ့ လူတိုင်း တွန့်ခနဲဖြစ်သွားကြတာ သဘာဝဖြစ်ပေမယ့် တစ်ကိုယ်လုံး ချွေးစေးတွေပြန်ပြီး လှုပ်မရရှားမရ ဖြစ်သွားတာ။ သတိမေ့မျော သွားတာမျိုးကတော့ ဖိုးဘီးယားသာ ဖြစ်တယ်ဗျ။ ကြောက်တာဟာ စိတ်ရောဂါ မဟုတ်ပေမယ့် အကြောက်လွန်တာကတော့ စိတ်ရောဂါတစ်ခု ဖြစ်တာမို့ အဲဒီလူ၊ အဲဒီလူ့အသိုင်းအဝိုင်း၊ အဲဒီ လူ့အဖွဲ့အစည်းဟာ စိတ်ရောဂါ စွဲကပ်နေပြီ၊ မူမမှန်တော့ဘူးလို့ ပြောရတော့မှာပဲ ဖြစ်တယ်ဗျ။ စိတ်ရောဂါရှင်တစ်ယောက် သူ့ကိုယ်သူ မစောင့်ရှောက်နိုင်၊ သူ့ဘဝအတွက် လှပတဲ့အနာဂတ်တစ်ခုကို ဘယ်လိုနည်းနဲ့မှ တည်ဆောက်နိုင်မှာ မဟုတ်သလိုပဲ စိတ်ရောဂါစွဲကပ်ပြီ။ မူမမှန်တဲ့ လူ့အဖွဲ့ အစည်း တစ်ခုဟာလည်း ငြိမ်းချမ်းသာယာ စည်ပင်ဝပြောတဲ့ အနာဂတ်တစ်ခုကို မဖန်တီးနိုင်တော့မှာ သိပ်ကို သေချာတယ်ဗျ။
အကြောက်လွန်သူ အာဏာရလျှင်
လူ့သမိုင်းတစ်လျှောက်မှာ လူရည်နည်းနည်း ပိုလည်တဲ့အလွှာတစ်ခုက ကျန်တဲ့လူအများစုကြီးရဲ့ ကြောက်စိတ်ကို ဖိုးဘီးယား အဆင့်သို့ ရောက်သွား အောင် ပါးပါးနပ်နပ် ပဲ့ကိုင်စေစားတွန်းပို့ပြီး လူသားအားလုံး ပိုင်ဆိုင်တဲ့ အရင်းအမြစ် ဓနဥစ္စာနဲ့ မွေးရာပါပိုင်ဆိုင်ခွင့်တွေကို မောင်ပိုင်စီးခဲ့ကြတာ သမိုင်းကို ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာသူတိုင်း အသိဖြစ်တယ်ဗျ။ သမိုင်းဖြစ်ရပ် တချို့မှာကျတော့လည်း အကြောက်လွန်ရောဂါ စွဲကပ်နေသူတွေကိုယ်တိုင် အာဏာရလာကြပြီး သူတို့က လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဒုက္ခပင်လယ်ဝေအောင် လုပ်ခဲ့ကြတာတွေလည်း ရှိခဲ့တယ်ဗျ။ အမုန်းတရားကြောင့် အဲသလိုလုပ်ခဲ့ကြတာ ဖြစ်ပေမယ့် စိတ်ပညာ သဘောအရ အမုန်းတရားဆိုတာ အကြောက်တရားရဲ့ အမြင့်ဆုံးအဆင့် ဖြစ်တာမို့ အခြေခံကတော့ အကြောက်တရား၊ အကြောက်လွန်ကဲမှုပဲ ဖြစ်တယ်ဗျ။ နာဇီအာဏာရှင် ဟစ်တလာက ဂျူးလူမျိုးခြောက်သန်းလောက်ကို ရက်ရက်စက်စက် သုတ်သင်ရှင်းလင်းခဲ့တာ ခမာနီတွေက ကမ္ဘောဒီးယား ပညာတတ်တွေကို သုတ်သင်ခဲ့တာ၊ ရဝမ်ဒါမှာ ဟူတူတွေက တွတ်ဆီတွေကို သတ်ဖြတ်ခဲ့တာ၊ ဘောစနီးယားမှာ ဆာ့ဘ်တပ်ဖွဲ့တွေက မူဆလင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာ။ ဆူဒန်နိုင်ငံ ဒါဖူးဒေသမှာ အာရပ်နွယ်ဖွားအစိုးရရဲ့ ကျောထောက်နောက်ခံပေးမှုနဲ့ အာရပ်နွယ်ဖွား ဂျန်ဂျာဝိ မြင်းစီး သေနတ်ကိုင်တွေက အာဖရိကနွယ်ဖွား ပြည်သူတွေကို နှိပ်စက် ညှဉ်းပန်းသတ်ဖြတ်ခဲ့တာ စတဲ့လုပ်ရပ်တွေအားလုံးရဲ့ ပင်မလှုံ့ဆော်မှု အကြောင်းရင်းက ဖိုးဘီးယားပဲ ဖြစ်တယ်ဗျ။
နိုင်ငံခြားသားကြောက် ရောဂါ
သေသေချာချာ ပြန်ပြီး လေ့လာသုံးသပ်ကြည့်လိုက်ရင် ကျွန်တော်တို့ နိုင်ငံမှာလည်း ဖိုးဘီးယားတွေ ရှိခဲ့တာကို တွေ့ရမှာပဲဗျာ။ နှစ်ပေါင်း တစ်ရာကျော် လူမျိုးခြား လက်အောက်မှာ ကျွန်သားပေါက်ဘဝနဲ့ နေထိုင်ခဲ့ရတဲ့ ကျွန်တော်တို့  လူ့အဖွဲ့အစည်းမှာ အထင်ရှားအပေါ်လွင်ဆုံး ဖိုးဘီးယားကတော့ (xenop hobia)လို့ခေါ်တဲ့ သူစိမ်းကြောက်ရောဂါ၊ နိုင်ငံခြားသားကြောက်ရောဂါပဲဗျာ။ အခုအချိန်မှာ အဲဒီရောဂါ အတော်ကလေး လျော့ပါးသွားပြီ ဖြစ်ပေမယ့် တချို့ကတော့ ပြည်သူအစိတ်အပိုင်းတွေထဲမှာတော့ နိုင်ငံခြားသားဆိုရင် ငါတို့ပြည်တွင်းရေး ဝင်စွက်မယ့်သူတွေလား၊ ငါတို့ ပစ္စည်းတွေ လာခိုး၊ လာလိမ်၊ လာလုမယ့်သူတွေ လား။ ငါတို့ကို ကျွန်ပြုဖို့လာတဲ့ ကိုလိုနီလက်သစ် တွေလားစတဲ့ သံသယတွေနဲ့ ဖိုးဘီးယား အပျော့စားတွေကို ဆက်လက်မွေးမြူထားကြဆဲ ဖြစ်တယ်ဗျ။
နိုင်ငံရေးဖိုးဘီးယား
သမိုင်းတစ်ကွေ့မှာ ကျွန်တော်တို့ ပြည်သူတွေရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအတွင်း ‘ကွန်မြူနစ်ဖိုးဘီးယား’ ရောဂါလည်း စွဲကပ်ခဲ့ ဖူးတယ်ဗျ။ အဲဒီ ရောဂါကတော့   ပြည်တွင်းပြည်ပ ကွန်မြူနစ်ရေချိန် ကျဆင်းသွားမှုနဲ့အတူ အခုအချိန်မှာ အတော်ကလေး အရှိန်ကျသွားခဲ့ပေမယ့် လုံးလုံးအကင်းသေသွားပြီလို့ မဆိုနိုင်တဲ့ အခြေအနေမှာတော့ ရှိနေသေးတာ ဖြစ်တယ်ဗျ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ နီးပါး ကာလအတွင်း မြန်မာပြည်သူလူထု အများစုကြီးအတွင်း နက်နက် ရှိုင်းရှိုင်း အမြစ်တွယ်စွဲကပ်နေခဲ့တဲ့ ဖိုးဘီးယားကတော့ ‘နိုင်ငံရေးဖိုးဘီးယား’ ပဲဖြစ်တယ်ဗျ။  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမြုတေပါတီအဖြစ်က ပြည်သူ့ ပါတီ ဖြစ်လာအောင် ကြိုးစားခဲ့တာဆိုပေမယ့် အဲဒါဟာ စာအုပ်ထဲနဲ့ အစည်းအဝေးခန်းမတွေထဲမှာသာ ရှိခဲ့ပြီး ပြည်သူလူထု အများစုကြီးအတွက်တော့ ‘နိုင်ငံရေး’ ဆိုတာ ငါတို့နဲ့ ‘လားလားမှ မထိုက်တဲ့အရာ’ အခွင့်ထူးခံ လူတန်းစားတစ်ခုအတွက်သာ သီးသန့်ဖယ်ထားတဲ့ အရာတစ်ခု ဖြစ်ခဲ့တယ်ဗျာ။ အဲဒီ ဖိုးဘီးယားဟာ နောက်ထပ် ခေတ်သစ်တစ်ခုရဲ့ ကန့်လန့်ကာအဖွင့်ဖြစ်တဲ့ ၈၈ လှုပ်ရှားမှုကြီးနောက်မှာတောင် အားကောင်းကောင်းနဲ့ ဆက်ရှိနေခဲ့ပြီး အခုအထိ အငွေ့တလူလူ ဖြစ်နေသေးတာကို တွေ့ရတဲ့အပြင် သူက   နောက်ဆုံးပေါ် ဖိုးဘီးယားရောဂါသစ် တစ်ခုကိုတောင် ခေါ်လာတာကို တွေ့နေရတယ်ဗျ။
နိုင်ငံရေးမပီ ဖိုးဘီးယား
အဲဒါကတော့ ‘နိုင်ငံရေးမပီ ဖိုးဘီးယား’ ဖြစ်တယ်ဗျ။ ရာစုတစ်ဝက်လောက် နိုင်ငံရေးဖိုးဘီးယားရောဂါနဲ့အတူ နေထိုင်လာနေတဲ့ မြန်မာပြည်သူတွေဟာ ၂ဝ၁ဝ ရွေးကောက်ပွဲ နောက်ပိုင်း ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေတွေ အထူးသဖြင့် မှတ်ပုံတင်ဖို့ NLD ဒီချုပ်က ဆုံးဖြတ်လိုက်ပြီးနောက် အခြေအနေ တွေကို အမှီလိုက်ပြီး ‘စမ်းဝါး’ ကြည့်ဖို့ မစွမ်းနိုင်ဖြစ်နေကြတဲ့အသံတွေ ကြားနေရတယ်။ သိပ်တော့လည်း မဆန်းဘူးဗျ။ ရှေ့ဆုံးတန်းက ရဲရဲရင့်ရင့် နိုင်ငံရေးလုပ် နေသူ တချို့ကတောင် "ကျွန်တော်၊ကျွန်မတို့ဟာ နိုင်ငံရေးသမား မဟုတ်ပါဘူး။ နိုင်ငံ့အရေး လုပ်နေကြတာသာ ဖြစ်ပါတယ်” လို့ ခပ်ဝါးဝါး ပြောနေကြတာကို မကြာခဏ ကြားနေရတဲ့ ပြည်သူတွေအတွက် နိုင်ငံရေးပါတီဆိုတာ မဝင်အပ်တဲ့နယ်မြေလိုလို ဘာလိုလိုဖြစ်နေတာ နားလည်နိုင်တဲ့ကိစ္စ ဖြစ်နေတယ်ဗျ။    တကယ်တော့ အခုအချိန်မှာ ဘာမှရှုပ်ရှုပ်ထွေးထွေး ဖြစ်နေစရာ အကြောင်းမရှိတော့ပါဘူးဗျာ။ နိုင်ငံရေးပါတီဆိုတာ နိုင်ငံရေးကောင်းစားရေးအတွက် စွမ်းစွမ်းတမံ ရွပ်ရွပ်ချွံချွံ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အခြေခံသဘောထားအမြင် အယူအဆ ရပ်တည်ချက်ချင်းတူသူတွေ ပေါင်းစုဖွဲ့စည်းထားတဲ့ အစုအဖွဲ့တွေသာ ဖြစ်တယ်ဗျ။ ဒီတော့ မိမိတို့ဟာ နိုင်ငံရေးကောင်းစားရေးကို အားကြိုးမာန်တက် ကိုယ်ရောစိတ်ပါ ထိထိရောက်ရောက် လုပ်ဆောင်လိုသူဖြစ်တယ်လို့ မိမိကိုယ်မိမိ ယုံကြည်တယ်ဆိုရင် မိမိနှစ်သက် ယုံကြည်ရာ ပါတီတစ်ခုထဲကို အမြန်ဆုံးဝင်ရောက် လုပ်ဆောင်ရမှာပဲဖြစ်တယ်ဗျ။
အာဏာငန်းဖမ်းတာမဟုတ်
နိုင်ငံ့ဝန်ထမ်းနဲ့ သာသနာ့ ဝန်ထမ်းတွေကလွဲပြီး ဘယ်သူမဆို မိမိတို့နှစ်သက်ရာ ပါတီထဲဝင်ပြီး နိုင်ငံအကျိုး သယ်ပိုးနိုင်ခွင့် ရှိတာ ဒီမိုကရေစီရဲ့ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဒီလိုပါတီထဲ ဝင်ပြီးလုပ်တာဟာ (မကြာသေးခင်ကအထိ အမျိုးသားနိုင်ငံရေးလို့ သုံးသုံးနေကြတဲ့) အမျိုးသားရေးကို    ကျောခိုင်းတာ လုံးဝ(လုံးဝ) မဟုတ်သလို တချို့က စွပ်စွဲနေကြသလို အာဏာငန်းဖမ်းတာလည်း လုံးဝ(လုံးဝ) မဟုတ်ဘူးဗျ။ စတုတ္ထမဏ္ဍိုင်သားတွေ ဖြစ်ကြတဲ့ ကျွန်တော်တို့ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ အနုပညာမီဒီယာ လောကသားတွေ အနေနဲ့လည်း မိမိတို့ဆန္ဒရှိရင် ကြိုက်တဲ့ပါတီ ဝင်နိုင်ရမယ်လို့ ကျွန်တော် ယူဆ တယ်ဗျာ။ မီဒီယာလို့ခေါ်တဲ့ လူထုဆက်သွယ်ရေး နည်းလမ်းတွေမှာ မိမိတို့ရဲ့ ဖန်တီးမှုများကို တင်ပြတဲ့အခါ မိမိတို့ဝင်ထားတဲ့ ပါတီကိုအခွင့်သာစေမယ့် တစ်နည်း ပြောရရင် ဘက်လိုက်မှုပါတဲ့ ဖန်တီးမှုမျိုးတွေ မဟုတ်ဘူးဆိုရင် စတုတ္ထမဏ္ဍိုင် လောကသားအဖြစ် မိမိတို့ကိုယ် မိမိတို့ လိပ်ပြာသန့်သန့်ခံယူနိုင်ကြမယ် ထင်ပါ တယ်ဗျာ။

မောင်ဝံသ
(ဒီဇင်ဘာ ၂၉ ထုတ် Popular News  အတွဲ (၃) အမှတ် (၅၀) မှ ထုတ်ယူဖော်ပြသည်)
***************************************************************************************

NLD ပညာရေးရံပုံငွေ ဂီတပွဲတော် အထူးစည်ကား

ဓါတ်ပုံ ( မက်ဆင်ဂျာ ဂျာနယ်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်က ဦးစီးပြီး ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ကွင်းပြည့် လူတွေ လာရောက် အားပေးခဲ့ကြပါတယ်။ အစောပိုင်းတုန်းကလည်း ရန်ပုံငွေဈေးရောင်းပွဲ လုပ်ခဲ့တာမှာ တော်တော်များများ လာပြီး အားပေးကြတယ်လို့ ပွဲစီစဉ်သူတွေက ပြောကြပါတယ်။ ဂီတအသိုင်းအ၀ိုင်းထဲက နာမည်ကြီး တေးဂီတဝိုင်းတွေ အဆိုတော်တွေ ကူညီ တီးခတ်သီဆိုပေးကြတဲ့ ပွဲအကြောင်းကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးပြီး ပထမဆုံးကျင်းပတဲ့ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းမှာရှိတဲ့ Myanmar Convention Center MCC မှာ ကျင်းပနေတာမှာ လူတွေ တော်တော်လေး လာပြီးအားပေးနေကြတယ်လို့ ပွဲသွားကြည့်သူတွေက ပြောပါတယ်။ ဂီတဖျော်ဖြေပွဲကို ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ဖွင့်လှစ်ပေးခဲ့ပြီး မိန့်ခွန်းပြောခဲ့တာမှာ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးမှုရှိဖို့ ငြိမ်းချမ်းရေးနဲ့ စည်းလုံး ညီညွတ်ရေးဟာ အရေးကြီးတယ်လို့ ပြောသွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နာမည်ကြီးနေတဲ့ ဂီတတီးဝိုင်းတွေ၊ အဆိုတော်တွေ တော်တော်များများ ပါဝင်တီးခတ်သီဆိုကြတဲ့ပွဲကို သွားရေးလာရေး သိပ်မလွယ်လှတဲ့ MCC မှာကျင်းပတာဖြစ်ပေမဲ့ လာကြည့်သူတွေကတော့ ဖြစ်အောင်လာပြီး အားပေးခဲ့ကြပါတယ်။
ပွဲလာကြည့်သူတစ်ဦး။   ။ “ဒီကရတဲ့ရန်ပုံငွေတွေက ကျမတို့ ပြည်ထောင်စု တိုင်းရင်းသားတွေရဲ့ ပညာရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို လှူန်ဒါန်းမယ်၊ ပြီးတော့ ပညာရေးကွန်ယက်ကို ချဲ့ထွင်ပြီးလုပ်မယ့်အတွက်ကြောင့် ကျမတို့ လာရောက် အားပေးရတာပါရှင့်။”
ပွဲလာကြည့်သူတစ်ဦး။  ။ “ကျနော်တို့ ပညာရေး ရန်ပုံငွေပေါ့နော်။ ကျနော်တို့ တိုင်းရင်းသား ပညာရေးရန်ပုံငွေအတွက် ကျနော်တို့ကနေပြီးတော့ တဖက်တလမ်းက ကူညီတဲ့အနေနဲ့ လာကြည့်တာပါ။”
မစုမြတ်မွန်။  ။ ဒီပွဲမှာ အဆိုတော်တွေလည်း အများကြီး တွေ့ရမယ်ဆိုတော့ အန်ကယ်က ဘယ်သူ့ကို ကြည့်ချင်ပါသလဲ။ -
ပွဲလာကြည့်သူ။  “ကျနော်တို့ ကြည့်ချင်တာကတော့ ဆောင်းဦးလှိုင်ပေါ့။ ဦးစီးဦးဆောင်လုပ်တော့ သူတို့ကို အရမ်းကြည့်ချင်လို့။”
Emperor ၊ Metal Zone စတဲ့ နာမည်ကြီးတီးဝိုင်းတွေနဲ့အတူ ကိုရဲလွင်၊ ကိုနေဝင်း၊ ဇော်ဝင်းထွဋ်၊ ဂျေညီညီ၊ ဂျေမောင်မောင်၊ တူးတူး၊ နွဲ့ယဉ်ဝင်း၊ ကော်နီ စတဲ့ ဝါရင့် အဆိုတော်တွေအပြင် ဆောင်ဦးလှိုင်၊ မျိုးကျော့မြိုင်၊ R ဇာနည်၊ ဝိုင်းစုခိုင်သိန်း၊ L ဆိုင်းဇီ စတဲ့ တခြားနာမည်ကြီးအဆိုတော်တွေ၊ လူငယ်ကြိုက် Hip Hop အဆိုတော်တွေ အများအပြား ရန်ပုံငွေပွဲမှာ သီဆိုဖျော်ဖြေကြပါတယ်။ ဂီတဖျော်ဖြေပွဲ မစခင် နေ့လည်ပိုင်းလောက်ကစပြီး ရန်ပုံငွေရှာ ဈေးရောင်းပွဲကို လုပ်ခဲ့တာမှာ အားပေးကြသူတွေ များပါတယ်လို့ ပွဲဖြစ်မြောက်ရေးမှာ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
“ဈေးပွဲတော်မှာ ဆိုင် ၁၀၀ လောက်ရှိပါတယ်။ လက်ဆောင်ပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ အစားအသောက်တွေ၊ အမှတ်တရပစ္စည်းတွေ အတော်များများ ရောင်းပါတယ်။ လူလည်း တော်တော်လေး လာပါတယ်။”
ဆိုင်ခန်းတွေ အများကြီး ဖွင့်လှစ်ရောင်းနေတာမှာ တနေကုန်နီးပါး ရောင်းနေရတယ်လို့ ဆိုင်ခန်းတစ်ခုကို ကူရောင်းပေးနေတဲ့ မဖြူဖြူသင်းကလည်း ပြောပါတယ်။
“အခုချိန်ထိ ရောင်းနေရတုန်းပဲ။ မနက် ၉ နာရီလောက်ကတည်းကလေ။ မနက် ၉ နာရီလောက်ကစပြီးတော့ တနေကုန်ပဲ။ မိုးချုပ်တော့ လူ ပိုများလာတယ်။ အခုချိန်ထိ လူတွေ မစဲသေးဘူး။ အဆိုတော်တွေကတော့ တော်တော်လေးကို တက်ကြွကြတယ်။ အကုန်လုံးကလေ။ အန်တီ့ကို ဆုတောင်းကြတာနဲ့ နောက်ပြီးတော့ ဆိုတဲ့သီချင်းတွေလည်း တော်တော်ကောင်းတယ်။ ဒီမှာ ကြည့်တဲ့ပရိသတ်တွေကလည်း တော်တော်လေးကို အေးအေးဆေးဆေး သိမ်သိမ်မွေ့မွေ့နဲ့လေ။ ငြိမ်ငြိမ်ဆိမ်ဆိမ်လေးရှိတယ်။ အဆိုတော်တွေလည်း အများကြီးပဲ။ အယောက် ၈၀ ကျော်တယ်။ အန်တီလာတော့လည်း တော်တော်လေးကို အားပေးကြတယ်။ တော်တော်လေးကို ရုတ်ရုတ်သဲသဲတောင် ဖြစ်သွားတယ်။”
တကယ်တော့ တိုင်းရင်းသား ဒေသတွေအတွက် ပညာရေး ရန်ပုံငွေရှာပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်က ဦးစီးပြီးလုပ်ဖို့ ပထမ စီစဉ်ခဲ့တာက ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ လုပ်ဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ ပွဲလုပ်ဖို့ ရည်ရွယ်ထားတဲ့ သုဝဏ္ဏအားကစားကွင်းမှာ ပွဲလုပ်ခွင့် မရတာကြောင့် အခု ဒီဇင်ဘာလ ၃၀ ရက်နေ့ MCC ကွင်းပြင်မှာ လုပ်ရတာဖြစ်ပါတယ်။ အခုရက်ပိုင်း ရန်ကုန်မြို့တွင်း ဗုံးကွဲမှုတွေ၊ ပေါက်ကွဲမှုတွေ ရှိနေချိန်မှာ ကျင်းပတဲ့ပွဲမို့ တချို့ကလည်း စိုးရိမ်ကြပါတယ်။ ဒါပေမဲ့ ပွဲအတွက် လုံခြုံရေးအစီအမံတွေ လုပ်ထားပါတယ်လို့ NLD ခေါင်းဆောင် ဦးတင်ဦးက ပြောပါတယ်။ သက်ဆိုင်ရာဆီမှာ ပွဲမိန့်တောင်းကတည်းက ပုဂ္ဂလိက လုံခြုံရေးအဖွဲ့ကို ငှားမယ်လို့ အာမခံရတာဖြစ်ပါတယ်။
“သူတို့သတ်မှတ်ထားတဲ့ လုံခြုံရေးတာဝန်ယူတဲ့ အဖွဲ့ရှိတယ်။ အဲဒါကတော့ သူတို့က အရင်ရဲဘက်က ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်မယ်။ တချို့ လုံခြုံရေးကို တာဝန်ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်မယ်။ ကုမ္ပဏီသဘောမျိုးပေါ့နော်။ စီးပွားရေးဆန်ဆန်လုပ်တဲ့ ကုမ္ပဏီမျိုးပေါ့။ သူတို့ကို ပွဲလမ်း လုပ်တဲ့အခါတိုင်း လုံခြုံရေးသဘောအရ ငှားရမ်းရတယ်ခင်ဗျ။ အဲဒီကနေပဲ ငှားရမ်းမှုလုပ်ပြီးတော့မှ အဲဒီငှားရမ်းတဲ့အပေါ်မှာ ခံဝန်ချက်ပြုပြီးတော့မှ ပွဲလမ်းသဘင် လုပ်ရတဲ့သဘော ရှိတယ်ခင်ဗျ။ အဲဒါတစ်ခု။ နောက်တစ်ခုကလည်းပဲ သက်ဆိုင်ရာ လုံခြုံမှုနဲ့ပတ်သက်လို့ လုပ်ကိုင်ထားတာတွေလည်း တော်တော်များများကတော့ ဖိဖိစီးစီး လုပ်ထားတာတော့ ရှိတယ်။ နောက်ပြီးတော့ အပေါ်ကနေပြီးတော့ screening ပေါ့။ စောင့်ကြည့်တဲ့ ကိရိယာတန်ဆာပလာတွေကို လမ်းတလျှောက်ကစပြီးတော့ ၀င်လာတာပြုလာတာ၊ နေရာစစ်ဆေးတာ စသဖြင့်ပေါ့။ အဲဒါတွေကိုလည်း ကျနော်တို့ ငှားရမ်းတယ်ဆိုကတည်းက အဲဒီဟာတွေ အစီအစဉ်တွေထဲမှာ ပါတယ်ခင်ဗျ။”
NLD ကဦးစီးပြီး ပထမဆုံးလုပ်တဲ့ ရန်ပုံငွေရှာ ဂီတဖျော်ဖြေပွဲမှာ ပုဂ္ဂလိက အလှူရှင်တချို့ကလည်း တိုင်းရင်းသားဒေသ ပညာရေးရန်ပုံငွေအတွက် အလှူတွေ လာရောက် ပေးခဲ့ကြပါတယ်။

VOA

MCC ပညာရေးရံပုံငွေ ပွဲတော်ဖွင့်ပွဲ (ရုပ်/သံ)


ပရိတ်သတ် တစ်သောင်း ကျော်လာရောက်အားပေးခဲ့တဲ့---
MCC ပညာရေးရံပုံငွေ ပွဲတော်ဖွင့်ပွဲ (ရုပ်/သံ)

(ရုပ်/သံ)Aung Naingposted toFreedom Burma (Facebook)

ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ဂီတရန်ပုံငွေ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်သည် ညနေ ၄ နာရီ ခွဲခန့်တွင် ရောက်ရှိလာပြီး ၄ နာရီ ၄၇ မိနစ်တွင် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။ ဖျော်ဖြေပွဲကိုလည်း ည ၈ နာရီအထိ တက်ရောက်အားပေးသွားခဲ့သည်။

By: သစ်ထူးလွင်

MCC ပညာရေး ရန်ပုံငွေပွဲ ပရိတ်သတ်တစ်သောင်းကျော်အားပေး (သတင်း-ဓါတ်ပုံ)

ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြီးမှူးကျင်းပတဲ့ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲကို ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ မရမ်းကုန်းမြို့နယ် မင်းဓမ္မကုန်းမှာရှိတဲ့ MCC ဝင်းအတွင်း ကျင်းပပြုလုပ်နေတာဖြစ်ပါတယ် ။ အဲ့ဒီပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ပရိသတ်တွေ အများအပြား လာရောက် အားပေးခဲ့ကြတာဖြစ်ပါတယ်။ 

MCC ၀င်းအတွင်း မှချထားတဲ့ ထိုင်ခုံတစ်သောင်း ပြည့်သွားတဲ့အပြင် ပရိတ်အများအပြားဟာ မတ်တက်ရပ် ကြည့်ခဲ့ရကြောင်းသိရပါတယ်။ 


By: သစ်ထူးလွင်

ကမာရွတ်မြို့နယ်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း မီးလောင်မှု နောက်ဆုံးရသတင်း

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ အမှတ်(၂)အခြေခံပညာကျောင်းအတွင်း မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ ဒီဇင်ဘာလ(၃၀)ရက်နေ့ ညနေ ၅နာရီခွဲ အချိန်ဝန်းကျင်၌ စတင်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ညစောင့်တာဝန်အဖြစ်ထမ်းဆောင်နေသည့် အမျိုးသားတစ်ဦးမှ ညနေ ၅နာရီခွဲအချိန်တွင် စတင်မြင်တွေ့မြင်ခဲ့ကြောင်း ၄င်း၏ ပြောကြားချက်အရ သိရှိရသည်။

မီးစတင်လောင်ကျွမ်းခဲ့သည့် နေရာမှာ တေဇခန်းမဆောင်အနီးရှိ ကွန်ပြူတာ အခန်းမှ စတင်လောင်ကျွမ်းခဲ့ပြီး တေဇခန်းမဆောင်သို့ ကူးစက်၍ မီးလောင် ကျွမ်းခဲ့ကြောင်း သိရှိရသည်။
DSC_0109

ယင်းမီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်မှ မည်သည့်နေရာမှ စတင်၍ လောင်ကျွမ်းခြင်းဖြစ်ကြောင်း အတည်မပြုသေးသော်လည်း ယခုလက်ရှိအချိန်ထိ အမှတ်(၂)အခြေခံပညာကျောင်းအတွင်းရှိ တေဇခန်းမဆောင်တစ်ခုလုံး မီးလောင်ကျွမ်းခဲ့ပြီး အဆိုပါခန်းမအနီးရှိ ကွန်ပြူတာခန်း၊ အိမ်တွင်းမှုအခန်း၊ အနုပညာခန်း၊ ပန်းချီခန်း၊ ကျန်းမာရေးခန်းနှင့် လေးထပ်ဆောင်တို့မှာ မီး ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည် ဒီဇင်ဘာလ(၃၀)ရက်နေ့ညနေ၅နာရီခွဲအချိန်ခန့်၌ စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ည (၆)နာရီ (၃၅)မိနစ်ခန့်တွင် မီးညွန့်ကို ထိန်းသိမ်းနိုင်ခဲ့ကာ ည၇နာရီ၊ မိနစ်၅၀တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ မီလောင်မှု ဖြစ်ပွားရာနေရာသို့ မီးသတ်ယာဉ် (၃၁)စီး၊ အုပ်ချုပ်မှုယာဉ် (၈)စီး လာရောက် မီးငြိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။
မီးလောင်မှုဖြစ်စဉ်ကို ဦးစွာမြင်တွေ့ခဲ့ရသည့် အမှတ်(၂)အခြေခံပညာကျောင်း၊ ကျောင်းစောင့်ဖြစ်သူ ကိုဖိုးဇော် က " ကျွန်တော်နဲ့ ကျွန်တော့ဇနီးက ညနေ၅နာရီခွဲအချိန်လောက်က ကျောင်းအတွင်းထဲမှာ သန့်ရှင်းရေးလုပ်နေတဲ့ အချိန်မှာပဲ တေဇခန်းမဆောင်ရဲ့ ဘေးထောင့်မှာရှိတဲ့ ကွန်ပြူတာခန်းကနေပြီးတော့ မီးလောင်နေတာကို တွေ့ရတယ်။ မီးငြှိမ်းသတ်ဖို့ ဆောင်ရွက်မယ့်အချိန်မှာ မီး ညွန့်ကအရှိန်ပြင်းလာတယ်။ ကွန်ပြူတာခန်းကလည်း တံခါးပိတ်ထားတဲ့အတွက်ကြောင့်မို့လို့ ၀င်လို့မရဘူး" ဟု ၄င်း၏ မြင်တွေ့မှုကို ပြန်လည် ပြောကြားခဲ့သည်။
EMG

ပညာရေးရန်ပုံငွေဈေးရောင်းပွဲတော်အခမ်းအနား (ဓါတ်ပုံ)

ဈေးရောင်းပွဲတော်အခမ်းအနား လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာစဉ်
ဈေးရောင်းပွဲတော်မှ ပရိတ်သတ်များ



ဓါတ်ပုံ (မက်ဆင်ဂျာ ဂျာနယ်)

အထက (၂) ကမာရွတ်၊ (စိန့်သြဂတ်စ်တင်း) ကျောင်းတွင် မီးလောင်း ဖြစ်ပွားနေ

ကမာရွတ်မြို့နယ်၊ အင်းလျားလမ်းပေါ်ရှိ အထက (၂) ကမာရွတ်၊ (စိန့်သြဂတ်စ်တင်း) ကျောင်းတွင် လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက မီးလောင်မှု တစ်ရပ် ဖြစ်ပွားနေကြောင်းသိရှိရပါသည်။
အင်းလျားလမ်းပေါ်ရှိ အထက (၂) ကမာရွတ်၊ (စိန့်သြဂတ်စ်တင်း) ကျောင်းတွင် မီးလောင်မှု  ဖြစ်ပွားနေပုံ
 
By: သစ်ထူးလွင်

ကြားဖြတ်ရွေးကောက်ပွဲ ဧပြီ ၁ ရက် ကျင်းပမည်

ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ရွေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး (ဓာတ်ပုံ – Getty Images) ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ NLD ပါတီ မှတ်ပုံတင် သွားတင်စဉ်တွေ့ ရပုံ

ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် ၂၀၁၂ခုနှစ် ဧပြီ ၁ ရက်မှာ ပြုလုပ်မှာ​ ​ဖြစ်​ပြီး​နေပြည်တော်ကော်မရှင်က ပြည်နယ်တိုင်းဒေသကြီး ကော်မရှင်ရုံးတွေထံ စာပို့ အကြောင်းကြားလိုက်တယ်လို့ အမည်မဖော်လိုတဲ့ တိုင်းဒေသကြီး ကော်မရှင်လူကြီး တဦးက ပြောပါတယ်။
ဒီဇင်ဘာ ၃၀ ရက်ညပိုင်းမှာ အစိုးရသတင်းဌာနတွေက သတင်းထုတ်ပြန်ဖွယ် ရှိတယ်လို့လည်း ပြောပါတယ်။ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံးထားပြီး ကော်မရှင်ကို ပေးပို့ရမယ်လို့ အဲဒီ ကော်မရှင်လူကြီးက ဒီဗွီဘီကို ပြောပါတယ်။ 
ရွှေအောင် (ဒီဗွီဘီ)

ဒီသတင်းကို ---Myanmar News Now မှ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ တနင်္ဂနွေနေ့တွင် လစ်လပ် ပြည်သူ့မဲဆန္ဒနယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် သဘောတူ ဆုံးဖြတ်လိုက်သည်ဟု အစိုးရပိုင် သတင်းမီဒီယာတစ်ခုဖြစ်သည့် မြန်မာ့အသံ ရုပ်မြင်သံကြား သတင်းဌာနမှ ဒီကနေ့ည ၈း၀၀ နာရီ အချိန်တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။
By: သစ်ထူးလွင်

၇ လအတွင်း​ ​ကေအိုင်အိုစခန်း​ ၆ ခု ​နောက်ဆုတ်​ပေး​ခဲ့​ရ


အခုနှစ် ဇွန်လကစပြီး​ ​ကေအိုင်​အေနဲ့​ မြန်မာအစိုး​ရ ဖြစ်ပွား​ခဲ့​တဲ့​ တိုက်ပွဲ​တွေ အတွင်း​မှာ ကချင်လွတ်​မြောက်​ရေး​အဖွဲ့​ (​ကေအိုင်အို)ရဲ့​ တပ်စခန်း​ ၆ ခုကို အစိုး​ရတပ်​တွေက သိမ်း​ယူခဲ့​တယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။
ကေအိုင်အို​ ပြောခွင့်​ရ ဦး​လနန်း​က “သိမ်း​ပိုက်လိုက်တဲ့​စခန်း​တွေက​တော့​ တပ်မဟာ ၄ ဘက်မှာ စခန်း​က ၃ ခု​လောက်ပါမယ်။ တပ်မဟာ ၃ ဘက်မှာ ၃ ခု​လောက်ပါမယ်။ အား​လုံး​ ၆ ခု​လောက်ရှိမယ်။ သူတို့​ကလည်း​ အဲဒီစခန်း​တခုကို ဝင်နိုင်ဖို့​အတွက် အနည်း​ဆုံး​ ၁၀၀ ပတ်ဝန်း​ကျင်​တော့​ အသက်စွန့်​ရတယ်ဗျ။”
အခုလ ၂၄ ရက်​နေ့​ကစပြီး​ ရှမ်း​ပြည်နယ် မိုင်း​တုံမြို့​မှာရှိတဲ့​ ​ကေအိုင်အို တပ်မဟာ ၄ လက်​အောက်ခံတပ်ရင်း​ ၈ စခန်း​ကို အစိုး​ရက အင်အား​ ၃၀၀ ​လောက်နဲ့​ ထိုး​စစ်ဆင်တိုက်ခိုက်ခဲ့​တဲ့​အတွက် ၂၈ ရက်​နေ့​မှာ ဖယ်​ပေး​လိုက်ရတယ်လို့​ ဆိုပါတယ်။
အစိုး​ရတပ်​တွေက တပ်ရင်း​ ၈ ကို ထိုး​စစ်ဆင် တိုက်ခိုက်ရတဲ့​ အ​ကြောင်း​အရင်း​နဲ့​ ပတ်သက်လို့​ ဦး​လနန်း​က အခုလို ​ပြောပါတယ်။
“သူတို့​ ထိုး​စစ်ဆင်တဲ့​ ကိစ္စတခုက​တော့​ သဘာဝပိုက်လိုင်း​ကလည်း​ အဲဒီလမ်း​ကြောင်း​မှာ ဖြတ်သွား​ဖို့​ရှိတယ်ခင်ဗျ။ ​ရေနံပိုက်လိုင်း​ပေါ့​နော်။ အဲဒီကိစ္စကလည်း​ ပါမယ်ထင်တယ်။ စစ်ဆင်​ရေး​ လုပ်ထား​တာ။ သူတို့​ ​ပြော​နေတာ စစ်မှန်တဲ့​ ပြည်​ထောင်စုလို့​လည်း​ ​ပြော​နေတယ်။ အစိုး​ရအ​နေနဲ့​ နိုင်ငံ​ရေး​ ရည်ရွယ်ချက်မှာ စစ်မှန်တဲ့​ ပြည်​ထောင်စုဆိုတာလည်း​ ရှိပုံမရဘူး​။ အဲဒီအချက်​တွေ​ကြောင့်​ပဲ သူတို့​ ​ကေအိုင်​အေကို ပျက်သုဉ်း​သွား​အောင် ထိုး​စစ်ဆင်တဲ့​သ​ဘောလို့​ မှတ်ယူလို့​ ရတယ်။”
ကေအိုင်အိုနဲ့ ​ အစိုး​ရတပ်အကြား​ ဒီဇင်ဘာလဆန်း​ပိုင်း​မှာ ကချင်ပြည်နယ် ဗန်း​မော်၊​ ဝိုင်း​မော်၊​ မိုး​မောက်နဲ့​ ရှမ်း​ပြည်နယ် မိုင်း​တုံမြို့​နယ်​ဒေသ ​တွေမှာ ​နေ့​စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွား​နေပြီး​ မ​နေ့​တုန်း​ကလည်း​ တိုက်ပွဲ ၇ ခု ဖြစ်ပွား​တယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။
အစိုး​ရရဲ့​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​အဖွဲ့​က တိုင်း​ရင်း​သား​ လက်နက်ကိုင် အဖွဲ့​တွေနဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​မှု​တွေ ဆက်တိုက် ပြုလုပ်​နေချိန်မှာ ​ကေအိုင်အိုနဲ့​ တိုက်ပွဲ​တွေ ဖြစ်ပွား​နေတာပါ။
ကချင်ပြည်နယ်မှာ တိုက်ပွဲ​တွေကို ရပ်ထား​ဖို့​ သမ္မတ ဦး​သိန်း​စိန်က ဒီဇင်ဘာ ၁ဝ ရက်​နေ့​ကတည်း​က ကာကွယ်​ရေး​ ဦး​စီး​ချုပ်ရုံး​ကို ညွှန်ကြား​ထား​တဲ့​ကြား​က တိုက်ပွဲ​တွေ ဆက်ဖြစ်​နေတာပါ။
အစိုး​ရ ငြိမ်း​ချမ်း​ရေး​အဖွဲ့​တွေနဲ့​ ​ကေအိုင်အိုတို့​အကြား​ ပြီး​ခဲ့​တဲ့​ နိုဝင်ဘာလကုန်ပိုင်း​က တရုတ်နိုင်ငံမှာ ​နောက်ဆုံး​ ​တွေ့​ဆုံခဲ့​ပေမယ့်​ အပစ်ရပ်​ရေး​ အတွက် အ​ဖြေတစုံတရာ မရရှိခဲ့​ပါ။ 
ဒီဗွီဘီ

ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာ့ကမ်းရိုးတမ်းတွင် မိုးသက်လေပြင်းကျနိုင်

အိန္ဒိယနိုင်ငံတောင်ပိုင်းကို ​ ​ဖြတ်ကျော်ဝင်ရောက်နေသော အလွန်အားကောင်းလှတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးရဲ့​ အရှိန်ကြောင့်​ ​မြန်မာ့ကမ်းရိုးတန်း​ တလျှောက်နဲ့​ ​မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်တယ်လို့ မိုးဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
မိုးသက်လေပြင်းကျစဉ်မှာ ရေပြင်မြေပြင်လေဟာ တနာရီကို မိုင် ၄၀ ထိ တိုက်ခတ်နိုင်တယ်လို့ ဒီမနက် ငါးနာရီခွဲ တိုင်းထွာချက်ကို ကိုးကားထားပါတယ်။
ဒီနေ့မြန်မာစံတော်ချိန်  ၆ နာရီထုတ်ပြန်ချက်မှာ  ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းကြီး (THANE) ဟာ အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီလ်နာဒူးကမ်းခြေကို ချန်နိုင်း (Chennai) မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နေပြီး ဒီမုန်တိုင်းရဲ့ အရှိန်ကြောင့် စစ်ကိုင်းတိုင်းအောက်ပိုင်း မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကြား မိုးရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီမုန်တိုင်းကြီးဟာ မနေ့မနက်ပိုင်း တိုင်းထွာချက်အရ အ၀ါရောင်အဆင့် သတ်မှတ်ထားရာကနေ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်းတိုင်းကြီးအဖြစ် ပြောင်းလဲပြီး အိန္ဒိယကို ၀င်ရောက် တိုက်ခတ်နေတာပါ။ 
ဒီဗွီဘီ

ပညာရေးရန်ပုံငွေ ဂီတပွဲ လုံခြုံရေးတိုးမြှင့်

ရန်ကုန်မြို့မှာ မနေ့က မီးလောင် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် MCC ခန်းမမှာ ဒီကနေ့ ညနေ ကျင်းပတဲ့ တိုင်းရင်းသား ပညာရေးရန်ပုံငွေ ဈေးရောင်းပွဲတော်နဲ့ ဂီတဖျော်ဖြေပွဲအတွက် လုံခြုံရေးတွေ တိုးမြှင့်ချထားပါတယ်။
မြန်မာနိုင်ငံမှာ အကြီးဆုံး ဂီတပွဲတော်ကြီး ဖြစ်ဖွယ်ရှိတဲ့  တိုင်းရင်းသားလူမျိုးများ ရန်ပုံငွေဂီတပွဲ လုံခြုံရေးအတွက် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ နယ်မြေခံ အာဏာပိုင်တို့နဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
“ကျနော်တို့ အခုပဲ အစည်းအဝေးလုပ်ထားတယ်။ လုံခြုံရေးကတော့ နည်းနည်းတင်းကျပ်မယ်။ ဘာလို့လဲ ဆိုတော့ အပြောင်းအလဲနည်းနည်းရှိနေလို့။ လုံခြုံရေး ၅၀၀ လောက်ရှိမယ်။ မြို့နယ်ရဲတပ်ဖွဲ့လည်းရှိတယ်၊ အက်စ်ဘီဘက်ကလည်းရှိပါတယ်။ တော်တော် စုံစုံလင်လင်ရှိပါတယ်။ ကျနော်တို့ ဖွင့်ပွဲက ၃ နာရီခွဲလောက်မှ လုပ်မှာပါ။ အခုက ဈေးရောင်းပွဲတော် ကျင်းပနေတာပါ။”
မနေ့က မင်္ဂလာတောင်ညွန့်မြို့နယ်မှာ မီးလောင်ပေါက်ကွဲမှုကြီးတွေ ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးဒဏ်ရာရခဲ့တဲ့အတွက်လည်း လုံခြုံရေးကို အထူး စိုးရိမ်နေတယ်လို့ ပြောပါတယ်။
ရန်ပုံငွေ ဈေးရောင်းပွဲတော်ကို မနက် ၉ နာရီက စတင်ဖွင့်လှစ်ခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၀၀ က ရောင်းချနေပြီး ညနေပိုင်းမှာတော့ Emperor၊ The Trees၊ Metal Zone၊ Heaven Born၊ Vertical Vibration၊ Plus 3၊ Specturm စတဲ့ဝိုင်းအဖွဲ့ တွေနဲ့ Hip Hop အဖွဲ့တွေနဲ့အတူ ဇော်ဝင်းထွဋ်၊ ဟယ်ရီလင်း၊ မျိုးကျော့မြိုင်၊ ရင်ဂို၊ R ဇာနည်၊ ကော်နီ၊ ထွန်းအိန္ဒြာဗို၊ ၀ိုင်းစုခိုင်သိန်း စတဲ့နာမည်ကြီး အဆိုတော်ပေါင်း ၈၀ ၀န်းကျင် ပါဝင် သီဆိုကြမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဂီတပွဲတွေထဲမှာ ဂီတလောကသားတွေ အများဆုံးပါဝင်တဲ့ ဖျော်ဖြေပွဲလည်း ဖြစ်ပါတယ်။ အဆိုတော်တွေ များတဲ့ အတွက်လည်း အနည်းဆုံး တဦးကို နှစ်ပုဒ်ထိပဲ ဆိုကြမယ်လို့လည်း သိရပါတယ်။  လူငယ်ဂီတ အဆိုတော် အနဂ္ဂကတော့ ခုလို ပါဝင်သီဆိုရတဲ့အတွက် အားရ ကျေနပ်တယ်လို့ ပြောပါတယ်။
“ကျနော့်အနုပညာ သက်တမ်းတလျှောက်မှာ ဒီလိုမျိုး အနုပညာ လုပ်တဲ့လူတွေ အကုန်လုံး တပွဲတည်းမှာ ဖျော်ဖြေခွင့်ရတာ အပျော်ဆုံးပဲ။  နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုမျိုး အနုပညာရှင်တွေ ဒီပွဲမှာ ပံ့ပိုးပေးကြတယ်ဆိုတာကို အရမ်းဝမ်းသာတယ်။ ဒီလိုမျိုး ဒေါ်စုနားမှာ အကုန်လုံး အနုပညာနဲ့ တတ်နိုင်တဲ့နေရာက တတ်နိုင်သလို ပညာရေးရန်ပုံငွေပွဲပေါ့။ မနေ့က မီးဘေးဖြစ်သွားတဲ့ လူတွေကိုပါ လှူဒါန်းသွားမယ်ပေါ့။ ဒါမျိုး တပေါင်းတစည်းတည်း ဆက်လုပ်သွားမယ်ဆိုရင်တော့  ကျနော်တို့ တိုင်းပြည်အတွက်လည်း ကောင်းတဲ့ စိတ်ထားလေးတွေလို့ ကျနော်မြင်ပါတယ်။”
ဂီတဖြေဖျော်ပွဲတော် လက်မှတ် အရေအတွက် ၈,၀၀၀ ကျော်  ရိုက်နှိပ်ထားပြီး ၀င်ကြေး ကျပ် ၅,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်၊ ၂၀,၀၀၀ ကျပ်နဲ့ ၃၀,၀၀၀ ကျပ်အထိ သတ်မှတ်ထားပါတယ်။
မင်းလွင် (ဒီဗွီဘီ)

ပရဆေး သိုလှောင်ဂိုဒေါင် အပူလွန်ကဲ၍ ပေါက်ကွဲခြင်းဖြစ်တယ်လို့ ဆို

ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူ အမျိုးသမီးကြီးတစ်ဦး
မေတ္တာမွန် ဂိုဒေါင်ဝင်းအတွင်း မီးလောင်ကျွမ်းမှု ဖြစ်ရခြင်းမှာ ဂိုဒေါင်ထဲတွင် သိုလှောင်ထားသော ပစ္စည်းများ အပူလွန်ကဲရာမှ လောင်ကျွမ်းရခြင်းဖြစ်ကြောင်း ရန်ကုန် တိုင်း မီးသတ်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်ရ သိရသည်။ မေတ္တာမွန် ဂိုထောင်ဝန်းအတွင်း တည်ရှိသော ဂိုထောင် အမှတ် (၇၉) မှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ထိုဂိုထောင် (၇၉) တွင် ပရဆေးများ သိုလှောင်ထားခြင်း   ဖြစ်ကြောင်း၊ ယင်းဂိုထောင်၏ ပိုင်ရှင်အမည်မှာ ဦးမောင်မောင်ဝင်းဖြစ်ပြီး အသက် (၅၂) နှစ် ရှိပြီ  ဖြစ်ကြောင်း သိရသည်။  ယင်းပေါက်ကွဲမှုကြောင့် လူနေအိမ် ၉၈ အိမ် ပြိုကျပျက်စီး ခဲ့ပြီး ဒဏ်ရာရရှိသူ (၇၉) ယောက် ရှိကာ ၄င်းတို့ထဲမှ (၃၇) ဦးမှာ မီးသတ်သမား များ ဖြစ်ကြောင်း သိရသည်။ ”ထိခိုက်ဒဏ်ရာရသူက သန္ဓေမီးသတ်သမား (၃၁) ယောက် အရံမီးသတ်သမား (၆) ယောက်ပါ” ဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ များ၏ ပြောကြားချက်အရ သိရသည်။ ယင်းပေါက်ကွဲမှုကြောင့် သေဆုံသူ စုစုပေါင်း (၁၆) ယောက်ရှိပြီး တာမွေမီးသတ်ဌာနမှ (၄) ဦး၊ ရုံးချုပ်မှ တစ်ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။”ရုံးချုပ်က သူက တာမွေမှာနေတာ မီးလောင်တော့ သူပါလိုက်သွားပြီး သေတဲ့အထဲမှာ သူပါ ပါသွားတာ” ဟု အထက်ပါ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သေဆုံးသူတစ်ဦးအား သယ်ထုတ်လာစဉ်
၎င်းမီလောင်ကျွမ်းမှုကြောင့် စုစုပေါင်း တန်ဖိုးကျပ်သိန်း (၁၁၃၆) ရှိခဲ့ပြီး ဂိုဒေါင်နှစ်လုံး ၏ တန်ဖိုးမှာ သိန်း (၅ဝဝ)၊ ပျက်စီးမှုထဲတွင် ပါဝင်သော ကျန်ဂိုဒေါင် (၁၄) လုံးမှာ ကျပ်သိန်း ၂၈ဝ ရှိပြီး ပြိုကျပျက်စီးသည့် တန်ဖိုးမှာ ၂၂၆ သိန်း၊ ဆေးပေးခန်း ၁ ခန်း၊ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းတို့၏ ဆုံးရှုံးမှု တန်ဖိုးမှာ သိန်း ၁၃ဝ ရှိကြောင်း သိရ သည်။  ယင်းကူးတို့ဆိပ်ရပ်ကွက်တွင် အနှစ် ၃ဝ ခန့်နေထိုင်သူတစ်ဦး၏ ပြောကြားချက်အရ ”အရင် အဲဒီနေရာက ဦးနေဝင်း လက်ထက်တုန်းက ဆန်တို့၊ ဆေးတို့ ပစ္စည်းတွေဝေတဲ့နေရာ အခု အစိုးရလက်ထက်မှာ ပုဂ္ဂလိကကို အငှားချ ထားခဲ့တာ။ အခုအစိုးရနဲ့ ဦးနေဝင်းတို့ ကြားထဲက အချိန်ကာလတုန်းက ငါးပိ၊ ငံပြာ ရည်တွေ လှောင်တဲ့ နေရာဖြစ်ခဲ့ဘူးတယ်” ဟု ပြောသည်။ ယခု မီးလောင်မှု မဖြစ်ပွားခင်အထိ နေ့စဉ်နှင့်အမျှ ကုန်များ အသွင်းအထုတ် လုပ်ခဲ့သည်။ ရပ်နားထားသည့် သင်္ဘော ၂ စင်း နစ်မြုပ်ခဲ့ကြောင်း၊ တစ်ဖက်ကမ်းရှိ သာကေတ၊ ဒေါပုံ မြို့နယ်အထိ ပေါက်ကွဲမှုကြောင့် ကျောက်တုံး ကျောက်ခဲများ လွင့်စင်ခဲ့ကြောင်း မီးလောင် မှု ဖြစ်စဉ်ကို ကြုံတွေ့ခဲ့ ရသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။  မီးစတင်လောင်ကျွမ်းရာ အမှတ် (၇၉) ဂိုထောင်၏ ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် သိန်း ၃ဝဝ ခန့် ရှိကြောင်း မီးလောင်ရာသို့ လာရောက်ကြည့်ရှုသည့် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ယင်းဂိုထောင်တွင် လက်ချား၊ ဇဝက်သာ၊ ယမ်းစိမ်း အစရှိသည့် ပယဆေး များ သိုလှောင်ထားခဲ့ပြီး မီးလောင်ကျွမ်းခဲ့မှုကြောင့် အောက်ခြေမြေကြီးထဲသို့ ၂ ပေခန့် နိမ့်ဝင်သွားကြောင်း စတင်လောင်ကျွမ်းချိန်မှာ နံနက် ၁ နာရီ မိနစ် ၄ဝ တွင် ဖြစ်ကာ ရန်ကုန်မြို့ကို တုန်ခါသွားစေသော ပေါက်ကွဲမှု ဖြစ်သည့်အချိန်မှာ နံနက် ၂ နာရီတွင် ဖြစ်ကြောင်း သိရသည်။
 တက်လူ (ပေါ်ပျူလာဂျာနယ်)
ဂိုဒေါင်များအား မီးလောင်နေပုံ

ရေရှည်အတွက် ပြန်လည်ထူထောင်ရေးနဲ့ လောလောဆယ် လိုအပ်ချက်ကို မေးမြန်းသွား




မင်္ဂလာတောင်ညွန့် မီးဘေး ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေး


မင်္ဂလာတောင်ညွန့် မီးဘေးကြောင့် ကယ်ဆယ်ရေးစခန်း ရောက်နေသူများအား ဒီဇင်ဘာ ၃ဝ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် လာရောက် အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၃ဝ ရက် နံနက် ၁၁ နာရီခွဲခန့်က ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မင်္ဂလာတောင်ညွန့်မြို့နယ် မဟာဝိဇယရာမကျောင်းတိုက်ရှိ မီးဘေးဒုက္ခသည် များ လိုအပ်ချက်ကို ကူညီနိုင်ရန်နှင့် နှစ်သိမ့်အားပေးရန် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
”ရေရှည်အတွက် ပြန်လည်ထူထောင်ရေးနဲ့ လောလောဆယ် လိုအပ်ချက်ကို မေးသွားတယ်။ ဓမ္မာရုံမှာထားတဲ့ မီးဘေးဒုက္ခသည်တွေကိုလည်း အားပေးကြည့်ရှုသွား တယ်။ ကျောင်းက ဆရာတော်တွေနဲ့လည်း တိုင်ပင်ပြောဆိုသွားတယ်” ဟု မျက်မြင်တွေ့သူတစ်ဦးက ပေါ်ပြူလာနယူးစ် သို့ ပြော ကြားသည်။
ယင်းနေ့ နံနက် ၁ဝ နာရီခန့် ကလည်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တပ်မတော်အရာရှိများမှာလည်း မီးဘေးဒုက္ခသည်များအား လာရောက် ကြည့်ရှုခဲ့ပြီး အလှူငွေနှင့် ပစ္စည်းများလှူဒါန်းခဲ့ကြောင်း၊ ယင်းအပြင် ရုပ်ရှင်နှင့် ဂီတအနုပညာရှင် အချို့ ကလည်း လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
”ဒီမီးဘေးကို အလှူရှင်တွေလည်း အရမ်းလာကြတယ်။ ဒါပေမဲ့ ဒီဘုန်းကြီးကျောင်းပဲ အလာများနေတာ။ ကျန်တဲ့ ကယ်ဆယ်ရေးစခန်း နှစ်ခုကိုတော့ သိပ်မရောက်ကြ ဘူး” ဟု ယင်းကယ်ဆယ်ရေးစခန်းအနီး နေသူတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း ယင်းကယ်ဆယ်ရေးစခန်းသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် လာရောက်ကြည့်ရှုခဲ့ပြီး၊ မီးဘေးဒဏ်ကြောင့် နေအိမ်ဆုံးရှုံးခဲ့သူများ အား အိမ်မိုးသွပ်ကူညီ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ဒီဇင်ဘာ ၂၈ ရက်ည ၁ နာရီ ကျော်ခန့်က မင်္ဂလာတောင်ညွန့် ကူးတို့ဆိပ်ရပ်ကွက်၌ လောင်ကျွမ်းသော မီးကြောင့် ရန်ကုန်တစ်မြို့လုံးနီးပါး ထိတ်လန့်တုန်လှုပ် ခဲ့ရသည့် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်။ ယင်းကြောင့် သေဆုံးသူ ၁၇ ဦးရှိပြီး ဒဏ်ရာရသူ ၁ဝဝ ကျော်ခန့်မှာ ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူနေရသည်။
ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော နေအိမ်များမှ လူ ၁၂ဝဝ ခန့်အား မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် ကယ်ဆယ်ရေး စခန်း ၃ ခု ဖွင့်လှစ် ကယ်ဆယ်ထားကြောင်း သိရသည်။
မိုးမြင့်မြတ် (ပေါ်ပျူလာဂျာနယ်)

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သွားရောက် အားပေးကူညီမှု မြင်ကွင်း ဓာတ်ပုံများ

မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ် ရပ်ကွက်ရှိ မီးဘေးဒုက္ခသည်များအား ဒီဇင်ဘာ ၃၀ ရက် (ယနေ့ ) နံနက်ပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက် အားပေးကူညီမှု မြင်ကွင်း ဓာတ်ပုံများ

အင်းစိန် ထောင်တွင် ထားရှိနိုင်သည့် အကျဉ်းသား အရေအတွက်ထက် များစွာ ကျော်လွန်လျက်ရှိ

အင်းစိန် အကျဉ်းထောင်တွင် ထားရှိသည့် အကျဉ်းသား အရေအတွက်သည် အများဆုံး ထားရှိနိုင်သည့် အရေအတွက်ထက် များစွာ ကျော်လွန်လျက် ရှိကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဒီဇင်ဘာလ ၃၀ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန် ခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ရှစ်ဦးသည် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အင်းစိန် အကျဉ်းထောင်သို့ သွားရောက် လေ့လာခဲ့ရာ မကြာသေးမီက အစာငတ်ခံ ဆန္ဒပြခဲ့ကြသော အကျဉ်းသားများနှင့်လည်း တွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းသို့ တွေ့ဆုံမေးမြန်းချက်များ အရ ဆန္ဒပြ အကျဉ်းသားများအား သောက်ရေ မပေးခြင်း၊ ခွေးတိုက်၌ ထားသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ဒီဇင်ဘာ ၃၀ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ရေးသား ဖော်ပြထားချက်များ အရ သိရသည်။
The Voice Weekly

အနုပညာရှင်များ မီးဘေးသင့်ပြည်သူများထံ သွားရောက်ကူညီ


အနုပညာရှင်များ စုစည်းထူထောင်ထားသော မေတ္တာသင်္ဂဟအဖွဲ့က ယနေ့နံနက် ၁၀ နာရီခွဲခန့်က မီးဘေးသင့်ပြည်သူများထားရာ မဟာဝိဇယကျောင်းတိုက်သို့ အလှူငွေ ကျပ်သိန်း ၃၀ လာရောက်လှူဒါန်းခဲ့သည်။ ထို့အပြင် အနုပညာရှင်များက မီးဘေးသင့်ပြည်သူများကို နှစ်သိမ့်အားပေးခဲ့သည်။ ထိုအဖွဲ့မှာ ထွန်းအိန္ဒြာဗို၊ ခန့်စည်သူ စသော နာမည်ကျော် သရုပ်ဆောင်များက ဦးဆောင်စုစည်းထားသောအဖွဲ့ဖြစ်ကြောင်း သတင်းရရှိသည်။
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ