နိုင်ငံရေးလုပ်ရမှာ မကြောက်ပါနဲ့

မောင်ဝံသ
ကြောက်စိတ်ဟာ လူသားရဲ့ မွေးရာပါပစ္စည်းတစ်ခု ဖြစ်တယ်လို့ မနုဿဗေဒ ပညာရှင်တွေက ဆိုတယ်ဗျ။ အားလုံးသိကြတဲ့ အတိုင်း ခွန်အား အင်မတန် ကြီးမားတဲ့ ဒိုင်နိုဆောတို့လို သတ္တဝါကြီးတွေ၊ ရှည်လျားတဲ့ အစွယ်ရှိတဲ့ ဆင်လိုသတ္တဝါကြီးတွေ၊ ခွန်အားရော၊ လျင်မြန်ဖျတ်လတ်မှုပါရှိတဲ့ ကျားတွေ၊ ခြင်္သေ့တွေလို သတ္တဝါတွေ၊ အင်မတန် အဆိပ်ပြင်းတဲ့ မြွေလို၊ ကင်းလို သတ္တဝါတွေအလယ်မှာ အဲဒီစွမ်းပကားတွေ တစ်ခုမှမပါဘဲ မွေးဖွားပေါ်ပေါက်လာရတဲ့ လူသားတွေအဖို့ ပတ်ဝန်းကျင်မှာ   မြင်မြင်သမျှဟာ ကြောက်စရာတွေချည်း ဖြစ်ခဲ့မှာအမှန်ပဲဗျာ။ အဲဒီ သတ္တဝါကြီးတွေအပြင် မြေငလျင်လှုပ်တာ၊ မီးတောင်ပေါက်ကွဲတာ၊ မိုးကြိုး ပစ်တာ၊ ရေကြီးတာ၊ တောမီးလောင်တာ စတဲ့သဘာဝဘေးဆိုးတွေကိုပါ ကြုံတွေ့ရပြန်တော့ ကြောက်စိတ်ဟာ လူသားတွေစိတ်ထဲ စွဲစွဲမြဲမြဲ မြစ်တွယ်လာခဲ့ပြီး ကြောက်စိတ်ဗီဇဟာ မျိုးဆက်တစ်ခုကတစ်ခုကို လက်ဆင့်ကမ်းခဲ့တဲ့အရာ ဖြစ်လာခဲ့တယ်ဗျ။ ဒီကနေ့ သိပ္ပံပညာ အတော်ကလေးမြင့်မားတိုးတက်တဲ့ ခေတ်ကာလ ရောက်နေတာတောင်မှ လူအတော်များများ အမှောင်ကိုကြောက်တာ။ မိုးသဲကြီးမဲကြီးရွာရင် ကြောက်တာ၊ မြွေကိုမြင်ရင် ကြောက်တာစတဲ့ ကြောက်စိတ်တွေဟာ လူသားဘိုးဘေးဘီဘင်တွေရဲ့ မျိုးဗီဇတစ်ခု ဖြစ်တယ်လို့ မနုဿဗေဒပညာရှင်တွေက ယူဆကြောင်း ကျွန်တော် ဖတ်ခဲ့ရဖူးတယ်ဗျ။
အကြောက်လွန်ပြီဆိုရင်
မနုဿဗေဒ အယူအဆအရ ကြောက်စိတ်ဟာ လူသားရဲ့မွေးရာပါဗီဇတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တာမို့ လူတွေကြောက်တတ်တာ ဆန်းတဲ့ ကိစ္စတော့ မဟုတ်ဘူးဗျ။ ဒါဟာ မူမှန်တဲ့ ကိစ္စတစ်ခုလိုပဲ ဆိုရမယ်ဗျ။ ဒါပေမဲ့ လူတစ်ယောက်၊ လူ့အသိုင်းအဝိုင်းတစ်ခု၊ လူ့အဖွဲ့အစည်း တစ်ခုဟာ တစ်စုံတစ်ခုကို ကြောက် သင့်တဲ့ အတိုင်းအတာထက် ပိုပြီးကြောက်ရွံ့နေပြီဆိုရင်တော့ အဲဒါဟာ အင်္ဂလိပ်လို လို့(Phobia) ခေါ်တဲ့ အကြောက်လွန်ကဲမှု ဖြစ်နေပြီဆိုတဲ့ သဘောပဲဗျ။ မြွေကိုမြင်လိုက်တာနဲ့ လူတိုင်း တွန့်ခနဲဖြစ်သွားကြတာ သဘာဝဖြစ်ပေမယ့် တစ်ကိုယ်လုံး ချွေးစေးတွေပြန်ပြီး လှုပ်မရရှားမရ ဖြစ်သွားတာ။ သတိမေ့မျော သွားတာမျိုးကတော့ ဖိုးဘီးယားသာ ဖြစ်တယ်ဗျ။ ကြောက်တာဟာ စိတ်ရောဂါ မဟုတ်ပေမယ့် အကြောက်လွန်တာကတော့ စိတ်ရောဂါတစ်ခု ဖြစ်တာမို့ အဲဒီလူ၊ အဲဒီလူ့အသိုင်းအဝိုင်း၊ အဲဒီ လူ့အဖွဲ့အစည်းဟာ စိတ်ရောဂါ စွဲကပ်နေပြီ၊ မူမမှန်တော့ဘူးလို့ ပြောရတော့မှာပဲ ဖြစ်တယ်ဗျ။ စိတ်ရောဂါရှင်တစ်ယောက် သူ့ကိုယ်သူ မစောင့်ရှောက်နိုင်၊ သူ့ဘဝအတွက် လှပတဲ့အနာဂတ်တစ်ခုကို ဘယ်လိုနည်းနဲ့မှ တည်ဆောက်နိုင်မှာ မဟုတ်သလိုပဲ စိတ်ရောဂါစွဲကပ်ပြီ။ မူမမှန်တဲ့ လူ့အဖွဲ့ အစည်း တစ်ခုဟာလည်း ငြိမ်းချမ်းသာယာ စည်ပင်ဝပြောတဲ့ အနာဂတ်တစ်ခုကို မဖန်တီးနိုင်တော့မှာ သိပ်ကို သေချာတယ်ဗျ။
အကြောက်လွန်သူ အာဏာရလျှင်
လူ့သမိုင်းတစ်လျှောက်မှာ လူရည်နည်းနည်း ပိုလည်တဲ့အလွှာတစ်ခုက ကျန်တဲ့လူအများစုကြီးရဲ့ ကြောက်စိတ်ကို ဖိုးဘီးယား အဆင့်သို့ ရောက်သွား အောင် ပါးပါးနပ်နပ် ပဲ့ကိုင်စေစားတွန်းပို့ပြီး လူသားအားလုံး ပိုင်ဆိုင်တဲ့ အရင်းအမြစ် ဓနဥစ္စာနဲ့ မွေးရာပါပိုင်ဆိုင်ခွင့်တွေကို မောင်ပိုင်စီးခဲ့ကြတာ သမိုင်းကို ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာသူတိုင်း အသိဖြစ်တယ်ဗျ။ သမိုင်းဖြစ်ရပ် တချို့မှာကျတော့လည်း အကြောက်လွန်ရောဂါ စွဲကပ်နေသူတွေကိုယ်တိုင် အာဏာရလာကြပြီး သူတို့က လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဒုက္ခပင်လယ်ဝေအောင် လုပ်ခဲ့ကြတာတွေလည်း ရှိခဲ့တယ်ဗျ။ အမုန်းတရားကြောင့် အဲသလိုလုပ်ခဲ့ကြတာ ဖြစ်ပေမယ့် စိတ်ပညာ သဘောအရ အမုန်းတရားဆိုတာ အကြောက်တရားရဲ့ အမြင့်ဆုံးအဆင့် ဖြစ်တာမို့ အခြေခံကတော့ အကြောက်တရား၊ အကြောက်လွန်ကဲမှုပဲ ဖြစ်တယ်ဗျ။ နာဇီအာဏာရှင် ဟစ်တလာက ဂျူးလူမျိုးခြောက်သန်းလောက်ကို ရက်ရက်စက်စက် သုတ်သင်ရှင်းလင်းခဲ့တာ ခမာနီတွေက ကမ္ဘောဒီးယား ပညာတတ်တွေကို သုတ်သင်ခဲ့တာ၊ ရဝမ်ဒါမှာ ဟူတူတွေက တွတ်ဆီတွေကို သတ်ဖြတ်ခဲ့တာ၊ ဘောစနီးယားမှာ ဆာ့ဘ်တပ်ဖွဲ့တွေက မူဆလင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာ။ ဆူဒန်နိုင်ငံ ဒါဖူးဒေသမှာ အာရပ်နွယ်ဖွားအစိုးရရဲ့ ကျောထောက်နောက်ခံပေးမှုနဲ့ အာရပ်နွယ်ဖွား ဂျန်ဂျာဝိ မြင်းစီး သေနတ်ကိုင်တွေက အာဖရိကနွယ်ဖွား ပြည်သူတွေကို နှိပ်စက် ညှဉ်းပန်းသတ်ဖြတ်ခဲ့တာ စတဲ့လုပ်ရပ်တွေအားလုံးရဲ့ ပင်မလှုံ့ဆော်မှု အကြောင်းရင်းက ဖိုးဘီးယားပဲ ဖြစ်တယ်ဗျ။
နိုင်ငံခြားသားကြောက် ရောဂါ
သေသေချာချာ ပြန်ပြီး လေ့လာသုံးသပ်ကြည့်လိုက်ရင် ကျွန်တော်တို့ နိုင်ငံမှာလည်း ဖိုးဘီးယားတွေ ရှိခဲ့တာကို တွေ့ရမှာပဲဗျာ။ နှစ်ပေါင်း တစ်ရာကျော် လူမျိုးခြား လက်အောက်မှာ ကျွန်သားပေါက်ဘဝနဲ့ နေထိုင်ခဲ့ရတဲ့ ကျွန်တော်တို့  လူ့အဖွဲ့အစည်းမှာ အထင်ရှားအပေါ်လွင်ဆုံး ဖိုးဘီးယားကတော့ (xenop hobia)လို့ခေါ်တဲ့ သူစိမ်းကြောက်ရောဂါ၊ နိုင်ငံခြားသားကြောက်ရောဂါပဲဗျာ။ အခုအချိန်မှာ အဲဒီရောဂါ အတော်ကလေး လျော့ပါးသွားပြီ ဖြစ်ပေမယ့် တချို့ကတော့ ပြည်သူအစိတ်အပိုင်းတွေထဲမှာတော့ နိုင်ငံခြားသားဆိုရင် ငါတို့ပြည်တွင်းရေး ဝင်စွက်မယ့်သူတွေလား၊ ငါတို့ ပစ္စည်းတွေ လာခိုး၊ လာလိမ်၊ လာလုမယ့်သူတွေ လား။ ငါတို့ကို ကျွန်ပြုဖို့လာတဲ့ ကိုလိုနီလက်သစ် တွေလားစတဲ့ သံသယတွေနဲ့ ဖိုးဘီးယား အပျော့စားတွေကို ဆက်လက်မွေးမြူထားကြဆဲ ဖြစ်တယ်ဗျ။
နိုင်ငံရေးဖိုးဘီးယား
သမိုင်းတစ်ကွေ့မှာ ကျွန်တော်တို့ ပြည်သူတွေရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအတွင်း ‘ကွန်မြူနစ်ဖိုးဘီးယား’ ရောဂါလည်း စွဲကပ်ခဲ့ ဖူးတယ်ဗျ။ အဲဒီ ရောဂါကတော့   ပြည်တွင်းပြည်ပ ကွန်မြူနစ်ရေချိန် ကျဆင်းသွားမှုနဲ့အတူ အခုအချိန်မှာ အတော်ကလေး အရှိန်ကျသွားခဲ့ပေမယ့် လုံးလုံးအကင်းသေသွားပြီလို့ မဆိုနိုင်တဲ့ အခြေအနေမှာတော့ ရှိနေသေးတာ ဖြစ်တယ်ဗျ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ နီးပါး ကာလအတွင်း မြန်မာပြည်သူလူထု အများစုကြီးအတွင်း နက်နက် ရှိုင်းရှိုင်း အမြစ်တွယ်စွဲကပ်နေခဲ့တဲ့ ဖိုးဘီးယားကတော့ ‘နိုင်ငံရေးဖိုးဘီးယား’ ပဲဖြစ်တယ်ဗျ။  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမြုတေပါတီအဖြစ်က ပြည်သူ့ ပါတီ ဖြစ်လာအောင် ကြိုးစားခဲ့တာဆိုပေမယ့် အဲဒါဟာ စာအုပ်ထဲနဲ့ အစည်းအဝေးခန်းမတွေထဲမှာသာ ရှိခဲ့ပြီး ပြည်သူလူထု အများစုကြီးအတွက်တော့ ‘နိုင်ငံရေး’ ဆိုတာ ငါတို့နဲ့ ‘လားလားမှ မထိုက်တဲ့အရာ’ အခွင့်ထူးခံ လူတန်းစားတစ်ခုအတွက်သာ သီးသန့်ဖယ်ထားတဲ့ အရာတစ်ခု ဖြစ်ခဲ့တယ်ဗျာ။ အဲဒီ ဖိုးဘီးယားဟာ နောက်ထပ် ခေတ်သစ်တစ်ခုရဲ့ ကန့်လန့်ကာအဖွင့်ဖြစ်တဲ့ ၈၈ လှုပ်ရှားမှုကြီးနောက်မှာတောင် အားကောင်းကောင်းနဲ့ ဆက်ရှိနေခဲ့ပြီး အခုအထိ အငွေ့တလူလူ ဖြစ်နေသေးတာကို တွေ့ရတဲ့အပြင် သူက   နောက်ဆုံးပေါ် ဖိုးဘီးယားရောဂါသစ် တစ်ခုကိုတောင် ခေါ်လာတာကို တွေ့နေရတယ်ဗျ။
နိုင်ငံရေးမပီ ဖိုးဘီးယား
အဲဒါကတော့ ‘နိုင်ငံရေးမပီ ဖိုးဘီးယား’ ဖြစ်တယ်ဗျ။ ရာစုတစ်ဝက်လောက် နိုင်ငံရေးဖိုးဘီးယားရောဂါနဲ့အတူ နေထိုင်လာနေတဲ့ မြန်မာပြည်သူတွေဟာ ၂ဝ၁ဝ ရွေးကောက်ပွဲ နောက်ပိုင်း ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေတွေ အထူးသဖြင့် မှတ်ပုံတင်ဖို့ NLD ဒီချုပ်က ဆုံးဖြတ်လိုက်ပြီးနောက် အခြေအနေ တွေကို အမှီလိုက်ပြီး ‘စမ်းဝါး’ ကြည့်ဖို့ မစွမ်းနိုင်ဖြစ်နေကြတဲ့အသံတွေ ကြားနေရတယ်။ သိပ်တော့လည်း မဆန်းဘူးဗျ။ ရှေ့ဆုံးတန်းက ရဲရဲရင့်ရင့် နိုင်ငံရေးလုပ် နေသူ တချို့ကတောင် "ကျွန်တော်၊ကျွန်မတို့ဟာ နိုင်ငံရေးသမား မဟုတ်ပါဘူး။ နိုင်ငံ့အရေး လုပ်နေကြတာသာ ဖြစ်ပါတယ်” လို့ ခပ်ဝါးဝါး ပြောနေကြတာကို မကြာခဏ ကြားနေရတဲ့ ပြည်သူတွေအတွက် နိုင်ငံရေးပါတီဆိုတာ မဝင်အပ်တဲ့နယ်မြေလိုလို ဘာလိုလိုဖြစ်နေတာ နားလည်နိုင်တဲ့ကိစ္စ ဖြစ်နေတယ်ဗျ။    တကယ်တော့ အခုအချိန်မှာ ဘာမှရှုပ်ရှုပ်ထွေးထွေး ဖြစ်နေစရာ အကြောင်းမရှိတော့ပါဘူးဗျာ။ နိုင်ငံရေးပါတီဆိုတာ နိုင်ငံရေးကောင်းစားရေးအတွက် စွမ်းစွမ်းတမံ ရွပ်ရွပ်ချွံချွံ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အခြေခံသဘောထားအမြင် အယူအဆ ရပ်တည်ချက်ချင်းတူသူတွေ ပေါင်းစုဖွဲ့စည်းထားတဲ့ အစုအဖွဲ့တွေသာ ဖြစ်တယ်ဗျ။ ဒီတော့ မိမိတို့ဟာ နိုင်ငံရေးကောင်းစားရေးကို အားကြိုးမာန်တက် ကိုယ်ရောစိတ်ပါ ထိထိရောက်ရောက် လုပ်ဆောင်လိုသူဖြစ်တယ်လို့ မိမိကိုယ်မိမိ ယုံကြည်တယ်ဆိုရင် မိမိနှစ်သက် ယုံကြည်ရာ ပါတီတစ်ခုထဲကို အမြန်ဆုံးဝင်ရောက် လုပ်ဆောင်ရမှာပဲဖြစ်တယ်ဗျ။
အာဏာငန်းဖမ်းတာမဟုတ်
နိုင်ငံ့ဝန်ထမ်းနဲ့ သာသနာ့ ဝန်ထမ်းတွေကလွဲပြီး ဘယ်သူမဆို မိမိတို့နှစ်သက်ရာ ပါတီထဲဝင်ပြီး နိုင်ငံအကျိုး သယ်ပိုးနိုင်ခွင့် ရှိတာ ဒီမိုကရေစီရဲ့ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဒီလိုပါတီထဲ ဝင်ပြီးလုပ်တာဟာ (မကြာသေးခင်ကအထိ အမျိုးသားနိုင်ငံရေးလို့ သုံးသုံးနေကြတဲ့) အမျိုးသားရေးကို    ကျောခိုင်းတာ လုံးဝ(လုံးဝ) မဟုတ်သလို တချို့က စွပ်စွဲနေကြသလို အာဏာငန်းဖမ်းတာလည်း လုံးဝ(လုံးဝ) မဟုတ်ဘူးဗျ။ စတုတ္ထမဏ္ဍိုင်သားတွေ ဖြစ်ကြတဲ့ ကျွန်တော်တို့ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ အနုပညာမီဒီယာ လောကသားတွေ အနေနဲ့လည်း မိမိတို့ဆန္ဒရှိရင် ကြိုက်တဲ့ပါတီ ဝင်နိုင်ရမယ်လို့ ကျွန်တော် ယူဆ တယ်ဗျာ။ မီဒီယာလို့ခေါ်တဲ့ လူထုဆက်သွယ်ရေး နည်းလမ်းတွေမှာ မိမိတို့ရဲ့ ဖန်တီးမှုများကို တင်ပြတဲ့အခါ မိမိတို့ဝင်ထားတဲ့ ပါတီကိုအခွင့်သာစေမယ့် တစ်နည်း ပြောရရင် ဘက်လိုက်မှုပါတဲ့ ဖန်တီးမှုမျိုးတွေ မဟုတ်ဘူးဆိုရင် စတုတ္ထမဏ္ဍိုင် လောကသားအဖြစ် မိမိတို့ကိုယ် မိမိတို့ လိပ်ပြာသန့်သန့်ခံယူနိုင်ကြမယ် ထင်ပါ တယ်ဗျာ။

မောင်ဝံသ
(ဒီဇင်ဘာ ၂၉ ထုတ် Popular News  အတွဲ (၃) အမှတ် (၅၀) မှ ထုတ်ယူဖော်ပြသည်)
***************************************************************************************

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ