ရေရှည်အတွက် ပြန်လည်ထူထောင်ရေးနဲ့ လောလောဆယ် လိုအပ်ချက်ကို မေးမြန်းသွား




မင်္ဂလာတောင်ညွန့် မီးဘေး ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေး


မင်္ဂလာတောင်ညွန့် မီးဘေးကြောင့် ကယ်ဆယ်ရေးစခန်း ရောက်နေသူများအား ဒီဇင်ဘာ ၃ဝ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် လာရောက် အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၃ဝ ရက် နံနက် ၁၁ နာရီခွဲခန့်က ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မင်္ဂလာတောင်ညွန့်မြို့နယ် မဟာဝိဇယရာမကျောင်းတိုက်ရှိ မီးဘေးဒုက္ခသည် များ လိုအပ်ချက်ကို ကူညီနိုင်ရန်နှင့် နှစ်သိမ့်အားပေးရန် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
”ရေရှည်အတွက် ပြန်လည်ထူထောင်ရေးနဲ့ လောလောဆယ် လိုအပ်ချက်ကို မေးသွားတယ်။ ဓမ္မာရုံမှာထားတဲ့ မီးဘေးဒုက္ခသည်တွေကိုလည်း အားပေးကြည့်ရှုသွား တယ်။ ကျောင်းက ဆရာတော်တွေနဲ့လည်း တိုင်ပင်ပြောဆိုသွားတယ်” ဟု မျက်မြင်တွေ့သူတစ်ဦးက ပေါ်ပြူလာနယူးစ် သို့ ပြော ကြားသည်။
ယင်းနေ့ နံနက် ၁ဝ နာရီခန့် ကလည်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တပ်မတော်အရာရှိများမှာလည်း မီးဘေးဒုက္ခသည်များအား လာရောက် ကြည့်ရှုခဲ့ပြီး အလှူငွေနှင့် ပစ္စည်းများလှူဒါန်းခဲ့ကြောင်း၊ ယင်းအပြင် ရုပ်ရှင်နှင့် ဂီတအနုပညာရှင် အချို့ ကလည်း လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
”ဒီမီးဘေးကို အလှူရှင်တွေလည်း အရမ်းလာကြတယ်။ ဒါပေမဲ့ ဒီဘုန်းကြီးကျောင်းပဲ အလာများနေတာ။ ကျန်တဲ့ ကယ်ဆယ်ရေးစခန်း နှစ်ခုကိုတော့ သိပ်မရောက်ကြ ဘူး” ဟု ယင်းကယ်ဆယ်ရေးစခန်းအနီး နေသူတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း ယင်းကယ်ဆယ်ရေးစခန်းသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် လာရောက်ကြည့်ရှုခဲ့ပြီး၊ မီးဘေးဒဏ်ကြောင့် နေအိမ်ဆုံးရှုံးခဲ့သူများ အား အိမ်မိုးသွပ်ကူညီ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ဒီဇင်ဘာ ၂၈ ရက်ည ၁ နာရီ ကျော်ခန့်က မင်္ဂလာတောင်ညွန့် ကူးတို့ဆိပ်ရပ်ကွက်၌ လောင်ကျွမ်းသော မီးကြောင့် ရန်ကုန်တစ်မြို့လုံးနီးပါး ထိတ်လန့်တုန်လှုပ် ခဲ့ရသည့် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်။ ယင်းကြောင့် သေဆုံးသူ ၁၇ ဦးရှိပြီး ဒဏ်ရာရသူ ၁ဝဝ ကျော်ခန့်မှာ ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူနေရသည်။
ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော နေအိမ်များမှ လူ ၁၂ဝဝ ခန့်အား မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် ကယ်ဆယ်ရေး စခန်း ၃ ခု ဖွင့်လှစ် ကယ်ဆယ်ထားကြောင်း သိရသည်။
မိုးမြင့်မြတ် (ပေါ်ပျူလာဂျာနယ်)
ရေရှည်အတွက် ပြန်လည်ထူထောင်ရေးနဲ့ လောလောဆယ် လိုအပ်ချက်ကို မေးမြန်းသွား ရေရှည်အတွက် ပြန်လည်ထူထောင်ရေးနဲ့ လောလောဆယ် လိုအပ်ချက်ကို မေးမြန်းသွား Reviewed by သစ်ထူးလွင် on 16:30 Rating: 5

No comments:

Powered by Blogger.