ပညာရေးရန်ပုံငွေ ဂီတပွဲ လုံခြုံရေးတိုးမြှင့်

ရန်ကုန်မြို့မှာ မနေ့က မီးလောင် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် MCC ခန်းမမှာ ဒီကနေ့ ညနေ ကျင်းပတဲ့ တိုင်းရင်းသား ပညာရေးရန်ပုံငွေ ဈေးရောင်းပွဲတော်နဲ့ ဂီတဖျော်ဖြေပွဲအတွက် လုံခြုံရေးတွေ တိုးမြှင့်ချထားပါတယ်။
မြန်မာနိုင်ငံမှာ အကြီးဆုံး ဂီတပွဲတော်ကြီး ဖြစ်ဖွယ်ရှိတဲ့  တိုင်းရင်းသားလူမျိုးများ ရန်ပုံငွေဂီတပွဲ လုံခြုံရေးအတွက် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ နယ်မြေခံ အာဏာပိုင်တို့နဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
“ကျနော်တို့ အခုပဲ အစည်းအဝေးလုပ်ထားတယ်။ လုံခြုံရေးကတော့ နည်းနည်းတင်းကျပ်မယ်။ ဘာလို့လဲ ဆိုတော့ အပြောင်းအလဲနည်းနည်းရှိနေလို့။ လုံခြုံရေး ၅၀၀ လောက်ရှိမယ်။ မြို့နယ်ရဲတပ်ဖွဲ့လည်းရှိတယ်၊ အက်စ်ဘီဘက်ကလည်းရှိပါတယ်။ တော်တော် စုံစုံလင်လင်ရှိပါတယ်။ ကျနော်တို့ ဖွင့်ပွဲက ၃ နာရီခွဲလောက်မှ လုပ်မှာပါ။ အခုက ဈေးရောင်းပွဲတော် ကျင်းပနေတာပါ။”
မနေ့က မင်္ဂလာတောင်ညွန့်မြို့နယ်မှာ မီးလောင်ပေါက်ကွဲမှုကြီးတွေ ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးဒဏ်ရာရခဲ့တဲ့အတွက်လည်း လုံခြုံရေးကို အထူး စိုးရိမ်နေတယ်လို့ ပြောပါတယ်။
ရန်ပုံငွေ ဈေးရောင်းပွဲတော်ကို မနက် ၉ နာရီက စတင်ဖွင့်လှစ်ခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၀၀ က ရောင်းချနေပြီး ညနေပိုင်းမှာတော့ Emperor၊ The Trees၊ Metal Zone၊ Heaven Born၊ Vertical Vibration၊ Plus 3၊ Specturm စတဲ့ဝိုင်းအဖွဲ့ တွေနဲ့ Hip Hop အဖွဲ့တွေနဲ့အတူ ဇော်ဝင်းထွဋ်၊ ဟယ်ရီလင်း၊ မျိုးကျော့မြိုင်၊ ရင်ဂို၊ R ဇာနည်၊ ကော်နီ၊ ထွန်းအိန္ဒြာဗို၊ ၀ိုင်းစုခိုင်သိန်း စတဲ့နာမည်ကြီး အဆိုတော်ပေါင်း ၈၀ ၀န်းကျင် ပါဝင် သီဆိုကြမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဂီတပွဲတွေထဲမှာ ဂီတလောကသားတွေ အများဆုံးပါဝင်တဲ့ ဖျော်ဖြေပွဲလည်း ဖြစ်ပါတယ်။ အဆိုတော်တွေ များတဲ့ အတွက်လည်း အနည်းဆုံး တဦးကို နှစ်ပုဒ်ထိပဲ ဆိုကြမယ်လို့လည်း သိရပါတယ်။  လူငယ်ဂီတ အဆိုတော် အနဂ္ဂကတော့ ခုလို ပါဝင်သီဆိုရတဲ့အတွက် အားရ ကျေနပ်တယ်လို့ ပြောပါတယ်။
“ကျနော့်အနုပညာ သက်တမ်းတလျှောက်မှာ ဒီလိုမျိုး အနုပညာ လုပ်တဲ့လူတွေ အကုန်လုံး တပွဲတည်းမှာ ဖျော်ဖြေခွင့်ရတာ အပျော်ဆုံးပဲ။  နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုမျိုး အနုပညာရှင်တွေ ဒီပွဲမှာ ပံ့ပိုးပေးကြတယ်ဆိုတာကို အရမ်းဝမ်းသာတယ်။ ဒီလိုမျိုး ဒေါ်စုနားမှာ အကုန်လုံး အနုပညာနဲ့ တတ်နိုင်တဲ့နေရာက တတ်နိုင်သလို ပညာရေးရန်ပုံငွေပွဲပေါ့။ မနေ့က မီးဘေးဖြစ်သွားတဲ့ လူတွေကိုပါ လှူဒါန်းသွားမယ်ပေါ့။ ဒါမျိုး တပေါင်းတစည်းတည်း ဆက်လုပ်သွားမယ်ဆိုရင်တော့  ကျနော်တို့ တိုင်းပြည်အတွက်လည်း ကောင်းတဲ့ စိတ်ထားလေးတွေလို့ ကျနော်မြင်ပါတယ်။”
ဂီတဖြေဖျော်ပွဲတော် လက်မှတ် အရေအတွက် ၈,၀၀၀ ကျော်  ရိုက်နှိပ်ထားပြီး ၀င်ကြေး ကျပ် ၅,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်၊ ၂၀,၀၀၀ ကျပ်နဲ့ ၃၀,၀၀၀ ကျပ်အထိ သတ်မှတ်ထားပါတယ်။
မင်းလွင် (ဒီဗွီဘီ)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ