သုံးခွမြို့ရှိ လယ်ဧက တသောင်းကျော်ကို အဓမ္မသိမ်းယူမှု

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် အရှေ့ဘက်မှာရှိတဲ့ ပိုက်စီးကျေးရွာ၊ မင်းရွာအတွင်းကျေးရွာ နှင့် ဘိသက်ကျေးရွာ အစရှိတဲ့ ရွာသုံးရွာပိုင်တဲ့ နယ်နိမိတ်မှာ ရှိတဲ့ လယ်ဧက တသောင်းကျော်ကို ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ခွဲဝေယူခဲ့ကြပါတယ် ။
ပင်လယ်ရေတွေ တက်လာတာကြောင့် လယ်သမားတွေက သူတို့ ကျေးရွာတွေကို ရေမတက်တဲ့ နေရာတွေမှာ ပြောင်းရွှေ့ဆောက်ပြီး နေထိုင်ခဲ့ကြပါသည် ။ လွန်ခဲ့တဲ့ ၅ နှစ်ခန့်က အဆိုပါ ရေမြုပ်သွားတဲ့ လယ်မြေတွေဟာ ဧက တသောင်းလောက် သောင်ပြင်အဖြစ် ပြန်လည်ဖြစ်ထွန်းလာခဲ့သောကြောင့် ဒေသခံ လယ်သမားတွေက အဆိုပါမြေတွေကို ခုတ်ထွင်ရှင်းလင်းပြီးတော့ ကန်သင်းရိုးများပြုလုပ်ကာ လယ်ယာမြေတွေအဖြစ် ပြန်လည်ပြုပြင် စိုက်ပျိုးဖို့ လုပ်ခဲ့ကြပါသည် ။ အာဏာပိုင် အဖွဲ့အစည်းတွေက လာရောက်တားမြစ်ခဲ့သောကြောင့် ဒေသခံလယ်သမားတွေနဲ့ အခြေအတင် ဖြစ်ခဲ့ကြပါတယ် ။ မ.ဝ.တ ဥက္ကဌ ကိုစန်းနိုင်ကိုယ်တိုင် ဆင်းလာပြီးတော့ “ခင်ဗျားတို့ ဒီလယ်ယာမြေတွေက ခင်ဗျားတို့ မဆူပါနဲ့ ၊ မတိုင်ပါနဲ့ပေါ့ ။ ခင်ဗျားတို့ကို ပြန်ပေးပါမယ် ။ ဒီလယ်ယာမြေတွေက ခင်ဗျားတို့ လယ်ယာမြေတွေပဲ ဖြစ်ပါတယ် ။ ဒါကို ခင်ဗျားတို့ပဲ ပိုင်ဆိုင်သင့်တယ်။ တိုင်းပြည်အတွက်လည်း အကျိုးရှိတယ် ။ ခင်ဗျားတို့လည်း အကျိုးရှိတယ် ဆိုပြီးတော့ လယ်ယာမြေ ပြန်ပေးပါမယ်” ပြောခဲ့ပေမယ့် သုံးခွမြို့နယ် အုပ်ချုပ်ရေးဌာနမှ အဆိုပါ လယ်ယာမြေ ဧက တသောင်းကျော်ကို ဒေသရှိ ဌာနဆိုင်ရာအသီးသီးကို ခွဲခြမ်းပေးလိုက်ပါတယ် ။ ရှေ့နေ ဦးသိန်းဇော်ညွှန့်က လယ်သမားတွေဘက်က ပါဝင်ကူညီဆောင်ရွက်ပေးမယ်ဟု ပြောဆိုခဲ့ပြီးမှ ဌာနဆိုင်ရာတွေက သူ့ကို လယ်ဧက ငါးရာ ပေးလိုက်တဲ့အခါမှာ အကူအညီပေးခြင်း မရှိတော့ပါဘူး။ ဌာနဆိုင်ရာမှ လယ်သမားတွေကို လယ်ယာမြေ ပြန်လိုချင်ရင် ၁၀ ဧက တစ်ဝိုင်းကို ငွေ ရှစ်သိန်း(သို့မဟုတ်) ဆယ်သိန်း ပေးရမယ်လို့ ပြောပါတယ် ။ အဆိုပါ လယ်ဧကတွေမှာ နေထိုင်တဲ့ လယ်သမားတွေရဲ့တဲတွေကို လာရောက်ကြိမ်းမောင်း ဖယ်ခိုင်းပြီး ပိုက်တွေနဲ့ လာတားတယ် ။ လာရောက်နေထိုင်သူတွေရဲ့ တဲပေါ်အထိတောင် ဝင်ရောက်ရိုက်နှက်တာမျိုး ပြုလုပ်တယ်လို့ ဒေသခံ လယ်သမားက ဆိုပါတယ် ။
သုံးခွမြို့မှာ အခြေလာစိုက်တဲ့ စစ်တပ်ကလဲ အဆိုပါ လယ်တွေမှာ ပုဇွန်ကန် ၊ ငါးကန်တွေ တူးဖော်ဖို့ ကျေးရွာက လူတွေကို လုပ်အားပေးအဖြစ် ခေါ်ယူစေခိုင်းခဲ့ပါတယ် ။ ရဲဘက်က အချုပ်ကျတဲ့လူ ၊ ထောင်ကျတဲ့လူတွေကို ခေါ်ယူပြီးတော့ လုပ်အားပေး ခိုင်းစေတာမျိုး ရှိခဲ့ပါတယ် ။ လုပ်အားပေးခိုင်းစေခံရ၍ ထန်းတုံးပိပြီး ရွာသားတွေ သေဆုံးခဲ့သည့်အဖြစ်မျိုးပါ ရှိခဲ့တယ်လို့ ဒေသခံ လယ်သမားတဦးက ပြောပါတယ် ။
ဒေသခံ လယ်သမားတွေက မကျေနပ်သောကြောင့် သူတို့ကို အကူအညီပေးဖို့ သုံးခွမြို့မှာရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား နှင့် စိုက်ပျိုးရေးအလုပ်သမားများအဖွဲ့ကို လာရောက်ပြောကြားခဲ့ပါတယ် ။ ဒေသခံ လယ်သမားတွေပိုင်ဆိုင်တဲ့ လယ်ဧကတွေ ပြန်လည်ရယူလိုကြောင်း နှင့် သက်ဆိုင်ရာ ဌာနတွေရဲ့ သိမ်းယူထားတဲ့ လယ်ဧက စာရင်းဇယားတွေအပါအဝင် ဒီလယ်မြေတွေကို လာရောက်ခွဲဝေပေးပါရန် ဝိုင်းဝန်းလက်မှတ် ရေးထိုးထားသည့်စာကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့ အပါအဝင် လယ်ယာမြေနဲ့ ပတ်သတ်တဲ့ ဝန်ကြီးဌာန ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၊ ILO (International Labour Organization) နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် နှင့် သက်ဆိုင်ရာ ၁၁ ဌာနကို ဒီဇင်ဘာလ ၇ ရက်နေ့က ပေးပို့တိုင်ကြားခဲ့ပါတယ် ။ သက်ဆိုင်ရာက လာရောက်ဖြေရှင်းပေးခြင်း မရှိပါက လယ်သမားတွေမှ စုပေါင်း၍ ဆန္ဒပြတောင်းဆိုဖို့အထိ ပြင်ဆင်ထားကြပါတယ်ဟု လယ်သမားတွေဘက်မှ ပါဝင်ကူညီပေးနေသူ တဦးဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား နှင့် စိုက်ပျိုးရေးအလုပ်သမားများ အဖွဲ့၏ အတွင်းရေးမှူး ကိုရင်အေးက ဘားမားဗီဂျေကို ပြောဆိုခဲ့ပါတယ် ။
By ဇာဏီ (Burma VJ Media Network)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ