ဗေဒါကျောင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ မိန့်ခွန်း (အသံဖိုင်)

၂၀၁၁၊ အောက်တိုဘာ ၃၁ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်မြို့ ဗေဒါကျောင်း စာကြည့်တိုက်ဖွင့်ပွဲနဲ့ သင်တန်းဆင်းပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု - ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့ပြီး အမှာစကားမိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ပါတယ်။ ထိုသို့ ပြောကြားချက်များအနက် ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ မိန့်ခွန်း အသံဖိုင်ကို အားလုံးအတွက် မျှဝေလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း အသံဖိုင်
                     

ပြည်မြို့ ရှိ ညဈေးတန်းတခုကို ဖျက်သိမ်းဖို့ ဆိုင်ခန်းပိုင်ရှင်များအား ဖိအားပေးနေ


ဆိုင်ခန်းပေါင်း၃၀ကျော်ရှိတဲ့ ပြည်မြို့ က ညဈေးတန်းတခုကို စည်ပင်သာယာက ဖျက်သိမ်းပစ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ပြည်မြို့ နယ် အုပ်ချုပ်ရေးမှူးနဲ့ စည်ပင်အမှုဆောင်တို့က ၂၉-၉-၂၀၁၁- (ကြာသာပတေးနေ့) နေ့လည် ၁ နာရီမှာ ဆိုင်ခန်းပိုင်ရှင်တွေကို စုဝေးပြီး အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးဆုံးဖြတ်ချက်ကြောင့် ဒီဆိုင်ခန်းတွဲတွေကို တလအတွင်း ဖယ်ပေးရမယ်လို့ ပြောပါတယ်။  ဆိုင်ခန်းပိုင်ရှင်တွေက သူတို့ပြောင်းရွှေ့ ဖို့ အချိန်မလုံလောက်တဲ့အတွက် အချိန် ၆လလောက် ပေးဖို့ ပြောရာမှာ   အချိန်မပေးတဲ့အပြင် တလအတွင်း မဖယ်ပေးပါက ဘူဒိုဇာနဲ့ ထိုးကော်မှာဖြစ်ကြောင်း ချိန်းခြောက်ပြောဆိုခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့သူ ဆိုင်ခန်းပိုင်ရှင် ကိုပုက ဘားမားဗီဂျေကို ပြောပါတယ်။

ဆိုင်ရှင်တွေအနေနဲ့ အခုဆိုင်ခန်းတွဲတွေကို ၁၉၉၆ ကတည်းက ငှားရမ်း နေထိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

“၁၉၉၆ ထဲက ဦးသက်မင်းခိုင်က ကန်ထရိုက်ယူပြီး စည်ပင်ဆီက ခွင့်ပြုမိန့်နဲ့ ဆိုင်ခန်းတွေကို တည်ဆောက်ထားတာပါ။ နဂိုက ၁၂၀၀ ကျပ် ကောက်ရာကနေ လူနေတယ်ဆိုပြီးတော့ ဆိုင်ခန်းပိုင်ရှင်တွေကို တစ်ဆိုင် ၆၀၀၀ဆီ ကောက် ထားထားတာကနေ အခုလို လာဖျက်ခိုင်းတာပါ။” ဟု ဆိုင်ခန်းပိုင်ရှင် ကိုပုက ဘားမားဗီဂျေကို ပြောပါတယ်။

အခု အောက်တိုဘာလအကုန်မှာတော့ ဆိုင်ခန်းပိုင်ရှင်တွေကို စည်ပင်သာယာက ၃၁ ရက်နေ့ နောက်ဆုံးထားပြီ ဖယ်ပေးရန် စာတစ်စောင် ပေးပို့ခဲ့ပါတယ်။

“ ကျွန်တော်တို့လို ဆင်းရဲနွမ်းပါးတဲ့လူတွေကို စည်ပင်သာယာမှ အခုလိုဆိုင်ခန်းတွဲတွေကို ဖျက်ခိုင်းဖို့ ညွှန်ကြားပြီးကတည်းက မအိပ်နိုင်မစားနိုင်ဖြစ်သူကဖြစ်၊ ငိုတဲ့လူက ငိုနဲ့ ဆင်းရဲဒုက္ခရောက်နေကြရပါတယ်။ အခုလို ဒီဆိုင်ခန်းတွေ ဖျက်လိုက်ရင် မိသားစု ၃၀၊ လူဦးရေ ၇၀ ကျော်လောက် ဒုက္ခရောက်ရမှာဖြစ်ပါတယ်။” ဟု ဆိုင်ခန်းပိုင်ရှင် ကိုပုက ဘားမားဗီဂျေကို ပြောပါတယ်။

စည်ပင်က ဒီကနေ့ ဘူဒိုဇာနဲ့ကော်ပြီး ဖယ်ပစ်မယ်ဆိုလို့ တချို့  ဆိုင်ခန်းပိုင်ရှင်တွေကတော့ ကြောက်ရွံ့ပြီး ပြောင်းရွှေ့သွားကြပါတယ်။
ဒါပေမယ့် တာဝန်ရှိသူတွေက အခြားနေရာမှာ ပြောင်းရွှေ့နေထိုင်ဖို့ စီစဉ်ပေးတာတွေ မရှိတဲ့အတွက် အချို့ဆိုင်ခန်းပိုင်ရှင်တွေကတော့ မပြောင်းရွှေ့နိုင်ကြပဲ ဆိုင်ခန်းတွေမှာ ဆက်လက်နေထိုင်လျက် ရှိနေကြဆဲ ဖြစ်ပါတယ်။

နောက်ဆုံး စုံစမ်းချက်အရ ဒီနေ့ ညနေ ၆း၀၀ နာရီအထိတော့ လာရောက်ဖျက်သိမ်းခြင်းတော့ မရှိသေးကြောင်း သိရပါတယ်။

By ဇာဏီ (Burma VJ Media Network)
 

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသားတွေ ပညာဆက်လက်သင်ယူနိုင်ဖို့ ဆွေးနွေး

video
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသားတွေ ပညာဆက်လက်သင်ယူနိုင်ဖို့ အတွက် ပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုကို နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်က ဦးစီးပြီး မနေ့ကနေ့လည် ၁ နာရီက ကျင်းပပြုလုပ်သွားခဲပါတယ်။
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဆုတောင်းပွဲအပြီး ပြုလုပ်ခဲ့တဲ့ဒီဆွေးနွေးပွဲကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်က ကိုရဲမြတ်ဟိန်းရဲ့ နေအိမ်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။
ဒီဆွေးနွေးပွဲကို အန်အယ်ဒီ အကျိုးဆောင်ရှေ့နေ ဦးအောင်သိန်း ၊ ကိုတိုးကျော်လှိုင် ၊ ဒေါ်နော်အုန်းလှတို့အပြင် နိုင်ငံရေးအကျဉ်းသားဟောင်းတွေလည်း တက်ရောက်လာခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲမှာ ယုံကြည့်ချက်ကြောင့် အကျဉ်းကျခံရတဲ့ တက္ကသိုလ်ကျောင်းသားတွေ ပညာဆက်လက်သင်ယူနိုင်ခွင့်ရရေး အကျဉ်းကျနေဆဲကျောင်းသားတွေ စာမေးပွဲဖြေဆိုခွင့်ရရေးကို အဓိကထားဆွေးနွေးသွားခဲ့ကြတာပါ။
ကိုရဲမြတ်ဟိန်းရဲ့မိခင်ကလည်း အကျဉ်းကျခံနေရတဲ့ သားအတွက် ပညာဆက်လက် သင်ယူခွင့်ရဖို့အရေး သက်ဆိုင်ရာဌာနအသီးသီးကို စာတင်ထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၈၈ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့ တက္ကသိုလ်ကျောင်းသားအများစုဟာ ပညာဆက်လက်သင်ယူခွင့်တွေကို ဆုံးရှုံးခဲ့ကြရ တာဖြစ်ပါတယ် ခင်ဗျာ။
သတင်း---Burma VJ Media Network
 

နိုဝင်ဘာ ၁၄ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ခွင့်ရရှိရန် ၇၅ရာခိုင်နှုန်းမျှော်လင့်ထားကြောင်း ကိုဇာဂနာပြောဆို


၂၀၁၁ခုနှစ် နိုဝင်ဘာလ ၁၄ရက်နေ့တွင် အကျဉ်းထောင်အသီးသီးတွင် ကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရန် ၇၅ ရာခိုင်နှုန်းခန့် မျှော်လင့်ထားကြောင်း မောင်သူရ (ခေါ်) ဇာဂနာမှ ပြောဆိုသည်။

“နိုင်ငံရေးအကျဉ်းသားတွေလွတ်မှာပါ ၇၅ ရာခိုင်နှုန်းလောက်တော့ ကျွန်တော်မျှော်လင့်ထားပါတယ် တကယ်လွတ်လာရင် ၁၀၀ ရာခိုင်နှုန်းပေါ့လေ လာမယ့် နိုဝင်ဘာ၁၄ရက်နေ့ ပြန်လည်လွတ်လာလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”

ဒါရိုက်တာ မောင်သူရ (ခေါ်) ဇာဂနာသည် မြစ်ကြီးနားထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်မြောက်လာပြီး ဆယ့်လေးရက် အကြာတွင် နိုင်ငံရေးသည် အနုပညာနှင့် ဆက်နွယ်နေခြင်းကို ပေါ်လွင်စေရန်အတွက် လွတ်လပ်ခြင်းအနုပညာပွဲတော်ကို ကျင်းပရခြင်းဖြစ်ပြီး အဆိုပါရုပ်ရှင်ကားများရုံတင်သောနေ့တွင်လည်း အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများအားလုံး လာရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ကိုဇာဂနာမှ ဆက်လက်ပြောပြသည်။

“ကျွန်တော်တို့အခု လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်မှာ ၀င်ပြိုင်တဲ့လူတွရဲ့ ကားတွကိုရုံတင်တဲ့အခါမှာ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေအားလုံး အဲ့ရုံထဲမှာလာကြည့်ကြမှာလေ။ တစ်ယောက်မှ ထောင်ထဲမှာ ရှိတော့မှာမဟုတ်ဘူး။ အကုန်လွတ်လာပြီ အဲ့အချိန်လောက်ဆို ကျွန်တော်ပြောတာက ဒီပွဲမတိုင်ခင်မှာ ကျွန်တော့်သူငယ်ချင်းတွေ အကုန်လွတ်လာပြီး လာကြည့်ကြမှာပါ” ဟု ဒါရိုက်တာ မောင်သူရ(ခေါ်) ဇာဂနာက ပြောသည်။

ဒါရိုက်တာ မောင်သူရ(ခေါ်) ဇာဂနာသည် ပေါင်းတည်ထောင်၊  နတ်တလင်း  နှင့် ပြည်ထောင် များသို့ သွားရောက်ကာ ယုံကြည်ချက်ဖြင့် ကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအား သွားရောက်၍ အလှူငွေပေးအပ်ခြင်းနှင့် အနုပညာရှင်များမှ ၀ိုင်းဝန်းကူညီသော ထောက်ပံ့သော စာစောင်များနှင့် အ၀တ်အထည်များကို လှူဒါန်းပေးခဲ့ပြီး နိုဝင်ဘာလ တစ်ရက်နေ့တွင်လည်း အခြားသော ထောင်များသို့ သွားရောက် ကူညီထောက်ပံ့ပေးရန် အစီအစဉ်ရှိကြောင်း သိရသည်။


ဝင့်သင်ဇာကျော် (မြစ်မခ)
အောက်တိုဘာ ၃၁၊ ရန်ကုန်မြို့။
 

The Art of Freedom ရုပ်ရှင်ပွဲတော်

The Art of Freedom Film Festival တွင် ရုပ်ရှင်ဇာတ်ကားတို တကား ပါဝင်ယှဉ်ပြိုင်မည့် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ ဦးကျော်သူက ပါဝင်ယှဉ်ပြိုင်ရသည့် အကြောင်းရင်းကို  အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းက သတင်းမီဒီယာများအား ရှင်းပြနေစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) ဦးကျော်သူက သူ့အနေဖြင့် ကိုယ်ခန္ဓာအားဖြင့် လွတ်လပ်နေသော်လည်း အနုပညာမှာ ပိတ်ဆို့ ခံထားရကြောင်းပြောဆိုခဲ့ပြီး ယခု ပြိုင်ပွဲတွင် ဆင်ဆာကင်းလွတ်ခြင်းကြောင့် ပါဝင်ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း ပြောသည်။


The Art of Freedom ရုပ်ရှင်ပွဲတော် ကျင်းပရခြင်းကိစ္စနှင့် စပ်လျှဉ်းသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြိုင်ပွဲနှင့် ပတ်သတ်သည့် အချက်အလက်များအကြောင်း ရှင်းပြနေသည့် ပွဲစီစဉ်သူ တဦးဖြစ်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကို အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းက တွေ့မြင်ရစဉ်။
(ဓါတ်ပုံ-မဇ္ဈိမ) လွတ်လပ်ရေးနေ့တွင် ဆုပေးပွဲအခမ်းအနား ကျင်းပရန် စီစဉ်ရာမှ လွတ်လပ်ခြင်း ဟူသည့် အဓိပ္ပာယ်ကို ဖော်ညွှန်းသည့် The Art of Freedom ဟူသည့် အမည်ကို ရွေးချယ်ဖြစ်ခဲ့ကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။


The Art of Freedom ရုပ်ရှင်ပွဲတော် ကျင်းပရခြင်းကိစ္စနှင့် စပ်လျှဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားနေသည့် ပွဲစီစဉ်သူ တဦးဖြစ်သူ ကိုသူရ (ဇာဂနာ) ကို အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) မလွတ်မြောက်သေးသည့် ဘဝတူ နိုင်ငံရေးအကျဉ်းသားများအတွက် ရည်စူး၍ အနုပညာတရပ် ဖော်ကျူးရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်ပင်ဆွေးနွေးခဲ့ရာမှ ရုပ်ရှင်ပွဲတော် ကျင်းပမည့် အစီအစဉ် ဖြစ်ပေါ်လာရကြောင်း အောက်တိုဘာ ၁၂ ရက်နေ့က မြစ်ကြီးနားထောင်မှ လွတ်မြောက်လာခဲ့သူ ဇာဂနာက ပြောသည်။

သတင်း---မဇ္ဈိမ

ဗေဒါစာဖတ်ခန်းဖွင့်ပွဲ

Daw Aung San Suu Kyi and large crowd attend opening of Bayda Institute Library. (photo: mizzima)
သင်္ကန်းကျွန်းမြို့နယ် ဗေဒါကျောင်းရှိ ဗေဒါစာဖတ်ခန်းဖွင့်ပွဲသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသမီးတဦးက လုံခြုံရေး လူငယ်များကြားမှ ပန်းပေးနေသည်ကို တနင်္လာနေ့ အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ ဒေါ်အောင်ဆန်းစုကြည်သည် မိန့်ခွန်းများတွင် ပညာရေးနှင့် ပက်သက်ပြောဆိုလေ့ရှိပြီး စာဖတ်ခန်းနှင့် စာကြည့်တိုက်ဖွင့်ပွဲ အချို့ကို ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
သင်္ကန်းကျွန်းမြို့နယ် ဗေဒါကျောင်းရှိ ဗေဒါစာဖတ်ခန်း ဖွင့်ပွဲသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား လာရောက် ကြိုဆိုနေသူများကြားတွင် တနင်္လာနေ့ အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ ဗေဒါကျောင်းသည် စွယ်စုံရ လေ့ကျင့်ရေးစင်တာ တခုဖြစ်ပြီး ဒေသအာဏာပိုင်များ၏ ဖိအားပေးမှုများကြောင့် ကျောင်းနေရာ မကြာခဏ ရွှေ့ပြောင်းခဲ့ရသည်။
သင်္ကန်းကျွန်းမြို့နယ် ဗေဒါကျောင်းရှိ ဗေဒါစာဖတ်ခန်းဖွင့်ပွဲသို့ တက်ရောက်လာသော NLD ဥက္ကဌ ဦးတင်ဦးကို တနင်္လာနေ့ အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းက တွေ့ရစဉ်။
သတင်း/ဓါတ်ပုံ -- Facebook မဇ္ဈိမ
 

အစိုးရအနေနဲ့ ပြန်လည်ထူထောင်ရေးရန်ပုံငွေ ဘတ် ၉၀၀ ဘီလျံလို

ရေဘေးအပျက်အစီတွေကနေ ပြန်လည်ထူထောင်ဖို့နဲ့ ရေရှည်ရေဘေးကာကွယ်တားဆီးရေးကိစ္စတွေအတွက် ဘတ် ဘီလျံ ၉၀၀ သုံးစွဲဖို့ ခွန်ယင်လပ်အစိုးရက ကြိုးစားလုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီလောက်ပမာဏများတဲ့ငွေတွေကို ရေ မြုပ်သွားတဲ့ စက်မှုဇုံပြန်လည်ထူထောင်ရေးအတွက် ဘီလျံ ၁၀၀ နဲ့ နောင်မှာ စက်မှုဇုံတွေရေမမြုပ်စေဖို့ ရေဘေး ဆိုင် ရာစီမံခန့်ခွဲမှုအစီအစဉ်တွေ တခုလုံးပြင်ဆင်ဖို့အတွက် ဘီလျံ ၈၀၀ တို့ သုံးစွဲမှာဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီး ဖိချိုင်းနာရစ် သာက ပြောပါတယ်။
“ကက်ဘိနက်အဖွဲ့ဝင်တွေထဲက လက်ရွေးစဉ်ဝန်ကြီးတွေပဲပါတဲ့အထူးအစည်းအဝေးတခုမှာ ပြန်ထည်ထူထောင်ရေး အ ဆိုပြုချက်ကို အဆင့် ၂ ဆင့်ခွဲပြီး အကောင်အထည်ဖို့ ၀န်ကြီးချုပ်က တင်ပြခဲ့တယ်” လို့ သူက ပြောပါတယ်။
ပထမ အဆင့်မှာ ရေဘေးဒဏ်ခံရတဲ့ စက်မှုဇုံတွေ အပြည့်အ၀ ပြန်လည်နာလန်ထူရေးကို တနှစ်အတွင်းအကောင် အ ထည်ဖော်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ရေစုပ်စက် ၁၄၀ ကို နိုင်ငံခြားကနေ မှာယူတင်သွင်းထားပြီး ဖြစ်တယ်။ အယုဒ္ဓယနဲ့ပထုမ်ဌာနီမှာရှိတဲ့ အဓိကကျတဲ့ စက်ရုံတွေထဲကရေတွေကို နောက်ရက် ၂၀ အတွင်း စုတ်ထုပ် ပစ်နိုင်တော့ မှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်မှာ ထိုင်းနိုင်ငံသစ်စီမံကိန်းအောက်မှာ တိုင်းပြည်က ရေစီမံခန့်ခွဲမှုစနစ်ကို လုံးဝပြည့်စုံတဲ့ တစုံလုံးပြင်ဆင်ပြောင်းလဲပစ်လိုက်တာကို တွေ့မြင်ရပါမယ်။ အမေရိကန်၊ နယ်သာလန်နဲ့ ဂျပန်တို့က လုပ်ထားတဲ့ ဒီဇိုင်း ပုံစံတွေထဲက ဘယ်ပုံစံကို သုံးမလဲဆိုတာကို အစိုးရအနေနဲ့ ရွေးချယ်ပြီးပါပြီ။
ဘန်ကောက်မြို့ကြီးကို ဖြတ်စီနေတဲ့ ကျောက်ဖရားမြစ်ရေ အမြင့်ဟာ ပင်လယ်ရေပြင်ညီထက်အမြင့် ၂.၅၃ မီတာ အထိ မြင့်တက်လာတဲ့အတွက် မြစ်ဘေးရေတားတံတိုင်းတွေရဲ့တချို့နေရာတွေက စိမ့်ထွက်ကုန်လို့ မနေ့က ဘန်ကောက်မြို့ နေရာ အတော်များများမှာ ရေတွေအပျံ့အနှံ့စီးဝင်ကုန်ပါတယ်။ ဒီကနေ့ကုန်ဆုံးပြီးဖြစ်တဲ့ အထူးပိတ်ရက်ကိုတော့ အစိုးရ အနေနဲ့တိုးပေးမှာ မဟုတ်ပါဘူးလို့ ၀န်ကြီးချုပ်က ပြောပါတယ်။ ဒါပေမဲ့ ရေဘေးကြောင့် ခွင့်ယူတဲ့ အလုပ်သမားတွေကို အလုပ်ပျက်ကွက်တယ်လို့ မစဉ်းစားဖို့ အလုပ်ရှင်တွေကို အစိုးရအနေနဲ့ ပြောပေးမှာ ဖြစ်တယ်လို့ သူမက ပြောပါတယ်။
အောက်တိုဘာ ၃၁၊ ၂၀၁၁ (The Nation)
နေသစ် မှ ကူးယူဖော်ပြသည်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာ မြန်မာနိုင်ငံသို့ ရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်တို့အား မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့၌ တွေ့ရစဉ်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာသည် အောက်တိုဘာလ ၃၁ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံသို့ မစ္စတာ ဗီဂျေးနမ်ဘီယာ ရောက်ရှိလာခြင်းကို ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံး ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့ပါသည်။
ထိုသို့ပြောကြားခဲ့ရာတွင် ဗီ ဂျေးနမ်ဘီယာ၏ မြန်မာနိုင်ငံခရီးစဉ် သည်ငါးရက်ကြာမြင့်မည်ဖြစ်ကြောင်း နှင့် အသေးစိတ်အချက်အလက်များ ကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်းပြောဆိုခဲ့ပါသည်။
၂၀၁၀ပြည့်နှစ်မှ စတင်ပြီး  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သော ဗီဂျေးနမ်ဘီယာသည် ၂၀၁၀ပြည့်နှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်ခဲ့ပြီး ၂၀၁၁ခုနှစ် မေလတွင် ဒုတိယအကြိမ် လာရောက်ခဲ့ပါသည်။ ထိုသို့လာရောက်စဉ်က နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ သုံးရက်ကြာ လာရောက်ခဲ့ခြင်းဖြစ်ပါသည်။
အိန္ဒိယ နွယ်ဖွားဖြစ်သူ မစ္စတာဗီဂျေးနမ်ဘီယာသည် ၂၀၀၇ခုနှစ် ဇန်န၀ါရီလမှစတင်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ ၂၀၁၀ ခု၊ ဇန်န၀ါရီလတွင် ကုလသမဂ္ဂ အရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာအီဘရာဟင်မ်ဂမ်ဘာရီ ရာထူးက နှုတ်ထွက်ခဲ့ပြီး နောက်မစ္စတာဂမ်ဘာရီ၏ နေရာကို ဆက်လက်တာဝန်ယူခဲ့ခြင်း ဖြစ်ပါသည်။
ကုလသမဂ္ဂ အရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် မစ္စတာရာဇာလီအစ္စမေးလ်နှင့် မစ္စတာအီဘရာဟင်မ်ဂမ်ဘာရီတို့က တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး မစ္စတာဗီဂျေးနမ်ဘီယာက် တတိယမြောက် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။
အောက်တိုဘာလ နောက်ဆုံး ပတ်အတွင်းက မြန်မာနိုင်ငံသို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး  Mr.Marty Natalegawa  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် မြန်မာနိုင်ငံ တာဝန်ထမ်းဆောင်ရေးနှင့်ပတ်သက်ပြီး အချက်အလက် ရှာဖွေလေ့လာမှုပြုလုပ်ရန် လာရောက်ခဲ့ပါသည်။
အောက်တိုဘာလ ၂၄ရက်နှင့် ၂၅ရက်နေ့တွင်လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Mr.Derek Mitchell က  မြန်မာနိုင်ငံသို့ အချိန်နှစ်လအတွင်း ဒုတိယအကြိမ် လာရောက်ခဲ့ပါသည်။
ထို့ပြင် Mr.Derek Mitchell သည် နိုဝင်ဘာလ ၁ရက်နေ့တွင် မြန်မာနိုင်ငံသို့ တတိမြောက်ခရီးစဉ် လာရောက်မည်ဟု သတင်းထွက်ပေါ်လျှက်ရှိပြီး အတည်ပြုချက် မရရှိသေးပေ။ မြန်မာနိုင်ငံသို့ တတိယအကြိမ် လာရောက်မည့် Mr.Derek Mitchell  ၏ ခရီးစဉ်သည် လေး ရက်ကြာမြင့်နိုင်ကြောင်း သိရှိရကာ Mr.Mitchell နှင့်အတူ အမေရိကန်လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr.Michael Posner လည်း လိုက်ပါလာမည်ဟု သတင်းများ ထွက်ပေါ်လျှက် ရှိနေပါသည်။

သတင်း---Eleven Media Group

မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သော ကွဲလွဲချက်များက နှစ်နိုင်ငံဆက်ဆံရေးကို မထိခိုက်စေနိုင်ကြောင်း တရုတ်မီဒီယာများဖော်ပြ

မြန်မာဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးနှင့် တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် တရုတ်နိုင်ငံဝန်ကြီးချုပ် ၀မ်ကျားပေါင်တို့သည် အောက်တိုဘာလ ၂၀ ရက်နေ့တွင် နန်နင်းမြို့၌ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံဘက်စုံ မဟာဗျူဟာမြောက်ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၆ရက်နေ့အထိ ကျင်းပခဲ့သော တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေး သို့ တက် ရောက်ရန် ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့သို့ လာရောက်စဉ် တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်၊ သတ္တု၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်ရန် ဆွေးနွေးခဲ့ကြသည့်နည်းတူ နယ်စပ်နှင့်ဒေသတွင်း တည်ငြိမ်ရေး၊ တရုတ်နှင့် အာဆီယံအရေးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြပါသည်။
မြန်မာနိုင်ငံသည် နှစ်နိုင်ငံ ဘုံအကျိုးစီးပွားများကို ကာကွယ်ရန်အတွက် သင့်လျှော်သောအဖြေတစ်ခုရရှိရန် တရုတ်နှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဒုတိယသမ္မတက ပြောကြားခဲ့ကြောင်း တရုတ်မီဒီယာများက ဖော်ပြခဲ့ကြသည်။ အဆိုပါ ပြောကြားချက်ကိုးကား၍ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သော ကွဲလွဲမှုများကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်မည်မဟုတ်ကြောင်း China Daily သတင်းစာကဖော်ပြခဲ့သည်။
''နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ သဘောတူညီချက်အရ ဖြစ်ပေါ်လာတဲ့ စီမံကိန်းတွေအသက်ဝင်စေဖို့၊ ကတိက၀တ်တွေဖြည့်ဆည်းဖို့၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးအားကောင်းစေရေး အာမခံချက်ပေးဖို့ နှစ်နိုင်ငံ စလုံးက စိတ်အားထက်သန်စွာ ဆောင်ရွက်သင့်ပါတယ်''ဟု ၀မ်ကျားပေါင်က ပြောကြားခဲ့ကြောင်း သိရသည်။
ယခုဆွေးနွေးပွဲသည် မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းထားပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းစေရန် နှစ်ဖက်ထိပ်တန်း ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်း ထားကြောင်း ကြေညာခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အထူးကိုယ်စားလှယ်အနေဖြင့် တရုတ်နိုင်ငံသို့ အောက်တိုဘာလ အစောပိုင်းက တွေ့ဆုံထားခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးသည် တရုတ်ဒုတိယသမ္မတ ရှီကျင်ပင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထို့နောက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံကျော် အကုန်ကျခံ တည်ဆောက်မည့် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမှုနှင့်ပတ်သက်ပြီး ညှိ နှိုင်းဆောင်ရွက်သွားရန် တရုတ်-မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက သဘောတူညီမှုရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်ကိုကိုးကားပြီး တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက အောက်တိုဘာလ ၁၁ ရက်နေ့တွင် သတင်းဖော်ပြခဲ့ပါသည်။
အောက်တိုဘာလ ၂၀ ရက်နေ့က ၀မ်ကျားပေါင်နှင့်တွေ့ဆုံခဲ့သော ဒုတိယသမ္မတသီဟသူရ ဦးတင်အောင်မြင့်ဦးသည် အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပြုလုပ်ခဲ့သော တရုတ်-အာဆီယံ  ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေး နှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး အောက်တိုဘာလ ၂၇ ရက်နေ့တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။  အဆိုပါ ကုန်စည်ပြပွဲနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးပွဲသို့ ဒုတိယသမ္မတဦးတင်အောင်မြင့်ဦး၊ အစိုးရအဖွဲ့တာဝန်ရှိသူများအပြင်  မြန်မာနိုင်ငံမှစိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ စက်မှု၊ ကုန်ထုတ်လုပ်ငန်း၊  ကျောက်မျက်၊ ရိုးရာလက်မှုပစ္စည်း၊ သစ်တော၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းနယ်ပယ်အသီးသီးမှ လုပ်ငန်းရှင် ၂၀၀ ခန့်တက်ရောက်ခဲ့ကြပြီး ပြခန်းပေါင်း ၈၀ ခန့် ပါဝင်ပြသခဲ့ကြပါသည်။
ခန့်မှန်းဖော်ပြခဲ့ကြသည့်စာရင်းများအရ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ် မတ်လကုန်အထိ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံ ရှိလာခဲ့ပြီး အဆိုပါ ပမာဏမှာ ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းက ရှိခဲ့သော ၁၂ ဒသမ ၃ ဘီလျံမှ တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုမှာ ၄ ဒသမ ၄ ဘီလျံ ရှိခဲ့ပြီး ၂၀၁၁ ပထမသုံးလတာ ကာလအတွင်း ၁ ဒသမ ၆ ဘီလျံရှိကြောင်း သိရသည်။
Ref: China Daily, Xinhua

သတင်း---Eleven Media Group

တရုတ်နိုင်ငံမှာ ရဲကားတိုက်လို့ အကြမ်းဖက် ဆန္ဒပြ

ဆန္ဒပြပြီး မငြိမ်မသက်မှုတွေ ဖြစ်ခဲ့တယ် ဆိုတာကို တော့ ရှင်ဝှါက မပြောပါ
တရုတ်နိုင်ငံ ဟီနန် ပြည်နယ်မှာ ရဲတဦးမောင်းလာတဲ့ ကားနဲ့တိုက်မိလို့ လူငါးဦး သေဆုံးသွားခဲ့ပြီးတဲ့နောက် အကြမ်းဖက် ကန့်ကွက်ဆန္ဒပြမှု တခု ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံ အလယ်ပိုင်းက လာတဲ့ သတင်းတွေက ဆိုပါတယ်။တရုတ်နိုင်ငံ တရားဝင် သတင်း အေဂျင်စီ ရှင်ဝှါကတော့ အရက်သောက်ထားပြီး အရှိန်ရနေတဲ့ ရဲတဦး ကားမောင်းလာရာမှာ ကားကို မထိန်းနိုင်ဖြစ်သွားခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ဒါပေမယ့်လို့ ဆန္ဒပြပြီး မငြိမ်မသက်မှုတွေ ဖြစ်ခဲ့တယ်ဆိုတာကိုတော့ ရှင်ဝှါက ထုတ်ဖေါ် ပြောကြားခြင်း မရှိပါဘူး။ကားတိုက်လို့ သေဆုံးသွားခဲ့ သူတွေရဲ့ အလောင်းကို ဖယ်ရှားဖို့ လုပ်နေတဲ့ ရဲတွေကို လူပေါင်းရာနဲ့ချီ စုဝေးရောက်လာပြီး တားဆီးခဲ့ကြတယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတွေက ပြောပါတယ်။လူအုပ်ကြီးက အလောင်းတင်ကားတွေနဲ့ ရဲကားကို ရိုက်ခွဲပြီး ပက်လက်လှန်ခဲ့ ကြတယ်လို့ ဆိုပါတယ်။

သတင်း---ဘီဘီစီ

ဂျပန်၊ ကိုရီးယားနှင့် တရုတ်လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုများကြောင့် အလုပ်အကိုင်ပေါတော့မယ်လို့ MIC ဥက္ကဋ္ဌ ဦးစိုးသိန်း ကပြော

MIC ဥက္ကဋ္ဌ ဦးစိုးသိန်း
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီ(MIC) တွင် ဂျပန်၊ ကိုရီးယားနှင့် တရုတ်လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုများအတွက် လာရောက်ဆွေးနွေးနေကြောင်း MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံမှုများအတွက် ဆွေးနွေးခြင်းဖြစ်ရာ မြှုပ်နှံမှုများနှင့်အတူ အလုပ်အကိုင်များပါရရှိလာ မည်ဖြစ်ကြောင်း၊ သို့သော်အများ ပြည်သူဘက်မှ ကျွမ်းကျင်လုပ်သားအဖြစ် အဆင်သင့်လုပ်ထားရန် လိုအပ်သည်ဟုလည်း ပြောကြားခဲ့ပါသည်။ 
နေပြည်တော်တွင် အောက်တို ဘာလ ၂၆ ရက်နေ့က ကျင်းပသည့် မီဒီယာများနှင့်တွေ့ဆုံပွဲတွင် အမှတ် (၁)၊ (၂)စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မတီ(MIC) ဥက္ကဋ္ဌ ဦးစိုးသိန်းက ''အခု MIC မှာ ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံတွေကနေ လာပြီး ဆွေးနွေးနေတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကတော့ ၀င်လာမှာပါပဲ။ ရင်းနှီးမြှုပ်နှံမှုတွေဝင်လာရင် အလုပ်အကိုင် အများကြီးရှိလာမှာ။ ပြည်သူတွေဘက်ကပဲ Skill Full ဖြစ်ဖို့ အဆင်သင့်လုပ်ထားပါ။ ဘိလပ်မြေစက်ရုံတွေလည်း သတ်မှတ်ချက်နဲ့ညီရင် ထောင်ခွင့်ပေးမယ်။ သတ်မှတ်ချက် ဆိုတာ ဘိလပ်မြေစက်ရုံထောင်ချင်တဲ့သူတွေဆို လောင်စာကဘာကို သုံးမှာလဲ လောင်စာကိစ္စ ပြေလည်မှာလား။ နောက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တဲ့အထိ တစ်နေရာတည်းမှာ စက်ရုံတွေအများကြီး ထောင်ခွင့်မပေးဘူး။ ဒါတွေနဲ့ညီရင် ထောင်ခွင့်ပေးတယ်။ ဥပမာ ကျောက်ဆည်တစ်နေရာတည်းမှာ ခြောက်ရုံ ရှိတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှာစိုးလို့ လုပ်ခွင့်ထပ်မပေးတော့ဘူး။ နောက် အသေးစား အလတ်စားလုပ်ငန်းတွေအတွက်လည်း  ပြည်ပကို ဖိတ်ခေါ်ထားတာရှိတယ်'' ဟု ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုအချို့ကြောင့် ယခင်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် သံသယရှိခဲ့သော နိုင်ငံအချို့ပင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လာရောက်ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်းလည်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ် (RUMFCCI) မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
''မြန်မာနိုင်ငံမှာ အပြောင်းအလဲတချို့ ဖြစ်ပေါ်လာတာ၊ တချို့အပိုင်းတွေ ခိုင်မာတယ်လို့ ယုံကြည်လာတာကြောင့် ဂျပန်လိုနိုင်ငံတောင် မြန်မာမှာမြှုပ်နှံဖို့ ပြန်ဆွေးနွေးလာပြီ။ အခုအများဆုံး လာဆွေးနွေးတာက ကိုရီးယားပါ'' ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
''အခုနောက်ပိုင်းမှာ ပြည်ပနိုင်ငံ တော်တော်များများက မြန်မာနိုင်ငံမှာ စီးပွားရေးလာလုပ်ဖို့အတွက် စိတ်ဝင်စားပြီး လာရောက်ဆွေးနွေးကြတာ များပါတယ်။ အသင်းချုပ်အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ လုပ်နိုင်ကိုင်နိုင်တဲ့ အချက်တွေရှိပါတယ်။ လာလုပ်နိုင်အောင်လည်း လိုအပ်တဲ့ဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရေးဆွဲထားတယ်ဆိုတဲ့အကြောင်းတွေကို ရှင်းပြရတာပေါ့။ လာဆွေးနွေးတဲ့နိုင်ငံတွေထဲမှာ အရင်ကတည်းက မြန်မာနိုင်ငံကိုသံသယရှိတဲ့ နိုင်ငံတွေလည်း ပါလာတယ်။  မြန်မာနိုင်ငံအနေနဲ့ကတော့ ပြည်ပနိုင်ငံတွေက ရင်းနှီး မြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ၀င်လာဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုအားလုံးကို လုပ်နေပါပြီလို့ ပြောချင်ပါတယ်''ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်မောင်မောင်လေးက ပြောပြခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သည့် ထိပ်ဆုံးနိုင်ငံများ
(အမေရိကန်ဒေါ်လာ၊ သန်း)
 စဉ် နိုင်ငံအမည်ပမာဏ (၃၁-၁-၂၀၁၁)ပမာဏ (၃၀-၄-၂၀၁၁)ပမာဏ (၃၁-၈-၂၀၁၁)
၁။တရုတ်၉၆၀၃ .၁၆၈၉၆၀၃ .၁၆၈၉၆၀၃ .၁၆၈
၂။ထိုင်း၉၅၆၈ .၀၉၃၉၅၆၈ .၀၉၃၅၆၈ .၀၉၃
၃။ဟောင်ကောင်၅၉၀၇ .၉၁၈၆၃၀၈ .၄၉၅၆၃၀၈ .၄၉၅
၎။ကိုရီးယား၂၉၀၄ .၁၀၆၂၉၃၀ .၂၁၇၂၉၃၅ .၀၁၇
၅။ဗြိတိန်၂၆၅၉ .၉၅၄၂၆၅၉ .၉၅၄၂၆၅၉ .၉၅၄
၆။စင်ကာပူ၁၇၇၈ .၅၄၃၁၈၁၈ .၆၁၃၁၈၁၈ .၆၁၃
၇။မလေးရှား၈၉၈ .၃၄၇၉၇၅ .၀၉၇၉၇၅ .၀၉၇
၈။ပြင်သစ်၄၆၉ .၀၀၀၄၆၉ .၀၀၀၄၆၉ .၀၀၀
၉။အမေရိကန်၂၄၃ .၅၆၅၂၄၃ .၅၆၅၂၄၃ .၅၆၅
၁၀။အင်ဒိုနီးရှား၂၄၁ .၄၉၇၂၄၁ .၄၉၇၂၄၁ .၄၉၇
၁၁။နယ်သာလန်၂၃၈ .၈၃၅၂၃၈ .၈၃၅၂၃၈ .၈၃၅
၁၂။ဂျပန်၂၀၄ .၇၆၂၂၁၁ .၉၀၂၂၁၁ .၉၀၂
   သတင်း---Eleven Media Group

ဗိုလ်ချုပ်ဈေး ကထိန် တွင် ဒေါ်အောင်ဆန်းစုကြည် လှူဒါန်းသော ပဒေသပင်



ကေအိုင်​အေကို အစိုး​ရစစ်တပ်က ဓာတုလက်နက်ဟုယူဆရသည့်​ လက်နက်ဖြင့်​ တိုက်ခိုက်

ကချင်လွတ်လပ်​ ရေး​တပ်မ​တော် (​ကေအိုင်​အေ) ကို မြန်မာအစိုး​ရစစ်တပ်က ထိုး​စစ်ဆင်တိုက်ခိုက်​နေရာမှာ ဓာတုလက်နက်လို့​ ယူဆရတဲ့​ လက်နက်ကြီး​ကျည်နဲ့​ ပစ်ခတ်တိုက်ခိုက်​နေတယ်လို့ ကေအိုင်​အေတပ်မှူး​ လမိုင်လှနူး​က ​ပြောပါတယ်။
အခုလ ၂၉ ရက်​နေ့​က မြစ်ကြီး​နား​ – လိုင်ဇာလမ်း​ပေါ်ရှိ ဝိုင်း​မော်မြို့​နယ်၊​ ဂါး​ဒါယန်​ကျေး​ရွာ ဆု​တောင်း​ကုန်း​မှာ ​ခြေကုပ်ယူတပ်စွဲထား​တဲ့​ ​ကေအိုင်​အေတပ်ဖွဲ့​တွေကို အစိုး​ရစစ်တပ်ဘက်က အ​မြောက်လက်နက်​တွေနဲ့​ ပစ်ခတ်​နေစဉ်အတွင်း​ ဓာတုလက်နက်လို့​ ယူဆရတဲ့​ အ​မြောက်ကျည်နှစ်လုံး​ ကျ​ရောက်​ပေါက်ကွဲခဲ့​ပါတယ်။
အ​မြောက်ကျည် ကျ​ရောက်​ပေါက်ကွဲတာ​ကြောင့်​ ​ကေအိုင်​အေစစ်​ကြောင်း​ကို တာဝန်ယူ​နေရတဲ့​ သူကိုယ်တိုင် ​ဝေဒနာခံစား​ရလို့​ စစ်​ကြောင်း​တခုလုံး​ ဆုတ်ခွာ​ပေး​ခဲ့​ရတယ်လို့​ ​ကေအိုင်​အေတပ်မှူး​ လမိုင်လှနူး​က ​ပြောပါတယ်။
“သူတို့​ ပစ်တဲ့​အခါ မီး​ခိုး​ အမည်း​ရောင်ထွက်တယ်။ နှစ်လုံး​ ပစ်တယ်။ တခြား​ အ​မြောက်နဲ့​ ​ရောပြီး​ ပစ်တယ်။ အဲဒါ ​ခေါင်း​မူး​သွား​တယ်။ ရင်ဘတ်ထဲမှာ နာသလို ဖြစ်သွား​တယ်။ ကျ​နော်နဲ့​ ၄ ​ယောက်ဖြစ်သွား​တယ်။ ကျ​နော်တို့​ ဘုရား​ဆု​တောင်ကုန်း​ထဲမှာ ထိုင်​နေတယ်။ အဲဒီမှာ သူတို့​ ဓာတုလက်နက်ပစ်လို့​ ​ခေါင်း​မူး​သွား​လို့​ ​နောက်ဆုတ်သွား​တယ်၊​ ည​နေ ၃ နာရီမှာ ဂါး​ဒါယန်ဆု​တောင်း​ကုန်း​မှာ ထိုင်​နေတာ ဆုတ်သွား​တယ်​လေ။”
အဆိုပါ ​ကေအိုင်​အေအဖွဲ့​ဟာ အခုလလယ်ပိုင်း​ကစလို့​ မြစ်ကြီး​နား​ – လိုင်ဇာလမ်း​ပေါ်ရှိ ​ရွှေ​ညောင်ပင်နဲ့​ ဂါး​ဒါယန်​ကျေး​ရွာအကြား​မှာ ​ခြေကုတ်ယူပြီး​ မြစ်ကြီး​နား​မှ ချီတက်လာတဲ့​ အစိုး​ရစစ်​ကြောင်း​တွေကို ရက်သတ္တ ၂ ပတ်နီး​ပါး​ ခုခံတိုက်ခိုက်​နေခဲ့​တာပါ။ အဲဒီ​ဒေသမှာရှိတဲ့​ ရင်ခွဲ​တောင်ဆိုတဲ့​ ​နေရာမှာ ခုခံ​နေစဉ် အခုလို ဓာတုလက်နက်လိုမျိုး​နဲ့​ တိုက်ခိုက်တာ ကြုံခဲ့​ရ​သေး​တယ်လို့​ ​ကေအိုင်​အေတပ်မှူး​ လမိုင်လှနူး​က ​ပြောပါတယ်။
“ကျ​နော် လက်ဖက်​ခြောက်စား​တယ်။ စား​ပြီး​မှ နည်း​နည်း​သက်သာသွား​တယ်။ လဲ​တော့​ မလဲပါဘူး​။ ဒါ​ပေမယ့်​ ခဏတဖြုတ်​ခေါင်း​မူး​သွား​တာ။ ကြုံဖူး​တာ​ပေါ့​။ တလ​တောင် မကြာ​သေး​ဘူး​။ နှစ်ပတ်​လောက်။ ရင်ခွဲ​တောင်မှာ ​နေတယ်။ အဲဒီမှာ ပစ်တဲ့​အချိန်မှာလည်း​ အဲလိုမျိုး​ ၂ လုံး​ ၃ လုံး​လောက် ပစ်တယ်။ အဲဒီအချိန်မှာလည်း​ ကျ​နော့်​ရဲ​ဘော် တ​ယောက် အန်​တောင် အန်တယ်။”
အစိုး​ ရစစ်တပ်ဘက်က စစ်​ကြောင်း​တွေမှာ ​ပေါ်တာအထမ်း​သမား​တွေအသုံး​ပြုလို့​ လက်နက်ကြီး​ကျည်​တွေ သယ်​ဆောင်ကာ အ​မြောက်​တွေနဲ့​ တရစပ်ပစ်ခတ် တိုက်ခိုက်​နေတာ ဖြစ်ပြီး​ ​ကေအိုင်​အေဘက်က​တော့​ မိုင်း​နဲ့​ တိုက်ခိုက်ကာ အနီး​ကပ်ချုံခိုပစ်ခတ်​နေတာဖြစ်​ကြောင်း​၊​ အဲဒီအတွက် ထိခိုက်ကျဆုံး​မှုက အစိုရတပ်​တွေဘက်က ပိုများ​လာ​နေပြီး​ ဓာတုလက်နက်လိုမျိုး​ လက်နက်ဆန်း​တွေပါ သုံး​လာ​နေတာလို့​ အဆိုပါ ​ကေအိုင်​အေအရာရှိက ​ပြောပါတယ်။
အခုနှစ် ဇွန်လဆန်း​ပိုင်း​ကစလို့​ ​ကေအိုင်​အေနဲ့​ မြန်မာအစိုး​ရတပ်​တွေအကြား​ တိုက်ပွဲ​တွေ ပြန်ဖြစ်လာ​နေပြီး​ ​ကေအိုင်​အေဘက်က တရုတ် – မြန်မာနယ်စပ်ကုန်သွယ်​ရေး​ လမ်း​ကြောင်း​တွေကို ထိန်း​ချုပ်ထား​လိုက်ရာ ထိုလမ်း​ကြောင်း​များ​ကို ပြန်လည်စိုး​မိုး​ဖို့​အတွက် အစိုး​ရတပ်​တွေက ထိုး​စစ်ဆင် တိုက်ခိုက်​နေတာလည်း​ ဖြစ်ပါတယ်။

သတင်း---ဒီဗွီဘီ

ကန့်ကွက်မူများကြောင့် ဘီဘီစီမှ တင်ထားသော မြန်မာ မြေပုံကို အပြောင်းအလဲ လုပ်

ဘီဘီစီ (အင်္ဂလိပ်ပိုင်း) သတင်း ၀က်ဆိုက်ဘ်ဆိုက်တွင် အန်နာဂျုံး ( Anna Jones) ဆိုသူ သတင်းသမား တစ်ယောက်ရေးသားသော သတင်း တပုဒ်ကို မြန်မာ နိုင်ငံ မြေပုံနှင့် တကွ ပူးတွဲ ဖေါ်ပြရာတွင် ရခိုင်ပြည်နယ်တွင် အဓိက နေထိုင်သော ရခိုင်လူမျိုးကို ထည့်သွင်း ဖေါ်ပြခြင်း မရှိဘဲ ရိုဟင်ဂျာပုံကို ထည့်သွင်း ဖေါ်ပြထားသဖြင့် မြန်မာနိုင်ငံသား အများအပြားက ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။

အဆိုပါ ကန့်ကွက်မူများ ပေါ်ပေါက်ပြီးနောက် ဘီဘီစီ အင်္ဂလိပ်ပိုင်းမှ အဆိုပါ မြေပုံကို ဖြုတ်ချလိုက်ပြီး အသစ်တဖန် ရခိုင်လူမျိုး ဓါတ်ပုံ တစ်ပုံကို ထည့်သွင်းကာ ယခင် မြေပုံ အတိုင်း ပြန်လည် ဖေါ်ပြခဲ့သည်။

၎င်းပြင် ဖြေရှင်းချက် တစ်ခုကိုလည်း Facebook မှ တဆင့် ယခုလို ရေးသားဖေါ်ပြသည်။

"မြန်မာနိုင်ငံနယ်စပ်များတွင် နေထိုင်ကြပြီး အစိုးရနှင့် ပဋိပက္ခဖြစ်နေကြသော လူနည်းစုများမှ လူသိများသော အုပ်စုများကို ဖော်ပြ လိုရင်းသာ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်နေရာကို မျဉ်းကြောင်းနှင့် ရိုဟင်ဂျာပုံ ပူးတွဲ ဖော်ပြခဲ့ခြင်းမှာလည်း ပြည်နယ်ကို မည်သူမည်ဝါ ပိုင်ဆိုင်သည်ဟု ဖော်ပြလိုရင်း မဟုတ်သလို၊ ရခိုင် တိုင်းရင်းသားများကို ဖယ်ရှားချန် ထားလိုသော ရည်ရွယ်ချက်လည်း မရှိပါ" ဟု ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဘီဘီစီ (မြန်မာပိုင်း အစီအစဉ်) အား နိရဉ္စရာမှ ဖုံးမှ တဆင့် မေးမြန်းရာ ဘီဘီစီ ၀ိုင်းတော်သား တစ်ဦးက ယခုလို ပြန်လည် ဖြေကြားသည်။

" အဲဒါကလေ ကျွန်တော်တို့ ဘီဘီစီ Facebook မှာလည်း ရေးထားပြီးပါပြီခင်ဗျာ။ ဒီကိစ္စက ကျွန် တော်တို့ ဒီလို သီးခြားဖြေရှင်းလို့ မရပါဘူး ခင်ဗျာ။ ကျွန်တော်တို့ ဘီဘီစီ Facebook မှာ အထက် အရာရှိတွေရဲ့ ဖြေရှင်းချက်ကို ရေးထားပြီးပါပြီ ခင်ဗျာ။"

အဆိုပါ ကိစ္စမှာ Asia-Pacific ဌာနမှ တင်ထားသည့် ကိစ္စဖြစ်သည့်အတွက် ဘီဘီစီ မြန်မာပိုင်းအစီ အစဉ်နှင့် သက်ဆိုင်မှုမရှိကြောင်း သူကဆက်ပြောသည်။

" ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူးခင်ဗျာ။ ဒီဥစ္စာက ဒီသူတို့ Asia-Pacific ဌာနက တင်ထားတဲ့ ဥစ္စာပါ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘီဘီစီ Asia-Pacific ဌာကို ဆက်သွယ်ရင် ပိုကောင်းပါလိမ့်မယ် ခင်ဗျာ"ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် အဓိက နေထိုင်သူ ရခိုင်လူမျိုးကို မြေပုံထဲမှ ဖယ်ထုတ်ပြီး ရိုဟင်ဂျာပုံကို ရခိုင်ပြည်နယ် နေရာတွင် ဖေါ်ပြထားမူမှာ မတရား အနိုင်ကျင့်မူ တစ်ခု အဖြစ် သူထင်မြင် သဖြင့် ယခုကဲ့သို့ ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ယခု ကမ်းပိန်းကို ဦးဆောင်လူရှားရာတွင် ပါဝင်သူ အမေရိကားမှ ကိုကျော်ထူးအောင်က ပြောသည်။

၎င်းပြင် ယခု လုပ်ရပ်ကို တမင်ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ကိုင်ခြင်း အဖြစ် သူထင်မြင်ကြောင်း ယခုလို ပြောသည်။

" သူတို့က ရည်ရွယ်ချက်ရှိရှိ ဘက်လိုက် လူပ်ရှားမှုလို့ မြင်တယ်။ ရည်ရွယ်ချက်မရှိဘူး ဘက်မလိုက်ဘူး ဆိုရင် ဘာလို့ တရားဝင် မတောင်းပန်သေးတာလဲ။ လူတိုင်းဟာ အမှား လုပ်တတ်တေ။ မှားတာကို ၀န်ခံပြီး တောင်းပန်ဖို့ လိုပါတယ်" ဟု သူက ပြောသည်။

ဘီဘီစီ အင်္ဂလိပ်ပိုင်းမှ မြန်မာနိုင်ငံ မြေပုံကို ဆက်လက် ဖေါ်ပြရာတွင် ရခိုင်လူမျိုးများအား ရခိုင်ပြည်နယ် အလယ်နေရာတွင် ဖေါ်ပြထားပြီး မွတ်ဆလင် ကလေးငယ်များ ဘုရားဝတ်ပြုနေသည့် ဓါတ်ပုံအထက်တွင် ရိုဟင်ဂျာဟု စာလုံးကို ရေးသားကာ ဘင်္ဂလာဒေခ်ျ့- မြန်မာ နယ်စပ် အနီး အထက်နားသို့ ရွှေ့ကာ ဖေါ်ပြထားသည်။

ထိုသို့ ရခိုင် လူမျိုးဓါတ်ပုံနှင့် တကွ ရခိုင်ပြည်နယ် နေရာတွင် ပြင်ဆင် ဖေါ်ပြထားသော်လည်း ဘီဘီစီ မြန်မာပိုင်း အစီအစဉ်၏ Facebook စာမျက်နာတွင် ယခင်က ဖေါ်ခြခဲ့မူ အပေါ် မကျေနပ်သူများက ဝေဖန် ရေးသားမူများ တိုးပွားနေပြီး အများစု စာများမှာ အဆိုပါ သတင်းနှင့် တိုက်ရိုက် ပတ်သက်မူ မရှိသော ဘီဘီစီ (မြန်မာပိုင်း)ကို ဝေဖန် တိုက်ခိုက် ထားသော စာများ ဖြစ်ကြသည်။

ရခိုင်ပြည်နယ် နေရာတွင် ရိုဟင်ဂျာကို ဖေါ်ပြထားမူ အပေါ် မကျေနပ်မူနှင့် အတူ ရင်ဖွင့်လာရာတွင် စာရေးဆရာ၊ ကဗျာဆရာနဲ့ ဒါရိုက်တာ ကိုချိုတူးဇော်လည်း ပါဝင်ပြီးသူက မိုးမခ သတင်းဌာနမှ တဆင့် ယခုလို ပြောသည်။ "ဒီသတင်းကို တွေ့တွေ့ချင်း စိတ်အင်မတန်မှ ဆိုးမိပါတယ်။ အဲဒါကြောင့် ကျနော် ဒီလိုလုပ်နေတာပေါ့။ စော်ကားခံရတယ် လို့သဘောထားပါတယ်" ဟု ပြောသည်။

အလားတူ စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ရခိုင်အမျိုးသမီးငယ်တစ်ဦးကလည်း “ သတင်းဌာနကြီး တစ်ခုဖြစ်ပြီး ဒီလို ခွင့်လွတ်ဖို့ မဖြစ်နိုင်တဲ့ သမိုင်းအမှားတွေ၊ ဓါတ်ပုံအမှားတွေတင်ထားပြီး လူမျိုးရေးကို စော်ကားတာ အသည်း တစ်စက်စက် နာတယ် ” ဟု သူမအမြင်ကို ရင်ဖွင့်သွားခဲ့သည်။

အဆိုပါ အငြင်းပွားဖွယ်ရာ မြေပုံကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က Asia-Pacific ဌာနမှ သတင်း ထောက် Anna Jones ရေးသားသည့် Bleak outlook for Burma's ethnic groups ဆောင်းပါးတွင် သတင်းနှင့် အတူ ပူးတွဲ ဖော်ပြခဲ့သည်။


နိရဉ္စရာ

ဧရာဝတီ မှသည် ပြည်ထောင်စုဆီသို့











၁၉/၁၀/၂၀၁၁ရက်နေ့က ဧရာဝတီမြစ်ကို သင်္ဘောနဲ့ စုန်ပြီး အင်းဝ ဆင်ကျုံးခံတပ်မှာ “ ဧရာဝတီ မှသည် ပြည်ထောင်စုဆီသို့ ” ဆိုတဲ့အစီအစဉ်လေးတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါပွဲမှာ မဇ္ဈိမလှိုင်း တေးဂီတဝိုင်းနဲ့အတူ ကိုရဲလွင်၊ကိုသားထွေး၊ကိုတိုးလွင်၊ကိုညီညီလွင်၊ကိုဝေယံတို့က သီချင်းတွေသီဆိုဖျော်ဖြေခဲ့ကြပြီး ရန်ကုန်ကနေ လိုက်ပါလာကြတဲ့ ကဗျာဆရာ ကြည်ဇော်အေး၊ဟိန်းမြတ်ဇော်၊ တိုးနှောင်မိုး၊ငြိမ်းသစ်တို့မှ ကဗျာတွေရွတ်ဆိုကြသလို ဆရာကိုလေး(အင်းဝဂုဏ်ရည်) နဲ့ ဧရာဝတီကို ချစ်မြတ်နိုးကြသူများက အမှတ်တရစကားများပြောကြားခဲ့ပါတယ်။ သတင်း--- Burma VJ Media Network

ဆိပ်ဖြူ ရေဘေး အကူအညီလိုအပ်ဆဲ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်အတွင်းရှိ ရေးဘေးသင့်သောကျေးရွာ (၂၅)ရွာတွင် ကျေးရွာပေါင်း (၂၀) ကျော်မှာ ရွာလုံးကျွတ်ပြောင်းရွေ့ရန်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရွာလုံးကျွတ်ပြောင်းရွေ့ရမည့်ကျေးရွာ(၂၀)ကျော်မှာ အောက်တိုဘာလ (၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  မြစ်ရေ၊ ချောင်းရေများကြီးခဲ့ပြီး ရွာလုံးကျွတ်ရေနစ်မြုတ်ခြင်းခံခဲ့ရကြောင်း သိရသည်။
 
̏ အခုလက်ရှိအခြေအနေအရ့ ရွာလုံးကျွတ်ပြောင်းရမယ့်အနေအထားတွေဖြစ်နေပြီ။ ဘာလို့လဲဆိုတော့ ရွာမှာရှိတဲ့အိမ်တွေရော၊ မြေတွေကအစ ဘာမှရစရာမရှိတော့ဘူး။ လုပ်ကိုင်စားလို့လဲ မရတော့ဘူး။ နိုင်ငံတော်ကတော့ ပြောင်းရွေ့ပေးရမယ့်မြေနေရာကို ချပေးမယ်လို့ပြောတယ် ̋ ဟု မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ ရွာလုံးကျွတ်ရေလွှမ်းမိုးခြင်းခံခဲ့ရသော တောင်ရွာမကျေးရွာမှ အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းက ပြောသည်။
လက်ရှိအချိန်တွင် ရေလွှမ်းမိုးမှုခံခဲ့ရသော ကျေးရွာများမှ ရေဘေးသင့်ဒုက္ခသည် ပြည်သူများသည် ယာယီတဲများ၊ ဘုန်းကြီးကျောင်းများနှင့် ဘုရားများပေါ်တွင် နေထိုင်ကြရပြီး အလှူရှင်များမှ လာရောက်လှူဒ္ဒါန်းသော အစားအသောက်နှင့် အဝတ်အထည်များကိုသာ မှီခိုအားထားနေရကြောင်း သိရှိရသည်။
` အစားအသောက်နဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကတော့ ရသင့်သလောက်ရနေပါပြီ။ ဒါပေမယ့် အဓိကလိုအပ်တာက သူတို့ဘဝတွေအတွက် ပြန်လည်ထူထောင်ရေးပါ။ အများစုက အိမ်တိုင် တောင်မကျန်တဲ့သူတွေချည်းပဲ ̋ ဟုံ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး(ဆိပ်ဖြူမြို့နယ်)ကပြောသည်။
ရေဘေးသင့်ပြည်သူများမှာ ယာယီတဲများ နှင့် ဘုရားများပေါ်တွင်သာစုပြုံ၍နေထိုင်ရသောကြောင့် အချိန် ကာလကြာလာလျှင် ဝမ်းရောဂါများနှင့် နောက်ဆက်တွဲ ကျမ်းမာရေးပြဿနာများ ပေါ်ပေါက်လာနိုင်ကြောင်း ဦးမြင့်စိုး(ဆိပ်ဖြူမြို့နယ်)ကပြောသည်။
ဆိပ်ဖြူမြို့နယ်အတွင်း အောက်တိုဘာ ၁၉ ရက်နေ့ကမိုးကြီး ရေကြီးရေလျှံခြင်းကြောင့် ရေနစ်မြုပ်ပျက်စီးသွားသောကျေးရွာ(၂၅)ရွာရှိကြောင်းနှင့် အဆိုပါကျေးရွာများမှ သေဆုံးသူ (၇) ဦးအထိရှိပြီး နွား၊ သိုး၊ ဆိတ်၊ ဝက်အစရှိသည့် အိမ်မွေးတိရိစ္ဆာန် သေဆုံးမှု အကောင်ရေ(၂၀၀၀) နှစ်ထောင်ကျော် ရှိကြောင်း သိရသည်။
 ̏ နေမှု၊ထိုင်မှုလေးအဆင်ပြေရင်တော့ လုပ်ငန်းလေးပြန်လုပ်မလို့စိတ်ကူးထားတယ်။ ကျွန်တော်  ပန်းရံလုပ်တတ်တယ်လေ။ ပန်းရံထွက်လုပ်မယ် ̋  ဟု မြောက်ရွာမမှ ရွာသားတစ်ဦးကပြောသည်။
အဆိုပါဒေသသို့ အဖွဲ့အစည်းလိုက်လာလှူသော အဖွဲ့အစည်းထက် တဦးချင်း စေတနာရှင်များအနေဖြင့် လာရောက်လှူဒါန်းမှုများ ကြောင်း၊ဒေသခံတို့ ပြန်လည်ထူထောင်ရေးအတွက် အဖွဲ့အစည်းများ၏ အလှူနှင့် ထောက်ပံ့ကူညီမှုများလည်း လိုအပ်နေဆဲဖြစ်ကြောင်း သိရှိရသည်။
 ကျော်ဇင်မန်း(မြစ်မခ)

ကြောင်လိုလို ကြွက်လိုလို လုပ်မနေနဲ့(မောင်ဝံသ)

ဓါတ်ပုံ Facebook
ဒီမိုကရေစီနိုင်ငံများက လွှတ်တော်တွေမှာ အဓိက အာဏာရပါတီနဲ့ ယင်းရဲ့ မဟာမိတ်များ၊  အဓိက အတိုက်အခံပါတီနဲ့ ယင်းရဲ့ မဟာမိတ်များဆိုတာ ရှိစမြဲပဲဗျ။ ]]အတိုက်အခံတို့ဘာတို့ ပြောမနေပါနဲ့၊ လွှတ်တော်ထဲမှာ ပါတီတွေ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်အကျိုးရှိမယ့်ကိစ္စတွေမှာ စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်သွားရအောင်}}လို့ ပြောရင် အဲဒါဟာ စိတ်ကူးယဉ်တာပဲ ဖြစ်မယ်လို့ ကျွန်တော် ပြောချင်သဗျ။ ပါတီစုံဒီမိုကရေစီဟာ နာမည်အတိုင်းပဲ ပါတီစုံ ဖြစ်ရမယ်။ အသွင်သဏ္ဍာန်ရော အနှစ်သာရပါ တစ်ပါတီပုံစံ လုံးဝ မဖြစ်သင့်ဘူးလို့ စဉ်းစားမိပါတယ်။
    ဆိုလိုတာက လွှတ်တော်တွင်းရောက်နေတဲ့ နိုင်ငံရေးပါတီတွေအားလုံး တစ်သံတည်းထွက်ဖို့၊ တစ်ခုတည်းသော သဘောထားတွေ ဖော်ထုတ်ဖို့ဆိုတာ မဖြစ်လည်းမဖြစ်နိုင်၊ မဖြစ်လည်း မဖြစ်သင့်ဘူးလို့ ပြောချင်တာပါ။ မဖြစ်နိုင်ဘူးဆိုတာကိုတော့ အထူးရှင်းပြစရာလိုမည် မထင်ပါ။ မဖြစ်သင့်ဘူးဆိုတာကို နည်းနည်း ရှင်းပြချင်ပါတယ်။

ဖဲဝိုင်းအိမ်ဖြည့်လို
    ပါတီစုံဒီမိုကရေစီရဲ့ အနှစ်သာရတစ်ခုက မတူကွဲပြားသောအမြင်များကို ဖော်ထုတ် တင်ပြဆွေးနွေးကြပြီး နောက်ဆုံးမှာ မဲခွဲ ဆုံးဖြတ်၊ အများဆန္ဒကို အနည်းစုက လက်ခံ၊ အနည်းစုရဲ့ ဆန္ဒကို အများက လေးစားသမှုပြုရမှာ ဖြစ်တယ်ဗျ။ အဲဒါကြောင့် လွှတ်တော်ထဲမှာ အမတ်နေရာအင်အားဟာ ၆၀း ၄၀ နှုန်းလောက်ရှိနေရင် အကောင်းဆုံးပဲလို့ နိုင်ငံရေးသိပ္ပံကျမ်းတချို့မှာ ဖတ်ဖူးပါတယ်။ သဘောကတော့ အာဏာရပါတီ + ယင်းရဲ့ မဟာမိတ်များ ပူးပေါင်းအင်အားဟာ ၆၀ ရာခိုင်နှုန်းလောက်ဆိုရင် ကောင်းတယ်။ အဓိကအတိုက်အခံပါတီ + ယင်းရဲ့ မဟာမိတ်များအင်အားဟာ ၄၀ ရာခိုင်နှုန်းလောက်ဆိုရင်  ကောင်းတယ်။ စင်ကာပူလို ၈၀း ၆ အချိုးလောက်ဖြစ်နေရင်တော့ တစ်ပါတီအာဏာရှင်စနစ်နဲ့ ဘာမှ မထူးဘူးလို့ ပြောစရာ ဖြစ်ပါလိမ့်မယ်။ အတိုက်အခံဆိုတာ ဖဲဝိုင်းတစ်ဝိုင်းမှာ အိမ်ပြည့်အောင် ထည့်ပေးထားတာနဲ့ မခြားနားတော့ပါဘူး။

တက်ညီလက်ညီ နှစ်ပါတီဆိုတာ
    အမေရိကန်ပြည်ဟာ ကွန်မြူနစ်ပါတီအပါအ၀င် ပါတီပေါင်းစုံကို ဖွဲ့စည်းရပ်တည်ခွင့်ပေးထားတဲ့အတွက် ပါတီစုံစနစ်လို့ ဆိုနေပေမယ့် တကယ်တမ်း လွှတ်တော်ထဲရောက်တဲ့ လူတွေကို ကြည့်လိုက်ရင် နှစ်ပါတီစနစ်ဘူတာကိုပဲ ဆိုက်နေတာ တွေ့ရမှာပါ။   ဘာရက်အိုဘားမား သမ္မတဖြစ်လာတော့  နှစ်ပါတီတက်ညီလက်ညီစခန်းသွားကြဖို့ မျှော်လင့်ချက်  (Bi-partisan hopes) ထားတဲ့အကြောင်း ပြောပြီး တက်ညီလက်ညီ နှစ်ပါတီ လက်တွဲလုပ်ဆောင် သွားဖို့ ကြိုးစားခဲ့သေးတယ်။ သူက အတိုက်အခံတွေနဲ့ လက်တွဲလုပ်နိုင်တယ်၊ သူ့ဘက်က အာဃာတကင်းရှင်းစွာ လက်ကမ်းရင် အတိုက်အခံကလဲ သဘောကြီးကြီးနဲ့ လက်တွဲမှာပဲလို့ ယုံကြည်ခဲ့တယ်။ ဒါပေမယ့် ပထမဆုံး စမ်းသပ်ပွဲအဖြစ် သမ္မတဖြစ်ပြီး ခြောက်လမပြည့်ခင် အိုဘားမားအဆိုပြုတဲ့ စီးပွားရေး ပြန်လည်နိုးထဖို့ ဒေါ်လာ ၈၁၉ ဘီလျံအသုံးပြုမယ့် အစီအစဉ်ကို အောက်လွှတ်တော်မှာ မဲခွဲတော့ ရီပတ်ဗလီကင်ပါတီက အမတ်တစ်ယောက်ကမှ မထောက်ခံဘူး။ ပထမဆုံး စမ်းသပ်ပွဲမှာပဲ စိတ်ပျက်စရာဖြစ်သွားခဲ့တယ်ဗျာ။ သည်စမ်းသပ်မှုမှာ အိုဘားမားအောင်မြင်ရင် ကမ္ဘာမှာ ပြိုင်ဘက်ပါတီများ တက်ညီလက်ညီ လက်တွဲလုပ်နိုင်ဖို့ စံနမူနာတွေ့ပြီဆိုပြီး ကျွန်တော်တို့ စောင့်ကြည့်ခဲ့ကြတာဖြစ်လို့ မှတ်မိနေတာပါ။

ပါတီစွဲမထားကြဖို့
    ရီပတ်ဗလီကင်တွေက မထောက်ခံပေမယ့် အဆိုပြုချက်ကတော့ အတည်ဖြစ်သွားတာပဲ။ အထက် အောက်လွှတ်တော်နှစ်ရပ် စလုံးမှာ ဒီမိုကရက်တစ် အမတ်တွေက အများစုဖြစ်နေလို့ အတည်ပြုနိုင်ခဲ့တာ ဖြစ်တယ်ဗျ။ အိုဘားမားက အဲသလို ဖြစ်ချင်တာမဟုတ်ဘူး။ သူလိုချင်တာက တိုင်းပြည်ကောင်းစားရေး ကိစ္စဆိုရင် ပါတီစွဲမထားကြနဲ့။ ထောက်ခံသင့်တာကို ထောက်ခံရမယ်လို့ နှိုးဆော်ခဲ့တာဗျ။ သို့သော် လက်တွေ့ကျတော့  ရီပတ်ဗလီကင်အမတ် တစ်ယောက်တောင် ထောက်ခံသူမရှိဘူးဆိုတော့ သူ့မျှော်လင့်ချက် သဲထဲရေသွန်သလိုဖြစ်သွားရတာပေါ့။ အဲဒီတုန်းက မဲခွဲအတည်ပြုလိုက်တဲ့အခါ ဒီမိုကရက်တွေက သြဘာပေးကြတယ်။ ရီပတ်ဗလီကင်တွေက တုံဏှိဘာဝေ တိတ်ဆိတ်နေကြသတဲ့။
    ရီပတ်ဗလီကင်တွေ မထောက်ခံတာက သူတို့ အကြောင်းနဲ့သူတို့ရှိတယ်။ ဘဏ်တွေကို အစိုးရက ကယ်ဆယ်ရမယ်ဆိုတာကို သူတို့ ဘ၀င်မကျကြဘူး။ ပြီးတော့ သူတို့ ရီပတ်ဗလီကင်သမ္မတ ဘုရှ်က  အမေရိကန် စီးပွားရေး ပြန်ထူမတ်လာအောင် ကျားကန်ပေးဖို့ လွှတ်တော်ကနေ ဒေါ်လာ ဘီလျံ ၇၀၀ တောင်းပေးပြီးတာအပြင်  အိုဘားမားက ဒေါ်လာ ဘီလျံ ၈၀၀ ထပ်တောင်းတာကိုလဲ သဘာဝမကျဘူးလို့ သူတို့ယူဆတဲ့အကြောင်း ကျွန်တော်ဖတ်လိုက်ရတယ်။
    အိုဘားမားရဲ့ အဖြစ်က ဆိုးတယ်။ ကျန်းမာရေးရန်ပုံငွေ စီမံချက်ကို သူတင်ပြတော့ ရီပတ်ဗလီကင်တွေအကုန်လုံးက ကန့်ကွက်တာတော့ ထားပါတော့၊ သူ့ရဲ့ မိခင်ပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက အမတ် ၃၀ ကျော်ကပါ ကန့်ကွက်ခဲ့တာနဲ့ ကြုံရတယ်။

အတိုက်အခံပီပီသသ ရပ်တည်
    အထက်ပါဥပမာကို ကြည့်ရင် တက်ညီလက်ညီနှစ်ပါတီဆိုတဲ့ မျှော်မှန်းချက်ဟာ စိတ်ကူးယဉ်တာပဲဆိုတာ ပေါ်လွင်နေတာပါပဲ။ ကျွန်တော်တို့ ဆီမှာလည်း အဲသလို စိတ်ကူးယဉ်တဲ့ အမတ်တချို့ကိုတွေ့ဖူးတယ်။ သူတို့ ပြောတာဆိုတာတွေ ဖတ်ဖူးတယ်။ လွှတ်တော် ၀န်းကျင် လေထုထဲရောက်သွားပြီး ပြောခွင့်ဆိုခွင့် အထိုက်အလျောက်ရတာနဲ့ပဲ တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ရေးတို့ဘာတို့ ပြောလာကြတယ်။ ကျွန်တော်က အဲသလို မဖြစ်စေချင်ဘူး။ အတိုက်အခံပါတီတွေဟာ အတိုက်အခံပီပီသသ ရပ်တည်သင့်တယ်လို့ပဲ ယူဆပါတယ်။ နောက်ရွေးကောက်ပွဲမှာ တစ်လှည့်တစ်ပြန် အစိုးရဖြစ်နိုင်သူတွေလို့ ပြည်သူတွေက မျှော်လင့်ချက်ထားနိုင်အောင် မတူကွဲပြားတဲ့ အမြင်တွေကို တင်ပြနိုင်ရမယ်။ ပြည်သူထောက်ခံမှု ပိုရအောင် အားမွေးသင့်တယ်။ ဒါမှသာ ဒီမိုကရေစီ အလေ့အကျင့်တွေ ရကြမှာပေါ့။
  မြန်မာပြည်သူတွေကစစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော်ကို မြင်လိုကြတာ ဖြစ်တယ်။ နိုင်ငံရေးပါတီတွေကိုလည်း ကြောင်ဆိုရင်လည်း ကြောင်၊ ကြွက်ဆိုရင်လည်း ကြွက်အဖြစ် ရှင်းရှင်းလင်းလင်း မြင်ချင်တယ်။ မှုန်ဝါးဝါးနဲ့ ကြောင်လိုလို ကြွက်လိုလို လုပ်နေလို့ကတော့ ပြည်သူရဲ့ ယုံကြည်မှုကို ရတော့မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။
၂၆၊ ၁၀၊ ၁၁
maungwuntha@gmail.com

ယခု အပတ်ထုတ် True News သစ္စာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မှန်တာပြောသစ္စာ ဆောင်းပါး။

တရုတ်နားရွက် တံတွေးဆွတ်လိုက်တဲ့ ဗီယက်နမ်


တရုတ်အစိုးရပိုင် Global Times သတင်းစာက ဗီယက်နမ်နဲ့ အိန္ဒိယ အစိုးရပိုင် ရေနံကုမ္ပဏီ (ONGC) တို့ မကြာခင်က စာချုပ်ချုပ်တဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
တရုတ်က သူ့ရေပိုင်နက်လို့ ကြေငြာထားတဲ့ တောင်တရုတ်ပင်လယ်က နေရာအချို့မှာ ဗီယက်နမ်နဲ့ အိန္ဒိယက သဘာဝဓာတ်ငွေ့ တူးဖော်ဖို့ စာချုပ်ချုပ်လိုက်တဲ့အတွက် ဒေါသထွက်နေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဒီနှစ်နိုင်ငံစာချုပ်က တရုတ်ရဲ့ ပင်လယ်ပြင် အချုပ်အခြာကို ကန့်သတ်လိုက်တဲ့ သဘောပင်။
တရုတ်အစိုးရ ဒေါသထွက်မယ်ဆိုလည်း ထွက်စရာ။ ဒီလအစောပိုင်းမှာ ဗီယက်နမ် ကွန်မြူနစ်ပါတီခေါင်း ငုယင်ဖူကျောင်း ပေကျင်းမြို့ကို အလည်သွားရောက်ပြီး တရုတ်ခေါင်းဆောင်တွေနဲ့ ပင်လယ်ပြင်ပိုင်နက် အချင်းများမှုကို အဖြေရှာဖို့ ဆွေးနွေးစကားတွေ ပြောခဲ့သည်။ ပေကျင်းခရီးက ပြန်လာပြီး တစ်ရက်ပဲရှိသေး ဗီယက်နမ်က အိန္ဒိယနဲ့ စွမ်းအင်ပူးပေါင်းဆောင်ရွက်ဖို့ စာချုပ်ချုပ်လိုက်ခြင်း ဖြစ်သည်။
Global Times သတင်းစာက "ဗီယက်နမ်ခေါင်းဆောင်ပိုင်းက မလေးမခန့်နဲ့ ထိပ်တိုက်တိုး လုပ်ဆောင်မှုကို တရုတ်အစိုးရက အရေးယူဖို့ စဉ်းစားနေပြီ" ဟု အပြင်းအထန် ထိုးနှက်ရေးသားခဲ့သည်။
နောက် တရုတ်ကွန်မြူနစ်ပါတီထုတ် People's Daily သတင်းစာကလည်း အိန္ဒိယရဲ့ စွမ်းအင်မဟာဗျူဟာက အန္တရာယ်ဇုံအတွင်း ကျရောက်နေပြီဖြစ်ကြောင်း အိန္ဒိယကို သတိပေး ရေးသားခဲ့သည်။
အဲဒီ တရုတ်သတင်းစာတွေရဲ့ မာမာထန်ထန် ပြောဆိုမှုနောက်ကွယ်မှာ တရုတ်အစိုးရ ထိတ်လန့်မှု နှစ်ခု ရှိသည်။ ပထမတစ်ခုက တောင်တရုတ်ပင်လယ် ရေပိုင်နက်အပေါ် တရုတ်နဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ အငြင်းပွားနေမှုကို အခု အိန္ဒိယကပါ တိုက်ရိုက် ပါဝင်ပတ်သက်လာမှု ဖြစ်သည်။ ဒုတိယက အိန္ဒိယနဲ့ ဗီယက်နမ် နီးနီးကပ်ကပ် ဆက်ဆံမှု ရှိလာခြင်းဖြစ်သည်။
ဒီနှစ်နိုင်ငံ တပူးတွဲတွဲ ဖြစ်လာတဲ့ အကြောင်းက တရုတ်ကို ထိန်းချုပ်ဖို့ အမေရိကန်ရဲ့ နောက်ကွယ်မဟာဗျူဟာ အစီအစဉ်ဖြစ်သည်။ ဒီတော့ ဗီယက်နမ်နဲ့ အိန္ဒိယ လုံးနေပြီဆိုတဲ့ အသံကြားတာနဲ့ကို တရုတ်အဖို့ ပင်လယ်ပြင်ထိန်းချုပ်ရေးအတွက် စိုးရိမ်စိတ်အားကြီးလာခဲ့သည်။
နောက် ဗီယက်နမ်ကွန်မြူနစ် ပါတီခေါင်းဆောင် တရုတ်ပြည်ရောက်နေတဲ့အချိန်မှာ၊ ဗီယက်နမ် သမ္မတကလည်း အိန္ဒိယကို တပြိုင်နက်ထဲ ရောက်နေသည်။ ရည်ရွယ်ချက်ကတော့ အာရှနိုင်ငံကြီး နှစ်နိုင်ငံလုံးကို မဟာဗျူဟာမိတ်ဖက်အဖြစ် စည်းရုံးဖို့ဟု ဆိုသည်။
၁၉၈၈ ခုနှစ်မှာ တောင်တရုတ်ပင်လယ် စပရက်တလေကျွန်းကိစ္စအတွက် တရုတ်နဲ့ ဗီယက်နမ် ပစ်ခတ်မှုတွေ ဖြစ်ပြီး ဗီယက်နမ်စစ်သား ၇၀ ကျော် သေဆုံးခဲ့ရသည်။ အဲဒီကတည်းက တင်းမာမှုတွေ ဆက်ရှိနေပြီး၊ ဒီနှစ်အစောပိုင်း ဟနွိုင်းနဲ့ ဟိုချီမင်းမြို့တော်မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေအထိ ဖြစ်ခဲ့သည်။
ဒါကြောင့် ဗီယက်နမ်က အခု အိန္ဒိယရဲ့ ၀ိုင်းရံကူညီမှုကို ၀မ်းသာအယ်လဲ ကြိုဆိုခဲ့သည်။ နောက် အာစီယံ ပါတနာတွေဖြစ်တဲ့ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်တို့ကလည်း တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ကျွန်းလုနေကြရတာမို့၊ ဗီယက်နမ်က အဲဒီနိုင်ငံတွေနဲ့ပါ ညီညွတ်ရေးတပ်ဦး တည်ဆောက်ပြီး တရုတ်ကို ကျားကန်ဖို့ လုပ်ထားသည်။
အဲဒီဇာတ်လမ်းနောက်ကွယ်မှာ အိန္ဒိယက မဟာဗျူဟာ အခွင့်ရေးကောင်းကို ရယူခဲ့တာ ဖြစ်သည်။ တရုတ်က ပြိုင်ဖက် အိန္ဒိယကို ထိန်းချုပ်ဖို့ ပါကစ္စတန်ကို ကိုင်ထားသလို၊ အိန္ဒိယကလည်း တန်ပြန်အဖြစ် ဗီယက်နမ်ကို သစ္စာခံအဖြစ်ထားဖို့ ကြိုးစားလာသည်။ ယခု အိန္ဒိယ ဗီယက်နမ် ပါတနာဖွဲ့မှုနောက်ကွယ် ဇာတ်ဆရာက အမေရိကန် ဖြစ်သည်။
ဝင့်ထန်း http://www.maukkha.org/
Source: The Economist

ဒီကေဘီအေ နဲ့ အစိုးရ အပစ်ရပ်ရေး ဆွေးနွေး


ဒီကေဘီအေနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ အလွတ်သဘော ပဏာမ ဆွေးနွေးပွဲကို ကရင်ပြည်နယ်ဝန်ကြီးရုံးမှာ အောက်တိုဘာ ၂၆ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဒီကေဘီအေဘက်က ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်မိုရှေးက ဦးဆောင်ပြီး အစိုးရဘက်က​ တိုင်းရင်းသားရေးရာနှင့်​ ပြည်တွင်း ငြိမ်းချမ်းရေး​ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ လက်ရှိအာဏာရကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး (၁) ဦးအောင်သောင်းတို့ ဦးဆောင်ပါဝင်ပါတယ်။
ဒီဆွေးနွေးပွဲအပြီးမှာ နှစ်ဖက် ပစ်ခတ်မှု မဖြစ်အောင် ထိန်းသိမ်းနေကြပြီး နောက်ထပ်လည်း ဆွေးနွေးပွဲတွေ ထပ်လုပ်ကြဦးမယ်လို့ ပြောပါတယ်။
ဒီကေဘီအေ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်မိုရှေးကို ကိုအေးနိုင်က မေးမြန်းထားပါတယ်။
ဗိုလ်မှူးကြီး မိုရှေးတို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဦးအောင်သောင်းနဲ့ တွေ့တယ်လို့ သိရပါတယ်ဗျာ။ အဲဒီအခြေအနေလေး နည်းနည်း ပြောပြပါလား။
“ဦးအောင်သောင်းရယ်၊ ဦးသိန်းဇော်ရယ်၊ အပစ်ရပ်ရေးကို အလွတ်သဘော ဆွေးနွေးတာပါ။”
ပဏာမ ဆွေးနွေးပွဲလို့ ပြောလို့ရတာပေါ့နော်။
“ပဏာမ ဆွေးနွေးပွဲပါ။ နှစ်ဖက် သဘောတူ စာချုပ်စာတမ်းတော့ မရှိသေးပါဘူး။ အပစ်ရပ်ရေးကို တခုတည်းကို ကြိုတင် ဆွေးနွေးတာပါ။ ကျန်တဲ့ အကန့်တွေ မပါသေးပါဘူး။”
ဘယ်သူတွေ ပါသေးလဲဗျ။
“ကျနော်ရယ်။ ဗိုလ်မှူး စိန်ဝင်းရယ် ပါပါတယ်။”
အစိုးရဘက်ကရော။
“အစိုးရဘက်က ၀န်ကြီး ဦးအောင်သောင်းပါတယ်။ ဦးသိန်းဇော်ပါတယ်။ ဦးမောင်မောင်သိန်း ပါတယ်။”
အဲဒီပုဂ္ဂိုလ်သုံးဦးက ကျနော်တို့ သိရသလောက်ဆိုရင် သမ္မတ ဦးသိန်းစိန်ဖွဲ့တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ မဟုတ်လားဗျ။
“ဟုတ်ပါတယ်။”
အရင်တုန်းက ပြည်နယ်အဆင့်အလိုက် ဆွေးနွေးမယ် ပြောပြီး ဒီကေဘီအေကျတော့ ဗဟိုအဆင့်နဲ့ တိုက်ရိုက်လာဆွေးနွေးတဲ့ သဘောလားဗျာ။
“ဟုတ်ပါတယ်။ ဟုတ်ပါတယ်။”
ကျနော်တို့ အပြင်ကနေ ကြိုတင်ပြီး ကြားတာက ပဏာမ ဗဟိုအားဖြင့် သဘောတူတာ သုံးချက်ရှိတယ်လို့ ကြားသိရတယ်။ အဲဒါနည်းနည်း ပြောပြပါလားခင်ဗျ။
“ဟုတ်ကဲ့။ နံပတ်တစ်က အပစ်ရပ်ရေး၊ နံပတ်နှစ်က ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ရေး၊ နံပတ်သုံးအချက်က အသွားအလာ လုပ်တဲ့နေရာမှာတဖွဲ့နဲ့ တဖွဲ့ အကြောင်းကြားပြီးတော့ ကူးသန်းသွားလာဖို့ပါ။ တပ်နေရာ ချထားရေးတို့ဆိုတာက နောက်တဆင့်သွားမယ်။”
အခု ဒီကေဘီအေဘက်ကနေပြီး အစိုးရဘက်က ပုဂ္ဂိုလ်တွေနဲ့ တွေ့ပြီးတော့ ပဏာမ သဘောတူညီချက်တွေက ဘယ်နေ့က စပြီး အကျုံးဝင်ပြီး သက်ရောက်မှု ရှိပြီလဲခင်ဗျ။
“အခုဟာက ပဏာမ ဆွေးနွေးထားတယ်ဆိုတော့ နှစ်ဦးနှစ်ဖက်က ထိန်းထိန်းသိမ်းသိမ်း ရှိထားဖို့ပါပဲ။ အပြီးအစီး မဟုတ်သေးပါဘူးခင်ဗျ။”
ဆွေးနွေးတာက ကျနော်တို့သိတာက ၂၆ ရက်နေ့လို့ ကြားတယ်ဗျ။
“ဟုတ်တယ်။ ၂၆ ရက်နေ့က ပြည်နယ်ဝန်ကြီးရုံးမှာ တွေ့တာပါ။”
ဒီလိုမျိုးတွေ့ဆုံပွဲဆိုတော့ နောက်တကြိမ်တွေ့ဆုံဖို့ ထပ်ရှိသေးလားဗျ။
“ရှိပါတယ်။ ဆက်ပြီးတော့ အကောင်အထည် ဖော်သွားမှာပါ။ ဒါပေမယ့် အချိန်မရောက်သေးပါဘူး။”
ပြီးခဲ့တဲ့ သီတင်းအပတ်တုန်းက ဗိုလ်မှူးတို့ တိုက်ပွဲ ဖြစ်တဲ့အကြောင်း သတင်းမေးရင်းနဲ့ ကျနော်မေးကြည့်တော့ ကေအန်ယူနဲ့ ဗိုလ်မှူးတို့က အတူတူပဲဆိုတော့ အခု ဆွေးနွေးပွဲမှာ ကေအန်ယူက ပုဂ္ဂိုလ်တွေ ပါလားဗျာ။
“မပါသေးပါဘူး။ ကျနော်တို့ အချက် သုံးချက်ကို သွားပြီး ကြိုလုပ်ထားတာပါ။ ကျန်တဲ့ လွှတ်တော်မှာ စကားပြောမယ်ဟေ့ ဆိုတာမျိုးကျတော့ ကျနော် မိခင်(ကေအန်ယူ)အတွက်ကို ထားခဲ့ပေးတာပါ။”
ကေအန်ယူကလည်း အောက်တိုဘာ လဆန်းတုန်းက ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနဲ့လည်း တွေ့ဆုံတယ်လို့ ကြားတယ်။ အဲဒါရော ဒီကေဘီအေဘက်က ကြားပါသလားခင်ဗျ။
“ကြားပါတယ်။ ဘန်ကောက်မှာ တွေ့တယ်လို့ ကြားပါတယ်။”
ဗိုလ်မှူးမိုရှေးတို့ တွေ့ဆုံမှုက ယူအန်အက်ဖ်စီ (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ)ရဲ့ သဘောထားတွေ့နဲ့ရော  ကိုက်ညီမှု ရှိပါသလားခင်ဗျာ။
“ယူအန်အက်ဖ်စီရဲ့ သဘောထားကျတော့ အဲဒီထဲမှာ ကျနော်တို့ ဒီကေဘီအေ မပါဘူး။ ကျနော်တို့က လွတ်နေတယ်။”
စစ်အစိုးရက အပစ်ရပ်ခဲ့တဲ့ တိုင်းရင်းသားအဖွဲ့တွေကို နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ် အသွင်ပြောင်းခိုင်းတာကြောင့် လက်မခံတဲ့ အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲမှု ပျက်ခဲ့ပါတယ်။


သတင်း---ဒီဗွီဘီ

စောင့်မျှော်နေပါတယ်

သမ္မတဦးသိန်းစိန်အစိုးရကို မထောက်ခံသေးဘူး၊ စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ရေးလိုက်တဲ့စာ ဂျာနယ်တွေထဲပါလာတဲ့မနက်ပိုင်းမှာတင် စာဖတ်ပရိသတ်အတော်များများဆီက ဖုန်းတွေလက်ခံရရှိတယ်။ အားလုံးက အားမလိုအားမရဖြစ်လို့ ဆက်ကြတာ။

အကြောင်းပြချက်ကိုယ်စီရှိ
အားမရသူအများစုက ဘယ်လောက်ကြာအောင်စောင့်ရဦးမှာလဲ။ နှစ်ပေါင်းငါးဆယ်လုံးလုံး စောင့်ကြည့်ခဲ့တာ မလုံလောက်သေးဘူးလားလို့ မေးကြတယ်။သူတို့တတွေ စိတ်မရှည်နိုင်တော့တာ အကြောင်းမဲ့ မဟုတ်ဘူး ဆိုတာ သိနေတဲ့အတွက် နားလည်ပေးလိုက်ပါတယ်။ အားမရသူအနည်းစုကတော့ အရပ်သားအစိုးရသစ်က ဒါလောက်ပြောပြီး ဒါလောက်လုပ်ပြနေတာတောင် မထောက်ခံသေးဘူး။ စောင့်ကြည့်ဦးမယ်ဆိုတာက မလွန်လွန်းဘူးလား။ မျက်မှန်စိမ်းကြီးချွတ်လိုက်ပါတော့လို့ ငေါ့တော့တော့နဲ့ ပြောကြတယ်။ သူတို့မှာလည်း အ ကြောင်းပြချက်တွေ အများကြီးရှိနေကြောင်းသိထားလို့ နားလည်ပေးလိုက်ပါတယ်။
အများကြီးပိုပိုသာသာ
နှစ်ငါးဆယ်လုံးလုံး စောင့်ကြည့်ခဲ့ပြီးပြီဆိုသူများမှ အကြောင်းပြချက်တွေ လုံလောက်ရုံမက အများကြီး ပိုပိုသာသာ ရှိနေကြပါတယ်။ ပထမဆုံး သူတို့ထောက်ပြစရာက ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သူ့ကြောင့် ပေါ်လာတဲ့ ဦးနေ၀င်းအစိုးရဖြစ်တယ်။ အဲဒီနောက် လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲတွေနဲ့ အစိုးရတွေအကြောင်း၊ အပေါ်ယံပုံ သဏ္ဌာန်တွေသာပြောင်းသွားခဲ့ပြီး အနှစ်သာရက ဘာမှမပြောင်းတဲ့အကြောင်း၊ အဲဒီနောက် တောင်သူလယ်သမားညီလာခံကြီးတွေအကြောင်း၊ အလုပ်သမားညီလာခံကြီးတွေအကြောင်း၊ စာပေလုပ်သား အစည်းအဝေးကြီးတွေအကြောင်း စသဖြင့် စုံနေတာပါပဲ။
မပြောင်းပါဘူး
ဟုတ်တော့လည်းဟုတ်ပါတယ်။ အဲဒီတုန်းကတော့ အခြေခံဥပဒေတွေ အတည်ပြုကြ၊ ရွေးကောက်ပွဲတွေ လုပ်ကြ၊ လွှတ်တော်အစည်းအဝေးကြီးတွေ ကျင်းပကြနဲ့ အပေါ်ယံကြည့်ရင်တော့ ဟုတ်တုတ်တုတ်ပါပဲ။ ဒါပေမဲ့ အတွင်းအနှစ်သာရကတော့ ဘာမှမပြောင်းပါဘူး။ မြန်မာ့ဆိုရှယ်လစ် မျက်နှာဖုံးစွပ်ထားတဲ့စနစ်ပဲ ဖြစ်တယ်။ အခုလက်ရှိဦးသိန်းစိန်အစိုးရက ရွေးကောက်ပွဲနဲ့တက်လာတဲ့လွှတ်တော်က ရွေးချယ်တင်မြှောက်လိုက်တဲ့ အရပ်သား အစိုးရဆိုပေမယ့် ပါဝင်နေသူအများစုဟာ အရင်စစ်အစိုးရမှာ ပါဝင်ခဲ့သူတွေဖြစ်တာကြောင့် စောင့်ကြည့်ဖို့ မလိုဘူး။ အရင်အစိုးရနဲ့ ဘာမှမထူးပါဘူးလို့ သူတို့က ပြောကြတာဖြစ်တယ်။
ယတိပြတ်မပြောချင်
ကိုယ်တိုင်ကတော့ အဲဒီလို ယတိပြတ်မပြောချင်ဘူး။ သမ္မတ ဦးသိန်းစိန်အစိုးရ လက်တွေ့မှာ ဘာတွေလုပ်သလဲဆိုတာကို ကြည့်ပြီး အကဲဖြတ်ချင်တယ်။ ရွေးကောက်ပွဲပြီးပြီးချင်း လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီး အကျဉ်းသား တစ်သောင်းကျော်လွှတ်ပေးတယ်။ ဒေါ် အောင်ဆန်းစုကြည်လည်း လွတ်လာတယ်။ ဒါကို ထူးခြားချက်လို့ မယူဆခဲ့ဘူး။ ပါသင့်ပါထိုက်သူတွေ ဘယ်သူမှပါမလာဘူး။ ဒေါ်အောင်ဆန်းစုကြည်လွတ်တာလည်း လွတ်ရက်စေ့လို့ လွှတ်လိုက်တာလို့ပဲ သဘောထားတယ်။ ဒါပေမဲ့ သိပ်မကြာဘူး အစိုးရသစ်က အင်မတန်နည်းတဲ့ ပင်စင်လစာလေးနဲ့နေကြရရှာတဲ့ ၀န်ထမ်းများအတွက် ပင်စင်လစာတွေ တိုးမြှင့်ပေးတယ်။ ကျေးလက်ဒေသ ဆင်းရဲမှုပပျောက်ရေးအတွက် ဆွေးနွေးပွဲကျင်းပပြီး နည်းလမ်းရှာတယ်။
အပြုသဘောဆောင်ရွက်ချက်တွေ
အဲဒီနောက် ၀န်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် သုံးကြိမ်တွေ့ပြီး နိုင်ငံတော်သမ္မတက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ လက်ခံတွေ့ဆုံတယ်။ ဂျာနယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ၊ သတင်းတွေဖော်ပြခွင့် ရလာတယ်။ အရင်ကအဖြုတ်ခံရတဲ့ ဆောင်းပါးတွေ ထည့်ခွင့်ပေးလာတယ်။ ဒါတွေဟာ အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်တွေလို့ သဘောရတယ်။ အဲဒီနောက် တစ်နိုင်ငံလုံးက လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူတစ်ရပ်လုံးရဲ့ဆန္ဒဖြစ်တဲ့ ဧရာဝတီမြစ်ဆုံ ရေကာတာဆောက်လုပ်ရေးကိစ္စကို နိုင်ငံတော်သမ္မတက လိုက်လျောပြီး ဆက်မဆောက်ဘဲ ရပ်ဆိုင်းလိုက်ကြောင်း ကြေညာလိုက်တယ်။
မြန်မြန်ကြီး ပြီးမယ်မထင်ခဲ့
ကိုယ်တိုင်တောင် မယုံနိုင်လောက်အောင် အံ့အားသင့်သွားတယ်။ လုံးဝမျှော်လင့်မထားခဲ့ဘူး။ ဒါလောက် မြန်မြန်ဆန်ဆန် ပြီးသွားလိမ့်မယ်လို့ ဘယ်သူမှလည်း ထင်မှာမဟုတ်ပါဘူး။ ပြည်သူ့ဆန္ဒ လေးစားတယ်ဆိုတာမျိုး ဘယ်တုန်းကမှ ရှိဖူးတာမဟုတ်တာပဲ။ အခုအစိုးရကတော့ ထွက်လာကတည်းက ပြည်သူက ရွေးကောက်တင်မြှောက်ထားတာဖြစ်တဲ့အတွက် ပြည်သူ့ဆန္ဒကိုလေးစားလိုက်နာမယ်။ ပြည်သူတွေစိတ်ချမ်းသာအောင် လုပ်ဆောင်မယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သေးသူတွေနဲ့တောင် လက်တွဲနိုင်ဖို့ နည်းလမ်းတွေရှာသွားမယ်။ စတဲ့ စတဲ့ စကားတွေ တဖွဖွပြောကြားခဲ့တယ်။ ဖြေလျော့တာတွေ ပြုပြင်ပြောင်းလဲတာတွေလည်း ဆက်တိုက် လုပ်လာတယ်။

မျက်မှန်စိမ်းကြီး ချွတ်လိုက်ပါတော့လို့ ပြောသူတွေလည်း အမြဲတမ်း ဆန့်ကျင်ခဲ့သူတစ်ဦးရဲ့ ကလောင်က ကြိုဆိုတယ်၊ ကျေးဇူးတင်တယ်ဆိုတဲ့ စာလုံးတွေ မထွက်စဖူးထွက်လာတာကို ကြည့်ပြီး ကျေနပ်လိမ့်မယ် ထင်ပါတယ်။ ထောက်ခံတယ်လို့ အပြတ်ပြောဖို့အတွက် အပြောင်းအလဲတွေကို စောင့်မျှော်နေပါတယ်။ မြန်မြန် ပေါ်ထွက်လာစေချင်ပါပြီဗျာ  . . .
နောက်ဆုံးဆောင်ရွက်ချက်
တခြားနေရာတွေထက် သတင်းမီဒီယာလောကမှာ ပိုပြီးထင်ထင်ရှား ရှားသိနိုင်၊ မြင်နိုင်တယ်။ စာပေစိစစ်ရေးဆိုတာ ရှိမြဲရှိနေသေးပေမယ့် ဖြတ်တာ၊ ဖြုတ်တာ မရှိသလောက် နည်းသွားတယ်။ ဘယ်တုန်းကမှ မျှော်လင့် မထားတဲ့ အကြောင်းအရာတွေ၊ စကားလုံး အသုံးအနှုန်းတွေ ရေးခွင့် ရလာတယ်။ လက်တွေ့သာဓကပြရရင် စာရေးသူကိုယ်တိုင်ရေးတဲ့ အခြေခံဥပဒေလည်း မထောက်ခံဘူး။ ရွေးကောက်ပွဲလည်း မထောက်ခံဘူး။ ဦးသိန်းစိန်အစိုးရလည်း မထောက်ခံဘူး။ စောင့်ကြည့်နေဆဲပဲဆိုတဲ့စာကို တစ်လုံးတစ်ပါဒမှမဖြတ်ဘဲ ခွင့်ပြုခဲ့တယ်။ အခု နောက်ဆုံးဆောင်ရွက်ချက်ကတော့ ရှေးကအတွင်းဝန်ရုံး (စက္ကရီတေးရီးယက်) လို့ခေါ်ပြီး အခုခေတ်မှာ ၀န်ကြီးများရုံးလို့ခေါ်တဲ့ ကိုလိုနီခေတ် အဆောက်အအုံကြီးကို ဟိုတယ်အဖြစ် ပြောင်းလဲလုပ်ကိုင်နိုင်ဖို့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များကို ငှားရမ်းမယ်ဆိုတဲ့ ကိစ္စဖြစ်တယ်။
ပယ်ဖျက်လိုက်
အဲဒီသတင်းကို ဂျာနယ်တွေက ထင်မြင်ချက်တွေပါ တောင်းခံပြီး ထည့်လိုက်တယ်။ ထင်မြင်ချက်ပေးသူအားလုံးက သမိုင်းဝင် အဆောက်အအုံတွေကို ထိန်းသိမ်းထားသင့်ကြောင်း ပြောကြတယ်။ နောက်တစ်ပတ် ဂျာနယ်ထွက်ရက်ရောက်တော့ နိုင်ငံတော်သမ္မတကြီးက ဟိုတယ်အ ဖြစ် ငှားရမ်းမယ့်ဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်ပြီး ယဉ်ကျေးမှုဝန်ကြီးဌာနကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လွှဲပေးလိုက်ကြောင်း သတင်းပါလာတယ်။ ဂျာနယ်မှာပါလာပြီး ရက်ပိုင်းလေးအတွင်းမှာပဲ ဆုံးဖြတ်ချက်ထွက်လာတာ ဘယ်လောက်မြန်လိုက်သလဲ။ ဂျာနယ်တွေမှာသာ ဒီ သတင်းထည့်ခွင့်မပေးခဲ့ရင် ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခဲ့ရတဲ့ အခန်းတွေက နိုင်ငံခြားသားတွေ အရက်မူးပြီး ကဆုန်ပေါက်ကခုန်နေကြတဲ့ ကပွဲခန်းမ ကြီးဖြစ်ချင်ဖြစ်သွားမှာ။ လွှတ်တော်ခန်းမကြီးတွေကလည်း မီးဖိုခန်းဖြစ်သွားမလား၊ သန့်စင်ခန်းဖြစ်သွားမလား မသိနိုင်ပါဘူး။ ဂျာနယ်တွေကျေးဇူးကြောင့် မဖြစ်သင့်တဲ့ကိစ္စတစ်ခုကို အချိန်မီ တားနိုင်လိုက်တယ်။ သမ္မတကြီးကို ကျေးဇူးတင်လိုက်တယ်။
စောင့်မျှော်နေတယ်
ဒီလောက်ဆိုရင် အားမလို အားမရဖြစ်ကြတဲ့ နှစ်ဖက်စလုံးကပုဂ္ဂိုလ်တွေ ကျေနပ်နိုင်လောက်ပြီ ထင်တယ်။ ထပ်စောင့်ကြည့်ဖို့ လိုသေးလို့လားလို့ မေးတဲ့သူတွေလည်း ဘာကြောင့်လိုသေးတယ်ဆိုတဲ့ အကြောင်းပြချက်ကို လက်ခံနိုင်မယ်လို့ ယူဆတယ်။ မျက်မှန်စိမ်းကြီးချွတ် လိုက်ပါတော့လို့ ပြောသူတွေလည်း အမြဲတမ်းဆန့်ကျင်ခဲ့သူတစ်ဦးရဲ့ကလောင်က ကြိုဆိုတယ်၊ ကျေးဇူးတင်တယ်ဆိုတဲ့စာလုံးတွေ မထွက်စဖူး ထွက်လာတာကို ကြည့်ပြီး ကျေနပ်လိမ့်မယ်ထင်ပါတယ်။ ထောက်ခံတယ်လို့ အပြတ်ပြောဖို့အတွက် အပြောင်းအလဲတွေကို စောင့်မျှော်နေ ပါတယ်။ မြန်မြန်ပေါ်ထွက်လာစေချင်ပါပြီဗျာ။

Written by လူထုစိန်ဝင်း    
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ