ဆိပ်ဖြူ ရေဘေး အကူအညီလိုအပ်ဆဲ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်အတွင်းရှိ ရေးဘေးသင့်သောကျေးရွာ (၂၅)ရွာတွင် ကျေးရွာပေါင်း (၂၀) ကျော်မှာ ရွာလုံးကျွတ်ပြောင်းရွေ့ရန်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရွာလုံးကျွတ်ပြောင်းရွေ့ရမည့်ကျေးရွာ(၂၀)ကျော်မှာ အောက်တိုဘာလ (၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  မြစ်ရေ၊ ချောင်းရေများကြီးခဲ့ပြီး ရွာလုံးကျွတ်ရေနစ်မြုတ်ခြင်းခံခဲ့ရကြောင်း သိရသည်။
 
̏ အခုလက်ရှိအခြေအနေအရ့ ရွာလုံးကျွတ်ပြောင်းရမယ့်အနေအထားတွေဖြစ်နေပြီ။ ဘာလို့လဲဆိုတော့ ရွာမှာရှိတဲ့အိမ်တွေရော၊ မြေတွေကအစ ဘာမှရစရာမရှိတော့ဘူး။ လုပ်ကိုင်စားလို့လဲ မရတော့ဘူး။ နိုင်ငံတော်ကတော့ ပြောင်းရွေ့ပေးရမယ့်မြေနေရာကို ချပေးမယ်လို့ပြောတယ် ̋ ဟု မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ ရွာလုံးကျွတ်ရေလွှမ်းမိုးခြင်းခံခဲ့ရသော တောင်ရွာမကျေးရွာမှ အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းက ပြောသည်။
လက်ရှိအချိန်တွင် ရေလွှမ်းမိုးမှုခံခဲ့ရသော ကျေးရွာများမှ ရေဘေးသင့်ဒုက္ခသည် ပြည်သူများသည် ယာယီတဲများ၊ ဘုန်းကြီးကျောင်းများနှင့် ဘုရားများပေါ်တွင် နေထိုင်ကြရပြီး အလှူရှင်များမှ လာရောက်လှူဒ္ဒါန်းသော အစားအသောက်နှင့် အဝတ်အထည်များကိုသာ မှီခိုအားထားနေရကြောင်း သိရှိရသည်။
` အစားအသောက်နဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကတော့ ရသင့်သလောက်ရနေပါပြီ။ ဒါပေမယ့် အဓိကလိုအပ်တာက သူတို့ဘဝတွေအတွက် ပြန်လည်ထူထောင်ရေးပါ။ အများစုက အိမ်တိုင် တောင်မကျန်တဲ့သူတွေချည်းပဲ ̋ ဟုံ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး(ဆိပ်ဖြူမြို့နယ်)ကပြောသည်။
ရေဘေးသင့်ပြည်သူများမှာ ယာယီတဲများ နှင့် ဘုရားများပေါ်တွင်သာစုပြုံ၍နေထိုင်ရသောကြောင့် အချိန် ကာလကြာလာလျှင် ဝမ်းရောဂါများနှင့် နောက်ဆက်တွဲ ကျမ်းမာရေးပြဿနာများ ပေါ်ပေါက်လာနိုင်ကြောင်း ဦးမြင့်စိုး(ဆိပ်ဖြူမြို့နယ်)ကပြောသည်။
ဆိပ်ဖြူမြို့နယ်အတွင်း အောက်တိုဘာ ၁၉ ရက်နေ့ကမိုးကြီး ရေကြီးရေလျှံခြင်းကြောင့် ရေနစ်မြုပ်ပျက်စီးသွားသောကျေးရွာ(၂၅)ရွာရှိကြောင်းနှင့် အဆိုပါကျေးရွာများမှ သေဆုံးသူ (၇) ဦးအထိရှိပြီး နွား၊ သိုး၊ ဆိတ်၊ ဝက်အစရှိသည့် အိမ်မွေးတိရိစ္ဆာန် သေဆုံးမှု အကောင်ရေ(၂၀၀၀) နှစ်ထောင်ကျော် ရှိကြောင်း သိရသည်။
 ̏ နေမှု၊ထိုင်မှုလေးအဆင်ပြေရင်တော့ လုပ်ငန်းလေးပြန်လုပ်မလို့စိတ်ကူးထားတယ်။ ကျွန်တော်  ပန်းရံလုပ်တတ်တယ်လေ။ ပန်းရံထွက်လုပ်မယ် ̋  ဟု မြောက်ရွာမမှ ရွာသားတစ်ဦးကပြောသည်။
အဆိုပါဒေသသို့ အဖွဲ့အစည်းလိုက်လာလှူသော အဖွဲ့အစည်းထက် တဦးချင်း စေတနာရှင်များအနေဖြင့် လာရောက်လှူဒါန်းမှုများ ကြောင်း၊ဒေသခံတို့ ပြန်လည်ထူထောင်ရေးအတွက် အဖွဲ့အစည်းများ၏ အလှူနှင့် ထောက်ပံ့ကူညီမှုများလည်း လိုအပ်နေဆဲဖြစ်ကြောင်း သိရှိရသည်။
 ကျော်ဇင်မန်း(မြစ်မခ)
ဆိပ်ဖြူ ရေဘေး အကူအညီလိုအပ်ဆဲ ဆိပ်ဖြူ ရေဘေး အကူအညီလိုအပ်ဆဲ Reviewed by သစ်ထူးလွင် on 12:58 Rating: 5

No comments:

Powered by Blogger.