ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာ မြန်မာနိုင်ငံသို့ ရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်တို့အား မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့၌ တွေ့ရစဉ်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာသည် အောက်တိုဘာလ ၃၁ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံသို့ မစ္စတာ ဗီဂျေးနမ်ဘီယာ ရောက်ရှိလာခြင်းကို ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံး ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့ပါသည်။
ထိုသို့ပြောကြားခဲ့ရာတွင် ဗီ ဂျေးနမ်ဘီယာ၏ မြန်မာနိုင်ငံခရီးစဉ် သည်ငါးရက်ကြာမြင့်မည်ဖြစ်ကြောင်း နှင့် အသေးစိတ်အချက်အလက်များ ကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်းပြောဆိုခဲ့ပါသည်။
၂၀၁၀ပြည့်နှစ်မှ စတင်ပြီး  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သော ဗီဂျေးနမ်ဘီယာသည် ၂၀၁၀ပြည့်နှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်ခဲ့ပြီး ၂၀၁၁ခုနှစ် မေလတွင် ဒုတိယအကြိမ် လာရောက်ခဲ့ပါသည်။ ထိုသို့လာရောက်စဉ်က နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ သုံးရက်ကြာ လာရောက်ခဲ့ခြင်းဖြစ်ပါသည်။
အိန္ဒိယ နွယ်ဖွားဖြစ်သူ မစ္စတာဗီဂျေးနမ်ဘီယာသည် ၂၀၀၇ခုနှစ် ဇန်န၀ါရီလမှစတင်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ ၂၀၁၀ ခု၊ ဇန်န၀ါရီလတွင် ကုလသမဂ္ဂ အရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာအီဘရာဟင်မ်ဂမ်ဘာရီ ရာထူးက နှုတ်ထွက်ခဲ့ပြီး နောက်မစ္စတာဂမ်ဘာရီ၏ နေရာကို ဆက်လက်တာဝန်ယူခဲ့ခြင်း ဖြစ်ပါသည်။
ကုလသမဂ္ဂ အရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် မစ္စတာရာဇာလီအစ္စမေးလ်နှင့် မစ္စတာအီဘရာဟင်မ်ဂမ်ဘာရီတို့က တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး မစ္စတာဗီဂျေးနမ်ဘီယာက် တတိယမြောက် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။
အောက်တိုဘာလ နောက်ဆုံး ပတ်အတွင်းက မြန်မာနိုင်ငံသို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး  Mr.Marty Natalegawa  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် မြန်မာနိုင်ငံ တာဝန်ထမ်းဆောင်ရေးနှင့်ပတ်သက်ပြီး အချက်အလက် ရှာဖွေလေ့လာမှုပြုလုပ်ရန် လာရောက်ခဲ့ပါသည်။
အောက်တိုဘာလ ၂၄ရက်နှင့် ၂၅ရက်နေ့တွင်လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Mr.Derek Mitchell က  မြန်မာနိုင်ငံသို့ အချိန်နှစ်လအတွင်း ဒုတိယအကြိမ် လာရောက်ခဲ့ပါသည်။
ထို့ပြင် Mr.Derek Mitchell သည် နိုဝင်ဘာလ ၁ရက်နေ့တွင် မြန်မာနိုင်ငံသို့ တတိမြောက်ခရီးစဉ် လာရောက်မည်ဟု သတင်းထွက်ပေါ်လျှက်ရှိပြီး အတည်ပြုချက် မရရှိသေးပေ။ မြန်မာနိုင်ငံသို့ တတိယအကြိမ် လာရောက်မည့် Mr.Derek Mitchell  ၏ ခရီးစဉ်သည် လေး ရက်ကြာမြင့်နိုင်ကြောင်း သိရှိရကာ Mr.Mitchell နှင့်အတူ အမေရိကန်လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr.Michael Posner လည်း လိုက်ပါလာမည်ဟု သတင်းများ ထွက်ပေါ်လျှက် ရှိနေပါသည်။

သတင်း---Eleven Media Group
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာ မြန်မာနိုင်ငံသို့ ရောက်ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာ မြန်မာနိုင်ငံသို့ ရောက်ရှိ Reviewed by သစ်ထူးလွင် on 16:19 Rating: 5

No comments:

Powered by Blogger.