မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သော ကွဲလွဲချက်များက နှစ်နိုင်ငံဆက်ဆံရေးကို မထိခိုက်စေနိုင်ကြောင်း တရုတ်မီဒီယာများဖော်ပြ

မြန်မာဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးနှင့် တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် တရုတ်နိုင်ငံဝန်ကြီးချုပ် ၀မ်ကျားပေါင်တို့သည် အောက်တိုဘာလ ၂၀ ရက်နေ့တွင် နန်နင်းမြို့၌ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံဘက်စုံ မဟာဗျူဟာမြောက်ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၆ရက်နေ့အထိ ကျင်းပခဲ့သော တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေး သို့ တက် ရောက်ရန် ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့သို့ လာရောက်စဉ် တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်၊ သတ္တု၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်ရန် ဆွေးနွေးခဲ့ကြသည့်နည်းတူ နယ်စပ်နှင့်ဒေသတွင်း တည်ငြိမ်ရေး၊ တရုတ်နှင့် အာဆီယံအရေးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြပါသည်။
မြန်မာနိုင်ငံသည် နှစ်နိုင်ငံ ဘုံအကျိုးစီးပွားများကို ကာကွယ်ရန်အတွက် သင့်လျှော်သောအဖြေတစ်ခုရရှိရန် တရုတ်နှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဒုတိယသမ္မတက ပြောကြားခဲ့ကြောင်း တရုတ်မီဒီယာများက ဖော်ပြခဲ့ကြသည်။ အဆိုပါ ပြောကြားချက်ကိုးကား၍ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သော ကွဲလွဲမှုများကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်မည်မဟုတ်ကြောင်း China Daily သတင်းစာကဖော်ပြခဲ့သည်။
''နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ သဘောတူညီချက်အရ ဖြစ်ပေါ်လာတဲ့ စီမံကိန်းတွေအသက်ဝင်စေဖို့၊ ကတိက၀တ်တွေဖြည့်ဆည်းဖို့၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးအားကောင်းစေရေး အာမခံချက်ပေးဖို့ နှစ်နိုင်ငံ စလုံးက စိတ်အားထက်သန်စွာ ဆောင်ရွက်သင့်ပါတယ်''ဟု ၀မ်ကျားပေါင်က ပြောကြားခဲ့ကြောင်း သိရသည်။
ယခုဆွေးနွေးပွဲသည် မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းထားပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းစေရန် နှစ်ဖက်ထိပ်တန်း ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်း ထားကြောင်း ကြေညာခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အထူးကိုယ်စားလှယ်အနေဖြင့် တရုတ်နိုင်ငံသို့ အောက်တိုဘာလ အစောပိုင်းက တွေ့ဆုံထားခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးသည် တရုတ်ဒုတိယသမ္မတ ရှီကျင်ပင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထို့နောက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံကျော် အကုန်ကျခံ တည်ဆောက်မည့် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမှုနှင့်ပတ်သက်ပြီး ညှိ နှိုင်းဆောင်ရွက်သွားရန် တရုတ်-မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက သဘောတူညီမှုရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်ကိုကိုးကားပြီး တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက အောက်တိုဘာလ ၁၁ ရက်နေ့တွင် သတင်းဖော်ပြခဲ့ပါသည်။
အောက်တိုဘာလ ၂၀ ရက်နေ့က ၀မ်ကျားပေါင်နှင့်တွေ့ဆုံခဲ့သော ဒုတိယသမ္မတသီဟသူရ ဦးတင်အောင်မြင့်ဦးသည် အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပြုလုပ်ခဲ့သော တရုတ်-အာဆီယံ  ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေး နှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး အောက်တိုဘာလ ၂၇ ရက်နေ့တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။  အဆိုပါ ကုန်စည်ပြပွဲနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးပွဲသို့ ဒုတိယသမ္မတဦးတင်အောင်မြင့်ဦး၊ အစိုးရအဖွဲ့တာဝန်ရှိသူများအပြင်  မြန်မာနိုင်ငံမှစိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ စက်မှု၊ ကုန်ထုတ်လုပ်ငန်း၊  ကျောက်မျက်၊ ရိုးရာလက်မှုပစ္စည်း၊ သစ်တော၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းနယ်ပယ်အသီးသီးမှ လုပ်ငန်းရှင် ၂၀၀ ခန့်တက်ရောက်ခဲ့ကြပြီး ပြခန်းပေါင်း ၈၀ ခန့် ပါဝင်ပြသခဲ့ကြပါသည်။
ခန့်မှန်းဖော်ပြခဲ့ကြသည့်စာရင်းများအရ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ် မတ်လကုန်အထိ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံ ရှိလာခဲ့ပြီး အဆိုပါ ပမာဏမှာ ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းက ရှိခဲ့သော ၁၂ ဒသမ ၃ ဘီလျံမှ တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုမှာ ၄ ဒသမ ၄ ဘီလျံ ရှိခဲ့ပြီး ၂၀၁၁ ပထမသုံးလတာ ကာလအတွင်း ၁ ဒသမ ၆ ဘီလျံရှိကြောင်း သိရသည်။
Ref: China Daily, Xinhua

သတင်း---Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ