မကွေးတိုင်းဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လှူဒါန်းထားသည့် မော်တော်ယာဉ်နှင့်ပဲ့ထောင်များ ပြန်ပေးပြီ


ယခင်အစိုးရလက်ထက် မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ နိုင်ငံရေးပါတီတစ်ခုသို့လှူဒါန်းထားသည့် မော်တော်ယာဉ်နှင့် ပဲ့ထောင်များအား ဧပြီလ (၂၉)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပြည်ထောင်စုအစိုးရ ညွှန်ကြားချက်ဖြင့် ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။


ယခင်အစိုးရလက်ထက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ် (၁.၇)ဘီလီယံ၊ မော်တော်ယာဉ် (၄)စီး၊ ဘက်ဟိုး (၁) စီး၊ ပဲ့ထောင်ရေယာဉ်(၂)စီးတို့အားနိုင်ငံရေးပါတီ တစ်ခုအား လှူဒါန်းထားခြင်းဖြစ်ပြီး “ရွှေသုခ” အသေးစားလုပ်ငန်းသို့ ငွေကျပ်(၁.၅၇)ဘီလီယံကျော် လွှဲပြောင်းပေးခဲ့သည်ကို ဖော်ထုတ်တွေ့ရှိရသဖြင့် အဆိုပါငွေကြေးနှင့် မော်တော်ယာဉ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားချက်အရ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက လက်ရှိတွင် ဖျက်သိမ်းပြီးဖြစ်သော မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဥက္ကဌ နှင့် “ရွှေသုခ” အသေးစား ငွေရေးကြေးရေးလုပ်ငန်းဥက္ကဌ ဦးကြည်ထွန်းအား လာရောက်လွှဲပြောင်းပေးစေခြင်းဖြစ်ကြောင်း သိရသည်။


ယခင် တိုင်းဒေသကြီးအစိုးရလက်ထက် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှရရှိသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအနက် ကျပ် (၇.၄၅၉)ဘီလီယံစာရင်းပျောက်နေမှုနှင့် ပတ်သက်၍ လက်ရှိမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဆက်လက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ နိုင်ငံတော်သမ္မတရုံးမှ ဧပြီ လ (၈)ရက်နေ့က ညွှန်ကြားစာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်
Tachileik News Agency
http://www.tachileik.net

အင်းတော်မြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာအနီး MPTတာဝါတိုင်မှ ကျပ်ငါးသိန်းဖို့ခန့်ဒီဇယ်ဆီခိုးယူသူများကို ဖမ်းဆီးရမိ


စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ကုန်းခါးအုပ်စု၊ ညောင်ပင်ဆိပ် ကျေးရွာအနီး MPTတာဝါတိုင်မှ ဒီဇယ်ဆီခိုးယူသူများကို ဧပြီလ(၂၉)ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း အင်းတော်မြို့နယ် ရဲစခန်းမှ သိရသည်။
“နံနက်(၅)နာရီမှာ ညောင်ပင်ဆိပ်ကျေးရွာက အကြောင်းကြား ဖုန်းဆက်ခဲ့တယ်။ MPT တာ ဝါတိုင်ကနေ ဆီထုတ်ယူနေတယ်ဆိုတာကို သိရတယ်။ မော်တိတ်ရဲကင်းကို သတင်းပေးပြီး လိုက်သွားတော့မီရုံပဲ လွတ်သွားလို့ တာဖလာရွာကိုဖုန်းဆက်တယ်။ တာဖလာရွာက အုပ်ချုပ်ရေးမှူးနဲ့ ဖမ်းလိုက်တော့ နှစ်ဦးမှာ တစ်ဦးဖမ်းမိတယ်။"ဟု နောင်ကွတ်ကျေးရွာ၊ ရာအိမ်းမှူး ဦးစောမြင့်ဦးက ပြောသည်။

ဧပြီလ(၂၉)ရက်နေ့ မနက်(၉)နာရီက အလယ်ကျွန်းအုပ်စု အုပ်ချုပ်ရေးမှူး တာဖလာ ကျေးရွာမှ ရာအိမ်မှူးနှင့်ရဲတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်စဉ် မော်လူးဘက်ရှိ တာဖလာကျေးရွာအဝင်လမ်းသို့ ဆီပုံးများတင်ဆောင်လာသည့် ဆိုင်ကယ်နှစ်စီးအားမသင်္ကာဖွယ်စစ် ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ထိုသို့စစ်ဆေးစဉ် အသက် (၃၅)နှစ်အရွယ်လူငယ်တစ်ဦးမှ ဆိုင်ကယ်ထား၍ထွက်ပြေးသွားပြီး ကျန်တစ်ဦးကို စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ထိုဖမ်းဆီးရမိခဲ့သော ပစ္စည်းများမှာ ဆိုင်ကယ်တစ်စီးတွင် ဒီဇယ်ထည့်ထားသော (၅)ဂါလံဆံ အဝါရောင် ပုံး(၇)ပုံး၊ (၃)ဂါလံဆံ အဖြူရောင်ပုံး(၁)ပုံး၊ (၁၀)ဂါလံဆံ့ အဖြူရောင် ပုံး(၁)ပုံး၊ တစ်လီတာဆန့်ရေသန့်ဗူး(၁)ဗူး စုစုပေါင်း ဒီဇယ်ဆီ(၄၃)ဂါလံနှင့် ဆိုင်ကယ်နောက်တစ်စီးတွင် ဒီဇယ်ထည့်ထားသော (၅)ဂါလံဆံ့ အဝါရောင် ပုံး(၆)ပုံး၊ (၇) ဂါလံဆံ့ အပြာရောင်ပုံး(၁)ပုံး စုစုပေါင်းဒီဇယ်ဆီ(၃၄)ဂါလံကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆီထုတ်ရန်အသုံးပြုသော အရှည်(၇) ကိုက်ရှိ တစ်လက်မပိုက်(၁)ချောင်း၊ သရေကြိုး ပျော့ (၄)ချောင်း သိမ်းဆည်းရမိခဲ့ကာ ဖမ်းဆီးရမိမှုစုစုပေါင်းမှာ ကာလတန်ဖိုး (၅၀၀၀၀၀) ကျပ်ခန့်ရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသူ စိုးကျော်သူနှင့် ထွက်ပြေးသူ ဝင်းကျော်ထွန်းတို့နှစ်ဦးအား ရဲအုပ်ကျော်ဇင်နိုင်မှ သက်သေများနှင့်အတူ အမှုဖွင့်တိုင်ကြားခဲ့ပြီး အဆိုပါ အမှုအား မော်တိတ်ရဲကင်းမှ စစ်ဆေးလျက်ရှိကာ အင်းတော်မြို့နယ်ရဲစခန်းမှ (ပ) အမှတ်/ပုဒ်မ(ပ)၅၄/၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ကျင့် ၅၄ဖြင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
 

UN က ငြိမ်းချမ်းရေးအတွက် ကန်ဒေါ်လာ ၆ သန်းကျော်လှူ

ကမ္ဘာ့ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး မစ္စရေနာတာလောခ့်ဒက်စယ်လီယန်ကို ဧပြီလ ၃၀ ရက်နေ့က ရန်ကုန်မြို့ NRPC ရုံးမှာကျင်းပတဲ့ ရန်ပုံငွေ လှူဒါန်းပွဲအခမ်းအနားတွင် တွေ့ရစဉ် ။ Photo: Aung Thain Kha/ RFA
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ UN က ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေး ကော်မတီ JMC-U ကို ဒီကနေ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ သန်း လှူဒါန်းလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ JCB အဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ လှူဒါန်းတာ ဖြစ်တယ်လို့ JMC-U အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ဝဏ္ဍအောင်က ပြောပါတယ်။

"တစ်နှစ်ကို ၆.၅ သန်းပေါ့၊ ကျနော်တို့ JMC အတွက် အသုံးပြုမယ့်ရန်ပုံငွေကိုပေါ့နော် UN ကနေ တဆင့် ဆောင်ရွက်ဖို့ဆိုတာ အရင်တုန်းက ဆုံးဖြတ်ထားပါတယ်၊ အဲဒီဆုံးဖြတ်ချက်အတိုင်းပဲ ဒီနေ့ UN ကလည်း ကျနော်တို့ကို ထောက်ပံ့မှု စပြီးတော့ပေးနိုင်ပါပြီ၊ အဲဒီအတွက် ဒီနေ့ ဒီအခမ်းအနားလေး ကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်"

အဲဒီ အမေရိကန်ဒေါ်လာ ၆ သန်းကျော်ကို တစ်နှစ်စာအတွက်သုံးစွဲခွင့် ရရှိတာဖြစ်ကြောင်း ပြောပါတယ်။

အခုလှူဒါန်းမှုဟာ လွတ်လပ်ပြီး မျှတတဲ့ အဖွဲ့အစည်းတွေက လှူဒါန်းတာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ဘက်မလိုက်ဘဲ လုပ်ဆောင်နိုင်မှာ ဖြစ်တဲ့လို့ အထောက်အကူဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ဦးကိုကိုကြီးက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှာ ကျင်းပတဲ့ ရန်ပုံငွေ လှူဒါန်းတဲ့ အခမ်းအနားကို ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့် ကြည့်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးအဖွဲ့တွေ၊ ကမ္ဘာ့ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံဆိုင်ရာကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အဖွဲ့ UNDP ကိုယ်စားလှယ်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်း ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းမှာ ပါဝင်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

စည်းကမ်းမဲ့ ရေဆိုးစွန့်တဲ့ အရက်ချက်စက်ရုံကို လိုင်စင်ယာယီပိတ်မည်

( ရေဆိုးတွေ စွန့်ထုတ်နေတဲ့ ပိုက်လိုင်းတစ်ခုကို တွေ့ရစဉ် )Photo: Nay Thwae/RFA
မန္တလေးစက်မှုဇုန်က စည်းကမ်းမဲ့ ရေဆိုးစွန့်ထုတ်တဲ့ ကျားမင်းကြီး အရက်ချက်စက်ရုံကို စက်ရုံလည်ပတ်ခွင့် ရပ်ဆိုင်းခိုင်းထားပြီး လိုင်စင်ကိုယာယီပိတ်သိမ်းဖို့ စီစဉ်နေတယ်လို့ မန္တလေးမြို့ ဒုတိယမြို့တော်ဝန်က ပြောပါတယ်။

ပန်းရံတော်ချောင်းထဲကို ရေဆိုးစွန့်ထုတ်တဲ့အတွက် အရင်က ၂ ကြိမ်တိုင်အောင် သတိပေးခဲ့ပြီး မလိုက်နာတဲ့အတွက် အခုလို လိုင်စင်ပိတ်သိမ်းဖို့ စီစဉ်တာဖြစ်တယ်လို့ ဒုတိယမြို့တော်ဝန် ဦးရဲမွန်ကပြောပါတယ်။

"သန့်စင်ပြီးတော့ ရေဆိုးပိုက်လိုင်းထဲကို ထည့်ဖို့ ပန်းရံတော်ချောင်းထဲကို မစွန့်ပစ်ဖို့ သတိပေးထားတာ ပထမအကြိမ်မလိုက်နာဘူး၊ နောက်တစ်ခါထပ်ပြီးတော့ စည်ပင်ကပဲ စာထပ်ထုတ်တယ်၊နောက်တစ်ခါသွားစစ်တော့တွေ့တယ်၊ စာထုတ်ထားတာကို ဆက်ပြီးတော့ လည်နေတာပေါ့၊ အဲ့ဒါကို တတိယအကြိမ်မှာထပ်တွေ့လို့ လိုင်စင်ကို ဒီဟာကို ယာယီပိတ်သိမ်း ဖို့ဆိုပြီးတော့ Cabinet (အစိုးရ) ကိုတင်တော့မယ်၊ Cabinet အတည်ပြုချက် ထပ်ယူပြီးတော့ လိုင်စင်ကို ယာယီ ဒို့ဆီကနေ သိမ်းပလိုက်မှာ"

အဲဒီစက်ရုံကို ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ကတည်းက ရပ်ဆိုင်းခိုင်းထားပြီး ရေဆိုးစွန့်ပစ်တဲ့စနစ်ကို စည်းကမ်းနဲ့အညီ ဆောင်ရွက်မှသာ လုပ်ငန်းပြန်လည် လည်ပတ်လုပ်ကိုင်ခွင့် ပြုသွားမယ် လို့ပြောပါတယ်။

မန္တလေးစက်မှုဇုန်မှာ ရေဆိုးစွန့်ထုတ်တဲ့ စက်ရုံ အကြီး အသေး စုစုပေါင်း ၇၀ ၀န်းကျင်ရှိပြီး အရက်ချက်စက်ရုံတွေက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ စက်ရုံတွေကထွက်လာတဲ့ ရေဆိုးတွေကို ရေဆိုးသန့်စင်တဲ့စနစ်နဲ့ စနစ်တကျစွန့်ပစ်ဖို့အတွက် ပြီးခဲ့တဲ့ မတ်လတုန်းက လုပ်ငန်းရှင်တွေကို ခေါ်ယူသတိပေးခဲ့ပြီး လက်ရှိအချိန်မှာ ရှောင်တစ်ခင် ၀င်ရောက်စစ်ဆေးတာတွေ ဆောင်ရွက်နေတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ကနေ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
 

အာဖဂန် Helmand ဒေသတွင်း ကန်တပ်ဖွဲ့တွေပြန်နေရာယူ


အာဖဂနစ္စတန် နိုင်ငံ Helmand ပြည်နယ် တောင်ပိုင်းမှာ အမေရိကန် မရိန်းတပ်ဖွဲ့က ပြန်လည် တပ်ချပါတယ်။ မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ NATO တပ်ဖွဲ့ရဲ့ အာဖဂနစ္စတန် နိုင်ငံတွင်း သုံးနှစ်တာ တာဝန် ပြီးဆုံးချိန်မှာဘဲ ဘိန်းစိုက်ပျိုးတဲ့ မတည်မငြိမ် ဖြစ်နေတဲ့ ဟယ်လ်မန်းပြည်နယ်ကို အမေရိကန် မရိန်းတပ်တွေက တာဝန်လွှဲပြောင်းယူတာ ဖြစ်ပါတယ်။

ဟယ်လ်မန်း ကွပ်ကဲရေး ဌာနကို လွှဲပြောင်းပေးတဲ့ အခမ်းအနားကို မနေ့ စနေနေ့က ကျင်းပတာမှာတော့ အမေရိကန် မရိန်းတပ်ဖွဲ့ရော NATO တပ်ဖွဲ့ပါ တက်ရောက်ခဲ့ကြပါတယ်။

အမေရိကန် တပ်ဖွဲ့တွေဘက်ကတော့ တိုက်ခိုက်ရေး အစား တာလီဘန်တို့ကို ရှင်းလင်းနေတဲ့ အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေကို လေ့ကျင့် သင်တန်းပေးတာ၊ အကြံညဏ်ပေးတာနဲ့ အထောက်အကူပေးတာတွေကိုဘဲ လုပ်ဆောင်မှာပါ။ ပွင့်လင်း ရာသီ ထိုးစစ်တွေ စတင်ပြီလို့ တာလီဘန်တို့ ကြေညာပြီး နောက်တနေ့မှာဘဲ အမေရိကန် မရိန်းတပ်တွေ ဟယ်လ်မန်းပြည်နယ်မှာ တပ်ချတာ ဖြစ်ပါတယ်။

ဟယ်လ်မန်း ပြည်နယ်တွင်း ဒေသ အများစုကို တာလီဘန်တို့ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးမှုတွေကနေ သူပုန်တွေ ငွေအမြောက်အများ ရနေတာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဆီးရီးယားလေကြောင်းတိုက်ခိုက်မှု ကယ်ဆယ်ရေးဝန်ထမ်း၈ဦး သေဆုံး


ခမောက်ဖြူ အဖွဲ့လို့ သိကြတဲ့ ဆီးရီးယား ကယ်ဆယ်ရေး အဖွဲ့က အဖွဲ့ဝင် ၈ ဦးတို့ မနေ့ စနေနေ့က လေကြောင်းတိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ရပါတယ်။ သူပုန်တို့ ထိန်းချုပ်ရာ Hama ပြည်နယ်ထဲက သူတို့ရုံးကို လေကြောင်း တိုက်ခိုက်မှု ထိမှန်ခဲ့တာလို့ အဖွဲ့နဲ့ အတိုက်အခံ တက်ကြွလှုပ်ရှားသူတို့က ပြောဆိုကြပါတယ်။

Kfar Zeita က အဖွဲ့ရဲ့ ရုံးကို တိုက်ခိုက်မှု အတွင်း ထိမှန်ခဲ့တာကြောင့် လုပ်အားပေး ၈ ဦး သေဆုံးခဲ့တာမှာ ၅ ဦးရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီး တခြားသူတွေကိုတော့ ဆက်လက် ရှာဖွေနေဆဲ ဖြစ်တယ်လို့ အဖွဲ့က ပြောပါတယ်။ မနေ့ စနေနေ့က တိုက်ခိုက်မှုက ဘယ်သူ့လက်ချက် ဆိုတာတော့ မသိရပါဘူး။

ဒါပေမယ့် ၆ နှစ်ကြာ ပြည်တွင်းစစ် အတွင်း Hama ပြည်နယ်လို သူပုန်တွေ ထိန်းချုပ်ရာ ဒေသတွေကို ပြန်လည် သိမ်းပိုက်နိုင်ရေး အတွက် ဒီသတင်းပတ်တွေ အတွင်းမှာဘဲ ရုရှားနဲ့ အီရန်တို့ ထောက်ပံ့ ပေးထားတဲ့ ဆီးရီးယား စစ်တပ်က ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဗုံးကျဲခံရတဲ့ ဒေသတွေက အသက်ရှင် ကျန်ရစ်သူတွေကို ဆွဲထုတ် ကယ်တင်တာမျိုး စစ်တလင်းမှာ ကယ်ဆယ်ရေး ဆောင်ရွက်ချက်တွေကြောင့် ခမောက်ဖြူ အဖွဲ့ဟာ ကမ္ဘာတလွှား လူသိများလာတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မြောက်ကိုရီးယားနဲ့ ကန် တင်းမာမှု နိုင်ငံတကာကြားဝင်ဖို့ ပုပ်ရဟန်းမင်းပြော

ဒီကိစ္စမှာ ကုလသမဂ္ဂဟာ သံတမန်ရေးရာ ဦးဆောင်မှု မပေးနိုင်ပဲ ပေါ့ပေါ့ဆဆ လုပ်နေတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ဝေဖန်ခဲ့
မြောက်ကိုရီးယားရဲ့ နျူးကလီးယားစီမံကိန်းနဲ့ ဒုံးကျည်စီမံကိန်းတွေကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ စစ်ရေးတင်းမာနေတဲ့အခြေအနေကို နိုင်ငံတကာက ဝင်ရောက် ဖြန်ဖြေပေးဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းလိုက်ပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ စစ်ရေးတင်းမာမှု ပိုဆိုးလာနေပြီး ဒီကိစ္စမှာ ကုလသမဂ္ဂဟာ သံတမန်ရေးရာ ဦးဆောင်မှု မပေးနိုင်ပဲ ပေါ့ပေါ့ဆဆ လုပ်နေတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ဝေဖန်ခဲ့ပါတယ်။

အခြေအနေဟာ စစ်ဖြစ်ဖို့အထိ အလားအလာရှိနေပြီး လူတွေ အများကြီး သေပျောက်နေချေ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

ဒီအခြေအနေကို ကြားဝင်ဖို့အတွက် နော်ဝေးနိုင်ငံကို ပုပ်ရဟန်းမင်းကြီးက အကြံပြုခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှု မအောင်မမြင် ဖြစ်အပြီး နာရီပိုင်းအတွင်း အချိန်မှာ ပြုလုပ်တဲ့ အီဂျစ်ခရီးစဉ် အပြန် သတင်းစာ ရှင်းလင်းပွဲ အပြီးမှာ ပုပ်ရဟန်းမင်းကြီးက အခုလို မှတ်ချက်တွေ ပေးခဲ့တာ ဖြစ်ပြီး တွေ့ဆုံ ဆွေးနွေးရေးနဲ့ သံတမန်ရေး အဖြေရှာတာသည်သာလျှင် ဖြေရှင်းဖို့ နည်းလမ်းဖြစ်တယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

နောက်ဆုံး အခြေအနေမှာတော့ အမေရိကန် လေယာဉ်တင် သင်္ဘော ကားဗင်ဆင်ဟာ နောက်ထပ် စမ်းသပ်လာနိုင်တဲ့ မြောက်ကိုရီးယား ဒုံးကျည်တွေကို ကာကွယ်ဖို့ ကိုရီးယားကျွန်းဆွယ်နားကို လမ်းကြောင်း ပြောင်းပြီး ရောက်ရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese

တောင်ကိုရီးယားဒုံးခွင်ဒုံးစနစ် စရိတ် အမေရိကန်ပေး

အမေရိကန်ရဲ့ ဒုံးခွင်းဒုံးစနစ် တောင်ကိုရီးယားမှာ ထားတာကို တောင်ကိုရီးယားပြည်သူတွေဘက်က သူတို့ နေရပ်က စစ်မြေပြင် ဖြစ်လာမှာ စိုးတဲ့အတွက် ကန့်ကွက်မှုတွေလည်း ရှိခဲ့
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်ကိုရီးယားဟာ ဒုံးခွင်းဒုံးစနစ်အတွက် ပိုက်ဆံပေးရမယ်လို့ ပြောခဲ့ပေမယ့် နောက်ဆုံးမှာ အမေရိကန်က အဲဒီ ဒေါ်လာ ၁ ဘီလီယံတန် ဒုံးခွင်းဒုံးစနစ်အတွက် အကုန်အကျခံလိုက်တယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန် ၂ နိုင်ငံတို့ရဲ့ အမျိုးသားလုံခြုံရေး အကြံပေး ၂ ယောက်တို့ ဖုန်းနဲ့ ပြောဆို အပြီးမှာ အခုလို အမေရိကန်ဘက်က အကုန်အကျခံမှု အတည်ဖြစ်သွားခဲ့တာပါ။

တောင်ကိုရီးယားမြေပေါ်မှာ တည်ဆောက်ထားတဲ့ အဲဒီ ဒုံးခွင်းဒုံးစနစ်ဟာ မြောက်ကိုရီးယားဘက်က ပစ်ခတ်လာနိုင်တဲ့ ဒုံးကျည်တွေကို ပစ်ချနိုင်ဖို့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ သဘောတူညီမှုအရ အမေရိကန်က စက်ကိရိယာပိုင်းအတွက် အကုန်အကျခံရပြီး တောင်ကိုရီးယားက မြေနေရာပဲ ပေးတာ ဖြစ်ပါတယ်။

အခုလို အမေရိကန်ရဲ့ ဒုံးခွင်းဒုံးစနစ် တောင်ကိုရီးယားမှာ ထားတာကို တောင်ကိုရီးယားပြည်သူတွေဘက်က သူတို့ နေရပ်က စစ်မြေပြင် ဖြစ်လာမှာ စိုးတဲ့အတွက် ကန့်ကွက်မှုတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ဒီစနစ်အတွက် ကိရိယာတွေ တင်ဆောင်လာတဲ့ ယာဉ်တန်းကို ဆန္ဒပြသူ တရာလောက်က လမ်းဘေးတလျှောက် ကန့်ကွက်ခဲ့ကြပြီး တချို့က ယာဉ်တန်းကို ရေသန့်ဘူးတွေနဲ့ ပစ်ပေါက်လို့ ရဲတွေနဲ့ ပဋိပက္ခ ဖြစ်ခဲ့ရပါသေးတယ်။

BBC Burmese
http://www.bbc.com/burmese

ပေါက်တောမြို့နယ် ဖဒူချေကျေးရွာ ရေကန်များတွင် ရေခမ်းခြောက်၍ သောက်ရေ/ သုံးရေ ရှာပါးမှုနှင့်ကြုံတွေ့နေရ


နိရဉ္စရာ၊ ဧပြီ ၃၀

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဖဒူချေကျေးရွာရှိ ရေကန်များ ခမ်းခြောက်သွားသဖြင့် သောက်ရေ/ သုံးရေ ရှားပါးမှုနှင့် ရင်ဆိုင်နေကြသည်ဟု ကျေးရွာသူများက နိရဉ္စရာသို့ ပြောကြားသည်။

“ရေကန် ၃ ကန်မှာ အကုန်လုံးခမ်းခြောက်ကုန်ပါပြီ။ ရွာတောင်ပိုင်းက ကန်လည်း ခမ်းခြောက်သွားပါပြီ။ ဒါပေမယ့် အဲဒီတောင်ပိုင်းက ကန် တစ်ခုမှာပဲ တွင်းလေးတွေ တူးဖော်ပြီး ရေခပ်ယူရပါတယ်။ စောင့်ပြီး ခပ်ရပါတယ်။ ညဥ့်ကတည်းက စောင့်ခပ်ရပါတယ်” ဟု ဖဒူချေ ကျေးရွာသူ မသန်းမျှက ပြောသည်။


ဖဒူချေကျေးရွာတွင် တစ်ခုတည်းတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး တစ်ခြား ဘုန်းကြီးကျောင်းဘက်နှင့် ဆိုလျှင် ရွာတစ်ခုလုံးဆိုလျှင် အိမ်ခြေ ၄၀၀ ကျော်ရှိကြောင်း၊ ယခုနှစ်တွင် ရေရှားပါးနေသော်လည်း လွန်ခဲ့သော နှစ်ကလောက် မဆိုးသေးကြောင်း၊ လွန်ခဲ့သောနှစ်က ရေလုံးဝ မရှိသည့် အခြေအနေသို့ ရောက်ခဲ့ရကြောင်း၊ ယခုနှစ်တွင်လည်း မေလ ကုန်လောက်ဆိုလျှင် ရေအကြီးအကျယ် ရှားနိုင်ကြောင်း၊ သို့အတွက် တစ်ရွာလုံးက စိုးရိမ်နေကြောင်း သူမက ပြောကြားသည်။

ကျေးရွာမှ နောက်ထပ် အမျိုးသမီး ဖြစ်သူ ဒေါ်ကြည်ကြည်ကလဲ ချိုးရေလည်း အလုံအလောက် မရကြောင်း၊ သို့အတွက် ခမ်းခြောက်သွားသော ကန်များမှ ရွံ့ရေများကို ခပ်ယူ ချိုးနေရကြောင်း၊ ရွာသားများမှာ ရေရှားပါး၍ အခက်အခဲဖြစ်နေကြရကြောင်း ပြောကြားသည်။

“ ကျွန်မတို့ရွာမှာ ဟိုနှစ်ကလည်း ရေအကြီးအကျယ် ရှားခဲ့တဲ့ အတွက် အကြီးအကျယ် ဒုက္ခ ရောက်ခဲ့ကြရတယ်။ ကျွန်မတို့ လိုချင်တာက ရေကန်တွေ နောက်ထပ် ၂ ကန်လောက် တူးပေးဖို့ လိုချင်ပါတယ်။ မဟုတ်ရင် နှစ်တိုင်း ရေရှားပါးတဲ့ ဒဏ်ကို ခံနေကြရမှာပါ” ဟု ပြောဆိုသည်။

ဖဒူချေ ပိုက်ဆိပ်ရှိ ရေကန်မှာလည်း ခမ်းခြောက်သွားပြီ ဖြစ်ပြီး ကျေးရွာသားများက ကိုယ့်အိတ်စိုက်ငွေဖြင့် ရေကန်ကို တူးဖော်နေရသည်ဟု သိရသည်။

(ယမန်နှစ်က ဖဒူချေရွာတွင် ရေရှားပါးစဉ်က ရိုက်ထားသည့် ဓာတ်ပုံများ/ ဖေ့စ်ဘုတ်)

Narinjara
https://www.facebook.com/Narinjara

လမ်းကြုံလိုက်ပြီး ဆိုင်ကယ်ကို မောင်းနှင်ထွက်ပြေးသူအား ဖမ်းဆီးအရေးယူထား


နေပြည်တော်၊ ဧပြီ ၃၀

၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်နေ အောင်အောင်(၄၉)နှစ်သည် ၈၂ လမ်း၊ ၃၀×၃၁ လမ်းကြားရှိ “လွင်” ဘက်ထရီဆိုင်သို့သွားမည်ပြုစဉ် အမည်မသိအမျိုးသားတစ်ဦးက လိုက်မည်ပြောသဖြင့် တင်ခေါ် ခဲ့ပြီး ဘက်ထရီအိုးဆိုင်မှအပြန် လမ်းအရောက် ကွမ်းယာဝယ်မည်ပြောကာ ကွမ်းယာဆင်းဝယ်၍ ပြန်ထွက်စဉ် လိုက်ပါလာသည့် အမည်မသိသူက ၎င်းမောင်းမည်ပြောပြီး ဆိုင်ကယ်အား မောင်းနှင် ထွက်ပြေးသွားသောကြောင့် အော်ဟစ်အကူအညီတောင်းခဲ့သည်။

 အနီးရှိလူများနှင့် လှည့်ကင်း ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် ကန့်ဘလူမြို့နယ်နေ လွမ်းကို (၂၂)နှစ်အား ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအား ချမ်းအေးသာစံမြို့မရဲစခန်း (ပ)၁၆၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒီနေ့ ဥရောပ(၃)နိုင်ငံခရီးထွက်ခွာမယ်


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ (၃၀)ရက် ဒီနေ့ညမှာ ဥရောပ (၃)နိုင်ငံ ခရီးစဉ်ကို စတင်ထွက် ခွာမှာဖြစ်တော့မှာ ဖြစ်ပါတယ်။ ဒီနေ့ည (၇)နာရီ (၄၅)အချိန် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်က ထွက်ခွာပြီး ထိုင်းနိုင်ငံကတစ်ဆင့် ဥရောပနိုင်ငံတွေဖြစ်တဲ့ ဘယ်လ်ဂျီယံ၊ အီတလီနဲ့ ဗြိတိန်နိုင်ငံတွေကို သွားရောက်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ ဥရောပသမဂ္ဂ( EU) ဌာနချုပ်ကို သွားရောက်မှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဦးရဲနိုင်က ပြောပါတယ်။

 နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်ရဲ့ အခုသွားရောက်မယ့် ဥရောပ(၃)နိုင်ငံခရီးစဉ်ဟာ မေလ (၁၀)ရက်အထိ ကြာမြင့်မှာဖြစ်ပါတယ်။ ဒီဥရောပခရီးစဉ်ပြီးရင် မေလ(၁၄)ရက်နဲ့ (၁၅)ရက်မှာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် One Belt- One Road နဲ့ပတ်သက်တဲ့ နိုင်ငံတကာအဆင့် ထိပ်သီးညီလာခံကို တက်ရောက်မှာဖြစ်ပါတယ်။

ဓာတ်ပုံ - Myanmar State Counsellor Office
5 Plus News
https://www.facebook.com/5plusnews

ထိုင်းရောက် မြန်မာလှေလုပ်သား သေနတ်နဲ့ အပစ်ခံရမှု ဘတ် နှစ်သိန်းခွဲနဲ့ သဘောတူညီမှုရ


မြန်မာလှေလုပ်သားတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အမှု နစ်နာကြေး ဘတ်ငွေ နှစ်သိန်းခွဲနဲ့ သဘောတူခဲ့တယ်လို့ အမှုကို လိုက်ပါဆောင် ရွက်ပေးနေတဲ့ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ဥက္ကဌ ဦးထူးချစ်ထံက သိရပါတယ်။

 လှေလုပ်ငန်းရှင်က ဘတ်ငွေ (၁)သိန်းခွဲကို ဒေသခံတာဝန်ရှိသူတွေရှေ့မှာ ပေးချေပြီးဖြစ်ပေမယ့် ကျန်တဲ့ ဘတ်ငွေ တစ်သိန်းကို တရားရုံးတက်မယ့်နေ့မှာ အပြီးပေးချေရမှာဖြစ်တယ်လို့ သိရပါတယ်။

 ဒီအမှုနဲ့ပတ်သက်ပြီး တရားရုံးကို ရက်သတ္တပတ် (၂)ပတ် အတွင်း တက်ရောက်နိုင်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

 အခုလ (၂၂)ရက်က ထိုင်းနိုင်ငံမှာ ထိုင်းလူမျိုးလှေပိုင်ရှင်တစ်ဦးက အသက် (၂၁)နှစ်အရွယ် မြန်မာလှေလုပ်သားကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ၀မ်းဗိုက်ဘေး ဖောက်ထွက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ - Htoo Chit
5 Plus News
https://www.facebook.com/5plusnews

ကချင်နယ်စပ်ဂိတ်နှစ်ခုကနေ အခွန် ၁၃ ဘီလီယံကျော်ရ

ကချင်ပြည်နယ် နယ်စပ်ဂိတ်တစ်နေရာကို တွေ့ရစဉ် ။ Photo: Kyaw Myo Min/ RFA
ပြီးခဲ့တဲ့၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ကချင်ပြည်နယ်က ကန်ပိုက်တီနဲ့ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး စခန်း နှစ်ခုမှာဖွင့်လှစ်ထားတဲ့ ဦးစီးဋ္ဌာန ၅ ခုကနေ အခွန်ငွေကျပ် စုစုပေါင်း ၁၃ ဘီလျံကျော် ကောက်ခံရရှိခဲ့တယ် လို့ ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။

ငြိမ်းချမ်းရေးအပြည့်အဝရခဲ့မယ်ဆိုရင် ကုန်စည်စီးဆင်းမှုတွေပိုမိုကောင်းမွန်လာနိုင်တဲ့အတွက် နိုင်ငံတော်က အခွန်ငွေတွေတိုးတက်ရရှိပြီး ဒေသဖွံ့ဖြိုးရေးတွေ ကို တိုးမြှင့်ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ကချင်ပြည်နယ် ဘဏ္ဍာအခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးဝေလင်းက RFA ကိုပြောပါတယ်။

"ကျနော်တို့ မြန်မာကျပ်ငွေချည်းပဲပြောမယ်ဆိုလို့ရှိရင် အားလုံး ကျပ်သန်းပေါင်း ၁၃၉၆၇.၇၀ သန်းရရှိ ပြီးတော့မှ ဘီလျံနဲ့ပြောမယ်ဆိုရင်တော့ ၁၃.၉၆၇ ဘီလျံကောက်ခံရရှိတဲ့အကြောင်း ကျနော်ဖြေကြား လိုပါတယ်။ ငြိမ်းချမ်းရေးကောင်းတယ်ဆိုရင်တော့ကျနော်တို့က တားမြစ်ထိန်းချုပ်ကန့်သတ်မှုတွေလျှော့ချ မယ် ဆိုရင်တော့ ကုန်စည်စီးဆင်းမှုတွေက အများကြီးအားကောင်းလာမှာပေါ့"

အဲဒီ ၁၃ ဘီလီယံ ကျော်ဟာ နယ်စပ်ကုန်သွယ်ရေးရဲ့ ကုန်စည်စီးဆင်းမှုအပေါ်မှာ ဌာနတစ်ခုချင်းစီ အလိုက် ကောက်ခံရရှိတဲ့ အခွန်ငွေစုစုပေါင်း ပမာဏဖြစ်တယ် လို့ ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ်က ကန်ပိုက်တီ နဲ့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုမှာ နယ်စပ်ကုန်သွယ်ရေး၊ အကောက်ခွန်၊ ပြည်တွင်းအခွန်၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဋ္ဌာန၊ မြန်မာ့စီးပွားရေးဘဏ် စတဲ့ ဋ္ဌာန ၅ ခုကိုဖွင့်လှစ်ပြီး အခွန်ကောက်ခံနေတာဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် နယ်မြေမလုံခြုံမှုကို အကြောင်းပြုပြီး ရွှေ၊ကျောက်စိမ်း၊ သစ်မျိုးစုံစတဲ့ သဘာဝသယံဇာတတွေအပါအဝင် တရားမဝင် ကုန်စည်မျိုးစုံကို တရုတ်ပြည်ဘက် နည်းအမျိုးမျိုးနဲ့ မှောင်ခိုသယ်ယူမှုတွေရှိနေပါတယ်။

RFA Burmese
http://www.rfa.org/burmese

နမ့်စန်မှာ လေပြင်းတိုက်ပြီး အိမ်အလုံး ၁၀၀ ကျော်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ ဟိုက်ဖတ်ကျေးရွာမှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံးပျက်ဆီးသွားသည်ကို တွေ့ရစဉ် ။ Photo: Nay Zaw Naing
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ ဟိုက်ဖတ်ကျေးရွာမှာ မနေ့ နေ့လယ်လောက်က လေပြင်း တိုက်ခတ်ခဲ့ပြီး နေအိမ် ၁၀၀ လောက် ပျက်စီးသွားတယ်လို့ နမ့်စန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးနေဇော်နိုင်က ပြောပါတယ်။

အဲ့ဒီနေအိမ် အလုံး ၁၀၀ ထဲက နေအိမ် ၇၀ လောက်က ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့တယ်လို့ ဦးနေဇော်နိုင်က ပြောပါတယ်။

"မနေ့က နေ့လယ် ၁ နာရီခွဲလောက်မှာ လေပြင်းတိုက်သွားတော့ အိမ်ခြေ ၁၀၀ လောက် ပျက်စီးသွားတယ်။ အဲ့ဒီမှာ ၇၀ လောက်ကတော့ ဆိုးဆိုးဝါးဝါး ပျက်စီးရတာပေါ့နော်။ သွပ်မိုးတွေလည်း အကုန်လန်တယ်။ အိမ်တွေလည်း ပျက်စီးကုန်တယ်။ သစ်ပင်တွေလည်း အမြစ်က ကျွတ်ထွက်ပြီးတော့ မိုးကြိုးပစ် လို့ နွားတစ်ကောင်သေသွားတယ်ခင်ဗျ"

နေအိမ်ပျက်စီးသွားတဲ့ မိသားစုတွေဟာ နီးစပ်ရာဆွေမျိုးတွေအိမ်နဲ့ စာသင်ကျောင်းတွေမှာ ခဏ တည်းခိုနေရတယ်လို့ပြောပါတယ်။

သူတို့တွေ နေအိမ်ပြန်ဆောက်တဲ့အခါမှာ အထောက်အကူဖြစ်နိုင်ဖို့နဲ့ လောလောဆယ် စား၊ ၀တ်၊ နေရေးတို့အတွက် ဒေသခံ လူမှုအဖွဲ့အစည်းတွေက စုပေါင်းပြီး ကူညီနေကြတယ်လို့ သိရပါတယ်။

မန္တလေး၊ ရှမ်းပြည်နယ် ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာမိုးတိမ်တောင်တွေ ဖြစ်ပေါ်နေ တာကြောင့် ဂရုစိုက်နေကြဖို့ မိုးလေ၀သ ပညာရှင်ဒေါက်တာ ထွန်းလွင်က သတိပေးထားပါတယ်။

အဲ့ဒီမိုးတိမ်တောင်တွေကြောင့် လျှပ်စစ်လက်တာ၊ မိုးခြိမ်းတာ၊ နေရာကွက်ပြီးမိုးသည်းတာ၊ မိုးသက်လေပြင်းတိုက်တာ၊ မိုးသီးကြွေတာနဲ့ မိုးကြိုးပစ် တာတွေ ဖြစ်တတ်တယ်လို့ ဦးထွန်းလွင်က သတိပေးထားတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

မြစ်သား မြို့ နယ်တွင် အိမ်ခြေ ၁၈၀ ကျော် လေဘေးသင့် ၊ သစ်ပင်ပိ၍ ၁ ဦး သေဆုံး၊ (၂)ဦးဒဏ်ရာရ


မြစ်သား ဧပြီ ၂၉

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ဧပြီ၂၉ရက် နံနက် ၁၁ နာရီမှ နေ့လည် ၂နာရီအထိ မိုးသည်း ထန်စွာရွာ သွန်းခြင်း၊ လေပြင်း တိုက်ခြင်း၊ မိုးသီးကြွေခြင်းတို့ကြောင့် ရပ်ကွက်/ကျေးရွာ(၁၇)ခု၊ အိမ်ခြေ (၁၈၈)အိမ်တို့ လေဘေးသင့်ကာ အိမ်အမိုးများလန်ခြင်း၊ သစ်ပင်များ လဲခြင်း၊ မြို့တွင်းဓါတ်တိုင်များနှင့် မဟာဓါတ်အားလိုင်းမှ တာဝါတိုင် (၄)တိုင်လဲခြင်း၊ ကြော်ငြာဆိုင်းဘုတ်ကြီးများလဲခြင်း၊ သစ်ပင်ပိ၍ (၁)ဦး သေဆုံးပြီး (၂)ဦးဒဏ်ရာရခြင်းတို့ ဖြစ်ပေါ်ခဲ့ပါသည်။

လေဘေးသင့် နေရာများသို့ သံချပ်ကာပြင်ဆင်ရေးတပ်၊ သံချပ်ကာ သင်တန်းကျောင်း၊ လေကြောင်းရန် တပ်၊ တင့်ကားတပ်ရင်းများမှ အရာရှိစစ်သည်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မီးသတ်ကယ်ဆယ်ရေး တပ်ဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များက လည်းကောင်း မဟာဓါတ်အား လိုင်း တာဝါတိုင်များသို့ ကျောက်ဆည်ခရိုင် လျှပ်စစ် မန်နေဂျာနှင့်အဖွဲ့တို့ ကလည်းကောင်း သွားရောက်ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။

ရဲဝင်းထွန်း(မြစ်သား)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

ကျူးဘား အနောက်ပိုင်းတွင် စစ်လေယာဉ် တစ်စင်း ပျက်ကျ၊ လူ ၈ ဦး သေဆုံး

ပျက်ကျနေသည့် လေယာဉ် တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဟာဗားနား၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

    ကျူးဘားနိုင်ငံ အနောက်ပိုင်း Artemisa ပြည်နယ်တွင် ဧပြီလ ၂၉ ရက် နံနက်ပိုင်းက စစ်လေယာဉ် တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ် လိုက်ပါလာသည့် တပ်သား ၈ သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြထားသည်။

ကျူးဘား တော်လှန်ရေး တပ်မတော်ပိုင် လေယာဉ်မှာ မြို့တော် ဟာဗားနား အနောက်ဘက် Artemisa ပြည်နယ်ရှိ တောင် တစ်လုံးကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

“လေယာဉ်မှူး အပါအဝင် လေယာဉ်ပေါ်လိုက်ပါသွားသူ အားလုံး သေဆုံးသွားခဲ့တယ်” ဟု တော်လှန်ရေးတပ် ဝန်ကြီးဋ္ဌာန (Ministry of Revolutionary Armed Forces) က နိုင်ငံပိုင် မီဒီယာမှ တစ်ဆင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံထုတ် AN-26 လေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၆း၃၈ နာရီ၌ ဟာဗားနားမြို့စွန်ရှိ Playa Baracoa လေဆိပ်မှ ထွက်ခွာလာခဲ့ပြီး Candelaria မြို့ရှိ loma de la Pimienta တောင်နှင့် အပြင်းအထန် ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

တော်လှန်ရေးတပ် ဝန်ကြီးဋ္ဌာနက ကော်မရှင် တစ်ဖွဲ့က လေယာဉ် ပျက်ကျရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(Xinhua)
http://www.xinhuamyanmar.com

ကိုလံဘီယာ၌ အဆောက်အအုံပြိုကျ ၊ သေဆုံးသူ ၁၈ ဦးထိရှိလာ

ကိုလံဘီယာနိုင်ငံ၌ ဧပြီလ ၂၇ ရက်က ပြိုကျသွားသော အဆောက်အအုံတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

    ဘိုဂိုတာ၊ဧပြီ ၃ဝ ရက် (ဆင်ဟွာ)

    ကိုလံဘီယာနိုင်ငံ Cartagena ၌ ပြီးခဲ့သော ရက်ပိုင်းက အဆောက်အအုံတစ်လုံးပြိုကျမှုဖြစ်စဉ်အတွင်း သေဆုံးသူဦးရေမှာ ဆက်လက်မြင့်တက်ဖွယ်ရှိနေကြောင်း သိရသည်။

ဧပြီလ ၂၇ ရက်က Cartagena မြို့ ၏ မြို့ တော်ခန်းမ အဆောက်အအုံပြိုကျမှုတွင် သေဆုံးသူ ၁၈ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၂၃ ရှိခဲ့ပြီး စုစုပေါင်း ၄၁ ဦးကို ရှာဖွေ ကယ်ဆယ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။မြို့ တော်ဝန် Manuel Duque က ဒေသတွင်း သတင်းမီဒီယာများအား ပြောကြားရာတွင် ဒဏ်ရာရရှိသူ ၁၆ ဦးကို ဆေးရုံတင်ပို့ ၍ ဆေးကုသမှုပေးထားကြောင်း သိရသည်။

သေဆုံးသူအများစုသည် ဆောက်လုပ်ရေးအလုပ်သမားများဖြစ်ကြောင်း နှင့် ၄င်းတို့ အနက်အချို့ မှာ ဗင်နီဇွဲလားနိုင်ငံသားများဖြစ်ကြောင်း သိရသည်။ အဆိုပါ အဆောက်အအုံပြိုကျမှုဖြစ်စဉ်ကြောင့် ဆောက်လုပ်ရေးကန်ထရိုက်တာများကို ဖမ်းဆီးရန်  အမိန့် ထုတ်ပြန်ထားသည်။

“ သူတို့ မှာ ဆောက်လုပ်ရေး ခွင့်ပြုမိန့် (ပါစမ်) မရှိကြပါဘူး။ ပါမစ်အတုတွေနဲ့ သူတို့ ဟာ လူနေအိမ်တွေ အဆောက်အအုံတွေကို ဆောက်လုပ်နေကြတာပါ ” ဟု မြို့ တော်ဝန်က ဆိုသည်။

ယင်းအဆောက်အုံပြိုကျမှုဖြစ်စဉ်တွင် Cartagena မြို့ ရှိ အစိုးရ အရာရှိအချို့ အနေဖြင့် အဂတိလိုက်စားမှုများပြုလုပ်ထားခြင်း ရှိမရှိကို သိနိုင်ရန်အတွက် ကိုလံဘီယာနိုင်ငံ ရှေ့ နေချုပ်က စုံစမ်းစစ်ဆေးရန် အမှုဖွင့်ထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

တောင်ကုတ် မဟော်သဓာ အခမဲ့ ကိုယ်ပိုင် အထက်တန်းကျောင်း မဘသနှင့် တစ်စုံတစ်ရာ ပတ်သက်မှု မရှိဟုဆို

(ကျောင်းအကျိုးတော်ဆောင်များနှင့် မဟော်သဓာအထက်တန်းကျောင်း)
နိရဉ္စရာ၊ ဧပြီ ၃၀

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယခုနှစ်တွင် ဖွင့်လှစ် သင်ကြားမည့် “ တောင်ကုတ် မဟော်သဓာ အခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်း” သည် မဘသ အဖွဲ့နှင့် တစ်စုံတစ်ရာ ပတ်သက်မှု မရှိကြောင်း ကျောင်းအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်က ယနေ့နံနက်က ပြောဆိုသည်။

“ဒီကျောင်းကို အမျိုးသား အကျိုး စီးပွား တိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစောထွန်းရှိန်က ရခိုင်ပြည်နယ် ၁၇ မြို့နယ်က စာမသင်နိုင်တဲ့ သူတွေကို စာသင်ပေးဖို့ ရည်ရွယ်ချက်နဲက ထူထောင်တာပါ။ မဘသ အဖွဲ့နဲ့ တစ်စုံတစ်ရာ ပတ်သက်မှု မရှိပါ။ မဘသ ဘာလဲဆိုတာတောင် ကျွန်တော်တို့ မသိပါ” ဟု ဦးခင်မောင်က ပြောသည်။

ယခုနှစ်တွင် စတင်ပြီး န၀မတန်း ကျောင်းသား ၈၀ ကို လက်ခံရန် စီစဉ်ထားကြောင်း၊ ကျောင်းသားသစ် များ ခေါ်ယူခြင်း လျှောက်လွှာကို ရခိုင်ပြည်နယ် ၁၇ မြို့နယ်ရှိ ပညာရေးမှူးရုံးများသို့ အကြောင်း ကြားထားပြီ ဖြစ်ကြောင်း ပြောကြားသည်။

“ ကျွန်တော်တို့က ၁၇ မြို့နယ်က ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေ စာသင်နိုင်အောင်၊ စာသင်ဖို့ အခက်အခဲရှိလို့ လမ်းဘေးကို မရောက်ရအောင် ဒီကျောင်းကို တည်ထောင်တာပါ။ ဒါကိုတောင်မှ အကောင်းမမြင်ရင် ရခိုင်သားလို့ မခံယူပါနဲ့လို့ ပြောလိုပါတယ်” ဟု ဆိုသည်။

ယခုနှစ် ကျောင်းဖွင့်ရာသီတွင် န၀မတန်း ကျောင်းသား ကျောင်းသူများကို လက်ခံရာတွင် သိပ္ပံတွဲနှင့် ၀ိဇ္ဇာတွဲ နှစ်ခုလုံးကို လက်ခံသွားမည် ဖြစ်ကြောင်း၊ လက်ခံရာတွင်လည်း ပညာထူးချွန်သူချင်း တူညီနေလျှင် မိဘဆင်းရဲသူကို ဦးစားပေးမည် ဖြစ်ကြောင်း၊ မိဘဆင်းရဲချင်းတူညီလျှင် မိဘ မစုံသူကို ဦးစားပေးမည် ဖြစ်ကြောင်း၊ မိဘ မစုံသူချင်း တူညီလျှင် ဖခင် ကွယ်လွန်သူ ဦးစားပေးမည် ဖြစ်ကြောင်း၊ ကျန်းမာ၍ ကိုယ်လက်အင်္ဂါ ပြည့်စုံပြီး ကူးစက်ရောဂါ ကင်းရှင်း ရမည် ဖြစ်ကြောင်း သိရသည်။

ကျောင်းဝင်လိုသော ကျောင်းသားများ အနေဖြင့် လျှောက်လွှာကို တောင်ကုတ်မြို့ မဟောသဓာကျောင်း ရုံးခန်းမှ အခမဲ့ ယူဆောင်နိုင်ပြီး မေလ ၁၅ ရက်နေ့ကို နောက်ဆုံးထားပြီး တင်ရမည် ဖြစ်ကြောင်း၊ လျှောက်လွှာ ရယူရန် ခက်ခဲသည့် နယ်ဝေးကျောင်းသားများသည် ဖုန်းနံပတ် ၀၉၄၂၁၇ ၂၄၆၆၄ သို့ ဆက်သွယ်ပြီး မှာယူပြီး Viber တစ်ဆင့် ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara

မအူခုံကျေးရွာတွင် တောဆင်ရိုင်းများ ဝင်ရောက်မှုကြောင့် လူနေအိမ်တစ်လုံးပြိုကျ


မြောက်ပိုင်းခရိုင်တိုက်ကြီးမြို့နယ်ဥက္ကံမြို့အရှေဘက်ချောင်းစောက်ကျေးရွာအုပ်စု မအူခုံကျေးရွာမှာ ဧပြီ (၂၈)ရက် ည(၁၁)နာရီ က တောဆင်ရိုင်းများ ဝင်ရောက်မှုကြောင့်လူနေအိမ်တစ်လုံးဖျက်ဆီးခံရတယ်လို့ ဒေသခံ တွေရဲ့ပြောပြချက်အရ သိရပါတယ်။

 တောဆင်ရိုင်းတွေက ညနေ(၆)နာရီ လောက်ဆို စိတ် မချရတော့ဘူး၊သူတို့ ဖြတ်လမ်းတွေက နေ့စဉ်ဖြတ်နေပြီး ရွာတွေထဲအထိလာကြတယ်လို့ ရပ်မိရပ်ဖ တစ်ဦးက ရှင်းပြပါတယ်။

 ကျွန်တော့်အိမ်ကို လာဖျက်တာ တော့မဟုတ်ဘူး ဆင်တွေက အစာ ဝင်ရှာတာနေမယ် ဆန်အိုးက အိမ်ခန်းထဲမှာဆိုတော့ သူတို့ကိုယ်လုံးနဲ့ ဝင်တိုးရင် ပြို ကျသွားတာပါ လို့ တောဆင်ရိုင်း အဖျက်ခံရလို့ နေအိမ်ပြိုကျတဲ့ ဦးဇော်ဝင်းထွန်က ပြောပါတယ်။

 တောဆင်ရိုင်းတွေဟာ အုပ်စုဖွဲ့ အစာရှာထွက်နေကြတာ နေ့စဉ်လိုလိုရှိပြီး ဥက္ကံမြို့ အရှေ့ဘက် ပဲခူးရိုးမ တောင်ခြေတွေရှိ ချောင်းစောက်ကျေးရွာအုပ်စု၊ လဟာမငယ် ကျေးရွာအုပ်စုနဲ့ ကွမ်းသီးမြောင်ကျေးရွာအုပ်စုကကျေးရွာပေါင်း (၃၀)ကျော်ရှိ ဒေသခံပြည်သူတွေက ညဘက်တွေမှာ တောဆင်ရိုင်းအန္တရာယ်တွေအတွက် ကင်းစောင့်မှုတွေရှိနေတယ်လို့သိရပါတယ်။ ဒီသတင်းကို တင်ဝင်းနိုင်(တိုက်ကြီး) ကပေးပို့တာပါ။

Central News Bureau
https://www.facebook.com/skynetcnb/

အမျိုးသမီး တစ်ဦး မိမိလည်ပင်းကို ဓါးဖြင့်လှီး၍ ရေတွင်းထဲ ခုန်ချသေဆုံး


30-4-2017

ဧပြီလ ၃၀ ရက်နေ့ ယနေ့နံနက် ၃ နာရီအချိန်ခန့်က လားရှိုးမြို့ ရပ်ကွက်-၁၂ နယ်မြေ-၇ အတွင်းရှိ နေအိမ်တစ်ခုတွင် အသက် ၄၀ ကျော်ခန့်ရှိ အမျိုးသမီးတစ်ဦးမှ မိမိလည်ပင်းအား ဓါးဖြင့်လှီး၍ ရေတွင်းထဲသို့ ခုန်ချလိုက်ကြောင်း လားရှိုးမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းသို့ နံနက် ၅ နာရီတွင် အကြောင်းကြားလာသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ကူညီ ဆယ်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

လားရှိုးမြို့နယ်မီးသတ်တပ်ဖွဲ့
Nay Myo (Lashio News)

အလုပ်ရှင်နှင့်အလုပ်သမား စကားများရန်ဖြစ်ရာမှ ဓားဖြင့်ထိုးမှုကြောင့် အလုပ်ရှင်သေဆုံး


မြဝတီ ဧပြီ ၂၉

မြဝတီမြို့တွင်အလုပ်ရှင်နှင့် တစ်ယောက်တစ်ခွန်းစကားများစဉ် အလုပ်သမား ဖြစ်သူက ဓားဖြင့်ထိုးထွက်ပြေးသွားမှုတွင် ပြစ်မှုကျူးလွန်သူကို မြဝတီမြို့မ ရဲစခန်း နယ်ထိန်းတပ်ဖွဲ့ဝင်များက နာရီဝက်အတွင်း ပိတ်ဆို့ဖမ်းဆီးရမိခဲ့ သည်။

ဆေးရုံပို့ဆောင်စဉ် သေဆုံး

ဧပြီ ၂၉ရက် နံနက် ၈နာရီခန့်ကအိမ်အမှတ်(၈/၆၃)မဟူရာလမ်း အမှတ်(၂) ရပ်ကွက် မြဝတီမြို့၌ ဓားထိုးမှုဖြစ်ပွား ကြောင်းသတင်းအရ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်နိုင်စိုးဦးစီးအဖွဲ့သွားရောက်စုံစမ်းခဲ့ရာ ဒဏ်ရာရရှိသူမှာ ဇော်မင်းထွန်း (ခ)ရှောင်တိ (၃၇နှစ်) ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူဖြစ်ကြောင်းသိရပြီး ဒဏ်ရာများ အား စစ်ဆေးရာ နောက်ကျောတွင် ဒဏ်ရာများရရှိခဲ့သဖြင့် မြဝတီခရိုင်ဆေးရုံ ကြီးသို့ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။


ဖော်ထုတ်ဖမ်းဆီး

ဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာ ဇော်မင်းထွန်း(ခ)ရှောင်တိမှာ ငွေ လွှဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး¤င်း၏အလုပ်သမားဖြစ်သူ သီဟဇော်က ဓားဖြင့် ထိုးသွားခြင်းဖြစ်ကြောင်းသိရပြီး ပြစ်မှုကျူးလွန်သူမှာ အခင်းဖြစ်နေရာမှ ထွက်ပြေး တိမ်းရှောင်သွားသဖြင့် ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် အဖွဲ့များ ခွဲကာ ပိတ်ဆို့ဖမ်းဆီးရာမှ အခင်းဖြစ်ပြီး မိနစ် ၂ဝ အကြာ ည ၈နာရီမိနစ် ၂ဝ တွင်ပြစ်မှုကျူးလွန်သူ သီဟဇော် (၁၉နှစ်)ကို မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ညဈေးတွင် ဖမ်းဆီးရမိခဲ့သည်။

သီဟဇော်အား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရိုးသွား ၁၄ လက်မခန့်ရှိ စတီးဓားဦးချွန်တစ်ချောင်း (အရိုးကျွတ်နေ)ကို ရှာဖွေပုံစံ ဖြင့် သိမ်းဆည်းခဲ့ပြီး မြဝတီမြို့မရဲစခန်းက စစ်ဆေးလျက်ရှိကြောင်း သိရ သည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
ဓါတ်ပုံ - Police Myawaddy
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ပြည်သူ့ဝန်ထမ်း လေးထောင်ခန့် တူရကီ ထပ်မံဖယ်ရှား

တူရကီသမ္မတ Recep Tayyi Erdogan
တူရကီအစိုးရက အရပ်ဖက်နဲ့ စစ်ဖက် ဝန်ထမ်းတွေ၊ ရဲနဲ့ လုံခြုံရေး တာဝန်ရှိသူတွေ အားလုံး စုစုပေါင်း လေးထောင်နီးပါးကို အလုပ်ထုတ်ပစ် လိုက်ပါတယ်။ မနှစ်က မအောင်မြင်တဲ့ အာဏာသိမ်းမှုနဲ့ ဆက်စပ် နေသူတွေကို အလုပ်ဖြုတ်ပစ်တဲ့ ပုံမျိုး တွေ့နေရပါတယ်။

စနေနေ့က ကြေညာလိုက်တဲ့ အစိုးရပြန်တမ်း အရ အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်း ၁၁၂၇ ဦးထဲမှာ တရားရေး ဝန်ကြီးဌာနက ထောင်ဝန်ထမ်း တွေနဲ့ ကျွမ်းကျင် ပညာရှင်တွေအပြင် ဘာသာရေး ဆိုင်ရာ ဝန်ကြီးဌာန ဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။

ဒါဟာ မနှစ်က ဇူလိုင်လ မအောင်မြင်တဲ့ အာဏာသိမ်းမှု ဖြစ်ပွါးခဲ့ချိန်က စပြီး တချိန်ထဲ အများဆုံး အလုပ်ထုတ်ပစ်တဲ့ အနေထားပါ။

အဲဒီအချိန်ကစပြီး အလုပ်က ယာယီ အရပ်စဲခံရတဲ့ အရပ်ဖက် ဝန်ထမ်းတွေနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေက ဝန်ထမ်း စုစုပေါင်းက တသိန်း နှစ်သောင်းလောက် ရှိပါတယ်။ အဖမ်းခံရသူကတော့ လေးသောင်းကျော်ပါတယ်။

တူရကီ အစိုးရက စနေနေ့မှာပဲ မတွေ့ဘူးသေးသူတွေ တွေ့ဆုံဖို့ စီစဉ်ပေးတဲ့ TV dating အစီအစဉ် တွေကို ပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့သလို ကွန်ပြူတာ အွန်လိုင်းမှာ စူးစမ်း ရှာဖွေလို့ ရတဲ့ Wikipedia ဝက်ဘ်ဆိုက်ကိုလည်း ကြည့်ခွင့် ပိတ်လိုက်ပါတယ်။ တူရကီဟာ အကြမ်းဖက် အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက် နေကြောင်း Wikipedia က ပြောတယ်လို့ တူရကီအစိုးရက ဆိုပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com

ဂြိုလ်တုဆက်သွယ်ရေးစနစ် မြန်မာ စတော့မည်


မြန်မာအစိုးရက နိုင်ငံပိုင် ဂြိုလ်တုစနစ် တည်ထောင်ရေးကို စတင် လုပ်ဆောင်နေတာမှာ ဂြိလ်တုစနစ် တည်ထောင်ရေး ဦးဆောင် ကော်မီတီရဲ့ ပထမအကြိမ် စည်းဝေးပွဲကို ဧပြီလ ၂၈ ရက်နေ့က နေပြည်တောင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန အစည်း အဝေး ခမ်းမမှာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ဂြိုလ်တု ဆက်သွယ်ရေး စနစ်ကို Geo-stationary ပတ်လမ်း၊ Indian Ocean Region (IOR) ၆၀ ဒီဂရီ အရှေ့ တည်နေရာမှာ ရှိတဲ့ Intelsat V ဂြိုလ်တုကို အသုံးပြုပြီး တယ်လီဖုန်း ဆက်သွယ်ရေးနဲ့ ရုပ်သံ လက်ခံရေးတို့အတွက် ၁၉၇၉ ခုနှစ်ကတည်း စတင် အသုံး ပြုခဲ့ကြောင်း၊ အဲဒီကနေ ၁၉၉၀ ခုနှစ်မှာ AsiaSat-1 နဲ့ ၁၉၉၈ ခုနှစ်မှာ ThaiComm 3 တို့ကိုပါ တိုးချဲ့ အသုံး ပြုခဲ့ကြောင်း ဂြိလ်တုစံနစ် တည်ထောင်ရေး ဦးဆောင် ကော်မီတီဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေက စည်းဝေးပွဲ အတွင်း ပြောကြား ခဲ့ပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်း ပြောင်းလဲလာနေတဲ့ ဆက်သွယ်ရေး လိုအပ်ချက်တွေနဲ့ လူမှုဘ၀ တိုးတက် ဖွံ့ဖြိုးရေးတို့အတွက် လိုအပ်ချက်တွေအရ မြန်မာနိုင်ငံ Space Agency အာကာသဌာန တည်ထောင်ရေးအတွက် စတင် အကောင်အထည် ဖော်ခြင်း ဖြစ်ကြောင်း ဒုသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

၂၀၁၈ - ၂၀၁၉ ခုနှစ်တွေမှာ ဘတ်ဂျက်လျာထားပြီး အကျိုးအမြတ် တွက်ချက် သင့်သည်များကို တွက်ချက်ကာ ဥပဒေ လုပ်ထုံး လုပ်နည်းတွေနဲ့ အညီ လုံခြုံရေးကောင်းတဲ့ ဂြိုလ်တုနဲ့ ချိတ်ဆက်ပြီး အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။

ဆက်သွယ်ရေးဂြိုလ်တု ထားရှိခြင်း အားဖြင့် ကုန်းတွင်းပိုင်း၊ ရေပေါ်နဲ့ ကျွန်းတွေပေါ်အထိ တိုင်းပြည် နေရာ အနှံ့အပြားအတွက် ဆက်သွယ်ရေးဆိုင်ရာ လိုအပ်ချက်တွေ ကို ဖြည့်ဆည်း ပေးနိုင်မှာ ဖြစ်ပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com

မြန်မာ အာကာသ အေဂျင်စီ ပေါ်လာဖို့ ဦးဆောင် ကော်မတီ ဖွဲ့လာ

ကိုယ်ပိုင် ဂြိုဟ်တု စံနစ် ပိုင်ဆိုင်ဖို့ ကြိုးစားလာ
မြန်မာ နိုင်ငံ အနေနဲ့ ကိုယ်ပိုင် ဂြိုဟ်တု စံနစ် ထားရှိ ပိုင်ဆိုင်ဖို့ စီစဉ် နေတယ် လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြောလာပါတယ်။

ဒီလို ဂြိုဟ်တု စံနစ် ပိုင်ဆိုင် နိုင်ရေး အတွက် ဒုတိယ သမ္မတ တစ်ယောက် ဦးဆောင်တဲ့ ကော်မတီ တစ်ရပ် ဖွဲ့လိုက်တယ် ဆိုပြီး အစိုးရ သတင်းစာမှာ ဖော်ပြထားပါတယ်။

အဲဒီ ကော်မတီဟာ နိုင်ငံတကာ ဆက်သွယ်ရေး အဖွဲ့ ITU လို အဖွဲ့မျိုးတွေ အပါအဝင် တခြား သက်ဆိုင်တဲ့ အဖွဲ့တွေနဲ့ကြား ချိတ်ဆက်ပြီး မြန်မာ အာကာသ အေဂျင်စီ ဆိုတဲ့ အဖွဲ့ တည်ထောင် နိုင်ဖို့ ပြုလုပ် သွားမယ်လို့ ဆိုပါတယ်။

ဂြိုဟ်တု စံနစ် ထားရှိရေး စီမံကိန်းကို ၂ဝ၁၈-၁၉ ဘဏ္ဍာနှစ်ထဲ အကောင်အထည် ဖော်မယ်လို့ ဆိုတဲ့ အတွက် အနည်းဆုံး ၂ နှစ် လောက် အချိန်ယူ ပြင်ဆင်မယ့် အနေအထား ဖြစ်ပါတယ်။

မြန်မာ နိုင်ငံမှာ ဘဏ်စနစ် အပါအဝင်၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်း၊ ဓာတ်သတ္တု တူးဖော်တဲ့ လုပ်ငန်းနဲ့ ပညာရေး တို့လို ကဏ္ဍ တွေမှာ ဂြိုဟ်တုတွေကို အသုံးချ ဆက်သွယ် နေတာတွေ တိုးမြင့် လာနေပြီး၊ အဲဒီ ဂြိုဟ်တုတွေကို ငှားရမ်း သုံးစွဲ နေရတာ ဖြစ်ပါတယ်။

ကိုယ်ပိုင် ဆက်သွယ်ရေး ဂြိုဟ်တု စံနစ်သာ ရှိလာခဲ့ရင် ကုန်းပိုင်းရော၊ ရေပိုင်းပါ မကျန် ဝေးလံ ခေါင်သီတဲ့ အရပ် ဒေသတွေမှာပါ ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးနိုင် လာမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

အကြိမ် ၃၀ မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ

အကြိမ် ၃၀ မြောက် အာဆီယံထိပ်သီး အစည်းအဝေး
အကြိမ် ၃၀ မြောက် အာဆီယံထိပ်သီး အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံမှာ ပြုလုပ်ခဲ့ရာမှာ ဧပြီလ ၂၉ ရက်နေ့မှာတော့ အာဆီယံ ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြပါတယ်။

အခု အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အဓိက လွှမ်းမိုးခဲ့တဲ့ အကြောင်းအရာတွေကတော့ မြောက်ကိုရီးယား နျူးကလီးယားအရေး၊ တောင်တရုတ်ပင်လယ် အတွင်း ပင်လယ်ပိုင်နက် အငြင်းပွားမှု အရေးနဲ့ အာဆီယံဒေတွင်း နိုင်ငံတွေရဲ့ စည်းလုံးညီညွတ်မှုကိစ္စတွေဖြစ်ပါတယ်။

အာဆီယံရဲ့ ဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတ ဒူတာတေးက အမေရိကန် ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားတို့အကြား တင်းမာနေတဲ့ နျူးကလီးယား ပြဿနာနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ရာမှာ "အမေရိကန်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံဟာ သူတို့မှာရှိတဲ့ ကစားစရာ အရုပ်တွေနဲ့ ဆော့နေကြတယ်။ ဒါပေမယ့် သူတို့ကစားတဲ့ အရုပ်တွေဟာ အများပြည်သူကို စိတ်ဖျော်ဖြေမှု ပေးနိုင်တဲ့ အရုပ်တွေလည်း မဟုတ်ဘူး။ ကျနော်တို့အနေနဲ့ လူတိုင်းကို သတိထားရပါလိမ့်မယ်။ ဒီပါဝါကစားသမားနှစ်ယောက်ကိုတင်မကဘဲ သူတို့ကို အကြံပေးနေတဲ့ နိုင်ငံတွေကိုပါ သတိထားရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ နျူးကလီးယားထိပ်ဖူးတွေရှိတဲ့ လူတွေမို့ပါပဲ" လို့ ပြောပါတယ်။

ဒါ့အပြင် "တကယ်တန်းခံရရင် အရှေ့တောင် အာရှနိုင်ငံတွေ အားလုံးလည်း ခံစားကြရမှာ ဖြစ်တယ်။ အရှေ့တောင်အာရှ ဆင်းရဲသားနိုင်ငံတွေက ပိုခံရလိမ့်မယ်" လို့လည်း သူက သတိပေးသွားပါတယ်။

ဒီလို အချိန်မျိုးမှာ ညီညွတ်ရေးဟာ အရေးကြီးတယ်လို့လည်း သူကဆိုပါတယ်။

"သေနင်္ဂဗျူဟာဆိုင်ရာ ပထဝီနိုင်ငံရေးဆိုင်ရာ စိမ်ခေါ်မှုတွေကို အခုလို ရင်ဆိုင်နေရတဲ့ အချိန်မျိုးမှာ အစဉ်အလာမဟုတ်တဲ့ လုံခြုံရေးပြဿနာတွေ တိုးပွားပေါ်ပေါက်နေပါတယ်။ အဲဒီအန္တရာယ်တွေကို ကျော်လွှားနိုင်ဖို့ရာအတွက် အာရှဟာ ဘက်ပေါင်းစုံက စည်းလုံးညီညွတ်နေဖို့ လိုပါတယ်"လို့ ပြောသွားတာဖြစ်ပါတယ်။

ဒီအာဆီယံထိပ်သီး အစည်းအဝေးအပြီးမှာ တရုတ်ရဲ့ ကျွန်းတုတွေကိစ္စနဲ့ တရုတ်ရဲ့ စစ်ရေးအင်အားတိုးချဲ့ထူထောင်နေတဲ့ကိစ္စတွေကို အာဆီယံထိပ်သီးတွေရဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြဖို့ ထည့်သွင်းထားတယ်လို့ ရိုက်တာသတင်းဌာနက ရေးသားခဲ့ပါတယ်။ သူတို့ဟာ ကြေညာချက်မူကြမ်းကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

ဒါပေမယ့် တရုတ်သံအမတ်က အဲဒီအချက်တွေကို ဖယ်ရှားပေးဖို့ စည်းရုံးပြောဆိုနေတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။

အခုအာဆီယံထိပ်သီးအစည်းအဝေးပြီးရင် စနေနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်မယ်လို့လည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်က ကြိုတင်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် မနေ့က စနေနေ့မှာ ပူးတွဲကြေညာချက် ထွက်ပေါ်မလာခဲ့ပါဘူး။ တရုတ်နဲ့ ပတ်သက်ပြီး အာဆီယံထိပ်သီးခေါင်းဆောင်တွေအကြားမှာ သဘောတူညီမှုရခဲ့ကြပုံ မပေါ်ဘူးလို့လည်း နိုင်ငံတကာသတင်းစာတွေမှာ ရေးသားကြပါတယ်။

ဒီအာဆီယံ အစည်းအဝေးကို ကန့်ကွက်ဆန္ဒပြသူတွေလည်း ရှိခဲ့ကြပါတယ်။

အာဆီယံထိပ်သီးခေါင်းဆောင်တွေဟာ အာဆီယံနိုင်ငံတွေမှာ ရင်ဆိုင်နေကြရတဲ့ ဆင်းရဲမွဲတေမှုကျယ်ပြန့်တိုးပွားလာတဲ့ အကြောင်းကို မဆွေးနွေးကြပဲ စီးပွားရေး လုပ်ငန်းကြီးတွေ အတွက် နိုင်ငံပေါင်းစုံကော်ပိုရေးရှင်းကြီးတွေ အတွက်ပဲ ဆွေးနွေးနေကြတယ်ဆိုပြီး ကန့်ကွက်ဆန္ဒပြကြတာဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မြောက်ကိုရီးယား ဒုံးလက်နက်စမ်းသပ်မှု အမေရိကန် သတိနဲ့စောင့်ကြည့်

မြောက်ကိုရီးယား မစ်ဇိုင်းဒုံးစမ်းသပ်မှု
မြောက်ကိုရီးယားက နောက်ဆုံးအကြိမ် မစ်ဇိုင်းဒုံးစမ်းသပ်မှုနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတကို အစီရင်ခံတင်ပြထားကြောင်း အိမ်ဖြူတော်က ပြောပါတယ်။ မြောက်ကိုရီးယား ရဲ့ မစ်ဇိုင်းဒုံးကတော့ ပစ်လွှတ်ပြီးသိပ်မကြာခင်မှာပဲ ကုန်းတွင်းပိုင်းမှာ ပျက်ကျခဲ့တာပါ။

အမေရိကန်သမ္မတ အိမ်ဖြူတော် ပြန်ကြားရေးရုံးက ထုတ်ပြန်တဲ့ အကျဉ်းရုံးကြေညာချက် မှာတော့ စမ်းသပ်မှုနဲ့ ပတ်သက်လို့ ကြားသိထားကြောင်း ဖော်ပြထားပါတယ်။ အိမ်ဖြူတော်က ထုတ်ပြန်ချက် ထွက်ပေါ်လာပြီး သိပ်မကြာခင်မှာပဲ၊ တရုတ်နိုင်ငံနဲ့ တရုတ်နိုင်ငံက လူအများလေးစားခံရတဲ့ သမ္မတရဲ့ ဆန္ဒတွေကို မြောက်ကိုရီးယားက မစ်ဇိုင်းဒုံး ပစ်လွှတ်စမ်းသပ်ပြီး မထေမဲ့မြင် ပြုမူလိုက်တဲ့ ဆိုးရွားတဲ့ အပြုအမူဖြစ်ကြောင်း သမ္မတ Trump က Twitter လူမှုကွန်ယက်ကနေ မှတ်ချက်ပေး ပြောဆို ခဲ့တာပါ။

တောင်ကိုရီးယား နိုင်ငံက Yonhap သတင်းဌာနကတော့ မြောက်ကိုရီးယားက ပဲ့ထိန်း တပ် မစ်ဇိုင်းဒုံးတစင်းကို ဒီကနေ့ အစောပိုင်းမှာပဲ ပစ်လွှတ်ခဲ့ တာဖြစ်ကြောင်း ဖော်ပြပါ တယ်။ မြောက်ကိုရီးယားအပေါ် အမြန်ဆုံး အရေးယူကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး Rex Tillerson က ကုလသမဂ္ဂကို တိုက်တွန်းလိုက်ပြီး နာရီပိုင်း အကြာမှာပဲ မြောက်ကိုရီးယားက စမ်းသပ်မှု ပြုလုပ်ခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ အန္တရာယ်ကြီးမားလှတဲ့ လုပ်ရပ်တွေကို စွန့်လွှတ်ဖို့ ဖိအားတွေ ထပ်ပေးဖို့ လိုအပ်သလို၊ မြောက်ကိုရီးယားက ဆိုးဆိုးရွားရွား တခုခုလုပ်မလာခင်မှာ ကြိုတင်တားဆီးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ၀န်ကြီး Tillerson က တိုက်တွန်း ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် စစ်တပ် ပစိဖိတ်ဒေသ ကွပ်ကဲရေးတပ်ဖွဲ့ တပ်မှူး David Benham ကတော့ ပြုံယမ်းမြို့မြောက်ဖက်က Pukchang လေယာဉ်ကွင်းအနီးကနေ လွှတ်တင်လိုက်တဲ့ မစ်ဇိုင်းဒုံးဟာ မြောက်ကိုရီးယား ပိုင်နက်ကို မကျော်နိုင်ခဲ့ဘူးလို့ အတည်ပြုပြောဆို ခဲ့တာပါ။ မစ်ဇိုင်းဒုံးဟာ မြောက်အမေရိကကို ခြိမ်းခြောက်နိုင်စွမ်း မရှိဘူးလို့ မြောက် အမေရိက လေကြောင်းရန် ကာကွယ်ရေးတပ် NORAD က ဆုံးဖြတ်ခဲ့ကြောင်းလည်း တပ်မှူး Benham ကပြောပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com

ရဲမေကို အချစ်ကလေး လုပ်ပေးဟု ပြောသူကို ပုဒ်မသုံးခုတပ် ဖမ်းဆီး


မုံရွာ၊ ဧပြီ ၂၉။

စစ်ကိုင်းမြို့မ ရဲစခန်းသို့ ထောက်ခံစာလာတောင်းသူ တစ်ဦးမှ တာဝန်ကျ ဒုရဲအုပ်ရဲမေကို ပါးကိုင်၍ ချစ်လေးရာ လုပ်ပေးလိုက်ပါဟု ပြောသဖြင့် ပုဒ်မ သုံးခုနှင့် ဖမ်းဆီးခံခဲ့ရကြောင်း ၄င်းရဲစခန်းမှ သတင်းရရှိသည်။

ဧပြီ ၂၇ ရက်နံနက်ပိုင်း ပိုးတန်းရပ်ကွက် နေ အသက် ၂၈ အရွယ်အမျိုးသားတစ်ဦးသည် စစ်ကိုင်းမြို့မရဲစခန်းသို့ ထောက်ခံစာ လာတောင်းစဉ် ရပ်ကွက်ထောက်ခံစာနှင့် မှတ်ပုံတင် မပါ၍ တာဝန်ကျ ရဲမေမှ လုပ်မပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။

"ရဲမေပါးကို ကိုင်ပြီး အချစ်ကလေး လုပ်ပေးဟု အဲဒီကောင်က ပြောတာ။ အဲဒါနဲ့စခန်းမှူးသွားတိုင်တော့ --ါသယ်မတွေဆိုပြီး ဆဲဆိုလို့ အမှုဖွင့်၊ဖွင့်ပြီး ဖမ်းတာပါ။ ဆေးရုံဆေးစစ်ချက် ယူရာမှာလည်း အဲဒီလူက အရက်မူးနေတယ်လို့ သိရတယ်။ အရင်က ရဲပြေးနဲ့ ထောင်ကျပြီး ထွက်လာရတဲ့ သူလို့ သိရပါတယ်" ဟု စစ်ကိုင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြစ်မှုကျူးလွန်သော အမျိုးသားကို ရဲစခန်းမှ တာဝန်ကျ ၀န်ထမ်းအားနှောင့်ယှက်မှု၊ ညစ်ညမ်းစွာဆဲမှု၊ မိန်းမ အိနြေ္ဒပျက်စေမှု တို့ဖြင့်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar/

လဲချားတွင် တပ်သိမ်းမြေ ဧက ၁၀၀ ကျော် ပြန်ပေးရန် စီစဉ်


လဲချားမှာ နယ်မြေအခြေစိုက် စစ်တပ်က သိမ်းထားတဲ့ မြေတွေထဲက မြေဧက ၁၀၀ ကျော်ကို ဒေသခံတွေကို ပြန်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

သျှမ်းပြည်တောင်ပိုင်းလဲချားမြို့နယ် အမှတ် ၅၁၅ တပ်ရင်းကနေ တပ်တည်ဆောက်ဖို့ ဆိုပြီး ၁၉၉၀ ပြည့်နှစ်ကျော်ကာလက ဒေသခံတွေရဲ့ လယ်ယာမြေတွေကို သိမ်းယူခဲ့တာဖြစ်ပြီး အဲဒီထဲကနေမှ မြေဧက ၁၈၄ ဧက ကို ပြန်ပေးဖို့ အတွက် တပ်က တာဝန်ရှိသူတွေနဲ့ လဲချားမြို့က လွှတ်တော်ကိုယ်စားလှယ်တွေအပါဝင် ကျားခေါင်းပါတီ တာဝန်ရှိသူတွေနဲ့ ဧပြီလ ၂၈ ရက်နေ့က တွေ့ဆုံကာ တပ်မတော် တာဝန်ရှိသူတွေက မြေပြန်ပေးမဲ့ အစီစဉ်နဲ့ ပတ်သက်လို့ ပြောပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ဒီမြေတွေက ကျနော်တို့ လွှတ်တော်မှာ မေးပြီးကတည်းက ကာကွယ်ရေးက ဒုတိယဝန်ကြီးက ပြန်ပေးမယ်ဆိုပြီး ကျနော်တို့ကို သီးသန့် ခေါ်ပြောပြီးနောက် အခုလို နောက်ဆက်တွဲ အစီစဉ်ပေါ်ပေါက်လာတာပါ။” လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအောင်က ပြောပါတယ်။

လဲချားမြို့ အနောက်မြောက်ဘက်က ဟိုနားဝမ်ပန် ကျေးရွာအုပ်စုနားက ဒေသခံတွေရဲ့ ရာနဲ့ချီတဲ့ မြေတွေက အသိမ်းခံရခဲ့ပြီးနောက် လွန်ခဲ့တဲ့နှစ်က တပ်တံတိုင်းကာရံဖို့လုပ်စဉ် ဒေသခံတွေ သွားလာနေတဲ့ လမ်းနယ်နိမိတ်တွေပါ ခြံစည်းရိုးနယ်နမိတ်ထဲပါ မလိုဖြစ်နေတဲ့အတွက် ကျားခေါင်းပါတီ ကိုယ်စားလှယ်တွေက လမ်းနယ်ရရှိရေးအတွက် လွှတ်တော်မှာ ပြီးခဲ့တဲ့ ၉ လပိုင်းက တင်ပြခဲ့တာပါ။

အခုလို တပ်က မြေဧက ၁၈၄ ဧက ပြန်ပေးမှာ ဖြစ်တဲ့အတွက် လမ်းနယ်နမိတ်အပြင် ဒေသခံ အချို့အနေနဲ့ သိမ်းဆည်းခံခဲ့ရတဲ့ မြေတွေကို ပြန်လည်ရရှိမယ်လို့ ယုံကြည်မျှော်လင့်နေကြပါတယ်။

တပ်ရင်း ၅၁၅ အနေနဲ့ မြေပြန်လည်လွှဲအပ်မှု အခမ်းအနားကို ဘယ်နေ့မှာ လုပ်မယ်ဆိုတာ မသိရသေးပေမဲ့ လဲချားမြို့နယ် ကျားခေါင်းပါတီဘက်ကတော့ တပ်က မြေပြန်လွှဲတာနဲ့ ပါတီကနေ ဦးဆောင်ပြီး အခမ်းအနားတစ်ရပ်ကျင်းပမယ်လို့ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းသျှမ်းပြည်မှာအ ကြောင်းအမျိုးမျိုးပြမြေသိမ်းမှု ကြောင့် ဒေသခံတွေရဲ့ မြေဧက ၆ သောင်းကနေ ရ သောင်းလောက်အထိ မြေသိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

By: သျှမ်းသံတော်ဆင့်/စိုင်းအောင်ဆိုင်း
http://burmese.panglong.org

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှ ပြန်လည်ထွက်ခွာ


(၂၉-၄-၂၀၁၇ ရက်နေ့၊ မနီလာမြို့)

(၃၀)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှ အထူးလေယာဉ်ဖြင့် ယနေ့ဒေသစံတော်ချိန် (၁၆၁၅)နာရီတွင် ပြန်လည်ထွက်ခွာရာ ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဝန်ကြီး H.E. Ms. Paulyn Jean B. Russel-Ubial၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စစ်သံမှူးနှင့် သံရုံးဝန်ထမ်းမိသားစုများမှ Nino Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။

ဓာတ်ပုံ - ပြန်/ဆက်ဌာန
Ministry of Foreign Affairs Myanmar
https://www.facebook.com/mofamyanmar

သမ္မတထရမ့် ရက် ၁၀၀ ပြည့်နဲ့ နိုင်ငံခြားရေးမူဝါဒ စိန်ခေါ်မှု

သမ္မတ ဒေါ်နယ်ထရမ့်
သမ္မတ Donald Trump ဟာ သူ့အပေါ် သဘောကျတယ်၊ မကျဘူးဆိုတဲ့ ပြင်းပြတဲ့ သဘောထား ခံစားမှုတွေကို ဖန်တီးပေးသူတယောက်ပါ။ သူ့ရဲ့ သမ္မတ သက်တမ်း ရက်ပေါင်း တစ်ရာပြည့်တဲ့ အချိန်ဟာ သူဆက်လက် အကောင်အထည်ဖော်နေ ဆဲ နိုင်ငံခြားရေးမူဝါဒတွေရဲ့ သက်ရောက်မှုတွေအပေါ် အငြင်းပွားစရာတွေ၊ နိုင်ငံတကာ တင်းမာမှုတွေ ဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်။ သမ္မတ Trump ရဲ့ တွေးခေါ် ယူဆချက် ရှေ့အလားအလာတွေနဲ့ သူ့ရဲ့ အစောပိုင်း ဆောင်ရွက်ချက်တွေအပေါ် ပြင်းထန်တဲ့ ဝေဖန်မှုတွေရှိနေတဲ့ အခြေအနေတွေကို အိမ်ဖြူတော်ဆိုင်ရာ VOA သတင်းထောက် Peter Heinlein က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ရှားဖောင်က တင်ပြထားပါမယ်။

သမ္မတ Trump ရဲ့ သမ္မတ တာဝန်စတင်ထမ်းဆောင်တဲ့ ပထမရက်ပေါင်း တစ်ရာအတွင်း- ရက်ပေါင်း ၉၉ ရက်နေ့မှာပဲ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒတွေထဲမှာ အကြီးမားဆုံး စိန်ခေါ်မှုနဲ့ ကြုံတွေ့နေရတဲ့ မြောက်ကိုရီးယားအရေးနဲ့ပတ်သက်တဲ့ နိုင်ငံခြားရေးမူဝါဒကို နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ကုသလမဂ္ဂမှာ ချပြပြောဆိုပါတယ်။

“စိတ်ရှည်သီးခံပေးတဲ့ မူဝါဒ က ကုန်သွားပါပြီ။ ဆက်ပြီးသီးခံနေမယ်ဆိုရင် မြောက်ကိုရီးယားဆီက နျူကလီးယား ပိုင်ဆိုင်နေတယ်ဆိုတာကို လက်ခံနေတယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်သွားလိမ့်မယ်။”

Trump ကိုယ်တိုင် က ရက်တစ်ရာဆိုတာကို သိပ်အရေးကြီးတယ်လို့ သဘော မထားကြောင်း အခုလိုပြောပါတယ်။ “ရက်ပေါင်းတစ်ရာဆိုတဲ့ တိုင်းတာချက်ဟာ မှားယွင်း အရာတခုပါ။ ဒါပေမယ့် ခင်ဗျားတို့ကို ကျနော်ပြောချင်တာက ရက်တစ်ရာအတွင်းမှာ ကျနော်တို့လုပ်ဆောင်နိုင် သလို ဘယ်သူကမှ မလုပ်နိုင်ခဲ့ပါဘူး။”

အိမ်ဖြူတော်ဝန်ထမ်းအရာရှိချုပ် Reince Priebus က Trump ရဲ့အတွေးအခေါ်အယူအဆတွေ ကောင်းကြောင်း ချီးကျူးပြောဆို ခဲ့တယ် ဆိုတာကို သမ္မတက ရက်တစ်ရာ ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် အသုံးချခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းက မြေပြင်စစ်ပွဲကို အမေရိကန် ပြည်ထောင်စုက စိတ်မ၀င်စားပါဘူးလို့ Priebus က ပြောပါတယ်။ ဒါပေမယ့် ဆီးရီးယားသမ္မတ Bashar al-Assad လို ရန်ဘက်တွေရဲ့ လှုပ်ရှားမှုတွေကိုတော့ ကန့်သတ်ထိန်းချုပ်လို့ရအောင်တော့ အမေရိကန်အစိုးရက လုပ်ဆောင်သွားမှာဖြစ်သလို အိုင်စစ်တွေကို အမြစ်ပြတ် ချေမှုန်းရေးကိုလည်း ဦးစားလုပ်ဆောင်မှာဖြစ်တယ်လို့ဆိုပါတယ်။

ဘာပဲပြောပြော ဝေဖန်ရေးသမားတွေကတော့ Trump ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ လွှဲမှားမှုတွေနဲ့ပတ်သက်လို့ ဝေဖန်ရှုတ်ချကြပါတယ်။ ငွေကို လိုသလို လှည့်ကစား နေတဲ့သူတွေအဖြစ် တရုတ်ကို အမည်တပ်ပေးမယ့်ကြောင်းနဲ့ မြောက် အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ NATO အဖွဲ့ထဲကနေနှုတ်ထွက်ဖို့ စဉ်စားသွားမယ်ဆိုတဲ့အကြောင်း၊ စတဲ့ မဲဆွယ်စည်းရုံးရေးကာလက ပေးခဲ့တဲ့သူ့ရဲ့ ကတိတွေကနေ သူနောက်ပြန် ဆုတ်သွားတာကို သိသိသာသာ တွေ့ရပါတယ်။

အမေရိကန်တက္ကသိုလ် မဟာဌာနမှူး James Goldgeier က Skype ပေါ်ကနေ တဆင့် ဗွီအိုအေကို အခုလိုပြောပါတယ်။ “မဲဆွယ် စည်းရုံးရေး ကာလတုန်းက သူ့ရဲ့ ရပ်တည်ပြောဆိုချက်တွေ အတော်များများ အလုပ်မဖြစ်ဘူးဆိုတာနဲ့ တရုတ်နဲ့ ရုရှားလို နိုင်ငံမျိုးတွေကို ချည်းကပ်တဲ့ သူ့ရဲ့နည်းလမ်းတွေဟာ ပြန်သုံးသပ်ဖို့လိုတယ်ဆိုတာ ဒီပထမ ရက်ပေါင်း တစ်ရာအတွင်းမှာ သူသဘောပေါက် လာတယ်ဆိုတာ ပြောလို့ ရပါတယ်။”

အထက်လွှတ်တော်အမတ်ရဲ့ နိုင်ငံရေးမူဝါဒဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဟောင်း Richard Fontaine ကတော့ ပြိုင်ဘက်တွေကို အံ့အားသင့် သွားအောင် လုပ်နိုင်ခဲ့တဲ့ Trump ရဲ့ အစောပိုင်းမူဝါဒ တချို့ ပိုချီးကျူးပြော ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ခန့်မှန်းလို့ မရနိုင်တဲ့ အရာတွေက အမေရိကန်ရဲ့ မိတ်ဆွေတွေကို ဘ၀င်မကျ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ “မခန့်မှန်းနိုင်တဲ့ အရာတွေဆိုတာ မဟာမိတ်တွေက မကြိုက် ကြပါဘူး။ ခြိမ်းခြောက် ဟန့်တားမှုတွေနဲ့ ပတ်သက်ပြီး ပြောဆိုတဲ့နေရာမှာ ခန့်မှန်းလို့မရတဲ့ အလေ့အထက ကောင်းတဲ့ အတွေးအခေါ်တခု မဟုတ်ပါဘူး။”

အထက်လွှတ်တော်အမတ် McCain ဟာ အကြောင်းအရာ ကိစ္စအတော်များများမှာ သမ္မတ နဲ့ အတိုက်အခံဖြစ်ခဲ့ပေမယ့် ကာကွယ်ရေးဝန်ကြီး Jim Mattis နဲ့ အမျိုးသားလုံခြုံရေး အကြံပေး H.R. McMaster တို့အပါအ၀င် Trump ဖွဲ့စည်းထားတဲ့ မူဝါဒဆိုင်ရာ ချမှတ်တဲ့အဖွဲ့ကို အလေးထား ချီးကျုး ပြောဆို သွားပါတယ်။ “အမျိုးသားလုံခြုံရေး အဖွဲ့ထဲမှာ ပါဝင်တဲ့သူတွေဟာ လွန်ခဲ့တဲ့ ၁၅ နှစ်က ခေါင်းဆောင်မှု အပိုင်းမှာ ဆက်စပ်လုပ်ကိုင် ခဲ့တဲ့သူတွေဖြစ်ပြီး အနှစ်သာရရှိရှိ ထိပ်ဆုံးကို ရောက်အောင်လုပ်နိုင် ခဲ့တယ်လို့ ကျနော် ထင်ပါတယ်။”

ဒါပေမဲ့ အန္တရာယ်ရှိတဲ့ မြောက်ကိုရီးယား အရေးနဲ့ပတ်သက်လို့ သမ္မတ Trump အနေနဲ့ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကိုတော့ သုံးသပ် သူတွေကြား ခန့်မှန်းပြောဆိုရ ခက်နေတဲ့ အနေအထားမှာ ရှိနေတုန်းပဲ ဖြစ်ပါတယ်။ ရက်ပေါင်း တစ်ရာနောက်ပိုင်း ဆိုးဝါးတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့လာရ နိုင်တယ်ဆိုပြီး လူအများစုက စိုးရိမ်နေကြပေမယ့် အခုထက်ထိတော့ အဲဒါတွေ မတွေ့ရသေးပါဘူး။

ရှားဖောင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အာဆီယံဒေသ မူးယစ်ဆေးကင်းစင်ရေး ထိပ်သီးတွေဆွေးနွေး

အာဆီယံခေါင်းဆောင်များအား မနီလာမြို့ ထိပ်သီးညီလာခံမှာ တွေ့ရစဉ် (29-April-2017)
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က ၄ ရက်ကြာ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN အစည်းအဝေးပွဲတွေရဲ့ နောက်ဆုံးနေ့အဖြစ် ကျင်းပနေတဲ့ ထိပ်သီး ညီလာခံမှာ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ ဖိလစ်ပိုင်သမ္မတက မိန့်ခွန်းထဲမှာ အလေးထား ပြောကြားသွားပါတယ်။

မူးယစ်ဆေးဝါး မှောင်ခိုမှုတွေဟာ ဖြေရှင်းလို့ မရနိုင်တဲ့ ပြဿနာမဟုတ်သလို ပူးပေါင်းဆောင် ရွက်မှုတွေ၊ နိုင်ငံရေး ဆန္ဒတွေနဲ့ တိုက်ဖျက်လို့ ရနိုင်တဲ့အကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက သမ္မတ Rodrigo Duterte ကပြောဆိုခဲ့တာပါ။

မူးယစ်ဆေးဝါးကင်းစင်တဲ့ အာဆီယံဒေသအဖြစ် ထူထောင်သွားဖို့လည်း အသင်းဝင် ၁၀ နိုင်ငံက တက်ရောက်လာတဲ့ ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။ အာဆီယံ ထိပ်သီး အစည်းအဝေးအတွင်း၊ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ်ပြင်မှာ တရုတ်နိုင်ငံက သြဇာချဲ့ထွင်လာနေတာကို ဝေဖန်ပြောဆိုတာမျိုး မကြားရတဲ့ အတွက်လည်း၊ တရုတ်နိုင်ငံက ဒေသတွင်းမှာ သံတမန်ရေး၊ စီးပွားရေးအရ သြဇာညောင်း လာနေတာကို ပြသတဲ့ လက္ခဏာ တခုအဖြစ်နဲ့ မြင်နေကြတာပါ။

ညီလာခံအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း တောင်တရုတ် ပင်လယ်ပြင်အရေးနဲ့ ပတ်သက်လို့ အငြင်းပွားနေတဲ့ နိုင်ငံတခုခုရဲ့ အမည်ကို မဖော်ပြတာမျိုး၊ ယေဘုယျ ဆန်ဆန် ပြောဆိုမှု မျိုးလောက်သာ တွေ့ရနိုင်တယ်လို့လည်း အကဲခတ်တွေနဲ့ မီဒီယာတွေက ခန့်မှန်းနေကြပါတယ်။

အာဆီယံ ထိပ်သီးညီလာခံ တက်ရောက်နေတဲ့ မြန်မာနိုင်ငံက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတော့ အိမ်ရှင် ဖိလစ်ပိုင်နိုင်ငံက သမ္မတ Duterte အပြင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနိုင်ငံတွေက ခေါင်းဆောင်တွေ နဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။ ထိပ်သီးညီလာခံ မတိုင်မီ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွေ မနေ့က အဆုံးသတ်ရာမှာတော့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းတပ် ဒုံးနဲ့ နျူကလီးယား စမ်းသပ်မှုတွေ အပေါ် စိုးရိမ်ကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆို ခဲ့ကြပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com

မြ၀တီမြို့တွင် ဆိုက်ကယ်တက္ကစီ ငှါးပြီး ဓါးနှင့်ထိုးကာ ဆိုင်ကယ်လုယူ ထွက်ပြေးသွားသူများ ဖမ်းဆီးမိ

မြ၀တီမြို့တွင် ဆိုက်ကယ်တက္ကစီ ငှါးပြီး ဓါးနှင့်ထိုးကာဆိုင်ကယ်လုယူထွက်ပြေးသွားမှုအား ဖြစ်စဉ်ဖြစ်ပွားပြီး (၅)မိနစ်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
မြ၀တီ ဧပြီ ၂၉

ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် ဆိုင်ကယ်တက္ကစီ မောင်းနှင်သူတစ်ဦးအား ဓါးဖြင့်ထိုး၍ ဆိုင်ကယ် လုယူထွက်ပြေးသွားမှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များမှ သတင်းရလျှင်ရခြင်း ပိတ်ဆို့ဖော်ထုတ်ဖမ်းဆီးရာမှ ဖြစ်စဉ်ဖြစ်ပွားပြီး၅ မိနစ်အကြာ ပြစ်မှုကျူးလွန်သူအား တစ်ဦးအားသက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်ခဲ့သူပါ ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ၂၉-၄-၂၀၁၇ ရက်နေ့၊ နံနက် ၁၀နာရီ ၃၀ မိနစ်အချိန် မြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အာရှလမ်းမကြီး ယာဘက်ဘေး၊ လမ်းသွယ်ထဲတွင် အမည်မသိ(စုံစမ်းဆဲ)ဆိုင်ကယ်တက္ကစီယာဉ်မောင်း တစ်ဦးအား လူ(၂)ဦးမှ ဓါးဖြင့်ထိုးပြီး ဆိုင်ကယ်လုယူထွက်ပြေးသွားကြောင်း သတင်းရလျှင်ရခြင်း မြ၀တီမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး ကိုကိုနိုင် ဦးစီးအဖွဲ့မှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးမြ၀တီခရိုင် မှုခင်း နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ရဲအုပ်မျိုးကျော်ဦးစီးအဖွဲ့၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်နိုင်စိုးဦးစီးအဖွဲ့၊ သင်္ဃန်းညီနောင်နယ်မြေရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ချမ်းမွန်းဦးစီးအဖွဲ့တို့မှ ပိတ်ဆို့ ရှာဖွေ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး အခင်းဖြစ်စစ်ဆေးတွေ့ရှိချက်အရ ဓါးဖြင့်အထိုးခံရသူမှာ နိုင်ဝင်း၊၄၃နှစ်၊ မဲကနယ်ကျေးရွာမြ၀တီမြို့နယ်နေသူဖြစ်ပြီး ၀ဲဘက်မ ပြတ်ရှဒဏ်ရာ၊ ယာနို့အုံထိုးသွင်းဒဏ်ရာ၊ ယာဘက် နို့အုံနှင့် ပုခုံးအကြား ထိုးသွင်းဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မြ၀တီခရိုင် ဆေးရုံကြီး သို့ ရဲဆေးစာဖြင့် တင်ပို့ထားခဲ့သည်။

ထိုသို့ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ၁၀နာရီ၄၀ မိနစ်အချိန် သင်္ကန်းညီနောင်၊ ယခင်(DKBA) ရင်း(၉၀၇) ၊ ယခုတပ်နယ်(၃) လုံခြုံရေးဂိတ်အနီး ရဲအုပ် မျိုးကျော်ဦးစီးအဖွဲ့မှ ဆိုင်ကယ်တစ်စီးနှင့်မသင်္ကာဖွယ် လူငယ်တစ်ဦးအား တွေ့ရှိ၍မေးမြန်းစစ်ဆေးရာ ရဲလင်းအောင်(ခ)သားကြီး၊( ၂၂နှစ် )ဖြစ်ကြောင်းသိရှိရပြီး စစ်ဆေးပေါ်ပေါက်ချက်အရ အောင်စိုးမိုး(ခ)စိုးမိုးနှင့်အတူ မဲကနယ်ကျေးရွာမှ ဆိုင်ကယ်တက္ကစီတစ်စီးအား ဌါးရမ်းလာပြီး အခင်းဖြစ်နေရာအရောက်ဆိုင်ကယ်တက္ကစီသမား၏ ရင်ဘက်အား ဓါးဖြင့်ထိုးကာ ဆိုင်ကယ်အား လုယူထွက်ပြေးခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်သူအောင်စိုးမိုးအားမြ၀တီမြို့၊ဖားခြောက်ကောင်ဘုန်းကြီး ကျောင်း ၀င်းသို့ ပို့ဆောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရဲအုပ် မျိုးကျော်မှ ဒုရဲမှူး ကိုကိုနိုင်နှင့် အဖွဲ့ထံ သတင်းပို့ချိတ်ဆက်၍ သွားရောက် ဖမ်းဆီးခဲ့ရာ အောင်စိုးမိုး(ခ)စိုးမိုး၊ ၅၄ နှစ်အား ဖားခြောက်ကောင်ဘုန်းကြီး ကျောင်းဝင်းဇရပ်အနီးမှ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆိုင်ကယ်လုယက်မှု ကျူးလွန်သူနှစ်ဦးအား မြ၀တီရဲစခန်းမှ (ပ)၄၁၅ /၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် အရေးယူထားပြီး ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
ဘားအံသတင်း
https://www.facebook.com/Hpaannews.kayin/
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ