အင်းတော်မြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာအနီး MPTတာဝါတိုင်မှ ကျပ်ငါးသိန်းဖို့ခန့်ဒီဇယ်ဆီခိုးယူသူများကို ဖမ်းဆီးရမိ


စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ကုန်းခါးအုပ်စု၊ ညောင်ပင်ဆိပ် ကျေးရွာအနီး MPTတာဝါတိုင်မှ ဒီဇယ်ဆီခိုးယူသူများကို ဧပြီလ(၂၉)ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း အင်းတော်မြို့နယ် ရဲစခန်းမှ သိရသည်။
“နံနက်(၅)နာရီမှာ ညောင်ပင်ဆိပ်ကျေးရွာက အကြောင်းကြား ဖုန်းဆက်ခဲ့တယ်။ MPT တာ ဝါတိုင်ကနေ ဆီထုတ်ယူနေတယ်ဆိုတာကို သိရတယ်။ မော်တိတ်ရဲကင်းကို သတင်းပေးပြီး လိုက်သွားတော့မီရုံပဲ လွတ်သွားလို့ တာဖလာရွာကိုဖုန်းဆက်တယ်။ တာဖလာရွာက အုပ်ချုပ်ရေးမှူးနဲ့ ဖမ်းလိုက်တော့ နှစ်ဦးမှာ တစ်ဦးဖမ်းမိတယ်။"ဟု နောင်ကွတ်ကျေးရွာ၊ ရာအိမ်းမှူး ဦးစောမြင့်ဦးက ပြောသည်။

ဧပြီလ(၂၉)ရက်နေ့ မနက်(၉)နာရီက အလယ်ကျွန်းအုပ်စု အုပ်ချုပ်ရေးမှူး တာဖလာ ကျေးရွာမှ ရာအိမ်မှူးနှင့်ရဲတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်စဉ် မော်လူးဘက်ရှိ တာဖလာကျေးရွာအဝင်လမ်းသို့ ဆီပုံးများတင်ဆောင်လာသည့် ဆိုင်ကယ်နှစ်စီးအားမသင်္ကာဖွယ်စစ် ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ထိုသို့စစ်ဆေးစဉ် အသက် (၃၅)နှစ်အရွယ်လူငယ်တစ်ဦးမှ ဆိုင်ကယ်ထား၍ထွက်ပြေးသွားပြီး ကျန်တစ်ဦးကို စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ထိုဖမ်းဆီးရမိခဲ့သော ပစ္စည်းများမှာ ဆိုင်ကယ်တစ်စီးတွင် ဒီဇယ်ထည့်ထားသော (၅)ဂါလံဆံ အဝါရောင် ပုံး(၇)ပုံး၊ (၃)ဂါလံဆံ အဖြူရောင်ပုံး(၁)ပုံး၊ (၁၀)ဂါလံဆံ့ အဖြူရောင် ပုံး(၁)ပုံး၊ တစ်လီတာဆန့်ရေသန့်ဗူး(၁)ဗူး စုစုပေါင်း ဒီဇယ်ဆီ(၄၃)ဂါလံနှင့် ဆိုင်ကယ်နောက်တစ်စီးတွင် ဒီဇယ်ထည့်ထားသော (၅)ဂါလံဆံ့ အဝါရောင် ပုံး(၆)ပုံး၊ (၇) ဂါလံဆံ့ အပြာရောင်ပုံး(၁)ပုံး စုစုပေါင်းဒီဇယ်ဆီ(၃၄)ဂါလံကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆီထုတ်ရန်အသုံးပြုသော အရှည်(၇) ကိုက်ရှိ တစ်လက်မပိုက်(၁)ချောင်း၊ သရေကြိုး ပျော့ (၄)ချောင်း သိမ်းဆည်းရမိခဲ့ကာ ဖမ်းဆီးရမိမှုစုစုပေါင်းမှာ ကာလတန်ဖိုး (၅၀၀၀၀၀) ကျပ်ခန့်ရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသူ စိုးကျော်သူနှင့် ထွက်ပြေးသူ ဝင်းကျော်ထွန်းတို့နှစ်ဦးအား ရဲအုပ်ကျော်ဇင်နိုင်မှ သက်သေများနှင့်အတူ အမှုဖွင့်တိုင်ကြားခဲ့ပြီး အဆိုပါ အမှုအား မော်တိတ်ရဲကင်းမှ စစ်ဆေးလျက်ရှိကာ အင်းတော်မြို့နယ်ရဲစခန်းမှ (ပ) အမှတ်/ပုဒ်မ(ပ)၅၄/၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ကျင့် ၅၄ဖြင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
အင်းတော်မြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာအနီး MPTတာဝါတိုင်မှ ကျပ်ငါးသိန်းဖို့ခန့်ဒီဇယ်ဆီခိုးယူသူများကို ဖမ်းဆီးရမိ အင်းတော်မြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာအနီး MPTတာဝါတိုင်မှ ကျပ်ငါးသိန်းဖို့ခန့်ဒီဇယ်ဆီခိုးယူသူများကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.