မကွေးတိုင်းဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လှူဒါန်းထားသည့် မော်တော်ယာဉ်နှင့်ပဲ့ထောင်များ ပြန်ပေးပြီ


ယခင်အစိုးရလက်ထက် မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ နိုင်ငံရေးပါတီတစ်ခုသို့လှူဒါန်းထားသည့် မော်တော်ယာဉ်နှင့် ပဲ့ထောင်များအား ဧပြီလ (၂၉)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပြည်ထောင်စုအစိုးရ ညွှန်ကြားချက်ဖြင့် ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။


ယခင်အစိုးရလက်ထက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ် (၁.၇)ဘီလီယံ၊ မော်တော်ယာဉ် (၄)စီး၊ ဘက်ဟိုး (၁) စီး၊ ပဲ့ထောင်ရေယာဉ်(၂)စီးတို့အားနိုင်ငံရေးပါတီ တစ်ခုအား လှူဒါန်းထားခြင်းဖြစ်ပြီး “ရွှေသုခ” အသေးစားလုပ်ငန်းသို့ ငွေကျပ်(၁.၅၇)ဘီလီယံကျော် လွှဲပြောင်းပေးခဲ့သည်ကို ဖော်ထုတ်တွေ့ရှိရသဖြင့် အဆိုပါငွေကြေးနှင့် မော်တော်ယာဉ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားချက်အရ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက လက်ရှိတွင် ဖျက်သိမ်းပြီးဖြစ်သော မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဥက္ကဌ နှင့် “ရွှေသုခ” အသေးစား ငွေရေးကြေးရေးလုပ်ငန်းဥက္ကဌ ဦးကြည်ထွန်းအား လာရောက်လွှဲပြောင်းပေးစေခြင်းဖြစ်ကြောင်း သိရသည်။


ယခင် တိုင်းဒေသကြီးအစိုးရလက်ထက် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှရရှိသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအနက် ကျပ် (၇.၄၅၉)ဘီလီယံစာရင်းပျောက်နေမှုနှင့် ပတ်သက်၍ လက်ရှိမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဆက်လက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ နိုင်ငံတော်သမ္မတရုံးမှ ဧပြီ လ (၈)ရက်နေ့က ညွှန်ကြားစာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်
Tachileik News Agency
http://www.tachileik.net
မကွေးတိုင်းဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လှူဒါန်းထားသည့် မော်တော်ယာဉ်နှင့်ပဲ့ထောင်များ ပြန်ပေးပြီ မကွေးတိုင်းဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လှူဒါန်းထားသည့် မော်တော်ယာဉ်နှင့်ပဲ့ထောင်များ ပြန်ပေးပြီ Reviewed by THITHTOOLWIN on 21:44 Rating: 5
Powered by Blogger.