KNLA နှင့် BGF အပြန်အလှန် ပစ်ခတ်မှုကြောင့် တစ်ဦးသေ ၊ နှစ်ဦးဒဏ်ရာရ


ဖေဖော်ဝါရီ ၂၈ရက်၊ ၂၀၁၅ခုနှစ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၆)နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) အမှတ်(၁၀၂၂) တပ်ရင်းမှ တပ်သားအချို့ ယမန်နေ့ညက ပစ်ခတ်မှုဖြစ်ပွားပြီး KNLA ဘက်မှ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာနှင့် BGF မှ တစ်ဦးဒဏ်ရာရခဲ့သည်။

မြ၀တီမြို့တောင်ဘက် ၆မိုင်အကွာ ညနေ ၆း၁၃နာရီအချိန်တွင် မြ၀တီမြို့နယ်အတွင်းရှိ မယ်ထော်သလေးရွာနှင့် တဘလုခို့ခီးရွာ အကြားတွင် (၁၅) မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ယင်းသို့ ထိခိုက်ကျဆုံးမှုများ ရှိခဲ့ခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၆) KNLA ဌာနချုပ် အထူးစစ်ကြောင်းမှူး ဗိုလ်ကြီးစောလမင်းက ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။

ဗိုလ်ကြီးစောလမင်းက “လွန်ခဲ့တဲ့ နှစ်ပတ်လောက်က သူတို့ အဲဒီနေရာမှာ စခန်းလာဆောက်တယ်။ ဦးတို့က ပြန်ဆင်းခိုင်းတယ်။ သူတို့ ပြန်ဆင်းသွားတယ်။ အဲဒါနဲ့ မနေ့ညက သူတို့ ပြန်တက်လာတယ်ကြားလို့ သွားကြည့် ရာကနေ သူတို့ဘက်က အနီးကပ် နေရာယူပြီးတော့ အရင်စပစ်တာလို့ သိရတယ်”ဟု ပြောသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားရာတွင် KNU တပ်မဟာ(၆) KNLA မှ တပ်သားအဆင့် စောမောင်လေး အသက် (၂၂) မှာ ပွဲချင်းပြီး သေဆုံးသွားပြီး တပ်ကြပ်ကြီးအဆင့်ရှိ အသက် (၄၂)နှစ် စောတူဖိုးမှာ ပေါင်တွင် ဒဏ်ရာရရှိသွားသဖြင့် မြ၀တီဆေးရုံတွင် ဆေး ကုသမှု ခံယူလျှက်ရှိသည်ဟု ဆက်ပြောသည်။

ယင်းပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ BGF မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက “ပစ်ခတ်မှုဖြစ်တာတော့ သိတယ်။ နယ်မြေ ကိစ္စလေးတွေကြောင့် အောက်ခြေက ဖြစ်ပွားမှုလေးတွေပါ။ အစ်ကိုတို့ဘက်က တစ်ယောက် ဒဏ်ရာရတယ်လို့တော့ သတင်းရ တယ်။ အဲလို ထပ်မဖြစ်အောင် အစ်ကိုတို့ဘက်က လူကြီးတွေ ဆွေးနွေးနေတုန်းပဲ။ မကြာခင်လည်း အရေးပေါ်အစည်းအဝေး ခေါ်ဖို့ရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ယမန်နေ့ နံနက်က ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲအတွင်းရှိ အဇင်းကျေးရွာအနီးတွင် ယခင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ တပ်မှူးဟောင်း ဗိုလ်မှူးကြီးစောဆန်းအောင်အဖွဲ့နှင့် ကျိုက်ဒုံမြို့နယ်အခြေစိုက် မြန်မာအစိုးရတပ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၁၃) လက်အောက်ခံတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၊ စက်တင်ဘာ ၁၆ရက်နေ့ကလည်း KNLA တပ်မဟာ(၆)မှ ဗိုလ်ကြီးစောလမင်း၏ တပ်သားဖြစ်သူ စော တာနိုနှင့် BGF အမှတ်(၁၀၂၂) တပ်ရင်းမှ တပ်သားအချို့တို့ အချင်းဖြစ်ပွားရာ တပ်သားစောတာနိုမှာ အသတ်ခံခဲ့ရသည်။

စဖန်းရှောင်း
ကေအိုင်စီ - KIC News
http://kicnews.org

DKBA ခွဲထွက်နဲ့ အစိုးရ တိုက်ပွဲဖြစ်

DKBA အဖွဲ့က ထုတ်လိုက်ပြီး သီးသန့် လှုပ်ရှားနေ
DKBA ခွဲထွက် အဖွဲ့ က ဗိုလ်မှူးကြီး ဆန်းအောင် အဖွဲ့ ဟာ ကရင် ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် က ကျိုက်ဒုံရွာ ဘက် သွားတဲ့ လမ်း မှာ အစိုးရ စစ်တပ် စစ်ကြောင်း နဲ့ တိုက်ပွဲ ဖြစ်ပြီး နှစ်ဘက် အကျအဆုံး တွေ ရှိနေ ပါတယ်။

တိုက်ပွဲ စနေနေ့ ညနေထိ မပြီးသေးဘဲ အစိုးရ စစ်တပ်က လိုက်ပိတ်လိုက်၊ DKBA ခွဲထွက် အဖွဲ့ က ပတ်ရှောင်လိုက်နဲ့ ကြိုကြား ပစ်ခတ်မှု တွေ ဖြစ်ပွား နေတုန်း လို့ သိရပါတယ်။

မြန်မာ စစ်တပ် ရဲ့ စကခ ၁၃ စစ်ကြောင်း က သူတို့လမ်းကြောင်း ကို ဖြတ်တောက် ရာမှာ တိုက်ပွဲ ဖြစ်ကြတာ ဖြစ်ပြီး ဒီတိုက်ပွဲ တွေ အတွင်း အစိုးရ တပ်သား ၂ ယောက်၊ အစိုးရ နဲ့ ပူးပေါင်း တပ်ဖွဲ့ BGF က ၁ ယောက် နဲ့ DKBA ခွဲထွက် ၁ ယောက် ကျတယ် လို့ ထိုင်း လုံခြုံရေး အရာရှိ တွေက ပြောပါတယ်။

ထိုင်းနယ်စပ် ပိုင်ခလိုင်ရွက် ကနေ ၃၅ ကီလိုမီတာ လောက် မှာ တိုက်ပွဲ ဖြစ်တာပါ။

ဗိုလ်မှူးကြီးဆန်းအောင် ကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း က ကျိုက်မရော မြို့ အနား မှာ DKBA နဲ့ အစိုးရ စစ်တပ် တွေ တိုက်ပွဲ အပြီးမှာ သူ့ကို မိခင်အဖွဲ့ DKBA က အဖွဲ့က ထုတ်လိုက် ကြောင်း ကြေညာ ခဲ့ပါတယ်။

အဲဒီနောက် ကော့ကရိတ်နယ် ထဲမှာ သူ့အဖွဲ့ လှုပ်ရှား နေခဲ့ပါတယ်။

မကြာခင်က အဲဒီကနေ မြဝတီမြို့ တောင်ဘက် ထိုင်းနယ်စပ် က ကချောဝါလေးရွာ ရွှေ့လာ ပါတယ်။

ကချောဝါလေး မှာ ဗိုလ်မှူးကြီး ဆန်းအောင် ဟာ သူ့အဖွဲ့ အတွက် စစ်သားသစ် တွေ စုဆောင်းပြီး စစ်သင်တန်း ပေးနေတယ် ဆိုတာကြောင့် အစိုးရ စစ်တပ် သူ့အဖွဲ့ ကို လိုက်လံ တိုက်ခိုက် နေတာ လို့ ဗိုလ်ဆန်းအောင်နဲ့ နီးစပ် တဲ့ အဖွဲ့တွေက ပြောပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/burma/2015/02/150228_dkba_san_aung_battles
 

အကြီးစား ရေအား လျှပ်စစ် ပြဿနာ


သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ် စက်ရုံကြီးတွေ တည်ဆောက်ပြီး တရုတ်နဲ့ ထိုင်းကို ဓါတ်အားရောင်းဖို့ ရည်ရွယ်တဲ့ စီမံကိန်းကို ရပ်ဆိုင်းပြီး အသေအချာဆန်းစစ်ဖို့ တရုတ်နဲ့ မြန်မာအစိုးရကို မြန်မာ့မြစ်ချောင်းကွန်ရက်အဖွဲ့က ဇန်နဝါရီ (၁၉) ရက်နေ့က ပန်ကြားထားပါတယ်။ ပန်ကြားလွှာကို ဒေသခံပြည်သူ (၆) သောင်းကျော်နဲ့ အရပ်သားအဖွဲ့အစည်း (၁၃၀) ကျော်က လက်မှတ်ထိုးပါတယ်။ ရှမ်းပြည်နယ်မှာ ရေအားလျှပ်စစ် (၅) ခု၊ ကရင်နီမှာ (၁) ခု၊ ကရင်ပြည်နယ်မှာတခု တည်ဆောက်မယ့် စီမံကိန်းဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး၊ မြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆိုင်းထားပေမယ့် ချီဗွေ၊ ဝူဆောက်၊ ဖိဇောခေါင်လန်ဖူး နဲ့ ယီနန်မှာ ရေအားလျှပ်စစ်ထုတ်ယူဖို့ တရုတ်စွမ်းအင်ကုမ္ပဏီနဲ့ ဘိန်းဘုရင် ဦးလော်စစ်ဟန် တည်ထောင်တဲ့ Asia World ကုမ္ပဏီကို လုပ်ခွင့်ပေးထားပါတယ်။ ရွှေလီမြစ်က နောင်ဖနဲ့ ကရင်ပြည်နယ်က ဟတ်ကြီးဆည်ကိုတော့ တရုတ်နဲ့ ထိုင်းကဆောက်ဖို့ ရည်ရွယ်ပါတယ်။ ရွာသစ်နဲ့ တာပိန် (၂) အပါအဝင် အကြီးစား ရေအားလျှပ်စစ်စက်ရုံ (၂၀) ကျော် တည်ဆောက်မယ့် စီမံကိန်းကြီး ဖြစ်ပါတယ်။

သံလွင်မြစ်အထက်ပိုင်း ကွန်းလုံမှာ ရေအားလျှပ်စစ် တည်ဆောက်ဖို့ Hanergy တရုတ်ကုမ္ပဏီနဲ့ ဦးလော်စစ်ဟန်ရဲ့  Asia World ကုမ္ပဏီကို လွန်ခဲ့တဲ့ မေလက လုပ်ခွင့်ပေးပါတယ်။ မဲဂါဝပ် (၁၄၀၀) ရှိတဲ့ ရေအားလျှပ်စစ်တည်ဆောက်ပြီး အနှစ် (၄၀) သုံးပြီးမှ ဗမာအစိုးရလက်ကို လွှဲပြောင်းမယ့် စီမံကိန်း ဖြစ်ပါတယ်။ ကွန်းလုံကထုတ်တဲ့ လျှပ်စစ်ဓါတ်အား (၁၀) ရာခိုင်နှုန်းကို ဗမာအစိုးရ အလကားရရှိပြီး (၉၀) ရာခိုင်နှုန်းကို Hanergy နဲ့ Asia World ကုမ္ပဏီတွေက ရရှိမှာ ဖြစ်ပါတယ်။ (၁၀) ရာခိုင်နှုန်းထက်ပိုပြီး လိုချင်ရင် ကုမ္ပဏီတွေဆီက ဝယ်ယူရပါလိမ့်မယ်။ Asia World နဲ့ တရုတ်ကုမ္ပဏီတွေ ဖက်စပ်လုပ်ခွင့်ရတဲ့ ရေအားလျှပ်စစ် စီမံကိန်းပေါင်း (၉) ခုလောက် ရှိပါတယ်။ Asia World ပိုင်တဲ့ သောက်ရေခတ် (၂) က လျှပ်စစ်ဓါတ်အားကို အစိုးရက ပြန်ဝယ်နေရပါတယ်။ ငွေမဲခဝါချရာမှာ ထင်ရှားတဲ့ ဦးအိုက်ထွန်းရဲ့  ရွှေတောင်ကုမ္ပဏီကိုလည်း ရေအားလျှပ်စစ် ထုတ်လုပ်ခွင့်ပေးထားပါတယ်။

ဦးအောင်သောင်းရဲ့ သားတွေပိုင်တဲ့ IGE ကုမ္ပဏီကလည်း တရုတ်ကုမ္ပဏီနဲ့တွဲပြီး ရေအားလျှပ်စစ် တည်ဆောက်ခွင့် ရထားပါတယ်။ ငွေရင်းတောင့်တင်းမှသာ ရေအားလျှပ်စစ်မှာ ပါဝင်နိုင်တာမို့ မြန်မာဘက်က ကုမ္ပဏီတွေရဲ့  ချမ်းသာကြွယ်ဝမှုကို ခန့်မှန်းနိုင်ပါတယ်။ ဗိုလ်ချုပ်မှုးကြီးတွေရဲ့  ကောင်းမှုကြောင့် ဘိန်းမှောင်ခိုတဖြစ်လဲ ကိုးကန့်တရုတ် ဦးလောစစ်ဟန်နဲ့ ဦးအိုက်ထွန်းတို့ဟာ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေ ဖြစ်လာပါတယ်။ အခုတော့ Asia World ကုမ္ပဏီကို ဦးလော်စစ်ဟန်ရဲ့ သား Steven Law (ခေါ်) ဦးထွန်းမြင့်နိုင်က ဦးဆောင်နေပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့  တရုတ်ပြည်ခရီးမှာ စကားပြန်လုပ်ပေးရတဲ့အထိ ဦးထွန်းမြင့်နိုင်ဟာ အစိုးရယုံကြည်မှုကို ရထားသူ ဖြစ်ပါတယ်။ ဝင်ငွေခွန် ဒုတိယအများဆုံး ပေးဆာင်သူဟာ Asia World ဖြစ်ပြီး ဦးအိုက်ထွန်းရဲ့  ရွှေတောင်ကုမ္ပဏီက တတိယ အများဆုံးပေးဆောင်သူ ဖြစ်ပါတယ်။

လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန (၂၀၁၃) ဇူလိုင်မှာ ထုတ်ဝေတဲ့စာတမ်းအရ မြန်မာပြည်မှာ ရေအားလျှပ်စစ်စက်ရုံ (၂၀) ဓါတ်ငွေ့သုံးစက်ရုံ (၁၀) ခုနဲ့ ကျောက်မီးသွေးသုံး ဓါတ်အားစက်ရုံ (၁) ခု စုစုပေါင်း (၃၁) ခု ရှိပါတယ်။ ဒီဓါတ်အားစက်ရုံ (၃၁) ခုဟာ မဲဂါဝပ် (၃၉၀၀) သာ ထုတ်နိုင်ပါတယ်။ မိသားစု (၂) သန်းကျော် (သို့မဟုတ်) လူဦးရေရဲ့  (၃၀) ရာခိုင်နှုန်းသာ လျှပ်စစ်ဓါတ်သုံးနိုင်တဲ့သဘော ဖြစ်ပါတယ်။ မြန်မာ့လျှပ်စစ် စွမ်းအင်သုံးစွဲမှုနှုန်းဟာ အာဆီယံနိုင်ငံတွေထဲမှာ အနည်းဆုံး ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအင် မဲဂါဝပ် တိုးမြှင့်တဲ့ စီမံကိန်းကို ပုဂ္ဂလိက ကုမ္ပဏီတွေက အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ် (သို့မဟုတ်) ထိုင်းနဲ့ ဖက်စပ်လုပ်တဲ့ ကုမ္ပဏီတွေဟာ သူတို့ ထုတ်လုပ်တဲ့ လျှပ်စစ်ဓါတ်အားကို တရုတ်နဲ့ ထိုင်းနိုင်ငံကို ရောင်းစားဖို့သာ ရည်ရွယ်ကြပါတယ်။ ဒါကြောင့် အကြီးစား ရေအားလျှပ်စစ် စက်ရုံတွေ တည်ဆောက်တဲ့စီမံကိန်းဟာ ပြည်တွင်းစွမ်းအင် ဖူလုံရေးနဲ့ ဆန့်ကျင်ဖက် ဖြစ်နေပါတယ်။

အကြီးစား ရေအားလျှပ်စစ်စီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတွေကို အနည်းနဲ့အများ ထိခိုက်စေပါတယ်။ သဘာဝဓါတ်ငွေ့ကိုလည်း ထိုင်းနဲ့တရုတ်ကို ရောင်းစားနေတဲ့အတွက် ပြည်တွင်းမှာ မလောက်မင ဖြစ်နေပါတယ်။ ထုတ်တဲ့ဓါတ်ငွေ့ (၁၄) ရာခိုင်နှုန်းသာ ပြည်တွင်းမှာ သုံးနိုင်ပါတယ်။ တကယ် လိုအပ်တာက (၃၀) ရာခိုင်နှုန်းပါ။ ဓါတ်ငွေ့ကို နိုင်ငံခြားပို့ပြီး ရေအားလျှပ်စစ်ကိုလည်း နိုင်ငံခြားရောင်းစားမယ့် သဘော ဖြစ်ပါတယ်။ ပြည်တွင်းဖူလုံရေးကို ရည်ရွယ်တယ်ဆိုရင် အသေးစား ရေအားလျှပ်စစ် တည်ဆောက်တာက အကျိုးရှိကြောင်း ကုလသမဂ္ဂ စက်မှုတိုးတက်ရေးအဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာ အသေးစား ရေအားလျှပ်စစ်အဖွဲ့တို့ ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လျှပ်စစ်ဓါတ်အား မရသေးတဲ့ နေရာတွေဟာ မဟာဓါတ်အားလိုင်းစနစ်မှာ မပါသေးတဲ့ ဒေသတွေဖြစ်လို့ ပြည်တွင်းစားသုံးသူတွေကို မီးပေးချင်တယ်ဆိုရင် ရေအားလျှပ်စစ် အသေးစား တည်ဆာက်သင့်တယ်လို့ အရပ်ဖက် အဖွဲ့အစည်းတွေက မြင်ကြပါတယ်။ တိုင်းပြည်မှာ လျှပ်စစ်ဓါတ်အား ချို့ တဲ့နေတုန်းမှာ အကြီးစား ရေအားလျှပ်စစ် စက်ရုံကြီးတွေ တည်ဆောက်ပြီး ထွက်လာတဲ့ လျှပ်စစ်ဓါတ်အားကို နိုင်ငံခြား ရောင်းစားဖို့ ရည်ရွယ်တာဟာ တိုင်းပြည်ရဲ့  အကျိုးစီးပွားကို လျစ်လျူရှုရာ ရောက်ပါတယ်။

ဦးအောင်ခင်, ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/weekly-affairs-analysis-hydroelectric-conundrum/2657917.html

ကိုးကန့်ဒေသ ပြန်လည်တည်ငြိမ်စပြု


တိုက်ပွဲတွေကြောင့် စစ်အုပ်ချုပ်ရေးကျင့်သုံးနေရတဲ့ လောက်ကိုင်မြို့ အခြေအနေတည်ငြိမ်လာပြီး ဒေသခံတွေနဲ့ အလုပ်သမားတွေ ပြန်ဝင် လာနေပြီလို့ မြန်မာ့တပ်မတော်က ပြောလိုက်ပါတယ်။ ကိုးကန့်ဒေသတလွှားမှာလည်း စစ်ရေးအခြေအနေတည်ငြိမ်နေပြီး ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ဘက်ကလည်း အပစ်ရပ်ရေးအတွက် ဆွေးနွေးဖို့ အဆင်သင့်ရှိတဲ့အကြောင်း ပြောပါတယ်။ ကိုးကန့်ဒေသ တလွှားက စစ်ရေးနဲ့ တည်ငြိမ်မှုအခြေအနေနဲ့ ရှမ်းပြည်မြောက်ပိုင်းတလွှားက မြန်မာအစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ကြား ထိပ်တိုက်တွေ့မှု အခြေအနေအရပ်ရပ်ကို မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

မြန်မာအစိုးရတပ်တွေနဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA တို့ကြား တိုက်ပွဲတွေကြောင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောက်ကိုင်မြို့ကို အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေး ကျင့်သုံး နေပါတယ်။ အခုအခါမှာတော့ လောက်ကိုင်ဒေသရဲ့အခြေအနေက စစ်အုပ်ချုပ်ရေးအောက်မှာ တည်ငြိမ်စပြုလာနေပြီး ဌာနေ ပြန်ဝင်လာသူတွေလည်း ရှိနေပြီလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ပြန်သူ့ဆက်ဆံရေး ဌာန ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းက ဗွီအိုအေကို ပြောပါတယ်။ ကိုးကန့်ဒေသစစ်ဆင်ရေး အခြေအနေတွေကိုတော့ အသေးစိတ်ပြောနိုင်မှာ မဟုတ်ဘူးလို့လည်း ဗိုလ်ချုပ်ကြီး အောင်ရဲဝင်းက အခုလို ပြောပါတယ်။

“ကျနော်တို့ ဟိုဟာ (စစ်အုပ်ချုပ်ရေး) ထုတ်ထားရတယ်ဗျ။ ဟိုတခါလည်း ကျနော်ပြောဖူးပါတယ်။ ကျနော်တို့ သီးခြားလေ၊ သီးခြားသတင်း ထုတ်ပြန်တာတော့ မရှိပါဘူးခင်ဗျ။ ပုံမှန်သတင်းထုတ်ပြန်တဲ့အဆင့်အတိုင်းပဲ ကျနော်တို့ ပြောနိုင်တာပါ။”

မေး။ ။ စစ်အုပ်ချုပ်မှုအောက်မှာ ငြိမ်းချမ်းမှုအနေအထားလေး သိချင်လို့ပါရှင်။

ဖြေ။ ။ အော်၊ အရင်ကနဲ့စာရင်တော့ အများကြီးတိုးတက်ပါတယ်။ ကျနော်တို့ခုနပြောသလိုပေါ့။ လောက်ကိုင်မြို့အနေအထားကလည်း အများကြီး တိုးတက်မှုရှိပါတယ်။ ပြန်လာတဲ့လူတွေရော၊ ရွှေ့ပြောင်းလုပ်သားတွေရော အများကြီး ပြန်ဝင်လာပါတယ်။

ကိုးကန့်ဒေသတွင်း တိုက်ခိုက်မှုတွေစတင်ပြီး ၄ ရက်အကြာ ဖေဖေဝါရီလ ၁၂ ရက်နေ့မှာ ပုဒ်မ ၁၄၄ တားမြစ်မိန့်ထုတ်ခဲ့တာပါ။ ဒါပေမယ့် အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုပြီး ကျယ်ပြန့်လာတာကြောင့် အုပ်ချုပ်ရေးလုပ်ငန်းတွေ မထိရောက်တော့ဘူးဆိုပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ဖွဲ့စည်းပုံအရ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောက်ကိုင်မြို့ကို သမ္မတဦးသိန်းစိန်လက်မှတ်နဲ့ အရေးပေါ်အခြေအနေ ကြေညာထားတာ ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေအရ စစ်အုပ်ချုပ်ရေးကို ရက်ပေါင်း ၉ဝ သတ်မှတ်ထားတာမှာ ဒီကနေ့ စနေနေ့အထိ စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတာ သီတင်းနှစ်ပတ်ထဲကိုရောက်ရှိလာပြီလည်း ဖြစ်ပါတယ်။ လောက်ကိုင်မြို့အပါအဝင် ကိုးကန့်ဒေသ တဝိုက်မှာတော့ စစ်ရေး အခြေအနေ ငြိမ်သက်နေတာ နှစ်ရက်ရှိသွားပြီ ဖြစ်ပါတယ်။ ကိုးကန့်လက်နက်ကိုင်တပ် MNDAA ကတော့ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်တွေ ရပ်သွားတာနဲ့ တိုက်ပွဲတွေ ငြိမ်းသွားတာဖြစ်တယ်လို့ပြောဆိုပြီး ကိုးကန့်လက်နက်ကိုင်တို့ဘက်ကတော့ အပစ်ရပ်ရေးဆွေးနွေးဖို့ အဆင့်သင့်ရှိနေကြောင်းလည်း MNDAA ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“ကျနော်တို့ ဒီတခေါက် အဓိက-က အိမ်ပြန်လာခြင်းဖြစ်ပါတယ်ခင်ဗျ။ အဲဒီတော့ ဆွေးနွေးတာကတော့ အချိန်မရွေးပါပဲခင်ဗျ။ အဲဒီတော့ အဓိက-ကတော့ တပ်မတော်ဘက်ကပါ။ ဆွေးနွေးချင်လား၊ မဆွေးနွေးချင်ဘူးလားဆိုတာ သူတို့အပေါ်မှာ မူတည်ပါတယ်။ ကျနော်ထင်တယ်၊ သူတို့ အမြဲပြောနေပါတယ်။ သူတို့ UPWC နဲ့ကတော့ အမြဲပြောတယ်-တဲ့။ ကိုးကန့်- MNDAA ၊ နောက် ကျနော်တို့ပါတီပေါ့။ ကျနော်တို့အဖွဲ့အစည်းအနေနဲ့က NCCT မှာလည်း ကိုယ်စားလှယ်လွှတ်ထားတယ်။ UNFC မှာလည်း အဖွဲ့ဝင်ဖြစ်ပါတယ်။ ဒါကတော့ အခေါက်ခေါက် အခါခါ ပြောဖူးပါတယ်။ တနိုင်ငံလုံးနဲ့ ကျယ်ကျယ်ဝန်းဝန်းပြောရမယ်ဆိုရင် နိုင်ငံတော်အဆင့်ထိကတော့ ကျနော် NCCT နဲ့ပဲ ဖြစ်ပါတယ်။ ပြီးတော့ UNFC ရဲ့မူအတိုင်းပဲ ကျနော်တို့လက်ခံပါတယ်။”

အခု မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA ဟာဆိုရင်၁၉၈၈ ခုနှစ် နောက်ပိုင်း မြန်မာစစ်အစိုးရနဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ ၂ဝဝ၉ ခုနှစ်မှာ စစ်အစိုးရနဲ့ မပြေမလည်ဖြစ်ပြီး အပစ်ရပ်ရေးပျက်ခဲ့ရတာ ဖြစ်ပါတယ်။ ကိုးကန့်လက်နက်ကိုင်တပ်ဘက်ကတော့ အရင် အပစ်အခတ် ရပ်စဲခဲ့တာကို ထောက်ထားပြီး ပြန်လည်ဆွေးနွေးကြဖို့ သမ္မတဦးသိန်းစိန်ထံကို ဖုန်ကြားရှင်က အိတ်ဖွင့်ပေးစာတစောင်လည်း ပေးပို့ခဲ့ပေမယ့် မြန်မာ အစိုးရဘက်ကတော့ တစုံတရာတုံ့ပြန်ခဲ့တာ မရှိပါဘူး။

အခုလို ကိုးကန့်ဒေသဘက်မှာ ဒီရက်ပိုင်းတိုက်ပွဲတွေ ငြိမ်သက်သွားပေမယ့် နှစ်ဘက် တင်းမာမှုတွေကတော့ ရှိနေဆဲ ဖြစ်တယ်လို့လည်း ကိုးကန့်လက်နက်ကိုင်တပ်ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။ ကိုးကန့်ဒေသဘက်မှာ စစ်ရေးတင်းမာနေတဲ့ တချိန်တည်းမှာပဲ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသဘက်မှာလည်း ဒီလ ၂၅ ရက်နေ့ကစလို့ မနေ့ ၂၇ ရက်နေ့ အထိ ၃ ရက်ကြာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်ရှင်။

သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/kokang-and-laukkai-areas-getting-back-to-normal-/2662891.html
 

လင်ငယ်နှင့် တိတ်တိတ်ပုန်း ချစ်တင်းနှောစဉ် Penis Captivus ခေါ် မအင်္ဂါစပ်အတွင်းမှ ဖိုအင်္ဂါ ထုတ်မရသည့် ပြဿနာပေါ်


နောက်မီးလင်းသည့်အမျိုးသမီး လင်ငယ်နှင့် တိတ်တိတ်ပုန်း ချစ်တင်းနှောရာမှ လင်ယောက်ျားဖြစ်သူ၏ ကဝေအစီအမံကြောင့် Penis Captivus ခေါ် မအင်္ဂါစပ်အတွင်းမှ ဖိုအင်္ဂါ ထုတ်မရသည့် ပြဿနာဖြစ်နေသည်ဆိုသော သတင်း ပျံ့နှံ့သွားရာ လူစုလူဝေးနှင့် လာရောက်ကြည့်ရှုခဲ့ကြသည်။ အဆိုပါဖြစ်စဉ်သည် တောင်အာဖရိကနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းအမျိုးသမီးနှင့် လင်ငယ်တို့ရှိနေရာအခန်းသို့ လာရောက်ကြည့်ရှုသူ လူစုလူဝေးကို ရဲတပ်ဖွဲ့ဖြင့် ရှင်းလင်းခဲ့ရသည်။

ဆေးပညာကျွမ်းကျင်သူများက ရှက်ဖွယ်ရာ အဆိုပါဖြစ်ရပ်သည် လိင်ဆက်ဆံစဉ် အမျိုးသမီးအင်္ဂါစပ်ကြွက်သားများ လွန်ကဲစွာကြုံ့ဝင်သွားခြင်းကြောင့် အမျိုးသားလိင်တံကို ထုတ်မရအောင် ညပ်မိသည့် Penis Captivus ဖြစ်နိုင်ချေများသည်ဟုဆိုသော်လည်း လူအများက လင်ယောက်ျား၏ ကဝေအစီအမံကြောင့်ဆိုသော ကောလဟလကြောင့် အခင်းဖြစ်ပွားရာသို့ စုဝေးရောက်ရှိလာခဲ့ကြသည်။ အသက် ၃၄နှစ်အရွယ်အမျိုးသမီး ဆာရှာငီးမားသည် ၎င်း၏တိတ်တိတ်ပုန်းလင်ငယ် ဆိုးလ်ကိုဘိုဇာ(အသက် ၂၂)ဆိုသူနှင့် ဂျိုဟန်းနက်စ်ဘာ့ဂ်မြို့မှ အငှားတိုက်ခန်းအတွင်း ချစ်တင်းနှောနေခဲ့ကြသည်ဟု ပြည်တွင်းသတင်းဌာနများက ဖော်ပြသည်။

တောမီးသဖွယ် ပျံ့နှံ့သွားခဲ့သော ကောလဟလအရ အမျိုးသမီး၏ ခင်ပွန်းနိုင်အယ်လ်သည် ၎င်း၏မိန်းမ အခြားယောက်က်ျာတဦးနှင့် ဖောက်ပြန်နေသည်ကို သိရှိသဖြင့် အောက်လမ်းဆရာထံချဉ်းကပ်၍ ဇနီးသည်၏လိင်အင်္ဂါအတွက် ကဝေအစီအမံတခု ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ “မူသီ”ဟုခေါ်သော အဆိုပါအစီအမံသည် တရားဝင်ယောက်ျားမှလွဲ၍ ဇနီးသည်၏အင်္ဂါစပ်ထဲသို့ ကျုးကျော်လာသူမှန်သမျှ တရားဝင်လင်ယောက်ျား အိမ်ပြန်ရောက်သည့်အချိန်အထိ ပြန်ထွက်မရအောင် စီရင်ခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါစုံတွဲသည် အထိတ်တလန့်ဖြစ်ကာ အော်ဟစ်အကူအညီ တောင်းခံခဲ့ကြကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။

“ပထမက သူတို့ဘာသာ သာယာလို့ အော်နေတယ်ထင်တယ်၊ နောက်မှ အကူအညီ အော်တောင်းနေမှန်း သိရတာ၊ ကျွန်တော်လည်း တံခါးခေါက်ပြီး သူတို့ အိုကေရဲ့လားလို့မေးပြီး အခန်းထဲဝင်သွားတော့မှ ယောက်ျားက မိန်းမအပေါ်မှာ ငိုလျက်သား တွေ့ရတယ်”ဟု အိမ်နီးနာချင်းတဦးဖြစ်သူ အသက် ၃၄နှစ်အရွယ် ပရီစီလီယာ နလိုဗူး က ပြောသည်။
အဆိုပါသတင်းကြောင့် လူ ၂၀၀၀ ခန့် စုဝေးလာခဲ့ကြပြီး ၎င်းတို့စုံတွဲကို ကြည့်ရှုခွင့်ရရန် တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။
“သူတို့က မကြည့်ရရင် မပြန်ဘူးလုပ်နေလို့ ငရုပ်ကောင်းဆေးရည်ဖြန်းပြီးတောင် လူစုခွဲရတယ်”ဟု ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

သူခိုးက ဘုရင်ဖြစ်သောအခါ


“ရာဇပလ္လင်ထက်သို့ ရောက်လာကြသူတိုင်းသည် ထိုက်တန်စွာ ရောက်လာကြသူများ မဟုတ်။ သူခိုးကလည်း နိုင်ငံ့အခြေအနေအရ ဘုရင်ဖြစ်နိုင်သေးသည်။ သို့သော် ထိုဘုရင်သည် သန္ဓေမမှန်သောဘုရင်ဖြစ်သဖြင့် ….”
----- ----- ----- -----
၁၉၈၀ ပြည့်နှစ်က ကမ္ဘာကျော်ဂျပန်ရုပ်ရှင်ဒါရိုက်တာကြီး အာကီရာ ကူရိုဆာဝါ (Akira Kurosawa)ရိုက်ကူးသော ကာကီမူရှာ (Kakemusha )ဆိုသည့် ရုပ်ရှင်ကားတကားသည် ကမ္ဘာကျော်ခဲ့ပါ၏။ ဇာတ်လမ်းအကျဉ်းမှာ ၁၆ ရာစုနောက်ခံ ဂျပန်နန်းတွင်းဇာတ်လမ်းတပုဒ် ဖြစ်သည်။ ဂျပန်နိုင်ငံတွင် မြေရှင်ပဒေသရာဇ်များ သူတလူငါတမင်းနှင့် ထကြွသောင်းကျန်းသဖြင့် ပြည်တွင်းစစ်ဖြစ်နေသောအချိန်တွင် နိုင်ငံအုပ် ချုပ်သောဘုရင်ကြီး Shingen Yakeda နတ်ရွာစံသွားပါသည်။ ထိုအချိန်တွင် သူခိုးတယောက်သည် သူ၏ရာဇ၀တ်မှုအတွက် ကြိုးပေးသတ်ခံရလုဆဲဆဲ ဖြစ်သည်။ ဖြစ်ချင်တော့ ထိုသူခိုးမှာ မျက်နှာရော ခန္ဓာကိုယ်အချိုးအစားပါ ကွယ်လွန်သူဘုရင်ကြီးနှင့် ချွတ်စွပ်တူနေပါသည်။ သူခိုးအမည်မှာ ကာကီမူရှာဖြစ်ပါသည်။ ထို့ကြောင့် မှူးကြီးမတ်ကြီးများသည် သူခိုးကို မသတ်တော့ဘဲ နန်းတော်ထဲသို့လျှို့ဝှက်ခေါ်ဆောင်လာကာ ဘုရင်ကြီး မသေသေးသယောင် အယောင်ဆောင်ဟန်ပြဘုရင်အဖြစ်နေစေ၍ တိုက်လက်စစစ်ပွဲကိုဆက်တိုက်ပါသည်။

ဘုရင်ကိုလည်းဟန်ပြအဖြစ်သာထားပြီး တခါတရံမှသာ လူတွေ့ခံပါသည်။ ထိုလျှို့ဝှက်ချက်ကို မှူးကြီးမတ်ရာ အချို့သာသိပါသည်။ နန်းတွင်းမှလူများပင် သူခိုးကာကီမူရှာကို ဘုရင်ကြီး အစစ်မှတ်နေပါသည်။ သို့သော် ဘုရင်ကြီး၏ မြေးတော် ကလေးလေးက ကလေးသဘာဝအရ ဤသူသည်သူ့ဘကြီးတော်ဘုရင်ကြီးမဟုတ်ဘူး ဆိုတာသိပါသည်။ ဘုရင်ကြီး၏ စီးတော်မြင်းကိုလည်းညာလို့မရပါ။ သူ့သခင်မဟုတ်တာကို သိသဖြင့် အစီးမခံဘဲ ကျောပေါ်မှပေါက်ချပါသည်။ သို့သော် မြင်းနှင့်ကလေးသာသိသဖြင့် ပြဿနာမရှိပါ။ ဤသို့နေလာရင်း ဘုရင်အတုသည် သူ့ကိုယ်သူဘုရင်အစစ်ထင်လာပါသည်။ ဘုရင်အစစ် သဖွယ်ပြုမူလာပါသည်။ နန်းတင်ခဲ့သောအမတ်ကြီးများကို ပမာမခန့်လုပ် လာပါသည်။ တိုင်းပြည်အရေးအရာများကို အလွဲလွဲအမှားမှား ဆုံးဖြတ်လုပ် ကိုင်လာပါသည်။ သူခိုးဇာတိပြလာပါသည်။ သူဘုရင်ဖြစ်တာလည်း သုံးနှစ် ကြာသွားပါသည်။ ထိုအချိန်တွင် တိုက်လက်စ စစ်ပွဲတွေလည်းပြီးသွားပါသည်။ ဘုရင်ကြီးရှိသေးသည်ဟု ထင်သဖြင့် ရန်သူတို့ကိုရွပ်ရွပ်ချွန်ချွန် တိုက်ခိုက်ရာ ရန်သူများရှုံးသွားပြီး သူခိုးဘုရင်ကြီးတို့ဘက်က စစ်နိုင်လိုက်ပါသည်။ ထိုအခါအမတ်များသည် အချိန်မဆိုင်းဘဲ ဤဘုရင်ကြီးမှာ အတုဖြစ်ကြောင်း၊ ဘုရင်အစစ်မှာ နတ်ရွာစံတော်မူသည်မှာ ကြာပြီဖြစ်ကြောင်း တိုင်းပြည်သို့ကြေညာလိုက်ရာ တိုင်းသူပြည်သားများက ဘုရင်အတုကို ခဲများဖြင့်ပစ်ပေါက်နှင်ထုတ်ကြပါသည်။ ထိုအခါမှ လူတွေလေးစားသည်မှာ သူ့ကိုမဟုတ်ပါလား။ ကွယ်လွန်သွားသော ခေါင်းဆောင်ကြီးကိုပါလားဟု သိလာသော ကာကီမူရှာသည်နိုင်ငံအတွက် တခုခုလုပ်ပေးရန်ရည်ရွယ်ချက်ဖြင့် ရှေ့တန်းစစ်မျက်နှာတွင်တိုက်ပွဲဝင်မည့် တပ်သားများနှင့်လိုက်သွားကာ စစ်မြေပြင်တွင်ဝင်ရောက်တိုက်ခိုက်ရာမှ မထင်မရှား ကျဆုံးသွားပါသည်။ သူ၏ခန္ဓာကိုယ်သည် မြင်းပေါ်မှပြုတ်ကျကာ စမ်းချောင်း ကလေးတခုထဲတွင် မျောပါရင်းမထင်မရှား ဘ၀နိဂုံးချုပ်ရပုံနှင့် ဇာတ်သိမ်း ထားပါသည်။

ဤဇာတ်လမ်း၌တွေးမိသည်မှာ ရာဇပလ္လင်ထက်သို့ရောက်လာကြ သူတိုင်းသည် ထိုက်တန်စွာရောက်လာကြသူများမဟုတ်။ သူခိုးကလည်း နိုင်ငံ့အခြေအနေအရဘုရင်ဖြစ်နိုင်သေးသည်။ သို့သော် ထိုဘုရင်သည် သန္ဓေမမှန်သောဘုရင်ဖြစ်သဖြင့် တိုင်းသူပြည်သားများ၏ မေတ္တာအစစ်ကို မရနိုင်ဆိုသော ဒဿနပင်ဖြစ်သည်။ ကွယ်လွန်သွားရှာပြီဖြစ်သော ခေါင်း ဆောင်ကြီးကား တိုင်းသူပြည်သားများကိုရင်ဝယ်သားကဲ့သို့ သနားကြင်နာသောဘုရင်တပါးဖြစ်သောကြောင့် လူထုကချစ်ခင်ကြပေသည်။ သူတို့ချစ် သောဘုရင်ကြီးမဟုတ်ဘဲ ပလ္လင်ပေါ်တက်ထိုင်နေသောအခါ လူထုက အင်မတန်အော့နှလုံးနာကာ ရွံရှာမုန်းတီးကြလေသည်။

ကူရိုဆာဝါသည် မြန်မာနိုင်ငံကိုကြည့်ပြီးတော့များ ဤဇာတ်လမ်း ကို ရုပ်ရှင်ရိုက်ခဲ့သလားဟု ထင်ယောင်မိပါသည်။ ကျွန်တော်တို့မြန်မာနိုင်ငံ သည် ပြည်သူချစ်သော ဘုရင်အစစ်နှင့်တူသော လူထုခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရှိပါသည်။ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက် တယောက်ပြီးတယောက်နန်းပလ္လင်ပေါ်သို့တက်လာကြရာ ဦးနုစသော ထိုက်တန်သည့်သူ အနည်းငယ်ပါဝင်သော်လည်း ၁၉၆၂ မှစကာ မဆီမဆိုင်သူများက ရာဇပလ္လင်ပေါ်သို့ ကာကီမူရှာဇာတ်ခင်းကာ တယောက်ပြီး တယောက်ဝင်ရောက် ကပြအသုံးတော်ခံခဲ့ပါသည်။ ကြွယ်ဝချမ်းသာသော မြန်မာနိုင်ငံသည် ကာကီမူရှာများကြောင့် တဖြည်းဖြည်းဖွတ်ကျောပြာစုကာ ဆင်းရဲမွဲတေခဲ့ရပါသည်။

မြန်မာ့ရာဇ၀င်တွင် အင်းဝသူတိုးမင်းဖျားလက်ထက်က သူခိုးကြီး ငတက်ပြားမှာ နာမည်ကျော်သည်။ ထိုသူခိုးကြီးသည် အင်းဝမြို့တော်အတွင်း သောင်းကျန်းနေသော်လည်း မည်သို့မျှဖမ်း၍မမိသဖြင့် ဘုရင်မင်းတရားကြီးကိုယ်တိုင် သူခိုးအယောင်ဆောင်၍ ဖမ်းသည်တွင်မှ လက်ရဖမ်းမိသည်။ ထိုအခါ သတိုးမင်းဖျားသည် ဓား၊ လှံ၊ ပေါက်ဆိန်၊ တံကျင် စသော လက်နက်အမျိုးမျိုးကိုပြကာ “သူခိုးငတက်ပြား သင်သည် ယခုပြထားသော လက်နက်အမျိုးမျိုးထဲမှ ဘယ်လက်နက်ဖြင့် သေချင် သနည်း၊ အလိုရှိရာကိုပြောလော့”ဟု သေလမ်းကိုရွေးစေ၏။ ငတက်ပြားလည်း သေမထူးနေမထူးပြီဖြစ်၍ “အရှင်မင်းတရားကြီး သေရမည် အမှန်ဖြစ်၍ သင်နှစ်သက်ရာလက်နက်နှင့်စီရင်ပါ၊ လိုချင်တာအမှန်ကို ပြောရလျှင် သင့်မိဖုရားကြီးစောဥမ္မာကို လိုချင်ပါသည်”ဟု ရဲဝံ့စွာ လျှောက်ထားလိုက်လေသည်။ ခိုးသည်ကိုမကြိုက်သော်လည်း သေမှာကို မကြောက်မရွံ့ ပမာမခန့်ပြန်ပြောဝံ့သော သူရဲကောင်းသတ္တိစိတ်ဓာတ်ကို သဘောကျသောကြောင့် မသတ်တော့ဘဲ ရွှေတိုက်စိုးရာထူးပေးပြီး ဘဏ္ဍာ တော်များကိုမပျောက်မရှအောင် စောင့်ရှောက်စေသည်ဟူ၏။ ဤအဖြစ် အပျက်ကြောင့် သူခိုးကိုရွှေတိုက်စိုးခန့်သည်ဟူသော စကားပုံပေါ်ပေါက် လာခြင်းဖြစ်သည်။ ငတက်ပြားသည် သူခိုးဖြစ်သော်လည်း သူ၏တာဝန်ကို ကျေသည်။ ရွှေတိုက်မှ ဘုရင့်ဘဏ္ဍာတော်များကို မပျောက်မရှရအောင် ကာကွယ်ပေးနိုင်သည်။ သူ၏သူခိုးဇာတိကိုလည်းစွန့်နိုင်သူဖြစ်သည်။ ငတက်ပြားလိုသူခိုးမျိုးကတော့ ရှားပါသည်။

ယနေ့ခေတ်အခါသမယတွင် တိုင်းပြည်သည် သခွပ်ပင်က မီးတကျည်ကျည် ဖြစ်နေ၏။ အစိုးရမှာပြဿနာပေါင်းစုံဖြင့် အရူးမီးဝိုင်း ဖြစ်နေသည်။ ရုပ်သေးရုပ်ကြိုးရှုပ်သလို ကိုယ်စခဲ့သော ဇာတ်ရှုပ်များကို ကိုယ်မရှင်းနိုင်သလိုဖြစ်နေပေ၏။ ပထမဆုံးအဖြစ် လွှတ်တော်ကတရားဝင် ဆုံးဖြတ်ထားသော ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို ယခုထက်တိုင် အကောင်အထည် မဖော်နိုင်ဘဲဖြစ်နေသည်။ လာချင်လျှင်အနီးကလေး၊ မလာချင်လျှင်ခရီးဝေးဆိုသကဲ့သို့ ဆန္ဒရှိလျှင် တမနက်အတွင်းစီစဉ်၍ တွေ့ဆုံညှိနှိုင်းပွဲဖြစ်လောက်အောင် လူခြောက်ယောက်သည် နေပြည်တော် တမြို့တည်းမှာရှိနေကြပါလျက် ဆန္ဒနှင့်စေတနာမရှိသောအခါ ဟိုလူပါမှ သည်လူပါမှ ဟု အချိန်အမျိုးမျိုးဆွဲနေလျက် အချိန်များအလဟဿ ပြုန်းတီးရလေသည်။ ဒုတိယအရှုပ်တော်ပုံမှာ ၀ှိုက်ကတ်ခေါ်ယာယီသက် သေခံလက်မှတ်ဖြင့် နိုင်ငံသားမဟုတ်သူများကို မဲပေးခွင့်ပြုခဲ့သောကိ္စ ဖြစ်သည်။ သာမန်စဉ်းစားဉာဏ်ဖြင့်စဉ်းစာလျှင်ပင် နိုင်ငံတနိုင်ငံတွင် မဲပေးခြင်းစသော နိုင်ငံတော်၏ အမြင့်ဆုံးသောအရေးအရာကိစ္စများတွင် နိုင်ငံသားမဟုတ်သူများဝင်၍ မဲပေးခွင့်မပြုသင့်ကြောင်း၊ ပြည်တွင်းပြည်ပ ဘယ်နိုင်ငံကိုပဲကြည့်ကြည့် အလွယ်တကူသိနိုင်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာလည်း ရှင်းရှင်းလင်းလင်း ရေးထားပြီးဖြစ်သည်။ ထိုသို့ရှင်းနေသည်ကို လွှတ်တော်က မဲပေးခွင့်မပြုဟု ဆုံးဖြတ်သည်။ သမ္မတကြီးက မဲပေးခွင့်ပြုလိုက်ပါဟု သ၀ဏ်လွှာပြန်ပို့သည်။ နဂိုက ၀ှိုက်ကတ်ကိုင် ဆောင်သူတွေမဲပေးခွင့်မပြုဆိုသော လွှတ်တော်သည် ရက်ပိုင်းအတွင်း စိတ်ပြောင်းသွားကာ မဲပေးခွင့်ပြုသည်ဖြစ်ပြန်သည်။

နောက်တော့ တတိုင်းတပြည်လုံးက အုံးအုံးကျက်ကျက် ကန့်ကွက်ဆန္ဒပြကာ မျိုးချစ်လွှတ်တော်အမတ်အချို့က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတင်ကာ ခုံရုံးက ဤသို့မဲပေးခွင့်ပြုခြင်းမှာ အခြေခံဥပဒေနှင့်မညီဟု ဆုံးဖြတ်လိုက်သောအခါမှ သမ္မတကြီးသည် ၀ှိုက်ကတ်များသက်တမ်းကို မတ်လကုန်လျှင်ဖျက်သိမ်းတယ်ဟု ပြောလာပြန်သည်။ အရာရာသည် တောင်ရောက်မြောက်ရောက် ထင်သလိုလုပ် နေခြင်းဖြစ်သည်။ ကျီးကန်းသည် မည်းပါသည်ဆိုခြင်းကို ဖြူပါသည်ဟု သ၀ဏ်လွှာပို့ ၀ိုင်းဝန်းဆုံးဖြတ်ကြပြီးမှ ခုံရုံးက ကျီးကန်းသည်အမည်းကြီးဟုပြောသဖြင့် အမည်းဟုပြင်ဆင်သတ်မှတ်လိုက် ကြောင်း၊ ကျီးကန်းသည်အဖြူပါဟု ကြေညာချက်သည် မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်မည်ဖြစ်ကြောင်း ကြေညာသလို ဖြစ်နေပါသည်။ နဂိုထဲက အဖြူအမဲရှင်းနေသောကိစ္စကို မရှုပ်ရှုပ်အောင်လုပ်ကြခြင်းမှာ သဘောရိုးမှဟုတ်ပါလေစဟု တွေးမိပါသည်။

ဉာဏ်ကြီးရှင်တို့ ဦးနှောက်မှာ ရွှေချထားချင်စရာပင် ကောင်းသေး၏။ ဤကိစ္စမတိုင်မီက မရှုပ်မရှင်း ကိစ္စတခုကိုလွှတ်တော်က ဖန်တီးခဲ့သေး၏။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကို မူလကျင်းပနေသောစနစ်မှ အချိုးကျကိုယ်စားပြုစနစ်သို့ ပြောင်းမည်ဟု လွှတ်တော်တွင်အဆိုတင်သူကတင်၊ ထောက်ခံသူက ထောက်ခံဖြင့် လက်ဝါးချင်းရိုက်ကာ ဆောင်ရွက်ခဲ့ကြ၏။ နောက်ဆုံးတွင် ထုံးစံအတိုင်း အခြေခံဥပဒေခုံရုံးသို့ရောက်၏။ အခြေခံဥပဒေခုံရုံးက PR ခေါ် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်သည် အခြေခံဥပဒေနှင့်မညီဟု ဆုံးဖြတ်လိုက်မှကိစ္စပြတ်တော့၏။ ကျွန်တော်တို့နိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်များသည် ခုံရုံးကမပြောမချင်း အဖြူအမည်း မခွဲတတ်ကြောင်း ပြဆိုနေသလိုရှိပေ၏။ ယခုလည်း လာပြန်ပေသည် အမျိုးသား လွှတ်တော်အတွက် ကျင်းပမည့်ရွေးကောက်ပွဲစနစ်သည် ယခင် FPTP စနစ်ပဲလား၊ ကြံ့ခိုင်ရေးနှင့် NDF ပါတီဝင်အမတ်များလိုလား တောင့်တ နေသော PR စနစ်ဖြင့်ပဲသွားမှာလား ဆိုတာမသဲကွဲသေးပေ။ ထုံးစံအတိုင်း ကိုယ့်ဉာဏ်နှင့်မဆုံးဖြတ်တတ်သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရောက်မှ ကိစ္စပြတ်ကြဦးမည်။

နောက်ထပ် မပြတ်မသားကိစ္စတခုမှာ ယနေ့အချိန်အထိ အလုပ်သမားတို့၏ အနိမ့်ဆုံးလုပ်ခလစာကို အပြီးသတ် သတ်မှတ်နိုင်ခြင်းမရှိသေးမှု ဖြစ်သည်။ ထို့ကြောင့်လုပ်ခလစာနှင့် ခံစားခွင့်အလွန်နည်းသော အလုပ်သမားများ၏ဆန္ဒပြပွဲများ၊ လစာတိုးပေးရေးတောင်းဆိုမှုများ အတောမသတ်အောင် ဖြစ်ပေါ်နေခြင်းဖြစ်သည်။ အစိုးရနှင့်လွှတ်တော်သည် အချို့နေရာများတွင် မြန်မြန်ဆန်ဆန်လုပ်ရမည့် အလုပ်များကို ပြီးစီးအောင်မလုပ်ဘဲ အချိန်ဆွဲနေသလိုရှိသဖြင့် ပြဿနာများရှည်ကြာကာ တိုင်းပြည်နစ်နာရသည်။ အမျိုးသားပညာရေးဥပဒေကြောင့် ကျောင်းသားများ သပိတ်မှောက်စစ်ကြောင်းများ ချီတက်ကြခြင်းမှာ နဂိုတည်းက မရှုပ်မရှင်းနှင့် ကျောင်းသားများစကားကို အလေးမထားခဲ့ကြသောကြောင့် ဖြစ်သည်။ ယခုလည်း ကျောင်းသားတို့တောင်းဆိုချက် (၁၁) ချက်ကို ရိုးရိုးသားသားညှိနှိုင်းလိုက်လျောရမည့်အစား မဘသဖြင့် ကျောင်းသားကို လှည့်တိုက်နေတာလဲ အစိုးရ၏မရိုးသားသည့်လုပ်ရပ် ဖြစ်သည်။ မဘသ သည်အစိုးရဆင်သောအကွက်ထဲသို့ မ၀င်သင့်ပေ။ အစိုးရ၏လက်ကိုင် တုတ်အဖြစ်မခံသင့်ပေ။ ကျောင်းသားများသည်တမျိုးသားလုံးပညာရည် တိုးတက်ရေးကို ဆောင်ရွက်နေခြင်းဖြစ်သဖြင့် သွေးမကွဲသင့်ပေ။ လက်ပံတောင်းစီမံကိန်းသည်လည်း ဒေါ်အောင်ဆန်းစုကြည်တို့တင်ပြသော လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အကောင်အထည်ဖော်ရေး ကော်မတီက လျစ်လျူရှုကာ ထင်ရာစိုင်းသောကြောင့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အရူးမီးဝိုင်းဖြစ်ရမှုတွင် ယခု လတ်တလောဖြစ်ရသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲ ဖြစ်ရခြင်းလည်း ပါဝင်သည်။

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းမှာ ၃၇ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး အာဆီယံနိုင်ငံများအကြား ဆင်းရဲမှုနှုန်းအမြင့်မားဆုံးနိုင်ငံတနိုင်ငံဖြစ် သည်ဟု ကမ်္ဘာ့ဘဏ်အစီရင်ခံစာတွင်ထည့်သွင်းဖော်ပြခံရပါသည်။၎င်းအပြင် မြန်မာနိုင်ငံသည် မွေးကင်းစကလေးနှင့် ကလေးသူငယ်သေဆုံးမှု ဒုတိယအမြင့်ဆုံးနိုင်ငံဖြစ်သည်ဟု ဆိုပါသည်။ မြန်မာနိုင်ငံဆင်းရဲရသည့်အကြောင်းများထဲတွင် လုပ်သားများ၏ ထုတ်လုပ်မှုနိမ့်ကျခြင်း၊ ကျေးလက်ဒေသအနှံ့အပြားတွင် လယ်ယာကဏ္ဍမှ ထုတ်လုပ်နိုင်မှုနိမ့်ကျနေခြင်း၊ မြေယာမပိုင်ဆိုင်မှု၊ အခြေခံအဆောက်အအုံ အားနည်းခြင်း၊ ပဋိပက္ခ၊ လူမျိုးရေးပြဿနာများ၊ အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်အချို့ကြောင့် ဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြနေပေသည်။ ကျွန်တော့်အမြင်ပြောရလျှင် မူဝါဒပိုင်း အားနည်းမှုမှာ အကျင့်ပျက်ခြစားမှုကို လျစ်လျူရှုနေခြင်းနှင့် ကိုယ်ကျိုး အတွက်လုပ်လွန်းခြင်းဖြစ်ပါသည်။ အကောင်းအဆိုး မခွဲတတ်ခြင်းသည်လည်း စီမံခန့်ခွဲမှုအလွဲထဲတွင် ပါဝင်ပါသည်။

ကျွန်တော် ထားဝယ်ခရိုင် ကံပေါက်ဒေသသို့ စာပေဟောပြောပွဲသွားရောက်ခဲ့စဉ်က ဒေသခံများက ပြောကြသည်မှာ သူတို့ရွာ သူတို့ဒေသအနီးမှ သဘာဝဓာတ်ငွေ့ပိုက် လိုင်းကြီးသွယ်တန်းပြီး သဘာဝဓာတ်ငွေ့များ ထိုင်းနိုင်ငံသို့တင်ပို့နေသည်မှာ ဆယ့်ကိုးနှစ်ရှိခဲ့ပြီဖြစ်ကြောင်း၊ သို့သော် သူတို့ဒေသတွင် ယနေ့ အချိန်အထိ လျှပ်စစ်မီးမရကြောင်း၊ ပြင်ပပုဂ္ဂလိက မီးပေးသူထံမှ လျှပ်စစ် တယူနစ်လျှင် ၃၅၀ ကျပ်ပေးပြီး ၀ယ်သုံးရကြောင်း၊ ဈေးကြီးပေးပြီး သုံးရသော်လည်း ညဆယ်နာခွဲကျော်လျှင် မီးမရတော့ကြောင်း၊ သူတို့ဒေသ တွင် GSM၊ အော်ရီဒူး၊ တယ်လီနော မည်သည့်တယ်လီဖုန်းလိုင်းမှ မမိကြောင်း၊ အင်တာနက်ဆိုတာချိုနဲ့လားဟု မေးရမှာဖြစ်သဖြင့် သူတို့ ဒေသမှ သတင်းများကို သတင်းဌာနများ၊ ဂျာနယ်များသို့ပို့ရန်ပင် မလွယ်ကြောင်း၊ အင်တာနက်သတင်းများကိုလည်း သူတို့ဘာမှမသိကြောင်း၊ လောကကြီးနှင့် အဆက်ပြတ်နေပါကြောင်း ပြောကြပါသည်။ အံ့သြကုန် နိုင်ဖွယ်ပင်။

ထိုဒေသတွင် Total/PTTEP စသော ကမ္ဘာကျော်ရေနံ ကုမ္ပဏီကြီးများ စာချုပ်ချုပ်ဆိုလုပ်ကိုင်နေသော်လည်း ဒေသခံတို့ ခုထိ လျှပ်စစ်မီးမရသေးခြင်းမှာ ညံ့ဖျင်းလှသောစီမံခန့်ခွဲမှု ဖြစ်သည်။ စီမံကိန်း တခုရောက်လာလျှင် စီမံကိန်းခွင့်ပြုချက် လက်မှတ်ထိုးပေးသော ပုဂ်္ဂိုလ်ကြီးများသည် ငါ့အိတ်ထဲဘယ်လောက်ထည့်မည်ဆိုသည်ထက် တိုင်းပြည်အတွက်၊ ဒေသအကျိုးအတွက် စဉ်းစားပေးခဲ့ကြပါက မြန်မာနိုင်ငံ ပြည်သူများ၏ လူနေမှုအဆင့်သည် ဤမျှအောက်ကျမည်မထင်ပေ။ ယခုအခါတွင်လည်း မြန်မာ့ရေပိုင်နက်အတွင်း သဘာဝဓာတ်ငွေ့တူးဖော်နေသည့် ထိုင်းနိုင်ငံ PTTE ကုမ္ပဏီသည် မြန်မာအလုပ်သမားနှင့် ထိုင်း အလုပ်သမားများကို ခွဲခြားဆက်ဆံခြင်း၊ မြန်မာ့ပင်လယ်ပြင်အတွင်းသို့ ဓာတ်ငွေ့တူးဖော်ရာမှ ထွက်လာသောစွန့်ပစ်ပစ္စည်းများကို တိုက်ရိုက်စွန့်ပစ်ခြင်းကြောင့် ပင်လယ်ပြင်ညစ်ညမ်းခြင်းတို့ကြောင့် မြန်မာဝန်ထမ်းများ ဆန္ဒပြ ကန့်ကွက်နေကြပါ၏။ ခွင့်ပြုမိန့်ပေးခဲ့သော ပုဂ္ဂုလ်ကြီးများသည် ထုံးစံအတိုင်း မသိချင်ယောင်ဆောင်ကာ ကိုယ့်မြန်မာအလုပ်သမားတွေကိုပဲ အရေးယူမလားဆိုတာ စောင့်ကြည့်ရပေမည်။

ရွှေပြည်သာတွင်လည်း ငြိမ်းချမ်းစွာဆန္ဒပြနေသောအလုပ်သမားများကို ရဲတပ်ဖွဲ့မှ အင်အားသုံးကာ ဖြေရှင်းခဲ့၏။ လုပ်နည်းလုပ်ဟန်မှာ ယခင်ကအတိုင်းပင်။ အာဏာပိုင် အဆက်ဆက်လုပ်ခဲ့တာကတော့ ကိုယ့်အတွက် ရသလောက်ယူမည်။ တိုင်းပြည်နှင့်လူမျိုး ဘာဖြစ်ဖြစ်ဝါဒဖြစ်သည်။ ဤသို့ဖြင့် တောတွေ ကုန်သည်။ တောင်တွေ ကုန်သည်။ သဘာဝသယံဇာတတွေ ကုန်သည်။တောရိုင်းတိရစ္ဆာန်တွေ ကုန်သည်။ ရေသယံဇာတတွေ ငါးတွေ၊ ပုစွန်တွေ ကုန်သည်။ မြစ်ချောင်းတွေ ပင်လယ်တွေညစ်ညမ်း ကုန်သည်။ လေထုထဲသို့ ကျောက်မီးသွေးအမှုန်တွေနှင့် ကာဗွန်ဓာတ်ငွေ့တွေပြန့် ကုန်မည်။ ပြီးတော့ ကဲ့ယူထားသော ဒေါ်လာများဖြင့် စင်ကာပူ၊ ဟောင်ကောင်၊ ဖူးခက်ကမ်းခြေများမှာ သွားရောက်အပန်းဖြေမည်။ ဒူဘိုင်းမှာ အိမ်ဝယ်မည်။ ဆွစ်ဇာလန်မှာ ဘဏ်စာရင်းဖွင့်မည်။ တိုင်းသူပြည်သားတွေပဲ အမှိုက်တွေထဲမှာ ကျန်ခဲ့ကြမည်။ ကင်ဆာရောဂါတွေရကြမည်။ မြန်မာနိုင်ငံတွင် ကျေးရွာ ခြောက်သောင်းခွဲခန့်ရှိသည်။ ထိုကျေးရွာ အများစုမှာ လျှပ်စစ်မီးမရသေး။ ကျန်းမာရေးဆေးပေးခန်းဟူသည် မရှိ။

မြန်မာကလေး အများစုသည် အာဟာရမပြည့်ဝမှုနှင့် ရင်ဆိုင်နေရသည်။ ကလေးတွေမှာ ကစားစရာ အားကစားကွင်း မရှိကြ။ မူလတန်းကျောင်းပင် မရှိသောရွာ များရှိနေသေးသည်။ တိုင်းပြည်ဘဏ္ဍာများသည် ဘယ်ကိုရောက်ကုန် သနည်း။ တောမှာလည်း မရှိ။ မြို့မှာလည်း မရှိပါ။ ထိုအချိန်တွင် ဗိုလ်ရှုခံအဆောက်အဦဆောက်လုပ်ရေးအတွက် အကုန်ခံလိုက်သောငွေမှာ ကြောက်ဖွယ်လိလိ။ ဆီးသီးဗန်းသည်မှောက်ရုံသာ မဟုတ်တော့ ဆီးသီးတင်လာသောကားကြီးများ တစီးပြီးတစီး နောက်ဖုံးဖွင့်ပြီး သူတို့ ဂိုဒေါင်ထဲသို့ သွန်ချသည့်သဖွယ် ဖြစ်နေပေသည်။ ကြောက်ရမည့်သူလည်း မရှိတော့။ မီဒီယာ၏ ပါးစပ်အား ဥပဒေများ၊ အမိန့်များ၊ ပုဒ်ထီးပုဒ်မများဖြင့် ပိတ်ခဲ့ပြီ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကား စက္ကူကျားတကောင် ဖြစ်ခဲ့ပြီ။

ဂျပန်နိုင်ငံ၏ ကာကီမူရှာ ရုပ်ရှင်ထဲတွင်တော့ စစ်မက်ဖြစ်နေသော ကာလဖြစ်သဖြင့် သူခိုးကိုဘုရင်ယောင်ဆောင်ခိုင်းသောဖြစ်ရပ်ပေါ် ပေါက်ခဲ့ဖူးပါသည်။ သို့သော် ထိုသူခိုးမှာ ကြာသော်ဘုရင်စိတ်ဝင်ကာ သူ့ကိုယ်သူ တကယ့်ဘုရင်ဟု ထင်မှတ်လာသဖြင့် စစ်ကြီးပြီးသည်နှင့် ရာထူးမှ အလျင်အမြန်ဖယ်ရှားခဲ့ရဖူးပါသည်။ ထိုဖြစ်ရပ်မှာ ရုပ်ရှင်ထဲမှာ ဖြစ်သဖြင့် အပြင်မှာတကယ်ရှိချင်မှရှိပေလိမ့်မည်။ စိတ်ကူးယဉ် ဇာတ်လမ်းဆင်ကာ ရိုက်ထားခြင်းဖြစ်ပေလိမ့်မည်။

သို့မဟုတ် လူတယောက်၏စိတ်ကိုအာဏာက ပြောင်းလဲသွားစေနိုင် ပုံကိုဖော်ကျူးထားခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့သော် ကာကီမူရှာသည် သူခိုးဘ၀မှ ဘုရင်ဖြစ်လာနိုင်ခြင်းသည် သူတို့ဆီတွင် ပြည်တွင်းစစ်ဖြစ်နေ၍ စစ်နိုင်စေရန် အမတ်ကြီးအချို့က အောင့်အည်းတင်မြှောက်ခဲ့ခြင်း ဖြစ်ပါသည်။ အဓိကမှာ စစ်ပွဲဖြစ်သည်။ စစ်ဆိုတာသာမရှိခဲ့လျှင် သူခိုးတယောက်သည် ဘယ်လိုမှဘုရင်ဖြစ်လာမည် မဟုတ်ပေ။ သူခိုးကဘုရင် ဖြစ်လာတော့ တိုင်းပြည်နာသည်ဆိုခြင်းမှာ ရုပ်ရှင်ထဲမှာတော့အမှန်ဖြစ် လေသည်။

သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

မော်တော်ယာဉ် တင်သွင်းမှု မြင့်တက်လာ သော်လည်း ရန်ကုန် ကားဈေးကွက်တွင် ၀ယ်လက်နည်းပါး


ရန်ကုန် ဖေဖော်ဝါရီ ၂၇

၂ဝ၁၄ ခုနှစ်အတွင်း မြန်မာပြည်မော် တော်ယာဉ်တင်သွင်း ရောင်းချမှု ကဏ္ဍတွင် သက်ဆိုင်ရာမှ မော်တော်ယာဉ်များနှင့် သက်ဆိုင်သည့် ကန့်သတ်ချက်များ၊ အများ မျှော်လင့်ထားသကဲ့သို့ အခွန်နှုန်းထား လျှော့ပေါ့မှုမရှိသည့်အပြင် သတ်မှတ်အချိန် ကာလတစ်ခု အတွင်း ပြည်တွင်းသို့မော်တော် ယာဉ်တင်သွင်းမှု များပြားလာသော်လည်း ဂျပန်လေလံဈေးကွက်တွင် လေလံဈေးနှုန်း ကျဆင်းမှုမရှိသည့်အတွက် မော်တော်ယာဉ် များဈေးနှုန်းကျဆင်းမှု မရှိသည့်အပြင် ပင်မကားဝယ်ရောင်းဈေးကွက်ဖြစ်သည့် ရန်ကုန်ကားဈေးကွက်အတွင်း ယနေ့အထိ ဝယ်လက်နည်းပါးနေဆဲဖြစ်ကြောင်း ပြည်တွင်းကားဈေးကွက်လုပ်ငန်းရှင်များအသိုင်း အဝိုင်းမှသိရသည်။
''ဒီလထဲမှာပဲ ဂျပန်လေလံဈေးကွက် ကနေလေလံအောင်လာတဲ့ ကားတင် သင်္ဘောခြောက်စင်းခုနစ်စင်းလောက် ဆိုက်ကပ်လာတယ်။ ရန်ကုန်ကတော့ ကားတွေတိုးလာတယ်ဆိုပေမယ့် အရောင်း အဝယ်ဈေးကွက်ကတော့ မှန်းထားသ လောက်မဖြစ်သေးဘူး။ ၂ဝ၁၄ နှစ်ကုန် ပိုင်းမှာ သက်ဆိုင်ရာက ပြောင်းလဲမှုလေး တွေလုပ်တဲ့အချိန်မှာ CIF တန်ဖိုးတွေ လျှော့မယ်။ အခွန်ဆောင်ရမယ့်နေရာ တွေမှာလျှော့မယ်ဆိုပြီး သတင်းတွေထွက် ပေါ်လာပေမယ့် တကယ်တမ်းကြေညာ ချက်ထုတ်ပြန်တော့ ကန့်သတ်ချက်တွေ များလာတာကလွဲပြီး ဘာမှထူးခြားမှုမရှိ ခဲ့ဘူး။ Free ပါမစ်နဲ့သွင်းတဲ့ ကားတွေ ဈေးတက်၊ ရှိပြီးသားစလစ်တွေဈေးကျ၊ ယာဉ်အိုယာဉ်ဟောင်းစနစ်ပျောက်ပြီး အခုချိန်မှာကားသွင်းမယ်ဆိုရင် တစ်စီးပေး တစ်စီးယူစနစ်လိုဖြစ်သွားပြီ။ မော်တော် ယာဉ်တွေနဲ့ပတ်သက်ပြီး တခြားနိုင်ငံတွေ လို အပြောင်းအလဲမျိုးမရှိသေးဘူး။ Market လည်း မတွင်ကျယ်သေးဘူး။ ဂျပန် နိုင်ငံထုတ်တစ်ပတ်ရစ်ကားတွေကအရောင်း အဝယ်အမြင့်ဆုံးပါပဲ။ ကိုရီးယားနဲ့တရုတ် က ကားတွေတင်သွင်းနေတယ်ဆိုပေမယ့် ပြည်တွင်းဈေးကွက်မှာတော့ ဂျပန်ကား ဈေးကွက်ကို ယှဉ်လို့မရသေးဘူး။ လက်ရှိ ရန်ကုန်ကားဈေးကွက်နဲ့အခြေအနေကတော့ နယ်အဝယ်လာကြည့်တဲ့ အခြေအနေပဲ ရှိသေးတယ်။ အရောင်းအဝယ်ဈေးကွက် မကောင်းသေးဘူး။ ရှိပြီးသားကားတွေက တည်ငြိမ်တဲ့ဈေးတန်း တစ်ခုနဲ့ခေါ်ဈေးပဲ ရှိတယ်။ အဝယ်မရှိဘူး'' ဟု ပြည်တွင်း ပြည်ပလေလံကားလုပ်ငန်းရှင်ဦးမင်းဦးက ပြောသည်။

ယခုလအတွင်း မော်တော်ယာဉ်ဝင် ရောက်မှုအနေအထားမှာ သက်ဆိုင်ရာက ထုတ်ပြန်ကြေညာသော စာရင်းများအရ မော်တော်ယာဉ်တင်ဆောင်လာသည့် သင်္ဘောသုံးစင်းဆိုက်ကပ်ခဲ့ရာ ကားအစီး ရေ ခြောက်ထောင်ကျော်ပါရှိခဲ့ပြီး ယခု သီတင်းပတ်အတွင်း၌လည်း ကားတင် သင်္ဘောသုံးစင်း ဆက်လက်ဆိုက်ကပ်ခဲ့ရာ မော်တော်ယာဉ်အစီးရေ လေးထောင်ကျော် ပါရှိခဲ့ခြင်းကြောင့် ယခုလအတွင်း စုစုပေါင်း ကားအစီးရေတစ်သောင်းကျော် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
''အခုအချိန်မှာကားတွေက ဈေးကွက် ထဲမှာ တော်တော်များများရောက်နေပြီဆို ပေမယ့် ဆိပ်ကမ်းမှာ ထပ်ဝင်လာတဲ့ ကားတွေ၊ သွားမထုတ်ရသေးတဲ့ကားတွေ က အများကြီးရှိနေပါသေးတယ်။ လက်ရှိ ဈေးကွက်ထဲမှာတော့ အရောင်းအဝယ်ပါး နေတုန်းပဲ။ ပုံမှန်အရောင်းအဝယ်အနေ အထားအောက်ကို ရောက်နေတယ်။ ရန်ကုန်မှာရှိတဲ့ ကားဝယ်ရောင်းဈေးကွက် တွေမှာရောကြိုးကြားကြိုးကြားအရောင်း အဝယ်လုပ်ကြတဲ့ ဈေးကွက်အသေးလေး တွေကအစ တစ်စီးစနှစ်စီးစလောက်ပဲ အရောင်းအဝယ်ရှိတယ်။ အခုအချိန်ထိ မူဝါဒနဲ့ထုတ်ပြန်ကြေညာချက်တွေက မပြီး ပြတ်လောက်သေးဘူး။ လူကြိုက်များတဲ့ ဂျစ်စလစ်တွေတောင် ကားသွင်းမယ့်သူ တွေလောက်ပဲ ဝယ်ကြတယ်။ ၁က၊ ၂က တွေလဲအရောင်းအဝယ်ပါးတယ်။ လက်ရှိ ကားဈေးကွက်တစ်ခုလုံးရဲ့ အနေအထား အရ တစ်နိုင်တစ်ပိုင် လူတန်းစားတွေ အသုံးပြုတာများတဲ့ ကာလပေါက်ဈေး သိန်းတစ်ရာနဲ့သိန်းတစ်ရာအထက်စွန်းစွန်း လောက်ရှိတဲ့ ကားလေးတွေလောက်ပဲ အရောင်းအဝယ်ရှိတယ်။ မိုဒယ်မြင့်ကား တွေကတော့ ဈေးမေးတဲ့အခြေအနေပဲရှိ တယ်။ အခုနောက်ပိုင်း ခိုင်းကားလို အသုံးပြုလို့ရတဲ့ Alphard,Hiace နဲ့ Super Custrom တွေလောက်ပဲ အရောင်း အဝယ်ရှိပါတယ်။ ကာလပေါက်ဈေး သိန်း ၅ဝ၊ ၆ဝ လောက်တန်ဖိုးရှိတဲ့ Suzuki ပစ်ကပ်ကားလေးတွေလဲ လုပ်ငန်းသုံး အတွက် အရောင်းအဝယ်အနည်းငယ်ရှိ ပါတယ်''ဟု သီရိမင်္ဂလာယာဉ်ရောင်း ဝယ်ရေးစခန်းမှဦးသန်းဌေးက ပြောသည်။

ရွှေအောင်
The Union Daily
http://uniondaily.net/News/DetailView.aspx?id=13494&path=CarAndAutoMobile.aspx

အရည်အသွေးစစ်ဆေးသည့်ကဏ္ဍ မြန်မာတွင် မရှိသလောက်ဖြစ်

ဆောက်လုပ်ဆဲ အဆောက်အဦတခု
ဆောက်လုပ်ရေးအပါအ၀င် လုပ်ငန်းတော်တော်များများမှာ အရည်အသွေးစစ်ဆေးတဲ့ ကဏ္ဍက မရှိသလောက် ဖြစ်နေတယ်လို့ ပညာရှင်တွေက ထောက်ပြ ပြောဆိုလိုက်ပါတယ်။

အရည်အသွေးကို သေချာမစစ်ကြလို့ တိုက်တွေ ပြိုကျတာ၊ ယိမ်းယိုင် နိမ့်ဆင်းတာတွေ ဖြစ်သလို ဆောက်လုပ်တဲ့ ပုံစံ မမှန်ကန်လို့လည်း လူနေထိုင်ဖို့ မသင့်လျော်တာတွေ ရှိနေတာပါ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်း အကြံပေး ဒေါက်တာ ကျော်လတ်က “လူသားဆန်တဲ့အိမ်တွေ ဆောက်ဖို့လိုတယ်။ လူသားဆန်တဲ့ ပတ်ဝန်းကျင်လည်း ရှိရမယ်’’ လို့ ပြောပါတယ်။

အဆောက်အအုံတွေနဲ့ပတ်သက်လာရင်တော့ ဗိသုကာ ပညာရှင်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးပေမယ့် မြန်မာနိုင်ငံမှာတော့ ဗိသုကာ ပညာရှင်ကို သုံးရကောင်းမှန်းတောင် မသိဘူးလို့ သူက ဆက်ပြောပါတယ်။

ပုဂ္ဂလိကပိုင်းရော၊ အများပြည်သူနဲ့ဆိုင်တဲ့ ဆောက်လုပ်ရေး စီမံကိန်းကြီးတွေမှာပါ အရည်အသွေးနဲ့ ပတ်သက်ပြီး ဂရုမစိုက်ကြဘူးလို့ ပညာရှင်တွေက ဝေဖန်လိုက်တာပါ။

အစားအသောက်၊ ဆေးဝါးတွေကို အရည်အသွေး ကြပ်မတ်ကြသလို ကျန်တဲ့ ကဏ္ဍတွေမှာလည်း အရည်အသွေးနဲ့ပတ်သက်ပြီး သေသေချာချာ လိုက်နာဆောင်ရွက်ဖို့ လိုနေတာပါ။

အထူးသဖြင့် လူအများနဲ့ပတ်သက်တဲ့ ကိစ္စတွေ၊ သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်နိုင်မယ့် ကိစ္စမျိုးတွေမှာ ပိုပြီး ဂရုစိုက်သင့်တယ်လို့ အရည်အသွေး စစ်ဆေးတဲ့ ကုမ္ပဏီတခုဖြစ်တဲ့ Myanmar Inspection and Technology-MIT ရဲ့ ဒါရိုက်တာ ဦးသန်းထွန်းဇော်ကပြောပါတယ်။

“ဒီမှာ တခုလွဲနေတာရှိတယ်။ အရည်အသွေးစစ်ဆေးဖို့ တာဝန်ရှိသူက တတိယလူဖြစ်ရမယ်။ ပိုင်ရှင်ဘက်ကနေပြီး လုပ်ငန်းကို စစ်ဆေးရမှာ။ ခုကတော့ လုပ်ငန်းဆောင်ရွက်သူက ငှားနေတာမျိုးတွေလည်း ကြုံရတယ်။’’

ပြည်ပနိုင်ငံတွေမှာတော့ သူ့နိုင်ငံထဲကို တင်သွင်းတဲ့ အစားအသောက် စတာတွေအပြင် သစ်ပင်၊ ပန်းပင်တွေကိုပါ အရည်အသွေးထောက်ခံချက်နဲ့မှ တင်သွင်းခွင့် ပြုနေတာပါ။

မြန်မာပြည်တွင်းမှာ လာရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားစီမံကိန်းတွေကတော့ နိုင်ငံတကာ အဆင့်မီ အရည်အသွေးစစ်ဆေးတဲ့ ကုမ္ပဏီတွေကို ငှားရမ်းလုပ်ကိုင်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ဗိသုကာ ကောင်စီဖွဲ့စည်းလိုက်ပြီဖြစ်ပြီး ဥပဒေအရ ဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့ အရည်အသွေးကို စစ်ဆေးသွားဖို့ ရှိနေပါတယ်။

By ပိုင်စိုး(ဒီဗွီဘီ)
http://burmese.dvb.no/archives/83559

ရုရှ အတိုက်အခံ သတ်ခံရမှု စုံစမ်းစစ်ဆေး

ရုရှ အစိုးရကို ဝေဖန်ရဲသူလို့ ချီးကျူးခံရ
မနေ့ညက မော်စကိုမှာ ပစ်သတ်ခံရတဲ့ ရုရှ အတိုက်အခံ ခေါင်းဆောင် ဘောရစ် နမ်ဆော့ဗ် အမှု ကို စစ်ဆေးဖို့ ကော်မတီကို ရုရှ သမ္မတ ပူတင် က ဖွဲ့စည်း လိုက်ပါတယ်။

ဒီတိုက်ခိုက်မှု ဟာ တင်ကူး ကြံစည် မှု ဖြစ်ပြီး အစ္စလာမ္မစ် စစ်သွေးကြွ တွေ လက်ချက် လား၊ ယူကရိန်း ပဋိပက္ခ နဲ့ ဆက်နွယ် နေသလား စုံစမ်း စစ်ဆေးမှု တွေ လုပ်နေတယ် လို့ စစ်ဆေးရေး ကော်မတီက ပထမဆုံး ထုတ်ပြန် လိုက်ပါတယ်။

ဒီတိုက်ခိုက်မှုမှာ ရုရှ အစိုးရ ပါဝင်တယ် ဆိုတဲ့ စွပ်စွဲချက်ကို အဓိပ္ပာယ် လုံးဝ မရှိဘူးလို့ အစိုးရ က ပြင်းထန်စွာ ပယ်ချ ခဲ့ပါတယ်။

ပြင်သစ်က ရှာလီ အက်ဘ်ဒို မဂ္ဂဇင်း တိုက်ခိုက် ခံရမှုမှာ သူ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး မစ္စတာ နမ်ဆော့ဗ် ကို ခြိမ်းခြောက်မှု တွေ ရထားတာ ရှိတယ် လို့ စစ်ဆေးရေး ကော်မတီ ပြောခွင့်ရ ပုဂ္ဂိုလ် Vladimir Markin က ပြောကြား ခဲ့ပါတယ်။

မစ္စတာ နမ်ဆော့ဗ် ကို ကရင်မလင် နန်းတော် နားက တံတား တစင်း ပေါ်မှာ နောက်ကျော က နေ ၄ ချက် ပစ်ခံခဲ့ရတယ် လို့ လည်း ကော်မတီက ထုတ်ပြန် ပါတယ်။

လုပ်ကြံသူ တွေ ဟာ သူ ဘယ်ကို သွားလာ လှုပ်ရှားတယ် ဆိုတာတွေကို သိရှိသူတွေ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

ဒီလူတွေက ပစ်ခတ် ပြီးနောက် ကားနဲ့ ထွက်ပြေး သွားတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/world/2015/02/150228_russia_opposition_investigation

ဗိုလ်ချုပ်အောင်ဆန်း အားရမှာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြော

ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့်အထိမ်းအမှတ်ပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။ Photo: 8888 NEW GENERATIONS
ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိမယ်ဆို ရင် မြန်မာနိုင်ငံရဲ့တိုးတက်မှုကို အားရမှာ မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ ဒီနေ့ ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့်အထိမ်းအမှတ်ပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

"ဖေဖေသာရှိခဲ့လို့ရှိရင် ဒီနိုင်ငံရဲ့ တိုးတက်မှုနဲ့ ပတ်သက်လို့ ဘယ်လိုများသုံးသပ်မလဲ ဆိုတာ ပြည်သူလူထုကို ကြိုးစားစေချင်တယ်၊ အားရပါးရ အားရမယ်လို့လည်း ကျမ လိုချင်တယ်၊ အဲ့ဒီတော့ အားရအောင်လို့ ဖေဖေ့လို နိုင်ငံ့ရဲ့ လွတ်လပ်ရေးရဖို့ဆိုပြီး ကြိုးစားသွားတဲ့ တခြား အာဇာနည်ခေါင်းဆောင်ကြီးများ၊ မျိုးချစ်ပုဂ္ဂိုလ် ကြီးများ အားရနိုင်အောင်လို့ ပြောခဲ့တဲ့ မျိုးဆက်တွေ အများကြီးဆက်ပြီးတော့ လုပ်ဖို့လိုသေးတယ်၊ ခေတ်အဆက်ဆက် သူ့တာဝန်နဲ့သူကျသွားတာပဲ၊ အဲ့ဒါတွေကို ကျေပွန်နိုင်ဖို့ ထမ်းဆောင်ဖို့ဆိုတာဟာ ကျမတို့ ရှောင်လွှဲလို့မရပါဘူး"

ဟင်္သာတမြို့၊ ပြည်သူ့ဘောလုံးကွင်းမှာ ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်နှစ် ၁ဝဝ ပြည့်အထိမ်းအမှတ် ဂုဏ်ပြုပွဲကို ဒေသခံ လူဦးရေ ငါးသောင်းခန့် တက်ရောက်ခဲ့ပါတယ်။

အဲ့ဒီပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပြင် ဗဟိုကော်မတီဝင် ဦးဝင်းမြင့်လည်း တက်ရောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းအတွက် ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။

မနက်ဖြန်မှာ ဗိုလ်ချုပ်နှစ် ၁ဝဝ ပြည်ဂုဏ်ပြုပွဲကို ပြည်မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/dassk-urges-help-country-development-gen-aung-san-02282015100207.html

နိုင်ငံရေးသမားကြီး သခင်တင်မြ ကွယ်လွန်


နိုင်ငံရေးသမားကြီး စာရေးဆရာ သခင်တင်မြ အသက် ၉၁ နှစ်ဟာ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၇ နာရီက ရန်ကုန်၊ ဒဂုံမြို့သစ်အရှေပိုင်း နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

ဘုံဘ၀မှာဖြင့် စာအုပ်နဲ့ ထင်ရှားတဲ့ သခင်တင်မြဟာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလ အသက် ၁၃ နှစ်အရွယ်လောက်ကတည်းက နိုင်ငံရေးလောကထဲ ရောက်ရှိခဲ့တဲ့ ၀ါရင့် နိုင်ငံရေးသမားကြီးဖြစ်ပါတယ်။

သခင်တင်မြဟာ ၂၀၁၃ ခုနှစ် စက်တင်ဘာလောက်ကတည်းက ဦးနှောက်ကျုံ့တဲ့ရောဂါနဲ့ မမာမကျန်းဖြစ်ပြီး ဆေးရုံတက်ခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာမှာလည်း နမိုးနီးယားဝင်ပြီး နောက်တကြိမ်ဆေးရုံတက်ခဲ့ရပါတယ်။ ဒုတိယအကြိမ်ဆေးရုံတက်ရပြီး အိမ်ပြန်ရောက်လို့ ၅ လလောက်အကြာ နေအိမ်မှာပဲ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာလို့ ကျန်ရစ်သူ ဇနီးသည် ဒေါ်သန်းသန်းညွန့်က ပြောပါတယ်။

ဆရာကြီးရဲ့ ရုပ်အလောင်းကို ရေဝေးသုသာန်ကို ပို့ဆောင်ထားပြီး ဈာပနကျင်းပမယ့်ရက်နဲ့ အချိန်ကို အတိအကျ မသိရသေးပါဘူး။

By ရွှေအောင်(ဒီဗွီဘီ)
http://burmese.dvb.no/archives/83552

ကျောင်းသားသပိတ်ရပ်တန့်ရန် ပြည်ထဲရေး သတိပေး


မတ်လ ၁ ရက်ပြန်စမယ့် ကျောင်းသားသပိတ်ရပ်တန့်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနက သတိပေးလိုက်ပြီး မလိုက်နာရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့သတင်းမှာ အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ အဖြစ်နိုင်ဆုံး လိုက်လျောပေးခဲ့တယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ လွှတ်တော်မှာ တင်ပြဆွေးနွေးနေတုန်း ဖြစ်လို့ ကျောင်းသားတွေ ဆန္ဒပြတာကို ရပ်ဆိုင်းထားရမယ်လို့ ဖော်ပြထားပါတယ်။

ဆန္ဒပြမယ့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်ကတော့ ဆန္ဒပြဖို့ကိစ္စ ဒီညမှာ ဆွေးနွေးဆုံးဖြတ်ကြမှာဖြစ်ပြီး ပြည်ထဲရေးသတိပေးချက်က ဖိအားပေးခြိမ်းခြောက်တာပဲလို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

“ဒီကြေညာချက်ကတော့ လက်ရှိ အနေအထားကို ဖိအားပေးတာမျိုး၊ ခြမ်းခြောက်တာမျိုးနဲ့ ၀ိုင်းရံတဲ့ပြည်သူအပေါ်မှာ အားပေးမှုလျော့ကျအောင်ဆိုပြီးတော့ သူတို့ ကြေညာချက် ထုတ်တယ်လို့ပဲ ထင်ပါတယ်။”

နဂိုကတည်းက ကျောင်းသားခေါင်းဆောင်တွေဟာ ပြည်မြို့ကိုလာရောက်ဖို့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ခရီးကို ဒေသခံဝိုင်းရံတဲ့ အဖွဲ့အစည်းတွေ သွားရောက်ကြဖို့ရှိလို့ သပိတ်စစ်ကြောင်း တရက်နှစ်ရက် နောက်ဆုတ်ဖို့ ဆွေးနွေးကြဖို့ ရှိတယ်လို့ ပြောပါတယ်။

ပြည်ထဲရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ကျောင်းသားစစ်ကြောင်း ရန်ကုန်ကို ဦးတည်ချီတက်မယ်ဆိုရင် ပညာရေးဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းရာ မရောက်ဘဲ နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေဖို့ ဦးတည်ရာရောက်မယ်လို့ ဆိုထားပါတယ်။

By ရွှေအောင်(ဒီဗွီဘီ)
http://burmese.dvb.no/archives/83640

အလုပ်သမားသပိတ် ကူညီမှုနဲ့ ဖမ်းဆီးခံရသူ မိသားစုနဲ့တွေ့ခွင့်မရ

အလုပ်သမားသပိတ် ကူညီမှုနဲ့ ဖမ်းဆီးခံရသူ မိသားစုနဲ့တွေ့ခွင့်မရ
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က စုပေါင်းအလုပ်သမား သပိတ်ကိုကူညီလို့ အဖမ်းခံထားရတဲ့ ကိုနိုင်ဇော်ကြည် ဝင်းကို အကျဉ်းဦးစီးဌာနက မိသားစုနဲ့တွေ့ခွင့်မပြုတဲ့ အတွက် အစားအသောက် နဲ့ဆေးဝါး ပေးခွင့်မရခဲ့ဘူးလို့ သိရပါတယ်။

မိခင်နဲ့ အမဖြစ်သူတွေက အင်းစိန်ထောင်ကို မနေ့က သွားပြီး ထောင်ဝင်စာတွေ့ခွင့် တောင်းတဲ့အခါ ပြည် ထဲရေးဌာနက တားမြစ်ပိတ်ပင်ထားတဲ့အတွက် တွေ့ခွင့် မရသေးဘူးလို့အကျဉ်းဦးစီးအရာရှိက ပြောတဲ့အကြောင်း အကိုဖြစ်သူ ကိုသူဇော်ကြည်ဝင်း က RFA ကိုပြော ပါတယ်။

"ကျနော့် အမေ၊ ကျနော့်အမတွေက ထောင်ကို လာတော့ သွားတွေ့တယ်၊ သွားတွေ့တော့ သူ့ထောင် ပိုင် မြင့်ဦးကနေပြီးတော့ ကိုနိုင်ဇော်နဲ့ ပတ်သက် ပြီးတော့ ပြည်ထဲရေးကနေတိုက်ရိုက်ပိတ်ထားတဲ့ အတွက်ကြောင့် ထောင်ဝင်စာတွေ့လို့မရပါဘူး လို့ပြောလိုက်တယ်၊ သူ့ကိုရုံးထုတ်မဲ့နေ့ကတော့ အတိအကျ မသိသေးဘူးဗျ၊ ပုဒ်မ မတက်ထားလို့ စစ်ဆေးနေတယ်လို့ပြောတယ် "

ကိုနိုင်ဇော်ကြည်ဝင်းဟာ အကိုဖြစ်သူ ကိုသူဇော်ကြည်ဝင်းနဲ့အတူ ရွှေပြည်သာ စက်မှုဇုံမှာ သပိတ်မှောက်နေတဲ့အလုပ် သမားတွေကိုကူညီနေသူဖြစ်ပါတယ်။

သူဟာ အလုပ်သမားတွေရဲ့ အခြေအနေတွေကို ကွန်ပျူတာနဲ့စာရိုက်နိုင်မယ့် လှိုင်သာယာမြို့နယ်က သူငယ်ချင်း တစ်ယောက်အိမ်မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အရပ်ဝတ်နဲ့ အမည်မသိသူတွေဝင်ရောက်ဖမ်းဆီးသွားပြီး၊ အခုတော့ အင်းစိန်ထောင်မှာ အပို့ခံထားရပါတယ်။

အဖမ်းခံထားရတဲ့အခြားသပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမျိုးမင်းမင်းနဲ့ ကိုနိုင်ဌေးလွင် တို့ကိုတော့ မတ်လ ၃ ရက် နေ့ နဲ့ ၆ ရက်နေ့မှာရုံးထုတ်မယ်လို့ဆိုပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/workers-protest-support-arrested-02272015231334.html

တရုတ်ထောက်ခံမှု ရရှိရေး ဖုန်ကြားရှင်ကြိုးပမ်း

ကိုးကန့်တပ်ဖွဲ့။
ဖေဖော်ဝါရီလဆန်းကစလို့ တရုတ်-မြန်မာနယ်စပ်အနီး ရှမ်းပြည်နယ် လောက်ကိုင်ဒေသ မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၁ သိန်းကျော် ထွက်ပြေးခဲ့ကြရပါတယ်။ မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်ခဲ့သူ အသက် ၈၄ နှစ်ရွယ် ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့် တပ်ဖွဲ့တွေနဲ့ မြန်မာ အစိုးရတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး၊ ဘယ်လို အခြေအနေတွေကြောင့် ဒီလိုဖြစ်နေရသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ မလွယ်ဘဲ ဖြစ်နေရတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Bill Ide က ဘေဂျင်းမြို့ကနေ သတင်းပေးပို့ထားတာကိုတော့ မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းဟာဆိုရင် ဆယ်စုနှစ်ပေါင်းများစွာ အစိုးရတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်တွေကြား အမြဲတမ်းလိုလို တိုက်ပွဲတွေဖြစ်နေတဲ့ နေရာပါ။ မကြာသေးခင်က ဖြစ်နေတဲ့ တိုက်ပွဲတွေမှာတော့ MNDAA ကိုးကန့် အဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင် ကနေ - သူ ၂၀၀၉ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြန်ပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေချိန်မှာပဲ တရုတ်လူထုဆီက ထောက်ခံမှုကို ရဖို့ကြိုးပမ်းတဲ့ အနေနဲ့ တရုတ်အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ မီဒီယာနဲ့ အင်တာဗျူးတွေမှာ - သူအုပ်ချုပ်စဉ်က ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါး ကုန်သွယ်မှု အဆုံးသတ်ဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းခဲ့တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

အခုလည်း - ကိုးကန့်ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဖို့နဲ့ အခွင့်အရေးတွေအတွက် သူ တိုက်ပွဲဝင်နေတာဖြစ်တဲ့အကြောင်းနဲ့ ကိုးကန့်ဒေသမှာ သူမရှိတဲ့အချိန်ကစပြီး - မူးယစ်ဆေးဝါး မှောင်ခိုမှုတွေ ပြန်ကြီးထွားလာနေပြီး၊ ကိုးကန့်ဒေသဟာလည်း တရုတ်နွယ်ဖွားတွေအတွက် မဟုတ်တော့ဘူးလို့ ဦးဖုန်ကြားရှင်က ပြောဆိုနေ တာပါ။

သူ့ကိုယ်သူ တရုတ်နွယ်ဖွားတွေကို ကာကွယ်သူ၊ ကိုးကန့်ဒေသအတွက် တာဝန်ရှိသူ အဖြစ် ဦးဖုန်ကြားရှင်ရဲ့ ပြောဆိုမှုတွေဟာ အမေရိကန် အစိုးရရဲ့ သူ့အပေါ် သဘောထားနဲ့တော့ ကွဲလွဲနေပါတယ်။ အကြောင်းကတော့ - အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေး အေဂျင်စီ (DEA) ကနေ သူ့ကို ၁၉၇၀ ပြည့်လွန်နှစ်တွေ ကစပြီး - အဓိကမူးယစ်ရာဇာတဦးအဖြစ် သတ်မှတ်ထားတာပါ။

ယူနန်ပြည်နယ် ရဲအရာရှိ သင်တန်းကျောင်းက ပါမောက္ခ လီယန် ဂျင်ယွန်း (Liang Jinyun) ကတော့ - ဦးဖုန်ကြားရှင်ဟာ တရုတ်နိုင်ငံထဲ ၀င်ရောက်ခွင့် တားမြစ်ခံထားရတဲ့ မူးယစ်မှောင်ခိုသမား ၃၀ ကျော်စာရင်းမှာ ပါဝင်နေဆဲ ဖြစ်ပေမဲ့ - ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါးတွေကို ကန့်သတ်ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ် ဆိုတာဟာလည်း အမှန်ပဲလို့ ပြောပါတယ်။

“ကိုးကန့်ဒေသကို မူးယစ်ဆေးဝါး ကင်းရှင်းတဲ့ဒေသဖြစ်ဖို့ ဦးဖုန်ကြားရှင် ကြိုးပမ်းခဲ့တယ်၊ ဒီလိုမလုပ်ရင်လည်း မြန်မာအစိုးရ၊ ကုလသမဂ္ဂနဲ့ တရုတ်အစိုးရကတောင် ကိုးကန့်အရေးကို ၀င်ပါလာနိုင်တာကြောင့် ဖြစ်တယ်။ ဒီလို ကန့်သတ်တားမြစ်ခဲ့ပေမဲ့လည်း - ကိုးကန့်ဒေသကို မူးယစ်ဆေး လုံးဝ ကင်းတဲ့ဒေသဖြစ်အောင်တော့ ဦးဖုန်ကြားရှင်အနေနဲ့ မစွမ်းဆောင်နိုင်ခဲ့ဘူး”- လို့ တရုတ်ဘာသာနဲ့ ပြောသွားတာဖြစ်ပါတယ်။

ဒါ့အပြင် ကိုးကန့်ဒေသကို မကြာသေးခင်က သူ ပြန်သွားပြီး၊ MNDAA လို့ခေါ်တဲ့ ကိုးကန့်တပ်ဖွဲ့ကို ဦးဆောင်တာဟာ - မူးယစ်ဆေးဝါး မှောင်ခိုမှုတွေထက် အာဏာပြန်ရအောင် လုပ်တဲ့ပုံ တွေ့ရတယ်လို့လည်း ပါမောက္ခ လီယန် (Liang) က ပြောဆိုခဲ့ပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် - တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးနဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ရရှိနိုင်ဖို့ - မြန်မာအစိုးရက ကြိုးပမ်းနေတဲ့ အချိန်မှာပဲ ကိုးကန့်တိုက်ပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။

“ရွေးကောက်ပွဲမတိုင်ခင်မှာ - ဦးဖုန်ကြားရှင်က ကိုးကန့်ဒေသရဲ့ အကြီးအကဲအဖြစ် သူ့ကိုယ်သူ စာရင်းသွင်းနိုင်ဖို့၊့ လွှတ်တော်မှာ နေရာတနေရာ ရဖို့အတွက် ကြိုးစားတာ ဖြစ်နိုင်တယ်” - လို့ ပါမောက္ခက လီယန် (Liang) က သုံးသပ်ခဲ့တာပါ။

ဒါပေမဲ့လည်း ဦးဖုန်ကြားရှင် မျှော်လင့်ထားသလို အောင်မြင်ပါ့မလား ဆိုတဲ့ အပေါ်မှာတော့ သူ့အနေနဲ့လည်း သံသယရှိတဲ့အကြောင်း ပါမောက္ခ လီယန် (Liang) က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တချိန်တုန်းက ကိုးကန့်ဒေသဟာ တရုတ်နိုင်ငံရဲ့ ဒေသတခုအဖြစ် ပုဂ္ဂိုလ်ရေး အရ ချိတ်ဆက်ပြီး ဦးဖုန်ကြားရှင်က ဒီပြဿနာထဲကို တရုတ်အစိုးရကိုလည်း ဆွဲသွင်းဖို့ ကြိုးစားခဲ့တာပါ။

တရုတ်အစိုးရကတော့ - အခုဖြစ်နေတဲ့ ကိုးကန့်တိုက်ပွဲအတွက် တရုတ်နိုင်ငံကနေ ကူညီတာမျိုးတွေကို လက်ခံမှာ မဟုတ်ဘူးလို့ ခပ်ရှင်းရှင်းပဲ ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း တရုတ်အစိုးရရဲ့ အကူအညီကို ဦးဖုန်ကြားရှင် တောင်းဆိုတဲ့ အကြောင်းဟာ တရုတ်အမျိုးသားရေးစိတ် ပြင်းတဲ့ ဘလော့ဂါတွေဆီကနေတဆင့် အင်တာနက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

တချို့တရုတ်နိုင်ငံသားတွေ ကိုယ်တိုင်လည်း ကိုးကန့်ဒေသကို တရုတ် အစိုးရက ပြန်သိမ်းပိုက်ဖို့အထိ တောင်းဆိုခဲ့ကြတာပါ။ မြန်မာတာဝန်ရှိသူတွေဘက်ကလည်း - ဦးဖုန်ကြားရှင်တပ်ဖွဲ့ဟာ သူ့ကို ထောက်ခံစာနာသူတွေဆီကနေ အစားအသောက်၊ လက်နက်နဲ့ ဆေးဝါး အကူအညီတွေကို နယ်စပ်ကိုဖြတ်ပြီး ရရှိနေတဲ့ အထောက်အထားတွေ ရှိတယ်လို့ ပြောဆိုထားပါတယ်။

မကြာသေးခင် သီတင်းပတ်တွေအတွင်း - တရုတ် အင်တာနက် လူမှုကွန်ယက်တွေပေါ်မှာ - တိုက်ပွဲနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ ပြီးတော့ မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့တယ်လို့ဆိုတဲ့ တရုတ်လူမျိုး ကိုးကန့်ဒေသခံတွေရဲ့ ဓာတ်ပုံတွေနဲ့ ပြည့်နေခဲ့တာပါ။

ဒီတပတ်အစောပိုင်းကဆိုရင်လည်း - ကိုးကန့်ဒေသမှာ ရိုက်ထားပုံရတဲ့ ဓာတ်ပုံ ၁ ဒါဇင်ကျော်မှာ - လူငယ်အမျိုးသားတချို့ရဲ့ အလောင်းတွေကို တွေ့ရပြီး၊ လူတချို့ဟာဆိုရင်လည်း လည်ပင်းမှာ ကြိုးတုတ်ခံထားရတာ၊ လက်ပြန်ကြိုး အတုတ်ခံထားရတာတွေ ပါဝင်ပါတယ်။ ကိုးကန့်တပ်ဖွဲ့ကို ထောက်ခံသူတွေကတော့ ဒီလူတွေကို မြန်မာစစ်တပ်က သတ်ပစ်တာကို ပြောကြပေမဲ့ - သီးခြား အတည်ပြုဖို့ကတော့ မလွယ်ပါဘူး။

ဒီလိုသေကျေ ထိခိုက်တဲ့ ဓာတ်ပုံတွေကြောင့် တရုတ်နိုင်ငံမှာ လူတွေဒေါသထွက်ခဲ့ကြသလို၊ အင်တာနက်အွန်လိုင်းပေါ်မှာလည်း တရုတ် ညီအကိုတွေကို ကယ်တင်ဖို့ ကြိုးပမ်းကြပါဆိုပြီး တောင်းဆိုတာတွေလည်း ထွက်ပေါ်ခဲ့တဲ့အထိပါ။

မြန်မာငြိမ်းချမ်းရေးစင်တာကတော့ - ကောလဟာလတွေ အကြီးအကျယ် ပျံ့နေပြီး၊ ကိုးကန့်တိုက်ပွဲဟာလည်း အလွန်ဆုံး နောက်ထပ် သီတင်းပတ် အနည်းငယ်လောက်သာ ဖြစ်နိုင်ပြီး လတွေနဲ့ချီတဲ့အထိတော့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ မျှော်လင့်ထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

နန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/china-myanmar-rebels/2662278.html

ကျောက်ဆည်ကျောင်းသားသပိတ် ထောက်ခံသူ အမှုစွဲဆို

ဆန္ဒပြ ကျောင်းသားတချို့ အမှုဖွင့်ခံရ
ဖေဖော်ဝါရီလ ၂၅ ရက်က ကျောက်ဆည် မြို့ ကျောင်းသား သပိတ် ထောက်ခံ တဲ့ ဆန္ဒပြပွဲ မှာ ပါဝင် ပူးပေါင်း ခဲ့တဲ့ မန္တလေး ရတနာပုံ တက္ကသိုလ် က ကျောင်းသား တွေ နဲ့ ကျောက်ဆည် က ကျောင်းသူ ကျောင်းသားတချို့ ကို ကျောက်ဆည် ရဲစခန်းမှာ ခွင့်မပြု ဘဲ ဆန္ဒပြမှု အပါအဝင် ပုဒ်မတွေနဲ့ မနေ့က စွဲဆို ထားတယ်လို့ သိရပါတယ်။ ဒါဟာ ၄ ပွင့်ဆိုင် သဘောတူညီချက် ၉ ချက် ထဲက ကျောင်းသား တွေကို ဖမ်းဆီး အရေးယူမှု မပြုရ ဆိုတဲ့ အချက်ကို ချိုးဖောက် လိုက်တယ်လို့ ကျောင်းသား တွေ ဘက်က ပြောဆို နေကြပါတယ်။

အခုလို အမှုစွဲတာနဲ့ ပတ်သက်လို့ ကျောင်းသားတွေ ကို အကြောင်းမကြား သေးပေမဲ့ ကျောက်ဆည်မြို့မ ရဲစခန်းမှာ မြို့နယ် အုပ်ချုပ်ရေးမှူး က တရားစွဲကြောင်း သိရတာကို မန္တလေး ရတနာပုံ တက္ကသိုလ် က ကျောင်းသား သမဂ္ဂ ဥက္ကဌ ကိုရဲနိုင်ဝေ က ဘီဘီစီ ကို ပြောပါတယ်။

တရားစွဲခံရတဲ့ အထဲမှာ ကျောင်းသား လေးယောက် နဲ့ ကျောင်းသူ တယောက် ပါဝင်ပါတယ်။ ကျောင်းသားတွေ ဖက် ကတော့ အခုလို အမှုဖွင့်ခြင်းဟာ တိုက်ရိုက်စော်ကား တယ် လို့ ယူဆကြောင်း၊ ခြောက်လည်း ကြောက်မှာ မဟုတ်တဲ့ အတွက် မတ်လ ၁ ရက်နေ့မှာ ပင်မ သပိတ်စစ်ကြောင်းဟာ လက်ပံတန်း ကနေ ရန်ကုန် ကို ချီတက်မှာ မို့ ပူးပေါင်းမယ် လို့လည်း ရှင်းပြပါတယ်။

အခုလို အစိုးရ ဖက်က ကျောင်းသားတွေ ကို ဖမ်းတာ တရားစွဲတာတွေ လုပ်ရင် ပညာရေး မူကြမ်းတင်တဲ့ အပေါ်မှာ ထိခိုက်မှု ရှိနိုင်ကြောင်း၊ အစိုးရ ဖြစ်စေလိုတဲ့ သပိတ် စစ်ကြောင်း ရပ်ရေး ဟာလည်း ဥပဒေ အတည်ပြုတဲ့ အပေါ်မှာ မူတည်ကြောင်း ကိုရဲနိုင်ဝေ က ဘီဘီစီ ကို ပြောပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/burma/2015/02/150227_students_charged

ထိုင်းရေလုပ်သား ၄ ဦး ဆိုမာလီ ပင်လယ်ဓါးပြ ပြန်လွှတ်

ဆိုမာလီပင်လယ်ဓားပြတစ်ဦး။
ဆိုမာလီ ပင်လယ်ဓားပြတွေက ပြန်ပေးဆွဲပြီး ၅ နှစ်ကြာဖမ်းဆီးတာ ခံခဲ့ရတဲ့ ထိုင်းငါးဖမ်း သင်္ဘောသား ၄ ယောက်ကို အခုနောက်ဆုံး ပြန်လွှတ်ပေး လိုက်ပါတယ်။ ပြန်ပေးဆွဲခံရသူတွေ ပြန်လည် လွတ်မြောက် လာတာကိုတော့ ဆိုမာလီယာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် နီကိုးလတ်စ် ကေ (Nicholas Kay) က သောကြာနေ့မှာ အတည်ပြုခဲ့သလို၊ ကြိုဆိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

၂၀၁၀ ဧပြီလကတည်းက ဆိုမာလီ ပင်လယ်ဓားပြတွေ ဖမ်းဆီးတာ ခံခဲ့ရတဲ့ ထိုင်းသင်္ဘောသားတွေဟာ ပြန်ပေးဆွဲ ခံရသူတွေထဲမှာ အချိန်အကြာဆုံး အဖမ်းခံခဲ့ကြရတာပါ။

ကုလသမဂ္ဂကတော့ - ဆိုမာလီ ပင်လယ်ဓားပြတွေကနေ ဆက်ပြီး ဖမ်းဆီးထားသူ - ၂၆ ယောက် ကျန်နေဆဲဖြစ်ပြီး၊ ဒီလူတွေ အားလုံးဟာလည်း ၂၀၁၂ ခုနှစ် မတ်လက အိန္ဒိယသမုဒ္ဒရာတွင်းမှာ စီးနင်းပြန်ပေးဆွဲခံခဲ့ရတဲ့ Oman နိုင်ငံမှတ်ပုံတင် FV Naham (နာဟမ်) သင်္ဘောက ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/somali-release-4-thai-fishermen-after-nearly-5-years/2662292.html

ရုရှားအတိုက်အခံခေါင်းဆောင် ပစ်သတ်ခံရ

ဘောရစ် နမ်ဆော့ဗ်ဟာ ယူကရိန်းစစ်ပွဲကို ဆန့်ကျင်ခဲ့
ရုရှားအတိုက်အခံ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဘောရစ် နမ်ဆော့ဗ်ဟာ မော်စကိုမြို့မှာ ပစ်သတ်ခံလိုက်ရ ပါတယ်။

ဘောရစ် နမ်ဆော့ဗ်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက သမ္မတ ဘောရစ်ယဲ့ဆင် လက်ထက်မှာ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ နမ်ဆော့ဗ်ဟာ သောကြာညနက်ပိုင်းက မော်စကိုမြို့လယ် ကရင်မလင် နန်းတော်အနီးက ဘိုရှိုင်း ကန်မင်နီ တံတားမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာပါ။

သူဟာ အမျိုးသမီးတစ်ဦးနဲ့ လမ်းလျောက်နေစဉ် သေနတ်သမားကနေ သူ့ရဲ့နောက်ကျောကို လေးချက် ပစ်ခဲ့တယ်လို့ မော်စကို ပြည်ထဲရေးဌာနက အတည်ပြုပြောပါတယ်။

သေနတ်သမား ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးပါဘူး။

မစ္စတာ နမ်ဆော့ဗ်ဟာ သမ္မတပူတင်ရဲ့ အဓိက အတိုက်အခံတစ်ဦးဖြစ်ပြီး စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးတစ်ခု လုပ်ဖို့ ၂ ရက်အလိုမှာ အခုလို ပစ်သတ်ခံရတာလည်း ဖြစ်ပါတယ်။

မစ္စတာ နမ်ဆော့ဗ်ရဲ့ ဘလော့ ပို့စ်မှာ သူနောက်ဆုံးရေးထားတဲ့အထဲမှာလည်း ရုရှားနဲ့ ယူကရိန်းနဲ့ စစ်ပွဲကို ရပ်တန့်ချင်ရင်၊ သမ္မတ ပူတင်ရဲ့ ရန်လိုမှုတွေကို အဆုံးသတ်ချင်ရင် သူနဲ့အတူ မတ်လ ၁ ရက်နေ့ ဆန္ဒပြပွဲမှာ ချီတက်ပါလို့ ရေးခဲ့ပါတယ်။

မစ္စတာ ဘောရစ် နမ်ဆော့ဗ်ဟာ ခရိုင်းမီးယားဒေသကို ရုရှားသိမ်းယူခဲ့တာနဲ့ပတ်သက်ပြီး ပေါ်ပေါ်ထင်ထင် ဝေဖန်ကန့်ကွက်တဲ့ အနည်းငယ်သော ရုရှားနိုင်ငံရေးသမားတွေထဲမှာ ပါဝင်သူတစ်ဦးလည်း ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/world/2015/02/150227_russia_opposition_nemtsov

တုတ်ကွေးရောဂါ အန္တရာယ် WHO သတိပေး

တုတ်ကွေးရောဂါစစ်ဆေး။
ကမ္ဘာကြီးဟာ တုပ်ကွေးရောဂါ အန္တရာယ်ကို ရင်ဆိုင်ဖို့ ဘယ်တုန်းကနဲ့မှ မတူအောင် ကောင်းကောင်းပြင်ဆင်ထားပေမဲ့ ကပ်ရောဂါ ဖြစ်နိုင်ခြေကို ရင်ဆိုင်ဖို့တော့ အလွန်အမင်း အားနည်းနေတုန်းပဲလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သောကြာနေ့မှာ ပြောလိုက် ပါတယ်။

နောက်တကြိမ် ကပ်ရောဂါ ဘယ်နေရာကနေပေါ်လာမယ်၊ ဘယ်ဗိုင်းရပ်စ်ပိုးဖြစ်မယ် ဆိုတာတွေ အပါအ၀င် တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး ဘာကိုမှ မခန့်မှန်းနိုင်ဘူးလို့ တုပ်ကွေးရောဂါဆိုင်ရာ စာမျက်နှာ ခုနစ်မျက်နှာပါ အစီရင်ခံစာမှာ ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီက ပြောထားတာပါ။

တုပ်ကွေးဗိုင်းရပ်စ်အမျိုးမျိုး ပေါင်းစပ် ပြန့်နှံ့နေပြီး လူနဲ့တိရစ္ဆာန်အကြား မျိုးရိုးဗီဇပိုင်း ဆိုင်ရာ အပြန်အလှန် ဖလှယ်တာတွေ ရှိနေပါတယ်။ အဲဒီလို အခြေအနေတွေကို အနီးကပ် လေ့လာစောင့်ကြည့်သွားရမယ်လို့ WHO က သတိပေးပါတယ်။

၂၀၁၄ ခုနှစ်အတွင်း WHO ရဲ့ ကမ္ဘာလုံးဆိုင်ရာ တုပ်ကွေးရောဂါ စောင့်ကြည့်ရေးနဲ့ တုန့်ပြန်လုပ်ဆောင်ရေးစနစ်ကနေ နိုင်ငံပေါင်း ၁၁၂ နိုင်ငံက ဓာတ်ခွဲခမ်းပေါင်း ၁၄၂ ခုမှာ စမ်းသပ်မှုပေါင်း ၁.၉ သန်းကျော်ကို လုပ်ခဲ့ပါတယ်။

တုပ်ကွေး ကပ်ရောဂါဟာ လက်ရှိသိထားသမျှ ကူးစက်ရောဂါတွေထဲမှာ တကမ္ဘာလုံး ပြန့်နှံ့ကူးစက်နိုင်ဆုံး ရောဂါဖြစ်တာကြောင့် နိုင်ငံတိုင်းဟာ အကောင်းဆုံး ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ WHO က အစိုးရတွေကို အကြံပေးထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/who-remains-volatile-despite-influenza-breakthroughs/2662312.html

နိုင်ငံအကြီးအကဲတွေကို အကြည်ညိုပျက်အောင် လုပ်မှုနဲ့ သတင်းထောက် အဖမ်းခံရ

Facebook ပေါ်ကနေ နိုင်ငံ့ အကြီးအကဲတွေရဲ့ ဂုဏ်သရေ ညှိုးနွမ်းအောင် ရေးလို့ ဆိုပြီး ပထမဆုံး အကြိမ် ဖမ်းဆီး
မြန်မာပြည်မှာ အသုံးများတဲ့ Facebook လူမှုကွန်ရက် စာမျက်နှာ ပေါ်ကနေ နိုင်ငံတော် အကြီးအကဲတွေရဲ့ ဂုဏ်သရေ ထိခိုက် ညိုးနွမ်းအောင် ရေးသားဖေါ်ပြ ခဲ့တယ် ဆိုပြီး မုံရွာမြို့က ဖိုတို စားသောက်ဆိုင် ပိုင်ရှင်လည်းဖြစ် အလွတ်တန်း ဓါတ်ပုံ သတင်းထောက်လည်း ဖြစ်တဲ့ ကိုအောင်နေမျိုးကို သက်ဆိုင်ရာက ဖမ်းဆီးပြီး အရေးပေါ် စီမံချက် အက်ဥပဒေနဲ့ အရေးယူလိုက်ပါတယ်။

သူ့ရဲ့ ကိုယ်ပိုင် Facebook စာမျက်နှာမှာ ကိုးကန့်စစ်ပွဲ အကြောင်း ရိုက်ကူးထားတဲ့ ကွမ်းလုံ ရက် ၄၀ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကြော်ငြာကို ကွန်ဒုံး ရက် ၄၀ ဆိုပြီး အစိုးရ ထိပ်ပိုင်း ခေါင်းဆောင် တချို့ နာမည်တွေနဲ့ သရုပ်ဖေါ်ထားတဲ့ ဓါတ်ပုံကို ရှယ်ခဲ့တဲ့အတွက် သတင်းတပ်ဖွဲ့က တရားလိုလုပ်ပြီး ကိုအောင်နေမျိုးကို ဖမ်းလိုက်တာဖြစ်ပါတယ်။

အခုအခါ သူ့ကို အမှုဖွင့် အရေးယူဖို့ ထိန်းသိမ်းထားပြီး ရမန်ယူပြီး မုံရွာ ထောင်ကြီးချုပ်ကို ပို့မယ်လို့ မုံရွာ မြို့မစခန်းက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ Facebook လူမှုကွန်ရက် စာမျက်နှာ ပေါ်ကနေ နိုင်ငံတော် အကြီးအကဲတွေရဲ့ ဂုဏ်သရေ ညှိုးနွမ်းအောင် ရေးလို့ ဆိုပြီး ဖမ်းဆီး အရေးယူခံရတာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

တရား လွှတ်တော် ရှေ့နေကြီး ဦးအောင်သိန်းကတော့ နိုင်ငံတကာမှာ ရုပ်ပြောင် ရေးဆွဲတာမျိုးကို ဖမ်းဆီး ရေးယူတာမျိုး မရှိကြောင်းနဲ့ ကိုအောင်နေမျိုးရဲ့ ကိစ္စဟာ စာနယ်ဇင်း လွတ်လပ်မှုနဲ့ ဆက်စပ်မယ်လို့ ယူဆကြောင်း ပြောပါတယ်။

စာနယ်ဇင်း ကောင်စီ ယာယီရဲ့ အဖွဲ့ဝင်လည်းဖြစ် မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂကို ဦးဆောင်သူလည်း ဖြစ်တဲ့ ဦးဇော်သက်ထွေးကလည်း လူမှုကွန်ရက်မှာ အစိုးရကို ဝေဖန်သူတွေ အများအပြား ရှိတဲ့အနက် ကိုအောင်နေမျိုးလို အလွတ်တန်း ဓါတ်ပုံ သတင်းထောက်တဦးကို ခုလို ပြင်းထန်တဲ့ ပုဒ်မတွေနဲ့ တရားစွဲလိုက်တာဟာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးမှာ မီဒီယာကဏ္ဍဍကို အကြွင်းမဲ့ ကင်းလွတ်ခွင့် မပေးချင်လို့ ခြောက်လှန့်လိုက်တဲ့ သဘော ဖြစ်တယ်လို့ ပြောပါတယ်။

ကိုအောင်နေမျိုးကို စွဲဆိုထားတဲ့ အရေးပေါ် စီမံချက် အက်ဥပဒေ ၅ (က)နဲ့ (င) ဆိုတာ အတော်ပြင်းထန်တာမို့ ပြစ်မှု ထင်ရှားခဲ့ရင်တော့ ထောင်ဒဏ် ၇နှစ်ကနေ ၁၄ နှစ်ထိ ကျခံ ရနိုင်တယ်လို့လည်း သိရပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/burma/2015/02/150227_facebook_journalist_arrest_burma

Facebook ပေါ် သရော် ဓါတ်ပုံ တင်တဲ့ ဓါတ်ပုံသတင်းသမား အဖမ်းခံရ

Photo Credit to Aung Nay Myo FB.
မြန်မာအာဏာပိုင်တွေကို ရုပ်ပြောင် လုပ်ထားတဲ့ ဓါတ်ပုံတွေကို FaceBook ပေါ်မှာ တင်ခဲ့တဲ့ မုံရွာမြို့က အလွတ်သတင်းထောက် ကိုအောင်နေမျိုး ကို နိုင်ငံတော် အစိုးရပေါ် အကြည်ညိုပျက်စေမှုပုဒ်မတွေနဲ့ မုံရွာမြို့မရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။ သူ့ကို ဖမ်းဆီးစစ်ဆေး နေဆဲဖြစ်ကြောင်း ရဲစခန်းကပြောပါတယ်။ စုံစမ်းထားတဲ့ ကိုဥာဏ်ဝင်းအောင်က တင်ပြပါမယ်။

သတင်းထောက် ကိုအောင်နေမျိုး FaceBookပေါ် တင်ခဲ့တဲ့ ဓါတ်ပုံထဲမှာ ကွန်လုံ ရက် (၄၀) ဆိုတဲ့ ရုပ်ရှင်ကားကို ပုံသဏ္ဍာန်တမျိုးပြောင်းပြီး အစိုးရထိပ်တန်း တာဝန်ရှိသူတွေရဲ့မျက်နှာတွေနဲ့ လှောင်ပြောင်လုပ်ထားတဲ့ ဓါတ်ပုံတွေဖြစ်ပါတယ်။
ကိုအောင်နေမျိုးကို မူးယစ်ဆေးဝါးအကြောင်းပြချက်နဲ့ ကြာသပတေးနေ့ ညသန်းခေါင် အချိန် အိမ်မှာလာရောက် ဖမ်းဆီးသွားတာဖြစ်တယ်လို့ မိတ်ဆွေဖြစ်သူ ကိုကံဆွေက ပြောပါတယ်။

" သူတို့အကြောင်းပြတာက မူးယစ်ဆေးဝါးဆိုတဲ့ ရှာဖွေပုံစံနဲ့ လုပ်တာပေါ့။ တကယ့်တကယ်ကျတော့ အဲ့ဒီ့ Facebook ကိစ္စပဲ။ Facebook ကိစ္စမှာ နိုင်ငံတော် အကြီးအကဲတွေရဲ့ ပုံတွေကို သရုပ်ပျက်ပုံစံမျိုးနဲ့ လုပ်တယ်လို့ ယူဆတာပေါ့နော်။ အထက်က တိုက်ရိုက် ညွှန်ကြားပြီးတော့မှ ရဲစခန်းမှူးနဲ့ ပူးပေါင်းပါဝင်အဖွဲ့ဆိုပြီး  ည ၂နာရီ ၁၅လောက် ဝင်ဖမ်းတယ်လို့ ကျနော်တို့သိရတော့ ဒီနေ့ မနက်ခင်းမှ လိုက်ပြီးတော့ အကူအညီပေးတာလေနော့။ မြို့မစခန်းမှူးနဲ့တော့ လေးနာရီလောက်မှာ စကားပြောဖြစ်တယ်။ အဲ့ဒီ့အချိန်မှာ ကျနော်တို့ကို ခေါ်တွေ့ဆုံတဲ့အချိန်မှာ အမှုဖွင့်လိုက်ပြီလို့ ကျနော်တို့ကိုပြောပြပါတယ်။ "

သတင်းထောက် ကိုအောင်နေမျိုးကို အရေးပေါ်စီမံမှု အက်ဥပဒေ ၅က/င တို့နဲ့ ဖမ်းဆီးထားကြောင်း မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူးပြုံးလွင်က ပြောပါတယ်။


"သူ့ရဲ့ တိုင်စာမှာ ဒီကိုအောင်နေမျိုးက သူ့ရဲ့ Facebook မှာ သူတင်ထားတဲ့ ဓာတ်ပုံတွေနဲ့ စာသားတွေဟာဆိုလို့ရှိရင် ဒီပြည်ထောင်စု အစိုးရ အပေါ်မှာ မေတ္တာပျက်စေရန်၊ စည်းကမ်းတွေ ဖီဆန်ဖို့၊ သစ္စာမဲ့ဖို့၊ တာဝန် ဝတ္တရားဆောင်ရွက်တာကို ယုတ်လျော့ထိခိုက်စေဖို့ အနှောင့်အယှက်ပြုစေဖို့ မမှန်ကြောင်းသိလျက်နဲ့ ဒီမမှန်သတင်းကို ထုတ်လွှင့်ဖို့ ကြံရွယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ပါခင်ဗျ။ အဲ့ဒီ့အရ အရေးပေါ်စီမံမှု ပုဒ်မ (၅၀၅ က/ င) အဲ့ဒီ့အရ အရေးယူပေးဖို့ လာတိုင်တယ် လာတိုင်တဲ့အတွက်ကြောင့် ကျနော်တို့ အမှုဖွင့် အရေးယူထားတာဖြစ်ပါတယ်ခင်ဗျ။"

သတင်းထောက် ကိုအောင်နေမျိုးဟာ ဓါတ်ပုံသတင်းထောက်တဦးဖြစ် သလို နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တဦးလဲဖြစ်တယ်လို့ သူ့အသိုင်း အဝိုင်းက ဆိုပါတယ်။ သူ့ကို အခုလို ဖမ်းထားတဲ့ ပုဒ်မတွေဟာ အကြောင်းပြရုံ သက်သက် သာဖြစ်တယ်လို့ သူ့မိတ်ဆွေ ကိုကံဆွေက ဆိုပါတယ်။

"မူးယစ်ဆေးက မတွေ့ဘူးလို့ အကိုရယ်။ အမှန်က အကြောင်းပြဖမ်းတယ်လို့ ကျနော်က ထင်တာပေါ့။ ယူဆတာပေါ့နော်။ တကယ်လည်း မူးယစ်ဆေး လုပ်တဲ့သူမှ မဟုတ်တာ။ သူ မီဒီယာလောကမှာ တရားဝင် လုပ်ရှုားနေတာပဲ။ တကယ်တမ်း ရှာဖွေတော့လည်း မတွေ့ဘူးပေါ့ဗျာ။ မတွေ့တဲ့အခါကျတော့ သူ့ရဲ့ ကွန်ပျူတာတွေ သူသုံးနေကျ ပစ္စည်းတွေ အကုန်အစုံသိမ်းဆည်းပြီးမှ သူတို့ လိုချင်တဲ့ ဖိုင်တွေ ယူသွားပြီးမှ တရားစွဲတယ်လို့ ယူဆပါတယ်ဗျ။"

ကိုအောင်နေမျိုး အမှုကို ရမာန်(၂)ပတ် ယူထားပြီး မတ်လ(၁၂)ရက်နေ့မှာ ရုံးတင် စစ်ဆေးမယ်လို့ ဒုရဲမှူးပြုံးလွင်က ပြောပါတယ်။

"တရားသူကြီးဆီကို တင်ပြပြီးတော့ တရားသူကြီးရဲ့ ရမာန်ပေါ့ ချုပ်မိန့်ပေးချက်အရ ကျနော်တို့က ဖမ်းထားတာဖြစ်ပါတယ်ဗျ။ ကျနော်တို့ စစ်ဆေးဆဲကာလပါ။ ရဲတပ်ဖွဲ့က စစ်မှာပါ ခင်ဗျ။ စစ်ဆေးပေါ်ပေါက်ချက်ပေါ် မူတည်ပြီးတော့ ဒါ ဘယ်သူတွေက အပြစ်ရှိပါတယ်။ သူ့အပြင် ဘယ်သူတွေလည်း အပြစ်ရှိရင် အပြစ်ရှိပါတယ်ဆိုတာ ထပ်ပြီး ပေါ်ပေါက်လာပါလိမ့်မယ်။ လာမယ့် မတ်လ ၁၂ရက်ကို ပထမ ရမာန်ကို လက်ရှိယူထားပါတယ်ခင်ဗျ။"

FaceBook ပေါ်မှာတော့ ကိုအောင်နေမျိုး အမြန်ပြန်လည် လွတ်မြောက်ရေး အတွက် ဝေဖန်ရေးသားမှုတွေကို တွေ့နေရပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/photo-journalist-arrested/2661770.html

မုံရွာမှာ ဓါတ်ပုံသတင်းထောက် ဖမ်းဆီးခံရ

မုံရွာမြို့က အလွတ်ဓါတ်ပုံသတင်းထောက် ကိုအောင်နေမျိုး ကိုတွေ့ရစဉ်။ Photo: Aung Nay Myo (facebook)
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့က အလွတ်ဓါတ်ပုံ သတင်းထောက် ကိုအောင်နေမျိုးကို သတင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

မူးယစ်ဆေးဝါးအမှုနဲ့ ပတ်သက်တယ်ဆိုပြီး ဒီနေ့မနက် ၂ နာရီလောက်က ကိုအောင်နေမျိုးရဲ့ နေအိမ်မှာ ရှာဖွေခဲ့ပြီး ကိုအောင်နေမျိုးကို ဖမ်းဆီးခဲ့တာလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ မိသားစုက မုံရွာမြို့နယ် ရဲစခန်းမှာသွားရောက်စုံစမ်းရာမှာတော့ ပုဒ်မ ၅ဝ၅ (ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်လိုက်တာဖြစ်တယ်လို့ မိသားစုဝင်တစ်ဦး က ပြောပါတယ်။

"မူးယစ်ဆေးနဲ့ဟုတ်တာ အခုကတော့ ဘာမှမတွေ့ဘူးပေါ့ဘူးပေါ့နော်၊ သူ့ဆိုင်မှာရော ဘာမှမတွေ့ဘူးပေါ့နော်၊ ဒါပေမယ့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ဘာညာနဲ့ပေါ့နော်၊ အဲ့ဒါလည်း စရဖက တရားလိုလုပ်ပြီးတော့ စွဲထားတဲ့ အတွက်ကြောင်မို့ ကျနော်တို့ကလည်း လုပ်ရခြင်းဖြစ်ပါတယ်ဆိုပြီးတော့ပြောတယ်၊ ဒါပေမဲ့ သူကအထက်ကို တင်ပြမယ်ဆိုပြီးပြောတယ်၊ အထက်ကိုတင်ပြပြီးတာနဲ့ ချက်ချင်းပေးတွေ့ပါ့မယ်ဆိုပြီး အစ်မတို့ဖုန်းနံပါတ်တွေတော့ ယူထားလိုက်တယ်"

ကိုအောင်နေမျိုးရဲ့ တယ်လီဖုန်း၊ ကွန်ပျူတာ၊ ဆက်စပ်ပစ္စည်းတွေနဲ့ ဆိုင်မှာတပ်ဆင်ထားတဲ့ CCTV ရှစ်လုံးရဲ့ အထိုင်စက်ကိုပါ သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။ သူ့ကို လောလောဆယ် မုံရွာထောင်မှာ ဖမ်းဆီးချုပ်နှောင် ထားပြီး မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးသေးဘူးလို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/freelance-photo-journalist-arrested-monywa-02272015120936.html

တရုတ် မြန်မာနယ်စပ် လောင်းကစားနဲ့ မူးယစ်ဆေးဝါးတွေ ပေါများနေ (ရုပ်/သံ)

တရုတ်-မြန်မာ မူဆယ်မြို့နယ်အတွင်းက စွမ်ဆော်ကျေးရွာမှာ လောင်းကစားနဲ့ မူးယစ်ဆေးဝါးတွေ ပေါများနေတာကို ဖမ်းဆီးအ ရေးယူပေးဖို့ ဒေသခံပြည်သူတွေ လိုလားနေကြပါတယ်။ ခွန်ဇော်ဦး သတင်ပေးပို့ထားပါတယ်။ DVB TV - 27.02.2015

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 



ဖားကန့်ကျောက်စိမ်းတွင်းနဲ့ မူးယစ်ဆေးဝါး (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသဟာ မူးယစ်ဆေးဝါးရောင်းဝယ် ဖြန့်ဖြူးသုံးစွဲသူတွေ များတဲ့အတွက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နေရာတခုဖြစ်ပါတယ်။ အလုပ်သမားတွေကြားမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများလာနေပြီး သေဆုံးသူတွေ၊ ဘဝပျက်သူတွေလည်း များလာနေပါတယ်။ FA သတင်းထောက် ကိုကျော်မျိုးမင်း တင်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 



ရွှေပြည်သာ အလုပ်သမားတွေ တရားဝင်ဆန္ဒပြခွင့် ငြင်းပယ်ခံရ

ရွှေပြည်သာစက်မှုဇုန်က Eland Myanmar စက်ရုံရှေ့မှာ ဆန္ဒပြအလုပ်သမားတွေကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်က Eland Myanmar စက်ရုံရှေ့မှာ တစ်လနီးပါးကြာ သပိတ် စခန်းဖွင့် ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေက တရားဝင်ဆန္ဒပြခွင့်ရဖို့ ခွင့်ပြုချက်တောင်းရာ မှာ ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့က ငြင်းပယ် လိုက်ပါတယ်။

အလုပ်သမားတွေက Eland Myanmar စက်ရုံဘေးမှာ မနက်ဖြန်ကစပြီး မတ်လ ၃ ရက်နေ့အထိ ဆန္ဒပြ ခွင့်ပေးဖို့ တောင်းဆိုတာလို့ အလုပ်သမားတွေကို အကူအညီပေးနေတဲ့ ကိုသူဇော်ကြည်ဝင်းက ပြော ပါတယ်။

"ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးကနေ ပြီးတော့ ကျနော်တို့ အလုပ်သမားတွေဘက် ကနေပြီးတော့ ဥပဒေနဲ့အညီ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့အညီ ဘာညာတင်တင်မယ်ဆိုရင် သူ့အနေနဲ့ ချက်ချင်းပေးနိုင်ပါတယ်ဆိုတဲ့ ကတိကဝတ်ရှိတယ်ပေါ့နော်၊ အဲ့ဒီကတိကဝတ်ကြောင့် ကျနော်တို့ ဒီကနေ့မှာ မနက်ဖြန်ကစပြီးတော့ ၃ ရက်နေ့အထိကို ခွင့်ပြုမိန့်ရဖို့အတွက် ကျနော်တို့ သွားတင်ခဲ့တယ်၊ ဒါပေမယ့် ၃ ရက်နေ့ပြည့်သွားလို့ရှိရင် ကျနော်တို့ အဆင်မပြေသေးဘူးဆိုရင် နောက်ထပ် ထပ်တင် မယ်ပေါ့နော်၊ အဲ့လိုမျိုးရည်ရွယ်ချက်နဲ့ ကျနော်တို့ သွားတင်တယ်၊ ဒါပေမယ့် ရွှေပြည်သာမြို့နယ် ရဲတပ်ဖွဲ့မှူးက ဒါဟာဥပဒေနဲ့ မညီတဲ့အတွက်ကြောင့်မို့လို့ ခွင့်မပြုနိုင်ပါဘူး၊ ခွင့်ပြုမိန့်ကို လက်မခံနိုင် ပါဘူးဆိုပြီး ကျနော်တို့ကို ပယ်လိုက်တယ်"

အဲ့ဒီ အလုပ်သမားသပိတ်စခန်းဟာ ခွင့်ပြုချက်ရယူပြီး ဆန္ဒပြနေတာမဟုတ်တဲ့အတွက် ဥပဒေပြင်ပက အကြမ်း ဖက်တောင်းဆိုမှုတွေကို အရေးယူမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာ ထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ အလုပ်သမား ၃ ဦးကို ပြန်လွှတ်ပေးဖို့နဲ့ အခြေခံလုပ်ခလစာ တစ်လ ကျပ် ၃ သောင်း တိုးပေးဖို့အတွက် အလုပ်သမားတွေက တရားဝင်ဆန္ဒပြခွင့် တင်တာဖြစ်ပါတယ်။

ဒီလ ၂ဝ ရက်နေ့က အလုပ်သမားသပိတ်စခန်း ဖယ်ရှားခံရပြီး အလုပ်သမား ၂ဝ လောက်နဲ့ ရဲတပ်ဖွဲ့ ၁ဝ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/authorities-reject-protest-request-shwepyithar-workers-02272015130922.html

ကြက်ဌက်တုပ်ကွေးရောဂါ ရန်ကုန်မြို့ထဲ ၀င်မလာဖို့ ကာကွယ်တားဆီးနေပြီ (ရုပ်/သံ)

ကြက်ဌက်တုပ်ကွေးရောဂါ ရန်ကုန်မြို့ထဲကို ၀င်မလာဖို့ တိုင်းဒေသကြီး ညွန်ကြားချက်နဲ့ ကာကွယ် တားဆီးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ အိမမမွန် သတင်းပေးပို့ ထားပါတယ်။ DVB TV - 27.02.2015

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 


မိနစ် ၃၀ အတွင်း တံတွေးကနေ သွေးလွန်တုပ်ကွေးရောဂါ စစ်ဆေးနိုင်ပြီ


စင်ကာပူက သုတေသနပညာရှင်တွေရဲ့ ကျေးဇူးကြောင့် ခုဆိုရင် သွေးလွန်တုပ်ကွေးရောဂါ စစ်ဆေးရတာ သိပ်ကို လွယ်ကူသွားပါပြီ။ ဒီအဖွဲ့က တံတွေးကို စစ်ဆေးပြီး ရောဂါ ချက်ချင်းဖော်ထုတ်နိုင်တဲ့စနစ်ကို ဆန်းသစ်တီထွင်ခဲ့တာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အဆိုအရ နှစ်စဉ် လူသန်း ၁၀၀ လောက်ဟာ ခြင်က သယ်ဆောင်တဲ့ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေပြီး ဒီကိရိယာက အကြီးအကျယ် အထောက်အကူ ပေးနိုင်တော့မှာပါ။

သွေးလွန်တုပ်ကွေးရောဂါဖော်ထုတ်ရာမှာ ကိုယ်တွင်းက ပဋိပစ္စည်းကို ရှာဖွေဖို့ သွေးဖောက်စစ်ဆေးတာကို ဒီနေ့အထိ လုပ်နေရဆဲပါ။ ဒီနည်းစနစ်က ရက်ပိုင်းလောက် အချိန်ယူရပါတယ်။

တံတွေးနဲ့ စစ်ဆေးတာကတော့ မိနစ် ၃၀ ကြာပါတယ်။ ဒီကိရိယာမှာ နာနိုနည်းပညာ သုံးထားတာမို့ တံတွေးထဲက သွေးလွန်တုပ်ကွေးပဋိပစ္စည်းကို ဖော်ထုတ်နိုင်တယ်လို့ သုတေသနပညာရှင် ဂျက်ကီယင်းက ဆိုပါတယ်။

“တကယ်တော့ တံတွေးထဲမှာ ပဋိပစ္စည်းပါဝင်မှုက အလွန်နည်းပါတယ်။ ဒီတော့ ပိုပြီး ထက်မြတ်တဲ့ ထောက်လှမ်းရေးစနစ် လိုအပ်ပါတယ်။ နောက်ပြီးတော့ တံတွေးထဲမှာ ပရိုတိန်း ပါဝင်မှုများတဲ့အတွက် ဓာတ်စမ်းစက္ကူကတ်နဲ့ ရောဂါစစ်ဆေးရင် ဆေးစစ်ချက်ရလဒ်တွေ ရှုပ်ထွေးစေနိုင်ပါတယ်။ ဒါကြောင့် ဒီကိရိယာမှာ တလွှာချင်း တရစ်ချင်း စိမ့်ဝင်စေတဲ့ နည်းစနစ်ကို ဆန်းသစ် သုံးစွဲထားပါတယ်။ ဒီနည်းက တံတွေးထဲက ပရိုတိန်းကဲတဲ့ ဓာတ်ပစ္စည်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါဆိုရင်တော့ ပရိုတိန်းတွေဟာ နာနိုအရွယ်အစားရှိတဲ့ ထောက်လှမ်းရေး ယူနစ်တွေနဲ့ ရောထွေးမသွားနိုင်တော့ ပါဘူး။ ဒီတော့ ဆေးစစ်ချက်အဖြေ မမှားနိုင်တော့ဘူးပေါ့။”

သူ့ရဲ့ ဆေးစစ်ကိရိယာကို အရင်က သွေးလွန်တုပ်ကွေးဖြစ်ဖူးသူတွေကို ရောဂါဖော်ထုတ်နိုင်ဖို့ ဒီဇိုင်း ထုတ်ထားတာပါလို့ ယင်းက ဆိုပါတယ်။

“ကျမတို့အနေနဲ့ ဒီလူနာတွေကို ရောဂါအမည် ဖော်ထုတ်ပေးချင်တယ်။ မဟုတ်ရင် ရောဂါက ဒီထက် ပိုပြီး ပြင်းထန်သွားနိုင်တယ်။ ဆေးစစ်ပေးလိုက်နိုင်ရင် အချိန်မီ ကုသနိုင်တာပေါ့။”

ယင်းက ဂျပန်ဇီဝနည်းပညာကုမ္ပဏီ အာကရေးနဲ့ ပူးပေါင်းပြီး ဒီကိရိယာကို စီးပွားဖြစ် ထုတ်လုပ်ဖို့ လုပ်နေပါပြီ။ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ဈေးကွက်မှာ ဖြန့်ချိသွားဖို့ သူမက မျှော်လင့်ထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/83424

အငြင်းပွားလယ်မြေမှာ ခြံစည်းရိုး မခတ်ဖို့ ထားဝယ်တောင် သူတွေ တောင်းဆို

ထားဝယ်မြို့သစ် စီမံကိန်းအတွက် ဒီဇင်ဘာလ ၁၇ ရက်နေ့က လယ်မြေများကို ကုမ္ပဏီဘက်က ခြံစည်းရိုးခတ်ထားစဉ်။ Photo: Tun Tun Win Facebook
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဆန်းချီရပ်ကွက် က မြေယာပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ လယ်မြေတွေပေါ်မှာ အဆောက်အဦးဆောက်လုပ် တာတွေ ခြံစည်းရိုးခတ်တာတွေမလုပ်ဖို့ တောင် သူတွေက ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးအဖွဲ့ နဲ့ နှစ်ဖက်တွေ့ဆုံပွဲမှာ တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ထားဝယ်မြို့က အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ လယ်သမားတွေ တွေ့ဆုံ ရာမှာ တောင်းဆိုခဲ့တာဖြစ်ကြောင်း တောင်သူ မရီရီထွေးက ပြောပါတယ်။

"ဒီအခုပြဿနာဖြစ်နေတဲ့နေရာမှာ လုံးဝမလုပ်ပါ နဲ့ပေါ့ ထပ်ပြီးတော့လေ၊ ပြဿနာဖြစ်နေတဲ့နေရာကို ကျမတို့နဲ့ ပြေလည်မှုမရခင်မှာလုံးဝမလုပ်ပါနဲ့ နားထားပေးပါလို့ပြောတယ်"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဆန်းချီရပ်ကွက်မှာ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနက စုပေါင်းရုံးဆောက် လုပ်ဖို့ ခြံစည်းရိုးဝင်းခတ်တာကို လယ်သမားတွေက ဖျက်ဆီးလိုက်ပါတယ်။ အဲ့ဒီအတွက် လယ်သမား ၉ ဦးနဲ့ အကူအညီပေးနေတဲ့ ကျောင်းသား ၅ ဦး၊ စုစုပေါင်း ၁၄ ဦးကို ထားဝယ်မြို့နယ် ရဲစခန်းက မနေ့က ပုဒ်မ နှစ်ခုနဲ့ အမှုဖွင့်ထားပါတယ်။

အဲ့ဒီလို အမှုဖွင့်ထားတာကို ရုပ်သိမ်းပေးဖို့ လယ်သမားတွေက တောင်းဆိုခဲ့ပေမဲ့ သေချာတဲ့အဖြေ မရခဲ့ဘူးလို့ လယ်သမားတွေက ပြောပါတယ်။

ထားဝယ်မြို့သစ်စီမံကိန်းအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်က ဆန်းချီရပ်ကွက် မှာရှိတဲ့ လယ်မြေဧက ၃ဝဝ ကျော်ကို သိမ်းယူခဲ့ပါတယ်။

လယ်မြေလျော်ကြေးတွေပေးခဲ့ပေမဲ့ လျော်ကြေးငွေလက်မခံတဲ့ လယ်သမားတွေလည်း ရှိနေပါတယ်။ လျော်ကြေး မယူထားတဲ့ လယ်မြေတွေမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးက မကြာခဏ ခြံစည်းရိုးဝင်းခတ် နေတဲ့အတွက် လယ်သမားတွေနဲ့ ပြဿနာဖြစ်ပွားနေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/dawei-farmers-demand-fancing-grabbed-lands-02272015123852.html

တုတ်ဖြင့်ရိုက်၍ သေနတ်လုရန်ကြိုးစားသူအား ခုခံပစ်ခတ်ရာမှ ထိမှန်သေဆုံး


နေပြည်တော် ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီ မြို့နယ် နမ့်ဆလပ်-သိန်းနီကားလမ်းတွင် သောင်းကျန်းသူအဖွဲ့များက နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ဆောင်ရွက်လေ့ရှိသဖြင့် ကားလမ်းလုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၅ နာရီခွဲခန့်က နမ့်ဆလပ်မြို့၏ အနောက်ဘက် သုံးမိုင်ခွဲခန့်အကွာ ကားလမ်း၏ မြောက်ဘက်ခြမ်း၌ နယ်မြေရှင်းလင်းဆောင်ရွက်နေစဉ် ရော်ဘာခြံရှိ တဲအတွင်းမှ အသက် (၃၂)နှစ်ခန့်ရှိ အရပ်ဝတ်ဖြင့် အမျိုးသားတစ်ဦး ပြေးထွက်လာပြီး ရှေ့ဆုံးမှ လှည့်ကင်းဆောင်ရွက်နေသော စစ်သည်အား တုတ်ဖြင့် ရိုက်နှက်၍ သေနတ်အား လုယူရန် ကြိုးစားခဲ့သည်။

ထို့ကြောင့် ၎င်းစစ်သည်က သေနတ်လုယူရန် ကြိုးစားသူအား ပြန်လည်ခုခံ၍ ၎င်းကိုင်ဆောင်သည့် သေနတ်ဖြင့် တစ်ချက်ပစ်ခဲ့ရာ အဆိုပါအမျိုးသား၏ ရင်ဘတ်သို့ ထိမှန်သေဆုံးခဲ့သည်။ သေဆုံးသူ နေထိုင်ရာ တဲအတွင်းမှ ဒုံးပစ်လောင်ချာပို့ကျည်တစ်တောင့် တွေ့ရှိရပြီး ဖြစ်စဉ်နေရာနှင့် အနီးဆုံးဖြစ်သော တန့်ဆော်ရွာအပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ရွာသူကြီးများနှင့် ရွာသားများအား မေးမြန်းစိစစ်ချက်အရ အဆိုပါအမျိုးသားသည် ၎င်းတို့ရွာသားမဟုတ်ကြောင်း၊ အနီးပတ်ဝန်းကျင်၌လည်း ဆွေမျိုးတော်စပ်သူ မရှိကြောင်း၊ ယခင်ကလည်း ၎င်းအား မြင်တွေ့ဖူး ခြင်းမရှိကြောင်းနှင့် ၎င်းရော်ဘာခြံရှိ လူမနေသောအစောင့်တဲသို့ လွန်ခဲ့သော သုံးရက်ခန့်က မြောက်ဘက်အရပ်မှ လာရောက်နေထိုင်သည်ကို တွေ့ရှိရကြောင်း စုံစမ်းသိရှိရသည်။

ထို့နောက် သေဆုံးသူအမျိုးသားအား ဖြစ်စဉ်ဖြစ်ပွားသည့်နေရာအနီး၌ ရပ်ရွာဓလေ့ထုံးစံနှင့်အညီ ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း သတင်းရရှိသည်။

(မြဝတီ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့ ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ(၃၆)၊ အမှတ်(၇၁၃)

ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့ ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ(၃၆)၊ အမှတ်(၇၁၃)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မတ်လ (၁)ရက်နေ့ ထုတ် The Reporter News Journal Issue 111

မတ်လ (၁)ရက်နေ့ ထုတ် The Reporter News Journal Issue 111

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့ ထုတ် ပြည်သူ့အရေး ဂျာနယ်၊ အတွဲ - ၁၊ အမှတ် - ၂၃

ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့ ထုတ် ပြည်သူ့အရေး ဂျာနယ်၊ အတွဲ - ၁၊ အမှတ် - ၂၃

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ

ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ကိုးကန့် ကိစ္စမှာ မပါဘူးလို့ ဝနဲ့ မိုင်းလား ဆို

ဒေသတွင်းကနေ ဒုက္ခသည် သောင်းချီ ထွက်ပြေးရ
ကိုးကန့် ဒေသမှာ အစိုးရ တပ်ဖွဲ့တွေကို ဝင်တိုက်ဖို့ ပြင်ဆင်ခဲ့တဲ့ ကိစ္စတွေမှာ ဦးဖုန်ကြားရှင် တပ်ဖွဲ့တွေ နဲ့ အတူ ပါဝင်ခဲ့တယ် ဆိုတဲ့ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး မြတ်ထွန်းဦး ရဲ့ ပြောကြားချက်တွေ မမှန်ဘူးလို့ UWSA ဝပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့ နဲ့ မိုင်းလား အဖွဲ့ တို့က တရားဝင် ငြင်းဆို လိုက်ပါတယ်။

အဲဒီ အဖွဲ့နှစ်ဖွဲ့ရဲ့ ပူးတွဲ ကြေညာချက်ထဲမှာ သူတို့အပေါ် စွပ်စွဲချက် တွေကို ကန့်ကွက်ကြောင်း၊ သူတို့ဟာ ခွဲမထွက်ရေး နဲ့အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့မူတွေကို ပြောင်းလဲမှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

ဝအဖွဲ့ရဲ့ ပြန်ကြားရေး ဌာန အကြီးအကဲ ဦးညီကျော် က သူတို့ အဖွဲ့အနေနဲ့ ကိုးကန့်ပဋိပက္ခကို မထောက်ခံသလို၊ ကန့်လည်း မကန့်ကွက်ကြောင်း၊ သူတို့အနေနဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်ခြင်းလည်း မရှိကြောင်းဘီဘီစီကို ပြောပါတယ်။

ကိုးကန့်၊ မိုင်းလားနဲ့ ဝ အဖွဲ့တွေ ဟာ အရင်က ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ လက်အောက်ခံ တပ်ဖွဲ့တွေ ဖြစ်ပြီး ၁၉၈၉ ခုနှစ်မှာ ပုန်ကန် ခွဲထွက်ခဲ့တဲ့ အတွက် ဗကပ ပြိုကွဲခဲ့တာ ဖြစ်ပါတယ်။

ဗကပ ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်လှကျော်ဇော က အစိုးရဖက်က စွပ်စွဲချက်ဟာ ဝ အဖွဲ့ကို သာမကဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးကို ရည်ရွယ်တာ ဖြစ်တယ်လို့ မြင်ကြောင်း ပြောပါတယ်။

မြန်မာ နိုင်ငံတွင်းမှာ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဒီမိုရေစီ ပညာရေး ကိစ္စတွေကို လူထုကအာရုံ စိုက်နေတာကို လမ်းကြောင်းလွှဲဖို့ စစ်တပ်က ကြိုးစားတာ ဖြစ်တယ်လို့ သူကစွပ်စွဲ ပါတယ်။

တကယ်တော့ ကိုးကန့် အဖွဲ့က တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှု တွေမှာ သူတို့ကိုလည်း ပါဝင်ခွင့် ပြုဖို့ တောင်းဆိုခဲ့တာကို အစိုးရဖက်က လစ်လျူရှု ခဲ့လို့ ဒီအခြေအနေတွေ ဖြစ်လာတာလို့ လည်းသူက ဆိုပါတယ်။

စစ်တပ်အနေနဲ့ စီးပွားရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာ တွေကို ထိန်းချုပ်ထားတာ လျှော့ပေး ပြီး ပြည်သူလူထုနဲ့ တခြားပါတီတွေကို အာဏာခွဲဝေ ပေးမယ်ဆိုမှသာ မြန်မာပြည် ငြိမ်းချမ်း နိုင်မှာ ဖြစ်ပြီး၊ အခု လက်ရှိဖြစ် နေတဲ့ အနေအထားတွေအရ ဆိုရင် ငြိမ်းချမ်းရေးဟာ အလှမ်းဝေးနေ ဦးမယ်လို့ ပြောဆိုခဲ့ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/burma/2015/02/150227_uwsa_mailar

စစ်ပြေးဒုက္ခသည် ကူညီရေး အစီအစဉ် သမ္မတ ကြည့်ရှု

သမ္မတဦးသိန်းစိန် လားရှိုးကို သွားရောက်ပြီး လောက်ကိုင်တိုက်ပွဲတွင်း ထိခိုက်ဒဏ်ရာရသူများ ကြည့်ရှု့။ (သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)
ကိုးကန့်ဒေသ တိုက်ပွဲတွေကြောင့် တရုတ်ဘက်ကို ထွက်ပြေးကြရသူတွေမှာ စားနပ်ရိက္ခာက အစ နေရေးထိုင်ရေး အဆုံး အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရ ပါတယ်။ ပြည်တွင်း စစ်ရှောင်ကြသူတွေကတော့ မြန်မာ အစိုးရ အကူအညီနဲ့ ဌာနေတွေကို ပြန်နေကြပါပြီ။ ဒီကနေ့မှာပဲ သမ္မတ ဦးသိန်းစိန် လည်း ပြည်တွင်း စစ်ရှောင် ဒုက္ခသည် ကယ်ဆယ်ရေး အစီအစဉ်တွေကို သွားကြည့်ခဲ့ပါတယ်။ သတင်း သုံးပတ်ထဲကို ရောက်လာပြီ ဖြစ်တဲ့ ကိုးကန့် စစ်ရေး အခြေအနေကတော့ ဒီကနေ့မှာ ငြိမ်သက်နေပေမယ့် မြန်မာ အစိုးရစစ်တပ်ဘက်က စစ်ကြောင်းတွေ သွားလာမှုတွေ ရှိနေပါတယ်။ အသေးစိတ် မသိင်္ဂီထိုက်က စုစည်းတင်ပြ ထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသ တိုက်ပွဲတွေက သတင်း ၃ ပတ်ထဲကို ရောက် လာချိန်မှာဘဲ ဒီဒေသတွေမှာ သွားရောက် အလုပ်လုပ်ကိုင်ကြသူတွေလည်း ဆက်ပြီး ထွက်ပြေးနေကြရဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ကိုးကန့် ဒေသဘက်က ရာနဲ့ချီတဲ့ လူတွေ လားရှိုးမြို့မှာ ယာယီ ကယ်ဆယ်ရေး စခန်းဖွင့်ထားတဲ့ မန်ဆူ ရှမ်းကျောင်းကို ရောက်လာကြတယ်လို့ လားရှိုးမြို့ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်သက်ထွန်းက ပြောပါတယ်။

" အမှန်က တိုက်ပွဲကဖြစ်တော့ ဟိုမှာလည်း အလုပ်အကိုင်က မရှိတော့ဘူးလေ။ တချို့ပြောသံကြားတာကတော့ ကြံခုတ်အလုပ်သမားတွေများတယ်။ ဟိုဘက်က တရုတ်သူဌေးတွေ များတော့ တရုတ်သူဌေးတွေကလည်း တိုက်ပွဲဖြစ်တော့ ဟိုဘက်ပြန်သွားတော့ အလုပ်သမားခတွေလည်း မရကြဘူး ပြောတယ်။ မရတော့ သူတို့က ဒီအတိုင်းပြန်လာကြရတာပေါ့။ ပို့ပေးတဲ့ ယာဉ်တန်းနဲ့- အခက်အခဲတော့ မရှိပါဘူး။ လောက်ကိုင်ဆိုရင်လည်း လောက်ကိုင်တာဝန်ရှိတဲ့သူတွေက လူစုမိတယ်ဆိုရင် ကားကြုံရှိရင် ကားနဲ့ထည့်ပေးတယ်လေ။ ဒီဘက်ရောက်တော့လည်း ကျနော်တို့က လားရှိုးကိုဆို လားရှိုးပို့ပေးတယ်။ လားရှိုးကနေတဆင့် မန္တလေးရောက်တော့လည်း မန္တလေးမှာလည်း သူကလည်း သူတို့အဖွဲ့က မန္တလေး တိုက်ရိုက် ကားဝင်းကနေပြီးတော့ သူတို့သက်ဆိုင်ရာ နေရာတွေကို ပြန်ခွဲပြီး ပို့ပေးတယ်ဗျာ။

ဒီနေ့ သမ္မတလည်း လာတယ်။ ဝန်ကြီးအဖွဲ့တွေလေ သူတို့လည်း လာလှူသွားတယ်။ အဲ့ဒီ့မှာ သိန်းသုံးရာ သမ္မတကတောင် လှူသွားတယ်။"

အခုချိန်ထိ လားရှိုးမြို့ကယ်ဆယ်ရေး စခန်းက ကယ်ဆယ်ပြီး ဌာနေပြန်ပို့ပေးနေသူ ၁ သောင်းဝန်းကျင် ရှိသွားပြီ ဖြစ်ပြီး ထောက်ပံ့ကြေး အဖြစ် အစိုးရ ကယ်ဆယ်ရေး နဲ့ ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနက ကျပ် သန်း ၈၀၀ ကျော် သုံးစွဲပြီး ဖြစ်တယ်လို့ လည်း ဦးဇော်သက်ထွန်းက ပြောပါတယ်။

ကိုးကန့် ဒေသ စစ်ပွဲတွေကြောင့် ထွက်ပြေးကြသူတွေထဲမှာ မြန်မာပြည်တွင်းက လာရောက် အလုပ်လုပ်ကိုင်ကြသူ အများစုက လားရှိုးမြို့ဘက်ကို ထွက်ပြေးကြသလို ကိုးကန့် တိုင်းရင်းသား အများစုကတော့ သူတို့ မူရင်းနေရပ်နဲ့ အနီးက တရုတ် နယ်စပ်တွေကို ထွက်ပြေးကြတာပါ။ တရုတ် မြန်မာ နယ်စပ် မှတ်တိုင် ၁၂၅ က စစ်ပြေး ဒုက္ခသည် စခန်းမှာ စစ်ပြေး ဒုက္ခသည် ထောင်နဲ့ချီ ရှိသလို တခြား ယူနန်ပြည်နယ်ထဲက ပုန်းဂုန်း၊ မိုက်တိဟော်၊ ဆဟော်၊ ဟော်ဝိုက် စတဲ့ နေရာတွေမှာ လည်း ဒုက္ခသည်တွေ ပြန့်ကြဲ ခိုလှုံနေကြပြီး စစ်ပြေး ဒုက္ခသည် ထောင်နဲ့ချီ ရှိနေတယ်လို့ တရုတ်နယ်စပ်က ဒုက္ခသည် အရေး ဆောင်ရွက်နေသူ အိုက်ယုံက ပြောပါတယ်။

"များသောအားဖြင့် သူတို့က ချောင်းနဲ့ ရေချောင်းနဲ့ နီးစပ်တဲ့နေရာကို နေတာပေါ့။ သောက်ရေအတွက် လွယ်ကူအောင်ပေါ့။ တရုတ်ပြည်ကတော့ လက်လှမ်းကူနိုင်သလောက်တော့ လုပ်ပေးပါတယ်။ များသောအားဖြင့်တော့ ကျနော်တို့ သူငယ်ချင်းတွေ မိတ်ဆွေတွေရော ကျနော်တို့ ဝီချက်ပေါ်မှာ တင်ထားတာပေါ့ ကျနော်တို့ လှူဒန်းဖို့ ပစ္စည်းတွေလိုအပ်တယ်။ ဘာဖြစ်လို့ဆိုတော့ တရုတ်ပြည်က ငွေလှူဒန်းပိုင်ခွင့် သူတို့က ခွင့်မပြုတဲ့အတွက် ပစ္စည်းတွေပဲ လက်သင့်ခံပါတယ်။ တရုတ်ပြည်ဘက်ကို ပြေးတဲ့သူက များသောအားဖြင့် ကိုးကန့်တိုင်းရင်းသားပေါ့။ ဒါပေမဲ့ မြန်မာတစုတလေရှိတယ်။ ကျနော်တို့ သွားခဲ့တဲ့နေရာ တစ်နေရာဆိုရင် မြန်မာပြည်သူပြည်သား ၁၉၇ယောက်လားမသိဘူး ရှိပါတယ်။"

တရုတ် နယ်စပ်ဘက်ကို ထွက်ပြေးကြသူ ကိုးကန့်တိုင်းရင်းသား အများစု ထဲမှာတော့ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ အများစု ဖြစ်တယ်လို့လည်း အိုက်ယုံက ပြောပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ခဲ့တဲ့ မြန်မာ့ တပ်မတော်နဲ့ ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်တို့ကြား တိုက်ပွဲတွေက အခုတော့ သတင်း ၃ပတ်ထဲကို ရောက်ရှိလာခဲ့ပြီး စစ်ရေးအခြေအနေ တင်းမာနေဆဲမို့ ဒီ စစ်ရှောင် ၊ စစ်ပြေး ဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေး အလားအလာတော့ မရှိသေးပါဘူး။

ဒီကနေ့ သောကြာနေ့မှာတော့ နှစ်ဘက် တို့ ပစ်တာ ခတ်တာ မရှိပေမယ့် မြန်မာ အစိုးရတပ်ဘက်က စစ်ကြောင်းတွေ သွားလာနေတယ်လို့ ကိုးကန့် လက်နက်ကိုင် တပ်ဘက်က ပြောပါတယ်။ ၁၉ ရက် ကြာမြင့်လာပြီ ဖြစ်တဲ့ ကိုးကန့် ဒေသ စစ်ဆင်ရေးမှာ နှစ်ဘက် စစ်ရေး အရ အသာစီးရမှုကတော့ သိသိသာသာ မရှိသေးတဲ့ အကြောင်းလည်း ကိုးကန့် လက်နက်ကိုင်တပ် MNDAA ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

"ကျနော်တို့ လုံထန်းက အဲ့မှာ ဘေးဘက်မှာ တောင်တတောင်ရှိတယ်။ လမ်းမကြီး ဘေးဘက်မှာ ကျနော်တို့ နေလို့မရဘူး။ ကျနော်တို့က တောင်ရဲ့ ဟိုးး ဘက်မှာ လုံထန်ဆိုတာ ဧရိယာတခုပါခင်ဗျ။ တောင်ရဲ့ဟိုးဘက်အခြမ်းမှာ သူတို့ သွားတိုက်တာပဲ။ အဲ့ဒီ့နေ့မှာပဲ သူတို့က ဟိုက်စကီးနှစ်စီးနဲ့ ကျနော်တို့တပ်စခန်းကို သွားတိုက်တာပဲ။ လက်နက်ကြီးနဲ့လည်း သီးသန့်လည်း သွားထိုးပေါ့။ အဲ့လိုခင်ဗျ။ ဒါပေမဲ့ တခု အဓိက က ဘာလဲဆိုတော့ သူတို့က ထိုးစစ်ကိုး။ ကျနော်တို့က ခံစစ်ဆိုတော့ သူတို့ကျတဲ့သူက ကျနော်တို့ထက် အများကြီး များပါတယ်။ "

မြန်မာ အစိုးရ တပ်တွေနဲ့ ကိုးကန့် လက်နက်ကိုင်တိုကြား တိုက်ပွဲတွေ ပြင်းထန်နေ တာကတော့ ဆက်သွယ်ရေး အရ ဗျူဟာကျတဲ့ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့ကြား ၁၈ မိုင် အနီးက ဖုန်းချွေးရှန်း ဒေသ၊ နောက် လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြားက လုံထန် အနီးအနားမှာ ဖြစ်ပါတယ်။ ဒီဒေသတွေကို မြန်မာ စစ်တပ်ဘက်က အကြိမ်ကြိမ် ထိုးစစ်ဆင်နေပေမယ့် အခုချိန်ထိတော့ မထိန်းချုပ်နိုင်သေးပါဘူး။

သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/kokhant-update-/2661694.html

ရှမ်းပြည်မြောက်ပိုင်းနဲ့ ကရင်ပြည် နယ်မှာ တိုက်ပွဲတွေဖြစ်ပွား

ဒီမိုကရေစီအကျိုးပြု တပ်မတော် DKBA တပ်ဖွဲ့ဝင်တချို့ ကို တွေ့ရစဉ်။ Photo: RFA
ရှမ်းပြည်မြောက်ပိုင်း  နမ်းခမ်းမြို့နယ် ပန်ဆေးဒေသမှာ အစိုးရတပ်တွေနဲ့ တအာင်းလွတ်မြောက်ရေး PSLF/ TNLA တပ်တွေ ဒီကနေ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ တအာင်း လွတ်မြောက်ရေးတပ်ကပြောပါတယ်။

တိုက်ပွဲတွေဟာ တစ်နေရာထဲမှာမဟုတ်ပဲ နေရာကွဲပြီးဖြစ်ပွားနေတယ်လို့ TNLA အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောပါတယ်။

"နမ့်ခမ်းမြို့ထဲကနေ တပ်မ ၈၈ အဖွဲ့တွေတက်လာလည်းရှိတယ်၊ ဆိုတော့အဲ့ဒီမှာ ကျနော်တို့ တိုက်ပွဲဖြစ်လာတာလည်းရှိတာပေါ့၊ တိုက်ပွဲဖြစ်တာကတော့ ကျနော်တို့ ၂ ရက် ၃ ရက်ရှိပါပြီ၊ ဒီနေ့ကတော့ တိုက်ပွဲက နည်းနည်းအခြေအနေပြင်းပါတယ်၊ ၁၁ နာရီကနေဖြစ်တယ် ၂ နာရီ ၃ နာရီလောက်အထိကြာပါတယ်၊ တိုက်ပွဲကတော့ ၂ နေရာ ၃ နေရာဖြစ်ပါတယ်၊ နမ့်ခမ်းမြို့နဲ့ နည်းနည်းနီးတဲ့ မန်လုံရွာဘက်မှာလည်းဖြစ်တယ်၊ အပေါ်ဘက် ကျနော်တို့ ပန်းဆေးကြောမြစ် ပြီးလို့ရှိရင် ရွာနားလေးမှာရှိတဲ့ တရုတ်ရွာတွေနားမှာလည်း တိုက်ပွဲဖြစ်ပါတယ်၊ ဆိုတော့ တိုက်ပွဲနေရာက ၃ နေရာဖြစ်ပါတယ်၊ ဒီလိုတိုက်ပွဲဖြစ်ပြီင်္ဆိုရင်တော့ မြန်မာအစိုးရ တပ်မဘက်က လက်နက်ကြီးတွေကတော့ အဝေးကနေတော်တော်များများကို ဆက်တိုက်ပစ်တယ်"

ပန်းဆေးပြည်သူ့စစ်နဲ့ ရဲစခန်းအနီးမှာရှိတဲ့ ဘိန်းခင်းတွေကို TNLA တပ်တွေက ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဝင်ရောက်ဖျက်ဆီးလိုက်တာကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောပါတယ်။

တိုက်ပွဲမှာ TNLA ဘက်က တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၄၃၄ နဲ့ ၆၈၃ တို့ ပါဝင်တိုက်ခိုက်နေပြီး အစိုးရဘက်က တပ်မ ၈၈ နဲ့ ၆၆ တို့ ပါဝင်တယ်လို့ ဆိုပါတယ်။နမ်ခမ်းမြို့နယ်က တိုက်ပွဲတွေဟာ ကိုးကန့်နယ်က တိုက်ပွဲတွေနဲ့ ဆက်စပ်မူမရှိဘူးလို့ ဆိုပါတယ်။ ကိုးကန့်နယ် လောက်ကိုင်မြို့ အနီးပတ်ဝန်းကျင်မှာတော့ ဒီနေ့ တိုက်ပွဲသံတွေမကြားရပဲ အစိုးရတပ်၊ တပ်မ ၃၃ က  နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဒီအတောအတွင်းမှာပဲ DKBA တပ်မှူးဟောင်း ဗိုလ်မှူးကြီး စောဆန်းအောင်ရဲ့တပ်ဖွဲ့တွေနဲ့ အစိုးရတပ်ဖွဲ့တွေ ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ်ခွဲ အဇင်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတယ်လို့ KIC ကရင် သတင်းဌာနက ထုတ်ပြန်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး KIC တာဝန်ခံ နန်းဖောဂေ ကခုလိုပြော ပါတယ်။

"DKBA တပ်မှူးဟောင်း ဗိုလ်မှူးကြီး စောဆန်းအောင်ရဲ့ တပ်ဖွဲ့နဲ့ပေါ့နော် ဒီအစိုးရတပ်ကနေပြီးတော့ တိုက်ပွဲတွေဖြစ်တယ်ဆိုတာ ကျမတို့ ဒီသတင်းတိုလေးကိုပေါ့နော် ဒီ DKBA က စစ်ဦးစီး ဒုတိယတန်းကို ကျမတို့ မေးမြန်းပြီးတော့ အတည်ပြုတာဖြစ်သလို တစ်ဘက်မှာလည်း ဆယ်တန်းအရာရှိတစ်ဦးကိုလည်း ကျမတို့ ထပ်ပြီးတော့မေးပြီးတော့ အတည်ပြုထားတာပေါ့နော်၊ အဲ့ဒါကြောင့်မို့ လောလောဆယ်တော့ အသေးစိပ်ကိုမသိရသေးပေမယ့်လည်း ရရှိတဲ့သတင်းအချက်အလက်မျိုးတော့ ကျမတို့ တင်ပြထားတာရှိတယ်"

တိုက်ပွဲမှာ အစိုးရတပ်တွေဘက်က တိုက်ခိုက်ခဲ့တာဟာ စစ်ဆင်ရေးကွပ်ကဲမှုဌာန စကစ ၁၃ လက်အောက်ခံတပ်တွေ ဖြစ်တယ်လို့ဆိုပါတယ်။ ဗိုလ်မှူးကြီး စောဆန်းအောင်ရဲ့ တပ်ဖွဲ့အနေနဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေထဲက ဘယ်အဖွဲ့ကို ကိုယ်စားပြုတိုက်ခိုက်တယ်ဆိုတာတော့ မသိရသေးပါဘူး။

RFA Burmese
http://www.rfa.org/burmese/news/karen-govt-troops-fighting-kokang-02272015104009.html

ထိုင်း တော်ဝင် မင်းသမီးဟောင်းရဲ့ မိဘတွေ အဖမ်းခံရ

အိမ်ရှေ့စံ မင်းသား(ဝဲ)ရဲ့ တတိယမြောက် ဇနီး ဖြစ်တဲ့ မင်းသမီးဟောင်း Srirasmi (ယာ)
ထိုင်းနိုင်ငံမှာ ဘုရင် မိသားစုကို အကြည်ညို ပျက်စေမှု စွဲချက်တွေနဲ့ တော်ဝင် မင်းသမီးဟောင်း တစ်ယောက်ရဲ့ မိဘ နှစ်ဦးကို ရဲတွေက ထိန်းသိမ်း လိုက်ပါတယ်။

မင်းသမီးဟောင်း Srirasmi Suwadee ရဲ့ မိဘတွေက သူတို့ဟာ တော်ဝင် မိသားစုနဲ့ ဆက်နွယ် ပတ်သက်မှုကို အလွဲသုံးပြီး လွန်ခဲ့တဲ့ ၁၂ နှစ်က အိမ်နီးချင်း တစ်ယောက်ကို လိမ်လည်မှု စွဲချက်နဲ့ ထောင်ကျ စေခဲ့ကြောင်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။

မစ္စ ဆရီ ရက်ဆမီ ဟာ ထိုင်း အိမ်ရှေ့စံ မင်းသား Maha Vajiralongkorn ရဲ့ ကြင်ယာတော် ဖြစ်ခဲ့ဖူးပြီး ကွာရှင်းခဲ့သူ ဖြစ်ပါတယ်။

ထိုင်း တော်ဝင် မိသားစုအပေါ် အကြည်ညို ပျက်စေမှု စွဲချက်တွေနဲ့ ထိန်းသိမ်းခံရသူတွေ ထဲမှာ ပြီးခဲ့တဲ့ နှစ်ကုန်က စလို့ အခု အချိန်အထိ မစ္စ ဆရီ ရက်ဆမီရဲ့ မိသားစုဝင် စုစုပေါင်း ၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ထိုင်း နိုင်ငံမှာ တော်ဝင် မိသားစုကို အကြည်ညို ပျက်စေမှု စွဲချက်ကို စစ်အစိုးရ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပိုမို တိုးမြှင့် အသုံးပြုလာတာ တွေ့ရပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/world/2015/02/150227_thai_ex_princess_parents_arrested

သပိတ်မှောက် ကျောင်းသားများ လွှတ်တော်ဥပဒေကြမ်း ကော်မတီနဲ့တွေ့ဆုံ

လွှတ်တော်၊ နေပြည်တော်။
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ချက် မူကြမ်း အတည်ပြုနိုင်ရေး ကြန့် ကြာနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော် အခြေအနေကို သိရှိလိုတဲ့အတွက် အမျိုသား ပညာရေး ဥပဒေကို ကန့်ကွက် သပိတ်မှောက် နေတဲ့ ပင်မသပိတ် စစ်ကြောင်း က ကျောင်းသား၉ဦးနဲ့ ပြည်သူလွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌတို့ တွေဆုံခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ချက် မူကြမ်း အတည်ပြုနိုင်ရေး ကြန့်ကြာနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော်အတွင်း လုပ်ထုံးလုပ်နည်းတွေကို လေ့လာနိုင်ဖို့ အတွက် မန္တလေးကနေ ရန်ကုန်အထိ ခရီးရှည်ချီတက် သပိတ်မှောက်နေတဲ့ စစ်ကြောင်းက ကျောင်းသားတွေက စတင်ကမ်းလှမ်းခဲ့တာလို့ ဆိုပါတယ်။

ကမ်းလှမ်းစဉ်က ပြည်သူလွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်တဲ့ ဦးခင်မောင်ရည် ကနေကတဆင့် စတင် ကမ်းလှမ်းခဲ့ပြီးနောက် ပြည်သူလွှတ်တော် နာယက ဦးရွှေမန်းနဲ့တွေ့ဆုံမယ်ဆိုပြီး ပြောဆိုခဲ့ကြတာလို့ ဆိုပါတယ်။ ဒီကနေ့တွေ့ဆုံစဉ် မှာတော့ ဦးရွှေမန်းက မအားလို့ မတွေ့ဆုံနိုင် ခဲ့ကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့ ပင်မ သပိတ်စစ်ကြောင်းက တာဝန်ခံ ကိုသီဟ ၀င်းတင်က ဆိုပါတယ်။

" ဦးရွှေမန်းနဲ့ ကျနော်တို့ တွေ့ဖို့ စပြီးတော့ စီစဉ်ထားတယ်။ ဦးရွှေမန်းက ကျနော်တို့ ဒီကျောင်းသားတွေ ရောက်လာတဲ့ အနေအထားမျိုးမှာ သူမအားဘူးဆိုတဲ့ ပုံစံပြောတယ်။ ပထမက သူကိုယ်တိုင်စီစဉ်ထားပြီး ကျနော်တို့တွေ့ဖို့ စီစဉ်ထားပြီး သူကိုယ်တိုင် ကတိပေးပြီးတော့မှ ရောက်လာတဲ့အချိန်ကျမှ မအားဘူးဆိုတဲ့ ပုံစံပြောတယ်။ ပြီးတော့ ဥပဒေကြမ်း ကော်မတီနဲ့ပဲ တွေ့ပါဆိုပြီးတော့ ပြောတယ်။ ဒါ အစိုးရအဖွဲ့ရဲ့ အကြီးပိုင်း လွှတ်တော်ရဲ့နာယကကြီး တယောက် ကနေပြီးတော့ ပေးထားတဲ့ ကတိကို လွယ်လွယ်ကူကူဖျက်သွားတာတော့ စိတ်မကောင်းဘူး။ ရှက်စရာတော်တော်ကောင်းတယ်ပေါ့။"

ပြီးခဲ့တဲ့ရက်က တော့ ကျောင်းသားတွေပါဝင်တဲ့ လေးပွင့်ဆိုင်ဆွေးနွေးရေးကနေ တင်ပြထားတဲ့ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ချက်မူကြမ်းကို လွတ်တော်မှာ ကြားနာဖို့အတွက် မတ်လ ၅ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ ကျောင်းသားတွေ ကတော့ ဖေဖေါ်ဝါရီလ ၂၈ရက်နေ့ နောက်ဆုံးထားပြီး အမျိုသားပညာရေး ဥပဒေပြင်ဆင်ချက် မူကြမ်းကို လွှတ်တော်မှာ အတည်ပြုပေးဖို့ တောင်းဆို ထားတာပါ။

ဒီအခြေအနေအတွင်း ကြန့်ကြာမူတွေ ရှိနေတာကြောင့်ဆိုပြီး ကျောင်းသားတွေက လွှတ်တော်တွင်းက လုပ်ထုံးလုပ်နည်း အဆင့်ဆင့် အခြေအနေတွေကို လေ့လာဖို့ အတွက် စတင်ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ ကိုသီဟ၀င်းတင်က ဆိုပါတယ်။

" အဓိက က ကျနော်တို့က အဲ့တာကို ဘာကိုတောင်းတာလဲဆိုတော့ ဒီဥပဒေမူကြမ်းကို ဒီလောက်ကြာနေရအောင် ဘာဖြစ်တာတုန်း။ ဒီဥပဒေမူကြမ်းရဲ့ Process က ဘယ်လိုရှိလဲဆိုတာ ကျနော်တို့က ဒီလွှတ်တော်ကို ကျနော်တို့ ကြည့်မှ ကျနော်တို့ သိနိုင်မယ်ပေါ့နော်။ အိုကေ ဟုတ်ပြီ။ ခင်ဗျားတို့အနေနဲ့ ဘာကြောင့် ဒီလောက်ကြာသလဲဆိုတာ သိဖို့အတွက် ကျနော်တို့ဘက်က စပြီး ကမ်းလှမ်းတာ။"

ပြည်ထောင်စုလွှတ်တော်ရုံးက သတင်းထုတ်ပြန်ချက်ထဲမှာတော့ သပိတ်စစ်ကြောင်း က ကျောင်းသားတွေကို ပြည်သူလွှတ်တော်မူကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဦးဆောင်ပြိး လက်ခံတွေ့ ဆုံခဲ့ကြောင်း ဥပဒေပြုရေးနဲ့ လုပ်ထုံးလုပ်နည်းတွေကို ရှင်းပြပေးခဲ့ကြောင်း ရေးသားထားပါတယ် ။

ကျောင်းသားတွေဘက်ကတော့ သူတိုလေ့လာတွေ့ရှိချက် ရရှိချက်တွေကို မကြာခင်မှာ သတင်း ထုတ်ပြန်သွားမှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ အမျိုးသား ပညာရေး ဥပဒေကို နိုဝင်ဘာလမှာ လုပ်ခဲ့တဲ့နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားထု အစည်းအဝေးကနေ သပိတ်မှောက်ခဲ့ပြီး နောက် ရက်ပေါင်း၆၀ အတွင်း အစိုးရ ကဖြေရှင်းပေးဖို့တောင်းဆိုခဲံပါတယ်။ ရက်၆၀အလွန်မှာ ခရီးရှည်ချီတက်မူကို စတင်တော့မှာ ဖြစ်ကြောင်းကျောင်းသားတွေက ပြောဆိုခဲ့ချိန် မှာတော့ နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်အနေနဲ့ အမျိုသားပညာရေး ဥပဒေကို ပြန်လည် သုံးသပ်ဖို့အတွက် အပြန်အလှန်သ၀ဏ်လွှာတွေ ပေးခဲ့ပါတယ်။

ဒီနောက်မှာတော့ ကျောင်းသားလှုပ်ရှားမူတွေက အရှိန်ရလာပြီး ခရီးရှည် ချီတက်မူတွေ တက္ကသိုလ် တချို့က ကျောင်းသားတွေက အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်မူတွေ နိုင်ငံတဝှမ်းမှာ ဖြစ်ပေါ်လာခဲ့ပြီး နောက် အစိုးရလွှတ်တော် နဲ့ ကျောင်းသားကော်မတီ၊ NNER လို့ခေါ်တဲ့ ပညာရေး ကွန်ယက်တို့ စုပေါင်းပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး ပြင်ဆင်ချက် မူကြမ်းကို ရေးဆွဲခဲ့ တာဖြစ်ပါတယ်။

ဒီနေ့မှာပဲ ကျောက်ဆည်၊ တောင်သာ အပါအ၀င် မြို့နယ်တချို့က လမ်းမပေါ် နဲ့ကျောင်းတွေ မှာတော့ ကျောင်းသားသပိတ်တွေကို တန်ပြန် သပိတ်ပုံစံမျိုးနဲ့ ဒီမိုကရေစီ ရှင်သန်ရေးအတွက် ဆိုကာ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ကို လိုလားကြောင်း ဆန္ဒထုတ်ဖော်ပွဲများ ကို ပြည်ခိုင်ဖြိုး ပါတီဝင်များ က ပြုလုပ်ခဲ့တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/parliament-commitee-meeting-student-leaders-at-parliament/2661648.html
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ