ကျောင်းသားသပိတ်ရပ်တန့်ရန် ပြည်ထဲရေး သတိပေး


မတ်လ ၁ ရက်ပြန်စမယ့် ကျောင်းသားသပိတ်ရပ်တန့်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနက သတိပေးလိုက်ပြီး မလိုက်နာရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့သတင်းမှာ အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ အဖြစ်နိုင်ဆုံး လိုက်လျောပေးခဲ့တယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ လွှတ်တော်မှာ တင်ပြဆွေးနွေးနေတုန်း ဖြစ်လို့ ကျောင်းသားတွေ ဆန္ဒပြတာကို ရပ်ဆိုင်းထားရမယ်လို့ ဖော်ပြထားပါတယ်။

ဆန္ဒပြမယ့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်ကတော့ ဆန္ဒပြဖို့ကိစ္စ ဒီညမှာ ဆွေးနွေးဆုံးဖြတ်ကြမှာဖြစ်ပြီး ပြည်ထဲရေးသတိပေးချက်က ဖိအားပေးခြိမ်းခြောက်တာပဲလို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

“ဒီကြေညာချက်ကတော့ လက်ရှိ အနေအထားကို ဖိအားပေးတာမျိုး၊ ခြမ်းခြောက်တာမျိုးနဲ့ ၀ိုင်းရံတဲ့ပြည်သူအပေါ်မှာ အားပေးမှုလျော့ကျအောင်ဆိုပြီးတော့ သူတို့ ကြေညာချက် ထုတ်တယ်လို့ပဲ ထင်ပါတယ်။”

နဂိုကတည်းက ကျောင်းသားခေါင်းဆောင်တွေဟာ ပြည်မြို့ကိုလာရောက်ဖို့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ခရီးကို ဒေသခံဝိုင်းရံတဲ့ အဖွဲ့အစည်းတွေ သွားရောက်ကြဖို့ရှိလို့ သပိတ်စစ်ကြောင်း တရက်နှစ်ရက် နောက်ဆုတ်ဖို့ ဆွေးနွေးကြဖို့ ရှိတယ်လို့ ပြောပါတယ်။

ပြည်ထဲရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ကျောင်းသားစစ်ကြောင်း ရန်ကုန်ကို ဦးတည်ချီတက်မယ်ဆိုရင် ပညာရေးဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းရာ မရောက်ဘဲ နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေဖို့ ဦးတည်ရာရောက်မယ်လို့ ဆိုထားပါတယ်။

By ရွှေအောင်(ဒီဗွီဘီ)
http://burmese.dvb.no/archives/83640
ကျောင်းသားသပိတ်ရပ်တန့်ရန် ပြည်ထဲရေး သတိပေး ကျောင်းသားသပိတ်ရပ်တန့်ရန် ပြည်ထဲရေး သတိပေး Reviewed by သစ်ထူးလွင် on 18:03 Rating: 5
Powered by Blogger.